Thursday, 27 June 2019

#ဖေဖေ ( အပိုင်း - ၄)

#ဖေဖေ


( အပိုင်း - ၄)


#ခင်နှင်းယု


မျက်နှာ လဲ ကျနေတယ် ဒါပြောတာ ဘာဖြစ်သေးလဲဖေဖေပြောသည့် အတိုင်းပင် နောက်အပတ်တွင် နုနုသည် သားဦးလေးကို မွေးဖွားတော့သည်။ မောင်ကြည်ဆွေက ဆေးရုံမှအပြန် အိမ်ဝင်လာ၍ ယောက္ခမကြီးကို ကိုယ်တိုင်စာရေးပြရ၏။ 


ကဲလေ .....ငါပြေတာ မမှန်ဘူးလား၊ ငါက ခလေးခုနှစ်ယောက် မွေးလာတဲ့ အဖေပါကွ  သူသည် ဟက်ဟက် ပက်ပက် ရယ်မော ရင်း သူ့သမီးထွေးမှ မွေးသော သားဦးမှာ ယောကျာ်းလေး ဖြစ်သည့်အတွက် ၀မ်းမြောက် နေပုံ ရ၏။  


ဒါနဲ့ ဒီကောင် စနေသား သားဦးပါလားဟေ့၊ ဟေ့ မောင် ကြည်ဆွေ ခလေး ကို အိမ်ခေါ်လာရင်လေ ဓါးထမ်းပြီး ခုနှစ်ခါ ကျော်ကွ၊ တို့အိမ်မှာ မောင်နုမွေး တုန်းကလေ သားဦးစနေ နေတက်ရေ တက်ဆိုတော့ ကိုစံထွန်း က ဓါးထမ်ပြီး ကျော်ရတယ်၊ နို့မို့ရင် ဒီကောင်တွေက သိတ်ထက်တာ


ဖေဖေသည် သူတို့၏ ရေးထုံးစံ ကို ပြောပြ၏ မောင်ကြည်ဆွေသည် စာရေးပြရပြန်သည်။


ထက်ချင်သလောက်ထက်ပါစေ အဘရယ်၊ ကျွန်တော့သားကို ကျွန်တော မကျော်ချင်ဘူး၊ ပြီတော့ မွေးတဲ့ အမေ နုနု ကိုယ်တိုင် က စနေသမီး နေ့တက်ရေတက်ဘဲ၊ ဘာကြောက်စရာရှိလဲ

မောင်ကြည်ဆွေ၏ စာကို ဖတ်ပြီး အေးလေ... မင်းတို့ မကြောက်လဲပြီးတာဘဲ၊ ဒါနဲ့ စနေသားဆိုတော့ နေမျိုး လို့ မှည့်မလား နံမယ်ရွေးချင် ပြန်လေပြီ။


ကြီးကျယ် တဲ့ နံမယ်ကြီးတွေ ကျွန်တော့သားကို မမှည့်ချင်ပါဘူး၊ ရိုးရိုးဘဲ ကောင်းပါတယ် အဘရယ် ပြီးတော့ သားကလဲ ငယ်ပါသေးတယ်။မောင်ကြည်တွေ ထပ်မံရးပြသောစာကို ဖတ်ပြီးကြေနပ်သွားပုံရ၏။


'အေးလေ...... မင်းတို့သဘော ဆေးရုံက ဆင်းရင်သာ ခလေးကို ငါ့ကိုဝင်ပြပြီးမှာ မင်္ဂလာဒုံ ခေါ်သွားရမယ် သိလား'

သူသည် ကျေနပ်စွာ အမိန့်ပေးပြီး သူ့ခန်းထဲသို့ ၀င်သွားပါတော့သည်။


မာလီ


ဂွတ်တလစ်အိမ် တွင် မာလီကြီးတယောက် ကျမငှါးပြီး ထားသည်။ ထိုမာလီကြီးလည်း ရာဇ၀င် နှင့် ပါပင်တည်း။အစကသူသည် ၀င်ဒါမီယာထဲတွင် အုန်းခြံစောင့်၏။ သူ့မြေးလေး မောင် ကံ ညွန့်နှင့် အတူ နေသည်။ လခ ဘယ်လောက် ရသည်မသိ။


အိမ်စောင့်အစိုးရ တက်လာသောအခါ ၀င်ဒါမိယာတွင် အုန်းခြံမရှိသော အဘိုးကြိး အလုပ်ရှိ ဖြစ်နေ တော့သည်။ ထိုနေရာတွင် ၀န်ကြီးချုပ်အိမ်၌ ဇာတ်လိုက်ကြီး တပါးဖြစ်သူ ဒေါ်နီနီ က အကြံဥာဏ် ပေးလာ၏။


'မယု ရဲ့ တခြားလူတွေအလုပ်ပြုတ်တယ် ဆိုပေမယ့်မှီစရာ၊ နေစရာ၊ စားစရာရှိသေးတယ်၊ ဒီအုန်းခြံ စောင့် အဘိုးကြီး ဟာ အသက်ကလဲ ခြောက်ဆယ်ကျော်ခါးကြီးကလဲကုန်းနေတော့ ဘယ်သူကမှ သူ့ကို မာလီအဖြစ် ငှါးမှာလဲ မဟုတ်ဘူး ဒီတော့ မယုတို့ခြံထဲမှာ ဒီမာလီကြီး ကို အစောင့်ထားရင် မကောင်း ဘူးလား'


သူ နှင့် ကျမမှာလည်း အသေးစိတ် အပိုအပူလေးတွေက ရှိသေးသည်။


'မေနီကို မယုရှင်းပြောပြမယ်၊ မယုက အခုဝန်ကြီးချုပ်ဆီမှာ အလုပ်မလုပ်တော့လို့ ၀င်ငွေမရှိဘူး အကိုကြီး ရဲ့ ဗိုလ်ကြီး အဆင့်အတန်း လခနဲ့ တအိမ်လုံး လောက်အောင်စားရမှာ (ထိုစဉ်က ကျမ ၀တ္ထုများမှာ နာမည် ကြီးသော်လည်း ၀င်ငွေမကောင်းသေးပါ) ဗိုလ်ကြီး လခဆိုတာ မမနီ အသိဆုံးဘဲ၊ မာလီနဲ့ ဘာနဲ့ ထားနိုင်တာ မဟုတ်ဘူး ဒါပေမယ့် မယုစိတ်ထဲမှာ တခေတ်ပြောင်း ပြောင်းတခုခုဘဲဖြစ်ဖြစ် သစ်ပင် တခု လဲသလိုဘဲ၊ အပေါ်သစ်ကိုင်းက လူတွေ အောက်ပြုတ်ကျ တယ်ဆိုပေမယ့် သူတို့မှာ အောက်က ပိုက်ဆံ ပေး တဲ့ လူ နဲ့ မွေ့ယာခံပေးတဲ့လူနဲ့ အမြင်ကကျတဲ့ လူဆိုပေမယ့် အကျမနာလှပါဘူး။


အောက်သစ်ကိုင်းနေတဲ့လူတွေသာ သိပ်ဒုက္ခများတာ ဒီတော့ မမနီအဘိုးကြီးကို သေသေချာချာရှင်းပြ လခတော့ မစု ငါးဆယ်ဘဲ ပေးနိုင်မယ်၊ သူ့မြေးလေး မောင်ကံညွန့် ကျောင်းတက် ဖို့ဘတ်စ်ကားခ စရိတ် တဆယ် ပေးမယ် နေဖို့အိမ်ပေးမယ် နေဖို့အိမ် ကအစေခံတန်းလျားဆိုပေမဲ့ သွားကြည့်ပါ ပျဉ်ထောင်ကာ သွပ်မိုး မီးဖိုးသတ်သတ် အိမ်သာ က ဆွဲအိမ်သာ လျှပ်စစ်မီး အလကားရမယ် ရေချိုးခန်းရမယ် ရေရမယ် အဲဒါ မမနီအဘိုးကြီး ကို ရှင်းပြ ကြေနပ်ရင်ပြောင်းလာပေတော့'


'အို.....မယုရယ် သူဝင်ဒါမီယာ အုန်းခြံထဲမှာ နေရတာ တဲလေးနဲ့ နေရတာ မယုအိမ်ကို သူသဘော ကျမှာပါ ကိုယ့် တို့လဲ နောက်သူ့အတွက်အလုပ် ရှာပေးကြသေးတာပေါ့........'

ထိုသို့ မြန်မာ့လူနေမှုစံနစ်နည်းဖြင့် အဘဦးဘိုရွှေခေါ်အုန်းခြံ စောင့်ကြီးသည် ကျမတို့အိမ် ပြောင်းလာ၏။ ကျမ မှ လွဲပြီး တအိမ်သားလုံးက သဘောမကျပါ။


'ဒီအသက် ခြောက်ဆယ်ကြီးများ သူဘာလုပ်ငှါးပါလိမ့်' အိမ်သားများက ကွယ်ရာတွင် ကျမအတင်း ကို ပြောပါသည်။ ကျမ မသိသည်မဟုတ် သိပါသည်။ ထိုအဘိုးကြီးသည် ပေါင်းသင်မြက်ရှင်း ရုံမှလွဲ ဘာမှ မလုပ်နိုင်ပါ၊ မျက်စေ့ကလည်းမွဲသေးသည်။ အိမ်းသားများက သစ်ပင်စိုက်ထားလျှင် သူမြက် ရှင်းသောအခါ အားလုံး နှုတ်ပစ်တော့သည်။


ကျမကတော့ လေးလံသော မြောင်းပေါက် မြေသယ် အလုပ်မျးကို မောင်ကံညွန့် ကျောင်းဆင်း သောအခါ လုပ်ပြီး ကျမချစ်သော ဆောင်းတွင်း ပန်းလေးများကို ကျမကိုယ်တိုင်ပျိုး ကျမကိုယ်တိုင် ရေလောင်း၊ စိတ်ချ ရအောင် အပင်ကြီးထွားလာတော့မှ အဘိုးကြီးလက်အပ်ပါသည်။


ထိုမာလီ အဘိုးကြီးအပေါ် အထူးမကြေနပ်ဆုံးသူမှာတော့ ဖေဖေပါပင်တည်း၊ သူသည်မာလီ ကိရိယာ ပစည်များနှင့်အတူ၊ လွှ၊ ပေါက်ဆိန်၊ သံတရွှင်း၊ တူစသော လက်သမားကိရိယာများကို လည်း စာရင်း နှင့် အတိအကျ မာလီကို အပ်ထား၏။ ခဏခဏလည်း စစ်ဆေးသည်၊ အဲဒီအထဲမှာ တခုခုပျောက်ဆုံးလျှင်လည်း ကျွတ်ကျွတ် ညံ အောင် ဆူပါတော့သည်။


အဘိုးကြီး မျက်စေ့ကလည်း မွဲသေးသည်။ တနေ့တွင် ပြဿနာတက်လာ၏။ သူတို့ထမင်းချက်ရန် ထင်း စုဆောင်း ရာမှ လွှမှာ ပျောက်သွားတော့သည်၊ ဖေဖေကလည်း စစ်ဆေးချိန်နှင့် တိုးနေပြီး ပွက်လော ရိုက်တော့သည်၊ ကျမသည် သူတို့ကိစ္စများတွင် ဘာမှမပါဝင်သေး အသာကြည့်နေ၏။


မာလီအဘိုးကြီး သည် အိမ်နား နီးခြင်းခြံရှိသမျှ သူ့လွှကိုငှားသွားပြီး ပြန်မပေးကြောင်း လိုက်စွပ်စွဲ တော့သည်၊ အိမ်နီးချင်းများသည် သဘောကောင်းသူများဖြစ်လို့သာ တော်ပါသေး၏။ ကျမကို လာရောက် ရှင်းပြ၏ သူတို့လွှ ကို မငှားကြောင်း ငှားပါလျှင်လည်း လက်ထိလက်ရောက် ပြန်အပ် မည်၊ ပေးမည် ဖြစ်ကြောင်း ပါသည်။

ကျမ သည် မနေသာတော့ပြီ၊ မာလီအဘိုးကြီးထံသွား ပြောပြရ၏။


'ဘဘကြီး ကလဲ မျက်စေ့ကလဲ သီသီမွဲမွဲရယ်၊ သတိလဲ သိပ်ကောင်းတာ မဟုတ်ဘူး ကိုယ့်အိမ်က ပစ္စည်း ပျောက်တိုင်း သူများအိမ် သွားမစွပ်စွဲရဘူး ခုအိမ်နီးချင်းတွေက သဘောကောင်းပေလို့ပေါ့ ကျမစိတ်ထင် ဘကြီးတို့ လွှဟာ ဘကြီးတို့ ထင်းဖြတ်တဲ့ အနားမှာဘဲရှိလိမ့်မယ်ထင်တယ်၊ ထင်းတွေ နေရာ တကျ ရွှေပြီးရင် အောက်ဖက်မှာ ပြန်ရှာပါအုံး'

ကျမပြောသည် အတိုင်းပင် ထင်းများနေရာတကျရွေ့ပြောင်း သယ်ယူပြီးသောအခါ ထင်းများ အောက်တွင် လွှကို ပြန်တွေ့ပါသည်။


'အဘကြီးတို့ကလဲ ဖေဖေပြောရင် ပြောစရာဘဲ သူ့ပစ္စည်း ကို ကိုင်ပြီးရင် နေရာတကျ ပြန်ထား မှပေါ့ ဖေဖေ ဆူတော့သာ ဆူတယ် ပြောရတယ် ဘကြီးတို့ကလဲ သတိထားပါ 'ကျမသည် ထိုအခါ မှ ၀င်ပြောတော့သည် မာလီဘကြီးက ဖေဖေ့အား 'ဘိုးတော်'ဟု ခေါ်သည်။


'ဘိုးတော် ကတော့ဗျားအံ့သြ လောက်ပါတယ်....... အသက်ခုနှစ်ဆယ်သား ဆိုတယ် ကျွန်တော် ထက် သတိ လဲ ကောင်း ခွန်းအားလဲ ကောင်းတယ် (ဖေဖေထိုစဉ်က ခုနှစ်ဆယ်ကျော်ပင် ရှိသေး သည်။)'


တနေ့တွင်မှု ကျမခြံထဲမှာစာဖတ် နေစဉ် အဘိုးကြီးနှစ်ယောက် ငှက်ပျောပင်စိုက်ရန် မြောင်းပေါက် နေကြသည်။ မာလီကြီးကတော့ မြောင်းတ၀က်ပင် မရောက်သေး မောဟိုက်လာပြီး ပေါက်တူးကို ချကာ မြေကြီးပေါ် ထိုင်နေတော့သည်။ ဖေဖေကမူ တောက်ရှောက်ကြီး ပေါက်သွားလိုက်သည်၊ မြောင်း အဆုံးထိ ပင်တည်း

'ကဲ ကျုပ်ပေါက်လို့ပြီးပြီ ခင်ဗျားသာ သစ်ပင်တွေရွေ့ပေတော့' ပေါ့ပါးစွာပင်ပြောပြီး ဖေဖေသည် သူ့ပေါက်တူး သူထမ်းခါအိမ်ထဲသို့ ၀င်သွားတော့သည်။


ဖေဖေ က သခွါး၊ ပသီးနှင့် ခ၀ဲသီး၊ ချဉ်ပေါင်များကို စိုက်လည်းစိုက်၏ စားလည်းစားသည် မာလီ ကြီးက ဘာမှ မစိုက်တက်ပေ။

အကိုကြီး ကလည်း မာလီအဖိုးကြီးအကြောင်းသိသည်။ သို့သော် 'အဘကိုလဲ တောင်းပန်တာ ပါကွာ' တို့ များ စာသင်ချိန်တုန်းက ကသိကအောက်ဖြစ်ခဲ့ရတယ်၊ ဒီတော့ မောင်ကံညွန့် အနည်း ဆုံး ကိုးတန်းအောင် တဲ့ အထိတော့ ဒီဘကြီးကို သည်းခံပေါ့။ မောင်ကံညွန့်ကို သူပညာသင်ကြား ရေးအတွက် ကူညီနိုင်တာ တို့မှာလဲ ဒီနည်းဘဲ ရှိတယ်ဟု ပြေားထားဖူး၏။ ကျမကတော့ အကြောင်း ကြောင်းများကြောင့် ထိုမာလီကြီး အား ထားသည်ကို ဖေဖေမသိပါပေ၊ အိမ်သားများက လည်းလုပ်အားအပြည့် ထိုမာလီကြီး ထံမှ မရသည်ကို မကြေနပ် ကြပါပေ။


ဖေဖေကလည်း စိတ်ဆိုး ဒေါပွလာတိုင်း မာလီကြီးကို အလုပ်ဖြုတ်မပစ်သည်ကိုပင် ဆူနေတော့ သည်။နောက်ဖက် အိမ် တွင် နေသူမျာကိုလည်း ဖေဖေမကြေနပ်ပေ။


'ဖေဖေပြောယင် သမီးက မကြိုက်ဘူး.....ဒီဆူးပုတ်ပင်က အညွန့်ထွက်လာတော့ သူတို့ဘဲ ခူးပြီး ဟင်းချို ချက် သောက်တယ်......ဒီကြက်သဟင်းပင်က အရွက်ကြတောဲ့ သူတို့ဘဲ ဟင်းချိုခပ်သောက်ကြတယ်၊ ဒီ သစ်ပင် တွေကို မြေဆွဖို့၊ ရေလောင်းဖို့ကြတော့ မာလီကို တွက်ကပ် နေကြတယ် ရေချိုးခါနီး ဒါလေးလောက် မာလီ နဲ့ အတူအလုပ်လုပ်ရတာ ဘာများပင်ပန်းလို့လဲ၊ '


၊ ခုကြည့်စမ်း..... ကြက်သဟင်းပင် လဲ သေ၊ ဆူးပုတ်ပင်တွေလဲ အရွက်ပိုးကျပြီး နူကုန်ပြီ......ငွေပန်းပင် က အစ သူတို့ လောင်း ရတာလဲမဟုတ်၊ ရေချိုးပြီး ရေပိုက်လေး တတ်ထားရတာများ သူတို့ကိုင်ထားရတာ ကြနေ တာဘဲ၊ (xပျင်း) တွေ ဖေဖေနဲ့တော့ မဖြစ်ပါဘူး


ဖေဖေ ဒေါသဖြစ်မည်ဆိုလဲ ထိုသူတို့မှာ ဖြစ်စရာတွေပါပင်တည်း၊ ကျမမှာတော့ အိမ်ရှင်မ၊ အိမ်ရှင် မ ပြဿနာ မှာ ကျယ်ပြန့်လွန်းပါ၏။ ကိုယ်က လမ်းအတိုင်းပြောသည့်ထားဦး...... ကိုယ့်အိမ် မှာ မနေစေချင် ဟူ၍ အထင်မှားတတ်ကြ၍ ကျမဘာမှဝင်မပြောပါပေ။


#စိတ်ဆိုးမိသည်


ဖေဖေ့ ကို ပြင်းပြင်းထန်ထန် စိတ်ဆိုးမိသည်မှာ နှစ်ကြိမ်ဖြစ်သည်။ ပထမအကြိမ်မှာ ၁၉၆၄ခုနှစ် လောက် က ထင်ပါသည်၊ ဖေဖေသည် အသားကို အလွန်းစား၏။ အထူးသဖြင့် အမဲသားနှင့် ၀က်သား ကို အလွန် ကြိုက်၏၊ ကျမ တို့ အသား မစားတောင် ဖေဖေ့အတွက်တော့ တရက်ခြားလို ချက်၍ ကျွေး ပါသည်။


သူများအိမ်သို့ သွားရောက်စားခြင်းကိုမူ ကျမတစက်မှမကြိုက်ပေ၊ တနေ့တွင် နောက်ဖေးအိမ်လေး တွင် နေသော တူမလေးအိမ်တွင် ၀က်သားချက်သည်။ ကျမတို့လည်း မသိပါ။ ချက်သူက စားစေ လို၍ လာပို့ သည်မဟုတ်၊ သူ့ဖာသာသွား၍ စားသည်။ အစားကောင်းလိုက်သည်မှာ ထိုအိမ်လေး တွင် ချော်လဲ၍ ပေါင်အဆစ် ပြုတ်၍ ထွက်သွားပါတော့သည်၊ ထိုအနောက် အိမ်လေး နှင့် အစေခံ တန်းလျား ရေသွား မြောင်း များကို အသစ်စက်စက် ပြင်ပြီးစဖြစ်၍ မြောင်းထိပ်အစွန်းမှာ ကျောက် အစွန်းစလိုဖြစ်နေသည်၊ ထို့ကြောင့် ဒဏ်ရာ မှာ အလွန်ပြင်းထန်သည်။ 


ကျမစိတ်ထဲတွင် အမှန် အတိုင်းဖွင့်ဟ၀န်ခံရပါလျှင် သိပ်ဒေါသဖြစ်ပါသည်။ မချုပ်တည်းနိုင်လောက်အောင် စိတ်ဆိုးသည်၊ ဖေဖေ့ကိုတော့ ဘာမှမလုပ်ချင်ပါ၊ ကိုယ့်ကိုယ်ကိုသာ သက်သေလိုက်ချင်သည်။ (အပြင်မျက်စိ နှင့် ကြည့်လျှင် ဘာမှဖြစ်သင့်သော အကြောင်းမဟုတ်ဟူ၍ ထင်နိုင်ပေသည်၊ ဟုတ် ချင် လည်း ဟုတ် ပေမည်။)


ကျမရင်ထဲမှာတော့ ဒေါသ ဖြစ်လိုက်သည်။ဖြစ် ဖြစ်ခြင်းသွား၍ပင် မကြည့်ချင်တော့ပေ။ ကျမဒေါ သကိုသိသော အိမ်သား များက တခြားအကိုများ၊ ဆွေမျိုးများကိုခေါ်၍ ဖေဖေ့ကိုပြ၏ ကုသရန်ဖြစ် သည်၊ ကျမကိုလည်း အဒေါ် ဒေါ်အုံးရင် က ဖျောင်းဖြ ချော့မေ့ပါသည်။


"မယု ဖေဖေကိုကြည့်ရုံတင် လေးတင်ကြည့်၊ ကြည့်ပြီးရင် မယုအခြေအနေသိမယ်၊ နို့မို့ယင် မယု- နောင်တ ရစရာဖြစ်နေမယ်"


ကျမသည် မနေနိုင်ပြန်၊ သွားကြည့်ရပြန်သည်၊ ကြည့်သည်တပြိုင်နက် ကျမသိပါသည်။ ယနေ့ ဆေးရုံ ပို့လျှင်ပို့ အကု နောက်ကျလျှင် ဖေဖေ သေမည်၊ လူနာပေါင်း များစွာ နှင့် ဆက်ဆံနေရတော့ လည်း ကျမ သည် ဆရာဝန် တပိုင်း ဖြစ်နေတော့သည်၊ ရင်ထဲက ဒေါသအရှိန်ကတော့ မပြေပါ။


"ကဲလေ......... ဖေဖေ့ကို ဆေးရုံတင်မှဖြစ်မယ်.....ဘယ်သူ တင်မှာလဲ"


ကျမ သည် တမင်ပင် မေးခွန်းထုတ်ပါ၏။

ကားတွေလည်းရှိ၊ စိန်တွေလည်းရှိ၊ ငွေတွေလည်းရှိ၊ ယောက်ျားရင့်မကြီးတွေလည်းဖြစ် သွေးသား အရင်းနှီးဆုံး ဖြစ်သော ဤ(x  x  x) သူများက သူတို့သည် လူနာတယောက်ကို ဆေးရုံမတင်တတ် ဟူ၍ ဖြေဆိုကြပါသည်။


"ကဲလေ....ကျမတော့ နေမကောင်းလို့ ရင်ထဲမှာ မောနေပြီ လမ်းတော့ မရှောက်နိုင်ဘူး ဒီတော့ ကားတော့ တနာရီဘဲ သုံးခွင့်ပေး ဒီလူနာ ဆေးရုံပေါ်ရောက်ရစေမယ့်"


ကျမ သည် တနာရီအတွင်း ဒေါက်တာ ဒေါ်မြမြအေးနှင့် စီစဉ်ကာ ဖေဖေ့ကို မြရတနာ ဆေးတိုက်သို့ တင်လိုက် ပါသည်။ ဒေါ်မြမြအေးသည် ဒေါက်တာ ဘပု နှင့် စီစဉ် ပေး၏။ ယနေ့ညနေပင် ချက်ခြင်း ခွဲစိတ် ရမည်ဖြစ်၏။ ကျမ သည် ဒရီးဒရိုင် ပင် ပင်ကိုယ် က အားနည်း အစာ က မ၀င်သည့်ကြားက ဒေါသ က အားလုံး ကို ခြုံ ၍ ဖြစ်နေသည်၊ ခွဲစိတ်သော ခန်းဝ တွင် ကျမစောင့်နေပါသည်။


ခွဲစိတ်ခြင်း မှာ မကြာလှ ဒေါ်မြမြအေးသည် ၂၅ကျပ်အခန်းကို ဖေဖေသီးသန့်နေရပါစေဟူသော စေတနာ နှင့် တဆယ်ပင် ယူကာ သီးသန့် ခန်းတွင် ထားပေးပါသည်၊ ဖေဖေထွက်လာသောအခါ သတိမရသော အိပ်ယာ ပေါ်တွင် အိပ်လျက်ပင်ဖြစ်၏။ မျက်နှာမှာ ဖြူဖတ် ဖြူရော်ပင်တည်း၊ ကျမ သည် ဖေဖေ့မျက်နှာ ကို စေ့စေ့ကြည့်ရင်း ဂရုဏာ ဒေါသဖြစ်ကာ မျက်ရည်ဒလဟော သွန်ကျပါသည်၊ ဖွင့်အံရေးချပြချင်၍ လည်း မကောင်း ရင်ထဲတွင်နာကျည်းခြင်း၊ ခံခက်ခြင်းတို့ကို ရောပြွှန်းကာ ရှိုက် ကြီးတငင် ငိုကျွေးမိပါသည်။


ဆရာမလေး တွေက မမယုရဲ့ဘဘကြီးရောဂါက အခုမစိုးရိမ်တော့ဘူး မငိုနဲ့လေ ဟု သူတို့က လည်း သူတို့ အဓိပ္ပါယ်နှင့် ပြောပါသည်။ ကျမလည်း ကျမအဓိပ္ပါယ်နှင့်ကျမငိုပါသည်၊ မျက်ရည်ဖြိုင် ဖြိုင်ကျရင်းမှ

"ရတနာ သုံးပါး အား အမှုထား၍ ကိုယ်စောင့်နတ်အား တိုင်တည်ပါ၏ ဘုရား..... တပည့်တော် မ သည် ယခု ကိစ္စ တွင်ဖေဖေ့ကို အလွန်စိတ်ဆိုးပါသည်၊ သို့သော်အစမှ အဆုံး တပည့်တော်မ ပင် တာဝန် ယူရမည် ဖြစ်ပါသည်။


တပည့်တော်မလက်ထဲတွင်လည်း ငွေကြေးတပြားမှ မရှိပါ၊ ဤမှန်သော သစ္စာစကာကြောင့် ယနေ့မှစ၍ နိဗ္ဗာန်မရမီစပ်ကြား မိဘနှင့်တကွ ကြီးသောသူကို လုပ်ကျွေးရသည် ဖြစ်စေ ငယ်သောသူကို လုပ်ကျွေး ရသည် ဖြစ်စေဆင်းရဲနှင့် ငရဲကင်းစွာ နှင့်လုပ်ကျွေး ရပါလို၏ဘုရား"ဟု ပါးစပ်မှပင် ရွတ်ဆိုခါ သစ္စာပြု ပါ၏။ ပြီးတော့ ကျမဒေါသကို ဖြေကာဖေဖေ့နဖူးကို လက်နှင့်ထိ၍ "ဓါရဏ" ပရိတ် ကို ရွတ် ဖတ်သရဇ္ဈယ် ရ၏။ ရွတ်ရင်း ရွတ်ရင်း တရားနှင့် ဆင်ခြင်ကာ ကိုယ့်စိတ်ကို အေးအောင် လုပ်ရတော့သည်။


ပရိတ်ရွတ်ရင်းဆုံးခါနီးသောအခါ ဖေဖေသတိရလာသည်၊ သူ့မျက်နှာက အတော်ပင်ဖြူလျော် နေရုံမက အားငယ် နေပုံ ရသည်၊ ကျမသည်သူ့နဖူးကို ကိုင်ကာပရိတ်ရွတ်နေသည်ကို တွေ့မှ အားတက် သွားပုံ ရပါသည်။

"မယု သိပ်အားနဲနေပုံရတယ် ဘဘကြီးကိုတော့.....စောင့်မအိပ် နဲ့ (စပယ်ရှယ်နတ်စ်) တယောက် ထားဖို့ လိုတယ်၊ ခုတညထဲပါ မနက်မိုးလင်း လင်းခြင်းတော့ ဆံပြုတ် ပူပူတခွက်လာတိုက်နော်'' ဒေါ်မြမြအေးက ညွှန်ကြား ကာ ထွက်သွားပါသည်။


"ကဲ..မနက်ဆံပြုတ်ပူပူဘယ်သူ လာပို့နိုင်လဲ"


ဖေဖေ ၏ သွေးအရင်းဆုံး ကားလည်းရှိသောယောက်ျားရင့်မာကြီးများက သူ့တို့တွင် အချိန်မရှိ၍ တာဝန် မယူနိုင်ဟု ဖြေပါသည်၊ ကျမသည် ဘာမှဆက်၍ မပြောတော့ဘဲ စပယ်ရှယ်နတ်စ်ကိုလည်း ကျမကိုယ်တိုင် စီစဉ် ၍ ထားခဲ့ပါတော့သည်၊ စပယ်ရှယ်နတ်စ်မှာ တညကို၂၉ကျပ်ပေး ရပါသည်။


နံနက်တွင် ဤဂွတ္တလစ်အိမ်မှ သည်ကျုံးကြီးလမ်းဆေးရုံထိ ဆန်ပြုတ်ပူပူကို ဖေဖေ့အတွက် ဘတ်စ် ကား နှင့် ပင် သွားပို့ရ၏။ ထို့ကြောင့်ပင် ဖေဖေဖြစ်စက ရှိုက်ကြီးတငင် ငိုကျွေးမိခြင်းမှာ "ဖေဖေ"ဆို သော အကြောင်း တကြောင်းထဲကြောင့်မဟုတ် ငွေကြောင့်လည်းမဟုတ်ပါ၊ အကြောင်းကြောင့် တို့ပါတွေးမိကာ ငိုကျွေး မိခြင်းဖြစ်ပါသည်။ ကျန်ည များတွင်တော့ ကိုကို့သား မောင်ချို နှင့် မောင်ကံညွန့်တို့ တညစီ စောင့်အိပ်၏။


ဆေးရုံ တွင် တလနှင့်တရက်ကြာပါသည်၊ စုစုပေါင်းငွေ(တထောင့်နှင့်တရာ) ကုန်ပါသည်၊ ဒါတောင် ဒေါက်တာ ဒေါ်မြမြအေး က အခန်းခ လျော့ယူ၍ဖြစ်ပါသည်၊ အပြင်ကုန်ကျငွေများ မပါပါ၊ ထိုလတွင် ထုတ်ဝေသော "သပြေ"၀တ္ထုမှ ရသမျှငွေမှာ ဖေဖေ့အတွက် သုံးလိုက်ရတော့သည်။


တခါတခါ တွေးမိ၏ လောကတွင် စိန်ရွှေငွေနှင့်ကားတို့သည် လူနာတယောက်ကို ဆေးရုံပေါ် သို့ ရောက်အောင် တင်မပေးနိုင်ဆိုသည်မှာ စဉ်းစားစရာအကြောင်း ပင်တည်း၊ "တာဝန် မယူလို ခြင်း"ကို လိမ္မာ ပါးနပ်စွာ အဖြေပေးကြပေခြင်းပေလား။


ကျမခင်ပွန်းသည်ကတော့ "ဖေဖေစားသော ၀က်သားတုံးမှာ တထောင့်တရာတန်သော ၀က်သားတုံး" ဟူ၍ ဆိုပါသည်။


ကျမ ကတော့ ငွေမရှိသူ၊ ကားမရှိသူဖြစ်သော်လည်း ငွေကုန်ကျရမှုများအတွက် ကုန်ပြီးလျှင် သောကမ ဖြစ်တော့ပါ။ ကျမရောဂါကြောင့် ချိနဲ့ရသည်အထဲ လူအင်အားကုန်ခန်းစိတ်မောရခြင်းကိုသာ စိတ်ညစ် ၏။ ဒုတိယ စိတ်ညစ်ခြင်းမှာ ''ကုသိုလ်စင်ကြယ်စွာ မရခြင်းပါပင် ပင်တည်း။''


ပညာရှိသူတော်စင် တို့ မျက်မှောက်တွင် ဘယ်လိုမြင်သည်မသိ၊ ကျမရင်ထဲတွင်တော့ ကျမသည် ဖေဖေ့ အား နေ့စဉ်၎င်း၊ ရောဂါဖြစ်တိုင်း၎င်း တာဝန်ယူပြုစုခဲ့သော်လည်း ကျမတွင် ကုသိုလ်စင်ကြယ်စွာမရ၊ ပြောမရ၊ ဆိုမရသော ဖေဖေ့အပြုအမူများကြောင့် ဒေါသနှင့်ယှဉ်၍ရသော ကုသိုလ်ကို အလွန်ကြောက်၏။


တခါက မေမေက ပြောဘူးပါသည်။ 


''မေမေ လူမှန်းသိတတ်ကတည်းက ချမ်းသာတယ်... သမီးကလဲ တဦးတည်းသော သမီးဖြစ်ခဲ့တယ်၊ သမီးတို့ အရွယ် မရောက်ခင် အထိ မေမေချမ်းသာခဲ့သေးတယ်၊ မိဘရဲ့ငွေတင်မဟုတ်ဘူး... မေမေ့နာမည်နဲ့ အိုင်ရာလန် ထီ ငါးသောင်း ပေါက်တဲ့အပြင် ဆုငွေနှစ်ထောင် သတ်သတ်ရခဲ့သေးတယ်၊ ဟိုတုန်းကငွေ ဟာ ဘယ်လောက် တန်ဘိုး ရှိသလဲ၊ သမီးတို့အသိ... ဒါပေမင့် စိတ်ဟာ ဘယ်တော့မှလွတ်လပ်ပြီး ချမ်း သာမှု့ မရခဲ့ဘူး၊ အဲဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘ၀တုန်းက ဒါနကုသိုလ်ပြုရာမှာ မစင်ကြယ်ခဲ့ဘူး၊ သမီးတို့ ဘာကုသိုလ်ပဲ လုပ်လုပ် လောဘ ဒေါသ မောဟနဲ့ မယှဉ်စေနဲ့၊ တမလွန်မှာ အကျိုးပေးမစင် မကြယ်ဖြစ်တတ်တယ်''


မေမေ့စကားများကို ကြားယောင်တိုင်း သံသရာကို၎င်း၊ လက်ရှိဘ၀ကို၎င်း အလွန်ကြောက်၏။ တခါတရံ ဘုရားရှေ့တွင် ၀တ်ပြု၍ဆုံးသောခါ မျက်ရည်ဖြိုင်ဖြိုင်ကျမိ၏။ ''ကုသိုလ်တွေပြု၍ ကုသိုလ်တွေရသ လောက် ဖေဖေ့အပေါ်ဖြစ်ခဲ့ရတဲ့ ဒေါသတွေဟာ သံသရာမှာ ငါ့နောက်ကိုလိုက်တော့မယ်၊ သံသရာက လွတ်မြောက်အောင် ကျင်တဲ့ မဂ်တရားဖိုလ်တရားတွေမှာကော အနှောက်အယှက်ဖြစ်တော့မှာလား...'' ကျမ သေခါနီး ထိုဇောကြီး က လိုက်၍ယှဉ်၍ ကပ်လာမှာကိုကြောက်၏။ 


ဆုတောင်းဆိုသည်မှာတော့ ဆု တောင်း၍ရ၏။ ''နိဗ္ဗာန်မရမှီစပ်ကြား သံသရာကျင်လည်ရ၍ သူတပါးကို ပြုစုရမည့် ကုသိုလ်ပါသည်ဖြစ် ငြားအံ့၊ ကြီးသူကို ပြုစုရသည်ဖြစ်စေ၊ ငယ်သူကို ပြုစုရသည်ဖြစ်စေ၊ ဆင်းရဲ နှင့် ငရဲ ကင်းရပါလို၏''ဟူ၍ အစဉ်ဆုတောင်း၏။ သို့သော်... ဆုတောင်းထက် လက်ရှိဘ၀တွင်ပြုသော ကုသိုလ် များကို လောဘ ဒေါသ မောဟနှင့်ယှဉ်မိမှာစိုးလွန်း၍ အလွန်သတိပြုရ၏။


တခါကလည်း ဘုန်းကြီးဆွမ်းကျွေးနေစဉ် ပဉ္စင်းလေးတပါးမှာ ဘုန်းပေး၍မပြီးခင် ၁၂နာရီထိုးပြီဆို၍ ဆွမ်းပွဲ ကို အတင်းဝင်သိမ်းသောကြောင့် ဖေဖေနှင့်အကြီးအကျယ်ဖြစ်ခဲ့ရသည်။

ယခုတော့ သေသေချာချာ တွေးကြည့်လျင် အလွန်ဝမ်းနည်းစရာကောင်းသည် ဗြောင်ပင် စာရေးပြထား ရသည်။


''ဖေဖေပြုချင် တဲ့ ကုသိုလ်ရှိရင် ဆွမ်းကျွေးချင်တာဘဲဖြစ်ဖြစ် သမီးတို့အစအဆုံးလုပ်ပေးမယ်၊ သမီးတို့ ဆွမ်းကျွေး တဲ့ အခါမှာလဲ တရားနာခါနီးမှ ဆွမ်းကပ်တဲ့နေရာကို ဖေဖေလာခဲ့ပါ၊ အဲဒီလို မလိုက်နာနိုင်ဘူး ဆိုရင်တော့ သမီးဘယ်တော့မှ ဖေဖေ့အိမ်မှာ ဆွမ်းမကပ်ဘူး''ဟူ၍ အတိအကျပင် ရေးပြရပါသည်။

စင်စစ်တော့ ကုသိုလ်ဒါနတခုကို သားအဖနှစ်ယောက်ယှဉ်၍ ရေစက်ချကုသိုလ်မပြုရခြင်းသည် အလွန် ၀မ်းနည်း စရာ ပါပင်တည်း၊ သို့သော်... ဤကဲ့သို့ ရေးပြပြီးသောအခါမှပင် ကျမမှာ ဘုန်းကြီးကို ဆွမ်း အေးအေး ကျွေးရပါတော့သည်။


အဖြစ်က ဘယ်လိုအဖြစ်ပါလိမ့်။

မြရတနာဆေးတိုက်မှ ဆင်းလာသောအခါ ဒေါက်တာဘပုက တလလမ်းမလျှောက်ရသေး။ အိမ်မှာနား နေရအုံးမည်ဟု ဆိုပါသည်။ ဆေးရုံကအဆင်းတွင် နုနုနှင့်မောင်ကြည်ဆွေ့အိမ်သို့ ခေတ္တလိုက်နေပါ သည်။ ဆရာဝန်၏စကားကို ဖေဖေနားထောင်သည်ဟု ထင်ပါသလား... နားမထောင်ပါ၊ တလ မှ မကြာခင် နုနု ကျောင်းသွားတက်စဉ် သူ့ဖာသာ လမ်းလျှောက်ထ၍ ကျင့်ရာ သံမံသလင်းပေါ်ပြန်လဲကျပြန် သည်။


ယခုတကြိမ်တွင်မူ မောင်ကြည်ဆွေက မင်္ဂလာဒုံစစ်ဆေးရုံသို့ တင်ပို့ပေးသော်လည်း ဆရာဝန်များက ကုသ၍မရတော့ပါဆိုသောကြောင့် ပြန်လာခဲ့ရတော့သည်။


လမ်းမလျှောက်နိုင်တော့ဘဲ ဖင်ရွေ့ဖင်ရွေ့သွားရ၏။ ကျမ၏ခင်ပွန်းမှာ မှော်ဘီဗိုလ်သင်တန်း ကျောင်း သို့ ပြောင်းရွေ့ သွားရ၏။ မှောဘီမှအပြန် သို့မဟုတ် အသွားကြုံတိုင်းလိုလို နုနုတို့အိမ်သို့ဝင်၍ ကျမ ဖေဖေ့ ကိုတွေ့၏။


နုနုကွယ်ရာတွင် ကျမကိုတိုင်ကာ ''ဖေဖေ့ကို ဘယ်တော့ပြန်ခေါ်မှာလဲဟင်''ဟူ၍ ခလေးငယ်တ ယောက်၏ မျက်နှာဟန် နှင့် မေးတတ်သည်။

တနေ့ နုနုရော ကျမရော မောင်ကြည်ဆွေရော ဆုံကြသည်တွင် ကျမကပြောပြပါသည်။

''ဖေဖေ က မမယုလာတိုင်း သူ့ကိုပြန်မခေါ်တော့ဘူးလားလို့ချည်း မေးမေးနေတယ် ခေါ်သွားရမှာလား''

နုနု သည် ကျမထံသို့ ဖေဖေပြန်လိုက်ချင်ပါသလားဟူ၍ စာရေးပြလိုက်၏။


''အောင်မယ်... ငါကမလိုက်ချင်ပါဘူး၊ သူကချည်းလာလာခေါ်နေတာ''ဟု ပြောပြန်သောကြောင့် ကျမ တို့မှာ ၀ိုင်း၍ ရယ်ရပါတော့သည်။

နောက်တပတ်တွင်မူ အကိုကြီးသည် မှော်ဘီမှအပြန် ကားကြုံနှင့် ဖေဖေ့အား ခေါ်ယူခဲ့ပါသည်။


ဂွတ္တလစ် အိမ်ပြန်အရောက်တွင် သူ့အားပြုစုဘို့ အလှိုင်ဆိုသော မိန်းခလေးတယောက် အပိုခေါ်ထားရ ၏။ ခြေထောက်မကောင်းတော့ပြီဖြစ်၍ အိပ်ခန်းထဲတွင် ငြိမ်သက်စွာနေသည်ဟုထင်ပါသလား။

မနေပါ ဖင်တရွေ့ရွေ့နှင့်ပင် မီးဖိုချောင်ကို နေ့တိုင်းဝင်ကာ သူကြိုက်သော ဟင်းတခွက်ကိုချက်၏။ ဟင်းမချက် ရလျှင် ခလေးမလေး မအေးသင်ဈေးခြင်းတောင်းချသည့် နှင့် တပြိုင်နက် အတင်းဆွဲယူကာ ပါ လာသော ဟင်းသီးဟင်းရွက်များ ကို ထွင်စရာရှိသည်ကို ထွင်သည်၊ လှီးစရာရှိသည်ကို လှီးသည်။


တနေ့တွင် ကျမစာရေးနေသော စာဖတ်ခန်းထဲသို့ အကိုကြီးဝင်လာ၏။ ကျမက မှော်ဘီမှ သူ ရုတ်တ ရက် ပြန်လာသည်ကို မသိ၊ အနားရောက်မှ မော်ကြည့်မိ၏။


''ဟင်... ဘဲ့နဲ့လဲ ဘာကိစ္စရှိလို့လဲ''


''ကိစ္စကတော့ ရန်ကုန်ထဲမှာရှိတာပါ၊ ခဏအိမ်ကိုဝင်လာတာ၊ ခင်ဗျားတို့ဖေဖေကြီးက ခင်ဗျားတို့စားဖို့ သွေးနဲ့ ချွေးနဲ့ရင်းသည့် ဟင်းချက်နေပါရောလား၊ မီးဖိုချောင်သွားကြည့်ပါအုံး''


ကျမသည် ရေးလက်စကလောင်ကိုချကာ မီးဖိုချောင်သို့ပြေးဝင်သွား၏။ မီးဖိုထဲတွင် ခလေးမလေးက ကြက်သားကိုင်ကာ ဖေဖေကမူ စားပွဲပေါ်တွင် ကြက်ဟင်းခါးသီးလှီးနေသည်။ မည်သည့်လက်ချောင်း ကို ဓားထိသွားသည်မသိ၊ ကြက်ဟင်းခါးသီးဖတ်များတွင် သွေးများနှင့် လိမ်းကျံနေ၏။


''ဘုရားရေ...''

ကျမရင်ထဲတွင် ထိတ်လန့်သွား၏။ သူ့အနားသို့ တိုးကပ်သွားသည့်တပြိုင်နက်-

''သွား... သွား... အနားလာမကပ်နဲ့၊ ထုံးသာယူပေး''ဟု ထုံးစံအတိုင်း အော်ပြန်သည်။

''ကဲ.မသင်... ထုံးဘူးသွားယူစမ်း... ငါရင်တွေတုံလိုက်တာ၊ ခက်တော့တာဘဲနော်...''

''ဈေးခြင်းတောင်းချကတည်းက အတင်းဆွဲယူပြီးလှီးနေတာ...''


မအေးသင်သည် ပြောပြောဆိုဆို ထုံးဘူးနှင့်ပတ်တီးယူလာ၍ ဖေဖေ့ရှေ့မှာ ချထားရ၏။

''မမယု သွားလေ... ရင် ပိုပြီးတုံလာအုံးမယ်...''

ကျမသည် စာဖတ်ခန်းသို့ပြန်လာ၏။


''တွေ့ခဲ့ပြီးလား... ဘာမှတော့ မပြောနဲတော့၊ ကိုယ်စိတ်ချမ်းသာအောင်သာ ကြည့်နေ... သွေးနဲ့ရင်းသော ကြက်ဟင်းခါးသီးဟင်းတော့ တို့များ မစားပါရစေနဲ့၊ ကဲ... ကိုကြီး မြို့ထဲသွားတော့မယ်''

ကိုကြီး သည် ရယ်စရာလိုပင်ပြောခါ စာဖတ်ခန်းထဲမှ ထွက်သွားတော့သည်။


ယခင်က သွေးထွက်သံယို ဒဏ်ရာများကို ကျမကြည့်ရဲ၏။ ဘယ်သူပင် ထိခိုက်၍ ဒဏ်ရာဘယ်လိုကြီး ကြီး ဆရာဝန် ထံ မရောက်ခင် ကျမကိုယ်တိုင် ဆေးထည့် ပတ်တီးစီး၍ ပြုလုပ်ပေးရဲ၏။ ယခု ဖေဖေ့သွေး စ များကို မြင်ရုံနှင့် ရင်ထဲမှာ ပိုခုံလာကာ ခေါင်းထဲက နောက်ကျိကျိဖြစ်လာ၏။


စာရေးပြရပေါင်း လည်း များခဲ့ပေပြီ။ ဖေဖေကတော့ မလျှော့၊ မီးဖိုချောင်ကို ဖေဖေမ၀င်အာင် ဘယ်လို များ လုပ်ရပါ့၊ ယခုတခါ ထပ်မံစာရေးပြ၍ကော ဖေဖေသည် ကျမဆန္ဒကို လိုက်ရောပါမည်လား၊ ရေး လိုက်ရသည့် စာများကလည်း တခါကအဖြစ်တခုကို ပြောပြရလျှင် ယုံစရာတောင် ရှိမည်မဟုတ်ပေ။


တနံနက်တွင် ခလေးမလေးက ဈေးခြင်းတောင်းချ၍ ကျမအားပေါင်မုံ့ လှမ်းပေး၏။ ပေါင်မုံ့ထုတ်ထား သောစက္ကူ မှာ ဗလာစာရွက်ဟောင်းတခုဖြစ်သည်။ ကျမက စက္ကူကို ဖြေလိုက်သောအခါ စက္ကူပေါ်တွင် လက်ရေး စာလုံး သုံးလေးကြောင်းတွေ့ရသည်။ စာရွက်ကို စာဖတ်ခန်းထဲသို့ ကျမယူသွား၏။ မအေး သင် ကလည်း လိုက်လာသည်။


''ဒီလက်ရေးဟာ ငါ့လက်ရေးနဲ့တူလိုက်တာဟယ်...''


ကျမက ပြောပြောဆိုဆိုနှင့် ကောက်၍ဖတ်လိုက်သောအခါ ကျမလက်ရေးမှ ကျမလက်ရေးအစစ်၊ ရေးထားသောစာကလည်း-

''ဖေဖေ ညဘက်ဆီးသွားတဲ့အိုးကို မလှိုင်ဆေးလိမ့်မယ်၊ ဖေဖေကိုယ်တိုင် မဆေးပါနဲ့...''ဟူသတည်း။

ကျမသည် စိတ်မညစ်နိုင်၊ ရယ်မိ၏။ မိအေးသင်က စာလာဖတ်ခါ စုံထောက်ဦးစံရှားစတိုင်နှင့် ပြောပြ၏။


''အဲဒါ... ဘယ်လိုဖြစ်တာလဲသိလား... မမယုရေးသမျှ စာရွက်အကြမ်း အတိုအစတွေကို ဘဘကြီးက စုထားရော တလပြည့်တော့ သတင်းစာအဟောင်းနဲ့ အတူ ကုလားကို ရောင်းလိုက်ရော၊ အဲဒီကုလားက တခါ ပေါင်မုံ့သည်ကို ရောင်းလိုက်ရော၊ ပေါင်မုံ့သည်က ဒီစက္ကူနဲ့ မုံ့ထုတ်ပြီး ကျမတို့ကို ရောင်းလိုက် ရော... ဒီတော့ ကျမတို့အိမ်ပြန်ရောက်လာရော...''

မအေးသင်က စာဝင်္ဂဘာ ၏ အကြောင်းကို ရှင်းလင်းပြောပြ၏။


ယခုလည်း မီးဖိုချောင်ကို မ၀င်စေချင်သောကိစ္စကို ဘယ်လိုလုပ်၍ပြောပြရပါမည်နည်း၊ ကိုယ့်စိတ်ကူး နှင့် ကိုယ် ငိုင် ၍တွေးနေဆဲတွင် နောက်ဖေးဘက်က အော်သံကိုကြားရပြန်၏။


''ငါ့ ချီးမှဘဲ... ငါ့ကို ၀ယ်မပေးချင်လို့ တမင်ပြောတာ... မောင်ထော်လေးလမ်းနဲ့ ဖရေဇာလမ်းဒေါင့်မှာ ကွ၊ ကမ္ဘာလုံး တံဆိပ်ဆိုင် တဲ့ရှိတယ်၊ မင်းတို့ ဘာကောင် လဲ... ငါလိုချင်တာကိုရအောင် ၀ယ်မပေးချင် ဘူး၊ ဒီနေ့လဲ ငါဆိတ်သားစားချင်တာ ဟိုကောင်မလေး က ၀ယ်မရဘူးဆိုပြီး ကြက်သားဝယ်လာတယ်၊ မင်းတို့က ငါ့ ကို မစားစေချင်ဘူး...''

ကျမသည် မီးဖိုထဲသို့ ထမသွားတော့၊ စာဖတ်ခန်းထဲမှာပင် ထိုင်နေသည်။ ချက်ခြင်းလိုပင် မောင်ကံ ညွန့် သည် စာဖတ်ခန်းဝသို့ရောက်လာ၏။


''ဘဘကြီး ဆူနေပြန်ပြီ...''

''ငါသိပါတယ်လေ...''

''တခြားကြောင့်မဟုတ်ဘူး သူလိုချင်တာတွေကို ကျွန်တော်တို့ဝယ်မပေးချင်လို့ထင်နေတယ် အမှန် တော့ ဘဘကြီးပြောတဲ့ ဆိုင်တွေက ဖရေဇာတန်းမှာ မရှိတော့ဘူး၊ တက္ကသိုလ်သမ၀ါယမမှာ သူဝယ် ခိုင်းတဲ့ ဆေးတွေကလဲ မရှိဘူး၊ တက္ကသိုလ်သမ၀ါယမ ဖျက်လိုက်တဲ့အကြောင်း ဘဘကြီးကို မမယု စာရေးပြပါအုံး...''

မောင်ကံညွှန့်စကားဆုံးလျှင် ကျမသက်ပြင်းချမိ၏။


''ဒီမှာဟေ့ ဗမာပြည်မှာ စက္ကူစက်တည်ပြီး ထွက်သမျှ စက္ကူတွေအပေါ်မှာ ငါတယောက်ထဲ ရေးပြီးပြ လို့... အဲဒီ စက္ကူတွေသာ ကုန်ချင်ရင်ကုန်မှာ နင်တို့အဘကတော့ ပြောရမှာမဟုတ်ပါဘူးဟာ''


ကျမက ငြီးတွားရင်း ထုံးစံအတိုင်း စာတရွက်ပေါ်တွင် အခြေအနေအရပ်ရပ်ကို ရေးပြ၍ မီးဖိုဘက်သို့ ထွက်လာ၏၊ သူ့အနား ရပ်သည့်တပြိုင်နက် ကျမအပေးကိုပင်မစောင့် ကျမလက်ထဲမှ စာရွက်ကိုဆွဲယူ ကာ အစိတ်စိတ် အမွှာမွှာ ဆွဲဆုတ်ပစ်လိုက်၏။


''ပြောချင် ပါးစပ်နဲ့ပြော နင့်စာကို ငါမဖတ်ဘူး''

ဒေါနှင့် မောနှင့်ပြောကာ အိမ်ထဲသို့ ဖင်ရွေ့ဖင်ရွေ့နှင့်ဝင်သွားတော့သည်။


''ကဲ... စနစ်သစ်ကတော့ ထုတ်ပြန်ဘီ၊ ငါသာ ဒီအကြောင်းတွေကို ဖေဖေကြားအောင် ခုနှစ်သံနဲ့ အော် ပြောရရင် မောလို့သေလိမ့်မယ် ပြောရမဲ့အကြောင်းတွေကလဲ အရှည်ကြီး၊ ပြောရတဲ့လူကဲ သာမာန်လူ ပြောသလို လေသံနှုန်းနဲ့ ပြောရမှာမဟုတ်ဘူး၊ သူအထင်လွဲချင်လဲလွဲ မတတ်နိုင်ဘူး ကဲသူဝယ်ခိုင်းတဲ့ စာရင်းတွေက ဘာတွေလဲ...''

''နိုင်ငံခြားဖြစ်တွေ မမယုရဲ့... အပြင်ဆိုင်တွေမှာမှ ၀ယ်မရတော့တာ ခံတပ်ကြီးဆေးတခုဘဲရတယ် ဒါ တောင် တက္ကသိုလ်သမ၀ါယမ ဖျက်လိုက်ပေမဲ့ ဦးဘငြိမ်ဆိုင်က ကျွန်တော်ဝယ်လာတာ ပြီးတော့ ကိုးလ်ဂိတ် တို့ ဆဲပင်အိုကလော့မုတ်ဆိပ်ရိပ်ဒါး တို့က မှောင်ခိုဈေးမှာဘဲရှိတာ သူပေးလိုက်တဲ့ ပိုက်ဆံ က အရင် သူ ဖရေဇာ မှာ လမ်းလျှောက်ရင်းဝယ်ရတဲ့ ဈေးနှုန်းအတိုင်းပေးလိုက်တာ''

မောင်ကံညွန့်က နိဂုံးချုပ်၏။


မအေးသင်က နိဒါန်းစ၏။

''မနက်ကလဲ အစောကြီး ဘုရားခန်းရောက်နေလို့ မကြားရတာ ဆိတ်သားက ဒီနေ့ ရန်ကင်းဈေးမှာ မရ လို့ ကြက်သား ၀ယ်လာတာ အဲဒါ သူ့ကို ဆိတ်သားဝယ်မကျွေးချင်လို့တဲ့ ပြီးတော့ ကြက်ဘယ်ဈေးလဲဆို တော့ ရှစ်ကျပ် လို့ ပြောတာ နင်အလကားပြောတာ နှစ်ကျပ်ဈေးတဲ့...''

ကျမ က လက်ကာရပြန်၏။


''တော်ကြပါတော့... တော်ကြပါတော့ ၀ယ်ရသမျှကို ၀ယ်ပေး မရတော့လဲ မတတ်နိုင်ဘူး၊ ရေလည် အောင် ပြောပြဖို့က နင်တို့ရှေ့မှာဘဲ ငါရေးပြတဲ့စာရွက်ကို ဆုတ်ပြစ်လိုက်ပြီ ပါးစပ်ကတော့ ငါမပြောပြ နိုင်ဘူး ကဲ... သွားကြတော့...''

ကျမသည် စာဖတ်ခန်းသို့မသွားတော့ဘဲ အိပ်ခန်းဆီသို့ လှမ်းလာ၍ အိပ်ယာပေါ် ခြေပြစ်လက်ပြစ် လှဲ နေမိသည်။


ရာဇ၀င်ဆရာတို့ ရေးဟန်မျိုးနှင့် ခပ်ကြီးကြီး ကျယ်ကျယ်ရေးရလျှင် ကျမတို့သားအဖနှစ်ယောက်၏ အ ရေးအခင်းကား တဖြေးဖြေးတင်းမာလာ၏။ သားအဖနှစ်ယောက်ဆက်ဆံရေးသည် စာရွက်ပေါ်မှာတည် ၏။ ယခင်ကပြောချင်သမျှ စာနှင့်သာရေးပြရ၏။ ဒီစာ ယခုမဖတ်တော့ဘူးဆိုတော့ ကျမကလည်း ခပ် ပေပေရေး၍မပြတော့ပေ၊ သူမေးသမျှကိုလည်း ဘာမှမဖြေတော့ဘူး၊ စင်စစ်ကျမတွင် ဖြေနိုင်သောအင် အားလည်း မရှိတော့ပေ... ဖေဖေ့ကို ခုနှစ်သံနှင့်ရှည်လျားစွာပြောဖို့ မဆိုထားနှင့် ညီအကိုမောင်နှမ သာမာန်အသံနှုန်းနှင့် စကားပြောရင်းမှာပင် စိတ်ပါလက်ပါ ပြောလာသောအခါ ကျမအသံများသည် ပြောင်းသွား၏။ 


အောက်မေးသည် လေးလာကာ စကားလုံးများကို ပီသစွာရွတ်ဆိုမရသလို ဖြစ်လာ သည်။ စကားလုံး မသဲကွဲဆိုလျှင် ပိုမှန်၏။ စကားလုံးများကို ပီသအောင် တလုံးစီ အားယူ၍ပြောရသော အခါ... ရင်ထဲမှာ မောလာ၏။ ညာဘက်လက်ဖ၀ါးများမှာ တင်း၍ယောင်လာတတ်သည်၊ ခေါင်းထဲမှ အ သံတခုမြည်လာကာ မျက်လုံး များ စင်းလာတော့သည်။ ချက်ခြင်းလိုပင် အိပ်ယာပေါ်လှဲ၍ အနားယူရ၏။ ဆက်လက်ပြောနေပါက ခြေလက်များ အေးစက်လာသည်မှာ လူသေများကဲ့သို့ပင်တည်း...။


ထို့ကြောင့် ကျမသည် စကားပြောဖို့ကို တတ်နိုင်သမျှရှောင်၏။ စာရေးဆရာများ စကားပြောဟောဖို့ ဖိတ်ခေါ် သော အခါတွင်လည်း ကျမ လက်မခံခဲ့ပေ။

တနေ့တွင်မူ မှော်ဘီကိုလိုက်သွား၍ ကျမခင်ပွန်းသည်အား ထမင်းချက်ကျွေးရန် ငရုပ်သီးထောင်းနေဆဲ ပေါင်ထဲမှ တဖြေးဖြေးနာလာ၏။ နာလာသည်မှာ အတော်ကို အခံရခက်လာသည်မက ရင်ထဲကလည်း အသက်ရှုရကြပ်လာသည်။ ကျမလည်း တယောက်တည်းဖြစ်၍ ကိုယ့်ဟာကိုယ် ဘာလုပ်ရမှန်းမသိ အံ့ အားလည်းသင့်၏။ ညာဘက်လက်က ငရုပ်သီးထောင်းသည်နှင့် ပေါင်ထဲက နာရသည်မှာ ကြားရသူအ ဖို့ ရယ်စရာလိုဖြစ်နေသည်၊ သို့သော် ကျမသည် လုံးဝ ထမရတော့ပေ။


တော်ပါသေး၏။ အကိုကြီးမှာ ထမင်းစားပြန်လာချိန်နှင့်ကြုံကြိုက်နေ၍ ကျမအဖြစ်ကို အံ့သြနေသည်။


အပိုင်း ( ၅) ဆက်ရန်


[ ရွှေဇင်ဦးဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]



No comments:

Post a Comment