Wednesday, 5 June 2019

#စလူရွက်ဖြူလက်ဝယ်ကိုင်မိုးလို့ ( ဇာတ်သိမ်း )

#စလူရွက်ဖြူလက်ဝယ်ကိုင်မိုးလို့


( ဇာတ်သိမ်း )


#ဝင်းဝင်းလတ်


မိုးပါးလျှက် ... နေသာသော ရက်တွေ များလာခဲ့ပြီ။ လျှောက်နေကျ ‘စေတနာဖြူ’ ရဲ့ လမ်းလေးသည် ဖြောင့်ဖြူး သာယာလာ၏။ ‘စေတနာဖြူ’ ရှေ့ဘက်ရှိ လယ်ကွင်းများတွင် မြစိမ်းရောင် လှိုင်းလုံးကြီးများ ရွေ့လျား နေသလို ... စပါးပင်တို့ မြင့်တက် လာကြပြီး ခြေခင်းလက်ခင်း သာယာသော မြောင်းရိုးလေး တစ်လျှောက် ဖြူတို့ လမ်းလျှောက်ကြလေသည်။ မြောင်းရိုးလေးက ရပ်ကွက်နှင့် ဟိုဘက် လယ်ကွင်းများကို ခြားထားပြီး ... ငမိုးရိပ် ချောင်းထဲသို့ စီးဝင်သွားသည်။ မိုးတွင်းကမူ ရေတက် ရက်များတွင် မြောင်းရိုးကို ရေလျှံလျှက် ... ဒီဘက်ရပ်ကွက် အနိမ့်ပိုင်းတွင်ပါ ရေတွေ ဖွေးနေတတ်သည်။ ‘စေတနာဖြူ’ ရှေ့တွင်လည်း ရေတွေ ပြည့်လျှံကာ ထိုရေဖွေးဖွေးကို ဖြူ ဖြတ်သန်းရမြဲ ... ဒီရေအတွက်နှင့်အတူ ရေပြည့်လျှံတတ်သော ‘စေတနာဖြူ’ ရှေ့က လမ်းလေးမှာ ဖုန်စပြုလာခဲ့ပြီ။ ညနေ လေပြေသည် ဆောင်းအမီ အေးချမ်းစ ပြုလာလေသည်။ ဖြူတို့သည် မှောင်ရီစ ပျိုးလာသည်အထိ မြောင်းရိုးလေးမှာ ရပ်နေသည်။ ခပ်ဝေးဝေး ဝါးရုံပင်အုပ်အုပ်ကို လှမ်းမြင်ရရာ တိုးကြောင်ကြီးဘက် ကမ်းဆီသို့ အေးအေးလူလူ လှမ်းငေးနေကြ၏။ ဖြူ့တွင် ဒီလို အေးအေးဆေးဆေး နေဖို့ အချိန်အားတွေ ရရှိနေခဲ့ပြီလေ။ မိုးပါးသည်နှင့်အတူ ဝမ်းပျက် ဝမ်းလျှောတွေ ... တုတ်ကွေးတွေ ... ရင်ကျပ် ချောင်းဆိုးတွေ ပါးသွားခဲ့ပြီပင် ... ‘စေတနာဖြူ’ သည်လည်း အားလုံးသော ဆေးခန်းတွေလိုပင် လှုပ်လီလှုပ်လဲ့ ရှိလာရတော့သည်။ အခြေအနေအရ ဖြူသည် ဆေးကို ပိုလို့ ရိုသေလာရသည်။ ဆေးတန်ဖိုးကို ဖြူ့ ခေါင်းထဲမှာ အမြဲ တွက်ချက်လို့ နေရသည်။ လူနာတွေကလည်း ဖြူ့လိုပင် တွက်ချက်ကြသည် ထင်ပါ၏။ တစ်ယောက် ဆေးထိုး လာခဲ့လျှင် အိမ်မှာ ကျန်ခဲ့သည့် ဘုစုခရု အတွက် ... အကြီးလေးက အန်နေလို့ ... အငယ်က ဝမ်းသွားပြီး ပေါက်စလေးက ကိုယ်လေး နွေးနေတယ် စသည်ဖြင့် ဆေးအဆစ် တောင်းလျှင်တော့ စီးပွါးရေး လုပ်သည် မဟုတ်ဟု မိမိဘာသာ ယုံကြည်သော ဖြူက ပေးခဲ့ရမြဲ ... 


တစ်ခါတွင်တော့ ... 


လသား ကလေးငယ်ရဲ့ ချိုင်းကြားမှာ ဖြူ သာမိုမီတာလေး ညှပ်ပေးပြီး ကလေးအမေ လုပ်သူကို “ကိုင်ထားပေးနော်” ဟု ကလေး လက်မောင်းလေးကို ကပ်ထားခိုင်းခဲ့၏။ ကလေးအမေက “ရပါတယ်၊ သူ ညှပ်တတ်တယ်” ဆိုကာ ဖြူနှင့် စကား တပြောပြော ရှိနေသည်။ ဖြူ့မှာ စိတ်မချနိုင်ဘဲ သာမိုမီတာ ညှပ်ထားသော ကလေးဆီသို့သာ မျက်စိတဝဲဝဲ ရောက်နေမိ၏။ မီတာလေးကို အကောင်းအတိုင်း နှုတ်ယူနိုင်သော ခါတွင်မှ သက်ပြင်း တိတ်တဆိတ် ချမိရလေသည်။ 


ကလေးအမေရဲ့ “ဆရာမ၊ ကိုယ်ပူ ဘယ်လောက် ရှိလဲ” ဟူသော အမေးကို ဖြူ ဖြေလိုက်ပုံက ... 


“ဆယ့်ရှစ်ကျပ်” တဲ့လေ 


“ဩော် ... ကျွန်မ နားကြား လွဲသွားလို့ပါ” 


ဖြူ့မှာ အရှက်ပြေ ရယ်ရပါတော့သည်။ ကလေးရဲ့ ပါးစပ်ထဲ ချိုင်းထဲမှာ သာမိုမီတာကို ထည့်ထားပြီး အမေလုပ်သူက ... ပေါ့ပေါ့လျော့လျော့ ထားလို့မို့ ကျကျိုးသည်မှာ မနည်းတော့ပြီ ဖြစ်သော ဖာရင်ဟိုက် သာမိုမီတာလေးရဲ့ တန်ဖိုးမှာ ဆယ့်ရှစ်ကျပ်ပင် ... မရှိမဖြစ်သော သာမိုမီတာကို ဖြူ မကြာခဏ ဝယ်ရသည်။ ဆိုင်က ထုတ်ပေးသော စင်တီဂရိတ် သာမိုမီတာက လက်မောင်း တစ်အောင့်ကြီး ကြာမှ ပြဒါးက မရွေ့ချင် ရွေ့ချင်လေး ရွေ့သည်။ 


“ဒေါက်တာ့လို ​ဒေါက်တာမျိုးကတော့ တကယ်ကို ရှားပါတယ်၊ စေတနာကလည်း ကောင်း ... ဆေးကလည်း လိုက် ... ဆေးတစ်လုံး ထိုးရင် ထိုးမှန်း သိသိသာသာ သက်သာတယ်၊ ကျွန်မကတော့ သိသမျှ လူတိုင်းကို ဒေါက်တာက သဘောကောင်းတယ် ဆိုပြီး ဒေါက်တာ့ဆီပဲ ညွှန်ပါတယ်” 


ဆေးထိုးခံဖို့ မှောက်လျက် အနေအထားက ဖြူ့ကို ရွှန်းရွှန်းဝေ ချီးမွမ်းနေသော အမျိုးသမီးကို ဖြူ ... စိတ်လေးလေးဖြင့် ဆေးထိုး ပေးလိုက်သည်။ အမျိုးသမီးက ပို၍ ပြုံးချိုသော မျက်နှာဖြင့် ... 


“ကျသမျှ မှတ်ထားနော် ဒေါက်တာ ... ကျွန်မ အားလုံး စုရှင်းမယ်”


ဖြူ့ကို တိုးတိုး ကပ်မှာ သွားလေသည်။ ဖြူ ... သူ ထွက်သွားသည်ကို လိုက်ငေးကြည့် နေမိသည်။ သူတို့လို လူမျိုးက ဖြူ့ ကုသမှုကို နှစ်သက် ခံယူလို၍ လာသည် မဟုတ်ဘဲ ပတ်ဝန်းကျင် အခြား ဆေးခန်းများတွင် အမှတ်အထား များလာ၍ ရှောင်ဖယ်ကာ ‘စေတနာဖြူ’ သို့ ဝင်လာတတ်ခြင်း ဖြစ်ဟန်တူ၏။ ဖြူ့ထံတွင် အကြွေးများပြား လာပြန်သောအခါ အခြားဆေးခန်း တစ်ခုသို့ ကူးပြောင်း သွားလိမ့်ဦးမည် ထင်သည်။ ဒီအတွင်း ဆေးခန်းအသစ် တစ်ခုများ တိုးလာခဲ့လျှင်တော့ သူတို့အတွက် နယ်သစ်ပယ်သစ် တွေ့ပြန်သည်ပဲပေါ့။ ဆေးဆိုင်မှ ဆေးတိုက်ရိုက် ရကာ ဈေးနှုန်း သက်သာလှသော သမဝါယမ ဆေးခန်းများသို့ပင် သူတို့ ဘယ်တော့မှ သွားချင်ကြမည် မဟုတ်ဟု ထင်၏။ တစ်စစ ရင်းနှီးယုံကြည်လာသူ အချို့ကလည်း အမှတ်အသား ထားခိုင်းထားကြသည်။ ပြေလည်သည့် အခါ အမှတ်တရ ပေးသူ ရှိသလို ... ရှောင်ဖယ် သွားသူတို့လည်း ရှိခဲ့ဖူးလေသည်။ 


“အေးဟယ် ... နင်တို့ အလုပ်ကလည်း မုန့်သည်လို ပါပဲလား၊ မုန့်စားပြီးမှ ပိုက်ဆံ မပါဘူး ဆိုရင် ဘာမှ မတတ်နိုင် သလိုမျိုး ဖြစ်နေပြီ၊ ဆေးထိုးပြီးမှ ပြန်နှုတ်လို့ကလည်း မရ ...” 


