#တိုက်ရေယာဉ် ( ၁၀၃)
( အပိုင်း - ၄)
#မောင်သော်က
၁၉၅၆ ခု၊ နိုဝင်ဘာလ ၂၉ ရက်။
ဖောင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။ သို့ရာတွင် ဖောင်ပေါ်သို့ ကျွန်တော် မကျပါ။ ဖောင်ပေါ်တွင် ရောက်နှင့်နေပြီးသည့် လူများ အပေါ်သို့သာ ကျရောက်ခြင်း ဖြစ်သည်။ ဖောင်ပေါ်တွင် လူတွေက ပြည့်ညပ်သိပ်နေသည်။ ဖောင်ပေါ်ရှိ လူများက ကျွန်တော့်အတွက် နေရာ လုပ်ပေးသည်။
သူတို့ မည်မျှပင် စေတနာထားကြစေကာမူ နေရာက မရှိပါ။ ဗိုလ်ကြီးစောဦးက ဖောင်ကြိုးကို ဖြုတ်လိုက်သည်နှင့် တပြိုင်နက် ဖောင်သည် လှိုင်းတချက် အရိုက်တွင် သင်္ဘော ဘေးမှကွာ ထွက်လာတော့သည်။ နောက်လှိုင်းလုံး တချက် နှစ်ချက်မျှ ဆက်လာသည်၌ အသက်ကယ်ဖောင်သည် သင်္ဘောမှ ဝါးနှစ်ရိုက်ခန့် အကွာသို့ ရောက်ရှိသွားတော့သည်။ ဤတွင် ကျွန်တော်တို့ အားလုံး သင်္ဘောကို ကောင်းစွာ မြင်ကြရသည်။ သင်္ဘောသည် ဦးမှ ခါးပိုင်းအထိ ရေတွင် စိုက်နေပြီး ပဲ့ပိုင်း တခုလုံးမှာ ရေပေါ်တွင် ထောင်နေကာ ရေယာဉ် ဝင်ရိုးနှင့် ရေယက်ပန်ကာများကို ကောင်းစွာ မြင်ကြရသည်။ သင်္ဘောဝန်းကျင်တွင် သစ်သား အတိုအစများ၊ မွေ့ရာ၊ ခေါင်းအုံးများနှင့် စည်ပိုင်းအလွတ်များ ဝိုင်းလည် ပတ်ရံ နေကြသည်။ အားလုံးသည် စကား မပြောနိုင်ကြ။ မျက်ရည် ဖုံးသော မျက်လုံးများဖြင့်သာ သင်္ဘောကို လှမ်းမျှော် ကြည့်နေမိကြသည်။
“ဟော ... နစ်ပြီ နစ်ပြီ”
တစုံတဦးက တစ်ဆို့သော အသံနှင့် ပြောလိုက်။ သင်္ဘောသည် ပဲ့ထောင်သည်ထက် ထောင်ကာ ကျွန်တော်တို့အား နှုတ်ဆက်ခဲ့သည့်အလား သူ့ ပဲ့ပိုင်းကို တပတ်တိတိ လည်ပြပြီးနောက် ပင်လယ်ပြင် အောက်သို့ စုံးစုံး နစ်မြုပ်စိုက်ဆင်းသွားတော့။ မည်သူ့ထံမှ ဟူ၍ မသိရ၊ ရှိုက်သံများ ဆင့်ကဲဆင့်ကဲ ပေါ်လာသည်။
“ကဲဟေ့ ဟို ဖောင်ကို ကြည့်ကြစမ်း၊ ရှာကြည့်ကြစမ်း”
ဗိုလ်သန်းလွင်က သင်္ဘောပေါ်မှ မှန်ပြောင်းကို ယူလာခဲ့သည်။ သူက ဖောင်ပေါ်တွင် မတ်တပ်ရပ်ကြည့်ရန် ကြိုးစားသည်။သို့သော် ရပ်၍ မရ။လှိုင်းများကြားတွင် ဖောင်မှာ ဗြောင်းဆန်နေသည်။ သူက တတ်နိုင်သမျှ ကိုယ် အနေအထားမြှင့်ကာ ရှေ့နောက် ဝန်းကျင် ပတ်ပတ်လည် ကြည့်သည်။ အရိပ်အယောင်မျှ မမြင်ရ။
“ဘာမှ မတွေ့ဘူး စီအို”
သူက သတင်းပို့။
“သေကုန်ကြပြီ ထင်ပါတယ်”
တစုံတဦးက အားငယ်စွာ မှတ်ချက်ပေးသည်။
“ဘာလို့ သေရမှာလဲကွ၊ သူတို့လဲ မင်းတို့ ငါတို့လို ဖောင်ပေါ်မှာ ရှိနေမှာပေါ့၊ တို့မြင်ကွင်းက ကျဉ်းနေပြီး လှိုင်းလုံးတွေ ကြားခံနေလို့သာ မမြင်ရတာ ဖြစ်မှာ”
ကျွန်တော်က ယခုအချိန်တွင် “သေ” စကားကို လုံးဝ အပြောမခံနိုင်။
“ကဲ ... ဗိုလ်စောဦး၊ လူစေ့ရဲ့လား ရေကြည့်စမ်းပါ”
“စေ့ပါတယ် စီအို၊ ကျွန်တော်တို့ ဖောင်ပေါ်မှာ ၁၈ ယောက်၊ ဟိုဖောင်ပေါ်မှာ ပါသွားတာ ကိုးယောက်၊ စုစုပေါင်း ၂၇ ယောက်”
ဟု သူက သတင်းပို့သည်။
“ဟိုကောင် ခင်မောင်လတ် လှိုင်းမူးတယ် ဆိုပြီး ဘယ်အချိန်က လှစ်ခနဲ ပြေးဆင်းသွားတယ် မသိဘူး မြန်လိုက်တာ” ဟု ကျွန်တော် ပြောသည်။
“ကျွန်တော်လည်း တားချိန် မရလိုက်ဘူး စီအို၊ နီးရာလူတွေက ဘာမှ မပြောဘဲ ခုန်ချသွားကြတာပဲ၊ ကျွန်တော်တို့ သင်္ဘောက ထမင်းချက် ထွန်းကြည်၊ တပ်သား မောင်စိုးနဲ့ တပ်သား ရိုဇေးရီးယိုး ပါသွားတယ်၊ အဲ နောက်ပြီး တပ်သား အေးရီလဲ ပါသွားတယ်”
ကျွန်တော့်ဖောင်ပေါ်တွင် ကျွန်တော့် ရဲဘော်များအပြင် မြိတ်သို့ ခရီးကြုံလိုက် ရဲဘော်များ ပါလာသည်။ တချို့ တဝက်မှာ တခြား ဖောင်ပေါ်တွင် ပါသွားသည်။
“သောက်ရေ ယူခဲ့နိုင်သေးသလား”
“ရမ် ထည့်တဲ့ ဂျားကြီး ( Jar ) ကို အထဲက ကျန်တဲ့ ရမ်တွေ သွန်ပြီး နည်းနည်း ထည့်ယူလာနိုင်ခဲ့တယ်၊ နောက် စည်ပိုင်းထဲမှာလဲ ဆားရေတွေ ဝင်နေလို့ သောက်မရဘူး၊ ရှေ့ပိုင်းလဲ ဘယ်သူမှ မသွားနိုင်ဘူး စီအို၊ အသက်ကယ်ဗော သုံးကွင်းပဲ ဖြုတ်ယူလာချိန် ရတယ်”
ဗိုလ်စောဦးက ရှင်းပြသည်။
“အဲဒီ အသက်ကယ်ဗော သုံးခုကို ကြိုးနဲ့ ချည်ဗျာ၊ တခုနဲ့ တခု ၁၀ ပေ အကွာလောက်မှာချည်၊ နောက်ပြီး ဖောင်နဲ့ တွဲချည်ထားလိုက်”
ဗိုလ်စောဦးသည် ကျွန်တော် ညွန်ကြားသည့် အတိုင်း ဗောများကို ၁၀ ပေ အကွာခန့်တွင် ထားကာ တွဲချည်ပြီး ပင်လယ်တွင် ပစ်ချကာ ကြိုးတဖက်စကို ဖောင်တွင် ခိုင်မြဲစွာ ချည်ထားလိုက်သည်။ အသက်ကယ်ဖောင်နှင့် မကွာမလှမ်း၌ ဗောသုံးခု မျောကာ လိုက်ပါနေသည်။စောစောက အတန်ထင်ရှားစွာ မြင်နေရသည့် မော့စကော့ ကျွန်းစုမှာ ကျွန်တော်တို့ ဖောင်ထက်မှ ကြည့်သော် မိုးကုပ်စက်ဝိုင်း၏ နောက်တွင် ရေးရေးမျှသာ မြင်နိုင်စွမ်းသည်။
“ဒီမှာ အားလုံးနားထောင်၊ တို့ဖောင်ဟာ အခုမြင်နိုင်နေရတဲ့ ကျွန်းနဲ့ သိပ်မဝေးဘူး၊ အလွန်ဆုံး ရှိလှမှ မိုင် ၂၀ ပဲ၊ ဒီတော့ အဲဒီ ကျွန်းကို တို့ရောက်အောင် ကြိုးစား လှော်ခတ်ရမယ်၊ သင်္ဘောက ယူလာတဲ့ ပျဉ်ပြားရှိတယ် မဟုတ်လား”
“နှစ်ချပ် ရှိတယ် စီအို”
“အေး အဲဒါကို လှော်တက် အဖြစ် အသုံးပြုပြီး တတ်နိုင်သမျှ ကျွန်းဆီ ရောက်အောင် တယောက် တလက်စီ လှော်ကြရမယ်၊ ကဲ ပျဉ်ပြားတွေ ပြစမ်း”
ပျဉ်ပြားများကို ကျွန်တော် ကြည့်လိုက်သည်တွင် ပျဉ်ပြားများ သင်္ဘောပေါ်ရှိ သေတ္တာတခုမှ ကပျာကသီခုတ်ဖျက် ယူလာခဲ့သည်ကြောင့် သံချောင်း တချောင်းထောင် ထွက်လျက် ရှိနေသည်။ ဤတွင် ကျွန်တော်သည် အန္တရာယ်ကို စိုးရိမ်ကာ
“ဒီ သံချွန်ကို မရ ရအောင် နုတ်ပစ်ကွာ၊ အန္တ့ရာယ် ရှိတယ်၊ တို့ ဖောင်ကို ပေါက်ပြီး လေထွက်သွားမှာ စိုးရတယ်”
သူတို့သည် သံကို မရ အရ နုတ်ကာ ပစ်လိုက်၏။
“နောက်ပြီး မင်းတို့မှာ စစ်ဖိနပ် ဘယ်သူစီးထားသလဲ၊ စီးထားတဲ့လူ ရှိရင် ချွတ်ပြီး ရေထဲ လွင့်ပစ်လိုက်ကြစမ်း”
စက်ခန်းမှ ရဲဘော်များမှာ ဒီဇယ်ဆီ ပေကျံသည်ကြောင့် စစ်ဖိနပ် အစီးများကြသည်။ ဖိနပ် နှစ်ရံ သုံးရံကို ပင်လယ်တွင်း ပစ်ချလိုက်ကြသည်။သင်္ဘောပေါ်တွင် ရှိစဉ်က သောက်ရေယူရာတွင် မည်သူက သံချောင်းပုံးကို သုံး၍ သောက်ရေယူသည် မသိ။ ယခု သံချောင်းပုံးတွင်းရှိ ရေများမှာ လုံးဝသောက်၍ မရသော ဆားငန်ရေအဖြစ်သို့ ရောက်နေပြီ ဖြစ်သည်။
“ဟေ့ ... ဒီပုံးစုတ်ကြီးကလဲ ရှုပ်လှတယ်၊ ပစ်ချလိုက်စမ်း”
“ဟာ အသုံးကျချင် ကျမှာ စီအို၊ နေပါစေလား”
“ဘယ်ကလာ အသုံးကျရမှာလဲ ကွာ၊ ပစ်သာ ချလိုက်၊ နေဦး နေဦး၊ ပစ်မချခင် အားလုံး တယောက် တချက်စီ အဲဒီ သံပုံးကို ဝိုင်းကန်ကြစမ်း”
သူတို့သည် ကျွန်တော် ဘာကြောင့် ကန်ခိုင်းသည်ကို မသိကြသော်လည်း တယောက် တချက်စီ ဝိုင်းကန်ကြပြီးနောက် ကျွန်တော်က
“ ကဲ မကောင်းတဲ့ ဘေးရန် သွားရော့ကွာ” ဟု ပြောကာ ပင်လယ်တွင်း ပစ်ချလိုက်ကြသည်။ ကျွန်တော့်တွင် အနည်းအကျဉ်းမျှတော့ အစွဲရှိသည်။ထိုအစွဲမှာ Kick the bucket ဟူသော အင်္ဂလိပ် ဝေါဟာရ၏ အစွဲမှ လာသည်။ အင်္ဂလိပ် အီဒီယမ် အလိုအားဖြင့် Kick the bucket ဆိုသည်မှာ “သေဆုံးသည်” ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ထိုစကားအစွဲကို ကျွန်တော်က ယတြာချေသည့် သဘောနှင့် သံပုံးကို ဝိုင်းကန်ကြစေခြင်း ဖြစ်သည်။ သို့သော် သူတို့ကို အဘယ်ကြောင့် ဟူ၍ ရှင်းမပြခဲ့။
ယခု ဆက်လက်မရေးသားမီ ကျွန်တော်တို့၏ အသက်ကယ်ဖောင် အနေအထားကို ရှင်းပြရန် လိုပေမည်။အသက်ကယ်ဖောင်ကို အင်္ဂလန်ပြည် အာရ်အက်ဖ်ဒီ ( R.F.D ) ကုမ္ပဏီမှ ပြုလုပ်သည်။ အထူးသဖြင့် ခရီးသည်တင် လေယာဉ်များတွင် အရေးပေါ် အသုံးပြုရန် ဖြစ်သည်။ ဖောင်ကို ရော်ဘာဖြင့် ပြုလုပ်ထားလျက် နိုင်လွန်ဖြင့် ဖုံးအုပ်ထားသည်။ ပုံသဏ္ဌာန်မှာ အဝိုင်းဖြစ်လျက် အချင်းမှာ ၆ ပေခန့် ရှိသည်။ကျွန်တော်တို့ ဖောင်သည် လူခြောက်ယောက် စီးရန်သာ ဖြစ်သည်။ ခြောက်ယောက် ဝိုင်းထိုင်လျက် လုံလောက်စွာကျယ်ဝန်းသည် ဆိုရမည် ဖြစ်သည်။ ဖောင်ကို လေသွင်း မှုတ်ထားခြင်းဖြင့် ရေပေါ်တွင် ပေါ်စေသည်။ ဖောင်အောက်ခြေ အဝိုင်းတဆင့်၊ ယင်းပေါ်တွင် အထက်ခြေ အဝိုင်းတဆင့် ရှိသည်။ အောက်ခံဖင်ထိုင်မှာ နိုင်လွန် ရော်ဘာကြမ်းပြင် ဖြစ်သည်။ အထက်ပိုင်း အဆင့်ဝိုင်းတွင် ပေါင်းမိုးငယ်ကို ဖြစ်စေသည်။ ပေါင်းမိုးတဖက် တချက်စီတွင် ဖောင်တွင်းသို့ ဝင်ရန် ထွက်ရန်အတွက် တံခါးပေါက် သဖွယ်ဖြစ်သည့် တိုးလျိုပေါက် တစုံရှိသည်။အမိုးထိပ်တွင် ချိုင့်ငယ်တခု ပြုထား၏။ ဖောင်အမိုးပေါ်ရှိ ချိုင့်ဝှမ်းငယ်မှာ မိုးရွာလျှင် သောက်ရေခံရန် ဖြစ်သည်။
ဖောင်၏ အောက်ခြေတွင် သိပ်သည်းသည့် လေကို ထည့်သွင်းထားသည့် လေအိုးငယ်တခု ကပ်လျက် ရှိနေသည်။ လေအိုးငယ် အတွင်းတွင် ဖောင်ပွင့်စေရန်နှင့် လေသွင်း၍ စွင့်ကားလာစေရန်အတွက် လေကို သိပ်သည်းစွာ ထည့်ထားခဲ့ကြသည်။ ကျွန်တော်တို့ ဖောင်ကို ဖွင့်စဉ်ကကြိုးစငယ်တခုကို သင်္ဘောလက်ရန်းတွင် ချည်၍ ဖောင်ကို ရေတွင်ပစ်ချလိုက်ရာ ဖောင်ပွင့်စေသည့် လေအိုးမှ အဖွင့်ဘားကို ကြိုးက ဆောင့်ဆွဲလိုက်သည်ကြောင့် လေအိုးတွင်းတွင် ဖိနှိပ်ထည့်ထားသည့် လေထု (Compress Air ) များ ဖောင်၏ နံဘောင်နှင့် အမိုးအကန့် (Chambers) များ တွင်းသို့ တဟုန်ထိုး တိုးဝင်သွားသည်။ လေအိုးသည် တခါသုံး သာလျှင် ဖြစ်၏။
ဖောင်မှာ အက်စကီးမိုး လူမျိုးများနေသည့် ရေခဲအိမ် ( အစ်ဂလူး ) ၏ ပုံစံနှင့် တူသည်။ သို့မဟုတ် ပေါင်မုန့်ဖိုငယ် တခုနှင့် တူသည်။
အစ်ဂလူးတွင် အပေါက် တပေါက်သာလျှင် ရှိခြင်းနှင့် ဖောင်တွင် လူဝင်ပေါက် နှစ်ပေါက် ပါရှိခြင်း တို့သာ ကွာခြားသည်။ ဖောင်၏ အောက်ခြေပိုင်းသည် အနက်ရောင်ဖြစ်၍ အထက်ပိုင်း တခုလုံးမှာ လိမ္မော်ရင့်ရောင် အနီဖြစ်သည်။ ပင်လယ်ပြာတွင် အဝေးမှ ထင်ရှားစွာ မြင်နိုင်သော အရောင်ဖြစ်သည်။ ရေမျက်နှာပြင်ထက်တွင် ဖောင်အမြင့်မှာ ထိပ်ဆုံးပိုင်းမှသည် ငါးပေမျှ ရှိပေလိမ့်မည်။
ဖောင်ပေါ်တွင် ထိုင်နေသူ တဦးနှင့် ရေမျက်နှာပြင်မှာ တပေသာသာ ရှိသည်။ လူတဦးသည် အချိန်မရွေး ပင်လယ်ပြင်ကို သူ့လက်နှင့်ထိတွေ့စမ်းနိုင်သည်။ ဖောင် ပတ်လည်တွင် လူတွဲမှီရန်အတွက် ကြိုးများနှင့် ဝိုင်း၍ ဆိုင်းထားသည်။
ဖောင်၏ ပုံသဏ္ဌာန်မှာ တိကျသော အဝိုင်း စက်စက် ဖြစ်သည်။
အသက်ကယ်ဖောင်လုပ်သည့် ကုမ္ပဏီက ဤဖောင်ကို လူ ခြောက်ယောက် စီးရန်ဟု သတ်မှတ်ထားသည်။ ယခု ဤဖောင်ပေါ်တွင် ကျွန်တော်တို့ လူစု တဆယ့်ရှစ်ယောက် တိတိ ရှိနေကြသည်။ လူနေအထားနှင့် ဖောင် အကျယ် အဝန်း မမျှသည်ကြောင့် ဖောင်ပေါ်တွင် လူချင်း ထပ်သိပ်ဖိနေကြသည်။ သို့ကြောင့် သင်္ဘောစွန့်ခွာခဲ့စဉ်က ကျွန်တော် ခုန်ဆင်း လိုက်သည်တွင် ကျွန်တော့် ရဲဘော်များ အပေါ်ကျသွားခြင်း ဖြစ်သည်။ လူက နှစ်ထပ်မက သုံးထပ်မျှ ဖြစ်နေသည်။ ဤသို့ ဆက်နေရန် မဖြစ်နိုင်သောကြောင့် ကျွန်တော်က အစီအစဉ် တခုပြုရတော့သည်။
“ပထမဆုံး လူအားလုံး ရေထဲဆင်းကြစမ်းဟေ့၊ ဆင်းပြီးရင် ဖောင်ဘေးက ကြိုးတွေကို ကိုင်ထားကြ၊ တချို့က ဟိုက တွေ့ရတဲ့ အသက်ကယ်ဗောကို တွယ်ထား”
ဗိုလ်စောဦး၊ ဗိုလ်သန်းလွင်တို့က ရှေ့က ဆင်းသွားကြသည်။ သူတို့နောက်သို့ ရဲဘော် အများစုလည်း ဆင်းလိုက်သွားကြ၏။ သူတို့သည် အသက်ကယ်ဗောကို တွယ်နေသူက တွယ်လျက် ဖောင်ပတ်လည်ကို တွယ်သူက တွယ်နေကြ၏။ ဖောင်ပေါ်တွင် ရဲဘော် နှစ်ဦး သုံးဦး နှင့် ကျွန်တော် ကျန်ရှိနေကြသည်။
“ကျွန်တော် ရေမကူးတတ်ဘူး စီအို”
သူတို့ အနက်မှ တယောက်က ကြောက်ကြောက်လန့်လန့်နှင့် ပြန်ပြောသည်။ သူတို့ အားလုံး၏ မျက်လုံးများမှာ ပြူးဝိုင်းနေကြ၏။
“မင်း ဘယ်မြို့သားလဲ” ဟု ကျွန်တော်က မေးလိုက်သည်။
သူက ဆိပ်ကမ်းမြို့ တမြို့၏အမည်ကို ပြော၏။
“ဒီမှာ ငါ ရွှေဘိုသား၊ စိတ်ညစ်လို့ ရေနစ်သေချင်ရင် နှာခေါင်းဖော်သေဖို့ ချောင်းမရှိတဲ့ နေရာက လာတဲ့ကောင်၊ ကဲ ... ဆင်းပေရော့”
ကျွန်တော်သည် စိတ်ဆိုးစွာဖြင့် သူ့အား တွန်းချရန် ပြင်လိုက်သည်။ သို့သော် သူ့ကို မထိပါ။ သူသည် ကြောက်ကြောက်နှင့် နောက်သို့ လှန်လိုက်သည်တွင် ပင်လယ်တွင်းသို့ နောက်ပြန် ကျသွားတော့၏ ကျန်ရဲဘော် နှစ်ဦးလည်း သူတို့ဘာသာ မဝံ့မရဲနှင့် ဆင်းသွားကြသည်။ဤတွင်မှ ကျွန်တော်သည် ဖောင်အတွင်းပိုင်းသို့ အစအဆုံး ပထမဆုံး အကြိမ်အဖြစ် တဦးတည်း လေ့လာခွင့်ရတော့၏။ ဖောင်တွင်းဝယ် အိုက်လျှင် ဝင်ပေါက်မှ လေဝင်ခြင်း ကြောင့်သာလျှင် သက်သာရာရ၏။ ဝင်ပေါက်တွင် လေနှင့် ရေ ကာကွယ်လိုပါက ကာကွယ်ရန် နိုင်လွန်ခန်းဆီးသဖွယ် လိုက်ကာလေးများ ပါသည်။ ဘေးတဖက် တချက်စီ၌ ရှိ၏။ ဖောင်ဝင်ပေါက်၏ ဘေး တနေရာတွင် အောက်ဘက်သို့ မြားပြထားလျက် (Danger do not open the valve ) အန္တရာယ်၊ ဘားအဆို့ကို မဖွင့်ပါနှင့်ဟု သတိပေး ရေးသားထားချက် တွေ့ရ၏။ လေထုတ်သော အပေါက်ကို ပိတ်ဆို့သောဘားပင် ဖြစ်ပေမည်။ ဤနေရာကို ကျွန်တော် ကာကွယ်ရမည် ဖြစ်၏။ ဖောင်ပေါ်တွင် ရဲဘော်တို့ သင်္ဘော မစွန့်ခွာမီ ယူလာကြသည့် ပစ္စည်းများနျင့် ပြည့်ကာ ဖရိုဖရဲ ဖြစ်နေသည်။ ရမ်ပုလင်း အကြီးစား ( တဂါလံဝင် ဖန်ပုလင်း ) ကြီးမှာ အတွင်းတွင် သောက်ရေချို ထည့်လာသည်ဟု ပြောသည့်ရေလက်လေးလုံး သာသာခန့် ရှိသည်။
ရမ်ကို ကုန်စင်အောင် သွန်ရန် အချိန်မရခြင်းကြောင့် ပယင်းရောင် လဲ့လဲ့ ပြေးနေသည်။ အဖုံးအဆို့ မရှိ။ နဂိုက ဖော့ဆို့မှာ ဖွင့်စဉ်ကပင် ပျက်စီးသွားခဲ့ဟန် ရှိသည်။ ကျွန်တော်က အတွင်းမှ ရေကို အနည်းငယ် သောက်ကြည့်ရာ ဆားငန်ရေ ဝင်ခြင်းကြောင့် ခါးသက်သက်နှင့် တမျိုးဖြစ်နေသည်ကို တွေ့ရ၏။ ရမ်အရက်စော်ကလည်း နံသည်။ သို့သော် အောင့်၍ မျိုချလျင် သောက်နိုင်သေးသည်။
သံလိုက်အိမ်မြောင်မှာ ကျွန်တော် ဖြုတ်ယူလာခိုင်းသည့်အတွက် ဖောင်အလယ် တနေရာတွင် ရှိသည်။ မှန်ပြောင်း တလက်လည်း ရှိသည်။ ဖောင်ဘေးတွင် ညွန်ကြားချက်များ ရေးကပ် ထားသည့်အတွက် ဖတ်ရှု လေ့လာရသည်။ ဖောင်ထိပ်မှ မိုးရေခံသည့်ချိုင့်တွင် အောက်ဘက်မှ ပိုက်ငယ်တခုဖြင့် ဆက်ထားလျက် ပိုက်ထိပ်တွင် အဆို့ရှင်တခု ရှိသည်။
ဖောင်လယ်တွင် ပတ္တူစနှင့် ထုပ်ထားသည့် ၃ ပေ _ ၂ ပေ ၊ ၆ လက်မခန့် အရွယ် အထုပ်တခု တွေ့ရသည်။ (SURVIVAL KIT ) အသက်ရှင်စေရန် ပစ္စည်းများဟု ရေးသားထားသည်။ ကျွန်တော်က ဗိုလ်ကြီးစောဦးကို ဖောင်ပေါ်သို့တက်စေကာ အတွင်းရှိပစ္စည်းများကို သူနှင့်အတူ စစ်ဆေးကြည့်ကြသည်။ ပစ္စည်းထည့်သည့် အိတ် တနေရာတွင် အိမ်လေးတခုနှင့် သပ်ရပ်စွာ တွယ်ထားသည့် ဓားငယ်တချောင်းကို တွေ့ရသည်။ ဓားမှာ ဦးတုံးမျိုး ဖြစ်၏။ ဓားဦးချွန် မပါရှိ၊ ဓားဦးဝိုင်း ဖြစ်သည်။ နှစ်လက်မခွဲခန့်မျှသော အသွားပါရှိ၏။ ထို့ကြောင့် ထိုးဖောက်မရ၊ လှီးဖြတ်မူ ရ၏။ အရိုးကို သုံးလက်မခန့်ရှိ ပလတ်စတစ်နှင့် ပြုလုပ်ထားသည်ကြောင့် ရေပေါ်တွင် ပေါ်၏။ ရေတွင် မနစ်။ လည်ပင်းတွင် လွယ်သိုင်းစရာ ကြိုးသိုင်း ပါရှိခြင်းကြောင့် ကျွန်တော့် လည်ပင်းတွင် လွယ်ထားလိုက်သည်။ ပတ္တူအိတ် အပေါ်တွင် ပစ္စည်းစာရင်း ပါသည်။ သို့သော် ပွန်းပျက်နေသည်ကများ၍ ဖတ်၍မရ။ ကြိုးများနှင့် သေသပ်စွာ တုပ်နှောင် ထားသည်ကြောင့် အတန်ကြာအောင် ဖြုတ်ကြရသည်။ အပြင်တွင် လေသည် မတိုက်တော့သလောက် ဖြစ်၏။ လှိုင်းမှာလည်း တွဲအိလာသည်။ ခေါင်းမကျိုးတော့။လှိုင်းအိအတို ကလေးများသာ ဖြစ်သည်။ နေမှာ ကောင်းစွာ ထွန်းလင်းနေပေပြီ။ ထန်းတဖျားသို့ခန့် အမြင့်မက ရောက်ပြီ ဖြစ်၏။ ပတ္တူထုပ်တွင်းမှ အောက်ပါ အရေးပေါ် အသက်ကယ် ပစ္စည်းများ ထွက်လာသည်။
၁။ သောက်ရေချိုဘူး ( နို့စိမ်းဘူးခန့်အရွယ် ) ၄ ဒါဇင်။
၂။ သကြားလုံး ( တပေါင်ထုပ် ) ၂ ထုပ်။
၃။ လက်နှိပ်ဓာတ်မီး ၁ လက်။
၎။ အပို ဘက်ထရီ ၆ လုံး။
၅။ လေထီးမီးကျည် ၄ တောင့်။
၆။ မီးနီမီးကျည် ၂ ဒါဇင်။
၇။ ပလတ်စတစ် ရေခြင်ခွက်ငယ် ၁ ခွက်။
၈။ ပလတ်စတစ် ရေပက်ခွက်ကြီး ၂ ခွက်။
၉။ လေထိုးရန်အတွက် ဖားဖိုငယ် ၁ ခု။
၁၀။ အပေါက်ဖာရန် သစ်သားစို့ ( ဆိုက်မျိုးစုံ ) ၁ ဒါဇင်။
၁၁။ နိုင်လွန်ကြိုးငယ် ( အရှည် ပေငါးဆယ်ခန့် ) ၁ ခွေ။
၁၂။ အရေးပေါ် သူနာပြုပစ္စည်း ( သံ သေတ္တာငယ် ) ၁ သေတ္တာ။
၁၃။ ဖောင်အသုံးပြုရန် နည်း ညွန်ကြားချက် ( ပလပ်စတစ် စာအုပ် ) ၁ အုပ်။
၁၄။ ကြက်ပေါင် ရေမြုပ် ( ရေစုပ်ထုတ်ရန်အတွက် ) ၂ ခု။
အရေးပေါ် သူနာပြု သေတ္တာတွင်းမှ အက်(စ)ပရင် ဆေးပြား၊ ဆာလ်ဖာဆေးပြား နှစ်ပုလင်းနှင့် ဂွမ်း၊ ပတ်တီး၊ ရှူဆေး (Spirit of Ammonia ) ဖန်ပုလင်းများ ထွက်လာသည်။
ထိုပစ္စည်းများကို ကျွန်တော်၏ ဂျာကင်အင်္ကျီအိတ်နှင့် ဗိုလ်စောဦး၏ အိတ်များအတွင်း ခွဲဝေ ထည့်ထားလိုက်ပြီး လွတ်သော သေတ္တာ အတွင်းသို့ သကြားလုံးထုပ်များ သွင်းကြသည်။ သကြားလုံး တအိတ်မှာ ရေစို၍ ပျက်စီးစ ပြုနေပြီ။တအိတ်သာလျှင် အကောင်းပတိ ရှိခြင်းကြောင့် ထိုအကောင်းအိတ်ကို သံသေတ္တာတွင် ထည့်ရ၏ သေတ္တာငယ်မှာလည်း တအိတ်စာခန့်သာ ဝင်ဆံ့သည်။
အဓိကမှာ သောက်ရေဘူးများ ဖြစ်သည်။ သောက်ရေဘူးထိပ်တွင် လက်ဖနှောင့်နှင့် ရိုက်ရသည့် သံချွန်ငယ် တခုစီတွဲလျက် ပါရှိသည်။
သံချွန်ကို လက်ဖနှောင့်ဖြင့် ရိုက်ဖောက်ခြင်းဖြင့် အပေါက်ဖြစ်စေကာ ရေငှဲ့ယူသောက်ရန် ဖြစ်သည်။ ရေဘူးများကို သူ့ မူလအိတ်အတွင်းမှာ ထားကာ ကျွန်တော်ထိုင်မည့် နေရာထောင့်တွင်သာ ထားလိုက်သည်။ ကျွန်တော် ထိုင်ရန် ရွေးချယ်ထားသော နေရာမှာ လေထွက်ပေါက်ထားရှိသည့်နေရာ ဖြစ်သည်။ ဤနေရာနှင့် ဤရေဘူးများသည် ကျွန်တော့်တာဝန် ဖြစ်သည်။
ဗိုလ်စောဦးနှင့် ဗိုလ်သန်းလွင်တို့ကို အခြား အရေးကြီးပစ္စည်းများဖြစ်သည့် မီးကျည်နှင့် လက်နှိပ်ဓာတ်မီးတို့ကို ခွဲ၍ တာဝန်ခံစေရမည် ဖြစ်သည်။ ဖောင်ပေါ်တွင် ရဲဘော်တို့၏ အဝတ်အထည် ပစ္စည်းများ၊ ဖိနပ်၊ ဦးထုပ်များဖြင့် ပြည့်လျက် ရှိ၏။ ကျွန်တော် စိတ်အဆိုးဆုံး ပစ္စည်းတခုကို အမှတ်မထင် မြင်တွေ့လိုက်ရသည်။ သင်္ဘောနစ်နေပါသည်ဆိုမှ မည်သည့် ရဲဘော်က ယူဖြစ်အောင် ယူလာသေးသည်မ မသိ၊ဧရာမနဂါး ဆေးပေါ့လိပ်စည်းကြီး ဖြစ်သည်။ ဆေးပေါ့လိပ်စည်းမှာ ရေစို၍ အစည်း ပြေနေပြီ။ ကျွန်တော်သည် ဆေးပေါ့လိပ် တွေ့မြင်သမျှ အစည်းပြေကို ကောက်မကာ ...
“ဘယ်မအေပေးကများ အရေးထဲ ဆေးလိပ်သောက်ချင်ရသေးသလဲ မသိဘူး” ဟု ဆိုကာ ပင်လယ်တွင်း လွင့်ပစ်ချသော်လည်းကောင်း၊ ဓာတ်မီးခြစ်သော် လည်းကောင်း ပါမပါ ကိုတော့ ကျွန်တော် မပြောနိုင်။ အကယ်၍ ပါခဲ့လျှင်လည်း သူ့ မီးခြစ်မှာ အသုံးပြု၍ ရနိုင်တော့မည် မဟုတ်။
“ကဲ ... ဗိုလ်စောဦး၊ ဒီပစ္စည်းတွေကို ကိုယ့်တာဝန်နဲ့ ကိုယ် ကြည့်ထိန်း၊ သောက်ရေဘူးကို ကျွန်တော့်အမိန့် မရဘဲ တဘူး မဖောက်စေနဲ့၊ လူတွေကိုလဲ သုံးစု ခြောက်ယောက်စီ ခွဲကြရမယ်၊ တစုမှာ ကျွန်တော်၊ တစုမှာ ခင်ဗျားနဲ့ ၊ တစုမှာ ဗိုလ်သန်းလွင် တို့ တာဝန်ယူကြရမယ်”
“ဟုက်ကဲ့ စီအို”
“ဒီဖောင်မှာ ၁၈ ယောက်စလုံး တနေကုန် တနေခန်း ပြုံထိုင်နေလို့ ရမှာမဟုတ်ဘူး၊ အဲဒီတော့ တစုက ရေထဲဆင်းနေ၊ ဖောင်ဘေးမှာနဲ့ အသက်ကယ်ဗောမှာ တွယ်နေ၊ ကျန်နှစ်စုက ဖောင်ပေါ်မှာ တက်နေ၊ တစုက အနားယူ၊ တစု Look out ( ကင်းတာဝန် ) တာဝန်နဲ့ လှေလှော် တာဝန်ကို တလှည့်စီ ယူကြရမယ်၊ သကြားလုံးနဲ့ သောက်ရေကို အချိန်ကျရင် ကျွန်တော် ကြီးကြပ်ပြီး ဝေပေးမယ်၊ ခင်ဗျား မျက်ခြေမပြတ်စေနဲ့ ဟုတ်လား”
“ကောင်းပါပြီ စီအို”
“ကဲ ... ကျွန်တော်က အရင် ရေထဲဆင်းမယ်၊ တပ်ကြပ် မောင်အေးနဲ့ ရဲဘော် လေးယောက်၊ ကျွန်တော်က ရေထဲမှာ တနာရီ နေမယ်၊ တနာရီ ကြာရင် ကျွန်တော် ဖောင်ပေါ်ပြန်တက်မယ်၊ ခင်ဗျားနဲ့ ရဲဘော် ငါးယောက်က တခါ တနာရီ ရေထဲဆင်း၊ ခင်ဗျား ပြီးရင် ဗိုလ်သန်းလွင်တို့ အစု ဆင်းကြရမယ်၊ ဒီလိုပဲ တနာရီ တခါ Rotate ( အလှည့်ကျစီ ) လုပ်ရမှာပဲ၊ ဒီဖောင်ပေါ်မှာတော့ တချိန်မှာ ၁၂ ယောက်ထက် ပိုမရှိစေချင်ဘူး ဟုတ်လား”
“ည ကျရင်ကော စီအို”
“ညကရင်တော့ ကြည့်နေရမှာပဲ၊ ညကိုတော့ ရေထဲမှာ တယောက်မှ မဆင်းစေချင်ဘူးဗျာ၊ ကဲ ... ကျွန်တော် ဆင်းမယ်၊ အခု ၁၀ နာရီ ရှိပြီ၊ ၁၁ နာရီ ကျရင် ကျွန်တော် ပြန်တက်လာမယ်၊ ခင်ဗျား ဆင်း”
ကျွန်တော်သည် သူ့အား ညွန်ကြားချက် အမိန့်ပေးပြီး ပင်လယ်တွင်း ခုန်ဆင်းလိုက်တော့သည်။ ပင်လယ်ရေမှာ အေးမြလိုက်ပါဘိခြင်း။ ငန်လိုကပါဘိခြင်း။
“ကဲ ဟေ့ မောင်အေး၊ မင်း ရဲဘော် လေးယောက် ရွေးထားလိုက်၊ မင်းရယ်၊ ငါရယ်၊ ရဲဘော် လေးယောက်ရယ် ရေထဲမှာ နေကြမယ်၊ ဗိုလ်သန်းလွင် ကျန်တဲ့ ရဲဘော်တွေ ခေါ်ပြီး ဖောင်ပေါ်တက်၊ ဗိုလ်စောဦးနဲ့ သူ့ရဲဘော်တစုကို အနားယူကြပေစေ၊ ခင်ဗျားနဲ့ တာဝန်ကျ ရဲဘော်တွေက Look Out တာဝန်နဲ့ ဖောင်ကို ကမ်းခြေဘက် တလှည့်စီ လှော်ဖို့ တာဝန်ယူ၊ ကဲ ... တက်ကြ”
ဗိုလ်သန်းလွင်နှင့် ရဲဘော်များ ဖောင်ထက် ပြန်တက်သွားကြသည်။ ကျွန်တော်၊ တပ်ကြပ် မောင်အေးနှင့် ရဲဘော်အချို့ ရေတွင် ကျန်ရစ်၏။ကျွန်တော်က လူ ရေတွက် ကြည့်ရာ စုစုပေါင်း ခြောက်ယောက်မက ရှိနေသည်ကို တွေ့ရသည်။
