#မင်္ဂလာလှည်း
( အပိုင်း-၃)
#ခင်ခင်ထူး
“သောင်းစိန်နော် စွန်မ သမီး လင်းယုန်မများ၊ မင်းက အကောင်းလုပ်လို့”
“ဘာတုန်းဗျ၊ အမေတို့ကလည်း တစ်မျိုး”
“ဘာတစ်မျိုးလဲ နင် စွန်မသမီး အေးသီကိုကြိုက်နေဆို၊ အေးသီ နောက်တကောက်ကောက်ဆို၊ ဘာမ မို့ တုန်းတော်… ဆန်အိုးထဲ ဆန်လက်နှစ်လုံး မပြည့်တဲ့ဟာတွေ”
“အမေတို့ စကားတွေ လွန်သနော”
“ဘာလွန်ရမှာတုန်း၊ ခုံဖိနပ်စာနော်၊ ကြိုက်သံများ ကြားလို့ကတော့ ခုံဖိနပ်ကြည့်”
“ခင်ဗျားတို့က သူများချစ်ခြင်းခွဲဖို့လောက် ချောင်းနေကြတာ၊ အေးသီက ဘာဖြစ်နေလို့လဲ”
“အောင်မာ ဘာဖြစ်နေနေ၊ နင် မကြိုက်ရဘူးဆို မကြိုက်ရဘူး”
“အချစ် ကို အဲသလို ပိတ်ပင်လို့ရမလားဗျ”
သောင်းစိန်နဲ့ မအေကလည်း အေးသီကိစ္စနဲ့ တကျက်ကျက်ပါ။ အေးသီကိုကြိုက်တာ သောင်းစိန်တစ် ယောက်တည်းတော့ မဟုတ်ပါဘူး။ ကြိုက်တဲ့လူရှိကြပါတယ်။ သောင်းစိန်က အေးသီကပဲ သူ့ရည်းစား လိုလို ပြောနေတော့ တစ်ခြားကာလသားတွေက လက်လျှော့ကုန်ကြတာလည်း ပါတယ်။ အေးသီကို ပိုးလေ မရလေ၊ မရလေ ပိုးလေနေလာခဲ့ကြတာ အရွယ်တွေတောင် ရကြလှပြီ။ အေးသီဆိုရင် ဆယ့် ရှစ်နှစ် ဆယ့်ကိုးနှစ် ရှိပြီး။ သောင်းစိန်ကလည်း နှစ်ဆယ်ကျော်ပါပြီ။ အေးသီကို ဆယ့်လေးငါးနှစ်က တည်းက ကြိုက်ခဲ့တာ အခုလိုအပျိုကြီးလုံးသန် တစ်သွေးတစ်မွေးဖြစ်လာတော့ သောင်းစိန်က ပိုတောင် ရူးလာ ကြတယ်။ အေးသီတို့သားအမိခမျာလည်း ၀င်ငွေရနိုင်သမျှ စုစုကျစ်ကျစ် ရှာကြရတာကတော့ မ ထူးပါဘူး။ လတ်လတ် လောလောကလေး ၀တ်နိုင်၊ စားနိုင်ဖို့ ထည့်မတွက်ပေမယ့် အမြင်ကလေး တင့် တယ်အောင် တော့ ဆင်ရတာကိုး။ သည်လိုဆိုတော့ အေးသီက ပိုတောင်လှလာတယ်လို့ သောင်းစိန် တွက်တယ်။
“အေးသီရယ် နင့်အတွက် ငါ့မှာစောင့်စားရတဲ့ရက်တွေလည်း ကြာပါပြီဟာ၊ တောင်ထိပ်ကြာပေါက် အ နောက်နေ၀င် ပင်လယ်ပြင်ပေါ် လမ်းလျှောက်နေကြတယ်ဆိုရင်တောင်…”
“သောင်းစိန် ရွာပြဇာတ်လာမလုပ်နဲ့၊ နင့်ကို တစ်ခါတည်းပြောမယ်၊ ငါ့အမေ မရှိတော့ရင် ငါ သီလရှင် ၀တ်ဖို့ စိတ်ကူးပြီးသား အမေရှိသေးလို့သာ”
“နင့်ဟာ မဟုတ်တာ၊ နင့်အမေသေဦးတော့ ငါ ရှိပါသေးတယ်”
“နင့်ကြောက်လို့ ၀တ်မှာဟေ့”
သောင်းစိန်နဲ့ အေးသီကတော့ အခြေအနေကတော့ မပြောင်းပါဘူး။ ဒါပေမယ့် မန္တလေးကို သနပ်ခါးပို့ရ တဲ့နောက်ပိုင်း အေးသီက ပြောင်းလာတယ်။ သနပ်ခါး လက်ခံရောင်းပေးတဲ့ မတင်ကြည်တို့ဆီ အ၀င် အထွက်ရှိရာက မောင်ကြိုင်နဲ့တွေ့ပြီး ဘယ်တုန်းကမှ စိတ်မလွင့်ဖူးတဲ့ အေးသီ စိတ်ကလေးဝေ့ချင်လာ ပါရော။ လယ်ပြင်ကြီးရွာစွန်မှာ အိမ်ကုပ်ကလေးနဲ့ သားအမိနှစ်ယောက် နေရတဲ့ဘ၀က မန္တလေးမှာ အ ခြေချခွင့်ရရင် ဘ၀တစ်ဆင့်တက်ရတာပဲလို့ တွက်တာပါပါတယ်။ မအေကြီးကိုလည်း အေးသီ သနားမိ ပါရဲ့၊ ချစ်သူ နဲ့ အိမ်ထောင်ပြုရင်တောင် မအေကိုပါ ထည့်စဉ်းစားပေးမယ့် လင်သားမျိုးမှဖြစ်မှာဆိုတော့ မောင်ကြိုင့် စိတ်နေစိတ်ထားကို အရင်အကဲခတ်ရတယ်။ မောင်ကြိုင်က ရိုးသားတယ်။ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမယ့် ရာသက်ပန်သမားဆိုတာလည်း အကဲခတ်မိတယ်။ သည်ကြားထဲ မတင် ကြည် ကပါ အာမခံလိုက်သေးတာကော။
သည်လိုနဲ့ အေးသီကို မန္တလေးသား စက်ဆရာက တောင်းရမ်းတော့မယ်ဆိုတာလည်း ကြားရော သောင်းစိန် က ရွာရှေ့တောင် ညောင်ပင်ကြီးမှာ မြင်းကိုယ်စီပြင်ပါရော။ သည်သတင်းဟုတ်မဟုတ် စုံ စမ်းတယ်။ စုံစမ်းဖို့က ခက်နေတော့ ဘယ်သူ့မေးရမှန်းလည်း မသိဘူး။ မစွန်မနဲ့ အေးသီတို့သတင်းကို သည်နှစ်ယောက် ဆီကလွဲရင် တစ်ခြားဘယ်ကမှ မရနိုင်လေတော့ သောင်းစိန်သူငယ်ချင်းတွေနဲ့ တိုင် ပင်တယ်။ သည်လိုနဲ့ ထန်းရည်ဝိုင်းမှာ မနက်ည အေးသီကိစ္စချည်းပေါ့။
“ငါတော့ အေးသီကို ခိုးတော့မကွာ၊ သည်လိုမလုပ်လို့ မရတော့ဘူး။ အဲတော့ အုန်းပင်ကောက် ကို ခိုး ပြေး လို့လဲ မဖြစ်ဘူး။ ရွာချင်းက ကပ်နေတာဆိုတော့ မစွန်မ လိုက်လာလိမ့်မယ်”
“ဟ… သောင်းစိန်ရ ခိုးတယ်ဆိုတာ နှစ်ယောက်သားကြိုက်မှ ခိုးရတာလေကွာ၊ အေးသီက မင်းများ ခွေးရူး လောက်အောက်မေ့တဲ့ဟာ၊ အကုန်အဖမ်းခံနေရပါ့မယ်ကွာ”
သူငယ်ချင်းတွေက အေးသီနဲ့ သောင်းစိန်ကို တစောင်းစေးနဲ့မျက်ချေးဆိုတာ သိကြတော့သည်စီမံကိန်း မှာ မပါဝံ့ကြဘူး။ ဒါပေမယ့် သောင်းစိန်တိုက်နေတဲ့ ထန်းရည်ကလည်း ဗိုက်ကားအောင် သောက်နေရ တာ ဆိုတော့ စိတ်ကုန်အောင်လည်း မပြောဝံ့ကြဘူး။
“နေဦး မင်းက ဘာကြားလို့လဲ သောင်းစိန်ရ”
“အေးသီက မန္တလေးမှာ ရည်းစားရှိနေပြီတဲ့ကွ၊ နားစွန်နားဖျား ကြားတာပါကွာ၊ စုံစမ်းလို့လည်းမရဘူး”
“မင်းက ဘယ်က ကြားတာလဲ”
“အေးသီက ပြောတာ၊ သူ့မှာရည်းစားရှိနေပြီတဲ့၊ လာတောင်းရမ်းတော့မှာတဲ့”
“ပြီးတာပါပဲကွာ၊ ခမျာများသားအမိ ဆင်းရဲကြပါတယ်။ အချစ်ဆိုတာ ခွင့်လွှတ်ခြင်းပါတဲ့၊ မင်း ရင်အနာ ခံလိုက်ပါ သောင်းစိန်ရယ်”
“ဘာရယ်ကွ၊ ရင်အနာခံရမယ် ဟုတ်လား၊ သောင်းစိန်က တစ်ရွာသားလက်တော့ အပါမခံဘူး၊ လယ်ပြင်ကြီး သား သွေးရဲတာ ပြရချေသေးပေါ့ကွာ”
ထန်းရည်အိုး ကလည်း ပိုးလိုးပက်လက်။ သောင်းစိန်တို့ကလည်း မှောက်ခုံပက်လက်။ အရင် သတိပြန် လည်လာသူက ပုဆိုးစဆွဲပြီး ထပြန်ရာကနေ လူစုကွဲသွားကြရော။ ညနေဘက် ပြန်စုမိကြပြန်ရော။ သောင်းစိန် လည်း ထန်းရည်ဖိုးဆပ်ရတာနဲ့ ကုန်လှပြီ။ အေးသီကိုမရလေ စိတ်ညစ်လေ၊ စိတ်ညစ်လေ သောက်လေဆိုတော့ လူမှန်းမသိအောင် ဖြစ်နေပြီ။ တစ်ရက်တော့ ထန်းရည်ဝိုင်းမှာ အုန်းပင်ကောက် သား ထွန်းရီ က စကားတစ်ခွန်း သတင်းပေးတယ်။ သည်သတင်းက သောင်းစိန်အတွက် အရေးကြီးတဲ့ သတင်း။
“သောင်းစိန် အေးသီ မင်းကိုအကြိုက်တာ ငါသိပြီ၊ နတ်က လုပ်ထားတာကွ”
“ဘယ်လိုကွ ထွန်းရီ၊ ဘယ်လို နတ်ကလုပ်ထားတာတုန်း၊ ကြားလာတာ ပြောစမ်းပါကွာ”
“မင်း ပြဿနာတော့ မရှာနဲ့၊ မင်းအမေက နတ်ကတော် ဒေါ်မူကြီးနဲ့ အတားအဆီးတွေ လုပ်နေတာတဲ့၊ တို့ရွာထဲက မခင်သောင်းက မင်းတို့ရွာက နတ်ကတော်ဒေါ်မူနဲ့ ခင်လို့ ပြောရာကနေ ငါကြားလာတာ”
“လူတစ်ယောက်နဲ့တစ်ယောက် နတ်က မချစ်အောင် လုပ်လို့ရသလားကွ၊ မဟုတ်တာ”
“ရတာပေါ့ကွာ၊ မင်းတို့အိမ်မှာ နတ်စင်ရှိတယ် မဟုတ်လား၊ နတ်စင်ပေါ်မှာ နတ်ရေအိုးအသစ်ကလေးရှိ လိမ့်မယ်၊ အုန်းသီးတစ်လုံးလည်း ရှိလိမ့်မယ်၊ မယုံရင် မင်းကြည့်လိုက်”
တစ်ရွာသားက အပ်ကျမပ်ကျကြီး ပြောနေပြီဆိုတော့မှ သောင်းစိန် သူအိမ်ကနတ်စင်ကို စိတ်ကူးကြည့် လိုက်တယ်။ ဟုတ်သားပါလား။ အိုးကလေးတစ်လုံးပေါ်မှာ အုန်းသီးခွံကွာတစ်လုံး မြင်နေတာကြာပြီပဲ။ လက်စသတ် တော့ သူ့အမေက အေးသီနဲ့သဘောမတူလို့ နတ်ကတော်ခေါ်ပြီး နတ်နဲ့ခွဲခိုင်းထားတာကိုး၊ ဒါကြောင့် အေးသီ က ခါးခါးသီးသီး ဖြစ်နေပါတယ် အောက်မေ့တာ၊ ခုမှ ဇာတ်ရည်လည်ရတော့တယ် ပေါ့၊ တွေးရင်းက ဒေါသတွေဖြစ်လာလို့ နတ်စင်ရော အုန်းသီးပါ သည်ကနေ့တော့ တွေ့ကြပြီပေါ့ကွာ လို့လည်း စိတ်ထဲ တေးထားလိုက်တယ်။
“နေပါဦး အုန်းသီ တင်တယ်ဆိုတာက ဘာသဘောလဲ”
“အုန်းသီးဆိုတာ အသ လေကွာ၊ အေးသီပေါ့၊ နတ် ကို အေးသီနဲ့ ပေးစားပါတယ်ဆိုတဲ့ သဘောပေါ့”
“နတ်နဲ့ ပေးစားတော့ နတ်က မင်းနဲ့မကြိုက်မိအောင် တန်ခိုးနဲ့ တားတာပေါ့ဟ”
“ကြည့်စမ်း အမေတို့များ ကိုယ့်သားသမီးဘက်မလိုက်၊ နတ်ဘက်များ လိုက်ရတယ်လို့ကွာ”
အဲသည်နေ့က အုန်းပင်ကောက်သား ထွန်းရီကို သောင်းစိတ်က ထရေမူးအောင် တိုက်တယ်။ ကျေးဇူး တွေတောင် တင်နေသေးတာပါ။ တစ်မြူပြီးတစ်မြူသောက်ကြတာ ဘယ်နှအိုးရှိမှန်းတောင် မသိကြ တော့ပါဘူး။ သောင်းစိန်က အိမ်ပြန်ပြီး နတ်စင်ဖျက်မယ်လုပ်တော့ သတင်းပေး ထွန်းရီလည်း မူးမူးနဲ့ ပြေးရော။ အဲသည်နေ့က သောင်းစိန်က အိုးကိုရိုက်ခွဲ၊ နတ်စင်ရိုက်ချိုးလုပ်နေတော့ ဖအေက ရေထမ်း ထမ်းပိုး နဲ့ လိုက်ရိုက်တော့မှ လုံးနေအောင် ပြေးတော့တာပါ။
သည်ကတည်းက နတ်ရေစင်အိုးလည်း မရှိတော့ပါဘူး။ ဒါပေမယ့် အေးသီကလည်း သောင်းစိန်ကို မကြိုက်ပါဘူး။ သောင်းစိန် က နတ်ကို အုန်းသီးဆက်လို့မကြိုက်ခဲ့တာလို့ယုံတော့ နတ်ကတော် ဒေါ်မူကြီး အိမ်ကိုသွားတယ်။ ရေစင်ဖိုး ကန်တော့ တယ်။ အကျိုးအကြောင်းပြောတော့ ဒေါ်မူကြီးက သောင်းစိန်ဖြစ်ချင်တာကို သဘောပေါက်လိုက်ပြီ။ မအေကခိုင်းလို့ အုန်းသီဆက်ခိုင်းသလိုပဲ သောင်းစိန်က ရေစင်ဖိုး ဆက်တော့လည်း အဆောင်ပေးပြန် ရော။ သော့အိမ်တစ်လုံး ဆောင်ရမတဲ့။ အေးသီက ပြန်မကြိုက်ရင် မင်း ကြိုက်သလိုပြောဆိုပြီး နတ်ကတော်က အာမခံလိုက်တော့ သောင်းစိန်ကလည်း ယုံတယ်။
“သော့အိမ်ဆိုတာ ဘာတုန်းဗျ”
“မောင်သောင်းစိန်ကလဲ အသကို… သအနဲ့ ပြန်တိုက်တာဟဲ့”
“နားမလည်ဘူးဗျ”
“အေးသီက အသ၊ သော့အိမ်က သအ၊ အုန်းသီး ကို သော့အိမ်နဲ့ ကက်ကင်းပြန်ရိုက်တယ်ခေါ်တယ်။ သော့အိမ် သေးသေးရှာပြီး မင်းလည်ပင်းဆွဲရမယ်။ သည်အတိုင်းတော့ မစွမ်းဘူးပေါ့။ ငါရွတ်ဖတ်ပြီး အသက်သွင်း ပေးမယ်။ သုံးဆယ်ခုနစ်မင်း အပ်ရမှာဆိုတော့ ငွေသုံးရာ့ခုနစ်ဆယ်တင်ရမယ်”
“တင်တာဟုတ်ပါပြီ။ ချက်ချင်း ထကြိုက်ပါ့မလား”
“ဟဲ့ နတ်ဆိုတာ မှိုင်းမှိုင်းပြီး မတာဟဲ့။ ဒါကြောင့် မှိုင်းမတယ်ပြောတာ။ အေးသီ မင်းဘက်မပါတော့ ငါ့ ပြောလှည့်… နတ်ဟဲ့၊ အာဂမှတ်နေသလား”
အဲသည်နေ့ကစပြီး သောင်းစိန်လည်ပင်းမှာ သော့တံနှစ်ချောင်းပူးနဲ့ သော့ခလောက် ကလေးတစ်လုံး ဆွဲထားလေရဲ့။ ဒါပေမယ့် သော့ခလောက်ကလည်း မစွမ်းတော့ပါဘူး။ အေးသီကို မနက်ဖြန်သန်ဘက် မန္တလေး က ကားနဲ့လာတောင်းတော့မယ်ဆိုတဲ့ သတင်းက ရွာထဲပြန့်နေပြီ။ ရွာမှာ ပျာနေကြတဲ့နှစ် ယောက်ကတော့ မစွန်မနဲ့ သောင်းစိန်ပါပဲ။ မစွန်မက မြို့လာကြမယ့် ဧည့်ကျွေးဖို့၊ မွေးဖို့ရှာရပြီ။ သောင်းစိန် ကတော့ သော့ခလောက်တောင် ဆွဲဖြုတ်ပြီး လွှင့်ပစ်ချင်ပြီ။ တစ်နေ့လုံး ထရေတဲက မထ တော့ဘူး။ ရင်တွေ လည်း ပူလှပြီမဟုတ်လား။ သည်ရက်ထဲ တစ်ခုခုတော့ လုပ်ကိုလုပ်ရတော့မှာကိုး။ အုန်းပင် ကောက်သားတွေက မူးလာတော့ သောင်းစိန်ကို မြှောက်ပေးကြရော။
“အဲသည်နေ့လာတဲ့ကားကို တို့လူစု ရွာထိပ်က ဆီးရိုက်ကြရုံပေါ့ကွာ၊ လွယ်လွယ်လေးပါ”
“မင်းတို့ပါရင် ချရုံပေါ့ကွာ၊ လယ်ပြင်ကြီးသား သွေးရဲတာ ပြလိုက်စမ်းမဟေ့”
အဲသည်နေ့က သောင်းစိန်တို့ ထရေမူးလိုက်ကြတာ လူမှန်းမသိကြဘူး။ ထန်းတဲထဲမှာတင် တုံးလုံးပက် လက် ဖြစ်ကုန်ကြပြန်ရော။
(၈)
ကိုချစ်တိုးတို့ သည်တစ်ခါတွေ့ရတဲ့ချောက်က တော်တော်ကြီးတယ်။ တော်သေးတာပေါ့။ နွားသမား တွေနဲ့ တိုက်တိုက် ဆိုင်ဆိုင်တွေ့လို့။ သည်ချောက်ကြီးက တာလမ်းကျိုးရာကနေ အဟကျယ်သွားပုံပေါ် ရဲ့။ ဖို့မြေ ဆိုတော့ အိအိကျရာက ဗွက်ကြီးကျယ်ပြီးအထဲမှာ ဗွက်လည်နေတာမျိုးပါ။ တစ်ဖက်ကိုရောက် ဖို့က လွယ်လွယ် နဲ့ မဖြစ်လောက်ဘူးဆိုတာတော့ သေချာနေပြီ။ လူတွေက ထမင်းမစားကြရသေးဘူး။ ရေ၀အောင် မသောက်ကြရသေးဘူး။ တော်သေးတယ်ခေါ်ရမယ်။ ကားလမ်းတစ်ဖက်မှာ အိုင်ဖြစ်နေရာ က ရေတွေ ၀ပ်နေတာ ရေပုံးကြီးနဲ့ နှစ်ထမ်းသုံးထမ်းလောက် ရှိလိမ့်မယ်။ ရေကလည်း ကြည်ပြီး စိမ်းနေ လို့ သောက်မယ် ဆိုရင်တောင် သောက်ချင်စရာကိုး။ ကိုကျော်သန်းရော၊ ကိုချစ်တိုးရော၊ လူဝကြီး ဦး မှတ်တင် ရော၊ တရုတ်ကြီး ဦးဝိန်ရော၊ ကျောင်းဆရာကြီး ဦးကျော်ဒွန်းရော လက်ခုပ် နဲ့ ခပ်ခပ်သောက်ကြ ဇက်ပိုး ရေဆွတ်ကြ၊ ရေဘူး တွေထဲ ဖြည့်ကြ လုပ်ကြတယ်။
တစ်လျှောက်လုံး စကားတစ်ခွန်းမှမပြောဘဲ ပေါင်ပေါ်ကန်တော့ပွဲကြီးတင်ပြီး တင်ပြင်ခွေထိုင်လိုက်လာ တဲ့ ကိုကျော်ဝင်းတောင် ကန်တော့ပွဲကြီး ကားခေါင်းအမိုးပေါ်တင်ပြီး ဆင်းလာတယ်။ မျက်နှာသစ်၊ ရေ သောက်၊ နွားသမားတွေက မဆိုးကြပါဘူး။ လမ်းကျိုးထိပ်ထိုင် ဆေးလိပ်ဖွာကြရင်း သူတို့အချင်းချင်း တိုင်ပင်နေကြတယ်။ ကားက သည်နေရာကဆင်း၊ ဟိုနေရာကို မော့တက်ရမယ်။ ကားဆင်းမယ့်နေရာ နဲ့ မော့ တက်ရမယ့်နေရာမှာ မြေခဲမာမာကြီးတွေချရမယ်။ မောင်ကြိုင်ကတော့ သူ့တိုက်ပုံနဲ့ လည်ကတုံး အင်္ကျီ မှာ ရွံ့တွေပေလှပြီဆိုတော့ ချွတ်မနေတော့ဘဲ လက်တွေပင့်တင်တယ်။ ပုဆိုးကိုတိုတိုဝတ်တယ်။ ဗွက်ထဲဆင်း၊ ခြေထောက်နဲ့ စမ်းစမ်းပြီး မြေမာရှာတယ်။ ဗွက်က ခြေကျင်းဝတ်မြုပ်တယ်ဆိုတော့ မြေ မာခဲ တော်တော် ထည့်ရမယ်ဆိုတာ သေချာသွားပြီ။ နွားဆရာက တွက်ချက်ပြီးသွားပုံနဲ့ သူ့စိတ်ကူးကို ပြောတယ်။
“ကိုင်း ကားဆရာ၊ လူအားနဲ့ လမ်းဘေးက မြေစိုင်ခဲတွေ ကားဘီးရာ အတိုင်းချရမယ်။ ခင်ဗျားတို့ကြည့် ရတာ လူနုတွေနဲ့ တူပါတယ်ဗျာ၊ ကျုပ်တို့ပဲ လုပ်ပါ့မယ်”
“ဟာ… မဟုတ်တာဗျာ၊ ကျုပ်တို့ရော လုပ်မှာပေါ့”
“ဗြုန်း”
ဧရာမမြေစိုင်ခဲကြီးတစ်လုံး ဗွက်ထဲကျသွားသံပါ။ နွားသမားတစ်ယောက်က မပြောမဆိုနဲ့ မြေစိုင်ခဲကြီး ပွေ့ တဲ့ပြီး ပစ်ချလိုက်တာ ဗုံးများကျသလို ကျသွားရာက ဗွက်တွေနဲ့ ရွှံ့ရည်တွေ လူ့တစ်ရပ်ကျော်ကျော် လောက် ထခုန်ပါလေရော။ အနားရှိသမျှလူတွေလည်း ရစရာမလိုတော့ပါဘူး။ မျက်နှာ၊ နဖူးကအစ ၀တ်ထားတဲ့ အင်္ကျီ၊ ပုဆိုးတွေုပါ ချက်ချင်းပေပွကုန်တော့တာပါ။ ကိုချစ်တိုးက နွားသမားကို ဒေါသနဲ့ထိုး မယ် ကြိတ်မယ်လုပ်ပြီးမှ စိတ်ကိုဘရိတ်အုပ်ရတယ်။ ဒင်းတို့မရှိလို့မဖြစ်သေးဘူးလို့ တွက်မိလို့သာပေါ့။ အဆိုးဆုံး ကတော့ သတို့သားမောင်ကြိုင်နဲ့ လူဝကြီး ဦးမှတ်တင်ပါ။ တာလမ်းကျိုးထဲက ထခုန်လိုက်တဲ့ ဗွက်ရည်တွေဆိုတာရစရာမရှိဘူး။ အားလုံးစောစောက အိုင်ကလေးမှာ မျက်နှာသစ်ကြရတော့တာပေါ့။
“နင့်မေကလွှား သောက်ရမ်းလုပ်ရသလားဟ၊ မင်းကွာ”
နွားဆရာ ကတော့ ငေါက်ပါရဲ့၊ မြေစိုင်ခဲပစ်ချတဲ့ နွားသမားက အရေးတောင်မလုပ်ဘူး။ နောက်ထပ်မြေ စိုင်ခဲတစ်ခဲ ပွေ့လာပြီး စောစောကလိုပဲပစ်ချပြန်ရော။ ဗြုန်းခနဲ ကျသွားတဲ့အရှိန်နဲ့ ဗွက်ရည်တွေ ထခုန် ပြနရော။ သည်တစ်ခါတော့ ဒေါ်ငွေနဲ့ ကိုကျော်ဝင်းတို့နှစ်ယောက်စလုံး ယွန်းခွက်များ သစ်စေးသုတ် လိုက် သလို မည်းခနဲ ညစ်ပတ်ကုန်တော့တာပဲ။
“ဟယ်… သေနာကျ၊ ဘယ့်နှယ် မပြောမဆို တွန်းလုပ်နေတာတုန်း၊ တော်ကလဲ တပည့်လက်သားကို ဆုံးမ ဦးမှပေါ့၊ ကောင်းသေးလား ပေပွကုန်ပြီ”
ဒေါ်ငွေ က နွားသမားခေါင်းဆောင်ကိုငေါက်တော့ နွားသမားခေါင်းဆောင်က သူ့လူကိုခါးလိုက်ဆွဲတယ်။ ဒါတောင် နောက်ထပ် မြေစိုင်ခဲတစ်ခဲ ပွေ့ထားပြီးနေပြီ။ အသာအယာချဖို့ လက်ဟန်၊ ခြေဟန်နဲ့ လုပ်ပြ တယ်။ ကိုကျော်သန်း တို့ကိုလည်း တောင်းပန်ရတာပေါ့။
“ဒီကောင်က နားလည်းမကြားဘူး။ စကားလည်း မပြောတတ်ဘူး။ လူကလည်း ကြောင်တောင်တောင် ရယ်၊ တစ်ခါ သူများနွားဖြုတ်ဆွဲလာလို့ ကံကောင်းလို့ ကျုပ်တို့ အရိုက်မခံရတာဗျို့၊ တောင်းပန်ပါတယ် ဗျာ၊ နေပါဦး ခင်ဗျားတို့က ဘယ်သွားကြမှာတုန်း”
“မင်္ဂလာဆောင် အမြန်းသွားကြမှာပါဗျာ၊ ဒုက္ခရောက်ချင်တော့”
“ကိုင်း… ကိုင်း ဒါဆိုလည်း သွက်သွက်လုပ်လိုက်ကြရအောင်”
တစ်ယောက်မြေစိုင်ခဲတစ်တုံးနဲ့ အတုံးပေါင်း တော်တော်သယ်ချလိုက်တော့ ပင်လယ်ထဲကျောက်တန်း ပေါ်သလို ကားဘီးနှစ်နေရာစာ မြေစိုင်ခဲအတန်းနှစ်တန်းပေါ်လာတယ်။ ကားတက်နင်းရင် ပြားသွားမှာ သေချာနေတော့ နောက်ထပ်နှစ်တုံးစီ လိုက်ဖြည့်ကြရတယ်။ ကျောင်းတုန်းက ကျောင်းတက်ခေါင်း လောင်းတောင် ထမထိုးတဲ့ ကျောင်းအုပ်ဆရာကြီးကလည်း နိုင်သလောက်သယ်ရရှာတယ်။ ကိုချစ်တိုး နဲ့ ကိုကျော်သန်း ကတော့ မြေစိုင်ခဲတွေ ပွေ့ပွေ့ချရတာနဲ့ ရင်ဘတ်နဲ့ပုဆိုးမှာ မြေနီစေးတွေ အင်္ဂတေသ ရွက်ကိုင် ထားသလို ဖြစ်နေတယ်။ မောင်ကြိုင်ကတော့ အပင်ပန်းဆုံးပေါ့။ ခေါင်းတွေရော၊ မျက်နှာတွေ ရော၊ အင်္ကျီတွေရော၊ ပုဆိုးတွေရော၊ လူရုပ်တောင် မပေါ်တော့ဘူး၊ အဲသလိုနဲ့ ကားနင်းကြည့်လိုက် မြေစိုင်ခဲတွေ အိသွားလိုက်၊ ကားကို နောက်ဆုတ်လိုက်တော့ ကားခေါင်းပေါ်တင်ထားခဲ့တဲ့ ကန်တော့ပွဲ က ပြုတ်ကျ ပါလေရော။
“ဟာကွာ ကန်တော့ပွဲတင်ထားခဲ့တာ ခေါင်းထဲမေ့သွားသကွာ၊ သွားရောဟ”
တစ်လမ်းလုံး စကားမပြောခဲ့တဲ့ ကိုကျော်ဝင်း။ ကန်တော့ပွဲကို ကားကြမ်းပေါ်တောင်မချဘဲ တင်ပျဉ်ခွေ ထိုင်ပြီး ပေါင်ပေါ်တောက်လျှောက်တင်လာတဲ့ ကိုကျော်ဝင်း။ ကားပေါ်ကဆင်းတော့ ကားခေါင်းခန်းအ မိုးပေါ် အသာတင်ထားခဲ့တာမှာ ကားက ရှေ့တိုးနောက်ဆုတ်လုပ်တော့ ကားပက်လက်ထဲ ပြုတ်ကျက ရော။ အုန်းသီးတခြား၊ ကြွက်မြီးတခြား၊ ငှက်ပျောသီးတွေကလည်း သုံးဖီးသုံးနေရာ။ အလုံးပြုတ်တာက ပြုတ် ကုန်ကြပြီ။
“ပြုတ်ပေစေဗျာ ကိုကျော်ဝင်း နေပစေတော့၊ ရှိတာနဲ့ တောင်းမြန်းရုံပေါ့။ ရွာက အုန်းငှက်ပျော လွယ်မှာ ပါ”
“မလွယ် တော့လည်း ကြွေဇလုံးကြီးချ တောင်းမြန်းရုံပေါ့”
ကိုချစ်တိုး က ကိုကျော်ဝင်း စိတ်မကောင်းဖြစ်သွားမှန်းသိလို့ ဖြေပြောပြောတာကို ဦးမှတ်တင်က ၀င် ဖြည့် လိုက်တာပါ။ နွားသမားသုံးယောက်က တောသူတောင်သား လူကြမ်းတွေဆိုတော့ သန်လိုက်တာ ကလည်း မပြောပါ နဲ့တော့။ တွန်းလိုက်၊ ဆုတ်လိုက်၊ မြေစိုင်ခဲတွေဖို့လိုက်၊ ကားနစ်သွားတော့ လမ်းဖော် လိုက်၊ တွန်းလိုက် နဲ့ တစ်ဖက်ထိပ်ကိုရောက်ကာနီး ဘယ်လိုမှတက်မရတော့ဘူး။
နွားးသမားတွေလည်း ချောက်ထိပ်ထိုင်ပြီး ဆေးလိပ်ဖွာကြပြန်သည်။ မြေထပ်ဖို့သူဖို့ပြီး ကားကလည်းညှစ်၊ လူတွေ ကလည်း ပြိုင်တူညှစ်ကြတော့မှ ကားကမတက်ချင်တက်ချင် တက်သွားရော။ ကားပေါ်က ငှက်ပျောသီး၊ အုန်းသီး တွေလည်း ဆန်ကောထဲက ဆီးဖြူသီးတွေလို ကားရှေ့နဲ့နောက် ခလောက်ဆန်လို့။ သည်ချောက် ကို ကားတက်လိုက်နိုင်တာ လယ်ပြင်ကြီးရောက်သွားသလို ခံစားကြပုံပေါ်ပါရဲ့။ ဝေးခနဲ အော် လိုက်ကြတာ။ သည်တော့မှ ရယ်နိုင်မောနိုင်ကြတော့တယ်။ နွားဆရာက ပြန်ချင်ပြီ။ သူတို့ခမျာလည်း ချလိုက် ချလက် များကျလို့။ လူတွေလည်း ရွှံ့လူးထားတဲ့အတိုင်းပဲ။ နဂိုညှိထားတဲ့ဈေးမဟုတ်တော့ပါဘူး။ ကိုကျော်သန်း က ရှစ်ထောင်ဖြည့်ြ့ပီး နှစ်သောင်းပေးလိုက်တယ်။
“ကျေးဇူးတင်ပါတယ်ဗျာ၊ ခင်ဗျားတို့နဲ့သာမတွေ့ရင် ကျုပ်တို့တော့ ရွာလည်ပြီ”
“ရွာလည်ရုံဘယ်ကမှာတုန်း… ရွာထဲ ညအိပ်ရမှာ”
နွားသမား တွေက တစ်ယောက်ငါးထောင်စီရသွားကြတော့ နှုတ်ဆက်ပြီးပြန်ကြရော။ မထူးပါဘူး။ ကား ကလည်း ရစရာမရှိတော့ပါဘူး။ ညှစ်ညှစ်ရုန်းရလို့ အင်ဂျင်တွေလည်း နာလှရော့မယ်။ လူတွေကတော့ လမ်းဘေးက မြေခြောက်ခြောက်မာမာမှာ ပိုးလိုးပက်လက်လန်နေကြပြီ။ ရေအိုင် ထဲက ရေကြည်ခပ် ထားတာ ရှိတော့ ရေကတော့ သောက်ကြရပါတယ်။ ကိုချစ်တိုးက ကားထောင့်မှာ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထား တဲ့ အထုပ်ကြီးကိုဖြည်တယ်။ မင်္ဂလာဆောင်မှာ ရဟန်းသံဃာကပ်ဖို့ရော၊ ရွာလူကြီးတွေ ဧည့်ခံဖို့ရော ထည့်ပေးလိုက်တဲ့ မုန့်တွေထဲက အေးလမုန့် တစ်တွဲဆွဲထုတ်ပြီး တစ်ယောက်တစ်ခုဝေ တယ်။ သူလည်း တစ်ခု ကို နှစ်လုတ်နဲ့ ကုန်အောင်စားပြီး နောက်တစ်ထုပ်ဆွဲထုတ်ပြန်ရော။
“ချစ်တိုးရ… ဘုန်းကြီးကပ်ဖို့ဆို… ငရဲများကြီးနေပါ့မကွာ…”
“ဦးဦးဖျားဖျား ဖယ်ထားပါတယ်၊ ဒါကတော့မထူးဘူးဗျို့၊ ငရဲပြည်ကျတော့မှ ကြည့်ရှင်းရမှာပဲ၊ တွယ်သာ တွယ် ဆာလိုက်တာဗျာ”
ဘာမှ မစားရတုန်းက သည်လောက်ဆာတယ် မထင်မိဘူး။ စားတော့မှ တစ်ခုလည်း အာသာမပြေ၊ နှစ်ခုလည်း မ၀။ ကျောင်းဆရာကြီးက မုန့်ကလေးတစ်ဖဲ့စားရင်း သူ့တိုက်ပုံနဲ့အင်္ကျီကို ငုံ့ကြသည့်တယ်။ ဗွက်ရေ တွေ ပေကျံနေလိုက်တာ ၀ပ်ရှော့ဆရာရဲ့စက်ခုံကမှ သန့်သေးတယ် ပြောမရမလောက် ဖြစ်နေ ပြီ။ နှမြော ပုံလည်း ရပါရဲ့။
“ကျော်သန်း… တိုက်ပုံနဲ့အင်္ကျီတစ်ထည်တော့ မန္တလေးရောက်ရင် ၀ယ်ကန်တော့ဦးကွာ၊ ငါ့မှာကောင်း တာ ဆိုလို့ သည်တစ်စုံရှိတာ၊ လျှော်လို့လဲ မကောင်းနိုင်တော့ဘူး”
“စိတ်ချပါ ဆရာကြီး ရာ အားလုံးအတွက်ကို စဉ်းစားထားပါတယ်”
မုန့်လေးနှစ်ခုစီနဲ့ ရေနှစ်ကျိုက်စီလောက် သောက်လိုက်တော့ ၀မ်းကလေးတောင့်သွားရော။ ကိုကျော် သန်း လည်း ကားပေါ်တက်ပြီ။ စက်နှိုးတော့ မရတော့ဘူး။ တော်ပါသေးရဲ့ ၀ိုင်းတွန်းလိုက်တော့ ၀ူးဆို နိုး သွားတယ်။ ကားပေါ်ရောက်တော့ အုန်းသီးကြွတ်မီးကျွတ်နဲ့ ငှက်ပျောသီးကြွေတွေ ဇလုံထဲစုကျုံး ထည့်ပြီး ထောင့်ကပ်ထားလိုက်ကြတယ်။ ရပြီဆိုတော့ ကားလည်းထွက်ရော။ ဘယ်ကသွားသွား လမ်း သုံးမွှာဘိုးထော် ဇရပ်ရောက်တယ်ဆိုတဲ့စကား ကြားထားတော့ ရှေ့မှာတော့ ဘိုးထော်ဇရပ်တွေ့ ကောင်းရဲ့ ဆိုပြီး ဆက်မောင်းလာကြတာပါ။ ရှေ့ကိုလှမ်းကြည့်တော့ ဇရပ်ဆိုလို့ ရိုးရိုးရိပ်ရိပ်တောင် မတွေ့ရဘူး။ ညနေနှစ်ချက်ထိုးပြီးစ နေက ကျောကွဲအောင် ပူနေတာတောင် ဂရုမစိုက်နိုင်ကြဘူး။ ဘိုး ထော်ဇရပ် ဆိုတာကို မျှော်မျှော်ကြည့်ကြတယ်။ နေပူကြောင့် ပေနေတဲ့ရွှံ့ရည်တွေက ခြောက်ခြောက် လိုက် လာတော့ သနပ်ခါးလိမ်းထားသလို ကွက်ကျားတွေ ရိုက်ကြလို့။ ကားပေါ်ကလူတွေကြည့်ပြီး ကိုချစ်တိုး က ငိုချင်းချတယ်။
“ပွေချက်ကယ်ဖန်၊ ရွှေသက်ပြန်မရှိုက်နိုင်ဘု၊ ဆူလှိုင်ကြုံနွမ်း… စွေ့စွေ့ရယ်ခုန်၊ မြေ့မြေ့လေး မသေရုံ ပ၊ ရဝေလှိုင် ခိုင်ပုလဲမှာရှင်… အမယ်လေး ချွဲဆိုက်ခမန်း”
သည်တစ်ခါ ကားထွက်လာတော့ မွန်းလွဲတဲ့ဘက်ရောက်ပြီဆိုတော့ ရောက်ချင်တဲ့အချိန်မှရောက်ဟာ ဆိုတဲ့ စိတ်ကလေးတွေ ၀င်နေပြီ၊ သေချာပြီလေ၊ ခရီးပေါ်မူတည်ပြီး သန်းခေါင်ထက်တော့ ညဥ့်မနက် နိုင်တော့ဘူးကိုး။ ဗိုက်ကလေးကလည်း အဆာခံပြီ။ ရေကလည်း လမ်းဘေးအိုင်ထဲကရေဆိုပေမယ့် ချို လို့၊ အေးလို့ ဆိုတာ လို ၀မ်းထဲအာသာပြေကြပြီ။ သည်တော့ အသံပြန်ထွက်လာကြသည်။ အသံတောင် မက ပါဘူး။
ငိုချင်းတွေ ဘာတွေပါ ချသူကချပြီဆိုတော့ အားကျမခံ ပြန်ဆိုသူလည်း ဆိုကြတယ်။ မောင်ကြိုင်လည်း စိတ်ကလေး ပေါ့သွားရတယ်။ မင်္ဂလာကိစ္စနှောင့်နှေးခဲ့ရပေမယ့် အခြေအနေအဖြစ် အပျက်ကိုပြောပြရင် ကျေနပ် ကြလိမ့်မယ်လို့ ထင်ပါရဲ့။ ပေကျံနေတာတွေလည်း ဖျက်မနေတော့ဘူး။ အေးသီတို့ လယ်ပြင်ကြီး ကိုလည်း ရောက်ချင်လှပြီ။ ချစ်သူ ဘယ်လောက် ၀မ်းနည်းပက်လက်ဖြစ်နေရှာ ပါလိမ့်။ ဘယ်လောက် တောင် ရွာထဲ၊ ရပ်ထွဲ၊ မျက်နှာပျက်နေရှာမှာပါလိမ့်။ ရပ်ရွာကနောက်ထား၊ သူ့အမေ မစွန်မ ကိုယ်တိုင်က ဘယ်လောက် ထိုးလိုက်၊ သုတ်လိုက် လုပ်နေမှာပါလိမ့်စသည်ဖြင့် တွေးနေမိ သည်။ ကိုချစ်တိုးက ခုမှတော့ မထူးပါဘူး ဆိုတဲ့စိတ် နဲ့ မောင်ကြိုင်ကို ပြန်ချော့တယ်။
“မောင်ကြိုင် ဘာတွေတွေးနေတာတုန်း ငါ့ကောင်ရ”
“အေးသီ ဆီ စိတ်ရောက်နေတာပါ လေးချစ်တိုးရ… ကျုပ်တော့ ရွာဝင်ရင် ပြဿနာတက်တော့မယ် ထင်ပါရဲ့”
မောင်ကြိုင် စိတ်ဆင်းရဲနေမှန်းသိတော့ လူဝကြီးဦးမှတ်တင်က ၀င်နောက်ရော။
“ရွာဝင် ဘယ်ကမလဲ ရွာထိပ်ကတည်းက မင်းကိုရုက္ခစိုးဖမ်းစားတော့မှာ၊ သည်ရွာတွေများ မင်းက ပေါ့ ပေါ့ မှတ် လို့၊ လူတွေရိုးသားကြသလောက် အစော်ကားမခံကြဘူးကွ၊ ရိုက်လွှတ်တဲ့ ရွာတွေ”
လူဝကြီး ဦးမှတ်တင်စကားကြားတော့ မောင်ကြိုင့်မျက်နှာ ဇီးရွက်လောက်ရှိတော့တယ်။ သူတွေးနေ တာနဲ့ တစ်ထပ်တည်း ကျနေတာကိုး။ အားကိုးအားထားသဘောနဲ့ ကိုချစ်တိုးကို လှမ်းကြည့်တယ်။ ကို ချစ်တိုး ကလည်း မျက်နှာမကောင်းတဲ့ပုံ လုပ်ပြရင်း သက်ပြင်းချတယ်။
“ငါတို့ကတော့ မင်းကို ရွာထိပ်ချခဲ့ပြီး ပြန်ကြမှာမောင်၊ ရောယောင် အရိုက်မခံနိုင်ဘူး။ ဒါမျိုးက ရွာကို စော်ကားရာ ကျတာကိုးကွ”
မောင်ကြိုင် က မြေကျင်းဖို့တုန်းက ချွေးသီးချွေးပေါက်မျိုး ပြန်စို့လာတယ်။ တရုတ်ကြီးဦးဝိန်ကို အကဲ ခတ်ပြန်ရော။
“မင်းက မိန်းမယူမယ့်ကိစ္စ မေးမေးမြန်းမြန်းမရှိဘူး။ ကိုယ်ယူမယ့် မိန်းမရွာ ဘယ်မှန်းမသိပဲနဲ့များ မိန်းမ တောင်း ပေးဖို့ ခေါ်တာများကွာ၊ မနက်ဆယ်နာရီလား ညဆယ်နာရီလား၊ မင်းသေချာအောင် မမေးဘူး နဲ့ တူတယ်”
“မနက် ဆယ်နာရီပါ လေးဝိန်ရဲ့”
သည်စကားကြားတော့ လူဝကြီး ဦးမှတ်တင်က မောင်ကြိုင့် ဇက်ပိုးကို လှမ်းအုပ်တယ်။
“ဒါလား မနက်ဆယ်နာရီ၊ ဟင် ခွေးကောင် မင်းပြဿနာ မင်းရှင်းနော်၊ ငါ့ကိုယ်ကြီးနဲ့ မပြေးနိုင်ဘူးနော် မောင်…”
တစ်ယောက်တစ်မျိုး ပါပဲ။ မောင်ကြိုင့်ကို စရင်း လိုက်လာကြတယ်။ ကားက အနိမ့်ထဲကိုဆင်းသွားတယ်။ လမ်းက လမ်းကြမ်းပေမယ့် သွားလို့တော့ဖြစ်တယ်။ ချောက်ကြီး၊ ချိုင့်ကြီး၊ ကျင်းကြီး၊ နက်ကြီးမရှိတော့ ဘူး။ ရှေ့မှာ သစ်ပင်စုစုကလေးတွေ တွေ့ရပြီ။ ဝေးသေးတယ်ဆိုပေမယ့် သည်လမ်းအတိုင်းဆိုရင် တော့ သစ်ပင်စုစု ကိုရောက်ဖို့ သိပ်မလိုတော့ဘူး။ သစ်ပင်စုစုကလေးနဲ့အတူ အဆောက်အဦးကလေး လိုလို လည်း တွေ့ရလို့ ဘိုးထော်ဇရပ်ဆိုတာများလားလို့ ကိုကျော်သန်းက တွေးတယ်။ နောက်က ကို ချစ်တိုး ကို လှမ်းအော် တော့ အားလုံးက လှမ်းကြည့်ကြရော။
“ဘိုးထော်ဇရပ်နေမှာ ကိုကျော်သန်း၊ ဒါဆိုရင်တော့ အဆင်ပြေပြီ မဝေးလောက်တော့ဘူး”
မောင်ကြိုင်လည်း ခုမှပြုံးနိုင်တော့တယ်။ ပက်လက်ကား ဆိုတော့ ကားပေါ်မတ်တတ်ကြီးရပ်ပြီး သစ်ပင် စုစုကို လှမ်းကြည့်သည်။ အနောက်နေကလည်း ထိုးနေတော့ နေရောင်ကို လက်နဲ့ကာကြည့်ရတာပါ။ သူတို့ လမ်းမှားလာတာထားတော့။ အခုက ဘိုးထော်ဇရပ်ကိုတွေ့ရပြီဆိုတော့ လယ်ပြင်ကြီးကိုမေးလို့ရ ပြီပေါ့။ ဒါဆိုရင် အေးသီတို့ရွာကို နေ၀င်ချိန်လောက် ရောက်နိုင်ပြီပေါ့။ မောင်ကြိုင့်မှာ အူတွေပါမြူးလာ ရာက ဟီးခနဲ ရယ်ပြီး ပြန်ထိုင်ချတယ်။
“လေးချစ်တိုး ရောက်တော့မှာဗျ။ ဟီး… ဟီး…”
“နေ၀င်ချိန်နဲ့တာ အတော်ပါပဲကွာ၊ မင်းကို တောင်စွယ်နေကွယ်ချိန် ပါးကွက်အာဏာသားတွေက လက်ပြန်ကြိုး တုပ်မှာနဲ့”
“လေးချစ်တိုးကလည်းဗျာ လူမှကြောက်ရတဲ့ကြားထဲ မဦးမချွတ်”
“မကြောက်နဲ့ငကြိုင် မထူးဘူး။ ငါတို့လည်း နွားခိုးတွေ အတွဲလိုက်ဖမ်းသလို တစ်ကြိုးတည်းစု အတုပ်ခံ ရမှာပဲ၊ ပျော်ပျော်ပါးပါးပေါ့ကွာ”
မောင်ကြိုင်က မကျေနပ်သေးပုံနဲ့ ကားပေါ်က မတ်တတ်ထရပ်ပြန်ရော။ သေချာပါပြီ။ သစ်ပင်တွေကြား က အဆောက်အဦးလေး ကို သဲသဲကွဲကွဲတွေ့ရပြီလေ။ ဘိုးထော်ဇရပ်ဆိုတာ နေမှာ။
(၉)
လယ်ပြင်ကြီးက မစွန်မတို့အိမ်ရှေ့မှာ ခုံဝိုင်းကြီးနှစ်လုံးချပြီး ချက်ထားပြုတ်ထားတွေကို ဖိတ်ထားတဲ့ လူကြီး တွေ ချကျွေးပြီးလို့ မီးခိုးတိတ် သိမ်းဆည်းပြီးသွားတာတောင် မိန်းမမြန်းလာမယ့်ကားဆိုတာကို အမြီး တောင် မမြင်ရသေးဘူး။ မစွန်မက မျှော်လည်း မမျှော်တော့ပါဘူး။ တစ်သက်လုံး သည်မအေ သည် သမီး ရင်အုပ်မကွာနေလာခဲ့ကြတဲ့ကြားက သမီးဖြစ်သူအတွက် မျက်နှာပျက်စရာဖြစ်လာတာကို တော့ မစွန်မ စိတ်မကောင်းဖြစ်ရတယ်။ မရှိတာကို မရှိသလို နေနိုင်ခဲ့ပါရဲ့။
စားတာ လူမမြင်ဘူး။ ၀တ် တာ လူမြင်ပါတယ်လေဆိုပြီး သမီးပျိုကို ရသလောက်နဲ့ ဆင်ခဲ့တယ်။ နေပူစပ်ခါး ဒီးတိုက်ပြီး လုပ်ကိုင် စားသောက်ခဲ့ရတယ်။ အေးသီက ဖအေကံဆိုးရှာသလို မစွန်မကလည်း လင်ကံဆိုး ခဲ့ရှာတာပါပဲ။ ဖအေ ဆုံးတော့ အေးသီကလေး ပထွေးနဲ့နေရချေရဲ့ ငါ့သမီးလေး စိတ်ဆင်းရဲ ချေရဲ့ဆိုတဲ့စိတ်နဲ့ တစ်ပင်မထူ ခဲ့ဘူး။ သမီးကလည်း လိမ္မာပါတယ်။ ရွာထဲရပ်ထဲ ကိုယ့်ရွာ၊ သူ့ရွာကလည်း မုဆိုးမ သမီးရယ်လို့ ခြေတင် လက်တင်လုပ်ချင်ကြတာလည်း သိသားပဲ။ မစွန်မက အထိမခံသလို အေးသီ ကလည်း လေချွန်မခံ ပါဘူ။ မအေဆိုတော့ နာမည်နဲ့လိုက်အောင် စွန်မကြီးလိုအုပ်ခဲ့တာကလား။ ဆင်းရဲ ပေမယ့် စာဂကောင်း ကြတာရော၊ ရပ်ရွာက စောင့်ရှောက်ကြတာရောဆိုတော့ လူရောဝမ်းပါ လုံခြုံခဲ့တယ်။
အခုအဖြစ်ကတော့ မစွန်မခမျာ မိုးကြိုးပစ်ခံရသလို ဖြစ်ခဲ့ရတယ်။ သမီးပျိုကို လာရောက်တောင်းမြန်းပါ့ မယ် ဆိုပြီး မလာတဲ့အဖြစ်ကတော့ ရှက်စရာကောင်းသလို စိတ်မကောင်းစရာလည်း ဖြစ်ရတယ်။ မိန်းမပျို တစ်ယောက် အနေ နဲ့ ခေါင်ညွှန့်အဆိတ်ခံရသလို ဖြစ်ရပြီ။ ရပ်ရွာကလည်း အခြေအနေကို အကဲခတ် နေဟန် တူပါရဲ့။ တစ်မိသားနဲ့ တစ်မိသား ကိုယ်ရေးကိုယ်တာကိစ္စဆိုပေမယ့် သည်လိုပျက်ကွက်တာမျိုး ကို ရပ်ရွာ ကလည်း မခံချင်ကြတာတွေ တွေ့ကြုံဖူးလှပေါ့။ လယ်ပြင်ကြီးက မိန်းကလေးများယူမယ်ပြော ပြီး မယူလည်း ရပါတယ်ကွာ ဆိုတာမျိုးကျတော့ ရပ်ရွာက ဘယ်ခံချင်ပါ့မလဲ။ လူ့သိက္ခာရှိသိလို ရွာ့ သိက္ခာလည်းရှိသေးတာကိုး။ မစွန်မက သမီးခေါင်ညွှန့်အဆိတ်ခံရတာထက် ရပ်ရွာကို ခေါင်ညွှတ်အ ဆိတ်ခံရတာ ကို စိတ်မချမ်းသာဘူး။ မခံချင်ဘူး။
“အေးသီရယ် ညည်းနှယ် ငရုတ်သီးနဲ့ပေါင်းမှ ကြက်သွန်ပါရောအထောင်းခံရ၊ ညည်းကြောင့် ရွာကော ရပ်ကော ကောင်းသေးရဲ့လား၊ ဘယ့်နှယ် လမ်းဘေးက ကလေကချေများ တွေ့လာပါလိမ့်တော်။ မိနဲ့ ဖနဲ့ကြီးရတဲ့ ကောင် ဟုတ်မထင်ပါဘူးအေ၊ ဇရပ်ကြိုဇရပ်ကြားမွေးပြီး ပစ်ထားတဲ့ကောင်နေမှာပဲ… မိအုပ် ဖအုပ် ကြီးရတဲ့ကောင်က ဒါမျိုးမလုပ်ဘူး။ ညည်းမရှက်ပေမယ့် ငါရှက်တယ်။ ညည်းကိုသာ ဖိနပ်နဲ့ ပါးချ ချင်တယ်အေ…တကယ်”
မစွန်မက ဗျစ်တောက် ဗျစ်တောက်လုပ်လေ အေးသီကလည်း ၀မ်းနည်းလာလေပါပဲ။ အမေပြောတာ လည်း ဟုတ်တာပဲ။ ကောင်းချီကောင်းလျက် သည်နေ့သည်ရက် လာခဲ့ပါ့မယ်ပြောပြီး သည်နားနဲ့သည် နား သည်လောက်တောင် ဖြစ်ရသားရယ်လို့ နားမလည်နိုင်ခဲ့ဘူး။ သည်လိုလုပ်လိမ့်မယ်လို့လည်း မထင် ဘူး။ ဘာပဲဖြစ်ဖြစ် ကိုကြိုင်က သည်လိုတော့မလုပ်လောက်ဘူးဆိုတာတော့ အေးသီ ယုံပါရဲ့။ ဒါပေ မယ့် အမေ ပြောသလို လမ်းဘေးတွေ့ခဲ့ရသူဆိုတာလည်း မှန်နေလေတောာ့ လူ့စိတ်ပြောဖြစ်တာ မဟုတ်ဘူးကိုး။ ရည်းစား ဖြစ်ရတဲ့ ရက်တွေထဲမှာ ကိုကြိုင်က နှမလိုစောင့်ရှောက်ခဲ့သူပါ။ ပခုံးတင်၊ ပါးတင်လည်း မရှိ ခဲ့ပါဘူး။
တစ်ရက် ဥပုသ်ရက်နဲ့ဆုံလို့ ရက်အားကလေးရတုန်း မန္တလေးမြို့ထဲကို လိုက်ပြ ပါ အစ်ကိုဆိုတော့ သူလည်း ဂေါဝိန်ဆိပ် က ကျော်လို့ တစ်ယောက်တည်း ဘယ်ကိုမှမသွားဖူးဘူးတဲ့၊ ဒါနဲ့ ဥပုသ်တော်ကုန်းထိပ်ထွက်ပြီး ဘုရားကြီးလို့ အော်တဲ့ကား တက်စီးလို့ ဘုရားကြီးရောက်ခဲ့ရတယ်။ မန္တလေးတောင်လို့အော်တဲ့ကား တက်စီးလို့ မန္တလေးတောင် ရောက်ခဲ့ဖူးတယ်။ ဒါပဲ။ လိုင်းကားပေါ်မှာ တောင် တစ်နေရာစီထိုင်တာ။ အသား ယူဖို့တော့ ဝေးရော။ အေးသီက ဘုရားမှာ “အစ်ကို ဘာဆု တောင်းခဲ့သလဲ”မေးတော့ “ဘ၀တစ်ပါး ပြောင်းသွားကြတဲ့ အဖေနဲ့ အမေ ကျန်းမာပါစေပေါ့။ ဆရာကိုကျော်သန်း လင်မယားလည်း ထည့် ဆုတောင်းသတဲ့” ကျွန်မကော မပါဘူးလားဆိုတော့ အေးသီ ကို မေ့ နေလို့်တဲ့။ အေးသီက စိတ်မဆိုးပါဘူး။ သူ ရိုးရိုး သားသား ပြောတတ်ဆိုတာ သိသားပဲ။ အေးသီက စိတ် ဆိုးချင်ယောင်ဆောင်ပြီး ချစ်သူ နှစ်ယောက် ပေါင်းဖော်ရပါစေဆိတာလေးတောင် မေ့နေတယ်ဆို အစ်ကိုယ့်ဟာက တကယ် မချစ်လို့ပေါ့ လို့ အငေါ်တူးလိုက်တော့လည်း သူ့ခမျာ မျက်စေ့မျက်နှာများ ပျက်လို့။ ပြောတာလည်း ကြည့်ဦး။
“အေးသီ ရယ် သည်တစ်ခါတော့ ထားလိုက်ပါတော့၊ နောက်တစ်ခါ ဥပုသ်ရက်နဲ့ အေးသီလာတဲ့ရက် တိုက်ဆိုင် တဲ့ အခါ အဲသလိုဆုတောင်းလိုက်ပါ့မယ်ဟာ”
နောက်တစ်ခါ အေးသီလာတဲ့ရက်နဲ့ ကိုကြိုင်အားတဲ့ ဥပုသ်ရက်ကလည်း မတိုက်ဆိုင်တော့ပါဘူး။ ကိုကြိုင် က ထန်းလျက်ကြိုက်တယ်ဆိုလို့ လယ်ပြင်ကြီးထန်းလျက် အစိတ်သား ၀ယ်ခဲ့တဲ့နေ့ကများ ၀မ်းတွေ သာလို့။ လောက မယ် ထန်းလျက်ရှိလို့ကတော့ နေဖြစ်ပါ့ဗျာတဲ့။ ဒါနဲ့ အေးသီက “ကျုပ်မရှိ လည်း ရတဲ့ သဘောပေါ့”လို့ မျက်နှာခံနဲ့ မေးလိုက်တော့ ထမင်းနဲ့ဖက်စားရတာကို ပြောတာပါတဲ့။ ထန်းလျက် နဲ့ ထမင်းကြမ်းခဲ ဘယ်လိုက်လိုက်မှန်း မသိဘူးတဲ့။ ဒါနဲ့အေးသီက ထန်းလျက်နဲ့ ကျုပ်နဲ့ ဘယ်ဟာက ပိုချို သလဲမေးပြန်တော့ အေးသီတော့ ကျုပ်က တစ်ကိုက်ကိုက်ကြည့်ရမှာပေါ့တဲ့လေ။ သူ့ဟာသူလည်း ရယ်နေ လိုက် တာများ။
အေးသီ က ဒါတွေမြင်ယောင်လေ ကိုကြိုင့်ကို ဒေါသထွက်လေ ဖြစ်လာတယ်။ သည်လောက်ရိုးတဲ့ အတဲ့ လူဆိုတော့ စကားတည်မယ် ထင်ခဲ့တာကိုး၊ နှမချင်း စာနာလိမ့်မယ် ထင်ခဲ့တာကိုး။ ခုတော့ အမေမစွန်မ ပြောသလို မိအုပ် ဖအုပ် မကြီးရတဲ့လူ ဖြစ်နေပါပကောလား။ အေးသီရဲက ရွာခံသူငယ်ချင်း မတွေကတော့ စိတ်လည်း မကောင်းကြသလို ကိုယ်ချင်းလည်းစာကြပါတယ်။ အားလည်းပေးကြတယ်။ မြို့သားဆိုတာ ကတော့ တောသူများတွေ့ရင် ရွှေနားထောင်း ဗုံခေါင်းလောက် ၀တ်စေ့မယ်တွေပါအေ၊ တို့တောသူ များ ကတော့ ဗုံကြီးသည်လူလည်လှည့်တာနဲ့ နားချဲ့မိရတာကိုးတဲ့။ စိတ်မကောင်းမဖြစ်နဲ့ ကိုယ်မှန်နေသရွှေ့ အပျိုတန်ဖိုးမကျပေါင်အေလို့ အားပေးကြတယ်။ အားပေးကြလေ အေးသီ က ငိုလေ။ မအေ ကလည်း မွန်းတိမ်းပြီ ဆိုကတည်းက ဒေါသတွေ ပိုထွက်လာပုံရတယ်။ ငိုလည်း ငိုပေါ့လေ။
“ငါ့သမီးလေး တော်လှတော်လှ မြို့သားကြိုက်ခဲ့လို့ ယောင်းမ မြင်းစီထွက်ရတာများ အရပ်ရပ်နေပြည် တော် ကြားလို့မှ မတော်ပါလား အေးသီရဲ့၊ ညည်းအဖေ ငါ့ပိုးတုန်းကများ မိန်းမသားရယ်လို့ စကား တစ်ချက် တင်စီးခံခဲ့ရတာ မဟုတ်ဘူး။ ကိုယ့်ရွာသူ ကိုယ့်ရွာသား မိုးလင်းတာနဲ့ မျက်နှာမြင်ရတဲ့ကောင် မကြိုက်ပဲ နဲ့ စာမလာသတင်းမကြားရတဲ့ အရပ်ကကောင် ကြိုက်မိတော့ ခွေးလုံးလုံးဖြစ်ကရော”
“အမေ ကလည်း လာမှာပါ အမေရဲ့၊ တစ်ခုခုဖြစ်လို့နေမှာပါ၊ အမေလုပ်တာနဲ့ တစ်ရှက်ကနှစ်ရှက် ဖြစ်ရပြီ။ တောပါတော့ အမေရယ်”
“တော်နိုင်ပေါင်တော် ဒင်းကငါ့သမီးကို ၀ါဖက်ကလေး ဒေါင်ဒေါင်ဒင်ဒင် ရွှေလက်ထောင့်နဲ့ ငယ်မယ် မှတ်တာ အခုတော့ သန်းကောင်ချိုန်သော် ရွှေဗဟိုနှစ်ကြိမ်ဆော်တာတောင် ပေါ်လာပေါင်ရွှေရိုး ဒူးပေါင် ကကျိုး သေချင်းဆို ကာလနာ လာစမ်းပလေ့စီ”
သည်အချိန်မှာပဲ ရွာထဲက လူမိုက်ဘထွန်းတို့ သူသိုက်က အရက်တမြမြနဲ့ ၀ိုင်းထဲဝင်လာကြတယ်။ လက်ထဲ မှာလဲ တုတ်တိုတွေ၊ ၀ါးဆစ်ပိုင်းတွေနဲ့။ အေးသီတို့သားအမိကို ရန်လုပ်ဖို့ မဟုတ်ပါဘူး။ သည် သားအမိ ကိုရော ရွာကိုပါ စော်ကားရပါ့မလားဆိုပြီး လူလာရှာကြတာ။ တွေ့လို့ကတော့ ၀င်အရိုက် ပဲဆိုတဲ့ ပုံတွေနဲ့ ဒါကိုတွေ့တော့ အေးသီရင်တွေပူရပြီ။ မတော်တဆ ရောက်လာကြလို့ ကတော့ သွေးချောင်းစီး ကြတော့မှာကို မြင်ယောင်ရင်း ကြောက်လည်း ကြောက်နေမိတယ်။ ကိုဘထွန်း ကြီးက တုတ်ကြီး ထောင်ထောင်ပြီး ဒင်းတို့လာစမ်းပစေဆိုလေ အေးသီ ရင်မ ရလေ။ အမေမစွန်မက အရက်ဖိုး ထုတ်ပေးလိုက်တော့ တစ်ချီထပြန်ကြပြန်ရော။ နောက်ပါရွာသား လေးငါးယောက်က အရက်ခိုးတွေလည်း ဝေကြလို့။
“မစွန်မ သည်ကိစ္စကျုပ်တို့ရှင်းသွားမယ်၊ ခင်ဗျားတို့သားအမိ အသာနေလယ်ပြင်ကြီးသားတွေ ပါပ မှတ် လို့ဗျာ၊ ဘယ့်နှယ်ရွာနဲ့ရပ်နဲ့ မိကောင်းဖခင်သားသမီး လာစော်ကားတာ ခံရင်တစ်သက်လုံး ရွာက အပျိုတွေ လူရင်းခံရတော့မှာပေါ့ဗျ၊ ယူပြီးမှပစ်ထားတာ ကျုပ်တို့နဲ့မဆိုင်ဘူး။ မယူဘဲ သည်လို သောက်ချိုး ချိုးတာတော့ ဘထွန်းတို့က အသက်ချင်းလဲသွားမယ်။ ကိုင်း…ကျုပ်တို့သွားသောက် လိုက်ဦးမယ် ဗျနော ပြန်လာခဲ့မယ်”
“အေးပါ ငါ့မောင်ရယ်၊ ငါ့မောင်တို့နာကြသာ အစ်မသိပါတယ်။ တို့ကြောင့်မင်းတို့ မထိခိုက်စေချင် ပါဘူး။ ငါ့ကိစ္စ ငါရှင်းပါမယ်။ စွန်မဘာဆိုတာ ပြလိုက်ရဦးမယ်၊ နာမည်ကိုယ်က စွန်မပါဟယ်။ ကြွက် စုတ် လောက်တော့ ခြေသည်းတစ်ကုပ်စာ ရှိပါတယ် သွားရော့ သွားရော့ သောက်ချေကြ။”
ပြောသာပြောရတာ မစွန်မကလည်း ဘထွန်းတို့လူစုကို ကြောက်တယ်ရယ်။ မူးမူးနဲ့ အတင်းဝင်ရိုက်ရင် ဂတ်ရောက်၊ အချုပ်ရောက်ကြမှာဆိုတော့ ပြဿနာက တသီကြီးတက်တော့မယ်။ သည်လိုဆိုတော့လည်း အကျည်းတန်ဖို့ ရှိတော့မှာကိုး။ ဘထွန်းတို့ကိုလည်း တစ်ဖက်ကထိန်း၊ အေးသီကိုလည်း တစ်ဖက်က ငေါက်၊ ရွာလည်းကျေနပ်အောင်ချော့ လုပ်နေရရှာတယ်။ ရွာထဲမှာ စကားတွေ ကကားနေလောက်ပြီ။ မြို့ကောင် နဲ့ကြိုက်တာ….. ဟိုဒင်းဟိုဟာတောင်ဖြစ်နေပြီလားမှ မသိတာမို့၊ ရွာလွန် ရွက်တိုက် လုပ်မှတော့ သည်ဟာမ ခံရတာတောင် နည်းသေးတို့၊ မြို့သားမက် တော့ ရက်စက် လို့ ကောင်းတာ ကိုးအေ့တို့ ဖြစ်နေလောက်ပြီဆိုတာလည်း မစွန်မသိတယ်။ ကောင်းသူတွေရှိသလို မကောင်းပြောချင်တဲ့ လူတွေလည်း ရှိမှာပေါ့။ ခုနစ်အိမ် စုန်တစ်ယောက်ဆိုတာလို လူ့စိတ်ပြောဖြစ်တာ မှတ်လို့။ အေးသီ ကလည်း ဒါတွေတွေးမိပါတယ်။ သူ့အပေါ် တလွဲ တွေးနေကြပြီလားလို့ တွေမိလေ စိတ်မကောင်း ဖြစ်ရလေ။
“ငါ့ကို ရွာက တလွဲထင်နေကြပြီနဲ့ တူပါရဲ့ မြစိန်ရယ်….ငါတော့ဖြင့် ယင်းချေးတစ်ပြောက် မစွန်းခဲ့ရ ပါဘူး။ ကိုကြိုင် က လူရိုးလူအေးပါ။ တစ်ခုခု ဖြစ်နေလို့သာ….”
“ကားများ မှောက်ရော့လားအေ”
“ဖွဟဲ့ တောစကားတောပျောက် ညည်းပြောမှ ပိုဆိုးတော့…”
“သြော်…ငါက သဘောပြောတာပါ ဗွေးတုတ်ရယ်”
အေးသီ ကို အားပေးနေကြတဲ့ သူငယ်ချင်းမတွေကလည်း ကပေါက်တိ ကပေါက်ချာ။
“အဲသလိုတော့ ဟုတ်ဟန်မတူပါဘူး။ ကားဘီတွေ ဘာတွေ လမ်းခုလတ်ပေါက်ပြုနေတာ ဖြစ်မှာပါ။ ငါကတော့ အေ မျက်စိ ထဲ လာလိမ့်မယ်ချည်း မြင်နေတာပဲါ”
မျက်စိထဲမြင်တယ်လို့သာ ပြောရတာ။ ကားမပြောနဲ့ ဖုန်ထတာတောင် မတွေ့ရဘူး၊ ကိုကြိုင်ရယ် လာပါတော့ လို့ ဆုတောင်းရုံကလွဲလို့ တခြားလည်း ဘာမှမတက်နိုင်ဘူး။ အေးသီ သူငယ်ချင်း မြစိန် က လမ်းတစ်ဝက်လောက် လိုက်ကြည့်မလား မေးပါသေးတယ်။ ထ လိုက်သွားလို့မတွေ့မှ အမေပိုဆဲ စရာ ဖြစ်တော့မယ်။ လာရင် ရောက်ကြမယ့်အတူတူတော့ အိမ်ကပဲ စောင့်ရုံရှိတာပဲ မဟုတ်လား။ မလာချင် တော့လည်း နေပေါ့။ သည်ဘ၀ သည်မှသာပေါ့။
(၁ဝ)
ဘိုးထော်ဇရပ်က ဇရပ်ဆိုရုံ၊ အဆောင်ကလေးပါ။ သစ်ပျဉ်တွေတောင် ဟောင်းလှပါပြီ။ ပြုတ်တာက ပြုတ်၊ တွဲလောင်းကျတာကကျနဲ့ ပုံမတော်ရင် ပြိုကတော့ မလိုလိုကိုး။ အောက်ခံခုံကတော့ ထုံးအင်္ဂတေ လောင်း ထားတော့ မာပါရဲ့။ အနားမှာ သစ်ပင်ကြီးသုံးလေးပင် ရှိတယ်။ ညောင်ပိန္တွဲပင် နှစ်ပင် နဲ့ ကုက္ကိုပင်ကြီး တစ်ပင်ပါ။ ကုက္ကိုပင်ကတော့ အရွယ်ရယ်လို့တော့ မရှိတော့ပါဘူး။ ရွတ်တွ နေတဲ့ ကိုင်းဆုံကြီး တွေက လူ့လက်တွေ လို ဆန့်ထွက်နေကြတယ်။
ကိုချစ်တိုးက ဘိုးတော်ဇရပ်ရောက်တော့ လက်ခမောင်းထခက်ပြီး။ ဘယ်မှာမှန်းမသိတဲ့ လင်ပြင်ကြီး ဆိုတာ အတော်နီးနေပြီလို့ နားကြားနဲ့ သိထားပြီ ကိုး။ မောင်ကြိုင်ကတော့ ဇရပ်တွေ့တာကို အေးသီတွေ့တဲ့အတိုင်းပဲ။ မျက်နှားကြီး ကလည်း စူပွစူပွ နဲ့ ၀မ်းသခွပ်တွေထလို့။
“လာတော့လည်း ရောက်လာတာပဲဗျနောလေးချစ်တိုး”
“လာမှတော့ ရောက်တာပေါ့ကွာ၊ ဘယ်လိုလာရသလဲဆိုတာက ခက်တာ”
ဇရပ်နဲ့မနီးမဝေးမှာ ကားထိုးရပ်ပြီး အားလုံးဆင်းကြရပြီ။ ဒေါ်ငွေကလည်း ခုမှခါးဆန့်ရပုံနဲ့ ဆင်းလား ပြီးဇရပ်နောက်ဖက်ဆီ သွားထိုင်တယ်။ ယောကျာ်သားတွေကလည်း ခြေညောင်းလက်ဆန့်လုပ်ကြ၊ ခါးချိုးကြ၊ ပိုဆိုး အင်္ကျီဆန့်ကြပေါ့လေ။ ဇရပ်ထဲမှာ ခံတောင်းတစ်လုံးချထားတဲ့ အမေကြီး တစ်ယောက်ပဲ ရှိတယ်။ ဒန်အိုးလေးတွေလည်းပါတာ တွေ့ရတော့ ကြာဇံကြော်လား၊ မုန့်တီသုပ်လား ဟဆိုပြီး တစ်ယောက် နှစ်ပွဲစီလောက် အုပ်လိုက်ကြမဟဲ့လို့ အားခဲကြတယ်။ အေးလမှန့် နှစ်ခုစီ ကလည်း လမ်းက ကြိတ်လိုက် လို့အမှုန့်ဖြစ်ကြပြီကိုး။ ကိုချစ်တိုးက ခံတောင်းလိုက်သိမ်းမယ့်ပုံ နဲ့ သွား မေးတယ်။ ပါလာတဲ့ မု့န် တွေကလည်း လယ်ပြင်ကြီးပါအောင် ယူရဦးမှာ မဟုတ်လား
“ကြီးတော် ဘာတွေရောင်းနေတာလဲ၊ လုပ်ဗျာ ဆာလှပြီ”
“နို့ထမင်း၊ သာကူ၊ ငှက်ပျောပေါင်းပါတော်၊ တောစာပေါ့”
“တောစာ ကို ကြိုက်တာဗျ၊ ကိုင်းလုပ်စမ်းပါ မြန်မြန်လေး ရှိတာသာထည့်”
“ဘာမှမရှိတော့ဘူး။ ကုန်လို့ပြန်တော့မလို့ ခုပဲကုန်သွားတာ”
“ဟောဗျာ”
တစ်ကားလုံးက ဆာဆာနဲ့ တွယ်လိုက်ကြမဟဲ့လို့ အားခဲထားကြရာက ကုန်ပြီးလည်းဆိုရော ပိုတောင် ဆာလာကြပုံပေါ်တယ်။ ရွာထဲ ဘာရှိနိုင်တုန်းဆိုတော့ ဘာရှိမှာတုန်းတဲ့။ ညနေတောင်စောင်းနေမှ တော့ သရေစာ ဘယ်ကရမှာလဲဆိုတာတောင် ပါသေး။ ဇရပ်မှာ ရေအိုးစင်ကလေးရှိတော့ အားရပါး ရ ခပ်သောက်ကြတယ်။ ခပ်လှမ်းလှမ်းက မြေပေါ်မှာချထားတဲ့ စဥ့်အိုးတစ်ပိုင်း ပြတ်ထဲမှာလည်း ရေတွေ ရှိတော့ ဈေးသည်အမေကြီးကို မေးကြည့်တယ်။ အဝေးလှည်းတွေ နွားရေသောက်ဖို့ တည်ထားတာ ဆိုတော့ ကိုချစ်တိုး က မျက်နှာသွားသစ်တယ်။
တစ်ကိုယ်လုံး ရွှံ့တွေနဲ့ပေမယ့် မျက်နှာတစ်ကွက်စာ တော့သန့်သွားတာပေါ့။ ခေါင်းမှာတော့ ရွှံ့ခြောက် တွေခဲလို့။ ကိုချစ်တိုးမှ မဟုတ်ပါဘူး။ လူတိုင်းလိုလို ဗွက်ရေတွေ ပိန်းကြမ်းရိုက်လို့။ သတို့သားလောင်း မောင်ကြိုင်များသူများထက် ပိုဆိုးသေးတယ်။ မုန့်တစ်ပွဲမှမစားရပေမယ့် ကြီးတော်ကြီး ကို ခံတောင်း အဆစ် ပင့်ပေးလိုက်ရသေးတာပေါ။ အစားအသောက်ဖက် အာရုံကျနေလေတော့ လယ်ပြင်ကြီးရွာ ဘယ်ဖက် မှာလဲလို့ မမေးလိုက်ရဘူး။ စဥ့်အိုးကွဲ နားမှာ လူတစ်ယောက် ငုတ်တုတ်ထိုင်နေတာရှိလို့ တော်သေး တာပေါ့။ ကိုချစ်တိုးက မေးတယ်။
“ဆရာကြီး လမ်းကသုံးမြွှာကွဲသွားလေတော့ ကျုပ်တို့လာတဲ့လမ်းတော့ ထားလိုက်တော့ မြင်ရတဲ့ လမ်း နှစ်လမ်း မှာ လယ်ပြင်ကြီးက ဘယ်ဘက်လိုက်ရမှာလဲ”
“အမ်”
“လယ်ပြင်ကြီးရွာကိုပြောတာ”
“အမ်….အမ်”
“လယ်ပြင်ကြီးရွာလေ သိလား”
ထိုင်နေတဲ့လူက ရယ်တယ်။ ခေါင်းလည်းညိတ်ပြတယ်။ ဒါပေမယ့် ဘာမှဆက်မပြောတော့ ကိုကျော်သန်း က ၀င်မေးပြန်ရော။
“လယ်ပြင်ကြီးရွာ သွားချင်တာဗျ၊ ဘယ်လမ်းလိုက်ရမှာလဲ သိချင်လို့မေးတာ”
“အမ်”
မေးသမျှ အမ်လို့ချည်း ဖြေနေတော့ ကျောင်းအုပ်ဆရာကြီးက စိတ်မရှည်တော့ဘူး။ ထိုင်နေတဲ့လူကို ပခုံးတို့ တယ်။ လမ်းနှစ်လမ်းကွဲသွားတာကိုလက်ဟန်နဲ့ ပြတယ်။ ပြီးတော့မှ လယ်ပြင်ကြီးဘယ်ဘက် သွားရမှာ လဲလို့ လေးလေးကြီးမေးတယ်။ ထိုင်နေတဲ့လူက ပြတဲ့လမ်းကို လိုက်ကြည့်တယ်။ ဆရာကြီး ကို မော့ကြည့်တယ်။ ခေါင်းခါခါ လည်ခါခါနဲ့ ထရပ်တယ်။ မျက်နှာက ဒေါသဖြစ်နေတဲ့ မျက်နှာ။ ဆရာကြီးက လယ်ပြင်ကြီး လို့ ပြောတော့ သဘောမပေါက်သလို ပြန်အော်ပြန်ရော။
“အမ်….အမ်”
ခက်တော့ခက်နေပြီ။ တရုတ်ကြီးဦးဝိန် က သည်ကောင်တော့ တရုတ်လို မေးမှနဲ့တူတယ်တဲ့။ ခက်တာက သူပြောတဲ့ “အမ်…အမ်”ကို တို့က မသိတာတဲ့။ ကိုချစ်တိုးက အကြံရသွားတာနဲ့ မြေကြီး ပေါ်တုတ်နဲ့ ခြစ်ပြတယ်။ လယ်…..ပြင်…ကြီး။ လူကစာဖတ်တယ်။ ပြုံးပြတယ်။ ဟုတ်ပြီ။ ဒါဆိုသဘော ပေါက်သွားပြီ ဆိုပြီး ကိုချစ်တိုး က ဘယ်မှာလဲလို့ မေးလိုက်ုတယ်။
“အမ်…အမ်”
“ဟ…သောက်ခွေး…အ အနဲ့ လာတိုးတာ နှစ်ခါရှိပါကောလားကွာ”
ဒါနဲ့ဘယ်လမ်းလိုက်ရမှန်းမသိဘဲ စိတ်ပျက်လက်ပျက်နဲ့ ထိုင်လိုက်ကြတယ်။ ထိုင်နေတဲ့သူက ဒါပဲ ပြောပြီး စဥ့်ကိုးကွဲေ ကျာတောင် မှီလိုက်သေးတယ်။ တော်သေးတယ်။ သည်အချိန်မှာ အလုပ်သိမ်းပြန် လာကြတဲ့ လူနှစ်ယောက် ရောက်လာတယ်။ ပခုံးပေါ်ငန်းပြားတွေ မုဆိုးထမ်း ထမ်းကြလို့။ သည်နားရွာ တွေကနဲ့ တူပါရဲ့။ ကိုချစ်တိုးက အကျိုးအကြောင်း ပြောပြတယ်။
“သည်လူက စကားမပြောတတ်လူးဗျ၊ ဦးနှောက်ကလည်း မမှန်ချင်ဘူး သူ့သွားမေးလို့ ဘာရမှာ တုန်း။ လယ်ပြင်ကြီးက ဘယ်လက်လမ်းကိုလိုက်၊ လမ်းမှာဘယ်ဘယ်က သဖန်းတော ညာဘက်က ညောင် ခြောက် ဆိုတဲ့ ရွာနှစ်ရွာ တွေ့လိမ့်မယ်။ သည်ရွာတွေကျော်ရင် ရောက်ပြီ”
“ကျေးဇူးတင်လိုက်တာဗျာ၊ ဒါဆိုရင် လမ်းမမှားတော့ပါဘူး”
“နေဦးခင်ဗျား တို့က ဘယ်လမ်းကလာတာလဲ”
“ဟိုလမ်းကလေ”
ကိုချစ်တိုးက လာခဲ့တဲ့လမ်းကို လှမ်းပြတော့ လယ်သမားနှစ်ယောက်က လှမ်းကြည့်တယ်။ အံ့လည်း အံ့သြ နေကြပုံပေါ်တယ်။
“ခင်ဗျားတို့ရောက်လာတာ ကံကောင်းတာပဲ။ တလောက လမ်းမှားလာတဲ့ ကားတစ်စီး ခါးကျိုးပါ ရောလား၊ လမ်းကမပြီးသေးဘူးဗျ၊ လမ်းကြောင်းဖော်ထားရုံ ရှိသေးတာ”
“အေးဗျာ မသိတော့ လူတွေရော ကားပါ ကိုင်ရိုက်ထားတဲ့အတိုင်းပါပဲဗျာ”
“နေဦး ခင်ဗျားတို့ အခုသွားရမယ့်လမ်းက ခင်ဗျားတို့လာခဲ့တဲ့လမ်းထက် ဆိုးသေးသဗျ”
ကိုချစ်တိုးတို့အဖွဲ့တွေလည်း ကားပေါ်တက်ကြမယ်လုပ်ပြီးမှ ရပ်ကုန်ကြပြန်ရော။ သွားရမယ်လမ်းက ပိုဆိုးသေး ဆိုမှတော့ ကားနဲ့တော့ မဖြစ်တော့ဘူး မဟုတ်လား။ သည်တော့ ကုန်းကြောင်းလျှောက် ကြရုံရှိတာပေါ့။ ကားထားခဲ့ရအောင်ကလည်း ဘယ်သူ့မှ စောင့်ထားမဖြစ်ဘူး။ မောင်ကြိုင်က အငယ် ဆုံး၊ ဒါပေမယ့် သူကသတို့သားဆိုတော့ ထားခဲ့လို့ ဘယ်ဖြစ်မှာတုန်း။ ရွာဆက်ကလည်းဝေးတော့ သည် အတိုင်း ထားခဲ့လို့ကလည်း မဖြစ်ဘူး။
“သည်လိုလုပ်ဗျာ၊ ရှေ့ရွာ သဖန်းတောကျတော့ လှည်းငှားပြီးသွားကြ သဖန်းတောမှာ ကားအပ်ခဲ့ပေါ့ ဗျ။ သဖန်းတော အထိလောက်တော့ ကဆုန်ပေါက် ပေါက်သွားရင် ရကောင်ပါရဲ့”
သည်လောက်ပြောပြီး လယ်သမားနှစ်ယောက် ဇရပ်ထဲ ၀င်နားကြတယ်။ သူတို့ပေးတဲ့အကြံက ဖြစ်နိုင် ချေရှိတဲ့အကြံဆိုဆော့ သည်အတိုင်းပဲ ဆုံးဖြတ်လိုက်ကြရတယ်။ ကိုယ့်နေရာကိုယ်ယူပြီး ကားဆက် ထွက်လာပြန်ရော။ ဘယ်ဘက်လမ်းကိုပဲ လိုက်ခဲ့ကြတယ်။ လမ်းကတော့ ဆိုးမှဆိုး။ သဖန်းတောရွာ ထပ် ရောက်တော့ ကိုချစ်တိုးက ရွာလယ်လောက် ဆက်မောင်းခိုင်းတယ်။ ရွာကလမ်းမေးတင် ရွာရှည် ရှည် ဆိုတော့ ကားပေါ်ကဆင်းတာနဲ့ အိမ် တွေကို တွေ့ရပြီ။ သိပ်ရှည်ရှည်ဝေးဝေး ပြောမနေကြတော့ ပါဘူး။ လှည်း ငှားကြတော့ နှစ်ထောင်တဲ့။ ကားအပ်တာတော့ မယူကြပါဘူး။
ကျုပ်တို့တော ဒါမျိုးတွေ မရှိဘူး စိတ်သာချ ခင်ဗျားတို့ဟာ အပ်တိုတစ်ချောင်း မပျောက်စေရဘူး ဆိုတာ တောင် ပါသေး။ ဒါပေမယ့် ကားထားခဲ့တဲ့အိမ်က မိသားစုကို ငွေနှစ်ထောင်ပေးပြီး အပ်ခဲ့တယ်။ လှည်းသမား က လှည်းကောက်ပြီး ကိုချစ်တိုးတို့ ရှေ့ကိုလာရပ်တာနဲ့ ဘီးဝန်ရိုးပေါ်က တက်သူတက်၊ လှည်းနောက် ပြန်တက်သူတက်နဲ့ လှည်းပေါ်ရောက်ကြရော။ လှည်းဆရာက လူဝကြီး ကိုမှတ်တင် ကို နောက်ဆုတ် ဦးတဲ့။
“လှည်းဦးလေး နေသယ်ဗျို့၊ ဆရာ၀၀ကြီး နောက်ဆုတ်ဦး”
“ရပြီလား”
“ဆုတ်လိုက်ဦး”
လူဝကြီးဦးမှတ်တင် က သူ့ခန္ဓာကိုယ်ကြီးနဲ့ ဖင်ဒရွတ်ရွှေ့ပြန်ရော။
“ရပြီလား”
“ဆုတ်လိုက်ဦးဗျ”
“မင်းနှမလင် လှည်းပေါ်က ပြုတ်ကျတော့မယ်ကွ”
“ရှေ့ပြန်တိုးလိုက်၊ ဘေးကလူတွေက မျှထိုင်ကြချေ”
လှည်းက အိခနဲက ထွက်လာပြီး နွားတွေခမျာ တော်တော ရုန်းရရှာတာပေါ့။ နွားတွေက နွားပိန်တွေ။ လှည်းသမား ကလည်း ပိန်လိုက်တာမပြောနဲ့တော့။ သူတို့လမ်းနဲ့ သူတို့လှည်းတော့ ဟန်ကျလို့။ တအိအိ နဲ့ ပေမယ့် ရောင်သင့်သလောက် ရောက်ခဲ့တယ်။ နာရီဝက်လောက်ကြာတော့မှ သဖန်းတော ရွာက ကျွတ်တော့တယ်။ သဖန်းတောက ကျွတ်တော့ ညာဘက်မှာ ရွာတစ်ရွာ။
“အဲဒါ ညောင်ခြောက်လား”
“ဟုတ်ပါ့”
“လယ်ပြင်ကြီးကရော”
“ရှေ့ကညို့ညို့ဟာ”
လှည်းသမားက နကန်(နွားကန်)နဲ့ လှမ်းပြတယ်။ သည်တစ်ခါတော့ လယ်ပြင်ကြီး တွေ့နေရပါပြီ ကော။ မနက်ခုနစ်နာရီက ထွက်လာခဲ့ကြတဲ့ လယ်ပြင်ကြီး ညနေမမှောင့်တစ်မှောင်မှာ ရွာရိပ်ကို တွေ့ကြရပြီ။ အုန်းသီကြွက်ပြီးကျိုးနဲ့ ငှက်ပျော်သီးကြွေတွေက ဇလုံတစ်လုံးနဲ့ လှည်းဆောင်ပန်းကြား မှာ။ မန္တလေးမြို့ ကနေ ကားတစ်စီးပေါ်မှာ ပေပေပွပွထိုင်လိုက်ကြရတဲ့ အဖြစ်ဟာ ပြောရင်မယုံနိုင်စရာ မရှိဘူး။ ကောက်စိုက်သမ တွေ ပျိုးနှုတ်သမားကြီးတွေ လှည်းပေါ်တင်လာသလို လူသုံးသူလုံးမပေါ်ကြ တော့တဲ့ မိန်းမမြန်းအဖွဲ့ဟာ ဘာမှမစားကြရသေးတာထား။
လယ်ပြင်ကြီးရောက်ရင် ထမင်းစားရဖို့ မသေချာသေးဘူး။ သတို့သားလောင်း မောင်ကြိုင့်ခမျာ ရွာနီးပြီတော့ ၀မ်းသာတာလည်း သာပါရဲ့။ ရွာက တုန့်ပြန်မယ့် အခြေအနေကိုလည်း မသိရသေးဘူးကို စိတ် တွေတော့ လေးနေမိတယ်။ ရွာကို လှမ်းမြင်နေရပြီလေ။ လှည်းကတော့ ထင်သလောက် သွား မဖြစ်တော့ တအိအိပါပဲ။ လမ်းတစ်နေရာ ရောက်တော့ လှည်းသမားက နကန်နဲ့ လှမ်းပြပြန်ရော
“ရွာက လှည်းလမ်းကနေ ပန်းသွားရလို့ဗျ၊ ဟောသည် လယ်ကွက်ထဲက ဖြတ်သွားရင် နီးနီးကလေး ရယ်။ ကျုပ်တို့ရွာသား တွေကတော့ လှည်းလမ်းမလိုက်ကြတော့ဘူး၊ ဖြတ်လမ်းက၀င်ကြသာရယ်၊ လမ်းကလည်း သာတော့ တော်ရုံလူ အလွန်ဆုံနာရီဝက်လောက် နဲ့ ရောက်ကရောဗျို့”
သည်စကားကြားတော့ မောင်ကြိုင့်ခေါင်းထဲ အတွေးတွေဝင်လာတယ်။ သူက ကာယကံရှင်ဆိုတော့ သည်လို လူကြီးလူကောင်းတွေနဲ့ အတူဝင်ရင် ကြိုတင်စီစဥ့်ရမယ့်ကိစ္စတွေမှာ နောက်ကျနိုင်တယ်။ သည်တော့ လူကြီးတွေလည်း ပင်ပန်းလာတာဆိုတော့ လှည်းနဲ့ အေးအေးဆေးဆေး လာကြပစေ။ သူ့တော့ လူငယ်လည်း လူငယ်၊ ကာယကံရှင်လည်း ကာယကံရှင်ဆိုတော့ ဖြတ်လမ်းက သူသွားလိုက် ရင်လယ်ပြင်ကြီး မှာ ကြိုတင်စီစဉ်စရာရှိတာ စီစဉ်လို့ရမယ်လို့တွေးတယ်။ သည်တော့ လှည်းသမားကို ခဏ ရပ်ခိုင်းလိုက်တယ်။
“ဘာတုန်းက ငကြိုင်ရ”
မောင်ကြိုင်က သူ့သဘောပြောပြတော့ အားလုံးလည်း သဘောတူကြတယ်။ ဟုတ်သားပဲ။ မောင်ကြိုင် ပြောတာပိုအဆင်ပြေတယ်။ စားဖို့သောက်ဖို့ ရေမိုးသန့်စင်ဖို့ကအစ ပြင်ဖို့ဆင်ဖို့ကလည်း ရှိသေး တာ မဟုတ်လား။ ပြီးတော့ သူတို့လူကြီးတွေက ညအိပ်လို့မဖြစ်ဘူး။ အိမ်က ထွက်လာကြကတည်း က မနက်ဆယ်နာရီ တောင်မြန်းပြီးတာနဲ့ ပြန်လာမှာ၊ မွန်းမတည့်ခင် ပြန်ရောက်မယ် မှာခဲ့ကြတယ် မဟုတ်လား။
သည်တော့ ရောက်တာနဲ့ တောင်းမြန်း၊ မင်္ဂလာစကားပြောပြီးတာနဲ့ ချက်ချင်း ပြန်ကြရ မှာ ဆိုတော့ မောင်ကြိုင်သွားနှင့်တာကောင်းတယ်ပေါ့လေ။ မောင်ကြိုင်ကလည်း ဆုံးဖြတ်ချက် စောင့် မနေပါဘူး။ လှည်းပေါ်ကခုန်ချပြီး လွှားလွှား လွှားလွှားနဲ့ သွားလိုက်တာ တော်တော်တောင် ရောက်နေပြီ။ လှည်း ကတော့ လမ်းအတိုင်းလာရတာပါပဲ။
“ဟ…သည်နွားဟာ ရုန်းပါဟ၊ အပြန်မိုးချုပ်နေမနော၊ ရော်သည်နွား”
(၁၁)
ဘုန်းကြီးကျောင်းက ညနေလေးနာရီမောင်းတီးတဲ့အထိ ရောက်မလာကြဘူးဆိုတော့ သေချာပြီ။ အေးသီ လည်း လမ်းဘက်မျှော်ရတာနဲ့ ဇက်တစ်ဖက်စောင်း နေပြီလေ။ ဒင်းမလာလည်း ရှိပစေတော့။ စိတ်ကို ဒုံးဒုံးကြီး ချလိုက်ပြီး။ အိပ်ရာထဲ ၀င်ခွေနေလိုက်တော့တယ်။
မစွန်မ တော့ ရွာလူမိုက် ဘထွန်းတို့အဖွဲ့ အရက်ဖိုး လေး ငါးခါပေးပြီးရပြီး။ ချေးထားတဲ့ ပိုက်ဆံလေး တောင် ချွေးခံအင်္ကျီအိတ်ထဲ မရှိတော့ပါဘူး။ အေးသီက သူ့ဘ၀သူလည်း ရင်နာတယ်။ မအေကြီးကို လည်း သနားလှပြီ။ မနက်ပိုင်း၊ နေ့လယ်ပိုင်းက မအေဆူတာငေါက်တာ ခံပြောနေခဲ့ပေမယ့် မွန်းကလေး တိမ်း လာတော့ မအေတစ်ယောက်အနေနဲ့ ပူရှာမှာပေါ့လို့ တွေးမိလာခဲ့တယ်။ ပူတာထက် ဆိုး ရှာတာပါ။
လူကတော့ မျက်နှာပြနိုင်စရာတောင် မရှိတော့တဲ့ သူ့အဖြစ်ကို ရင်နာလို့မဆုံး ဘူး။ အေးသီက ဘာ စကားမှ မပြောဘဲ တောင့်တောင့်ကြီး လုပ်နေလိုကတာ တမေ့တမောကြီး။ သူငယ်ချင်းမတွေက ဖျောင်းဖျကြ၊ နားချကြ၊ အားပေးကြပေမယ့် အေးသီ နားထဲမ၀င်ဘူး။ သူဘာလုပ် ရမလဲပဲ တွေးတော့ တယ်။ ပြောရရင် သူလည်း အပျိုပဲ။ မအေရှက်တာက တစ်မျိုး၊ သူရှက်တာက တစ်မျိုး၊ တစ်သက်လုံး သည် စကားကြီးက ရှေ့ကဆီးနေတော့မယ်။ ရွာမှာ ပုံခိုင်းစရာဖြစ်ရတော့မယ်။ အိမ်ထောင်ရက်သား ပြုချင် ဦးတော့ ယူမယ့်ယောက်ျား က သည်ကိစ္စ အနာရှာပြောတော့မယ်။ တစ်သက် လုံးနိုင်စားတော့မယ်။ သူ့ ကိုယ်ကျင့်တရား ကောင်းခဲ့တယ် ထားပါဦး၊ နင်နဲ့မြို့သားက ဘာတွေဖြစ်ခဲ့မှန်းမှ မသိတာဆိုတာတွေနဲ့ စကားနာ ထိုးတော့မယ်။ သည်အချိန်မှာပဲ လူမိုက်ဘထွန်း တို့က တုတ်တွေနဲ့ ရောလာကြပြန်ရော။
“ဘယ့်နှယ်တုန်း ဒုက္ခိတပျားတုပ်သားအမိ၊ ကျုပ်တို့မှအခက် လူရိုက်ဖို့လာပါတယ် ရိုက်ရမယ့်လူက မရှိ ဘူး။ ကျုပ်တို့က ရိုက်ချင်လှပြီဗျ၊ ခင်းဗျားတို့ စဉ်းစားကြည့်လေ၊ ခင်းဗျားတို့က မြို့သားယုံတာ အကြောင်း မဟုတ်ဘူး၊ ကျုပ်တို့ ရွာကမျက်နှာငယ်ရပြီ။ ဟိုဘက်ရွာတွေက ပြောတော့မယ်၊ ကဲ့ရဲ့ကြ တော့မယ် လယ်ပြင်ကြီးသားတွေ လည်း လှလည်းလှနဲ့ ဒါမျိုးကတော့ ဘယ်သူမှ မထွက်ကြဘူး ဖြစ်က ရော့မယ်၊ ဟင်း…ကောင်းသေးလား၊ ခင်ဗျားတို့သားအမိပါ ရိုက်မှ ဖြစ်တော့မှာ
အရက်လေးကျော့လောက် သောက်ထားတော့ လူမိုက်ဘထွန်းနဲ့အဖွဲ့က အေးသီတို့သားအမိကို ပြဿနာ ရှာလာကြပြီ။ ရွာသူရွာသား တွေကလည်း တုတ်တွေကိုင်ထားတဲ့ လူမိုက်တွေကို တုပြောဖို့ မ၀ံ့ကြဘူး။ သားအမိ ခမျာ အရှက်ရကြတဲ့ ကြားထဲ ကိုယ့်ရွာသားက ကြိမ်းမောင်းနေတာကို စိတ်မချမ်း သာကြပေမယ့် မပြောဝံ့ကြဘူး ပေါ့လေ။ သြဇာရှိတဲ့လူကြီးတွေလည်း ရှိကြတာပါပဲ။ ရွာလူကြီး ကိုလှမောင်က ဘထွန်း တို့အုပ်စု ပါးစပ်ရမ်းရမ်းနေတာ လွန်ကဲလာကြတာ မဟုတ်သေးတော့လည်း ပြောချင် ရာပြောကြပစေ ဆိုပြီး လွှတ်ထားတယ်။ သည့်ထက်ပိုပြီး ရန်လုပ်လာရင်တော့ တားမယ်ပေါ့။ မစွန်မ လည်း ထဘီစွန်တောင် ထဆွဲတော့တာပါပဲ။
“သည်မယ် မောင်ဘထွန်း၊ နင်တို့လည်း အရက်ဖိုးပေးစရာ မရှိတော့ဘူး နင်းတို့လည်း သဒ္ဓါလွန်းလို့ တိုက်နေတာ မဟုတ်ဘူး။ နားငြီးသက်သာအောင် လို့ဟေ့၊ တော်ရာသွားတော့ ဘထွန်း မကလို့ ဘထွန် ဖြစ်ဖြစ် စွန်မ က လူချင်းလဲရမှာလည်း မကြောက်ဘူး။ သွား…သွား
ကျေးဇူး မတင်တဲ့အပြင် မောင်းထုတ်ရပါ့မလားဆိုပြီး ဘထွန်းက အိမ်တိုင်းတွေ တုတ်နဲ့ရိုက်ကရော။ သူ့နောက်လိုက်တွေ ကလည်း ဘထွန်းစလိုက်တော့ အနားရှိတဲ့ ရေအိုးရိုက်ခွဲတယ်။ သည်မှာတင် ရွာလူ ကြီး ကိုလှမောင် က ပုဆိုးတိုတိုဝတ်ပြီး အနားက ထင်းချောင်း ထဆွဲရော။ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း အော်သံကြီး ပေါ်လာတာပါပဲ။
“အေးသီ ဒီဇယ် တွေ သောက်လို့ပါတော် လာကြပါ….လာကြပါ”
ဘထွန်း တို့ရော၊ ကိုလှမောင်ရော လူကြီးတွေပါ ကြောင်သွားကြတယ်၊ အေးသီသူငယ်ချင်း မြစိန်တို့ က အော်ကြတာပါ။ အေးသီ က မီးဖိုထဲဆင်းပြီး ရေနံဆီမီးခွက်ထွန်းဖို့ထားတဲ့ ဒီဇယ်ပုလင်းထ ဆွဲပြီး ကောက်သောက် လိုက်တာ ၀ိုင်းဆွဲကြတာနဲ့ ပါးစပ်ထဲမရောက်ဘဲ ရင်ပတ်ပေါ် စီးကျကုန်တယ်။
“ငါသေမှ ဖြစ်မှာပါအေ၊ ဘာလို့ဆွဲကြတာလဲ ဖယ်ကြ”
အာရုံ တွေက အေးသီဆီ ရောက်ကုန်ကြတော့ ဘထွန်းတို့ပါ ငြိမ်ကုန်ကြတယ်။ မူးတာတွေပါ ပျောက် ပြီး သူတို့အမှား သူတို့သိလိုက်ကြသလို အသာထိုင်ကုန်ကြပြီ။ ကိုလှုမောင် က အေးသီ ကို ရှေ့ ထုတ်လာပြီး လူပုံ အလယ် ထိုင်ခိုင်းထားရော။ မစွန်မကလည်း သမီးသည်လိုလုပ်လိုက်တော့ ပျာသွား ပုံရပါရဲ့။ သမီး ရှေ့ထိုင်ပြီး ပြန်ချော့နေလေရဲ့။ သည်သတင်းကြောင့် လယ်ပြင်ကြီး ရွာသူရွာသားတွေ မစွန်မ တို့အိမ်ဘက် ပြေးလာလိုက်ကြတာ ရွာထဲ မျက်လှည့်အဖွဲ့ ရောက်လာသလိုပဲ။ မစွန်မတို့ အိမ် ကုပ်ကလေး ကို ၀ိုင်းထားလိုက်ကြတာ လူတွေမနည်းဘူး။
(၁၂)
မောင်ကြိုင်က ပုဆိုးတိုတိုနဲ့ တလွှားလွှား လျှောက်လာခဲ့တယ်။ နီးပြီ။ ရွာခြေတောင် ၀င်တော့မယ်။ ရင်တွေ လည်း ခုန်လို့။ တစ်ခါမှ မရောက်ဖူးတဲ့ ရွာကိုမှောင်ရီပျိုးစ တောလမ်းက တစ်ယောက်တည်း လျှောက် နေရတဲ့ သူ့ဘ၀ကို သူဟာသူလည်း အံ့သြတယ် နဲ့တာပါရဲ့။ လူကလည်း ပေကျံနေလိုက်တာ မြင်ရက် စရာ မရှိဘူး။ မျက်နှာကွက်ကွက်ကလေးပဲ ပေါ်နေတာပါ။ သည်လိုပုံကို ပျက်သွားအောင် လုပ်လို့ ကလည်း မဖြစ်သေးဘူး။ စင်စင်ကြယ်ကြယ်နဲ့ ၀င်သွားရင် ယုံကြမှာမဟုတ်ဘူး။ တော်ရာ ထန်းရည် ၀င်သောက် နေကြပြီ အမူးပြေမှ လာကြတယ်ထင်မှာ သေချာလေတော့ ရွာက ၀ိုင်းအုံရိုက် နှက်ကြရုံရှိမှာ လောက်တော့ မောင်ကြိုင်က သိတယ်။
မောင်ကြိုင် ရွာရိပ်ဝင်ကာနီးတော့ ထန်းရည်ဆိုင်ကလေးတစ်ဆိုင် တွေ့တယ်။ ညနေဘက် ထရ သောက် နေကြတဲ့ လူငယ်လေးငါးယောက်ကို တွေ့လိုက်တော့ မောင်ကြိုင် နည်းနည်းကလေး တွန့်ဆုတ် သွား ရတယ်။ သူ့ကိုများ ရိုက်ဖို့စောင့်နေကြတဲ့ လူတွေ များလားပေါ့။ လူင်ငယ်တွေက တော့မောင်ကြိုင်ကို သိပ်သတိ မထားမိကြဘူး။ ရွာထဲဝင်တဲ့ ဖြတ်လမ်းဆိုတော့ လူတကာ သွားနေကြ တာကိုး။ မောင်ကြိုင်က နဂို မည်းမည်း သည်းသည်ဖြစ်ရတဲ့အထဲ ပေထိပေစုတ်နဲ့ဆိုတော့ ဘယ်သူက ကမှလည်း သတို့သား မထင်ကြဘူး။ မြို့သား သတို့သားကလည်း သည်လိုစုံမွှားမွှား ရှိပါ့မလား။ ထင်စရာမရှိဘူးကိုး။
ထရေဆိုင်ဝ က ထရံ ၀ါးဆစ်တုတ် လေးငါးချောင်း ထောင်ထားတာ တွေ့တော မောင်ကြိုင်လည်း သုတ်သုတ် ကလေး လှမ်းတယ်။ တိုက်ဆိုင်ချင်တော့ ထရေဆိုင်ထဲက သူနဲကရွယ်တူလောက် လူငယ် တစ်ယောက် ထွက်လာတာ မောင်ကြိုင် သတိထားမိလိုက်တယ်။ မောင်ကြိုင့်ကို တစ်ချက်လှမ်းအကဲ ခတ်တယ်။ လယ်ထဲယာထဲက တမံဖော်ပြီး ပြန်လာတဲ့လူရယ်လို့ ထင်သွားပုံရပါတယ်။ မောင်ကြိုင့် ကို လှမ်း မေးတယ်။
“ဟေ့လူ ဘယ်ကလာတာလဲ”
“ညောင်ခြောက်က”
မောင်ကြိုင်က သဖန်းတောတို့ ညောင်ခြောက်တို့ ခေါင်းထဲရှိနေတော့ ပြောချင်ရာ ပြောလိုကတာပါ။ မေးတဲ့လူကိုမကြည့်ဘဲ ဖြေလိုက်ရင်း ခြေလှမ်းကို နှစ်လှမ်းစာ တင်လိုက်တယ်။ ဘာမှန်းမသိ ညာမှန် မသိ စကား ကို ရမ်းမပြောဝံ့တော့ ပါးစပ်ထဲရှိတာ ဖြေလိုက်တာကလည်း တည့်သွားလို့လားမသိဘူး မေးတဲ့ လူငယ် က တစ်ခွန်းထပ် မေးပြန်ရော။
“ခင်ဗျားလမ်းမှာ ကားတစ်စီးမတွေ့ခဲ့ဘူးလား”
“ကား…ကားအကြောင်းတော့ ပြောမနေပါနဲ့ဗျာ၊ စိတ်ကိုကုန်ရော”
သည်တစ်ခါတော့ မောင်ကြိုင်က မေးသူကိုကြည့်ပြီး ဖြေလိုက်တာပါ။ လူကညှင်းသိုးသိုးရယ်၊ ရင်ပတ် မှာ သော့ခလောက် ကလေးတစ်လုံး ကြိုးနဲ့ဆွဲလို့။ မိုက်တိမိုက်ကန်းထဲကနဲ့ တူပါရဲ့လို့လည်း တွေး နေ မိတယ်။ ရင်ပတ်မှာသော့ခလောက်ဆွဲထားတဲ့ လူငယ်က ကားအကြောင်း မပြောပါနဲ့ စိတ်ကို ကုန်ရော ဆိုတဲ့ စကားကို ကျေနပ်သွားတယ်။ သည်လူလည်း ကားစိတ်ကုန်နေတဲ့ လူတစ်ယောက်ကို ထင်သွား တာကိုး။ ဘာမှဆက်မမေးတော့ဘဲ ထရေဆိုင်ထဲ ပြန်ဝင်သွားရော။ မောင်ကြိုင်လည်း သုတ်သုတ် ဆက်လျှောက် ခဲ့ရော။ ရင်ပတ် သော့ခလောက်ဆွဲထားတဲ့ လူငယ်ကို အထဲက လူငယ်တွေက လှမ်းမေးသံ လည်း ကြားလိုက်တယ်။
“သောင်းစိန် ဘာတဲ့လဲ ကားတွေ့ခဲ့သတဲ့လား”
“သည်လူလည်း ကားကိုရိုက်ဖို့ စောင့်နေထင်ပါရဲ့ကွာ၊ စိတ်ကုန်လို့တဲ့”
သည်အသံလည်းကြားရော မောင်ကြိုင် ခေါင်းနပန်းတွေ ကြီးသွားတယ်။ မပြေးရုံတမ်ယ ဒရောသောပါး လာလိုက်တာ ရွာထဲဝင်ရမယ့် မလွယ်ပေါက်ကို ရောက်လာခဲ့တယ်။ မလွယ်ပေါက်က သိပ်မကျယ်ပါ ဘူး။ လမ်းဘေး တစ်ဖက် တစ်ချက် ရှားစောင်းပင်တွေ စီစိုက်ထားတော့လမ်းမှန်း သိသာတယ်။ ကလေးချီထားတဲ့ မိန်းမတစ်ယောက်နဲ့တွေ့လို့ ဒေါ်စွန်မတို့ အေးသီတို့အိမ် ဘယ်နားမှာလဲမေး တယ်။ သည်မိန်းကလည်း မောင်ကြိုင့်ကို မြို့ကလာတဲ့ သတို့သားရယ်လို့ ဘယ်ထင်မှာတုန်း၊ သည်ကသွား၊ ရှေ့ကျ ညာချိုး၊ ဆက်လျှောက်သွား၊ လေးငါးအိမ်လောက်ကျော်ရင် မောင်းစင် တွေ့လိမ့်မယ်။ မောင်းစင် နဲ့ တစ်အိမ်ကျော် မန်ကျည်းပင်ကြီးနဲကအိမ်ပဲလို့ လမ်းညွှန်လိုက်တယ်။ မောင်ကြိုင် ဆက်လျှောက် လာလိုက်တာ မောင်းစင်ကို တွေ့ပြီ။ မန်ကျည်းပင်ကို တွေ့ပြီ။ နဖူးကို ခြေမှုန့်ကလေးဖက်ခနဲ့တို့ပြီး အေးသီ တို့အိမ်ဆိုတာကို လှမ်းကြည့်လိုက်တယ်။
မောင်ကြိုင်ရင်တွေ တဒိန်းဒိန်းခုန်နေပြီ။ သူအလောကြီးလာခဲ့ရတဲ့ အေးသီတို့ရွာ၊ အေးသီတို့အိမ်၊ သူ့မျက်စိ ရှေ့ ရောက်နေပြီလေ။ လူသူရယ်လို့ သိပ်မရှိဘူး။ အထဲမှာ မီးခွက်ကလေး ထွန်းတားတာပဲ တွေ့ တယ်။ ဒါနဲ့မောင်ကြိုင်လည်း စွပ်စွပ်ရွပ်ရွပ် ၀င်လာခဲ့တယ်။
(ဇာတ်သိမ်း ဆက်ရန်)
[ ရွှေဇင်ဦးဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment