#ငယ်နာမည်ဆယ်ပြား (လှလိုက်တာနော် နှင့် ရသ စာတမ်းငယ်များ )
#အောင်သင်း
လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က ကျွန်တော်က တက္ကသိုလ်မှာ ဆရာ ဖြစ်စ။ ကျွန်တော့် ဇာတိ တောင်တွင်းကြီးမြို့မှ ရန်ကုန်သို့ ပြန်ရန် နံနက်ဝေလီဝေလင်း အချိန် ကားပေါ်ရောက်နေပါပြီ။ ကားက ထွက်ခါနီးပြီ။ ကားပေါ်က ခရီးသည်များနှင့် ကားဘေးက ရပ်နေသူများမှာ မှာကြ၊ ကြားကြ၊ ပြောကြ၊ ဆိုကြ။ ထိုအခိုက် ‘ ပြန်တော့မလားဆရာ ’ ဟု နှုတ်ဆက်သံကြား၍ ကြည့်လိုက်တော့ အသက် ၁၆ နှစ်ခန့် မည်းပိန်ပိန် ကောင်လေးတစ်ယောက်။ ကျွန်တော် ရုတ်တရက် မမှတ်မိ။ သေချာ ကြည့်ပြီးမှ –
“ဟဲ့ကောင် မင်း ‘ဆယ်ပြား’ မဟုတ်လား”
“ဟုတ်ပါတယ် ဆရာ”
“ဘယ်နှယ့်လဲကွ၊ ဆယ်ပြားထဲလား၊ ဆယ့်ငါးပြား မဖြစ်သေးဘူးလား”
သည်တော့ သူနှင့်အဖော်ပါလာသူ ကောင်လေးက-
“ဆယ့်ငါးပြား မဖြစ်တဲ့အပြင် ငါးပြားဖြစ်နေလို့ ဆရာရေ့”
ကျွန်တော်တို့အားလုံး ရယ်မောမိကြပါသည်။ မော်တော်ကားလည်း ထွက်လာပါပြီ။
ကျွန်တော် ၁၀ တန်းအောင်ပြီး တက္ကသိုလ်မတက်မီ တောင်တွင်းကြီးမြို့မိုးထိအလယ်တန်းကျောင်း တွင် အလယ်တန်းပြဆရာ လုပ်ခဲ့ပါသေးသည်။ ဆရာတို့မည်သည် တပည့်ပေါင်းများစွာအနက် အချို့တပည့်များကို နှစ်ပေါင်းများစွာ မှတ်မိနေတတ်ပါသည်။ အလွန်တော်သော တပည့်၊ အလွန်ညံ့သော တပည့်၊ အလွန်လိမ္မာသော တပည့်၊ အလွန်ပေသော တပည်၊့ ဖြစ်ရပ် ထူးထူးဆန်းဆန်းကြုံရသော တပည့်တို့ကို စွဲနေအောင် မှတ်မိတတ်ပါသည်။
သည်အကောင် ဆယ်ပြားကို မှတ်မိပုံကတော့ သူ့နာမည်ကြောင့်တစ်ကြောင်း၊ ပေစုတ်စုတ်နိုင်၍ တစ်ကြောင်း ဖြစ်ပါသည်။ အချို့တပည့်များမှာ စာတွင် ပေစုပ်စုပ်နိုင်သော်လည်း ဆရာကို အလွန်ရိုသေ ပါသည်။ ဆရာက ခိုင်းလိုက်သမျှ (ကျောင်းစာမှအပ) ကျိုးနွံစွာ လုပ်ဆောင်လေ့ ရှိပါသည်။ ဆယ်ပြားက ထိုတပည့်မျိုး ဖြစ်သည်။
ကျွန်တော်၏ အလယ်တန်းပြဆရာဘ၀ကို ပြန်လည်၍ တွေးမြင်ယောင်ဖြစ်ရင်း မော်တော် ကားပေါ် ပါလာခဲ့ပါသည်။ ဆယ်ပြား၏ ငယ်ရုပ်ကလေးကိုလည်း ပြန်လည်မြင်ယောင် နေပါသည်။ သည်ကောင့် နာမည်နှယ် ‘ဆယ်ပြား’ လို့ပဲ၊ ဆန်းဆန်းပြားပြား နာမည်မှည့်စရာ ရှားသမို့လား၊ ရယ်စရာပဲ ကောင်းသေးတော့ဟု တွေးနေမိပါသည်။
နေပါဦး၊ ဆယ်ပြားလို့ ဘာကြောင့်မှည့်ရတာလဲ။ ဘာအဓိပ္ပာယ်လဲ။ ကျွန်တော်တို့မြန်မာလူမျိုး တို့သည် ငယ်နာမည်မှည့်လျှင် အကြောင်းတစ်ခုခုကို အခြေခံပြီး မှည့်လေ့ရှိသည်။ ‘ဆယ်ပြား’ ဆိုတာလည်း အကြောင်းတစ်ခုတော့ ရှိရမည်။ တဝေါဝေါပြေးနေသည့် မော်တော်ကားပေါ်တွင် ကျွန်တော်လည်း အလုပ်မရှိ အလုပ်ရှာပြီး ဆယ်ပြားကိစ္စကို တွေးနေမိပါသည်။
ဆယ်ပြား ဆယ်ပြား ဘာလုပ်တဲ့ ဆယ်ပြားလဲ။
ကျွန်တော် ဖြုန်းခနဲ သတိရလိုက်သည်။ မြန်မာ့ထုံးစံ။ တန်တော့သည်အကောင်ကို သူ့မိဘများက ဆယ်ပြားနှင့် ရောင်းလိုက်တာဖြစ်လိမ့်မည်။ အမှုတစ်ခုကို ဖော်လိုက်နိုင်သည့် စုံထောက်လို ကျွန်တော် ၀မ်းသာသွားပါသည်။ သူ့မိဘများတွင် သူ့အရင်က ကလေးများ အဖတ်တင်ခဲ့ဟန်မတူ။ ထို့ကြောင့် သူ့မိဘများက သူ့ကို ဆယ်ပြားနှင့် ရောင်းခဲ့ပေလိမ့်မည်။
ကျွန်တော်တို့ မြန်မာလူမျိုးတို့တွင် သားသမီး အဖတ်မတင်လျှင် ဖိတ်စဉ်သွားသော ကလေးများ စီးခဲ့သည့် ပုခက်ကိုပင် မသုံးတော့ဘဲ သားသမီး အဖိတ်အစဉ် မရှိသည့်အိမ်က ပုခက်ဟောင်းကို တောင်းပြီး ဆင်သည်။ တစ်ခါတစ်ရံ သားသမီး အဖိတ်အစဉ် တစ်ယောက်မျှမရှိသော မိဘများ၊ သို့မဟုတ် သီလသမာဓိ ပြည့်စုံသော အဖိုးအဖွားများထံသွားပြီး ကလေးကို ရောင်းကြသည်။ ၀ယ်သောမိဘများက ပိုက်ဆံပေး၊ ကလေးကို ယူလိုက်သည်။ ရောင်းသူက ‘ကဲ နင့်ကလေးကို ရောင်းလိုက်ပြီ။ ငါ့သား မဟုတ်တော့ဘူး’ ဟု ရေရွတ်သည်။ ၀ယ်သူက ‘ကဲ သားကို ၀ယ်လိုက်ပြီ၊ တို့သားဖြစ်ပြီ။ တို့ဆီမှာနေ၊ ဘယ်မှမသွားနဲ့၊ ဘယ်မှမပြန်နဲ့’ ဟု ပြောဆိုပြီး ပိုက်ပိုက်ပွေ့ပွေ့ လုပ်သည်။ တစ်ခါတစ်ရံ တစ်နေ့လုံး ‘၀ယ်မိဘ’ များထံမှာပဲ ကျွေးမွေးသိပ်ထားသည်။ နောက်မှ မွေးမိဘထံ ‘ ရော့ ငါတို့သားကို ညည်းတို့ ကြည့်ပြီး ထိန်းပေးစမ်း၊ ညည်းတို့သား မဟုတ်ဘူး၊ ငါတို့သားကို အထိန်းအပ်တာ’ ဟု ရေရွတ်ပြီးပြန်ပေးသည်။ သြော်…. သည်အကောင်ကိုလည်း ဤသို့လျှင် ဆယ်ပြားနှင့်ရောင်းခဲ့ပေလိမ့်မည်။ မိခင်က ဆယ်ပြားစေ့လေးကို တရိုတသေ သိမ်းထားပေလိမ့်မည်။ သည်အကောင်ကိုလည်း ဆယ်ပြားနှင့် ရောင်းခဲ့ရသည်မို့ သူ့နာမည် ‘ဆယ်ပြား’ ။ ဒီလိုဆိုတော့ ‘ဆယ်ပြား’ ဆိုသော နာမည်သည် ရယ်စရာမဟုတ်၊ ချစ်စရာ သနားစရာ နာမည်ပါလား။ မိဘတို့၏ ချစ်ခြင်း၊ စိုးရိမ်ခြင်း၊ ပူပန်ခြင်းတို့ကို ဖော်ပြနေသော နာမည်ပါလား။
ဆယ်ပြားနှင့် ရောင်းသည်ပဲထားပါတော့။ ဘာကြောင့် ဆယ်ပြားတည်းနှင့် ရောင်းရသလဲ။ ငါးကျပ် တစ်ဆယ် နှင့် ရောင်းပါလား။ ဤသို့ဆက်ပြီးတွေးမိပြန်တော့လည်း ၀ယ်သူကို အားနာစရာ။ ဒါဖြင့်လည်း တစ်ကျပ်လောက်တော့ ထားပေါ့။ တစ်ကျပ်လောက်ဆို လူကြားလို့ကောင်းပါသေးတယ်။ ဟယ်…..ဘယ်မှာ ကြားလို့ ကောင်းရမှာလဲ။ ကျပ်ဆိုတာကြီးက ဘယ်မှာ ကြားကောင်းလို့လဲ၊ ဆယ်ပြားဆိုတာ့ ‘ဆယ်’ ဆိုတာလေးက ကြားမကောင်းဘူးလား။ စကားသံလေးကိုက နိမိတ်ကောင်းပြီးသား။ ဒီကလေးကို ဆယ်ယူလိုက်ပြီပေါ့။ ဘယ်လောက်များကြားလို့ ကောင်းသလဲ။ အတိတ်ကောင်း နိမိတ်ကောင်း၊ မင်္ဂလာရှိ၊ အားတက်စရာ စကားသံ။ ဒီကလေးတော့ဖြင့် ဆယ်ပြားနဲ့ရောင်းလိုက်တာ ဆယ်မိပြီပေါ့။ အမယ်….ဆယ်မိဆိုမှ သတိရတယ်။ ဒါဖြင့် ‘မဆယ်မိ’ ဆိုတဲ့နာမည်ကော-
ကျွန်တော်သည် တွေးနေရင်း ချစ်စရာ၊ သနားစရာ၊ ကြည်ညိုစရာ မိဘမေတ္တာ ကိန်းအောင်းနေသည့် နာမည်လေးများကို တွေးနေမိပါသည်။ မဆယ်မိ၊ မောင်ဆယ်တင်၊ မဆွဲမိ ဟုဆိုလျှင် သူတို့ အထက်က သားသမီးများ ဖိတ်စဉ်ခဲ့သည်ကို သိသာနေပါတော့သည်။ တစ်ခါတစ်ရံတွင်လည်း တံငါအိမ်က ပိုက်ကွန်ကို ခဏငှားပြီး မွေးပြီးစကလေးကို ပိုက်ထုပ်၍ ဖမ်းယူသည်။ သည်တစ်ခါတော့ မိပြီပေါ့။ ထို့ကြောင့် မပိုက်မိ၊ မပိုက်တင်၊ မောင်ပိုက်ထွေး စသည်ဖြင့် ဖြစ်လာရသည်။
တိရိစ္ဆာန် အမည်များကိုလည်း ပေးတတ်သည်။ ကျန်းမာစေလိုသောကြောင့် ဖြစ်သည်။ တိရိစ္ဆာန်တို့ လောကမှာ ဆရာဝန်ဟူ၍မရှိ။ သို့ပါလျက် နာမကျန်းဖြစ်မှု နည်းသည်။ ထို့ကြောင့် ကိုခွေး၊ မိကြွက်၊ ဖိုးဝက်၊ ငနွား၊ ကျွဲကြီး ရယ်လို့ ဖြစ်လာရပြန်သည်။ နာမည်ကတော့ မလှပါ။ မိဘမေတ္တာကတော့ လှနေသည်။
တစ်ခါတစ်ရံလည်း ကလေး၏ ပုံပန်းသွင်ပြင်ကို ကြည့်ပြီး ချစ်စနိုးနာမည် ပေးချင်ပေးလိုက်သည်။ ဂွမ်းပုံတဲ့၊ ဖြုလို့ပေါ့။ မည်းကြီးတဲ့၊ မည်းလို့ပေါ့။ နီတာတဲ့၊ နီနီရဲရဲလေးမို့ပေါ့။ ခွက်ထော် (ဂွက်ထော်) တဲ့၊ မျက်နှာက်ခွက်ပြီး နှုတ်ခမ်းလေးကထော်နေလို့ ဖြစ်မှာပေါ့။ မျက်လုံးပြူးပြူးလေးဆိုတော့ ဇီးကွက်။ မျက်လုံးလေး မှေးပြန်တော့ ပွေးမ။ လှီကင်းနေပြန်တော့ မတဆုပ်တဲ့။ ကိုယ့်သားသမီးဆိုတော့ ဖြူပြန်လည်း ဖြူလို့ ချစ်ရသည်။ မည်းပြန်လည်းမည်းလို့ ချစ်ရသည်။ မျက်လုံးပြူးပြူး၊ မှေးမှေး ရင်သွေးဟာ ရင်သွေးပဲပေါ့။ ဒီကြားထဲမှာ အဘိုးအဘွားကပါ ရောပြီး ချစ်နေပြန်၍ ဘိုးချစ်၊ ဘွားချစ် ရပြန်သည်။
အခြားလူမျိုးတွေမှာကော ငယ်နာမည်ရှိသလား။ ကျွန်တော်စဉ်းစားကြည့်တော့ ဤသို့သော နာမည်မျိုး ရှိသည်မထင်။ သူတို့မှာ မျိုးနွယ်စု နာမည်တွေသာရှိသည်။ တရုတ်လူမျိုးများမှာ မျိုးနွယ်စု နာမည်ရှိရာ ထိုနာမည်ကိုပဲ မှည့်တတ်သည်။ မြန်မာနှင့် နီးစပ်နေသော တရုတ်မိသားစု အချို့တော့ ငယ်မည်ပေးကြဟန်တူသည်။ ငယ်မည် ‘ အော်ကုလား’ တဲ့။ ငယ်ကတည်းက သူကတရုတ်ပေမဲ့ နည်းနည်းမည်းသည်။ ‘အော်’ ဆိုတာ မည်းတာတဲ့။ ဒီတော့ ကုလားမည်းပေါ့။ နောင်တော့ သူ့မျိုးနွယ်စု နာမည်သာ တွင်သည်။ ကျွန်တော်တို့မှာ ဘာကြောင့် မရှိသလဲ။ တစ်ခါက ရှိခဲ့ဖူးသလား။ ရှိခဲ့ဖူးရင် ဘာကြောင့် ပျောက်သွားတာလဲ။ မူရင်းဒေသမှ မြေပြန့် ပုဂံဘက် ဆင်းလာတော့မှ ဖျောက်ပစ်သလား။ ဘယ်မျိုးနွယ်စုနဲ့ ဘယ်မျိုးနွယ်စုက ရန်သူ။ ဒီမျိုးနွယ်စုက သည်အလုပ်အကိုင်မျိုးကိုပဲလုပ် စသည့် သမိုင်းကြောင်းဖျောက်ပြီး အားလုံးတစ်စု တစ်ပေါင်းတည်း နေကြမည်။ ဘယ်အမျိုးအနွယ်ရယ် မဟုတ်။ လူတစ်ဦးချင်းပဲ ကောင်းရင်မြှောက်စား၊ မကောင်းရင် ဖယ်ရှား။ လူတစ်ယောက်ကို ဘယ်သူ့သားဆိုတာ အရေးမထား။ သူ ဘယ်လိုလူလဲဆိုတာသာ အရေးကြီးသည်။ သည်လို သဘောမျိုးထားခဲ့၍ မျိုးနွယ်စု နာမည် ဓလေ့ကို ဖျက်ပစ်သလား။ ကျွန်တော် အတွေးကျွံလာပါပြီ။ ဆင်ခေါင်း ခွေးမချီနိုင် ဆိုသလိုဖြစ်ပြီ။ ထို့ကြောင့် အေးလေ ဒါတွေကို ပညာရှင်တွေ ဆင်ခြင်စူးစမ်းကြလိမ့်မပေါ့။ ကိုယ့်ကိစ္စ မဟုတ်ဘူး။ ကိုယ့်ဘာသာ အေးအေးဆေးဆေး လွတ်လွတ်ကင်းကင်း တွေးတာပဲကောင်းပါတယ်။ ခုနက တွေးနေတာတောင် ဘယ်ရောက်သွားပါလိမ့်။
သြော် – သြော် အသွင်အပြင်ကို ကြည့်ပြီးလည်း အမည်မှည့်ကြသည်။ ထိုမျှမက ဖြစ်ရပ်တွေကို ကြည့်ပြီးတော့လည်း အမည်မှည့်တတ်ကြသေးသည်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်က ‘စဥ့်ကျော်’ တဲ့။ ခပ်ဆန်းဆန်းမို့ ကျွန်တော်က ‘ မင်းနာမည်ကလည်းကွာ၊ စဥ့်ကျော်လို့ပဲ၊ ဗူးသီးကြော်၊ ငါးပေါင်းကြော် ဆိုလည်း ထားပါတော့။ စဥ့်ကျော်လို့ပဲ’ ရယ်မောပြီးမေးတော့ ‘ငါငယ်ငယ်က မွေးစ ကြမ်းပေါ်မှာ သိပ်ထားတော့ နံဘေးမှာ စဥ့်အိုးကြီး လဲကျတာတဲ့ကွ’ ဟုပြောပါသည်။ ခုပြန်ပြီး စဉ်းစားကြည့်လိုက်တော့ မိဘတွေ ဘယ်လောက် ထိတ်လိုက်မည်နည်း။ ဘယ်လောက် အလန့်တကြား အော်လိုက် ဟစ်လိုက်ကြမည်နည်း။ ပြီးတော့ ဘယ်လောက် ၀မ်းသာလိုက်ကြမည်နည်း။ စဥ့်အိုးကြီးက ကျော်သွားတဲ့ သားလေးဟဲ့၊ စဥ့်ကျော်လေးဟဲ့။
စစ်တက္ကသိုလ်မှ ရန်ကုန်တက္ကသိုလ် ပြန်ရောက်စတွင် သတ္တဗေဒ ပထမနှစ်ကျောင်းသားများကို သင်ခဲ့ရသည်။ သူတို့အဖို့ ကျွန်တော်မှာ လက်ဦးတက္ကသိုလ်ဆရာဖြစ်၍ ကျောင်းပြီးသွားသည်အထိ ခင်မင်သွားကြသည်။ ကျွန်တော့်အခန်းသို့ မကြာခဏလာပြီး စားသွားကြသည်။ ကျွေးသွားကြသည်။ ကျောင်းသူ လေးငါးယောက်အုပ်စုတွင် တစ်ယောက်နာမည်က ‘မဟွတ်’ တဲ့။ သူတို့အားလုံးက ‘မဟွတ်’ ခေါ်တော့ ကျွန်တော်ကလည်း မဟွတ် ပဲပေါ့။ တရုတ်နာမည်လိုလို ဘာလိုလို။ လူကတော့လည်း တရုတ်ပုံစံ တစ်ငွေ့မျှ မတွေ့။ အသားကလည်း ခပ်ညိုညိုမို့ ‘ဟဲ့ မဟွတ်၊ ညည်းက တရုတ်လား’
“ဟာ ဆရာကလည်း ဘယ်ကလာ၊ ဗမာပါ ဆရာရဲ့”
“သိပါဘူးဟယ်၊ မဟွတ်ဆိုတော့ တရုတ်လားလို့။ နေပါဦး၊ နာမည်က ခပ်ဆန်းဆန်းပဲ။ ဘာပြုလို့ ဒီနာမည်ပေးတာလဲ”
သည်တော့မှ မဟွတ်က ရယ်မောပြီး-
‘ဒီလို ဆရာရဲ့၊ ကျွန်မတို့မှာ မောင်နှမငါးယောက် ရှိတယ်။ ကျွန်မကအငယ်ဆုံး၊ ကျွန်မအထက်က အားလုံးယောက်ျားလေးချည်းပဲ’ ဟု အစချီပြီး မဟွတ်သမိုင်းကို ခင်းပြပါသည်။
သူတို့မိဘနှစ်ပါးတွင် ပထမဆုံး သားဦးလေးရတော့ ၀မ်းသာကြသည်။ အထွတ်အမြတ်ထားပြီး ချစ်ကြသည်။ ဒါကြောင့် သူ့ကို ‘ကိုထွတ်’ ။ နောက်တစ်ယောက်ကျတော့ မွေးခါနီးဗိုက်နာလာ၍ ဆရာဝန်နှင့် ဆရာမကို ကားနှင့် အခေါ်လွှတ်လိုက်သည်။ ဆရာဝန်နှင့် ဆရာမ မရောက်မှီ မွေးနှင့်ပြီးဖြစ်သည်။ မိခင်ဗိုက်ထဲက ဇွတ်တိုးပြီး ထွက်လို့ ‘ကိုဇွတ်’ ။ သည်သားနှစ်ယောက်ရပြီးတော့ သမီးလေးတစ်ယောက် လိုချင်ပြန်သည်။ ကိုယ်ဝန်ရှိကတည်းက သမီးလေး သမီးလေး သမီးလေး နှင့် မြည်ကြွေးတောင့်တနေသည်။ သို့သော် ကိုယ်ဝန်ရင့်လာတော့ မိခင်မှာ သွေးတိုးနှင့် ကိုယ်ဝန်ဆိပ်တက်၍ ဆေးရုံပေါ် ရောက်တော့သည်။ ဆေးရုံမှာပဲ မွေးရသည်။ သမီးမဟုတ် သားလေးပဲ။ သို့သော်လည်း မျက်နှာမြင်ပြီးသည်နှင့် မိခင်၏ရောဂါမှာလည်း ယူပစ်လိုက်သလို ပျောက်သွား၍ လှီကင်းသော ကလေးငယ် ကိုလည်း ကောင်းလာစေလို၍ ‘ကိုဂွတ်’ (Good) ။ နောက်တစ်ယောက် ကိုယ်ဝန်ရှိလာတော့ သမီးလေး သမီးလေး လုပ်ပြန်သည်။ မွေးလာတော့ သားလေးပဲ။ အင်း ဒီတစ်ခါလည်း သမီးလွတ်သွားပြန်ပြီဆိုပြီး ‘ကိုလွတ်’ ။ နောက်ဆုံး အထွေးလေးကျမှ သမီးလေးမွေးလိုက်တော့ ၀မ်းသာပြီး ‘ဒီတစ်ခါတော့ ဟုတ်ပြီကွ’ ဟု အော်ပြီး ‘မဟုတ်’ တဲ့။ ဒါပေမဲ့ ရှေ့က ထွတ်၊ ဇွတ်၊ ဂွတ်၊ လွတ် တွေရှိနေတော့ သူ့ ‘ဟုတ်’ က မဟုတ်နိုင်တော့ဘဲ ဗမာပီပီ ကာရန်ညီအောင် ‘မဟွတ်’ လို့ ဖြစ်သွားပါသတဲ့ ခင်ဗျာ။ ဘယ်လောက်များ ဟွတ်လိုက်သလဲဆို သူ့စာရင်းပေါက်နာမည်တောင် မသိကြတော့ဘူး။ အားလုံးက သည်အတိုင်းပဲ ၀ိုင်းပြီး ‘ဟွတ်’ နေကြသည်ကိုး။ မိဘမေတ္တာကလည်း ကိန်းနေတော့ ဒီနာမည် ခပ်ဆန်းဆန်းကိုပဲ သူကလည်း မြတ်နိုးနေရှာပေလိမ့်မည်။
သားသမီးတွေများလွန်းပြီး တစ်ယောက်မကျန် အဖတ်တင်သည့် ရှင်မွေးလွန်းများကြတော့လည်း မိဘက ညည်းယူရသည်။ ရှေးကတော့ သန္ဓေထိန်းတာ၊ တားတာတွေလည်းမရှိ။ စိတ်ကူးမထည့်ကြ။ ရလာလျှင်မွေးလိုက်ရုံပဲပေါ့။ ပထမကလေးတော့ မောင်ကြီး၊ နောက်သမီးက မကြီး၊ နောက်တစ်ယောက်က မလတ်၊ နောက်တစ်ယောက်မွေးတော့ မငယ်။ နောက်တစ်ယောက်ကျတော့ အထွေးဆုံးလေး ဆိုပြီးတော့ မောင်ထွေး၊ မထွေးသေးဘဲ နောက်တစ်ယောက် မွေးလာပြန်တော့ မိနှောင်း၊ နောက်တစ်ယောက် ထပ်ပြီးပိုလာပြန်တော့ မိပို၊ မိပိုနဲ့တင် အပြီးမသတ်ဘဲ နောက်တစ်ယောက်တိုးလာပြန်တော့ နောက်တိုး၊ နောက်တစ်ယောက်ထပ်ပြီးရပြန်တော့ ‘ မိန်းမရေ တော်တော့ဟ၊ ဒီတစ်ယောက်ပြီးရင် နင့်ဗိုက်ကို ပိတ်လိုက်တော့’ ဟု ပြောပြီး ငပိတ်၊ ငပိတ်ကိုမွေးပြီး ရပ်သွားတော့ ဟုတ်ပဟဲ့လို့ အောက်မေ့နေတုန်း နောက်တစ်ယောက်မွေးလာတော့ ကောက်ရသလိုပဲ သဘောထားဟေ့ဆိုပြီး ကောက်ရ။ နောက် တစ်ယောက် မွေးလာပြန်တော့ ၀ိညာဉ်တွေ၊ တစ္ဆေတွေက ကြုံတိုင်း ၀င်စားတော့တာပဲဆိုပြီး ကြုံတိုင်းတဲ့။ သားသမီးတွေ တစ်လှေကြီးဖြစ်နေလို့ ဘယ်လောက်ပဲ ညည်းနေကြစေဦး နာမည်မှည့်လိုက်ပုံကိုက ပျော်နေကြောင်း သိသာလှပါသည်။
သူများတွေ၏ ငယ်နာမည်တွေကို စဉ်းစားနေရင်း ကျွန်တော့်ငယ်နာမည်ကို သတိရလာပါသည်။ ‘ကျောက်ကြား’ တဲ့။ ကျွန်တော့်ကို ကိုယ်ဝန်ရှိတော့ ကျွန်တော်တို့ တောင်ပြင်ရပ်ထဲတွင် ကျောက်ကြီး ရောဂါဖြစ်ရာ လူအတော်ပျက်စီးပါသတဲ့။ ကျွန်တော့်မိခင်မှာလည်း ကိုယ်ဝန်နေ့စေ့လစေ့မှာ ကျောက်ကြီး ပေါက်ပါသည်။ အားလုံးတထိတ်ထိတ်ပေါ့။ မိခင် ကျောက်ရောဂါ သက်သာ၍ ရေချိုးလို့ လေးရက်အပြည့်မှာ ကျွန်တော့်ကိုမွေးပါသည်။ မွေးစက ကျွန်တော့် မျက်လုံးများမှာ ကျောက်ခိုးသင့်ပြီး ဖြူနေသည်။ ဖခင်က မျက်လုံးကို ဖြဲပြီး လျှာနှင့် လျက်ပေးရသည်။ သုံးရက်လောက်ရှိမှ မျက်နက်ဝန်းပေါ်လာသည်ဟု ပြောပါသည်။ ဤသို့ ကျောက်ကြီးရောဂါကြားမှာ မွေးခဲ့လို့ ‘ကျောက်ကြား’ ။ ကျွန်တော် ဒုတိယတန်း ရောက်မှ ကျောင်းသားတွေကို ဗယာကြော် အလုံးကြီး တစ်လုံးစီ ပေး၍ နာမည်ပြောင်းရသည်။ ဆရာက တုတ်ကိုင်ပြီး ‘မင်းတို့ သူ့ဗယာကြော်ကို စားပြီးပြီ။ နောက်ကို အောင်သင်းလို့ ခေါ်ရမယ်။ ကျောက်ကြားလို့ ခေါ်ရင် ရိုက်မယ်’ ဟု တစ်ချက်လွှတ်အမိန့် ထုတ်လိုက်မှ အောင်သင်းဖြစ်သွားပါတော့သည်။
ယခုခေတ်မှာတော့ ကိုမျိုးမြင့်ထွတ်ခေါင်ဖြိုး၊ မမိုးမိုးမြင့်သီတာကေသီလွင် ဘာညာစသည်ဖြင့် လှ၊ ဆန်း၊ ညွန့်၊ ယဉ်၊ ခန့်၊ သန့်ပေ့ ဆိုသော နာမည်တွေကို မိဘများက ပေးကြသည်။ ဒါလည်း ကိုယ့်သားသမီးကို ချစ်လို့ပါပဲ။ သို့သော်လည်း ရှေးခေတ်မြန်မာတို့၏ ငယ်နာမည်များကတော့ ပိုပြီးရိုးသားသည် ဟု ထင်မိပါသည်။ ပိုပြီး ချစ်စရာ၊ ပျော်စရာကောင်းသည် ဟု ထင်မိပါသည်။ ကိုမျိုးမြင့်ထွတ်ခေါင်ဖြိုး ဆိုတာလည်းလှပါသည်။ မမိုးမိုးမြင့်သီတာကေသီလွင် ဆိုတာလည်းလှပါသည်။ ထို့အတူ ‘ဆယ်ပြား’ ဆိုသော နာမည်မှာလည်း လှနေပါသည်။ ကျွန်တော့်နာမည် ‘ကျောက်ကြား’ ကော မလှလား ခင်ဗျာ။ မယဉ်လား ခင်ဗျာ။ လျှို့ဝှက်သည်းဖို ဇာတ်လမ်းလေးတောင် ပါနေမဟုတ်လား ခင်ဗျာ။
ငယ်နာမည် ကျောက်ကြား ( ခေါ် ) အောင်သင်း။
---------
အောင်သင်း
16.June.2011
#ဆရာဦးအောင်သင်းဘလော့ဂ်မှ_ကူးယူပါသည်။
No comments:
Post a Comment