#မင်္ဂလာလှည်း
( ဇာတ်သိမ်းပိုင်း)
#ခင်ခင်ထူး
(၁၃)
အေးသီ တို့ အိမ်ကုပ်ကလေးထဲမှာ ရေနံတိုင်မီးခွက်ကလေးပဲ ရှိတယ်။ သတို့သမီး တစ်ယောက်ရဲ့ မင်္ဂလာည ဆိုတဲ့ အသွင်မဆောင်ဘဲ သာမန်အိမ်ကလေး တစ်လုံးက အလင်းရောင်ကလေးတွေ လောက် ရှိတာကို တွေ့လိုက်ရတော့ မောင်ကြိုင်အံ့သြသွားတယ်။ အမှန်က မောင်ကြိုင် ရောက်လာ ကာနီး ကလေး မှာပဲ ရွာထဲက စုစုရုံးရုံးရောက်လာကြတဲ့လူတွေ ပြန်သွားခဲ့ကြတာပေါ့။ မူးမူးနဲ့ရမ်းနေတဲ့ လူမိုက်ဘထွန်း တို့လည်း ရွာလူကြီး ကိုလှမောင်ကြောက်တာနဲ့ ပြန်ကြပြီ။ ကိုလှမောင်နဲ့ ပါလာတဲ့ လူကြီး လေးငါးယောက် လည်း ညစာစားရသေးတာ မဟုတ်တော့ ထပြန်ကြပြီ။ ရွာထဲကလူတွေက မင်္ဂ လာပွဲ လည်း ပျက်ပြီ ထင်ကြတော့ ဝေဖန်ချက် အမျိုးမျိုးနဲ့ ပြန်ကြတာပါပဲ။ အေးသီ ဒီဇယ်သောက် မလိုလို ဖြစ်လိုက် တာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပြီးတဲ့နောက် လူတွေကလည်း အာရုံမရှိကြတော့ပါဘူး။. မီးခွက် ထွန်းချိန် ကျမှတော့ ဘယ်လိုလုပ် မင်္ဂလာတောင်းမြန်းမယ့် ကိစ္စရှိပါတော့မလဲ။
မစွန်မက ဖျာကြမ်းပေါ် ခေါင်းခုကလေးခုပြီး မှေးနေတယ်။ တစ်နေကုန် လောက်နီးနီး သမီးနဲ့ ရန်ဖြစ် နေရ တာရော၊ လူမိုက်ဘထွန်းတို့ ချော့လွှတ်ချောက်လွှတ်ရတာရော ဆိုတော့ စိတ်ပန်း၊ လူပန်းဖြစ် သွားပုံ ပေါ်ပါတယ်။ အေးသီကတော့ သူငယ်ချင်းတွေ ၀ိုင်းချော့ကြလိုက် ဒီဇယ်ပေပေကြီးနဲ့ ငုတ်တုတ် ထိုင်နေရာ က အ၀တ်အစားကလေး ထလဲလိုက်ပါပြိ။ မြင့်စိန်တို့၊ ဗွေးတုတ်တို့၊ မိသေးတို့ကတော့ မပြန်ကြဘူး။ ကိုလှမောင်က တစ်ညလုံးစောင့်နေလို့ မှာခဲ့တာပါသလို၊ သူငယ်ချင်းမ ကို သနားကြတာ လည်းပါပါတယ်။ အေးသီ နဲ့ သယ်ငယ်ချင်း သုံးယောက် ထိုင်စကားပြောနေကြတယ်။ အေးသီ က အပေါက်ဝ လှည့်ထိုင် နေတုန်း ဗြုန်းဆို တံခါးဝက မောင်ကြိုင်ပေါ်လာတော့ လန့်သွားတယ်။ မောင်ကြိုင်လို့လည်း မထင်ဘူး။ လူ ကလည်း ကစုတ်ကညစ်နဲ့။ ရွှံ့တွေကလည်း ခြောက်နေပြီ ဆိုပေမယ့် အချပ်လိုက်ကပ်လို့။ ပြီးတော့ ကားသံ မကြား၊ ဘာမကြားဆိုတော့ မောင်ကြိုင် အိမ်ပေါက် ၀လာရပ်လိမ့်မယ်လို့ကို မထင်တာ။ အေးသီ ကတော့ မျက်လုံးကြီးပြူးကြည့်နေလေရဲ့။
“အေးသီ အစ်ကို လေ မောင်ကြိုင်ရယ်”
သည်လိုသာ အသံမကြားရရင် အေးသီ အော်မိတော့မလို အသံက ပါးစပ်ထဲရောက်နေပြီ။ မောင်ကြိုင် အသံ လည်း ကြားလိုက်ရော မှေးနေတဲ့ မစွန်မကလည်း ငေါက်ခနဲထထိုင်တယ်။ မြန်စိန်တို့ကလည်း လက်စသတ် တော့ မြို့က သတို့သား မောင်ကြိုင်ဆိုတာ ဒါလား။ မဟုတ်မှာလွဲရော သရဲဖြစ်လို့ ကိုယ်ထင် လာပြတာ နေမှာလို့ ထင်ကြတယ်။
“အစ်ကို အစ်ကို လာသေးတယ်နော်၊ ရက်စက်လိုက်တာ အစ်ကိုရယ်”
အေးသီ က မောင်ကြိုင့်ဆီ ထသွားပြီး ခါးပုံစ ဆွဲလာခဲ့တယ်။ မီးတိုင်ခွက်ဘေးထိုင်ခိုင်းတယ်။ မောင် ကြိုင် လာလို့ ကတော့ ဓားနဲ့ခုတ်မယ်။ တုတ်နဲ့ ရိုက်မယ်လို့ ကြိမ်းခဲ့တဲ့ မစွန်မ လည်း မောင်ကြိုင် တကယ် ရောက် လာတော့ စကားရှာမရဘူး။ ဒေါသပဲဖြစ်ရမှာလား၊ ခွင့်ပဲလွှတ်ရမှာလား၊ မပြောတတ် အောင်ဖြစ် နေလေရဲ့။ မြစိန် က အိမ်တံခါးကို ထပိတ်လိုက်တယ်။ ဘာမှန်း ညာမှန်းမသိရခင် အပြင် သတင်းရောက် သွားမှာ စိုးလို့။
“ဘယ်လိုဖြစ်တာလဲ ကိုကြိုင်ရယ်၊ ကျုပ်တို့မှာ မျက်နှာဘယ်ထားရမှန်းမသိအောင် ဖြစ်ကုန်ပြီ။ အမေ့ခမျာ တော့ မပြောနဲ့တော့ ရှက်လည်းရှာက် နာလည်းနာ၊ ကိုကြိုင်လုပ်ပုံ မကောင်းလိုက်တာ”
“အစ်ကို တို့လား လမ်းမှားလာကြတာ၊ လူတွေ့ရတာပဲ ကံကောင်းတယ်မှတ်ပါတော့၊ လူကြီးတွေလည်း လူရုပ် မပေါ်ကြတော့ဘူး”
မောင်ကြိုင်က သူတို့လမ်းမှား ဖြစ်ပျက်လာသမျှကို အကျဉ်းရုံးပြီး ပြောပြလိုက်သည်။
“ဒါဖြင့် လူကြီးတွေ ဘယ်မှာလဲ”
“နောက် မှာ ပါလာကြပြီ၊ သူတို့က လှည်းနဲ့လာတာ ကျုပ်ကညောင်ခြောက်ရွာသည်ဘက်မှာ လှည်းပေါ်က ဆင်းပြီး ဖြတ်လျှောက်လာတာ မြန်အောင်လို့၊ ကားက သဖန်းကုန်းကျောလို့ကို မရ တော့တာ၊ သည်တော့ သဖန်းကုန်း က လှည်း ငွေနှစ်ထောင်ပေးငှားခဲ့ရတယ်။ ကားစောင့်ဖို့လည်း နှစ်ထောင် ပေးခဲ့ရတယ်”
“အစ်ကို တို့က ဘယ်ကလာတာမို့လို့တုန်း”
“ဘယ်လမ်းလို့လည်း မပြောတတ်ပါဘူး အေးသီရာ၊ လမ်းမှာလာတယ်ပြောကြတာပဲ၊ ကားလည်း တစ်စစီ ပြုတ် ကုန်ပြီလား မှတ်ရတယ်”
“သြော်…ကိုကြိုင်ရယ်”
အေးသီ နဲ့ မောင်ကြိုင်ပြောနေတာတွေကို မစွန်မက အကုန်ကြားနေရတော့ အပြစ်လည်း တင်မနေ ချင် တော့ပါဘူး၊ ခမျာများ လာရှာကြသားပဲလို့သာ အောက်မေ့မိရတယ်။ မလာရမယ့်လမ်းက လာမိ တာလည်း အပြစ် ရယ်လို့ ပြောဖို့ခက်သား။ တကယ်ဆို ဘကြီးဖိုကို ပြောသလို ရွာကတစ်ယောက် ယောက် အကြိုလွှတ် နှင့်ရမှာ။ ဦးဆောင်ခေါ်ခဲ့ရမှာ ကိုယ့်ဝတ္တရားဆိုတာကို သဘောပေါက်သွားပုံလည်း ရပါတယ်။ ဟုတ်ပြီ။ ထားတော့။ ဒါကနောင်မေးလို့လည်း ရတယ်။ အခုက ဘ်ာလုပ်ကြမလဲ။ ဘာလုပ် ရမှာလဲ။ ဧည့်သည် တွေကလည်း လှည်းနဲ့တစ်စီးပါလာတယ် ပြောနေပြီ။ ရေမိုးချိုးဖို့၊ အ၀တ်အစားလဲ ဖို့၊ ညစာ စားဖို့၊ အိပ်ဖို့နေဖို့၊ မနက်စာကျွေးဖို့အစ အခုမှ ကောက်လုပ်ရမယ်ဆိုတော့ မစွန်မ တော်တော် စိတ်ဓာတ် ကျသွားတယ်။ ဒါတွေ တစ်ခုမှတတ်နိုင်တာ မဟုတ်ဘူး။ မြစိန် တို့အိပ်တယ်ဆို တာ ကိုယ့် ရွာသူချင်း ပြားအိပ်လို့ရတယ်။ ဒူးတင်ကျောကပ် အိပ်လို့ရတယ်။ ခြင်ထောင် လည်း မလို ဘူး၊ ခေါင်းအုံး လည်း မလိုဘူး၊ အခုဟာက မြို့ကဧည့်သည်တွေ။ ဧည့်သည်မှ ဂုဏ်မြင့်ကြတဲ့သူတွေ။ မောင်ကြိုင့် ဆရာ လည်း ပါကိုပါလာမှာ သေချာတယ်။ မြစိန်က ပြဿနာကို စဖြေရှင်းဖို့လုပ်တယ်။
“ကြီးတော်စွန်မ တံခါးပိတ်ထား၊ ကျုပ်တို့ ဗွေးတုတ်တို့ ဦးလေးလှမောင်အရင်သွားခေါ်ခဲ့မယ်၊ ဦးလေး လှမောင် အရင်ရောက် နှင့် မှ ရမှာနော်၊ သူမှတားနိုင်မှာ”
“အေး ဟုတ်သား၊ သွားသွား လိုရင်းပဲပြောခဲ့၊ သည်မယ် လောလောဆယ် လိုမှာက ဘက်ထရီ မီးချောင်း တွေလိုမှာ၊ ဖျာကြမ်းလေးငါးချပ်လည်း လိုမယ် ညနေက ပြန်သယ်သွားကြတာလေ။ သြော်… ရေနွေးအိုးနဲ့ ရေနွေး အကြမ်း ပန်းကန်၊ နေဦးဟဲ့ ကွမ်းဆေးလက်ဖက် ကလည်း တို့ဝယ်ထားသမျှ မနက်ကချ ဧည့်ခံ လိုက်တာ ကုန်ပြီ၊ ဘာလိုဦးမလဲ”
မောင်ကြိုင်ကတော့ ရွာအခြေအနေ ဘာမှန်းမသိရသေးပေမယ့် အေးသီတို့ သားအမိ ကသီလင်တ ဖြစ်ရတာ ကို စိတ်မကောင်းဘူး။ ကိုချစ်တိုးတို့ သူ့ဆရာကိုကျော်သန်းတို့ လှည်းကိုလည်း ရောက်စေ ချင်လှပြီ။ လှည်းသံ မကြားရသေးတော့ စိတ်ပူတာရော၊ အားငယ်တာရော စိတ်နှစ်ခွနဲ့ ငုတ်တုတ်ထိုင် နေရတယ်။ မြစိန် ကတော့ မစွန်မ လှမ်းပြောနေတာတွေ ဆုံးအောင် နားထောင်မနေတော့ပါဘူး။ ထပြေးကာ ရွာလူကြီး ကိုလှမောင် အိမ်ရောက်တော့မယ်။ မြစိန်က ကိုလှမောင်အိမ်ဝိုင်းဝ ရောက်ချိန် မှာပဲ သောင်းစိန် တို့ လူစုက ထန်းရည်ဆိုင်ကနေ ရွာထဲက ရွာသည် လမ်းပေါ်ပြန်ရောက်လာကြပြီ။ အေးသီ ကို တောင်းမယ့် မြန်းမယ့် မိန်းမမြန်းကားကို ရိုက်ချင်လှချည့်ရဲ့လို့ ရွာထိပ်က ထန်းရည်ဆိုင်က ခွစောင့် နေခဲ့တာ နေသာကုန်တယ် ရိုက်ရမယ့်ကားက ပေါ်မလာတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ကြောင်စီစီ ဖြစ်နေ ကြ တာပေါ့။
သည်အချိန်မှာပဲ လှည်းတစ်စီး သူတို့အနားက ဖြတ်မောင်းသွားတာ တွေ့လိုက်ကြတယ်။ လှည်းနွားဆို တာ သူ့ရွာကိုယ်ရွာ အချိန်ရယ် အခါရယ်မရိှဘဲ သွားလာနေကျဆိုတော့ မော့လည်း မော့မကြည့် ဖြစ်လိုက် ကြပါဘူး။ ဒါပေမယ့် လှည်းပေါ်ကလူ လေးငါးခြောက်ယောက်ပါတဲ့အပြင် အဲသည်ထဲက တစ်ယောက်က သူတို့ အုပ်စုကို လှမ်းမေးလိုက်တဲ့ မေးခွန်းကြောင့် အားလုံးမော့ကြည့်လိုက်ကြရော။ မေးလိုက်တာက ကိုချစ်တိုး။
“ငါ့ညီ တို့ ဒေါ်စွန်မတို့ အေးသီတို့အိမ် သွားချင်လို့၊ ဘယ်နားမှာလဲ သိချင်လို့ပါကွာ”
“ဘယ်သူရယ်”
“ဘယ်လိုရယ်”
“ဘာရယ်”
“ဘယ်အိမ်ရယ်”
သောင်းစိန် တို့ အဖွဲ့က တစ်ယောက်တစ်ပေါက် မြန်းမေးလိုက်ကြတာပါ။ ညဦး၊ လှည်းတစ်စီး၊ သူစိမ်း ဧည့်သည်တွေ။ မေးတာက မစွန်မ နဲ့ အေးသီ။ ဒါဖြင့် သည်လူတွေဟာ ဘယ်သူတွေလဲ။ မင်္ဂလာကိစ္စ နဲ့ ပတ်သက် နေတဲ့လူတွေလား။ မှောင်နေလို့ ဘယ်သူ့ဘယ်သူမှလည်း ကောင်းကောင်း မြင်ရတာ မဟုတ်တော့ လှည်းပေါ်လှည်းအောက် အကဲခတ်နေခဲ့ကြတာပါ။ ကိုချစ်တိုး ကလည်း မေးပြီးကာမှလန့် သွားတယ်။ လူငယ် တွေက မူးနေကြပုံလည်းပေါ်ရဲ့။ ပြီးတော့ တုတ်တွေကိုယ်စီနဲ့ မိုက်တိမိုက်ကန်း ပုံတွေ။ မဟုတ်သော် ရှိ ဟုတ်သော်ရီ သူတို့ကို စောင့်ရိုက်မယ့်အဖွဲ့ ဖြစ်နေရင်ကော။ သောင်းစိန်က လည်း ဟုတ်ပြီ။ မစွန်မ နဲ့ အေးသီကို အပ်ချမတ်ချမေးနေပြီ ဆိုကတည်းက ဒါမင်္ဂလာမိန်းမမြန်း ကိစ္စနဲ့ လာကြသူ တွေ သေချာပြီ။ သည်လှည်းပေါ်မှာ အေးသီနဲ့ယူတော့ မယ်ဆိုတဲ့ကောင်း ပါကိုပါရမယ်။ သည်ကောင်ကို ဆွဲချ၊ ရိုက်လွှတ်တန်လိုက်ရင် သည်ကောင် မှတ်သွားလိမ့်မယ်။ သည်လို တွေးနေတာကို ကိုချစ်တိုးက မသိဘူး။
“ခင်ဗျားတို့က ဘယ်ကတုန်း”
“မန္တလေး က လာကြတာ မိန်းမမြန်လာကြတာပါ”
“လှည်းပေါ်မှာ မောင်ကြိုင်ပါသလား”
“ပါတယ်”
ပါတယ်လို့ အော်လိုက်သူက လှည်းသမား၊ သူ့နာမည်ကလည်း မောင်ကြိုင်ပဲနဲ့ တူပါရဲ့။ မောင်ကြိုင် ပါသလားဆိုတော့ ပါတယ်လို့ အော်လိုက်တာပေါ့။ သောင်းစိန်တို့ လှည်းဦးကနေ ၀ိုင်းလိုက်ကြတယ်။ မောင်ကြိုင့် ကိုပဲ စိတ်ဝင်စားနေကြတာ ဆိုတော့ လှည်းသမားကို မဲကြတော့တာပါ။
“မောင်ကြိုင်ပါရင် ဆင်းစမ်း၊ မင်းနဲ့စာရင်းရှင်းစရာရှိတယ်”
“ဘာစာရင်းများတုန်းဟ”
“အေးသီကိစ္စဆိုရင် မင်းသဘောပေါက်ပေါ့ကွာ”
“အေးသီလဲ ငါမသိဘူး၊ အေးကြည်လဲ ငါမသိဘူး”
“မသိလဲ ဆင်းခဲ့ကွာ၊ မင်းအပိုတွေ ပြောမနေနဲ့”
“ငါ လှည်းပေါ်ကဆင်းတော့ လှည်းဘယ်သူ မောင်းမလဲကွ၊ နေပါဦးမင်း တို့က ဘာသဘောမေး တာလဲ၊ တစ်ရွာ့ တစ်ရွာ့ လှည်းတိုက်လိုက်တာ မိုက်လို့လိုက်သာကွ၊ ကိုင်းပြောစမ်း ဘာကိစ္စလဲ”
သောင်းစိန် တို့ လူစုကလည်း ကြောင်သွားတယ်။ လှည်းတိုက်လိုက်တယ် ဆိုမှာတော့ သူတို့ရိုက်ချင် တဲ့မောင်ကြိုင် ဘယ်ဟုတ်နိုင်ပါ့မလဲ။ ဒါတွေအားလုံးကို ကိုချစ်တိုး သဘောပေါက်လိုက်တယ်။ မောင်ကြိုင် ချင်းတော့ မှားနေပြီ။ အရေးထဲလှည်းသမားကလည်း မောင်ကြိုင်ဖြစ်နေရသေး။
“မပါပါဘူးကွာ၊ ဒါက လှည်းသမား မောင်ကြိုင် သဖန်းတောရွာက လာတာကွ၊ သတို့သား မောင်ကြိုင်က သွား နှင့် တာကြာပေါ့ဟာ၊ ကိုင်း…ကိုင်း အုပ်ကြီး ပြောလိုက်စမ်းဗျာ
အုပ်ကြီးဆိုတာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဒွန်းကို ကိုချစ်တိုးတို့က အုပ်ကြီးခေါ်နေကျကိုး၊ အုပ်ကြီး ပြောလိုက်စမ်းဗျာဆိုတာ သက်ြ်ကီးဝါကြီးတွေပါတဲ့အကြောင်းကို ချစ်တိုးက သက်သေ ထူလိုက်တာပါ။ ဖြစ်ချင်တော့ သည်ဘက်နယ်က ရဲအုပ်ကြီးတို့၊ ဥက္ကဋ္ဌကြီး တို့ကို အုပ်ကြီးခေါ် ကြတာဆိုတော့ သောင်းစိန် တို့က ရဲအုပ်ကြီးပါ ပါလာတာလို့ ထင်သွားကြတယ်၊ အသာနောက် ဆုတ်သွားကြပြီး စကားသံတွေလည်း တိတ် သွားကြတယ်။ လေသံတွေလည်း ပြောင်းသွားကြ တယ်။
“ကြီးတော် မစွန်မတို့အိမ်က ရှေ့ဆက်မောင်းသွားကြပါ၊ မောင်းစင်လေးတွေ့ပါလိမ့်မယ်၊ တွေ့ရင် မောင်းစင် ဟိုဘက် တစ်အိမ်ကျော်က မန်ကျည်းပင်ကြီးနဲ့ အိမ်ပဲ”
ကျောင်းအုပ်ကြီးတောင် ဘာမှမပြောရသေးပါဘူး၊ လေသံပြေင်းသွားကြရုံမက အိမ်ကို ညွှန်လိုက် ကြသေး တာပေါ့။ ကိုချစ်တိုးတို့လည်း လက်တစ်လုံးခြား ကံကောင်းသွားတာပေါ့လေ။ လှည်းလည်း ဆက်ထွက် လာခဲ့တယ်။
(၁၄)
မြစိန်က ကိုလှမောင်ကို အကျိုးအကြောင်းပြေပြပြီး ရွာလူကြီးကို ဒရွတ်တိုက် ဆွဲခေါ်လာလို့ အေးသီ တို့ အိမ်ရှေ့ရောက်တာနဲ့ ကိုချစ်တိုးတို့ လှည်းရောက်လာတာနဲ့ အံကိုက်ကျသွား တယ်။ ကိုလှမောင်က တပည့် လက်သား သုံးလေးယောက်လောက်ပါတော့ ချက်ချင်းလိုလိုပဲ ရွာထဲက အိမ်တွေကို လက်ငင်း လိုအပ်တာ ကလေးတွေ သွားယူခိုင်းတယ်။ သည်အချိန်မှာပဲ သတင်း ကြာူးနဲ့ လူမိုက်ဘထွန်းတို့ပါ ရောက် လာပြီ။
“စံမောင် ပြေးစမ်း ဘက်ထရီအိုးသုံးလုံး မီးချောင်းသုံးချောင်းရှာ၊ ငါ့အိမ်က တစ်လုံးပါ ဖြုတ်ခဲ့၊ ဘထွန်းရွာ ဘုံပစ္စည်း ကိုင် တဲ့ ကိုဘရှင်တို့ အိမ်ကိုသွားစမ်း ဖျာဆယ်ချပ်၊ ရေနွေးအိုးကြီးငါးလုံး၊ လက်သုတ်ပ၀ါ ဆယ်ထည် ပါအောင် သယ်ခဲ့သြွးစမ်း မြန်မြန်”
“မဟုတ်သေးပါဘူး ကိုလှမောင်ရာ၊ ကျုပ်တို့ရွာသူ အေးသီကို ဟင်းရွက်ကန်စွန်းလို….”
“ဘထွန်း နောက်နာရီဝက်နဲ့မရောက်ရင် မင်းကိစ္စနော်၊ မင်းမိုက်ချင်ရင် တော်ရာသွားမိုက်၊ ဒါလူကြီး လူကောင်း တွေကိစ္စ ရွာနာမည်မဖျက်နဲ့ သွားသွား”
“ခင်ဗျား ကတော့ လူကြီးလူကြီးနဲ့ ခက်တော့ ခက်နေပြီ”
ဘထွန်းတို့ကလည်း သည်လောက်ပြောနိုင်တာပါ။ ရပ်ရေးရွာရေး ဖြစ်လာပြီဆိုတော့ မလုပ် လို့ကလည်း မရဘူး။ ကိုဘ၇ှင်တို့အိမ်ဘက် ပြေးရတယ်။ ကိုချစ်တို့တို့ ဧည့်သည်တွေကတော့ လှည်းပေါ်ကဆင်းပြီး အိမ်ရှေ့ မှာ ရှိတဲ့ ထန်းကုလားထိုင်ပေါ် ထိုင်သူထိုင်၊ အမြစ်ဖော်ပြီး ပစ်ထား တဲ့သစ်ငုတ်တစ်တုံးပေါ် နှစ်ယောက် မျှ ထိုင်သူထိုင်၊ အိမ်ထဲဝင်ပြီး ထိုင်သူထိုင်ပေါ့လေ။ မျက် စောင်းတထိုးထိုး လုပ်နေကြတဲ့ ဘထွန်း တို့ လူသိုက်လည်း မျက်ခြည်မပြတ် ကြည့်နေရသေး တာကလား။
ဒေါ်ငွေ ကတော့ ဆေးလိပ်တိုကြီး မေးငေါ့သောက်နေတဲ့ မစွန်မအနား သွားပြီးလမ်းမှာ ဖြစ်ပျက်သမျှ ရုပ်ရှင် ရိုက်ပြ သလိုကို တစ်ခန်းချင်းပြောရင်း ချော့တယ်။ မစွန်မကလည်း လူတွေ ကိုယ်တိုင် ရောက် လာမှတော့ စိတ်လည်းပြေပါပြီ။ ဒေါ်ငွေ ကို ရေတွင်းကုန်းခေါ်ပြီး ရေမိုးချိုးခိုင်း၊ သူ့ အ၀တ်အစားထဲက သင့်တော်ရာ ၀တ်ခိုင်းလို့လို့ မြင်ရတာ သပ်သပ်ရပ်ရပ်ရှိသွားပါပြီ။ ယောက်ျားသား တွေကတော့ တစ်ယောက် မှ အ၀တ်အစား မလဲကြရသေးဘူး။ မောင်ကြိုင်လည်း သည်လိုပါပဲ။ ရွံ့ခြောက် တွေနဲ့ ထိုင် နေရတာပါ။ မိန်းမသားနှစ်ယောက်တည်းရှိတဲ့ အိမ်ဆိုတော့ ယောက်ျားဝတ်ဆိုလို့ စွပ်ကျယ်ပြဲ တောင် မရှိဘူးကိုး။ ဒါကိုမြင်တော့ ကိုဘမောင် က သူ့အိမ်ကပဲ ပုဆိုးဟောင်း၊ အင်္ကျီဟောင်းကလေးတွေ ယူခိုင်း လိုက်တယ်။ အေးသီသူငယ်ချင်း မြစန်း ပဲသွားယူ တာပါ။ ပုဆိုးအင်္ကျီတွေထဲက သင့်တော်ရာ ယူဝတ် လိုက်တော့ ပြောင်ပြောင်စင်စင်ဖြစ်ကြရပြီ၊
လူဝကြီး ဦးမှတ်တင်ကတော့ ယူလာတဲ့ ပုဆိုးအင်္ကျီတွေထဲက တစ်ထည်မှဝတ်မရဘူး။ လူကလည်း နှစ်ကိုယ်စာ မကတော့ လူဝကြီးခေါ်ကြတာလည်း မပြောနဲ့။ ၀လိုက်တာကလည်း ရေအထမ်း နှစ်ဆယ်လောက် ၀င်တဲ့ ရော့ငါးဆယ်စဥ့်အိုးကြီးလောက်ကိုး။ တော်ရုံ ချုပ်ပြီးသား အင်ကျိံဝတ်မရတော့ စက်ချုပ် ဆိုင်မှာ စပယ်ရှယ် အပ်ဝတ်ရတဲ့လူ။ ပုဆိုးကလည်း ခြောက်တောင် ကွင်းမှပတ်မိရုံရှိသူပါ။ သည်လို ပုဆိုးမျိုး အင်္ကျီမျိုးက လယ်ပြင်ကြီးတစ်ရွာလုံး ရှာလို့မှမရနိုင် လေတော့ ခက်ရပြီး။ ကိုလှမောင် ကတော့ ရိုးရိုးသားသားမေးတယ်။
“ဘုန်းကြီးကျောင်းမှာတော့ တင်းတိမ်ကြီးရှိတယ်၊ ပတ်ထားရင်ဖြစ်သားပဲ”
“နေပါစေတော့ဗျာ၊ လူပြက်နဲ့ တူနေပါ့မယ်”
နောက်ဆုံးတော့ ပုဆိုးနှစ်ကွင်းကို တစ်ကွင်းဖြစ်အောင်တွဲသီးပေးလိုက်ကြရတယ်၊ အင်္ကျီကတော့ ပုဆိုးပိုင် တစ်ထည် ခြုံထားလိုက်တာပါပဲ။ အေးသီချမျာ ပေကျံလာတဲ့ ပုဆိုးအင်္ကျီတွေကို ဗွေး ထုတ်တို့နဲ့ ညတွင်း ချင်း ဖွပ်ဖို့လျှော်ဖို့ စီစသ်ရတော့တာပေါ့။ မနက်ဖြန်ပြန်တော့လည်း ဒါပဲဝတ်ကြရမှာ မဟုတ်လား။ ညဘက် ဖွပ်လျှော်ပြီး လှမ်းထားရင် လေသလပ်တာနဲ့ ခြောက်နိုင် တယ်။ မိုးလင်းတော့ နေကလေး ပြလိုက်ရင် ၀တ်လို့ရပြီ။ အ၀တ်မခြောက်မချင်း လူဝကြီးခမျာ ကိုယ်တုံးလုံးကြီးနေရရှာတယ်။ ဒါကိုပဲ ရွာကအပျို တွေမှာ သဘောတွေကျကြလွန်းလို့လေ။
ကျောင်းအုပ်ဆရာကြီး ဦးကျော်ဒွန်းကတော့ နေပူမိလာလို့ ထင်ပါရဲ့ ကိုယ်ကလေး ကောက်ကာ ငင်ကာ ပူလာရာက ဖျားလိုက်တာ ခြစ်ခြစ်တောက်လို့။ တရုတ်ကြီး ဦးဝန် ခမျာလည်း အသားတွေ နီလို့။ ကိုကျော်သန်း ကတော့ အခုမှစိတ်အေးရပုံနဲ့ ပုံကျသွားပြီ။ ဖျာပေါ်ခဏလှဲရာက အိပ်ပျော် သွားလေရဲ့။ကားမောင်းခဲ့ရသူဆိုတော့ သူတကာထက် ပင်ပန်းမှာပေါ့။ ကိုချစ်တိုး နဲ့ ကိုကျော်ဝင်း ကတော့ လူရွယ် တွေ ပီပီ ရွာကလူကြီးသူမတွေကို အကျိုးသင့်၊ အကြောင်းသင့် အာလာပ သလ္လာပ စကားတိုင်း ပြောကြ ရတယ်။ မောင်ကြိုင် ကတော့ အေးသီအနားက မခွာဘူး။
လူမိုက်ဘထွန်း တို့ ရောက်လာတော့ အိမ်ရှေကကွက်လပ်မှာ ဖျာတွေခင်းကြ ဘက်ထရီမီးချောင်း တွေ ထွန်းကြ။ ကာလသားပိုင်းက မီးမွှေးကြ၊ ရေနွေးတည်ကြ။ မိန်းမပျိုပိုင်းကလည်း လင်ပန်းတွေ၊ အကြမ်းပန်ကန် တွေ ချကြနဲ့ ၀ိုင်းလိုက်ကြတာ ချက်ချင်း ကျေးလက်မိန်းမမြန်ူး အခမ်းအနား လေး တစ်ခုဖြစ်သွားခဲ့ပြီ။ ပြဿနာက ဧည့်သည်တွေ ထမင်းမစားကြရသေးတာပေါ့။ ကိုလှမောင် က မစွန်မကို လက်ကုပ်ခေါ်သွားပြီး အကျိုးအကြောင်း မေးတယ်။ မစွန်မတို့မှာ ဆန်ရယ်၊ ဆီရယ်၊ ဟင်းချက်စရာရယ် ရှိရဲ့ လား။ ဘာစီစဉ်ထားသလဲမေးတာပါ။ မစွန်မလည်း မနက်ကလာ မယ်ထင်ပြီး ရှိသမျှနဲ့ ချက်ပြုတ် ထားတဲ့အကြောင်း ဧည့်သည်တွေမလာတော့ ချကျွေးလိုက်တာ ကုန်တဲ့အကြောင်း၊ သည်အချိန်ကြီးကျမှ မစီမံ တတ်တဲ့ အကြောင်း ပြောပြရှာတယ်။
ကိုလှမောင် တစ်ချက်စဉ်းစားလိုက်တယ်၊ ကျွေးရမှာတော့ ကျွေးရမှာပဲ။ ငွေစိုက်ထားရတာလည်း အကြောင်း မဟုတ်ဘူး။ ခက်တာက အခုမှ ချက်ပြုတ်နေရင် ကြတော့မယ်။ သည်တော့ တစ်စတစ်စ နဲ့ လူဝိုင်း လာတဲ့ ရွာခံ တွေကို ရွာထဲရှိသမျှ ထမင်း နဲ့ ဟင်းရှာခဲ့ကြဖို့ မေတ္တာရပ်ခံတယ်။ ထမင်းထုပ် ဆင့်တဲ့ သဘော ပေါ့။ ရွာကလည်း မနေပါဘူး။ အဝေးက ဒုက္ခရောက်လာကြတဲ့လူ တွေဆိုတော့ တောသူ တောင်သား သဘာဝ ကျွေးချင်စိတ် ရှိကြတဲ့သူချည်းပါပဲ။
ထမင်းကျန် ဟင်းကျန်တွေ တစ်ယောက်တစ်အိုး၊ တစ်ပန်းကန် သယ်လာလိုက်ကြတာ ဖျာပေါ်မှာ ခင်းထား တဲ့ ခုံဝိုင်းကြီးသုံးလုံးနဲ့အပြည့်။ လူနှစ်ယောက်ကဆိုရင် ဆွမ်းဟင်းဗျပ်ကြီးလို ဆိုင်းထမ်းဗျက်ကြီး ၀ါးလုံး လျှိုထမ်း လာကြတာမှာ ဟင်းလွက်တွေ အခွက်နှစ်ဆယ်လောက် ပါလာလေရဲ့၊ စားမယ့်လူ နဲ့ ဟင်းထမင်း နဲ့ တောင် မလိုကတော့ပါဘူး။ ဖျာပေါ်တင်ပျဉ်ခွေထိုင်ချပြီး စားလိုက်ကြစမ်းဆို တာများ ဂွဲမသတ် နိုင်ကြဘူး။ ရွာကလည်း ပွဲမဟုတ် လမ်းမဟုတ်ဧည့်သည်တွေ ထမ်းစားကြတာ ကိုဝိုင်းအုံကြည့်ကြလို့။
ဧည့်သည်တွေ ချည်းစားကြတာမဟုတ်ပါဘူး။ တစ်နေ့လုံး သောက်စားထားကြတဲ့ ဘထွန်းတို့ အဖွဲ့ ကလည်း အခုမှ ဆာလာကြပုံပေါ်ပါရဲ့။ ၀င်စားကြတယ်။ ၇ွာကလူတွေ ၀ိုင်းကြည့်ကြတဲ့ ကြားက ကိုချစ်တိုး လို လည်း ရှက်မနေနိုင်တော့ပါဘူး။ ဘာဟင်းရယ်၊ ညာဟင်းရယ် မတွက်ကြ တော့ဘဲ ထမင်းပန်းကန်ထဲ သွန်သွန် ချပြီး နယ်ရေဖတ်ရေ စားကြတာများ ခံတွင်းလိုက်လွန်းလို့ ထမင်းလိုက်ရတာ ခဏခဏ။ နေ့လယ် ဘက်က လာရင်ရိုက်မယ်ဆိုတဲ့ လူတွေနဲ့ အရိုက်ခံမယ့် လူတွေအခုတော့ ထမင်းလက်ဆုံ စား နေကြပါလားလို့ သံဝေဂယူမယ်ဆိုရင်လည်း ယူစရာပါ။ ဟင်းခွက်တွေများတောင် အချင်းချင်း ကမ်း လိုက်ကြလို့။
