Wednesday, 26 June 2019

လှလိုက်တာနော် ( လှလိုက်တာနော်နှင့်ရသစာတမ်းငယ်များ) #အောင်သင်

#လှလိုက်တာနော် ( လှလိုက်တာနော်နှင့်ရသစာတမ်းငယ်များ)


အောင်သင်း


‘A Thing of beauty is a joy forever. ’


‘အလှပစ္စည်းတစ်ခုသည် ထာဝရပီတိပင် ဖြစ်သတည်း’ အင်္ဂလိပ် စာဆိုအကျော် ဂျွန်ကိ(တ်စ်) (John Keats) ၏ ကမ္ဘာကျော် ကဗျာစကလေးတစ်ခု ဖြစ်ပါသည်။


၁၉၈၁ ခုလောက်က ကျွန်တော်တို့ စာရေးဆရာတစ်သိုက် လားရှိုးကို ဗဟိုပြု၍ မြောက်ပိုင်း ရှမ်းပြည်နယ်တစ်ခွင်တွင် စာပေခရီး လှည့်ခဲ့ပါသည်။


တစ်ခုသော နံနက်ခင်းတွင် လားရှိုးမှ ကွတ်ခိုင်သို့ ခရီးထွက်ခဲ့ကြပါသည်။ သိန္နီမြို့ကို လွန်ပြီးလတ်သော် ကျွန်တော်တို့၏ မော်တော်ကားသည် တောင်အလုံးပေါင်းများစွာကို တစ်ရစ်ပြီး တစ်ရစ်၊ တစ်ထစ်ပြီး တစ်ထစ် ကွေ့ကာ ၀ိုက်ကာ တစ်ဆင့်ထက် တစ်ဆင့် တက်ရပါသည်။ မြင့်သထက်လည်း မြင့်လာပါပြီ။


တောင်ထွတ်တစ်ခု၏ ခါးပန်းအရောက်တွင် ကျွန်တော်တို့ အညောင်းအညာဖြေရန် ကားကို ခေတ္တရပ်ပေးလိုက်တော့ ကားပေါ်မှ ဆင်းပြီး အမှတ်မထင် နောက်ဘက်ခရီး တောင်အောက်မြေပြင်ဆီသို့ ကျွန်တော် လှမ်းမျှော်ပြီး ကြည့်လိုက်တော့ ကျွန်တော်လန့်ပြီး ကြက်သေသေသွားမိသည်။


ဘာမြေပြင်ကိုမှ မတွေ့ရ။ မျှော်လို့မဆုံးနိုင်သော ပင်လယ်ရေပြင်ကြီး။ ဟိုးဟိုး အဝေးကြီး မိုးကုပ်စက်ဝိုင်းကြီးအထိ ဧရာမ၊ ဧရာမ ပင်လယ်ရေပြင်ကြီး။ ထိုရေပြင်ကြီးရဲ့ အလယ်မှာတော့ ကျွန်းတောင်ကြီးတစ်ခုက ထိုးထိုးထောင်ထောင် ပေါက်နေသည်။ ပင်လယ်ရေပြင်က ပြာပြာမှိုင်းမှိုင်း၊ ကျွန်းတောင်ကြီးက စိမ်းစိမ်းညို့ညို့။ ကျွန်တော်၏ ၀ိညာဉ်လိပ်ပြာမှာ စိမ်းညို့ညို့ကျွန်တောင်ကို ပတ်သန်းရစ်ဝဲပြီး အတောမသတ် ပင်လယ်ပြင်ပေါ် လွင့်မျောပြီး မိုးကုပ်စက်ဝိုင်းဆီသို့ လွင့်ပါးသွားသကဲ့သို့ ခံစားလိုက်ရပါသည်။


ကျွန်တော် တကယ် လန့်သွားတာပါ။


အံ့သြခြင်း၊ မယုံကြည်နိုင်ခြင်း၊ ရင်သပ်ရှုမောဖြစ်ရခြင်းတို့နှင့် တကယ်လန့်သွားမိပါသည်။


ဘယ့်နှယ် ပင်လယ်ပြင် ဖြစ်နိုင်ပါမည်လဲဟူသော သတိစိတ်ဖြင့် သေချာ ထပ်ပြီးကြည့်လိုက်တော့မှ ဟိုအောက်ဘက်မှာ ငြိမ်နေသော တိမ်ပင်လယ်ကြီးပါလား။ မျှော်လို့ ကြည့်လို့ မဆုံးနိုင်သော တိမ်ပင်လယ်ပြင်ကြီး။ ဟိုဘက်နားက တောင်မြင့်ကြီးတစ်လုံးကတော့ တိမ်ပင်လယ်ပြင်ကြီးကို ဖောက်ထွက်နေသည်။ တိမ်ပေါ်က ကျွန်းတောင်ကြီး။ ‘အမယ်လေး “လှလိုက်တာနော်” ’ ဟု ကျွန်တော့် ရင်ထဲမှာ မည်နေသည်။ ကြည့်နေရင်း၊ ကြည့်နေရင်း တိမ်ပင်လယ်ပြင်ကြီးသည် ကျွန်တော်၏ ရင်နှလုံးထဲသို့ ကျွန်းတောင်ကြီးကိုပါ သယ်ဆောင်စီးဝင်လာတော့သည်။


မခွဲချင် မခွာရက် ကျွန်တော်တို့ ခရီးဆက်ခဲ့ရသည်။


သိန္နီမြို့ကို ဖုံးလွှမ်းနေသော တိမ်ပင်လယ်ကြီးကို ထားရစ်ခဲ့ပြီ။


‘ထားရစ်ခဲ့ပြီ’ ကျွန်တော် ဤသို့ ထင်မိသည်။ သို့သော် တိမ်ပင်လယ်နှင့် ကျွန်းတောင်ကြီးက နေရစ်ခဲ့သည်မဟုတ်။ ကျွန်တော်၏ ရင်ထဲနှလုံးထဲသို့ စီးဝင်၍ နေရာယူခဲ့ ပြီးလေပြီ။ ယနေ့ထက်တိုင် သည်မြင်ကွင်းမှာ ပျောက်ပျက်မသွား။ ထင်ထင်ရှားရှား လှပနေဆဲ။ မြင်ယောင်လိုက်တိုင်းလည်း ကျွန်တော့် ရင်နှလုံးမှာ သိမ်မွေ့စွာ လှုပ်ရှား၍ ငြိမ့်ညောင်းစွာ ပီတိဖြစ်နေဆဲ။


အင်္ဂလိပ်စာဆိုကြီး ၀ီလျံဝါးစ်ဝါ့သ် ( William Wordsworth) ၏ ဒက်ဖိုဒေးလ် ( Daffodils) ဆိုသော ကဗျာကို သွားပြီး သတိရမိပြန်သည်။ ဆရာကြီးက လမ်းလျှောက်သွားရင်း ကန်ကြီးတစ်ခု၏ ကမ်းစပ်တစ်လျှောက် ကွေ့ဝိုက်ကာ တစ်မျှော်တစ်ခေါ်ကြီး ပေါက်နေသော ဒက်ဖိုဒေးလ် ပန်းရိုင်းအ၀ါ ခင်းကြီးတစ်ခုကို တွေ့လိုက်သည်။ နဂါးငွေ့ ကြယ်မှုန်တန်းကြီးကို မြင်လိုက်ရသကဲ့သို့လည်း ရှိသည်။ ပန်းပင်လယ်ကြီးကို မြင်လိုက်ရသကဲ့သို့လည်း ရှိသည်။ လေပြည်သိမ်းလိုက်လျှင် ယိမ်းက မြူးရွှင်နေ ကြသည်။ ထိုရွှေဝါပန်းခင်းကြီးကို တစိမ့်စိမ့် ကြည့်နေမိခဲ့သည်။ ထိုစဉ်က သည်မြင်ကွင်းသည် သူ့အတွက် မည်သို့သော စည်းစိမ်ချမ်းသာကို သယ်ဆောင်လာခဲ့ကြောင်း မသိခဲ့။ နောင်အခါ တစ်ကိုယ်တည်း လဲလျောင်းနားနေ အေးအေး ဆေးဆေး တွေးတော မြင်ယောင်မိသော အခါတွင်မှ စိတ်ကူးထဲက မြူးကနေသော ပန်းရွှေဝါတို့နှင့်အတူ သူ၏နှလုံးသားသည်လည်း ပျော်ရွှင်မြူးကနေ ပြန်လေတော့သည်ဟု ဆရာကြီးက ဖွဲ့ထားခဲ့ပါသည်။


ကျွန်တော့်စိတ်ထဲတွင်တော့ သိန္နီက တိမ်ပင်လယ်ကြီးကိုရော၊ ဆရာကြီး၏ ကဗျာကိုရော ‘လှလိုက်တာနော်’ ဟု အောက်မေ့မိပါသည်။


*****


ကျွန်တော်ကျောင်းသားဘ၀ ယုတ္တိဗေဒဘာသာရပ်ကို သင်ယူခဲ့ရစဉ်က ဆင်ခြင်လေးတစ်ခုကို သတိရနေမိပါသည်။ ဆရာကိုယ်တိုင်ကလည်း စကားစပ်မိ၍ အမှတ်မထင် ကောက်ကာငင်ကာ ‘ရှင်ဘုရင် နာမည်ကိုတော့ မေ့နေပြီကွာ၊ ရစ်ချတ်ဘုရင်မင်းမြတ်လို့တော့ ထင်မိတာပဲ’ ဟုသာပြောသွားခြင်း ဖြစ်သောကြောင့် ကျွန်တော်ကလည်း ‘ရစ်ချတ်ဘုရင်မင်းမြတ်’ ဟူ၍ ပဲ မသေမချာ ပြောရပါတော့မည်။ တကယ်ဆိုတော့လည်း ဤကိစ္စတွင် ဘယ်သူဘယ်ဝါဆိုသည်က အရေးကြီးလှသည်တော့မဟုတ်။


တစ်ခါသားမှာ ရစ်ချတ်ဘုရင်မင်းမြတ်က ‘အားလုံးသော လူတွေဟာ လူလိမ်ချည်းပဲ’ လို့ မိန့်တော်မူလိုက်သတဲ့။ အဲဒီအခါမှာ ယုတ္တိဗေဒပညာရှင်တစ်ယောက်က ကြားတော့ ‘ဘုရင်မင်းမြတ်ရဲ့ အဆိုကို မှန်တယ်လို့ပဲ ထားလိုက်ကြစို့ရဲ့’ လို့ပြောပြီး ဆင်ခြေတစ်ထုံးကို ဖွဲ့လိုက်သတဲ့။ သူ့ဆင်ခြေက-


ဘုရင်မင်းမြတ်က ‘အားလုံးသောလူတို့သည် လူလိမ်များဖြစ်ကြသည်’ ဟု ဆိုသည်။


သို့သော် ဘုရင်မင်းမြတ်သည်လည်း လူတစ်ယောက်ဖြစ်သည်။


ထို့ကြောင့် ဘုရင်မင်းမြတ်သည်လည်း လူလိမ်ဖြစ်သည်။


လူလိမ်ပြောသော စကားတို့သည် မမှန်။


ထို့ကြောင့် အားလုံးသော လူတို့သည် လူလိမ်များ မဟုတ်။


ကျွန်တော် အလွန်ကို ပျော်ပျော်မြူးမြူး သဘောကျသွားပြီး ‘လှလိုက်တာနော်’ ဟု အောက်မေ့လိုက်မိပါသည်။


*****


မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာအဖွဲ့မှ ထုတ်ဝေသော ‘အင်္ဂုတ္ထိုရ် ပါဠိတော်’ မြန်မာပြန်ပထမတွဲကို ကျွန်တော်ဖတ်လိုက်မိပါသည်။ ထိုအတွဲတွင် ဧက၊ ဒုက၊ တိက၊ စတုကနိပါတ်များ ပါဝင်ပါသည်။ ကျွန်တော်တို့ မကြာခဏ ကြားဖူးနေကြသည့် မြတ်စွာဘုရားသခင်နှင့် ကာလာမပုဏ္ဏားတို့ တွေ့ဆုံခန်းဖြစ်သော ‘ကေသမုတ္တိသုတ်’ ကို တွေ့ရပါသည်။


ကျွန်တော်တို့ ကြားဖူးနေရသလောက်မှာ ဘယ်သူပြောတာမှ မယုံနဲ့၊ ကိုယ့်ဉာဏ်နှင့် အစွမ်းကုန်စဉ်းစားပြီးမှ ယုံကြဟု ဘုရားရှင်က လွတ်လပ်စွာ စဉ်းစားခြင်းကို အားပေးသော သဘောလောက်ကိုသာ ကြားဖူးကြပါသည်။ သို့သော် ကြားဖူးနားဝရှိနေသောကြောင့် သေချာဂရုစိုက်ပြီး ဖတ်လိုက်မိပါသည်။


ပါဠိတော်တိုက်ရိုက် မြန်မာပြန်များ၏ အသုံးအနှုန်း၊ ရေးထုံးဖွဲ့ဟန်တို့တွင် မယဉ်ပါးသေးသော ကြောင့်သဘောကို ငုံမိအောင် အတော်လေးကြိုးစားရပါသည်။ နားလည်သဘောပေါက်လိုက်တော့ အလွန်ပျော်ပျော် မြူးမြူး ဖြစ်သွားမိပါသည်။


အခါတစ်ပါးတွင် မြတ်စွာဘုရားသခင်သည် ဒေသစာရီကြွချီတော်မူရင်း ကောသလတိုင်း ကာလမမင်းတို့နေထိုင်ရာ ကေသမုတ္တိနိဂုံးသို့ ရောက်တော်မူလာလေသည်။ ကာလမမင်းတို့သည် ကျော်စောသတင်းကြီးလှသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် ဘုရားရှင်ထံ လာရောက်ဆွေးနွေးကြသည်ဟု ဆိုနိုင်ပါသည်။


သူတို့ဆီသို့ လာကြသည်မှာကလည်း ဘုရားရှင်တစ်ပါးတည်းသာ မဟုတ်။ ယခုခေတ်စကားနှင့် ပြောရလျှင် တွေးခေါ်ပညာရှင် ဘာသာရေးဂိုဏ်းခေါင်းဆောင်အမျိုးမျိုးတို့ ရောက်ခဲ့ဖူးလှပြီ။


သည်တစ်ယောက်က တစ်မျိုး၊ ဟိုတစ်ယောက်က တစ်ဖုံ။ ငါပြောတာကမှ တရား၊ သူပြောတာတွေက အလကား စသည်ဖြင့် အပြိုင်အဆိုင် ပုတ်ခတ်ချေချွတ်ပြီး ပြောတာတွေလည်း နားငြီးနေအောင် ကြားခဲ့ရပြီးပြီ။ ကြာတော့ ဘာကို ယုံရမည်ကို မသိကြတော့။ ယခု ဘုရားရှင် ကြွလာတော့လည်း ပြောင်ပြောင်ပင် ဖွင့်ပြောကြသည်။ ဘယ်သူပြောတာကို လက်ခံပြီး ဘာကို ယုံရမှန်းကို မသိတော့ဘူးပေါ့။ အမှန်ကတော့ အရှင်ကလည်း တစ်မျိုးတစ်ဖုံ ပြောဦးမှာပဲ မဟုတ်လားလို့ ပြောလိုက်တာနှင့် အတူတူပါပဲ။


ဘုရားရှင်က ယုံမှားထိုက်လို့ ယုံမှားတာ သင့်လျော်ပေသားပဲ။ ပြောသံကြားရုံနဲ့လည်း မယုံနဲ့။ ပြောရိုးပြောစဉ် ရှိလို့လည်းမယုံနဲ့။ ရှေးကျမ်းဟောင်းစာပေများမှာ ပါသကောရယ်လို့လည်း မယုံနဲ့။ ငါတို့အတွေးနဲ့ ကိုက်ညီနေပကောရယ်လို့လည်း မယုံနဲ့။ ကျွန်တော်တို့ ပြောသံဆိုသံ ကြားနေကြရသည်မှာ ဤမျှအထိသာ ဖြစ်သည်။ ဘုရားရှင် ဆက်၍မိန့်တော်မူသည်ကို အတိုချုပ် ပြန်ပြီးစဉ်းစားကြည့်လိုက်တော့ –


–       အချင်းကာလာမတို့ သူတစ်ပါး၏အသက်ကို သတ်၏။ အန္တရာယ်ပြု၏။ သူတစ်ပါးပစ္စည်းကို မပေးပဲလျက် ယူ၏။ ဤအရာတို့ကို ကောင်းမွန်သည်လို့ သင်တို့ထင်သလော။


–       မကောင်းပါဘုရား။


ဤနေရာတွင် ကျွန်တော်က တစ်ချက်ဝင်ပြီး စဉ်းစားမိသေးသည်။ ဟုတ်တာပေါ့။ ဒါတွေကိုမှ ကောင်းတယ်လို့ လက်ခံလိုက်ရင် လောကကြီး ပျက်သွားမှာပေါ့။


–       ကာလာမတို့ ထိုအမှုကို ပြုခြင်း၏ အကြောင်းရင်းကား ‘လောဘ’ ပင် မဟုတ်လော။


–       မှန်ပါ၏ ဘုရား။


–       ကာလာမတို့ ထို့အတူ ‘ဒေါသ’ ကြောင့်လည်း သူတစ်ပါး၏ အသက်ကို သတ်၏။ အန္တရာယ်ပြု၏။ သူတစ်ပါး၏ ပစ္စည်းကို မပေးပဲလျက် ယူ၏။ ‘မောဟ’ မိုက်မဲတွေဝေမှုကြောင့် လည်း ဤသို့သော အမှုတို့ကို ပြုကြ၏။ အချင်းကာလာမတို့ ၊ သို့ဖြစ်လျှင် လောဘ၊ ဒေါသ၊ မောဟတို့ကို ကောင်းသည်ဟု သင်တို့ ယူမည်လော။ မကောင်းသော အရာများဟု သင်တို့ ယူမည်လော။


–       မကောင်းသော အရာများဟု ယူပါမည်ဘုရား။


–       မကောင်းသော အရာများဟု ယူလျှင် ဤတရားတို့ကို ပယ်ကြလော့။ အချင်းကာလာမတို့ လောဘ၊ ဒေါသ၊ မောဟတို့သည် မကောင်းသော အရာများ စင်စစ်မှန်လျှင် သူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော အလောဘ၊ အဒေါသ၊ အမောဟ တရားတို့သည် ကောင်းမြတ်ရမည် မဟုတ်လော။


–       အလောဘ၊ အဒေါသ၊ အမောဟ တို့သည် ကောင်းရမည်ဖြစ်ပါသည် ဘုရား။


ကျွန်တော် တစ်ချက်ဝင်ပြီး စဉ်းစားမိပြန်သည်။ အလောဘ၏ လက္ခဏာသည် ပေးကမ်းစွန့်ကြဲခြင်း၊


ရက်ရောလှူဒါန်းခြင်းတို့ ဖြစ်သည်။ အဒေါသ၏ လက္ခဏာသည် မေတ္တာ၊ ကရုဏာ ထားနိုင်ခြင်းတို့ကို ဖြစ်စေသည်။ အမောဟ၏ လက္ခဏာသည် အမြင်ကြည်လင်သန့်ရှင်းခြင်းကို ဖြစ်စေသည်။


–       ကာလာမတို့ အရိယာသူတော်စင်တို့သည် လောဘ၊ ဒေါသ၊ မောဟ တို့ကို ပယ်လျက် အလောဘ၊ အဒေါသ၊ အမောဟ ကို ဖြစ်စေ၏။ ဤသို့အားဖြင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စိတ်တို့ဖြင့် လောကကို ပျံ့နှံ့စေလျက် ငြိမ်းချမ်းစွာတည်၏။ ကာလာမတို့ ထိုကဲ့သို့သော အရိယာတို့အဖို့ နောင်ဘ၀ဟူသည် ရှိစေဦးတော့၊ ကုသိုလ်၊ အကုသိုလ် တို့၏ အကျိုးဆက် သည်လည်းရှိစေဦးတော့၊ ငါ့၌ အကုသိုလ်မရှိဟူသော ယုံကြည်စိတ်ချသည့် စိတ်ကြောင့် ငြိမ်းချမ်းလျက်ပင်ရှိ၏။ နောင်ဘ၀ဟူသည် မရှိ။ ကုသိုလ် အကုသိုလ် အကျိုးဆက် မရှိဟု ဆိုလျှင်လည်း ယခုဘ၀၌ ပင်လျှင်လည်း ငါ့အဖို့ ငြိမ်းချမ်းစွာ၏ဟု ဆင်ခြင်ချမ်းမြေ့၏။ ငါသည် မကောင်းမှု တစ်စုံတစ်ခုကို ပြုခဲ့စေဦးတော့ ထိုမကောင်းမှုကိုပြုရန် ငါသည် အားထုတ်မှု မရှိခဲ့။ ထို့ကြောင့် ငါ့အား အကုသိုလ်သည် မထိပါးနိုင်။ ဤသို့သော ထောက်တည်ရာများရှိနေသောကြောင့် အရိယာတပည့်တို့သည် ယခုမျက်မှောက်ဘ၀၌လည်း ကြောင့်ကြကင်းသော စင်ကြယ်သော စိတ်တို့ဖြင့် ငြိမ်းချမ်းစွာ တည်နိုင်ကြကုန်၏။


–       အရှင်၏ တရားသည်ကား နှစ်သက်ဖွယ်ရှိလှပါပေ၏။ ကျွန်ုပ်တို့သည် ယနေ့မှစ၍ အရှင်ဘုရားကိုလည်း ကိုးကွယ်ပါ၏။ အရှင်၏ တရားကိုလည်း ကိုးကွယ်ပါ၏။ သံဃာကိုလည်း ကိုးကွယ်ပါ၏။


******


ကျွန်တော်သည် ကေသမုတ္တိ၏ ယုတ္တိအစဉ်ကို သေချာအပြန်အလှန် စဉ်းစားပြီးနောက် ‘ လှလိုက်တာနော်’  ဟု ရေရွတ်မြည်တမ်းလိုက်မိပါသည်။


ထို့နောက် (John Keats) ၏ ‘ဂရိအရိုးအိုး တစ်ခုအတွက် တမ်းချင်း’ (Ode on a Grecian urn)  ကဗျာ၏ နောက်ဆုံးပိုဒ်ထဲက ‘Beauty is truth. Truth is beauty.’  ဟူသော စာကြောင်းကလေးကိုလည်း သွားပြီး သတိရမိလိုက်ပါသည်။


‘အလှသည် သစ္စာ၊ သစ္စာသည် အလှ’ တဲ့။


လှလိုက်တာနော်။


-----------


အောင်သင်း


20.Jun.2011


#ဆရာဦးအောင်သင်းဘလော့ဂ်မှ_ကူးယူပါသည်။ 




No comments:

Post a Comment