#တိမ်ရိပ်နှင်းဆီ
#မဝင့် (မြစ်ငယ်)
သမုဒ္ဒရာတစ်စင်းရဲ့ ကျယ်ပြော နက်ရှိုင်းမှုကို ကျောက်တောင်တန်း ထိပ်ဖျားမှာ စိမ့်ထွက် စီးဆင်းနေတဲ့ စမ်းချောင်းငယ်က အားကျလိမ့်မည် မဟုတ်ချေ။
တစ်ခါတစ်ရံ၌ လောကကြီးထက် လူတစ်ယောက်ရဲ့ နှလုံးသားတစ်ခုက သာလွန်တတ်ပါသည်။
ဘဝသည် သုညဟု ဆိုလျှင် ဤလောကကြီးတွင် ရှင်သန်ခဲ့သော ရှုံ့ပိန်ပိန် ရွဲ့စောင်းစောင်း သုညတစ်လုံးသည် မထင်မရှား ကွယ်ပျောက်ခဲ့လေပြီ။
သူမ သေဆုံးကြောင်း ကြေးနန်းစာကို ကျွန်တော် ကိုင်ထားပါသည်။
သူမသည် ကျန်းမာရေးသာမက စီးပွားရေး၊ လူမှုရေး အရာအားလုံး အမြဲတမ်း ချည့်နဲ့ နေတတ်သူမို့ သူမရဲ့ နာရေးသတင်းသည် ထူး၍ အံ့ဩစရာ မဟုတ်ပါ။
တစ်ခုတော့ ရှိပါသည်။ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ ချည့်နဲ့ခြင်းများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ စူးရှခိုင်မာခဲ့သော စိတ်ဓာတ်အင်အားများ ရှိနေသောကြောင့် ဤလောကကြီးထဲမှ သူမ ထွက်ခွာသွားချိန်သည် စောလွန်းနေသလို ခံစားမိသည်။
သူမသည် ပုံပြင်တစ်ပုဒ်နှင့် မတူပါ။ သူမ၏ ခြောက်ကပ်ကပ် လှုပ်ရှားမှုများသည် သီချင်းသံစဉ်မဲ့ စည်းချက်ရိုက်သလို ငြီးငွေ့ဖွယ် ကောင်းလှ၏။
သူမသည် စီးပွားရေးအရ အတော်အတန် အရေးပါသော အထက်မြန်မာပြည် ခရိုင်မြို့တစ်မြို့တွင် နေထိုင်ပါသည်။ အဲသည်မြို့ရဲ့ သာသာရေး အသင်းအဖွဲ့က ထူထောင်ထားတဲ့ ရှေးဟောင်း ပိဋကတ် စာကြည့်တိုက်တွင် သူမက စာကြည့်တိုက်မှူးအဖြစ် လုပ်ကိုင်ပါသည်။
စာကြည့်တိုက်မှူး ဆိုတဲ့ ခံ့ညားလှသော အခေါ်ပညတ်ကို ပိုင်ဆိုင်သော်လည်း သူမရဲ့ ဝင်ငွေက သာမန် စာရေးဝန်ထမ်း တစ်ယောက်ရဲ့ လစာထက် မပိုကြောင်း ကျွန်တော် သိထားပါသည်။
သို့ပေမဲ့ သူမရဲ့ အလုပ်ကိုတော့ အတော်လေး မြတ်နိုးပုံ ရပါသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆောက်လုပ်ထားခဲ့တဲ့ စာကြည့်တိုက်ကြီးပေါ်က ဟောင်းမြင်းလှပြီ ဖြစ်သော ပေထုပ်တွေ၊ စာအုပ်ထူတွေ၊ ဓာတ်ပုံ ဖလင်ဟောင်းတွေနှင့် အိုးခြမ်းပဲ့ ကျောက်ပစ္စည်း အစအနလေးများ ကြားတွင် တကုပ်ကုပ် လှုပ်ရှားနေတဲ့ သူမကို နေ့စဉ် မြင်တွေ့နိုင်၏။ သူမရဲ့ အလုပ်သည် ပျင်းရိဖွယ်ကောင်းကြောင်း ကျွန်တော်ပြောတော့ ...
‘အဟောင်းတွေကြားမှာ နေရတဲ့ ကျွန်မရဲ့ ရင်ခုန်သံနဲ့ အတွေးတွေက သူများတွေထက် ပိုသစ်နေတာ သေချာတယ်ရှင့်။ ဘာလို့လဲဆိုတော့ အဲသည် အဟောင်းတွေက ကျွန်မကို လူငယ်တစ်ယောက်လို တုန့်ပြန်တတ်လို့ပဲ။ ကျွန်မတော့ ပျော်တယ်’ လို့ ရယ်မော ပြောဆိုဖူးပါသည်။ သူမရဲ့ စကားက သဘာဝကျပါသည်။
ကျွန်တော်သည် ပန်းချီဆရာတစ်ယောက် ဖြစ်သော်လည်း မိန်းကလေးများနှင့် အနေ မစိမ်းလှသော ဓာတ်ပုံဆရာ အလုပ်ကိုပါ လုပ်ကိုင်သူ ဖြစ်သည်။
သူမ၏ မျက်နှာသည် အခြားမိန်းကလေးတွေ ပြင်ဆင်တတ်ကြတဲ့ ရောင်စုံ ခြယ်သခြင်းမျိုး မဟုတ်သော်လည်း ခေတ်မီသော ရသတစ်ခုကို နှစ်လိုစွာ ခံစား ရရှိနိုင်ပါသည်။
ပြီးတော့ သူမရဲ့ ဝတ်စားဆင်ယင်ပုံက ခေတ်ကိုလိုက်၍ ဖက်ရှင်ထွင်ခြင်း ကင်းပေစွ။ ဤသို့ စည်းရိုးတန်း မထားဘဲ လွတ်လပ်ပုံစံကပင် တစ်မျိုး ထူးခြားစွာ ဆန်းသစ်နေပါသည်။ သူမရဲ့ အဝတ်အစားများသည် တန်ဖိုး နည်းပါးသော်လည်း သူမကို လှပစေဖို့တော့ လုံလောက်ပါသည်။
တကယ်ဆိုလျှင် ကျန်းမာရေး မကောင်းသဖြင့် ကိုင်းနွဲ့နွဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ အသက် သုံးဆယ်ကျော် မိန်းမတစ်ယောက်ရဲ့ အလှသည် ဤမျှ လတ်ဆတ်နေဖို့ မကောင်းပါ။ သို့သော် သူမ လှပါသည်။
သူမရဲ့ အပေါ်ယံ အရည်အသွေးများကို ချီးမွမ်းပြောဆိုခြင်းက သူမရဲ့ သိက္ခာကို ပေါ့သွားစေမည်လား မသိပါ။ စင်စစ် ကျွန်တော့်ရင်ထဲတွင် နွေးထွေးစွာ ခံစားပြောဆိုချင်သည်က သူမရဲ့ အတွေးအခေါ်နှင့် စွမ်းရည်ကို ဖြစ်ပါသည်။
ကျွန်တော်သည် သူမရဲ့ ပိဋကတ် စာကြည့်တိုက်နှင့် ရှေးဟောင်း သုတေသန အလုပ်တွေကို နားမလည်သော်လည်း လေးစားပါသည်။ ပြီးတော့ သူမသည် ကဗျာ အရေးကောင်း၏။ ‘စမ်းသူရိ’ အမည်ဖြင့် ရေးသားခဲ့သော မဂ္ဂဇင်း စာမျက်နှာပေါ်က သူမရဲ့ ကဗျာများသည် ကျဲပါးသော်လည်း စာပေဩဇာ ကြီးမားကြောင်း ကျွန်တော်တို့ လက်ခံထားကြပါသည်။ ပြီးတော့ သူမသည် ပန်းချီကားများကိုလည်း ခံစားတတ်၏။ ဟော်လိုဂစ်တာ တစ်လက်နှင့် ‘အောင်မြေသာဇံ ပတ်ပျိုး’ ကို ကျွမ်းကျင်စွာ တီးခတ်ပြနိုင်၏။
သူမတွင် ဆွေမျိုးရင်းချာ မရှိ။ ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေများစွာ မရှိ။ လူစည်ကားသော ပွဲလမ်းသဘင်သို့ သွားလာခြင်း မရှိ။ အနုပညာနှင့် မစပ်သော စကားအပိုများ ပြောဆိုခြင်း မရှိ။
ဤသို့ သူမရဲ့ ရှိခြင်း မရှိခြင်း ကိုယ်ရည်ကိုယ်သွေးများကို ပေါင်းစပ် ပုံဖော်လိုက်သောအခါ သူမတွင် ဆန့်ကျင်ဘက် (ယောက်ျား) တစ်ယောက်ရဲ့ အရည်အချင်း များစွာ ထွက်ပေါ်လာပါသည်။
ထို့ကြောင့် ထင်ပါရဲ့။ ထိုမြို့တွင် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ဖြင့် တစ်ယောက်တည်း နေထိုင်ပါသည်။ သူမသည် ရိုးသားစွာ ရဲဝံ့ပါသည်။ ပွင့်လင်းစွာ ယဉ်ကျေးပါသည်။
သူမကဲ့သို့ မိန်းမတစ်ယောက်က ဘဝဆက်တိုင်း မိန်းမ ဖြစ်ချင်ပါကြောင်း ပြောတော့ ကျွန်တော် အံ့ဩဖူးသည်။ ‘ယောက်ျားကောင်း တစ်ယောက် ဖြစ်ဖို့ထက် မိန်းမကောင်းတစ်ယောက် ဖြစ်ဖို့ ပိုခက်တယ်ရှင့်’ တဲ့။ မြန်မာပြည်မှာ မိန်းမကောင်းတွေ ပေါတာ သိပ်ကျက်သရေ ရှိသတဲ့။
သူမသည် ဆန့်ကျင်ဘက် အရည်အချင်းများနှင့် ပြည့်နှက်နေသော အာဂ မိန်းမဝါဒီတစ်ဦး ပင်တည်း။
* * *
အကယ်၍သာ သူမ သေဆုံးသွားခဲ့လျှင် ဆိုတဲ့ အတွေးမျိုး ကြိုတင်ပြီး မစဉ်းစားမိခဲ့ခြင်းမှာ မှားလေစွ။
စဉ်းစားထားဖြစ်ခဲ့ပါလျှင် သူမ သေဆုံးသွားပြီးသောအခါ ဖြစ်ပေါ်လာမည့် ရှေ့ရေးကို ကြိုတင် စီစဉ်နိုင်ပေလိမ့်မည်။ အနည်းဆုံး သူမနှင့် သွေးမရင်းသော်လည်း ဆွေမျိုးနီးစပ် တော်သူများ နာမည်ကို ဖြစ်ဖြစ်ပေါ့။ မေးမြန်း စုံစမ်း ထားမိပေလိမ့်မည်။
ယခုတော့ ကျွန်တော့်ထံသို့ လှမ်းပြီး အကြောင်းကြားတဲ့ ကြေးနန်းစာကို ဖတ်ပြီး များစွာ ဝမ်းနည်းဖွယ် ခံစားရပါသည်။
ဒေါ်စမ်းစမ်းနိုင် သေဆုံး
အမြန်လာပါ
ဆိုပြီး ကြေးနန်းပေးပို့သူများမှာ ရပ်ကွက်လူကြီးများတဲ့။ သူမရဲ့ ဘဝသည် မည်မျှ အထီးကျန် ဆန်လိုက်ပါသနည်း။ သူမရဲ့ အရေးကြီးဆုံး အချိန်တွင် မိသားစု မရှိ။ အဖော် မရှိ။ ရင်းနှီးမိတ်ဆွေ မရှိ။
ရပ်ကွက်လူကြီးများသည် ကျွန်တော်၏ လိပ်စာကိုပင် ဘယ်သို့ ရှာဖွေ တွေ့ရှိခဲ့ကြသည် မသိပေ။ သူမသည် ဘယ်နေ့က သေဆုံးကြောင်းလည်း တိတိကျကျ ရေးမထားပေ။ သူမ၏ နောက်ဆုံးခရီးကို အချိန်မီ ရောက်လိုလှပါသည်။ သို့ရာတွင် လုံးဝ မဖြစ်နိုင်သော အခြေအနေတွင် ရှိပါသည်။
သူမတို့ မြို့သို့ သွားမည်ဆိုလျှင် မော်တော်ကားဖြင့် တစ်နေကုန် စီးပြီးမှ ရောက်နိုင်ပါသည်။ ခက်သည်က ညဘက်တွင် ပြေးဆွဲသည့် ကားကလည်း မရှိ။ သူမထံသို့ အစောဆုံး မနက်ဖြန် ညနေစောင်းမှ ရောက်နိုင်ပေတော့မည်။
ကြေးနန်းစာ ပေးပို့လိုက်သော ရက်စွဲကို ကြည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ်ရက်ခန့်က ဖြစ်နေပေပြီ။ သွားပေဦးတော့ မစမ်းစမ်းနိုင်ရေ ...။
ကျွန်တော်သည် ဆွေးဆွေးနင့်နင့် အော်ဟစ် ပေါက်ကွဲပစ် လိုက်မိပါသည်။
သူမနှင့် ကျွန်တော်သည် ငယ်ပေါင်းကြီးဖော်များ မဟုတ်ကြသော်လည်း ရင်းနှီးကြ၏။ တစ်ဦးနှင့် တစ်ဦး သံယောဇဉ် ကြီးတတ်ကြ၏။ အံ့ဩဖွယ် ကောင်းသည်က ကျွန်တော်တို့ နှစ်ယောက်သည် ချစ်သူ ဖြစ်မလာကြခြင်းပင်။
သူမနှင့် ကျွန်တော် ဆုံစည်းခဲ့ရပုံကို ပြောပြချင်ပါသေးသည်။ ကျွန်တော်သည် မန္တလေးသို့ ရောက်လျှင် စာအုပ်ဆိုင်တွေမှာ ထိုင်ပြီး အချိန်ဖြုန်းရခြင်းကို နှစ်သက်တတ်သူ ဖြစ်၏။ သူမသည်လည်း စာအုပ်ဟောင်းတွေ စုဆောင်း ဝယ်ယူခြင်းကို အလုပ်တစ်ခုအဖြစ် လုပ်ကိုင်နေသူ တစ်ယောက်ပါ။ သည်တော့ သူမနှင့် ကျွန်တော်တို့သည် ‘ဥတ္တရလွင်ပြင်’ နှင့် ‘ဒေါင်းအိုးဝေ’ စာအုပ်ဆိုင်များတွင် မကြာခဏ ဆုံမိကြပါသည်။
အဲသည် စာအုပ်ဆိုင် ပိုင်ရှင်များကလည်း ကျွန်တော်တို့ နှစ်ဦးစလုံးနှင့် ရင်းနှီးရင်းစွဲ ရှိသော စာပေစိတ်ရှိသူများ ဖြစ်ကြလေရာ တွေ့တိုင်း စကားဝိုင်းဖွဲ့ ဖြစ်သွားကြပါတော့သည်။
ထိုစဉ်က သူမ နေထိုင်ရာ မြို့နှင့် သူမရဲ့ အလုပ်အကိုင်ကိုသာ အပေါ်ယံမျှ သိရှိထားခဲ့ခြင်း ဖြစ်ပါသည်။
လွန်ခဲ့တဲ့ သုံးနှစ်ခန့်ကတော့ ကျွန်တော်သည် ပန်းချီပြပွဲ ကိစ္စ တစ်ခုကြောင့် သူငယ်ချင်း ပန်းချီဆရာကို ရှာဖွေရန် သူမ နေထိုင်ရာ မြို့သို့ ရောက်ရှိခဲ့ပါသည်။ ကံဆိုးချင်တော့ သူငယ်ချင်း ပန်းချီဆရာကို ရှာမတွေ့။ ကျွန်တော့်တွင် ဖြစ်လေ့ရှိတဲ့ အားနည်းချက်အတိုင်း အိတ်ကပ်ထဲတွင် တည်းခိုခန်း တည်းနိုင်တဲ့ ငွေကြေးအင်အားမျိုး လုံလောက်စွာ ပါမလာခဲ့ပါ။ ကျွန်တော့်အတွက် အကောင်းဆုံး ဖြေရှင်းနည်းလမ်းကတော့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို အမြန်ဆုံး ရှာဖွေဖို့ ဖြစ်ပါသည်။
အချိန်ကလည်း နေဝင်ပြီ ဖြစ်သဖြင့် အရာအားလုံးသည် သဲသဲကွဲကွဲ မရှိတော့။ စုတ်ချာချာ အဆင်အပြင်နှင့် မသပ်မရပ် ကျွန်တော့်လို ကောင်မျိုးကို ဘုန်းကြီးကျောင်းကလည်း လူကောင်းတစ်ယောက်အဖြစ် လက်ခံချင်ပါမည်လား ဆိုတာ မသေချာလှပေ။
ကံကောင်းချင်တော့ မြို့ထဲ လမ်းပေါ်တွင် တစ်ယောက်တည်း ယောင်လည်လည် ဖြစ်နေခိုက် စာကြည့်တိုက်တံခါး ပိတ်ပြီး ပြန်လာတဲ့ သူမနှင့် ပက်ပင်း တွေ့ပါတော့သည်။
‘ဟာ ... မစမ်းစမ်းနိုင်၊ ဝမ်းသာလိုက်တာဗျာ။ ဒီမှာ ဒုက္ခ ဖြစ်နေတာဗျ’
ကျွန်တော်၏ အခက်အခဲကို အားကိုးတကြီး ဖွင့်ဟမိပါသည်။ သူမကတော့ ကျွန်တော်၏ အူကြောင်ကြောင် အမူအရာကို ကြည့်ပြီး ဟက်ပက်စွာ ရယ်မောသည်။ ပြီးတော့ ကျွန်တော့်အား စားသောက်ဆိုင် တစ်ဆိုင်သို့ ခေါ်သွားပြီး ထမင်းကျွေးပါသည်။ သူမကတော့ မစားပါ။ ဘေးမှာ ထိုင်လျှက်။
အိမ်သို့ရောက်တော့ မိသားစုကင်းမဲ့သော သူမရဲ့ နေထိုင်ခြင်းကို သိခွင့် ရလိုက်ပါသည်။
‘မစမ်းစမ်းနိုင်ကို အားနာလိုက်တာဗျာ။ ကျွန်တော် ဘာလုပ်ရင် ကောင်းမလဲ’
မိန်းမသား တစ်ယောက်တည်း နေတဲ့အိမ် ဖြစ်ခြင်းအတွက် ကျွန်တော့် အနေဖြင့် အလိုက်သိစွာ ပြောသင့်သည်မို့ ပြောလိုက်ရသော်လည်း သည်စကားက သူမရဲ့ သိက္ခာ ထိပါးမှာကိုလည်း စိုးရိမ်မိပြန်သည်။
‘ကျွန်မလည်း တွေးနေတာပဲ။ ကျွန်မအိမ်က ကျယ်ဝန်းပါတယ်။ ဒါပေမဲ့ လောကကြီးက ကျဉ်းနေတာလည်း ကျွန်မ သတိထားရမယ်။ ကျွန်မ ဘာလုပ်ပေးရရင် ကောင်းမလဲ’
ကျွန်တော်သည် သူမရဲ့ အတွေးစကားနှင့် ဆုံးဖြတ်ချက်ကို ငံ့လင့်ရင်း ရှာမတွေ့တဲ့ သူငယ်ချင်း ပန်းချီဆရာကိုသာ စိတ်ထဲက ကျိန်ဆဲနေမိပါတော့သည်။
‘မိုးလည်း ချုပ်နေပြီ။ ဒီညတော့ ကျွန်မ အိမ်မှာပဲ အိပ်လိုက်ပါတော့။ ကျွန်မတို့ စကားတွေ ပြောနေတာနဲ့ မိုးလင်းသွားမှာပါ’
သူမ ပြောသည်မှာ မှန်လေစွ။ သူမနှင့် စကားပြောရသည်မှာ ကျွန်တော့်အတွက် အလွန် အကျိုးရှိပါသည်။ သူမနှင့် စကားကြာကြာ ပြောကြည့်တော့မှ အနုပညာသမားသန့်သန့် ဖြစ်နေတဲ့ သူမရဲ့ အရည်အသွေးများကို သိခွင့်ရခဲ့ပါသည်။
သူမပြောပြတဲ့ ဟန်လင်းမြို့ဟောင်း တူးဖော်စဉ်က ရရှိခဲ့တဲ့ လက်ချင်း တွဲဆက်ထားသော ရုပ်ကြွင်း လူရိုးစု နှစ်ခုအကြောင်း ကြားရသဖြင့် ‘ရုပ်ကြွင်းရဲ့ နှလုံးသားအစို’ လို့ အမည်ရသော ပန်းချီကားတစ်ချပ် ရေးသားဖို့ ပန်းချီအတွေး ရခဲ့ပါသည်။
နောက်တစ်လခန့်ကြာသောအခါ ကျွန်တော့်သူငယ်ချင်း ပန်းချီဆရာနှင့် အတူ သူမတို့မြို့သို့ ရောက်ပြန်ပါသည်။ ကျွန်တော်တို့ လာခဲ့ရသော ခရီးရဲ့ အခြေအနေမှာ ညနေစောင်းမှာ ရောက်သောကြောင့် ထိုမြို့တွင် ညအိပ်ဖို့ လိုအပ်လေ့ ရှိပါသည်။ သို့ပေမယ့် သည်တစ်ကြိမ်မှာတော့ ကျွန်တော့်တွင် အဖော်သူငယ်ချင်းလည်း ပါနေသည်မို့ သူမအိမ်သို့ တည်းခိုရန် လိပ်ပြာသန့်စွာ ရောက်ခဲ့ပါသည်။
သူမအိမ်တွင် တည်းခိုမိခြင်းရဲ့ အဓိကအကြောင်းရင်းမှာ သူမနှင့် စကားပြောဆိုရသည်ကို နှစ်သက်သောကြောင့် ဖြစ်ပါသည်။ ရင်ခုန်သံချင်း တူသော အနုပညာသမားချင်း စကားပြောဆိုလို့ ကောင်းသည် ဆိုတဲ့ ခံစားမှုမျိုးကို အနုပညာသမားတွေသာ နားလည်နိုင်သောအရာ ဖြစ်ပါသည်။
အဲသည်ညက စကားပြောခွင့် ရခဲ့သဖြင့် သူမရဲ့ လေးစားဖွယ်ကောင်းသော အတွေးအခေါ်နှင့် ရပ်တည်ချက်ကို ကျွန်တော့်သူငယ်ချင်း ပန်းချီဆရာက တဖွဖွ ချီးကျူး ပြောဆိုနေပါတော့သည်။
ဘာပဲဖြစ်ဖြစ် သူမသည် ကျွန်တော့်အတွက် မိန်းမ ယောက်ျား ကွဲပြားခြင်း ဆိုသည်က ပျောက်ကွယ်သွားသလိုပါပဲ။ သူမ ကိုယ်တိုင်ကလည်း ကျွန်တော်နှင့် ယခုကဲ့သို့ စကားပြောဆိုရခြင်းကို နှစ်သက်ကြောင်း ဝန်ခံ ပြောဆိုပါသည်။
‘ကျွန်မက ပင်ကိုကလည်း စကား အလွန် နည်းတာရှင့်။ ပြီးတော့ ကျွန်မ ပြောချင်တဲ့ စကားကလည်း စိတ်ဝင်စားမယ့်လူ ရှားပါးလှတဲ့ စကားလေ။ အနုပညာသမားရဲ့ စကားဆိုတာ သင်းကွဲစကား ဖြစ်နေသလိုပဲ။ ဒီတော့ ရှင်တို့ လာမှ ကျွန်မလည်း စကားကောင်းကောင်း ပြောဖြစ်တော့တာရှင့်’
အကြောင်း တိုက်ဆိုင်စွာပါပဲ။ နောက်တစ်လ ကြာသောအခါ မိတ်ဆွေ ဓာတ်ပုံဆရာတစ်ယောက်နှင့် အတူ သူမထံသို့ ထပ်မံ ရောက်ရှိ ပြန်ပါသည်။ ယခင်အတိုင်း တစ်ညလုံးနီးပါး စကားပြောဆိုပြီး နောက်တစ်နေ့တွင် ကျွန်တော်တို့ အလုပ်ကိစ္စ လုပ်ကိုင်ပြီးသည်နှင့် ပြန်သွားကြပါသည်။
သည်လိုနဲ့ တစ်ယောက်တည်းနေတဲ့ သူမထံသို့ လည်ပတ်ရသည်ကို တွေ့စကဲ့သို့ လေးပင်သော ခံစားမှုမျိုး မရှိတော့ဘဲ စိတ်သန့် ပေါ့ပါးစွာ ရောက်သွားတတ်ပါသည်။
တစ်ခါတစ်ရံ ပန်းချီအတွေးကလည်း ခန်းခြောက်နေပြီး စိတ်လေလွင့်သလို ဖြစ်နေလျှင် သူမထံသို့ ကျွန်တော် တစ်ယောက်တည်းလည်း သွားပစ်လိုက်ပါတော့သည်။ ထိုအခါ သူမသည် ကျွန်တော့်အား ငြိုငြင်ခြင်း ကင်းသော်လည်း အကဲခတ်သော မျက်လုံးများဖြင့် လက်ခံ စကားပြောခဲ့ကြောင်း သတိထားမိ၏။
ကျွန်တော်သည် သူမထံသို့ အကြိမ်ပေါင်းများစွာ သွားရောက်ဖူးသော်လည်း သူမကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးတဲ့ အစားအစာမျိုး တစ်ကြိမ်မျှ မစားခဲ့ရဖူးပေ။ နံနက်လင်း၍ မျက်နှာသစ်တဲ့ ကိစ္စလေးများက အစ ဧည့်ဝတ်ကျေခြင်း ကင်းစွာ လျစ်လျူရှုထားတတ်သည်။ သူမထံသို့ ကျွန်တော် ယူဆောင်လာတဲ့ လက်ဆောင်များကို ငြင်းပယ်တတ်သလို သူမထံမှလည်း ဘာမျှ လက်ဆောင် မရခဲ့ဖူးပါ။
ကျွန်တော်နှင့် စကားပြောရာတွင် အကြည်လင်ဆုံးမှာ သူမရဲ့ မျက်လုံးများပင် ဖြစ်ပါသည်။ သူမ၏ မျက်လုံးများသည် ကျွန်တော့်ထံသို့ တစ်စက္ကန့်စာမျှ စူးစိုက်မကြည့်ဖူးခြင်းက လေးစားလောက်ပါပေသည်။
နောက်တစ်ချက် ထူးခြားသည်မှာ သူမနှင့် ဒဿနပေါင်းများစွာ၊ အနုပညာ စကားပေါင်းများစွာ ဆွေးနွေး ပြောဆိုဖူးသော်လည်း အချစ်နှင့် ပတ်သက်၍ ဘယ်သောအခါကမျှ ဆွေးနွေးခွင့် မရခဲ့ခြင်းပင်။ ‘ကျွန်မက အဲသည် ကိစ္စတွေ သိပ်မပျော်ဝင်ဘူးရှင့်’။ ‘ကျွန်မ မသိဘူး’ ဆိုတဲ့ စကားနှင့် ပိတ်ဆို့ပစ်၏။
ကျွန်တော်နှင့် သည်မျှ ရင်းနှီးနေလျက်ကပင် သူမရဲ့ ပုဂ္ဂလိက ခံစားမှုတို့ကို တစ်ချက်မျှ လှစ်ပြခြင်း မရှိပေ။ ချွင်းချက်တစ်ခုတော့ ရှိသည်ပေါ့။
သူမသည် မြန်မာနှင်းဆီလို့ ခေါ်တဲ့ နှင်းဆီကြမ်းကိုတော့ အလွန် နှစ်သက်ကြောင်း မကြာခဏ ပြောတတ်ပါသည်။ ဤသို့ ပြောပြဖြစ်ခြင်းမှာလည်း သူမအိမ်ရှိ အလှစိုက်ပန်းအိုးတွင် မပြတ် တွေ့မြင်ရသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် သူမအတွက် ‘နှင်းဆီကြမ်းများ’ ဆိုတဲ့ ပန်းချီကားတစ်ချပ်ကို မဝံ့မရဲ လက်ဆောင် ပေးကြည့်တော့ မြတ်နိုးစွာ လက်ခံယူပါသည်။ ကျွန်တော့် တစ်သက် သူမအတွက် ပေးဖြစ်ခဲ့ဖူးတဲ့ လက်ဆောင်မှာ သည်ပန်းချီကား တစ်ချပ်ပါ။
ယခုတော့ သူမ သေဆုံးခဲ့လေပြီ။ သူမသည် နှင်းဆီပွင့်ကဲ့သို့ အလှဆုံး ပွင့်ခဲ့၏။ အချိုမြဆုံး မွှေးပျံ့ခဲ့၏။ ပြီးတော့ သူမရဲ့ လွတ်လပ်တဲ့ နေထိုင်မှုတွင် ဆူးနှင့်တူလှသော ကိုယ်ကျင့်တရားတွေဖြင့် ချွန်မြစေခဲ့လေပြီ။
အမှန်ကိုဝန်ခံရလျှင် ကျွန်တော်သည် သူမအား သူစိမ်း ယောက်ျားတစ်ယောက် ဆိုတဲ့ စိတ်ဖြင့် ရင်ခုန်ခဲ့ဖူး၏။ သူမက ကျန်းမာရေး ချည့်နဲ့သော်လည်း လှသည်လေ။ သို့ရာတွင် သူမရဲ့ သန့်စင်ခိုင်ခံ့သော မျက်လုံးများကို လည်းကောင်း၊ ပြတ်သားရဲရင့်သော အတွေးအခေါ်များကို လည်းကောင်း ချက်ချင်း သတိရမိလိုက်သည်နှင့် ဝင်ရိုးစွန်းက ရေခဲတောင်တန်းတွေ မီးလောင်ပြာကျသွားသလို ကျနော့်ရင်ထဲတွင် အေးစက်ခြင်း၊ လောင်မြိုက်ခြင်း တို့ဖြင့် လှုပ်ခတ်တုန်ခါသွားပါသည်။
တကယ်ဆို တစ်ယောက်တည်း သိက္ခာရှိရှိ နေထိုင်တဲ့ မိန်းကလေး တစ်ယောက်ကို ကျွန်တော်တို့အားလုံး ဝိုင်းဝန်း၍ လေးစားစွာ စောင့်ရှောက်ပေးရမည် မဟုတ်ပါလား။ သူမအတွက်တော့ သိပ်မထူးဆန်းသလိုပါပဲ။
‘သိက္ခာတို့၊ သီလတို့ ဆိုတာ ပုဂ္ဂိုလ်ရေးနဲ့ အဓိက ပတ်သက်တယ်။ တကယ်တမ်းကျတော့ လူတွေရဲ့ ကိုယ်ကျင့်တရားကို ဦးစီးနေတာ ဓလေ့ထုံးစံပဲ။ လူတွေဟာ ဓလေ့ထုံးစံရဲ့ သတ်မှတ်ချက် တရားအောက်မှာ လက်မခံချင်ဘဲလည်း လက်ခံရလိမ့်မယ်’
‘ဓလေ့ထုံးစံတိုင်းက အမှန်တရားမှမဟုတ်တာဗျ’
‘ဒါပေမယ့် အမှန်တရားအတွက် ဓလေ့ထုံးစံတွေ ပေါ်ပေါက်ခဲ့ရတာရှင့်။ ကိုယ်ကျင့်တရား ဘယ်လောက်ကောင်းကောင်း ဓလေ့ထုံးစံက ခွင့်မပြုရင် ရှောင်ရမယ်။ အဲ့ ... မရှောင်ဘဲ ထိုးဖောက်ထွက်မယ် ဆိုရင်လည်း ဂုဏ်သိက္ခာကို စတေးရလိမ့်မယ်’
အဲသည်တုန်းက သူမစကားရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ပေ။ ပိုင်ရှင်ကင်းမဲ့နေပြီ ဖြစ်သော သူမရဲ့အိမ်ကို ရောက်တော့မှ သူမအတွက် ဝမ်းနည်းခံခက်စွာ သိခွင့်ရလိုက်ပါတော့သည်။
* * *
သူမရဲ့ အိမ်သို့ရောက်သောအခါ ကျွန်တော့်ကို စောင့်ကြိုနေတဲ့ ရပ်ကွက်လူကြီး တစ်ယောက်ရဲ့ စကားက ရင်ဝကို ဆောင့်ကန်ချလိုက်သလို ခံစားရ၏။
‘ခင်ဗျား တော်တော် တာဝန်မဲ့တဲ့လူဗျာ’
ဖြစ်ကြောင်းကုန်စင် မသိရသေးသည်မို့ ငေးကြောင် နားစွင့်နေမိသည်။
‘ဒေါ်စမ်းစမ်းနိုင်ရဲ့ အိမ်တံခါးတွေ ပိတ်ထားတာ ကြာပြီဗျ။ ကျွန်တော်တို့လည်း သူ တစ်နေရာ ခရီးထွက်နေတယ် ထင်ကြတာလေ။ အိမ်ထဲက ပုပ်စော်နံလာတော့မှ အိမ်နီးချင်းတွေက မသင်္ကာတာနဲ့ တံခါးဖျက်ပြီး ဝင်ကြည့်ကြတော့ အိပ်ရာထဲမှာ တစ်ယောက်တည်း သေနေတာ တွေ့ရတယ်ဗျာ။ သူ ခုတလော နေမကောင်းလို့ ဆေးခန်းမှာ ဆေးထိုးနေတာတော့ အိမ်နီးချင်းတွေ သတိထားမိကြပါရဲ့။ သူကလည်း စကားနည်းတဲ့လူ ဆိုတော့ သည်အတိုင်း ဘာသိဘာသာ နေလိုက်ကြတာပေါ့။ မှုခင်းဆရာဝန်ကတော့ အဆုတ်ရောဂါကြောင့် သေဆုံးသွားတာလို့ မှတ်ချက်ပေးပါတယ်။ ဒါပေမဲ့ ခင်ဗျား နေနိုင်ရက်ပါတယ်ဗျာ’
‘ကျွန်တော်လည်း ခုတလော ဓာတ်ပုံလုပ်ငန်းက ရှုပ်နေတော့ သူ့ဆီ မရောက်ဖြစ်တာ နှစ်လလောက် ကြာသွားတယ်’
‘ဒါကြောင့် တာဝန်မဲ့တယ် ပြောတာပေါ့။ တကယ်ဆို ခင်ဗျားက သူ့ယောက်ျား မဟုတ်လား’
‘ခင်ဗျာ ...’
ကျွန်တော့်မျက်နှာ ထူပူသွား၏။ သေဆုံးသွားပြီ ဖြစ်သော်လည်း အနားမှာ သူမ ရှိနေသကဲ့သို့ အားနာလိုက်သည်ဖြစ်ခြင်း။ ပေါ့ဆစွာ စွပ်စွဲ ပြောဆိုရဲသည့် ထိုလူကြောင့် ထောင်းခနဲ ထကြွလာတဲ့ ဒေါသစိတ်တွေကို ချိုးနှိမ်ပြီး ပြောရသည်။
‘မစမ်စမ်းနိုင်နဲ့ ကျွန်တော်နဲ့က မိတ်ဆွေတွေပါ ခင်ဗျာ။ သူ့ရဲ့ မိသားစု ဆွေမျိုးတွေ အကြောင်းလည်း ကျွန်တော် မသိပါဘူး။ မိသားစုအပေါ် တစ်ခုခု စိတ်နာခဲ့တဲ့အတွက် ကျွန်တော့်ကို ပြောမပြတာလည်း ဖြစ်ချင် ဖြစ်မှာပါ။ ကျွန်တော့်အနေနဲ့ သူနဲ့ တစ်ခါတစ်ရံ စကားပြောဖို့ ရောက်လာတတ်တဲ့ မိတ်ဆွေ တစ်ယောက် အဆင့်မှာပဲ ရှိပါတယ်’
‘ခင်ဗျားတို့ လင်မယား တော်တော်ကြောင်တာပဲ။ ဒေါ်စမ်းစမ်းနိုင် ကလည်း ခင်ဗျားကို သူ့မိတ်ဆွေပါလို့ ဇွတ်ငြင်းတယ်။ မိန်းမ တစ်ယောက်တည်း နေတဲ့ အိမ်မှာ သွေးသားမစပ်တဲ့ ယောက်ျားတစ်ယောက် မကြာခဏ လာတည်းရမလားဗျ။ သူကလည်း လက်မခံရဘူး။ ဒါဆိုရင် ကျုပ်တို့အနေနဲ့ ခင်ဗျားလာတဲ့အခါတိုင်း စောင့်ကြည့်ပြီး ဝိုင်းဖမ်းမှာ ပြောတော့မှ ဒီမိန်းမ ဘာပြောတယ် မှတ်သလဲ။ ‘ကျွန်မရဲ့ ယောက်ျားပါဆိုရင် ဘာဖြစ်မှာလဲ’ တဲ့။ အဲဒါ ဆိုရင်တော့ ကျုပ်တို့က ဘာမှ နှောင့်ယှက်စရာ မလိုတော့ပါဘူး ပြောမှ စိတ်ပျက်လက်ပျက် ခေါင်းညိတ် ဝန်ခံသွားတယ်ဗျာ။ ကျုပ်တို့ကလည်း ခင်ဗျားရဲ့ နာမည်၊ အလုပ်အကိုင်နဲ့ လိပ်စာကို တစ်ခါတည်း မှတ်ထားရတယ်လေ’
‘ဟာ ... အဲဒါ လုံးဝ မဟုတ်ဘူး။ ခင်ဗျားတို့ ဝိုင်းဖမ်းမယ်ဆိုတဲ့ အစီအစဉ်ကြီးဟာ ကျွန်တော်တို့ရဲ့ ရိုးသားမှုကို တိတိလင်းလင်း စော်ကား ဖျက်ဆီးပစ်တာမို့ သူ ခေါင်းညိတ်ပစ်တာပဲ ဖြစ်မယ်။ ကျွန်တော်တို့ လုံးဝ ရိုးသားတယ်’
‘ရပ်နဲ့ ရွာနဲ့ နေတာဗျ။ အရပ်ထုံးစံကို ပယ်လို့ ဘယ်ရမလဲ။ ပြီးတော့ ခုကိစ္စက ခင်ဗျားအတွက် ဟောသည်အိမ်ကို အမွေဆက်ခံပိုင်ခွင့်အရ လွှဲပေးမှာ ဖြစ်လို့ ပြောနေတယ် ဆိုတာလည်း သတိထားပါဦး’
‘မလိုချင်ဘူး၊ ဟုတ်လည်း မဟုတ်ဘူးဗျာ ... ကဲ’
ပြောပြီး ဆွေးနင့် ဖိုလှိုက်စွာ တံတွေး မျိုချမိပါသည်။
ဖြစ်ရလေ ... မစမ်းစမ်းနိုင်ရယ်။ သူမရဲ့ ဧည့်ခန်းတွင် ချိတ်ဆွဲထားလျက်ရှိသော ပန်းချီကားထဲက နှင်းဆီကြမ်းများသည် ရဲဝံ့ နီထွေးစွာ လန်းဆန်းနေကြဆဲ။ ကျွန်တော် လွမ်းမောစွာ ငေးကြည့်ဖြစ်၏။
မစမ်းစမ်းနိုင် ... ခင်ဗျား နောက်ဘဝမှာလည်း နှင်းဆီကြမ်း ပြန်ဖြစ်ရင် ဟောသည် လောကကြီးထဲမှာတော့ မဖြစ်နဲ့တော့ဗျာ။ လွတ်လပ်တဲ့ တွေးခေါ်မှုတွေကို မြတ်နိုးလှတဲ့ ခင်ဗျားအတွက် အဆုံးအစမရှိ လွတ်လပ်တဲ့ မိုးကောင်းကင်ကြီးက ကြိုဆိုနေမှာပါ။
ဟော ...
ဟိုမှာလေ တိမ်ရိပ်တွေကြားက နှင်းဆီတစ်ပွင့်။
----------
မဝင့် (မြစ်ငယ်)
မဟေသီ၊၊ ဇန်နဝါရီ၊ ၁၉၉၆။
Credit to Trice @ mmcpcommunity
[ မြန်မာဝတ္ထုတိုများပေ့ဂ်ျမှကူးယူပါသည်။ပေ့ဂ်ျအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment