Saturday, 15 June 2019

#မင်္ဂလာလှည်း ( အပိုင်း-၂)

#မင်္ဂလာလှည်း


( အပိုင်း-၂) 


#ခင်ခင်ထူး 


အဆိုးဆုံးက ရေမပါတာပါ။ ရေဆိုတာကတော့ ဘယ်အရပ်ရောက်ရောက် တောင်း သောက်လို့ရတာကိုး။ သည်လောက် ခက်ခဲလိမ့်မယ် မထင်ခဲ့ဘူး။ ကိုကျော်သန်းကားထဲ ခါတိုင်းဆို ရေ သန့်ဘူး နှစ်ဘူး၊ သုံးဘူး ပါနေကျ။ သည်ကနေ့မှ တိုက်တိုက်ဆိုင်ဆိုင် တစ်ဘူးမှကို ရေမပါခဲ့တာ။ အရင် ရက်တွေကသောက်ပြီး လွှတ်မပစ်ရသေးတဲ့ ဘူးဟောင်းတွေတော့ပါရဲ့။ လူဝကြီး ဦးမှတ်တင်က သူ များထက် သုံးဆ လောက်ကြီးသူဆိုတော့ သူများထက် သုံးဆလောက် ပူပုံရတယ်။ သူများထက် သုံးဆ လောက် ရေငတ်ပုံ လည်းရရဲ့။ ကွင်းထဲက ခပ်ဝေးဝေးမှာ ဘူးစင်ကလေးနဲ့ အခင်းစောင့်တဲ့ကလေးတစ် လုံးကို မှုန်ပြပြ လှမ်းတွေ့တော့ ကိုကျော်သန်းကို ကားအရပ်ခိုင်းတယ်။


“ကျော်သန်း ခဏရပ်စမ်းကွာ၊ ရေရှာခိုင်းရအောင်”

“ဘယ်မှာလဲ ရေက”

“ဟိုးကတဲ သွားတောင်းခိုင်းရမှာပဲ၊ မောင်ကြိုင် ဆင်းစိမ်း၊ ရေသွားတောင်း”


ကိုကျော်သန်း ကားခေါင်းထဲမှာ ရေသာမပါတာ ရေဘူးခွံက သုံးလေးလုံးလောက်ပါတာဆိုတော့ သတို့ သားလောင်း မောင်ကြိုင် က ရေဘူးတွေပွေ့ပြီး ကွင်းထဲပြေးရော၊ ကားပေါ်ကလူတွေက တိုက်ပုံချွတ်ပြီး ခေါင်းဆောင်းကြတယ်။ ကွင်းလယ်ခေါင် နေပူကျဲကျဲအောက်မှာ အမိုးမပါဘဲ ကားကြီးပေါ် ငုတ်တုတ် ကြီးတွေ ထိုင်နေရတာဆိုတော့ စဉ်းစားကြည့်ပေါ့။ ကားမောင်းနေတုန်းကမှ လေကလေးရသေး။ ကိုချစ် တိုးက မောင်ကြိုင့်ကို သနားလည်း သနားမိရဲ့။ နားရင်းလည်း ရိုက်ချင်ရဲ့။ ဂက်စ်ဆရာကတော့ ကား ခေါင်းထဲ ငိုက်တောင်နေလိုက်သေးတယ်။ ဒေါ်ငွေကကားရပ်တုန်း အပေါ့သွားဖို့ဆင်းပြန်ရော။ ကွင်းထီး ထီး ထဲပေမယ့် တတ်နိုင်ဘူးဆိုတဲ့ပုံနဲ့ ကားရှေ့နား နည်းနည်းသွားပြီး ထိုင်လိုက်တာပါပဲ။


“ရေက အ၀င်သာမရှိတာဗျာ။ အထွက်တော့ ရွှင်ပါ့”

ကိုချစ်တိုး က ဒေါ်ငွေ့ကို ပြောတာပါ။ လူဝကြီး ဦးမှတ်တင်က ၀င်ပြောပြန်ရော။

“အဲဒါက အရေးမကြီးဘူး ငယ်ထိပ်မြွေကိုက်လိုက်မှာ စိုးရတာ”

“မြွေ တော့ မရှိလောက်ပါဘူးဗျ၊ မသကာ လယ်ပုဇွန်လုံးညှပ်ရုံ ရှိမှာပဲ”

တစ်ယောက်တစ်ပေါက် ပြောနေကြတာပါ။ လှမ်းကြည့်တော့ မောင်ကြိုင်က တဲရိပ်တောင် မရောက် သေးဘူး။ သူ့မချာ သူ့တာဝန် ဆိုတာ သိပုံရပါရဲ့။ ပြေးရှာတယ်။ နေပူပူကြီးထဲ ကားကို မိနစ်နှစ်ဆယ် လောက် ရပ်ထားရတော့ ပူလိုက်တာလည်း ၀က်ဝက်ကို ကွဲကရောပဲ။


မောင်ကြိုင် ပြန်လာတော့ ရေတွေ ပါလာလို့ တစ်ဝကြီးသောက်ကြရတယ်။ မောင်ကြိုင်ကတော့ တဲက သောက်ခဲ့ လို့ မသောက်တော့ဘူး။ ကိုယ့်အိမ်မှာ ရေသန့်ကို ဘူးလိုက်ဆွဲပြီး ရေခဲသေတ္တာထဲက ထုတ်သောက် နေကျလူတွေပေမယ့် ငတ် တော့ မနေသာတော့ဘူး။ ရေရတာ ကျေးဇူးတင်ရသေးသကိုး။

“ကျွန်တော် တဲ က လူကို မေးခဲ့တယ်၊ လယ်ပြင်ကြီးရွာ ဝေးသလားလို့”

“အေး ဘာတဲ့တုန်း”

“ခေါက်ချိုးတော့ ကျပါပြီတဲ့”

“ခေါက်ချိုး၊ ဟ… အကျိုးနဲ”


ကားပေါ်မှာ ရေတစ်ဘူးစီ ကိုင်သောက်နေတဲ့လူတွေအားလုံး မျက်လုံးပြူးသွားကြတယ်။ ဘယ့်နှယ် သည်လောက်လာပြီးတာတောင် ခေါက်ချိုး ကျန်သေးသတဲ့လား။ နောက်တစ်ပြန်သာ ဆက်သွားရရင် စစ်ကိုင်းတိုင်း နယ်စပ်တောင် ရောက်တော့မယ့်ဟာ။ မထူးပါဘူး။ ကိုယ့်ရေကိုယ် ပြန်သောက်ကြပြန် တယ်။ အင်္ကျီ တွေတောင် ရွှဲရွှဲစိုလို့။ လူဝကြီးက ကုပ်ပေါ်ရေလောင်းပြီး တဖတ်ဖတ်ရိုက်တယ်။ ဒေါ်ငွေ ရေတစ်ကျိုက်သောက်ပြီးတာနဲ့ ကားလည်း ဆက်ထွက်လာရပြန်တာပေါ့။


ကားကတော့ ရှေ့မှာ လမ်းရှိနေသရွေ့ သွားလို့ရသလောက် သွားနေတာမျိုးနဲ့ သွားနေတာပါ။ တစ်ဖက် တစ်ဖက်စောင်းစောင်းသွားလိုက်တာ မှောက်ကရော မှတ်ရတာလည်း အခါခါဆိုတော့ မှောက်မှမှောက် ကရော၊ ခရိုးခရိုင်နဲ့ တလှုပ်လှုပ်သွားနေကြတာပါ။ နေကလည်း ပူလိုက်တာ ၀က်ဝက်ကွဲ။ မောင်ကြိုင် ကတော့ မျက်စိမျက်နှာများပျက်လို့။ သူပူတာက တစ်မျိုး။ စဉ်းစားကြည့်တော့ မိန်းမမြန်းလိုက်ကြသူ တွေက မြန်းရုံတာဝန်ရှိတာ မဟုတ်လား။ ရွာရောက်ရင် မင်္ဂလာစကားလေးပြော၊ ကျွေးတာစားပြီး ဖုတ် ဖက်ခါ ထပြန်မယ့်လူတွေကိုး။ သူက ကာယကံရှင်၊ လယ်ပြင်ကြီးသူ မိန်းကလေးကို ယူရမှာကသူ။ လူ ကြီးစုံရာနဲ့ ရွာ့မိရွာ့ဖ တချို့ခေါ်ပြီး စောင့်နေကြမယ်ဆိုတာလည်းသိတော့ စိတ်တွေ ပူနေခဲ့တယ်။


ခက်တာက တယ်လီဖုန်း ကောက်ဆက်လို့ရတာလည်း မဟုတ်ဘူး။ လမ်းပေါ် အသွားအလာရှိကြလို့ ကျုပ်တို့လာနေပြီ ပြောလိုက်ပါ မှာရအောင်ကလည်း လမ်းပေါ်နေ့ခင်းကြောင်တောင် သရဲခြောက်မှာ တောင် စိုးရတယ်ဆိုတာမျိုးမဟုတ်လား။ ဂက်စ်သမားကို အားကိုးပြန်တော့ ကားက ရွာရောက်ကာမှ ရောက်ရော ကျုပ်ကတော့ အိပ်ပြီဗျာဆိုတဲ့ပုံနဲ့ ငွေသုံးထောင်ယူပြီး ကုပ်ကျိုးအောင် ငိုက်လိုက်တာမျိုး ကိုး။ တကယ်ဆိုရင် ဟိုကဘာရွာ၊ ဟိုဘက်နားကျ ဘာတွေ့မယ်၊ ဘယ်နားရောက်လို့ ဘယ်လိုကွေ့ လိုက်ရင် ဘယ်ရွာရောက်ပြီဆိုတာမျိုးလည်း ပြောဖော်မရဘူး။ ကားနောက်မှန်ပေါက်က မြင်ရသ လောက် ကုပ်ချိုးပြီး ငိုက်လိုက်လာတာ တစ်ရေးသန်သန်တောင်ရတော့မယ်။ သည်လိုအတွေးမျိုး ကား မောင်းတဲ့ ကိုကျော်သန်းကလည်း တွေးမိတယ်ထင်ပါရဲ့။ ဂက်စ်ဆရာကို နှိုးရော။

“ဂက်စ်ဆရာ ဗျို့… ဂက်စ်ဆရာ”


ကိုကျော်သန်းက ကားမောင်းရင်း ဘေးက ဂက်စ်ဆရာကို နှိုးတာပါ။ ဂက်စ်ဆရာက သူ့ဘေးက၊ ဒေါ်ငွေ က ကားတံခါးဘက်ကဆိုတော့ ဒေါ်ငွေကို အနှိုးခိုင်းလိုက်တယ်။ ဒေါ်ငွေ လက်တို့လိုက်စမ်းပါ ခိုင်းတာ ပါ။ ရှေ့မှာက ချောက်တွေ၊ ကျင်းတွေဆိုတော့ ကိုကျော်သန်း ကားလက်ကိုင်ခွေကို လက်နှစ်ဖက် မလွှတ်ရဲဘူး။

“ဒေါ်ငွေ ဂက်စ်ဆရာ နှိုးစမ်းပါ”


ဒေါ်ငွေကလည်း မလှုပ်တော့ ကိုကျော်သန်းက လှမ်းကြည့်တယ်။ ဒေါ်ငွေကလည်း အိပ်လိုက်တာ သိုး လို့။ ရောက်ချင်တဲ့အချိန်ရောက် အေးအေးဆေးဆေးဆိုတဲ့ပုံ၊ ကိုကျော်သန်းက စိတ်တိုသွားတယ်။ ဘယ့်နှယ် သည်လောက် အိပ်နေကြရသလားပေါ့၊ ကားမောင်းရင်း လှည့်အော်ရော။

“ကိုချစ်တိုးရေ ကားခေါင်းထဲက လင်မယားနှစ်ယောက် အိပ်လိုက်ကြတာဗျာ နှိုးလို့တောင် မရဘူး”

ကိုကျော်သန်းက ကားဟွန်းကို အဆက်မပြတ်တီးတော့မှ ဂက်စ်ဆရာက ဆတ်ခနဲ ခေါင်းထောင်တယ်။ ဘေးဘီကို လှမ်းကြည့်တယ်။ မျက်လုံးတွေကို ပွတ်တယ်။ ပြန်ငိုက်ချင်တဲ့ပုံ၊ ကိုကျော်သန်းကို သူက တောင် ပြန်မေးနေသေးတာပါ။


“ရောက်ပြီလား”

“ဘယ့်နှယ်ရောက်ပြီလားတုန်း၊ ကိုယ့်လူကလည်း အိပ်လိုက်တာ ဘာမှမေးမရဘူး။ ခင်ဗျားကိုမေးရမှာ ရွာရောက်တော့မှာလား”

“လိုသေးထင်သာပဲ”

“ဘာလိုသေးထင်တာတုန်း၊ ခင်ဗျား လယ်ပြင်ကြီး မသိဘူးလား”

“ဂက်စ်ထည့်စားလာတာ သုံးနှစ်ရှိပါပြီဗျာ၊ ခင်ဗျားတို့ပြောသဲ့ရွာ ကျုပ် တစ်ခါမှကို မရောက်ဖူးသာ၊ ဘုရားများ စူးရပါစေ့”

“ဘူရားစူးရုံမကဘူး၊ ခင်ဗျားကို မြေပါမျိုဦးမှာ၊ မသိဘဲနဲ့များ လမ်းပြလိုက်လာရသလား၊ ခင်ဗျားဟာက မဟုတ်သေးပါဘူး၊ မသိရင်လည်း ဆင်းတော့”


“လမ်းခုလတ် ဆင်းလို့ ဘယ်ဖြစ်မှာတုန်း ဆရာရ၊ ကျုပ်လည်း ဘယ်ဘက်ပြန်ရမှန်းတောင် မသိဘူး။ ကျုပ်ဘက်ကလည်း ထည့်တွက်ဦးမှပေါ့၊ ခင်ဗျားတို့နောက်လိုက်လာတာ စီးပွားရေး လစ်ဟင်းသာပဲ”

ကိုကျော်သန်းက ကားထိုးရပ်လိုက်တယ်။ ကားတံခါးဖွင့်ဆင်းပြီး ရေကျန်သေးသလားမေးတယ်။ ဘူးထဲ မှာ ရေလက်နှစ်လုံးလောက်ကျန်တာကို ကိုချစ်တိုးက လှမ်းပေးတော့ တောက်လျှောက်မော့ပြီး ရေဘူး ခွံကို လွှတ်ပစ်လိုက်တယ်။ နောက်မှ သတိရလို့ ဘူးခွံကို ပြန်ကောက်တယ်။ လမ်းမှာ ရေဖြည့်ရမှာရှိ သေးတာကိုး။


“ကိုချစ်တိုး ခင်ဗျား ဂက်စ်ဆရာက ဟုတ်မထင်ဘူးနော၊ သူ့တစ်သက် အဲသည်ရွာ တစ်ခါမှမရောက်ဖူး ဘူး ပြောနေတယ်”

“မောင်းချလိုက်လေဗျာ၊ လမ်းမသိဘဲ လမ်းပြလုပ်ပြီး လိုက်လာတဲ့ကောင်”

“မဆင်းဘူးတဲ့၊ သူလည်း သူ့ရွာသူတောင် မပြန်တတ်ဘူးတဲ့၊ ဘယ်လိုလုပ်ကြမတုန်း”


ဒါတော့ ဟုတ်သားပဲ။ အခုမှ ဆင်းတော့ဆိုပြန်ရင်လည်း နေပူကြီးထဲ အမှိုက်ထုပ် ပစ်ချထားခဲ့သလို ဖြစ် တော့မယ်။ ဘယ်ဘက်မှ မနီးတဲ့လမ်းပေါ် ခုမှချထားလို့လည်း မကောင်းတော့ ကိုချစ်တိုးက ဘာလုပ်ရ မှန်းမသိတော့ဘူး။ သည်တော့ ငွေသုံးထောင်ပေးပြီး ကားခေါင်းထဲထည့်လာတဲ့ ဂက်စ်ဆရာကို နောက် ကို ပြောင်းစီး ဖို့ ခေါ်ရတယ်။ ကျောင်းအုပ်ဆရာကြီးက အသက်အရွယ်ကြီးပြီဆိုတော့ အနာအုံတဲ့ ကုံကု မံရွက် မီးကင် ထားသလို ဖြစ်နေပြီကိုး။


ဆရာကြီးကို ကားခေါင်းထဲပို့၊ ဂက်စ်ဆရာ နောက်ပြောင်း၊ သည် လိုစီစဉ်တော့ တရုတ်ကြီး ဦးဝိန်က မကျေနပ်ဘူး။

“ဆရာကြီးက ကျုပ်ထက် နှစ်နှစ်တောင် ငယ်တာပဲဗျ၊ အသက်ကြိးတဲ့လူ ရွေးကြေးဆိုရင် ကျုပ်က ကား ခေါင်းထဲ သွားရမှာပေါ့”

ဒါပေမယ့် ဆရာကြီးကိုပဲ ကားခေါင်းခန်းပို့ရတာပါပဲ။ ဆရာကြီးခမျာ ပျော့ခွေနေပြီ မဟုတ်လား။ လူကြီး ဆိုတော့ အဆာလွန်ရာက လေနာ လာပုံရတယ်။ ဗိုက်ကလေး နှိပ်လို့ကိုး။ ကိုချစ်တိုးက ဦးဝိန် ကို ကျိတ် တောင်းပန်တယ်။ မြှောက်လည်း ပေးရတယ်။


“ဦးဝိန်က တစ်ချိန်က အားကစားသအမားဟောင်းဆိုတော့ အကြောင်းမဟုတ်ဘူး။ ကျောင်းအုပ်ဆရာ ကြီးက တစ်သက်လုံး စားပွဲထိုင်လာတာ။ မျော့မျော့ကျန်တော့တယ်။ သည်လိုသာဆက်သွားရင် လမ်း ဘေးမြှုပ်ခဲ့ ရတော့မှာဗျ။ ဒါကြောင့်ပါ”

“တို့ငယ်ငယ်က ဗထူးကွင်းမှာ နေကုန်ခဲ့တာလေကွာ၊ ပေါက်စီနဲ့ ငါက လက်ဖ်ဝင်းရိုက်ဝင်း ကစားခဲ့တာ မင်းလဲ သိသားပဲ ချစ်တိုးရ၊ တစ်ခါတစ်လေ ဘလန်ဒါဆင်း ကစားပေးရတာ ရှိသေးတယ်။ အခု လူငယ် တွေ ကစားတာ အားမရချက်တော့ကွာ”


“အဲဒါ ပြောတာပေါ့၊ ဦးဝိန်နဲ့ မတူပါဘူးဆို၊ နေပူထဲ မိနစ်ကိုးဆယ်လုံးလုံး ပြေးရတဲ့အလုပ် ဦးဝိန်မို့လို့ လုပ်နိုင်ခဲ့ တာလေဗျာ။ အားကစားသမား နှယ်နှယ်ရရမှတ်လို့”

“သက်လုံကောင်းခဲ့တာကိုးကွ၊ ပြည်ထောင်စုဒိုင်းကြီး ဘီအေအေ ကွင်းကြီးမှာ လုကြတော့ တို့မန္တလေး တိုင်း နဲ့ ပဲခူးတိုင်း တွေ့ကြပါရော့ဟေ့၊ တွေ့လဲ တွေ့ရော…”

ဦးဝိန်တောင် စကားဆုံးအောင် မပြောလိုက်ရပါဘူး။ ရှေ့ဘီးဆီက ရှူးခနဲမြည်ပြီး ကားငြိမ့်ခနဲ ခေါင်းထိုး ကျ သွားသလို အိကျသွားပါလေရော။ ဦးဝိန်က သူ့စကား မဆုံးလိုက်မှာစိုးတော့ ကားဘီးပေါက်တာ ဂရု မစိုက်နိုင်ဘူး။ ကိုချစ်တိုးထလိုက်မှာစိုးလို့ ပုဆိုးစဆွဲထားပြီး စကားဆက်တယ်။


“တွေ့လဲတွေ့ရော ငါတို့က ကစားကွက်ပြောင်းထားတာကိုးကွ၊ ပဲခူးတိုင်းက ခါတိုင်းလို ပလေဇင်မှတ် ပြီး ဘယ်သူနဲ့ ဘယ်သူဆိုပြီး ထိန်းနိုင်အောင် လုပ်ထားတယ်။ ဒါနဲ့တို့က ပဲခူးတိုင်းကို…”

“နေဦး… ဦးဝိန်၊ အခုက စစ်ကိုင်းတိုင်းထဲ ကားဘီးပေါက်နေလို့ဗျနော”


ကိုချစ်တိုးနဲ့ မောင်ကြိုင်ပဲ ဆင်းရတာပါ။ နေကလည်း မွန်းတည့်ပြီဆိုတော့ ခေါင်းပေါ်မှာ မီးဖိုကြီးတင် ထားသလို ကျုက်ကျိုက်ဆူလို့။ ခေါင်းပေါ်ဆောင်းထားကြတဲ့ တိုက်ပုံတွေဆိုတာ မီးများထတောက်မ လား မှတ်ရတယ်။ ကိုကျော်သန်းက ကားဘီးကို ဆင်းကြည့်တယ်။ သံထိုးလို့ ပေါက်တာတော့ ဟုတ်ပုံ မရဘူး။ ဘီးက နဂိုကလည်းပါးနေတော့ ကားလမ်းပေါ်မှာ ငါးဆူးတောင်လို ပါးဟက်စောင်းထနေတဲ့ မြေမာမာက ထိုးခွဲလိုက်တာလို့ တွက်တယ်။ တော်ပါသေးရဲ့။ စပယ်ယာဘီး အပိုတစ်လုံးပါလို့။ ဒါပေ မယ့် ကိုကျော်သန်း စိတ်ပူတယ်။ သည်အပိုတစ်လုံးနဲ့ ဘီးလဲပြီးသွားလို့တော့ရပါရဲ့၊ နောက်တစ်လုံး ပေါက်ရင်ကော၊ အပြန်ခရီးကလည်း ရှိသေးတာကိုး၊ ကားများ တစ်စုံတစ်ရာ ချွတ်ယွင်းလို့ကတော့ အနားက ရွာတွေမှာ ဘာမှလုပ်လို့ကိုင်လို့ မဖြစ်နိုင်လေတော့ စစ်ကိုင်းမြို့ပြန်ရောက်မှ ဖြစ်တော့မှာ လေ။ ဒါကိုကိုချစ်တိုးလည်း တွေးမိတယ်။


“ကိုကျော်သန်း ဘီးလဲတာတော့ ဟုတ်ပြီ၊ နောက်တစ်လုံးပေါက်ရင် ခက်ပြီဗျို့၊ အပြန်ခရီးကလည်း ရှိ သေးတာဗျ”

“ဟုတ်တယ် ကိုချစ်တိုးရေ၊ ကျွန်တော်လည်း အဲဒါပဲ စဉ်းစားနေတာ၊ ကိုင်းဗျာ ဖြစ်လာမှ ရောက်ရာပေါ့။ မောင်ကြိုင် ဘီးတွေဖြုတ်ကွာ”

သတို့သား မောင်ကြိုင်က ၀တ်ထားတဲ့ လည်ကတုံးအဖြူကို လက်တွေပင့်တင်တယ်။ ကားနောက် အောက်ဖက် မှာထားတဲ့ တာယာကို တဂျိဂျိနဲ့ အောက်ချတယ်။


ပေါက်သွားတဲ့ဘီးအောက် အမာခံတန်း မှာ ဂျိုင်းထောက်ပြီးဆွဲမ၊ ကားခေါင်းကြွလာတော့မှ ဘီးကို မြေစိုင်ခဲနှစ်ခဲညှပ်ပြီး မူလီတွေဖြုတ်ဖို့ လုပ် တယ်။ ကိုချစ်တိုးက မူလီထဲကို ခွစွပ်ပေးတော့ မောင်ကြိုင်က သံပိုက်လုံး နဲ့ ဖိဖိချတယ်။ မူလီတွေပြုတ် သွားတော့ စပယ်ယာ တာယာတပ်၊ မူလီတွေ ပြန်ကျပ်။ သေချာအောင် ဆွဲဆွဲညှစ်။ ချွေးတွေလည်း ပေါက်ပေါက်ကျပြီ။ မောင်ကြိုင်က ပေါက်သွားတဲ့ တာယာကို သူ့နေရာသူ ပြန်ထားမယ်လုပ်တော့ ကို ချစ်တိုးက ကားပေါ်သာတင်လိုက်လို့ ပြောတယ်။ ကြာနေမှာစိုးလို့။

ကိုချစ်တိုး နာရီကိုကြည့်လိုက်တော့ ဆယ်နာရီနဲ့ မိနစ်လေးဆယ်ပါ။ နေလုံးကြီးဆိုတာ ခေါင်းပေါ်မှာ ပြူး လို့။


(၅)


“အေးသီ”

“အမေ”

“ဘယ်မှာတုန်း နင့်လင် သေချင်းဆိုးက”

“အမေကလဲ မင်္ဂလာဦးမှာ မဦးမချွတ်၊ လာကြမှာပါတော် ဘာဖြစ်နေမှန်းမှ မသိတာ”

“ဘာမင်္ဂလာဦးလဲ ဟင်၊ ဘာမင်္ဂလာဦးလဲ ဘာဖြစ်ရမလဲ ကားမှောက်လို့ နေမှာပေါ့”

အေးသီတို့ရွာမှာလည်း ပြဿနာတွေနဲ့ပါ။ သည်နေ့သည်ရက် မနက်ဆယ်နာရီ လူကြီးစုံရာနဲ့ လာမြန်းပါ့ မယ် စိတ်ချလို့သာ နေပါတော့ဆိုတဲ့ စကားတစ်ခွန်း က စလိုက်တဲ့ ကြောင်းလမ်းပွဲ မွန်းကြီးထိန်ထိန် တည့် တာတောင် ပေါ်မလာကြတော့ ရွာက ဘယ့်နှယ့်ဟာတုန်း ညည်းတို့ဟာတွေ ဘာတွေဖြစ်ကုန်ကြ ပြီ။ ရွာက ဒေါသဖြစ်တာ ထားလိုက်ဦး။ သတို့သမီးအေးသီရဲ့အမေ မစွန်မက မနက်မိုးမလင်းခင်က မရှိ တာရှိတာ ရှာဖွေပြီး တင့်တင့်တယ်တယ် တည်တည်ပပကလေးမှ ဖြစ်ပါစေတော့ဆိုပြီး မိန်းကလေးရှင် တန်မယ့် ချက်ဟယ် ပြုတ်ဟယ်လုပ်ရရှာတယ်။


သားမက်လောင်းက မန္တလေးက စက်ဆရာလို့ပြောထား တော့ ရပ်ရွာကလည်း အေးသီ စက်ဆရာနဲ့ အကြောင်းပါမယ် ဆိုတာကိုပဲ ၀မ်းသာကြတယ်။ မုဆိုးမ သားအမိဆင်းရဲရှာတာလည်း မျက်မြင်ကိုး။ အနောက်ရွာ တွေ ဘက်မယ် ခြံနဲ့စိုက်တဲ့ သနပ်ခါးကို မြို့ယူ ရောင်းတာနဲ့ စားကြရှာတယ် ဆိုပေသိ သနပ်ခါးပင် ကို ဆယ်ပင်ဟယ်၊ အပင်နှစ်ဆယ်ဟယ် ၀ယ်ထား ပြီး ဆစ်ပိုင်းရောင်းနိုင်တာမျိုးမဟုတ်ဘူး။ သည်ခေတ် သနပ်ခါးတစ်ပင်ကလည်း အပွေးကောင်း၊ အပင် လှရင် နှစ်သောင်း၊ သုံးသောင်းဈေးရှိတော့ မစွန်မတို့ သားအမိက တစ်ပင်တောာင် မ၀ယ်နိုင်ဘူး။ သနပ် ခါးခြံပိုင်ရှင်တွေဆိုတာက ကြံများလို ကိုယ့်အခင်း ထဲကကြံ တစ်ပင်ချင်းခုတ်ရောင်းနေတာမျိုးမဟုတ် တော့ အကြွေးယူ ပြီး အရင်းမဆပ် လုပ်မဖြစ်ဘူး။ သည်တော့ သနပ်ခါးပွဲစားတွေဆီက ဈေးဖြတ်ပြီး အကြွေး ယူရရှာတာပါ။ မန္တလေးကို တစ်ဆင့် ပို့တော့ တစ်ဈေးရပြီ၊ မန္တလေးနဲ့ စစ်ကိုင်းဆိုပေမယ့် တစ်ပတ်တစ် ခါတောင် သွားဖြစ်လာဖြစ်တာ မဟုတ် တော့ တစ်လတစ်ခေါက် အနိုင်နိုင်ရယ်။


မန္တလေးက ငွေကလေး ပြန်သိမ်း၊ သနပ်ခါးပွဲစားပြန်အပ်၊ ပိုတာလေး သုံးကြရတယ်။ အေးသီက ရွာ့အခင်း တွေမှာ ဘောက်လုပ် ငန်းမှန်သမျှ ၀င်လုပ်တာလည်းရှိရဲ့၊ မစွန်မကလည်း နာမည်နဲ့လိုက်အောင် စွန်မကြီး တစ်ကောင် ၀ဲနေ သလိုပါပဲ။ လူက လှပ်လှပ်ကလေးနဲ့ အလုပ်များတော့ ဒေါင်းတိမောင်းတိ သိပ်ရှိတယ်။ သည်တော့ သားအမိနှစ်ယောက် ၀၀လင်လင် စားရပါရဲ့။ ပိုတယ်ရယ်လို့တော့ မရှိဘူး။

အေးသီ နဲ့ မောင်ကြိုင် ကြိုက်ကြလို့ အခါလည်တော့မှ အေးသီက မအေကိုဖွင့်ပြောတာပါ။ မောင်ကြိုင် က သံလျက် မော်ဘက်မှာ စက်ဆရာဖြစ်တဲ့အကြောင်း၊ သဘောမနောကောင်းကြောင်းလောက် ပြော နိုင်တာ ပါပဲ။ အမေကတော့ အဝေးလွှတ်ရတဲ့ သမီးလေး အချိန်မတိုင်ခင် အမှားအယွင်းရှိမှာစိုးတာက လွဲရင် မြို့သား နဲ့ မေတ္တာရှိတယ်ဆိုတာကိုတော့ ၀မ်းသာပါရဲ့။ သူလည်းငယ်ရာကကြီးလာသူဆိုတော့ သည်ကိစ္စ တားမဖြစ်ဘူး ဆိုတာလည်း သိတယ်။


“စက်ဆရာ ဆိုတော့ ဘာစက်ဆရာတုန်း သမီးရဲ့”

“ဘာစက်ဆရာ လဲတော့ မပြောတတ်ဘူး”

“ညည်းဟာက အေ ဘာဖြင့်ဘာ ညာဖြင့်ညာဆိုတာတောင် မပြောဘူးလား၊ ညည်းကို ညာနေတာများ လားအေ”

“သူ့အင်္ကျီ ဘောင်းဘီတွေမှာတော့ စက်ဆီတွေ ပေကျံနေတာပဲ အမေရဲ့… စက်ဆရာ ဟုတ်လောက်ပါ တယ်”

မစွန်မ ကလည်း ဘာစက်ဆရာမှန်းမသိတဲ့ သမီးဖြစ်သူရဲ့ရည်းစားကို စက်ဆရာလို့ပဲ မှတ်ထားလိုက် တာပါပဲ။ တစ်ရက်တော့ လိုက်လည်ကြည့်တယ်။

“နို့ မျိုးရိုးက မန္တလေးကပဲလား”

“ဟုတ်ထင်ပါရဲ့”

“လူပျိုလူလွတ် ကော ဟုတ်ရဲ့လား အေးသီရယ်၊ နဖားကြိုးကြီးနဲ့ ဖြစ်နေပါဦးမအေ”


“ဟုတ်ပုံ ရပါတယ် အမေရဲ့”

အေးသီ က သည်အထိတော့ အတွင်းနှိုက်မသိနိုင်ဘူးကိုး။ သူ့စိတ်ထဲရှိတဲ့အတိုင်း ဖြေတာပါ။

“နို့… အိမ်နဲ့ရာနဲ့ကော ဟုတ်ကဲ့လားအေ… ခွေးတိုးဝက်ဝင်ဖြစ်နေပါဦးမယ်”

“ကိုကြိုင် ပြောတာကတော့ သူ့ဆရာ အိမ် နေတယ် ပြောတာပဲ အမေရဲ့၊ လခတွေလည်း သူ့ဆရာ ကတော် က စုဆောင်းပေးတာတဲ့”

“ညည်းက မမေးဘူးလား အိမ်ထောင်ရက်သားပြုရင် ဘယ်လိုနေကြထိုင်ကြမှာလဲလို့ သူ့စိတ်ထဲတော့ တွေးပြု ထားတာ ရှိမှာပေါ့”

“ကျုပ်ဖြင့် မသိပေါင်”


“ဟယ်… ဗိုင်းတာမ ကြိုက်သာလာသယ်၊ ဘာတစ်ခုမှ စစ်စစ်ပေါက်ပေါက် မရှိခဲ့ဘူး။ ကိုယ်သူမယ့်လင် ချိုကုပ် လား၊ ချိုထောင် လား မကွဲဘူး”

မစွန်မ က စိတ်ကလည်းမြန်တော့ သမီးခေါင်း ဒေါင်ခနဲခေါက်ပြီး မျက်နှာတစ်ဖက် လွှဲနေတယ်။ မအေ ပြောလည်း ပြောစရာပါ။ အေးသီက မောင်ကြိုင်နဲ့ ကမ်းနားဈေးထဲတွေ့ကြတာ။ အေးသီ ဖောက်သည် သွင်းတဲ့ ဆိုင် က ပိုင်ရှင် မတင်ကြည် က မောင်ကြိုင့်ဆရာ ကိုကျော်သန်းမိန်းမနဲ့ ခင်ကြသူတွေ။ တစ်ရပ် ကွက်တည်း လိုလိုဖြစ်နေတော့ သနပ်ခါးကောင်းလေးများပါရင် ဈေးထဲမုန့်စားနေတဲ့ မောင်ကြိုင်ကနေ တစ်ဆင့် မင်းအစ်မပေးလိုက်ဆိုပြီး သနပ်ခါးလေး ငါးချောင်း ပါးလိုက်တာမျိုးရှိတယ်။ အေးသီ က သနား ကမား ကလေး၊ တောသူမိန်းကလေးဆိုတာကို မောင်ကြိုင် သဘောကျတယ်။


ရယ်လိုက်ရင် သွားစွယ် လေး ပါတာကိုလည်း သူ့စိတ်ထဲ ချောလှချည့်ထင်တာကိုး။ သည်လိုနဲ့ မတင်ကြည်ဆိုင်မှာ တစ်ခါတွေ့ နှစ်ခါတွေ့ တွေ့ကြရုံရှိသေး၊ မောင်ကြိုင်က သည်တစ်ခါလာရင် ရည်းစားစာပေးတော့မယ်လို့ ပိုင်းဖြတ် ပြီးနေပြီ။ မတင်ကြည်ဆိုင်သွားရတာလဲ အမော။ မတင်ကြည်ကလည်း သိပါတယ်။


“အစ်မ သနပ်ခါးကောင်မလေး လာသေးလား”

“အေးသီလား သူက တစ်လမှ တစ်ခေါက်လောက်လာတာ ငါ့မောင်ရဲ့၊ နောက်လေးငါးရက်လောက်ဆို လာတော့ မှာပါတော်၊ ဘာလဲ မင်းက အေးသီကိုကြိုက်လို့လား”

“ကြိုက်တယ်ရယ် မဟုတ်ပါဘူး”

“မကြိုက်လဲ ပြီးတာပဲကွယ်၊ ကြိုက်တယ်ဆိုရင်လဲ ပြောပေးရသား၊ မင်းက မကြိုက်မှတော့ ငါ့တူ လှသန်း နဲ့ စပ်ပေး ရတော့မှာပေါ့”


မတင်ကြည်က အေးသီကို ကြိုက်မှန်းသိလို့ မောင်ကြိုင့်ကို စလိုက်တာပါ။ လှသန်း နဲ့ စပ်ပေးမယ်လို့လဲ ကြားရော မောင်ကြိုင့် မျက်နှာ အိုကျသွားလိုက်တာ ဘာပြောကောင်းမလဲ။ ရင်တွေ ပန်းတွေလည်း တုန် သွားပုံ ပေါ်တယ်။ ဘာဆက်ပြောရမှန်း မသိတော့ ငူငူကြီးရပ်နေလိုက်တာ ဆိုင်ဝက မပြန်တော့ဘူး။ မတင်ကြည် ကတော့ ရယ်ချင်စိတ်မျိုချထားပြီး သည်ကိစ္စဆက်ပြောစရာအကြောင်းမရှိတော့ဘူးဆိုတဲ့ပုံ လုပ်ထား လေရဲ့။ မောင်ကြိုင် ရိုးသားမှန်းသိတော့ ရယ်ချင်တာ နဲ့ တမင်လုပ်ထားတာပါ။


“သည်လို အစ်မရဲ့”

“သြော်ကွယ်… မင်းမှ မကြိုက်ပဲနဲ့ဟာ ငါ့တူ လှသန်းက ကြိုက်လိုက်တာမှ တစ်ပိုင်းသေလို့”

“အစ်မနှယ် ကျုပ်ကလဲ မကြိုက်ဘူးတော့ ဘယ်ဟုတ်ပါ့မလဲ”

“မင်း အဲသလိုတော့ မဝေ့နဲ့လေကွယ်၊ မိန်းကလေးကိုကြိုက်ရင် ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူး ပြော မှပေါ့။ ငါက တာဝန်ခံရမှာဟဲ့”


“ကြိုက်လှချည့်ဗျာ၊ ကိုင်း ဘာဖြစ်သေးတုန်း”

ကိုင်း… ဘာဖြစ်သေးတုန်းလည်းဆိုရော မတင်ကြည်က ရယ်လိုက်တာ ခွက်ခွက်လန်လို့။ ဘေးဆိုင်က မိန်းမ တွေကလည်း မတင်ကြည်နဲ့ မောင်ကြိုင်ပြောနေတာကို ကြားနေရတော့ မတင်ကြည်က စတာ ရော၊ မောင်ကြိုင် အူတာကိုပါ သိကြတာကိုး။ အုန်းခနဲ ၀ိုင်းရယ်ကြတယ်။ သည်လိုနဲ့ ကြိုက်ရတဲ့ မိန်းကလေး ပေမယ့် တစ်လ မှ တစ်ခါ တွေ့ရတာပါ။


တစ်လတစ်ခါ ဆိုတာကလည်း ဥပုသ်နေ့နဲ့ မတိုင်ဆိုင်ရင် မျက်နှာလောက် မြင်ရရုံကိုး။ အလုပ် မပိတ်တာ ရယ်၊ သမီးရည်းစား ရယ် လို့ အေးသီနဲ့လျှောက်လည်ဖို့ အချိန်မရတာရယ်ဆိုတော့ လူချင်း တွေ့ရတာ လောက် နဲ့ ပြီးရတာများတယ်။ တစ်ခါတစ်လေ အလုပ် ကျပ်တဲ့ရက်နဲ့တိုးရင် ဈေးထဲသွားဖို့တောင် အချိန် မရတာ များလည်းရှိတော့ မတွေ့လိုက်ရတာလည်း ရှိ တတ်တယ်။ ဒါဆိုရင် ဝေးပြန်ပါလေရော တစ်လ။


တစ်ခါတော့ မောင်ကြိုင်က အေးသီကို ဓာတ်ပုံတောင်းသတဲ့။ အေးသီမှာ ဓာတ်ပုံမရှိဘူး။ ပြောသာပြော တာပါ။ မောင်ကြိုင့်မှာလည်း ဓာတ်ပုံရယ်လို့ မရှိပါဘူး။ အလုပ်ရုံက ကထိန်ခင်းလို့၊ ဘုရားဖူးတို့လို၊ စစ် ကိုင်း မင်းကွန်းဘက်သွားကြလို့ အများနဲ့ရိုက်ထားတဲ့ပုံတော့ ရှိပါရဲ့။ တစ်ယောက်တည်းရိုက်တဲ့ ရှိုးပုံမ ရှိဘူး။ မောင်ကြိုင်က ရည်းစားကို ဓာတ်ပုံပေးတဲ့အခါကျတော့ သံရည်ကျိုရုံက သူငယ်ချင်းတွေ မင်းကွန်း မှာ စုရိုက်ထားတဲ့ပုံ ဖြစ်နေတယ်။ အေးသီက ဓာတ်ပုံကိုကြည့်ပြီး စိတ်ကောက်ချင်ဟန်ဆောင် တယ်။


“ကိုကြိုင့်ဟာက ကျွန်မမှာ ရည်းစားတွေများသလို ဖြစ်နေပါပကောလား။ ကျွန်မသူငယ်ချင်းတွေက ညည်း ရည်းစား ဘယ်ဟာလဲဆိုရင် ဘယ်သူ့ပြရမှာတုန်း၊ ကျရာလူ ပြလိုက်မှာပဲ”

“ကိုကြိုင့်ပုံကိုချန်ပြီး ကျန်တဲ့ပုံ ညှပ်ပစ်လိုက်ရင် ရတာပဲဟာ”


အေးသီက ရွာရောက်တော့ တကယ်လည်း ညှပ်ပစ်ရှာပါတယ်။ ဘယ့်နှယ်ရည်းစားမဟုတ်တဲ့ပုံတွေ ယူ မထားနိုင်ပေါင်တော်ပေါ့လေ။ သည်တော့ မောင်ကြိုင့်ပုံက ရှည်တောက်တောက်ကလေးဖြစ်နေရော။ ကလေးစားတဲ့မုန့်လက်ညှိုးလောက်ရှိတာပါ။ အေးသီကလည်း ရည်းစားဓာတ်ပုံဆိုပြီး ရွာကသူငယ်ချင်း တွေကို ပြတယ်။ သူငယ်ချင်းတွေခမျာ သည်လိုဓာတ်ပုံမျိုး မတွေ့ဘူးတော့ မြို့က ဖက်ရှင်ထင်ကြတာ ပေါ့။ အခု အဲသလို ပုံကလေးတွေ ခေတ်စားနေပုံရတယ်လို့ပဲ တွေးကြတယ်။ အေးသီမှာ ရည်းစားဓာတ် ပုံရယ်လို့ အဲသလို ရှည်မြှောင်းမြှောင်းကလေးရှိပေမယ့် အေးသီမှာ ဓာတ်ပုံမရှိတော့ မောင်ကြိုင့် ကို မပေးရ သေးဘူး ဖြစ်နေတယ်။ စစ်ကိုင်းမြို့မှာ ရိုက်ရင်တော့ ရမှန်းသိပါရဲ့။


ဓာတ်ပုံဆိုင်ထဲဝင်ပြီး ကျွန်မ ဓာတ်ပုံရိုက်ချင်လို့ပါ ရှင်ရယ်လို့မပြောဝံ့တာက တစ်ကြောင်း၊ ပိုက်ဆံတွေ မတရား ကုန်လေမလား တွေးမိတာက တစ်ကြောင်းဆိုတော့ ဓာတ်ပုံမရှိရှာဘူး။ တောရွာခေါင်ခေါင်ဘက် နေကြရတာ ဆိုတော့ ဓာတ်ပုံရယ်လို့လည်း စိတ်ရှိတိုင်းရိုက်ဖြစ်တာ မဟုတ်ပဲကိုး။ ရွာက ချမ်းသာတဲ့ မင်္ဂလာဆောင် တို့၊ အလှူ တို့မှာ ရွာကိုလာရိုက်ကြတဲ့ ဓာတ်ပုံဆရာရှိခဲ့ပါရဲ့။ မိန်းမပျိုတချို့က အရဲစွန့်ပြီး အမှတ်တရ ရှိုးပုံ တွေ ရိုက်ကြတာတွေလည်း ရှိပါရဲ့။ အေးသီ မရိုက်ခဲ့ရဘူး။ ဓာတ်ပုံရိုက်ဖို့ဆိုတာ အေးသီ တို့လို နွမ်းပါးကြသူ တွေအဖို့တော့ တောင့်တစရာကိစ္စ မဟုတ်သလိုကိုး။ ရှိတော့လည်း ဘာမှမဖြစ်ဘူး။ မရှိ တော့လည်း ဘာမှမဖြစ်ဘူးဆိုသလို နေသာသလို နေခဲ့တာပါပဲ။ အခုတော့ ရည်းစားလုပ်တဲ့သူက တောင်းနေပြီ။ ပေးလည်းပေးချင်တယ်၊ ရှိလည်း မရှိဘူ။

“ကိုကြိုင် လိုက်ရိုက်ပေးလေ၊ ပြီးတော့ ရွေးယူထားလိုက်ပေါ့”


မန္တလေးလိုမြို့မှာ ဓာတ်ပုံဆိုတာ ဘာမှမခဲယဉ်းတော့ဘူးဆိုပေမယ့် တကယ်ကျ မောင်ကြိုင်လည်း ဘာ ကစလုပ်ရမယ်မသိဘူး။ ဥပုသ်တော်ကုန်းဘက် ထွက်လိုက်ရင် ဓာတ်ပုံဆိုင်တွေ ရှိသားပဲ။ ဥပုသ်တော် ကုန်း ထိတောင် မထွက်ရပါဘူး။ ချော်ဆိပ်ဘက်၊ ဈေးဘက်၊ တိုက်တန်းလျားတွေဘက်မှာလည်း ဓာတ် ပုံဆရာတွေ ရှိပါ့။ သည်ကိစ္စ မတင်ကြည်ပြောပြတော့ မတင်ကြည်က ဓာတ်ပုံဆရာအခေါ်ခိုင်းပြီး ရိုက် ပေးလိုက်တော့မှ အဆင်ပြေသွားတာပါ။


မောင်ကြိုင့်မှာ အေးသီဓာတ်ပုံရှိပြီ၊ အေးသီမှာ မောင်ကြိုင့်ဓာတ်ပုံရှိပြီ။ သည်လို ချစ်ခဲ့ကြတဲ့ ချစ်သူဘ၀ ကနေ အေးသီကလာတောင်းရမ်းဖို့ပြောတော့ မောင်ကြိုင်ကလည်း လက်ခံတယ်။ ဒါနဲ့ အေးသီက အမေ မစွန်မ ကိုဖွင့်ပြောတော့ အမေက လိုက်အကဲခတ်တယ်။ သမီးရဲ့ရည်းစားက ရိုးသားတယ်၊ အလုပ်အကိုင် ရှိတယ်၊ ဆရာသမားက ချစ်ခင်တယ်၊ အေးသီကိုလည်း မြတ်နိုးပုံပေါ်တယ်ဆိုတာလောက် တော့ မစွန်မ အကဲခတ် နိုင်ပါတယ်။ သနပ်ခါးသည် မတင်ကြည်ကလည်း ထောက်ခံတယ်ဆိုတော့ သမီးသဘောပေါ့။ သမက်လောင်း ကိုလည်း ဘုရားစူးလွတ်ရုံ အဲသည်တစ်ခါ တွေ့လိုက်ရတာလွဲရင် ကျီးလား၊ ခင်ပုပ်လား တောင် မကွဲခဲ့ပါဘူး။ ယောက္ခမလောင်းရယ်လို့ ဆရာ့အိမ်ကို သမီးနဲ့လိုက်သွားလို့ သာကိုး။ လက်ဖက်ရည် ဆိုင် လိုက်ထိုင်ပြီး သားအမိနှစ်ယောက် လက်ဖက်ရည်တိုက်လွှတ်လိုက်တာနဲ့ ပြီးခဲ့ရတာ။


အခုတော့ ဘာမှခြေခြေမြစ်မြစ်မရှိခဲ့တာကစပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရပြီ။ သမီးကမှ ရည်း စား အကြောင်း လည်ရည်ပတ်ရည် မသိမှတော့ မအေက ဘာသိမှာတုန်း။ စစ်ကိုင်းနဲ့ မန္တလေး မြစ်ခြားရုံ ဆိုပေမယ့် သူတို့ရွာက စစ်ကိုင်းနယ် အနောက်စွန်မှာ။ ခေါင်ကလည်း ခေါင်၊ လမ်းပန်းကလည်းမသာ တော့ ကြိုတင် ညှိဟယ် နှိုင်းဟယ်လုပ်ရမယ့်ကိစ္စ မလုပ်နိုင်ခဲ့ဘူး။ သမီးအေးသီ မန္တလေးက တစ်ခေါက် ပြန်လာတော့ သည်နေ့သည်ရက် ကိုကြိုင်က သူ့ဆရာတွေနဲ့ လာမြန်းလှည့်တော့မယ်ပြောလို့ ထစီစဉ် လိုက် ရတာကိုး။ ငွေရယ်၊ ကြေးရယ်လို့ မောင်ကြိုင်ကလည်း ကြိုကြိုတင်တင် ထည့်ပေးလိုက်တာ မရှိ တော့ ရွာကပဲ ချေးရငှားရတယ်။


ရပ်ထုံးစံ၊ ရွာထုံးစံ မိန်းမလာမြန်းလာကြမယ့် ဧည့်သည်တွေကို ထမင်း ကျွေးရမှာကိုး။ အိုးသူကြီးနဲ့ အိုးကြီးချက် မချက်နိုင်လေတော့ လူဆယ့်လေးငါးယောက်စာလောက် တွက်ပြီး ချက်ထားလိုက်တယ်။ ရွာဘုံ က ဖျာကြမ်းသုံးလေးချပ် ငှားခင်း၊ ဘုန်းကြီးကျောင်းက ငါးစပ် တင်းတိမ်ငှားပြီး ထရံပေါက် ထရံကြဲ ကို လှည့်ကာရတယ်။ ရွာမိ ရွာဖတွေ အကြောင်းကြား၊ ရွာကာလ သား၊ ကာလသမီးတွေဖိတ်၊ မရှိတဲ့ အထဲက ကောင်းတာလေး ထုတ်ဝတ်ကြပြီး သားအမိနှစ်ယောက် မောင်ကြိုင့်ကိုစောင့်လိုက်ကြတာ မွန်းသာ တည့်ရော ရောက်မလာကြဘူး။ မနက်ဆယ်နာရီကတည်းက ရောက်နေကြတဲ့ ရပ်ရွာက လူကြီးသူမ၊ ကာလသမီး ကာလသားတွေကလည်း ပွစိပွစိဖြစ်ကုန်ကြပြီ။


“အခုတော့ ကောင်းကြသေးရဲ့လား၊ ညည်းကို ယုံမိတာလေ ငါ့ကိုယ်ငါ မခံချင်တာ၊ ရပ်နဲ့ ရွာနဲ့နေတာ ဟဲ့။ အခု လူကြီးတွေပါ လိမ်ရာကျနေပြီ။ မဦးမချွတ်တော် ကျုပ်သမီးကလေး ဒင်းမို့ ယုတ်မာတယ်။ လာစမ်းပစီ အစိမ်းလိုက် ကို ၀ါးစားပစ်လိုက်စမ်းမယ်၊ ဟင်း… ဟင်း”

မစွန်မက သမီးကိုလည်းငေါက်၊ လူကြီးတွေလည်း လှမ်းဖာထေး၊ မောင်ကြိုင့်ကိုလည်း မေတ္တာပို့၊ တစ် ကြိမ်တည်း သုံးမျိုးလုပ်နေတော့ ရွာက ဘကြီးဖိုးကိုးက သားအမိသနားတယ်နဲ့ တူပါရဲ့၊ စိတ်လျှော့ဖို့ ပြောရ တာပေါ့။ ရပ်နဲ့ ရွာနဲ့ဆိုတော့သည်ကိစ္စက အကျည်းတန်နေပြီကိုး။ တုတ်တစ်ပြက် ဓားတစ်ပြက် ဖြစ်တတ်တာ တွေလည်း ကြုံဖူးလှပြီဆိုတော့ ကြိုတင်စကားဖာရှာတယ်။

“ဟဲ့… စွန်မရဲ့ ခရီးကဝေးသကောဟဲ့။ နင်တို့က မဟုတ်တာ၊ သတို့သားက ရွာမရောက်ဖူးတာ နင်တို့က စောင့်ကြပ် ခေါ်ပြုလာရမယ့်လူတော့ စီစဉ်ထားရမှာပေါ့။ ရွာထဲ ကလေးတွေ အများသားဟာကို ဟိုခမျာ ဘာ အခက်အခဲ ရှိသလဲမှ မသိတာ အပြစ်တင်မစောကြပါနဲ့ဟယ်”


မွန်းလည်းတိမ်းပြီ။ ဧည့်သည်တွေကလည်းမလာတော့ မနက်ကိုးနာရီလောက်ကတည်းက လာပြီး ငုတ် တုတ် ထိုင်နေကြတဲ့ လူကြီးတွေကို အားနာဖို့ကောင်းပြီလေ၊ သည်တော့ ရွာကလူကြီးတွေကို ရှိတာ လေးချပြုကျွေးဖို့ ပြင်ကြရပြီ။ နဂိုအစီအစဉ်က ရွာကလူကြီးတွေအတွက် ထည့်ချက်ထားတာ မပါဘူး။ ဆယ်နာရီ လောက်ကြောင်းမြန်းပြောဆိုပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်ကြရုံကိုး။


အဝေးဧည့်သည်စာလောက် မှန်းချက်ထားတာဆိုတော့ အလွန်ဆုံးရှိရင် ဆယ်ယောက်၊ ဆယ့်ငါးယောက် စာပေါ့။ လယ်ကြား ငါးတစ် ခွက်၊ ၀က်သားတစ်ခွက်၊ ပဲဟင်းချိုတစ်ခွက်၊ ငရုတ်သီးကြော်တစ်ခွက်ထည့်ပြီး အသုပ် ကလေး၊ အမြှုပ် ကလေးလောက် ချက်ထားတာပါ။ ခုတော့ မစွန်မ က ဧည့်သည်အတွက်ရယ်လို့ ချက် ပါတယ်။ မရှိရတဲ့ ကြားထဲ ရွာခံတွေကို ကျွေးရတော့မှာဆိုတော့ အေးသီအပေါ် ဒေါသတွေ ပိုကျလာခဲ့ရော။ ကြားမှာစိုး တော့ ကျိတ်ဆဲရတာပါ။

“ထိုင်နေကောင်းသား ထသွားမှ ကျိုးမှန်းသိ၊ မရှိရတဲ့ကြားထဲ အပဲ့ဆားထိအေ၊ ညည်းတို့များ လင်လဲ လိုချင် သေးတယ်လေ ငါ မပြောလိုက်ချင်ဘူး။ မျက်နှာများ ဘယ်ထားရမှန်းတောင် မသိအောင်ပါလား အေး။ ဟင်း… ဟင်း… ငါလေ…”

အေးသီကတော့ ဆူသမျှ၊ ဆဲသမျှ ငုံ့ခံရတော့မယ့် အခြေအနေဆိုတော့ မအေကို ဘာမှပြောမနေတော့ ပါဘူး။ လမ်းဘက်ကို လှမ်းမျှော်တယ်။ ကိုကြိုင် က သူ့ဆရာကားနဲ့ လာမယ်ပြောထားတော့ ရွာထဲဝင် လာမယ့် ကားမျှော်ရတာလည်း မောလှပြီ။ အမေပြောလည်း ပြောစရာ။ အေးသီကတော့ စိတ်မလျှော့ သေးဘူး။ ကိုကြိုင် သူ့ဆီလာကို လာမှာပါ။ လမ်းပေါ်တစ်နေရာမှာများ ရှိနေရော့လား။


(၆)


ကိုချစ်တိုး က နောက်ခန်းကိုရောက်လာတဲ့ ဂက်စ်ဆရာကို အကဲခတ်တယ်။ ခုထိ စကားတစ်ခွန်း မပြော သေးဘူး။ တကယ်ဆိုရင် ဟိုးကမြင်ရတဲ့အုပ်အုပ်က ဘာရွာ၊ ရာဟုထောင့်က ညို့ညို့က ဘာရွာ၊ ရှေ့ ကျရင် ဘာတွေ့မယ်၊ တွေ့ရင် ဘယ်လမ်းကိုလိုက်ရမယ် စသည်ဖြင့် တစ်ခုခုတော့ ပြောရမှာပေါ့။ ဘယ့်နှယ် အခုဟာက ငုံးစုံပစ်ထိုင်လိုက်လာတာ ကားအပျော်လိုက်စီးနေတာကျလို့။ ကိုချစ်တိုးက ဂက်စ်ဆရာကို တို့တယ်။ အသံလေးတင်ပြီး ငေါက်ရတာပေါ့။


“နေဦး… ခင်ဗျား ဂက်စ်က ဘယ်ရွာတွေမှာ လိုက်ဖြည့်ရတာတုန်း၊ ခင်ဗျားကလဲ စကားလေးဘာလေး ပြောဦးလေဗျာ၊ လမ်းမသိ လို့ ခေါ်လာပါတယ်။ ခင်ဗျားက စကားလဲမပြောဘူး”

“လိုက်ဖြည့်ရတဲ့ ရွာတွေရယ်လို့တော့ စာရင်းလုပ်မထားဘူးလေဗျာ၊ ရောက်ရာပေါက်ရာ သည်လိုသွား ရသာကိုး”

“နေဦး သည်လမ်းလောက် ရွာဆက်ပြတ်တာ သည်လမ်းပဲရှိတယ်။ ခင်ဗျားက ဘယ်လိုလုပ်ပြီး ဂက်စ် လိုက်ဖြည့် တာလဲ။ အိမ်လဲမမြင် လူလည်းမမြင်၊ ဘယ်ကမီးခြစ် သွားထည့်မှာတုန်း”

“အဲသာပေါ့ ကျုပ်လည်း စဉ်းစားနေတာ… ကျုပ် သည်လမ်းကို တစ်ခါမှမရောက်ဖူးဘူးရယ်”

“အလို ခင်ဗျားကို သည်လမ်းပေါ်တွေ့လာတာပဲ။ ခင်ဗျားပဲသိဆို”


“သည်လမ်းအူကြောင်းကြီးကို အရပ်ရပ်က လာဆက်သဲ့ လမ်းတွေရှိတယ်ဗျ၊ ကျုပ်ကလည်း သည်လမ်း ပေါ် ဘယ်လိုရောက်လာမှန်းမသိသာ၊ကျုပ်သွားနေကျလမ်းကတော့ အရှေ့ဘက်ထွက်ရင် စစ်ကိုင်း ရောက်သယ်လေ”

“ဟောဗျာ သည်လမ်းအူကြီးက သည်တစ်လမ်းထဲရှိတာ မဟုတ်ဘူးလား”

“ဘယ်ဟုတ်ပါ့မလဲ လမ်းတွေရှိသေးမှတ်သာပဲ။ ကျုပ်သွားနေကျလမ်းက သည်လောက် ရွာဆက်မပြတ် ဘူး၊ တစ်ခုတော့ ရှိသယ်”

“ပြောပါဦး”

“ဘယ်လမ်းကသွားသွား လမ်းသုံးမွှာတော့ ရောက်သာချည်းပဲ။ ဘိုးတော်ဇရပ်လမ်းဆုံလို့ ခေါ်ကြသာ၊ အဲသာတော့ ကျုပ်ကြားဖူးသယ်။ ခင်ဗျားတို့ အခုသွားသာက ဘိုးတော်ဇရပ် ဦးတိုက်မှာ ဒန်သေပဲ။ ဘယ်လောက်ဝေးသယ်သာ မသိသာ”


သည်တော့မှ ကိုချစ်တိုး နည်းနည်းသဘောပေါက်သွားတယ်။ စစ်ကိုင်းအနောက်ဘက်ထွက်တဲ့လမ်းဆို တာ သည် တစ်လမ်းတည်း မဟုတ်ဘူး။ နောက်ထပ်ရှိလိမ့်မယ်။ သည်လမ်းက အခုမှ လမ်းအူကြောင်း ဖော်ထားတဲ့ လမ်းဖြစ်လိမ့်မယ်၊ လမ်းအူကြောင်းဖော်ပါဦးတော့ ရွာထဲက ဘာဖြစ်လို့ မဖြတ်တာလဲ။ လမ်းဆိုတာ ရွာတွေကိုအခြေခံပြီး ဖောက်ကြရတာ မဟုတ်လား။ ဒါတော့ ကိုချစ်တိုးလည်း မစဉ်းစား တတ်ဘူး။ ဒါပေမယ့် ဂက်စ်ဆရာ က ရိုးရိုးသားသားပြောနေတာဆိုတော့ ကိုချစ်တိုး လက်ခံလိုက်တယ်။ ဘုမသိ ဘမသိ နဲ့ ငွေသုံးထောင်လိုချင်လို့ လိုက်လာတာဆိုတာလည်း ရိပ်မိသွားတယ်။

“ဒါဖြင့် ခင်ဗျား က ဘာမှန်းညာမှန်းမသိဘဲ လိုက်လာတာပေါ့”

“အစစ်ပေါ့”


“ခင်ဗျား ဆင်းချင်ရင် ဆင်းလို့ရတယ်၊ ခင်ဗျားသဘောပေါ့”

“သည်အနားရောက်မှတော့ ကျုပ်လည်း ကျုပ်ရွာကျုပ် မပြန်တတ်တော့ဘူး”

“သည်အနားက ပြန်လျှောက်တာကမှ နီးလိမ့်ဦးမယ်၊ ကြာလေ ခင်ဗျား ပိုဆိုးလေပေါ့”

ဂက်စ်ဆရာက တွေခနဲဖြစ်သွားတယ်။ ခပ်လှမ်းလှမ်းက ပြပြမြင်နေရတဲ့ ရွာဆီကို လည်ဆန့်ကြည့် တယ်။ တစ်အောင့် နေတော့မှ ဆုံးဖြတ်ချက်ကျပုံမျိုးနဲ့ ပြောတယ်။

“ကိုင်း… ဟိုးကမြင်ရသဲ့ ရွာဘက်လယ်ကွင်းတွေထဲက ဖြတ်လျှောက်သွားရင် ဖြစ်လောက်မယ်ထင်သာ ပဲ၊ အဲသည်ရွာ ရောက်ရင် မေးစမ်းပြန်ရုံပေါ့၊ တတ်နိုင်ဘူး”

ဂက်စ်ဆရာ ကိုကြည့်ပြီး ကိုချစ်တိုး ရယ်လည်းရယ်ချင်၊ သနားလည်း သနားမိပါရဲ့။ ခမျာလိုက်လာမိတာ နဲ့ မကာမိ ပြန်လျှောက်ရရှာမှာကိုး။

“ကိုင်း… ဒါဖြင့်လည်း ကိုကျော်သန်း ကားရပ်ဗျို့”


ကိုကျော်သန်းက ကားရပ်ပေးတယ်။ ဂက်စ်ဆရာက မဆင်းဘူး။ ပေတောတေလုပ်နေတော့ ကိုချစ်တိုး က တိုက်ပုံ ထဲက တစ်ထောင်တန်သုံးရွက်နှိုက်ပြီး လက်ထဲထည့်ပေးလိုက်တယ်။ ဂက်စ်ဆရာက သည် တော့မှ ငေါက်ခနဲ ထပြီး ကားဘေးက ခုန်ချဖို့ပြင်တယ်။ အားရ၀မ်းသာအဆင်းမှာ လူဝကြီး ကိုမှတ်တင် ခြေဆင်း ထားတဲ့ ညို့သကျည်းတက်နင်းမိပါလေရော။

“ဟာ ခွေးမသား ညို့သကျည်းတက်နင်းရသလား၊ အမယ်လေး လေး နာလိုက်တာကွာ”

လူဝကြီး ကိုမှတ်တင်က ပြောရုံရှိသေးတယ်။ ဂက်စ်ဆရာက အောက်ရောက်သွားလို့ ကွင်းစပ်တောင် နင်းနေပြီ။

“ခွေးမသား မြွေနဲ့တွေ့မယ့်ကောင်”


လူဝကြီးက ကျိန်ဆဲတော့ တရုတ်ကြီး ဦးဝိန်က မင်္ဂလာစကား ခုမှပြောရတော့တယ်တဲ့။ ကားက ဆက် ထွက်လာ ပြန်ရော။ လမ်းက တော်တော်လေး ဆိုးလာတယ်။ ကားက မြင်းလို ခုန်ပေါက်နေတော့တာပါ။ မြေစေး တုံးကြီးတွေဆိုတော့ တစ်တုံးပြီးတိုင်း တစ်တုံးပေါ်တက်နေရတာမျိုး ဖြစ်နေတယ်။ ကိုချစ်တိုးက ဒါကို မြင်တော့ ညည်းတယ်။

“နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ၊ မဗေဒါက တစ်ပင်တည်းဆိုတာ ဒါမျိုးနေမှာ”

“မဟုတ်ဘူး ချစ်တိုးရ၊ ချစ်သူတို့လျှောက်သော လမ်းကလေးဆိုတာမှ မှန်တာ”

ဦးဝိန် က ၀င်ပြောတော့ ကိုမှတ်တင်ကလည်း အားကျမခံဝင်ပြောရော။


“ပေတစ်ရာဆီလျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်ဆိုတာ သည်လမ်းမျိုးပေါ့ကွာ”

မောင်ကြိုင်ကတော့ ကုပ်ကျိုးနေပြီ။ ခမျာလည်း စိတ်ညစ်နေပြီ။ စကားလည်း မပြောဘူး။ သူ့ဆရာကို ရော၊ လူကြီးတွေကိုပါ အားနာဟန်တူပါရဲ့။ ရွာက မိန်းကလေးခမျာ မျက်စိသူငယ်၊ နားသူငယ်နဲ့ ဖြစ်ရှာ ရော့မယ် လို့လည်း တွေးမိပုံပေါ်ရဲ့၊ ကိုချစ်တိုးကို နာရီမေးတော့ တစ်ချက်တဲ့။ ကိုကျော်သန်းကားက ပတပ် တွေ မနားတမ်းရပ်ရာက ကား တကယ်ရပ်သွားပါလေရော။ ကိုချစ်တိုးလည်း လန့်သွားတယ်။ ဘီးများ ပေါက်ရော့လား။ ဘီးပေါက်ရင်တော့ ကလေးတွေပြောသလို ရွာလည်ပြီကိုး။

“ကိုကျော်သန်း ဘာတုန်းဗျို့”

“ရှေ့မှာ နွားသမားတွေဗျ မေးပါဦး၊ အနောက်က တက်လာကြတာပဲ”


ကိုချစ်တိုးက နောက်ခန်းက မတ်တပ်ရပ်ကြည့်လိုက်တော့ နွားသမားလေးယောက်၊ နွားက အကောင် အစိတ် လောက် ရှိလိမ့်မယ်။ ကြိုးတွေတွဲပြီး ဆွဲလာကြတယ်။ နွားအရောင်းအ၀ယ်သမားတွေဆိုတော့ ရွာစဉ်လှည့် နွားအလဲအထပ် လုပ်ကြတဲ့လူတွေ ထင်ပါရဲ့။ သူတို့ထက်သေချာတာ ဘာရှိလိမ့်မတုန်း။ နွားသမား တွေက ကားတွေ့တော့ အောက်ဖက် လယ်ထဲဆင်းပေးကြတယ်။

“ဗျို့ဆရာတွေ မေးစရာရှိလို့ပါ၊ လယ်ပြင်ကြီးဆိုတာ တော်တော်လိုသေးသလားလို့”

နွားသမားထဲက ခေါင်းဆောင်က အခုမှ စိတ်အေးသွားပုံနဲ့ နွားတွေကို တောင့်လိုက်ပြီး စဉ်းစားတယ်။

“ခင်ဗျား တို့ က လယ်ပြင်ကြီး သွားကြဖို့လား”

“ဟုတ်တယ်”


“သည်ကဆက်သွားရင် ဘိုးတော်ဇရပ်လမ်းဆုံး ရောက်လိမ့်မယ်၊ အဲသည်ရောက်ရင် နွားဝန်တင်လှည်း တွေ ရှိပါဗျား၊ လမ်းက သုံးမွှာဆိုတော့ တောင်ဘက်ဆက်လိုက်ရဦးမှာ၊ ခင်ဗျားတို့က လမ်းမှားလာတာ၊ ဟိုးမြောက်ဘက် မှာ ဒါမျိုးတစ်လမ်းရှိသေးတယ်ဗျ။ အဲသည်သွားမှ လယ်ပြင်ကြီးတို့၊ ကိုင်းကုန်းတို့၊ ယင်းမာပင် ခြောက် တို့၊ နဘဲကုန်း တို့ ဆက်ရောက်သာရယ်”

“ဒါဆို သည်လမ်းက ဘာတုန်း”

“ဒါက ကုမ္ပဏီသုံး လမ်း နေမှာပေါ့၊ စစ်ကိုင်းအနောက်ဖျားမယ် ကုမ္ပဏီကြီးတစ်ခုက ဂိုဒေါင်ကြီးတွေ ဆောက် နေတာ၊ သူတို့ကိုယ်ပိုင် လမ်းလုပ်မယ်နဲ့တူတာပဲ”

“အဲသလို ဖြစ်လိမ့်မယ်။ ဟုတ်ပြီ သဘောပေါက်ပြီ။ ဒါဆိုရင် ဆက်သွားရင် ရပြီပေါ့”

“အင်”

“ဘာတုန်းဗျ”


နွားသမားတွေက စကားတစ်ခွန်းကျန်နေသလို လုပ်နေတော့ ကိုချစ်တိုးက ဘာလဲသိချင်လို့ မေးလိုက် တာပါ၊ နွားသမားခေါင်းဆောင်က လက်ညှိုးထိုးပြတယ်။ နီးနီးတော့ မဟုတ်ဘူး။ တော်တော်လေးလှမ်း တဲ့နေရာပါ။ သူပြတဲ့နေရာကြည့်လိုက်တော့ သစ်ပင်ကလေးတစ်ပင် တွေ့ရတယ်။

“အဲသည် သစ်ပင်နားမှာ ဧရာမချိုင့်ကြီးရှိတယ်။ လမ်းကျိုးနေသာဗျ၊ တစ်နေ့က မိုးရွာထားတော့ ဗွက် တွေလည်း လည်လို့။ ကျုပ်တို့တောင် လယ်ထဲက ပန်းခဲ့ရသယ်”

သည့်ထက်သေချာတဲ့သတင်းတော့ မရှိတော့ဘူး။ သူတို့တောင် လယ်ထဲကပန်းခဲ့ရတယ်ဆိုမှတော့ သေချာပြီပေါ့။ ကားကော လယ်ထဲက ပန်းပြီး မောင်းရင် ရသလားဆိုတော့ မရလောက်ဘူးတဲ့။ လမ်း ဘေးမှာ မြောင်းလိုချိုင့်ကြီးတွေရှိသတဲ့။ သည်တော့ ကားကော လမ်းကျိုးပေါ်က ဖြတ်မောင်းလို့ရနိုင်သ လားဆိုတော့ ဗွက်နစ်မှာပဲတဲ့။

“ခင်ဗျား တို့ လူဘယ်နှစ်ယောက်ပါကြတုန်း”


“ရှစ်ယောက်”

“မရလောက်ဘူး၊ ကားအခွံချည်းမောင်းပြီး လူတွေတွန်းမှရမှာ၊ ရမယ်ဆိုသာတောင် ခင်ဗျားတို့ပါသဲ့ လူ လောက်နဲ့တော့ ကျုပ်ထင်သာနော် မရလောက်ဘူး”

“အဲသည်လောက်တောင်လား”

“ခင်ဗျားတို့သွားရင် တွေ့မှာပဲလေ”

ဟုတ်သားပဲ၊ နွားသမားတွေက ညာစရာအကြောင်းမှမရှိပဲကိုး။ ဆက်မောင်းရင်တွေ့မှာပဲ။ တွေ့ပါပြီတဲ့ ကားပေါ်ပါတဲ့လူနဲ့တင် မရဘူးဆိုမှတော့ ဘာဆက်လုပ်မလဲ။ သည်မှာတင် တရုတ်ကြီး ဦးဝိန်က နွားဆ ရာတွေကို အဲသည့်လမ်းကျိုးအထိ လိုက်ခဲ့ပါဗျာလို့ ခေါ်တယ်။ လမ်းကျိုးတစ်ဖက်ကို ကားကျော်တာနဲ့ လက်ဖက်ရည်ဖိုးပေးမယ်လုပ်ရော။ နွားဆရာက စိတ်ဝင်စားပေမယ့် ကျန်တဲ့နွားသမားတွေက သဘော မတူ ချင်ကြဘူး။ သူတို့ကလည်း ရိုးရိုးသားသားနွားဝယ်၊ နွားအလဲအထပ်လုပ်လာတာ ဟုတ်ချင်မှဟုတ် မှာ မဟုတ်လား။ အသွားအလာမရှိသေးတဲ့ ကုမ္ပဏီပိုင်လမ်းဘက်က ထွက်လာကြတယ်ဆိုကတည်းက လူရှောင် တာလည်း ဖြစ်နိုင်တာပဲကိုး။


“ကျုပ်တို့က အချိန်နဲ့သွားကြရမှာဗျ၊ တစ်ရွာတစ်ရွာ နွားတွေအများကြီးနဲ့ ကူးဖြစ်သာမဟုတ်ဘူး၊ ကျုပ် တို့ ကလည်း သုတ်သုတ်ရယ်”

နွားသမားတစ်ယောက်က ငြင်းတဲ့သဘောနဲ့ ပယ်ချတယ်။ ကိုချစ်တိုးက သဘောပေါက်သွားပြီ။ ခေါင်း ဆောင် က လုပ်ချင်တယ်။တပည့်တွေက မလုပ်ချင်ဘူး။ ဒါ ခင်ဗျားတို့ ဘယ်လောက်ပေးမှာလဲလို့ ပြော နေတာလား၊ တကယ်ပဲ သူတို့အလုပ်အတွက် အန္တရာယ်ရှိလို့လား၊ ပိုက်ဆံများများပေးရင် လိုက်လာဖို့ များတယ်။ သူတို့ကချည်း လူလေးယောက်။ နွားက အကောင်အစိတ်လောက်။ လူရော၊ နွားရော၊ ကား ပေါ် က လူတွေရော ၀ိုင်းတွန်းရင် လမ်းကျိုးကိုကျော်နိုင်မယ်။

“ကျုပ်တို့နဲ့လိုက်ခဲ့ဗျာ၊ ကားဝိုင်းတွန်းပေး လမ်းကျော်တာနဲ့ ကျုပ် တစ်သောင်းပေးမယ်”


တစ်သောင်း ဆိုတော့ နွားသမားတွေက လမ်းပေါ်က ကောက်ရတဲ့ ပိုက်ဆံလို့သဘောထားကြပုံပေါ် တယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြပြီ။ လိုက်ကြမယ့်ပုံလည်း ပေါ်နေကြပြီ။ ကိုချစ်တိုး က “ကဲပါဗျာ၊ တစ်ယောက် သုံးထောင် ကိုက်အောင် သောင်းနှစ်ထောင်ပေးပါမယ့်”လည်းဆိုရော နွား သမား က လိုက်ခဲ့မယ်ဖြစ်ကရော။

ဒါပေမယ့် နွားတွေက အကောင်အစိတ်လောက်ဆိုတော့ နွားတွေ တန်းလန်းနဲ့လိုက်မဖြစ်ဘူး။ သည် တော့ နွားတွေထိန်းဖို့ နွားသမားတစ်ယောက်ထားခဲ့ပြီး ကျန်တဲ့သုံးယောက်က လိုက်ခဲ့ကြဖို့ သဘောတူ ကြတယ်။ နွားတွေနဲ့ ကျန်ရစ်ခဲ့တဲ့ နွားသမားခမျာ နေပူကြီးထဲ နွားအကောင်အစိတ်က ကြိုးတွေစုကိုင် ပြီး ကျန်ခဲ့ ရတာဆိုတော့ မြန်မြန်ပြန်လာကြဖို့ မှာရှာရဲ့။ နွားသမားတွေက ကားပေါ်တက်တာနဲ့ ကို ကျော်သန်းက ကား ကို ဆက်မောင်းလာခဲ့တယ်။


“အားနာလို့သာရယ်၊ ခင်ဗျားတို့နှယ်မိုက်လုံးကြီးလိုက်တာ၊ သည်လမ်းစဖောက်ကတည်းက ခင်ဗျားတို့ ကား ပထမဆုံး မောင်းလာတာ ထင်တာပဲ”

“ကုမ္ပဏီကား တွေက မသွားကြဘူးလား”

“လမ်းအူကြောင်း ရှိသေးသာဗျ၊ သူတို့ကဟိုးမြောက်ဘက်လမ်းဘက်က ၀င်ကြသာ ဝေးတော့ဝေး သယ်။ သည်လမ်းကောင်းအောင်လုပ်ပြီးမှ သူတို့ သုံးမယ့်သဘောပေါ့”

မင်္ဂလာ စကားပြောကြမယ့် လူကြီးတွေလည်း နွားသမားနဲ့တွေ့မှ ခင်ဗျားတို့မိုက်လုံးကြီးလိုက်တာ ဖြစ် ကရော ဆိုတော့ ဘာပြန်ပြောရမှန်းတောင် မသိကြတော့ပါဘူး။ လူလေးယောက် နွားအကောင်အစိတ် နဲ့ တွေ့လိုက်ရတာပဲ ကျေးဇူးတင်ရသေးတာ မဟုတ်လား။ တာလမ်းကျိုးနေတယ်ဆိုတဲ့ နေရာက တော်တော်လေး သွားရတယ်။ ကားကလည်း လမ်းကျိုးမရောက်ခင် ရုန်းရတာနဲ့တင် ချူသံပါနေပြီ။ ညှော်လိုက်တာ လည်း တူးလို့။ သည်လိုနဲ့ ကားက လမ်းကျိုးထိပ်ရပ်မိကရော။

“ဟာ… ဟုတ်သားဟ”


(၇)


လယ်ပြင်ကြီးထန်းတောထဲမှာ ရွာကာလသားလေးငါးယောက် ထန်းရည်သောက်နေကြတယ်။ တော် တော်လည်း မူးနေကြပါပြီ။ လယ်ပြင်ကြီးသားက သုံးယောက်၊ လယ်ပြင်ကြီး ရဲ့တောင်ဘက်ကပ်လျက် အုန်းပင်ကောက် က နှစ်ယောက် သောက်နေကြတာဆိုတော့ တစ်ဖက်ရွာသားနှစ်ယောက်ကို လိုက် ဧည့်ခံရင်း ရွာခံသုံးယောက်ကပါ သောက်နေကြတဲ့ သဘောပေါ့။ သည်လိုပါပဲ။ သူ့ရွာရောက်တော့ သူ ဧည့်ခံ၊ ကိုယ့်ရွာရောက်တော့ကိုယ်ဧည့်ခံကိုး။ အရက်ကြိုက်သူ အရက်၊ ထရေကြိုက်သူ ထရေပေါ့လေ။ သည်မနက် အုန်းပင်ကောက်က သူငယ်ချင်းနှစ်ယောက် ရောက်လာတာ သောင်းစိန်အတွက်တော့ အကွက် ရသွားတယ်။


ကနေ့မနက် ရွာက မစွန်မသမီး အေးသီကို မန္တလေးကစက်ဆရာက လာတောင်း မယ်၊ မြန်းမယ် ဆိုကတည်းက သောင်းစိန် ဖျပ်ဖျပ်လူးနေပြီ။ သောင်းစိန်က အေးသီကိုကြိုက်တာ တစ် ပိုင်းသေလို့၊ အေးသီ ကလည်း သောင်းစိန် ကို မကြိုက်လိုက်တာ တစ်ပိုင်းသေလို့ဆိုတော့ ဖျပ်ဖျပ်လူးကာ မှ လူးရော ဘာမှတော့ မဆက်စပ်ဘူးပေါ့လေ။ သောင်းစိန်က တစ်ဖက်သတ်ကြိုက်လိုက်တာ တစ်ပိုင်း သေလို့။


အေးသီတို့က ဆင်းရဲတယ် ဆိုပေမယ့် အကျင့်စာဂ ကောင်းတယ်ဆိုတာ ရွာကသိကြတယ်။ မုဆိုးမသား အမိ ဆိုပေမယ့် ဘယ်သူကမှ သရော်မော်ကား မလုပ်ဝံ့ကြဘူး။ ပရောပရီလုပ်ဖို့များတော့ ဝေးရော။ မစွန်မ ကလည်း နှုတ်ကကြမ်းကြမ်း မဟတ်ုလား။ လူက အရိုးပိန်ဆိုပေမယ့် ကျစ်လိုက်တာ သံချောင်း ကျလို့ ဆိုတော့ ခြေထောက်ချင်းဆိုင်ရိုက်ရင်တောင် တစ်ဖက်သားကျိုးကျသွားနိုင်တယ်ဆိုတာမျိုး။

သောင်းစိန် က အေးသီကို အပျို၊ လူပျိုစိတ်ကလေးတွေ ၀င်ကြပါပြီဆိုကတည်းက ကြိုက်တာပါ။ ရွာထဲ မှာ အေးသီ ထက် ချောတာ၊ လှတာ၊ ပိုက်ဆံရှာတာတွေ များပါရဲ့။ သောင်းစိန်ကတော့ အေးသီမှ အေးသီ တန်းတန်းစွဲ နေတာ။ ရွာကတော့ လူငယ်သဘာဝ သည်လိုပါပဲရယ်လို့ ဘာမှမပြောကြပါဘူး။ ဒါ ဖြင့် အေးသီ ကကော ဘယ်သူ့ကြိုက်သလဲမေး။ အဲသလိုလည်း မရှိပါဘူး။


အပျိုဖြစ်ပါပြီဆိုကတည်းက လူပျိုပေါက်တွေက သူငယ်ချင်းလို ခင်မင်ကြတာရှိသလို ပိုးချင်းပန်းချင်တာ များလည်း ရှိပါရဲ့။ အေးသီ က ဘယ့်နှယ်မှမနေဘူး။ လုပ်ကိုင်စားရတာ ပင်ပန်းရတဲ့ကြားထဲ မဆတ်ဆော့ အားပေါင်တော်ဆိုတဲ့ မိန်းကလေးမျိုးဆိုတော့ လန့်ကြတဲ့သူငယ်တွေ များကြတယ်။ သောင်းစိန်ကတော့ မလန့်ဘူး။ အေးသီ မှ အေးသီ။ သောင်းစိန်တို့မိဘများက နည်းနည်းပါးပါးတော့ သောင်သာကြတယ်။ အေးသီ တို့ထက် စီးပွားရေးကောင်းတယ်။ ငောင်းစိန်က မိုက်မိုက်ရမ်းရမ်း ဆိုမနိုင်ပြောမနိုင်ဆိုတာမျိုး မဟုတ် ပေမယ့် အိမ် က နွားတောင် တစ်တိုင်ကတစ်တိုင် ပြောင်းချည်ချင်တဲ့ကောင် မဟုတ်ဘူး။ ရေတစ်ထမ်း မထမ်းဘူး။ နွားစားကျင်းထဲ ပဲလေး၊ မှော်လေး နှံ့အောင်လှန်လိုက်စမ်းပါဆိုတာတောင် လှန် ချင်တာ မဟုတ်ဘူး။ အေးသီက ဒါကြောင့်ရယ်လို့တော့ မဟုတ်ပါဘူး။ မကြိုက်ချင်လို့ကို မကြိုက်တာပါ။


“အေးသီ နင် မာနကြီးလိုက်တာဟာ၊ ငါနဲ့များ စကားမပြောချင်သလိုပဲ”

“ဘာမာနမှ မရှိပါဘူးဟယ်၊ လူမှ ထမင်းအနိုင်နိုင် ရှာစားနေရတဲ့ဟာ၊ ဘယ်ကမာနကလာပြီး ရှိရမှာ တုန်း၊ နင် နဲ့ မှ မဟုတ်ပေါင်၊ ဘယ်သူနဲ့မှကို စကားပြောဖို့ အချိန်မရဘူး”

“နေဦး ငါ ပြောထားတာလေးတော့ အဖြေပေးခဲ့ပါဦး”

“ဘယ်ဟာများပါလိမ့်”

“ဟိုလေဟာ နင့်ကို ဘုရားပွဲရက်က ဒွေးစံမေတို့ ၀ိုင်းတိုက်မှာ ပြောခဲ့တာလေဟာ အေးသီကလဲ”

“နင် မူးမူးနဲ့ပြောတဲ့စကားတွေ အများကြီး၊ ငါက ဘယ့်နှယ့်လုပ် မှတ်မိမှာတုန်း”

“နင့်ကို ကြိုက်တယ်ဆိုတာလေ”

“အမယ်လေးလေး… မောင်းထောင်နဲ့ တောင်ငူ မအပ်မရာ”


အေးသီနဲ့ သောင်းစိန်က အဲသလိုဖြစ်နေကျ။ သောင်းစိန်က အလှူရှိလို့၊ ရွာဘုရားပွဲရှိလို့၊ ဆွမ်းတော် ကြီးတင်ရှိလို့၊ မင်္ဂလာဆောင်ရှိလို့၊ အပျိုလူပျိုစုကြတဲ့ပွဲမျိုးဆိုရင် အေးသီအနား မရရအောင် ကပ်ပြီး ပျားများ၊ ပိတုန်းများ “ရုန်း”ကြသလို တဒီဒီနဲ့၊ ပြောချင်ရာ ပြောနေတတ်တယ်။ အေးသီကလည်း ခေါင်း ထဲ မသွင်းပါဘူး။ ကိုယ့်ရွာက ရွာသားချင်း၊ ကာလသား ကာလသမီးချင်းပဲလေဆိုတာမျိုးနဲ့ သည်းခံ လိုက်တာ များပါတယ်။ သည်းမခံနိုင်တော့ဘူးဆိုရင်တော့ နီးရာထင်းချောင်းနဲ့ ကောက်ပေါက်ပစ်လိုက် တာပဲ။ သောင်းစိန် မိဘများ က သူတို့သားက အေးသီကြိုက်နေတာကို မကြည်သာချင်ဘူး။ အေးသီက မကြိုက်ဘူး ဆိုတာလည်း သိပါရဲ့။ မုဆိုးမသမီးက အခြေကြီးလို့ ငါတို့သားမှမကြိုက်ရအောင် ဘာမို့လို့ တုန်း ဆိုတာ ပါသလို ကြိုက်လိုက်မှာလည်း စိုးကြတယ်။


အပိုင်း-( ၃ )ဆက်ရန် 


{ ရွှေဇင်ဦးဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်။}



No comments:

Post a Comment