ဖြူနှင့် သွေးသားရင်းလို ရင်းနှီးနေပြီ ဖြစ်သည့် အိမ်ရှင် ဒေါ်ရီကပါ ဖြူ့ကို ကြည့်ရင်း စိတ်မောလာဟန် ရှိသည်။ 


“လက်ငင်း မပေးရင် ... ထိုးမပေးနိုင်ဘူး ဆိုတာ ကြိုပြောထားပေါ့အေ ...” 


“မုန့်သည်နဲ့ ကွာတာ အဲဒါပဲပေါ့ ဒေါ်ဒေါ်ရယ် ... ဆရာဝန်က ပိုက်ဆံ မပါလို့ ကုမပေးနိုင်ဘူး ဆိုတော့လည်း ဘယ်ကောင်းပါ့မလဲ” 


လူနာကို ဆရာဝန်က ဆေးကုသ မပေးလိုဟု မငြင်းပယ်နိုင်ချေ။ ခြွင်းချက် အဖြစ်တော့ လူနာက အခြား ဆရာဝန် တစ်ဦးနှင့် ပြောင်းလဲ ကုသသောအခါ ... ဆရာဝန်၏ စကားကို မလိုက်နာသောအခါ ဆေးကုသခငွေ မပေးသောအခါ ဟူ၍ ရှိပေသည်။ သို့ရှိပေမယ့် ဖြူ ငြင်းပယ်ဖို့ မရင့်ကျက်သေး။ ဒီခြွင်းချက်များကို သိမထားသည့် လူနာက ဖြူ့ကို “အသပြာ ဆရာဝန်” ဟု အလွယ်တကူ စွပ်စွဲခဲ့ပါလျှင် ... ပြီး ဖြူ ကိုယ်တိုင်လည်း ကိုယ်က တစ်ခုခု လုပ်ပေး လိုက်ရလို့ ကောင်းသွားမည်ဟု သိထားသူ တစ်ဦးကို ရှေ့မှာ တွေ့နေရ ပြီးမှတော့ တစ်ခုခု လုပ်မပေးဘဲ မနေနိုင် ... 


ဆရာဝန်တွေ အပေါ် ... စက်ချုပ်သမားတွေ အပေါ် နားလည် သလောက်တောင် နားမလည်ပါဘူး။ ဖြူ တစ်ခါတစ်ရံ တွေးမိသည်။ ဆေးတစ်လုံးထိုး ငါးကျပ် ရတာပဲ ... ခြောက်ကျပ် ရတာပဲဟုသာ မြင်တတ်ကြသည်။ ထို ငါးကျပ်၊ ခြောက်ကျပ်ထဲတွင် ဆေးအရင်းအနှီး ပါသေးသည်ကို မမြင်။ ပညာကြေးကိုလည်း စဉ်းစား မပေးလိုကြချေ။ စက်ချုပ်သမားတွေ ဆိုလျှင် ချုပ်ခက ဘယ်လောက် ... ကြယ်သီးဖိုး၊ ဇစ်ဖိုးက ဘယ်လောက် သီးသန့် တောင်းယူခွင့် ရှိသေး၏။ ဆရာဝန်ကိုတော့ ဒီလို နားလည်မှု မရှိကြပါဘူးလေ။ ဖြူ အားတိုင်း အတွေးဖြန့်ကျက် နေမိခဲ့တတ်၏။


“ကျုပ်မလည်း ညည်းတို့နဲ့ ခင်မင်နေတော့ သူတို့ ဆေးခန်းလေး စည်စည်ကားကား ရှိပါစေလို့ တစ်ခါတစ်ခါ ယောင်ပြီး ဆုတောင်းမိတယ်ဟဲ့၊ ပြီးမှ ငါ့ဥစ္စာ ဒီလိုလည်း မဟုတ်သေးပါဘူးလို့ ပြန်တွေးမိပြီး ဘုရားရှိခိုးရင်းတောင် ရယ်မိတယ်” 


ဖြူပါ ... ဒေါ်ဒေါ်ရီ့ ဆုတောင်းကို ရယ်ခဲ့မိသည်။ ရယ်မောရင်းက ရှေ့နေ သူငယ်ချင်း တစ်ယောက်ရဲ့ စကားသံများကို ကြားယောင်မိ၏။ 


“ခင်ဗျားတို့ အလုပ်က အကုသိုလ် အလုပ်ကြီးပဲဗျာ ... ကိုယ့်ဆေးခန်း လူများများ လာပါ လာပါစေလို့ ဆုတောင်း နေရမယ့် အဖြစ်မျိုးပဲ ... အဲဒီလို ဆုတောင်းရင် များများ ဖျားကြ နာကြ ပါစေလို့ ဆုတောင်းတာနဲ့ ဘာထူးသေးလဲတဲ့” 


ဖြူ အောင့်သက်သက်နှင့်ပင် ခံလိုက်ရလေ၏။ စိတ်ထဲကမူ ... 


“သူကများ ပြောရတယ် ရှိသေးတယ်” ဟု ချေပစကားတော့ ဆိုလိုက်မိသေသည်ပင်။ ဒေါ်ဒေါ်ရီနှင့်တော့ ရင်းနှီးစွာ နောက်ပြောင် ပြောလိုက်သည်။ 


“ဖျားနာလို့ ဆေးခန်း သွားရမယ့် အတူတူ ... ငါ့တူမဆေးခန်း လာပါစေလို့ ပြောင်းဆုတောင်းပေါ့ ဒေါ်ဒေါ်ရီရဲ့ ... မဟုတ်ဘူးလား” 


“အေး ... ဟုတ်တယ်ဟဲ့” 


ဖြူတို့ သဘောကျစွာ ရယ်မောမိ လေသည်။ ရယ်မောရင်း ဆရာဝန် အလုပ်ဆိုတာ ကုသိုလ်လည်းရ ... ဝမ်းလည်းဝဟု ဖြူ ကြားဖူးနေကျ စကားလေးသည် မတိမ်ကောသေး ... တန်ပါဘူးလေဟု ဖြူ စဉ်းစား နေမိပြန်၏။ 


* * *


တစ်ညနေ ... ရပ်ကွက်လေးထိပ်တွင် ဆိုက်ကားဆိုက်လို့ ဖြူ ဆင်းမည်ပြုစဉ် ... ဆိုင်းဘုတ် သစ်လွင်လေး တစ်ခုကို သတိထားခဲ့သည်။ ‘မေတ္တာ’ တဲ့။ အနီရောင် အပေါင်းလက္ခဏာ အမှတ်အသားလေး အထင်အရှားနှင့် ... ဖြူ့ ဆေးခန်းလေး ဖွင့်စဉ်ကလို ဆိုင်းဘုတ်ချိတ်သည့် တိုင်လေးထိပ်မှာ သပြေညွန့် ... ဒေါနခက်လေးတွေလည်း ချည်ထားလို့ ... ပန်းခက်လေးတွေပင် မနွမ်းခြောက်တတ်သေး။ တိုးလာသည့် ဆေးခန်းသစ်လေး တစ်ခန်း ... ဖြူနှင့် ဘဝတူ နောက်တိုး ဆေးခန်းလေးများသည် လေးငါးလ အတွင်းဝယ် (၇) အဝါဂိတ် တစ်ဝိုက်မှာ ပေါ်ထွက်လာကြသည်။ ဒီ ‘မေတ္တာ’ လေးကတော့ ဖြူ့ရဲ့ ရပ်ကွက်ထိပ်တွင်မို့ ဖြူ့လိုပဲ ဒီရပ်ကွက်လေးကို အားကိုးပြုဟန် တူလေသည်။ ဆိုင်းဘုတ် အသစ်လေးကို မြင်လိုက်စဉ်စက ဖြူ့ ရင်ထဲမှာ ပြုံးချင်လာသည်။ 


“တို့ကိုများ လာစုံစမ်း ကြည့်ပါဦးတော့လားကွယ်”


ဖြူ ပြေလည် နေပုံကိုလေ ... ဖြူ့ ရင်ထဲက အောက်မေ့မိ လေသည်။ ဖြူရဲ့ ‘စေတနာဖြူ’ ကတော့ တလှုပ်ယဲ့ယဲ့ သွားနေရဆဲပင် ... ဖြူတို့အိမ်တွင် လူအားဟူ၍ မရှိသည်မို့ အဖော် လိုက်ရသူတို့ ကလည်း ညည်းညူ နေခဲ့ပြီ။ အလုပ်သမားနှင့် ကျောင်းသားတွေမို့ ပင်ပန်း ရှာကြသည်။ အခါတိုင်း ဒီ့ထက်ပို၍ ကျပ်စရာ မရှိတော့ဘဲ ... မူလီကုန်အောင် ကျပ်နေပြီးသား ဖြစ်သည့် အိမ်ရဲ့ စီးပွါးရေးက ‘စေတနာဖြူ’ ကြောင့် မူလီ တစ်ရစ် နှစ်ရစ် လျော့လောက်အောင် ချောင်လည်လာသည် ဆိုတော့လည်း အိမ်သားအားလုံး ဖြူနှင့်လိုက်၍ ရုန်းတော့ ရုန်းရှာခဲ့ကြသည်။ ဒီကြားထဲက ‘စေတနာဖြူ’ က လှုပ်လာခဲ့သည် ဆိုတော့ ‘စေတနာဖြူ’ ဆက်လက် ရပ်တည်နိုင်ဖို့ကို ဖြူ ကြံဆ ရတော့သည်။ တောင်ကူးလို့ မြောက်ပြေးခါမှ ပြေးရရော့ ... ဖြူလည်း အချို့ သူငယ်ချင်း အများစုလို အချိန်ပိုင်း ထိုင်ဖို့ ဆေးခန်း ရှာဦးမှ ဖြစ်ပေမည်။ ဖြူ ကြံဖန်ရင်းဖြင့် ‘မြတ်ကရုဏာ’ နှင့် ဆက်သွယ်မိ လာသည်။ စနေ တစ်ရက်တွင် ရင်းနှီးသော သူနာပြု ဆရာမကြီး ဒေါ်ကြည်အောင်က ‘မြတ်ကရုဏာ’ သို့ ဖြူ့ကို ခေါ်သွားခဲ့သည်။ ‘မြတ်ကရုဏာ’ က ရန်ကုန်မြို့လယ် လမ်းကျယ်ကြီး တစ်လမ်းထဲမှာ ခမ်းနားစွာ ဖွင့်ထားသည့် ဆရာဝန် စုံလင်သော ဆေးခန်းကြီး တစ်ခုပင် ... နေ့စဉ် အချိန်ပြည့် မနက် ခုနစ်နာရီမှ ည ဆယ်နာရီထိ ဖွင့်လှစ်သည်။ ထိုနေ့တွင် ဆေးခန်းချိန် တစ်ချိန်အတွက် ဖြူတို့ စကားပြောဖို့ ဆေးခန်းပိုင်ရှင်နှင့် ချိန်းထားခဲ့သည်။ ဖြူသည် ရှေ့ကသာ ဖြတ်လျှောက်ဖူးလျက် ... တစ်ခါမျှ အတွင်း မဝင်ဖူးသော နေ့ရော ညပါ မီးရောင်တွေ လင်းချင်းလျက် ... နံရံများက ကြွေရောင် ဖြူဖွေး တောက်ပကာ လူနာကြိုသူ ထဘီ အနီဝတ် မိန်းကလေးများက ချိုသာ ပြုံးရွှင်သော ‘မြတ်ကာရုဏာ’ အတွင်းသို့ ဝင်ခဲ့သည်။ ဖြူတို့ ရောက်တော့ ဆေးခန်းပိုင်ရှင်က ရှိမနေသေး။ 


ဖြူ ထိုင်စောင့် နေရင်းက ... တစ်နေ့တာ တွေ့နိုင်သည့် ဆရာဝန်များ စာရင်းကို လိုက်ဖတ်ကြည့် နေမိ၏။ ဖြူ့ သူငယ်ချင်းတွေရဲ့ အမည်များကိုလည်း တွေ့ရသည်။ 


ဖြူ ရောက်နေသည့် နံနက် ဆယ်နာရီမှ ဆယ့်တစ်နာရီ အချိန်သည် ဖြူနှင့် အတန်းတူ ကျော်မျိုးဇော်ရဲ့ အချိန် ဖြစ်နေသည်။ ကျော်မျိုးဇော်က အနောက်တိုင်း ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားလို့ လူပင် မှားတော့ မလို့လေ။ ‘မြတ်ကရုဏာ’ နှင့် လိုက်အောင် ဒီလောက်တော့ သားနားစွာ ဝတ်စားရမည် ထင်မိ၏။ 


“မဖြူ ပါလား ... ဘယ်သူနဲ့ တွေ့ချင်လို့လဲ ... ဝင်ထိုင်ပါဦးလား”


ကျော်မျိုးဇော် ထိုင်သော အခန်းလေးကလည်း သပ်သပ်ရပ်ရပ် ရှိလေ၏။ 


“အခု ဘယ်မှာ လုပ်နေလဲ” 


“တောင်ဥက္ကလာပမှာ ကိုယ်ပိုင် ဖွင့်ထားတယ်” 


“အဆင်ပြေရဲ့လား” 


“ဒီလိုပါပဲ” 


ဖြူတို့ သူ့ဆေးခန်း ... ကိုယ့်ဆေးခန်း အကြောင်း၊ အလုပ်အကြောင်း ဖြူ လာရင်း ကိစ္စတို့ကို ပြောဆိုကြသည်။ 


“ဒီလို ကြားအချိန်မှာတော့ လူနာ နည်းတယ်လေ ... ဒီနေ့ဆို သုံးယောက်ပဲ ဝင်သေးတယ်” 


ဖြူ့ စိတ်ထဲတွင် “စေတနာဖြူထက်ပင် အခြေအနေ ဆိုးနေပေါ့” ဟု တွေးလိုက်မိသည်။ 


‘မြတ်ကရုဏာ’ ရဲ့ နှုန်းထားက လူနာ တစ်ယောက်လျှင် ဆရာဝန်က ဆေးခန်းသို့ ဆေးကုသခ ရငွေရဲ့ ၃၀ % ပေးရသည်။ ကိုယ့်ဆေးနှင့်ကိုယ် လာ၍ ကိုယ့်အချိန် ပြီးလျှင် ကိုယ့်ဆေးဗီရိုငယ်ကို သော့ခတ်၍ ပြန်ရုံသာ ... ‘မြတ်ကရုဏာ’ ကိုတော့ ငှားရမ်းသုံးစွဲခ အဖြစ် ... လူနာ တစ်ယောက်လျှင် ကုသခ ရငွေရဲ့ ၃၀ % ပေးခဲ့ရပေမည်။ စင်စစ် အချိုးအဆက ကြီးမြင့်လွန်း နေသည်။ သို့ပေမယ့် ဒီလို နိုင်ငံသိ ဆေးခန်းကြီးများတွင် တစ်ချိန်တစ်လေ ဝင်လိုကြသည့် ဆရာဝန်တွေ ကလည်း များလှစွာပါပင် ... ဖြူပင် ဆေးခန်းပိုင်ရှင်နှင့် တွေ့ဖို့ လာထိုင်စောင့် နေရသေးသည် မဟုတ်လား။ 


ဖြူတို့ စကားပြောနေစဉ် ... အခန်းထဲသို့ အမျိုးသမီးကြီး တစ်ဦးကို ထဘီ အနီဝတ် မိန်းကလေးက ခေါ်လာ ပို့လေသည်။ ဖြူက အပြင်ထွက်ပေးဖို့ ပြင်သည်။ 


“မဖြူ ... ထိုင်နေပါ၊ ကိစ္စ မရှိပါဘူး” 


ကျော်မျိုးဇော်က ခွင့်ပြုသည်နှင့် ဖြူလည်း ဆက်ထိုင်နေ ဖြစ်သည်။ အမျိုးသမီးကြီးက နယ်ကပါဟု သူမကိုယ် သူမ မိတ်ဆက်လေသည်။ ကျော်မျိုးဇော်က ရောဂါ အကြောင်းကို အေးအေးဆေးဆေး မေးလျှက် အလွန် ရည်မွန်စွာ လူနာကို စမ်းသပ်လေသည်။ ဆေး ကိုယ်တိုင် ထိုးပေးလျှက် သောက်ဆေးများကိုပါ အိတ်ငယ်လေးများတွင် ထည့်ပေးသည်။ ကျော်မျိုးဇော်ရဲ့ အရေးတယူ ရှိပုံကို လူနာ အမျိုးသမီးကြီး နှစ်သိမ့်သွားကြောင်း သူမ မျက်နှာပေါ်တွင် ပေါ်လွင် နေခဲ့သည်။ ခေတ်အတန်ငယ် နောက်ကျသော လက်ပွေ့အိတ်နက်ထဲမှ တစ်ရာတန် တစ်ချပ် ထုတ်ကာ ကျော်မျိုးဇော်သို့ တလေးတစား ကမ်းပေးလိုက် သည်တွင် ... 


“အပြင်မှာ ပေးရပါမယ် အန်တီ ခင်ဗျာ ... ​ကျေးဇူး တင်ပါတယ်၊ ညီမလေး အန်တီ့ကို ငွေချေရမယ့် နေရာ ပြပေးပါကွာ” 


ကျသင့်သော ကုသခငွေကို ဘောက်ချာ စာရွက်ပေါ်တွင် ကျော်မျိုးဇော်က ရေးပေးလေသည်။ ဘောက်ချာပေါ်သို့ ဖြူ့ မျက်စိက ရောက်ဖြစ်အောင် ရောက်သွားသည်မို့ မျက်လုံးများ ဝိုင်းသွားမိသည်။ လေးဆယ့်ငါးကျပ်တဲ့ ... ဖြူ သုံးသည့် ဆေးမျိုးကိုပင် သုံးကာ ... ဖြူ ညွှန်ကြားသလို ညွှန်ကြားလျက် ကျသင့်ငွေက လေးဆယ့်ငါးကျပ် ဆိုတော့ ဖြူ အံ့ဩရ ပြန်သည်။ ဖြူ စိတ်တွက်ဖြင့် အလုပ်များကြည့် လိုက်ပါသည်။ ကျော်မျိုးဇော် အတွက် ဆေးဖိုး အပါအဝင် သုံးဆယ့်တစ်ကျပ် ကျော်ကျော် ကျန်ပြီး‘မြတ်ကရုဏာ’ က ဆယ့်သုံးကျပ် ကျော်ကျော် ရလိုက်ပေမည်။ ဒီလိုဆိုတော့လည်း ဒီအချိန်မှာ လူနာလေးဦးပဲ ထားဦးတော့ ‘စေတနာဖြူ’ နှစ်ရက်စာ ဝင်ငွေမျှ မကတော့ ... 


“သွားခွင့်ပြုပါဦး ဆရာ” 


အမျိုးသမီးကြီးက ... ပေါ့ပါး စိတ်ချမ်းသာသွားသော မျက်နှာဖြင့် ကျော်မျိုးဇော်ကို နှုတ်ဆက် ထွက်သွားပါလေသည်။ အဆုံးတော့ အရေးကြီးသည် ကလည်း စိတ်ချမ်းသာဖို့ပဲ မဟုတ်လား ... 


ဌာနေ ပြန်ရောက်ခဲ့ပါလျှင် အမျိုးသမီးကြီးသည် အလွန် စိတ်ချမ်းမြေ့စွာ ပြန်လည် ပြောပြ နေလိမ့်မည် ထင်မိ၏။ 


“ကျွန်မ ရန်ကုန်ရောက်တုန်း ... ဒီနေမကောင်း ဖြစ်နေတာကို ‘မြတ်ကရုဏာ’ မှာ သွားပြခဲ့တယ်လေ၊ လေးဆယ့်ငါးကျပ် ကုန်ခဲ့တယ်၊ စားခိုင်းတဲ့ ဆေးတွေလည်း ဆက်စားလိုက်တာ တစ်ခါတည်း ရှင်းရှင်းပျောက် သွားတာပဲ” 


‘မြတ်ကရုဏာ’ ရဲ့ အမှန်သတင်းကို ကြားဖူးရင်းစွဲ ရှိနေသူတို့လည်း ခေါင်းတညိတ်ညိတ်ဖြင့် ရှိနေကြ လေမည်သာ ... 


“ဖြူ အတွေး ဖြန့်ကျက်ဆဲ ... လူနာတစ်ဦး ဝင်လာပြန်၏။ အသက် လေးဆယ်ဝန်းကျင် ပိန်ပိန်ပါးပါး အမျိုးသား တစ်ဦးပင် ... ကျော်မျိုးဇော် ပထမ တစ်ဦးကဲ့သို့ စမ်းသပ် ... ဆေးထိုး ... ဆေးပေးသည်။ လူနာ ထွက်သွားပြီး တအောင့်ကြာတော့ လူနာကြို မိန်းကလေး ပြန်ဝင်လာခဲ့ကာ ကျော်မျိုးဇော်သို့ တီးတိုးပြောသည်။ 


“ဆရာကျော်ရေ ... ငွေမပြည့်ဘူးတဲ့ ... သုံးဆယ်ပဲ ပါလို့တဲ့။ အဲဒါ ဒီနားက သူ့အသိ တစ်ယောက်ဆီမှာ ... ခဏ သွားယူပါရစေ ပြောနေတယ်” 


“သွားယူပါစေပေါ့ ... ဘယ်တတ်နိုင်မလဲ ... သုံးဆယ်တော့ ယူထားလိုက်ဦးနော်” 


မိန်းကလေးသို့ ပြန်ပြောလိုက်သည်။ မိန်းကလေးက ဒါတော့ ကျွန်မ သိပါတယ် ဟူသော သဘောဖြင့် ပခုံးလေး တွန့်လိုက်ကာ ပြန်ထွက်သွားသည်။ ကျော်မျိုးဇော် ဖြူ့ကို လှမ်းကြည့် ပြုံးလိုက်ရင်းက ဆိုလိုက်သည်။ 


“တစ်ခါ တစ်ခါ ကျတော့လည်း အဲဒီလို လူနာမျိုးနဲ့ တွေ့ရတတ်သေးတယ် မဖြူရေ့” 


ဖြူလည်း ပြုံးနေလိုက်မိသည်။ 


ဖြူ သတိတရ ရှိပါသေး၏။ ‘စေတနာဖြူ’ ဖွင့်စက ... ဖြူ့ ဆေးခန်းသို့ သာမန် ရောဂါဖြင့် လူငယ်လေး တစ်ဦး ရောက်လာခဲ့ပြီး ဖြူ စမ်းသပ် ကြည့်ရှုရင်းက သူ မခံစားရသေးသည့် နှလုံးရောဂါကိုပါ တွေ့ရှိလာသည်။ သူ့ကို ဆေးရုံကြီး နှလုံးရောဂါကု ဌာနနှင့် ဆက်သွယ်ပြီး ကုသဖို့ ဆက်သွယ်ပုံ ဆက်သွယ်နည်းပါ ဖြူ ညွှန်ကြား ပေးလိုက်ပါသည်။ သုံးလေးလ ကြာမှ ဖြူ့ ဆေးခန်းသို့ သူ အားဆေးထိုးဖို့ ပြန်ရောက်လာသည်။ သူက ဖြူ့ကို သူ့ရောဂါအကြောင်း စီကာပတ်ကုံးပင် ပြောပြခဲ့သည်။ ပြောပြရင်းက သူ့မှာ နှလုံးရောဂါ ရှိမှန်း အစက မသိခဲ့ကြောင်း ... ‘စံရိပ်ငြိမ်’ (မြတ်ကရုဏာ ကဲ့သို့သော ဆေးခန်းကြီး တစ်ခု) သို့ သွားပြရင်းက ဆရာဝန်က ပြောပြမှသာ နှလုံးရောဂါ ရှိနေသည်ဟု သိခဲ့ရကြောင်း ... ထိုဆရာဝန်ရဲ့ ညွှန်ကြားချက်အရ နှလုံးရောဂါ အထူးကုဌာနနှင့် ဆက်သွယ်ပြီး ... ကုသခံနေဆဲ ဖြစ်ကြောင်းတို့ပါ ပါဝင်လာသော အခါ ... ဖြူ့မှာ အံအားတသင့် ဖြစ်မိသွားရတော့သည်။ ဖြူ့ သူ အမှတ်ရ လေမလားဟု 


“စံရိပ်ငြိမ်မှာ မပြခင်တုန်းကရော ... တခြား ဆရာဝန်တွေက နှလုံး မကောင်းလို့ ဆေးကုသခံဖို့ လိုတယ်လို့ မညွှန်ကြားဘူးလား” ဟု မေးကြည့်မိသေး၏။ သူ အမှတ်ရခဲ့ဟန် မတူချေ ... 


“ဟာ ... စံရိပ်ငြိမ်မှာ ပြမှပဲ ... ကျွန်တော့်မှာ နှလုံးရောဂါ ရှိမှန်း သိလာရတာ ... အစက လုံးလုံး မသိဘူး၊ ခဏခဏ နေမကောင်း ဖြစ်တယ် ဆိုတာလောက်ပဲ သိနေတာ” ဟု အခိုင်အမာပင် ဆိုလေသည်။ ဖြူ့မှာ “ဪ ဟုတ်လား” ဟုသာ ဆိုရပါတော့သည်။ ဖြစ်နိုင်သည်ကတော့ သူ့တွင် နှလုံးရောဂါ ရှိသည်ဟု ‘စေတနာဖြူ’ မှ ဖြူက ပြောလိုက်သော အခါ ‘စေတနာဖြူ’ ထက် အဆပေါင်း များစွာ နာမည်ရှိသော ‘စံရိပ်ငြိမ်’ သို့ သွားကာ အတည်ပြုသည် ထင်ပါ၏။ ဒီလိုနှင့် ရောထွေးလာကာ ‘စေတနာဖြူ’ မှ ပထမ ပြောခဲ့သည်ကို မေ့လျှက် ... နာမည်ကြီး ‘စံရိပ်ငြိမ်’ ကိုသာ သူ အမှတ်တရ ရှိတော့သည် ထင်သည်။ 


သူတစ်ပါးကို ပြန်လည် ပြောပြရသော အခါတွင်လည်း ‘စံရိပ်ငြိမ်’ ရဲ့ ညွှန်ကြားချက်အရ ဆိုသည်က ကြားရ ကောင်းမွန်ပေသော စကားပေကိုး။ 


ဖြူ ခြားနားချက်ကို မြင်လာခဲ့သည်။. အဓိကက ‘စေတနာဖြူ’ နှင့် ‘မြတ်ကရုဏာ’ အခွံချင်း ခြားနားချက်ပင် ... ပြီးတော့ ဆေးခန်း နှစ်ခုသို့ ဝင်သော လူနာများရဲ့ ခြားနားချက်လေ။ 


‘မြတ်ကရုဏာ’ သို့ လာတော့မည် ဆိုကတည်းက ဘယ်သို့ အရည်အချင်း ရှိရမည်ဟု လာသူတို့ ကိုယ်တိုင်က သိရှိ နားလည်ခဲ့ပြီးသား ... နှစ်မျိုး နှစ်စားသော လူတန်းစားတွေ ... 


