Thursday, 27 June 2019

#ဖေဖေ အပိုင်း ( ၃)

#ဖေဖေ


 အပိုင်း ( ၃) 


#ခင်နှင်းယု


မေမေ့အလှည့်ကြုံလေပြီ၊ မေမေပြောစကားကို ကြားယောင်လာပြန်ပါသည်။ ''ငါးမိနစ် သာ သမီးတို့ ဖေဖေ နားကြား လိုက်စေချင်ပါရဲ့...'' သူသည် မပြည့်သောဆန္ဒကို ပြုံး၍သာ ငြီးတွားခဲ့သည်၊ ၀ါးခယ်မ အိမ်အိုကြီး တွင် ကွတ်ပြစ်ကြီးတခုရှိသည်၊ လသာသော ညများတွင် မအိပ်ခင် မေမေသည် ဖေဖေနားမ ကြားသည် မှ စိတ်ဖောက်ပြန်သော ရောဂါ၊ လေငန်းရောဂါများ စွဲကပ်လာ၍ ဖြစ်ပေါ်လာသော အကြောင်း များကို ရယ်ရယ်မောမောပြောတတ်၏။ 


ကျမတို့ကလည်း ပုံပြင်များ နားထောင်နေရသလို ညီအမတတွေ ရယ်လိုက်ကြ အာရုံစိုက်လိုက်ကြနှင့် နားထောင်ကြ၏။ ယခုတော့ ကိုယ်တွေ့ဝင်၍ မေမေ့နေရာအစား ၀င်ယူရသောအခါ မေမေ့လို မရယ်နိုင် ရှိုက်ခါ ငင်ခါ ငိုကျွေးမိ၏။ ခုံမိပေါက်မိ၏ အိနြေ္ဒပျက်လောက်အောင်ပင် မချုတ်နိုင် မတီးနိုင်ဖြစ်ရ၏။ လောက ဇာတ်ခုံ တွင် မေမေ လို ကျမသည် ဘယ်သောအခါတွင် ခံနိုင်ရည်ရှိပါမည်နည်း။


မေမေသည် အဆုတ်နာဝေဒနာရောဂါကို နှစ်နှစ်ကြာခံစားရသည်။ ဆုံးခါနီးခြောက်လလောက်တွင် ဆေးရုံမှာ မနေလိုတော့၍ အိမ်မှာပင် ကုသခံသည်၊ သူ့ကိုယ်သည် အရိုးပေါ်အရေတင် အိပ်ယာပေါ် တွင်မြုတ်နေ၏။ သူ၏နောက်ဆုံးအချိန်ကို မဟာစည်ဆရာတော်ဘုရားရေးသော ၀ိပဿနာရှုနည်း ကျမ်းကို ဖတ်ခါ ကုန်လွန်ခဲ့သည်၊ စာအုပ်ပါနည်းအတိုင်း တရားမှတ်၏၊ သူ၌ ရိပ်သာသို့သွား၍ တရား အားထုတ်ချိန် မရခဲ့၊ တနေ့တွင် ကျမတို့ ညီအမတွေ မီးဖိုထဲဝင်၍ ထမင်းချက်နေဆဲ မေမေ့အနားတွင် တယောက်မှမရှိပေ။


''အမလေး... လာကြပါအုံး...'' မေမေ့အသံသဲ့သဲ့ကို ကျမတို့ကြားရ၍ အပြေးအလွှား မေမေ့အိပ်ခန်းသို့ ပြေးသွားကြ၏။ ဖေဖေသည် တုတ်တချောင်းကို လက်ကိုင်ပြုကာ ခေါင်းကလေးမော့၍ စိန်ပြေနပြေ မေမေ ၏ ခြေသလုံးကိုနင်း၍ နေတော့သည်။ မေမေမှာတော့ မျက်ရေများ ဖြိုင်ဖြိုင်ကြကာ ငိုနေတော့ သည်၊ ကျမ တို့သည် ဖေဖေကို အတင်းဆွဲချ၍ စာရေးရပြန်သည်။


''မေမေ က လှုပ်လှုပ်ကလေးရယ် ဖေဖေ့ကိုယ်ကြီးနဲ့တက်နင်းလို့ သေရောပေါ့ အခုငိုနေပြီ''


သူသည် စာရွက်ဖတ်ပြီး ''ဟေ... ငါကတော့ အိပ်ယာထဲ တခွေခွေနေရတာ ညောင်းရှာမှာဘဲလို့ သနား လို့ တက်နင်း ပေးတာ... မသိလို့ မသိလို့ နောက်မလုပ်ဘူး...''ဟု ခုနှစ်သံနှင့် အော်တော့၏။

ကဲ... မခက်ပေဘူးလား ကျမတို့အဖြစ်က ရီရအခက် ငိုရအခက် ခေါင်းမကောင်းဘူးဆို၍လည်း အေး အေးနေသူမဟုတ်၊ သူမပါလျှင် ဘယ်နေရာမှ မပြီးဟူ၍ ထင်နေတော့လည်း မခက်ပါလား...


*****


#ဆုတောင်း


ကျမ၏ခင်ပွန်းသည်သည် မြန်မာစာပေရော အင်္ဂလိပ်စာပေရော စစ်စာပေများပါ ၀ါသနာပါသူပီပီ တာ ၀န်မှ ခေတ္တ နားချိန်များ၌ စာကိုသူအလွန်ဖတ်သည်။ ဖတ်ပြီး သူအရသာတွေ့သော စာများကို အောက် မှ မျဉ်းသား ၍ ကျမ ကို ဖတ်ခိုင်းရုံတွင်မက ဟိမ၀န္တာချီးမွမ်းခန်း ဖွင့်တတ်ပါသည် ဝေဖန်တတ်ပါသည်။


နိုင်ငံရေးနှင့်ပါတ်သက်၍ ဦးသိန်းဖေမြင့် ကို တခြားလူတွေ ဘယ်လိုပင် ဝေဖန်၍ ဘယ်လိုပင် သဘော ကွဲလွဲ စေကာမူ ဦးသိန်းဖေမြင့် မြန်မာစာရေးဟန်ကိုမူ သူသည် သဘောကျစွာနှင့် ကျမအားဖတ်ပြကာ ဆွေးနွေး တတ်ပါသည်၊ ကျမ၏သဒ္ဒါအမှားနှင့် မြန်မာစာရေးပုံ တခါတရံ မချောသည်ကို အကိုကြီးက ကြေနပ်ပုံ မပေါ်ပါပေ။

ကျမက ရယ်စရာပင် သူ့ကိုပြောတတ်ပါသေးသည်။


''မဟုတ်ဘူး မိချိုရ တင်ပြပုံ (Presentation) ကိုက တမျိုးလေးပဲလေ ရိုးရိုးလေးနဲ့ကြည့်ပါလား သူ့အဖေ ကြီး ရွှေတိဂုံ ဘုရားပေါ်မှာ သူ့သားအတွက် ဆုတောင်းပုံအခန်းများကိုဖြင့် တစိမ့်စိမ့်နဲ့တွေးပြီး ပြုံးပြုံး လာချင်တယ်၊ ဖတ်ကြည့်ပါအုံး ပြီးတော့လေ အဲဒီ တခေတ် ရဲ့ လူကြီးတွေစိတ်ထားဟာ ပေါ်လာတာ ပေါ့''


ကျမ သည် သူ့မျဉ်းသားထားသောစာကြောင်းများကို ဖတ်ကြည့်၏။


    ''ဤသို့လျှင် ကြုံရခဲကြုံရ၊ ဖူးရခဲဖူးရသော ရွှေတိဂုံစေတီတော် ဆင်းတုတော်တို့အား ဖူးမြှော် ကံတော့ ရသော ပန်းလှူရသော၊ မီးပူဇော်ရသော၊ အကျိုးကျေးဇူးကြောင့်၊ နိဗ္ဗာန်မဂ်ဖိုလ်ကို ရ-ရ     ပါလို၏ဘုရား၊ နိဗ္ဗာန် သို့ မရောက်မီစပ်ကြား၊ လားလေရာဘ၀၌ ပညာကြီးခြင်း၊ ချမ်းသာခြင်း     ရာထူးကြီးခြင်း ဖြစ်ရပါလို၏ ဘုရား၊ ယခုဘ၀၌လည်း အကြံအစည်ဟူသမျှ အောင်မြင်ရပါလို၏     ဘုရား၊ တပည့်တော် ၏ သားသည်၊ သာမန်အစား မဟုတ်၊ အတိဇာတသား ဖြစ်ပါ၏။ 


ထိုသား သည် ပညာကြီးခြင်း၊ အကြံအစည်အောင်ခြင်း၊ ရာထူးဌာနန္ထရ၊ ကြီးစွာရခြင်း၊ ထိုသားအတွက်     ယနေ့ ထိုးသော သိန်းထီပေါက်ခြင်း၊ ဘိလပ်မှာ ပညာသင်ကြားနိုင်ခြင်း၊ ကြွယ်ဝချမ်းသာသော    ရုပ်အဆင်း လှ သော မိန်းမရတနာရခြင်းများ ဖြစ်ပါစေသနည်းဘုရား...''


သူထောက်ပြသော စာတမ်းကို ကျမယူဖတ်ကြည့်၏။ ဖတ်ပြီးသောအခါ ကျမရယ်ပါသည်။ သူသည် အဓိပ္ပါယ် နားမလည်သလို ကြောင်၍ကြည့်နေ၏။


''အချို ဘာလို့ရယ်လဲသိလား၊ ဦးသိန်းဖေမြင့်ကြီး လိုတော့ တစိမ့်စိမ့်ပြုံးလာအောင် သရုပ်မဖေါ်တတ်ဘူး အချို တို့ အဖေကြီး ဆုတောင်းက ဦးသိန်းဖေမြင့်ဆုတောင်းနဲ့ မတိမ်းမယိမ်းဘဲ၊ ဒါကြောင့် ရယ်တာ''ဟုဆို ကာ ကျမက ဟက်ဟက်ပက်ပက် ဆက်ရယ်ပါသည်။ ကျမရယ်ရခြင်းကို သူ့အားပြောပြရ၏။


ကျမတို့ငယ်ငယ်က ကျမတို့အိမ်ကြီးသည် မိသားစုအစုံလိုက်တွဲ၍ တစုတဝေးကြီးနေခဲ့သော အိမ်ကြီး တခုဖြစ်ဟန်တူသည်၊ ကျမအရွယ်ရောက်သိတတ်၍ ကြည့်မိသောအချိန်တွင်တောင် မိကြီး မိဒွေး ဘကြီး ဘဒွေး၊ အဒေါ် ဦးလေး အမ၀မ်းကွဲအစုံပင် ပေါင်းစပ်၍ တခုတဝေးကြီးနေကြသည်ကိုတွေ့၏။ ဦးနု၏ဘခင် ဦးစံထွန်း ဒေါ်စောခင်တို့လည်း အတူပင်နေကြ၏။ (သူတို့ကို ကျမတို့က အမနှင့်အဘဟု ခေါ်သည်။) အဖေ့ဘက် ရော အမေ့ဘက်ရော ဆွေမျိုးများ အပြည့်အစုံပင်တည်း။


ညနေစောင်း လမ်းမကြီးသို့ သူငယ်ချင်းအဖေါ်များနှင့်ထွက်၍ မကစားခင် ဘုရားရှိခိုးရ၏။ ပရိတ်ရွတ်ရ ၏။ ဘုရားရှိခိုး အပြီးတွင် မေမေ၏မိခင် အဖွားဖြစ်သူကို အစချီကာ...။


    အမေကြီးအား ကံတော့ပါ၏။

    အဘကို ကံတော့ပါ၏။

    အမကို ကံတော့ပါ၏။

    ဖေဖေ့ ကံတော့ပါ၏။

    မေမေ့ ကံတော့ပါ၏။

    ဦးတင်ကို ကံတော့ပါ၏။

    ဒေါ်လေးလဲ ကံတော့ပါ၏။

    ဒေါ်ဒေါ်ရုံလဲ ကံတော့ပါ၏။ (ဦးတင်၏ဇနီး)

    သန်းသန်း ကံတော့ပါ၏။

    ယုံယုံ ကံတော့ပါ၏။ (မေမေ၏တူမ)


အစရှိသဖြင့် အဘဦးဘိုးလုံး ယုံယုံ၏အဖေရှိစဉ်ကလည်း အဘပါမကျန် အားလုံးရှိရှိသမျှ မိကြီးမိဒွေးကို ကံတော့ ရုံမက မောင်နှမချင်းလည်း အထက်အောက် အကြီးအငယ်အလိုက် ကတော့ပြီးမှ အပြင်ထွက် ပြီး ကစားကြရသည်။ လူကြီးများကလည်း ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ စသဖြင့် ဆုပေးကြသည်။ ကျမတို့ အရွယ် ရောက်လာသောအခါ ဖေဖေသည် ဆုပေးတမျိုးပြောင်းလာ၏။ ''ဘုန်းကြီးပါစေ သက် ရှည်ပါစေ'' ဆိုသော သာမာန်ဆုတောင်းအပြင် ''ငါ့သမီးများ လင်ကောင်းသားကောင်းရပါစေ''ဆို၍ အော်ကြီးဟစ်ကျယ် ဆုတောင်း တတ်၏။


ကျမတို့၏အဖွားမှာ စည်းကမ်းလည်းကြီးသည် အရှက်အကြောက်လည်းကြီးသည်။ အင်မတန်လည်း ပါးနပ် ပုံ ရသည်။ အသက်ကြီး၍ နားအနည်းငယ်လေးသော်လည်း တခြားလူ ပါးစပ်လှုပ်သည်ကို ကြည့် ရုံနှင့် သူသိသည်။ နောက်တခါ ဖေဖေဆုတောင်းအပြီးတွင်မူ မေမေ့ကိုပြော၏။


''မသိန်းတင် ရယ် သမီးလေးတွေ အပျိုဖြစ်လာတာနဲ့တော့ မောင်ဘ နေပုံထိုင်ပုံ နဲ့ ခက်ပါသေးကွယ်''


''ဘယ့်နဲ့ ဆုပေးတာလဲ... ရှက်စရာကြီး၊ အပျိုအရွယ်လေးတွေကို လင်ကောင်းသားကောင်းရပါစေတဲ့''


အဖွားက နားရှက်ပုံရ၍ မေမေ့ကိုပြောပါသည်။ မေမေက စာတရွက်ပေါ်တွင် ''သမီးများကို ဆုပေးလျှင် လင်ကောင်း သားကောင်းရစေချင်သော စေတနာရှိရိုးမှန်ပါသော်လည်း ၀မ်းထဲမှသာပေးရန် ပါးစပ်က ကျယ်လောင်စွာ မရွတ်ဆိုဖို့'' စာရေးပြပါသည်။


စာရွက်ကြီး ကို ဖေဖေကကိုင်ကာ ခုနှစ်သံနှင့်အော်ပါတော့သည်။


 ''မင်းတို့က ဘာသိလဲကွ သူတို့လင် ကောင်း သားကောင်းရမှ တို့ကြီးရင် စတိုင် နဲ့ နေရမှာ သားမက်တွေ မကောင်းရင် တို့အိုကြီးအိုမ ဒုက္ခ ရောက်မှာပေါ့''


အိမ်သားများမှာ အိနြေ္ဒမဆည်နိုင်ဘဲ အူတက်မတတ် ရယ်ပါတော့သည်။ ကျမတို့လည်း မနေနိုင်ပါ။ ရယ်မိ ပါသည်။ တကယ်တော့လည်း မှန်ပါသည်။ ဖေဖေ၏ဆုတောင်း ပြည့်သည် မှန်သည်ဟုဆိုရပါ မည်။ ဖေဖေ ခုလို ရောဂါထူပြောပုံ တဇွတ်ထိုးလုပ်ပုံနှင့်ဆိုလျှင် တော်ရုံတန်ရုံသားမက်များ သည်းခံနိုင် လိမ့်မည် မဟုတ်ပေ။

တခါက ဖေဖေဆေးရုံမှ အဆင်းတွင်လည်း ကျမ၏ညီမအလတ် အကြွယ်၏ယောက်ျား ကိုဘလုံလေး က သူ့ ကား နှင့် အိမ်အထိလိုက်ပို့သည်။


''အဘနော်... ကျနော်တို့ကို သားမက်တော်ရတာ အင်မတန်ကံကောင်းတယ် အောင်းမေ့ပါ၊ အရေးပိုင် ကြီး တွေ နယ်ပိုင်ကြီးတွေတောင် အဘအလိုလိုက်နိုင်မှာမဟုတ်ဘူး''ဟု ကြည်စားပြောမိသေးသည်။

''ကဲလေ... တို့များဖေဖေဆုတောင်းနဲ့ ဦးသိန်းဖေမြင့်အဖေဆုတောင်းနဲ့ နှိုင်းယှဉ်ဝေဖန်ပါအုံး''ဟူ၍ ကျမ ခင်ပွန်းသည် အား ပြန်လည်ပြောပြကာ ရယ်မောကြတော့သည်။


အမှန်တော့ ဖေဖေသည် ရှေးခေတ်ဗြူရိုကရက်ခေတ်ဆိုကြပါစို့၊ ကျွန်ခေတ်တွင် နားမကြားဘဲ စိတ်က လည်း ဖောက်ပြန်သွားသည်။ လေငန်းရောဂါကလည်း ၀င်ပါလိုက်သောအခါ သူ့စိတ်မှာ မူမမှန်ယုံမက ခေတ်နှင့်လည်း အဆက်ပြတ်သွားသည်။ သူသည် လူငယ်တို့၏ မျိုးချစ်စိတ်ဓါတ်နှင့် လှုပ်ရှားမှုများကို ၎င်း၊ ခေတ်အလျောက် အတွေးအခေါ် တီထွင်ကြလိုခြင်းကို၎င်း၊ ကုလားထိုင်အို များတွင် ထိုင်၍ ကြိုးနီစ များကို ဖြေကြယင်း အိုသေ ကြသော အဖြစ်များကို လူငယ်တို့မလိုလားကြပြီ၎င်း၊ သူ လုံးဝ သတိမထား တော့ပေ။


သူ့စိတ်ကူး ''ခေတ်''ကြီးတွင်တော့ ကုလားထိုင်အိုကြီးများ ကြိုးနီစများကို ရစ်ပတ်ရှုတ်ထွေးနေကြဆဲ ဖြစ်၏။ သား များက ပညာဆုံးခန်းတိုင်သင် ၀န်ထောက်စာမေးပွဲဝင်ဖြေကြ မဖြစ်တောင် ၀န်ထောက် စာ ရေးစာချီ စသော ကုလားထိုင်အိုကြီးများတွင် ထိုင်ကြ၊ ဒါသည် တဘ၀ဘဲဖြစ်၏။


သမီးတို့ကလည်း ပညာကို အထက်တန်းရောက်အောင်သင်၊ သင်ပြီးလျှင် သူကြိုက်သော ဘီ-စီ-အက် တယောက် ယောက် ကိုယူ၍ ဤငရုတ်သီး ဤကြက်သွန်တို့နှင့် စခန်းသွားပေတော့ ဤသည်မှာလည်း သူမှန်းသော ခေတ် သူမှန်းသော တဘ၀ဖြစ်၏။ သို့သော် အပြင်သည် ပြောင်းလဲလျက်ရှိ၏။ ကုလားထိုင် အိုကြီး များကို၎င်း၊ ကြိုးနီစများကို၎င်း ခုတ်ဖြတ် ရှင်းလင်းပစ်နေကြပြီကို သူမသိ။

သားများက သူကြိုက်သော စာရေး စာချီကုလားထိုင်ကို ၀င်မထိုင်၊ တို့ဗမာအစည်းအရုံးကို ၀င်လိုက်၏။ သူ၏တူ ဦးနု ပင် သူအလွန်နှစ်သက်သော ၀န်ထောက်စာမေးပွဲကို မ၀င်၊ ကျောင်းဆရာအေးအေးလုပ်၏။


ပထမပိုင်းတွင် ဖေဖေသည် အလွန်စိတ်အားငယ်၍ စိတ်ပြော့ကျသွားသည်ထင်သည်၊ သူရောဂါရပြီး နောက်ပိုင်း တွင် သူ့သားသမီးများသည် လူစဉ်မှီအောင် စာသင်တော့မည်မဟုတ်ဟူ၍ထင်သည်၊ မေမေ က တောဘက် တွင် သူ့စီးပွားနှင့်သူ စပါးများလုပ်သည်ဆိုပေမင့် ဦးဆောင်သည့်ဖေဖေက ရောဂါရ၊ မေမေ့ ကိုယ်စားလှယ်ကြီး ဦးလှဆိုသူကလည်း သေဆုံးသွားသည်ဟု ဆိုပါသည်။ ဖေဖေသည် ငွေရေး ကြေးရေးနှင့် သူ့ သားသမီး များ ပညာသင်ကြားရေးအတွက် ပထမပိုင်းတွင် စိတ်ဓာတ်သိတ်ကျ၍ အား ငယ်နေပုံ ရပေသည်။


နောက်ဆုံးမတော့ ဖခင်သည် ဖခင်ဘဲဖြစ်၏။ မည်သူက မိန်းမနှင့် ယောက်ျားတန်းတူဆိုစေကာမူ စင် စစ် ဖခင် သည် အိမ်၏ဦးဆောင်၊ အိမ်၏ကြက်သရေဆောင်ပါပင်တည်း။


ကျမမေမေကို အလွန်ချစ်၏။ မေမေ၏စိတ်ဓါတ်မြှင့်တင်ပေးမှုကြောင့် ဖေဖေယိုင်သွားသော်လည်း ကျမ တို့ မောင်နှမ တစု အခြေမပျက်ခဲ့၊ သို့သော် ဖခင်သည် ဖခင်ပါပင်တည်း။


ဖေဖေ တယောက် ကျောင်းဆရာကြီးဘ၀မှ ရုတ်တရက်ဘ၀ပြောင်းသလိုဖြစ်ခါ စိတ်ဖေါက်ပြန်သွားသည် တပြိုင်နက် တစိမ်းမပြောနှင့် ဆွေမျိုးများပင် မထီမဲ့မြင်ပြုလာကြ၏။


ကျမ မှန်းဆကြည့်ရသည်မှာ ဖေဖေ့စိတ်ရင်းကတော့ သူသည် ကျောင်းဆရာကြီးဘ၀နှင့် ပညာနှင့် အသက်မွေး လာ၏။ ယခု နားမကြား၍ ပညာကလည်း သုံးမရ၊ လေငန်းရောဂါကလည်း ၀င်ရောက်လာ ချိန် တွင် သူ၌၀င်ငွေမရှိ၊ မေမေသည် ထိုစဉ်က ငွေကြေးတတ်နိုင်သေး၍ လန်ဒန်မှ နားကြပ်များပင် မှာ ယူကာ ဖေဖေ့ ကို ကုသပေး၏။ သို့သော် မရပါ။


ထိုကဲ့သို့ သူ့ပညာ သုံး၍မရလျှင် ဤအိမ်ကြီးအတွက် သူ့မိသားစုအတွက် သူ၏ခြေလက်အင်အား၊ ခန္ဓာ ကိုယ်အင်အား နှင့် ကူညီမည်၊ အလုပ်လုပ်ပေးမည်ဆိုသော အယူအဆရှိပုံရသည်။

ဘုရားကြီးဝ ရှိ ချောင်းမတွင် ရေတက်လာသည့်တပြိုင်နက် ရေသွားထမ်းခါ သောက်ရေအိုး၊ မီးဖိုချောင် သုံးအိုးများ ပါမကျန် ရေဖြည့်၏။ အိမ်ရှေ့ရှိ မြောင်းငယ်လေးထဲတွင် ရေတက်လာလျှင် တခြံလုံးရှိ သစ် ပင်များ ကို တပင်မကျန်အောင် ရေလောင်း မြေဆွနှင့် လုပ်ပေး၏။ အ၀တ်များကို ကိုယ်တိုင်လျှော်၏။ ညကိုးနာရီ ထိုး၍ သူ၏ အိပ်ချိန်သို့ရောက်လျှင်တောင် သူ့ဖာသာသွားမအိပ်၊ တအိမ်လုံးရှိ တံခါးများကို အပေါက် တပေါက်မကျန်အောင် ပိတ်ပြီးမှအိပ်၏။


ကျမတို့ တောမြို့များရှိ အိမ်ကြီးများတွင် များသောအားဖြင့် ထင်းစင်ကိုက တဲငယ်တလုံးစာလောက်ရှိ တတ်ကြသည်။ ထင်းများကို တမိုးစာဝယ်ယူသိုလှောင်၍ ကုလားကြီးများကို ထင်းခွဲခိုင်းပြီးလျှင် နေပူ ချောက်ချောက်လှမ်းခါ တခါတည်း၊ ထင်းစင်ထဲတွင် လှောင်ထားလေ့ရှိကြသည်။


ဖေဖေသည် ယခုသော် ဤထင်းများကို ထင်းခွဲကုလားမငှားရ၊ သူကိုယ်တိုင်ခွဲမည်ဟု ဆိုပါတော့သည်။ မေမေက စိတ်ညစ်လာသည်။ စာရေးပြ၏။


''ရှင့်ဖာသာ ကိုယ့်အိမ်အတွက် အလုပ်လုပ်ပေမင့် ဘေးလူအမြင်မှာ မကောင်းပါဘူး၊ သူတို့ကလဲ အထင်လွဲမယ်၊ ရှင့်မှာ ၀င်ငွေမရှိတော့လို့ ကျမတို့က မတော်တာတွေကို ခိုင်းရက်တယ်လို့ ထင်မှာ ပေါ့... ဒါတွေ တော့ မလုပ်ပါနဲ့၊ ကျမတို့ ဒါလောက်မဆင်းရဲသေးပါဘူး...''


''အောင်မလေး တင်တင် ရာ... ကိုယ့်အလုပ် ကိုယ်လုပ်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ...''


မေမေ့ကိုပြန်အော်၍ သူလုပ်မြဲ အလုပ်ကိုလုပ်၏။ အိုးထဲ ရေအပြည့်ရှိပြီးသားတောင် ချောင်းထဲတွင် ရေ တက်လာ လျှင် ရှိပြီးသားရေကို သွန်ပစ်ပြီး ခပ်မြဲခပ်၏။ အမှန်တော့ ဖေဖေ့စိတ်မှာ အလုပ်ကို မြတ်နိုး သော စိတ်ဓါတ် ဖြစ်၍ ဂုဏ်ယူဖွယ်ဖြစ်သော်လည်း ကျမတို့သားသမီးများအနေနှင့် မကြည့်ရက်ပေ။


သို့သော် တချို့ဆွေမျိုး များကား ဖေဖေ အလုပ်လုပ်ခြင်းကို အောက်တန်းကျသည့်အနေ၊ အထင်သေး သည့် အနေနှင့် ဆက်ဆံလာကြ၏။


******


ဖေဖေ့ကို ဗြောင်စော်ကားလာကြသည် ၊ မေမေ့အရိပ်ကို ခိုလှုံနေသူတို့ပင် ဖေဖေ့ကို "ခိုင်းတိုင်း ရသည့် လူကြီး တစ်ယောက်လို ဆက်ဆံလာကြသည်"

မေမေ ကမူ ထာဝရပြုံးနေ၏၊ အုပ်မရသော ကျမတို့ မျက်မြင်ကိစ္စများပင် "သည်းခံပါသမီး" ထိုစကားလုံးနှင့် ကျမ တို့ကို နှစ်သိမ့်၏။


"မသိန်းတင် သားသမီးတွေဟာ အနုံအ,အတွေပါ၊ ဘယ်တော့မှ လူရာဝင်မှာမဟုတ်ဘူး"ကျမတို့၏ ဆွေးမျိုးတော် တယောက်ကပါ ပြောလာ၏။ မေမေကတော့ ဒေါ်ခန္တီပါပင်တည်း၊ တခါတရံတွင်သာ ကျမ ထက် အကြီးဖြစ်သူ အမ-တင်ဦးနှင့် မေမေသည် ခြံတွင်းရှိ ကွမ်းသီးပင် နှစ်ပင်ကြားရှိ ခုံတန်း လျား တွင် မျက်ရည်စ များနှင့် စကားပြောနေကြ၏။ သူတို့ကိုတော့ တယောက်ယောက်က နှိမ်လိုက် ဟန်ရှိပါသည်၊ ကျမကို မြင်လျှင် မျက်ရည်ကို ကမန်းကတန်းသုတ်၍ ပြုံးကြ၏ မျက်နှာကို ပြင်ကြ၏။


သူတို့အထဲတွင် ကျမသည် လူမိုက်ပါပင်တည်း။


"မေမေ.......ကိုကိုကြီး (ဦးနု) က ခွင့်လွတ်ဖို့ တရားကိုဟောတယ်၊ မေမေက သည်ခံဖို့ အမြဲဆုံးမ တယ်၊ သမီး မေမေ့ ကိုတော့ ချစ်ပါတယ်၊ ဒါပေမယ့် သမီးဟာ ဦးနုလဲ မဟုတ်ဘူး၊ ဒေါ်သိန်းတင်လဲ မဟုတ်ဘူး၊ မိခင်ယု ဟာ မိခင်ယုဘဲ၊ သမီးကတော့ မေမေတို့လို ငုံ့ခံနေလိမ့်မယ် မအောင်မေ့နဲ့ ဖေဖေ့ကို စော်ကား တဲ့ လူ မှန်သမျှ ဟောဒီအိမ်အိုကြီးပေါ်မှာ နေတဲ့လူ ဘယ်သူ့ဘက်က အမျိုးဖြစ်ပြီး ဆော်ထဲ့မှာဘဲ"


တကယ်ပါပင်တည်း ကျမငယ်ငယ်က မိုက်လည်းမိုက်သည် စွာလည်းစွာသည် သတ္တိရှိမရှိတော့မသိ ဘယ်သူ့ ကိုမဆိုယှည်ပြိုင်တိုက်ခိုက်ရန် အမြဲအဆင်သင့် ဖြစ်နေတတ်၏။ ရန်လိုတတ်၏ ဟုဆိုလျှင် ပို၍ မှန်မည်။ မေမေ၏ မျက်လုံးစွန်းဝယ် မျက်ရည်စများ ညှိတွယ်နေသည်ကိုကျမ မကြည့်ရက်နှလုံး သားထဲမှာ နာကျင်၏

"သမီးနော်.......မိခင်ယုနော်..အေးအေးနေ မေမေဒါဘဲပြောမယ်" ဒါလောက်ပြောကာခန္တီ တရားကို ဆက်၍ ဟောတတ် ပါသည်။


"မဟုတ်သေးပါဘူးမေမေရာ ဖေဖေက အရူးကြီး တယောက်ဘဲဖြစ်နေပါဘီတဲ့ သူတို့ခိုလှုံနေရ ဒါဟာဖေဖေ နဲ့ မေမေ့အိမ်ဆိုတဲ့ ကျေးဇူးတရားကို သိတတ်ရင်ဖြင့် ဖေဖေ့ကို လေးစားဖို့ ကောင်း ပါတယ်....."


"ကိုယ့်ဖေဖေကလဲ သူတိုကလေးစားအောင် နေရမယ် ဆိုတဲ့ သိက္ခကို ထိန်းသိမ်းနိုင်လောက်တဲ့ ဦးနှောက် မှ မရှိဘဲကွယ်၊ ခွင့်လွတ်ပါသမီးရယ်......."


"မဟုတ်ဘူး......မဟုတ်ဘူး၊ မေမေ့အမျိုးတွေကလဲ သမီးတို့ကိုလဲ အရူးကြီးသားသမီးတွေဆိုပြီး ဘယ်တော့ မှ လူညွန့်တက် မှာ မဟုတ်ဘူးဆိုပြီး နှိမ်ချင်တယ်.......ပြီးတော့လဲလေ သမီးမြင်နေ တယ်........"

သူတို့သားအမိနှစ်ယောက်မှာ ကျမစကားလုံးကို စူးစိုက်စွာ နားထောင်လာကြ၏။


"ငယ်ငယ်က ဖတ်စာထဲကလိုဘဲ"

"ဘာဖတ်စာလဲ"

မေမေကသာမေးသည် မမကဘာတလုံးမှ ၀င်မပြောသေး။


"အာရပ်လင်မယား က ချမ်းအေးတဲ့ ညတညမှာ ကုလားအုပ်ကြီးက ချမ်းလွန်းလို့တဲ့ သူတို့ လင်မယား ထဲက ခေါင်းလေးသွင်းနေပါရစေတဲ့၊ လင်မယားနှစ်ယောက်ကလဲ သဘောထားက ခေါင်းတော့ နေခွင့်ပြု တယ်လေ၊ နောက်ကုလားအုပ်ကြီးက ခေါင်းတင်မက ကိုယ်ပါသွင်းနေပါ ရစေဖြစ်လာရော လင်မယား နှစ်ယောက်လုံး ကလဲ သဘောကလဲကောင်း၊ ချမ်းမှာလဲစိုး သနားတတ်တော့ အလျော့ပေးလိုက်ဒါ ကုလားအုပ်ကြီး က တကိုယ်လုံးဝင်နေရော နောက်ဆုံး တော့ ကုလားအုပ်ကြီးက ဒီအိမ်ဟာ သူ့အိမ်ဆိုပြီး နှုတ်သီး နဲ့ ကလော်ထုတ်တော့ လင်မယား နှစ်ယောက်လုံးထွက်သွားရရော၊ ခုလဲ...မေမေတို့အဖြစ်က အာရပ်ပုံပြင် ထဲ က လင်မယား နှစ်ယောက်ကို မြင်ယောင်လာတယ်"


မေမေက ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်ပါသည်။ မမကတော့ ငြိမ်သက်နေဆဲပါပင်တည်း။


"ပုံပြင် ကတော့ မှန်တာပေါ့သမီး လူမှာ ကုသိုလ်အကုသိုလ်ဆိုတဲ့ တရားရှိပါတယ်၊ စံထိုက် မှ လဲ စံရတယ်၊ ရထိုက် မှလဲ ရတယ်၊ မေမေငယ်ငယ်က ချမ်းသာခဲ့ပုံတွေနဲ့ စီးပွားရေးကိစ္စတွေကို မေမေ့ သားအကြီး တွေကို တောင် မပြောခဲ့ဘူး၊ သမီးတို့ကိုလဲ မေမေပြောပြမှာ မဟုတ်ဘူး၊ မေမေကယုံ မင်းသမီး၊ ဒီအိမ်ကြီး ကို တစုံတယောက်က သူတို့ပိုင်ဆိုင်ခွင့် ရှိတယ်ဆိုပြီး သိမ်းယူလဲ မေမေကဆင်း ပေးမှာဘဲ"


ကျမသည် အေးဆေးငြိမ်သက်စွာ ပြောပြနေသော မေမေ့မျက်နှာကိုကြည့်ရင်း အံ့သြမိပါသည်။ တကယ် တွင် လည်း မေမေ၏ လယ်ယာသစ်များလုပ်ရန် ကျွန်းမြေများဝယ်ပုံ၊ မေမေ၏စိန်ရွှေ လက်ဝတ်ရတနာများ အကြောင်း မည်ကဲ့သို့ ဆုံးရှူံးသွာပုံကို တလုံး မှ ပြောမပြ ကျမတို့ အရွယ်ရောက် ချိန်တွင် မြင်လိုက်ရသေး ၍ သာမေမေ့တခေတ်ကို ကျမမှန်းကြည့်ရ၏။


"ဖေဖေ့ အတွက် လဲ သမီးစိတ်မဆင်းရဲ နဲ့ ဖေဖေ့မှာက ၀ိပါက၀ဋ်က ရှိပေသကိုး"


ကျမသည် သက်ပြင်းရှည်လျားစွာ ချမိပါ၏။ ကျမအတွေးနှင့် ကျမအစီအစဉ်ကို မေမေ့ အား တင်ပြ လိုပါသည်။ အမှန်တော့ ရန်ကုန်ကို ထွက်ခွာလာသူများတွင် ဖေဖေနောက်ဆုံးဆိုပေမယ့် အဓိကမှာ ဖေဖေ့ ကြောင့် ဆိုလျှင် ပို၍မှန်ပေမည်။


"သမီးတော့ ဒီမှာမနေချင်တော့ဘူး၊ မေမေတို့သိုက်မြုံကြီး၊ မေမေတို့အုပ်စုကြီးမှာ ဆက်နေနိုင် လောက် အောင် သမီးသည်းခံနိုင်စိတ်မရှိဘူး၊ ဖေဖေလုပ်တာတွေဟာ စိတ်မမှန်သူတယောက် ဖြစ်နေတော့ ခွင့်လွတ် နိုင်စရာ အကြောင်း ရှိချင်မှရှိမယ်၊ ဒါပေမယ့် ပြောစရာရှိသ၍ သမီးကသာ လက်ညှိုးငေါက်ငေါက်ထိုးပြီး ဖေ့ဖေ့ကိုပြောချင်ရာပြောမယ်၊ သူများကတော့ ဖေဖေ့ကို နဲနဲလေး မာမာပြောတာ ခိုင်းတာတောင် သမီး မခံချင်ဘူး၊ တခုကလဲ ဖေဖေ့မှာ ဒီလို ဖြစ်တယ်၊ မေမေ့စီးပွား ရေးကလဲ ကစင့်ကရဲဖြစ်လာတယ်ဆိုဘဲ၊ သမီး တို့ဟာ အတက်မပေါက်တော့မယ့် သားသမီးတွေ ကျနေဒါဘဲ၊ ဆက်ဆံကြ၊ ပြောကြဒါတွေက သမီးတော့ ရန်ကုန် ကို ထွက်သွားမှာဘဲ........."


မမသည် ကျမတို့ စကားပြောနေသည်ကို နားထောင်ရာမှ အိမ်ထဲသို့ဝင်သွားပါတော့သည်၊ မေမေသည် ကျမ မျက်နှာ ကို စေ့စေ့ကြည့်၏ သူ့အကြည့်၌ အဓိပ္ပါယ်အများကြီး ပါသည်ကို ကျမသိ ပါသည်။ ထိုစဉ်က ကျမ အသက်နှစ်ဆယ် ရှိပေပြီ။

"မေမေ က မသွားစေချင်ဘူး၊ မေမေစိုးရိမ်စိတ်အကြီးဆုံး သမီးရန်ကုန်သွားရင် သမီးချစ်သူနဲ့ ပြန်တွေ့မှာ ကို စိုးတယ်.........."

ကျမ သည် ယခုမှပင် ရှိုက်တကြီးတငယ် ငိုမိပါသည်။ ငိုလျက်မှပင် ကျမပြော၏။


"သမီး သိပါတယ်မေမေ၊ သမီးမေမေ့ကို မလိမ်ခဲ့ပါဘူး၊ သူ့ကိုချစ်တယ်ဆိုတဲ့အကြောင်း မေမေ့ ကို သမီး ဗြောင်ဖွင့်ပြောခဲ့ပါတယ်၊ ဒါပေမယ့်အဲဒီကတဲကသူနဲ့ သမီးနဲက လက်ထပ်ဖြစ်ကြမယ် မဟုတ်ဘူးဆိုတာလဲ သမီးနားလည်ပြီးသားပါ၊ မေမေဆုံးမတင်ပြတဲ့ အကြောင်းတွေထက် မဖြစ်နိုင်ဆုံး အကြောင်းက "ဖေဖေ့" ကြောင့်ဘဲ တနေ့ "မင်းတို့ဖေဖေပုံစံကြီးက ဘယ်လိုကြီးလဲ လို့"ပြောလာရင် သမီးရင်ကွဲမယ်ဆိုတာ သမီး သိပါတယ်၊ သမီးကိုခွင့်လွတ်ပါမေမေ၊ ချစ်တယ်ဆို တိုင်း ကိုယ်ခန္ဓာကြီးက သွားပူးပေါင်းတာမဟုတ်ပါဘူး၊ သမီးအသဲနှလုံး ရှိနေသ၍ သူ့ကိုချစ်တဲ့ အချစ်ကိုတော့ သမီးနှလုံးသားမှာ ထားခွင့်ပေးပါ၊ မေမေဘယ်လိုဘဲ စိုးရိမ် စိုးရိမ် သမီးတို့နှစ် ယောက်မပေါင်းဖြစ်ပါဘူးမေမေရယ်......."


ကျမသည် စကားဆက်မပြောနိုင်ဘဲ ရှိုက်၍သာ ငိုနေမိပြန်သည်။ မေမေ့ကိုချစ်သည်မှာ ဒီလိုသူ ငယ်တို့ချစ်ရေး ကိစ္စ တွေမှာလည်း မေမေ့ကို သူငယ်ချင်းလို တင်ပြဆွေးနွေးလို့ရပါသည်။

မေမေ သည် ကျမကို သနားဘဲ နေလေသလား မသင်္ကာဘဲ ဖြစ်နေသလားမိသပေ။


"ဒါနဲ့များ သ္မီး ရယ် ဒုက္ခခံပြီး ချစ်ဖြစ်အောင် ချစ်လိုက်သေးတယ်နော်.........."


"ဒါကတော့ မေမေ တခါတလေ သမီး တို့ ဦးနှောက်ရဲ့ အသိကို နှလုံးသားက လက်မခံတတ်ဘူ၊ မနာခံဘူး ဆိုပါတော့"


"တိတ်ပါတော့ သမီး......"


မေမေ့မျက်နှာ ၏ ပူဆွေးခြင်းသည် မိသားစုကြီးအကြောင်း စီးပွားရေးအကြောင်းတွေထက် ကျမအတွက် သောက ဖြစ်လာ ပုံ ရသည်။


"မေမေ့ကို သမီးမညာပါဘူး.....မေမေ စောင့်ကြည့်ပေါ့ ဒီအိမ်အိုကြီးထဲမှာတော့ သမီးဘ၀ မမြုတ် လိုက် ပါရစေ နဲ့ မေမေ.....၊ မေမေတို့ကိုလဲ ဒီအိမ်အိုကြီးက ဆွဲထုတ်ပါရစေ........"


"အေးလေ  မေမေ့ရင်ထဲမှာ အားလုံးရဲ့ အိမ်ထောင်ရေးကို လွတ်လပ်စေချင်ပါတယ်၊ ခုလိုဖြစ်ရတာ ၀မ်းနည်း စရာကြီး........"


"ဒါကတော့ သမီး တို့အဖြစ်ကိုက အိမ်ထောင်ရေးကို စဉ်းစားတိုင်း ဖေဖေ့ကိုအဓိက ထားရမှာ ကိုး........"


"သမီးရဲ့ အမှားကိုလဲ လုံးဝမဆိုသာဘူးပေါ့လေ......... မေမေသည် ဆက်လက်၍ စကားမပြော တော့ပါပေ။"

စင်စစ်တော့ မေမေ သည် သူချစ်သော သားမက်(ဗိုလ်မှုးကျော်သောင်း)နှင့် ကျမအား လက်ထပ် ပေးသွား ခဲ့ရပါ သော်လည်း သူ့ဆွေမျိုးများ နှိမ်ခဲ့သော သူ၏သားသမီးများသည် သူရည်မှန်းသော အထက်တန်း ပညာ ကို ချောချောမောမော ရရှိသွာသည်ကို သိသွားခွင့်မရရှိပါပေ။


ဖေဖေ သာ အလွန် ကံကောင်းသည် "ငါ့သား ငါ့သမီးတွေ ပညာရေးမှာ လူစဉ်မှီအောင် သင်ရပါ့မလား၊ ဟူသော သူ့သောက သည် ငြိမ်အေး၍ သွားရ၏၊ သူ့မျက်စေ့အောက်တွင် တယောက်ပီးတယောက် ဒီဂရီ ယူပြသည် ကို မြင်ရသောအခါ သူကြေနပ်၏ မည်မျှပင် စိတ်ဖေါက် ပြန်သည် ဆိုပေမင့် ပညာရေး ကိုတော့ ကျောင်းဆရာ ဟောင်း တယောက်ဖြစ်၍လားမသိ အလွန်အားပေးသည်၊ သူ့ပေါင်ရင်း မှ အကြိတ်ရောဂါကို စကုသ ပြီး ကထဲက သူ့ဦးနှောက်သည် အခါခပ်သိမ်း မဟုတ်သော်လည်း ၀ါးခယ်မ တုန်းကလောက် မသောင်းကျန်း တော့ပေ။"


ဖေဖေနှင့် မေမေကွာသည်မှာ မေမေက ဘာသာရပ်ခြားစာများကို သင်သင့်သည်၊ ပညာသင်ကြား ရေးစနစ် ကသာ "ကျွန်စနစ်"ဖြစ်ပေမင့် အင်္ဂလိပ်စာကိုတော့ သင်ကြားသင့်သည်ဟုယူဆ၏၊ သူ့ကျွန်လုပ်ခါသူ ကုလား ထိုင် တွင် ထိုင်စားရန်မဟုတ်ပေ၊ စနစ်ကိုသာပြုပြင်လိုခြင်းဖြစ်သည်၊ အင်္ဂလိပ်စာပေကို မုံးခြင်း မဟုတ်၊ ဒါကြောင့်.......ကိုကိုနှင့်အတူ အင်္ဂလိပ်ကျောင်းတွေင် နေခွင့် မရသောကျမအား အင်္ဂလိပ်စာ ကို အိမ်မှာသင်စေခြင်း ဖြစ်၏။


ဖေဖေကတော့ အင်္ဂလိပ်စာသင်ခြင်းသည် အတန်းတွေ အောင်ပြီး ကုလားထိုင်တခု ၀င်ထိုင်ဖို့ ပင်တည်း၊ ထမင်းစား ဖို့ပင်တည်း....

ထို့ကြောင့်ပင် ကျမစောစောက ရေးခဲ့သလို သူ့သားသမီးများ အရွယ်အရောက်လာတော့လည်း သူသည် ကြိုးနီများ ရစ်ပတ်နေသော ဖိုင်တွဲများကိုမ,ချီခါ ကုလားထိုင်အိုတွင် ထိုင်သော(ဘီ-စီ-ဘက်စ်) မြို့အုပ်၊ ၀န်ထောက်စာရေး၊ စသည်တွေကို သားမက်အဖြစ်သာ သူမှန်းပုံရပေ သည်။


နုနုလက်ထပ်ချိန်ရောက်မှ သူ့ရည်မှန်ချက်မှာသာ ဆိုသည်ကို အသေအချာ ထင်ထင်ရှားရှား ပေါ်လာ၏။ ဦးသိန်းဖေမြင့် ဖခင်ကြီးဆုတောင်း အလားတူ သူသည် သားမက်ကောင်း ကို ရလိုသည် သာမက ၀န်ထောက် ကလည်း ဖြစ်စေချင်ပုံရ၏။


ကျမကတော့ မိခင်မရှိပြီဖြစ်၍ မမဆုံးပြီးသည်နောက် မိန်းကလေးထဲတွင် အကြီးဆုံးအဖြစ် ကျန်ရစ် ခဲ့သည်။ ဘယ်သူ၏ အချစ်ကိစ္စ၊ အိမ်ထောင်ရေး ကိစ္စမဆို ၀င်ရောက်မစွက်ဖက်ပါပေ "မည်သူမဆို ချစ်သောသူနှင့် လက်ထပ် ရသော သူသည် တယောက်ထီး ဖြစ်ပါစေ..."ဟူ၍ အမြဲဆုတောင်းကာ တခြားလူများ လက်ထပ်ပွဲ ကို သာလျှင် ခမ်းခမ်းနားနား သပ်သပ်ယပ်ယပ်စီစီပင်ပင် ဖြစ်အောင် အမြဲကျိုးစားပေ၏။ ချစ်သောသူ နှစ်ယောက် လက်ထပ်ချိန် တွင် ယှဉ်တွဲထွက်လာသော ကျက်သရေ သည်(လောကီမျက်စိနှင့် ကြည့်လျှင်) အလွန် သိမ်မွှေ့၍ ချစ်စဖွယ်ကောင်းသော ကြက်သရေ ပါပင်တည်း။


ထို့ကြောင့် ကျမနှင့် ကျမ၏ခင်ပွန်းဖြစ်သူမှာ  ခဏခဏမင်္ဂလာပွဲများကို ဦးစီးလုပ်ဆောင်ပေး ၏။ညီမလေးနုနုက သူ့လက်ထပ်ရေးကို တင်ပြစဉ် ကျမတခုလဲပြောပြ၏။


"အဆင်ပြေအောင် လက်ထပ်ပွဲလုပ်ပေးဘို့က မမယုတာဝန်ထား တခုဘဲ နုနုလက်ထပ်မဲ့ ချစ်သူကို အိမ်ကို ခေါ်လာခဲ့ပါ တနေ့လောက်ကို အချိန်ယူပြီး ဖေဖေရဲ့ နေပုံထိုင်ပုံခေါ်ပြီးပြပါ နောက်ခါကျ တော့မှ "နုနု အဖေကြီး က ဘယ်လိုဟာကြီးလဲ-"ဆိုတဲ့စကားကို မမယုမကြားလိုဘူး"


ကျမဒါပင် ညီမလေးနုနုအား ပြောပြပါ၏။ ဘာကြောင့် ပြောရသနည်းဆိုသော် အိမ်သာ တာလောက် များ သော အိမ်တွင်ပင် စိတ်မထင်လာလျှင် ဘုရာခန်းမှာ ဆီးသွား၏ တနေ့တွင်တော့ နုနုသည် သူ့ချစ်သူ မောင်ကြည့်ဆွေကို အိမ်ခေါ်လာ၏ ဖေဖေ၏ ပုံစံဟူသမျှ အားလုံးပြထားလိုက်၏။ ညနေစောင်းတွင် မူ ကျမ ဧည့်ခန်း မှာ ထိုင်နေ၏။ ဖေဖေက အိမ်ကြီး၏ အလယ်သူစာဖတ်နေကျ နေရာတွင် ထိုင်နေ၏။ နုနုနှင့် မောင်ကြည်ဆွေ က သူ့ရှေကတွင် ထိုင်နေ၏ ထုံးစံအတိုင်း ကျမဖေဖေက ခုနှစ်သံချီနှင့်ပင် စကာစ၏။


"နုနုက မင်းကိုယူမင်လို့ ကျုပ်ကိုပြောတဲက ကျုပ်ကမှာထားတယ် ဒီလူငယ် ဘီအက်စီအောင် ရင် ၀န်ထောက် စာမေးပွဲ ၀င်ဖြေစေလို့ အဲဒါ အခုနုနုက ပြောတယ် ဘီ၊ အက်၊စီ၊ အောင်ဘီ ၀န်ထောက် စာမေးပွဲ (ဘီ၊ စီ၊ အက်)တော့ ၀င်မဖြေဘူးဆို"

မောင်ကြည်ဆွေမှာ ကျမတိုက မိသားစုထဲသိုက ၀င်ရောက်အံ့ဆဲဆဲဖြစ်၍ ထုံးတန်းစဉ်လာ များကို နားမလည် သေးပေ၊ ခေါင်းခါယုံသာ ခါပြ၏။


"ဘာဖြစ်လို့လဲ......"


ဖေဖေကမေး၏။

နုနုသည် ထုံစံအတိုင်းစာရွက်ကြမ်း နှင့် ခဲတန်ကို မောင်ကြည်ဆွေလက်ကို ထိုးအပ်လိုက်ခါ စာရေး ပြဖို့ ပြောရ၏။

"၀န်ထောက်လုပ်ဖိုက ၀ါသနာမပါဘူး......ကျွန်တော့အဖေကိုယ်တိုင်က လယ်သမား၊ သူ့လယ်နဲ့၊ သူ့ခြံနဲ့ စိုက်ပျိုးစားတာဘဲ......."

မောင်ကြည်ဆွေ က စာရေးပြ၏။


"အော် .......အခုစစ်ထဲလိုက်တယ်ဆို၊ ဒီဂရီရပြီးတဲ့သူ ဖြစ်ရက်သားနဲ့ ဗိုလ်သင်တန်းကို ဘာဖြစ် လို့ တိုက်ရိုက် မတက်လဲ......."

"ကျွန်တော် ရိုးရိုးစစ်သား ဘ၀က စပြီးဝင်ချင်လို့"

မောင်ကြည်ဆွေက စာရေးရပြန်၏။

"အေး..... ပင်ပန်းတာပေါ့၊ အခုဘယ်နှစ်ထစ်လဲ.........."


ကျမမှာ နားထောင်ရင်း ရယ်ချင်လာရ၏ သူဆိုလိုချင်သည်မှာ ဘယ်နှစ်လိုင်းရဘီလဲ၊ ရာထူးအဆင့် အတန်း ဘယ်လောက် ရဘီ လဲ ဆိုသည်ကို သိချင်၍ဖြစ်ပါသည်။


"တထစ်"

မောင်ကြည်ဆွေက ရေးပြ၏။


"အော်......တထစ်ဆိုတော့ (စက်ကင်းလက်ဖတင်နင်) ခေါ်တာပေါ့၊ အေးအေး- ဘယ်တော့ယူကြ မလဲ၊ ယူစရာ ရှိ မြန်မြန်ယူ၊ မင်္ဂလာဆောင်ဖို့ ပိုက်ဆံ မရှိရင် မခင်ယု ရှိတယ်၊ သူအားလုံးစီစဉ် ပေးလိမ့်မယ်၊ ကဲ သွားပေတော့"


ကျမ မှာ ရှက်သည့်ကြားကပင် သားမက်လောင်းနှင့် ယောက္ခမလောင်းကြီး တို့ အမေးအဖြေကို နားထောင် ကာ ရယ်မိပါတော့သည်။


နုနုမှာ သူ့သမီးအထွေးဆုံးလေးဖြစ်၍ သူအလွန်ချစ်ပုံရသည်၊ နုနုလက်ထက်ပွဲအတွက် သူတို့နှစ် ယောက် ခွင့်အားရက်ရသော ၁၉၆၂-ခု၊ ဖေဖေါ်ဝါရီလ ၁၅-ရက်ကို ရွေးချယ်ထား၏။ ကျမ၏ခင်ပွန်း က ခြံထဲမှာ ပန်းများ ပွင့်ချိန် ဖြစ်၍ အိနြေ္ဒလည်းရသည်၊ လှလည်းလှသည်ဆိုကာ နံနက်တွင် အိမ်မှာလက်ထပ်ပွဲလုပ်၍ ညနေတွင် ခြံထဲမှာဧည့်ခံရန် စီစဉ်ထားပါသည်။

အိမ်ကိုဆေးသုတ်၊ ခြံကိုအလှပြင်နှင့် အလုပ်ရှုတ်နေကြ၏၊ ကျမကလည်း အပြင်ထွက် အိပ်ရာခမ်းနား ၀ယ် ရန် ခဏခဏထွက်ရ၏။


ကျမ တို့ ကဖခင်ကြီးသည် ယောက်ျားတို့ တတ်အပ်သော အဋ္ဌာရဿ ဆယ့်ရှစ်ရပ်တွင်လည်း ဗိသုကာ အတတ် ဖြစ်သည့် လက်သမားအတတ်ကိုလည်း ကျွမ်းကျင်ပါ၏။

တနေ့တွင် အပြင်ကိစ္စများပြီး၍ ကျမပြန်လာသောအခါ အိမ်သားများ မျက်နှာပျက်နေကြပုံထောက် တော့ တခုခု တော့ ထူးခြားပြီဆိုသည်ကိုရိပ်မိပါသည်၊ မိနုကတော့ ထုံးစံအတိုင်း ပြုံးဖြဲဖြဲမျက်နှာနှင့် ဘာမှ မဖြစ် သလို ကျမလက်ထဲမှ ပစ္စည်းများကို လှမ်းယူလိုက်၏။


သူ့အိပ်ခန်းကို ဆေးရောင်အသစ် သုတ်သင့်၊ မသုတ်သင့်မေးရင်း သူ့အခန်းထဲသို့သာ ကျမကို အတင်း ဆွဲခေါ်နေသည်၊ ကျမကလည်းမရ၊ ဤပြောင်းလဲသော မျက်နှာတို့တွင် တခုခုတော့ အကြောင်းက ရှိရမည်၊ ထို အကြောင်း က ဘာလဲ။

ကျမ မျက်စေ့ သည် အိမ်ရှေ့တည့်တည့်ကို လှည့်အကြည့်လိုက်တွင် ဖြုံးဆို ဧည့်ခန်းနံရံကို မျက်စေ့ေ၇ာက်သွား ပါတော့သည်။


"ဘုရားရေ.....ဘယ်လိုဖြစ်ပုံလဲ ရုပ်ပျက် ဆင်းပျက်ကြီးပါလား..."


ကျမက ရင်မ၍ ဧည့်ခန်းသို့ပြေးသွား၏ နုနုက နောက်မှလိုက်လာသည်၊ ညီမငယ်နုနုသည် မိခင် ၀မ်းတွင် သန္ဓေ ယူစဉ် ကတည်းက မပြေမဖြစ်သော ဤဖခင်နှင့်ဤအမေကြီးကြားတွင် ပြေလည်အောင် ပြုလုပ် ပေးရမည် ဟူသော အတတ်ပညာကို သင်ယူလာခဲ့ဟန်တူပါသည်။


"လက်ထဲ က ပစ္စည်းတွေ ချပါအုံး.....ကုလားထိုင်မှာ အေးအေးထိုင်၊ မောလဲမနေနဲ့၊ အမောလဲ ဖြေပါအုံး"


ကျမကတာ့ သူမပြောလဲ မောသည်ပင်ဖြစ်၏ ကုလားထိုင်ပေါ်မှာ မောပမ်းစွာထိုင်ချလိုက်၏။ အဘယ့်ကြောင့် ဆိုသော် လက်ထပ်ခန်း အဖြစ် လှပစွာပြင်ရမည့် အိမ်ရှေ့ဧည့်ခန်းရှိ အရှေ့ဘက် နံရံ တည့်တည့် လူမြင်ကွင်းတွင် ပြတင်းဘောင်မှသည် အောက်ကြမ်းပြင်အထိ ပေါက်တူးနှင့် ပေါက် ချထား လိုက်သည် မှာ အကျယ်တထွာလောက်ရှိပါသည်။ ထိုပေါက်တူးနှင့် ပေါက်ထားသော အကွဲ ပေါ်မှာမှ အင်္ဂတေ များ ပုံထားလိုက်သည်မှာ ရစရာမရှိတော့ပေ။


"မရွှေနု........ဒါဘခမည်းတော်ဘုရားကြီးရဲ့ လက်ရာပေါ့လေ၊ ဆိုစမ်းပါအုံး"


အစကတည်းကတော့ ဤနေရာတွင် တိုက်စဆောက်စဉ်က ရေပေးနည်း၍ အက်ကြောင်းလေးဖြစ် နေပါသည်၊ သို့သော် ဆေးသုတ်ထား၍ မသိသာလှ။


"အင်းပေါ့.......ဘယ်သူရှိအုံးမှာလဲ၊ မမယုကလဲ စိတ်မောမနေပါနဲ့တော့၊ အလုပ်ကများရတဲ့အထဲ ဖြစ်ပြီးတာ ပြီးပါပြီ...."


"ပြီးတာတေ့ ပြီးတာဘဲပေါ့.....ဒါလောက် အင်ဂျင်နီယာ အတတ် တို့၊ ပန်းရံအတတ်တို့ တတ်မှန်း သိရင် နင့်ဖေဖေ ကို ငါတိုက်ဆောက်ခိုင်းပါတယ်၊ ဒါလောက်နံရံကြီးတခုကို သံတူရွှင်းတွေ၊ ပေါက်ဆိန်တွေနဲ့ ပေါက် နေတာတောင် နင်တို့မကြားတာများ အံ့ပါရဲ့ဟယ်......."


ကျမသည် ညီမငယ်ကိုသာ အပြစ်တင်ရပြန်၏။


"ဒိုင်းကနဲ ဆို စကြားကတည်းက အိမ်ဆေးသုတ်တဲ့ ကုလားတွေရော၊ နုနုတို့ရော ပြေးလာပြီး ၀ိုင်းဆွဲ ကြပါတယ်၊ မလုပ်ဖို့ လဲပြောပါတယ်၊ ကုလားတွေကလဲ ကြည့်ကောင်းအောင် သူတို့လုပ် ပေးပါ့မယ်လို့ ပြောပါတယ်၊ ဒါပေမယ့် မမယု အဖေက ဘယ်တုံးက ပြောလို့ဆိုလို့ ရဘူးတဲ့ အဖေလဲ........"


"ဟုတ်ပါတယ်လေ......ငါ့အဖေပါ နင်တို့အဖေမဟုတ်ပါဘူး၊ တခါထဲသာ လက်ထပ်ပွဲအစီအစဉ် ကို အစအဆုံး နင့်  ဖေဖေ လက်သာအပ်လိုက်ချင်တော့တယ်........"


ကျမ သည် စိတ်ပျက်မောပမ်းစွာပင် ငြီးမိ၏။ ငြီးယုံမှလွဲ၍ ဘာမှမလုပ်နိုင်ပါပေ၊ အတန့်ကြာလျှင် အိမ်ဆေး သုတ် သော ကုလားများဆီမှ ဆေးများယူလာကာ သူ့ဖါထားသော နံရံကွဲကို ဆေးသုတ် ပါတော့သည်။ ကျမ လည်း ဘာမှမပြောတော့ပေ။


"အထိမ်းအမှတ်ပြတိုက်ဝင် ပစ္စည်းအဖြစ် ထားရတာပေါ့နုနုရယ်....၊ သူ့မြေးမြစ်တွေ လက်ထက်ကြ တော့ "မင်းတို့ ဘိုးဘိုးကြီးရဲ့ ဗိသုကာ အနုပညာလက်ရာကြီး"လို့ပြပေါ့"မိနုကတော့ ကျမ ပြောသည် ကို သဘောကျစွာ နှင့် ထုံးစံအတိုင်းသာ ရယ်ပါတော့သည်။

နုနု လက်ထပ်ပြီးလျှင် မင်္ဂလာဒုံသို့ ပြောင်းရွှေ့နေပါသည်။ နှစ်တပတ်လည်သောအခါတွင် သားဦး လေး မွေးဖွား ရန် နုနုသည် မင်္ဂလာဒုံအိမ်မှ ဂွတ္တလစ်အိမ်သို့ သူပြောင်းလာပြန်၏။ သူဒပ်ဖရင် သားဖွား ရုံတွင် မွေးဖွား မည်ဖြစ်သည်။


မောင်ကြည်ဆွေ ကလည်း နှစ်ရက်တခါ သုံးရက်တခါ သူ့ဇနီးနှင့်ကျမ်းမာရေးကို လာ၍ကြည့်၏။ တနေ့တွင် ကျမ နှင့် မောင်ကြည်ဆွေ စကားပြောနေဆဲ ဖေဖေရောက်လာ၏။


"ဟေ့ မောင်ကြည့်ဆွေ နုနုရှေ့အပတ်ထဲမွေးလိမ့်မယ်"


ကျမတို့နှစ်ယောက်သည် တယောက်မျက်နှာ တယောက်ကြည့်ကာ အံ့အားသင့်နေကြ၏။


"အကောင်းပြောတာ ခလေးခေါင်းလှည့်နေပြီ"


နုနုသည် ကျမတို့စကားပြောရာသို့ဝင်လာ၏။ ကျမက မျက်နှာပူသည်ကလွဲ၍ ဘာအရိပ်အခြေ ကိုမှမသိ၊ နုနု မျက်နှာ ကိုငေးကြည့်၍ လည်းမသိပါ။

မောင်ကြည်ဆွေ နှုတ်ဆက်၍ ပြန်သွားတော့မှပင် နုနုကိုပြောရ၏။


"နုနုရယ်.....ဖေဖေ့ကိုပြောပါဟယ်၊ မမယုတို့ဘယ်လိုဘဲခေတ်မှီတယ် ဆိုပေမယ့် ဒီမွေးတဲ့ဖွားတဲ့ ကိစ္စ တွေမှာ သားမက်ကို တိုက်ရိုက်ကြီး ငါတို့ရှေ့မှာ မပြောပါစေနဲ့ဟယ်....ရှက်စရာကြီး"


နုနုကတော့ ရယ်ပြုံးပြုံးပင် "တို့များဖေဖေကတော့ကွယ်.....ကမ္ဘာရှားပါဘဲ"ဟူ၍ ပြောကာ ဖေဖေ့ ကို စာရေး ပြသည်၊ ဖေဖေသည် စာကိုယူဖတ်ပြီး ဟက်ဟက်ပက်ပက်ရယ်၏။


"နင်တို့ မှာ အမေရှိသလား၊ ငါဘဲအဖေ၊ ငါဘဲအမေ သိရဲ့လား၊ ငါမပြောလို့ ဘယ်သူပြောမှလဲ နုနု မျက်နှာ ကို သေသေချာချာကြည့်"


အပိုင်း ( ၄) ဆက်ရန်


Friday, January 28, 2011


[ ရွှေဇင်ဦးဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]



No comments:

Post a Comment