“ဟေ့ မင်းတို့ တက်ကြလေကွာ”
“ဟင့်အင်း၊ ကျွန်တော်တို့ ဒီမှာပဲ နေနိုင်သလောက် နေကြမယ်၊ အပေါ်မှာ လူ ကျပ်တယ်၊ အသက်ရှူ ကျပ်တယ်”
“အေး ... ကောင်းတယ်၊ ငါလဲ နေနိုင်သမျှ နေမှာပဲ၊ ရေထဲမှာ ပို ဇိမ်ကျသေးတယ်ကွ၊ ဟောဟိုက အသက်ကယ် ဗောပေါ်မှာ တယောက်တော့ ဇိမ်နဲ့ အိပ်နိုင်တယ်၊ နှစ်ယောက်တော့ တွယ်နေနိုငတယ်၊ နေမယ်ဆို ဆယ်ယောက်တော့ ရေထဲမှာ နေနိုင်တယ်ကွ”
“စီအို ငါးမန်းကိုက်ရင် ဘယ့်နှယ်လုပ်မလဲ”
“ငါးမန်း မကိုက်ပါဘူးကွာ၊ ဒီနေရာမှာ ငါးမန်း မရှိတတ်ဘူး၊ ငါးမန်းလာရင်လဲ အသိသာကြီးပါ၊ ဖောင်ပေါ်တက်ကြတာပေါ့”
ပြောသာ ပြောလိုက်ရသည်။ ငါးမန်း အန္တရာယ်ကို သူပြောမှ ကျွန်တော် သတိရမိတော့သည်။ ထို့ကြောင့်
“ဗိုလ်သန်းလွင် ငါးမန်း ဆူးတောင်ကိုလဲ သတိထားကြည့်ဦးဗျို့၊ မြင်ရရင် ရေပြင်ကို လှော်တက် ပျဉ်ပြားနဲ့ တအားရိုက်၊ ကျွန်တော်တို့ အမြန် ပြန်တက်နိုင်ဖို့ ဆွဲသာတင်” ဟု တိုးတိုး သတိပေးလိုက်ရသည်။
ကျွန်တော်သည် ယခုအကြိမ်တွင် ဖောင်ကို ရေအောက်မှ လေ့လာခြင်း ပြုရတော့သည်။ ဖောင် ပတ်ပတ်လည် တလျှောက် တွယ်သွား၍ ရေငုပ်ကြည့်သည်။ ပင်လယ်ရေမှာ ကြည်လင်လှသည်ကြောင့် အကုန်အစင် မြင်သာသည်။ ရေအောက်ဖောင်ဝမ်းပြင်တွင် ရေယက်သဖွယ် တပ်ထားသည့် ငါး၏ ရေယက်တောင်စွယ်မျိုး လေးခု တပ်ထားသည်။ ယခုအခါတွင် အလွတ်သာ ရှိနေပြီဖြစ်သည့် လေဘူးသည် ဝမ်းပြင်တနေရာတွင် တပ်ဆင်ထားသည်။ လေဘူးနှင့် ဖောင်အောက်ပိုင်း အကန့်တို့သည် ပိုက်တခုဖြင့် ဆက်ထားသည်။ ပိုက်ဆက်မှာ ဖောင်ထက် ရှိစဉ်က ကျွန်တော် မြင်တွေ့ရသည့် အန္တရာယ်ဟု ရေးသားထားသော ဘားနှင့်ဆက်ထားသည်။ ထိုအန္တရာယ်ကို ဖောင်ပေါ်မှလည်း ဖွင့်ဖြုတ်နိုင်သည်။ ဖောင်အောက်မှလည်း လက်နှင့် စမ်းဆွဲ ဖြုတ်လျှင် ပြုတ်နိုင်သည်။ ထို့ပြင် ရေပြာပြာအောက် တနေရာတွင် လှိုင်းကလေးတလုံးက ဖောင်ကို ပြေးဆောင့်တိုင်း မှိုပွင့်ကြီး တခုပမာ ပွင့်အာသွားသော နိုင်လွန်စအဖြူဖြင့် ပြုလုပ်ထားသည့် လေထီး ( ရေထီး) ငယ် တခုကို တွေ့ရသည်။ လမ်းညွန် စာအုပ်ကို ကျွန်တော် ဖတ်ရှုကြည့်စဉ်က ပုံနှင့် ပြထားသည့်  Drogue ခေါ် ရေကျောက်ဆူး ဖြစ်သည်။ ထိုရေထီး ပွင့်ကားသွားသည့်အခါ အဝမှာ တပေခွဲခန့် ကျယ်ဝန်းသည်ကို မြင်ရ၏။ ဖောင်ကို လေတိုက်ခြင်းကြောင့် မျောပါ မသွားစေရန် ထိန်းထားသည့် ပစ္စည်း ဖြစ်သည်။ ဖောင်၏ ရေစူးမှာ တပေခွဲခန့်မျှသာ ရေတွင် ဝင်နေလျက် ၅ ပေခန့်မှာ ရေထက်တွင်ပေါ်နေခြင်းကြောင့် ရေထက် ပေါ်နေသည့် ထုထည်က ရေအောက် ထုထည်ထက် ပို၍ များပြားသည်။
ထို့ကြောင့် လေတိုက်လျှင် လေတိုးသည့် ဧရိယာက ပိုများသည့်အတွက် လေတိုက်က လွင့်ချင်တိုင်း လွင့်မပါစေရန် ထိန်းထားသည့် အကူ ပစ္စည်း တခုဖြစ်၏။ ရေအောက် ရေစီးကြောင်း ကမ်းခြေဘက်သို့ စီးလျှင်လည်း သူက ကူဆွဲလိမ့်မည်ဟု ကျွန်တော်က ထင်သည်။ ရေထီးငယ်ကို ဖောင့်နှင့် နိုင်လွန်ကြိုး တချောင်း အားဖြင့် ချည်နှောင် ဆက်ထားသည်။ ကျွန်တော်သည် ဖောင်ပတ်ပတ်လည်ကို ရေအောက်မှ လှည့်ပတ် လေ့လာ ကြည့်ရှုသည်တွင် ဖောင်မှာ တော်ရုံတန်ရုံမျှသော အန္တရာယ်ကို စိတ်ချရအောင် ခိုင်မာသည်ဟု ယုံကြည် စိတ်ချရကြောင်း တွေ့ရ၏။
သို့သော် ကျောက်စွန်းကျောက်စွယ်နှင့် တိုက်မိခဲ့လျှင်၊ တစုံတဦးက ချွန်ထက်သော လက်နက် တစုံတရာဖြင့် တမင် ထိုးဖောက်လိုက်ခဲ့လျှင်မူ ပေါက်ပြဲသွားနိုင်သည်။ အပေါက်ကို ဖာသည့် သစ်သားပျော့အဆို့များ ပါရှိသည် ဆိုသော်လည်း စိတ်မချရ။ လေအိုးမှာ တခါသုံးသာ ရသည်။လေ နောက်ထပ် ဖြည့်ရန်အတွက် ဖားဖိုငယ်သဖွယ် လက်နှင့် ဖိထိုးရသည့် လေထိုးတံ ပါရှိသော်လည်း ဖောင် လေပြည့်ရန် မည်မျှကြာကြာ ထိုးရမည်ကိုလည်း ကျွန်တော် မသိ။ ထို့ကြောင့် အန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့်
“ဗိုလ်စောဦး၊ ဖောင်ပေါ်မှာ ရှိတဲ့ ရဲဘော်တွေဆီက ချွန်ထက်တဲ့ ပစ္စည်းမှန်သမျှ အကုန်သိမ်းယူဗျာ၊ ချွန်တဲ့ဥစ္စာဆိုရင် ဖောင်တိန်နဲ့ တွယ်အပ်တောင် မရှိကြပေစေနဲ့” ဟု ဖောင်ပေါ်ရှိ ဗိုလ်စောဦးအား လှမ်းပြောလိုက်သည်။ပင်လယ်ပြင်သည် ထူးခြား ဆန်းကြယ်လှ၏ မာယာည်း များလှသည်။ စောစောက လှိုင်းလုံးများဖြင့် တဝုန်းဝုန်း ဒေါထနေသော ပင်လယ်သည် ၁၁ နာရီခန့်တွင် လုံးဝ ငြိမ်သက်သွားသည်။ တဝေါဝေါ တိုက်နေသည့် လေသည်လည်း ဘယ်ဆီ ရောက်သွားသည် မသိရတော့။
ပင်လယ်ပြင်သည် ကြည်လင်သော ကန်ရေပြင်ကြီးအလား၊ မှန်ပြင်ကြီး တချပ်ပမာ နေရောင် အောက်တွင် ငြိမ်သက် ဝပ်စင်းလျက် တလက်လက် အရောင်တောက်နေတော့သည်။ အရှေ့မိုးကုပ်စက်ဝိုင်းဆီတွင် မော့စကော့ ကျွန်းစုများ၏ ထိပ်ဖျားကို မြသားတုံးပမာ မြင်နေရသည်။ ၁၅ မိုင် မိုင် ၂၀ မျှသာလျှင် ဝေးမည် ထင်ရ၏။ ရဲဘော်များက
“စီအို၊ ခု လှိုင်းငြိမ်သွားတုန်း အသက်ကယ် ဗောနဲ့ ရေကူးတတ်တဲ့ လူတွေက ရေကူးပြီး ဖောင်ကို ဆွဲယူရင်း အဲဒီ ကျွန်းတော့ ဒီနေ့ညနေ၊ ဒါမှမဟုတ် ညကျရင် ရောက်နိုင်လိမ့်မယ် ထင်တယ်” ဟု ပြောကြသည်။
တယောက်က “အပေါ်က လှော်တဲ့ လူတွေကလဲ ဝိုင်းလှော်ဆိုရင် ညတောင် မနေဘူး၊ ညနေလောက်ဆိုရင် ရောက်မှာပါ”
“အေး ... ဟုတ်တယ်၊ အခုလို လှိုင်းလေ ငြိမ်နေတုန်း ကူးကြဆွဲကြမယ်၊ မောရင် အပေါ်တက် အနားယူ၊ ရေကူးတတ်တဲ့ လူက ရေကူးဆွဲ၊ မကူးတတ်တဲ့လူက အပေါ်က လှော်၊ တခြား သင်္ဘောတွေ မြင်ရအောင် ကင်းကြည့်တဲ့လူက ကင်းကြည့်၊ ဟုတ်လား”
ကျွန်တော်တို့ အားလုံးသည် စိတ်တူ သဘောတူ စိတ်ပါလက်ပါဖြင့် လှော်သာက လှော်ကြ၊ ကူးသူက ကူးကြနှင့် ကျွန်းပေါ်သို့ ဖောင် ရောက်ရှိရေးကို အစွမ်းကုန် ကြိုးစားကြသည်။ ၁၂ နာရီခန့်တွင် အားလုံးသည် မောပြီး လက်ပန်း ကျကြပြီ ဖြစ်သည်။ ၁၂ နာရီတွင် ဖောင်ထက်သို့ကျွန်တော် ပြန်တက်လာခဲ့သည်။ အားလုံးက သောက်ရေဝေရန် လိုလားနေကြပြီဖြစ်သည်။ ကျွန်တော်သည် တတ်နိုင်လျှင် သောက်ရေဘူးကို လုံးဝမဖောက်ချင်သေးသည့်အတွက် ဖန် ပုလင်းတွင်းမှ လက်ကျန် ရေကိုပင်ဝေမျှသောက်ကြရန်ဆုံးဖြတ်သည်။ ဖောင်ပေါ်တွင် အသုံးအဝင်ဆုံး ပစ္စည်းနှစ်ခုမှာ သောက်ရေ ဝေသည့် ပလပ်စတစ်ခွက်နှင့်ရေပက်ထုတ်ရန်အတွက် ပလပ်စတစ်ခွက်ကြီး ဖြစ်၏။ ခြင်ခွက်မှာ ဘုရားဆွမ်းတော် တင်ရာတွင် သောက်တော်ရေ ကပ်သည့်ခွက်အရွယ်မျှ ရှိသည်။ ခွက်အကြီးမှာ စစ်သုံးမတ် ခွက် အရွယ်မျှ ရှိသည်။ လက်ကိုင်ကိုင်း မပါ။ကျွန်တော်က ရမ်ပုလင်းတဖြစ်လဲ ရေပုလင်းတွင်းမှ ရေများကိုခွက်ငယ်နှင့် တခွက်စီ ငှဲ့ကာ ဝေပေးသည်။ ရှုံ့ရှုံ့မဲ့မဲ့နှင့်ပင်သောက်ချရသည်။ ရမ်စော်က နံသည့်ပြင် ရေမှာလည်းပေါ့ပျက်ပျက်နှင့် နံသည်။ သောက်ရေချိုဟုပင် မခေါ်နိုင်တော့သောအဆင့်တွင် ရှိနေပြီ ဖြစ်သော်လည်း အာသာပြေ စိတ်ပြေမျှတော့ ဖြစ်၏။
မွန်းတည့်နေသည်မခံသာအောင် ပူလှသည်။ ဖောင်တွင်းမှာလည်း ရော်ဘာပေါင်းမိုး နိုင်လွန်အရှိန်ကြောင့် အိုက်လှသည်။ ကျွန်တော်သည် ရေထဲ ပြန်ဆင်းကာ အသက်ကယ်ဗောသုံးလုံးအနက် အစွန်ဆုံး ဗောဆီတွင် ကူးသွား၍ နားနေသည်။ ကျွန်တော်သည်ပြိုင်ပွဲဝင်ရန် အထိ ရေကူးမကျွမ်သော်လည်း အရေးကြုံလျှင် သက်လုံကောင်းရုံမျှတော့ ရေကူးတတ်သည်။
“ဗိုလ်စောဦး၊ ဒီကို လာပါလားဗျ”
ဗိုလ်စောဦးသည်ကျွန်တော်ရှိရာ အစွန်ဆုံး ဗောဆီသို့ ကူးလာသည်။ သူနှင့် ကျွန်တော်သည်နှစ်ယောက်သား ဗောကို တွယ်၍ စကား ပြောကြရသည်။ ကျွန်တော်တို့သည် အခြားရဲဘော်များ ကြားလျှင် စိတ်ဓာတ် ကျစေမည်ကို စိုးသောကြောင့်ရဲဘော်များ မကြားစေလိုသော စကားကို ယခုကဲ့သို့ ခပ်ဝေးဝေးသွား၍ပြောခြင်း ဖြစ်သည်။
“ခင်ဗျား ဗိုက်အခြေအနေ ဘယ်လိုနေသလဲ”
“ဗိုက်က သိပ်အောင့်တယ် စီအို၊ ကျွန်တော် မနည်း ဟန်လုပ်နေရတယ်”
သူက ရှုံ့မဲ့၍ ပြောသည်။
“အေးဗျာ၊ စောစောက ပုလင်းထဲမှာ ဆာလ်ဖာလား၊ အနာလ်ဂျက်ဆင်လား မသိဘူး၊ ကြည့်ပြီး တပြား နှစ်ပြား စားထားပေါ့”
“စောစောကတော့ အက်(စ)ပရင် တလုံး ကျွန်တော် စားထားတယ်၊ ကျွန်တော်တို့ ကျွန်းကိုတော့ ရောက်နိုင်ကောင်းပါရဲ့နော်”
“ဒါကလေနဲ့ ရေအပေါ်မှာ တည်တယ်၊ လှိုင်းနဲ့လေက ကူမယ်ဆိုရင်ရောက်မှာပဲ၊ နောက်ပြီး မနက်ဖြန် လောက်ဆိုရင် ကျွန်တော်တို့ကိုမလိကျွန်းက စောင့်ကြိုနေမယ့် တိုက်ရေယာဉ် ၁၁၀ က ကျွန်တော်တို့ရောက်ချိန်တန်လို့ ရောက်မလာရင် ထွက်ရှာမှာပဲ၊ အဲဒါကမျှော်လင့်ချက်ပဲ”
“ကျွန်တော်တို့ အက်(စ)အိုအက်(စ) မပို့ လိုက်နိုင်တာ သိပ်ဆိုးတယ်”
“ဒီကောင် ခင်မောင်လတ်တော့ ပြောမနေနဲ့တော့ဗျာ၊ အက်(စ)အိုအက်(စ) တင် မဟုတ်ဘူး၊ ညကလဲ ကြေနန်း Massage တစောင်မှ pass မပို့ ဖြစ်ဘူး”
“ဒီကောင်ကလှိုင်းသာ မူးတယ်၊ ရေထဲ ခုန်ဆင်းတော့လဲ ဘယ်အချိန်က ဆင်း သွားတယ်ဆိုတာကျွန်တော်တောင် မမြင်လိုက်ရဘူး၊ သူ့ကို ဟို ဖောင်ပေါ်မှာမြင်ရတော့မှပဲ သိရတော့တယ်”
“အဲဒီ ဖောင်ကို ပြန်တွေ့ရင်ဒီကောင်ကို အရင်ဆုံး နားရင်းကျင်းရမယ်၊ နောက်ပြီးအမိန့်မရဘဲ ခုန်ဆင်းတဲ့ ကောင်တွေ အားလုံးလဲ ကုတ်မာရှယ် (စစ်တရားရုံး ) လုပ်ရမယ်၊ ကဲ ဒါတွေ ထားလိုက်ပါတော့ဗျာ၊ အရေးကြီးဆုံးက သောက်ရေနှင့် မီးကျည်တွေပဲ၊ ကျွန်တော်တို့မှာ အခုနေဒါတွေပဲ အားကိုးစရာ ရှိတယ်၊ ခင်ဗျားလဲ အဲဒါတွေကို အထူးဂရုစိုက်ပါ”
“ဒီမယ် သကြားလုံးပဲ ပါတယ်နော်၊ ဘီစကွတ်လေး ဘာလေး ပါရင် ဘယ်လောက် ကောင်းမလဲ”
“အေး ဟုတ်တယ်ဗျ၊ ဘီစကွတ်ပါရင် သိပ် ကောင်းမှာပဲ”
ဗိုလ်စောဦးသည် အစာအိမ်ရောဂါကြောင့် ဘီစကွတ်ကို အစဉ် ဝါးနေရသူ ဖြစ်သည်။ ကျွန်တော်က သူ့အတွက် စိတ်မကောင်း ဖြစ်ရသည်။
“ကဲ... ခင်ဗျား ဖောင်ပေါ် ပြန်နားနေဗျာ၊ ဗိုက်နာရင် မှိန်းနေ၊ သိပ်ပြီးလှုပ်လှုပ်ရှားရှား မလုပ်နဲ့၊ လှော်တဲ့ ခတ်တဲ့ အလုပ်ကို ဗိုလ်သန်းလွင်လုပ်ပါစေ၊ သူက အသက်လဲ ငယ်တယ်၊ အားလဲ ရှိတယ်ဗျာ၊ ခင်ဗျားကတော့ Look Out Duty လောက်ပဲ လုပ်ပါ”
ဗိုလ်ကြီးစောဦးသည်ဖောင်ပေါ်သို့ ပြန်တက်သွားသည်။ ကျွန်တော်ကတော့ ဗောကွင်းထက် တက်၍ပက်လက်လှန်နေသည်မှာ နေစူးသည်ကြောင့် မျက်စိကို ပိတ်ထားလိုက်ရသည်။နေသည် တိမ်ကင်းစင်သည့် ကောင်းကင် ထက်မှ အစွမ်းကုန် ထွန်းလင်းနေသည်။ ပင်လယ်ရေပြာထက်တွင် ငွေစများ ပက်ဖျန်းသကဲ့သို့ တလက်လက် ဖြစ်ပေါ်စေသည်။ကျွန်းမှာ နီးမယောင်နှင့် ဝေးလှသည်။ ပင်လယ်ပြင်တွင် အကွာအဝေးကိုခန့်မှန်းရန် ခက်လှ၏။ ရာသီဥတု သာယာကြည်လင်လျှင် တမျိုး၊အုံ့ဆိုင်းရီဝေလျှင် တမျိုး ခန့်မှန်း မိသည်။
မနက်ဖြန်... မနက်ဖြန်တော့ သေချာပေါက် ကျွန်းရောက်ခဲ့လျှင် ရောက်၊မရောက်သော် တိုက်ရေယာဉ် ၁၁၀ နှင့် တွေ့ရမည်ဟု ကျွန်တော်ခန့်မှန်းမိသည်။ အားငယ်စိတ်ပျက်ရန် အကြောင်းမရှိ။ကျွန်တော့်လူများကိုသာ ကျွန်တော် ထိန်းထားနိုင်ခဲ့လျှင် အားလုံးသည် အသက်ရှင်ကြရမည်ဟု ကျွန်တော် ယုံကြသည်သည်။ အဓိကမှာ စိတ်နှင့်ဇွဲသာ။ စိတ်ဓာတ်မကျစေရန်သာ ကျွန်တော်က အစွမ်းကုန် ကြိုးစားရမည် ဖြစ်တော့သည်။
ညနေစောင်းသွားပြီဖြစ်သည်။ ကျွန်းသည်လည်း ယခင်အကွာအဝေး လောက်ထက် လျော့သွားဟန် မရှိ။ အနောက်ဘက် နေစောင်းသွားခြင်းကြောင့် အရှေ့ဘက် ကမ်းခြေဆီမှ ကျွန်းမှာ ပိုမိုပြတ်သွားစွာ မြင်လာရသည့် အတွက် နီးလာပြီဟု ထင်ရခြင်းသာ ဖြစ်သည်။
“ဟာ ... နီးလာပြီထင်တယ် စီအို၊ ညဆိုရင်တော့ ရောက်မှာပဲ”
“အေး ဟုတ်တယ်၊ နီးလာပြီကွ၊ ကြိုးစားသာ လှော်ကြ”
ဘာပဲဖြစ်စေတော့ သူတို့က ကျွန်တော့် စကားကို ယုံကြသည်။ သူတို့ စိတ်ဓာတ်မကျစေရန် ကျွန်တော်က ပြောရမည်သာ ဖြစ်၏။
နေသည်အနောက်ဘက် ပင်လယ်ပြင်မိုးကုပ်စက်ဝိုင်းတွင် မေးတင်၍ နေပြီ ဖြစ်သည်။အနောက်ဘက် မိုးကောင်းကင် တခွင်လုံးမှာ နှင်းဆီ လွင်ပြင်ကြီးပမာကြက်သွေးရောင် တောက်ပနေသည်။ ကျွန်တော်တို့ အသက်ကယ် ဖောင်၏လိမ္မော်ရောင် အနီမှာ အခြားအချိန်ထက် ထူးကာ အနီရောင် တောက်နေတော့၏။ ပင်လယ် ရေပြာထက်တွင် အနီရောင်လွင်သည့် စက်ဝိုင်းပုံသဏ္ဌာန် အသက်ကယ်ဖောင်တစင်း၊ယင်းဖောင်ထက်မှာ လူငယ် ရဲဘော် ၁၈ ယောက်။ သင်္ဘောပျက်ဒုက္ခသည် ၁၈ ယောက်။ သေမင်းက မျက်စပစ်ပြနေပြီ ဖြစ်တော့သည်။ မည်သည့်အရပ်က ပျံဝဲလာသည် မသိရသည့် စင်ရော်ငှက်မောင်နှံသည် ကျွန်တော်တို့၏ အသက်ကယ် ဖောင်ထက်တွင် ပျံဝဲလျက် ရှိနေကြသည်။
“ဟေ့ ... စင်ရော် နှစ်ကောင်ကွ၊ စင်ရော် နှစ်ကောင် ဘယ်က ပျံလာတာ မသိဘူး”
“ကျွန်းဆီက ပျံလာတာ ဖြစ်မှာပေါ့”
“ဟေ့ ... ရဲဘော်တွေ တိတ်တိတ် နေကြစမ်း၊ အားလုံး ဖောင်ပေါ် တက်ပြီး ငြိမ်ငြိမ်နေကြ၊ အသံ မထွက်ကြနဲ့၊ မလှုပ်ကြနဲ့”
ပင်လယ်ရေတွင်ရှိနေသမျှသော ရဲဘော်အားလုံးသည ဖောင်ထက်သို့ ပြန်တက်ကြသည်။ ကျွန်တော်လည်းပြန်တက်သည်။ လူသား ၁၈ ယောက်စလုံးသည် မည်မျှပင် ကျပ်သိပ်သော်လည်းအသံမထွက်ကြ။ အဝင် အထွက်ပေါက် တဖက် တချက်စီတွင်
လေးယောက်စီပြုံသိပ်နေကြသည်။ ကျွန်တော်က အပေါက်ဝနားတွင် နေရာယူသည်။ ကျွန်တော့်ဘေးတွင် တပ်ကြပ်ကြီး/ စက်အောင်မြင့်နှင့် တပ်ကြပ် မောင်အေးတို့ကိုလှော်တက် ပျဉ်ပြားနှင့် အသင့် စောင့်နေစေသည်။စင်ရော် မောင်နှံသည် တညံညံ တစာစာသော အသံကို ပြုလျက် ကောင်းကင်ယံတွင် ဝဲပျံနေသည်။
“စင်ရော်ငှက်တွေ ဘယ်မှာ အိပ်တန်းတက်ကြသလဲ မသိဘူးနော်”
တစုံတဦးက ပေါင်းမိုး အတွင်းမှ တိုးတိုးကလေး မေးသည်။
“ရေပေါ်မှာပဲ အိပ်တာပေါ့ကွ၊ မင်း မမြင်ဖူးဘူးလား”
“ရှူး... ဟေ့ကောင်တွေ တိုးတိုး၊ အရေးထဲမှာ သောက်စကားများလိုက်ကြတာ၊ ဟေ့ ...မောင်အေး ဖောင်အနားမှာ ကပ်လာရင် ပျဉ်ပြားနဲ့ ရိုက်ဆော်ထည့်လိုက်နော်”
စင်ရော်ငှက်မောင်နှံသည်အထက်ယံမှ ကျွန်တော်တို့ ဖောင်ကို လေ့လာနေဟန် တူသည်။ သူတို့သည် အနီးအပါးလက်လှမ်းတမီသို့ ဆင်း၍ မလာကြ။ အတန်ကြာမှ သူတို့သည် ကျွန်တော်တို့ဖောင်နှင့် တွဲချည်ထားသည့် အဝေးဆုံး အသက်ကယ် ဗောပေါ်တွင် နားလိုက်ကြသည်။
“ဟော... ဗောပေါ်နားပြီ၊ နားပြီ” တပ်ကြပ်ကြီး ကိုကိုကြီးက တိုးတိုးပြောသည်။ကိုကိုကြီးသည် နားလေးသလောက် စကားပြောလျင် တိုးတိုးပြောတတ်သည်။
“ဟေ့ ဗောချည်ထားတဲ့ ကြိုးစကို ငါ ဖြည်းဖြည်းချင်း ဆွဲယူမယ်၊ ဘယ်သူမှ မလှုပ်ကြနဲ့၊ မင်းတို့က လက်လှမ်းမီရင် လှမ်းရိုက်လိုက်ကြ”
ကြိုးစကိုကျွန်တော်က ဖြည်းဖြည်းချင်း ဆွဲယူသည်။ အသက်မျှပ်င ပြင်းပြင်းမရှုရဲ။တချက် ဆောင့်ဆွဲမိလျှင် လန့်ပျံသွားမည်ကို စိုးရ၏။ ပထမ ဗောသည်ဖောင်ဘေးတွင် ကပ်လာပြီ။ နောက် ဒုတိယ ဗော၊ စင်ရော် နှစ်ကောင်နား နေသည့်တတိယ ဗောသည် တရွေ့ရွေ့ချင်း ဖောင်နှင့် နီးသည်ထက် နီးလာသည်။ ဆွဲယူနေသောကျွန်တော်၏ လက်များမှအပ မည်သူမျှ တုတ်တုတ်ပင် မလှုပ်ကြ။
“ဖြန်း”
“ဂစ်”
“ကီး-ကီ ... ကီ-ကီ ... ကီး”
မောင်အေးကလှော်တက် ပျဉ်ပြားနှင့် တချက်တည်း ရိုက်လိုက်ရာ စင်ရော်တကောင်မှာ “ဂစ်” ခနဲသာ အော်နိုင်လျက် ရေပေါ်တွင် အတောင်ကားရားစန့်စန့်သေသွားသည်။ ကျန် စင်ရော် တကောင်ကမူ လန့်ဖျန့်ကာ တကီးကီးတဂစ်ဂစ် အော်လျက် ဖောင်ကို ရစ်ပတ်ပျံသန်းနေပြီးမှ အဝေးဆီသို့ထွက်ပြေးသွားသည်။ တပ်ကြပ်ကြီး အောင်မြင့်သည် ပင်လယ်တွင်းသို့ “ဝုန်း” ခနဲခုန်ချလိုက်ပြီး စင်ရော်ကိုဖောင်ထက် ပစ်တင်ပေးလိုက်သည်။
ကျွန်တော်က စင်ရော်ကိုယူ၍ကပျာကယာ လည်ကို လှီးလိုက်သည်။ ဓား၏အသွားမှာသိပ်လည်း မထက်လှသည်ကြောင့်အတော်လှီးယူရသည်။ ထွက်လာသည့် သွေးများကို ပလပ်စတစ်ခွက်နှင့် ခံ၍ ဗိုလ်စောဦးအား သောက်စေရန် ပြောသည်။ ဗိုလ်စောဦးမှာ မှိန်းနေရာမှမသောက်လိုကြောင်း ခေါင်းခါပြသည်။ ကျွန်တော်က အတင်းသောက်စေသည်။ သွေးမှာသိပ်လည်း မများလှ၊ စားပွဲဇွန်းနှင့် တဇွန်းသာသာမျှသာ ရှိ၏။
မည်သူမျှလည်းမသောက်လိုကြ။ ဟိုလူနည်းနည်း သည်လူနည်းနည်း ဖိတ်စင်ကုန်သည်နှင့် ခွက်တွင်မကျန်တော့။ စင်ရော်ငှက်ကို ပြောင်စင်နိုင်သမျှ ပြောင်စင်အောင်အမွေးနုတ်သည် ဆိုပေမယ့် လုံးဝ မစင်ပါ။ ထိုငှက်ကိုပင် အသားအနည်းငယ်ကိုရွေး၍ ဗိုလ်စောဦးအား ကျွေးသည်။
“ဒီမှာဗိုလ်စောဦး အသားကို တတ်နိုင်သမျှ စား၊ စားမရရင် ဒီအတိုင်းမျိုချ၊ဗိုက်ထဲမှာ အစာချက်ဖို့ တစုံတရာ ရှိနေရင် ကောင်းတာပဲဗျာ”
ဗိုလ်စောဦးသည်အသားကိုမူ တတ်နိုင်သမျှ ဝါး၍ မျိုချနေသည်ကို တွေ့ရ၏။ ပုလင်းထဲမှလက်ကျန်ရေနှင့် မျိုချရသည်။ ကျန်စင်ရော်ကို အသားအရိုး ၁၇ပိုင်းမျှ အတုံးငယ်ကလေးများ ပြုလုပ်ကာ တယောက် တတုံးစီ မျှဝေပေးသည်။စားနိုင်သမျှ စားသည်။ ကြာကြာဝါးလေ ညီစော်နံ၍ အန်ချင်လေ ဖြစ်လာသည်။ “ဝေါ့-ဝေါ့” ခနဲ ပျို့အန်သူလည်း ပျို့အန်ကြသည်။ ပျို့လျက် –အန်လျက်၊ နံလျက်- စော်လျက်နှင့်ပင် စင်ရော်သားကို ကျွန်တော်တို့အစိမ်းလိုက် မရွံ့နိုင် မရှာနိုင် ဝါးမျိုချလိုက်ရတော့သည်။ နံလျက်ကျန်ရစ်သည့် ခံတွင်းဝကို ငန်သည့် ပင်လယ်ရေဖြင့်ပလုတ်ကျင်းပြီးကာမှ ငန်သက်သက် သောက်ရေ တခွက် တငုံစာနှင့်ညစာပြီးရတော့သည်။ ရေပုလင်းကလည်း ကုန်စင်ပြီ။ သင်္ဘောပျက်၍တဆယ့်နှစ်နာရီမျှ မကြာမီအတွင်းတွင် ကျွန်တော်တို့လည်း ငှက်သား အစိမ်းစားလူရိုင်းများ ဖြစ်ခဲ့ကြတော့သည်။
နေဝင်၍အမှောင်ပျိုးသည်တွင် ရဲဘော်များ အားလုံးဖောင်ထက်တွင်တက်စေရတော့သည်။ ညအမှောင်တွင် ဖောင်ကို တွယ်နေစေရန် ကျွန်တော်မပြုဝံ့။ လက်တွင် ဆုပ်ကိုင်ထားသော ဖောင်ကြိုး လွတ်သွားသည်နှင့် တပြိုင်နက်ဖောင်မှ လွင့်စဉ်သွားသူကို ညဥ့်အမှောင်တွင် ရှာရန်မှာ မဖြစ်နိုင်။ထို့ကြောင့် လူအားလုံးကို ဖောင်ပေါ်တက်စေသည်တွင် ရေပြဿနာမှာအခက်ခဲဆုံးသော ပြဿနာ ဖြစ်သည်ကိုတွေ့ရတော့သည်။
လူခြောက်ယောက်စာမျှသာကျယ်ဝန်းလျက် ၁၀ ဦးဆိုလျှင်ပင် ကျဉ်းကျပ်လှပြီဖြစ်သော ဖောင်ထက်၌ ၁၈ ဦးလိုက်ပါ စီးနင်းရသောအခါ လူမှာ နှစ်ဆင့်မျှ ဆင့်နေသည်။ ကိုယ့်ပေါင်နှင့်ခြေထက်တွင် တယောက်ယောက် ရှိသော်ရှိမည်။ မရှိသော် တယောက်ယောက်၏ကိုယ်ပေါ်တွင် မိမိကိုယ်က အမြဲဆင့်ဖိလျက် ရှိ၏။ နေ့လယ်က ကျွန်တော် ဖောင်ကို စစ်ဆေး ကြည့်ရှုရာတွင် ပေါင်းမိုး အလယ်တနေရာ၌ (Emergency Battery Light)) အရေးပေါ်ဘတ်ထရီ မီးလုံးဟု ရေးသားထားသည့် နေရာတွင် ပလတ် တခုနှင့်ဆော့ကတ် တစုံကို တွေ့ရသည်။ ပလတ်ကို ဆော့ကတ်မှ ဖြုတ်ထားသည်။
ယခုတပ်ဆင်လိုက်သည်တွင် ပေါင်းမိုး၏ ထိပ်အပြင်ဘက်၌ တပ်ထားသည့်လက်နှိပ်ဓာတ်မီး၏ မီးသီးလုံးငယ်ခန့်ရှိ မီးသီးမှ အလင်းရောင်ထွက်နေသည်ကို တွေ့ရသည်။ ညအမှောင်တွင် ဖောင်ကို အဝေးမှ မြင်စေရန်တပ်ဆင်ထားသည့် မီးလုံးပင်။ သို့သော် မီးရောင်မှာ ဝါကြင်ကြင်ဖြစ်နေပြီး ပထမညတွင်ပင် ဘက်ထရီဓာတ်အား ကုန်သွားတော့သည်။နောက်ညများတွင် လုံးဝ မလင်းတော့ချေ။
ဗိုလ်သန်းလွင်၏လက်တွင်ကိုင်ထားသည့် လက်နှိပ်ဓာတ်မီးကို ဘတ်ထရီ ထည့်၍စမ်းသပ်စေရာတွင်လည်း အလားတူ မီးရောင် ဝါကြန့်ကြန့်ကလေးသာလျှင်ထွက်ပေါ်လာပြီး ခေတ္တမျှ ကြာသောအခါ လုံးဝ အလင်းရောင် မလာတော့သည်ကိုတွေ့ရသည်။ ဤ အသက်ကယ် ပစ္စည်းများမှာ မူလက ဖောင်လုပ်သည့် ကုမ္ပဏီမှထည့်ပေးလိုက်သည့် ပစ္စည်းများသာဖြစ်လျက် အချိန်အခါအလျောက် ပြန်လည်စစ်ဆေးခြင်း၊ပစ္စည်းသစ်များဖြင့် လဲလှယ်ခြင်းလည်း မည်သူမျှ မပြုကြ။ပြုရကောင်းမှန်းလည်း မသိကြသည့်အတွက် ဖောင်ဖွင့်စဉ်က ဖောင်ပွင့်သည်ပင်တော်လှပေပြီ။ သက်တမ်းလွန် အသက်ကယ်ဖောင် ပစ္စည်းများသာ ဖြစ်၏။
နံနက်ခင်းက ၁၁ နာရီခန့်တွင်ငြိမ်သက်သွားခဲ့သည့် လေသည် တဟူးဟူးနှင့် ပြန်တိုက်လာလေပြီ။ လေသည် အရှေ့မှတိုက်၏။ ကျွန်တော် မကြိုက်ဆုံးသော အရပ်မှ လေ လာခြင်း ဖြစ်သည်း။ ဖောင်သည် လှုပ်ရှားစ ပြုလာပြီ။ လှိုင်းအိကလေးများမှ လှိုင်းလုံးက တဖြည်းဖြည်းကြီးလာသည်။ လေအဟုန်က ပြင်းသည်ထက် ပြင်းလာ၏။
“ကဲ... အရှေ့ဘက်က အပေါက်က တာဝန်ကျတဲ့လူတွေ အရှေ့ဆီကို လှော်နိုင်သမျှလှော်ကြစမ်းကွာ၊ အလှည့်ကျလှော်၊ အနောက်ပေါက်ဆီက တာဝန်ကျလူတွေကတော့ဝင်လာတဲ့ ရေတွေကို ခပ်ထုတ်ကြ၊ တခြား သင်္ဘော မီးရောင်တွေကိုလဲကြည့်၊ အိပ်မငိုက်စေနဲ့နော်”
လှော်သူတွေကတတ်နိုင်သမျှ ကြိုးစား လှော်ကြသည်။ လှိုင်းလုံးများကလည်း တလုံးထက်တလုံးပိုမို ကြီးမားလာက ဖောင်၏အောက်ခြေဘောင်ကို ကျော်လွားလျက်ဖောင်တွင်းသို့ အလုံးလိုက် လှိမ့်ဝင်လာသည်။ ဖောင်အတွင်း ညဥ့်အခါဝင်သည့် ပင်လယ်ရေတွင် မီးစုန်းဓာတ်များ ပါလာခြင်းကြောင့် ရေကိုရေအနေဖြင့် မမြင်ရဘဲ စိမ်းစိမ်းလျှာကြီးတချောင်း ဝင်လာသည့်သဖွယ်ဖောင်အတွင်းသို့ ဝင်လာပြီး ရေစိတ် ရေမြွာများ အဖြစ်ကွဲသွားသည်တွင် စိမ်းစိမ်း ဥကလေးများသည် ဖောင်တွင်း အမှောင်ထုတွင်းမှန်သမျှ ရော အနှံ့ရောက်ပြန့်သွားတော့၏။ဖောင်တွင်းတွင်လဲလျောင်းနေသူမှန်သမျှ ရွဲရွဲစို သွားကြသည်။
“ဟေ့ ... ရှေ့ဘက် အပေါက်က ရေတွေ ဝင်တယ်၊ ခပ်ထုတ်ကြ”
ပလပ်စတစ်ခွက်ကြီး နှစ်ခွက်သည် အလွန်အသုံးဝင်သည်။ ဝင်သည့် ရေကို ပက်ထုတ် ခပ်ထုတ် ကြရသည်။ ရော်ဘာ ရေမြုပ် (Sponge) ဖြင့်လည်း ချောင်များမှ စုပ်ထုတ်ကြရသည်။
“ရှေ့ပိုင်းက ရေတွေ သိပ်ဝင်နေတယ်၊ ရှေ့က အပေါက်ကို နိုင်လွန်လိုက်ကာနဲ့ ပိတ်လိုက်ရမလား စီအို”
အမှောင်ထုအတွင်း အပေါက်ဝနားရှိ လူတဦးက ပြောသည်။ တပ်ကြပ်ကြီး ကိုကိုကြီး ဖြစ်ဟတ်ရ၏။ လူကို ဘယ်သူ့ ဘယ်သူမျှ မမြင်ကြရလောက်အောင် အမှောင်ထုကသိပ်သည်းနေသည်။ အသံကိုသာ ခန့်မှန်းလျက် မည်သူ့အသံဖြစ်နိုင်ကြောင်းခန့်မှန်းယူရသည်။
“အေး ... ကောင်းတယ် ပိတ်လိုက်”
ကျွန်တော်လည်းအပေါက်ဝနှင့် နီးသည့် နေရာတွင် ရှိသည်ကြောင့် သူနှင့် ကျွန်တော်ကနိုင်လွန်စ လိုက်ကာငယ်ကို ပိတ်လိုက်ကြသည်။ ရေဝင် အတန် သက်သာ သွားသည်။ လှိုင်းမလာသော အပေါက်ဘက်မှ ဖောင်တွင်းရှိ ရေများကို ခပ်ထုတ်စုပ်ထုတ်ကြရသည်။ ဖောင်သည် လူ ၁၈ယောက် အလေးချိန်နှင့်ပင်လှိုင်းလုံးများထက် တအိအိတက်သွားလိုက်၊ လှိုင်းအောက်သို့ လျှောခနဲ ကျလိုက်ဖြစ်နေ၏။
“အမယ်လေး၊ အမယ်လေး”
“ဟေ့ ... ဘယ်သူလဲကွ၊ ဘာဖြစ်တာလဲ”
“ကျွန်တော် အသက်ရှုလို့ မရတော့ဘူး ဗျ၊ အမယ်လေး မွန်းလိုက်တာဗျာ၊ အဲဒီ လိုက်ကာကလေး ဖွင့်ပေးကြစမ်းပါ၊ အမယ်လေး သေရတော့မှာ ပါပဲ”
မွန်းကျပ်၍ အသက်ရှူ မဝသည့် ရဲဘော်တဦးက အမှောင်ထုအတွင်းမှ အော်လိုက်သည်။ နှစ်ဦး သုံးဦးကလည်း
“ဟုတ်တယ်၊ ကျွန်တော် အပြင်ဘက်နား ထွက်ထိုင်ပါရစေ၊ ဒီထဲမှာ အသက်ရှူလို့ မရတော့ဘူး” ဟု တစ်ဆို့ဆို့ အသံများဖြင့် ပြောသည်။
“ဟေ့ ... ဖွင့်လို့ မရဘူးကွ၊ရေတွေ ဝင်လို့ သေကုန်မယ်၊ နောက်ဘက်က ပက်ထုတ်လို့ မနိုင်တော့ဘူး” ဟုကျွန်တော်က လှမ်းအော် ပြောလိုက်သည်။
“အမယ်လေး၊ အမယ်လေး ခဏလေး ဖြစ်ဖြစ် နည်းနည်းလောက် ဖွင့်ပေးပါ စီအို၊ အသက်ရှူလို့ မရလို့ပါ”
“ဟေ့ ... ကိုကိုကြီး၊ မင်းဘက်က နည်းနည်း ဟပေးလိုက်ကွာ၊ ငါ့ဘက်ကလဲ နည်းနည်း ဟပေးလိုက်မယ်၊ ရေမဝင်အောင် လူနဲ့ကာထား”
နိုင်လွန်လိုက်ကာကို ဖွင့်နိုင်သမျှ ဖွင့်ဟပေးလိုက်ရာတွင် အရှေ့ဘက်မှတိုက်ခတ်နေသည့် အရှေ့လေသည် တဟုန်ထိုး တိုးဝင်လာသည်။
ဖောင်အတွင်း အတော်နေသာ ထိုင်သာ ရှိသွား၏။
“အင်း ... ခုမှ တော်ပါသေးတယ်”
တော်ပါသေးဆိုသော်လည်း ဖွင့်ဟထားသည့် နေရာမှ ရေများ ဝင်လာခြင်း ဒဏ်ကိုကျွန်တော်တို့ ကိုယ်လုံးဖြင့် ခံထားကြရသည်။ တကိုယ်လုံးမှာရွဲရွဲစိုနေတော့သည်။
“အမယ်လေးဗျ၊ ကျွန်တော် အသက်ရှူလို့ မရတော့ဘူး၊ ဖယ်ကြစမ်းပါဦး၊ လုပ်ကြပါဦး”
“ဟေ့ ... ဘယ်သူလဲကွ၊ ဘာဖြစ်တာလဲ၊ အခု လေဝင်နေပြီ ဟာ”
“အသက်ရှူလို့ မရဘူးဗျ၊ ကျွန်တော့် ရင်ဘတ် ပေါ်က ပေါင်ကြီး၊ ဘယ်သူ့ ပေါင်ကြီးလဲ၊ ဖယ်စမ်းပါဦး၊ ဖယ်ကြစမ်းပါဦး”
လူတယောက်၏ကိုယ်ပေါ်တွင် တယောက်က ထပ်နေသည်။ အောက်ဘက်ရှိ အဖိခံနေရသူ တဦးဦးကအော်လိုက်ခြင်း ဖြစ်ပေမည်။ လူတဦး၏ ကိုယ်လက်အင်္ဂာ တစုံတရာသည် အခြားလူတဦး အပေါ်တွင် တင်ထားသည့်အခါ အချိန် အတိုင်းအတာ အားဖြင့် တခဏ ဆိုလျှင်မသိသာလှသော်လည်း ကြာလျှင် တစ်မိနစ်ထက် တစ်မိနစ် တန်ချိန် များစွာ လေးလံလာသည်ဟုထင်ရစမြဲ ဖြစ်သည်။ အခြားနေရာဖိထာလျှင် မထောင်းသာသော်လည်းရင်ဝ၊ ဗိုက် စသည့်နေရာများတွင် ဖိထားမိခဲ့လျှင် အောက်က လူမှာအသက်ရှူ ရပ်ကာ သေမလောက် ခံရသည်။
“ဟေ့ ... ဘယ်သူလဲကွ၊ ဘယ်သူ ငါ့ပေါင်ကို တအား လိမ်ဆိတ်တာလဲ”
ဒီ ပေါင်ကြီး၊ ဒီပေါင်ကြီး ငါ ဆိတ်တာကွ၊ ဖယ်ပါဦး၊ လေးလွန်းလို့ သေတော့မယ်
အဖိခံရသူနှင့်အဆိတ်ခံရသူတို့ အပြန်အလှန် အချေအတင် ဖြစ်နေကြသည်။ နောက်ငြိမ်သွားသည်။နောက် တခဏတွင် တခြားနေရာမှာလည်းအလားတူ ဖယ်ကြ၊ တွန်းကြ၊ ဆိတ်ကြ၊ဆဲကြနှင့် ပူညံပူညံ အသံကြားရပြန်သည်။ ကျွန်တော်တို့သည် ကြက်ခြင်းထဲမှကြက်များသဖွယ် တကောင့် တကောင် ဆိတ်နေခြင်းသာ ဖြစ်တော့၏။
“ဖယ်ကြစမ်းပါ၊ ဖယ်ကြစမ်းပါ”
“ဟေ့ ... ဘယ်သူလဲကွ၊ ဘာဖြစ်ရပြန်တာလဲ”
“ဖယ်ကြစမ်းပါ၊ အပေါက်ကို သွားချင်လို့ပါ၊ ခဏလေးပါ”
တစုံတယောက်က ဖွင့်ထားသည့် အပေါက်ဆီသို့ တိုးထွက်ရန် ကြိုးစားနေရာ သူရှိရာတွင်ကသောင်းကနင်း ဖြစ်နေတော့၏။
“မင်းက ဘာဖြစ်လို့ အပြင်ဘက် ထွက်ချင်ရတာတုံး”
ကျွန်တော်က သူ့အား ခပ်ဟောက်ဟောက် မေးလိုက်၏။
“သေးပေါက်ချင်လို့ပါ” ဤလည်း တဒုက္ခပါကလား။
“ဟေ့... သေးပေါက်ချင်လို့တဲ့၊ အပေါက်ဝက ရဲဘော်တွေဆီက ပလပ်စတစ်ခွက် ယူကွာ၊အဲဒီထဲမှာ ပေါက်ပြီး အပြင်သွန်ဖို့ သူ့ လှမ်းပေးလိုက်၊ မင်းထွက်ရအောင် လူတွေက ကျပ်သိပ်နေတာ၊ ခွက်ပေးလိုက်ဟေ့”
အပေါက်ဝအနီးရှိရဲဘော်တဦးက ခွက်ကို လက်ဆင့်ကမ်း လှမ်းယူ၍ ဆီးသွားချင်သည် ဆိုသည့်ရဲဘော် လက်တွင်းပေးရသည်။ အန္တရာယ် လွယ်မထားနိုင်သူမှာပလပ်စတစ်ခွက်တွင်းမှာပင် ကိစ္စပြီးအောင် ပြုရသည်။
“ရော့ဟေ့ ... ရော့၊ သေးခွက်၊ သေးခွက်” ကိစ္စပြီးသူက အော်၏။
“ပေး ... ပေး၊ ဒီမှာပေး” အပေါက်ဝက ရဲဘော်က လှမ်းယူသည်။
သို့သော်သေးခွက် ပေးသူနှင့် လှမ်းယူသူတို့ တဦးနှင့် တဦး မမြင်ကြရ၊ မှန်းဆ၍သာပေးရသည်။ ရမ်းသန်း၍သာ လှမ်းယူရသည်။ ပေးသူနှင့်ယူသူချိန်သား၊မှန်းသားမကိုက်သည့်အခါ သေးအပြည့် ပါသော ပလပ်စတစ်ခွက်က လွတ်ကျသွားသည်။
“ဟေ့ ... ဟေ့ ... ဘယ့်နှယ်လုပ်တာလဲကွ၊ အို ... ဒုက္ခပါပဲ၊ ငါ့ ရင်ဘတ် တခုလုံး သေးတွေ စိုရွဲကုန်ပါပြီ”
“ငါ့မျက်နှာလဲ ပေသွားတယ်”
“ဟင် ... ဘာတွေလဲ သေးတွေလား၊ ဒုက္ခပါပဲကွာ”
ထအော်သူ၊ညည်းသူများနှင့် မှောက်သွားသော သေးခွက်၏ ပြဿနာမှာ မသေးလှပါ။ နောက်ထပ်ဆီးသွားချင်သူ တယောက်စ၊ နှစ်ယောက်စ ပေါ်လာသေးသည်။ သို့သော် သည်တချီတွင် မူသေးခွက် ပေးသူ ယူသူတို့ကို သေချာစေရန် စီမံရသည့်အတွက် သေးခွက်မှောက်သည့် ပြဿနာ မပေါ်တော့ပေ။ ရင်ဘတ်ပေါ်တွင်ဝမ်းဗိုက်ပေါ်တွင် ပေါင်ဖိ၊ ခြေသလုံးဖိသည့် ပြဿနာကမူ အကြီးဆုံးဖြစ်၏။ တစ်ညလုံး တစ်နေရာမှာ မဟုတ် တစ်နေရာမှာအော်သူ၊ ဟစ်သူနှင့် ဆိတ်သူ၊ ဆွဲသူတို့၏ ပြဿနာများကို ကြားနေရ၏။
လှိုင်းနှင့်လေကတညလုံး ထန်နေတော့သည်။ ကျွန်တော့်မှာ လုံးဝ အိပ်ရသည် မရှိ။ အခြားလူများလည်း အိပ်ကြရမည် မဟုတ်ပါ။ သို့သော် တခြားလူများမှာ မှိန်းနေငြိမ်နေ၍ ရသေးသည်။ စစ်ရေယာဉ် ဆိုသည်မှာ လှေငယ်တစင်းနှင့် ဖောင်တခုတွင်းမှာပင် ဖြစ်သော်လည်း တာဝန်ဟူသည်က မလျော့ပါ။ ကျွန်တော်နိုးနိုးကြားကြား နေပါမှ တခြား တာဝန်ကျသူများလည်း တက်တက်ကြွကြွရှိကြမည်ဖြစ်သည်။
ည သန်းခေါင်ကျော်လာခဲ့ပြီ ဖြစ်သည်။တိမ်သား အတန်ကင်းစင်သွားသည် ဖြစ်၍ ကြယ်အချို့ ပေါ်ထွက်လာသည်။ ကျွန်တော့်နားတွင် အသံတသံ လိုလို ကြားရ၏။ ခေတ္တမျှ နားစိုက်ထောင်လိုက်ရာ
“ဟေ့ ... လေယာဉ်ပျံသံ မဟုတ်လား၊ နားထောင်ကြစမ်း”
“ဟုတ်တယ် စီအို၊ လေယာဉ်ပျံသံပဲ”
“ဟေ့ ... ကြည့်ကြစမ်း၊ ဟေ့၊ ကြည့်ကြစမ်း၊ ဗိုလ်စောဦး၊ ခင်ဗျား ဘက်ဆိက မီးကျည်တွေ ပေးစမ်း”
ကောင်းကင်ပတ်လည် မော့၍ အသံကြားရာ ရှာကြည့်ကြသည်။ သိပ်မရှာကြရပါ။ကောင်းကင်ရှိ ကြယ်စင်တချို့ကြားတွင် ဝဲယာ တောင်ပံမီး၊ မီးနီ၊မီးစိမ်းတို့ကို ဖွင့်လျက် ပျံသန်းနေသည့် လေယာဉ်တစင်းကို မြင့်စွာသောကောင်းကင်ထက်၌ မြင်ကြရသည်
“ဟိုမှာ တွေ့ပြီ၊ တွေ့ပြီ၊ ဟာ အမြင့်ကြီးပါပဲလား၊ မီးကျည်ပစ်ပါ စီအို၊ မီးကျည် ပစ်ပါ”
မြင်သည်မမြင်သည် အပထား၊ ကျွန်တော့် တာဝန်ကတော့ မီးကျည်ပစ် အချက်ပြရမည်သာ။နေ့လည် ကတည်းကပင် အသက်ကယ် ဖောင် လမ်းညွန် စာအုပ်တွင် မီးကျည်များ အကြောင်းဖတ်ထားပြီးဖြစ်သည်။ ကျွန်တော်က လေထီးမီးကျည်တလက်ကို ယူလိုက်သည်။
လေထီးမီးကျည်မှာ လုံးပတ် ၂ လက်မ၊ အလျား ၁၈ လက်မခန့် အလူမီနီယန် သတ္တုပိုက်ဖြင့်ပြုလုပ်ထားသည်။ ပိုက်၏အောက်ခြေမှာ နှစ်ပိုင်း ရှိသည်။ အောက်ခြေပိုင်းသည် ၄လက်မခန့် သီးသန့် ဖြစ်၍ အထက်ပိုင်း ကိုယ်ထည်သည် ၁၄ လက်မခန့် သီးသန့်ဖြစ်၏။ ယင်းကို ဆက်စပ်ရာ နှစ်ခုအနီးတွင် နှစ်ခွ မြွာဟလျက် ရှိသည့် ပင်တချောင်းဖြင့် ဆက်ထားသည်။ အသုံးပြုသည့်အခါတွင် မီးကျည်ထိပ်ဘက်ရှိ အဖုံးကိုဖွင့်လျက် အောက်ခြေမှ ပင်ကို ဖြုတ်ကာ မိုးထက်သို့ ဒီဂရီခြောက်ဆယ်လောက် ထောင်လျက် အနေအထားတွင် ထားပြီး ဖင်ပိုင်းကို (Anti Clockwise) နာရီလက်တံ ပြောင်းပြန်လှည့် အနေ လှည့်လိုက်လျှင် မီးကျည် ပေါက်ကွဲ ထွက်သွားမည် ဖြစ်၏။
ကျွန်တော်သည်သူ့ စာဆို အညွန်းအတိုင်း အနေအထားတွင် ထားရှိပြီး မီးကျည်ကိုပစ်ဖောက်လိုက်သည်။ ၂ လက်မ မော်တာပစ်သည့်အနေအထားတွင် ဖြစ်သည်။ ထိုင်းခနဲပေါက်ကွဲသံ ကြားရပြီးနောက် မီးရှူး တခုသည် မီးကျည်ပြောင်းဝမှထွက်သွားကာ ကောင်းကင်ယံသို့ တက်သွား၏။ ခေတ္တမျှ ကြာသောအခါ ကောင်းကင်ထက်တွင်လက်ခနဲ တချက်စြဖ် ဖောက်ခနဲ တချက် ကြားလိုက်ရပြီးနောက် ထွန်းလင်းသော မီးစုန်းဖြူရောင် မီးကျည်တခုကို မြင်ကြရ၏။ မီးကျည်မှာ ဂျပန်ခေတ်လေယာဉ်ပျံထက်မှ ချသော မီးကျည်လောက် မကောင်းပေမယ့် အတော် လင်းသောမီးကျည်တလုံး ဖြစ်သည်။ လေထီးဖြင့် တွဲကျဆင်းနေရာမှ ၂ မိနစ်သာသာခန့်ကြာသောအခါတွင် မီးငြိမ်း သေသွားသည်။
“နောက်ထပ် ပစ်ပါဦး စီအို၊ ပစ်ပါဦး၊ ဒါဆို မြင်ဖို့ ကောင်းပါတယ်”
အပေါက်ဝပြုတစ် ထွက်နိုင်သူ ဟူသမျှ စောစောက မီးကျည်ကို မြင်ရသူမှန်သမျှကဝိုင်းဝန်း ပြောကြ၏။ လေယာဉ် အသံကလည်း သဲ့သွားပြီ။ တောင်ပံမီးစံ များလည်းကြယ်ပွင့်များကြား ဝင်ရောက်ပျောက်ကွယ်တော့မည်။ အချည်းအနှီးသာဖြစ်မည်ကို သိသော်လည်း သူတို့တတွေစိတ်အားမပျက်ကြစေရန်အတွက်လေထီးမီးကျည်ကို မသုံးနိုင်တော့သည့်တိုင် ပေါပေါများများရှိသည့်နှစ်ဆင့်ကွဲ မီးနီမီးကျည် နှစ်လုံးကို ကျွန်တော်က ဆက်သုံးလိုက်ရသည်။
နှစ်ဆင့်ကွဲ မီးနီ မီးကျည် (Red Star Flare ) မှာတထွာ မရှိ၊ တမိုက်မျှသာ ရှိ၏။ တလက်မ လုံးပတ် ရှိသည်။ ပစ်ဖောက်ရသည်မှာလေထီး မီးကျည်ထက် လွယ်ကူသည်။ ထိပ်ဘက်က အဖုံး ဝက်အူရစ်ကို လှည့်ဖွင့်လိုက်လျှင်ပင် လက်ကိုင် ကွင်းငယ်တခု ပေါ်လာသည်။ ကွင်းငယ်ကို အနည်းငယ်အားပြု၍ ဆွဲလိုက်ပြီး မီးကျည်ကို ဝဲလက်နှင့် ဆုပ်ကိုင်ထားစဉ် ယာလက်ကမီးကျည် ဖင်ပိုင်းကို ခံထားလိုက်ရသည်။ ကွင်းငယ်ကိုဆွဲလိုက်သည်နှင့်ရှူးခနဲ မီးဖွားများ ပန်းထွက်လာပြီး တခဏအကြာတွင် မီးကျည် အနီနှစ်လုံးသည် ဆင့်ကဲဆင့်ကဲ ထိုင်းဟု မြည်ကာ မီးကျည်ဝမှ ပေါက်ကွဲထွက်သွားသည်။ကောင်းကင်ယံ အတန် မြင့်မြင့်ထိ မီးကျည် နှစ်လုံး တက်သွားပြီးမှ အရှိန်ကုန်သည်တွင် ရေပြင်သို့ စိုက်ဆင်းကျလာကာ ရေပြင် မထိမီ ပျောက်ကွယ်ငြိမ်း သွားပါသည်။
“ဟာ .. လှလိုက်တာ လှလိုက်တာ၊ ပစ်ပါဦး စီအို၊ နောက်တလုံး”
“ထိုင်း .... ထိုင်း”
နောက်မီးကျည်တလုံး ပစ်ပြီးသည်တွင် လေယာဉ်သည် ဝေးသည်ထက် ဝေးသွားကာ အသံပါပျောက်ကွယ်သွားတော့သည်။ လေယာဉ်သည် ကျွန်တော်တို့ကို မြင်နိုင်ဖွယ်မရှိကြောင်း မူလကပင် ကျွန်တော်သိသည်။ သို့သော် လေယာဉ် တစင်းကိုတွေ့ပါလျက်နှင့် မမြင်သော်ရှိ မြင်သော်ရှိ မပစ်ရကောင်းလားဟု အပြစ်တင်မခံရစေရန်၊ ကျွန်တော့်လူများ စိတ်အားတက်ဖွယ်လည်းဖြစ်စေရန်အတွက် လေထီး မီးကျည်တလုံးကို ကျွန်တော် သုံးလိုက်ရခြင်းသာဖြစ်သည်။ နှစ်ဆင့်တွဲ မီးနီ မီးကျည် နှစ်လုံးက အဆစ်ပါသွားသည်။ လက်ကျန်လေထီးမီးကျည် သုံးလုံးနှင့် မီးနီ မီးကျည် အချို့ ကျန်၍ တော်ပါသေးသည်။
“ကျွန်တော်တို့ကို မြင်သွားသလား စီအို”
“အေး ... မြင်ချင်လဲ မြင်ဖို့ ကောင်းတာပေါ့ကွာ”
မှေင်ထုတွင်းမှ တစုံတဦးက လှမ်းမေးသည်ကို မယုတ်မလွန်သာ ဖြေလိုက်ရသည်။ စိတ်ကတော့ လုံးဝ မဖြေဘဲ နေလို့ရလျှင် နေချင်သည်။
“မြင်တာပေါ့ကွ၊ ဒီမီးကျည်ကို အသေအချာ မြင်တာပေါ့”
“မင်းက ဘယ်လို သိသလဲ”
“ငါ သိတာပေါ့ကွ၊ သိကို သိလို့ သိတယ် ပြောတာ”
“ကဲ ... ဒါဖြင့်ရင် ဘာဖြစ်လို့ ပြန် လှည့် မလာတာလဲ”
“ဘယ်လှည့်လာလိမ့်မလဲကွ၊ သူ့မှာက ပါစင်ဂျာတွေ ပါတယ်၊ သူက ရန်ကုန်ကိုဝိုင်ယာလက်နဲ့ အကြောင်းကြားမှာပေါ့၊ အဲဒီတော့ ရန်ကုန်ကတို့နေရာကို လေယာဉ် ဖြစ်ဖြစ် သင်္ဘောဖြစ်ဖြစ် လွတ်မှာပါ”
သူတို့ချင်းမှောင်တွင်းတွင် ငြင်းခုံ ပြောဆို နေကြခြင်း ဖြစ်သည်။ ကျွန်တော်က ဘာမျှဝင်မပြော။ ဟန့်လည်း ဟန့်မတား။ သူတို့ချင်း ငြင်းအား သန်နေသေးသည် ဆိုလျှင်စိတ်ဓာတ် မကျသေး။ စိတ်ဓာတ် မကျခြင်းသည် မည်သည့်နည်းနှင့်မဆို ကောင်းသည့်လက္ခဏာ ဖြစ်ပေသည်။
နံနက်လင်းတော့မည်။ နံနက် လင်းခါနီးပြီဆိုလျှင် ကျွန်တော်တို့ မျှော်ကြည့်ကြသည်မှာအရှေ့ အရပ်ဆီသို့သာ။ ယမန်နေ့က တွေ့မြင်ရသည့် ကျွန်းနှင့် မည်မျှနီးစပ်လာပြီနည်း။ ကျွန်းပေါ်သို့ ရောက်ပင် ရောက်လုနီးပြီထင့်။ပင်လယ်ရေတွင် ဆင်းကာ ကမ်းခြေကိုများ ထောက်မိနေပြီလားဟု စမ်းကြည့်သူက စမ်းကြည့်စေချင်သေးသည်။ မှောင်နှင့်မည်းမည်းသာ ရှိသေးခြင်းကြောင့် အဆင်းမခံနိုင်ဝံ့သေး။ ရှေ့ကမည်းမည်း အုပ်ကြီးသည် ကျွန်းဟုတော့ ထင်ရ၏။ခဏအကြာတွင် အလင်းရောင်ပိုလာသည်တွင်မှ တိမ်တိုက်ကြီး ဖြစ်နေမှန်းသိရသည်။
ဟိုရှေ့ဆီက ခပ်နိမ့်နိမ့်၊ ခပ်စုစု အုပ်ကလေးကကော၊ ကျွန်းစုတွေ ထင်ပါရဲ့။စောင့်ကြည့်နေဆဲ ရောင်နီ ပျိုးလာသည်။ အမှောင်ထု တန်ငယ်ကင်းစင်သွားတော့မှ တိမ်မည်းစု ကလေးများသာ ဖြစ်ကြောင်း တွေ့ရ၏။ မိုးစင်စင်လင်းသည်နှင့် တပြိုင်နက် တိမ်များ ကင်းစင်သွားကြကာ ယမန်နေ့က ၁၅မိုင်၊ မိုင် ၂၀ နှုန်းမျှသာ အလွန်ဆုံး ကွာဝေးမည် ခန့်မှန်းထားသော မော့စကော့ကျွန်းစုကို လုံးဝမမြင်ရတော့ပေ။ ပတ်ဝန်းကျင် တခွင် ကျွန်းကို အသာထား၊ကျောက်သား ကျောက်တုံးငယ် တလုံးမျှ မရှိ။ ဟင်းလင်းအတိ။ အရှေ့ဆီမှ လေနှင့်ရေလှိုင်းသည် ကျွန်တော်တို့အား ပင်လယ်တွင်းသို့ မောင်းနှင်ထုတ်ခဲ့လေပြီတည်း။
---------------
မောင်သော်က
(PS:Ko Kyaw Thura Facebook မှ ကူးယူဖော်ပြပါသည်။)
နှစ်သက်မိသောစာများ
August 27, 2018
[ ရှဥ့်ညိုလေးဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment