#သည်ညောင်ပင် ( လှလိုက်တာနော် နှင့် ရသစာတမ်းငယ်များ)
အောင်သင်း
သည်ညောင်ပင်
ဘာမပို တာဝေငှလိုက်တော့
ရာဇဂြိုလ် သာကေတငယ်နှင့်
ဗာရာဏ တက္ကသိုလ်။
အညီတွေးလိုက်ပြန်တော့
ဤလေးပြည် ဗဟိုအလယ်ထင့်
ခိုစဖွယ် ထိုဝယ်ခရီးမှာတော့
မှောင်စိုစို ညောင်ညိုကြီးရယ်
ထီးဖြန့်သလို။
တည်းလှုံမှီ အသွားအလာထောက်လိုက်တော့
လှည်းကုန်သည် ငါးရာရောက်ကရော့ထင့်
နွားစာခြောက်ကိုတဲ့ မြင်သကို
ခွင်စားဖို့ရယ်တဲ့ တည်ရာစခန်း။
တောဟိမ၀ါ
ပေါရိသာ အယူမှားစဉ်က
လူသားကို ခင်မင်လို့
ရှင်ဘုရင် အရာကျရယ်က
မဆင်ခြင် လာသမျှကိုတဲ့
ဟော အမိအရ ဖမ်းတာကြောင့်
တောအထိကရ ကြမ်းလိုက်ပါဘိ
ပေါရိသလမ်း။
မြန်မာဇာတ်ပွဲ၊ စာပေတို့ကို စိတ်ဝင်စားသူတိုင်း ဤလေးချိုးကို ကြားဖူး၊ ဖတ်ဖူးပါသည်။ စာဆို၏အမည်ကို တိတိကျကျ မသိရသော်လည်း စာဆို၏ ကဗျာဥာဏ်ကိုကား မချီးကျူးဘဲ မနေနိုင်ပါ။ စိတ်ကူးကောင်းခြင်း၊ စကားသုံးပုံ ကျစ်လစ်ခြင်း၊ ကာရန်နဘေ ချိုပြေခြင်းတို့ကို နှစ်သက်ခြင်း ဖြစ်ကြရပါသည်။
ကျွန်တော်ငယ်စဉ်က ဤလေးချိုးကို ကြိမ်ဖန်များစွာ မြိန်မြိန်ယှက်ယှက် သီိဆိုခဲ့ဖူးသည်ကို သတိရနေမိပါသေးသည်။
ယခု ပြန်လည်ဆင်ခြင်ကြည့်သောအခါ ဤလေးချိုးတွင် မြန်မာလူမျိုးနှင့် ညောင်ပင်တို့ ငြိတွယ်နေသော ထူးဆန်းသည့် တွယ်တာစွဲလန်းမှုကို သတိပြုမိလာပါသည်။
ဤလေးချိုးကို ဖတ်ကြည့်၊ ရွတ်ကြည့်ပြီးလျှင် စာဆို၏ စိတ်ကူးဝင်စားရာ ကာလဒေသကို ရှာဖွေကြည့်မိပါသည်။ စာဆိုသည် ပေါရိသာဒ စသည့် နိပါတ်တော်အောက်တွင် ၀င်စားရပ်တည်နေသလော၊ နိပါတ်တော်ခေတ်ကို လှမ်းပြီး မျှော်မှန်းတမ်းတခြင်းလော ဟူသည့် ကိစ္စကို စစ်ဆေးကြည့်မိပါသည်။ နိပါတ်တော်ခေတ်က ညောင်ပင်လော၊ စာဆို၏ ပစ္စက္ခညောင်ပင်လောဟု စူးစမ်းကြည့်သာအခါ ပစ္စက္ခညောင်ပင်ကိုသာ ဖွဲ့ဆိုခြင်း ဖြစ်သည်ဟု ထင်မိပါသည်။
စာဆိုသည် အုပ်ဆိုင်းညှို့မှိုင်း၍ ခန့်ထည်လှသော ညောင်ပင်ကြီးတစ်ပင်ကို တွေ့ဟန်ရှိပါသည်။ ထိုညောင်ပင်ကြီးကို တွေ့ရာမှ ကဗျာလိပ်ပြာ နိုးကြားလာဟန်ရှိပါသည်။ ထိုနိုးကြားလာသော စိတ်ကူးစိတ်သန်း အတွေးစဉ်မှာ မြန်မာလူမျိုးတို့တွင် ညောင်ပင်နှင့်ပတ်သက်၍ မသိမသာ ကိန်းအောင်းနေသော အတွေးစဉ်ပင် ဖြစ်သည်ဟုလည်း ထင်မိပါသည်။ နေပြောက်မထိုး မိုးပေါက်မယိုဟုပင် ထင်ရလောက်အောင် အရွက်စိပ်စိပ် အရိပ်မှောင်မှောင် ပညောင်ပင်ကြီးများကို တွေ့လျှင် မြန်မာလူမျိုးတို့သည် မည်သို့ ခံစားမိတတ်ကြသနည်း။
ညောင်ပင်သည် အခြားသစ်ပင်များနှင့် မတူပါ။ ကြီးမိပလားဆိုလျှင် ကြောက်ခမန်း လန့်ခမန်း ကြီးသည်။ တောစိုးသစ်ပင်ဟု ခေါ်သော သစ်ကြီးမျိုးတွင် ညောင်ပင်သည် အကြီးမားတတ်ဆုံး ဖြစ်သည်။ အပင်ကြီးသလောက် အသက်လည်းရှည်တတ်သည်။ ရှေးလူကြီးဟု ခေါ်ထိုက်သော သက်ကြီးရွယ်အို ဘိုးဘွားတို့ကပင်လျှင် ‘ဒီညောင်ပင်ကြီးက တို့ငယ်ငယ်တုန်းကတည်းက ဒီလောက်ပဲ ကြီးနေတာပဲ’ ဟု ပြောရလောက်အောင် တမေ့တမော အသက်ကြီးတတ်သည်။
အသက်ရှည်သလောက် အသက်ကလည်း ပြင်းသည်။ ညောင်စေ့ကလေး ဘ၀ကစပြီး အသက်ပြင်းသည်။ ညောင်စေ့ကလေး တစ်စေ့၏အရွယ်မှာ မပြောပလောက်အောင်ပင် သေးငယ်သည်။ မြန်မာတို့အဖို့ သေးဖွဲခြင်းအရာကို နှမ်းစေ့ဖြင့် စံနှုန်းပြုပြီး ပြောလေ့ရှိကြသည်။ ထိုနှမ်းစေ့ထက်ပင် သေးငယ်သည်။ ကြီးမှားလှသော ညောင်ပင်ကြီးနှင့် ဆက်စပ်၍ မရလောက်အောင် သေးငယ်သည်။ သို့သော် အသက်ပြင်းလိုက်ပုံမှာ ယုံနိုင်စရာပင်မရှိ။ သာမန်မျိုးစေ့ပြန့်ပွားခြင်းမျိုးသာမက ကျေးငှက်တို့၏ အစာအိမ်မှ တစ်ဆင့်ပင် ပြန့်ပွားလိုက်သေးသည်။ ငှက်တို့ အစာအိမ်၏ ပါစကတေဇော မီးဓာတ်သည် ညောင်စေ့ကို မဖျက်စီးနိုင်။ ထို့ကြောင့် ငှက်ချေးကျရာ နေရာတွင် ထပြီး အပင်ပေါက်နိုင်သည်။
အုတ်နံရံပေါ်ကျလျှင်လည်း ပေါက်သည်။ ဘုရားပေါ်ကျလျှင်လည်း ပေါက်သည်။ အခြားသစ်ပင်ပေါ် ၌ ကျခဲ့ဦးတော့ ထိုသစ်ပင်ပေါ်၌ပင် အညှောက်ပေါက် ကြီးထွားလာနိုင်သည်။ သစ်ကြီးဝါးကြီးများ အောက်တွင် ပေါက်ရသောကြောင့် လောင်းရိပ်မိပြီး သေလေအံ့ဟု မထင်နှင့်၊ နေရောင်ရှိရာ ထိုးထွက်သည်။ သူ့အားလောင်းရိပ်မိုးထားသော သစ်ပင်ကို ရစ်ပတ်မျိုပစ်လိုက်သည်။ နွယ်ပင်ကဲ့သို့လည်း ကျင့်သည်။
ဤသည်တို့မှာ ညောင်ပင်၏ ပင်ကိုသတ္တိပင် ဖြစ်သည်။ ထိုစွမ်းရည်ကို သတိပြုမိလျှင် ထိုသစ်ပင်ကို လေးစားလောက်သည်။ မြန်မာလူမျိုးတို့ကလည်း လေးစားခဲ့ပါသည်။
အထူးသဖြင့်ကား ကြီးမားခြင်းကို မလေးစားဘဲမနေနိုင်။ ကြီးမားသည်ဟူသော စကားလုံးသည် ညောင်ပင်အတွက် အလွန်သင့်လျော်သည်။ ကြီးလည်းကြီးသည်။ မားလည်းမားသည်။ ထို့ကြောင့် လူသားကပင်လျှင် မခံ့ညားဘဲ မနေနိုင်။ အလွန်ကြီးမားသော ဗိမာန်ကြီးများရှေ့တွင် မတ်တပ်ရပ်လိုက်မိသောအခါ မိမိ၏ ပမာဏမှာ သိသိသာသာကြီး သေးငယ်သွားသည်ဟု ခံစားမိတတ်သည်။ သေးငယ်သည်ဟု ခံစားမိခြင်းသည် သိမ်ငယ်ခြင်း၏ အစပင်ဖြစ်သည်။ ယင်းသို့ သိမ်ငယ်လာမိခြင်းကြောင့် ကြီးမားသောပစ္စည်းကို ခံ့ညားခြင်း ဖြစ်ရသည်။
ဤသို့ ခံ့ညားခြင်း ဖြစ်ရလောက်အောင် ကြီးမားခန့်ထည်သည့် ညောင်ပင်ကြီးမှာ ကြီးမားခန့်ထည်သော သမိုင်းကြောင်းလည်း ရှိနေခဲ့ပါသေးသည်။
ငါးရာ့ငါးဆယ် နိပါတ်တော်တွင် ညောင်ပင်သည် ဇာတ်ဆောင်အဖြစ် မကြာခဏ ပါဝင်နေတတ်သည်။ တစ်ခါတစ်ရံ အရေးပါ အရာရောက်သော ဇာတ်ဆောင်ကြီးပင် ဖြစ်နေတတ်သေးသည်။ ‘ငါတို့ ဘုရားအလောင်းသည် တစ်ခုသော ညောင်ပင်ကြီးကို အမှီပြုလျက်’ ဟူသော ဇာတ်လမ်းမျိုးကို မကြာခဏတွေ့ရတတ်သည်။
သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ် ရောက်သောအခါတွင်လည်း ညောင်ပင်ကို အမှီတကဲ ပြုခဲ့ရသည်။ ထို့ကြောင့် ညောင်ပင်ကို ဗောဓိပင်ဟု သတ်မှတ်ရသည်။ ညောင်ရွက်ကို အမြတ်တနိုး ကိုးကွယ်ကြရသည်။ ဗောဓိညောင်ပင်ကို မျိုးပွားစိုက်ပျိုး ကိုးကွယ်ကြရသည်။ နွေရာသီ ပူပြင်းခြောက်သွေ့လွန်းသော အခါများတွင် ရေသွန်းလောင်းပူဇော်၍ ရှင်သန်စေကြရသည်။ ဗောဓိညောင်ပင်၏ တောင်ဘက်ကိုင်းမှ ညောင်သားကို ဒက္ခိဏသာခါ ဆင်းထုတော်ပြု၍ ကိုးကွယ်ကြသည်။ ဤမျှထိအောင် ညောင်ပင်ကို ရိုသေမိကြသည်။
တစ်ဖန် သုဇာတသတို့သမီး သားယောက်ျားဖွားစဉ်က ညောင်ပင်စောင့်နတ်ထံမှ သားဆုရသည်ဟု ယုံကြည်သဖြင့် ထိုညောင်ပင်အောက်တွင် ဘုရားအလောင်းကို တွေ့သောအခါ ညောင်စောင့်နတ်ဟု ယူမှတ်ပြီး ဃနာနို့ဆွမ်းကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းသို့ သားဆုပန်လျှင်လည်း ညောင်ပင်မှာပန်ကြရသည်။ သားသမီး စွဲကပ်ပါလျှင် သန္ဓေမခိုင်ခြင်း၊ သားပျက်ခြင်း၊ အဖတ်မတင်ခြင်းတို့ ဖြစ်လျှင်လည်း ကိုယ်လေးလက်ဝန်ရှိသည့်အခါ ညောင်ကိုင်းထောက် ညောင်တံခါးအောက်သို့ လျှိုဝင်လျက် ဆုတောင်းဆုယူ ပြုကြရပြန်သည်။
နာဖျားမကျန်းရှိလျှင်လည်း ညောင်ထောက်ကြရသည်။ အိုးအိမ်တိုက်တာ အစီးအပွား ဖြစ်နိုင်စိမ့်သောငှာ ညောင်ပင်၌ နတ်ကွန်းဗိမာန်ငယ် ဆောက်ပေးကြရသည်။ ညောင်ပင်ကို ရွှေချကြရသည်။
ရေးကြီးခွင်ကျယ် ကိစ္စရပ်များကို ဆောင်ရွက်စရာရှိလျှင်လည်း ညောင်ပင်ကို ဦးတိုက်ပြီး ပန်ကြားတိုင်တည်ကြရသည်။ စောင့်ရှောက်ကြပါမည့်အကြောင်း တောင်းပန်တိုးလျှိုးကြရသည်။ ခရီးလမ်းတစ်လျှောက် ညောင်ပင်ကြီးကြီးအောက်မှ လှည်းဖြတ်မောင်းရလျှင်လည်း ခွင့်ပြုပါမည့်အကြောင်း တောင်းပန်ရွတ်ဆိုကြသည်။
“မမလေးကိုကွယ် မောင်က ခိုးမယ်လို့
လူဆိုးတွေနဲ့ မောင်တိုင်ပင်၊ ရွာရှေ့ဆို ညောင်ပင်ကြီးမှာကွယ်
မြင်းကိုယ်စီပြင်
လ ထွက်ကလေးမှာတဲ့ မြင်းပေါ်တင်
လ ၀င်ရင် မန်းတောင်ရောက်အောင်ကွယ်
မြင်းငေါက်လို့နှင်။”
လူငယ်လူရွယ်တို့ဘာဝ မိန်းမခိုးလျှင်လည်း ညောင်ပင်ကြီးအောက်တွင် တိုင်ပင်စီစဉ်ကြဘိသကဲ့သို့ ရှိနေတတ်ပြန်သည်။ လျှို့ဝှက်ကိစ္စများကို ဆွေးနွေးရန် လုံခြုံသော နေရာအဖြစ် အောက်မေ့ကြရပြန်သည်။
ဓားပြတိုက်ရန်၊ အနုကြမ်းစီးရန် ကြံစည်ကြသော လူဆိုး သူဆိုးများကလည်း ကွမ်း၊ ဆေး၊ လက်ဖက်၊ ကြက်ဥပြုတ်တို့ကို တန်ခိုးကြီးညောင်ပင်တွင် တင်မြှောက်ပသလျက် ဓား၊ လှံ၊ လက်နက်များကို ညောင်ပင်ခြေရင်းတွင် ထောင်ပြီး မစ စောင့်ရှောက်ပါမည့်အကြောင်း တောင်းပန်ကြသည်။ ဤသို့လျှင် လူဆိုး၊ သူဆိုး တို့၏ အားကိုးရာ ဖြစ်လာသည်။ (ထို့ကြောင့် လူကောင်းသူကောင်းတို့အဖို့ စိုးထိတ်စရာ ဖြစ်လာပြန်သည်။)
ညောင်ပင်ကို မှီခိုနေတတ်ကြသည်မှာ ရုက္ခစိုးမျှသာမဟုတ်၊ သရဲ၊ သဘက် တို့ကလည်း ရှိတတ်ပြန်သည်။ ညောင်ပင်ကြီးမှာ သဘက်ကြီးတစ်ကောင် နားရွက်ကြီးတစ်ဖက် ဖျာခင်း၊ နားရွက်ကြီးတစ်ဖက်ကို ခြုံပြီး လျှာတွဲလဲကြီးနှင့် အိပ်နေသည်ကို မြင်ရသည်ဟူသော စကားမျိုးကို အသည်းထိတ်စရာ ညောင်ပင် ဖြစ်လာရပြန်သည်။ ယုံတမ်းပုံပြင်များ ပေါ်လာသည်။
တကယ်ကြီးမားလှသော ညောင်ပင်ကြီးများအောက်သို့ ၀င်လိုက်မိလျှင် အရိပ်အာဝါသကြောင့် စိမ့်ခနဲ အေးသွားသည်။ လူသာလျှင် မဟုတ်၊ အသည်းကလည်း အေးသွားတတ်သည်။ မော့ကြည့်လိုက်လျှင် ကိုင်းမကြီးများကပင်လျှင် အခြား တောစိုး သစ်ပင်ကြီးများ၏ ပင်စည်လောက် ကြီးမားနေတတ်သည်။ ထိုကိုင်းမကြီးများပေါ်၌ လူတစ်ယောက်လှဲအိပ်နေလျှင် အောက်က လှမ်းမမြင်နိုင်အောင် ကြီးမားသည်။ ညောင်ပင်ပေါ်မှာ ဘယ်သူပဲ ပုန်းနေနေ ဘယ်သတ္တ၀ါပဲ လျှိုနေနေ မြင်ရဖို့မလွယ်။ ဤမျှပင် ဖုံးကွယ် လျှို့ဝှက်လွန်းလှသည်။
ဤသို့ ဤသို့သောညောင်ပင်၏ အသွင်အပြင်၊ ညောင်ပင်၏စကားစဉ် သမိုင်းကြောင်းတို့ကြောင့် ညောင်ပင်၏အပေါ်တွင် မြန်မာလူမျိုးတို့ ခံစားမိသောစိတ်မှာ ရှုပ်ထွေးဆန်းကြယ်လာသည်ဟု ထင်မိပါသည်။
ဘုရားအလောင်း မှီခိုခဲ့သည်မှာလည်း သည်ညောင်ပင်၊ ဘုရားအဖြစ်ရောက်ခဲ့ရသည်မှာလည်း သည်ညောင်ပင်၊ လှည်းသားငါးရာ စခန်းချခဲ့သည်မှာလည်း သည်ညောင်ပင်၊ ခိုးသားငါးရာ စုဝေးခဲ့သည်မှာလည်း သည်ညောင်ပင်၊ သားဆုပန်ရသည်မှာလည်း သည်ညောင်ပင်၊ ပေါရိသာဒ လူသားစားခဲ့သည်မှာလည်း သည်ညောင်ပင်၊ ရုက္ခစိုးက စောင့်ရှောက်သည်မှာလည်း သည်ညောင်ပင်၊ သဘက်ကြီး အိပ်နေသည်မှာလည်း သည်ညောင်ပင်၊ သရဲခြောက်သည်ဟု အဆိုရှိသည်လည်း သည်ညောင်ပင်၊ ကောင်းကျိုးတွေပုံ၍ ဆိုးမျိုးကြုံတတ်သည့် သည်ညောင်ပင်။
သည်ညောင်ပင်ကြီးများကို မြင်လိုက်ရလျှင် သည်သို့ခံစားမှုတွေက အမှတ်မထင် တစ်စုတစ်ဝေး ကြီးဝင်လာတတ်သည်။ ကြည်ညိုခြင်းနှင့် ထိတ်လန့်ခြင်း တစ်ပြိုင်တည်းဖြစ်သည်။ အားကိုးလိုရာမှ စိုးရွံ့လာတတ်သည်။ မှီခိုတည်းလှုံလိုစိတ်ပေါ်ရာမှ ခပ်ဝေးဝေးက ကွင်းသွားချင်ပြန်သည်။ အရိပ်အာဝါသ ကြောင့် အေးချမ်းသော်လည်း စိတ်က ရွံ့ထိတ်ပူပန်နေမိတတ်သည်။ ဤသို့လျှင် ရှုပ်ထွေးဆန်းကြယ်သော ခံစားမှုကို မြန်မာလူမျိုးတို့ကြုံရတတ်သည်ဟု ထင်မိပါသည်။ အထူးသဖြင့် တစ်ကိုယ်တည်း တောလမ်း ခရီးသွားသူများ ခံစားဖူးကြလိမ့်မည် ထင်ပါသည်။
ယခုဖော်ပြထားသော ကဗျာသည် ဤသို့ရောထွေးနေသော ခံစားမှုကို ပေါ်လွင်စေသည်ဟု ထင်မိပါသည်။ စာဆိုသည် ကြီးမားခန့်ထည်လှသော ညောင်ပင်ကြီးတစ်ခုကို တွေ့ပါလိမ့်မည်။ ထိုအခါ ဤသို့သော ခံစားမှုမျိုး ပေါ်ပေါက်လာပါလိမ့်မည်။ ထို့ကြောင့် သူ၏ကဗျာတွင်လည်း ဆန့်ကျင်သော ဝေဒနာများကို တွေ့ရခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
“ဘာမပို တာဝေငှလိုက်တော့
ရာဇဂြိုလ် သာကေတရယ်နဲ့
ဗာရဏတက္ကသိုလ်။
အညီတွေးလိုက်ပြန်တော့
ဤလေးပြည် ဗဟိုအလယ်ထင့်
ခိုစဖွယ် ထိုဝယ်ခရီးမှာတော့
မှောင်စိုစို ညောင်ညိုကြီးရယ်
ထီးဖြန့်သလို။”
အရိပ်အာဝါသကောင်းလှသည့် ညောင်ပင်ကြီးသည် စာဆို၏ စိတ်ကူးကို အတိတ်ဆီသို့ လွင့်မျောသွားစေသည်။ မြန်မာတို့၏ ရင်နှလုံးတွင် လွမ်းမောဖွယ်ရာ ကိန်းအောင်းလာခဲ့သော တိုင်းမြို့နေပြည်တို့မှာ ပြန်လည်နိုးကြားလာသည်။ စိတ်ကူးမြေပုံကို ယောင်ယမ်းဆွဲကြည့်မိသည်။ ဤမှာဘက်တွင် ရာဇဂြိုလ်၊ ဤမှာဘက်တွင် တက္ကသိုလ် စသည်ဖြင့် ရော်ရမ်းမှန်းဆကြည့်မိသည်။ တက္ကသိုလ်ပြည်မှအပြန် ‘ညောင်ညိုပင်စခန်းမှ လမ်းခွဲကြသည်’ ဆိုသောစကားကိုထောက်၍ စိတ်ကူးယဉ်ကြည့်မိသည်။ ထို့ကြောင့် ချစ်သော၊ လွမ်းသော ခံစားမှုကို ပေါ်စေသည်။
“တည်းလှုံမှီ အသွားအလာထောက်လိုက်တော့
လှည်းကုန်သည် ငါးရာရောက်ကရော့ထင့်
နွားစာခြောက်ကိုတဲ့ မြင်သကို၊
ခွင်စားဖို့ရယ်တဲ့ တည်ရာစခန်း။”
ညောင်ပင်ကြီးအောက်တွင် နွားစာခြောက် ကောက်ရိုးမျှင် အစအနများ၊ မီးဖိုဟောင်းများကိုကား ဒိဌတွေ့ဟန်ရှိပါသည်။ သို့သော် ထိုဒိဌမှအတိတ်သို့ စိတ်ကူးလွင့်ပါးပြန်သည်။ လှည်းသားငါးရာတို့ခေတ်ကို မြင်ယောင်မိသည်။ ဤအပိုဒ်တွင်ကား ညောင်ပင်ကို ချစ်စိတ်၊ အားကိုးစိတ်တို့ကို တွေ့နိုင်ပါသည်။ သို့သော်-
“တောဟိမ၀ါ
ပေါရိသာ အယူမှားစဉ်က
လူသားကို ခင်မင်လို့
ရှင်ဘုရင် အရာကျရယ်က
အဆင်ခြင်လာသမျှကိုတဲ့
ဟော အမိအရဖမ်းတာကြောင့်
တောအထိကရ ကြမ်းလိုက်ပါဘိ
ပေါရိသလမ်း။”
ဤအပိုဒ်တွင် ချစ်စိတ်၊ လွမ်းစိတ်၊ အားကိုးစိတ် မဟုတ်တော့ဘဲ စိုးရွံ့စိတ်ကို ဖော်ကျူးလာသည်ဟု ဆိုနိုင်ပါသည်။
စာဆိုသည် အကယ်စင်စစ်ပင် ထိတ်လန့်ခြင်းလော၊ အတိတ်က ထိတ်စရာကို လွမ်းစိတ်နှင့် ပြောခြင်းလော စစ်ဆေးကြည့်လျှင် အတိတ်က ထိတ်စရာကို လွမ်းစိတ်နှင့်ပြောခြင်းသာ ဖြစ်သည်ဟု ဆိုနိုင်ပါလိမ့်မည်။ သို့သော် မြန်မာလူမျိုးတို့အဖို့ ညောင်ပင်သည် အခြားသော သစ်ပင်များနှင့် အတူ အတိတ်အစဉ်အလာ ကြီးမားသော ဇာတ်လမ်းပေါင်းစုံတို့၏ နောက်ခံဖြစ်သော ကူညီခြင်း၊ စောင့်ရှောက်ခြင်း၊ ကောက်ကျစ်ခြင်း၊ လျှို့ဝှက်ခြင်း စသော လူသားတို့၏ စရိုက်အဖုံဖုံ၊ အမှုအစုံစုံကို ကြုံခဲ့ တွေ့ခဲ့ ဖူးသော လူ့ဘ၀နောက်ခံကားချပ်ကြီးသဖွယ် ဖြစ်နေသည်။ ဤခံစားမှုကို ဤကဗျာတွင် တွေ့ထိနိုင်သည် ဟုကား ယူဆမိပါသည်။
စကားအခွင့်ကြုံသောကြောင့် နောက်ဆက်ကလေးတစ်တန် ကွန့်လိုက်ချင်ပါသေးသည်။
ဤလေးချိုးမျိုးကို ခွန်းထောက်လေးချိုးဟု ခေါ်ကြပါသည်။ အချို့ကလည်း ‘ကွန်းထောက်’ ဟူသောစကားကို ပို၍နှစ်သက်ကြပါသည်။
ရှေးခေတ်က ဇာတ်ပွဲများတွင် နောက်ခံပိတ်ကား မရှိကြပါ။ မြေ၀ိုင်းဖြစ်စေ၊ ဗလာဇာတ်ခုံတွင် ဖြစ်စေ ကပြရပါသည်။ ယခုခေတ်ကဲ့သို့ နောက်ခံ ပန်းချီရေးပိတ်ကားများ၊ ဆလိုက်ပန်းချီကားများကို မသုံးစွဲနိုင်ကြပါ။ ထို့ကြောင့် မည်သည့်နေရာ၊ မည်သည့်ဒေသ၊ မည်သည့်ပတ်ဝန်းကျင်မျိုးဖြစ်ကြောင်းကို ပရိတ်သတ်က သိအောင် နေရာဒေသ (ကွန်း) ကို သီချင်းဖြင့် ထောက်ညွှန်းပြရသည်။ ထို့ကြောင့် ကွန်းထောက်သီချင်း၊ ကွန်းထောက်လေးချိုး စသည်ဖြင့် ခေါ်ကြကြောင်း မှတ်သားရဖူးပါသည်။
ဤလေးချိုးကို ကွန်းထောက်အဖြစ် မကြာခဏ သုံးစွဲသည်ကို တွေ့ရဖူးပါသည်။ သီဆိုသူ ဇာတ်ဆောင် အပြောအဆို အရွတ်အဖတ်ကောင်းလျှင် ကောင်းသလောက် ညောင်ရိပ်သာကြီးကို စိတ်မျက်စိတွင် မြင်ယောင်လာစေတတ်သည်ဟု ဆိုချင်ပါသည်။
ယခုခေတ်တွင်ကား နောက်ခံပန်းချီရေးပိတ်ကားများတွင် ရောင်စုံ ဆလိုက်များကို လှိုင်လှိုင်ကြီး သုံးနိုင်ပြီဖြစ်သောကြောင့် မသီဆိုကြတော့ပါ။ သစ်ပင် လျှိုမြောင် စခန်းတို့ကို ဆလိုက်ပန်းချီကားဖြင့် ထိုးပြနိုင်ပြီ။ ရေတံခွန်ကြီးတွေ တသွင်သွင် စီးနေအောင် တိမ်တိုက်ကြီးတွေ တရွေ့ရွေ့လွင့်နေအောင် ခင်းကျင်းပြနိုင်ကြပြီ။
ထို့ကြောင့် ညောင်ပင်နောက်ခံပြလိုလျှင် ညောင်ပင်ရုပ်ပန်းချီကားကို ရေးပြီး ပြလိုက်ရုံနှင့် ပြီးပါသည်။ ပါးစပ်က ပြောဆို သီကြွေးနေရန် မလိုတော့ပါ။ ပရိတ်သတ်က စိတ်ကူးမြင်ယောင်နေစရာ မလိုတော့ပြီ။ မျက်စိဖြင့် တပ်အပ်မြင်နိုင်ခွင့်ရပါပြီ။
သို့သော် ပန်းချီညောင်ပင်ကို မျက်စိဖြင့် မြင်ရသည်။ ထို့ကြောင့် စိတ်ကူးနယ်ကို ဘောင်ခတ်ပြီး နယ်သတ်လိုက်သကဲ့သို့ ဖြစ်လာသည်။ ပိတ်ကားပေါ်က ညောင်ပင်တွင် အတိတ်မရှိ၊ ဇာတ်လမ်းမရှိ။ ပိတ်ကားပေါ်ကထက် ပိုပြီးကြီးချင်၍လည်း မရ။
ဤကွန်းထောက်လေးချိုးက တင်ပြလိုက်သော ညောင်ပင်ကိုကား မျက်စိဖြင့်မမြင်ရ။ စိတ်ကူးဖြင့် မြင်ရခြင်းဖြစ်သည်။ ထို့ကြောင့် သီဆိုသူကောင်းလျှင် ကောင်းသလောက်၊ ဟန်ပန်နှင့် စကားဖန် ကျွမ်းကျင်လျှင် ကျွမ်းကျင်သလောက် ညောင်ပင်က ကြီးလာနိုင်သည်။ အရွက်က စိတ်လာနိုင်သည်၊ အရိပ်ကမှောင်လာနိုင်၏၊ အတိတ်ကိုလည်း ဆောင်လာနိုင်သည်။
ကဗျာဆိုသည်မှာ ရေးသူကသာ ဖန်တီးရသည်မဟုတ်။ ဖတ်သူကလည်း ဖန်တီးရသည်။ နှစ်ဦးလုံးသည် ဖန်တီးသူများ ဖြစ်ကြသည်။
ဤကွန်းထောက်လေးချိုးထဲက ညောင်ပင်မှာကား သီဆိုသူနှင့် ပရိတ်သတ် နှစ်ဦးလုံးက ဖန်တီးထားသော ညောင်ပင် ဖြစ်သည်ဟု ထင်မိပါသည်။
-----------
အောင်သင်း
6.jul.2011
#ဆရာဦးအောင်သင်း_ဘလော့ဂ်မှကူးယူပါသည်။
No comments:
Post a Comment