#ကဗျာလမ်း ( လှလိုက်တာနော်နှင့်ရသစာတမ်းငယ်များ)
#အောင်သင်း
ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့ ရွေးချယ်စိစစ်သော ‘ခေတ်သစ်ကဗျာ’ စာအုပ်ကို တက္ကသိုလ် တွင် ပြဌာန်းခဲ့ဖူးရာ မှတ်သားစရာဟူ၍ တဆံချည်မျှ မပါသောစာအုပ်ဟု အချို့ ပုဂ္ဂိုလ်များက စကားတင်းဆိုကြပါသည်။ ထိုစကားတင်းဆိုသံ၊ မေးငေါ့ဟန်တို့သည် ကျွန်တော့်ကို တနုံ့နုံ့ တွေးစေပါသည်။ ကဗျာသည် ‘မှတ်သားစရာ’ ကိုပေးရန် တာဝန်ရှိသလော၊ ဗဟုသုတပေးရန် တာဝန်ရှိသလော စသည့် မေးခွန်းများကိုလည်း မေးမိပါသည်။ ထိုမေးခွန်းကြောင့်ပင် ကျွန်တော့်မှာ အမြင်တစ်ခု ပေါက်လာပါသည်။ ထိုအမြင်ကို ပြောပြရန် ဤစာတမ်းကို ရေးပါသည်။
ကျွန်တော်တို့တွင် အသိနှစ်မျိုးရှိပါသည်။ တစ်မျိုးမှာ ‘ ကြံဆသိ’ ဖြစ်၍ တစ်မျိုးမှာ ‘ခံစားသိ’ ဖြစ်ပါသည်။ (ကြံဆသိ၊ ခံစားသိ ဟူသော ဝေါဟာရများကို လွယ်လွယ်ဆွဲသုံးလိုက်ခြင်း ဖြစ်ပါသည်။ ဝေါဟာရကို မကြိုက်လျှင် ကြိုက်ရာ၊ သင့်နိုးရာကို အစားထိုးဖတ်ပါ။ ကျွန်တော့်မှာ ဝေါဟာရ၊ သတ်ပုံ အစွဲအလန်း မရှိပါ။)
ကြံဆသိနှင့် ခံစားသိ နှစ်မျိုးမှာ အသိချင်းတူသော်လည်း အလွန်ကွာခြားလှပါသည်။ ဥပမာနှင့်ပြောလျှင် ပို၍ရှင်းမည်ထင်ပါသည်။ အဇာတသတ်မင်း၏ အသိကို ဥပမာပြချင်ပါသည်။ အဇာတသတ်မင်းသားသည် ဧကရာဇ် မင်းသွေးဖြစ်သည်။ တစ်ဦးတည်းသောသားလည်း ဖြစ်သည်။ ထို့ကြောင့် မိဘများက မရောင့်ရဲနိုင်အောင် ချစ်သော သားလည်းဖြစ်သည်။ ထို့ကြောင့် ထိပ်ထိပ်ကြဲ ဆရာကြီးများနှင့် ပညာသင်ကြားခဲ့ရပါလိမ့်မည်။ ထို့ကြောင့် ‘သားတို့ရုပ်ရည် သီတာမည်သား’ ဟူသော လင်္ကာမျိုးလောက်ကိုတော့ ရွတ်ဆိုဖူးပါလိမ့်မည်။ ထို့ကြောင့် မိဘတို့သည် သားသမီးကို လွန်စွာချစ်သည် ဟူသော အသိကို သိပါလိမ့်မည်။
သို့သော် သူကိုယ်တိုင် သားယောက်ျားတစ်ယောက်ရခါမှ မိဘမေတ္တာ သိသောကြောင့် နောင်တကြီးစွာ ရခဲ့ပါသည်။
ပထမ အသိမျိုးကား ကျိုးကြောင်းဆင်ခြင်လျက် ဤသို့ဖြစ်တန်ရာ၏ဟု ကြံဆခြင်းဖြင့် သိရသောကြောင့် ‘ ကြံဆသိ’ ဟု ကျွန်တော်ဆိုချင်ပါသည်။ ဒုတိယအသိကား ကြံဆခြင်းမဟုတ်ဘဲ ခံစားမှုကြောင့် ပေါ်ပေါက်လာသောကြောင့် ခံစားသိဟုဆိုချင်ပါသည်။
ပထမအသိသည် အဇာတသတ်မင်း၏ စိတ်ကို လှုပ်ရှားခြင်းငှာ မစွမ်းနိုင်ပါ။ ဒုတိယအသိကမူ ထိုမင်းသား၏ စိတ်ကို ပြောင်းလဲသွားစေပါသည်။
နောက် ဥပမာတစ်ခု တင်ချင်ပါသေးသည်။ ကျွန်တော်တို့ တစ်နေ့တွင် သေကြရမည်ကို လူတိုင်းသိပါသည်။ စာဖတ်သူလည်း သိပါသည်။ သို့သော် သည်းဆုပ်မျှ သေခြင်းတရားကို ကြောက်လန့်ဖူးပါသလား။ သိဒ္ဓတ္တမင်းသား သူ့သေနိမိတ်ကို မြင်စဉ်က သိပုံမျိုးနှင့် တူမည်ထင်ပါသလား။
အရာဝတ္ထု ဟူသမျှ ပုပုရွရွဟူသမျှသည် ရပ်တည်မနေ၊ အမြဲတစေ ပြောင်းလဲဖောက်ပြန်နေကြောင်း ကျွန်တော်တို့ မသိမဟုတ်၊ သိကြပါသည်။ ဆင်ခြင်ဥာဏ်ဖြင့်ပင် သိကြပါသည်။ သိပ္ပံပညာကြောင့် ပို၍ပင်သိကြပါသေးသည်။ သို့သော် သင်္ခါရသဘောတရားကို ဘယ်နှစ်ခါများ ဆင်ခြင်ဖူးပါသနည်း။ လောဘအဟုန် ဘယ်လောက်များ လျော့ပါးပါသနည်း။ ရှာမြဲ ဖွေမြဲ စုမြဲ ဆောင်းမြဲ လောဘတသဲသဲ လွှမ်းမိုးဆဲပင် ဖြစ်ကြပါသည်။ အကြောင်းရင်းကား ရှင်းလှပါသည်။ ကျွန်တော်တို့ သခါင်္ရကို သိပုံမှာ ကြံဆသိ ဖြစ်သောကြောင့်ပါ။ ခံစားသိ မဟုတ်သောကြောင့်ပါ။
ကြံဆသိကြောင့် စကားပြောကောင်းသောလူ ဖြစ်နိုင်ပါလိမ့်မည်။ စာရေးကောင်းသောလူ ဖြစ်နိုင်ပါလိမ့်မည်။ သို့သော် ကောင်းသောလူ မဖြစ်နိုင်ပါ။ ကြံဆသိသည် စိတ်ကို မပြောင်းနိုင်ပါ။ ခံစားသိသာလျှင် စိတ်ကိုပြောင်းနိုင်ပါသည်။
ကဗျာအကြောင်းကို ပြန်ကောက်ချင်ပါသည်။ ကဗျာသည် ဗဟုသုတပေးရန်မဟုတ်ပါ။ ခံစားမှုကို ပေးရန်ဖြစ်ပါသည်။ မသိသေးသည်ကို သိအောင် ကဗျာဆရာများက အားထုတ်ခြင်း မဟုတ်ပါ။ မခံစားရသေးသည်ကို ခံစားရအောင် အားထုတ်ခြင်းဖြစ်သည်ဟု ထင်ပါသည်။ ကဗျာတစ်ပုဒ်ကို မှတ်စရာ သားစရာပါသောကြောင့် ကဗျာကောင်းတစ်ပုဒ်ဟု ချီးကျူးလျှင် ကဗျာဆရာက ၀မ်းသာလိမ့်မည် မထင်ပါ။ ‘သူမိုက်တို့သည် ပညာရှိကို ချီးကျူးခြင်းအားဖြင့် ဒဏ်ပေးသည်’ ဟူသော လောကနီတိထဲက အဆိုအမိန့်ကို သတိရကောင်း ရနေပါလိမ့်ဦးမည်။
ကျွန်တော့်အနေနှင့် ပြောရလျှင် ဗဟုသုတရလိုသော ရည်ရွယ်ချက်ဖြင့် ကဗျာကို မဖတ်ပါ။ ခံစားလိုသောကြောင့်သာ ဖတ်ပါသည်။ နေ၀င်ဆည်းဆာ မြစ်ကမ်းနဖူးတွင်ထိုင်၍ ရွက်ဖြူတလွင့်လွင့်နှင့် လှေငယ် လှေကြီး များကို ကြည့်ဖူးပါသည်။ လှပါသည်။ ကြည်နူးပါသည်။ ကျွန်တော် ဗဟုသုတလိုချင်၍ မြစ်ကမ်းနဖူးတွင် ထိုင်ခြင်း မဟုတ်ပါ။ ဗဟုသုတ လိုချင်သောအခါတွင် ကျွန်တော်သည် စက်မှုလက်မှု ပြပွဲမျိုးကို လျှောက်ကြည့်လေ့ရှိပါသည်။ ကဗျာသည် စက်မှုလက်မှုပြပွဲ မဟုတ်ပါ။
ဗဟုသုတရှာခြင်းအလုပ်၊ ပေးခြင်းအလုပ်သည် အလွန်လွယ်ကူပါသည်။ ခံစားမှု ရရှိခြင်း၊ ပေးခြင်းသည် မရေရာပါ။ တစ်ခါတစ်ရံ အလွန်လွယ်ကူပါသည်။ တစ်ခါတစ်ရံ အလွန်ခက်ပါသည်။
စကားဖြတ်၍ မဆီမဆိုင် အကြောင်းအရာတစ်ခုကို ပြောချင်ပါသေးသည်။ သည်းခံ၍ ဖတ်စေချင်ပါသည်။
ကျွန်တော်တို့ ဘာကြောင့် စကားပြောကြပါသလဲ။ လူတစ်ယောက်နှင့် တစ်ယောက် ကြံမှုစည်မှု၊ တွေးမှုသိမှုကို ဖလှယ်နိုင်ရန် ပြောကြပါသည်။ အကယ်၍ တစ်ယောက်မျက်နှာ တစ်ယောက် မြင်ရသလို တစ်ဦးစိတ်ကို တစ်ဦး သိနိုင်လျှင် ဘာသာစကားပင် ပေါ်လာရန်မရှိပါ။ စကားဟူသည် သို့မဟုတ် စာဟူသည် စိတ်ချင်းဆက်သွယ်ရန် ပေါင်းကူးပင် ဖြစ်ပါသည်။ ထိုပေါင်းကူးသည် မည်မျှထိအောင် ကောင်းမွန်ပါသနည်း။
လျှပ်စစ်ဓာတ်ကို တစ်နေရာမှ တစ်နေရာသို့ ကြေးနီကြိုးဖြင့် ပို့လေ့ရှိပါသည်။ အခြားသော သတ္တုများဖြင့်လည်း ပို့နိုင်ပါသည်။ သို့သော် ကြေးနီလောက် ဓာတ်စီးမသွက်ပါ။ ရွှေကို သုံးနိုင်လျှင် ကြေးနီထက်ပင် ဓာတ်စီးသွက်သေးသည်ဟု ဆိုပါသည်။ ကြေးနီကြိုးနှင့် ပို့သည်ပင်လျှင် လျှပ်စစ်ဓာတ် လေလွင့်မှု ရှိပါသေးသည်။ ဓာတ်အား ဗို့ ၁၀၀၀ ပို့သော်လည်း လေလွင့်မှုကြောင့် ၁၀၀၀ အပြည့် မရောက်ပါ။
ထို့အတူ ကျွန်တော်သုံးစွဲသော ဘာသာစကား ဓာတ်စီးကြောင်းမှာ အကောင်းဆုံးဟု လက်ခံနေရသော်လည်း ကျေနပ်ဖွယ် မရှိသေးပါ။
အဘယ့်ကြောင့်ဆိုသော် တစ်ယောက်နှင့် တစ်ယောက် ပြောဆိုကြလျှင် ကြံဆသိကိုသာ လက်ခံရရှိ၍ ခံစားသိ မပါလာသောကြောင့် ဖြစ်ပါသည်။ ခံစားသိကိုပါ ကူးစက်ရယူနိုင်စွမ်း ရှိပါလျှင် ဗုဒ္ဓမြတ်စွာ၏ စိတ်တွင်းခံစားမှုဟူသမျှကို ကျွန်တော်တို့ ရနိုင်ကြမည် ဖြစ်ပါသည်။ သစ္စာလေးပါးကိုလည်း ဘုရားမြင်သလို မြင်နိုင်ဖွယ်ရှိပါသည်။
လျှပ်စစ်ဓာတ်ပို့ရာတွင်မူကား တစ်နေရာမှ တစ်နေရာသို့ ပို့သမျှ ဓာတ်ပြည့်ရောက်နိုင်ရန် Transformer များကို အကူတွဲဖက် သုံးစွဲလေ့ရှိပါသည်။ ဤနည်းအားဖြင့် လေလွင့်သော လျှပ်စစ်ဓာတ်အားကို ဖြည့်နိုင်ပါသည်။
ကဗျာတစ်ပုဒ်တွင်ပါဝင်သော ကာရန်၊ ဥပမာ၊ ဥပမာစသည့် အတ္ထလင်္ကာရ၊ သဒ္ဒါလင်္ကာရ ဆိုသည်တို့မှာ Transformer များဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤနည်းအားဖြင့် ခံစားသိများ လေလွင့်ကျန်ရစ်မှု မရှိအောင် အားထုတ်ခြင်းဖြစ်ပါသည်။
ထို့ကြောင့် ယခု လူတို့ တွေ့ရှိသမျှ ကဗျာထက် လွန်ကဲသော သို့မဟုတ် ဆုံးခန်းတိုင် ပြည့်စုံသော ကဗျာတို့ကို လူတို့ရေးသားနိုင်ကြလျှင် ကမ္ဘာ့ငြိမ်းချမ်းရေးကိုမျှမက သစ္စာလေးပါးကိုလည်း ဓာတ်စီးကြောင်း ကောင်းကောင်းဖြင့် ဓာတ်ကူးပေးနိုင်လိမ့်မည်ဟု ဆိုချင်ပါသည်။
ကဗျာသာမက အခြား အခြားသော အနုပညာများကိုလည်း ထိုနည်းတူ ဆင်ခြင်စေချင်ပါသည်။
နိဂုံးချုပ်တွင် စာဖတ်သူအား သတိပေးချင်သော အချက်နှစ်ခုရှိပါသည်။ ပထမတစ်ချက်မှာ ဤစာတန်းသည် ခေတ်သစ်ကဗျာကို ကာကွယ်ရန် ရည်ရွယ်သည် မဟုတ်ပါ။ ဒုတိယ အချက်မှာ တချို့မိတ်ဆွေများက ကျွန်တော့်ကို ‘တစ်ခါတစ်ရံ အလွန်အတွေးခေါင်သည်’ ဟု ပြောလေ့ရှိကြပါသည်။ ဒုတိယ တစ်ချက်ကို ပို၍ သတိပြုစေချင်ပါသည်။
-----------
အောင်သင်း
30.Jun.2011
#ဆရာဦးအောင်သင်းဘလော့ဂ်မှ_ကူးယူပါသည်။
No comments:
Post a Comment