Thursday, 27 June 2019

မထင်ရှား၍သာ ( လှလိုက်တာနော်နှင့်ရသစာတမ်းငယ်များ)

#မထင်ရှား၍သာ ( လှလိုက်တာနော်နှင့်ရသစာတမ်းငယ်များ)


#အောင်သင်း


နေ့ရက်၊ ခုနှစ်ကို မမှတ်မိတော့ပါ။ လွန်ခဲ့သော လေးငါးနှစ်ခန့်က ကမာရွတ်၊ လှည်းတန်း၊ ရှောက်ပင်ခြံ ထဲတွင် မီးလောင်ဖူးပါသည်။ ကျွန်တော်လည်း မီးလောင်ရာသို့ ပြေးပါသည်။ လူတွေကလည်း တသဲသဲ၊ မီးသံကလည်း တဟဲဟဲ၊ ပြေးကြ၊ လွှားကြ၊ ဟစ်ကြနှင့် မီးလောင်သည့် ရှုခင်းဟူသမျှ အလွန် ကြောက်စရာ ကောင်းသည်ဟု ထင်ပါသည်။ မီးလောင်သည်ကို လူတိုင်းလိုလို မြင်ဖူးကြသောကြောင့် ရှုခင်းကို သရုပ်မဖော်ချင်တော့ပါ။ စာဖတ်သူသာ စိတ်ကူး၍ ကြည့်ပါတော့။


အိမ်ခြေ ခြောက်လုံးခန့် လောင်ပြီးနောက် မီးငြိမ်းသွားပါသည်။ မီးငြိမ်းပြီးနောက် အမျိုးသမီး တစ်ယောက်၏ ငိုသံကြားရပါသည်။ ထိုအမျိုးသမီး၏ အိမ်မှာ မီးထဲပါသွားသည်မဟုတ်ပါဘဲ အဘယ့်ကြောင့် ငိုပါသနည်း။


တစ်ယောက်တစ်ပေါက် မေးကြ မြန်းကြလုပ်မှ အကြောင်းစုံသိရပါသည်။ ထိုအမျိုးသမီးတွင် ကလေးငယ် ဘုစုခရုလေးယောက်ခန့်ရှိသည်။ သူ၏ခင်ပွန်းမှာ အိမ်တွင်မရှိ။ ‘မီး’ သံကြားသောကြောင့် မိတ်ဆွေ တစ်ယောက်က ကားကြီးတစ်စီးမောင်းလာပြီး ပစ္စည်းများကူသယ်ပေးသည်။ မီးကလည်း နီးလှသောကြောင့်  ပစ္စည်းများကို အရေးတကြီး ဆွဲငင်တင်ကြရသည်။ သူတို့ကို ဆွဲကာငင်ကာ ရင်အုပ် မကွာ စုရုံးခေါ်၍ အဖိုးတန်သော ပစ္စည်းများနှင့်အတူ ကားပေါ်တင်၍ မီးနှင့်ဝေးရာသို့ ထွက်ပြေးကြရသည်။ မီးငြိမ်းပြီးနောက်နေအိမ်မီးထဲမပါ၍ အိမ်ပြန်လာခါမှ အော်ကြီးဟစ်ကျယ် ငိုရတော့သည်။


သေတ္တာစုတ်၊ တောင်းစုတ်တွေကိုသာ ကားပေါ်တင်မိလျက် စိန်၊ ရွှေ လက်ဝတ်လက်စားထည့် သော သေတ္တာကို ချန်ထားခဲ့သည်။ တောကြောင်များကလည်း သည်လိုအကွက်မျိုးကိုသာ စောင့်နေ ကြခြင်း ဖြစ်သည်။ ပြန်လာ၍ ပစ္စည်းများကို ကားပေါ်ကချမှ သတိရတော့သည်။ အဖိုးတန်သေတ္တာကားမရှိ တော့ပြီ။ သောင်းချီတန်သော ပစ္စည်းများကို လူယုတ်မာတို့ ယူသွားပါလေပြီ။


‘ကလေးတွေကလည်း တစ်ဖက်ရှင့်။ ဒီတော့ ဒီသေတ္တာကို သတိမရနိုင်တော့ဘူး’ ဟု ပြော၍ ငိုရှာပါသည်။


ကြားရသူအပေါင်း မည်သူမျှ စိတ်မကောင်းနိုင်ကြပါ။ ‘သားဇော သမီးဇော ဆိုတော့ သတိမရနိုင်ရှာဘူးပေါ့’ ဟု ဆိုမြည်လျက် စုတ်သပ်ကြပါသည်။ ကျွန်တော်လည်း ‘ ဖြစ်မှဖြစ်ရလေ’ ဟု ကရုဏာသက်မိပါသည်။


ထိုညတွင် တော်တော်နှင့် အိပ်မပျော်ပါ။ ဘာမဆိုင် ညာမဆိုင် ထို မိခင်နှင့် ကလေးများ၏ ဖြစ်အင်ကို တွေးမိပါသည်။


မိန်းမတို့မည်သည် အတွင်းပစ္စည်း လက်ဝတ်လက်စားများကို အလွန်မက်မောတတ်ကြသည်။ တန်ဖိုးထားကြသည်။ အသက်ထက်ပင် တန်ဖိုးထားလေရော့သလားဟု တွေးလောက်သော အဖြစ်အပျက်များကိုပင် တစ်ခါတစ်ရံ တွေ့ရတတ်ပါသည်။


ဤအမျိုးသမီးသည်လည်း သူ၏ပစ္စည်းများကို နှမြောရှာပေလိမ့်မည်။ တန်ဖိုးထားပေလိမ့်မည်။


သားသမီးများသာ မရှိပါလျှင် ‘မီးဟဲ့ မီးဟဲ့’ ဆိုသည်နှင့် တစ်ပြိုင်နက် ဤပစ္စည်းများကို သတိရဖွယ် ရှိပါသည်။ ထိုသို့ဆိုလျှင် ဤပစ္စည်းများကို ဆုံးပါးဖွယ်မရှိပါ။ သားသမီးများကြောင့်သာ ဤပစ္စည်းများကို ဆုံးရှုံးပါသည်။ သို့သော် မိခင်က ဤပစ္စည်းများကို ဆုံးရှုံးရခြင်း တရားခံသည် သားသမီးများဖြစ်သည်ဟု ဘယ်တော့မှ စဉ်းစားနေမည် မဟုတ်ပါ။ သားသမီးများကလည်း ထို့အတူပင် တွေးနေလိမ့်မည် မဟုတ်ပါ။ ဤသို့လျှင် တရားခံကို ဖော်ထုတ်ခြင်း မပြုသော မှုခင်းများ ဘယ်လောက်များလေမည်နည်း။


စစ်ကြီးဖြစ်ပွားစဉ်က လယ်သမားကြီးတစ်ယောက် လေယာဉ်ပျံ စက်သေနတ်မှန်၍ သေဆုံးလျှင် ကျန်ရစ်သူများက ‘သေနေ့စေ့မင့်ကိုး၊ သူ့ကံကိုက ဆိုးပါတယ်’ ဟု ပြောဆို၍ ပြည်ဖုံးကား ချရပါတော့သည်။ လက်သည်တရားခံကို မရှာတတ်ကြပါ။ သို့သော် နိုင်ငံရေး၊ စီးပွားရေးကို နားလည်သူများက အရင်းရှင်ကြီးများသာလျှင် တရားခံဟု လက်သည်ကို ဖော်ထုတ်ပေးကြ ပါသေးသည်။ ဤမိခင်၏ မှုခင်းတွင်မူကား မည်သူကမျှ တရားခံကို ရှာပေးတော့မည် မဟုတ်ပါ။ သို့သော်လည်း မိခင်မှာမူကား သူတို့ကြောင့် သောင်းချီ၍ နစ်နာဆုံးရှုံး ရပါလေပြီ။


ဤသို့လျှင် နစ်နာဆုံးရှုံးရပါလျက် အသိအမှတ်ပြုခြင်း မခံရသော မှုခင်းတွေ ဘယ်လောက်များလေ မည်နည်း။


သားဖြစ်သူစာသင်စရိတ်အတွက် မိခင်၏ စိန်နားကပ်ကို ရောင်းချလျှင် ‘သြော်… ငါ၏ မိခင်သည် ငါ့အတွက် စွန့်လွှတ်ရှာပေသည်’ ဟု အသိအမှတ်ပြုကြပါသေး၏။ သမီးဖြစ်သူ မျက်နှာငယ်ရှာမည်စိုး၍ အရွယ်ရှိပါသေးလျက် နောက်အိမ်ထောင်မပြုသော ဖခင်မုဆိုးဖို၏ စွန့်လွှတ်မှုကိုလည်း (လေးနက်သည် မလေးနက်သည် အပထား) အသိအမှတ်ကား ပြုကြပါသေး၏။ ဤမိခင်၏ ဆုံးရှုံးမှုမျိုးကိုကား ‘ငါတို့ကြောင့် နစ်နာဆုံးရှုံး ပေသည်’ ဟု သားသမီးများက ဘယ်တော့မှ စဉ်းစားမိကြမည် မဟုတ်ပါ။


ထိုအခါမှစ၍ ကျွန်တော်သည် မထင်ရှားသော တရားခံကို ရှာဖွေချင်သည့် အကျင့်လေး စွဲလာပါသည်။ မထင်ရှားသောကျေးဇူးရှင်များကို ဖော်ထုတ်ချင်ပါသည်။ မထင်ရှားသော နစ်နာဆုံးရှုံးမှုများကို မြင်အောင်ကြည့်ချင်ပါသည်။ ကြည့်လျှင်မြင်ပါသည်။


စာဖတ်သူလည်း ဤသို့သော မှုခင်းများကို တွေ့ဖူးမည်ပင် ဖြစ်ပါသည်။ မှုခင်းပေါင်းများစွာကို မြင်တွေ့ရသည့်အနက် ကျွန်တော့်စိတ်ကို ပြင်းထန်စွာထိခိုက်စေသော မှုခင်းမျိုးကို ပြောချင်ပါသည်။ မောင်ညီမသားချင်းများလျက် မိခင်တွင် ကိုယ်ခွဲလက်ဖယ် မရှိသောကြောင့် ကျောင်းနေခွင့်မရဘဲ မီးဖိုချောင်၊ ကလေးထိန်းအဖြစ် ဘ၀တုံးသွားရှာသော အစ်မကြီးများကို ကျွန်တော် အလွန်သနားပါသည်။ မောင်ညီမများက ပညာရဲရင့် ပွဲလယ်တင့်ပါသော်လည်း သူ့ခမျာတွင် လူကြားထဲပင် စကားမပြောဝံ့ရှာပါ။ ပညာတတ် မောင်ညီမများ၏ ငေါက်သမျှ မာန်သမျှ ခံရတတ်ရှာပါသေးသည်။ သူ၏စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်းတို့ကို မည်သူကမျှ အသိအမှတ်မပြုကြပါ။ သူ့ကိုယ်တိုင်ကလည်း ပညာမတတ်၍ မပြောတတ်ရှာပါ။


သြော် ‘မထင်ရှားသည့် စွန့်လွှတ်မှုတွေ ’ မည်မျှများလေမည်နည်း။ ဤသို့သော ‘မထင်ရှားသည့် ကျေးဇူးရှင်တွေ’ မည်မျှများလေမည်နည်း။


------------


အောင်သင်း 


19.Jun.2011


#ဆရာဦးအောင်သင်းဘလော့ဂ်မှ_ကူးယူပါသည်။ 



No comments:

Post a Comment