ဖြူ့ရဲ့ ‘စေတနာဖြူ’ မှာတော့ တစ်စားတည်းသော လူနာ အမျိုးအစားကိုသာ တွေ့နိုင်ပေသည်။ ရန်ကုန်ရဲ့ အောက်ဆုံး အလွှာက လူတန်းစား တစ်စားမှ တစ်စားတည်း ... 


တစ်ခါက ဖြူ ... သိမ်ကြီးဈေး စီရုံအောက်မှ ဖြတ်သန်းလာစဉ် လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ... ဖြူ့ကို ကောင်လေး တစ်ယောက်က အားကုန် တိုက်ထည့် လိုက်ခဲ့သည်။ ဖြူ့မှာ လက်ထဲက အိမ်ဖို့ ဝယ်လာသည့် ‘ရွှေရင်အေး’ ထုပ်တွေ ပြုတ်ကျကုန်ရင်း အလွန်ဒေါပွ စိတ်တိုသွားမိသည်။ စိတ်ဆိုး မာန်ဆိုးဖြင့် ​ကောင်လေးကို ကြည့်မိတော့ ... သူ့မှာလည်း ပလတ်စတစ်အစထုပ် ထဲက ဖိနပ်အချို့ ထွက်ကျရင်း ပြန်ကောက်ရမလို။ ပြေးရမလိုနှင့် ရှိနေသည်။ သူ့ကို ဖြူ မှတ်မိသွားသည်။ သူကလည်း ဖြူ့ကို မှတ်မိလေသည်။ တစ်ညဆီက ညဥ့်နက်ခံ၍ ဖြူ... ဆားရည် သွင်းပေးခဲ့ရသည့် ဝမ်းလျှောသော လူနာ ကောင်ကလေး ... ပျောက်ဆုံးသွားသော ဖြူ့ လူနာကို လမ်းဘေး ကျူးကျော် ဈေးသည်တွေ လိုက်ဖမ်းစဉ် ပြေးနေရသည့် ဈေးသည်တစ်ဦး အဖြစ် ပြန်တွေ့နေရသည်။ သူ့ပစ္စည်းများကို မနိုင်မနင်း လိုက်ကောက် နေရင်းက ဖြူကို ပြုံးပြလေသည်။ ယိုးဒယား ဖိနပ်စုတ်များကို ပြန်ကျိုကာ ပုံလောင်းသည့် မိုးတွင်းစီး ‘ဂွပ်ဂွပ်’ ဖိနပ် သုံးလေးဖက်ကိုပင် ... ဖြူ ကူကောက် ပေးခဲ့မိ၏။ 


သူ့ကို ဆားရည် သွင်းပေးရသည့် စရိတ် ... ဝမ်းရပ်အောင် ဆေးပေးရသည့် စရိတ်က ကြီးလို့မို့ သူက ကုသငွေ ပေးဖို့ ထားလို့ ကျေးဇူးတင် စကားပင် လာမပြောဘူးဟု ဖြူ စိတ်ကွက်ခဲ့ မိသမျှ ကျေအေး လိုက်ရပြီ။ သူသည် ကျေးဇူး တင်ဦးတော့ ကျေးဇူးစကားကို ရင်ထဲ၌သာ ခံစားတတ်ခဲ့မည်။ ပါးစပ်က ရည်မွန်စွာ ထုတ်ပြော တတ်သည့် လူလိမ္မာ လူလိုက်သိတို့ရဲ့ အကျင့် အတတ်မျိုး ကျွမ်းဝင်နိုင်သည့် အလွှာတွင်မှ မရှိဘဲလေ ... 


‘စေတနာဖြူ’ ရဲ့ လူနာတွေက ဒီလို လူနာမျိုးတွေ ... ခြင်းတစ်ခြင်းထဲမှာ တုတ်တံလေးတွေ ထိုးထားသည့် ဝက်သား အပိုင်းအစလေးတွေ ထည့်ကာ ထိုင်ရောင်းတတ်သော ဈေးသည် ... ရေခဲရေသည် ... ဆိုင်က ထုတ်ပေးသည့် ပစ္စည်း အညံ့စားလေးများကို ပြန်ရောင်းသည့် ဈေးသည် ပျံကျ ဈေးသည် ... စသည် ... စသည် ... 


ဆီးထုပ် ထုပ်သည့် အလုပ်သမလေးများ ... ဆေးလိပ်သမများနှင့် စားပွဲထိုး ... စသည် ... စသည်။ 


အရည်အချင်းချင်း ဆေး အသုံးပြုတာချင်း မကွာခြားပေမယ့် ခြားနားသည်ကတော့ ထိုအချက်များ ပါပဲလေ ... 


ဖြူတို့ ဆက်စောင့် နေပြီးလို့ နောက် နာရီဝက်ခန့် ကြာမှ ဆေးခန်းပိုင်ရှင်က မျက်ခုံးကောင်းကောင်း ... မျက်တွင်းချိုင့်ချိုင့် ... မျက်တောင်ကော့ကော့ နှာတံက အချွန်ကြီး ... နှုတ်ခမ်းက သေးသေးလေးနှင့် အသားမည်းမည်း ... ဗိုက်မရွှဲတရွှဲ ပုဂ္ဂိုလ်ကြီးပါလား ... 


အတန်ကြာ ညှိနှိုင်း ပြောဆိုပြီးတော့ ဖြူတို့ ပြန်ခဲ့ကြသည်။ ဖြူ အလုပ် မဝင်ဖြစ်ခဲ့ချေ။ ‘မြတ်ကရုဏာ’ နှင့် တရင်းတနှီး ရှိသည်ကို အမြဲ ဂုဏ်ယူသော ဒေါ်ကြည်အောင် ကတော့ ဖြူ့ကို နားမလည်နိုင်ဘဲ ရှိနေသည်။ 


ဖြူကား ... ချေးများလှသူပင် ... သို့မဟုတ်လျှင် မင်းကြိုက်စိုးကြိုက်နှင့် လားလားမျှ မထိုက်သူလည်း ဖြစ်ချင် ဖြစ်မည်ပင် ... အပြန်ခရီးတွင် ဘတ်စ်ကားဂိတ်သို့ လမ်းလျှောက် လာရင်းက မဆီမဆိုင် အတွေး တစ်ခုကို ဖြူ တွေးလာခဲ့မိသည်။ 


“ပိုက်ဆံ ... ပိုက်ဆံနဲ့ ဘာဖြစ်လို့ လူတွေက ပိုက်ဆံကို လိုက်ရှာ နေကြသလဲ ဆိုတော့ ပိုက်ဆံ ဆိုတာကလည်း ရှာမှပဲ ရပေတာကိုး”


* * *


‘စေတနာဖြူ’ ရှေ့က လယ်ကွင်းများတွင် စပါးနှံတို့ အရောင်ပြောင်း ကြပြီ။ ရွှေဝါရောင် စပါးနှံများက မှည့်ဝင်း လာသည်နှင့်အမျှ မြေသို့ တစ်စထက် တစ်စ ငိုက်ဆင်း လာကြ၏။ လေပြင်း မွှေ့ယမ်း နေကြသည်။ ရွေ့လျား ပြောင်းလဲသော အချိန်ရာသီကို ‘စေတနာဖြူ’ ရှေ့က လယ်ကွင်းများရဲ့ အပြောင်းအလဲကြောင့် ပိုလို့ သတိရ နေမိသည်။ 


 ဖြူကတော့ ‘စေတနာဖြူ’ကို အချိန်မှန်မှန် ဖွင့်မြဲ ... ပိတ်မြဲပင်။ 


အလင်းရောင် စောစောသိမ်းသော ဆောင်းရဲ့ တစ်ညနေတွင် ရပ်ကွက်ထဲရှိ နာတာရှည် လူမမာ တစ်ဦးထံ ဖြူ လိုက်ကြည့်ရလေသည်။ ဖြူနှင့် လူနာ လာခေါ်သူ မိန်းမတို့ အိမ်ပေါ် လှမ်းတက်လိုက်စဉ် ... အိမ်လုံးပြည့်မျှ ရောက်နေကြသော လူနာမေး ပရိသတ် ခေါ်ရမလား ... လူနာ ဝေဒနာ ခံစားပွဲလာကြည့် ပရိသတ် ခေါ်မလား ... မသိသည့် လူတွေက တီးတိုးတီးတိုး ဖြစ်သွားကြ၏။ 


“အစ်ကိုကြီး ... ကျွန်မ ဒေါက်တာ ခေါ်ခဲ့ပြီ” 


ဖြူ့ လူနာရှင်က ခပ်ကျယ်ကျယ် ပြောကာ ဖြူ့ကို လူနာ အိပ်ရာဘေး ရောက်အောင် တွန်းတွန်းထိုးထိုး ပို့ပေး၏။ ဖြူက ဆေးအိတ် ဖွင့်နေဆဲ့ စကားသံ တစ်ခုကို ရှင်းရှင်းလင်းလင်းကြီး ကြားလိုက်ရ၏။ 


“အခုပဲ မယားကြီးကလည်း ဆရာဝန် သွားခေါ်တယ်” 


ဖြူတော့ မိန်းမ ပီပီသသ “ဟောတော့” ဟုသာ ယောင်လိုက်ဖို့ ကောင်းတော့လေသည်။ အဖြစ်များကလည်း ဒါကြောင့်မို့ လူနာနားမှာ ဝိုင်းနေသည့် လူတချို့ရဲ့ မျက်နှာထားက ညိုပုပ်တင်းမာ နေကြသည် တူပါရဲ့ ပထမဇနီးဘက်က သားကြီး ... သမီးကြီးတွေလားတော့ မသိပေ ... 


ယောက်ယက်ခတ်သော အတွေးစများကို သိမ်းဆည်း လိုက်ရသည်။ မောနေ ကျပ်နေသော လူမမာသည်ရဲ့ မျက်လုံးမှိန်မှိန်များက ဖြူ့ကို လှမ်းကြည့် နေလေသည်။ စမ်းသပ်ဖွယ်တို့ကို ဖြူ ... စမ်းသပ်နေစဉ် ... 


“ဟော ... ဟိုမှာ လာပြီ” ဟူသော ပရိသတ်ရဲ့ ကြေညာသံနှင့်အတူ အိမ်ပေါ် တက်လာသော ခြေသံများကို ဖြူ ကြားရလေသည်။ ဖြူ လှည့်ကြည့် လိုက်မိသည်။ ဖြူ့ကို လာခေါ်သူ မိန်းမထက် အရွယ်ကြီးသော မိန်းမကြီး နောက်က ပါလာသူကား ... 


“မလတ်” 


“ဟယ် ... မဖြူ”


သူငယ်ချင်း လတ်ကို မမျှော်လင့်စွာ တွေ့လိုက်ရသော ဖြူ့မှာ အံ့အားသင့် ဝမ်းသာခြင်းတွေ အပြင် အလုံးကြီး တစ်ခုပါ ကျသွားရတော့သည်။ ဖြူနှင့် လတ်တို့ နှုတ်ဆက်စဉ် ... လူနာ ယောက်ျားကြီးရဲ့ ဒေါ်ပထမနှင့် ဒေါ်ဒုတိယတို့လည်း လူနာခုတင် ဘေးဝယ် ရင်ဆိုင်မိ နေကြလေသည်။ 


“ဒီမှာ ကိုထွန်းမောင် ... ကျုပ် ဆရာဝန် ခေါ်လာခဲ့ပြီတော့” 


“ရှင် ဘယ်လို ဖြစ်နေတာလဲ ... ဒီမှာ ဆေးပဲ ထိုးတော့မယ့် ဥစ္စာ” 


ပရိသတ်ထဲက တချို့က ထလို့ ဖျန်ဖြေ ဆွဲလွဲကြသည်။ နောက်ဆုံး ရက်ပိုင်းများသို့ ရောက်နေပြီ ဖြစ်သော အိပ်ရာထက်က နှလုံးရောဂါသည် ယောက်ျားကြီးသည်မူ ဒေါ်ပထမကို ကြည့်လိုက် ဒေါ်ဒုတိယကို ကြည့်လိုက်ဖြင့်သာ ရှိနေသည်။ အဖြစ် ဆန်းပြားသော ထိုလူနာကို ဖြူရော ... လတ်ပါ အတူတကွ ကြည့်ပေး ဖြစ်လိုက်သည်။ ကုသခြင်းကိစ္စ ပြီးတော့ ‘စေတနာဖြူ’ သို့ လတ်က အလည်လိုက်ပါ လာခဲ့လေသည်။ ဆေးခန်းတွေ အသီးသီး ဖွင့်ဖြစ်ပြီးကြ ကတည်းက ဖြူနှင့် လတ်တို့ မဆုံမိကြတော့ပေ။ မဆုံမိအောင်ပင် ဟိုပြေးရ ... ဒီပြေးရ ဆေးခန်း ညစဉ် ထိုင်ရဖြင့် ဆေးခန်းရဲ့ အလုပ်ကလည်း အများသားပေ ... 


“လတ်ရဲ့ သာကေတ ဆေးခန်းရော”


လတ်က သာကေတ နံပါတ် (၄) ကားဂိတ် အဆုံးတွင် ဆေးခန်း ဖွင့်ခဲ့သည်။ ဖြူနှင့် မတိမ်းမယိမ်း ဖွင့်ခဲ့ကြပြီး တစ်ယောက် ဆေးခန်းကို တစ်ယောက် ကူညီပြင်ဆင် နေရာချထား ပေးခဲ့သေးသည်ပင် ...


“သာကေတ ဆေးခန်း ပိတ်လိုက်တာ ... တစ်လကျော်ပြီ ဖြူရဲ့” 


“ဘာဖြစ်လို့လဲ” 


မေးလိုက်ရပေမယ့် အဖြေကို ဖြူ သိနေသလိုပင် ... 


“စိတ်ပျက်လို့ ဖြူရာ” 


လတ်က ‘စေတနာဖြူ’ ကို ငေးရင်း ခပ်လေးလေး ဖြေသည်။ လတ် ကြည့်သော နေရာတွင် ဘုရားစင်လေး ရှိလျှက် ဘုရားပုံတော် ပန်းချီကား တစ်ချပ် ချိတ်ဆွဲထားသည်။ ညောင်ရေအိုးထဲမှာ ဂမုန်းပန်းများ စိမ်းလန်းစွာ ရှိသည်။ လတ် ဆေးခန်းတွင်လည်း ဒီလို ဘုရားစင်လေး ရှိသည်ကို ဖြူ မှတ်မိလေသည်။ ညောင်ရေအိုးလေး ကပင် ဗဟန်းစောင်းတန်းမှာ အတူတူ ဝယ်ခဲ့ကြလို့ ဆင်တူ ... 


“လတ် ဆေးခန်း ထိုင်တာက တစ်နာရီခွဲလောက်ပဲ ရှိမယ်၊ လမ်းပေါ်မှာ ကြာနေတာက အသွားအပြန် နှစ်နာရီ မကဘူး ... အိမ်က အဖော်တစ်ယောက် ကလည်း အမြဲ လိုက်နေရသေးတော့ ကြာတော့လည်း ဒဏ်မခံနိုင်တော့ဘူးကွာ ... ဆေးခန်းကလည်း လှုပ်လှုပ်ရယ် ... ဒါနဲ့ ပိတ်ပစ်လိုက်တော့တယ်” 


“ခုရော ... လတ် ဘယ်မှာ ထိုင်နေလဲ”


“ဘယ်မှာမှ မထိုင်ပါဘူး၊ ဒီနေ့က ​ဒေါ်မဉ္ဇူ နိုက်ဂျူတီ ရှိနေတာနဲ့ သူ့ဆေးခန်းမှာ အစား ဝင်ထိုင်ပေးတာ ... ဖြူနဲ့ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ရတယ်”


လတ်က သူ့ အစီအစဉ်သစ်လေး တစ်ခု ဖြူ့ကို ပြောပြခဲ့သည်။ 


“လတ် ... နယ်သွားတော့မလို့ ဖြူရဲ့ ... လပွတ္တာနားက ရွာတစ်ရွာမှာ လတ်အမျိုးတွေ ရှိတယ်လေ ... သူတို့ဆီမှာ လာဆေးခန်းဖွင့်ဖို့ ခေါ်နေတာတော့ ကြာပါပြီ၊ လတ်ကလည်း လတ်ဆေးခန်းကို သံယောဇဉ် တွယ်နေတာနဲ့ မသွားဖြစ်ခဲ့ဘူး၊ အခုမှ သွားကြည့်မိတာ ... အနည်းဆုံး အေးဆေးဆေးတော့ နေလို့ရမှာပဲ ... ထင်မိတယ် ဖြူရေ ... ရန်ကုန်မှာကတော့ ကိုယ့်အိမ်မှာကိုယ် ဆေးခန်း ဖွင့်နေနိုင်တဲ့ အခြေအနေမျိုးက ခပ်ရှားရှားပဲ ... ဆေးခန်းရှိတဲ့ မြို့ပြင်ကို ညတိုင်း သွားသွား နေရတဲ့ ဒုက္ခက မသေးလှဘူး။ လတ်တို့ဘက်က သာကေတ ကားတွေနဲ့ အိမ်ပြန်ရတာ အိမ်ရောက်တော့မှပဲ အသက်ပါသေးတယ်လို့ စိတ်ချရတာ။ နယ်မှာ ဆိုရင်တော့ ကိုယ့်အိမ်မှာကိုယ် နေရင်း ဆေးကုရုံပဲ ... တခြား သွားစရာ မလိုဘူးလေ။ တစ်နေရာနဲ့ တစ်နေရာ ကူးသန်းရ မလွယ်တာက အစ မြို့ပြရဲ့ ဒုက္ခက မသေးဘူး ဖြူရေ ...” 


ဖြူ့ သူငယ်ချင်းကတော့ မြို့ပြရဲ့ ဒုက္ခတွေ ဘာတွေဖြင့် ချီတဲ့ကာ ပြောနေပေပြီ။ ဘဝတူတစ်ဦးရဲ့ ရင်ဖွင့်သံကို ဖြူ ... နားလည်စွာ နားထောင် နေမိသည်။ ဖြူလည်း ဖြူနှင့် ‘စေတနာဖြူ’ ရဲ့ အကြောင်း တဆင့် ပြန်လည် ပြောပြရမည် ဆိုပါလျှင် ဒီလိုပင် ပြောပြ ဖြစ်ပေမည်။ 


“ဖြူနဲ့ တွေ့ရတာ အခန့်သင့်လိုက်တာ ... လတ် ရွာအကြောင်း စဉ်းစားကတည်းက ဖြူ့ကို ပြေးသတိရ နေမိတာ ... ဖြူပါ လိုက်နိုင်ရင် သိပ်ကောင်းမှာပဲ လို့လေ၊ နှစ်ယောက်ဆိုတော့ အဖော်လည်း ရတာပေါ့ ... ပြီးတော့ ရွာဆိုပေမယ့် ကျေးရွာအဆင့် ရွာကြီးပါ၊ ဆရာဝန်လည်း မရှိသေးဘူး” 


“ရမ်းကုတွေရော မရှိဘူးလား” 


တောရွာ တောမြို့လေးတွေဆီသို့ ဆရာဝန်က ရောက်အောင် သွားပါလျှက် ရမ်းကုတွေရဲ့ နှောက်ယှက်မှုဖြင့် ရန်ကုန်သို့ ပြန်ရောက်ရောက် လာသော သူငယ်ချင်းများ အကြောင်း ဖြူရော ... လတ်ပါ ... ကြားဖူးခဲ့လေသည်။ 


“ဒါတွေတော့ ရှိတာပေါ့၊ ဒါပေမယ့် အချိန် ကြာလာတာနဲ့ အမျှ ကွာခြားတာကို သိလာကြ မှာပါကွာ ... ပြီးတော့ လတ်ရဲ့ ဘကြီးက အဲဒီရွာမှာ ရပ်ရွာမျက်နှာဖုံး လူကြီးတစ်ဦးလေ ... သူ့အားကိုးနဲ့ သွားရမှာပေါ့”


လတ် ... အစီစဉ်လေးက မဆိုးလှဟု ဖြူ သဘောပိုက်မိ လေသည်။ လက်ထောက် ဆရာဝန်ရာထူး လျှောက်ထားဖို့ကလည်း အလုပ်သင် ဆရာဝန် ပြီးလို့ တစ်နှစ် ကျော်လာခဲ့သည့်တိုင် လျှောက်လွှာခေါ်သံ မကြားရသေးသည်မို့ နီးစပ်ဦးမည် မထင်ပေ ... အလုပ်မရမီ စပ်ကြား လက်ရှိဘဝတွင် ရုန်းရင်းကန်ရင်း စောင့်ဆိုင်းရဦးဖို့ ဆိုတော့လည်း ခရီးလမ်းပန်းက သာယာချောမွေ့သည် မဟုတ်ပေ ... 


လတ် အပြန်တွင် ဖြူ့ကို နှုတ်ဆက်ရင်း မချိပြုံးဖြင့် ပြောသွားခဲ့သည်။ 


“ရန်ကုန်မြို့ကြီးလို နေရာမှာ ဆေးခန်း ဖွင့်ကြတဲ့ တို့တွေ အဖြစ်ကတော့လေ စုံကန္တာနေပူကြီး ဘယ်ထီးမှ မပါပါတယ် ဆိုတာလိုမျိုး ပါပဲ ဖြူရေ” 


ဖြူသည် ကျောင်းသူ ဘဝက လွတ်လပ် ပျော်ရွှင်စွာ ပြုံးရယ်၍သာ နေတတ်သော လတ်ရဲ့ လေးနက်ငြိမ်သက် နေပုံကို သတိထားမိရင်း ဖြူ ကိုယ်တိုင်လည်း လတ်ကဲ့သို့ပင် များစွာ ပြောင်းလဲရှိခဲ့ချေမည် သတိ သံဝေဂ ရနေမိလေသည်။ 


ကျောင်းသားဘဝ အရေခွံကို လဲခွာခဲ့ရပြီးနောက် ဝမ်းစာ ရှာဖွေရသော ဘဝသို့ ရောက်ရှိ လာခြင်းသည် လူတိုင်း အတွက်ပင် ကံကောင်းလေစွဟု ဖြူ တွေးနေမိ လေသည်။


* * *

ကောက်ရိတ်သိမ်း ပြီးစီးခဲ့ပြီ။ 


လယ်ကွက်များတွင် ရိုးပြတ်တို့သာ ထိုးထိုးထောင်ထောင် မင်းမူ ကျန်ခဲ့၏။ 


ဖြူ ရောက်သွားသော နှင်းမြူတွေ ဆိုင်းနေသည့် ညနေရီရီတွင် လယ်ထဲက ဦးကြီးတို့ အလုပ်သိမ်း သွားခဲ့ပြီး စပါးလှေ့စင်ကြီးသာ ထီးတည်းကျန်လျှက် တွေ့ရတတ်မြဲပင် ... 


ကောက်ရိုးပုံကြီးတွေ ဟည်းလို့ လာသည်။ ဘယ်ဆီကမှန်း မသိသည့် မီးခိုးလေး တလူလူသည် နှင်းမြူတို့ဖြင့် ရောထွေးလျှက် လယ်ကွင်းပြင်ပေါ်မှာ ငေးမောရပါလျှင် တောရပ် တောရွာလေးနှင့် တူလှသည်။ 


လတ် တစ်ယောက် မြို့ပြဒုက္ခတွေကို ကျောခိုင်းလျှက် ... ကျေးလက် တောရွာလေးဆီသို့ ထွက်ခွာ သွားခဲ့သည်မှာပင် တစ်လ ပြည့်ပေတော့မည်။ 


လတ်နှင့် ဖြူတို့ တွေ့ဆုံခဲ့ကြပြီး နောက်တစ်ရက် ... ဖြူ ဆေးခန်းသို့ အလာတွင် ... ဖြူ့ကို သားအမိ နှစ်ယောက်က လိုက်နှုတ်ဆက်ခဲ့သည်။ တိုက်ဖွိုက် ရောဂါဖြင့် ဖြူ ဆေးရုံ တင်ပေးခဲ့ရသော ကလေးနှင့် သူ့အမေ။ 


“ဆရာမ ပြောင်းတော့မလို့ဆို ... ကျွန်မတို့ ကြားရတာ စိတ်တောင် မကောင်းဘူး ဆရာမရယ်” 


ဖြူ လတ်နှင့် စကား ပြောဆိုနေကြသည်ကို အိမ်ရှင် ဒေါ်ဒေါ်ရီ ကြားသွားသည် ထင်ပါ၏။ ထိုသတင်းက တစ်ရပ်ကွက်လုံး ပျံ့နှံ့ နေတော့သည်။ 


ဖြူ့မှာ “သူငယ်ချင်းက ခေါ်တာပါ။ ကျွန်မက မပြောတတ်သေးပါဘူး” ဟု မတင်မကျ အဖြေပေး နေရသည်။ 


ထိုရက်များ အတွင်းက သတင်း လာမေးသူတွေ ... မပြောင်းဖို့ လာပြောသူတွေနှင့် ဖြူ့မှာ ဖြေရှင်း၍သာ နေရလေသည်။ ရင်းနှီးလို့ ဆေးကုသခငွေ အကြွေးထားသူတို့မှာတောင် ဖြူ့ထံ လာလို့ ပြန်လည်ဖြေရှင်း ပေးကြ၏။ 


“ကိုယ့်ရပ်ကွက်ထဲမှာ ဆေးခန်းလေး ရှိနေလို့ သိပ် အဆင်ပြေနေတာ ဆရာမရယ် ... ဖြစ်နိုင်ရင် ဒီမှာပဲ နေပါတော့” 


ဒီလိုတော့လည်း ဖြူ့ကို သူတို့ သံယောဇဉ် ရှိကြပေသားဟု ဖြူ ယုံမိလေသည်။ ငယ်ငယ်က တစ်ခါတစ်ရံ တစ်ကျောင်းလုံးရဲ့ အပစ်ပယ်ခံ ဘဝလို့ ကိုယ့်ကိုယ်ကို ဘာကြောင့်မှန်း မသိဘဲ ထင်မြင် နေမိရာက ဒီလို မဟုတ်မှန်း သိလာရသောအခါ ဖြစ်ပေါ်လာတတ်သော ပီတိမျိုးကို ယခုလည်း ဖြူ ခံစားနေရလေသည်။ ဖြူ ကိုယ်တိုင်လည်း ... တကယ်တမ်း ဆေးခန်းပိတ်ကာ ပြောင်းရွှေ့ဖို့ စဉ်းစားမိသောအခါ ‘စေတနာဖြူ’ ရဲ့ လူနာတွေ မျက်နှာများစွာကို မြင်ယောင်လို့ နေမိသည်။ ပြီးတော့ ဖြူ ကြိုးစားပမ်းစား ပျိုးထောင်ခဲ့ရသော ‘စေတနာဖြူ’ ရဲ့ မျက်နှာ ... ‘စေတနာဖြူ’ ဖွင့်ဖို့ရက် ... နံနက်စောစောတွင် ဇူလိုင်မိုးက သဲသဲမဲမဲ ရွာလို့နေ၏။ ထိုမိုးသဲသဲ ကြားမှာ ရပ်ကွက်လေးရဲ့ ထိပ်က ဈေးကလေးသည် ထီးဆောင်းဈေးဝယ်တို့ဖြင့် ထီးအမိုးချင်း စပ်ထိ နေခဲ့သည်။ ထိုကြားမှ ဖြတ်ကာ ဖြူ့မောင်လေးက ဆိုင်းဘုတ်ကို သယ်လာတော့ ... 


“စေတနာဖြူ ... တဲ့တော့” 


“ဆေးခန်း နာမည်က စေတနာဖြူ ... တဲ့” 


ဟု ဆိုင်းဘုတ် သစ်လွင်လေးကို မြင်သူတိုင်းက အသံထွက် ဖတ်ကြလေသည်။ ထိုနေ့ကစလို့ ‘စေတနာဖြူ’ ကို လူသိခဲ့တာ ... ဖြူ အမှတ်ရ နေပါသေး၏။ 


စီးပွါးရေးဘဏ် (၃)၊ ကျိုက္ကဆံ ကျန်းမာရေးရုံး စသည့် စသည့် ရုံးများစွာသို့ မှတ်ပုံတင်ဆေးခန်းလေး ဖြစ်လာအောင် ဖြူ အခေါက်ခေါက် အခါခါ သွားခဲ့ရတာ ... ‘စေတနာဖြူ’ မဖြစ်တည်ခင်က နေရာ အနှံ့အပြား အလုပ် ရှာဖွေခဲ့ရတာ ... ပျိုးမိပေသော ‘စေတနာဖြူ’ ကို ဆက်လက် ရှင်သန်လျက် ဖြူ့လိုပင် ကျင်လည် နေကြသော ဘဝတူ များစွာနှင့်လည်း ဖြူ မျက်မှန်းတန်းမိ လာခဲ့ပြီ။ ခြေခင်းလက်ခင်း သာလာသော အိမ်အပြန်လမ်းတွင် ဖြူနှင့်အတူ အဖော်များစွာကို ရလာခဲ့ပြီလေ။ ဖြူ အိမ်ပြန်ချိန်သည် သူတို့ အိမ်ပြန်ချိန်နှင့် အတူတူ ... လှည်းတန်းက နံပါတ် (၈) ကားကို စောင့်စီးစဉ် လှည်းတန်း တစ်ဝိုက်က ညဈေး လမ်းဘေး ဈေးသည်လေးတွေလည်း ဆိုင်သိမ်း လာသည်နှင့် ကြုံတတ်မြဲ ... ပလတ်စတစ်ခင်း ပေါ်က ပေါင်ဒါဗူး၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သော့ စသည့် အတိုအထွာ ပစ္စည်းလေးတွေကို ဖြစ်ဖြစ် ... စွပ်ကျယ် ဘောင်းဘီတို့ကို ဖြစ်ဖြစ် ... (၂၈) ကျပ်၊ (၁၅) ကျပ်ဟု တန်ဖိုး ကတ်ပြားလေး တင်ထားသည့် ပုဆိုးတွေကို ဖြစ်ဖြစ် ... သားရေကြမ်းအိတ်ထဲသို့ စနစ်တကျ ကောက်သိမ်းထည့်ကာ ထိုအိတ်လေးကို လွယ်လျက်... ကားပေါ်သို့ တက်လာကြ လေသည်။ ကားပေါ်တွင် အိတ်တစ်လုံး လွယ်လျက် ရောက်နှင့်ပြီးသား ဖြူက သူတို့အတွက် နေရာ ကျုံ့ပေးမိလေသည်။ စင်စစ် တစ်ညတာကို သမ္မာအာဇီဝဖြင့် ရုန်းကန်နေကြသူ အများအပြားထဲမှာ ဖြူသည်လည်း တစ်ယောက်တစ်လေမျှသာ ... ဘဝတူတွေကို ‘စေတနာဖြူ’ အခြေတကျ ရှိလို့ စိတ်ကို ဒုန်းဒုန်းချလိုက်သော အခါတွင်မူ ပတ်ဝန်းကျင်ကို လှည့်ကြည့်မိရင်းက မြင်လာမိလေသည်။ 


ခုတော့ ... ဖြူသည် မာကျူရီ မီးရောင်အောက်က ခဲသားပြောင်ပြောင် လမ်းမကြီးပေါ်မှာ အရသာခံလို့ လျှောက်နေတတ်ပြီ။ ဈေးပေါင်ကျိုးသည့် မြေနီကုန်း ညဈေးရဲ့ ညဆယ်နာရီတွင် အိမ်အတွက် သားငါး ပေါပေါများများ ဝယ်နိုင်တာ ... အိမ်သားတွေကို နှိုးကာ တပျော်တပါး စားကြဖို့ မြေနီကုန်း ညဈေးရဲ့ ဓာတ်မီးတိုင် အောက်က ဘိန်းမုန့်နွေးနွေး ဝယ်ရတာ ဖြူ သဘောကျလို့ နေပြီပင် ... ဖြူ သံယောဇဉ် ကြီးရသော ‘စေတနာဖြူ’ ကလည်း တလှုပ်ယဲ့ယဲ့ ကြားကပင် ဖြူ့ကို အတန်အသင့်မျှသော ဝင်ငွေကိုတော့ ပေးနေသေးသည်သာ ... စေတနာဖြူကိုပဲ အဆုံးတိုင် အရိပ်ကြည့်သွားဖို့ ဖြူ ကြိုးစားရပေဦးမည်။ 


ကျောင်းပြီးသောအခါ အချို့သူတို့လိုပဲ အလုပ် ရသည်အထိ စိတ်အေးလက်အေးစွာ ထိုင်စောင့်နေခဲ့ ပါလျှင်လည်း ဖြစ်မည်သာ ... သူတို့က ဖောဖောသီသီ ကြွယ်ဝစွာ စောင့်ခဲ့နိုင်ပေမည်။ ဖြူ့အတွက် နှစ်ရှည်လများ ကုန်ကျထားခဲ့ရ ပြီးသော မေမေ ... ဖေဖေတို့ကလည်း ဒီတစ်နှစ် နှစ်နှစ် အတွက်တော့ စကားပြော နေချင်တော့မည် မဟုတ်ပေ ... သို့မဟုတ် ဖြူ ဒီလိုတော့ မနေတတ်ပါ။ အနည်းဆုံး ဖြူ့ကိုယ်ဖြူ တာဝန်ယူနိုင်ဖို့ ပုံမှန် ဝင်ငွေရှိအောင် ရှာဖွေချင်သည်။ သို့ဖြင့် ‘စေတနာဖြူ’ ကို ကောက်ရခဲ့မိခြင်း ပါပဲ။ ‘စေတနာဖြူ’ ကြောင့် ဖြူသည် အလုပ်ရဲ့သဘော ... လုပ်ခငွေကြေးရဲ့ သဘောကို နားလည်ခဲ့ရပြီ ... 


စင်စစ် ‘စေတနာဖြူ’ သည် လုံခြုံမျှတစွာ ခိုလှုံနိုင်လောက်အောင် အရိပ်ဖြာဝေသည့် ထီးကလေးလိုတော့ မဟုတ်ခဲ့သေး ... စလူရွက်ကလေး ပမာဏမျှသာ ရှိသည့် အမိုးအကာ မည်ရုံလေးသာ ဖြစ်မည် ထင်၏။ 


ရှေ့ဆက်ရမည့် စုံကန္တာ ခရီးရှည်အတွက် ခိုလှုံလောက်သည့် ဘယ်ထီး တစ်စင်းတစ်လေမျှ ဖြူ ... မရရှိခဲ့စေဦးတော့ ... ဒီစလူရွက်လေးကိုပင် ထီးအမှတ်ဖြင့် မိုးကာကာ ခရီးဆက် နေရပေဦးမည်။ 


ရှေ့ခရီးသည် တစ်စထက် တစ်စ နီးလာခဲ့ပြီဟုသာ ... ဖြူ မျှော်လင့်ကြီးစွာ ထင်မိပါ၏။ 


--------------


ဝင်းဝင်းလတ်


(သိပါလေစ ကျောင်းသွားဖော်နှင့် ရသဝတ္ထုတိုများ (၂၀၁၄))


[ မြန်မာဝတ္ထုတိုများပေ့ဂ်ျမှကူးယူပါသည်။ပေ့ဂ်ျအားကျေးဇူးတင်ပါသည်။]

No comments:

Post a Comment