ရွာကလူတွေ မြို့သွားတွေပီပီ ကားကြီးစီးပြီး ဖိတ်ဖိတ် ဖိတ်ဖိတ်အရောင်တွေထွက်အောင် ဂိုက်ကြီး ဆိုက်ကြီး တွေနဲ့ လာကြမယ် ထင်ကြရာက ရွံ့တွေ ဗွက်တွေ ပေကျံပြီး ကားကြီးနဲ့ ရောက်မလာဘဲ လှည်းအကြုံ ငှားစီးလာ ရတာကို အံ့သြနေကြတယ်။ သည်ကြားထဲ စားလိုက် သောက်လိုက်ကြတာ ထမင်း တွေ ဟင်းတွေဆိုတာ ပေါက်ပြားနဲ့ ခုတ်ခုတ်ချနေသလိုပဲ။ ရွာက တည်တည်ပပ ဧည့်မခံ ရလို့ အားနာကြ ပုံလည်း ပေါ်ပါရဲ့။ လူဝကြီး ဦးမှတ်တင်က ရိုးရိုးထမင်းပန်း ကန်နဲ့မစားဘဲ ကန်တော့ပွဲထည့်တဲ့ ဇလုံကြီးနဲ့ ထမင်းတစ်စလယ် ချက်လောက်ထည့်၊ အနားရှိ တဲ့ဟင်းခွက်နှစ်ခါက်လောက် မှောက်ချပြီး လက်ခုပ်ကြီးနဲ့ ပါးစပ်ထဲပေါက်ပေါက်သွင်းတာကို လူတွေကကြည့်ပြီး ရယ်ကြတယ်။ ထမင်းတစ်လုပ် တစ်လုပ်ကလည်း ဥသျှစ်သီး လောက်ရှိတာ မှုတ်လား။
“ဆရာကြီး ထမင်းထည့်ဦးလေ၊ အစားနည်းလှချည့်လား”
ရွာက အာကျယ်ကျယ်တစ်ယောက်က နောက်တော့ လူဝကြီး ဦးမှတ်တင်က စကားမပြန်နိုင် ဘူး။ ငရုတ်သီး တွေ စားမိလို့ အာပြဲနေပြီ။ ဘက်ထရီမီးချောင်းရောင်က ခပ်မှိနှ်မှိန်ဆိုတော့ ဘယ်နား ဘယ် ဟင်းခွက် ရှိလို့ရှိမှန်း မသိဘဲ ထမင်းထဲမှောက်ချသမျှ ဟင်းနှစ်ပန်းကန်က ငရုတ်သီးချက်တွေ ချည်းဖြစ်နေတာကိုး။ ရေတစ်ခွက် တောင်းသောက်ပြီး အစပ်ပြေမှ ပြန်စတယ်။
“နေဦးဟေ့ ညည်းတို့မေးတာ မဖြေနိုင်သေးဘူး၊ ပါးစပ်မီးလောင်နေလို့ဟ”
မိန်းမ တွေက ရယ်ကြပြန်ရော။ မအာကျယ်ကလည်း မခေဘူး။ ပြန်စတယ်။
“ရွာမှ ရေစုပ်စက်တွေ ရှိပါ့တော်၊ ပါးစပ်ထဲပိုက်ထိပ်က သံဘီးလူးခေါင်းတပ်ပြီး ရေဖွင့်လိုက်ရုံပါ”
ဝါးခနဲ ရယ်ကြပြန်ရော။ ရွာသားတစ်ယောက်က “ဟ….တို့ရွာ ဘုန်းကြီးပျံတုန်းက ရုံသွင်းပြတဲ့ ဆိတ်တစ်ကောင် ရေတစ်ပုံးစားသောက်တဲ့ စပါအုံးမြွေကြီးလို ပြပွဲတောင် ပြဖို့ကောင်းတယ်”တဲ့။ လူဝကြီး နဲ့ ရွာကတော့အဖွဲ့ကျနေကြပြီ။
ကျောင်းအုပ်ဆရာကြီးက ဖျားနေတာဆိုတော့ ရွာက ငန်းဆေးနဲ့ ရေနွေးပူပူတစ်ခွက်ပေးလို့ သောက်ချ လိုက်တယ်။ မောင်ကြိုင်က အေးသီတို့ အိမ်မှာရှိတဲ့ တေဇောဘမ်းဘူးကို ဖွင့်တဲ့ပြီး ဆရာကြီးကို လူး ပေးတော့ ပူလိုက်တာဆိုတော့ ဖျတ်ဖျတ်ကိုလူးလို့။ ပြီးတော့ ဆရာကြီးကို အိမ်ထဲမှာ သင်ဖျူးခင်း၊ ခေါင်းအုံး ကလေးချပြီး ခဏမှိန်းခိုင်းထားလိုက်တယ်။ လူဝကြီး သထမင်းစားပြီးတော့ အိုးတွေ ခွက်တွေ ပြန် သိမ်းကြ၊ ပေတာကျံတာတွေ သုတ်သင်ကြ၊ ရှင်းလင်း ကြလုပ်လိုက်ကြတာ ချက်ချင်းပဲ ဧည့်ခံ စရာ နေရာ ဖြစ်သွားတယ်။ မိန်းမပိုင်းကလည်း ကောက်ညှင်းမုန့်တွေ ကြော်ကြ၊ လက်ဖက်တွေသုပ်ကြ၊ ရေနွေးပွဲ တွေ ပြင်ကြ။ သည်တော့မှ ရွာလူကြီးတွေရော၊ ဧည့်သည်တွေပါ ၀ိုင်းထိုင်ကြပြီး အကျိုး အကြောင်း တွေ မေးကြဖြေကြရတာပေါ့။ သည်တုန်းမှာပဲ သောင်းစိန် ခေါင်းငိုက် စိုက်ကြီးချပြီး ၀ိုင်းထဲ ၀င်လာတယ်။ ကိုလှမောင်ကတော့ သူ့ရွာသူပိုင်တဲ့သူဆိုတော့ သောင်းစိန်တို့ အုပ်စုကို နေရာလွတ်မှာ မီးဖိုကျင်း တူးခိုင်းတယ်။ ရေနွေးတည်ရမှာကိုး။
“ကိုင်း ငါ့တူများ မီးဖိုကျင်းတစ်ကျင်းတူးကွာ ရေနွေးတည်ရအောင်၊ မိုးလင်းကာနီးတော့ ထမင်းဟင်း ချက် ရမဟေ့၊ ကိုဘိုးမြ သွားခေါ်စမ်း ရွာထဲက ကြက်သုံးကောင်လောက်လည်း ဖမ်းခဲ့လို့ပြော၊ ဆန်လေးပြည်ပါ ၀ယ်ခဲ့၊ ထမင်းဟင်ချက်ကတော့ ဒေါက်မီးဖိုးခွင်တွေပါတယ် မဟုတ်လားဟေ့ ဘထွန်း”
“ပါပါ့ဗျာ”
“ကိုင်း သောင်းစိန် တို့က တူးကွာ ရေနွေးပါတည်”
ရည်းစားလူလု ရတဲ့ကြားထဲ အရပ်လူကြီးက မီးဖိုကျင်း တူးခိုင်းနေတော့ သောင်းစိန်မှာ အူနုကျွဲခတ် ရုံတင် မကဘူး၊ ကျွဲနင်းပါခံနေရတာမျိုး ဖြစ်နေလေရဲ့။ အသည်းကွဲနေရတဲ့ကြားထဲ ချစ်သူမင်္ဂလာ ဆောင်မှာ ရေနွေးအိုး တည်ရသကော ဆိုတာကို ရွာကပြုံးကြတာလည်း သောင်းစိန်က ရိပ်မိတယ်။
“လုပ်ပါ သောင်းစိန်ရယ်၊ နင့်အတွက် နောက်ဆုံး ကုသိုလ်လေးတော့ ယူလိုက်ပါ”
“မင်းလည်ပင်းက သော့ခလောက်နဲ့ သော့တံနှစ်ချောင်းတွဲက ခမည်းပေးထားတာလားကွ ဟေ”
“သောင်းစိန် မင်း နေ့ခင်းကတုတ်တကားကားနဲ့ ညဖက်ကျတော့ တူရွင်းနဲ့ ကျင်းတူးနေပါပကော”
သောင်းစိန် ကို တစ်ယောက်တစ်ပေါက် စနေကြတာပါ။ သောင်းစိန်ကလည်း အစခံရလေ မျက်နှာကြီး ရဲလေ။ စိတ်တွေဘာတွေလည်း မဆိုေးတာ့ပါဘူး။ ရင်ထဲမှာ နာနေတာပဲ ရှိတော့တယ်။ ရွာကလည်း စိတ်မဆိုး ကြတော့တဲ့ အပြင် ထမင်းတောင် ကျွေးနေမှတော့ မောင်ကြိုင်လာရင် ၀င်ရိုက်မယ်ဆိုတဲ့ စိတ် တွေ လည်း လျှော့လိုက်ရပြီ။ လျှော့လိုက်ရတဲ့အပြင် ရေနွေးအိုးပါ တာဝန်ယူနေရပြီပေါ့လေ။ သည်ကြားထဲ အေးသီ က သောင်းစိန် ရယ် ကိုယ့်နှမ မင်္ဂလာကိစ္စမှာ အောက်ကျတယ် မထင်ပါနဲ့ဟယ်၊ ငါမြို့ရောက်ရင် မြို့သူ တစ်ယောက် ပို့လိုက်ပါ့မယ် လို့ နောက်လိုက်တော့ သောင်းစိန်က ဆတ်ဆတ်ခါ လို့။ သူချစ်ခဲ့ရတဲ့ အေးသီ စတာ ကိုတော့ သူမခံနိုင်ဘူးနဲ့ တူပါရဲ့။ မျက်ရည်တွေဝဲလို့။
“နင်သာ မြို့သားယူပါဟာ၊ ငါတို့က တောသားပါ၊ မြို့သူယူဝံ့ပေါင်ဟာ”
“ကျုပ်တို့တော့ တောကကာလသားတွေက မကြိုက်လို့ပါတော်၊ မြို့သားမယူချင်ဘဲ ယူရတာ”
အေးသီ က ပြန်ကလိတော့ သောင်းစိန် ဘာပြန်ပြောရမှန်း မသိဘူး။ မျက်လုံးကြီး ပြူးရုံပဲ ပြူးနိုင်တော့ တယ်။ တကယ်ဆို သူကိုယ်တိုင် ချစ်ရေးဆိုခဲ့တာ မဟုတ်လား။ မြို့သားမယူချင်ဘဲ နဲ့ ယူရတာဆိုတဲ့ စကား ကို မောင်ကြိုင်ကလည်း စိတ်မဆိုးပါဘူး။ ကာလသား ကာလသမီး သူငယ်ချင်းတွေ အချင်းချင်း မခံချင် အောင် စကြတာလို့ပဲ ထင်တာပါ။ မျက်နှာကြီးတောင် ပြုံးထားလိုက် သေးတယ်။ ဒေါ်ငွေ နဲ့ မစွန်မ တို့ စကားဝိုင်း မပြတ်သေးဘူး။ ဘာတွေပြောနေကြမှန်းလည်း မသိဘူး။
“ကိုင်း…ကိုင်း ရွာသူရွာသားတွေလည်း ရှိသင့်သလောက် ရှိကြတုန်း သည်ကနေ့ ဖြစ်ပျက်ခဲ့တာလေးတွေ ရွာ က ကျေနပ်အောင် အကျိုးဆောင် ဆရာကိုချစ်တိုး က တောင်းပန်စကား ပြောပါလိမ့်မယ်၊ နားထောင် ကြဟေ့”
ရွာလူကြီး ကိုလှမောင်က ကိုချစ်တိုးနဲ့ တိုင်ပင်ပြီး ထကြေညာလိုက်ရင်ပဲ အားလုံးငြိမ်သွားကြတယ်။ ကိုချစ်တိုး က မင်္ဂလာစကားပြောဖို့ရော၊ ရွာကိုတောင်းပန်ဖို့ပါ စကားပြောမယ်ဆိုတဲ့ စိတ်နဲ့ထလိုက် တယ်။ သူဝတ်ထားတဲ့ ပုဆိုးက တိုတိုကလေးဖြစ်နေတော့ ထန်းပင်ပုဆိုးပတ်ထားသလို ဖြစ်နေတယ်။ အင်္ကျီ ကလည်း ကြုံရာဆွဲယူလာတဲ့ အင်္ကျီဆိုတော့ ခါးကြပ်ကလေး နဲ့ မောင်ကြိုင်ကတော့ သူ့မင်္ဂလာ ကိစ္စ ပြောမယ့် လေးချစ်တိုးကိုကြည့်ပြီး ရယ်ချင်လိုက်တာ မပြောနဲ့တော့။ တကယ့်စာခြောက်ရုပ်မှ စာခြောက်ရုပ်။
“ကျွန်တော်တို့ သည်ကနေ မန္တလေးကထွက်လာတာ မနက်ခုနှစ်နာရီ ထိုးကတည်းကပါ”
“မောင်ကြိုင် က စစ်ကိုင်းအနောက်တင်ဆိုတော့…..”
ကိုချစ်တိုး က ဖြစ်ကြောင်းကုန်စင် ပြောပြလိုက် တာ နာရီဝက်လောက်ကြာတယ်၊ ရွာကလူတွေလည်း ငြိမ်ပြီး နားထောင်နေကြရတယ်။ ကိုချစ်တိုးက စကားကိုခြေခြေမြစ်မြစ် ပြောတတ်ပေမယ့် သူတို့အထဲ မှာ အသက်ဂုဏ်၊ ပညာဂုဏ်ကြီးတဲ့ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဒွန်း ကို ရှေ့တန်းတင်လာခဲ့တာပါ။ ဒါပေမယ့် ဆရာကြီး က ဖျားလိုက်တာ ပိုးလိုးပက်လက်လန်နေပြီဆိုတော့ မင်္ဂလာစကား ကို ဝေမျှပြော ဖို့ သူ စဉ်းစား နေမိတယ်။ လူဝကြီးဦးမှတ်တင်က အင်္ကျီမပါဘူး။ ပုဆိုးကလည်း နှစ်ကွင်းစပ်ဆိုတော့ မင်္ဂလာ စကား ပြောရမယ့် ပုဂ္ဂိုလ် က အင်္ကျီမပါတာ ဟန်မကျလှဘူး။
သည်တော့ တရုတ်ကြီး ဦးဝန် ကို စဉ်းစားပြန်တယ်။ သူကလည်း မဟုတ်လောက်ဘူး။ စကားလေးလုံး ကွဲတာ မဟုတ်တော့ ထပြောခိုင်းမှ ဘောက်တိဘောက်ထိုး ဖြစ်မှာလည်း စိုးရသေးတာကိုး။ ဒါဖြင့် ကိုကျော်ဝင်း ကော။ ကိုကျော်ဝင်းက လူအေး။ ကိုကျော်ဝင်းက သူ့ကန်တော့ပွဲပဲ စိတ်ဝင်စားတာပါ။ လူဝကြီး ထမင်းစား တဲ့ ဇလုံကိုဆေးခိုင်း ပြီး ငှက်ပျောသီးကြွေတွေနဲ့ အုန်းသီးကြွက်မြီးပြုတ်ကို စုထည့် ထားတယ်။ ညာဘက်ကြီး ကန်တော့ပွဲ တစ်ပွဲ ရအောင် စီစဉ်ရင် ဖြစ်မှာပေါ့။ ရွာပဲ။ ဒါပေမယ့် ရွာလက်ဝင် မှာ စိုးရတာ နဲ့ ရှိတာနဲ့ ကန်တော့ပွဲ ပြင်ထားလိုက်တာပါ။ ကိုကျော်သန်း ကတော့ ဝေးရာ။ စကား မပြောတတ် လို့ကို လူကြီးတွေ ခေါ်လာ တာမဟုတ်လား။ သည်တော့ကိုချစ်တိုးက သူတစ်ယောက်တည်း ကြဲရတော့မယ် ဆိုတာ သဘော ပေါက်လိုက်ပြီ။
“အဲသည်တော့ ရွာကလည်း ကျွန်တော်တို့ကို ခွင့်လွှတ်ပါ။ မရိုမသေမလေးမစားလည်း မလုပ်ဝံ့ပါဘူး။ ဥပမာ ကန်တော့ပွဲ ပဲကြည့်၊ ကားပေါ်မှာ ပိုက်ပွေ့လာတဲ့ကြားက ပြုတ်ကျပြီး ကြွက်ပြီးပြတ်အသီး ကြွေတွေ ဖြစ်နေတာ ကို နားလည်သာပေးကြပါတော့။ ရွာသူရွာသားများကော ကာယကံရှင် ဒေါ်စွန်မ ကောသည်လို ဖြစ်တာတော့ မကျေနိုင်ပါဘူးဆိုရင် မနက်ကန်တော့ပွဲ အသစ်လဲပေးပါ့မယ်။ အခုတော့ ဟောသည်က အရပ်လူကြီး ဦးလှမောင် နဲ့ ညှိပြီး သည်ကနေ့ညပဲ မင်္ဂလာစကာပြောတာပါ၊ ခုံတင်စရာရှိ တာတင်ပါ ဆိုလို့ ကျွန်တော်တို့ ချက်ချင်း စီစဉ်ရပါတယ်။”
ရွာဘက်က မင်္ဂလာစကားပြောမယ့် ဘကြီးဖိုးကိုး ရောက်လာတယ်။ တောင်ဝှေးကြီး ထောက်ဝင်လာ ပြီး ကွက်လပ်ထဲ ၀င်ထိုင်ရင်း ကိုချစ်တိုးကို ကျွဲကော်ကိုင်းမျက်မှန် ထဲကနေပြူးကြည့်တယ်။ ချထားတဲ့ ကန်တော့ပွဲ လည်း ကြည့်တယ်။ မင်္ဂလာကိစ္စဆိုတော့ သားရှင်မိဘက် သမီးရှင်မိဘက် ကန်တော့ပွဲ တင်ပြီး တောင်ရမ်း ရတာ အဓိကကိုး။ ကျန်တဲ့ ပစ္စည်းဆန်း ဆိုတာ ရှိလည်းတင်ပေါ့။ မရှိတော့လည်း မတင်လို့ ကိစ္စ မရှိဘူး။ သို့သော်လည်း ကန်တော့ပွဲကတော့ ပါရမယ်။ အင်္ဂါစုံရမယ်။ ပြည့်စုံရမယ်။ ကန်တော့ပွဲ ဆိုတာ ကန်တော့တဲ့ပွဲ။ ကျေအေးခြင်း၊ ငြိမ်းချမ်းခြင်း၊ ဂါရ၀ပြုခြင်း၊ နှိမ့်ချခြင်း၊ မင်္ဂလာရှိ ခြင်း စတဲ့ သဘော ကို ကိုယ်စားပြုတာ။ အခုတော့ ကြွက်ပြီးပြုတ်နဲ့၊ ငှက်ပျော်သီးဖီးပဲ့ ဇလုံထဲစုထည့် တာကတော့ တိုင်းစွန်ပြည်နား ကြားလို့မှမတော်ပါလားလို့ တွေးတယ်။ နားစွန်နားဖျားနဲ့ လိုက်လာရ တာဆိုတော့ အကျိုး အကြောင်း လည်း မသိပဲကိုး။ ယိုင်လျက်က သူ့တောင်ဝှေးကြီးနဲ့ လှမ်းထိုးပြီး စကား ခဏရပ်ခိုင်း ရော။
“နေပါအုံးကွယ် နေပါအုံးကွယ့် မင်းတို့ ကန်တော့ပွဲက ဘယ်နှယ်ဟာတုံး၊ မင်းတို့ဟာ ရွာကိုရော မိန်းကလေး ရှင် ကိုပါ စော်ကားသလို ဖြစ်နေပါပကောလား၊ ငါ့တူရဲ့ မင်းတို့ဟာ မင်္ဂံလာဆောင်နဲ့မတူဘဲ ရွာစာချ သလို ဖြစ်နေပါလားကွဟေ၊ အုန်းခေါင်တစ်လုံး ငှက်ပျောဖီးဆိုင်၊ လက်ဖက်ကွမ်းယာပါမှ ကန်တော့ပွဲ ဖြစ်သကွဲ့၊ ခု ချက်ချင်း ကန်တော့ပွဲလဲပါ။ “
ရွာ့အမ်းအဖဖြစ်တဲ့ ဘကြီးဖိုးကိုး က ငေါက်တော့ ကိုချစ်တိုး ထိုင်ရမလို ထရမလို ဖြစ်သွားတယ်။ သူ အကျိုး အကြောင်း ပြောတုန်းက မရှိတော့ တစ်ခါပြန်ပြောရမလို ဖြစ်နေပြီ။ ရွာကလည်း ဘကြီးဖိုးကိုပြော မှ ပွစိပွစိ ဖြစ်လာတယ်။ ကျေနပ်ကြတာလား၊ မကျေနပ်ကြတာလားလည်း မသိရတော့ ကိုချစ်တိုးရော ကိုကျော်သန်း ပါ လူတွေကို အကဲခတ်တယ်။ ကိုကျော်သန်းက ညတွင်းချင်း ကန်တော့ပွဲရနိုင်မလားလို့ ကိုလှမောင် က ခေါင်းကုတ်တယ်။ ရွာမှာက ဈေးရယ်၊ ဆိုင်ရယ်ကန္နားရယ်လို့ ဟီးဟီးထအောင် ဖွင့်ထားတာ မရှိတော့ ဘယ်နားသွားဝယ်ပါလို့ ပြောလို့ကလည်းဖြစ်တာမဟုတ်ဘူးလေ။
ရွာကအုန်းပင် တွေတော့ရှိတယ်။ ငှက်ပျောပင်တွေလည်းရှိတယ်။ ကိုကျော်သန်းက ပိုက်ဆံငါးထောင် ထုတ် ပေးပြီး ဖြစ်အောင်လုပ်ပေးပါဗျဆိုတော့ ကိုလှမောင်က ညတွင်းချင်း စီစဉ်ရပြန်ရော “စံမြ လာဦး၊ မခင်ပိုင် အိမ်တို့အိမ်သွား အုန်းသီးတစ်လုံး တက်ဖဲ့စမ်း ကျသလောက်ပေးခဲ့၊ မစိန်တင့်က ကိုကြွက်သိုး တို့ ခြံက ငှက်ပျောတစ်ခိုင် ခုတ်ချောအဖီးလှလှသုံးဖီးရအောင် တစ်ခါတည်းလုပ်ခဲ့၊ စသွားဗျာ မြန်မြန် နို့မို့ မင်္ဂလာ စကား ပြောဖို့ သန်းခေါင်ကျော်မှ ထလုပ်နေရလိမ့်မယ်“
ကျုစံမြလည်း သူ့တစ်သက်လုံး အုန်းပင်တက်လာတာ တစ်ခါမှ ညဘက်မတက်ဖူးဘူး။ သည်တစ်ခါပဲ ညဘက် တက်ရမှာဆိုတော့ လက်နှိမ့်ဓာတ်မီးပြမယ့်လူ တစ်ယောက်ခေါ်ပြီး ထွက်သွားရော။ မစိန်တင့် ကလည်း ရွာအနောက်ဖျားက ငှက်ပျောခြံဖက် မိန်းမဖော်နှစ်ယောက်နဲ့ သွားကြပြီ။ ကိုချစ်တိုးကလည်း ပြောလက်စ စကားရပ်ပြီး ထိုင်ချလိုက်ရတော့တာပါပဲ။ သ တိုး သား မောင်ကြိုင် ကတော့ ဖျားနေတဲ့ ကျောင်းအုပ် ဆရာကြီး ကို ခြေတောက်တွေ နှိပ်ပေးနေလေရဲ့။
လူဝကြီး ကိုမှတ်တင် ကလည်း အကျီင်္ချွတ်ကြီးနဲ့ ငုတ်တုတ်။ ကိုကျော်သန်း ကတော့ သူကားဆီ စိတ်ရောက် နေတာပါ။ နေ့တွင်းချင်း ပြန်လာခဲ့မယ် ပြောထားခဲ့ကြတာဆိုတော့ အိမ်က မိသားစုတွေလည်း စိတ် တွေပူ နေကြ ရောမယ်လို့ တွေးမိတယ်။ မတော်တရော်တွေးပြီး ပူကြမှာလည်း စိုးရသေးတယ်။ မနက်တော့ စောစောထပြန်ရမှာပဲလို့ တွက်တယ်။ သည်ရွာက လှည်းငှား၊ သဖန်းတောက်ကားသွာယူ၊ သည်ဘက် လမ်းကောင်းကို ပြန်မောင်းရမယ့် ခရီးစဉ် ကလည်းမသေးဘူး။
ရွာသူရွာသား တွေကတော့ ရီရီစိစိ ဖြစ်ကြရာက လူတွေတောင် ထပ်တိုးလာသေးတယ်။ ဘက်ထရီ မီးချောင်း တစ်ချောင်းစ နှစ်ချောင်းစကလည်း မှိန်ချင်လှပြီ။ ကိုချစ်တိုးကို လှမ်း ကြည့်ုတော့ သူလည်း မေး ထောက်ပြီး ကန်တော့ပွဲစောင့်နေလေရဲ့။ မကြာပါဘူး။ အုန်းသီး က အရင်ရောက်လာ တယ်။ အုန်းသီးကို ရေ ဆေးခိုင်ပြီး ကြွက်မီးထိုး၊ ငှက်ပျောသီးသုံးဖီး ပါ ရောက်လာတော့ ပြည့်စုံသွားပြီ။ လက်ဖက်နဲ့ ကွမ်းယာ ကတော့ရှိတယ်။ အားလုံးစုံတော့ ကိုလှမောင်ကထပြီ။
“ကိုင်ဟေ့ ကိုင်းဟေ့ မင်္ဂလာစကားပြောတော့မယ်၊ ဧည့်သည်တွေက မနက်နက်စောစော ပြန်မှာဆိုတော့ ခင်ဗျား တို့လည်း မနက်ဘက်အားကြတာ မဟုတ်ဘူး။ ကနေ့ညပဲ အကျဉ်း ရုံး လိုက် ရ သယ်။ ဘကြီးဖိုးကိုး က ဧည့်သည်တွေ ပြောပါစေဦးဆိုတော့ ကိုချစ်တိုးလည်း ထ.ရရော။ အားလုံးငြိမ်ကျသွားကြပြန်တယ်။ သတိုးသား က လူမမာ ကို နှိပ်ပေးလို့။ သတို့သမီးက မအေ့ဘေးမှာ ထိုင်လို့။ သောင်းစိန်က ရေနွေအိုး မီးထိုးလို့ ။ သည်တစ်ခါတော့ ကန်တော့ပွဲ က စိုစိုဖက်ဖက် ရှိသွားပြီ။ မီးရောင်တွေကျသွား တဲ့ လယ်ပြင်ကြီး မင်္ဂလာည မှာ ကိုချစ်တိုး အသံ က သြသြကြီး ထွက်လာတယ်။
