Wednesday, 5 June 2019

#စလူရွက်ဖြူလက်ဝယ်ကိုင်မိုးလို့ #ဝင်းဝင်းလတ်

#စလူရွက်ဖြူလက်ဝယ်ကိုင်မိုးလို့


 #ဝင်းဝင်းလတ်


ဖြူ ပြန်ချိန် ဆိုပါလျှင် ဖြူနှင့် ကောင်လေး ရာဂျူးရဲ့ ခြေသံများက လွဲ၍ တစ်လမ်းလုံး တိတ်ဆိတ်၍ နေတတ်သည်။ မိုးမရွာ၊ လသာသော ညများတွင် သစ်ရွက်လေးတွေ၊ စက္ကူစုတ်လေးတွေကတော့ နက်နက်​ပြောင်ပြောင် ကတ္တရာ လမ်းမပေါ်မှာ ပြေးလွှား လွင့်ကစားလို့ နေတတ်သည်ပေါ့။ ညစဉ် မပျက်ကွက် တတ်သည်ကမူ ဖြူနှင့် အဖော် တစ်ယောက်ရယ်။ 


ကျောင်းသူ ဘဝကတော့ ဖြူ့ကိုယ်ဖြူ ညဥ့်မှောင်မှောင်တွင် တောင်ဥက္ကလာ (၇) အဝါ ကားဂိတ်ဆုံးမှာ၊ ရွှေဂုံတိုင် မီးပွိုင့်မှာ၊ ဆူးလေပန်းခြံ တစ်ဝိုက်မှာ ဆယ်နှစ်အရွယ် ကုလားလေး ရာဂျူးသာ အဖော်ပါလျက် အိမ်ပြန်ဖို့ ကားရှာနေရ လိမ့်မည်ဟု မတွေးမိခဲ့စဖူး။ ကျောင်းပြီးတော့ ရန်ကုန်ရဲ့ ညများက ဖြူ့ကို စောင့်လင့် ကြိုနေလေသည်။ ဖြူ၏ ‘စေတနာဖြူ’ ဖွင့်ချိန်က ညနေ ငါးနာရီမှ ညနေ ရှစ်နာရီခွဲလေ။ ဖြူ အိမ်ရောက်ချိန်သည် ညကိုးနာရီခွဲ ဆယ်နာရီမှ အနိုင်နိုင်။ ခရီးက ကွာလှမ်းလှသည်။ ဖြူ ပြန်သည်က ဒဂုံမြို့နယ်သို့ ဖြစ်၏။ ‘စေတနာဖြူ’ က မြို့စွန်ကျကျ၊ တောင်ဥက္ကလာပ (၇) အဝါ ဂိတ်ဆုံးနှင့် မနီးမဝေး 'တိုးချဲ့မြင်သာ' ရပ်ကွက်ထဲမှာ ဖြစ်လေသည်။ 


ဖြူ့ အိမ်မှ ရွှေဂုံတိုင်ဘုရား ခြေရင်းရှိ (၁၀) ကားဂိတ်သို့ လမ်းလျှောက် သွားရသည်။ တစ်ဆယ့်ငါးမိနစ် ခရီး။ နံပါတ် (၁၀) ကားကို တစ်မှတ်တိုင် လိုက်စီးပြီး ဗဟန်းသုံးလမ်းတွင် ဆင်းရသည်။ ထိုမှ နံပါတ် (၇) အဝါကို ဂိတ်ဆုံးတိုင် တက်စီးကာ ‘စေတနာဖြူ’ ရဲ့ နယ်မြေသို့ ရောက်လေသည်။ (၄) ဝါ လိုင်းသိမ်းသည့် ဖြူ ပြန်ချိန်တွင် ဘတ်စ်ကား သုံးဆင့်ခရီးဖြင့် ပြန်ရတတ်လေသည်။ ဂိတ်ဆုံးမှ နောက်ဆုံးထွက်သည့် မီးမှုန်မှုန် ကားပေါ်သို့ ဖြူနှင့် မမစန်း ဖြစ်စေ၊ ညီမဆွေ ဖြစ်စေ၊ တက်လာစဉ် ... ထူးဆန်းသလို အကြည့်ခံရတတ်မြဲ။ ဖြူတို့ ညီအစ်မကမူ ဣနြေ္ဒမပျက်ရဲခဲ့။ 


ညစဉ် ပြန်နေကျလာတော့ ရွံ့ကြောက်မှုတို့ သူတစ်ပါး အထင်အမြင် ဘယ်လိုနေမလဲ လိုက်တွေးနေမှုတို့ မလုပ်နိုင်တော့ချေ။ အပြန်လမ်းကို ကား အဆင်သင့်သလိုဖြင့် ပြန်ရသည်။ တစ်ခါတစ်ရံ (၇) အဝါ သိမ်းသည့် လမ်းအတိုင်း လိုက်ပြီး ကမာရွတ် လှည်းတန်းတွင် ဆင်းသည်။ (၇) အဝါ မမီပါလျှင် (၇) အနီ စီးလျက် ရွှေဂုံတိုင်တွင် ဆင်းသည့်အခါ ဆင်း၊ ဆူးလေအထိ လိုက်ပါသည့်အခါ လိုက်ပါရသည်။ တစ်စီးပေါ်က ဆင်းသည်နှင့် နောက်တစ်စီးသို့ အပြေးအလွှား တက်ဖို့ ဖြူ ခြေကုန်သုတ်လေ့ ရှိမြဲပင်။ ဖြူနှင့် ဖြူ့အဖော်သည် သည့်အတွက် တိုင်ပင်စရာ မလိုဘဲ ခြေလှမ်းညီကြသည်။ ထမင်းဆာခြင်း၊ အိပ်ငိုက်ခြင်းနှင့် ညဥ့်အမှောင်တို့က ဖြူတို့ကို နောက်မှ အတင်းတွန်းပို့ နေလေသည်။ တစ်ည ... ဖြူ ရွှေဂုံတိုင် မှတ်တိုင်တွင် ဆင်းလိုက်ပြီး၊ နံပါတ် (၇) အနီကားက တော်တော်နှင့် ပြန်မထွက်သေး။ ဖြူ ခြေလှမ်းများ မလှမ်းရသေးမီ ... 


“ဘယ်သူ့ ပစ္စည်းလေးပါလိမ့်”


စပယ်ယာ လှမ်းပြောလိုက်သံ ကြားရလို့ လှည့်ကြည့်လိုက်တော့၊ ဟီးနိုးလေးရဲ့ ပြတင်းနားက ခုံမှာ အကျအန အိပ်ပျော်နေသော ကုလားလေး ရာဂျူးကို တွေ့ရသည်။ ဖြူ သူ့ကို မေ့ထားခဲ့မိခြင်း ဖြစ်၏။ 


“ကိုယ့်ပစ္စည်းလေးလည်း ကိုယ် သတိပြုဦးမှပေါ့လေ ...” 


လက်မှတ်ရောင်းရဲ့ စကားကြောင့် တစ်ကားလုံးကလည်း ဖြူတို့ကို ကြည့်လျှက် ပြုံးစေ့ ပြုံးစေ့ ဖြစ်နေကြသည်။ 


“ဟဲ့ ... ရာဂျူး ... ဆင်းခဲ့လေ၊ မြန်မြန်ဆင်းခဲ့”


ကားနံရံကို ပုတ်နှိုးမှ ရာဂျူး နိုးပြီး ... ဆင်းလိုက်လာသည်။ ဖြူ ရှက်ရှက်နှင့် သူ့ကို မဲမိလေသည်။ 


“နင်ကလည်း နော် ... အိပ်ပျော် နေရတယ်လို့ပဲ ... အဖော် လုပ်လာပါတယ်၊ အားမကိုးရတဲ့ အပြင်” 

“အစ်မကရော ကျွန်တော့်တောင် မခေါ်ဘူး၊ ကားနဲ့ ပါသွားရင်တော့ မပြန်တတ်ဘူးဗျ ... ပိုက်ဆံလည်း မပါဘဲနဲ့”


သူကပဲ ဖြူ့ကို အပြစ်တင်နေ ပြန်ပါသေး၏။ ဖြူ့အိမ်က မလိုက်ပါနိုင်သည့် အခါမျိုးတွင် အဝတ်လျှော်သည့် ကုလားမရဲ့သား ရာဂျူးကို တစ်ည လိုက်ခ နှစ်ကျပ်နှုန်းဖြင့် အဖော်ခေါ်ရ လေသည်။ ရာဂျူးက သူ့လုပ်အားကို ဒီလို သတိပေးလေ့ ရှိသည်။ 


“အိမ်ကျ ရမှာပေါ့ဟယ် ... ကြို ပေးထားရင်လည်း နင်က ကျပျောက်သွားပြီ လုပ်ဦးမှာပဲ ... ဟေ့ ... ဖြည်းဖြည်း ငါ့ကို စောင့်ပါဦး ... ဟိုက လာတာ အမူးသမားတွေ ထင်တယ်”


ဖြူ့ အိမ်ပြန်ချိန်သည် ရေချိန် ကိုက်ချိန်နှင့် ချိန်ကိုက် ဖြစ်နေရပြန်သေး၏။ 


သို့ဖြင့်ပင် တစ်ညတာ ဖြူ့ အလုပ်စခန်းသည် အပြီးတိုင်ခဲ့ရ ပြန်တော့သည်။ 


* * *


‘စေတနာဖြူ’ တည်ရှိရာသို့ (၇) အဝါ ဂိတ်ဆုံးမှ ဆိုက်ကားဖြင့် တစ်ကျပ်ခရီး စီးသွားရသေးသည်။ ထိုမှ ရပ်ကွက်လေး တစ်ခုထဲ ဝင်သွားရသည်။ မိုးတွင်းမှာ ဗွက်ထူ ရေဝပ်သော ရပ်ကွက်လေး။ ဈေးလေး တစ်ဈေးကို ဖြတ်ကျော်ပြီးမှ ‘စေတနာဖြူ’ သို့ ရောက်တော့သည်။ ရပ်ကွက်ရဲ့ အစွန်ဆုံးလမ်းတွင် ‘စေတနာဖြူ’ ရှိသည်။ မျက်နှာချင်းဆိုင်တွင်တော့ လယ်တဲလေး တစ်တဲနှင့် လယ်ကွင်းပြင်သာ။ မြို့ထဲက လယ်ကွက်များပီပီ ရှုမဆုံးတော့သည် မဟုတ်ဘဲ ခပ်ဝေးဝေးတွင် အဆောက်အအုံတွေ ရံလို့ တွေ့ရသည်။ သေနတ်ပစ်ကွင်း၊ မြင်သာ စုပေါင်းအိမ်ယာများနှင့် ငမိုးရိပ်ချောင်းက လယ်ကွင်းပြင်တွေကို ဘောင်ခတ်ထားပေသည်။ ရုံးဆင်းချိန် ညနေ လေးနာရီရဲ့ ငါးပိသိပ် ငါးချဉ်သိပ် ဘတ်စ်ကားပေါ်က ဆင်းခဲ့ပြီး ‘စေတနာဖြူ’ တစ်ဝိုက်သို့ ရောက်လာလျှင်ပင် လယ်ကွင်းပြင်ကို ဖြတ်သန်းလာသည့် လေပြည်ရနံ့ကို လတ်ဆတ်စွာ ရှူရှိုက်ရမြဲ။ တစ်နေ့လုံး ဆေးထုတ်ရ၊ ဆေးရှာရခြင်းဖြင့် ပင်ပန်းခဲ့သမျှ ‘စေတနာဖြူ’ ကို လှမ်းမြင်လိုက်ရစဉ် ဖြူ့ရင်တွင် နွေးထွေး ကျွမ်းဝင်သော ခံစားမှုလေးက ဖြစ်ပေါ်လာရမြဲပင်။ အောက်ခံ အဖြူတွင် အနီရောင်စာလုံး ‘စေတနာဖြူ’ ကို ရေးထားလျှက် အပြာရောင် ဘောင်ခတ်ထားသော ဆိုင်းဘုတ် ရိုးရိုးလေးဖြင့် ‘စေတနာဖြူ’ ပုစွန်တောင်က ရထားသံလမ်း ဘေးရှိ 'ဗမာ့အလှ' ပန်းချီရေး ဆိုင်လေးတွင် ဖြူကိုယ်တိုင် အရောင်ရွေးလို့ အပ်ခဲ့သည်။ ဖြူ့အမည် 'ဒေါက်တာကြည်ဖြူ' ဆိုင်းဘုတ် အပ်စဉ်က ... ပိုလို့ ဗရုတ်သုတ်ခ နိုင်သေးသည်။ သစ်သားပြားလေး တစ်ချပ်ကို ... ခပ်ညံ့ညံ့ ပရိဘောဂဆိုင်မှာ ဝယ်ကာ အုတ်ကျင်းနားက လမ်းဘေးတဲလေး တစ်တဲမှာ ဝင် အမည်ရေးသည်။ ဆိုင်းဘုတ်လေး နှစ်ခုက သေသပ်ရိုးသား ကြပေသည်ဟု ဖြူကတော့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်လေသည်။ ရန်ကုန်ရဲ့ နေရာ အနှံ့အပြားကို ‘စေတနာဖြူ’ အတွက် ... တစ်နေရာ ရှာဖွေရင်း ဖြူ လျှောက်ခဲ့သည် ဆိုင်းဘုတ်လေးများ သက်သေပင်။ ပုစွန်တောင်၊ သာကေတ၊ အုတ်ကျင်း၊ သမိုင်း၊ အင်းစိန်၊ အောင်ဆန်း၊ ဗဟန်း၊ ကမာရွတ်၊ ဥက္ကလာ ... စသည်ဖြင့်။ အလုပ် မရှိသေးသော သူငယ်ချင်း လတ်နှင့် ဖြူတို့ နှစ်ဦးသားရယ် ... 


နေရာတိုင်းမှာ ကွမ်းယာဆိုင်နှင့် ဆေးခန်းက ဦးနှင့်နေသည်ကို တွေ့ရစဉ် ... တစ်ရက်တော့ တစ်မြို့လုံးအနှံ့ လျှောက်ကြည့်ပြီး ကွမ်းယာဆိုင်နှင့် ဆေးခန်းကို အချိုးချကြည့်ဦးမယ်ဟု လတ်က ရယ်မော၍ ဆိုလေသည်။ ကိုယ်ပိုင် ဆေးကုခန်း တစ်ခု ဖြစ်ဖို့က နေရာ ရှာဖွေရသည်က အစ ခက်ခဲပါဘိခြင်း။ ဖြူကတော့ ... ကြိုးစား ပမ်းစား ရှာဖွေလေသည်။ ကိုယ့်ကိုယ်ကိုပဲ အားကိုးပါမှဟု ဖြူ အသိအမြင် ပြောင်းလဲ လာခဲ့ပြီမို့လေ။ 


ကျောင်းဆင်းစ ကတော့ ကိုယ့်ကိုယ်ကို မယုံမရဲ။ ကိုယ်ပိုင်ဆေးခန်း တစ်ခုရဲ့ အရင်းအနှီးနဲ့ ဆေးရှာရသော ဒုက္ခကို ကြောက်လျှက် ... ဆရာဝန် ငှားမည့် ဆေးခန်းကိုသာ ဖြူ လိုက်ရှာဖွေသည်။ ပုဂ္ဂလိက ဆေးခန်းများထက် သမဝါယမ ဆေးခန်း များစွာကို ဖြူ အားထားလေသည်။ ဖြူတို့ လျှောက်လွာ ရေးကာ လိုက်တင်ကြ၏။ လျှောက်လွှာ လိုက်တင်စကတော့ ဖြူ ပျော်မိခဲ့ သေး၏။ မျှော်လင့်ချက်သည်လည်း အပြည့်။ ကျောင်းပြီးပြီးချင်း၊ ဒီလို ကြော်ငြာ ဖတ်ကာ၊ ကိုယ်လျှောက်ချင်သည့် နေရာဌာနာ ရွေး၊ လျှောက်လွှာရေး နိုင်သည့် အလုပ်ရဲ့ ဂုဏ်ကလည်း အထင်ရောက်ချင် စရာပင် ... 


အဓိကရ မြို့နယ်သမ ဆေးခန်းကြီးများတွင် လျှောက်လွှာ မခေါ်ပါဘဲ လျှောက်လွှာတွေက တစ်ထပ်ကြီး ရှိနှင့် နေတတ်သည်။ ရှိနေလျှက်လည်း တစ်ထပ်ကြီးနှင့် ‘နောက်ထပ်နှစ်စောင်’ ဖြစ်လေအောင် ဖြူနှင့် လတ်တို့ လျှောက်လွှာ ရေးတင်ကြသည်။ လူတွေ့ စစ်ဆေးလျှင် သွား၍ ဖြေကြသည်။ ဖြေတိုင်းလည်း သူငယ်ချင်းတွေ မျက်နှာကို ကိုယ့်မျက်နှာလိုပဲ နေရာတိုင်းမှာ မြင်တွေ့ နေရသည်မို့ ကျောင်းသားဟောင်းများ မိတ်ဆုံပွဲအလားပါပင်။ 


ဖြူ ကျိုးစားပေမယ့် ... ဖြူ့ကံကိုက သက်သောင့်သက်သာ ဖြစ်ဖို့ ပါမလာခဲ့ဘူး ထင်သည်။ ဖြူ့မှာ တစ်ရက်ရဲ့ တစ်ချိန်စာလေး အတွက်ကိုပင် ဘယ်ဆီကမှ ခန့်စာ မရရှိခဲ့ချေ။ ကံလှပသူများ ကျတော့လည်း တစ်မြို့နယ် မကအောင် ရွေးချယ်ခံ ကြရသည်။ နံနက်နှင့် ညနေခင်း အချိန်ကောင်းများချည်းပင် ရတတ်ပေသေးလို့ သူတို့ကံက ကောင်းလှသည်။ ဖြူ့မှာတော့ ကိုယ်ရယ်၊ နာ့စ်ရယ်၊ ခုတင်ကြီးရယ်သာ ရှိတတ်သည့် နေ့လယ်ခင်း တစ်နာရီအချိန် ဖြစ်ဖြစ် ... နှစ်နာရီက သုံးနာရီအချိန် ဖြစ်ဖြစ်ကိုပင် မသီနိုင်ခဲ့။ တစ်မြို့နယ်ထက် မကသော ဆေးခန်းတွေက ဖြူ့ကို ရွေးချယ်ခဲ့သည်ပဲ ထားပါဦးတော့။ တာဝန်ကျေဖို့ မလွယ်လှပါဘူးလေ။ အရေးထဲမှာ ဖြူက ​ဖြေတွေးလေး တွေးနေမိသေးသည်။ ဖြူ့ တာဝန်ကျချိန်များသည် တစ်နေရာမှ တစ်နေရာ ကူးရင်း ဘတ်စ်တွေပေါ်မှာ ကုန်ဆုံး ကုန်တော့မည်သာ။ ဖြူ့တွင် ဒီတစ်မြို့နယ်မှာ ဒီတစ်ချိန် အပြီး၊ နောက်တစ်မြို့နယ် နောက်တစ်ချိန်သို့ ပို့ပေးဖို့ စောင့်ဆိုင်း ပေးနေသည့် ယာဉ်တစ်စီးနှင့် တာဝန်ကျေသည့် ယဉ်မောင်းလေး တစ်ဦးမျှ မရှိပါဘဲ။ 


နယ်မှ အလိုရှိသည့် ကြော်ငြာများသို့ ဖြူတို့ စိတ်ဝင်စား သွားကြရ ပြန်သည်။ သာယာဝတီ မြို့နယ် အတွင်းက မြို့လေး တစ်မြို့ရဲ့ သမဆေးခန်းသို့ ဖြူ လျှောက်လွှာရေး တင်သည်။ တစ်ကြိမ်မှာ တစ်စောင်သာ ရေးပေးသော အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာအတွက် သက်ဆိုင်ရာ လူကြီးများထံသို့ ဖြူ ရောက်သည်မှာ အကြိမ်ကြိမ်မို့ မျက်နှာပူဖို့ဖြင့် ကောင်းလေသည်။ မြို့လေးသို့ လူကိုယ်တိုင် သွားရောက်တွေ့ဆုံ စစ်ဆေးခံပြီး အပယ်ခံရ ပြီးသော အခါမူ ဖြူ လျှောက်လွှာ နောက်ထပ်ရေးဖို့ စိတ်လျှော့ခဲ့ရ၏။ 


လတ် တစ်ယောက်လည်း ... မြစ်ဝကျွန်းပေါ် မြို့လေး တစ်မြို့သို့ ဆေးခန်းလျှောက်လွှာ သွားတင်ရာက ပြန်ရောက်လာခဲ့သည်။ 


“သတင်းစာထဲမှာ ပါတဲ့ လျှောက်လွှာပိတ်ရက် မတိုင်ခင် လတ် ရောက်သွားခဲ့တာပါပဲ ... ဒါပေမယ့် တို့ ရောက်သွားတော့ ရွေးပြီးပါပြီ ဆိုတာနဲ့ တို့လည်း ပြန်လာခဲ့တော့တယ်” 

“လူကြီးတွေက ရိုးရိုးကြီးတွေမို့ အရိုးခံအတိုင်း ပြောလိုက်တာ နေမှာပေါ့ လတ်ရယ် ... မဟုတ်လို့ လျှောက်လွှာ ထားခဲ့ပါ၊ လူတွေ့ စစ်ဆေး ခံရအောင် ဘယ်နေ့ လာခဲ့ပါတွေ လုပ်နေသေးရင် ... လတ် မောနေရဦးမှာ” 

“ဟုတ်တာပဲနော် ...”


ဖြူတို့ သတင်းစာမှ ကြော်ငြာ စောင့်ဖတ်ဖို့ လက်လျှော့မိလိုက် ကြတော့လေသည်။ 


နောင်မှ ‘စေတနာဖြူ’ ကို ဖန်တီးခဲ့လို့၊ ​ခြောက်လခန့် အကြာတွင်မှ မြစ်ဝကျွန်းပေါ် ရွာလေး တစ်ရွာက ဖြူ့ထံသို့ လာရောက် ဆက်သွယ်ခဲ့၏။ ကျေးရွာ သမဝါယမ ဆေးခန်း၊ ဆရာဝန်နေရာ အတွက်ပင် ... သတင်းစာထဲက နှစ်ကြိမ် ကြော်ငြာ ခေါ်ယူခဲ့ပေမယ့် လျှောက်လွှာ တစ်စောင်မှ မရရှိခဲ့ပါ ဆိုသည်။ ဖြူ့တွင် ‘စေတနာဖြူ’ သာ ရှိမနေပါက ... ဝေးခေါင်လွန်းသည့် အပြစ်လေး တစ်ခုကြောင့် ဖြူကတော့ ငြင်းမည် မဟုတ်ပေ။ စင်စစ် ဆရာဝန်ကို လိုက်ရှာနေသည့် အလုပ်နှင့် အလုပ် လိုက်ရှာနေသည့် ဆရာဝန်တို့ မတိုက်ဆိုင် ခဲ့ကြပေ၍သာဟု ဖြူ နားလည်ရတော့သည်။ 


ဘယ်လိုပဲဖြစ်စေ ဖြူ့ လျှောက်လွှာများကား ဖြူရဲ့ သမလုပ်ငန်းကို အားပေးလိုသည့် သက်သေအဖြစ် သမဆေးခန်း များစွာတို့တွင် အစဉ်ရှိ နေကြမည်ပင် ... ဖိုင်တွဲ တစ်ခုခုထဲမှာ သိမ်းဆည်းထားဖို့ ဖြစ်ဖြစ်လေ ... 


သာကေတရှိ ပုဂ္ဂလိက ဆေးခန်းပိုင်ရှင် တစ်ဦးထံမှာ ဖြူ အငှား ဝင်ဖြစ်ခဲ့လေသည်။ နာမည် ရှိပြီးသား ဆေးခန်းမို့ နေ့စဉ် ဝင်ငွေကတော့ မဆိုးလှချေ။ ပိုင်ရှင်နှင့် ဖြူ အဆင်မပြေ ဖြစ်ရသည်ကသာ ဆိုးနေသည်။ ဖြူက လူနာ စမ်းသပ်လို့မှ မပြီးသေးခင် ... သူက သူသုံးစေချင်သည့် ထိုးဆေးကို အသင့် စုပ်ထားပေးပြီး ဆေးပြားများကို အိတ်ထဲ ထည့်ပေးပြီး ဖြစ်နေသည်။ ဖြူ့လို ဆရာဝန်ဖြစ်စ လူငယ်တစ်ဦးကို ရှေးက ရှိခဲ့ဖူးသော 'နာမည်ကြီး ရမ်းကု လက်အောက်က အမည်ခံ ဆရာဝန် အဖြစ်မျိုး' နှင့်သာ ထားချင်ဟန် တူလေသည်။ ဆေးကို တစ်ဝက်သာ ထိုးစေတာ ... ဆေးအရည် မှန်သမျှ ရေရော ရောင်းတာ၊ အမြင် လှသလောက် အာနိသင်နည်း၊ ဈေးပေါလှသော ဆေးများကိုသာ သုံးစေတာများကို ဖြူ သည်းမခံနိုင် ဖြစ်နေရဆဲ ... ပေါက်ဖော်ကြီးက ဖြူ့ကို ဝေဖန်လေသည်။ 


“လူနာ သိပ်ကျကုန်တယ် မဖြူ ... နင်က မျက်နှာထားကြီးနဲ့ လုပ်နေတာကိုး ... အရင် တို့ဆရာ ပီတာ ဆိုရင် ... သူ့လူနာတွေနဲ့ ဘယ်လောက် အရောဝင်နေလဲ၊ အလုပ်လုပ်တာ ဒီလို ဟန်လုပ်နေလို့ မဖြစ်ဘူး” 


ဖြူ့ ရင်မှာ အောင့်သွားခဲ့ရသည်။ ဆရာဝန် အပြောင်းအလဲတွင် လူနာ နည်းသွားသည်ကား အမှန်ပင် ... ဖြစ်နေကျ အဖြစ်မျိုးမို့ ဖြူကတော့ စိုးရွံ့မှု မရှိလှ ... ပိုင်ရှင်ကမူ ပိုင်ရှင်ပီပီပဲ ... အခြေအနေကို သည်းခံနိုင်ဟန် မတူချေ။ ပီတာဆိုသော သူ့ဆရာဝန်နှင့် ပြောင်းရွှေ့ခါနီး သုံးလေးရက် တွဲလုပ်ခဲ့ဖူးသည်။ 


ဖြူ့မှာ သူ့ကုသထုံးကို နည်းနာ ယူဖို့ထက် ... သူ့ လူမှုဆက်ဆံရေး ကိုသာ တအံ့တဩ ငေးမောခဲ့ရသည်။ ယောက်ျားလေး ရွယ်ရွယ်များနှင့် ပခုံးဖက်၊ ခါးဖက် ရင်းနှီးသည် ထားတော့ ... မိန်းမ ကြီးကြီးငယ်ငယ် တို့နှင့်လည်း ကြားရခက်သော စကားတွေ နောက်ပြောင်ပြီး တသောသော ပွဲကျ နေကြတာမှ ... ဖြူ ဝင်ရောနှောလို့ မရဘဲ ရှိခဲ့သည်။ ယောက်ျား ဆိုတော့လည်း တင့်တယ်သည်ပဲလား မသိ ... ကိုပီတာရဲ့ဝသီပဲ ထင်ပါရဲ့လေ ... ဖြူ့မှာတော့ ဒီလို ဝသီမျိုးက မပါရှိခဲ့။ ပီတာ့ လက်ထက်မှာလို လူငယ်လူရွယ်တွေနှင့် ဆရာဝန်နှင့် သဘောကြိုက် ကျကြလျှက် တရုန်းရုန်း စည်ကားစေချင်သော ဝိုင်ရှင်ဆန္ဒကိုလည်း ဖြူ မဖြည့်စွမ်းနိုင်ခဲ့ ... ဖြူနှင့် ထိုဆေးခန်းတို့ လမ်းခွဲခဲ့ရတော့ လေသည်။ 


ဖြူ ဆေးခန်းရှင် တစ်ဦးဦးနှင့် အလုပ်လုပ်ဖို့ စိတ်မကုန်ချင်သေးချေ။ ကမာရွတ် ဘူတာရုံလမ်းက ဆေးခန်းလေး တစ်ခန်းသို့ ကူးခဲ့ပြန်သည်။ ဆရာဝန် တစ်ဦးရဲ့ ဖွင့်စ ဆေးခန်းလေး ... ဆေးခန်းဖွင့်၍ မကြာသေး ... အလုပ် ရလိုက်တော့ ဆရာဝန် နယ်ရောက် သွားရသည်။ အရင်းအနှီး ဝင်သော ဆေးခန်းကို ညီဖြစ်သူနှင့် လွှဲထားခဲ့သည်။ ညီက ဆေးခန်းကို ဘုမသိ ဘမသိဖြင့် ဆက်ဖွင့်လေသည်။ ဖြူက သူ့ရဲ့ အငှား ဆရာဝန်လေ။ ဖြူ ကိုယ်တိုင်လည်း အပြင်ဆေး ဈေးနှုန်းများနဲ့ မကျွမ်းသေး ... သူကလည်း မသိ၍ပဲလား။ ဖြူ့ကို အားနာ၍ပေပဲလား မသိ ... ဖြူ ပေးခိုင်းသမျှ ဆေးတွေကို တစ်မယ် မလျော့ရအောင် အကုန် ပေးလေသည်။ ဆေးခန်းရှင်ရဲ့ စေတနာက ကောင်းလှပေမယ့် ဖွင့်စလည်းဖြစ် ... ဝါရင့်ဆေးခန်းများ ကြားတွင်လည်း ညပ်နေမိခဲ့ပြီး လူနာ မဝင်ချေ။ တစ်ည ... ထို ပူအိုက်လှပြီး အခန်းကျဉ်းလေးထဲမှာ လေးနာရီ ကြာမျှ ထိုင်နေရသော နွေတစ်ညတွင် ဖြူတို့ ဆေးခန်း အတွင်းသို့ လူနာတစ်ဦးက ဝင်လာလေသည်။ ဆေးတစ်လုံးထိုး၊ သောက်ဆေးပေးပြီး ရသည့် ဆေးကုသခက ခြောက်ကျပ်။ ဒီခြောက်ကျပ်ထဲက ၆၀ % ကို ပိုင်ရှင်ရပြီး၊ ၄၀ % ကို ဖြူ ရမည်ဆိုတော့ ဖြူ့အတွက် နှစ်ကျပ်နှင့် ပြားလေးဆယ်။ 


“ဒေါက်တာ ... ယူပါ” 


ထိုငွေ ခြောက်ကျပ်ကို သူက ဖြူ့ ရှေ့တွင် ချပေးသည်။ 


“မဟုတ်တာ ... ယူထားလိုက်ပါ”


ဖြူက သူ့ထံသို့ ပြန်တွန်းပို့သည်။ 

 

“ကျွန်တော့်ကို အားမနာပါနဲ့ ဒေါက်တာရဲ့” 


ငါးကျပ်တန် တစ်ရွက်နှင့် တစ်ကျပ်တန် တစ်ရွက် ... ဖြူ့ရှေ့သို့ ရောက်လာပြန်သည်။ ဖြူကလည်း အရောက်မခံဘဲ သူ့ရှေ့သို့သာ ပြန်ပို့သည်။ 


“ကျွန်မကို အားမနာပါနဲ့ ... ယူလိုက်ပါ” 


ထိုညက ထိုငွေခြောက်ကျပ်ကို ဆေးခန်း စားပွဲအံဆွဲ ထဲမှာ ဖြူတို့ ထားရစ်ခဲ့ကြသည်။ 


နောက်တစ်ရက် ... ညနေခင်းမှ စ၍ ဖြူ ထိုဆေးခန်းလေးသို့ အလုပ်မဆင်း ဖြစ်ခဲ့တော့​ချေ။ 


* * *


‘စေတနာဖြူ’ ကို မိုးသည်းသော ဇူလိုင်လထဲမှာ ဖွင့်ဖြစ်သည်။

 

ကျောင်းသား ဘဝက လွယ်အိတ် တစ်လုံး ... ထမင်း တစ်ဗူးဖြင့် အိမ်မှ ထွက်ခဲ့ကာ ... သူငယ်ချင်းများနှင့် အပူအပင် ကင်းမဲ့စွာ ​နေရသည့် အိပ်မက်သဖွယ် ဘဝမှ နိုးထလာခဲ့ပြီး၊ ဖြူ အလုပ်ရဖို့ ဖြူ့ဘာသာ ဖန်တီး ရသည်တွင် စိတ်လှုပ်ရှား ပျော်ဖို့တော့ ကောင်းလေသည်။


လမ်းမကြီးပေါ်က အိမ်ခန်းများက အသွားအလာ လွယ်ကူပေမယ့် စပေါ် အခန်းခ ကြီးမြင့်လှ၏။ ‘စေတနာဖြူ’ ကို ရပ်ကွက်ထဲမှာသာ ချောင်ခိုလို့ ဖြူ ထားနိုင်ခဲ့သည်။ နံနက်ခင်း၊ ညနေခင်းမှာ စည်ကားလှသော ဈေးလေးကို ဖြတ်ကျော်လို့ သွားရသည်။ ဈေးလမ်းပေမို့ ဟင်းရွက်ပုပ်၊ သားငါးပုပ်၊ ရေအိုင်တွေဖြင့် ပုပ်အဲ့ နေတတ်သည်။ ဒီလမ်းကို မိုးသည်းသည်း ခြေချင်းဝတ်မြုပ် ဗွက်ထဲတွင် ဖြတ်သန်းဖို့က မလွယ်ကူပေ။ ဒီလိုနှင့် အသွားအလာ လွယ်ကူသော အနီးအနားက ‘စေတနာဖြူ’ သို့ လူနာတွေ စုရုံး ရောက်ရှိလာခြင်း ဖြစ်မည် ထင်သည်။ ဖြူ တစ်ယောက်ကတော့ ညစဉ်ပင် ဒီဗွက်တောကို ရုန်းရလေသည်။ ‘စေတနာဖြူ’ က ဖွင့်စပေမယ့် ကမာရွတ်ဆေးခန်း လောက်တော့ အခြေအနေ ဆိုးပုံ မရချေ။ ဆိုးဦးတော့လည်း ငွေခြောက်ကျပ်ကို ခွဲဝေယူဖို့ ရှက်အားနာသလို ဖြစ်ရမည့် အခြား လူစိမ်းတစ်ဦး မရှိနေလို့ တော်ပါသေးရဲ့။ 


စေတနာဖြူက ဒီနား တစ်ဝိုက်တွင် ဆေးခန်းအသစ် ဖြစ်သည်။ 


အသစ်ဆေးခန်းမှ ဖြူ့ကို အကဲခတ် စုံစမ်း လိုကြလေသည်။ 


“ဒေါက်တာ ဘယ်နှခုနှစ်က အောင်သလဲ” 


ဤသည်မှာ တိုက်ပုံနှင့် ... မျက်မှန်နှင့် ... အဝတ်ဖျင်စိမ်းအိတ်လေး ကိုင်ဆွဲကာ အလုပ်က အပြန် ဆေးခန်း ဝင်ပုံမျိုးနှင့် ဝင်လာတတ်သူရဲ့ စုံစမ်းပုံ ... 


“ကျွန်မအောင်တာ တစ်နှစ် ကျော်ပါပြီ” 


အလုပ်သင် ဆရာဝန် တစ်နှစ်ကိုပါ ဘယ်သူမျှ မသင်ရပါဘဲ ဖြူ ထည့်ပြောဖြစ် သွားသည်။ ဒါကောင်မှပဲ 


“ဩော် ... သိပ်မှ မကြာသေးဘဲကိုး ... ကြိုးစား ... ကြိုးစား” 


ဘာကို ကြိုးစားခိုင်းသည် မသိဘဲ ပြောပြီး ... နာသွားသည့် တင်ပါး တစ်ဖက်ကို ပွတ်ကာဖြင့် ထွက်သွားလေသည်။ 


“ဆရာမ နေ့လည်ဘက်ကို ဘယ်ဆေးရုံမှာ ဂျူတီကျလဲ” 


လူရည်လည်ပုံ ရသမျှ ... ဖြူ့ကို အပေါ်ကနေ ငုံ့ကြည့်သလို ကြည့်တတ်သော မိန်းမကြီး တစ်ဦးက စစ်ဆေးလေသည်။ 


ဖြူကလည်း မဆိုင်းမငံ့ အဖြေပေးလိုက်သည်ပင် ... 


“ကျွန်မ ဘယ်ဆေးရုံမှာမှ အလုပ် မဝင်ရသေးပါဘူး” ဟူ၍။ 


အလှမ်း ဝေးဝေးက ဆေးရုံတစ်ခုရဲ့ အမည် ကောက်ကာငင်ကာ ပြောလိုက်လည်း ဖြစ်ပေမယ့် ... ဖြူ မလိမ်ညာချင်ပေ။ လိမ်ညာဖို့လည်း မလိုဟု ထင်မိသည်။ ဆေးရုံ ပြင်ပမှာ ကုသလို့ရသော အာဂန္တု ရောဂါတွေ အတွက်တော့ ဆရာဝန် ဆိုပါလျှင် ကုသလို့ ရသည်ပင် ... လုပ်သက်ရင့်မှ  ဆေးရုံလုပ်သက် ရှိမှ ကုသနိုင်သည့် ရောဂါမျိုးတွေကလည်း ဆေးရုံမှာပဲ တွေ့ရမည် ဖြစ်၏။ 


“ဆေးရုံမှာ ဂျူတီရှိရင် ဆေးရုံကိစ္စ အတွက်လည်း အားကိုး ရတာပေါ့” 


ဖြူ သိပါသည်။ 


ဖြူ့ နောက်ခံတွင် ‘အလုပ်’ မရှိသေးသည့် အတွက် ဖြူ့ မျက်နှာ ငယ်ရလေသည်။ 


တချို့ကျတော့လည် “ဒီနားမှာ မရောက်ဖူးတဲ့ ဆေးခန်း မရှိတော့ဘူး၊ အထူးကုတွေ၊ ပါရဂူတွေ ဆိုလည်း မပြဖူးတာ မရှိသလောက်ပဲ ... ဒေါက်တာ့ဆီလည်း နောက်ကောင်းရင် လာမှာပေါ့” 


ဖြူ့ ပညာနှင့် ကျွမ်းကျင်မှုအပေါ် သံသယ သဘောကို ရှင်းရှင်းပင် ဖွင့်ဟတတ် လေသည်။ ကျောင်းတုန်းက တစ်တန်းကို အကြိမ်ကြိမ် ပြန်နေ ဖြစ်ခဲ့လျှင်လည်း ကောင်းလေသားဟု ဖြူ နောင်တ ရချင်မိလေ၏။ ထိုခံ့ညားဖွယ် အရွယ် အသက်နှင့် ဆိုပါလျှင် ဖြူ့ကို သံသယ ရှိသယောင် ဖော်ပြဖို့ လွယ်ကြမည် မဟုတ်ဟု ထင်မိလေ၏။ တစ်ခါတစ်ရံမူ ဖြူ ပြုံးချင်ချင် ဖြစ်ရသည်။ 


ဖြူ့ထံမှာ ဆေးတစ်လုံး ထိုးပါမည့် အရေး ဘယ်နှစ်ခုနှစ်က အောင်သလဲ ... ဘယ်ဆေးရုံမှာ လုပ်သေးသလဲ ... မေးမြန်းစုံစမ်းပြီး ဆေးထိုးခံတတ်သူက ... 


“ဒေါက်တာက ကိုယ့်ရပ်ကွက်ထဲ လာဖွင့်တော့ ဒေါက်တာ့ဆီလည်း လာတဲ့အခါ လာတာပေါ့။ ဆရာရင်းတော့လည်း လက်မလွှတ် နိုင်သေးဘူး၊ ဒီနားမှာ ဆေးခန်းတွေ မရှိခင်ကတည်းက လှည့်ဆေးထိုး နေတာလေ။ ဒေါက်တာတို့လို သင်တန်းဆင်းတွေ ဘာတွေတော့ မဟုတ်ဘူးပေါ့ ... ဒါပေမယ့် အလုပ်မှာတော့ ... အတော် ကျွမ်းကျင် နေပါပြီ” 

“ဒါဖြင့် သူက ရမ်းကုပေါ့နော်” 


ဖြူရဲ့ လွှတ်ခနဲ အပြောကို လူနာ ယောက်ျားကြီးက သဘော မတွေ့သလို မျက်နှာညိုသွား လေသည်။ 


ဖြူ ... ပြုံးမိရပါသည်။ 


* * *


ဆေးခန်းဖွင့်လို့မှ မကြာမီ အရေးကြီးသည်ဟု ထင်မထားခဲ့မိသော ကြောင်းခြင်းရာက အရေးပါလို့ နေပြန်သည်ကို သိလာရ ပြန်သည်။ 


ညနေတိုင်း ဖြူ ဆေးခန်း လာချိန်တွင် ရပ်ကွက်လေးထိပ်က ညနေ ဈေးလေးမှာ စည်ကားနေဆဲ ... ဈေးဆင်းရဲလေး ဖြစ်၍ သားဈေး၊ ငါးဈေးကအစ ချိုလှလေသည်။ ထိုဈေးတန်းလေးတွင် တွင်တွင်ကျယ်ကျယ် ရောင်းရသော ကုန်စုံဆိုင်လေး တစ်ဆိုင် ရှိသည်။ ဆိုင်ရှင် သားအမိက ဆေးခန်းလာရင်း ဈေးဝင် ဝယ်တတ်သည့် ဖြူ့ကို အမြဲ နှုတ်ဆက်သည်။ ဖြူကလည်း ပြန်နှုတ်ဆက် သည်ပေါ့။ သူ့သား လူရွယ်က ဖြူ့ ဆေးခန်းသို့ မကြာခဏ ရောက်လာဖူးလေသည်။ တစ်ခါတစ်ရံ အမေ လုပ်သူပါ လိုက်ပါလာ တတ်သည်။ 


ဖြူ တွေ့မြင်နေကျ အဝတ်အစား နွမ်းညစ်ညစ်တွေ ပေါ်မှာ လက်ဝတ်လက်စားတွေ တွဲရရွဲ ဝတ်ဆင်လာ တတ်သည်။ တစ်ဆင်စာ အပြည့်အစုံ မကချင်ပေ။ များများ မရှိဖူးသော ဖြူကတော့ ... သူ့ကိုယ်ပေါ်က အဝါသည် ရွှေလား၊ ဦးဖိုးချမ်းလား မခွဲခြားတတ် ... လမ်းမဟုတ်ဘဲ ပလွှားစွာ ဝတ်စား လာပုံကိုသာ သတိထားမိနေ၏။ သူ့ပစ္စည်းတွေက ဝါသလို သူ့အသံကလည်း ခပ်ပြာပြာ ... 


“လာရပြန်ပြီ ဆရာမရေ ... အမေက ရှာလိုက် ... သားက ဆရာမကို လာပေးလိုက် လုပ်နေတော့တာပဲ ... နေမကောင်း ပြန်ဘူးတဲ့လေ” 


သားလူရွယ်က ဆယ်တန်းကျလား ... ကိုးတန်းကျလား မသိ။ ပြောတော့ ပြောသည်။ ဖြူ မမှတ်မိတော့ပေ ... အင်္ကျီကိုယ်လုံးပေါ် ကျပ်ကျပ်လေး ... ပုဆိုး ဒရွတ်သီသီနှင့် မျက်နှာပေါက်ကမူ မဆိုးလှ။ ငိုင်တိုင်တိုင် မျက်နှာလေးနှင့် ဆေးခန်းတွင်း ဝင်လာတတ်သူ ... 


ဖြူ စမ်းသပ် ကြည့်နေစဉ် တစ်ချိန်လုံးလည်း သူ့အမေက တဖွဖွ ပြောဆို နေတတ်သည်။ 


“ကျွန်မသားလေး၊ ခုတလော အဲသလို ငိုင်တွေတွေ နေတာ ဘာဖြစ်နေမှန်းကို မသိဘူး” 

“ရောဂါ အထွေအထူး မရှိပါဘူး၊ ကောင်းကောင်းစား အနားယူ ပေးလိုက်ရင် ကောင်းသွားမှာပါ” 

“သူ့ကြည့်ရတာ ... လူကလည်း ခရိုးခရိုင်နဲ့ ... အားနည်းတယ် ထင်ပါရဲ့ ဆရာမရယ် ... အားဆေးလေး ဖြစ်ဖြစ် ထိုးပေးပါဦး” 


ဖြူ အားဆေး ထိုးပေးရပြန်၏။ သားက ခပ်ငူငူဖြင့်ပင် ပြန်ထွက် သွားလေသည်။ 


“အခု ငိုင်နေတာ ဆရာမ တွေ့တယ်နော် ... အဲဒါ အိမ်ရောက်ရင် သာပြီး ငိုင်သေးတယ်၊ ဆေးခန်းကများ ပြန်ရင် အခန်းထဲသာ ဝင်အောင်းတော့တာ” 


အမေ လုပ်သူက ဖြူ့နား ကပ်လျှက် တိုးတိုးလေး ပြောသွားလေသည်။ 


တစ်စ တစ်စ ရင်းနှီးလာသလို ရှိလျှင် ... 


“ဟောဒီမှာ ဆရာမရေ ... ဆရာမကို လုပ်ကျွေးရအောင် လာရပြန်ပြီ၊ ကျွန်မ ရှာသမျှ ဆရာမဖို့ချည်းသာ မှတ်ပေတော့” 


ဆေးခန်းဝကပင် အသံကျယ်ကျယ် ဟစ်ဝင်လာ တတ်သည်။ သူက ဖြူ့ကိုလည်း သင်ပေးတတ် သည်လေ။ 


“ဆရာမ သူ့ကို ပြောစမ်းပါဦး၊ ထမင်းမစား ဟင်းမစားနဲ့ ... ငေးငိုင် နေတာကို ... သရေစာနဲ့ပဲ ... အသက်ဆက်နေတာ” 

“ဟုတ်တယ် မောင်... (သူ့နာမည် ဖြူ မေ့ပြီ) ရဲ့၊ သရေစာက အဟာရ မဖြစ်ဘူး၊ အဲဒါတွေ စားနေရင် ထမင်းစားလို့ ဘယ်ဝင်တော့မလဲ” 

“ဟုတ်ကဲ့ ဆရာမ” 


သားက ... ဖြူ့ကို မျက်လုံး လှန်ကြည့်လျက် ကတိပေးသည်။ 


“ဟုတ်ပြီ ... ဟုတ်ပြီ ... ဒီလိုမှပေါ့ ဆရာမရဲ့” 


ဘာကို ... ဒီလိုမှပေါ့ သည်လည်း ဖြူ မသိချေ။ 


“ကုန်ချင် ကုန်ပါစေ ... ကျွန်မရှိတာ ဒီသား တစ်ယောက်တည်း ဆရာမဖို့ချည်းပဲ” 

 

ဟူသော စကားအထိ ... လက်ကောက်သံ ချွင်ချွင်ခတ်ရင်း ပြောမှ ရိပ်မိ သလိုလို ရှိလာရတော့ သည်လေ ... ဒါတောင်မှပဲ ဖြူဆိုသည့် ဖြူက။


“သူ့ ဆံပင်ရှည်ကြီးက ညှဉ်းသိုးသိုးကြီး ဖြစ်မနေဘူးလား ဆရာမရဲ့ ဆံပင်တိုတို ညှပ်ဖို့ ပြောစမ်းပါဦး” ဟု တိုးတိုးလေး သင်ထားနှင့် သည်တွင် ယောင်အအဖြင့် ... 


“ဆံပင် ညှပ်ပါဦးကွယ် ...” ဟု အခြား လူနာတွေ ရှေ့မှာ ပြောလိုက်မိဖို့ နည်းနည်းလေး လိုလေသည်။ ရိပ်မိတော့လည်း “ဒုက္ခရောက်” ဟု ဖြူ တမိရတော့သည်။ နောက်မှ သိလာရသည်က ... 


ဒီရပ်ကွက်ထဲကပဲ ဆိုလား ... သူ့ရဲ့ သူငယ်ချင်း ဆိုလား ... ကောင်လေး တစ်ယောက်နှင့် တစ်ရပ်ကွက်ကျော်တွင် ဆေးခန်းဖွင့်သော ဆရာဝန်မ တစ်ယောက် လက်ထပ် သွားဖူးသည်ဟု ဖြူ သိလေသည်။ ဖြူ ခေါင်း အနည်းငယ် ကြီးသွားရ လေသည်။ 


“ကျွန်တော်က လူပျိုကြီး” ဟု ဆေးလာထိုးနေသော လူတစ်ဦးကိုလည်း သတိတရ မြင်ယောင်လာသည်။ 


ဖြူ အပြန်တွင် မှောင်မိုက်နေသည့် ဈေးဆိုင်ခန်းလွတ်တွေပေါ် ထိုင်ကာ ဂစ်တာ တီးနေတတ်သည့် လူမမည် ကောင်လေး တချို့ ... 


ဖြူ ထိတ်လန့်သွားပုံက သူများကြားလျှင် ပြုံးစရာပင် ဖြစ်မည်လား မသိ ... 


တစ်ညတော့ အိမ်ရှင် အဒေါ်ကြီးတွေနှင့် ဖြူ စကားစပ်မိအောင် ကြိုးစားကာ ... 

 

“ဖြူ့ အမျိုးသားက ရှေ့တန်း ရောက်နေတယ်လေ” 


ဖြူ ခပ်တည်တည် ပြောလိုက်တော့ ... အဒေါ်ကြီး နှစ်ယောက်မှာ အံ့အားသင့်သား ရှိကုန်ကြသည်။ 


“ဟုတ်လား ... ဘယ်ဘက်ဆီမတုံး ... ဘယ်လောက် ကြာပြီလဲ” 

“ရှေ့တန်းဆိုတော့ ရှေ့တန်း စစ်မျက်နှာမှာပေါ့ ဒေါ်ဒေါ်ရယ်၊ သူတို့က တစ်ခါထွက်ရင် လေးငါးခြောက်လ ကြာတတ်တယ်လေ၊ သူ ခရီး ခဏခဏ ထွက်ရလို့ ကျွန်မက လိုက်မသွားတာပေါ့” 


အဒေါ်ကြီးတွေ ထိုသတင်းကို ကြားသိ သွားရပြီး နောက်တစ်ရက်မှာ တစ်ရပ်ကွက်လုံး ပျံ့နှံ့ မသွားရမှာ မပူရချေ။ 


နောင်သောအခါ ဖြူ ဆေးခန်း အလာတွင် ဈေးဆိုင်တိုင်တို မှီလျှက် ဝိုင်ငိုင်လေး တွေ့ရတတ်သော သူ့ကို အလုပ်တွေ ရှုပ်ပွေလျက်သာ တွေ့တော့လေသည်။ 


“အဲဒါ အစိတ်သား တိတိပဲ ... ပြန်ချိန်ကြည့် ... အသာကြီး ပေးထားတာ၊ ဟိုအဒေါ်ကြီး ဒီလို တစ်ဥ နှစ်ဥ အဆစ် နှိုက်နေလို့ ... ဈေးသည်က ဘာသွား စားမလဲဗျ ... ပြန်ထည့် ... ဟော ဆရာမ ... လာပြီလား” 


ကြက်သွန် ... အာလူး သွက်သွက်လက်လက် ချိန်နေရင်းက ဖြူ့ကို လှမ်းနှုတ်ဆက်လေသည်။ 


* * * 


လေးငါးလ ကြာတော့ အိမ်ရှင် ဒေါ်ဒေါ်ရီက အမှတ်တရဖြင့် သတင်း မေးရှာသေးသည်။ 


“မဖြူ ... နင့်အိမ်သား ရှေ့တန်းက ပြန်မရောက်သေးဘူးလား၊ ပြန်ရောက်ရင် ဆေးခန်း တစ်ခေါက်လောက် ခေါ်ခဲ့ပါဦး” 


ဖြူကလည်း ဖြေရသည်။ 


“ရှေ့တန်းကတော့ ပြန်ရောက်ပြီ ဒေါ်ဒေါ် ... အခု မှော်ဘီမှာ သင်တန်း သွားတက်နေရ ပြန်တယ်လေ ... သုံးလေးလတော့ ကြာဦးမှာ​ပေါ့” 


ဒေါ်ဒေါ်က ခေါင်းတညိတ်ညိတ်နှင့်ပင် နှုတ်ဆိတ်သွားသည်။ 


နောက် သုံးလေးလ အကြာမှာ ဒေါ်ဒေါ်ရီ တစ်ယောက် အမှတ်တရ မေးဦးမည် ဆိုပါလျှင် ဗထူးသင်တန်း သွားရပြန်သည် ဖြေဖို့ ဖြူ ကြိုတင် ကြံစည်ထားပြီး ဖြစ်၏။ ဒါမှပဲ မမေ့မလျော့ မေးနေပြန်သေးမည် ဆိုလျှင်တော့ ဖြူ သူ့ကို ရှေ့တန်းသို့ နောက်ထပ် တစ်ခေါက် ထပ်မံ ပို့လိုက်ရ ပေဦးမည်။ 


ညနေခင်းသာ ဆေးခန်းဖွင့်ချိန် ပေမယ့် တစ်နေ့လုံးလိုလို ဖြူ မအားတတ်ပြန်ပေ။ (၃၂) လမ်းတွင် လူနာမှတ်တမ်း အတွက် ရောင်စုံ ကတ်ထူပြားများ ဝယ်ရသည်။ ဆေးထည့်သည့် ပလတ်စတစ် အိတ်သေးလေး ကုန်ပြန်လျှင် ပလတ်စတစ်ဈေးသို့ ပြေးရပြန် လေသည်။ ဆေးပုလင်းခွံများကို (၂၈) လမ်းတွင် ပြန်သွင်းပြီး ဆေးအရည် ထည့်ဖို့ ဆေးပြီးသား ပင်နီစလင် ပုလင်းခွံများကို ပြန်ဝယ်ရသည်။ ဆေးထုတ်ပေးမည့် ရက်တွင် စောစောသွားကာ စာအုပ်ထပ် ထားရ၏။ ဆေး ထုတ်ပြီးသည်နှင့် ဖြူတို့ ပြေးရသည်က တစ်ခုသော ဈေးသို့ ... အသုံးလိုသည့် ဆေးကိုယူလျှက် အသုံးမလိုသော ဆေး ပြန်ရောင်းရသည်။ ဆေးခန်းမှာ လိုနေသော ဆေးကို ပြန်ဝယ် ... ဝယ်ပြန်တော့ ‘စေတနာဖြူ’ ရဲ့ လူနာအင်အားက များများစားစား ဝယ်ခွင့်ပြုသည် မဟုတ်လို့ လိုသလို ဆေးတစ်ပုလင်းစ နှစ်ပုလင်းစသာ ... ဒီလိုနှင့် ညနေ အသုံးလိုသော ဆေးကို မနက်မှ လိုက်ရှာတတ်သော အကျင့် ဖြစ်လာရလေသည်။ 

 

“တစ်လုံးသုံးပြီး ကျန်တာက တော်တော်နဲ့ သုံးရဦးမှာ မဟုတ်ဘူး တို့ကို Loose (လုံးချင်း) ပဲ ရောင်းပေးပါလား” ဖြူ မခ​ယပေမယ့် တောင်းပန်ရသည်။ ဒီအခါ ဆေးဆိုင်ရှင် ကိုတရုတ်ရဲ့ ... 


“မဖြူ လိုချင်တယ် ဆိုရင်တော့ ရောင်းပေး ရမှာပေါ့” ဟူသော စကား ထေ့ထေ့ကိုလည်း မသိချင်ယောင် ဆောင်ရလေသည်။ ဖြူ့ ရင်ထဲမတော့ ဒီဆေးထိုးမည့် လူနာ ညကျရင် လာဖို့ ပြောထားတာ ... လာမှ လာပါ့မလားဟု တထင့်ထင့်နှင့်သာ ... လာမည်ပြောပြီး လာမယူ သူများတွင် ဆေး မှာသူများကိုလည်း ဖြူ စိတ်ညစ်ရ ပါသေး၏။ ဆရာဝန်ကို ဆေး မှာတတ်သည်။ ဆေး ရှာဖွေ ခိုင်းတတ်မြဲပင် ... သူတို့မှာသော ဆေးကို ဖြူ လိုက်ရှာ ဝယ်ပြီးသော အခါ ... လာအယူကို စိုးရိမ်စွာ စောင့်ရသည်။ လာမယူသည့် အခါ ထိုဆေးက ဖြူ့ထံတွင် အဖတ်တင် ကျန်ရစ်တော့သည်။ ပါးစပ်မှသာ မှာလိုက်သည့် ဆေးပေကိုး ... တချို့ ကျတော့လည်း လာတော့ ယူပါသည်။ ဖြူက ကျသင့်ဈေးနှုန်း ပြောလိုက်သောအခါ ... “ဒီ အပြင်ဈေးကြီးတော့ ကျွန်မ ဘယ်ယူနိုင် ပါ့မလဲ၊ ကျွန်မက ဆေးဆိုင်က ဈေးနဲ့ ရမလား မှာလိုက်တာ” 


ခါးခါးသီးသီး ဖြစ်တော့သည်။ ဖြူ့ကိုလည်း မယုံသင်္ကာ အကြည့်ဖြင့် ကြည့်လေသည်။ 


“ကျွန်မတို့ ကိုယ်တိုင်တောင် ... တချို့ ဆေးတွေကျ ... အပြင်ကပဲ အပြင်ဈေးနဲ့ ဝယ်သုံး နေရတာပါ” 


ဖြူ မောမောနှင့် ရှင်းပြရသည်။ ဖြူ့တွင် ဒီလိုနည်းဖြင့် လူသုံးမများသော ဆေးတွေ စုမိလာပေမယ့် ... ဆေး မှာပြန်သည့်အခါ တာဝန်မယူဘဲ မနေဖြစ်ပြန်။ ‘စေတနာဖြူ’ တွင် ဒီသို့ ခေါင်းမာနိုင်သော အင်အားက မရှိပေ။ 


ဈေးတစ်ဈေးရဲ့ ဆေးဆိုင်တန်းတွင် ဖြူတို့လို ညနေဆေးခန်း ဖွင့်မည့် ဆရာဝန်တွေနှင့် ခြေချင်း လိမ်နေသည်။ ရန်ကုန် နယ်နိမိတ်တွင်း ဆေးခန်းများမှာ အောင်မြင် နေသူများက တစ်လစာ ... အလယ်အလတ်သမားများက တစ်ပတ်စာ ... ဖြူတို့လို ဖွင့်စသမားများက တစ်ရက် ... နှစ်ရက်စာ ဆေး ရှာကြလေသည်။ ဆရာဝန်များရဲ့ ဆေးဆိုင်များကို လုပ်ကျွေးပွဲကြီးဖြင့် ထိုဈေးတစ်ခုက ဆေးဆိုင်တန်းသည် အမြဲ စည်ကားလျက် ရှိသည်သာ။ 


နေ့လယ် တစ်ရက်တွင် ဖြူ လိုချင်သည့် ဆေးအတွက် ဆိုင်မှာ ထိုင်စောင့် နေရဆဲ ဆိုင်ရှင်က အိတ်ကြီး အိတ်ငယ်ထဲသို့ စာရင်းကို ကြည့်ကာ ဆေး ထည့်နေလေသည်။ ဈေးအခေါ်အရ ဒီလို ဆေးအမှာတန်ဖိုး များများရသည်ကို အော်ဒါရသည် ဟူ၏။ အောင်မြင်နေသည့် နယ်ဆေးခန်းများမှ ဒီလို အော်ဒါမျိုး ရတတ်လေသည်။ ဖြူတို့နှင့် အတန်းတူ သူငယ်ချင်းများထဲမှ ထူးထူးခြားခြား အောင်မြင်နေသော တချို့တလေ သတင်းကို ဖြူ ကြားရသည်။ ရိုးသားစွာ ကြိုးစားသမျှ အောင်မြင်သံများလည်း ကြားရသည်တွင် အားကျဖွယ်ပင် ... အဆုံးတော့ ကံပါပဲလေ ဒီလိုပဲ တစ်ကျောင်းတည်း ထွက်ခဲ့ပြီး အကျိုးပေး ကွာသွားတာ အဖြစ်က ဘယ်ကျောင်းထွက်တွေမှာပဲ ဖြစ်ဖြစ် ရှိနေတတ်မြဲ ပါပဲလေ။ ဖြူသည် ထွေထွေရာရာ စိတ်ရောက်ရင်း ဆိုင်ရှင် အားမည့် အချိန်ကို စောင့်နေရလေ၏။ သူ့စာရင်းကို ဖြူ လှမ်းမြင်နေလို့ ကြည့်လိုက်မိရာက သေသေချာချာ ဖတ်ဖြစ်သွားလေသည်။


ဘားပလက် ထိုးဆေး ...

ကာထမိုက် ... 

အနက်ဂျဆင် ... 

ဘီတွဲ ... စသည်ဖြင့် ... 


အင်္ဂလိပ် ဆေးအမည်များကို မြန်မာအသံထွက် ထွက်ချင်သလိုထွက် ရေးထားပေရာ ဖြူ့ စိတ်ထဲမှာ ဆန်းသွားရလေသည်။ စာရင်းက ရှည်လျားပြီး ဆေးအမည် တစ်မျိုးစီအတွက် လိုချင်သည့် အရေအတွက်ကလည်း များလှသည်။ ဖြူ စဉ်းစားနေမိဆဲ ... ဆေးမှာထားသူများ ရောက်လာသည်။ လက်ဝတ်လက်စား အတုံးအတစ်နှင့် တောနယ်ကမှန်း သိသာသော မိန်းမကြီး တစ်ယောက် ... သူ့နောက်က ဆေးအိပ် ထမ်းလာသည့် လူခပ်ရွယ်ရွယ်က နှစ်ယောက် ... 


“ပြီးပလားဟေ့”

“ပြီးပါပြီ ... ပြီးပါပြီ” 


ဆိုင်ရှင်က ပျာပျာသလဲ ထုပ်ပိုးထည့်သို ပေးသည်။ ဘောက်ချာရှင်းတော့ ဆေးဖိုးက ဂဏန်းငါးလုံး နီးပါးမျှ။ ဖြူ တောသူဌေးမကြီးကို ငေးကြည့် နေမိ၏။ သူ့ပါးစပ်က ရွတ်သော ဆေးအမည်များမှာလည်း ဆေးခန်းပိုင်ရှင် ပေလား။ ဒါမှမဟုတ် သားသမီးက ဆရာဝန်တွေများလား၊ ဖြူ တွေးကြည့် နေမိလေသည်။ သူတို့ ထွက်သွားမှ ဆေးဆိုင်ရှင်က ချီးမွမ်းကြည့်ဖြင့် လိုက်ကြည့်လျက် ... 


“မြောင်းမြနားက ရွာတစ်ရွာက တောဆရာလေ ... အဲဒါ သူ့မိန်းမပေါ့။ ရမ်းကု ... ရမ်းကု ... သိပ်အောင်မြင်ကြတာ”


တိုးတိုးပြောသည်။ 


ဖြူ့မှာ ပြုံးရမလို ... မဲ့ရမလို ဖြစ်သွားရလေသည်။


* * *


တောင်ဥက္ကလာပတွင် ကိုယ်ပိုင် ဆေးကုခန်းလေးတွေ များစွာရှိ၏။ စေတနာဖြူရဲ့ ဝန်းကျင်မှာလည်း ဆေးခန်းတွေ ရှိသည်သာ ... လမ်းမကြီးပေါ် တက်ခဲ့လျှင် ဆေးခန်းတွေ သုံးလေးခု ... ဖြူ့လိုပဲ ရပ်ကွက်ထဲမှာ ဖွင့်ထားသည့် ဆေးခန်းလေးတွေ ရှိဦးမည်။ မမြင်လွယ်၍သာ ရှိမည်ပ ... လူနာ ဆိုသည်ကလည်း အလှည့်သင့်ရာ ဆေးခန်းသို့ ဝင်တတ်ကြသည်သာ။ ထိုအခါ သူတို့ သွားဖူးသော ဆေးခန်းရဲ့ အကြောင်းကို ဒီဆေးခန်းမှာ ပြန်လည်၍ ဖောက်သည် ချတတ်မြဲ ... ချီးမွမ်းသည်လည်း ပါ၏။ ကဲ့ရဲ့စကား ဆိုသည်လည်း ပါမြဲပင် ... 


“ဟိုဆေးခန်းမှာ သုံးရက် ထိုးခဲ့တာ ရှင်းရှင်း မပျောက်ချင်ဘူး၊ ဒေါက်တာ့ဆီ ရောက်မှပဲ ရှင်းရှင်း ပျောက်တော့တယ်” 

“အဲဒီ ဆေးခန်းမှာ ကျွန်မ ဆေးထိုးတာ ... တင်ပါးမှာ အနာဖြစ်သွား ကတည်းက နောက် ဘယ်တော့မှ မသွားတော့ဘူး”


ဖြူက ပြေရာပြေကြောင်း ရှင်းလင်း ပြောပြဖို့ အလိုလို အကျင့် ပါနေခဲ့သည်။

 

“တချို့ ရောဂါက ဆေးပတ်လည်မှလည်း ပျောက်တာမျိုး ရှိပါတယ်၊ စကားပုံ တစ်ခုတောင် ရှိသေးတာပဲ ... ကံမကောင်းတဲ့ ဆရာဝန်တွေဟာ ရောဂါရဲ့ ဦးခေါင်းပိုင်းကို ကုရပြီး ကံကောင်းတဲ့ ဆရာဝန်များ ကတော့ ရောဂါရဲ့ အမြီးပိုင်းကို ကုရတတ်တယ် ဆိုတာလေ” 


ဖြူ ဒီလို ရှင်းပြ နေခြင်းက ဖြူတို့ ရွတ်ဆို၍ ဘွဲ့ယူခဲ့ရသော ဟစ်ပိုကရေးတီးရဲ့ ဎဋိညာဉ်ပါ “ဆေးဆရာများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး အကျင့် စာရိတ္တ ပျက်ပြားမှုမှ ရှောင်ကြဉ်ပါအံ့” ဟူသော ကတိစကားကို လိုက်နာစောင့်ထိန်း နေခြင်းသာ မဟုတ်ပေ ... ဆေးပညာ ထွန်းကားစ ခေတ်ဆီက ဆေးသမား အချင်းချင်း ကောင်းမွန်သော ယှဉ်ပြိုင်ခြင်း အပြင် အချင်းချင်း ပုတ်ခတ် နှိမ်ချခြင်း စသည့် မကောင်းသော ယှဉ်ပြိုင်ခြင်းတွေပါ ... ပါဝင် လာသောကြောင့် ဆေးပညာရဲ့ ဖခင်ကြီး ဖြစ်သော ဟစ်ပိုကရေးတီးက “ဆေးသမားတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပါမည်” ဟူသော ပဋိညာဉ် စကားကို သတ်မှတ်ခဲ့လျက် ဆေးသမား အားလုံးကို ကတိထား စေခဲ့သည်ဟု ဖြူ ကြားမှတ် ခဲ့ရဖူးလေသည်။ ထိုကတိစကားကို ဖြူ စောင့်ထိန်းနေခြင်း သက်သက်သာ မဟုတ်ပေ ... ဆရာဝန်အလုပ် ‘ဆေးခန်းဖွင့်သော အလုပ်’ ကို ‘စီးပွါးရေး လုပ်ငန်း’ တစ်ခုသဖွယ် ဖြူ သတ်မှတ်လက်ခံ မထားနိုင်ခဲ့၍ပင် ... စီးပွါး ပြိုင်ဖက်ချင်းလို တစ်ဦးနှင့် တစ်ဦး လက်သီးပုန်း ထိုးဖို့လည်း မရှိ ... ပွင့်ပွင့်လင်းလင်း ချဲ့ဖို့လည်း မရှိဟု ဖြူ မှတ်ယူထားမိလေသည်။


မိုးမှောင်ကျသော ညများကို မိုးရာသီတွင် ဖြူ ရှောင်လွှဲ၍ မရချေ။ မိုးကလည်း သဲသဲမဲမဲ ရွာချလာ ... ဖြူနှင့် လိုက်ပါလာခဲ့သည့် အဖော်သည်လည်း မေမေ (သို့မဟုတ်) မောင်လေး မဟုတ်ခဲ့လျှင် ဖြူ အားငယ်သလို ရှိလာမြဲ။ တစ်ည ဖြူနှင့် ဖြူ့ ညီမလေးတို့ အိမ်ပြန်ဖို့ မိုးအစဲကို စောင့်နေကြသည်။ မိုးကလည်း သစ်ပင်တွေ ရိုက်ခတ် ပြိုလဲအောင် လေပါ ပါလျှက် သဲသဲမဲမဲ ရွာနေလေသည်။ အိမ်ရှင် အဒေါ်တို့ဆီ လာသော ဧည့်သည် မိန်းမကြီး တစ်ဦးလည်း မိုးကို စောင့်နေသည်။ ဖြူတို့ ညီအစ်မကို မကြာခဏ အကဲခတ်ကြည့် ကြည့်လေသည်။ 


“ဘယ်အထိ ပြန်ကြရမှာလဲ” 

“ပြည်လမ်းကိုပါ” 


သူ သိလွယ်မည် ထင်သည့် အနီးဆုံး နေရာကို ဖြူ ဖြေလိုက်သည်။ 


“ဩော် ... အဝေးကြီး ပါလား၊ ဒီလိုပဲ ပြန်နေကျလား” 


“ဟုတ်ကဲ့” အပြင် ဖြူ့မှာ ဖြေစရာမှ မရှိ ... 


မိန်းမကြီးက စုတ်သပ်လေသည်။ ဖြူ့ကို ထပ်မံ တစေ့တစောင်း ကြည့်လျှက် 

 

“မိန်းကလေး နှစ်ယောက်တည်းနဲ့ စီးပွါးရေးအတွက် ဆိုတော့လည်း ဒီလောက် အဝေးကြီး လာလုပ်ရတာပဲနော် ... အချိန်ကလည်း မကောင်းလိုက်တာ ... ကျွတ် ... ကျွတ်” 


ဖြူ့ နားထဲမှာ ရင့်သီး သွားရသည်။ 


ဖြူ ဆေးကုသလို့ ငွေကြေး ရပေမယ့် ဖြူကိုယ်ဖြူ စီးပွါးရေး လုပ်နေသည်ဟု မယူဆနိုင်၍ပင် ... ဖြူ့ရဲ့ မလိုအပ်သော မာနလည်း ဖြစ်ချင် ဖြစ်ပေမည်။ 


“ကျွန်မ သင်ခဲ့တဲ့ ပညာကို အသုံးချနိုင်ဖို့ ... အသုံးချနိုင်တဲ့ နေရာကို ကျွန်မက သွားမှာပါပဲ ... နီးတာ ဝေးတာ အကြောင်း မဟုတ်ပါဘူး၊ စီးပွါးရေး ဆိုတာလည်း အကြောင်း မဟုတ်ပါဘူး”


ဖြူ့စကားကို ဖြူ့ အိမ်ပြန်ချိန်သည် ပိုလို့ မှောင်မိုက် သွားရတော့သည်။ ဒီလိုနည်းနှင့် ညဥ့်နက်သွားသော တစ်ညရဲ့ အပြန် ဘတ်စ်ပေါ်တွင် ဖြူ့ ညီအစ်မသာ မိန်းမရွယ် ပါလေသည်။ အဘွားကြီး တစ်ဦးနားမှာ ဖြူတို့ ရပ်လိုက်လာသည်။ ဖြူ့ အနားသို့ ... အဝတ်အစား ခပ်လတ်လတ်ဖြင့် ခံ့ညား လေးစားဖွယ် အသက်အရွယ် ရှိသည့် ယောက်ျားတစ်ဦးက ကပ်ရပ်လာသည်။ ကားနောက်ပိုင်းမှ သူ့ကို လှမ်းပြောသော စကားသံကျယ်ကျယ် ... တဟားဟား ကြားရ၏။ သူတို့မှာ အုပ်စုနှင့်ဟု ဖြူ သိရိပ်မိရသည်။ ဖြူ ကြည့်မိလျှင် သူတို့ အချင်းချင်း အားပေးအားမြှောက် အမူအရာ အကြည့်များကို တွေ့ရမည်ပဲ ထင်၏။ ဖြူ လှည့်မကြည့်ဖြစ်ဘဲ ... (၇) အနီ ဟီးနိုးရဲ့ မီးရောင်ဖြင့် ပြတင်းမှန်များမှ တဆင့်သာ မူမမှန်သော သူ့လက်ကို ကြည့်လာရသည်။ သူလွယ်ထားသည့် ကျားခေါင်းတံဆိပ် သားရေ လွယ်အိတ်နှင့် ခပ်ကွယ်ကွယ် ထားလာသည်။ သူ့လက်များက သိက္ခာ ကင်းလှသည်။ ဖြူသည် ဖြူ့ ခါးအောက်ပိုင်းနှင့် ထိုလက်များ ဝေးရာသို့ တဖြည်းဖြည်း ရွှေ့ရင်း တစ်ကားလုံးရဲ့ မျက်စိရှေ့လို ဖြစ်နေသည့် ကားခေါင်းပိုင်းသို့ ရောက်လာသည်။ ထိုင်ခုံစေ့ ထိုင်နေသည့် ခရီးသည်တွေ ရှေ့တွင်မို့ မရမ်းကားဝံ့တော့ဟု ဖြူကတော့ ထင်မိသည်။ တစ်ကားလုံးကမူ ဖြူ့ အကျဉ်းအကျပ်ကို မြင်နိုင်ကြမည်ဟု ထင်၏။ ကားထဲက မီးကလည်း ကျေးဇူးတင်ဖွယ် လင်းထိန် နေသည်ပဲ ... လူကလည်း နေ့အချိန်မှာလို တစ်ယောက်နှင့် တစ်ယောက် ထပ်ကာ တိုးကျပ်နေသည် မဟုတ် ... ကားခေါင်းပိုင်းတွင် ဖြူနှင့်သူ နှစ်ဦးတည်းသာ ထင်းထင်းကြီး ရှိနေသည်။ ဒီကြားထဲက လူချင်း ကပ်မိသည်နှင့် သူ ... လက်ပြင် ပြန်လေသည်။ မကြည့်မိ၍ ပေပဲလား ... အိပ်ငိုက် လာကြ၍ ပေပဲလား မသိသည့် ခရီးသည် ဘယ်သူ တစ်ယောက်ကမျှလည်း ဖြူ့ကို အကူအညီ မပေးခဲ့ကြချေ။ နေရာ တစ်နေရာစာ ထပေးလိုက်လျှင် တောင်မှပဲ ဖြူ ဣနြေ္ဒရလို့ သွားမည်ပေါ့။ ဖြူ့တွင် ရှက်ကြောက်ခြင်းထက် ဒေါသက ပိုလာသည်။ ဖြူ ကိုယ့်ကိုယ်ကို အားကိုးဖို့ ပြန်သတိရလေသည်။ ခေါင်းငုံ့ငုံ့ထားသော သူ့မျက်နှာကို တည့်တည့် လှည့်ကြည့်လျှက် ... 


“ဘယ်လို ဖြစ်နေတာလဲ ... ရှင် အရှက် မရှိဘူးလား” 


ဖြူ အော်လိုက်သံက ... တစ်ကားလုံး ဟိန်းသွားလေသည်။ ဒီလို ရင်ဆိုင်လိုက်ခြင်းမှာ အကျိုးတော့ ရှိပေသား။ သူတို့ ငြိမ်ကုပ်သွားပြီး ကုက္ကိုင်းမီးပွိုင့် မီးနီမှာ ဆင်းသွားကြ လေသည်။ သူတို့ ဆင်းပေမယ့် ကိုယ့်ဆင်းရမည့် မှတ်တိုင် မရောက်သေးသည်မို့ မီးရောင်အောက်တွင် ထီးတည်းကြီး ရပ်လျှက် ဆက်လိုက် လာရသည်။ မျက်နှာကတော့ အပူသားပင် ... ခရီးသည်များကတော့ ဖြူ့ကို “အတော် အသံကောင်းတဲ့ ကလေးမ” ဟု အကဲဖြတ် လာကြလေသလား မသိ ... တိတ်ဆိတ်စွာ လိုက်မြဲ လိုက်ပါလာကြသည်။ အိမ်ပြန်ရောက်တော့ လမ်းမှာ နေရာ ရလာသော ညီမဆွေ ... ဖြူ့ကို အားပေးထောမနာ ပြုလေသည်။ 


“မမဖြူ အော်လိုက်တာ ဆွေဖြင့် ကြောက်သွားတာပဲ ... ဆွေတို့ ဆင်းတော့မှ နောက်က လိုက်လာပြီး တစ်ခုခု လုပ်ရင် ဘယ်လို လုပ်မလဲ မမဖြူရဲ့ ... သူတို့ အရင် ဆင်းသွားမှပဲ အသက်ရှူ ရဲတော့တယ်။ နောက်တစ်ခါ ဆွေလိုက်ရတဲ့ အလှည့်မှာ အဲဒီလို အလန့်ထညက်တွေ မလုပ်ပါနဲ့ မမဖြူရယ်” 


မိန်းမစွမ်းကြီး လုပ်လာသော ဖြူလည်း ခုမှ ပြန်လည် ရင်ဖိုနေမိသည်။ နောက်ညများ အတွက်ပင် ကြိုကြိုတင်တင် ပူပန်နေသေး၏။ 


“တို့လည်း ကြောက်တော့ ကြောက်တာပေါ့၊ ဒါပေမယ့် ကြောက်ကြောက်နဲ့ပဲ မခံနိုင်တော့လည်း ပြောရတာပဲ” 


ထိုညက ဖြူ ညစာ စားရတော့ ဆယ့်နှစ်နာရီ ကျော်ပြီ။ ဖြူ ဆေးခန်းသို့ ထွက်လာချိန် သုံးနာရီခွဲ ... လေးနာရီတွင် ညစာစားလို့ မရတတ်သေး၍ ဆေးခန်းက ပြန်မှပင် ထမင်းစားကျင့် ပါခဲ့သည်။ အစာအိမ်နာ သမားများကို အစာ အချိန်မလွန်စေဘဲ မှန်မှန်စားပါ ဟူသော ဖြူ့ ညွှန်ကြားချက်ကို ဖြူ ကိုယ်တိုင် လိုက်နာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သေးချေ။ မေမေက ထမင်းဝိုင်း ပြင်ကာ စောင့်ကျွေးသည်။ ဒီအချိန်လေးတွင် ဖြူ့ရဲ့ တစ်နေ့တာ ပျော်စရာ စိတ်ညစ်စရာတို့ကို ဖြူ တိုင်တည်လေ့ ရှိမြဲ ... 


“ဖြူတော့ ဆေးခန်း ပိတ်ခါနီးမှ မျက်လုံးပြူး ... မျက်ဆံပြုးနဲ့ ရောက်လာတတ်တဲ့ လူနာမျိုးကို ကြောက်တယ် မေမေရာ ... ဆေးခန်းတွေ ပိတ်ခါနီးမှ ဒီလို နေလို့တော့ မဖြစ်ချေဘူး ဆိုပြီး နီးတဲ့ဆေးခန်းကို သယ်ချလာရော ... ဖြူတို့လည်း အိမ်ပြန်ရတာ ညဥ့်နက်သွားရောပေါ့၊ လုပ်လိုက် ရတာလည်း စိတ်ရော လူရော မောလို့ ... ဆေးခန်း တစ်ခန်းလုံး ရှိသမျှ ဆေးတွေလည်း ကုန်လုရောပဲ ... ပြီးတော့ ဘယ်တော့မှ ပိုက်ဆံ ပြန်ရတဲ့ လူနာမျိုးလည်း မဟုတ်ဘူး၊ အလကား မတ်တင်းပဲ” 

“ဟော ... ဟော မမဖြူ ... ဟိုတစ်နေ့ကတော့ သူ့ကို စီးပွါးရေး လုပ်တယ် ပြောရပါ့မလား ဆိုပြီး ဒေါဖောင်း လာလိုက်တာ ... ခုတော့ စီးပွါးရေးစကား ပြောနေပြီ” 


ဖြူတို့ကို မှီကာ ညဥ့်လယ်စာ ထစားသည့် မောင်လေးက စကားဖြင့် လှောင်ရယ် ရယ်မောသည်။ ဖြူ့မှာ အငိုက်မိ ခံရသလို ဖြစ်သွားလျှက် ဒေါပွပွဖြင့် ... 


“ဟဲ့ ... ငါ စီးပွါးရေးစကား ပြောတာက ...”


စိတ်လိုက်မာန်ပါ ပြောပြီးမှ စကား ရှေ့မဆက်တတ်ဘဲ ထစ်ငေါ့နေလျှင် ... 


“မမဖြူကလည်း လူပြက်တွေ ပြောသလို ‘စီးပွါးရေး လုပ်တာတော့ လုပ်တာပေါ့၊ ဒါပေမယ့် စီးပွါးရေး လုပ်တာပေါ့’ ဖြစ်နေပြီ ...” 


မောင်လေးက ရယ်မောလေသည်။ သူ့မှာ ဖြူ့ကို လှောင်ရယ် ရလွန်းလို့ ထမင်းပင် သီးယူရသည် အထိ။ 


* * *


( ဇာတ်သိမ်းဆက်ရန်)

No comments:

Post a Comment