Thursday, 13 June 2019
အိမ်ကလေး ၅
#အိမ်ကလေး ( ၅ )
#နေဝင်းမြင့် 
 သည်အိမ်ကို လုတွေက အိမ်ကြီးမာယာလို့ ခေါ်ကြသည်။တချို့ကတော့လည်း ဆရာမနိုင် နှစ်ဆောင်ပြိုင်လို့ ခေါ်ကြသည်လည်း ရှိသည်။တကယ်တော့ အိမ်ကြီးလည်းမဟုတ် ၊ နှစ်ဆောင်ပြိုင်လည်းမဟုတ်။သာမန်ဓနိမိုး ထရံကာအိမ်ကလေးသာဖြစ်သည်။လှေကားထစ် သုံးလေးထစ် လှမ်းတက်ရသည့် လူ့ခါးစောင်းလောက် အမြင့်မှာ ဖိနပ်ချွတ်နေရာ ကျယ်ကျယ်ကလေးရှိ၍ နောက်ထပ် ခြောက်လက်မလောက် တက်လိုက်တော့မှ အိမ်မထဲရောက်သည်။အရှေ့မျက်နှာပြု အိမ်ကလေးဆိုတော့ ဘုရားစင်က တောင်ဘက်ထရံမှာ ။ အတွင်းခန်းကို အိမ်ခန်းဟု ခေါ်ကြသည့် အိမ်ခန်းက နှစ်ခန်းဖြစ်သော်လည်း နောက်ဆုံးပြောင်းလာသည့် အိမ်ထောင်စုမှာ လူဦးရေများလွန်းလှသည်ဖြစ်ရာ အိမ်ရှေ့ခန်းသည်လည်း အိမ်ခန်းကျယ်ကြီး ဖြစ်ရတော့သည်။
 “ အမလေး လူတွေမှ နည်းပေါင်”
 သည်မိသားစု ပြောင်းလာခါစက ပစ္စည်းပစ္စယရယ်လို့ များများမပါကြဘဲ ကြီးမားသော အဝတ်ထုပ်ကြီးများ ၊ ညစ်ပေပေ စောင် ခေါင်းအုံးများ ၊ ဆေးကြောတိုက်ချွတ်ခြင်း ကင်းကွာသော အိုးခွက် ပန်းကန်များနှင့် ဒီဇိုင်းမတူသော တံခါးရွက်နှစ်ချပ် လှုပ်တုပ်လှုပ်တုပ် တပ်ထားသည့် ကြောင်အိမ်မည်းမည်းကြီး တစ်လုံးသာ ပါကြသည်။
သည်အိမ်သည် နေစရာဖြစ်ကာ လေဘေးထည်များသည် ဝတ်စရာဖြစ်၍ သည်အိုးခွက်များနှင့် ချက်ပြုတ်ကြမည်ဖြစ်သော ထမင်းဟင်းသည် စားစရာဖြစ်သည့် အားလျော်စွာ စားဝတ်နေရေး အကြောင်းသုံးပါးသည် ဤအိမ်၌ မျက်နှာမလှစရာ ဖြစ်နေလေသည်။ရှေ့ဆုံးအိမ်ငှားက စိတ်လိုလက်ရ ထိုးထားခဲ့သည့် ဘုရားပန်းသည် နောက်အိမ်ငှား အဆက်ဆက်က ယဉ်ကျေးမှုသဖွယ် ဆက်လက်ထိန်းသိမ်းထားခြင်းသည်လည်း ဤအိမ်ကလေး၏ ထူးခြားမှုဖြစ်သည်။
 ကလေးတွေများလွန်းလှသည်။နားသယ်စပ်ကို ပြောင်အောင် စက်ကတ်ကြေးထိုးထားသည့် ကလေး ၊ ဆံပင် ဖုတ်သိုက် ကလေး၊ခေါင်းတုံး ဆံတောက်ကလေး၊ ခရူးကတ်ခေါ် သင်းဖွဲ့ပုံစံ ညှပ်ထားသည့်ကလေး၊ ရာဇာနေဝင်းပုံ ညှပ်ထားသော ကလေး စသည်ဖြင့် ဆံပင်ကို ကလေးနှင့် ခွဲသလား ၊ ဒါမှ မဟုတ် ကလေးကို ဆံပင်နှင့် ခွဲကြသလား မသေချာသော်လည်း တူညီသည့် အချက်မှာ အားလုံးလိုလို ငါးမောင်းမများနှင့် တူနေခြင်းဖြစ်သည်။
ထူးခြားချက်မှာ အသက်ငါးဆယ်နီးပါး အမျိုးသမီးကြီးနှစ်ယောက် ပါလာခြင်းဖြစ်၍ သည့်ထက် ထူးခြားချက်မှာ အသက်ခြောက်ဆယ်နီးပါး အမျိုးသားကြီး တစ်ဦးတည်း ရှိနေခြင်း ဖြစ်သည်။
 မိန်းမကြီးနှစ်ယောက်က ညီအစ်မလား ၊ ဘယ်သူ အစ်မလဲ ၊ ဘယ်သူက ညီမလဲ ၊ လူကြီးကရော ဘယ်မိန်းမကြီးရဲ့ ယောကျာ်းလဲ၊ ကလေးတွေက ဘယ်သူနဲ့ မွေးတာလဲ၊ လူကြီးက မယားနှစ်ယောက် ရှိတာလား ၊ ရှိတယ်ဆို သူတို့ချင်းတည့်ကြလား ။သည်လောက် ကလေး တစ်ပြုံတောင်ကြီးကို ဘာလုပ်ကျွေးကြလဲ၊ နေပါဦး သူတို့က အရင်က ဘယ်မှာ နေကြတာလဲ။
ဒါဖြင့်ရင် သူတို့အရင်က သည်အိမ်မှာ နေခဲ့ကြတဲ့ မောင်ရွှေလင်မယားက ချက်ချင်းကြီး ဘယ်ရောက်သွားတာလဲ၊ မောင်ရွှေနဲ့ သူတို့ကရော ဘယ်လိုတော်တာလဲ။မောင်ရွှေတုန်းက အိမ်ငှား ၊ အခုပြောင်းလာကြတာကလည်း အိမ်ငှားဆိုရင် အိမ်ပိုင်ရှင် ကိုကျင်တိတ်ကကော သည်လူပြောင်းလူလွှဲကို သိရဲ့လာ့း့ စသော မေးခွန်းပေါင်း သောင်းခြောက်ထောင်က ရပ်ကွက်အတွင်း၌ တောမီးကြီးသဖွယ် ကူးလေသည်။
သည်အိမ်ကို ရပ်ကွက်က လှည်းဦးတိုက် လှေဦးတိုက်ဟု ဆိုသည်။တကယ်လည်း လမ်းတိုကလေး၏ အဆုံးမှာ သည်အိမ်ကလေးရှိ၍ အိမ်ရှေ့တည့်တည့်မှာ လမ်းတိုကလေးဆုံးသည်။ထိုအခါ ဘယ်ဘက်သို့လည်းကောင်း ၊ ညာဘက်သို့ လည်းကောင်း တစ်ဖက်ဖက်သို့ ကွေ့ချိုးနိုင်သည်။စာကလေး ပေကလေး တက်သူတို့ကတော့ တစ်မျိုးပြောသည်။
 “ ထုပ်မစွပ် ယက်မလျှိုလျင် ကျမ်းဆိုချင် အလျောက် ၊ ဥစ္စာရွှေငွေ ပျောက်မယ်၊ဝမ်းပေါက်အောင် လျှောက်ကိုးကွ ၊ ဘယ်နိမ့်လိမ့်မလဲ ကြည့်ပါလား ၊စရွေးခံက ထုပ်ထက်ကြီးနေတာ ၊ အဲ့တာ ထီးဆောင်းခေါ်တာပေါ့၊ သည်ကြားထဲ ထုပ်စွန်းထက် စရွေးရှည်နေတော့ သွားရောပေါ့ကွာ”
 တစ်ချက်ကလေးမှ မကောင်းသော်ငြား အိမ်ငှားပြတ်သည်မရှိ။တရုတ်ကြီး ကိုကျင်တိတ်ကပင် လာကြည့်တာမျိုးမရှိ။တစ်နှစ်စာ အိမ်လစာတောင်း ၊ လက်မှက်ကလေးထိုးပြီးလျင် စာချုပ်ကိစ္စပြီးပြီ။
သည်အိမ်ကလေးကို ပထမဆုံးရောက်လာသူမှာ ( ကျွန်တော်သိသလောက် ပြောခြင်းဖြစ်ပါသည် ) နူတ်ခမ်းမွေး လင်မယားဟု အများက ခေါ်ကြသည့် လင်မယားဖြစ်သည်။ယောကျာ်းဖြစ်သူက နူတ်ခမ်းမွေး ထူထူကြီးထားကာ ကတ်ကြေးသေးသေးလေး တစ်လက်နှင့် မနက်တိုင်း ဖိနပ်ချွတ်မှာ ထိုင်ရင်းတိနေတက်သည်။နူတ်ခမ်းမွေးထက် သူ့ဇနီးနူတ်ခမ်းမွေး ကတော်က အတော့်ကို ငယ်သည်။ဘာလုပ်စားမှန်းလည်းမသိ။
တစ်ခါတစ်ခါ လူလေးငါးယောက် သရေဂျာကင် မည်းပြောင်ပြောင်ကြီးတွေဝတ်ကာ သည်အိမ်ကို ရောက်လာတက်သည်။သည်လူတွေ ရောက်လာလျှင် နုတ်ခမ်းမွေးလင်မယား အူစိုပုံပေါ်သည်။တစ်ခါမှ မကြားဖူးသော ကက်ဆက်သံ ပွက်ပွက်ညံအောင် ကြားရတက်သည်။ရပ်ကွက်နှင့် အဆက်အစပ် မရှိတာတော့မဟုတ်။ပတ်သက်ရာ ပတ်သက်ရာ တွေ့ကြ ပြောကြ ဝင်ကြထွက်ကြသူတွေရှိသည်။ဝင်သူ ထွက်သူတွေကို စိတ်ဝင်စားကြသူတွေက မေးသည်။
 “ ဟဲ့ နူတ်ခမ်းမွေက ဘာလုပ်တာတဲ့လဲ”
 “ ဆိုင်ကယ်ပွဲစားလို့ ပြောတာပဲ”
 “ဆိုင်ကယ်ဆိုလို့ ဆီးထုပ်ထဲက ဆိုင်ကယ်တောင် မတွေ့ပါလားအေ”
 “ ပြောတာပဲ ၊ မယားကတော့ တော်ရှာပါတယ် ၊ နူတ်ခမ်းမွေးက ဘောက်တိ ဘောက်ထိုးရယ်”
 ရပ်ကွက်က သည်အိမ်ကလေးအကြောင်း သည်လောက်ပဲ သိကြသည်။ဧည့်သည်တွေ ပြန်သွားလျှင်တော့ နူတ်ခမ်းမွေးက ဖိနပ်ချွတ်ထွက်ပြီး နူတ်ခမ်းမွေးတိသည့်အလုပ် ပြန်လုပ်သည်။သည်လင်မယားကလည်း သိပ်တောာ့မကြာပါ။သုံးလလောက်ပဲ နေခဲ့ကြသည်။ထူးဆန်းတာက သူတို့ ဘယ်အချိန်ပြောင်းမှန်း မသိလိုက်ကြခြင်း ဖြစ်သည်။
သူတို့ပြီးတော့ မိန်းခလေး နှစ်ယောက်ပြောင်းလာကြသည်။ဆံပင်ကျောဝဲ ခေတ်ဆန်ဆန် ။သေတ္တာကြီး တစ်လုံးစီနှင့် ရောက်လာကြသည့် နှစ်ယောက်ကိုတော့ ရပ်ကွက်က စိတ်ဝင်စားသည်။မီးစက်တွေ ဆောင်းဘောက်တွေ ကာရာအိုကေစက်တွေ မကြာခင်ရောက်လာတော့ ဓာတ်ပြားက တီးလုံးနှင့် လူအရှင်လတ်လတ် အဆိုတို့ပေါင်းကာ ညတိုင်း သီချင်းဟစ်ကြသည်။
 “ ကိုကျင်တိတ် ဥစ္စာစောင့်မတွေ ငှားလိုက်ပြန်ပြီ ထင်တယ်နော်”
 ကာလသားမိခင်တို့က ထိုသီချင်းသံတွေကို သရဲမီးမြင်ရသလို လန့်ကြသည်။အိမ်ကလေးရှေ့ လမ်းတိုအဆုံးက ရေခန်းနေသည့် မီးသတ်ရေကန်ပေါ်မှာ ညတိုင်းကာလသားတို့၏ စပိန်ဂစ်တာကို ကြားကြရပြီ.။
သည့်နောက်မှာတော့ လမ်းတိုကလေးထဲ ကားအဝင်အထွက် များလာသည်။ဆိုင်ကယ်အဝင်များလာသည်။ဥစ္စာစောင့်တွေက ခရီးယာယီတော့များသား။တစ်ခါတော့ လှည်းဦးတိုက် လှေဦးတိုက် အိမ်ကလေးရှေ့မှာ ကားတစ်စီးရပ်သည်။ပစ္စည်းတွေ အားလုံးတင်ကာ မောင်းထွက်သွားသည်။သြော့့် ခမျာတို့ ပြောင်းကြပြီ ထင်ပါရဲ့။မဟုတ်ပါ။ပစ္စည်းတွေ မရှိတော့သော်လည်း မိန်းခလေးနှစ်ယောက်ကတော့ ရှိနေမြဲပါ.။နိုင်ငံခြားဖြစ် ဒေါက်ဖိနပ် ၊ ပိုးပျော့ထဘီ ၊ လက်သည်းရှည်ရှည် ၊ ဆံပင်ဖားလျား ၊ စကက်ထဘီ ၊ တစ်ခါတစ်ခါ စကက်ဘေးခွဲ ၊ ကိုရီယားကားထဲက မင်းသမီးလေးတွေနှင့်ပင် တူသည်။
 “ လှည်းဦးတိုက်အိမ်က ယင်းရွှေစင်တွေ မိုက်တယ်နော်”
 “ ကိုယ်တော်နော် အေးအေးနေ ၊ ဒါတွေက အပိုင်းခြောက်ဆယ်တွေ”
EPISODE 60 မအိမ်သူက ကျွန်တော့်ကို ကြိမ်းသည်။သိပ်မကြာပါ။ရပ်ကွက်ထဲက လူငယ်တစ်ယောက် ဆိုင်ကယ်ပါသွားသည်။တစ်ယောက်ကိုတစ်ယောက် ယုံကြည်လာကြတော့ ကောင်လေးက ဆိုင်ကယ်ငှားလိုက်သည်။ညအထိ ပြန်မလာ။ဘယ်တော့မှလည်း ပြန်မလာ။ထိုအခါ အပိုင်း ၆၀ မရောက်ခင် ဇာတ်သိမ်းသွားခဲ့သည်။
 အိမ်ကလေးက ငှားမည့်သူမရှိဘဲ နှစ်ပေါက်ကြာသွားတော့ လူတွေက အိမ်ကလေးကို ထွက်ခလုတ် ဝင်ခလုတ်ဆိုသည့်တိုင် ခေါင်းထဲမရှိကြတော့ ။နောက်တစ်ကြိမ် ကိုကျင်တိတ် ငှားလိုက်သည့် လင်မယားကတော့ မဆိုးပါ။ဒါပေမယ့် မြင်ရသလောက် သည်လင်မယားသည်လည်း အလုပ်အကိုင် မည်မည်ရရ မမြင်။လင်ဖြစ်သူက နာရီပြင်သည်။မယားဖြစ်သူက ကလေးကျောင်းကြို
 ကျောင်းပို့ ။ 
နာရီပြင်သည်ဆိုသော်လည်း မြို့တွင်း ဆိုင်သွားဖွင့်တာမျိုးလည်းမရှိ။အိမ်မှာ လက်ခံပြင်တာမျိုးလည်း မမြင်။သို့သော် ကိစ္စမရှိ။ရပ်ကွက်ကို သူတို့ လင်မယားကို ခင်ကြသည်။မွန်ရည်သည်။ ယဉ်ကျေးသည်။နာရီပြင်ဆရာက စကားပင် ဟဟမဆို။ပြုံးပြုံး ပြုံးပြုံး။မယားကတော့ ကျောင်းကြိုပြီးလျှင် သူ့ဝတ္တရား ကျေပြီဆိုသည့်ပုံဖြင့် အချစ်ဝတ္ထုတစ်အုတ်ငှားကာ ပလတ်စတစ်ထိုင်ခုံက မထတော့။
နာရီပြင်ဆရာက စကားသာ ဟဟ မဆိုသော်ငြား အရက်ကတော့ ကြိုက်ပုံရသည်။အရက်သောက်လျှင် မျက်နှာကြီးနီကာ ပိုပြီးပြုံးတော့သည်။ဆူခြင်း ညံခြင်းမရှိ။လင်မယားချင်း ထသတ်တာမျိုးတွေ ရှိသော်လည်း အချစ်ဝတ္ထုနှင့် အရက်သည် အချိန်တန်လျှင် ကိုယ့်နေရာကိုယ် ပြန်ယူကြမြဲ။
 “ ကိုကိုတို့က မြို့ထဲမှာ နေကြတာလေ။မိဘတွေက ချမ်းသာတယ်။ကျွန်မက နယ်က ။ ဒီမှာကျောင်းလာတက်ရင်း ကိုကိုနဲ့ တွေ့တာ။အိမ်ထောင်ပြုတော့ နှစ်ဘက်မိဘဆင်လိုက်တဲ့ စိန်တစ်ဆင်စာ ကုန်တာပဲ။နာရီပြင်တာက နောက်မှပါ။မိဘတွေက အလုပ်တစ်ခုခု လုပ်မှ ထောက်ပံ့မယ်ဆိုလို့ ထသင်တာ”
 မယားဖြစ်သူက ကျွန်တော့်အိမ်ဘေးက မီးသွေးသည်ဆီမှာ မီးသွေးအကြွေးဝယ်ရင်း ပြောနေခြင်း ဖြစ်သည်။မယားဖြစ်သူက ဖတ်သီ ဖတ်သီ ရှာဖွေလာသမျှ ချက်ပြုတ်ကာ ဟန်မပျက် ထိန်းထားရသော်လည်း နာရီပြင်ဆရာက အရက်တွေသောက်တာ များလာသည်။မနက်တိုင်း အကြွေးလာတောင်းသူ ရှိသည်။နေ့တိုင်း ရန်လာတွေ့သူတွေ  ရှိသည်။နာရီပြင်ဆရာဆိုလို့ နာရီတော်တော်များများ ယုံမှတ်အပ်နှံသူတို့ ဆုံးပေါင်းများလှပြီ။မည်သို့ပင် ဖြစ်စေ ။အရက်နှင့် အချစ်ဝတ္ထုသည် အေးအေးဆေးဆေး။
 “ သည်လင်မယားက ဘယ်လောက်ကြာကြာ ငှားနေတာတဲ့လဲ”
 “တစ်နှစ်လို့ ကြားတာပဲ”
 သို့သော် သည်လင်မယား ဆယ်လနှင့် ပြောင်းသွားကြသည်။မြေးကလေးတွေ ဒုက္ခရောက်ချည်ရဲ့ဆိုကာ လူကြီးမိဘတွေက အားလုံးကို မြို့ထဲပြန်ခေါ်သွားကြသည်။ရပ်ကွက်အတွင်းရှိ စားကြွေး သောက်ကြွေးတွေ စိုက်ဆပ်ပေးကြသည်။နှစ်လနေခွင့် ရှိသော်လည်း ကိစ္စမရှိ။ထားခဲ့ ။ ဆုံးချင်ဆုံးပါစေ။နှစ်ဘက်မိဘများက သည်မိသားစုကို မြန်မြန်ပြန်ခေါ်မှ သက်ဆိုးရှည်မှာကို သိကြတော့ ချက်ချင်း အခုလိုက်ခဲ့ လုပ်ကြခြင်းဖြစ်သည်။
 ထိုအခါ တစ်လလျင် ကျပ်ခြောက်ထောင် ပေးထားရသော အိမ်ငှားခကို နာရီပြင်ဆရာ ကိုမှုးက နှမြှောသည်။အိမ်ရှင် ကိုကျင်တိတ်ဆီက ကျုပ်နှစ်လခ ကျန်တာပြန်ပေးလုပ်လို့ကလည်း မဖြစ်တော့ စဉ်းစားသည်။တစ်လခြောက်ထောင် ၊ နှစ်လ တစ်သောင်းနှစ်ထောင် ၊ ဘယ်လို လုပ်ရပါ့။
 နာရီပြင်ဆရာ လင်မယား ပြောင်းသွားပြီး နောက်မနက်မှာပဲ စောစောပိုင်းက ကျွန်တော်ပြောခဲ့သည့် ယောကျာ်ကြီးတစ်ယောက် မိန်းမကြီးနှစ်ယောက် ။ ကလေးဆိုက်စုံ ( အပျိုပေါက် မိန်းခလေးတစ်ယောက် ပါသေးသည် ) တို့ လှေဦးတုက် လှည်းဦးတိုက် အိမ်ကို မနက်အစောကြီး မြည်ဟီးလှသော အသံတို့ အုတ်အုတ်ကျက်ကျက် ဖြစ်စေလျက် ရောက်လာခဲ့ကြတော့သည်။
 “ ဇမ္ဗူဒီပါ ၊ သာသည့်အထွတ် ၊ ဘဒ္ဒကပ်ဟု ၊ မည်မှတ်တွင်ဘိ ၊ တန်ခိုးရှိသည် ၊ ကြီးဘိသနင်း ၊ နတ်ရှင်မင်းတို့ ၊ ကောင်းခြင်းတူမြတ် ၊ ပါဒ်ဗီဇနာ ၊ ပြန်စရာနှင့် ၊ ကောင်းစွာခေါ်မှတ် ၊ မြေပုံသတ်၍ ၊ မှတ်သည့်အိမ်ကို”
 အသက်ကြီးကြီး ကျောကုန်းကိုင်းကိုင်းဆရာက သည်အိမ်ကိုရောက်လာရတာကိုပဲ မဟာဃရ ၊ ဒေဝရိပ်ငြိမ် ၊ နတ်နန်းအိမ်၌့ ဆိုသည့်ပုံဖြင့် အိမ်ကိုလှည့်ပတ်ကြည့်သည်။ပါလာသည့် နှစ်ပေတစ်ပေ ဆေးသုတ်ဆိုင်းဘုတ်ကို အိမ်ဦးတံခါးဝတွင် ပြင်းစွာသော တူသံကိုပြု၍ ချိတ်သည်။
 ‘ ဦးသာကောင်း အထွေထွေကိုယ်စားလှယ်ကြီး’
 “ အမယ် လူတွေမှ နည်ပေါင် ၊ လူကိုယ်စားလှယ်နဲ့ တူတယ်”
 ရပ်ကွက်က အထွေထွေကိုယ်စားလှယ်ကြီး မိသားစု ပါလာသည့် အဝတ်တို့ကို လည်းကောင်း ၊ အိုးခွက်တို့ကိုလည်းကောင်း ၊ ဒီဇိုင်းမတူသော တံခါးနှစ်ချပ်ပါသည့် ကြောင်အိမ်ကြီးကိုလည်းကောင်း အသီးသီး အသက အသက ထင်မြင်ချက်ပေးကြလေ၏။ငါ မောင်းမကလေးတွေကလည်း ရပ်ကွက်လမ်းတိုကလေးကို ရှောင်ဇေလီဇေး ပါရီလမ်းမကြီး ထင်ကြသလားမသိ။ရောက်မဆိုက်ပင် တဖုန်းဖုန်းသော အသံပြု၍ ဘောလုံးကွဲကို ကန်ကြလေသည်။အပျိုမကလည်း တင်းကျပ်သော လေဘေးဘောင်းဘီကို မဆံ့ရင်ကန် ဝတ်ကာ လမ်းသလားလေ၏။
 နောက်ရက်များမှာတော့ အိမ်ကလေးရှေ့ ဝါးလုံးတိုင်နှစ်တိုင်စိုက်ကာ ရှိသမျှ အဝတ်တွေ အစိုရော အခြောက်ပါ လှန်းကြသည်၌ ရနံ့မျိုးစုံတို့ ဝေ့ဝေ့ဝဲဝဲ ရှိကြလေသည်။ထူးခြားတာက မိန်းမကြီးနှစ်ယောက်၏ အသံများဖြစ်သည်။တစ်ယောက်က မောင်းကွဲသံဖြစ်၍ တစ်ဦးက လင်းကွင်းထိပ်ပဲ့သံဖြစ်သည်။တစ်ဦးနှင့် တစ်ဦး လက်ဝေ့ကြိုးဝိုင်းလောက်သာ အဝန်းကျယ်သည့် အိမ်ကလေးထဲမှာပေမယ့် အော်ကြီးဟစ်ကျယ်ခေါ်ခြင်း ၊ ပြောခြင်း ၊ ဆွေးနွေးခြင်း ။ မြည်တွန်တောက်တီးခြင်း ၊ ဆဲရေးခြင်း စသည့်အသံတို့သည် သောင်းသောင်းသဲသဲ ရှိလေသည်။
 နောက်ဆုံးအသံ  ' လား  '  သည် တိုတိုနှင့် ရပ်သွားသည် မဟုတ်မူဘဲ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်၏ ရွဲကုန်သည်ဇာတ်က ‘ ရွှေ ‘  ‘ ရွှေ ‘ ဟူသော အသံ ဆင့်ကာဆင့်ကာ အော်သံမျိုးဖြင့် ထစ်ချူန်းလေသည်။
 အဆိုးဆုံးမှာ နေ့စဉ်ရန်ပွဲကျင်းပခြင်းဖြစ်သည်။တိမ်ညွန့်ကို တက်စားရာမှ အချင်းချင်း ရန်သတ္တရုပြုကြသော ခြင်္သေ့ပျံနှင့် ဆင်ပျံကဲ့သို့ ဟုန်းဟုန်းကြေကြေ ရှိကြခြင်း ဖြစ်သည်။လောက၌ရှိသော ဘာသာစကားတို့အနက် အရိုင်းစိုင်းဆုံး ၊ အကြမ်းတမ်းဆုံး ၊ အနင့်သီးဆုံးဝေါဟာရဖြင့် ဆူကြ ဆဲကြရင်း နပန်းလုံးကြခြင်းဖြစ်ရာ ရမ္မက်ဒေါသ ၊ အာဃာတနှင့် ရတက်ဟူးဟူး ရှိကြရင်းက ဒေါသဇောကြောင့် ၊ ကောဓဖြိုင်ဖြိုင် ၊ စိတ်မခိုင်ကြသည့်အလျောက် အရပ်ဆယ်မျက်နှာ၌ ပွက်ပွက်ကြီး ရိုက်လေသည်။
ရန်ပွဲကား အမျိုးမျိုးရှိသည်။ သူတို့အချင်းချင်းလည်း ရှိသည်။ယခင်နေရပ်ဟောင်းက လိုက်ပါလာသော ကျောင်းတော်က ရန်စများလည်းရှိသည်။ရပ်ကွက်တွင်း အမြင်မတော် အကြားမတော်သူများနှင့်လည်း မလွတ်။တစ်နေကုန် ပျောက်နေတက်သော ကိုယ်စားလှယ်တော်ကြီးက ညကြီးမိုးချုပ်မှ ပြန်လာသည်ဖြစ်ရာ မိန်းမနှစ်ယောက် အလုအယက်တိုင်ကြရာမှ တငွေ့ငွေ့သာ ကျန်သော မီးကြွင်းဟောင်းက ထတောက်လာပြန်သည်လည်း ရှိသည်။ကိုယ်စားလှယ်တော်ကြီးခင်မျာ ဝတ္တရားအရ ကြားနာရသော်ငြား ‘တော်ကြစမ်းပါဟာ’ ဆိုတာလောက်နှင့် စခန်းသိမ်းရမြဲ ဖြစ်သည်။
 တစ်ခါတော့ အိမ်ကလေးရှေ့ လှေဦးတိုက် လှည်းဦးတိုက်နေရာမှ မိန်းမကြီးနှစ်ယောက် အချင်းချင်း နပန်းလုံးကြသည်။ငါးမောင်မတွေက ဘေးမှာ ။တစ်ယောက်ဆံပင် တစ်ယောက် မလွှတ်တမ်း ဆွဲကြရင်း ကြွေးသစ်ကြွေးဟောင်း ပြဿနာ ငြင်းနေကြသေးသည်။
 “ ညည်း အခုဆင်း ၊ မလိုချင်ဘူး”
 “ မလိုချင်ဘူး ။ပိုက်ဆံပြန်ပေးလေ ၊ လေးလစာ ကျန်သေးတယ်”
 “ ဘာ လေးလလဲ သုံးလ”
 ဆံပင်တွေကို မလွှတ်ကြသေးဘဲ သုံးလနှင့်လေးလ ငြင်းနေကြတာကိုပဲ ကြာသေးသည်။အမြင်မတော်သူတွေက ဖျန်တော့ စကားထိုးစစ်ကြီး စပြန်လေ၏။နောင်အခါ ရပ်ကွက်က သည်အိမ်ကလေးထဲက ပြဿနာကို သိလာကြသည်။
ပြဿနာထားခဲ့သူက နာရီပြင်ဆရာ ။တစ်လခြောက်ထောင်နှင့် ငှားထားရသော သည်အိမ်ကလေးက ပြောင်းခါနီး နှစ်လစာနေဖို့ ကျန်တာ ကျွန်တော်ပြောခဲ့ပြီ။သည်တော့ နာရီပြင်ဆရာက သူအရက်ဝယ်သောက်သည့် တဲကလေးက ကိုယ်စားလှယ်တော်ကြီးက မယားကို အရက်ကြွေးနှင့် နှိမ်ကာ နှစ်လတက်နေခွင့် ပြုလိုက်သည်။
အရက်ကြွေးက လေးထောင်ဆိုတော့ သည်အတိုင်းထားပစ်ခဲ့ရမည့် အတူတူ နှစ်လတက်နေကြ လုပ်ခဲ့ခြင်းဖြစ်သည်။တစ်လနှစ်ထောင်နှင့် ဈေးတည့်ကြရာ နှစ်လဆိုတော့ လေးထောင်။အရက်ကြွေးကလည်းကြေ။သစ်ပင်ကလေးအောက် တဲကလေးထိုးကာ ကျဉ်းကျဉ်းကျုတ်ကျုတ် နေကြရသည့် သည်မိသားစုက နှစ်လစာ အိမ်ပေါ်တက်နေခွင့် ရသွားကြသည်ဖြစ်ရာ သူတို့ကလည်း ကျေနပ်သည်။တစ်လခြောက်ထောင် ပေးငှားရသောအိမ်မှာ ( အရက်ကြွေးနှင့် ခုနှိမ်သည် ဆိုသော်ငြား ) တစ်လနှစ်ထောင်နှင့် နေခွင့်ရကြတော့ သူတို့ကလည်း ကျေနပ်သည်။ဤသို့ဖြင့် သည်အိမ်ကလေးကို မိသားစုအားလုံး ရောက်လာခဲ့ခြင်း ဖြစ်သည်။
 “ ကိုယ်စားလှယ်တော်ကြီးက မိန်းမနှစ်ယောက်ပေါ့”
 “ မဟုတ်ဘူး ၊ တစ်ယောက်တည်းပဲ ၊ မောင်းကွဲသံနဲ့မိန်းမက သူ့မိန်းမ၊ လင်းကွင်းထိပ်ပဲ့သံက အိမ်ငှား”
 “ ဟ  ဘယ်လိုအိမ်ငှားလဲ”
 ကျွန်တော့်ဇနီး မအိမ်သူက ကြားထားသမျှ ရှင်းပြခြင်းဖြစ်သည်။
 “ သည်လို ၊ ကိုယ်စားလှယ်တော်ကြီးရယ် ၊ မောင်းကွဲသံရယ် ၊ အပျိုမရယ် ၊ ကလေးနှစ်ယောက်ရယ်က တစ်မိသားစု ၊ သူတို့က သစ်ပင်အောက်တဲထိုးပြီး အရက်ရောင်းတာ ၊ နာရီပြင်ဆရာက အရက်ကြွေး မှတ် မှတ် သောက်နေရာက ပြောင်းရမယ်ဆိုတော့ သူကျန်တဲ့ နေခွင့် နှစ်လကို မောင်းကွဲသံတို့ကို နေခွင့်ပြုခဲ့တာ”
 “ ရှင်းပြီ ၊ ဟို မိန်းမတစ်ယောက်က ဘာလဲ”
 “ ဟောတော့့် အိမ်ငှားပါ ဆိုနေ ၊ အရက်ရောင်းတဲ့ မောင်းကွဲက သစ်ပင်အောက်မှာ တဲထိုးနေတာကို လင်းကွင်း ပဲ့က တဲတစ်ခြမ်းငှားနေတာ ၊ မောင်းကွဲက သည်အိမ်ကို လာနေတော့ သူကလည်း လေးလနေခွင့်ကျန်လို့ သူပါ လိုက်လာတာတဲ့၊ အိမ်ငှားရဲ့ အိမ်ငှားပေါ့”
 “ ဟောဗျာ နဂိုက သူတို့နေတဲ့ သစ်ပင်အောက်က တဲမှာ နေခဲ့လို့ ရတာပဲ”
 “ မရဘူး ရပ်ကွက်လူကြီးတွေက ရပ်ကွက်ထိပ် အရက်ရောင်းတာရော ၊ ပသာဒ မဖြစ်တာရော ၊ အရက်ဆိုင်မှာ ရန်ဖြစ်တာတွေရော ဆိုတော့ နေခွင့် မပြုတော့ဘူး”
 ဒေဝဒေဝါ ၊ နတ်တကာတို့ ။ မှတ်ရာအချက် ၊ ပန္နက်ချလျှင်း ၊ ဤမြေတွင်း၌ ၊ ချွတ်ယွင်းတိမ်းစောင်း ၊ မြေမကောင်းကို ၊ ထောင်းထောင်းဖြိုဖျက် ၊ ဘေးရန်ပျက်အောင့့် အခုတော့ သည်အိမ်ကလေးမှာ ဒေါ်မောင်းကွဲရော ၊ ဒေါ်လင်းကွင်းပဲ့ပါ မရှိကြတော့။လှေဦးတိုက် လှည်းဦးတိုက် ဆိုသော်ငြား ကိုကျင်တိတ်က လူငှားရှာနေသည် ဆို၏။
------------
နေဝင်းမြင့်
( အိမ်ကလေး ၁၆ လုံး)
#Typing_Credit_သာထက်ဇော်
No comments:
Post a Comment