Tuesday, 25 June 2019

#ထောင်ပြေး #မိုးမိုး(အင်းလျား)

#ထောင်ပြေး


#မိုးမိုး(အင်းလျား)


ဒီကနေ့မှ မိုးကလည်း ရွာ လိုက်တာ။ ခါတိုင်း မနက် ၅ နာရီ ဆို လင်းကျင်းနေပြီပဲ။ ဩော်...ငါ့မှာလက်ပတ်နာရီလည်း ပါမ လာပါလား။ ဓာတ်ခဲကုန်လို့ အံ ဆွဲထဲထည့်ထားတာ မနေ့ကရှာ တော့မတွေ့ဘူး။ ဘယ်မှာများ အ ထားမှားပါလိမ့်။ ၀ယ်တုန်းက တော့ ငါးရာကျော်ပဲ။ မှတ်မှတ်ရရ ရုံးကစုငွေထုတ်တုန်းက ၀ယ်ထား တာ။ ခုနေပြန်ရောင်းရင်တော့ ငါး ဆယ်တောင် ရမှာမဟုတ်ဘူး။ ပစ္စည်းဆိုတာ ဒီလိုပါပဲ။ဝယ်တုန်း  ကသာ တန်ဖိုးရှိတာ။


တစ်လမ်းလုံးလည်း မှောင် မည်းတိတ်ဆိတ်နေတာပဲ။ မိုးက ပိုသည်းလာပြီ။ အငယ်ကောင်ကို စောင်တောင် ဆွဲမခြုံပေးခဲ့ရဘူး။ သူက အမေ့ရင်ခွင်ထဲအိပ်နေကျ။ အို...ငါ ဒါတွေ တွေးနေလို့မဖြစ် ဘူး။ လူဆိုတာ ငါမရှိရင်မဖြစ် ဘူးဆိုတာ မရှိဘူးတဲ့။ သေသွား တဲ့သူတွေ ဘယ်လိုလုပ်မလဲ။ ကျန်တဲ့သူတွေ ဒီလိုပဲဆက်စခန်း သွားကြတာပဲ။ အမေသေတုန်းက ငါတစ်ယောက်တည်း ကျန်ခဲ့တာ။ နောက်တော့လည်း ဖြစ်သွားတာ ပါပဲ။ လူတွေ ဒီလိုပဲအသက်ရှင် နေကြတာမဟုတ်လား။


 ပါလာတဲ့အ၀တ်တစ်စုံ တော့ မိုးရေနဲ့ စိုရွှဲကုန်ပြီထင်ပါရဲ့။ သားရေအိတ်ကို ယူခဲ့ဖို့ကောင်း တယ်။ ငါ့ကိုက မပြတ်သားပါဘူး လေ။ အင်းလေ... ဘယ်တုန်းက ကော ပြတ်သားဖူးလို့လဲ။ မှတ်ပုံ တင်လက်မှတ်တော့ပါတယ်။ မန္တ လေးရထားက ဘယ်အချိန်ထွက် သလဲမသိဘူး။ ရထားလက်မှတ် ကတော့ ချက်ချင်းဝယ်လို့ရလို့ လား။ ငွေကကော များများပါလို့ လား။ ရှိရှိသမျှ ကောက်ထည့်လာ တာပဲ။ ငါးရာလောက်ရှိမယ်ထင် တယ်။ ဖြစ်ချင်ရာဖြစ်ကြပေ့စေ။ သူ့ထိုက်နဲ့သူ့ကံဆိုပေမယ့် အကြီး ကောင်အတွက် ပေးနေကျမုန့်ဖိုး နှစ်ကျပ်ကို သူမြင်သာအောင်စာ ရေးစားပွဲပေါ်မှာ မင်အိုးနဲ့ဖိထား ပေးခဲ့တယ်။ တွေ့မှာပါ။ အလတ် မကျောင်းထည့်ဖို့ ပုစွန်နှစ် ကောင်ကြော်ပြီး ကြောင်အိမ်ထဲ သိမ်းထားတာ မြင်ပါ့မလား။လျှပ် စစ်ထမင်းအိုးကတော့ ခလုတ်နှိပ် ခဲ့တာ ခုဆိုကျက်လောက်ပြီ။ သူ့ ထမင်းဘူးတော့ သူ့ဘာသာထည့် တတ်ပါပြီလေ။ မုန့်ဖိုးကလည်း သူ့အဖေဆီက တောင်းလိမ့်မယ်။ ဒီကောင်မက အလည်။


 လမ်းထိပ်တောင်ရောက် လာပြီ။ ကားလည်းတစ်စီးမျှ မတွေ့ပါလား။ မိုးကလည်း တ အားရွာတာကိုး။ ကံဆိုးမသွား လေရာ မိုးလိုက်လို့ရွာဆိုတာ ဒါ မျိုးနေမှာပဲ။ လုံချည်တွေတောင် စိုရွှဲကုန်ပြီ။ အင်း...အနွေးထည် လေးတောင် မယူခဲ့ရ။ ဘ လောက်စ်အင်္ကျီက မိုးရေစိုတော့ အသားမှာ ကပ်နေပြီ။ လူမြင်လို့မှ ကောင်းပါ့မလား။ အနွေးထည် လေးနဲ့ဆို ဣနြေ္ဒရမှာပဲ။ မနှစ်က ၀ယ်တဲ့ဆွယ်တာလေး၊ တစ်ခါ လားပဲ ၀တ်ရသေးတယ်။ ဆွယ် တာလည်းဝယ်ပြီးရော ဆောင်း လည်း ကုန်ရော။


လေးဘီးတစ်စီးလာတယ်။ လူပါတယ်ထင်တယ်။ နေဦး... ငါ က ဘယ်သွားမှာလဲ။ အကြာကြီး ရပ်ပြီးစဉ်းစားနေလို့လည်း မဖြစ် ဘူးထင်တယ်။ စောစောစီးစီးမိုး ရေထဲမှာ သားရေလွယ်အိတ်လေး တစ်လုံးနဲ့လူတွေက ဘာထင်မ လဲ။  အင်းလေ...ဘာထင်ထင် ပေါ့။ လူတိုင်းလူတိုင်းမှာ ကိုယ့်အ ကြောင်းနဲ့ကိုယ်ရှိကြတာပဲ။မနက် အစောကြီးလမ်းပေါ်ရောက်မနေ သင့်ဘူးလို့ ဘယ်သူပြောလို့ရမလဲ။


ဒီကနေ လဟာပြင်ဈေးအထိ လမ်းလျှောက်သွားရင် စဉ်းစားဖို့ အချိန်ရမယ်။ ဟိုဘက်လမ်းမှာ တော့ သူငယ်ချင်းမိခိုင်ရှိသား။ ဒီ အချိန်အိပ်ရာက ဘယ်ထဦးမလဲ။ စောစောစီးစီး သွားနှိုးရင် သူက တော့အကြောင်းမဟုတ်ဘူး။ သူ့ အိမ်သားတွေက စူးစမ်းကြမယ်။ စကားတွေအများကြီး မပြောချင် ပါဘူး။ လူတွေနဲ့လည်း မတွေ့ ချင်ပါဘူး။


 ဒီလိုပဲ ခပ်တည်တည် လျှောက်သွားနေလိုက်တာ ကောင်းပါတယ်။ စောစောစီးစီး ဈေးထွက်တဲ့သူလိုလို ဘာလိုလို ပေါ့။ဟိုးရှေ့မှာ မိန်းမနှစ်ယောက်။ အိတ်ကလေးတွေကိုယ်စီနဲ့။ ကား ဂိတ်သွားကြမလို့ထင်တယ်။ သူ တို့နဲ့ရောပြီးလိုက်သွားမှ။


အမေကတော့ ပြောတယ်။ ငါမရှိရင် နင်ဒုက္ခရောက်မယ်တဲ့။ နင့်မှာ ဆွေလည်းမရှိ၊ မျိုးလည်း မရှိ၊ ညီအစ်ကိုမောင်နှမလည်း မရှိတဲ့။ ဆွေမျိုးမရှိတာ အမေ့ ကြောင့်ပေါ့။ အမေ့ကိုက တစ် ကောင်ကြွက်ကိုး။ အမျိုးတွေ ရှိ တော့ရှိပါတယ်။ သေကုန်ပြီလား၊ အသက်ရှင်နေသေးလား မသိဘူး တဲ့။ အမေလည်း ဆွေမျိုးတွေရှိ ရာ ပြန်မယ်ပြန်မယ်နဲ့ သေသာ သေရော မပြန်ဖြစ်လိုက်ပါဘူး။ အမေ့အမျိုးတွေက အညာမှာဆို လား။ အသက်ထင်ရှားမရှိတော့ တဲ့ အမေ့အဖေ အမေနာမည်သာ ခဏခဏပြောလို့ ငါမှတ်မိတာ။ ကျန်တဲ့လူတွေနာမည်မှ မသိ တာ။ ဘယ်လိုလုပ်ရှာမလဲ။ တွေ့ ရင်လည်း သိန်းသုံးဆယ်လောက် ချမ်းသာနေတဲ့အမျိုးဆိုရင် ကောင်းသား။ ၀တ္ထုတွေ၊ ရုပ်ရှင် တွေထဲကလို အမွေတွေ ဘာတွေ ရနိုင်တယ်။


အင်းလေ ... တစ်ယောက် တည်း ရင်ဆိုင်ရတာကောင်းပါ တယ်။ ပိုသတ္တိရှိတာပေါ့။ ဆွေမျိုး မရှိတော့ကော ဘာဖြစ်လဲ။ ပို တောင်ရှင်းသေး။ ခုလိုဦးတည်ရာ မရှိ လမ်းပေါ်ရောက်နေတဲ့အခါ တော့ အမေရှိရင်ကောင်းသား။ အမေ့ဆီပြေးမှာပဲ။ အမေကတော့  ဘယ်လိုပုံစံနဲ့ ရောက်လာလာ လက်ခံမှာပဲ။


ဩော်...အမေ့ခမျာ ငါခုလို လမ်းပေါ်ရောက်နေတာ မသိရှာ ဘူးနော်။ ငယ်ငယ်က တစ်ခါ အစ်မရိုက်လို့ စိတ်ကောက် ကောက်နဲ့ အိမ်ဘေးအဖီထဲဝင် အိပ်နေမိတယ်။ အမေက ငါ ပျောက်သွားတယ်ထင်လို့တစ်မြို့ လုံးလိုက်ရှာတယ်တဲ့။ ရန်ကုန်လို အကျယ်ကြီးမှ မဟုတ်ဘဲ။ တော မှာဆိုတော့ တစ်မြို့လုံးရှာနိုင်တာ ပေါ့။ သူငယ်ချင်းတွေကလည်း စိတ်ပူပြီး အမေနဲ့ကူရှာကြတယ်။ ဒီကောင်မ သိပ်စိတ်ကြီးတယ်။ ချောင်းထဲများ ဆင်းသေပြီလား၊ အမေကငိုတယ်တဲ့။ မတွေ့တဲ့အ ဆုံး မောမောနဲ့ အိမ်ပြန်အလာ ထမင်းဆာလို့ အိမ်ဘေးကထွက် လာတဲ့ငါ့ကိုမြင်တော့ အမေငို တယ်။ သူငယ်ချင်းတွေက ရယ် တယ်။


မိုးရွာလို့ထင်ပါရဲ့။ ဈေး သည်တွေတောင် မတွေ့ရ။ ဩော်...လမ်းဘေးဈေးသည်တွေ မှမရှိတော့တာကိုး။ ဒါကြောင့် လူ ပိုရှင်းနေတာ။ ရန်ကုန်မြို့ကြီးက လည်း ငြိမ်သက်လိုက်တာလို့ အောက်မေ့ပါတယ်။ ငါရန်ကုန် ရောက်စက လူတွေရှုပ်ထွေးများ ပြားလွန်းတာကြည့်ပြီး အံ့ဩရ တယ်။ ဒီလောက်စည်ကားရှုပ် ထွေးတဲ့လမ်းတွေကိုလည်း မျက် စိလည်တယ်။ ငါတော့ ဒီလမ်း တွေကို ဘယ်တော့မှ ကျင်ကျင် လည်လည်သွားလာတတ်မှာ မဟုတ်ဘူးလို့လည်း ထင်မိတယ်။ ဘတ်စ်ကားစီးတော့လည်း ရှေ့ ပေါက်ကတက်ပြီး နောက်ပေါက် ကဆင်းရတဲ့ဟီးနိုးကားကို အ တက်အဆင်းမှားလို့ စပယ်ယာက ဟောက်တာလည်း ခဏခဏခံရ တာပဲ။ အို...ခုတော့ အလွယ် သား။ လူဆိုတာ ကျင့်သားရဖို့လို တယ်။ ဘာမဆို အစပဲခက်တယ်။


 ခဏခဏပြန်စရတော့ လည်း ဘယ်ကောင်းပါ့မလဲနော်။ ဒါကြောင့်လည်း လူတွေဖြစ်ရာ ဘ၀မှာ ပျော်အောင်နေနေကြတာ ပဲ။ သက်တမ်းက တိုတယ်မဟုတ် လား။ မြန်မြန်အနည်ထိုင်ချင်တာ ပေါ့။


ကြည့်မြင်တိုင်ရပ်ကွက်ထဲ မှာနေတုန်းက  မုန့်ဖက်ထုပ်သည် ကြီးအော်တာ သတိရတယ်။ သူ က ညဥ့်နက်မှမုန့်ထွက်ရောင်း တတ်သူ။ ဒါပေမဲ့ သူ့မုန့်ဖက်ထုပ် အော်သံကြားရင် တစ်ရေးနိုးတဲ့ ကလေးကလည်း ထ၀ယ်စားတာ ပဲ။ အိပ်မပျော်သေးတဲ့သူတွေ လည်း ခေါ်ဝယ်ပြီးရေနွေးကြမ်းနဲ့ မြည်းကြတယ်။ တစ်ညတော့ မိုး တွေက သိပ်ရွာလို့ လူတွေလည်း အိမ်တံခါးပိတ်စောစောစီးစီးအိပ် မောကျကြတာပေါ့။ မုန့်ဖက်ထုပ် မုန့်ဖက်ထုပ်လို့ သူဘယ်လောက် အော်အော်ဘယ်သူမျှ ခေါ်မ၀ယ် ကြဘူး။ တစ်လမ်းဝင် တစ်လမ်း ထွက်နဲ့ မိုးရွာထဲမှာ လျှောက် ရောင်းနေရတဲ့သူ တစ်အိမ်မှ မရောင်းရတော့ စိတ်ပျက်ရှာ တယ်ထင်ပါရဲ့။ ဒေါသလည်းဖြစ် လာတော့ ဟင်း...လူတွေလည်း သေကုန်ကြပလား မသိဘူး။ အား လုံးသေကုန်ရင်လည်း ကောင်း တယ်ဟေ့၊ ဒါမှ အသစ်ပြန်စလို့ ရမှာတဲ့။ ကြားတဲ့သူတွေက အိပ် ရာထဲက ပြုံးကြတယ်။


ဘ၀ကို အသစ်ပြန်စချင်တဲ့ အတွေးမျိုး မုန့်ဖက်ထုပ်သည်မှာ လည်း ရှိတာပဲ။ နွားပျောက်တဲ့ နွားကျောင်းသားလေးလို အစက သာပြန်ကျောင်းလိုက်ချင်ပါဘိလို့ ညည်းပစ်လိုက်ချင်ပါရဲ့။ ဒါပေမဲ့ အင်းလေ... ခဏခဏပြန်စရ တော့လည်း ဘယ်လာကောင်းနိုင် ပါ့မလဲ။


အကြံရပြီ။ ရွှေတိဂုံဘုရား ပေါ် သွားရရင်ကောင်းမယ်။ ဘုရားမရောက်တာလည်း ကြာပြီ လေ။ ဘုရားတက်ဝတ်ပြု၊ လင်းမှ ဘုရားပေါ်ကဆင်း၊ စမ်းချောင်း က သူငယ်ချင်းအိမ်ဝင်၊ မရောက် တာကြာလို့ ဘုရားလာရင်း ၀င် လာတယ်လို့ပြောရမယ်။ နောက် မှ အကျိုးအကြောင်းတိုးတိုးပြော ပြီး တိုင်ပင်ရမယ်။ သူငယ်ချင်းက ဆုံးမနေဦးမလားမသိ။ သူငယ် ချင်းဆိုပေမယ့် အိမ်ထောင်သည် တွေကိုး။ ကျောင်းသူဘ၀ကလို လွတ်လွတ်လပ်လပ်ဘယ်ဟုတ် တော့မလဲ။ နေရာတကာ အချုပ် အနှောင်တွေနဲ့။ တစ်နေ့ရုပ်ရှင် သုံးပွဲဆက်ကြည့်တတ်တဲ့ သူငယ် ချင်းမိဝေတောင် တစ်လောက လာသေးတယ်။ ကလေးသုံး ယောက်နဲ့။ ဆော့လိုက်တာလွန် ရော။ မတွေ့တာကြာလို့လာတာ တဲ့။ ဒါတောင် ယောက်ျားက နယ် ခဏခဏထွက်ရလို့ လာနိုင်တာ တဲ့။ ရုပ်ရှင်ကြည့်ပါဦးလားဆို တော့ ဒီကလေးတွေနဲ့ ဘယ်ကား တွေ ပြနေတယ်ဆိုတာတောင် မသိတော့ဘူးတဲ့။


ခါတိုင်းဆို ဒီနေရာမှာဘုရား  ကို တစ်ကျပ်တစ်ကျပ်နဲ့ဆွဲတဲ့ သုံး ဘီးကားတွေရှိပါတယ်။ ခုတစ်စီး မှ မလာပါလား။ စောသေးလို့ လား။ မိုးရွာနေလို့လား။ ဘတ်စ် ကားစောင့်နေသူတွေတော့ ရှိ တယ်။ ဒီဘတ်စ်ကားက ဘယ် ရောက်ပါလိမ့်။ အပြင်မထွက်တာ ကြာပြီပဲ။ ဘတ်စ်ကားနံပါတ်တွေ လည်း မသိတော့ဘူး။ ကားပေါ် မှာ ယောင်ချာချာဖြစ်ရင် သူများ တွေ ရိပ်မိကုန်မယ်။ ခုတောင် မှတ်တိုင်အမိုးအောက်ကလူက ငါ့ကိုကြည့်နေတယ်။ မိုးရွာထဲမှာ တစ်ယောက်တည်းမို့ အကဲခတ် နေတာလား။ ခပ်တည်တည်နေမှ။ ကိစ္စရှိလို့ ထွက်လာတဲ့ပုံစံမျိုးနေ ပြရမယ်။ ကိုယ့်အသက်လည်း ငယ်တော့တာမှ မဟုတ်တာ။


အမေကတော့ ပြောဖူးပါ တယ်။ ဘာမဆိုစိတ်လိုက်မာန်ပါ မလုပ်နဲ့တဲ့။ ခုဟာကတော့ သည်း မခံနိုင်လွန်းလို့ပါ အမေရယ်။ လူ ဆိုတာ ခေါင်းငုံ့ခံရင် ဖိနင်းချင်ကြ တယ်။ ထွက်ပေါက်မရှိတဲ့သူကို ချောင်ပိတ်ပြီး အလဲထိုးချင်ကြ တာ။ စိတ်နာတယ် အမေ။ အို...ငါမျက်ရည်ကျလို့ မဖြစ်ဘူးလေ။ လမ်းပေါ်မှာ မျက်ရည်ကျလို့မဖြစ် ဘူး။ ဟင်း...ဟိုလူက ငါ့ကိုကြည့် နေတုန်းပါလား။ ကားတွေတစ် စီးပြီးတစ်စီးလာတာ ငါမတက်လို့ ကြည့်နေတာနေမှာ။ သူကကော ဘာဖြစ်လို့ မတက်တာလဲ။ ဟို ဘက်နားလျှောက်ပြီး အငှားကား စောင့်တဲ့ပုံစံမျိုးလုပ်ရမယ်။ အား တဲ့ကားကို ဖမ်းတားရမယ်။ ဘယ် သွားမယ်ပြောရပါ့။ အလင်း ရောင်ကလည်း ရောက်ခဲလိုက် တာ။ ဒီအချိန်ဘုရားပေါ်မှာ လူရှိ မှာမဟုတ်ဘူး။ မိုးမရွာရင်တော့ ဘုရားတက်တဲ့သူတွေပေါသား။ မိုးကလည်း တဖြောက်ဖြောက်ရွာ တုန်း။ ဟော...ကားတစ်စီးလာပြီ။ ဩော်လူပါလာတယ်။ ဘတ်စ် ကားတစ်စီးလာပြန်ပြီ။ ရပ်မယ့် နေရာနဲ့ ဝေးဝေးနေမှ။ မတက်မ ချင်းစပယ်ယာက အော်ခေါ်နေဦး မယ်။ ဟော... ဟိုလူပါသွားပြီ။ ဟင်း... တော်ပါသေးရဲ့။


 နည်းနည်းတော့လင်းလာ ပြီ။ ဗိုလ်ချုပ်လမ်းဘက်ကို ပြန် ပတ်လိုက်မယ်။ မုန့်ဟင်းခါးသည် တစ်သည်တွေ့ရင် ကောင်းမှာပဲ။ ၀င်စားရမယ်။ ဗိုက်လည်းဆာ တယ်။ ကော်ဖီလေးမှ ဖျော် မသောက်ခဲ့ရ။ နို့ဆီတွေ ပုလင်း ထဲမှာ ဖောက်ထည့်ထားတာ ချဉ် ကုန်မှာပဲ။ ငါကလွဲပြီး အိမ်မှာ ဘယ်သူမျှ ကော်ဖီမကြိုက်ဘူး။ ငါဟာ တော်တော်ရယ်ရတယ်။ ဘာမဆိုစွန့်မယ်ဆိုပြီး ကျန်ခဲ့တဲ့ နို့ဆီပုလင်းကို နှမြောနေတယ်။


မိုးတိတ်တော့လည်း လင်း လာသား။ ဟီးနိုးဂိတ်မှာတော့ လက်ဖက်ရည်ဆိုင် လူစည်လို့။ ကားလက်မှတ်ဝယ်ရင်တော့ ရ နိုင်တယ်။ ကိုယ့်မြို့ကိုယ်ပြန်ရ ကောင်းမလား။ မြို့ပေါ်မှာလည်း အမျိုးအဆွေမှမရှိတာ။ ငယ်သူ ငယ်ချင်းတွေတော့ရှိပါရဲ့။ ကျောင်းဆရာမလုပ်သူက လုပ်၊ ဈေးရောင်းသူကရောင်း၊ခင်အေး တော့ မနှစ်ကလာတယ်။ သူ့သမီး ဆယ်တန်းအောင်လို့ ကျောင်း လာပို့တာတဲ့။ သူကစောစောစီးစီး အိမ်ထောင်ကျတာကိုး။ ဒီကောင် မလင်နောက်လိုက်တုန်းက ငါ့မှာ ငိုလိုက်ရတာ။ ခုတော့ သူ့မှာ ရွှေ တွဲလဲငွေတွဲလဲ။ တောမှာနေရ တော့ ရန်ကုန်သူတွေထက်စု ဆောင်းနိုင်တာပေါ့။ အိမ်မှာနှစ် ညအိပ်သွားတာ ဘယ်မှတောင် လိုက်မပို့လိုက်ရဘူး။ သူယူလာတဲ့ရေချိုငါးပိက နှစ်ပိဿာ လောက်ရှိတယ်။ ကောင်းလိုက်တာလွန်ရော။ ကိုယ်တိုင်သိပ်တာတဲ့။


အိမ်ကကောင်တော့ ဒီနှစ်မှ ရှစ်တန်း၊ အောင်မှအောင်ပါ့ မလား။ သိပ်ပေါ့တယ်။ စာလည်း မကျက်ဘူး။ လည်ချင်ပတ်ချင် လာတယ်။ မအေကို ခံပြောချင် လာတယ်။ မနှစ်ကထိ ဒီလို မဟုတ်ဘူး။ ငါ့မှာတော့ သားဦးမို့ ချစ်လိုက်ရတာ။ ကလေးသုံး ယောက်လည်းရရော ငါလည်း ရုံး ကအလုပ်ထွက်လိုက်ရတာပဲ။ အိမ်ထဲမှာအ၀တ်လျှော်လိုက်၊ မီး ပူတိုက်လိုက်၊ ထမင်းချက်လိုက်နဲ့ ဘွဲ့ရအောင်အမေကုန်းရုန်းရှာဖွေ ပြီး သင်ပေးခဲ့တဲ့ပညာတွေလည်း ဘယ်ရောက်ကုန်မှန်းမသိတော့ ပါဘူး။ ဒီလိုမှန်းသိအစကတည်း က အိမ်ရှင်မသင်တန်းတက်ခဲ့ပါ ရဲ့။ ယောက်ျားကို နားဝင်ချို အောင်ပြောတတ်တဲ့သင်တန်း တက်ခဲ့ပါရဲ့။


 ကော်ဖီပူပူလေးတစ်ခွက် လောက်ဝင်သောက်ချင်လိုက် တာ။ အချမ်းပြေသွားမှာပဲ။ ရာမ ညဆိုတော့ မော်လမြိုင်ဘက်သွား တဲ့ကားများလား။ တက်လိုက် သွားရင် ပဲခူးတော့ရောက်မယ်။ ပဲခူးမှာသူငယ်ချင်းတွေရှိသားပဲ။ တစ်ညနှစ်ညအိပ်ပြီး ပြန်လာလို့ ရတယ်။ ပဲခူးသူခင်မမက  မနှစ် က စာရေးတယ်။ ကျောင်းတုန်းက အကြောင်းတွေရေးထားလိုက် တာ စုံတကာစေ့လို့။ သူမို့လို့ ရေး အားတယ်။ လိပ်စာကို ကိုတင် လှိုင်ဆီက ရတာတဲ့။ ကိုတင်လှိုင် က ပဲခူးသားပဲ။ ရုံးကိုသူ့ကိစ္စလာ ရင်း တွေ့လို့ပေးလိုက်တာ။ ပြီး တော့စာထဲမှာ ရေးထားသေး တယ်။ ကိုတင်လှိုင်က နင့်ကိုစိတ် ၀င်စားတုန်းပါပဲတဲ့။ သိပ်နောက် တဲ့ ခင်မမ။ အဲဒီစာ ယောက်ျား မဖတ်လို့တော်သေးတယ်။


ဟော... ထမင်းကြော်ဆိုင် လည်းဖွင့်ပြီ။ အငွေ့တထောင်း ထောင်းနဲ့။ အိမ်မှာပဲပြုတ်တောင် ၀ယ်မပေးခဲ့ရဘူး။ အငယ်ကောင် က ပဲပြုတ်နဲ့ထမင်းပူပူဆီရွှဲရွှဲဆို ရင်ကြိုက်တယ်။ ကြက်သွန်ထည့် ရင် မကြိုက်ဘူး။ အိမ်မှာဆီလည်း ကုန်နေပြီ။  ၀က်သားကို မနက် စာအတွက် လုံးထားတာပဲ။ စား လို့ ဖြစ်ပါတယ်။ အသီးအရွက် တော့ မရောဖြစ်တော့ဘူးပေါ့။ အာလူးတွေ ကြက်သွန်တောင်းထဲ ရောထည့်ထားတာ တွေ့ကြမှာ မဟုတ်ဘူး။ တွေ့လည်း လုပ်နေ မှာ မဟုတ်ပါဘူး။ ခုလောက်ဆို ငါအိမ်မှာမရှိတာ သူတို့သိကြပြီ လား။ ဈေးသွားနေတယ်ထင်မှာ ပေါ့။ အချိန်တန်လို့ ပြန်မလာရင် တော့ တွေးမိမှာပဲ။ နေပေ့စေ။


ဆူးလေဘုရားလမ်းလည်း စည်လာပြီ။ မိုးရွာထားလို့ထင်ပါ ရဲ့။ လမ်းထောင့်က ပိုစတာကြီး လည်း စုတ်ပြဲလို့။ မီးရထားခုံး ဘက်တက်လိုက်ရင် ဘူတာရုံကို ရောက်တာပဲ။ မြို့ပတ်ရထားစီး ရရင် ကောင်းမယ်။ တစ်မနက် အချိန်ကုန်နိုင်တယ်။ ပြီးတော့ တစ်နေရာမှာဆင်း ကားစီးပေါ့။ တစ်ခါလောက်လျှောက်သွားချင် လိုက်တာ။ ကျောင်းတုန်းက သူ ငယ်ချင်းတွေနဲ့ မြို့ပတ်ရထားစီး ရတာ သိပ်ပျော်တာပဲ။ ရထားက ခုလောက်လည်း လူမကျပ်ပါဘူး။ အပျော်စီးလို့ ကောင်းတယ်။ သူ ငယ်ချင်းမူမူနဲ့ လျှောက်လည်ကြ တာ နေကလည်း ကျဲကျဲတောက် ပူလို့။ ဆံပင်စည်းထားတဲ့ သား ရေကွင်းတောင် အရည်ပျော် တယ်။ ညကျတော့ ခေါင်းအုံးပေါ် အိပ်ချလိုက်တာ သားရေကွင်းက ခေါင်းအုံးမှာ ကပ်နေတော့တာပဲ။ နောက်နေ့ကျ မူမူဖျားတာပဲ။


ခုတော့ မူမူက ကံကောင်း တယ်။ သူ့ယောက်ျားက သင်္ဘော သား။ ကျောင်းတုန်းကတွဲတဲ့ရည်း စားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဆင်ပြေပုံရပါတယ်။ မူမူ့ကြည့် ရတာ ရွှင်လို့။ တစ်ခါတစ်ခါဒက် ဆန်းအ၀ါကလေးနဲ့ ဖြတ်သွား ဖြတ်လာဆုံရတယ်။ ဗိုလ်ချုပ်ဈေး မှာ တစ်ခါတွေ့တယ်။ ပျံနေတာ ပဲ။ သူကတော့ ရယ်ရယ်မောမော လှိုက်လှိုက်လှဲလှဲနှုတ်ဆက်ပါ တယ်။ တို့တွေ သားရေကွင်းအ ရည်ပျော်အောင်လည်ကြတာ မှတ်မိလားတဲ့။ အဲဒီနေ့က သား အတွက် ဖိနပ်သွားဝယ်တာ။ ဖိနပ်လှလှစီးချင်တယ်ဆိုလို့။ ကောင်းမယ်ထင်လို့ ဈေးမေး ကြည့်တာ တစ်ရာကျော်တဲ့။ဈေး သည်တွေက ဗီရိုထဲက ထုတ်မပြ ဘူး။ တစ်ဆိုင်တည်းမှာ ကလေး ဂါဝန်တွေလည်း တွဲရောင်းတော့ မူမူက ဂါဝန်နှစ်ထည်ကိုသုံးရာနဲ့ ဆစ်ပြီး ၀ယ်သွားတယ်။ လာ လည်ပါဦးတဲ့။ အိမ်သိတယ် မဟုတ်လားတဲ့။ ကိုသန်းလွင်ကြီး ကော နေကောင်းလားတဲ့။ အရင် တုန်းကလိုပဲလားတဲ့။ အင်းလေ အရင်တုန်းကတော့ သင်းက ငါ့ ကို အသေအလဲပိုးနေတာကိုး။ တစ်ဆောင်လုံးအသိပေါ့။


မူမူကတော့ နည်းနည်း ၀ လာတာကလွဲလို့ လှတုန်းပဲ။ သူ့ ရည်စားကိုစောနောင်အကြောင်း တော့ အမှတ်တရတစ်ခွန်းမျှ တောင် ထည့်ပြောမသွားဘူး။ ကျောင်းတုန်းက အဖြစ်သည်းကြ တာမှ သူတို့။ နောက်ဆုံးနှစ် ရောက်မှပဲ တွဲတာ။ အင်းလျား ဆောင်ပါလာထဲက ထောင့်တစ် ထောင့်မှာ သူတို့ထိုင်နေကျပဲ။ စာအုပ်ကွယ်ပြီး ခိုးခိုးနမ်းတာ လည်း သူတို့ပဲ။ မူမူက သူ့မိဘ တွေက ကိုစောနောင်နဲ့ သဘောမတူလို့ဆိုပြီး ငိုလိုက်တာတရှုပ်ရှုပ်။ စာမေးပွဲတောင် ကောင်းကောင်းမဖြေနိုင်ဘူး။ နောက်တော့ ရန်ကုန်သားနဲ့ပဲရတာပဲ။ မင်္ဂလာဆောင်ဖိတ်စာရပေမယ့် မသွားနိုင်ခဲ့ဘူး။ သားကြီးက မွေးခါနီးနေပြီ။


 အကြီးကောင်က ဒီနေ့ ကျောင်းတက်ပါ့မလား။ နဂိုကမှ ကျောင်းကလစ်ချင်ချင်ရယ်။ အ ရင်တစ်လောကလည်း ကျောင်း ပြေးတယ်လို့ ဆရာမကတိုင် တယ်။ ယောက်ျားလေးတွေများ အပြောရတယ်ခက်ပါလား။ အ ငယ်တွေကိုလည်း မညှာဘူး။ ခု လောက်ဆို အိပ်ရာကထကြပြီး ရန်များဖြစ်နေကြမလား။ အမေ ဈေးသွားတာကြာလိုက်တာလို့ အငယ်လေးက ပြောနေမလား။ အလတ်မနဲ့ မောင်နှမနှစ်ယောက် ရေချိုးခန်းထဲ အကြာကြီးစိမ်နေ ကြမလားမသိ။ မိုးကလေး အေး အေးနဲ့ ဖျားကုန်တော့မှာပဲ။ မနေ့ က ကျောင်းကားပျက်တယ် ကြား တယ်။ ဒီမနက် လာမှလာပါ့မလား။


အို...ခုမှသတိရတယ်။ မနေ့ က သားငယ်က ပြောတယ်။ ဒီနေ့ ကျောင်းမှာ လပတ်စာမေးပွဲရှိ တယ်တဲ့။ ခဲတံအပိုတစ်ချောင်း ထည့်ပေးပါတဲ့။ ချွန်စက်လည်း ပျောက်နေတယ်တဲ့။ သူက အစစ အရာရာ အမေလုပ်ပေးမှ ကျေ နပ်တာ။ ညက စကားများနေရ တာနဲ့ စာတွေတောင်ရရဲ့လား ပြန်မမေးမိဘူး။ ကလေးတွေ စာ မေးပွဲကျလို့ မဖြစ်ဘူး။ အိမ်မှာ ငါမရှိရင် မဖြစ်ပါဘူးလေ။


ဟင်... ငါ လမ်းထိပ်တောင် ပြန်ရောက်နေပါပကော။


-----------


မိုးမိုး ( အင်းလျား) 


(ရှုမ၀ရုပ်စုံမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၁၉၈၅)


On  Sat, 2018-01-20 05:30Issue No.No.1693 Saturday, January 20, 2018


[ 7DayNews မှ ကူးယူပါသည်။ 7DayNews အား ကျေးဇူးတင်ပါသည်။]




No comments:

Post a Comment