“ကျွန်တော်တို့ ကို ရွာသူရွာသားတွေက ၀ိုင်ကူကြလို့ အားလုံး အဆင်ပြေပါပြီ။ မင်္ဂလာလည်းရှိသွားပါပြီ။ လူငယ်နှစ်ယောက် အတွက် မင်္ဂလာစကားကိုတော့ ရွာခံဘကြီးကိုးကပဲ ပြော ပေးပါ။
ကျွန်တော်တို့ ကလည်း နာယူမှတ်သားချင်ပါတယ်။ ကျွန်တော်တို့ အပိုင်းကတော့ ရွာသူရွာသားများ ရှေ့ မှာပဲ သတို့သားဘက်က တင်ရမယ့် ပစ္စည်းကို တင်ပါမယ်။ ကိုကျော်သန်း… လာဗျို့“
ကိုကျော်သန်း က အထုပ်တစ်ထုပ်နဲ့ ကိုချစ်တိုးအနား ရောက်လာတယ်။ ရွာသူရွာသားတွေကတော့ စိတ်ဝင်တစား ရှေ့တိုးကြည့်ကြတယ်။ ဘာတွေများပါလိမ့်ပေါ့။ သောင်းစိန် ကတောင် မီးဖိုနားကနေ ရှေ့ ကို ထွက်လာခဲ့တယ်။ တစ်ရွာသားနောက်ပါသွားမဲ့ ချစ်ခွင့်မရလိုက်တဲ့ ချစ်သူ ကို တင်တောင်း တဲ့ ပစ္စည်း မဟုတ်လား။ သူ့လည်ပင်းမှာတော့ သော့အိမ် (သော့ခလောက်) သေးလေးတစ်လုံးနဲ့ သော့တံ နှစ်ချောင်း ကို ကြိုးမည်းတစ်ချောင်းနဲ့ ဆွဲထားတာတောင် မဖြုတ်သေးဘူး။ နောင်ဆုံးအထိ မျှော်လင့် နေသေး တဲ့ ပုံပေါ့လေ။
“ဒါကတစ်ကျပ်သား ဆွဲကြိုးတစ်ကုံးပါ၊ ဟောဒါက တစ်ကွင်းကို ငါးမူးသား လက်ကောက်တစ်ရံပါ၊ ဟောဒါက တစ်မတ်သားစီ ရှိတဲ့ လက်စွပ်နှစ်ကွင်းပါ၊ ငွေက တစ်သိန်းပါ၊ ဟောဒါက မောင်ကြိုင် ဆရာ တစ်ယောက် အနေ နဲ့ ကျွန်တော်ကူ တဲ့ လက်ဖွဲ့ငွေက ငါးသောင်းပါ“
ရွာသူရွာသား တွေက အသံတွေ ထွက်လာတယ်။ အေးသီ တောာ့ ကံကောင်းသွားပြီတို့၊ တစ်မ နက်စာ လုံး သေချင်းဆိုး သမက်၊ ကာလနာ သမက် လို့ ဆဲနေတာ မစွန်မတစ်ယောက် ခုတော့ ရွှေသမက်၊ ငွေသ မက် ဖြစ်ပြီ တို့၊ အေးသီတို့မှာ မြို့သားလည်းရသေး၊ လင်ကောင်းလည်းရသေးတို့ စသည်ဖြင့် မှတ်ချက် လည်း ထွက် လာတယ်။ ရွာက ၀မ်းလည်းသာနေကြတာပါပဲ။ ဒေါ်ငွေက ပစ္စည်းတွေကို အများရှေ့မှာပဲ အေးသီကို ဆင်ပေးတယ်။ ငွေတစ်သိန်းခွဲ ကိုလည်း မစွန်မ လက်ထဲ ထည့်တယ်။ မစွန်မမျက်နှာက မော့ လို့။
သည်မြင်ကွင်းကို ငေးစိုက်ကြည့်နေသူပကတော့ သောင်းစိန်ပေါ့။ အေးသီက သူတစ်သက်လုံး ချစ်ခဲ့ တယ်။ ချစ်ခွင့် အခါခါလည်း တောင်းခဲ့တယ်။ တောင်းတိုင်းလည်း မရခဲ့ပါဘူး။ ဒါပေမဲ့ သူ ဇွဲမ လျှော့ခဲ့ဘူး။ နတ်ကတော် က ယတြာလုပ်ရမယ်ဆိုတာတောင် သူယုံယုံ ကြည်ကြည် လုပ်ခဲ့တာ ပဲ ကြည့်လေ။ ခုထိ သော့အိမ် နဲ့ သော့တံကြီးဆွဲထားရတုန်း။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူအတွက်ကြေ ကွဲရ ပေမဲ့ နှမြောတသ ပေမယ့် အများရှေ့မှာ သည်လို ပြည့်ပြည့်စုံစုံ တောင်းရမ်းယူတယ်ဆိုတာကိုတော့ ၀မ်းသာမိတယ်။ သူ့တစ်သက် ရှိနေပြီ အေးသီ က မိန်းကလေးတောင်မန္တလေး သနပ်ခါးပို့တဲ့ အလုပ် လုပ်တယ်။ အခင်းထဲ ပေါက်၊ နေပူထဲ ငုတ်တုတ်ထိုင်ပြီး ပေါ်သမျှအလုပ်၊ ရသမျှလုပ်ခနဲ့လုပ် ကိုင်စား သောက်နိုင်ပါလျက် နဲ့ သူ အလုပ် မလုပ်ခဲ့ ဘူး။
မိန်းကလေးတစ်ယောက် မယုံကြည်ဝံ့တာ ဘာဆန်းမှာလဲ။
သတို့သားလုပ်တဲ့ မောင်ကြိုင်ကြည့်ရတားလည်း တောသူတောင်သားကပါပဲ။ မြို့တက်အလုပ်လုပ်ပြီး ရသမျှ ငွေကလေး စုဆောင်းရင်း ချစ်သူကို တင်တောင်းနိုင်ခဲ့တာလည်း ချီးကျူးစရာပဲ မဟုတ်လား။ သည်လိုတွေးလိုက်မိတော့ သောင်းစိန် ၀မ်းသာဝမ်းနည်း ဖြစ်ရတယ်။ ဟုတ်ပြီ။ အေးသီကို သူချစ်ခဲ့တယ်။ ချစ်လျက် ချစ်ဆဲ ပဲ။ အခု ချစ်သူမင်္ဂလာဆောင်တော့မယ်။ ကြောင်းမြန်းနေပြီ။ တစ်သက်လုံး မ၀တ်ခဲ့ရတဲ့ ရွှေတို ရွှေစ ကလေး နဲ့ ဘ၀ရှေ့ရေး အတန်အသင့်တော့ လှပနေခဲ့ပြီ မဟုတ်လား။ သူကကော ဘာ လက်ဖွဲ့ နိုင်မလဲ။ ဘာလက်ဖွဲ့ရင်ကော ကောင်းမလဲ။ ချစ်သူကို နောက်ဆုံး လက်ဖွဲ့ရမယ့်ကိစ္စမှာ အမေ့ ဆီ က လက်ဖြန့်မနေချင်ဘူး။ ဒါဖြင့်ဘာရှိသလဲ စဉ်းစားပြန် တော့ ဘာမှမရှိဘူး။ မနက်ဖြန် မနက်ဆိုရင် အေးသီ မြို့ကို လိုက်သွားတော့မတ။ လယ်ပြင်ကြီးမှာ အေးသီမရှိတော့ဘူးပေါ့။ မန္တလေးလိုမြို့ကြီးမှာ အေးသီ ပျော်တော့မှာပေါ့။ သူလည်း သည်ကနေ့ညကစပြီး ထန်းရည်၊ အရက်ဖြတ်တော့မယ်လို့ ဆုံးဖြတ် လိုက်ပြီ။ သောင်းစိန် ကတော့ တွေးမိတွေးရာ ၊ ငေးမိငေးရာ။
ကိုချစ်တိုးက ပြန်ထတယ်။ မင်္ဂလာစကား သူကလည်း နည်းနည်းတော့ ပြောမှကောင်းမယ်ဆိုပြီး စောစော ကတည်းက ခေါင်ပူအောင်စဉ်းစားခဲ့ပေမယ့် မပေါ်ဘူး။ ကျောင်းအုပ်ကြီး ပြောလိမ့်မယ်ဆိုပြီး ဘယ်သူ ကမှလည်း မင်္ဂလာစကား စဉ်းစားလာခဲ့ကြတာမရှိတော့ ခက်နေပြီ။ ဒါနဲ့ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်း မှာ ဘုန်းကြီးပြောခဲ့စကား ပြန်အမှတ်ရပြီး ပြောတယ်။
“သည်လိုပါ လယ်ပြင်ကြီးရွာရောက်လာတော့ လယ်ခင်း၊ ယာခင်း၊ ပဲခင်းတွေ ပတ်ပတ်လည် မြင်ရတာကိုး၊ ကျွန်တော်စိတ်ထဲ သည်ရွာသူ မအေးသီကို ကျွန်တော်တူ မောင်ကြိုင်နဲ့ ရတာတော့ တန်ပြီကွလို့ အောက်မေ့မိတယ်။ ဘာကြောင့်တုန်းဆိုတော့ သည်ရွာနဲ့ ကျွန်တော်အကြောင်း ဆက်မိပြီ။ သည်တော့ ရွာက တောင်သူရွာဆိုတော့ ဗဟုသုတကလေးတော့ ဝေမျှခဲ့ဦးမှလို့ တွက်ပါတယ်။ သစ်ပင်များစုက်ရင် အမြစ်နဲ့ အနှစ်ကောင်းချင်ရင်တော့ တနင်္ဂနွေနေ့ စိုက်ကြပါ။ အနံ့ကလေးကလည်းမွှေး၊ အစေးလည်း ကောင်းချင်ရင်တော့ တနင်္လာနေ့စိုက်ကြပါ။
အဖူးကောင်းချင် ရင်တော့ အင်္ဂါနေ့၊ အပွင့်ကောင်ချင်တော့ သောကြာ ဆိုတာကိုး၊ ဟော ပိုးများကျတက်တဲ့ ရက်လည်းမှတ်ကြပါ။ လဆုတ်တစ်ရက်၊ ခြောက်ရက်၊ ခုနှစ်ရက်၊ ဆယ်သုံးရက်၊ ဒါတွေကိုရှောင်ရမယ်။ အိမ်တွေမှာ စိုက်အပ်တဲ့အပင်တွေကိုကြည့်ပြန်တော့ သဖန်း၊ ကြခတ်၊ သရဖီ၊ ပုန်ညက်၊ အုန်း၊ ရှား၊ကံ့ကော်၊ သီးနဲ့ ဥသျှစ်ဆိုသကိုး၊
“တစ်ခါ“ သည်လိုမင်္ဂလာစကားမျိုး ရွာကတစ်ခါမှ မကြားဘူးကြတော့ အထူးအဆန်း ဖြစ်နေတယ်။ တစ်ယောက်တစ်ယောက် မေးထိုးပြရင်း ဘယ့်နှယ်တုန်းပေါ့ လေ။
ဘကြီးဖိုးကိုးတောင် မျက်လုံးတွေပင့်ပြီး တယ်ဟုတ်သဲ့၊ ကောင်ပါလားဆိုတဲ့ပုံနဲ့ ကြည့်လို့။ ကျောင်းအုပ်ဆရားကြီးကတော့ ဖျားနေလျက်က ငုတ်တုတ်ထထိုင်တယ်။ ချစ်တိုးကတော့ လုက်ကရော့မယ်ဆိုတဲ့ပုံ။ ရွာသားတွေက တပြုံပြုံး။ ရွာသူတွေက တအံုးအုံး။ မောင်ကြေိုင်ကတော့ သူ့လေးချစ်တိုးက အဟုတ်ပဲဆိုတဲ့မျက်နှာနဲ့။ ကိုချစ်တိုးကတော့ ရွာနဲ့ ဘိသိက်ဆရာ အံကျပြီဆိုတဲ့ ပုံနဲ့။ တောသူ တောင်သားများလက်ငင်း အ သုံး တည့်တာ ပြောတဲ့ကိစ္စ၊ မင်္ဂလာဆောင်နဲ့ ဘာမှမဆိုင်လေခြင်းပြောလို့ မရဘူးလို့လည်း တွေးတယ်။ မင်္ဂ လာစကားဆိုသည့်အတိုင်း ဒါလည်းမင်္ဂလာစကားပဲ။ ဒါပေမယ့် မင်္ဂလာဆောင် ကိစ္စ နည်း နည်း ထည့် ပြောရတာပေါ့။
ကျွန်တော်တို့ဘိုးဘွာများ ယုံကြည်ကြတဲ့ လောကီပညာကို ကျွန်တော်တို့လည်း ယုံကြည်ရတာပဲ။ မောင်ကြိုင် တနင်္လာသား၊ အေးသီ တနင်္ဂနွေသားနှစ်ယောက် ပေါင်းတော့ ဥစ္စာပေါအံ့၊ ချမ်းသာအံ့၊ အရှည်တည်မြဲအံ့တဲ့ဗျ။ ကိုင်းဘယ်လောက်ကောင်းတုန်း၊ ဖွားသက္ကရာဇ်ကိုလည်း သုံးနဲ့စား တစ်ခုကြွင်းတော့ လူ… နှစ်ခုကြွင်းတော့ နတ်… သုံးခုကြွင်းတော့ ဘီလူးဗျာ၊ ကိုင်း…
ဆိုင်သလား မဆိုင်သလားမသိဘူး ကိုချစ်တိုးကတော့ တွန်းချတော့တာပါပဲ။ သည်အတိုင်းသာသွားရင် သားဖွာလွယ်အောင်လုပ်တာတို့၊ နေ့အလိုက် အချင်းမြှုပ်တာတို့၊ နို့ထွက်ဟင်းချက်တာတို့ပါ ပါတော့မယ်ထင်လို့ လူဝကြီး ကိုမှတ်တင်က ချောင်းဟန့်သံပေးတယ်။
“အဟမ်း…အဟမ်း…ချစ်တိုး“
ကိုချစ်တိုးက လှည့်ကြည့်တယ်။ လူဝကြီး ကိုမှတ်တင်က သဘောကျလို့ ဆက်ပြော ဆက်ပြောလို့ ထင်ရာက ပြောရမယ်စကား စဉ်းစားပြန်ရော။
“ဟော…. လာပြန်တယ် အောင်၊ ဆင်းရဲ၊ ပြီ…လာဘ်ရတဲ့ရက်၊ ဒဏ်ကျတဲ့ရက်မှုများတဲ့ရက်၊ ချစ်တဲ့ရက်ပေါ့ဗျာ ကိုင်း… ကျွန်တော် တွက်နည်းမေ့နေလို့“
“အဟမ်း…အဟမ်း..ချစ်တိုးတော်လေကွာ…“
သည်တစ်ခါတော့ လူဝကြီးကိုမှတ်တင်က တော်လကွာပါ ထည့်လိုက်တယ်။ ကိုချစ်တိုးကလည်း ပြောစရာမရှိတော့ပါဘူး။ စကားအနားသတ် ပုဆိုးတိုကလေး ကျစ်စည်းသလို ပြန်စည်းတယ်။ ရွာသူရွာသားတွေကလည်း ဝေ့ကြည့်လိုက်တယ်။ ရွာသားတစ်ယောက်က ဘက်ထရီ အိုးတစ်ဖက် မီးချောင်းတစ်ဖက် ကိုင်ပြီးဝင်လာလို့ အခမ်းအနားက နည်းနည်ပိုလင်းသွာပြန်ပါရော။ အေးသီကတော့ မျက်နှာကလေးပြုံးလို့။ မစွန်မကတော့ သားမက်လောင်းမောင်ကြိုင်ကို ကျေကျေ နပ်နပ်ကြီးကြည့်လို့။
“ကျွန်တော် မင်္ဂလာစကားကို အနားသက်ရရင် မင်္ဂလာရှိကြပါပြီ၊ အောင်ကြပါပြီ။ မန္တလေးချော်ဆိပ်ုနဲ့ လယ်ပြင်ကြီး ရွှေလမ်း၊ ငွေလမ်း ပေါက်ပါပြီ။
ကိုင်း… ဘကြီးဖိုးကိုက ဆက်ပါဦး“
ကိုချစ်တိုး ထိုင်ချလိုက်ရင်း ဘကြီးဖိုးကိုကို မင်္ဂလာစကားပြောဖို့ စကားစလိုက်တယ်။ ဘကြီး ဖိုးကို ကတော လောကီမင်္ဂလာ၊ လောကုတ္တရာမင်္ဂလာတွေနဲ့ ပတ်သက်ပြီး တော်တော်လေး ပြောရှာတယ်။ အုန်း၊ ကောင်း၊ ဇော ။လှ၊ ပန်း၊သက်၊ တောင် အခါရက် တွက်ပြတယ်.အုန်းတနင်္ဂနွေနေ့ဖွား သိကြားစောင့်တယ်။ ကောင်း တနင်္လာဗိဿနိုးနတ်စောင့်တယ်။ ဇောအင်္ဂါခြသေ့င်္စောင့်တယ်။လှ ဗုဒ္ဒဟူး ဆဒ္ဒန်ဆင်မင်းစောင့်တယ်။ ပန် ကြာသပတေး ဗြဟ္မာစောင့်တယ်။ သက် သောကြာ မာရ်နတ် စောင့်တယ်။ တောင် စနေ အသူရိန်စောင့်တယ်ဆိုတဲ့ စကားနဲ့အညီ မောင်ကြိုင် တနင်္လာဗိဿ နိုးစောင့်တဲ့အကြောင်း၊ အေးသီ် တနင်္ဂနွေ သိကြားစောင့်တဲ့အကြောင်း၊ ဒါကြောင့် ကောင်းရက်ဖွားများ ဖြစ်တဲ့အပကြောင်းကအစ လင့်ဝတ္တရား၊ မယားဝတ္တရားတွေပါ တစ်ထိုင်တည်း ပြေပြလိုက်တာ သန်းခေါင်ချဉ်းကရော။ ကိုကျော်သန်း က ဘကြီးဖိုးကိုး ကို ငွေငါးထောင် ကန်တော့ ဘကြီးဖိုးကိုက ဆုတွေပေးနေပြန်ရော။
သည်အချိန်မှာ အိုးသူကြီးတွေရဲ့ မီးဖိုဘက်ဆီက ကြက်သားဟင်းနံ့ ထွက်လာပြန်ပါပြီ။ ကြက်သုံးကောင် ရိုက်ပြီး ဆီပြန်ချက်ထားတဲ့ အနံ့မှန်း ကိုချစ်တိုး က သိတယ်။ ဒါက မနက်ဘက် ဧည့်သည်ကျွေးဖို့ ဟင်းလုံးတယ် ဆိုတာလည်း သိပါရဲ့။ ၀မ်းဟာလာပြန်လို့ မဟုတ်ပါဘူး။ ရပ်ရွာ က သူတို့အပေါ်ထားတဲ့ မေတ္တာ စေတနာကို ကိုချစ်တိုး သတိရလိုက်လို့ပါ။ သူတို့နောက်ကျတာကို ခွင့်လွှတ်ကြတည့်အပြင် တစ်ရွာလုံး က ထမင်းဟင်းတွေ ခူးလာကြတယ်။ မနက်စားဖို့ ချက်ပြုတ်နေ ကြတာကိုကျေးဇူးလည်း တင်မိ သလို၊ ရွာကိုလည်း ခင်သွားခဲ့တယ်။ တစ်လမ်းလုံး ဒုက္ခ ရောက် ခဲ့ သမျှလည်း ပျောက်ပြီ။ သည်အချိန်မှာ ကိုချစ်တိုး ရင်ထဲမှာ စိတ်ချမ်းသာမှုပဲ ရှိတော့တယ်။
မြို့မှာမွေး မြို့မှာပဲကြီးခဲ့ရတဲ့ ကိုချစ်တိုး တစ်ယောက် ခဏတာလေးအတွင်းမှာပဲ အညာကျေးတောနေ တို့ရဲ့ နှလုံးသားတွေနဲ့ ရင်းနှီးခဲ့သလို ကျေးလက်ကို ခင်တွယ်စိတ်ကလေးပါ ၀င်ခဲ့ရတယ်။ သူတို့လိုပဲ လူဝကြီး ကိုမှတ်တင်ကလည်း ခံစားရပုံပေါ်ပါရဲ့။ ပုံ့ပုံ့င်္ကြီးထိုင်နေရင်းက မင်္ဂလာပြုဖွယ်ကိစ္စ ဆက်တာဝန်ယူပြန်တယ်။
“ကိုင်း…ကိုင်း မောင်ကြိုင်နဲ့ အေးသီ ရှေ့ကိုလာကြ၊ ရတနာသုံးပါး ကန်တော့ရအောင်၊ ပြီးရင်း ဘကြီးဖိုးကိုး ကိုကန်တော့၊ အမေမစွန်မ ကို ကန်တော့ကြ“
မစွန်မ က မျက်ရည်တွေတွေကျရင်း ကွက်လပ်ကြား ထွက်လာတယ်။ မစွန်မ မျက်ရည်ကျတော့ ရွာသူ တချို့ ကလည်း ဘာမှန်းမသိပဲ မျက်ရည်ကျကြလို့။ မောင်ကြုင်နဲ့ အေးသီက အိမ်ဘုရာစင်မှာ အရင် သွားကန်တော့ ကြပြီးလျှင် ဘကြီးဖိုးကိုး ကို ကန်တော့။ မစွန်မ ကို ကန်တော့။ မစွန်မက သမီးက လေး တစ်သက်လုံး စောင့်ရှောက်ခဲ့ရပြီး အများရှေ့မှာ သတို့သားလက် အပ်ရပါပကော ဆိုတဲ့ စိတ်နဲ့ ငိုရှာတာပါ။ မအေငိုတော့ အေးသီလည်း ငိုတယ်။ အေးသီငိုတော့ မောင်ကြိုင်က မျက်နှာကြီးအိုလို့။ ဦးမှတ်တင်က ရင်ပတ် ကြေးတွန်း ရင်း ဆုပေးတယ်။
“ဤသို့ပြုရ မြတ်ပုညကြောင့် သဗ္ဗဘေးဒဏ် ရန်မရှိ ပကတိ ကျန်းမာချမ်းသာတိုးပွား ရတနာမိုးများ ရွာသကဲ့ သို့ လိုရဆန္ဒပြီးမြောက်ကြပါစေဗျား“
မင်္ဂလာကိစ္စပြီးပြီဆိုတော့ ရွာကလူတွေ လဲပြန်ကြပြီ။ ရေနွေးတွေတလှိုင်လှိုင် တည်ပေးနေတဲ့ သောင်း စိန်တို့ အုပ်စုလည်း ပြန်ကြပြီ။ ဘထွန်းတို့လည်း ပြန်ကြပြီ။ ကိုလှမောင်နဲ့ ရပ်ရွာလူကြီးတစ်သိုက်ပဲ ကျန် တော့တယ်။ ဘက်ထရီ မီးချောင်းတွေလည်း ပြန်ပို့လိုက်ကြပြီ။ မီးတိုင်ခွက်ကလေးနဲ့ပဲ လူစုထိုင်တယ်။ တော်တော်လေး ညဥ့်နက်မှ တစ်ရေမှေးကြတယ်။ ငန်းဆေးတန်ခိုးကြောင့် ဆရာကြီးတောင် ချွေးတွေ ပြန်လာပြီ ရေနွးထသောက်နေသေးတာပါ။ ကောက်ညှင်းကြော်တွေ တစ်ဝကြီးစားပြီး အားလုံးအိပ် ကြတယ်။ မအိပ်တာက မောင်ကြိုင် အူတွေမြူးလို့ကိုး။
(၁၅)
မိုးစင်စင်လင်းတော့မှ ဧည့်သည်တွေ နိုးကြတယ်။ ညက ညဥ့်နက်တာရော၊ ခရီးပန်းတာရောဆိုတော့ ကျောင်းအုပ်ဆရာကြီး ကျော်ဒွန်းကလွဲရင် အိပ်လိုက်ကြတာ အတုန်အရုန်းပါပဲ။ မစွန်မနဲ့ ဒေါ်ငွေက တော့ မနက် စောစောထပြီး ကောက်ညှင်းပေါင်းထားတယ်။ ရွာထိပ်က အကြော်ပြေးဝယ်ပြီး ဧည့်သည်တွေကို ဧည့်ခံ ရှာတယ်။ မောင်ကြိုင်နဲ့ အေးသီကတော့ မန္တလေးကပါလာတဲ့ လှူဖွယ်မုန့်တွေ ဘုန်းကြီးကျောင်း ကပ်ကြလို အိမ်မှာမရှိကြဘူး။ ကိုချစ်တိုး က ကိုကျော်သန်းနဲ့ ညှိပြီး အစီအစဉ်ဆွဲကြ တယ်။ ရွာကလည်း ချက်ပြုတ်ထားတော့ ထမင်းတော့ စားသွားကြမယ်၊ သိပ်နေမြင့်လို့တော့ မဖြစ်ဘူး လို့လည်း စဉ်းစား ကြတယ်။
“နေဦး… ခင်ဗျားတပည့်က ရွာမှာနေခဲ့မှာလား ပြန်ခေါ်သွားမှာလား”
“ခေါ်သွားရမှာပေါ့ ကိုချစ်တိုး ရာ၊ အေးသီ လည်း ထည့်ရင်တော့ ခေါ်သွားရမှာပေါ့”
“အေးဗျာ… ဒေါ်စွန်းမ ပါ ခေါ်သွားရမှာပေါ့ဗျာ၊ ဒါမှ တင့်တယ်မယ် နဲ့ တူတယ်”
“လောလောဆယ် ဘယ်မှာထားမှာတုန်း”
“ကျုပ် အလုပ်ရုံထဲက ဂိုဒေါင်တစ်ခန်းပေးရမှာပဲဗျာ၊ ကျွန်တော့်အလုပ်က မောင်ကြိုင် မရှိလို့ မဖြစ်တော့ ထားခဲ့ရင် တော်တော်နဲ့ပြန်လာမှာ မဟုတ်ဘူးလေ၊ မယားနားကပ်နေမယ့်ကောင်ဗျ”
ခဏနေတော့ ကိုလှမောင် က သဖန်းတောမှာ ထားခဲ့တဲ့ ကားဆီကို လိုက်ပို့ဖို့ လှည်းနှစ်စီး ဆင့်တယ်။ ဧည့်သည် တွေ ထမင်းကျွေးဖို့ ပြင်ဆင်တယ်။ ချက်ထားတဲ့ ဟင်းတင်မကပါဘူး။ ရွာက ဟင်းတစ်ခွက်စီ လာပို့ကြလို့ ဟင်းတွေ မြိုင်လှပေါ့။ ကနေ့ အေးသီ မြို့လိုက်သွားတော့မယ်ဆိုလို့ မြစိန်တို့လို ရွယ်တူ သူငယ်ချင်း တွေက မိုးတောင် မလင်းသေးဘူး လာငိုလိုက်ကြတာ ကျူကျူပါလို့။ မြို့မှာ မင်္ဂလာပွဲ ကလေး လုပ်ပြီးရင် လာမယ့်တန်ဆောင်မုန်းမှာ ရွာလာပြီး မင်္ဂလာပွဲလုပ်ဦးမှာဆိုတော့ အေးသီတို့ ဂုဏ် ရှိလှပေါ့။ မြို့မှာ တစ်သက်လုံးနေရမှာ ဆိုတော့ ရွာကိုတော့ အလွမ်းသား။ မစွန်မကလည်း တကယ်တမ်း ရွာကို ခွဲရတော့မယ် ဆိုတော့ ရွာကို လွမ်းလှသကောရယ်လို့ ငိုပြန်ပါရော။ မောင်ကြိုင်က တော့ တငိုတည်း ငိုနေတဲ့ အေးသီနဲ့ ဒေါ်စွန်မကို ကြည့်ပြီး သည်လိုများ တစ်သက်လုံးငိုနေရင် ခက်ရချည်ရဲ့လို့ တွေးတယ်။
ဧည့်သည် တွေ ထမင်းကျွေးပြီး ရွာခံတွေ စားနေကြတုန်း အိမ်ရှေ့မျာ လှည်းနှစ်စီးလည်းရောက်ပြီ။ လှည်းဆရာတွေက နွာတွေ ခဏဖြုတ်ချွတ်ထားပြီး မန်ကျည်းပင်ရိပ် ဆေးလိပ်ထိုင်သောက်နေကြပြီ။ ရွာက လူတွေလည်း ရောက်လာကြပြီ။ မိန်းမသားနဲ့ ကလေးတွေမျာတာပါပဲ။ အေးသီကတော့ ရှိသမျှ ထဲက အကောင်းဆုံး ဝတ်ထားလို့ ကြည်ကြည်စင်စင်ကလေးလှလို့။ မြို့ကိုယူရမယ့် ပစ္စည်းကလေး တွေ စုထုပ်ပြီး မြွေရေခွံအိတ်နှစ်လုံးထဲ ထည့်တယ်။ မြို့ရောက်ရင် အသစ်ဝယ်ပေးမယ်ဆိုတော့ များများ သယ်စရာ မရှိတော့ဘူး။ အေးသီက မောင့်ကြိုင့်ကို တိုးတိုးမေးတယ်။
“အစ်ကို ပျော်ရဲ့လား”
“မပျော်ဘဲ ရှိပါမလား”
“မြို့ရောက်ရင် ကျုပ်တို့သားအမိ နှိပ်စက်မှာ စိုးတာပါတော်”
“မနှိပ်စက် ဘဲ ရှိပါ့မလား”
“ဘယ်လိုရယ် ”
“မနှိပ်စက်ပါဘူး ပြောတာပါ”
“အစ်ကိုတို့ မြို့သားတွေက ပြောဖြစ်တာမဟုတ်ဘူး။ မြို့သူတွေက လှတော့ ခြေရှုပ်မှာလည်း စိုး သတော်…”
“ခြေမရှုပ် ပဲ ရှိပါ့မလား…”
“ဘယ်လိုရယ်”
“ခြေမရှုပ်ပါဘူးလို့ ပြောတာပါ.. ”
သည်ထက်လည်း ပိုပြောမကောင်းတော့ အေးသီ မောင်ကြိုင်လက်မောင်းကို ဆိတ်လိုက်တယ်။ မောင်ကြိုင် က စကားလည်း များများမပြောတတ်တာ မဟုတ်တော့ ပြောမိပြောရာကိုး။ ဆွဲကြိုးကလေး၊ လက်ကောက် ကလေး နဲ့ ဆိုတော့ အေးသီက ပိုတောင်လှသေးတယ်ထင်ရှာလို့ ကြည့်ရတာ မဝဘဲမဝ နိုင်ဘူး။ အားလုံး ပြန်ကြဖို့ ပြင်တော့ ကိုယ်အဝတ်အစားကို လဲကြရပြီ။ လူဝကြီး ဦးမှတ်တင်လည်း ခုမှ အင်္ကျီဝတ် ရတော့တယ်။ အင်္ကျီ၊ ပုဆိုးလဲပြီးတာနဲ့ မပြောမဆို လှည်ပေါ် ဖင်ချိတ်ထိုင်လိုက်တာ ခွထောက်ထောက် ရုံထောက် ထားတဲ့ လှည်းက ဖင်ထောင်ပါလေရော။ လှည်းတစ်ခါမှ မစီးဖူးတဲ့ သူ ဆိုတော့ ကားလိုပဲ မှတ်တာပေါ့။ လှည်းဦးထောင်သွားတော့ ဦးမှတ်တင်လည်း ဖုတ်ခနဲ ပြုတ်ကျတော့ တာပဲ။ ဝိုင်းကြည့် နေကြတဲ့ လူတွေဆိုတာ အူတွေများတက်လို့။ ရွာသူ တစ်ယောက်ကအော်တယ်။
“ဦးဝ ကတော့ အမှတ်တရ လုပ်ခဲ့တာပေါ့လေ၊ ကျုပ်တို့ကတော့ လွမ်းကျန်ရစ်ခဲ့တော့မှာပါတော်”
ဦးမှတ်တင်ကို ယောက်ျားသန်သန် လေးငါးယောက်က ချိုင်းကနေ မ,ထူတယ်။ လှည်းနှစ်စီးမှာ စီးရမယ့် လူတွေ စာရင်းချကြည့်တော့ လူဝကြီး ဦးမှတ်တင်ကို ဗဟိုပြုပြီး တွက်ကြရတယ်။ ဦးမှတ်တင် စီးမယ့်လှည်း မှာ ဒေါ်ငွေ၊ ဒေါ်စွန်မ၊ မောင်ကြိုင်နှင့် အေးသီ။ နောက်တစ်စီးမှာက ဆရာကြီး ဦးကျော်ဒွန်း၊ တရုတ်ကြီး ဦးဝိန်၊ ကိုကျော်သန်း၊ ကိုချစ်တီးနဲ့ ကိုကျော်ဝင်း လှည်းပေါ် အသီးသီး ရောက်ကြတော့မှ ကိုချစ်တိုးနဲ့ ကိုကျော်သန်း တို့က မတက်ကြသေးဘဲ ကိုလှမောင်ကို အနားခေါ်တယ်။ ကိုလှမောင်လက်ထဲ ရွာဝင်ကြေး ငွေတစ်သောင်း ထည့်ပေးပြီး အစစအရာရာအတွက် ကျေးဇူးတင်ကြောင်း ပြောကြတယ်။ ရွာဝင်ကြေး ဆိုတာ ရွာခံမိန်းကလေး ကို တောင်းရမ်းယူတဲ့အတွက် ရွာရေးရပ်ရေးသုံးဖို့ ရန်ပုံငွေပါ။ တကယ်က ရွာဝင်ကြေး က အဲသလောက်မယူကြပါဘူး။ ကိုလှမောင်ကို ကျေးဇူးတင်လွန်းလို့ တမင် ထည့်ပေး ကြတာပါ။ မြို့မှာ ကလေးတွေ မင်္ဂလာဆောင် တော့လည်း ကြွခဲ့ဖို့ဖိတ်တယ်။ ကိုလှမောင်က မယူပါရစေ နဲ့ အတန်တန် တောင်းပန် နေသေးတာပါ။ ကိုကျော်သန်း က ဇွတ်ပေးတော့မှ ယူရှာတယ်။
“တစ်ခုပဲ ကျူပ်ပြောချင်တယ်ဗျာ။ ကျူပ်ရွာက ဒေါ်စွန်မတို့ အေးသီတို့က အနေအစားဆင်ရဲပေမယ့် စရိတ္တ ကောင်းကြသူတွေပါ။ မြို့ရောက်လို့ အဆင်ပြေတယ် စိတ်ချမ်းသာတယ်ဆိုတာပဲ ကျုပ်တို့ရွာက ကြားချင်ကြ သာပါ။ သူတို့ကိုတော စိတ်မဆင်းရဲစေချင်ဘူး။ တကယ်လို့ မြို့မှာ မပျော်ဘူးဆိုရင်တော့ သူတို့ သားအမိ ကို ကျုပ်တို့ရွာအရောက် ပြန်ပို့ပေးကြပါဗျာ”
ကိုလှမောင် ပြောလိုက်တဲ့စကားကြောင့် ကိုချစ်တိုးရော ကိုကျော်သန်းပါ စိတ်မကောင်း ဖြစ်သွားကြ တယ်။ ဆွေမတော် မျိုးမစပ်ပေမယ့် ကိုယ်ရွာသူရွာသား ကို ငဲ့ရှာကြပါလား။ သံယောဇဉ်ရှိကြပါလား နှလုံးသား တွေ ဖြူစင်နူးညံ့ကြပါလားလို့ တွေးမိပြီး လေးလည်းလေးစားသလို ရင်ထဲမှာလည်း နင့်ခနဲ ခံစား လိုက်ရတယ်။ ကိုလှမောင် ကို ဖျစ်ဖျစ်ကြီးဆုပ်ပြီး ကတိပေးလိုက်ရုံမက လယ်ပြင်ကြီးကိုလည်း ကိုယ်ရွာလို သဘောထားပါကြောင်း ပြောရတယ်။ မန္တလေးကိလည်း ရောက်အောင်လာခဲ့ဖို့ မှာခဲ့ကြ တယ်။
“ကိုင်.. ကိုင်း… နေပူရော့မယ် သွားကြတော့”
လှည်းတွေစထွက်တော့ အပျိုတွေက လှည်းတွေရှေ့က ပန်းကြိုးတားကြတယ်။ ရွာမှာပွင့်တဲ့ တောပန်း ကလေး တွေ သီချိတ်ပြီး တားကြရရှာတာပါ။ မြစိန် တို့က ပန်းကြိုးတားတော့ လှည်းဆရာက တုန့်ခနဲ ရပ်လိုက်တယ်။ ရှေ့ကလှည်းပေါ်ကနေ ကိုချစ်တိုးက လှည်ပေါ်ကဆင်းပြီး မိန်ကလေးတွေ မုန့်ဖိုးရယ် လို့ ငွေငါးထောင် ပေးလိုက်တယ်။ ဝါးခနဲ အော်ရယ်ကြပေမယ့် နောက်လှည်းပေါ်က အေးသီကိုမြင် တော့ စိတ်မကောင်း ကြပြန်ဘူး။ အေးသီ က မျက်ရည်ကြားက ပြုံးပြရှာပါရဲ့။
“သွားတော့ အေးသီ ရေ ညည်းကပြောတော့ မင်္ဂလာကားကြီးနဲ့ မြို့ကို ကြွားကြွားကြီး ပြန်မှာဆိုဟဲ့ ခုတော့ တို့ရွာ က မင်္ဂလာလှည်းကြီးနဲ့ပါလား ကောင်မရဲ့”
“အေးပါ မြစိန်ရယ် သွားတော့မယ်နော်”
လှည်းက ရို့ခနဲ ထွက်လာခဲ့ပြီ။ ရွာကထွက်ပြီး ညောင်ခြောက်၊ သဖန်းတောဘက်လမ်းကို ကွေ့ပြီ။ ရွာထန်းတောကလေးကို ကျော်တော့ ကျေငှက်သံတွေ ဆူညီနေတဲ့ လှည်းလမ်းဘေး တောတန်း ကလေး ကို ရောက်လာခဲ့ပြီ။ သည်အချိန်မှာ လူတစ်ယောက် သစ်ပင်ကွယ်က ဘွာခနဲ ပေါ်လာခဲ့တယ်။ သောင်းစိန် ဟန်ဆောင်ထားတဲ့အပြုံးနဲ့ သောင်းစိန်။ အေးသီတို့စီးလာတဲ့ လှည်းဆီကို ကပ်သွားပြီ သူ့ လည်ပင်းက ဆွဲထား တဲ့ သော့ခလောက်လေးနဲ့ သော့တံကလေး နှစ်ချောင်းပါတဲ့ ကြိုးမည်ကလေးကို လည်ပင်းက အသာအယာ ဖြုတ်တယ်။ လှည်နောက်မြီးကနေ အေးသီကို လှမ်းပေလိုက်လေရဲ့။
“အေးသီ ဒါလေးတော့ ယူသွားပါ ငါ့နှမရာ။ ငါတတ်နိုင်တာ လက်ဖွဲ့လိုက်တာပါဟာ၊ အဖိုးမတန်ပေ မယ့် တန်ဖိုးတော့ ရှိပါတယ်”
အေးသီက လှမ်းယူလိုက်တယ်။ ကြိုးကနေကိုင်ကြည်လိုက်တော့ သော့အိမ်ကလေနဲ့ သော့တံကလေး နှစ်ချောင်။ အေးသီက သောင်းစိန်ကို ကြည့်ရင်း ပြုံးရုံလေး ပြုံးပြလိုက်တယ်။ မောင်ကြိုင်က ခုမှ သောရတော့တယ်ဆိုတဲ့ ပုံစံနဲ့ အေးသီလက်ကကြိုးကို လှမ်းယူတယ်။ ဆွဲဖြုတ်ပြီး သောခလောက်ကို အေးသီ မြွေရေခွံအိတ်က ဇစ်ကွင်းကလေးမှာ ချောက်ခနဲ ခတ်လိုက်တယ်။ သောနှစ်ချောင်းကိုတော့ အေးသီ လက်ထဲ ထည်ပေးလိုက်တာပါပဲ။ အေးသီက လှည်းပေါ်က သောင်းစိန်ကို တစ်ချက်လှမ်းကြည့် တယ်။ သောင်းစိန်က ရွာဘက်ကို ပြန်နေပါပြီ။
“သော့လေးတော့ သေသေချာချာ သိမ်မှတော်ရေ့…”
“မသိမ်းလို့ ဘယ်ရလိမ့်မတုန်း….”
လှည်း ကတော့ တအိအိ သွားနေလေရဲ့။ သည်တစ်ခါတော့ မောင့်ကြိုင်စကားကို အေးသီ မရယ်ဖြစ်ပါ ဘူး။ မျက်ရည်တွေကြား ကပဲ လယ်ပြင်ကြီး ရွာကလေး ကို မြင်သလောက် လှည့်ကြည့်ရှာလေရဲ့။
(ကိုယ်တွေ့ဖြစ်ရပ် ကို ပြောပြခဲ့သော ကျွန်မ၏မောင် မောင်သိန်း (ရွှေစင်အောင်) အား ကျေးဇူးတင် ပါသည်။)
-------------
ခင်ခင်ထူး
ပြီးပါပြီ။
အဆုံးထိအောင် ဖတ်ရှူ့အားတဲ့ စာဖတ်ပရိတ်သတ်ကြီးနှင့် မူရင်းဘလော့ဂ်ပိုင်ရှင် မရွှေဇင်ဦးအားလည်း ကျေးဇူးအထူးတင်ပါသည်။
No comments:
Post a Comment