#ကိုမာ
နေဝင်းမြင့်
မှတ်မှတ်ရရ ကျုပ်ပေါင် မချိန်ဖြစ်တာကြာပြီ။ လူဆိုတာက ပေါင်မချိန်ရင်လည်း နေလို့ရနေ တာပဲမဟုတ်လား။
ပြီးတော့ ကျုပ်က ကိုယ့် ပေါင်ချိန်လေးကို တစ်ပတ်တစ်ခါ ချိန်လိုက်၊ ကိုယ့်ခန္ဓာကိုယ်လေး ပြန်ငုံ့ကြည့်လိုက်၊ အစား အ သောက် လျှော့စားလိုက် လုပ်နေ ရမယ့်အရွယ်လည်း မဟုတ်ဘူး။
အဲသလို လုပ်နေရမယ့် အချိန်လည်း မဟုတ်ဘူး။ ကျုပ်တို့လူမျိုးက အရွယ်သုံးပါးဆိုတာကြီး ကို ပြဋ္ဌာန်းပြီးသား။ ပထမအရွယ် က ပညာရှာရမတဲ့။ ဒုတိယ အရွယ်မှာ ဥစ္စာရှာရမတဲ့။ တတိ ယ အရွယ်က ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရမတဲ့။
သည်လိုဆိုတာကိုး။ ကျုပ်ကဒုတိယအရွယ်ထဲ ရောက်နေပါ ပြီ။ ဥစ္စာလည်း ရှာလွန်းလို့လည်း ထားစရာတောင် မရှိတော့ပါဘူး။
အကောင်းဆုံးဆိုတဲ့ အစား အစာ၊ ညွန့်ပေ့ဆိုတဲ့ အဝတ် အထည်၊ စွမ်းပေ့ဆိုတဲ့ ဆေးဝါး တွေကို ဥစ္စာငွေကြေးနဲ့သာ ရနိုင် တာကို ကျုပ်သိထားတာ ကြာပဲ ကြာလှပေါ့။
ဒါကြောင့် ကျုပ်ဥစ္စာပဲရှာ တယ်။ ရှာသမှ ကျားစီး ဖားစီးကို ရှာတာ။ ကျားကုတ်ကျားခဲကို ရှာ တာ။ ရလည်းရတယ်။ အချိန်ကာ လ ကလည်း စီးပွားရှာလို့ ကောင်း တဲ့အချိန်ဆိုတော့ နေသာတုန်း အဝတ်လှန်းရတော့တာကလား။
ကျုပ် ဘိလပ်မြေ ရောင်း တယ်၊ ဝယ်တယ်၊ ကောက်တယ်၊ ထုတယ်၊ အင်ရိုက်တယ်။ သံ ချောင်းတွေ ရတဲ့ဆီက ဝယ်တယ်၊ ရောင်းတယ်။ လူတွက ကျုပ်ကို နာမည်တောင် မခေါ်တော့ဘူး။ ကိုမာ...တဲ့။
သည်အိမ်ဆောက်ပစ္စည်း တွေကို ‘ကုန်မာ’လို့ခေါ်ကြရာက ကျုပ်ကိုလည်း ကိုမာတဲ့။ ကိုသံ ချောင်းတဲ့။ ခေါ်လေ၊ ဘာဖြစ်လဲ ပဲ့ပါသွားတာမှတ်လို့။
နေဦး၊ စကားပြတ်သွား တယ်။ စောစောက ကျုပ်ပြောခဲ့ တာက ကျုပ် ပေါင်မချိန်ဖြစ်တာ ကြာပြီလို့ ပြောခဲ့တာနော်။
ဟုတ်တယ်။ မှတ်မှတ်ရရ ကျုပ် မချိန်ဖြစ်တာကြာပြီ။ နှစ်ကိုတော်တော်ကြာပြီထင်တာပဲ။
အဲ...နေဦး။ အဲသည်ညနေ ကတော့ ကျုပ် ပေါင်ချိန်ဖြစ်သွား တယ်။ သိန်း ၂၀ လောက်တန်တဲ့ ကျုပ်ကားကို ပန်းဆိုးတန်းလမ်း ထဲမှာ ရပ်ထားရင်းက ကိစ္စတစ်ခု နဲ့ လမ်းဆင်းလျှောက်ရင်း ပေါင် ချိန်မယ့်နေရာလေးကို ကျုပ် ရောက်လာတာ။
ပန်းဆိုးတန်း လမ်းထောင့် က လက်ဖက်ရည်ဆိုင်ဘေးကွေ့ ကလေးမှာပါ။ မှောင်ကလည်း မှောင်နေပြီ။ တော်တော်လေးကို ပဲ မှောင်နေပြီ။
ပေါင်ချိန်တဲ့လူက အသက် ကြီးကြီး၊ မှုန်ကုပ်ကုပ်။ သူ့ပေါင် ချိန် သံချေးတက်ကလေးကို ဆေး သုတ်ထားတယ်။
ဒါကလည်း လမ်းမီးရောင်နဲ့ ရော ပေါင်ချိန်ဘေးက ခွက်ပေါ် မှာထွန်းထားတဲ့ ဖယောင်းတိုင် မီးရောင်ကြောင့် ကျုပ်သိတာပါ။
ပေါင်ချိန်မယ့်လူဆိုတာက တော်တော့်ကို စိတ်ကူးလေးတည့် မှ ချိန်တာမဟုတ်လား။
သူ့မှာ ကျုပ်ထင်သလောက် တော့ ဈေးဦးတောင် မပေါက် သေးဘူးလို့ ထင်တာပဲ။ သူကိုယ် တိုင်ကလည်း လူတွေကို မျှော် လင့်တကြီး စောင့်ကြည့်ပြီး သူ့ ပေါင်ချိန် ကိရိယာလေးပေါ် ဘယ်သူ ခြေအစုံ လာရပ်မလဲဆိုတာ ကို စောင့်တာမျိုးတော့ မဟုတ် ပါဘူး။
ကမ္မသကာပဲ၊ ရသလောက် ပဲ။ တစ်ကျပ်ရရ၊ နှစ်ကျပ်ရရ ရသလောက်နဲ့ ပြန်တော့မယ်ဆို တဲ့ပုံမျိုး။
ကျုပ်စိတ်ထဲလည်း သည် ပေါင်ချိန်လေးကို အာရုံကျသွား တယ်။ ဘိလပ်မြေမှုန့်တွေ၊ သံ ချောင်းပုံတွေ ကြားမှာ၊ ဖွေးခနဲ ဝင်လာတဲ့ ငွေစက္ကူတွေကြားမှာ တခြားအာရုံတွေကို ကျုပ်အမှတ် ထင်ထင် ဖြစ်ခဲတယ်။
ကနေ့တော့ ကျုပ်ဘဝရဲ့ အပြောင်းအလဲပဲနဲ့ တူပါတယ်။ ပေါင်ချိန်ကလေးကို အာရုံကျ သွားတယ်။ ပေါင်ချိန်လိုက်ဦးမယ် ပေါ့လေ။
ပေါင်ချိန်ကိရိယာလေးပေါ် ကို မတ်တတ်ရပ်လိုက်ချင်စိတ်တွေလည်း တဖွားဖွားပေါ်လာ တယ်။ ကျုပ်ရဲ့ကိုယ်ခန္ဓာကြီး တစ်ခုလုံးကို သည်ကိရိယာလေး ပေါ် တက်ရပ်လိုက်တာနဲ့ သည်ကိရိယာလေးက ကိန်းဂဏန်း တစ်ခုကို သူ့မှာပါတဲ့ လက်တံကလေးက ဒေါင်းခနဲနေအောင် ပြတော့မယ်။
အဲသည်ကိန်းဂဏန်းကိုပဲ ကျုပ်သိချင်တာ။ ဘယ်နှပေါင် တောင် ကျုပ်လေးနေပလဲ။ ပေါင် ၁၇၀ လား၊ ၂၀၀ လား၊ ၂၂၀ လား၊ ဒါမှမဟုတ် ၂၅၀ လား။ ဒါပဲ ကျုပ်သိချင်တာ။
ကျုပ်ရဲ့ စူထွက်နေတဲ့ဗိုက် သား၊ အထစ်သုံးထစ် ဖြစ်နေတဲ့ ကုပ်သား၊ ကြီးမားတဲ့ လက်ဖျံကြီး တွေနဲ့ ခြေသလုံးတွေ၊ မည်း ပြောင်နေတဲ့ အသားအရေနဲ့ ဆင်ပေါက်တစ်ကောင်လို ကိုယ်ခန္ဓာ ကြီးဟာ ဘယ်လောက်တောင် လေးလံနေပြီလဲ။
ကျုပ်သိချင်လိုက်တာ။ ကျုပ်ရဲ့ ခြောက်ရာကျော်ကျော်တန်တဲ့ မန္တလေးဖြစ် ခြေညှပ်ဖိနပ်ကို အ သာချွတ်လိုက်တယ်။ ပေါင်ချိန် ကလေးပေါ်ကို ကျုပ်တက်ဖို့ တာ စူလိုက်တယ်။
ပေါင်ချိန်ကလေးကို ငုံ့ ကြည့်ရင်းက ငေးငိုင်နေတဲ့ အဘိုး ကြီးက ကျုပ်ဖိနပ်ချွတ်လိုက်တာ ကို မြင်လိုက်တော့ ဖျတ်ခနဲ လန့် သွားတယ်။
သူ့ဖောက်သည်တစ် ယောက် သူ့ရှေ့မှာ ရောက်နေပါ လားဆိုတာကို ဝမ်းသာအားရ အသိအမှတ်ပြုလိုက်တယ်။
အဝတ်စုတ်ကလေးတစ်ခု ကောက်ယူပြီး ပေါင်ချိန်ကိရိယာ လေးကိုတောင် သုတ်ပေးရှာပါ သေးတယ်။ ပြီးတော့မှ ဖယောင်း တိုင်တိုကလေးကို နုတ်ယူလိုက် တယ်။ ဂဏန်းတွေကို ဖတ်ဖို့ပါ။
သူ့ဘက်က အသင့်ဖြစ်ပြီဆို တာ ကျုပ်သိလိုက်ပါတယ်။ ပေါင်ချိန်ပေါ်ကို ကျုပ်တက်လိုက် တယ်။ ကျုပ်ခြေဖဝါးနှစ်ဖက် အောက်မှာ ပေါင်ချိန်ကလေးဟာ ပျောက်နေတယ်။
ကျုပ်လည်း ဟန်ချက်ညီညီ အသားတကျ ရပ်နေမိပြီဆိုတော့ မှ အဘိုးကြီးက သူ့ပေါင်ချိန်မှန် ကွက်ထဲက အလန့်တကြား ပြေး ထွက်သွားတဲ့ ညွှန်တံ မည်းမည်း ကလေးကို ဖယောင်းတိုင်မီးလေး နဲ့ လိုက်ဖတ်တယ်။ မရနိုင်ပါဘူး။ ဘယ်လိုမှကို ဖတ်မရနိုင်တော့ပါ ဘူး။
အဲသည်ညနေကစပြီး ကျုပ် ဘဝမှာ ကျုပ်မထင်မှတ်တာတွေ ဖြစ်လာခဲ့တာပဲ။
အဲသည်ကတည်းက ကျုပ် ဟာ ကမ္ဘာလောကကြီးတစ်ခုလုံး မှာ ဘယ်လူသားမှ မဖြစ်ခဲ့ဖူးတဲ့ ရောဂါဆန်းတစ်ခုကို ကျုပ်ရလာ ခဲ့တာပဲ။ သည်ရောဂါကြောင့်ပဲ နောင်အခါမှာ နိုင်ငံတော်တော် များများက ဆေးဘက်ဆိုင်ရာ ပါရဂူကြီးတွေဟာ ကျုပ်တို့တိုင်း ပြည်ကို အခေါက်ခေါက်အခါခါ ရောက်လာခဲ့ကြတယ်။
ကျုပ်ကို အမျိုးမျိုး စမ်းသပ် စစ်ဆေးခဲ့ကြတယ်။ ထင်မြင် ချက်တွေ ပေးခဲ့ကြတယ်။ ရောဂါ နာမည် တပ်ခဲ့ကြတယ်။ အဲသည် နေ့က ပေါင်ချိန်တဲ့အဘိုးကြီးဟာ သူ့ဖယောင်းတိုင်မီးလေးနဲ့ ညွှန် တံကလေးကိုဖတ်ဖို့ ကြိုးစားတုန်း မှာပဲ ကျုပ်ရောသူပါ ဘယ်လိုမှ မထင်တာတွေ ဖြစ်သွားခဲ့တယ် ပြောပါတော့။
တိုတိုပဲပြောပါစို့။ ပေါင်တစ် ခါချိန် တစ်ကျပ်လို့ ရေးထားတဲ့ ပေါင်ချိန်ခကို ကျုပ် အဲသည်ည နေက ငွေ ၈၀၀ ပေးခဲ့ရတယ်။ နှစ်ရာတန်လေးချပ်ပေါ့။
မပေးလို့လည်းမရဘူး။ သူ့ ပေါင်ချိန်ကလေးဟာ ကျုပ်လည်း တက်လိုက်ရော ညွှန်တံက တအား ပြေးထွက်သွားတယ်။ ထွက်သွားတာမှ အတွင်းထဲကို တစ်ခါတည်းဝင်သွားတာ ပြန် မထွက်လာတော့ဘူး။
ကျုပ်လည်း အလန့်တကြား ဆင်းလိုက်မယ်စိတ်ကူးပြီးခါမှ သတိထားလိုက်တယ်။ ညင်ညင် သာသာပဲ ကျုပ်ဆင်းလိုက်တယ်။ ကျုပ်အာရုံထဲမှာလည်း ခြေဖဝါး တွေဆီက တစ်ခုခုကို ရနေပြီ လေ။ ထင်တဲ့အတိုင်းပါပဲ။ ပေါင် ချိန်ကလေးဟာ ကျုပ်လည်း ဆင်း လိုက်ရော တစ်စစီကြေမွနေပြီ။ အရိုးတခြား အသားတခြား ဖြစ် သွားခဲ့ပြီ။
‘ခင်ဗျား ပေါင်ချိန်စက် ဘယ်လောက်ပေးရသလဲ’
အဘိုးကြီးက တခြားကမ္ဘာ တစ်ခုက ဥက္ကာခဲတစ်ဖဲ့ ဝင် ဆောင့်ခံလိုက်ရသလို မျက်နှာမျိုး နဲ့ ကျုပ်ကို မော့ကြည့်တယ် အံ့ သြကြီးစွာနဲ့ ကျုပ်ကိုမော့ကြည့် တယ်။ ပြောပါတော့။
‘ငါးရာပါ။ အဟောင်းက လေး၊ မိတ်ဆွေတစ်ယောက်ဆီက ကျွန်တော်...’
သူ ဘာတွေပြောနေတာလဲ ကျုပ် သတိတောင်မထားမိတော့ ပါဘူး။ စက်ဖိုးငွေရှစ်ရာ ပေးထား ခဲ့တယ်။ ပြီးတော့ ပထမဦးဆုံး အကြိမ် ကျုပ်ကိုယ်တိုင် တုန်လှုပ် ချောက်ချားသွားခဲ့ရတယ်။ ကျုပ် ရင်ထဲ မကောင်းတာတစ်ခုက လည်း ကပ်ပါလာသေးတယ်။
ကျုပ်ကိုယ်ကျုပ် ဘယ် လောက်လေးလံတယ်ဆိုတာ ကျုပ်မသိလိုက်ရတာပဲ။ ဒါထက် ဆိုးတာက ကျုပ်နှလုံးတွေ တဆတ်ဆတ် တုန်ခါနေတာပါပဲ။
(၂)
ကျုပ်နေတဲ့တိုက်ရှေ့ ရောက်လို့ ကျုပ်ကားပေါ်က ဆင်း လိုက်တော့လည်း တစ်ခု သတိ ထားမိသွားတယ်။ ကျုပ်လည်း ဆင်းလိုက်ရော ကျုပ်ကားလေး ဟာ လေးလံတဲ့တစ်စုံတစ်ခု ဖိ ထားရာက လွှတ်လိုက်သလို မြင့် တက်သွားတယ်ဆိုတာကို ဒရိုင် ဘာကတောင် သတိထားမိသွား တယ်နဲ့တူပါတယ်။ ကျုပ်ကိုလှည့် ကြည့်တယ်။
ကျုပ် တိုက်ပေါ်မတက်သေး ဘဲ ခြံဝင်းအနောက်ဘက်က ဂို ဒေါင်တွေဘက်ကို သွားတယ်။ အင်မတန်ကြီးမားတဲ့ဂိုဒေါင်ကြီး လေးလုံးနဲ့အပြည့် လှောင်ထားတဲ့ ဘိလပ်မြေအိတ်တွေကို ကျုပ် သွားကြည့်ချင်သေးတာကိုး။
အဲသည်အရသာကို ကျုပ် ခံချင်သေးတယ်။ ဒါလည်း ကျုပ် ရဲ့ အစွဲအလမ်းတွေထဲက တစ်ခု ပေါ့လေ။ ဂိုဒေါင်ထဲမှာ အမိုးထိ အောင်ပြည့်နေတဲ့ ဘိလပ်မြေ အိတ်တွေဟာ မြင်မကောင်းဘူး။ ပြည်တွင်းဖြစ် ဘိလပ်မြေတွေက ပိုများတယ်။
ပြည်တွင်းဖြစ်မှာမှ ကြံခင်း၊ သရက်၊ မြိုင်ကလေးက သူ့အပုံနဲ့ သူ သတ်သတ်ခွဲထားတယ်။ နိုင်ငံ ခြားဖြစ် ဘိလပ်မြေက ဂိုဒေါင် တစ်လုံး သတ်သတ်ထားတယ်။ နိုင်ငံခြားဖြစ်လည်း ဂိုဒေါင်ပြည့် ပါပဲ။
‘ဘယ်လောက်ရောင်းသလဲ ဟေ့’
‘ငါးရာ့နှစ်ဆယ်ပါပဲ’
‘အေး...ကောင်းတယ်’
‘ကနေ့အတွက် အိတ်လေး ထောင်ကျော်တယ် ဆရာကြီး’
‘အေး...ကောင်းတယ်’
‘သံချောင်းက တစ်ကျပ်လုံး တွေ ထပ်ရောက်လာတယ်။ ထား စရာမရှိတော့ဘူး။ နေရာရွှေ့ချင် တယ်’
‘မရွှေ့နဲ့၊ နက်ဖြန်ကားတွေ လာယူလိမ့်မယ်။ တန်နှစ်ရာ လောက်အထွက်ရှိတယ်။ ကြား လား’
‘ဟုတ်ကဲ့ ဆရာကြီး’
ကျုပ် ဘိလပ်မြေဂိုဒေါင် အတွင်းပိုင်းကို ဝင်လိုက်တယ်။ မီးတွေ ထိန်နေအောင်ထွန်းထား တဲ့ ကွက်လပ်ထဲမှာ အလုပ်သမား ၃၄၀ လောက်ဟာ ဘိလပ်မြေမှုန့် တွေကို အိတ်သွတ်နေတယ်။ ကြမ်းပြင်တစ်ခင်းလုံးမှာ ဘိလပ် မြေမှုန့်တွေ မြင်မကောင်းဘူး။ ကျုပ်စိတ်ထင် ခြေသလုံးတစ်မြုပ် စာလောက်ရှိမယ်။
ဂေါ်ထိုးတဲ့လူကထိုး၊ အိတ် ချုပ်တဲ့လူက ချုပ်ပေါ့လေ။ မိန်းမ တွေကတော့ ခဲနေတဲ့ ဘိလပ်မြေ တုံးတွေကို ထုချေနေကြတယ်။
‘အိတ်ပြဲတွေများလို့လား။ အိတ်ပြဲကို ဘာလို့လက်ခံတာလဲ’
‘အိတ်ပြဲတွေချည်းတော့ မဟုတ်ပါဘူး၊ နွံမှုန့်တွေလည်း ပါပါတယ်’
‘အင် နှစ်တန်လောက် လိုချင်တဲ့လူရှိလို့တဲ့’
‘အိတ်ကလေးလေးဆယ် ဝယ်မယ့်လူကို ဒါတွေလုပ်ပေး မနေနဲ့ကြားလား။ အလကား အလုပ်ရှုပ်ခံလို့၊ အိတ်တွေသွတ် ပြီး ချိန်ကြပြီးဟေ့ ပိုနေဦးမယ်’
‘ဟုတ်ကဲ့ ဆရာကြီး’
မျောက်ထီး၊ မျောက်မတွေ လို မျက်ကွင်းလေးတွေပဲပေါ်နေ တဲ့ ဘိလပ်မြေအိတ်သွတ်၊ အိတ် ထမ်း၊ အိတ်ရွှေ့အလုပ်သမား တွေကို ကျောခိုင်းပြီး သံချောင်းပုံ ဘက်ကို ထွက်လာခဲ့တယ်။
စက်ရုံထွက် အစည်းလိုက် ပက်ကင်ထုပ် သံချောင်းစည်း တွေပေါ်ကို ကျုပ်တက်လိုက် တယ်။ လှေကားလိုဖြစ်နေတဲ့ သံ ချောင်းထုပ်တွေဟာ ကျုပ်တက် လိုက်တိုင်း ညွတ်ခနဲ ညွတ်ခနဲ အိကျသွားတာကို ကျုပ်သတိ တော့ ထားမိသား။ ဘာရယ်လို့ မဟုတ်ပါဘူး။ သည်လိုပဲ သံ ချောင်းတွေပေါ်တက်လိုက်၊ ဘိ လပ်မြေဂိုဒေါင်တွေကို တံခါးဖွင့် ခိုင်းပြီး ဘိလပ်မြေမှုန့်တွေ အူ ထနေတဲ့ ဂိုဒေါင်တွေကို ကြည့် လိုက်နေရတာဟာ ကျုပ်အဖို့ အရသာလေ။
သည်အရသာကို ဘာနဲ့မှ ကျုပ်မလဲနိုင်ဘူး။ အခုဆိုရင် ကျုပ်ရဲ့ ဘိလပ်မြေနဲ့ ကျုပ်ရဲ့ သံချောင်းတွေဟာ နေရာတော် တော်များများမှာ သုံးနေကြပြီ လေ။
ကျုပ်အတွေးနဲ့ကျုပ် သံ ချောင်းပေါ်က ဆင်းလိုက်ရော ကျုပ်ဟန်ချက်ပျက်သွားတယ်။ လဲမလိုဖြစ်သွားတယ်။ ဒါကို အနားက ကျုပ်တပည့် မောင် သောင်းက သတိထားမိလို့ ကျုပ် ကို လှမ်းတွဲလိုက်တယ်။ ထိန်း လိုက်တာပါ။ ဒါပေမဲ့ သူ ကျုပ်ကို မနိုင်ဘူး။ ကျုပ်ကိုယ်တိုင် သူ့ ကိုယ်ပေါ်ကို ပိလဲကျသွားတယ်။
ကျုပ်ကတော့ ဘာမှမဖြစ်ပါ ဘူး။ နည်းနည်းလေး လန့်သွားရုံ ပါပဲ။ မောင်သောင်းကတော့ ပေါင်ကျိုးသွားရှာတယ်။ ဒါက လည်း သိပ်ပြဿနာမရှိပါဘူး။ ကားငှားပြီး ဆေးရုံပို့လိုက်ရုံပါ။
မောင်သောင်းကိစ္စပြီးလို့ ကျုပ်အိမ်ပေါ်တက်တဲ့ လှေကား ထစ်တွေပေါ်မှာတော့ မောင် သောင်းပြောသွားတဲ့ စကားကို ကျုပ်က ရယ်ချင်တယ်။ သူက တော့ ထိတ်လန့်တကြား ပြော သွားတာပါ။
‘ဆရာကြီး ကိုယ်ခန္ဓာက သိပ်လေးတယ်။ ဆရာကြီး ကျွန် တော့်ကို နင်းလိုက်တာ ဆင်နင်း လိုက်သလားမှတ်ရတယ်’
တိုက်ပေါ်ရောက်တော့ ဒရင်းဘက် (Dream Bed)ပေါ်ကို လှဲချလိုက်တယ်။ ကျုပ်ဟာကျုပ် လည်း စဉ်းစားတယ်။ ကနေ့ ဘာ ဖြစ်နေတာလဲ။ ကနေ့မှ ငါဘာ ကြောင့် လေးနေရတာလဲ။ ငါ့ ကိုယ်ငါတော့ လေးလံနေမှန်း မသိပါလား။ ခါတိုင်းလိုပါပဲ။ ပေါ့ပေါ့ပါးပါးပဲ။ ဆေးရုံရောက် သွားတဲ့ကောင်ကော အခြေအနေကောင်းပါ့မလား စသဖြင့်ပေါ့ လေ။ တွေးနေဦးမှာပါပဲ။
ကျုပ်ထိုင်နေတဲ့ ဒရင်းဘက် ရဲ့ သံမဏိချောင်းဒေါက်တွေဟာ ဆန့်ခနဲ ညွတ်ကျသွားတယ်။ သံမဏိနဲ့ မဟုတ်ဘဲ ကြိမ်နဲ့လုပ် ထားတဲ့ ကုလားထိုင်တစ်လုံးလိုပဲ ညွတ်ကျသွားတာ။ သက္ကလတ် အခင်းဟာလည်း ပြဲပေါက်ပြီး ကျုပ်ခန္ဓာကိုယ်ကြီးတစ်ခုလုံး ကျွံ သွားတယ်။
‘ဟော...အစ်ကိုကြီး လဲကျ သွားပြီ’
ရေခဲစိမ် Coke တစ်ဘူး ယူလာတဲ့ အိမ်ဖော်မလေးရဲ့ အသံက တအားစူးထွက်လာ တယ်။ ခဏနေတော့ ဂိုဒေါင် ဘက်က အလုပ်သမားတွေ ရောက်လာတယ်။ ၁၀ ယောက် လောက်ရှိမယ်ထင်ပါရဲ့။ ကျုပ်ကို မ,ရွှေ့ဖို့ ကြိုးစားကြတယ်။
အလုပ်ကြမ်းသမားကြီး ၁၀ ယောက်က ဝိုင်းမလို့ ကျုပ်ခုတင် ပေါ်ကို ရောက်သွားတယ်။ ကျုပ် ရဲ့ ကိုယ်ခန္ဓာကို မ,နေတုန်းမှာ သူတို့ဟာ သတ္တုတုံးကြီးတစ်တုံး ကို မ,ရွှေ့ရသလို ချွေးပြန်နေကြ တာကိုလည်း ကျုပ်သတိထားမိ ရဲ့။
ဘာဖြစ်နေတာလဲ၊ ဘာဖြစ် နေတာလဲ၊ ဘာတွေဖြစ်ကုန်ပြီ လဲ။
အဲသည်တုန်းမှာ တရားရိပ် သာက ပြန်လာတဲ့ ကျုပ်မိန်းမရဲ့ အသံကို ကျုပ်ကြားလိုက်ရတယ်။ ကျုပ်ရှိရာ ခုတင်ဆီကို စိုးရိမ် တကြီး အူယားဖားယား ပြေးလာ တယ်။ ကျုပ်နဖူးပေါ်က ချွေးတွေ ကိုလည်း သူ့လက်ကိုင်ပဝါအဖြူ လေးနဲ့ တယုတယ သုတ်ပေးရှာ တယ်။
‘ဘယ်လိုဖြစ်တာလဲ ကိုကို ရယ်’
ကျုပ်မိန်းမရဲ့ အံ့သြတကြီး လန့်အော်လိုက်တဲ့ အသံကို ကျုပ် ဘယ်တော့မှ မမေ့နိုင်တော့ဘူး။ ကျုပ်နဖူးက ချွေးတွေကို သုတ် လိုက်တော့ လက်ကိုင်ပဝါမှာ ပေ ကျံကုန်တာ ချွေးတွေမဟုတ်ဘူး။ ဘိလပ်မြေနဲ့ သံချေးမှုန့်တွေရော ထားသလိုဖြစ်နေတဲ့ ဖြူညစ်ညစ် အမှုန့်တွေ။
‘ဘုရား...ဘုရား’
(၃)
ခက်တာက ကျုပ်ကိုယ်တိုင် ကတော့ ဘာမှ ထူးထူးခြားခြား ဖြစ်မနေပါဘူး။ သာမန်သူလို ကိုယ်လိုပါပဲ။ စားစားနေနေပါပဲ။ စားလို့လည်း ကောင်းနေတုန်းပါ ပဲ။ နေရထိုင်ရတာလည်း ပေါ့ပေါ့ ပါးပါးပဲ။
ဒါပေမဲ့ ကျုပ်မိန်းမက သိ တယ်မဟုတ်လား။ ပိုက်ဆံလည်း ရှိတော့ သူများထက်ပိုတယ်။ သူများထက် အဖြစ်သည်းတယ်။ သီတင်းသုံးပတ်အတွင်းမှာပဲ ကျုပ်ကို ဆရာဝန် ၂၀ လောက်နဲ့ ပြပြီးဖြစ်နေပြီ။
ထိုင်နေရင်းက ဒရင်းဘက် ကျွံကျတဲ့ရောဂါဆိုတာကို အခြေ ခံပြီး ကုတာဆိုတော့ ဘာမှလည်း မထူးခြားဘူးလေ။ ပိုက်ဆံတွေ သာ ထောင်နဲ့သောင်းနဲ့ချီ ကုန် သွားတယ်။ ဆရာဝန်တွေသာ ပြောင်းသွားတယ်။ ဆရာဝန်တွေ လည်း ဘာမှ မပြောနိုင်ဘူး။
ကျုပ်လည်း ကျုပ်မိန်းမ စိတ်ချမ်းသာရင်ပြီးရော နေလိုက် တာပါပဲ။ ကုချင်သေးတယ်ဆို တော့လည်း ကုပေါ့။ ခွင့်ပြုပါ တယ်။ ဒါပေမဲ့ နှစ်ဆယ့်တစ် ယောက်မြောက် ဆရာဝန်က တော့ ကျုပ်ကို ထူးထူးခြားခြား တစ်ခုလုပ်ခိုင်းတယ်။ ဓာတ်မှန် ရိုက်ခိုင်းတာပါ။
ကျုပ်က ဒါတွေလည်း သိပ် နားမလည်ပါဘူး။ ကျုပ်မိန်းမက အာလ်ထရာဆောင်း မဟုတ်ဘူး လားဆိုတော့ မဟုတ်ဘူးတဲ့။ ဓာတ်မှန်ပဲ ရိုက်ပါတဲ့။ ဆရာဝန် စိတ်ချမ်းသာအောင် ကျုပ်အရိုက် ခံလိုက်ပါတယ်။
ရိုက်တာမှ တစ်ကိုယ်လုံးကို အပိုင်းလိုက် အရိုက်ခံလိုက်ပါ တယ်။ ဦးခေါင်း၊ ရင်ညွန့်၊ ရင် ဘတ်၊ ကျောပြင်၊ ခါးအောက်ပိုင်း၊ ခြေ၊ လက်အားလုံးကို အပိုင်း လိုက် ရိုက်တာပါ။ အဲသည်မှာ တင် ဓာတ်မှန်တွေကိုကြည့်ပြီး ရောဂါနာမည် တပ်မယ့်ဆရာဝန် ဟာ သူကိုယ်တိုင် လူနာဖြစ်သွား တော့တာပါပဲ။ သူ့နဖူးပေါ်က ချွေးသီးတွေကပဲ ကျုပ်စိတ်ထင် လက်သန်းဖျားလောက်ရှိမယ် ထင်ပါရဲ့။
‘ခင်ဗျားမှာ အင်မတန် ထူး ဆန်းတဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံမျိုးရှိ နေတယ်။ ကျွန်တော့်တစ်သက်မှာ မမြင်ဖူးတဲ့ ဖွဲ့စည်းပုံမျိုးပဲ။ ကမ္ဘာ အဝှမ်းက ဘယ်ဆရာဝန်လောင်း မှ ဆေးကျောင်းမှာ လက်တွေ့ မသင်ခဲ့ရတဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံ မျိုးပဲ’
‘ဘာတွေဖြစ်နေလို့လဲဗျာ၊ ပြောပါဦး’
ဆရာဝန်က ဓာတ်မှန်တွေ ကို အလင်းရောင်မှာ ထောင် ကြည့်ပြန်ရော။ ပိုသေချာအောင် လို့နဲ့တူပါတယ်။ ပြီးမှ သူ့မှတ် ချက်ကို ပြောတယ်။ ကျယ်ကျယ် လောင်လောင်ကြီး။
‘ခင်ဗျားရဲ့ အရိုးတွေ သာ မန်လူရိုးတွေမဟုတ်ဘူး။ သံ ချောင်းတွေကို တစ်ချောင်းနဲ့တစ် ချောင်းတေ့ပြီး ဂဟေဆော်ထား သလို ဖြစ်နေတယ်။ သံချောင်း တွေကို ထိပ်ဆိုင်ပြီး မီးဂဟေနဲ့ တို့ထားသလိုဖြစ်နေတယ်။ နောက်ပြီးတော့ ကိုယ်ခန္ဓာတစ်ခု လုံးမှာ အစက်အမှုန့်ကလေးတွေ အများကြီးပဲ။ ကြောက်စရာ ကောင်းလောက်အောင် များနေ တယ်။ ဒါဘာတွေဖြစ်နိုင်မလဲ ကျွန်တော်လည်း မခန့်မှန်းတတ် ဘူး’
‘သံချောင်းတွေလို ဟုတ် လား’
‘ဟုတ်တယ်၊ ဓာတ်မှန်ထဲမှာ ကြည့်ပါလား၊ လိုအပ်တာထက် ပိုပြီး ဖြူဖွေးနေတာတွေ၊ အရိုးချင်း ဆက်တဲ့ ကွိုင်နေရာတွေမှာ ဖုမရှိ ဘဲ သံချောင်းချင်း ဆက်ထား သလို ဖြစ်နေတာတွေ’
ကျုပ်မျက်လုံးထဲမှာတော့ တစ်ကျပ်လုံး သံချောင်းတွေကိုပဲ မြင်နေတယ်။ အစက်အမှုန်တွေ ကတော့ ဘိလပ်မြေမှုန့်တွေများ လား။
ဘိလပ်မြေဆိုတာ ထုံး ကျောက်မီးဖုတ်ထားတဲ့ အမှုန့်ကို ဂေါဒန်ကျောက်မှုန့်နည်းနည်းနဲ့ ပေါင်းစပ်ထားတဲ့ အင်မတန် လေးလံတဲ့ အမှုန့်တွေဆိုတာ လောက်တော့ ကျုပ်သိထားတော့ သည်အစက်အမှုန်တွေဟာ ဒါပဲ ဖြစ်ရမှာပေါ့။ ခက်တာက ကျုပ် က ဒါတွေကိုသာ အရောင်း အဝယ်လုပ်နေတာ။ ကျုပ်ကိုယ် တိုင် ရှူမိစရာ အကြောင်းမှမရှိ တာ။ ဘိလပ်မြေရောင်းနေပေ မယ့် ဘိလပ်မြေမှုန့်နဲ့ ကျုပ်နဲ့က တခြားစီပဲ။ ဒါပေမဲ့ ဓာတ်မှန်မှာ ဒါတွေပေါ်နေပြီဆိုတော့ ဆန်း မနေဘူးလား။
ကျုပ်ခန္ဓာကိုယ်ဟာ တကယ်ပဲ သံချောင်းတွေနဲ့ တေ့ဆက်ထား ပြီး ဘိလပ်မြေနဲ့ ကျံထားတဲ့ ဖွဲ့စည်းပုံမျိုးလား။ ကျုပ်ဟာ ကွန်ကရစ်နဲ့လုပ်ထားတဲ့ လူသားလား။ ဒါဟာ ဘယ်တုန်းက စဖြစ်တာ လဲ။အခုမှ ဘာကြောင့် ဖြစ်လာ ရတာလဲ။ ဒါဖြင့် အခုထိ ကျုပ်က ဘာလို့ အသက်ရှင်နေရသေးတာ လဲ။ လူကောင်းတစ်ယောက်လို ဖြစ်နေရသေးတာလဲ။ ကျုပ်ဘာ ကိုမှ နားမလည်နိုင်တော့ပါဘူး။
ဆရာဝန်ကတော့ မျက်လုံး တွေ တောင်တစ်လုံး မြောက်တစ် လုံးနဲ့ အိတ်ကလေးဆွဲပြီး ပြန် ထွက်သွားလေရဲ့။
(၄)
နောက်ထပ် သီတင်းကိုး ပတ်လောက်မှာတော့ ကျုပ်ဆေး ရုံပေါ်ကို တကယ်ရောက်နေပါပြီ။ ဝန်ချီစက်နဲ့မပြီး မတင်ရရုံတစ် မည်ပါပဲ။
နောက်ထပ်ရိုက်တဲ့ ဓာတ် မှန်တွေထဲမှာ အစက်အမှုန့်တွေ ဟာ များသထက်များလာရာက ခန္ဓာကိုယ်တစ်ခုလုံး ပြည့်နှက် သွားတယ်လို့ဆိုတယ်။
ကျုပ် ခြေထောက်အောက် ပိုင်း ခြေမျက်စိလောက်အထိဟာ လှုပ်ရှားလို့မရဘဲ ဖြစ်သွားတယ်။ သည်မှာတင် ကျုပ်ဆေးရုံရောက် လာတာပါပဲ။
ရောဂါရှာဖွေရေးဌာနက ကျုပ်ရဲ့ အသားတစ်သျှူး (Tissue)အစတွေကို ဓာတ်နဲ့ ကြည့်တဲ့အခါ ထုံးဓာတ်နဲ့ ဂေါဒန်ကျောက်မှုန့် တွေကိုသာ တွေ့ရတဲ့အကြောင်း၊ လူရဲ့ ပါဝင်နေကျ အသားဓာတ် ကလာပ်စည်းတွေဟာ တဖြည်းဖြည်း ခြောက်သွေ့ ကုန်တဲ့ အကြောင်း၊ ရေဓာတ်ဟာလည်း ခန်းခြောက်သထက် ခန်းခြောက် လာတဲ့အကြောင်း အေးခဲမသွား သေးတဲ့ ဦးနှောက်ကတစ်ဆင့် ကျုပ်ကြားသိခွင့် ရနေသေးတာ ကိုပဲ ကျုပ်ကျေးဇူးတင်နေရသေး တယ်။
ကျုပ်ရဲ့ ရောင်းဝယ်ဖောက် ကားမှုကိုလည်း ကျုပ်မိန်းမဟာ ဦးဆောင်ပြီး လုပ်နေရတုန်းပါပဲ။ အမိုးထိ ပြန့်နေတဲ့ ဘိလပ်မြေ အိတ်တွေ၊ မြင်မကောင်းအောင် ဟည်းထနေတဲ့ သံချောင်းပုံတွေ ဟာလည်း ခါတိုင်းလိုပါပဲ။
ကျုပ်ရဲ့ လုပ်ငန်းခွင်မှာ သံချောင်းတွေ၊ ဘိလပ်မြေတွေ ဝင်လိုက်ထွက်လိုက်၊ ငွေစက္ကူ တွေဟာ ဖွေးခနဲ ဖွေးခနဲ ဝင်လာ လိုက် ဖြစ်နေတုန်းမှာပဲ ကျုပ်ဟာ ဆေးရုံရဲ့ အထူးမှန်လုံခန်းထဲမှာ ကျောက်တုံးကြီးတစ်တုံးလို ငြိမ် သက်နေရပါပေါ့လား။
(၅)
နောက်ထပ် သီတင်းလေး ပတ်လောက်မှာ ရေမလောင်းဘဲ ပစ်ထားတဲ့ မဆလာ (ဘိလပ်မြေ သရိုး)တွေလို ခြေမျက်စိအောက် ပိုင်းဟာ ကြွေကျကုန်တယ်။ ကျုပ်ရဲ့ နှလုံးကတော့ လှုပ်နေ တုန်းပါပဲ။
ကျုပ်ရဲ့ နှုတ်ခမ်းတွေက လည်း လှုပ်နေတုန်းပါပဲ။ ဒါပေမဲ့ အသက်မဝင်တော့ဘူး။ ရေမဝင် တော့ဘူး။ မျက်ရည်ကျလို့ မရ တော့ဘူး။ ခံစားမှုကို ဘာနဲ့မှပြလို့ မရတော့ဘူး။ တစ်ကိုယ်လုံးဟာ မာကျောသွားပြီ။
ဆေးရုံ မျက်နှာကြက် ကျောက် ပြားတွေကိုပဲ ကျုပ်မျက် လုံးတွေ မျက်တောင်မပုတ်မခတ် ကြောင်တောင်တောင် ကြည့်နေ တာကို ကျုပ်ငြီးငွေ့လှပြီ။ သည် အချိန်မှ စကားတစ်ခွန်း နှစ်ခွန်း စပြောချင်ပေမယ့် မရတော့ဘူး လေ။
‘ဒါပဲဆက်လုပ်၊ သည်စီးပွား ရေးကိုပဲ ဆက်လုပ်၊ တခြားဟာ ကို မလုပ်နဲ့။ ဘိလပ်မြေနဲ့ သံ ချောင်းဟာ ဈေးကွက်က တောင်း ဆိုနေတဲ့အရာတွေ၊ ဒါပဲ’
ဒါပေမဲ့ ကျုပ်ပြောလို့မရ တော့ဘူး။ တစ်ရက်ထက်တစ် ရက် ကျုပ်နှုတ်ခမ်းတွေဟာ လည်း မာကျောအေးစက်နေကြ ပါပြီ။
ကျုပ်ရဲ့ဇနီး၊ သားသမီး၊ မိတ်ဆွေသင်္ဂဟ၊ ပုဂ္ဂိုလ် သူငါ ခွဲခြားနိုင်စွမ်းတောင် မရှိတော့ အောင် ဖြစ်လာခဲ့တယ်။ နိုင်ငံ တကာက တစ်ယောက်စီ တစ်ဖွဲ့စီ လာလာကြည့်ကြတဲ့ စမ်းသပ်ကြတဲ့ သုတေသန ပြုကြတဲ့ဆရာဝန် တွေလည်း ချွေးသီးချွေး ပေါက်တွေကျပြီး ပြန်ကုန်ကြပြီကော။
၂၀ ရာစုနှောင်းပိုင်း ဆေး ပညာဟာ ကျုပ်ကို ဘာမှန်းမသိ တဲ့ ဝေဒနာအဖြစ် နာမည်တပ်လို့ မရတဲ့ ရောဂါအဖြစ်သာ ကင်ပွန်း တပ်နိုင်ကြတော့တယ်။
သည်လိုနဲ့ပဲ အေးခဲမာကျော စွာ ကျုပ်သေဆုံးသွားခဲ့ရတယ် ပြောပါတော့။ သည်လိုနဲ့ ကျုပ်ရဲ့ အသုဘအခမ်းအနားမှာ အသုဘ ယာဉ်ရှေ့ကမဟုတ်ဘဲ ဝန်ချီစက် ရှေ့က သွားနှင့်နေရတာကို လူ တွေက တအံ့တသြ မြင်နေကြရ တယ်။
ကျုပ်ရဲ့ ခန္ဓာကိုယ်ကြီးတစ် ခုလုံးဟာ ကွန်ကရစ်တုံးကြီးတစ် တုံးဘဝ ပြောင်းသွားခဲ့လို့သာ သေတယ်လို့ ပြောကြပေမယ့် ကျုပ်မှာ အသိအာရုံတွေ ရှိနေသေးတာကို ကျုပ်ဟာကျုပ်ပဲ သိတယ်။
ကျုပ်မသေသေးဘူးဆိုတာ ကို ကျုပ်ဟာကျုပ်ပဲ သိတယ်။ ခန္ဓာကိုယ်ကြီးက သေသွားပြီဆို ပေမယ့် ကျုပ်ရဲ့ နာမ်ဓာတ်က ရှင်သန်နေတုန်းဆိုတာကို ကျုပ်ပဲ သိနေတယ်။ တကယ်တော့ ကျုပ် ဟာ သေကောင်ပေါင်းလဲ မေ့ မြောနေတာပါ။
ဆေးပညာ အလိုအရတော့ ကိုမာ (Coma)ဖြစ်နေတာပေါ့ လေ။ ကျုပ်ကိုလည်း ကိုမာလို့ခေါ် နေကြတော့ ကိုမာရဲ့ Coma ပေါ့ လေ။
(၆)
ကျုပ်တစ်ခုပဲ ကြောက် တယ်။ ကျုပ်ရဲ့ အုတ်ဂူကို ကျုပ် မိန်းမက ကျုပ်ရောင်းနေတဲ့ ဘိလပ်မြေနဲ့ လုပ်လိုက်မှာကိုပဲ။ ကျင်းကို ခပ်တိမ်တိမ်တူးပြီး မြှုပ် လိုက်မှာကိုပဲ။ စဉ်းစားကြည့်လေ။
လူတစ်ကိုယ်လုံး သံချောင်း တွေနဲ့ သေဆုံးသွားတယ်ဆိုတဲ့ လူတစ်ယောက်ရဲ့ အလောင်းကို သံချောင်းဝယ်သူတွေက အလွယ် တကူတူးဖော်ပြီး တစ်စစီ တစ်ဖဲ့စီ ရိုက်ချိုးနေကြရင် ဘယ့်နှယ်လုပ် မလဲ။
ကျုပ်ကိုယ်ခန္ဓာ အပေါ်ယံ အင်္ဂတေတွေကို တူကြီးကြီးနဲ့ ရိုက်ခွာပြီး အထဲက သံချောင်းတွေ ကို ယူသွားကြရင် ဘယ်နှယ့်လုပ် မလဲ။
လူတွေက ဘိလပ်မြေဆိုရင် သားရဲမင်းရဲ စီးနေကြတာ။ သံ ချောင်းဆိုရင် ကျားစီးဖားစီး ဖြစ် နေကြတာကလား။
ကျုပ် ဒါပဲကြောက်တယ်။
-------------
နေဝင်းမြင့်
On Sat, 2017-01-28 06:30Issue No.No.1347 Saturday, January 28, 2017
[ 7DayNews Page မှ ကူးယူပါသည်။ 7Day News အား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment