Wednesday, 26 June 2019
#ဖေဖေ #ခင်နှင်းယု
#ဖေဖေ
#ခင်နှင်းယု 
 အပိုင်း (၁)
#စာရေးသူ၏အမှာ
ဖေဖေ ၀တ္ထုရှည်ကြီးမှာ ကျမ အဖေအိုကြီး၏ ၀တ္ထုကြောင်းပင်ဖြစ်ပါ၏။ ကျန်ဝတ္ထုတို အသစ်စက်စက် လေးပုဒ် မှာလည်း စိမ်းမြသော စပါးခင်းများ ၀ိုင်းရံနေသည့် ပန်တမွတ်ကမ်းခြေတွင် ရောဂါကြောင့် အပမ်းဖြေ ရင်း တဖြေးဖြေးရေးသော ၀တ္ထုတိုများဖြစ်သည်။ 
ဖေဖေ အသက်ရှစ်ဆယ်ပြည့် အတွက် ရည်မှန်း၍ ရေးခဲ့သော်လည်း ကျမကျန်းမာရေးချိုတဲ့၍ ဖေဖေ အသက် ရှစ်ဆယ် တနှစ်ထဲ ၀င်ရောက်လာမှ ပြီးပါသည်။
အေးဆေးငြိမ်သက်၍ ကျမ မွေးရပ်မြေနှင့်တူသော ပန်တမွတ်ကမ်းခြေအား ၀တ္ထုတိုလေးများ ရေးသား ရန် အတွေးအခေါ် ရအောင် ကူညီသည့်အတွက် အမြဲပင် သတိရကျေးဇူးတင်မိ၏။
    ''၀ဋ်သို၊ ၀ဋ်ဟောင်း
      ဘယ်သို့ထောင်းလည်း
      အကြောင်းမျက်ပြေ
      လွှတ်ပါလေလျှင်
      တိမ်စင်ကြယ်ခ
      မိုးယံလသို့၊
      မယ့်သည်းအိမ်မှ၊
      တကြိမ်ထွန်းသစ်၊ ဖွင့်လှစ်သွန်းကြဲ
      ပန်းတို့ပွဲသည်၊
      မွှေးမြဲ မွှေးပါစေသတည်း၊
      အေးမြဲ အေးပါစေသတည်း....''
ချမ်းမြေ့ရွှင်လန်းပါစေ။
ခင်နှင်းယု
**********
#ဖေဖေ
#ကဗျာဆရာကြီး
ရှေ့သီတင်းကျွတ်လဆန်း နှစ်ရက်နေ့သို့ ရောက်ပြီဆိုလျှင်၊ ဖေဖေသည် အသက်ရှစ်ဆယ်ပြည့်ပေ တော့မည်။ 
ကျမနှင့်အတူနေခဲ့သော နှစ်အနေဖြင့်ကိုကျ နှစ်ပေါင်းလေးဆယ့်နှစ် နှစ်ရှိပေပြီ။ကျမ ငါးနှစ်သမီးအရောက် လူမှန်းသိတတ်စပြုသောအခါ ဖေဖေမှာ နားမကြားတော့ပြီ။ သာမာန်လူတို့ ဖြစ်သကဲ့ သို့ နားလေးရုံ လေးနေခြင်း မဟုတ်ပါ။ လုံးဝမကြားခြင်းဖြစ်၍ တစိမ်းတို့အဖို့၊ ဖေဖေ့ကို စကားပြော ရသည် မှာ အလွန်ဝန်လေးရှာကြမည်သာဖြစ်ပါ၏။ ရှည်လျားသော စကားများအတွက် စက္ကူ ပေါ် စာရေး၍ ပြခြင်း မှာ ဖေဖေနှင့် စကားပြောရ အလွယ်ကူဆုံး သင်္ကေတတခုပင် ဖြစ်ပါသည်။ 
အိမ်သားများ နှင့် သားသမီးများအတွက် တော်ရုံတန်ရုံစကားမှာ လက်ဟန်ခြေဟန်နှင့် ပါးစပ်လှုပ်တာကို ကြည့် ၍ နားလည်ကြသော နည်းလမ်းကိုသာ အသုံးပြုလိုက်ကြပေသည်။
လွန်ခဲ့သော (၄၂)နှစ်ကျော် ညတညတွင် ဖေဖေသည် အိပ်ရာဝင်အိပ်သွားပြီး နောက်တနေ့နံနက် မိုးလင်းချိန် တွင် လုံးဝနားမကြားတော့ခြင်းဖြစ်သည်ဟူ၍လောက်သာ ကျမသိပါသည်။
နားမကြား သည်မှတပါး ဖေဖေသည် ၀ဖြိုး၏။ အသားဖြူ၏။ ကျန်းမာတောင့်တင်း၏။ သူ့တွင် ကျောက် ပေါက်မရာ များ ရှိ၍ သူ့အစ်ကို(ကျမ၏) ဘဘတို့လို အသားဆွတ်ဆွတ်ဖြူ၍နေသည်မှာ မထင်ရှားပေ။ သို့သော် ဖေဖေ တို့ အမျိုးများသည် အသားဖြူကြ၏။
ကျမခပ်ရွယ်ရွယ်သို့ရောက်ပြန်တော့ ဖေဖေသည် လေငန်းရောဂါပါ ယှဉ်လာပြီး စကားပြောလျှင် မပီမသနှင့် လေး၍ လာသည်။ လမ်းလျှောက်လျှင်လည်း ခြေဖျား အနည်းငယ်ဆွဲနေပုံရ၏။
သို့သော် သူသည် မနက်စောစောတခါ ညနေထမင်းစားပြီးတခါ ၀ါးခယ်မမြို့ကို တပတ် ပတ်မိအောင် တော့ လျှောက် ရမှ အိပ်ပျော်စားဝင်ပုံရပါ၏။
ကျမတို့မိသားစုမှ ကျမသည် ၀ါးခယ်မမှ ရန်ကုန်သို့ ပထမခွဲထွက်လာခဲ့၏။ ကရင်သောင်းကျန်းများ သောင်းကျန်းစ တွင် မေမေနှင့်မမသည် ရန်ကုန်သို့ ခေတ္တလာယင်း နယ်အခြေအနေမှာ တဖြည်းဖြည်းဆိုး ၀ါးလာတော့ရာ နောက်ပိုင်းတွင် ရန်ကုန်နှင့်ဝါးခယ်မ အဆက်အသွယ်လုံးဝပြတ်သွားပြီး ရန်ကုန်တွင် ပင် သောင်တင် နေကြပါတော့သည်။
ညီမလေး နုနုမှာ မြို့မကျောင်းတွင် ကျောင်းတက်နေရသော အခြေသို့ရောက်ရပြီး၊ ညီမအလတ်ဖြစ်သူ အကြွယ် မှာမူ ရန်ကုန်တွင်ပင် အိမ်ထောင်ကျ၍ နေပေပြီ။
ဝါးခယ်မ အိမ်အိုကြီးတွင် ဖေဖေသည် ဇနီးနှင့်သားသမီးများနှင့် အတူမနေရသော်လည်း ဆွေမျိုး သားချင်း များ နှင့် ကျန်ရစ်ခဲ့ပါ၏။ တခြားဆွေမျိုးများရှိသော်လည်း ကျမတို့မိသားစုအနေနှင့်ဆိုလျှင် ဖေဖေ ''တယောက်ထီး'' ကျန်ရစ်ခဲ့သည်ဟု ဆိုရပေမည်။
ဝါးခယ်မနှင့်ရန်ကုန်မှာ လေကြောင်းအဆက်အသွယ်တခုတည်းသာရှိတော့သည်။ တခုတည်းဆိုသော် လည်း တိုက်ရိုက် မဟုတ်ပါ။ ၀ါးခယ်မမှ ပုသိမ်ကိုလာရသည်။ ပုသိန်မှ လေယျဉ်ပျံနှင့် ရန်ကုန်ကိုလာရ သည်။
ဖေဖေ့တွင် တခါတခါ စိတ်ဖေါက်ပြန်တတ်သော ရောဂါရှိသော်လည်း စာရေးဆရာဖြစ်မည့်သူ၏ ဖခင်ဖြစ်၍ လားမသိ၊ ဖေဖေသည် တခါတရံ လွမ်းဆွတ်ကြေကွဲဘွယ် စာကိုရေးတတ်သေး၏။
    သမီးယုရေ...
    ဧရာဝတီသင်္ဘောကြီးတွေ ဆိုက်ချိန်ရောက်ရင်လေ ဖေဖေ သင်္ဘောဆိပ်ကို ဆင်းသွားတတ်     တယ်။ သင်္ဘောကြီး တွေကလဲမလာ သမီးတို့မေမေတို့ကိုလဲ မမြင်ရတော့ ဖေဖေမြစ်ကမ်းပါးမှာ     ငိုမိတယ်။
ကျမသည် ဤစာပိုဒ်ကို ဖတ်လိုက်ရကတည်းက မျက်ရည်ကျမိ၏။ မေမေနှင့် မမတို့ကလည်း ခေတ္တခဏ ရန်ကုန် လာယင်း သင်္ဘောလမ်း ယုတ်တရက်ပိတ်သွားသောကြောင့် အစောပိုင်းက အစီရင် ခံခဲ့ပြီးအတိုင်း ၀ါးခယ်မ ကို မပြန်နိုင်ကြတော့ပါ။ အမှန်တော့ ခေတ်ပျက်လိုက်ရသည်မှာ ခဏလောက် သာဖြစ်ပြီး နောင်တွင် မူလအတိုင်းပြန်ဖြစ်မည်ဟုသာ သဘောပေါက်ခဲ့ကြပါသည်။ သို့ဖြင့် တနေ့ပြန် မည်၊ တနေ့ပြန်မည် နှင့် စောင့်နေသည့်အထဲမှ သောင်းကျန်းမှုအခြေအနေမှာ စောစောက ကျမတို့ သဘောပေါက် နေကြသကဲ့သို့မဟုတ်ဘဲ ပိုမိုအခြေအနေဆိုးဝါးလာသောကြောင့် ရန်ကုန်တွင်မကြံ့ကြာ သင့် ဘဲ ကြံ့ကြာနေကြရပါတော့သည်။
ကျမက ဖေဖေထံမှစာကို မေမေအားပြသောအခါ မေမေလည်း မျက်နှာမကောင်းရှာပါ။ ဖေဖေသည် မေမေ ကို တခါတရံသာ ''တင်တင်''ဟူ၍ မေမေ၏မူရင်းအမည်ဖြစ်သော ဒေါ်သိန်းတင်အမည်ကို အဖျား ဆွတ်ခေါ် တတ်သော်လည်း များသောအားဖြင့် သားတွေ သမီးတွေနှင့်ရောပြီး ''မေမေ''ဟူ၍သာ အခေါ် များသည်။ မေမေ သည် တရပ်တကျေးသို့ အလည်အပတ်သွားရာမှ မူလခန့်မှန်းထားသည်ထက် ရက်များ ကြံ့ကြာ နေပါလျှင် သင်္ဘောဆိပ်သို့ နေ့တိုင်းလိုလိုဆင်းပြီး စောင့်တတ်သည်။ မေမေပြန်လာ သောအခါများဆိုလျှင် ၀ါးခယ်မ ဘုရားကြီးလမ်းထိပ် (ကမ်းနားလမ်းနှင့်ဆုံရာ) နေရာလောက်မှစ၍ ''တို့ မေမေပြန်လာဘီ၊ တို့မေမေ ပြန်လာဘီ'' ဟူ၍ လက်နှစ်ဘက်ကိုမြှောက်ယင်း လက်ခုတ်တီးပြီး ၀မ်းသာ အားရ အော်သွားသည် ကို ကိုက်တထောင် လောက်ဝေးသော ကျမတို့အိမ်က အတိုင်းသားကြားနေရပေ သည်။
ရန်ကုန်တွင် ဖော်ပြထားသည့်အတိုင်း သားတွေ သမီးတွေနှင့် မေမေသည် သောင်တင်နေဆဲ ရက်ပိုင်း အတွင်း ဖေဖေ တယောက်ထီး သင်္ဘောဆိပ်သို့ အိမ်မှ ဘုရားကြိးလမ်းတလျှောက် ခေါက်တုံခေါက်ပြန် လျှောက်နေမည် ကို မြင်ယောင်သောအခါ ရင်နင့်ရပြန်ပါသည်။
''ဘာဘဲဖြစ်ဖြစ်ပေါ့ မေမေရာ၊ ရန်ကုန်မှာဘဲ ရတဲ့အိမ်ငှားပြီး နေကြပါစို့၊ ဖေဖေ့ကိုလဲ လေယာဉ်ပျံနဲ့ လိုက်လာ ဘို့ အခေါ်လွှတ်လိုက်မယ်လေ''
ကျမ ၏ စိတ်ကူးကို မေမေအားပြောပြမိပါ၏။
''အေးပေါ့... ဒါပေမင့် ရန်ကုန်က လူတွေက သမီးအဖေအကြောင်း ဓါတ်မသိကြတော့ သမီးဖေဖေအတွက် အိမ်နီးချင်း တွေကို မေမေက အားနာလှတယ်...''
''နောက်တော့ ကြည့်လုပ်ရတာပေါ့ မေမေရာ....''
သဘောတူကြပြီးသည့်နောက်တွင် ကျမသည် အခေါ်လွှတ်ဖို့ လေယာဉ်ပျံ နေရာရဘို့စသည်များကို စီစဉ်ရ၏။ သွားခေါ်ပေးသူမှာ ၀ါးခယ်မသား စစ်ရဲတပ်ရင်းမှ ရဲဘော်လေးတဦးဖြစ်သော တကျောင်း ထည်းထွက် ဖြစ်သည့် မောင်ကြင်အောင်ဖြစ်ပါ၏။
ထိုစဉ်က လေယာဉ်ပျံ အသွားအလာမှာလည်း လွယ်ကူသည်မဟုတ်ပေ။ သို့သော် မောင်ကြင်အောင် သည် ဖေဖေ့ ကို ချောမောစွာပင် ရန်ကုန်ကိုရောက်အောင် ခေါ်လာနိုင်ခဲ့၏။ ရန်ကုန်လေဆိပ်သို့အ ရောက်တွင်မူ အဘ၏ ထူးချားချက်ကလေးများနှင့်ပတ်သက်ပြီး ဦးနှောက်ချောက်ခဲ့ရသော အဖြစ်အ ပျက်များကို ဟာသ နှောပြီး ပြောပြပါတော့၏။
''အဘဖြစ်ပုံကတော့ မပြောချင်တော့ပါဘူး မမယုရယ်၊ ကျောက်ရေစစ် ငရုတ်ဆုံကြီးမပါရင် မလိုက်ဘူး ဆိုလို့ ဦးနှောက် ကို ချောက်သွားတာဘဲ.... လေယာဉ်ပျံကလဲ နောက်ဆုံးအကြိမ်ပြန်မဲ့ လေယာဉ်၊ အချိန် ကလဲ ကပ်နေပြီ၊ နေရာကလဲမပေးနိုင်၊ နေရာမပေးနိုင်ယင်လဲ မလိုက်ဘူးလားဆိုနေ၊ စဉ်းစား ကြည့်ပေတော့.... နောက်ဆုံးတော့ စွန့်ပြီး အတင်းတင်ရတဲ့ဘ၀ရောက်တာဘဲ....''
ကျမကတော့ မောင်ကြင်အောင် ညွှန်ပြသောပစ္စည်းများကို ကြည့်ရင်း ပြုံးရယ်မိပါသည်။ မောင်ကြင်အောင် ကိုသာ ကျေးဇူးတင်စကားပြောရ၏။ ကျောက်ရေစစ်ဆိုသည်မှာ ရိုး ကုမ္ပဏီတိုက်တွင် ရောင်းသည့် လက်တဖက် နှင့် သွန်ငဲ့၍ ရသော ခပ်သေးသေးရေစစ်အိုး လေးမျိုး အပေါ့စားမဟုတ်ပါ၊ ကျမ တို့ မြစ်ဝကျွန်းပေါ် တွင် သုံးလေ့သုံးထရှိသောသစ်သားရေစစ်အိမ် ၏ ထိပ်အပေါက်တွင်တင်ထားပြီး၊ နံရံ လေးဘက် သစ်သား ကာထားရသည့် ကျောက်သားအစစ်ကိုထွင်းထားသော ကျောက်ရေစစ်ဖြစ်ရာ တယောက်ထီးအား နှင့်မ၍ မရတတ်ပေ။ ဒန်အိုးကြီးက အ၀ နှစ်တောင်လောက်ကျယ်သည်။ ငရုပ်ဆုံ ကြီး ကလည်း အ၀ တထွာ နှင့် လက်နှစ်လုံးလောက်ရှိကာ ဇောက် တထွာလောက်နက်ခြင်းက သူ၏အ ထောင်း ခံခဲ့ ရသော သက်တန်းကို ဖေါ်ပြနေလေသလား အောက်မေ့ရ၏။
''သမီး တို့ အမေကြီးလက်ထက်ကတည်းက ပစ္စည်းတွေ သမီးတို့ထက်တောင် အသက်ကြီးသေးတယ်...  ဒါကို ရဲဘော် က မယူရဘူးတဲ့လေ....''
ဖေဖေ့အော်သံ သည် လေယာဉ်ရုံးတခုလုံးကို ဖုံးသွားပါ၏။ 
ကျမက ပြရိုးပြစဉ် သင်္ကေတဖြစ်သော လက်ဟန်ခြေဟန်နှင့် သူသယ်ယူလာသည်ကို ကြေနပ်ပါ ကြောင်း ပြောပြ ရသည်။
ကျမတို့ငှားထားသော အိမ်ကလေးမှာ ၀ါးထရံကာ အိမ်ငယ်လေးပင်ဖြစ်သော်လည်း ကျမတို့ စိတ်ချမ်း သာသည်။ ဖေဖေသည် လုံးဝနားမကြားသူဖြစ်၍ သူ့အသံ ကို ထိန်း၍မရ။ တိုးတိုးမပြော၊ ခုနစ်သံချီနှင့် ဟစ်၍ ပြောတတ်သည်။ ယခုအိမ်ရှင်မှာ ၀ါးခယ်မအဆက်အနွယ်ထဲကဖြစ်သဖြင့် ဖေဖေ့ဓါက်ကိုလည်း သိပြီး ဖြစ်သည်။ ဖေဖေ့ ကို နားလည်မှုရှိသူဖြစ်သည်။ ကပ်နေသောအိမ်မရှိသဖြင့် ဖေဖေ့အော်သံကို လည်း အိမ်နီးနားချင်း ကြားရမှာ ကို အားမနာရပါ။ ခြံလေးမှာ ကျယ်ပျံ့၍ တာဝါလိန်းအတွင်းပိုင်းထဲမှာ ဖြစ်သော ကြောင့် အိမ်ချင်းညပ်နေသော အရပ်ထဲမှာလို စိတ်မရှုတ်ရတော့ပေ။ ဖေဖေကလည်း မြေလွတ်ကလေးတွင် စိုက်ရ ပျိုးရ ၍ ကြေနပ်နေပုံရသည်။ 
မကြာခင် သူ့တွင်ရောဂါတခုဖြစ်လာပြန်ကြောင်း သူပြောပြသဖြင့် သိရပြန်ပါ၏။ သူ့ရောဂါမှာ ပေါင်ရင်း နှင့် ဆီးစပ် တွင် အကြိတ်မှ အနာကြီးတခုဖြစ်လာသည်ဟု ဆိုပါသတည်း။ သွေးအမြဲထွက်ကျနေသဖြင့် သွေးအား ယုတ်လျော့ နေပြီဖြစ်ကြောင်း ကိုလည်း လက္ခဏာပြနေသည်။ ခွဲစိတ်ကုသပါရာဂူဆရာဝန်ကြီး ဒေါက်တာကြီးပေါ သို့ ပြသောအခါ ခွဲစိတ်ကုသရမည်ဆိုပါ၏။ ရောဂါအခြေအနေက မကောင်းလွန်းပါ၊ သို့ဖြစ်ရာ ခွဲစိတ်စဉ် တွင် အသက်ရှင်မည်၊ မရှင်မည်ကို ကြိုတင်ပြောမပြနိုင်ပါကြောင်း၊ အကယ်၍ ခွဲစိတ် ကုသခြင်းမပြုပါလျှင်လည်း ကံအကြောင်းတရားကိုတော့ မပြောလိုပါ။ ရောဂါအနေဖြင့်ကတော့ နောက်ခြောက်လ ထက်ပို၍ အသက်ရှည်နိုင်ဘွယ်အကြောင်း မမြင်တော့ဟုဆိုပါသည်။
ကျမတွင် လူနာတယောက်ကို ဆေးရုံတင်တိုင်း၊ ငွေကြေးကုန်ကျခြင်း၊ ပြုစုရခြင်းများအတွက် မည်သို့မျှ ကျမ စိတ်မမော တတ်ပေ၊ မမျှော်လင့်သောအချိန်တွင် သေရေးရှင်ရေးကိစ္စဆိုပါက တရားခံဝင်လုပ်ရ သည် ခေါ်မလား၊ မျက်စေ့မှိတ်ပြီး ဆုံးဖြတ်ချက်ချရခြင်းခေါ်မလား၊ ဤအဖြစ်မျိုးကို လုပ်ရတတ်သည့်အ ခါ အလွန် စိတ်မောမိ၏။ အမြဲလိုလိုလည်း လုပ်ရပါ၏။ ဘာ့ကြောင့် စိတ်မောရသည်ကို နောက်တွင် တင်ပြပါဦးမည်။
ခွဲစိတ်ကုသခံပါက ခွဲစိတ်ခန်းထဲတွင်ပင် သေချင်လည်းသေမည်၊ အခွဲမခံပါက နောက်ခြောက်လတွင် ဖေဖေ သည် အသက်ရှင်တော့မည်မဟုတ်။ တခုခုကိုတော့ စွန့်စား၍လုပ်ရပေမည်။
''ခွဲစိတ်တာ အောင်မြင်ရင်တော့ နောက်ခြောက်နှစ်၊ ခြောက်နှစ် အသက်ရှင်ဖို့၊ ကျွန်တော်အာမခံ တယ်...''
 ဒေါက်တာကြီးပေါသည် ခြောက်နှစ် ခြောက်နှစ်ဆိုသော စကားလုံးကလေးကို သုံးသည်အချိန်တွင်၊ လက်ချောင်းကလေး ခြောက်ချောင်းထောင်၍ပြယင်း အသက်ရှုပေါက်ကလေးရသွားသည့် အမူအယာ ကလေး ဖြင့် ပြောပါ၏။
ကျမမှာ အတော်လေးပင် ခေါင်းရူတ်သွား၏။
ကျမ တို့ မိသားစုလိုပင် တခြားမိသားစုတွင်လည်း အဖြစ်တူများရှိလေမည်လားမသိ။ တယောက် ယောက် နေမကောင်း၍ ကုသရတိုင်း တညအိပ်မည်သူ၊ သစ်သီးတလုံးကျွေးမည့်သူ၊ ငွေတကျပ်ပေး မည့်သူ၊ ဘာသူ၊ ညာသူ စသည်ဖြင့် ပိစိညှောက်ကပ်ကလေး ကူညီမည့်သူ၊ တဖဲ့တလေကလေးမှပင် မရှိတတ်ပါသော်လည်း လူနာ သည် ကုသရင်းမှ အကြောင်းမညီညွှတ်သဖြင့် ဖိတ်စင်သွားခဲ့ပါသော်၊ ထို လူနာကို စောင့်ရှောက် ဆေးရုံတင်သည့် သူ၊ ပြုစုသူအပေါ်တွင် တရားနည်းလမ်းအရ တရားခံအစစ်ဖြစ် မည် မဖြစ်မည်ကိုပင် ထည့်မတွက်တော့ ဘဲ တချိုးထဲ နှင့် တရားခံအဖြစ်သို့ သွတ်သွင်းချီးမြှင့်တော်မူကြ ပါတော့သည်။
ထိုအဖြစ်မျိုးကို ကျမသည် ဆယ့်လေးနှစ်သမီးလောက်ကတည်းက (သို့မဟုတ်) လူ့ဘ၀ဇာတ်ခုံ၏ ရှေ့ ပိုင်းအမြင်နှင့် နောက်ပိုင်းအညစ်အပတ်ဆိုသည်ကို ဘာမှန်းမသိရကတည်းကပင် ကြုံခဲ့ရ၏။ တင်ပြရ မည်ဆိုလျှင် ကျမ၏အကိုအလတ် ဆုံးသွားစဉ်က တကြိမ်ဖြစ်ပါသည်။ ထိုအကြိမ်မှာ ပထမအကြိမ်ဖြစ် ပြီး၊ ဒုတိယအကြိမ်မှာ ကျမတို့မိသားစု ရန်ကုန်ကို ပြောင်းလာစ ညီမအငယ်ဆုံး နုနု လည်ပင်း ခွဲစိတ်ကု သ ခံရစဉ်က တကြိမ်ဖြစ်သည်။ တညလုံးမေ့ဆေးမပြေမခြင်း လူနာအပါးတွင် ကျမတယောက်ထီးစောင့် နေ၏။ ထိုနေ့ နေ့လယ်ပိုင်းက လူနာကို ခွဲစိတ်ခန်းထဲမှ ထုတ်လာခဲ့ကြသော်လည်း ယခုထိ သတိမရ သေးပေ။ သွေးများ ကလည်း ပတ်တီးကိုပေကျံနေပေရာ မြင်မကောင်းပေ။
နောက်နေ့ နံနက်မိုးလင်းလျှင် ဆွေမျိုးများဝင်ခွင့်တောင်းပြီး ၀င်လာကြပါ၏။ သူတို့ဝင်လာ၍ အဖွား၏ ညီမဖြစ်သူ အဖွားလေး(ဦးနု-မိခင်) မှာ နုနုကို မြင်လိုက်သည့်တပြိုင်နက် ''အမလေး သမီးလေးသေပါဘီ သူ့ဟာသူ နေရင် အကောင်းသား၊ မိခင်ယု ဆတ်ဆော့လို့၊ သမီးလေး သေပါဘီ''ဟု အော်၍ငိုပါလေ တော့ သည်။
မေမေသည် ချက်ခြင်းပင် သူ့အဒေါ်အား အပြင်သို့ခေါ်ထုတ်သွားပါ၏။ နုနုမှာ မသေသေးကြောင်း၊ မေ့ ဆေးဆိုသည်မှာ ဒီလိုပင်ဖြစ်တတ်ကြောင်း၊ လူနာရှေ့တွင် အော်ဟစ်မငိုရကြောင်းကို အပြင်တွင်မနဲ ကြီး ရှင်းပြ လိုက်ဘူးသည်။ ကျမတို့ဖွားလေးကို ကျမတို့က အမဟုခေါ်သည်။ တအိမ်ထည်း တစီးပွား ထည်းနေလာခဲ့ကြ သဖြင့် ဖွားအေအရင်းလိုပင် ဖွားအေနှင့်အတူ ကျမတို့ကို သူကပြုစုစောင့်ရှောက်လာ ခဲ့သည်။
ကျမစိတ်ထဲမှာတော့ ''ငါ့ဘ၀ကုသိုလ်ကိုက သူများမလုပ်တာကို အမိုက်ခံပြီးလုပ်လဲလုပ်ရသေး၊ လုပ် သာလုပ်ရတယ် တရားခံဖြစ်ရမဲ့ ကုသိုလ်ကံပါတယ်ထင်ပါရဲ့''ဟူ၍ စိတ်ဖြေရပါသည်။ အသက်ကြီးကြီး လာသည်နှင့်အမျှ တွေ့တွေ့လာသည်ကတော့ ကျမလိုပင် လုပ်ပင် လုပ်ကြရပါသော်လည်း တရားခံ ဖြစ်ကြရသော သူများကိုမြင်ရသောအခါ စာနာစိတ်ဖြင့် သနားမိ၏။ လုပ်ပုံလုပ်နည်း၊ လုပ်ဟန်ကဘဲ မှားလေ ၍ ငါဘဲတရားခံပြန်ဖြစ်ရလေသလားဟု တခါတရံ ကိုယ့်ကိုကိုယ်ဆန်းစစ်မိ၏။ 
အကြောင်းများ သည် တခါတရံမလုပ်ဘဲနေ၍ ဖြစ်သောအကြောင်းများမဟုတ်။ မလုပ်၍မဖြစ်၊ ငါသာ လူစွမ်းကောင်း ကြီးကွလို့ ရင်ကော့ပြစားချင်လွန်းလို့ စွန့်စားချင်လွန်း၍ သူရဲကောင်းကြီး လုပ်ချင်လွန်း၍ လုပ်ရသည် မဟုတ်။ အခြေအနေက ဖန်တီးလာသောအခါ လုပ်ရပြန်သည်သာဖြစ်ပါ၏။ ယခု ဖေဖေ့လို ကိစ္စမျိုးတွင် အဆုံးအဖြတ်ပေးရန် အတော်ခက်၏။ ဒုတိယဘ၀၊ တတိယဘ၀တို့တွင်သာ အကျိုးပေး တတ်သည်ဆို သော ဟိုတဘ၀က လုပ်ခဲ့တဲ့ကံသည် ဘာကံဖြစ်မည်တော့မသိ။ အမြဲတန်း အကြပ်အတည်း သို့ ရောက်ရောက်သွား၏။
*********
ဗေဒင်ပညာ ကို အနည်းအကျဉ်းလိုက်စားထားသူဖြစ်သည့်အတိုင်း၊ စိတ်ကျဉ်းကြပ်လွန်း၍လာသော အခါ ''ငါက ကုမ်လပ်ပေကိုး၊ ကုမ်လပ်ရဲ့ ပင်ကိုယ်သဘာဝ ကို က ရေထမ်းသမားသဘာဝ၊ ရုပ်ပုံအားဖြင့် တင်ပြထား ပုံကိုကလဲ ရေအိုးလေးကို ပုခုံးပေါ်ထမ်းပြီး မြေကြီးပေါ် ရေသွန်ချပြနေတဲ့ရုပ်ပုံ၊ ကျိုးပန်းသမျှ  ပင်ပန်း သမျှ သဲထဲရေသွန်သလို ဖြစ်ရမှာပေါ့လေ''ဟု ကိုယ့်ထွက်ပေါကိုယ့်ဟာကိုရှာပြီး စိတ်ဖြေရ၏။ ''ဒါပေမင့် ငါလုပ်တာ တရားတယ်မဟုတ်လား၊ ဒီအလုပ်မှာ ငါ့ကိုယ်ကျိုး ငါ့အမြတ်ထွက်ဖို့ သူများကို ဒုက္ခ ပေးတာရယ် လို့ တခုမှ မပါပါဘူး၊ ဘယ်သူက စွတ်စွဲစွဲ အပြစ်တင်တင် ငါ့စိတ်ထဲမှာ ငါ့ဟာ ငါရှင်းနေ တဲ့ အတွက် သတ္တိရှိရမယ်လေ''ဟူ၍ ကိုယ့်ကိုကိုယ်ပင် အားပေးရ၏။
သို့သော် မေမေက မှတ်ချက်ချပါသည်။ ဆွေစုမျိုးစုများတဲ့ လူအုပ်ဟာ ဒီလိုဘဲ သမီးအဝေဖန်ခံရတာချည်းဘဲ တကယ်သွေးစပ်ကြစို့ဆို သူတို့ကဆွေမျိုးလောက်တော်တာပါ၊ သမီးမှာက အဖေအရင်းခေါက် ခေါက် အဖေကို ဘယ်သူ က သတ်မတဲ့လဲ၊ တို့များ ဒီလိုလက်ပိုက်ကြည့်နေရင်း သူသေသွားပြီး ဆိုကြပါစို့၊ သမီးမှာ ဥာဉ်ကလေး တခုရှိတယ်၊ အတိတ်က လုပ်ခဲ့ပြီး ဒါကိုလဲ နောင်တဖြစ်တတ်ပါဘိသနဲ့၊ တော် ကြာ ငါမကုမိလို့ ငါ့အဖေ သေရလေခြင်း လို့ ဖြစ်အုံးမယ်၊ ဘာဘဲဖြစ်ဖြစ်ပေါ့လေ၊ ကံ,ကံ၏အကြောင်း တရားဆိုတာရှိပါတယ်၊ သေချင်မှလဲ သေမှာပါ မတော်တဆ သေသွားပြီဆိုကြပါစို့၊ သမီးကို တရားခံလို့ ဘယ်သူက စွတ်စွဲမှာလဲ၊ အပြစ်ရှာပြီး စွတ်စွဲတယ်ဆိုတဲ့ လူတွေက သမီးရဲ့ဖေဖေ့ဝေဒနာကို တညတလေ လာကြည့်ဘူးပါသလား၊ အကြပ်အတည်း ရောက်နေ ဒါကလေးကို အသက်ရှူပေါက်ကလေး ရအောင် အားပေးကူညီခဲ့ဘူးပါသလား၊ ကိုယ့်ကိစ္စ အတွက် ကိုယ်ဟာကိုယ်လုံးပမ်းယင်းကူသွား ဒါက လေးတွေရှိလေမလားတော့ မသိပါဘူးကွယ်။
တော်ပါသေး၏။ ကျမဆုံးဖြတ်ချက်၏နောက်တွင် မေမေတယောက်လုံးရှိနေပေသေးသည်။ ကျမသည် တခါတရံ ကိုယ့်ကိုကိုယ် အယုံအကြည်ရှိချင်မှ ရှိတတ်သော ပြော့ညံ့ချက်အကွက်ကလေးရှိတတ်၏။ မေမေ သာ နောက်ပိုင်းက ရပ်မပေးလိုက်လျှင် ရဲရဲဝံ့ဝံ့စွန့်စွန့်စားစားလုပ်မည့် မိန်းခလေးတယောက် မဟုတ်ပါပေ။
ကဲ... ဖေဖေ့ကို ခွဲစိတ်ကုသတော့မည်ဟူ၍ ဆုံးဖြတ်လိုက်ပြီ။ ထိုဆုံးဖြတ်ချက်မှာ ကျမတို့သားအမိနှစ် ယောက် ခေါင်းဆောင်ပြီး ဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်ဖြစ်၏။ ထိုဆုံးဖြတ်ချက်ကို အကောင်အထည် ဖေါ်ဖို့ က လိုသေး၏။
''ရှင့်အနာကို ခွဲစိတ်ကုသဘို့ ဒေါက်တာကြီးပေါက ပြောတယ်၊ မယုက အားလုံးစီစဉ်လာခဲ့ပြီ'' မေမေက လက်ဟန် ခြေဟန်နှင့်ရော စာရေး၍ရော ပြောပြလိုက်၏။
''ဟင့်အင်း ငါ့အနာကို ခွဲမကု နဲ့ တော်ကြာပျောက်သွားမှာ....''
ဖေဖေ သည် ခွဲစိတ်ကုသနည်းဖြင့် ကုသခံရမည်ကို အကြောက်အကန်ပင် ညင်းလိုက်၏။
''အခုတောင် အနာက အနံ့ထွက်နေဘီ၊ သမီးတို့ အခန်းဘက်ကတောင် အနံ့ရတယ်၊ ခွဲစိတ်ကုလိုက်ရ ရင် ခဏကလေး နဲ့ ပျောက်သွားမှာပါ၊ အခုခံလာရဒါ ဘယ်လောက်ကြာဘီလဲ၊ ခုခေတ်ဆေးတွေကလဲ ကောင်းပါတယ်၊ ဒေါက်တာကြီးပေါ ကိုယ်တိုင်ခွဲ မှာ ဘာမှ အားမငယ်နဲ့....''
မေမေ က စာရေးပြရပြန်သည်။
နောက်ဆုံးတော့ ခွဲသည်ဖြစ်စေ၊ မခွဲသည်ဖြစ်စေ၊ အနာကို ဒေါက်တာက ကြည့်လို၍ ဆေးရုံခဏတက် ပြီး ပြပါရန် အနေမျိုး နှင့် ချော့မော့၍ ဆေးရုံတင်ရ၏။
ကျမသည် ညနေတိုင်း ရုံးဆင်းချိန်တွင် ရုံးမှ အိမ်သို့အပြန် ဆေးရုံကြီးထဲသို့ဝင်ပြီး ဖေဖေ့ကို ကြည့်ရ သည်။ ဆရာဝန် ကတော့ ခွဲရမည်ဟု အတိအကျဆုံးဖြတ်လိုက်ပါသည်။ သွေးအားအလွန်နည်းနေ၍ သွေးသွင်း ဘို့လိုကြောင်း လည်း ပြောပြပါသည်။ ထိုစဉ်က ငွေတန်ဘိုးဖြင့် သွေးတပုလင်း သုံးဆယ့်ငါး ကျပ်ဖြစ်သည်။ ကျမ သည် တညနေတွင် ''ခွဲစိတ်ကုသဘို့ အားလုံးအဆင့်သင့်ဖြစ်ပြီးဖြစ်ကြောင်း၊ သွေး ဘိုးငွေ သုံးဆယ့်ငါးကျပ် ကိုလည်း ပေးပြီးကြောင်း၊ သွေးအားကောင်းနေလျှင် ခွဲစိတ်ကုသခံရခြင်းမှာ ကြောက်စရာ မရှိကြောင်း''ကို စာတိုစာရှည်ရေးပြရ၏။ စာကိုဖတ်ပြီး၍ ဆုံးလျှင်...။
''အမလေး သွေးတပုလင်းကို သုံးဆယ့်ငါးကျပ်တဲ့လား''ဟု အော်လိုက်ပါ၏။ ဖေဖေ့အော်သံကြောင့် ဘေးကုတင် က လူနာများနှင့် ဧည့်သည်များသည် ကျမတို့သားအဖ ကို ၀ိုင်းဝန်းကြည့်ကြ၏။
''အေး... ပိုက်ဆံ သုံးဆယ့်ငါးကျပ်ကို နှမြောလို့ အခွဲခံဒါလို့ ဒေါက်တာကို ပြောလိုက်...''
ကျမသည် တဖက်ကိုလှည့်၍ ပြုံးမိသည်။
ဖေဖေ့ကို အောင်မြင်စွာ ခွဲစိတ်၍ပြီးပေပြီ။ အသက်နှင့်တကွ ခွဲစိတ်ခန်းထဲမှ ပြန်ထွက်လာချိန်တွင်မူ ဒေါက်တာကြီးပေါ ရော ကျမတို့ပါ ဟင်း-ချမိကြ၏။
နောက်တပတ် ဆေးရုံကြီးလှေခါးထစ်များမှ အတက်တွင် ဒေါက်တာကြီးပေါက ဟက်ဟက်ပက်ပက် ရယ်မောကာ ကျမကို ဆီးကြို၏။ သူ့အနားတွင် သူနာပြုဆရာမလေးများနှင့် ဖေဖေ၏ငယ်တပည့်ဖြစ်ခဲ့ သူ ဆေးရုံကြီး၏စတီးဝပ်ဖြစ်သူ ဦးစောမောင် ရပ်နေသည်။ ဦးစောမောင်မှာ ၀ါးခယ်မမှာ ပညာသင်စဉ် က ဖေဖေ့ တပည့်ရင်းတယောက်ဖြစ်၍ ရန်ကုန်ဆေးရုံကြီးတွင် ပစ္စည်းထိန်းဖြစ်သည်။ ၀ါးခယ်မက လူနာ ဟူသမျှ ဆေးရုံတက် လျှင် အယုတ်အလတ် အမြတ်မရွေး သူကူညီ၏။
ဖေဖေ့ကုတင် ကို ကြည့်လိုက်သောအခါ ဖေဖေ့ကို မတွေ့ရတော့ပေ။ ကျမထိတ်သွား၏။ သို့သော် လည်း စိတ်မလေးမိပါ။ အကြောင်းမှာ ဆရာဝန်က ရယ်မောပြီး အားလုံးမျက်နှာများက ပြုံးနေကြသည် မဟုတ် ပါလား။ ဤသို့ဆိုလျှင် တခုခုကတော့ တခုခုဘဲ။ လေးလေးတခုခုတော့ မဟုတ်တန်ရာ။ ပေါ့ပေါ့ တခုခုသာ ဖြစ်စရာ ရှိ၏။
''ရော့ဟေ့ မခင်ယု.... မင်းအဖေရဲ့ကဗျာ၊ ကဗျာဆရာကြီးမှန်း ခုမှတို့သိတယ်.... ဆေးရုံက ဆင်းချင်လို့ တဲ့၊ လက်မှတ် ထိုးပြီး သူ့ဖာသာသူ ဆင်းသွားလေရဲ့... တို့များနဲ့ ဆေးရုံကြီးကို နှုတ်ဆက်တဲ့အနေနဲ့ ကဗျာတပုဒ် ရေးပြီး ဆရာမလေးတွေ ကို ပေးသွားလေရဲ့... ဖတ်ကြည့်စမ်း...''
ဒေါက်တာကြီးပေါသည် ရယ်မောရင်း ကျမသို့စာရွက်တရွက်ကို လှမ်းပေးလိုက်ပါ၏။ ဆရာမလေးတွေ မှာ ပါးစပ်ကို လက်ကိုင်ပုဝါနှင့်ပိတ်ခါ ခပ်အုပ်အုပ်ရယ်မောနေကြသည်။ စာရွက်ကိုယူပြီး ဖတ်လိုက်သောအခါ သူတို့နှင့်ရောပြီး ရှက်ရှက်နှင့်ပင် ရယ်မိပါသည်။
ဖေဖေ့ကဗျာကား....
    ''ယောက်ျားအတိက၊
      အောက်နားကြည့်လိုက်တော့၊
      မရှိ ဖြစ်ရလေတော့သတည်း....''
ဟူသတတ်။
ဘယ့်လောက်များ ပြောင်မြောက်လိုက်ပါသလဲ၊ သာယာပြေပြစ်လိုက်ပါသလဲ၊ ပွင့်လင်းလိုက်ပါသလဲ၊ ကာရန်နဘေ တို့ ၏ ညီညွတ်မှုရှိလိုက်ပါသလဲ၊ ဘာတွေ ဘာသလဲကို ချီးကျူးဘို့ အချိန်ပင်မရတော့ပါ၊ ကျမ ခေါင်းမဖေါ်ရဲသေးပါ။
''အင်မတန် စိတ်ဆောင်တဲ့ဦးကြီး.... သူများတွေသာဆိုယင် ဒါလောက်ခွဲစိတ်တဲ့ဒဏ်ရာ ပြင်းထန်ယင် ဒါလောက်ရက်နဲ့ အိပ်ယာကတောင် မထနိုင်ကြသေးဘူး။ မင့်ဖေဖေကတော့ ဒေါင်ဒေါင်ပြေးနေတာဘဲ..  တခုခု ဖြစ်ယင်သာ ပြန်လာပြောပေတော့ မခင်ယု.... ခုတော့ အိုကေဘဲ၊ သူများတွေတော့ ခြောက်လ ကြာယင် ပြန်လာပြကြရတယ်... အနာက ကင်ဆာသဘောဆန်ဆန် အနာကွဲ့....''
ဒေါက်တာကြီးပေါ က ရှင်းလင်းပြောပြ၏။
ကျမနှင့် ဦးလေးဦးစောမောင်မှာ ဒေါက်တာနှင့်ဆရာမလေးများကို နှုတ်ဆက်ပြီး ဆေးရုံပေါ်မှဆင်းလာ ကြပါသည်။ ဆီးသွားနိုင်ရန်အတွက် အနာအပေါက်တွင် ပိုက်တခုတတ်ပေးလိုက်သည်ကလွဲ၍ ဖေဖေ့ တွင် ယောက်ျားပိုင် သီးသန့်ပစ္စည်းမရှိတော့ပေ။
ဒေါက်တာကြီးပေါ ခွဲစိတ်စဉ်က ၁၉၄၉ ခုနှစ်လောက်မှာပင် ရှိသေးသည်။ ဖေဖေသည် ထိုရောဂါနှင့်ပက် သက်ပြီး ဒေါက်တာကြီးပေါထံ သို့ ပြန်လည်၍ မသွားရတော့ပေ။
******
သာသနာတော်သက္ကရာဇ် ၂၅၀၀ ပြည့်နှစ်နှင့် အသက် ၆၆
သာသနာတော် သက္ကရာဇ် ၂၅၀၀ ပြည့်သောနှစ်မှာ ရန်ကုန်မြို့သူမြို့သားများအတွက် ကုသိုလ်လည်း အလွန်ရ၍ ကသိကအောက်လည်း နိုင်သောနှစ်ဟူ၍ ဆိုရပေမည်။
ကမ္ဘာအေး လှိုဏ်ဂူတော်တွင် ရှင်သာမဏေ ၂၅၀၀ ရှင်ပြုပွဲဆင်နွဲသည်သာမက ဗုဒ္ဓ၏သာသနာစည်ပင် ထွန်းတောက်နေသော နှစ်ပေါင်း ၂၅၀၀ ပြည့်သော အထိမ်းအမှတ်ပွဲကိုပါ အထူးတလည်ကျင်းပမည် ဖြစ်ရကား နယ်ကလာသောသူများဖြင့် ရန်ကုန်ရှိ အိမ်တိုင်း၊ အခန်းတိုင်းတွင် အိမ်ရှင်ရော၊ ဧည့်သည် ရော နပမ်းလုံးနေကြရသည်။ ရန်ကုန်မြို့ဆိုသည်ကလည်း အရောင်းအ၀ယ် ဗဟိုကျမှု၊ အုပ်စိုးသူများ၏ အာဏာစက် ထုတ်လုပ်ရာ နေရာဖြစ်သည်ကလွဲပြီး နေရေးထိုင်ရေးတွင် အိမ်ခန်းလေးတွေက အပိုအ လိုမရှိ၊ မိမိအိမ်သားနှင့် မိမိ အတိအကျလိုဖြစ်နေ၍ မြန်မာ့လူနေမှုစနစ်၏ အဓိကဖြစ်သော မြန်မာ့စေတ နာ ဘယ်လိုပင်ရှိသည်ဆိုစေကာမူ ဧည့်သည်များအတွက် နယ်မှာလို ပြေလည်စွာနေနိုင်အောင် နေရာ ထိုင်ခင်း စီစဉ် ပေးဘို့အတွက် မလွယ်ပါ၊ ရန်ကုန်အိမ်ရှင်များသည် ဧည့်သည်များ ကသိကအောက်ဖြစ် နေရသည် ကိုကြည့်ပြီး အတော်မျက်နှာပူစရာဖြစ်ခဲ့ရ၏။
ထိုအချိန်တွင် အစိုးရ၏တိုက်ခန်းဖြစ်သော ဆူးလေဘုရားလမ်းရှိ တိုက်ခန်းတခန်းတွင်ပင် ကျမတို့မိ သားစု နေထိုင်လျက်ရှိသေး၏။ ခြံနှင့် ၀င်းနှင့်မဟုတ်သော်လည်း တိုက်ခန်းမှာ အနံ၂၅ပေ၊ အလျားပေ ၅၀ လောက်ရှိ သဖြင့် ဧည့်သည်များလာလျှင် ၂၅ပေ၊ ပေ၂၀လောက်ရှိသော ဧည့်ခန်းတခုလုံးတွင် လေး ငါး ရှစ်ယောက် လောက် တိုးတိုးကြိတ်ကြိတ် တန်းစီအိပ်ပါက အိပ်နိုင်လောက်ပေသည်။
ဧည့်သည် နှင့်ပက်သက်၍ အကြောင်းတခု ပေါ်လာပါသည်၊ ပွဲတော်ရက်မတိုင်ခင် သုံးလေးရက်တွင် ကျမ ရုံးမှ အပြန် အိမ်ဖေါ်ခလေးမလေး မအေးသင်က ဆီးကြို၍ပြော၏။
''ဘဘကြီးရယ်လေ.... ၀ါးခယ်မကို အခုညနေသင်္ဘောနဲ့လိုက်သွားဘီ၊ သင်္ဘောထွက်ချိန်ရောက်မှ နင့်မမကို ပြောတဲ့၊ နို့မို့ရင် လိုက်တားနေမှာ စိုးလို့တဲ့....''
''တားလဲမတားပါဘူး.... ဘာကိစ္စသွားလဲမသိ....''
''မသိဘူး မမယု ရဲ့ နှစ်ရက်ဘဲကြာမယ်လို့ဆိုတယ်''
''အေးအေး ဖေဖေပြန်လာမဲ့ရက်ကြယင်သာ ဦးစံငွေကို ကြိုခိုင်းဖို့မမေ့ကြနဲ့''
ဦးစံငွေ သည် အိမ်တွင် မော်တော်ယဉ်မောင်းပေးနေသူဖြစ်သည်။
ကျမက ဒါလောက်ဘဲပြောနိုင်ပါသည်။ ထိုစဉ်က ကျမတွင် တတ်နိုင်သမျှကလေးနှင့် ချစ်ချုပ်စုပြီး ၀ယ် ထားသည့် ကားလေး ရှိနေပေသေးသည်။ သို့သော် နောက်နှစ်ရက် ဖေဖေချိန်းဆိုထားသောနေ့တွင် ကားနှင့်သွားကြိုရမည့် ဒရိုက်ဘာဦးစံငွေပင် သူ့နေအိမ်မှ ကျမတို့တိုက်သို့ မရောက်ခင် မနက်အစော ကြီး ဖေဖေနှင့် ကျမတို့ဘကြီး (ဖေဖေ့အကိုဝမ်းကွဲ) ဦးဘိုးဥာဏ်နှင့် ဇနီး ဒေါ်ဖွားခင်တို့ ပါလာကြသည်။ သူတို့သည် ၀ါးခယ်မ တဘက်ကမ်း သော်ကရွာဘက်တွင် နေထိုင်ကြပြီး လွှထောင်လုပ်နေသူများဖြစ် ကြ၏။ ဘုရားခန်းအပါအ၀င် ဧည့်ခန်းတွင် နေရာချထားပြီး ကော်ဖီနှင့် မုံ့များပင် ကျွေးပြီးဖြစ်သည်။
ကျမလည်း မီးဖိုခန်းဘက်မှ မျက်နှာသစ်ပြုပြီး ဘုရားခန်းဘက်သို့ ထွက်လာခဲ့၏။ ဘုရားခန်းဟုသာ ဆို ရသည် သီးသန့်အခန်းမဟုတ်ပါ။ ဧည့်ခန်းခေါ် တိုက်၏ရှေ့ဘက်ပိုင်းအခန်း သံမံတလင်းနှင့်တဆက် တည်း ပါတည်း။ ဘုရားရှိခိုးပြီး အဘတို့နှင့် စကားပြောရ၏။
''အဘဦးဘိုးဥာဏ် နေကောင်းရဲ့လား၊ ကျမဖြင့် ဖေဖေသွားတာလဲ မသိဘူး၊ အဘတို့ဆီသွားတာလဲ မသိဘူး၊ ရုံးကပြန်လာမှ ခလေးမလေးတွေ ဆီးပြောလို့သိတာ''
အဘဦးဘိုးဥာဏ်သည် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အားရပါးရဖွာနေ၏။ သူသည် ဖေဖေ့လို ခပ်၀၀ ပင်ဖြစ်သည်။ ဖေဖေ့လိုတော့ အသားမဖြူ အသားမဲ၏။ သို့သော် စကားပြောလျှင် မောသံပါနေသည်။
''တို့လဲ ဘာမှန်းမသိပါဘူး၊ ဒီသာသနာ ၂၅၀၀ ပြည့်ပွဲကို လာချင်တာတော့ အမှန်ပါဘဲ၊ တနေ့ကညနေ တော့ မောင်ဘ ဗြုံးကနဲ ပေါက်လာတယ် သူကဘာပြေလဲဆိုတော့ ကိုဘိုးဥာဏ် တဲ့ အကိုဟာ (ဦးနု၏ အဖေ ဦးစံထွန်းကို ပြောသည်) အသက်ခြောက်ဆယ့်ခြောက်နှစ်မှာ သေတယ်တဲ့၊ ကျွန်တော် ခင်ဗျား ကို တွက်ကြည့်တော့ ခင်ဗျား ဒီနှစ်ခြောက်ဆယ့် ခြောက်နှစ်ပြည့်တဲ့နှစ်တဲ့၊ ဒီတော့ ခင်ဗျားလဲသေလိမ့် မည့်တဲ့....''
''ဟောတော့'' ကျမမှာ ဖေဖေက စွတ်စွတ်ရွတ်ရွတ်သွားပြောခြင်းအတွက် စိတ်ပျက်အံ့သြမိပါသည်။
''မသေခင် ကုသိုလ်ရအောင် ရန်ကုန်က ဘုရားတွေ ကျွန်တော်လိုက်ပို့မယ်၊ စုံအောင်လိုက်ဖူးပေတော့ ဆိုလို့ ငါနဲ့ ဖွားခင်လဲ လိုက်လာတာဘဲ''
ကျမရယ်မိပါတော့သည်။ ဖွားလေးဖြစ်သူ ဒေါ်ဖွားခင်မှာ ဖြူဖြူပုပုနှင့် ချစ်စရာလေးဖြစ်၏။ စကားအလွန် နည်းပြီး အမြဲပြုံးနေကာ ချစ်စရာကောင်းပေသည်။
''ဖေဖေကတော့ နားမကြားတာကလွဲလို့ အလွန်မာတာဘဲ၊ တခုတောင်းပန်ပါရစေ ဘဘ... သူပြောတာ တွေကို စိတ်မထိခိုက်လိုက်ပါနဲ့၊ ဘဘ ဦးစံထွန်းက ခြောက်ဆယ့်ခြောက်နှစ်ပြည့်လို့ ဆုံးတာနဲ့ ဘဘ ဦးဘိုးဥာဏ်လဲ ခြောက်ဆယ့်ခြောက်နှစ်ရောက်ရင် ဆုံးရမယ်ဆိုတာ...'' ပြောယင်း ဖေဖေ့ဦးနှောက် သည် ဘာတွေအခြေခံထားတွက်ချက်ပြီး ဘယ်လိုဆုံးဖြတ်လိုက်မှန်းမသိ၊ အဖိုးကြီးလင်မယား အိုးနင်း ခွက်နင်း ဖြစ်လာကြပုံကို ကြည့်ပြီး အူထဲက အလိပ်အလိပ်ထလာသည်ကို ထိန်းယင်း တောင်းပန်ရပြန် ပါသည်။
''ကမောက်ကမတွေ ရှောက်ပြောနေတာ ဘဘ၊ ဖေဖေ ပြောတာတွေ စိတ်ထဲမှာ စွဲမနေနဲ့နော်...''
''အမလေး မစွဲပါဘူးဟယ်၊ သူ့အတွက်သာ စိုးရိမ်တာပါ၊ ဒီလိုလမ်းသလားနေရင်တော့ဖြင့် ဒုက္ခပါဘဲ''
''ကျမတို့တော့ ဖေဖေ့ကို မထိန်းနိုင်ဘူး၊ ဒီအိမ်မှာတော့ ဘဘတို့ပျော်သလိုနေ တောအိမ်လိုတော့ မကျယ်ဝန်းဘူး၊ ဘဘတို့သွားချင်တာရှိလဲ ဦးစံငွေဆိုတာ ကားမောင်းတဲ့လူ ရောက်လာလိမ့်မယ်၊ သွား ချင်ရာ သွားကြ၊ ကျမကိုလဲ ရုံးမှာလာကြိုဘို့ မလိုတော့ဘူး၊ နေရတာတော့ သံမံတလင်းမို့ အားနာပါ ရဲ့...''
''အမလေး... တို့အတွက် ဘာမှမလိုပါဘူး၊ တို့နေတတ်ပါတယ်၊ နင့်ရုံးသာ နင်အေးအေးသွား'' အဘ ဦးဘိုးဥာဏ် သည် ကျမတို့ စိတ်အေးသွားအောင် ပြောရှာပါ၏။
ကျမသည် အိမ်ကိုမှာစရာရှိတာမှာပြီး ရုံးသို့ထွက်သွားပါသည်။ ရုံးရောက်တော့လည်း ဦးစံငွေကို ပြန်မှာ လိုက်၏။
''ဦးစံငွေ ဘဘကြီး ဦးဘိုးဥာဏ်တို့ သွားချင်စရာရှိတာ အကုန်လိုက်ပို့ လိုက်နော်၊ မယုကိုလဲ လာမကြိုနဲ့ တော့ မယုဖြစ်သလိုပြန်လာခဲ့မယ်၊ အကိုကြီးကိုလဲ ပြောလိုက်ပူမနေကြနဲ့တော့...''
ကျမက ဦးစံငွေကို ကားနှင့်ပြန်လွှတ်လိုက်ပါသည်။ ကျမရုံးဆင်းချိန်မှာမမှန် များသောအားဖြင့် နောက် ကျ တတ် ပါသည်။
ကမ္ဘာအေးပွဲတော်မှာ စရက်ဖြစ်၍ လူစည်ကားစဖြစ်ပါသည်။ ၀န်ကြီးချုပ်တို့ ဇနီးမောင်နှံလည်း ငါးနာရီ လောက်ကပင် ကမ္ဘာအေးသို့ ထွက်ခွာသွားကြ၍ ရုံးခန်းတွင် ကျမအားလပ်သွားပါသည်။
ကျမလည်း အိမ်ပြန်ရန်ပြင်ဆင်နေဆဲ ကျမ၏ခင်ပွန်းဖြစ်သူနှင့် သမီး မိ၊ ဦးစံငွေတို့ ကားနှင့်ပေါက်လာ ကြသည်။
''ဟင်... ဘယ့်နှယ်လဲ ကျမကို လာမကြိုနဲ့လို့ ဆိုတာ ဦးစံငွေလာကြိုတယ်၊ မယုဖြစ်သလိုပြန်လာမှာပေါ့၊ အဘ ဦးဘိုးဥာဏ်တို့ ဘယ်ထားခဲ့သလဲ''
ဦးစံငွေက ဘာမှမဖြေဆိုခင် အကိုကြီးက စတင်၍ ''ကဲ.... အလုပ်ပြီးရင် အေးအေးဆေးဆေးသာ ကား ပေါ်တက်၊ တို့များ ကမ္ဘာအေးဘက်ကို ဖြေးဖြေးတပတ်မောင်းကြည့်ရအောင် ခင်ဗျားရဲ့ဘခမည်းတော် ဘုရားကြီး က ဦးစံငွေ အိမ်ပြန်ရောက်တော့ တွေ့တောင် မတွေ့ဘူးတဲ့၊ ဘကြီး ဦးဘိုးဥာဏ်တို့လဲ မရှိ ဘူး၊ ခုထိလဲ ပြန်မလာကြသေးဘူးခင်ဗျ ''
အကိုကြီးပြောသည့်အတိုင်း ကျမသည် ကားပေါ်တက်လိုက်ခဲ့ရသည်၊ အဘ ဦးဘိုးဥာဏ်တို့အတွက် စိတ် တထင့်ထင့် ဖြစ်နေပါသည်။ ကမ္ဘာအေးရောက်လျှင် ကားကို ၀ိသာခါတန်ဆောင်နားတွင် ရပ်ခဲ့ကြ ၏။ ၇-နာရီလောက်တွင် ပြန်ဆုံမည်ဟု ချိန်းကာ ဦးစံငွေအား ပွဲခင်းကို ကြည့်ရန် လွှတ်လိုက်ပါသည်။
ကျမတို့ သားအဖသုံးယောက်သည်လည်း စေတီတော်ဘက်သို့ သွားရောက်ဖူးမြှော်ကြ၏။ စိတ်အေး လက်အေးပင် သိမ်ဘက်၊ ကန်ဘက်များကို လျှောက်ကြ၏။ လှိုဏ်ဂူကြီး ပြင်ဆင်ထားသည်ကိုလည်း အဝေးမှ ကြည့်ကြရင်း မိုးချုပ်စ ခြောက်နာရီခွဲလောက်တွင် ၀ိသာခါဇရပ်ဘက်သို့ ပြန်လျှောက်လာကြ သည်၊ ဇရပ်ရှေ့ ခပ်လှမ်းလှမ်း သစ်ပင်တပင်နားအရောက်တွင်မူ မိ က ထ၍အော်ပါသည်။
( ဒုတိယပိုင်းဆက်ရန်) 
Monday, January 24, 2011
[ ရွှေဇင်ဦးဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment