#လိမ်ဖည်ဖည်တီးတဲ့မောင်ရယ် ( လှလိုက်တာနော်နှင့်ရသစာတမ်းငယ်များ)
#အောင်သင်း
“တော်တီး တော်တီး တော်”
“ဂျမ်း တုတ်တုတ် ဂျမ်းတုတ်တုတ်”
“တော်တီး တော်တီး တော်”
“ဂျမ်း တုတ်တုတ် ဂျမ်းတုတ်တုတ်”
ကောင်လေးနှစ်ယောက် အပြန်အလှန် အချီအချ အော်နေကြခြင်းဖြစ်သည်။ ရုတ်တရက်ဆိုလျှင် စစ်ချီဘင်ခရာသံ အော်ဟစ်ကစားနေကြခြင်း ဖြစ်သည်ဟု ထင်စရာရှိသည်။ ကြည့်လိုက်တော့လည်း တစ်ယောက်နှင့် တစ်ယောက် နီးနီးနားနား မဟုတ်။ သွားရင်းလာရင်း ခပ်လှမ်းလှမ်းမှ ရန်စောင်ပြီး အော်နေကြခြင်းဖြစ်သည်။
ကျွန်တော်တို့ ကလေးချင်းကတော့ ချက်ချင်းသိလိုက်ကြသည်။ စောမင်းနှင့် မြဆောင်။ ဒီကောင်နှစ်ကောင် တစ်ယောက်ကို တစ်ယောက် ‘မအေခေါ်’ ‘ဆဲ’ နေကြခြင်းဖြစ်သည်။
မြဆောင်က ‘တော်တီး တော်တီး တော်’ ဟု ဆဲလျှင် စောမင်းက ‘ဂျမ်းတုတ်တုတ် ဂျမ်းတုတ်တုတ်’ ဟု ပြန်ဆဲသည်။
ဒီလို အော်ကြတာနဲ့ မအေခေါ်ဆဲတာ ဘာဆိုင်လို့လဲ။ ဒါဆဲတာလားဟု မေးစရာရှိသည်။ ဆဲတာမှ ဆဲတာ အစစ်ပါခင်ဗျာ။ တကယ့်ကို ‘မအေ’ ခေါ် ပြီး ဆဲနေကြတာပါ။
စောမင်းအမေရဲ့နာမည်က ‘ဒေါ်ခရာ’ တဲ့။ ဒီတော့ ‘တော်တီးတော်’ ။ ခရာတွတ်တယ်ပေါ့။ စောမင်းကလည်း အားကျမခံပါပဲ၊ မြဆောင်ရဲ့ အမေ့နာမည်က ‘ဒေါ်ဂျမ်း’ တဲ့။ မိန်းမကြီးက ဧရာမ ၀၀တုတ်တုတ်ကြီး။ ဒါကြောင့် သူ့အမေကို ဘင်တီးပစ်လိုက်တယ်။ ‘ဂျမ်းတုတ်တုတ် – ဂျမ်းတုတ်တုတ်’ ။ နှစ်ယောက်ပေါင်းပြီး အချီအချ ဆဲလိုက်တော့ စစ်ချီ ဘင်ခရာသံ ဖြစ်နေတော့သည်။
နောက်တော့ ဒီသင်္ကေတနိမိတ်ပုံ ဆဲမှုကြီးကို နှစ်ဖက်သောမိခင်များနားသို့ ပေါက်ကြားသွားသဖြင့် သူတို့ ဟက်ဟက်ပက်ပက် ရယ်မောကြသည်။ သို့သော် ဤသင်္ကေတနိမိတ်ပုံကို ဆက်လက်သုံးစွဲခြင်း မပြုရဟု နှစ်ဖက်သောမိဘများ ညှိနှိုင်းပြီး သဘောတူ ထုတ်ပြန်ကြေညာလိုက်သည်။ ထို့ကြောင့် သူတို့ ဘင်ခရာတီးဝိုင်းမှာ တရားဝင်တီးမှုတ်ခွင့် ရပ်ဆိုင်းသွားပြီး လူကြီးတွေ မမြင်ကွယ်ရာတွင်သာ တစ်ခါတစ်ရံ တီးမှုတ်ခွင့်ရသော မှောင်ခို ဘင်ခရာတီးဝိုင်း အဖြစ်သို့ လျှောကျသွားလေတော့သည်။
သို့သော် ကျွန်တော်တို့ ကလေးများလောကတွင်တော့ ဤဘင်ခရာတေးသံမှာ ၀ဲပျံလွင့်ပါးပြီး ကျန်ရစ်ခဲ့သည်။ စောမင်းနှင့် မြဆောင်တို့မှာလည်း ဘွဲ့ထူးဂုဏ်ထူးတွေ အသီးသီးရသွားကြသည်။ စောမင်းနာမည်က ‘တော်တီး’ ၊ မြဆောင်နာမည်က ‘ ဂျမ်းတုတ်’ ။ ကျွန်တော်တို့က စောမင်းနှင့် တွဲဖက်။ နေ့စဉ် ကစားဖက်။
ပထမတော့ ကျွန်တော်တို့က ‘တော်တီး’ ဟုခေါ်လျှင် ‘ငါ့ကို ဒီလို မခေါ်နဲ့ကွာ၊ ငါမကြိုက်ဘူး’ ဘာညာနှင့် ခပ်မှုန်မှုန် ပြန်ပြောတတ်ပါသည်။ သို့သော်ကလေးလောကတွင် သည်လိုနှင့်ရရိုးလား။ ဘောလုံးကန်နေရင်း ‘ဟေ့ တော်တီး၊ ဒီကို ဒီကို ’ ဟုလည်း ဘောလုံးတောင်းသည်။ ‘တော်တီးရေ လာပြီဟေ့’ ဟုလည်း နာမည်ခေါ်ပြီး ဘောလုံးပို့တတ်သည်။ သည်အခါမျိုးမှာတော့ သည်အကောင်ကြီး စိတ်ကောက်နေဖို့ အချိန် မရှိတော့။ ပြေးဖို့လွှားဖို့သာ စဉ်းစားနေရချိန်ဖြစ်သည်။ သူက ဂိုးသွင်းလိုက်လျှင် လည်း ‘တော်တီးကွ’ ဟု ပြေးပြီး သူ့ကို ဖက်လိုက်ကြပြန်တော့ သည်ကောင်ကြီးကလည်း ခုန်လားပေါက်လားမြူးနေရာ ဘာမှ စဉ်းစားမနေနိုင်။ သည်လိုနှင့်ပဲ နားကျင့်သားရပြီး ‘တော်တီး’ ဟူသော အမည်ကို သည်ကောင်ကြီး တရားဝင် လက်ခံခဲ့ရလေတော့သည်။ ကျွန်တော်တို့ကလည်း သူ့ကို ဆဲလိုသည့် စေတနာ တစ်ဆံခြည်မျှ မရှိတော့။ ဤသို့ ချစ်လို့ ခင်လို့ စရင်းပြောင်ရင်းကပင် နားကျင့်သား ရသွားကြသည့် ကိစ္စတွေ တစ်ပုံကြီးဟု ကျွန်တော်ထင်မိပါသည်။
ကလေးတစ်ယောက်မှာ ဘ၀အကျိုးပေး မကောင်းရှာလို့ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းနေရှာသည် ဆိုပါစို့။ ကြင်နာရမည် မဟုတ်ပါလား။ ညှာရမည် မဟုတ်ပါလား။ ဖေးဖေးမမ ကူညီစောင့်ရှောက်ကြရမည် မဟုတ်ပါလား။ ယခု ကျွန်တော် ပြန်ပြီး စဉ်းစားကြည့်တော့ သည်လို သူငယ်ချင်းတွေအပေါ် လူအားကိုး ဖြင့်တော့ ညှာတာခဲ့ကြပါ၏။ ကြင်နာခဲ့ကြပါ၏။ ဖေးဖေးမမတွဲခေါ်တန်လျှင် တွဲခေါ်ခဲ့ကြပါ၏။ သို့သော် ပါးစပ်ကဖြင့် ဘယ်တော့မှ မညှာခဲ့ပါ။ စိတ်မထင်လျှင် မထင်ခဲ့သလို သူ့ချွတ်ယွင်းချက် အနာအဆာကို ဖော်ပြီး မခံချင်အောင် ခေါ်ပစ်သည်။
ကျွန်တော် မှတ်သားမိသလောက် အနောက်တိုင်းသားတို့ ကျင့်သုံးပုံအရ ဆိုလျှင် ဤသို့သော နောက်ပြောင်မှုမျိုးမှာ အလွန်ရိုင်းစိုင်းသည်။ ကြင်နာမှု ကင်းမဲ့ရာ၊ ရက်စက်ရာလည်းရောက်သည်။ စဉ်းစားကြည့်လျှင်လည်း တကယ်တော့ ရက်စက်ရာရောက်သည် အမှန်ပင်။ ကာတွန်းဆရာကြီး ဦးဟိန်းစွန်း တစ်ခါက ရေးဖူးသည်ကို သတိရမိသည်။ နိုင်ငံရေး ခေါင်းဆောင်တစ်ဦးမှာ လက်တစ်ဖက်မရှိ။ သူ့နိုင်ငံရေးကို သရော်ချင်တော့ ကာတွန်းရေးပြီး လှောင်သည်။ သို့သော် လက်တစ်ဖက်ကို ဖြည့်ပြီး ရေးဆွဲသည်။ သူ့နိုင်ငံရေးကို လှောင်သော်လည်း ဘ၀အကျိုးပေး မကောင်း၍ ကိုယ်လက်အင်္ဂါ ချို့တဲ့ရရှာသည်ကိုတော့ ဘယ်တော့မျှ မလှောင်ကြ။ အဘယ်မျှ ယဉ်ကျေးပါသနည်း။ အဘယ်မျှ ဗြဟ္မစိုရ် ကိန်းပါသနည်း။
ကျွန်တော်တို့ဆီမှာရောတဲ့။ လူကြီးတွေကတော့ ဒါမျိုးကို မလှောင်စေချင်။ မပြောင်စေချင်။ အမြဲတားမြစ်ကြသည်။ တကယ်တော့ တားမြစ်ပုံကလည်း ကြောက်ပဲကြောက်စရာ။ ‘ဟဲ့ကောင်လေးတွေ မပြောင်ကောင်းဘူး၊ နင်တို့ ၀ဋ်လိုက်လိမ့်မယ်နော်’ တဲ့။ ခြေဆွံ့သူ ခြေကျိုးသူကို ပြောင်လျှင် ဘ၀သံသရာ၌ ခြေဆွံ့ခြေကျိုး ဖြစ်တတ်သည်ပေါ့။ ကျွန်တော်တို့ မယုံဘူးလား ဆိုတော့လည်း ယုံကြသည်။ မကြောက်ဘူးလားဆိုတော့လည်း ကြောက်သည်။ စကားထစ်သူကို ပြောင်ရာက တကယ်စကားထစ်သွား သူတွေကိုလည်း တွေ့ဖူးသည်။ မျက်ကြောဆွဲသူကို ပြောင်ရာက တကယ်မျက်ကြောဆွဲသူတွေကိုလည်း တွေ့ဖူးသည်။ ကြောက်စရာပေပဲ။ သို့ပေမယ့် ကြောက်တာက တခြား၊ ပြောင်ချင် စချင်တာက တခြား ဖြစ်သည်။
‘ကိုတိုင်းမောင်’ မှာ ကျွန်တော်နှင့် တစ်မြို့တည်းသား၊ တစ်ရပ်တည်းဖြစ်သည်။ သူက ကျွန်တော့် ထက် ခြောက်နှစ်ခန့် ကြီးပါသည်။ သူ့ညာာဘက်ခြေထောက်မှာ ခြေချောင်းကလေးတွေ မရှိ။ ငယ်ငယ်ကလေးဘ၀က ထန်းလျက်ဖို မီးကျီခဲထဲ ကျလို့ဆိုလား။ ခြေချောင်းကလေးများ နေရာတွင် ဖုဖုလုံးလုံးကြီး ဖြစ်နေသည်။ ခြေညှပ်ဖိနပ် စီးလို့မရ။ ကင်းဗတ်ရှူးလို ဖိနပ်မျိုးကို စီးရသည်။ အဲဒါ သူ့ကို ရွယ်တူသူငယ်ချင်းတွေက ‘အေတီအို’ တဲ့ ခင်ဗျာ။ အဲဒီခေတ်က A.T.O ဆိုတာ မြို့ပိုင်ကြီး။ A.T.O ဆိုတာ Assistant Township Officer လက်ထောက်မြို့ပိုင်၊ သို့မဟုတ် မြို့ပိုင်ကလေးပေါ့။ ကိုတိုင်းမောင်ကို A.T.O တိုင်းမောင်တဲ့။ ရုတ်တရက်တော့ မြို့ပိုင်ကလေး တိုင်းမောင်လိုလို ဘာလိုလို။ ဘာဟုတ်လိမ့်မလဲ။ သူတို့ဆိုလိုတာက အေတီအို ‘အတို’ ပါတဲ့ ခင်ဗျာ။
ကျွန်တော့်မိတ်ဆွေကြီး ကိုတိုင်းမောင်မှာ ဒီခြေထောက်ကလေးနဲ့ ပတ်သက်ပြီး စကြနောက်ကြ သည်ကို အမြဲခံရရှာသည်။ စမယ့် သာစကြသည်။ သူတို့တတွေ ကိုတိုင်းမောင်ကို တကယ် ချစ်ခင်ကြသည်မှာတော့ အမှန်ဖြစ်သည်။ သူ့နာမည်ကို ခေါ်ကြလျှင်ပင် ‘တိုင်းမောင်’ ဟု မခေါ်ကြ။ ‘ကိုတိုင်းမောင်’ ‘ဗိုလ်တိုင်း’ စသည်ဖြင့် ချစ်စနိုး ခေါ်ကြသည်။ ကိုတိုင်းမောင်လည်း နားကျင့်သား ရသွား၍လားမသိ။ ဤကိစ္စကို ရေးကြီးခွင်ကျယ် သဘောထားဟန်မရှိတော့ပါ။
တစ်ခုမှတ်မိနေပါသေးသည်။ ‘၀တ္တရား’ အသံထွက်ဇာတ်ကား။ ထိုဇာတ်ကားထဲတွင် ဒါရိုက်တာ ဦးမောင်ကြီးက ရာဇ၀တ်ဝန်၊ သားဖြစ်သူ ခင်မောင်ရင်က ရာဇ၀တ်အုပ်ကလေး။ ဦးမောင်ကြီးက ၀တ္တရားကို အလွန်ရိုသေလေးစားသော အရာရှိကြီး။ သားအဖသည် သားအဖ။ ၀တ္တရားသည် ၀တ္တရားဟု သဘောထားသူ။ တစ်ခန်းတွင် ခင်မောင်ရင်က သူ့အဖေထံ အမှုကိစ္စတစ်ခုနှင့် ပတ်သက်ပြီး အစီရင်ခံနေရာ သားအဖချင်းရယ်လို့ ဦးထုပ်ကလေးကို လက်မှာပိုက်ပြီး လျော့ရဲရဲ မတ်တတ်ရပ်ရင်း ပြောနေမိသည်။ ဦးမောင်ကြီးက ခပ်တည်တည်ကြီး ဖြည်းဖြည်းဆေးဆေး ထလာ၍ ခင်မောင်ရင့် အနားသို့ လျှောက်လာပြီးနောက် ‘ဘာလဲကွ ဒီခြေထောက်’ ဟု ဆိုပြီး ခင်မောင်ရင်၏ ခြေထောက်ကို ကန်ထည့်လိုက်ပါသည်။ ဒါရိုက်တာ ဦးမောင်ကြီး၏ အမူအရာကလည်း အလွန်ကောင်း၍ ထည်ထည်ဝါ၀ါ ရှိလှပါသည်။ ပရိသတ် စွဲကျန်လောက်သော အမူအရာမျိုး ဖြစ်ပါသည်။
‘၀တ္တရား’ ဇာတ်ကား ကျွန်တော်တို့ ပါးစပ်ဖျား၌ ခေတ်စားနေချိန်၊ တစ်ညနေတွင် သူငယ်ချင်းတွေ စုပြီး မိုးတိုးမတ်တတ် စကားပြောနေခိုက် ကိုမြတ်စံ ဆိုတဲ့လူက ခပ်တည်တည် ဒါရိုက်တာ ဦးမောင်ကြီး အမူအရာမျိုး လျှောက်လာပြီး ကိုတိုင်းမောင်၏ ညာခြေထောက်ကို ‘ဘာလဲကွ ဒီခြေထောက်’ ဟုပြောရင်း ခပ်သာသာ ကန်ထည့်လိုက်ပါသည်။ ၀တ္တရားရုပ်ရှင်ကားရော ကိုတိုင်းမောင်၏ ခြေထောက်ချွတ်ယွင်းချက် ကိုပါ မိသွားအောင် ကျီစားလိုက်နိုင်ခြင်းဖြစ်၍ အားလုံးက သဘောကျပြီး တ၀ါးဝါး ပွဲကျသွားပါသည်။ ကိုတိုင်းမောင်ကိုယ်တိုင်ကလည်း ဣနြေ္ဒပင် မဆောင်နိုင်ဘဲ ရောနှောရယ်မောနေပါတော့သည်။
ဤကိစ္စမှာ သည်မျှနှင့်မပြီးဘဲ နောင်အခါ နှစ်ပေါင်းနှစ်ဆယ် အစိတ်ကြာသောအခါ ၁၉၆၄ ခုနှစ်လောက်ထိအောင်ပင် ပါလာသေးသည်။ ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းမှာ ကျွန်တော့်မွေးစားဖခင် ဟုပင် ဆိုနိုင်သည်။ သူ့အိမ်မှာကိုပဲ ကျွန်တော်အကြာကြီးနေဖူးသည်။ ကျွန်တော်တို့ ငယ်ဘ၀၊ ကျွန်တော်တို့ရပ်ကွက်အကြောင်း ရှေးဟောင်းနှောင်းဖြစ်များကို ကျွန်တော်က ပြောပြလေ့ရှိသည်။ သူကလည်း နှစ်ခြိုက်စွာ ရယ်မောနားထောင်လေ့ရှိသည်။ သူ့ကို ပြောပြသည့်ဇာတ်လမ်းများတွင် ‘ဘာလဲကွ ဒီခြေထောက်’ ဇာတ်လမ်းလည်းအပါအ၀င်ဖြစ်သည်။
၁၉၆၄ ခုလောက်တွင် ကိုတိုင်းမောင်တစ်ယောက် ရန်ကုန်တွင် အလုပ်လက်မဲ့ဘ၀ တယောင်လည်လည် ဒုက္ခရောက်နေသဖြင့် ကျွန်တော့်ဆီ ပေါက်လာသည်။ ကျွန်တော်က တက္ကသိုလ်က ဆရာတစ်ယောက်။ ဘာမျှ အစွမ်းအစရှိသူမဟုတ်။ သည်အခါ ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းက ကြယ်ငါးပွင့် ရန်ကုန်ဧဂျင်စီမှာ အထူးအရာရှိ။ သည်တော့သူ့ဆီကိုပဲ ခေါ်သွားပြီး အပူကပ်ရသည်။ ‘ခေါ်ခဲ့လေကွာ၊ ကြည့်လုပ်ပေးရတာပေါ့ ’ ဟုပြောသည်နှင့် ကိုတိုင်းမောင်ကို သူ့ထံခေါ်သွားသည်။ ကျွန်တော်က ကိုတိုင်းမောင်ပါပဲ ဟု မိတ်ဆက်ပေးလိုက်တော့ ဦးအောင်သန်းက ပြုံးတုံ့တုံ့လုပ်ပြီး ‘ ဘာလဲကွ ဒီခြေထောက် ’ ဟုခပ်ငေါက်ငေါက် နှုတ်ဆက်လိုက်ရာ ကျွန်တော်ပါကြောင်သွားပါသည်။ ကိုတိုင်းမောင်ကတော့ ပြောမနေပါနှင့်တော့။ ဦးအောင်သန်းက အလွန်မှတ်ဥာဏ်ကောင်းပါသည်။ ပြောသူ ကျွန်တော်က မေ့နေပြီ။ ကာယကံရှင် ကိုတိုင်းမောင်ကလည်း သတိမရတော့၊ ‘ဟေ့ကောင် အောင်သင်း၊ မင်းမေ့နေပြီလား၊ ၀တ္တရား ဇာတ်ကားထဲကဆို’ အစဖော်လိုက်မှ ကျွန်တော်က သတိရပြီး အားရပါးရ ရယ်မိပါသည်။ ဒီအချိန်ထိ ကိုတိုင်းမောင်က သတိမရသေး။ ကျွန်တော်က အနည်းငယ် ပြန်ရှင်းပြလိုက်မှ သတိရပြီး ဟက်ဟက်ပက်ပက် ရယ်မောရှာပါသည်။ နောက်တော့ သူက ‘ခင်ဗျားတို့မို့ ကတ်သီးကတ်သတ် သတိရကြပေလေဗျာ။ ကျွန်တော်ဖြင့် မေ့တောင် မေ့နေပြီ’ ဟုပြောရှာပါသည်။ ဤကဲ့သို့ ‘ဘာလဲကွ ဒီခြေထောက်’ နှင့်ပင် ကိုတိုင်းမောင်တစ်ယောက် ကြယ်ငါးပွင့် သင်္ဘောကြီး ကုန်တင်ကုန်ချတွင် တာလီစာရေးလား ဘာလားမသိ ရသွားလေသည်။ (သြော် ကိုတိုင်းမောင်သာ တမလွန်ဘ၀က ဤစာကို တွေ့မိလျှင် တပြုံးပြုံး ဖြစ်နေရှာလိမ့်မည်ထင်သည်။ )
သူ့လိုလူ နောက်တစ်ယောက်ရှိသေးသည်။ ကိုအောင်ညွန့်တဲ့။ သူကတော့ လက်နှစ်ဖက်လုံးတွင် လက်ချောင်းကလေးတွေ နှစ်ချောင်းစီ၊ သုံးချောင်းစီ ပူးတွဲနေပြီး ခပ်ဖုဖု ခပ်လုံးလုံးဖြစ်နေသည်။ ဤသို့ ဖြစ်သွားသောကြောင့် သွားများအထင်မသေးလိုက်ပါလေနှင့်။ အကိုင်အတွယ် အလွန်သန်မာသည်။ မြင်းအကြောင်းကို အလွန်နားလည်၍့ မြင်းချုပ်မြင်းကိုင် အလွန်နိုင်နင်းသည်။ သူ့ကိုလည်း သူတို့ရွယ်တူချင်း တွေက သည်လိုပဲ နာမည်အမျိုးမျိုးခေါ်ပြီး ပြောင်ကြ စကြသည်။ တစ်ခါတစ်ရံ ရန်ဖြစ်သည့် အခါလည်းရှိသပေါ့။
တစ်ကြိမ်တွင်တော့ ကျွန်တော်တို့ တောင်ပြင်ရပ်က မောင်းတိုင်ရပ်မှာရှိတဲ့ ဆုတောင်းပြည့် ဘုရားပွဲသို့ အတီးအမှုတ်တွေနှင့် ဆွမ်းတော်ကြီးတင် သွားကြရမည် ဖြစ်သည်။ ကျွန်တော်တို့ ကာလသား တွေက ပြင်ကြ ဆင်ကြ စီစဉ်ကြပေါ့။ အဲသည်မှာ ဘယ်ကောင် ဆတ်ဆော့ပြီး တောထဲက ယူလာသည် မသိ၊ ဗြက်သုံးလေးပေလောက်ရှိသည့် ပျားအုံကြီးတစ်ခု။ ပျားတွေစွန့်သွားသော ပျားအုံဟောင်းကြီးပါ။ လှလို့ သစ်ကိုင်းပါ ခုတ်လာသတဲ့။ သည်မှာတင် တစ်ယောက်က စိတ်ကူးပေါက်သည်။ မျောက်ဖြူကြီး တစ်ကောင်က ဘုရားကို ပျားရည်ဆွမ်းကပ်ရန် ထမ်းလာပုံမျိုး သရုပ်ဆောင်ရလျှင် ကောင်းမည်။ အားလုံး တစ်ခဲနက် သဘောတူကြသည်။ ဘယ်သူမျောက်ဖြူလုပ်မလဲ။ မျောက်ဖြူမင်းသားရှာပြီး ရွေးလိုက်တော့ ဇာတ်လိုက်ကြီး ‘ချိုတကူး’ ။ ခိုင်းပုံကလည်း ယဉ်ယဉ်ကျေးကျေးပါပဲ၊ ‘ဟေ့ ကုလား မင်းမျောက်လုပ်ကွာ’ တဲ့။ချိုတကူး ကလည်း ကုလားဖြစ်နေပေမယ့် သူ့ကို ကုလားခေါ်လျှင် မကြိုက်။ သို့သော် ကြာတော့လည်း နားယဉ်သွားရတော့သည်သာ။
သွားမည့်နေ့ နေ့လည်ပိုင်းတွင် တစုရုံးရုံး ပြင်ဆင်နေကြတော့ ဒိုးကြီး ဆိုသည့်ကောင်က ဆရာဝင်လုပ်သည်။ ‘ဟေ့ မင်းတို့ ဒိုးပတ်နှင့် သွားမှာလား။ အိုးစည်နှင့် သွားမှာလား။ ဒိုးပတ်နှင့် သွားမှာဆိုရင် ထွေးမောင်က ဒိုးပတ်တီး။ အောင်ညွန့်က ပုလွေမှုတ်။ ကိုတိုင်းမောင်ကြီးကို အောင်မောင်းခြေထိုး အကခိုင်း။ အိုးစည်နှင့် သွားမှာဆိုရင်တော့ တင်ဖေကြီးကို အိုးစည် အတီးခိုင်း၊ စိန်အိုးစည် လွယ်သလေ သီချင်းကို ဆို၊ ‘လိမ်ဖယ်ဖယ် တီးတဲ့ မောင်ရယ်’ ဆိုတဲ့ အပိုဒ်ကို အထပ်ထပ် ဖိပြီးဆိုရမယ်’ တဲ့။အားလုံးက ၀ိုင်းဆဲပြီး ၀ါးလက်ခုပ်နှင့် လိုက်ရိုက်တော့ သည်ကောင် ရယ်မောပြီး ထွက်ပြေးသည်။
မရိုက်ဘဲ နေနိုင်ပါ့မလား ခင်ဗျာ၊ စဉ်းစားပဲ ကြည့်ပါဦး။ ထွေးမောင် ဆိုတာက စစ်ပြီးစ လက်နက်ခဲယမ်း ဗုံးကျည်တွေ နေရာအနှံ့မှာ ရှိနေတုန်း မီးလောင် ဗုံးပေါက်လို့ဆိုလား၊ ညာဘက် လက်ကောက်ဝတ် အထက်နားက ပြတ်သွားတယ်။ အဲဒီကောင်ကို ဒိုးပတ်တီးရမတဲ့။ လက်ချောင်းကလေးတွေ ပူးနေတဲ့ အောင်ညွန့်ကျတော့ ပလွေမှုတ်ရမတဲ့။ အင်း….တင်ဖေကြီးကျတော့ ကျွန်တော်တို့ဖြင့် သတိတောင် မထားမိပါဘူး။ တင်ဖေကြီးက အိုးစည်တီး အလွန်ကောင်းပါသည်။ အိုးစည်တစ်လုံးတည်းကို နှစ်လုံးသံ ထွက်အောင် တီးနိုင်သူ ဖြစ်ပါသည်။ သို့သော် သူ့ ဘယ်ဘက် ခြေဖ၀ါးလေး နည်းနည်းစောင်းနေလေတော့ လမ်းလျှောက်ရင် မသိမသာ လိမ်ဖည်ဖည်တော့ ရှိသည်ပေါ့။ ဒါကြောင့် ၀ိုင်းပြီးဆဲကြခြင်း ဖြစ်ပါသည်။
အနောက်နိုင်ငံ ယဉ်ကျေးမှုအရဆိုလျှင်ဖြင့် အလွန်ရိုင်းစိုင်းသော ကိစ္စကြီးဟု ဆိုရမည် ဖြစ်ပါသည်။ ကျွန်တော်တို့ ဆီမှာတော့ နောက်ပြောင်ရယ်မောပစ်တတ်ကြသည်။ တော်ရုံတန်ရုံ ဒုက္ခကို ရယ်မောဖျောက်ဖျက်ပစ်တတ်ကြသည်မှာလည်း ကျွန်တော်တို့ မြန်မာလူမျိုးတို့၏ ဉာဉ်ပဲ မဟုတ်ပါလား။ ဤကဲ့သို့ ချစ်ခင်နောက်ပြောင် ရယ်မောရင်းကပဲ ကာယကံရှင်များ ကိုယ်တိုင်ကလည်း သူတို့ဒုက္ခကို ရောနှောရယ်မောပစ်လိုက်မိကြတော့သည်။ ကိုယ့်ဒုက္ခကို တသသ စုတ်သပ်နေခြင်း မရှိတော့ဘဲ အရှိအတိုင်းကို လက်ခံပြီးဘ၀ကို ရင်ဆိုင်လှုပ်ရှား သွားကြသည်သာဖြစ်သည်။ သူတို့တစ်တွေတွင် အားငယ်သည့် သွင်ပြင် တစ်ငွေ့မျှ မတွေ့ခဲ့ရပါ။ ဤသို့ဆိုသောကြောင့် သူတို့တစ်တွေကို နောက်ပြောင် ရယ်မောခြင်းသည် သင့်၏ဟု ကျွန်တော်ဆိုလိုခြင်း မဟုတ်ကြောင်းကိုတော့ အထူးပြောစရာ မလိုတော့ဟု ယူဆပါသည်။
ကျွန်တော်တို့ ဆွမ်းတော်ကြီးတင်သွားကြပါတော့မည်။ ချိုတကူးကို လဲမှို့တွေ ကပ်ဖို့ ကော်သုတ် ကြရပါမည်။ ကော်ကျို ပြီးပါပြီ။ နောက်ကျနေလိမ့်မည်ဟု လောဆော်သောကြောင့် ကော်ပူပူနွေးကြီးကို ချိုတကူးအား ဇွတ်သုတ်ပေးကြသည်။ ယပ်ခတ်သူက ခတ်၊ ကော်သုတ်သူက သုတ်၊ ပူပူလောင်လောင်နှင့်ပင် ချိုတကူးလည်း မျောက်ဖြုကြီး ဖြစ်သွားတော့သည်။
ဆွမ်းတော်ကြီး တင်ထွက်လာကြတော့ ရှေ့ဆုံးက လဲမှို့တွေ တဖွေးဖွေးနှင့် မျောက်ကြီး ချိုတကူးက ပျားအုံကြီးကို ထမ်းလို့။ ကလေးတွေက ပြေးကာ လွှားကာ သူ့အနားမှာ တရုန်းရုန်း၊ ချိုတကူးကလည်း တပြုံးပြုံး၊ ကျွန်တော်တို့ အိုးစည်ဝိုင်းကလည်း တထုံးထုံး။ လူစုံတက်စုံပါပဲ။ တင်ဖေကြီးရဲ့ အိုးစည်လက်သံကလည်း ပိုင်ပါပေ့။ နိုင်ပါပေ့။ သီချင်းဆိုသံကလည်း မြိုင်ပါပေ့ ဆိုင်ပါပေ့။
‘စိန်အိုးစည် လွယ်လေလေ လွယ်လေလေ၊ လိမ်ဖယ်ဖယ် တီးတဲ့ မောင်ရယ် လိမ်ဖယ်ဖယ် တီးတဲ့ မောင်ရယ်’ ။
---------------
အောင်သင်း
21.Jun.2011
#ဆရာဦးအောင်သင်းဘလော့ဂ်မှ_ကူးယူပါသည်။
No comments:
Post a Comment