#တိုက်ရေယာဉ် ( ၁၀၃ )
( အပိုင်း - ၅)
#မောင်သော်က
၁၉၅၆ ခု နိုဝင်ဘာ ၃၀ ရက်။
နံနက် လေးနာရီကျော်အထိ သောင်းကျန်းနေခဲ့သည့် လှိုင်းသည် မိုးစင်စင် လင်းသည်တွင် အတန်ကြာ ငြိမ်သက်သွားပြီ။ လူတွေမှာ တညလုံး လှော်ခတ်၊ ရေပက်၊ ကိုယ့်ပေါ် သူထပ် သူ့ပေါ် ကိုယ်ထပ် ဖြစ်နေကြသည်ကြောင့် ပင်ပန်း နွမ်းနယ်နေကြသည်။ ညက တညလုံး ပြဿနာဖြစ်နေသည့် ပေါင်ရှင်မှာ တပ်သား မောင်မြင့် ဆိုသူ ဖြစ်၏။ သူသည် အရပ် ၅ ပေ ၉ လက်မခန့်ရှိပြီး ကိုယ်အလေးချိန် ပေါင် ၁၈၀ ကျော်ရှိသည်။ သူ့ပေါင် တခုလုံးမှာ သူများက ဆွဲဆိတ်ထားသည်ကြောင့် ညိုမည်းနေ၏။ သူ့ပေါင်လုံး တလုံးမှာ စပါးကြီးမြွေ တကောင်၏ လုံးပတ်မျှရှိသည်။ စပါးကြီးမြွေ ကဲ့သို့ပင် ညိုမည်း ကွက်နေသည်။ အများ မေတ္တာထားကြသည့် ပေါင်ကြီးပင် ဖြစ်၏။
နံနက် ၈ နာရီခန့်တွင် လှိုင်းလေစင်သည်နှင့် တပြိုင်နက် ရေကူး တတ်သူရော မကူးတတ်သူပါ ရေထဲဆင်း၍ ကိုယ်လက်လှုပ်ရှားမှု ပြုကြစေသည်။ တညလုံး ကွေးနေရခြင်းကြောင့် ကိုယ်ခန္ဓာမှာ အတန် လန်းဆန်းသွားသည်။ ကျွန်တော်က ဖောင်ပေါ်တွင် တပ်သား/စက် ဂွမ်ရှိန်နှင့် တပ်သား/စက် လှဖေတို့အား သန့်ရှင်းရေး လုပ်စေသည်။ ညက ရေစိုထားသည့် အဝတ်များကို ရေညှစ်စေကာ တတ်နိုင်သမျှ ဖောင်အမိုးပေါ်တွင် နေလှန်းကြသည်။ ညက သေးခွက် မှောက်၍ ပေကျံ နံစော်နေသည်များကို ရေမြုပ်ဖြင့် စုပ်ယူ ထုတ်စေရသည်။ဘယ်ချောင်နှိုက်နှိုက် နေ့စဉ် ရက်ဆက်လို ထွက်လာသည်ကတော့ ဆေးလိပ်ပျက် ဆေးလိပ် အစီခံ များသာဖြစ်တော့၏။ သန့်ရှင်းရေး လုပ်စဉ်တွင် ဗိုလ်ကြီးစောဦးကို တွဲမ၍ ခေတ္တမျှ ဆင်းစေခဲ့ကာ သန့်ရှင်းရေး ပြီးသည်နှင့် သူ့အား ပြန်တင်၍ နားနေစေသည်။
ကျွန်တော်က ဖောင်ပတ်ပတ်လည်ကို အသေးစိတ် စစ်ဆေးကြည့်ရှုသည်။ ဖောင် အခြေအနေမှာ ယမန်နေ့က ကဲ့သို့ပင် ကောင်းသည်။ ဖောင်ထိပ်မှ မီးလုံးမှာမူ လုံးဝ သုံးမရတော့ပေ။ လက်နှိပ်ဓာတ်မီး ဘတ်ထရီများလည်း အလားတူ။ သို့သော် ကျွန်တော်တို့ ရဲဘော်များ လုံးဝ စိတ်ဓာတ် မကျခဲ့ကြသေး၊ တံငါလှေ၊ စက်လှေတစင်းစင်း တွေ့ရမည်ဟု ယုံကြည်နေသည်။ မလိကျွန်း ဆိပ်ကမ်းတွင် ကျောက်ကျ စောင့်နေမည်ဖြစ်သည့် တိုက်ရေယာဉ် ၁၁၀ သည် မြိတ်တွင် ရှိနေသည့် တိုက်ရေယာဉ် ၁၀၁ ၏ အကူအညီဖြင့် ပိုက်စိတ်တိုက် ရှာကြမည်ဟု ယုံကြည်နေသည်။ နောက်တနေ့ဆိုလျှင် ရန်ကုန်ရှိ ရေတပ် တိုင်းဌာနချုပ်က လေယာဉ်ပျံ လွှတ်၍ပင် ရှာဖွေမည်မှာ သေချာသည်။
ထို့ကြောင့် ကျွန်တော်တို့သည် အလွန်ဆုံး နှစ်ရက် သုံးရက် အတွင်း ပင်လယ်ပြင်မှ ဆယ်ယူ ကယ်တင်ခြင်း ခံရမည်မှာ သေချာပေါက် ဖြစ်သည်။ စိတ်ဓာတ် မကျသည့်ပြင် စစ်ချီ သီချင်းများကိုပင် သံပြိုင် သီဆိုနေကြသေးသည်။ ဗိုလ်စောဦးက မှိန်း၍ ပြုံးပြုံးကြီး နားထောင်နေသည်။
ထိုနေ့တွင် ဖောင်ပေါ်ရှိသည့် အစားသောက်ဖြစ်သော သကြားလုံးနှင့် သောက်ရေချိုကို စတင်ဝေငှသည်။ ပထမ သကြားလုံးများကို တပိုင်းတစ ရေစို ပျက်စီးနေပြီးဖြစ်သော အိတ်တွင်းမှ ထုတ်ယူ ဝေငှသည်။ တယောက်လျှင် ပုံသဏ္ဌာန် မပီသတော့ပြီ ဖြစ်သော သကြားလုံး တလုံးစီရသည်။ သောက်ရေချိုကို ပထမ တဘူး စမ်းသပ်ဖောက်သည်။ နို့စိမ်းဘူးအရွယ် ဘူးထိပ်တွင် လက်ဖနောင့် ရိုက်ချွန်ဖြင့် အပေါက်နှစ်ပေါက် ရိုက်ဖောက်လိုက်ပြီး သံချွန်ကို ရေတွင် ပစ်ချလိုက်သည်။ သံချွန်မှာ အန္တရာယ်ဖြစ်သည်။ ရေခြင်တွယ် တိုင်းတာသည့် ပလတ်စတစ်ခွက်ငယ်ဖြင့် ငှဲ့ကာဝေငှသည်။ တယောက်တယောက်လျှင် ရမ်အရက်ဆိုပါက တပက်ခွဲသာသာမျှ ရရှိကြသည်။ ( ရမ်ပက်ခြင်နှင့် အကျွမ်း မဝင်သူများအတွက် ပြောရပါလျှင် ဆွမ်းတော်တင်ရာတွင် သောက်တော်ရေ ကပ်သည့် ဖန်ခွက် အသေး တခွက်စာမျှ ရသည်ဟူလို )
ဗိုလ်ကြီးစောဦးကို ပထမဆုံး တိုက်စေသည်။ ပြီးမှ တယောက် တလှည့်၊ ကျွန်တော့်အလှည့်က နောက်ဆုံးဖြစ်သည်။ လူ ၁၈ ယောက်ကို အညီအမျှ ဝေငှ သောက်စေသည်တွင် ရေဘူး နှစ်ဘူး ကုန်သည်။ ညနေ ရေဝေချိန်ကို ညနေ ၅ နာရီဟု သတ်မှတ်သည်။
ကျွန်တော်တို့ ရဲဘော်များတွင်လက်ပတ်နာရီ ကိုယ်စီလို ပါလာကြသည်။ နာရီ အချို့မှာ ၂၄ နာရီမပြည့်မီပင် ရေဝင်ကာ ရပ်ဆိုင်းသွားပြီ ဖြစ်သည်။ ကျွန်တော့်လက်ပတ်နာရီ နှင့် နာရီ နှစ်လုံးသုံးလုံးသာ အချိန်မှန် ပြသေးသည်။ရေမဝင်သေး။ ကျွန်တော့် နာရီမှာ တန်ဖိုး သိပ်မရှိလှသော ရိုးမားအမျိုးအစား ဖြစ်သည်။ ကျွန်တော်သည် နာရီအားလုံးကို လက်မှ ဖြုတ်စေကာဖောင်အတွင်း ခေါင်မိုးဘက် တနေရာတွင် စု၍ ကြိုးဖြင့် ချည်ထားစေသည်။
၆ယောက်တတွဲ ရေတွင်ဆင်း၊ ကင်းတာဝန်၊ ဖောင်လှော်ခတ်သည့် တာဝန်ကိုယမန်နေ့က ကဲ့သို့ပင် ဆက်လက်ပြုလုပ်သည်။ ကျွန်တော်ကမူ တနေကုန် တတ်နိုင်သမျှဗောတွင်သာ နေသည်။ ဖောင်ဘေးတွင် အရိပ်ခိုကာ ရေစိမ်နေသည်။ ဖောင်ဘေးအရိပ်ခိုကာ ရေစိမ်နေစဉ်တပ်ကြပ်မောင်အေးသည် ကျွန်တော့်အနီးကပ်ကာတိုးတိုး စကားပြော၏။ ကျွန်တော့် ဖောင်ပေါ်တွင် တပ်ကြပ်မောင်အေး ဟူသည့်အမည်နှင့် နှစ်ယောက် ပါရှိသည်။ တယောက်သော မောင်အေးမှာ တိုက်ရေယာဉ် ၁၀၃မှ တပ်ကြပ်ဖြစ်လျက် ပလွေမောင်အေးဟု ခေါ်ကြသည်။
ယခုလာစကားပြောသည့်မောင်အေးမှာ မြိတ်သို့သွားရန်အတွက် သင်္ဘောကြုံ စီးပါလာသည့် တပ်ကြပ်မောင်အေး ကိုယ်ပိုင် အမှတ် ၃၃၆၅ ဖြစ်သည်။ သူနှင့် ဗိုလ်ကြီးစောဦးတို့မှာ တမြို့တည်းသားများ ဖြစ်ကြ၍ အလွန် ခင်မင် ရင်းနှီးကြသည်။ သူက...
“ကိုစောဦးဗိုက်အခြေအနေကတော့ မသက်သာလှဘူး စီအို” ဟု ပြောသည်။ သူသည် လူကွယ်ရာတွင်ဗိုလ်ကြီးစောဦးကို ရင်းနှီးစွာနှင့် ကိုစောဦးဟု ခေါ်သည်။ သူတို့နှစ်ယောက်ချင်းဆိုမှ “ဟေ့ စောဦး” ဟု ခေါ်သည်။
“အေး ... ကိုယ်လဲ သိပါတယ်၊ သူ့မှာက ဘီစကစ်နဲ့ ဆိုဒါဘိုက်ကပ်နဲ့ နေရတဲ့ လူဆိုတော့ ပို ခံရမှာပေါ့ကွာ”
“ကျွန်တော်တို့ ကျွန်းကို ရောက်ပါ့မလား” သူက တိုးတိုး မေးသည်။
“ကျွန်းကိုရောက်ဖို့ထက် စက်လှေ၊ တံငါလှေ တခုခုနဲ့ တွေ့ဖို့ကို ငါက ပိုမျှော်လင့်တယ်၊ ဘာကြောင့်လဲဆို ဗိုလ်ကြီးစောဦးကြောင့်ပဲ”
“ဟုတ်တယ်နော် တိုက်ရေယာဉ် ၁၁၀ နဲ့ တွေ့ရင် ပိုကောင်းမှာပဲ”
“ဒါကတော့ အကောင်းဆုံးပေါ့၊ မင်း ဗိုလ်စောဦးကို ကောင်းကောင်း ကြည့်ကွာ၊ ညဆိုလဲ သူ့နား ကပ်နေ ဟုတ်လား”
“ကျွန်တော် ကြည့်ပါ့မယ် စီအို၊ သူနဲ့ ကျွန်တော်က သိပ်ခင်ကြတာ စီအို သိတယ် မဟုတ်လား”
“အေးပါကွာ၊ ငါ သိပါတယ်၊ ကဲ ... မင်း ဖောင်ပေါ်တက်၊ Look out Duty ကိုပဲ ဂရုစိုက်လုပ်ကွာ”
သူဖောင်ပေါ် ပြန်တက်သွားသည်။ ဖောင်ပေါ်တွင် ကင်းမျှော် တာဝန်ကျသူများသည်မိုးကုပ်စက်ဝိုင်း တခွင်ကို မှန်ပြောင်းနှင့် ကြည့်သူ ကြည့်၊ နေရောင်လက်ကာ၍ ကြည့်သူ ကြည့်နှင့် ကြည့်မျှော်နေကြသည်။ ပင်လယ်က သဘောကောင်းနေ၏။လှိုင်း လေ မရှိ။ ပကတိ ငြိမ်သက်သော ပင်လယ်ပြင်ကြီးတွင် မည်သည့် ငါးဖမ်းလှေ၊စက်လှေ မဆိုထား၊ ယမန်နေ့က လာသော စင်ရော်ငှက် သည်ပင်လျှင် တကောင်မျှမတွေ့မြင်ရပေ။
နေသည်အနောက်ဘက် မိုးကုပ်စက်ဝိုင်းကို ထိလုနီးပါး ရှိသည့်အခါ၊ နေဝန်း၏အောက်ခြေအနားကို ပင်လယ်ရေသားက ပွတ်သပ် ဆေးကြောပေးသော အခါတွင်ရဲဘော်အားလုံး ဖောင်ပေါ်ပြန်တက်ကြစေသည်။ အစားအသောက် ဝေချိန်သောက်ရေဝေချိန် ဖြစ်သည်။
ကျွန်တော်က ပထမဆုံး သကြားလုံး ပလတ်စတစ်အိတ်ကိုဖွင့်ဖြေလိုက်သည်။ ရဲဘော်အားလုံးမှာ မျှော်လင့်ချက် ကြီးစွာဖြင့်သကြားလုံး အိတ်ကို အသာငမ်းငမ်းဖြင့် ကြည့်နေကသည်။ သကြားလုံး အိတ်အတွင်းဝယ် သကြားလုံး ဟူ၍ မရှိတော့။ အရည်ပျော်နေပြီဖြစ်သည့် သကြားစေးသကြားရည်နှင့် သကြားလုံးထုပ်သည့် စက္ကူများသာလျင် ကျန်ရှိတော့သည်။
ကျွန်တော်သည်သကြားလုံးထုပ်သည့် စက္ကူစလေးများကို သကြားစေးတွင် မွှေကာ တယောက်လျှင် စက္ကူတဖတ်ပေး၍ သကြားစေးကို သူတို့အား စုပ်စေရသည်။ တယောက်လျှင် နှစ်လှည့်နှစ်ကြိမ်ကျစီမျှ စူပ်ကြရသည်။
သကြားစေးများကုန်သွားသည့်အခါ သကြားလုံး ထည့်သည့် ပလပ်စတစ်အိတ်ကို ၁၈ ပိုင်းဆုတ်ဖြဲပြီး တယောက်လျှင် တပိုင်း ဝေပေးခြင်းအားဖြင့် ကိုယ်ရသည့်ပလပ်စတစ်ပိုင်းကို ဇိမ်နှင့် မှေးကာ စုပ်ယူ အရသာ ခံနိုင်ကြသည်။သကြားရည် ရွဲသော ပလတ်စတစ်ပိုင်းကို စုပ်ရသည်မှာ အရသာရှိလှပါဘိသည်။
ထိုစဉ်တွင် အထူးအဆန်း တခု ဖြစ်သွားသည်။
“ဟေ့ ပျားဟေ့၊ ပျား ... ပျား၊ ဘက်က လာမှန်း မသိဘူး”
အလွန်သေးငယ်သည့် ပျားလေး တကောင်သည် ကမ်းမမြင် လမ်းမမြင်သည့် ပင်လယ်ပြင်တွင် ကျွန်တော်တို့ ဖောင်တွင်း၌ တဝီဝီ ဝဲပျံနေသည်။
“အေး ... သကြားရည် နံ့ ရလို့ ရောက်လာတာနဲ့ တူတယ်ကွ”
“ဒီလိုဆို ကမ်းနဲ့ သိပ်မဝေးသေးဘူးပေါ့”
ပျားငယ်သည်တဝီဝီ ပျံဝဲနေရာမှ ကျွန်တော်၏ ထောင်တားသော ဒူးခေါင်းပေါ်တွင် လာနားသည်။အားလုံးတွင် ကျွန်တော့်ကိုယ်မှ သကြားရည်နံ့ အများဆုံး ဖြစ်ခြင်းကြောင့်အနံ့စူးရာတွင် ခိုဝင်ရပ်နားခြင်း ဖြစ်ပေမည်။ ကျွန်တော်က ဒူးကိုပျားတုပ်မည် စိုးသည်ကြောင့် ဆတ်ခနဲ လှုပ်လိုက်ရာတွင် ပျားကောင်ငယ်သည် ပျံသန်းသွားလေတော့ရာ နောက်ထပ် မမြင်တွေ့ကြရတော့ပေ။
ရဲဘော်အားလုံးသည်ကျွန်တော့်အား စိုက်ကြည့်နေကြသည်။ ကျွန်တော်ကမူ ပျားနား၍ စိုက်ကြည့်နေကြသည် လားဟု တွေးကာ သူတို့ မျက်နှာများကို လိုက်ကြည့်မိသည်။ သူတို့၏မျက်လုံးများသည် ကျွန်တော့်ကို ကြည့်သည်မဟုတ်။ ကျွန်တော်၏လက်နှစ်ဖက်တွင်သာလျှင် သူတို့ မျက်လုံးများ ရောက်နေကြသည်ကိုသတိပြုမိသည်။
သကြားရည်များစိုရွဲနေသည့် ပလပ်စတစ် အိတ်ကို အစိတ်စိတ် အမြွာမြွာပိုင်းဆုတ်ရသည်ကြောင့် ကျွန်တော့် လက်နှစ်ဖက်လုံးတွင်
သကြားစေးများပေကျံနေသည်။ ဖောင်ပေါ်ရှိ ရဲဘော်အားလုံး၏ မျက်စိများသည်ကျွန်တော့်လက်ကိုသာ စိုက်ကြည့်နေကြ၏။ သူတို့ မျက်လုံးများသည်ကျွန်တော့်လက်တွင်သာ စိုက်မိနေ၏။
“ကဲ... ကဲ... ဗိုလ်စောဦးက စ၊ ခင်ဗျားက လက်ဝဲလက်မကို စုပ်၊ နောက် ဘယ်ဘက်ကစပြီး တယောက်စီ လက်ညှိး လက်ခလယ်နဲ့ လက်သူကြွယ် ရတဲ့ လူတွေကတချောင်းကို မျှစုပ်ကြကွာ၊ လက်ချောင်း မရတဲ့ လူတွေက လက်ဝါးကို လျက်၊ညာဖက်လက်မကတော့ ကိုယ့်ဖို့ ထားကြ”
သူတို့အားလုံသည်ခွေးသားအုပ်မကြီး၏ နို့အုံကို ခွေးကလေးများ ဝိုင်းတွယ်စို့သည့်ပမာကျွန်တော့် လက်ချောင်းများကို တယောက်တလှည့် ဝိုင်းလျက်ကြသည်။အားလုံးကုန်စင်မှ ယာဖက်လက်မကို ကျွန်တော် စုပ်ရသည်။ ကျွန်တော့်လက်ချောင်းများနှင့် လက်ဝါးပြင်သည် ရေဆေးရန် မလိုတော့ပါ။ခွေးလျက်သည်ကမှ အစအန ကြွင်းကျန်တောင်း ကြွင်းကျန်ဦးမည် ဖြစ်၏။
သကြားရည်ကိုစုပ်ယူ စားသုံးကြပြီးနောက် သောက်ရေ ဝေငှသည်။ ယမန့်နေ့က ကဲ့သို့ပင် ၁၈ယောက်ကို နှစ်ဘူး ဖောက်ရသည်။ ကိုယ်ရသမျှ ရေဝေစုကို ကိုယ်ကြိုက်သလို ဇိမ်ဆွဲသောက်ခွင့် ပြုရသည်။ လျှာဖျားမှစလျက်လျှာရင်းနှင့် လည်ချောင်းတွင်း အရောက် သောက်ရေကိုဇိမ်ဆွဲသောက်ရသည့် အရသာမှာ လောကတွင် အကောင်းဆုံး အရသာဖြစ်လိမ့်မည် ထင်ရသည်။
နေလုံးကွယ်ပျောက်ကာမှောင်ရီပျိုးသည်တွင် ဘုရားရှိခိုးလိုသူများ မိမိဘာသာအရဘုရားရှိခိုး ရွတ်ဆိုလျှင် ရွတ်ဆိုကြခွင့် ကျွန်တော်က ပေးသည်။ ဘုရားရှိခိုးခြင်းသည် တစုံတရာသော အတိုင်းအတာ အထိ စိတ်အားကိုဆောင်စေသည်။ မျှော်လင့်ချက်ကို စွဲမြဲစေသည်ဟု ကျွန်တော် ယုံကြည်သည်။ဤဖောင်ပေါ်ရှိ လူ ၁၈ ယောက်တွင် ဘာသာဝင် အားလုံးပါရှိကြသည်။ အများအပြားမှာဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။
ကျွန်တော် ကိုယ်တိုင်မှာမူ ဗုဒ္ဓဘာသာဝင်တဦးမဟုတ်။ သို့ကြောင့် အားချည့်နေသည့် ဗိုလ်ကြီးစောဦးက ဦးဆောင်ကာငါးပါးသီလ ခံစေကြပြီး သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဆိုကြသည်။တနင်္သာရီကမ်းရိုးတန်း မြိတ် ကျွန်းစုအလွန် မြန်မာ့ပင်လယ်ပြင်မှ သင်္ဘောပျက်ရဲဘော်တစု၏ ဘုရား ရှိခိုး ဝတ်ပြုသံသည် အသံလွင့်စက်မှလွင့်ထုတ်လိုက်သည့် ရေဒီယိုလှိုင်းပမာ ပျံ့နှံ့သွားကာ အကူအညီတစုံတရာ ရောက်ရှိလာကောင်း ရောက်ရှိလာမည်ဟုမျှော်လင့်အားထားစိတ်သည် လူတိုင်းကိုယ်စီတွင် ကိန်းအောင်းစိမ့်ဝင် လာသည်။ဒုက္ခတွေ့မှ ဘုရားတသည် ဆိုခြင်းမှာ စကားအရာသာလျှင် မဟုတ်ပါပေ။
*******
၁၉၅၆ ခု။
ဒီဇင်ဘာလ ၁ ရက်နေ့။
ညက လှိုင်းလေ ငြိမ်သက်သည်။ ကောင်းကင်ရှိ ကြယ်များကိုလည်း စုံလင်စွာ တွေ့မြင်ရသည်။ ပင်လယ်ပြင်တွင် လှိုင်းတွန့်ကလေးများသာလျှင် ရှိ၏။ နံနက်ရောက်မည့် ချိန်ခါကိုသာ မျှော်လင့်နေရသည်။ နံနက်သည် မျှော်လင့်ခြင်း၏ ရောင်ခြည်။ ညသည် အမှောင်တိုက်နှင့် ငရဲ။တညလုံး ပေါင်တင် လူပိ ပြဿနာကိ နာရီဝက် တခါလောက် ဟိုနေရာမှ မဟုတ်သော် သည်နေရာမှ ကျွတ်စီ ကျွတ်စီ ပေါ်လာသေးသည်။သို့နှင့်ပင် မိုးစင်စင် လင်းရသည်။ မိုးလင်း ပြန်တော့လည်း ပတ်ဝန်းကျင် တခွင်လုံးမှာ ဘယ်ကျွန်း၊ ဘယ်သောင်၊ ဘယ်ကမ်းခြေမှ မမြင်ရပါ။ ရေပြင်အတိသာ ရှိတော့၏။
ကမ်းမမြင် ရသော်လည်း စိတ်ဓာတ် မကျသေး။ တိုက်ရေယာဉ် ၁၁၀ ၏ ကယ်တင်မှုနှင့် ငါးဖမ်းလှေကတ္တူ စသည့် မျှော်လင့်ချက်က ရှိသေးသည်။ ရေပြင်တွင် လှိုင်းကြက်ခွပ်ကလေးများသည် မြူးကစား နေကြသည်။ နေကလည်း ဖိတ်ဖိတ်တောက် အရောင်ကို ရေပြင်ကို မြင်စေသည်။
ထိုနေ့ နေ့လယ် အစားအသောက် ဝေချိန်တွင် ဗိုလ်စောဦး၏ ပေါင်အောက်တွင် စုထားသည့် အရေးပေါ် သူနာပြုသေတ္တာတွင်းမှ အကောင်းတိုင်းရှိသေးသည့် သကြားလုံး တလုံးစီနှင့် သောက်ရေဝေသည်။ အတော် အားရှိ လန်းဆန်း လာကြသည်။
နေ့ခင်းနေမှာ ဖောင်ပေါ်တွင် ရက်ရက်စက်စက်ပူလှသည်။ ကျွန်တော်က တနေကုန် တနေခန်း ရေစိမ်နေသည်။ ဖောင်ဘေးတွင် မှေးကပ်၍ စိမ်သည်။ အသက်ကယ်ဗောကွင်း တကွင်းထက်တွင် ပက်လက်လှန် အိပ်နေသည်။ ကျန်ရဲဘော်များကိုလည်း နေ့ခင်းတွင် တတ်နိုင်သမျှ ရေစိမ်နေခြင်းအားဖြင့် မိမိခန္ဓာအတွင်းရှိနေသော ရေများခန်းခြောက်ခြင်းမှ သက်သာမည်ဖြစ်၍ ရေငတ်သက်သာမည် ဖြစ်ကြောင်း ပြောကာရေတွင် ဆင်းစိမ်နေကြ၇န် ပြောသည်။ ကျွန်တော်ပြောသည်ကို လိုက်နာလိုပါသော်လည်း မိမိ၏ မူလ ကိုယ်ခံကျန်းမာရေးကြောင့် မလိုက်နာ နိုင်သူများ ရှိနေကြသည်။ အထူးသဖြင့် တပ်ကြပ် စက် ကျော်ညွန့်နှင့် တပ်သား ကျော်ကျော် ဆိုသူမှာ ယခင်က ငှက်ဖျားရောဂါခံ ရှိခဲ့ဖူးခြင်းကြောင့် ရောဂါဟောင်းသည် အားနည်းသည့် အခါတွင် ပြန်ပေါ်လာတော့သည်။ သူတို့ တဟီးဟီး ဖျားကြသည်။ ညည်းညူကြသည်။
ကျွန်တော်က ဆေးပုလင်းတွင် ရှိသမျှသော ဆေးပြားများကို တိုက်ကျွေးသည်။ တိုက်ကျွေးသည်ဆိုသော်လည်း ရေ မရရှိခြင်းကြောင့် ဆေးပြားချည်း သက်သက် သူတို့ မျိုမချတတ်။ မျိုမချတတ်လျင် ဝါးစားကြရန်သာ ကျွန်တော်က ပြောနိုင်သည်။ သူတို့ ဆေးသောက်ရန် ကျွန်တော် ရေမပေးနိုင်ခဲ့။ သောက်ရေတငုံစာကို အချိန်ကျမှသာ ပေးနိုင်မည် ဖြစ်သည်။
ပင်လယ်ရေသည် လုံးဝ သောက်သုံး၍ မရပါ။ ပင်လယ်ရေငန်ခြင်းမှာ ဘာနှင့်မျှ မတူအောင် ငန်လှသည်။ ခါးလှသည်။ ပင်လယ်ရေသည် ကြည်လင်သည်၊ အေးမြသည်မှန်၏။ သို့သော် သေက်သုံး၍ကတော့ လုံးဝမရ ဖြစ်သည်။ ပင်လယ်ရေကို မသောက်ကြရန်နှင့် မနေနိုင်လွန်းက မနေနိုင်လျှင် အဝတ်စ တစကို ပင်လယ်ရေဖြင့် စိအောင် ပြုလျက် ရေစင်အောင် ညှစ်ကာ ပါးစပ်တွင် ခဲထားလိုက ခဲထားကြရန်သာ ကျွန်တော်က ညွန်ကြားခဲ့သည်။ သို့သော် ကျွန်တော့် ညွန်ကြားချက်သည် ညွန်ကြားချက်သာလျှင် ဖြစ်၏။ ပင်လယ်ရေက အချိန်မရွေး လက်ခုပ်နှင့် ယူသောက်နိုင်သည်။ ရေပြင်တွင်ဆင်းစဉ် ရေအောက်တွင် ငုပ်ကာ တကျိုက်တဝသောက်ချလျင်လည်း ကျွန်တော် မြင်သည်မဟုတ်။
ဤနည်းအားဖြင့် ကျွန်တော့်အမိန့်ကို မနာခံလိုခြင်းကြောင့် မဟုတ်ဘဲ မနေနိုင်လွန်းခြင်းကြောင့်၊ စိတ်အား ပျော့ခြင်းကြောင့် ကျွန်တော် မမြင်ကွယ်ရာတွင် ချိုးဖောက်သူများ ရှိလာခဲ့ကြသည်။ ကြာကြာတော့ မခံပါ။ သူတို့ ကျွန်တော့် စကား နားမထောင်ခဲ့ခြင်း၊ ကျွန်တော့် အမိန့်မနာခံခဲ့ခြင်းမှာ ညတွင် ဘူးပေါ်သလို ပေါ်တော့သည်။ ၂၄ နာရီမျှပင် မခံ၊ ပင်လယ်ရေ သောက်သူ ဟူသမျှ ဝမ်းဒလဟော သွားတော့သည်။ တပ်ကြပ်/စက်ကျော်ညွန့်နှင့် တပ်သား ကျော်ကျော် တို့လည်း ဝမ်းသွားကြသည်။ အစာမစားရ၍ အား မရှိရသည့်ကြားက ဝမ်း နှစ်ခါမျှ သွားလိုက်သည်ဆိုလျှင်ပင် လူမှာ မျော့သွားတော့၏။ လူမမာ စစ်စစ်ကြီးဘဝ တမုဟုတ်ချင်း ရောက်သွားတော့သည်။
ညပိုင်းတွင် ဗိုလ်စောဦး၏ အခြေအနေ အတော်ဆိုးလာသည်။ လက်ကျန် သကြားလုံးသည် ညနေကပင်ဝေ၍ ကုန်ခဲ့ပြီဖြစ်သည်။
ကျွန်တော်တို့တွင် သောက်ရေ ဘူးများသာ ကျန်တော့၏။ သူက ရေသောက်လိုကြောင်း ပြောသည်။ ကျွန်တော်ကလည်း သူ့အားနေတိုက်လျှင် ကျန်လူများကလည်း သောက်ချင်ကြမည် ဖြစ်ခြင်းကြောင့် သူ့အား ဝကွက်၍ မတိုက်နိုင်။ အားလုံး ဝေငှရမည် ဆိုလျှင်လည်း နှစ်ဘူးဖောက်မှလောက်မည်။ ရေဝေချိန်မဟုတ်ဘဲနှင့် ရေဝေပေးရန် ကျွန်တော့်တွင် ဆန္ဒမရှိ။ သူကလည်း ရေချည်းသာ တောင်းနေတော့သည်။
သူ့ ချစ်ရဲဘော် မောင်အေးကလည်း
“တိုက်လိုက်ပါ စီအိုရယ်၊ ကျွန်တော့် ရေဝေစုကို ကျွန်တော် မသောက်ပါဘူး” ဟု ဘေးမှ ဝင်ကာတိုက်တွန်းကြသည်။ ရဲဘော်များကလည်း ဗိုလ်ကြီးစောဦး အဖြစ်ကို မကြည့်ရက်ကြသည်ကြောင့် “တိုက်လိုက်ပါ စီအိုရယ်၊ ကျွန်တော်တို့ မသောက်ကြပါဘူး” ဟု သဘောတူပါသည်။
ထို့ကြောင့် ကျွန်တော်သည် သင်္ဘောပျက်ပြီး သုံးရက် အကြာတွင် ဗိုလ်ကြီးစောဦးအား ပထမဆုံး အကြိမ်နှင့် နောက်ဆုံး အကြိမ် အဖြစ် စည်းကမ်းဖောက်ကာ အချိန်မဟုတ်ပါဘဲ သူ့ အတွက် သောက်ရေချို တဘူးလုံးကို ဖောက်ကာ သူ့ပါးစပ်တွင် မော့၍သောက်စေခဲ့သည်။သူသည် အငမ်းမရ သောက်သည်။ သူ့ မျက်နှာမှာ အစဉ်လို ရှုံ့မဲ့နေရာမှ အတန် သက်သာရာ ရသလို နဂိုရည် မျက်နှာထား ပြန်ဖြစ်သွားပြီး
“ကျေးဇူးတင်လိုက်တာ စီအိုရယ်” ဟု သဲ့သဲ့မျှ ပြော၏။ ညနေပိုင်း ဘုရားရှိခိုးခြင်းကို သူ ဦးဆောင်၍ မရွတ်နိုင်တော့ပါ။ အခြား ဗုဒ္ဓဘာသာဝင် ရဲဘော်များ စုပေါင်း ဝတ်ပြု ရွတ်ဖတ်ကြသည်။ သူက ရင်ဘတ်ပေါ်တွင် လက်ယှက်ကာ ရှိခိုးသည့် ပုံသာ ပြုလျက် မှိန်းနေသည်။သူ့နှုတ်ခမ်းများက ယဲ့ယဲ့သာ လှုပ်လျက် လိုက်ဆိုရန် ကြိုးစားနေပုံ ရ၏။တညလုံး လေငြိမ်နေသည်။
*******
၁၉၅၆ ခု။
ဒီဇင်ဘာ ၂ ရက်။
နံနက် လင်းချိန်တိုင်ပြီဆိုလျှင် အရှေ့ဆီသို့သာ မျှော်ကြည့်ရသည်။ တိမ်တိုက်လေလား၊ ကျွန်းလေလား ခွဲခြားမရသည်ကြောင့် ခွဲခြားရသည့် အချိန်ကျမှသာ စိတ်ချရသည်။ မူလက သူ့ကို တိမ်တိုက် တခုဟု ထင်သည်။ အရုဏ်ကျင်း၍ အလင်းလာသည်နှင့် တပြိုင်နက် သေချာပြီ။
အရှေ့ဘက်ဆီတွင် ကျွန်းစုများကို တွေ့ရသည်။ ကျွန်းကြီးတခုလုံးက မြောက်ဘက်ကျကျနှင့် တောင်ဘက်တွင် ကျွန်းအုပ်စုများက အစီအရီ၊ အကွာအဝေးမှာ အနီးဆုံး ကျွန်းနှင့် ၁၅ မိုင်မျှသာ ရှိသည်။ မော့(စ)ကော့ ကျွန်းစုများပင်လော။ အတပ် မပြောနိုင်ပြီ။ ကျွန်တော့် ဖောင်၏တည်နေရာကို မှန်းဆ မရ။ မည်သို့ပင်ဆိုစေ ကျွန်းသည် ကျွန်းသာဖြစ်၍ ကျွန်းသည် ကုန်းမြေ၊ ကုန်းမြေထက်တွင် မြေရှိသည်။ရေရှိသည်။ လူနေ အိမ်ခြေ ရှိနိုင်သည်။ ကျွန်တော်တို့ အသက်မသေနိုင်တော့။ အားလုံး ဝမ်းသာပျော်ရွှင်နေကြ၏။ လူတိုင်း၏ မျက်နှာတွင် မျှော်လင့်ချက်များဖြင့် လန်းလာသည်။
ကျွန်တော် ခန့်မှန်းမိပြီ။ ကျွန်တော်တို့၏ ဖောင်သည် ရေပြင်ထက်တွင် ပေါလော ပေါ်နေသည့်အခါ လေထု၏တိုက်ဖိအားသည် ရေစီးကြောင်း၏ ဆွဲဆားထက် ပိုများသည်။ နှစ်ရက်မျှ ဆက်လျက် လေငြိမ်သည်နှင့် တပြိုင်နက် ကျွန်တော်တို့ဖောင်သည် အရှေ့ ရေစီးကြောင်းနှင့် ပါလာကာ ကျွန်းစုကမ်းခြေများနှင့် နီးကပ်လာခြင်း ဖြစ်သည်။ ကျွန်တော်တို့ လှော်အားက မည်သို့မျှ မထိရောက်။
ရေစီးကြောင်းက ထိရောက်သည်။ လေတိုက်နှုန်းက ထိရောက်သည်။ လေငြိမ်လျှင် ရေစီးကြောင်းက အရှေ့ဆီသို့ ဆွဲသည်။ လေတိုက်လျှင် လေသည် အရှေ့အရပ်မှ တိုက်ခတ်နေသည် ဖြစ်ခြင်းကြောင့် ကျွန်တော်တို့ ဖောင်ကို ကမ်းခြေမှ ဝေးစေ၍ ပင်လယ်တွင်း တွန်းပို့ခဲ့သည်။ ရေသည် ကျွန်တော်တို့ရဲ့ မိတ်ဆွေ။ လေသည် ရန်သူ။ ယခု လေမတိုက်သည်မှာ နှစ်ရက်နှင့် နှစ်ည ရှိပြီဖြစ်ခြင်းကြောင့် ကမ်းခြေကျွန်းစုနှင့် ပြန်လည် နီးကပ်လာခြင်း ဖြစ်သည်။ ရန်သူ ငြိမ်နေသမျှ ကျွန်တော်တို့အတွက် အခွင့်သာ၏။
ကျွန်တော်တို့လှော်သည်မှာ အရာမရောက်ဟု ဆိုသော်လည်း ပို၍မျှ မြန်လိုမြန်ငြား ကြိုးစားသမှုတော့ ပြုရပေဦးတော့မည်။ ကျွန်တော်တို့သည် နေမကောင်း၍ လှဲနေကြသူများမှ အပ ကျန် ရဲဘော် အားလုံး တက်ကာ ဝိုင်းလှော်ကြသည်။ ဗောကွင်းဖြင့် ဆွဲ၍ ကူးကြသည်။ ကျွန်းများကို ထင်ထင်ရှားရှား မြင်နေသည်ကြောင့် ကယ်တင်မည့် သင်္ဘောကိုပ်သိပ် အားမထားကြတော့။ ရှေ့မှာ ကျွန်း ရှိနေသည်ကိုး။
ကျွန်းရောက်ရန်သာ အရေးကြီးသည်။
နေဝင်သွားသည့်တိုင် နံနက်က အကွာအဝေးထက် ပို၍ နီးသည် မထင်ရပါ။ သောက်ရေမှာ မနက် နှစ်ဘူး၊ ညနေ နှစ်ဘူး ဖောက်ရပြန်သည်။ မည်သို့ဆိုစေ ဤရေစီးကြောင်းအတိုင်းသာ ဆက်လက် မျောနေပါက ကျွန်းတနေရာသို့ ဆိုက်ရောက်မည်မှာ သေချာလှသည်။ သို့သော် ည ၁၀ နာရီခန့်တွင် လေသည် အရှေ့မြောက်ဆီမှ တိုက်လာပြန်တော့သည်။ လေထန်သည်နှင့်အတူ လှိုင်းကပါ ထလာသည်။ တညလုံး ရေပက်လိုက် ရေခပ်ထုတ်လိုက်ဖြင့် အလုပ်များရပြန်တော့၏။ ပြဿနာမှာ လူမမာနှင့် နေရာ ပြဿနာ။ ဤ ပြဿနာသည် အကြီးမားဆုံး ဖြစ်လာတော့သည်။
ဗိုလ်စောဦးမှာ မူလကတည်းက တတ်နိုင်သမျှ ဟန်ဆောင် နေရသော်လည်း သူကိုယ်တိုင်က လူမမာမို့ ကြာကြာ ဟန်မဆောင်နိုင်ရှာသည်တွင် ပက်လက်သာ နေရ၏။ ပင်လယ်ပြင် ရောက်ကာမှ ရောဂါဟောင်းများ ပြန်ထလာသည့် လူမမာတွေ နောက်ထပ်တိုးလာသည့်အခါ သူတို့အား နေရာပေးရန် မလွယ်ကူတော့သည်ကိုတွေ့ရ၏။
ကမ်းခြေသို့ အမြန်ရောက်သော် ရောက်ပါမှ၊ ကယ်ဆယ်သူနှင့် အမြန်တွေ့သော် တွေ့ပါမှ၊ လူမမာတွေကတော့ မလွယ်တော့သည်သာ။
********
၁၉၅၆ ခု။
ဒီဇင်ဘာ ၃ ရက်။
ညကတိုက်သည့် အရှေ့မြောက် လေသည် ကျွန်တော်တို့အား တနည်း တလမ်းအားဖြင့်  အကူပြုခဲ့သည်။ ယမန်နေ့က တွေ့မြင်ခဲ့ရသည့် ကျွန်းများသည် မြောက်ဘက်ဆီ၌ဝေးကွာစွာ ကျန်ရှိနေခဲ့ပြီး ကျွန်တော်တို့၏ အရှေ့တည့်တည့်ဆီတွင်မူ ဧရာမကျွန်းကြီး တကျွန်းနှင့် ကျွန်းရံများ။ အကွာအဝေးမှာ ခြောက်မိုင်မျှသာရှိကြောင်း ခန့်မှန်းမိသည်။ မနေ့ကထက် ပိုနီးခြင်းကြောင့် ဝမ်းသာအားရရှိကြသည်။
သည်နေ့သည် ကျွန်းပေါ်ရောက်မည့်နေ့ဟု ခိုင်မာစွာ ယုံကြည်ကြသည်။
လူတိုင်းလူတိုင်း ကျွန်းကြီးကိုထကြည့်ကြသည်။ လူမမာများကို ထူထောင်ပေး၍ စိတ် အင်အားအတွက် ကျွန်းကို ကြည့်စေသည်။
ဗိုလ်စောဦးကိုလည်း နှစ်ယောက်တွဲထူကာခေါင်းထောင် ပေးသည်။ ဗိုလ်စောဦးက ကျွန်းကို သဲကွဲစွာ မမြင်။ သူခေါင်းမူးသည်ဟုပြော၍
ကျွန်တော် ယခုမှ သတိရကာ အရေးပေါ် သူနာပြု သေတ္တာတွင်းမှ ရရှိခဲ့သည့် ရှုဆေး ဖန်ချောင်းကို ချိုးကာသူ့အား ရှူစေသည်တွင် သူ အတန်ငယ် ကြည်လင် လာပုံရသည်။
“ဟုတ်တယ်စီအို၊ ဒီနေ့ ညနေဆို ရောက်မှာပါပဲ” ဟု သူက နွမ်းလျသည့်ကြားမှ ကြိုးစားအားယူပြောသည်။ ရှူဆေးကို ဗိုလ်စောဦးအား ရှူစေမှ အခြားလူမမာများအားရှူခိုင်းစေရန် သတိရသည်။ လူမမာ မဟုတ်သည့် သူများကလည်းရှူလိုသောကြောင့် သုံးတောင့်ကို ဝေမျှရှူစေရာ အားလုံး ကုန်သွားသည်။မစားရ မသောက်ရသည့် အတူတူ အနံ့တခုခုကို ရှူလိုက်ရလျှင် မနည်းပြီ။အနံ့က လူကို အတန်ငယ် လန်းဆန်းစေသည်။
နံနက်၁၀ နာရီခန့်တွင် လေယာဉ်ပျံသံ ကြားရသည်။ အားလုံးသည် ဆူညံစွာအော်ဟစ်ကာ လေယာဉ်ကို ရှာကြသည်။ ဤလေယာဉ်သည် ကျွန်တော်တို့အားရှာသည့်လေယာဉ်ပင် ဖြစ်ရမည်ဟု အားလုံးက သိသည်။ လေယာဉ်ကိုအချက်ပြရန် အတွက် မီးကျည်များ ကျွန်တော်က အသင့်ပြင်ထားသည်။လေယာဉ်ပျံသံမှာ တဖြည်းဖြည်း နီးလာသည်။ ရုတ်တရက် အားလုံးကတွေ့လိုက်ကြရသည်။
မှန်ပြောင်းနှင့် ကြည့်သည့် ဗိုလ်သန်းလွင်က “ဒါကိုတာ” လေယာဉ်ဟု ပြော၏။ အမြင့်ပေ သုံးထောင်ကျော်၌ တောင်ဘက်ဆီသို့ဦးတည်ပျံသန်းလာနေကာ ကျွန်တော်တို့ဖောင်က ကျွန်း၏အနောက်ဘက်ခြောက်မိုင်ခန့်ကွာ ရှိနေပြီး လေယာဉ်က ကျွန်း၏ အရှေ့ဘက် အရပ် အမြင့်ပေသုံးထောင်ကျော်မှ ပျံသန်းနေသည်။ အရှေ့ဆီက နေရောင်နှင့် လက်ခနဲဖြစ်သွားမှ ကျွန်တော် မြင်ရသည်။ ကျွန်တော်က လေထီး မီးကျည်နှစ်လုံးပစ်ဖောက်ပြသည်။
“လေထီး မီးကျည်က အဖြူဆိုတော့ သူ မြင်ရမှာ မဟုတ်ဘူး ထင်တယ်၊ မီးနီ မီးကျည်ကို ဖောက်ပါ စီအို”
လူတိုင်းက ဝိုင်းအော် ဝိုင်းပြောကြသည်။ သို့ကြောင့် မီးနီ မီးကျည် ဆက်၍ ပစ်ဖောက်ပြရသည်။မီးနီမီးကျည် ငါးလုံးမျှ ဆက်တိုက် ပစ်ဖောက်သည်။ လေယာဉ်သည် တောင်ဘက်ဆီသို့ ဦးတည်ပျံသန်း နေရာမှ ကျွန်တော်တို့ရှိရာ အနောက်ဘက်သို့ ချိုးမလာဘဲအရှေ့ဘက်သို့ ချိုးကာ ပျောက်ကွယ်သွားတော့သည်။
“ဒါ တို့ကိုရှာတဲ့ လေယာဉ်ပျံကွ၊ သေချာတယ်”
“တို့ကိုရှာတဲ့လေယာဉ်ဆို မြင်သွားပုံမရဘူးကွ၊ တို့ကို ရှာတာဆိုရင် ဘာဖြစ်လို့အနောက်ဘက် ပင်လယ်ဆီ မရှာဘဲ အရှေ့ဘက် ကမ်းခြေဆီ ပျံသွားရတာလဲ”
“ဆီသွားထည့်တာနေမှာပါကွာ၊ မယုံကြည့် ခဏနေ တခေါက် ပြန်တက်လာလိမ့်မယ်၊ ဒီ လေယာဉ်ပျံကလဲနည်းနည်း နိမ့်နိမ့်တော့ ပျံဖို့ ကောင်းတယ်၊ ခု ပျံတာက မြင့်လိုက်တာလွန်ပါရော၊ ကြက်တောင်လောက်ပဲ မြင်ရတယ်”
အမျိုးမျိုးထင်မြင်ချက် ပေးကြသည်။ လေယာဉ်က ကျွန်တော်တို့ကို တွေ့မြင် မသွားပေမယ့်စိတ်ဓာတ်က လုံးဝ မကျ။ ရှေ့တွင် ကျွန်းကြီးက ထီးထီးမားမား ရှိနေပြီမဟုတ်ပါလား။ တနေ့လုံး လှော်ကြ ဆွဲကြ၊ ကူးကြ ခတ်ကြနှင့် ခပ်ပျော်ပျော်ပင်အဏ္ဏဝါပြင်ကို အန်တု ယှဉ်ပြိုင်နေကြသေးသည်။ အက္ဏဝါကို အန်တုဝံ့ကြသသည့်ရဲဘော် တစုဖြစ်သည်။ ကျွန်တော်တို့ကို ရှာဖွေသည်ဟု ထင်ရသည့်လေယာဉ်ပျံကို နောက်ထပ် မမြင်တွေ့ကြရတော့သော်လည်း စိတ်ဓာတ်ကမကျကြသေးပါ။ ညနေတွင် ကျွန်းကြီးသည် သုံးမိုင်မျှသာ ဝေးတော့သည်။ အားတွေကတက်လာသည်။ ကျွန်တော်က မှန်ပြောင်းကို ယူကြည့်လိုက်သည်တွင်ကမ်းစပ်သောင်ပြင်ကို တဖွေးဖွေး ပြေးတိုက်နေသည့် လှိုင်းလုံး ဆင့်ကဲ ဆင့်ကဲများကိုပင် ကောင်းစွာ တွေ့မြင် နေရသည်။
“ဗိုလ်စောဦး ... သုံးမိုင်ောလက်ပဲ ကွာတော့တယ်ဗျ၊ ထကြည့်ပါဦး”
ဗိုလ်စောဦးကို တွဲမ၍ ထကြည့်စေသည်။ သူက ကျွန်းဆီသို့ တချက် မော့ကြည့်လိုက်ပြီး
“စီအို အဲဒီ ကျွန်းဆီကို ကျွန်တော် ကူးချင်တယ်၊ ပါမစ်ရှင် ( ခွင့်ပြုချက် ) ပေးပါ” ဟု ဆိုသည်။
“ဟာ ... မဟုတ်တာ ဗိုလ်စောဦးကလဲ၊ ခု ညဆို ရောက်တော့မှာပဲဗျ၊ ခင်ဗျား မကူးချင်ပါနဲ့၊ အသာ နားနေပါ” ဟု ကျွန်တော်က ပြောလိုက်၏။
“ဟုတ်တယ်စီအို၊ ခွင့်ပြုမယ်ဆိုရင် ကျွန်တော် ကူးသွားချင်ပါတယ်၊ ကျွန်တော်နဲ့ရဲဘော်သုံးယောက်လောက် ဗောကွင်းနှစ်ခုနဲ့ နားပြီးကူးရင်ရောက်ပါတယ်”
ပြောသူမှာဗိုလ်သန်းလွင် ဖြစ်သည်။
သူ ရောက်နိုင်ပါသည်။ သူ ရောက်နိုင်သည်ကိုကျွန်တော် ကောင်းစွာ သိသည်။ သူသာလျှင် မဟုတ်သေး။ တကယ် ကူးမည်ဆိုလျှင်ကျွန်တော်လည်း ရောက်နိုင်သည်။ သုံးမိုင်အကွာကို ဗော ကွင်းတွင် မောလျှင်နားနေပြီး ကူးနိုင်သည်။ ကူးနိုင်သည့် ရဲဘော်တွေ ရှိကြသည်။ မောင်အေး၊အောင်မြင့်၊ ကိုကိုကြီး၊ စံခို၊ ဂွမ်ရှိန် စသူတို့မှာ ကူးလျှင်ရောက်နိုင်သူများချည်း ဖြစ်သည်။ ဗောကွင်းနှစ်ခုနှင့် ရဲဘော်သုံးဦးကို ခေါ်ယူ ကူးသွားခဲ့လျှင် အလွန်ဆုံး ည ၈ နာရီ ၉နာရီခန့်တွင် ကျွန်းပေါ် ရောက်မည် ခန့်မှန်း၏။
တဖန် ကျွန်းပေါ်သို့ရောက်ပြီဆိုပါစို့။ တံငါလှေ တစုံတရာ တွေ့မည်ဟု မည်သူက အတပ်ပြောနိုင်ပါမည်နည်း။ ရွာ တစုံတရာ တွေ့မည်ဟုကော အတပ်ပြောနိုင်ပါမည်လား။ မြိတ်ကျွန်းစုတွင် ဆလုံမျှပင် မရှိသည့် ကျွန်းအများကြီးရှိသည်။ လူသူ မရှိ။ သောက်ရေချို မရှိ။ တောချည်း အတိ။
ကဲ... ကောင်းပြီ၊ ရွာ သို့မဟုတ် တံငါလှေ တစုံတရာတွေ့ပြီ ထားပါတော့။ရွာသားတို့ကို အကူအညီ တောင်းကာ ပင်လယ်ပြင်တွင် ရှာနိုင်ခဲ့ပါသော်အသက်ကယ်ဖောင်ကို မူလ သူ့နေရာတွင် ပြန်တွေ့နိုင်ပါမည်လား။ ဖောင်မှာကျောက်ချထားသည် ဖောင်မဟုတ်။ မျောချင်ရာ မျောနေသည့် ဖောင်တခုသာ။ ဖောင်မရှိတော့ပြီ၊ ရှာမတွေ့တော့ပြီဆိုလျှင် ကျွန်းပေါ်ရောက်သူများ ကြုံရာစက်လှေ၊ တံငါလှေ စီး၍ ရန်ကုန် ပြန်ကြမည်။ ပြန်ကြသူများတွင် ကျွန်တော်ပါဝင်နေခဲ့သော်
“ဟာ... ဗိုလ်ကြီးဘသော် ဆိုတဲ့ လူကတော့ကွာ စံပါပဲ၊ လူမမာနဲ့ ရေမကူးတတ်တဲ့လူတွေကို ဖောင်ပေါ်ထားခဲ့ပြီး သူနဲ့ သူ့ရဲဘော်ရေကူးတတ်တဲ့ လူတွေကထွက်ပြေးလာကြတယ်” ဟု ကျွန်တော့်အား ပြစ်တင်ကြပေတော့မည်။
တဖန်တုံကျွန်တော်က ဖောင်ပေါ်တွင် လူမမာများနှင့် နေရစ်ခဲ့ကာ “ကဲ ဗိုလ်သန်းလွင်၊ခင်ဗျား ရယ် ရဲဘော်သုံးယောက်ရယ် ဗောကွင်း နှစ်ခုယူပြီးကူးသွားကြဗျာ၊ ဟိုကျရင် တံငါရွာတို့ တံငါလှေတို့ရှာပြီး အကူအညီတောင်း၊ကျုပ်တို့ကို လာခေါ်လှည့်” ဟု ဆိုကာ ဗိုလ်သန်းလွင်နှင့် ရဲဘော်များကို စေလွတ်လိုက်သည် ထားပါတော့။ ဗိုလ်သန်းလွင်တို့လူစုသည် ကမ်းခြေသို့လည်းမရောက်၊ ရေတွင် ပျောက်ဆုံးကုန်ခဲ့ကြပြီးရက်အတန်ကြာသည်တွင်မှစက်လှေကတ္တူ တစင်းက ကျွန်တော်နှင့် လူမမာရဲဘော်များပါသည့် အသက်ကယ်ဖောင်ကို တွေ့ရှိကြသည်ဆိုလျှင်
“ဟာ ဗိုလ်ကြီးဘသော် ဆိုတဲ့လူကတော့စံပဲကွာ၊ သူဖြင့် ရေမကူးဝံ့ဘဲ ဖောင်ပေါ်နေခဲ့ပြီး ဟိုကောင်လေးဗိုလ်သန်းလွင် ကျတော့ ကျွန်းဆီကိုအကူးခိုင်းသတဲ့၊ ခု ရေကူးသွားတဲ့ရဲဘော်တွေ ရှာမတွေ့သေးဘူးလေ၊ သူကတော့ စက်လှေနဲ့ ပြန်လာပြီးကောင်လေးတွေ ကျတော့ငါးမန်းစာ ကျွေးပစ်ခဲ့တယ်” ဟု ကျွန်တော့်အားအပြစ်ဆိုကြပေဦးမည်။
“အုပ်ချုပ်မှု တာဝန်နှင့် ဆုံးဖြတ်ချက်” ဟူသည်မှာဤအချိန်မျိုးတွင် အစဉ်းစားရ အခက်ဆုံး ဖြစ်သည်။ ကူးမလား၊ နေမလား၊သူများကူးခိုင်းမလား၊ ကိုယ်တိုင် ကူးမလား၊ နည်းလမ်းနှစ်လမ်းတွင်ကြိုက်ရာ နည်းလမ်းကို ရွေး။ သေမည့်လမ်းနှင့် မသေဘဲ အရှက်တကွဲဖြစ်ရမည့်လမ်းဟူ၍ ဤနှစ်လမ်းသာ ရှိ၏။ ကျွန်တော်သည် အရှက်ရသောမျက်နှာနှင့် လူမလုပ်လိုပြီ။ ထို့ကြောင့် မကူးတော့ပြီ။ဗိုလ်သန်းလွင်အားလည်း မသေချာဘဲနှင့် သေရွာသို့ အသွားမခံနိုင်ပါ။ထို့ကြောင့် ဗိုလ်သန်းလွင်နှင့် သူ့ရဲ့ဘော်များ မကူးကြစေရန်၊ တချိန်တည်းတွင် စစ်ရေယာဉ်မှူးလည်း သူ့တာဝန် မပြီးဆုံးသေးမီ သူ့လူမမာများရှိသော ဖောင်မှ မခွာရန် ဆုံးဖြတ်လိုက်တော့သည်။
“ဟေ့... ဘယ်သူမှ မကူးကြနဲ့ဟေ့၊ မင်းတို့ ကူးရင်လဲ ရောက်နိုင်တယ်ဆိုတာငါသိသလို ငါကူးရင်လဲ ရောက်နိုင်တယ်ဆိုတာ မင်းတို့ သိတယ်၊ ဟိုကျွန်းပေါ်မှာ အကူအညီ ရနိုင် မရနိုင် ဆိုတာက မသေချာဘူး၊ ဒီမှာကလူမမာတွေနဲ့ ရေမကူးတတ်တဲ့ ရဲဘော်တွေကို ထားပြီး တို့ ဘယ်နည်းနဲ့မှမသွားနိုင်ဘူး၊ ကဲ ... အဲဒီတော့ ရောက်ရင်လဲ အားလုံး ရောက်ပြီးအားလုံးအသက်ရှင်ကြမယ်၊ သေအတူ ရှင်အတူပဲကွာ၊ ဒီညကျွန်းပေါ် ရောက်ရင်အားလုံး ရောက်မှာပဲ” ဤသည်မှာ ကျွန်တော့် ဆုံးဖြတ်ချက်နှင့်အမိန့်သာဖြစ်၏။
“စီအို မီးကျည်ပစ်ပါ၊ မီးကျည်ပစ်ပါ”
အကွာအဝေးမှာ နေရီလာသည်နှင့်အမျှ ပိုမို နီးလာခြင်းကြောင့် ကျွန်းပေါ်တွင် လူသူရှိပါကမြင်လိုငြမ်ငြား မီးကျည် ပစ်ပြစေချင်ကြသည်။တလုံးတည်းသာ ကျန်ရှိတော့သောလေထီးမီးကျည်ကို ကျွန်တော် မသုံးစွဲရဲပါ။ မသေချာလျှင် မသုံးသည်မှာအကောင်းဆုံး ဖြစ်သည်။
ထို့ကြောင့် လက်ကျန် ရှိသေးသည့် မီးနီမီးကျည် ၆လုံးမျှ အချိန်ဆွဲ၍ ပစ်ဖောက်ပါသည်။ ရဲဘော်အချို့ကမူ အော်ဟစ်လျှင်ပင် အသံကြားနိုင်လောက်မည် ထင်သည်ကြောင့်“လှေလွတ်လိုက်ကြပါဗျို့” ဟု ဆင့်ကဲ အော်နိုင်သူက ဆက်အော်နေသည်။ တခု ထူးခြားသည်မှာ သူတို့သည်ဒုက္ခသည်များ အော်ကြသကဲ့သို့ “ကယ်တော်မူကြပါဗျို့” ဟူ၍ မအော်ဘဲ “လှေလွတ်လိုက်ကြပါဗျို့” ဟုသာ အကူအညီ သာမန်တောင်းပံမျိုးဖြင့် အော်ခြင်းဖြစ်သည်။ ကြာတော့ အသံနာလာ၍ ဆက်မအော်နိုင်တော့။ ကမ်းခြေကို လှိုင်းရိုက်သံကတဝုန်းဝုန်း ကြားနေရသည်။ ကမ်းခြေ ထောက်မိပြီ ထင်ခြင်းကြောင့် ဆင်းထောက်ကြည့်သူက ကြည့်သည်။
ည၈ နာရီခန့်တွင် နှစ်ရက်ခွဲတိုင် သဘော ကောင်းနေသည့် ပင်လယ်လေသည်အရှေ့အရပ်ဆီမှ တိုက်လာတော့၏။ တနာရီ ထက် တနာရီ လေပြင်းထန်လာသည်။ လှိုင်းလုံးက ပိုကြီးလာသည်။ တညလုံး လှိုင်းနှင့် ရေကိုနပန်းလုံးကြရသည်။ တညလုံး မည်သူမျှ အိပ်ကြရ။
********
၁၉၅၆ ခု။
ဒီဇင်ဘာလ ၄ ရက်။
နံနက်လင်းသည်တွင် ယမန်နေ့က ညနေက သုံးမိုင်မျှသာ ကွာဝေးတော့သည့် ကျွန်းကြီးမှာ ၁၀ မိုင်ခန့် အကွာတွင် ရောက်နေတော့သည်။
ယမန်နေ့ ညနေက မျှော်လင့်ချက်ကြီးစွာ ထားခဲ့ရသည့် ကျွန်းကြီးက ကျွန်တော်တို့တတွေ၏ အဏ္ဏဝါကို အန်တု ယှဉ်ပြိုင်မှုအား ပြက်ရယ်ပြုသည့်အလား လှမ်းကြည့်နေသည် ထင်ရ၏။ ကျွန်တော်သည် ကျွန်းကြီးကို ကြည့်ရင်း ကြောက်လာသည်။ ကျွန်တော်တို့သည် တယောက်နှင့် တယောက် စကားမပြောနိုင်ကြဘဲ အရှေ့ဆီမှ ကျွန်းကြီးဆီသို့သာ ငေးကြည့်ရင်း အတွေး ကိုယ်စီနှင့် ရှိနေကြသည်။ စိတ်ဓာတ်ကျခြင်းကား ဤတွင် စလေပြီ။ အတွေးလှိုင်းများသည် စိတ်ဓာတ် ကျောက်သားကို ပွတ်တိုက်စားစ ပြုပြီဖြစ်တော့သည်။ ရဲဘော်တို့ စိတ်ဓာတ်ကျသည်ကို ကုစားရန် အကောင်းဆုံးမှာ အလုပ်ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်က ယခုလေငြိမ်သွားပြီ ဖြစ်ခြင်းကြောင့် အရှေ့ဆီသို့ ပြန်လှော်ပြန်ကူးလျှင် ရောက်နိုင်ကြောင်း ပြောသော်လည်း မည်သူမျှ စိတ်ဝင်စားပုံ မပြကြတော့။ လှော်ခတ် ခိုင်းရာတွင်လည်း ဝတ်ကျေတမ်းကျေသာ လှော်ကြတော့သည်။ သူတို့ကို အပြစ် မတင်နိုင်ပါ။ ကျွန်းကမ်းခြေနှင့် သုံးမိုင်မျှ နီးကပ်ပြီးမှ တဖန် ပင်လယ်ပြင်သို့ လွင့်စဉ်မျောပါသည် ဟူသည်မှာ အခံစားရ အခက်ဆုံးသော ဝေဒနာ၊ ဤဝေဒနာသည် လူတိုင်း၏စိတ်ကို ထိခိုက်စေမည်သာ ဖြစ်၏။ ရဲဘော်များ စိတ်ဓာတ်ကျပြီ ဆိုလျှင် မည်မျှ ကွပ်ကဲရခက်သည်မှာ စစ်ဆုတ်ဖူးသည့် တပ်မှူးတိုင်း သိရှိနိုင်ကြပါသည်။ ယခု ကျွန်တော်တို့ ပင်လယ်ပြင်နှင့် စစ်ဆင်ကြရာတွင် ပင်လယ်ပြင်က အနိုင်ရစ ပြုပြီဖြစ်၏။
ဗိုလ်ကြီးစောဦးနှင့် တပ်သား ကျော်ကျော် ဆိုသူတို့မှာ ဖောင်ပေါ်မှ လုံးဝမဆင်းနိုင်တော့။ နံနက် ဖောင်သန့်ရှင်းရေး လုပ်ရာတွင်ပင် သူတို့နှစ်ဦးအား ဖောင်ပေါ်မှာ နေခွင့်ပြုထားရသည်။ ဖောင်၏ ဘေးကို လှည့်ပတ် စစ်ဆေးရာ ပင်လယ် ခရုသေးသေးကလေးများသည်ဖောင်ဝမ်းပြင် နေရာအချို့တွင် ကပ်တွယ်စ ပြုနေပြီ ဖြစ်သည်ကို တွေ့ရ၏။ ခရုကလေးများမှာ ကြမ်းပိုး တကောင်မျှလောက်သာ ရှိသည်။
အချို့မှာ ကြမ်းပိုးထက်ပင် သေးငယ်သေးသည်။ ကျွန်တော်က ခွာကြည့်ရာ တချို့ပါလာ၍ တချို့ ရေတွင် ပြုတ်ကျသည်။ ခွာရသမျှကို ခွာကာ စားကြည့်မိသည်။ စား၍ ရသည်။ ထို့ကြောင့် ကျွန်တော်က စိမ်ပြေနပြေ ခွာစားနေသည်။ တချို့ ရဲဘော်များက ကျွန်တော် ခွာစားနေသည်ကို မြင်ခြင်းကြောင့် သူတို့လည်း လိုက်ရှာ ခွာစားကြသည်။ စားရသည်က ဘာမျှ မဟုတ်ပေမယ့် ရသေ့စိတ်ဖြေ ပြုနေခြင်းသာ။ ဗိုလ်သန်းလွင်နှင့် ကျွန်တော်တို့မှာ ရေတွင်ဆင်း၍ ကူးကြ၊ ဆွဲကြသေးသည်။ ရဲဘော်များမှာ စိတ်ဓာတ် ကျလွန်းခြင်းကြောင့် ရေတွင်ပင် ကြာကြာ မနေကြပဲ ဖောင်ပေါ်တက်ကာ ဘေးပတ်ဝန်းကျင်ကို မျှော်ကြည့်နေကြသည်။ ယခုအခါတွင် ကျွန်းရောက်ရှိရေးသည် မဖြစ်နိုင်တော့။ သင်္ဘောတစင်းမှ တွေ့ရှိ ကယ်တင်ရေးသည်လျှင် တခုတည်းသော ဖြစ်နိုင်သည့် နည်းလမ်း ဖြစ်တော့သည်။
ကျွန်တော့် ဖောင်သည် လေတိုက်တိုင်း အရှေ့လေဒဏ်က အနောက် ပင်လယ်ဆီသို့သာ တွန်းပို့ခံနေရသည်။ ရေစီးကြောင်းက လေမလာလျှင် အရှေ့ဆိသို့ ဆွဲသည်။ သို့သော် လေဒဏ်ကြောင့် အနောက် ပင်လယ် ဘင်္ဂလားအော်တွင်းသို့ လွင့်ချင်တိုင်း လွင့်စေခဲ့လျှင် မျှော်လင့်ချက် ရှိသေးသည်။ ထိုမျှော်လင့်ချက်မှာ
ကုန်သွယ်ရေကြောင်း သင်္ဘောများ သွားလာတတ်သည့် လမ်းကြောင်း အနီးတွင် အချိန် ကြာနိုင်သမျှ ကြာမြင့်စွာ နေခြင်းပင် ဖြစ်၏။ အနောက်သို့ မျောပါနေခြင်းကို ဆန့်ကျင်နိုင်သည့် တခုတည်းသော နည်းလမ်းနှင့် အင်အားမှာ ရေထီးပင် ဖြစ်၏။ ကျွန်တော်သည် ရေထီးကို ငုံ့ကြည့်တိုင်း ရေထီးက အရှေ့ဆီတွင်ပင် စွင့်ကား ပွင့်လျက် ရှိသည်ကို တွေ့ရ၏။
ထို့ကြောင့် ဖောင်ပေါ်တွင် ရေထီးနောက်တခု ပြုလုပ်နိုင်သည့် အဝတ်စကို ရှာဖွေရာ တစုံတဦး၏ ဘန်ကောက်လုံချည်စိမ်း တထည်ကို တွေ့ရသည်နှင့် ကြိုးနှင့် သိုင်း၍ ရေထီး ( ရေရွက် ) ပြုကာ ရေတွင် ချထားခဲ့၏။ ကျွန်တော်တို့ ပြုလုပ်သော ရေထီးသည်လည်း မူလရေထီးနည်းတူ ဖောင်ကို ဆွဲနေကြောင်း ဝမ်းသာစွာ တွေ့ရသည်။
ကျွန်တော်တို့သည် လှော်ခြင်း၊ ဆွဲခြင်း အမှုအားလုံးကို လက်လျှော့ လိုက်ကြပါတော့သည်။ ရဲဘော်အချို့မှာမူ လှော်တက်ရှိနေလျှင် လှော်ခိုင်းမည် စိုးခြင်းကြောင့် လှော်တက် ပြုလုပ်သည့် အရာမှန်သမျှ လူအလစ်တွင် ရေ၌ ပစ်ချကြသည်။ ဖောင်ပေါ်တွင်လည်း လူမမာများ ပိုမိုများပြားလာပြီ ဖြစ်သည့်အတွက် အသုံးမဝင်သည့် အရာ၊ အနေအထိုင် ကျဉ်းကျပ်စေသော အရာမှန်သမျှ ရေတွင် ပစ်ချထားခဲ့ကြသည်။ရေပုလင်း အခွံကြီးကို မည်သည့်အချိန်က မည်သူ ပစ်ချထားခဲ့သည် မသိရတော့၊ မရှိပြီ။
----------------
မောင်သော်က
(PS:Ko Kyaw Thura Facebook မှ ကူးယူဖော်ပြပါသည်။)
August 28, 2018
[ ရှဥ့်ညိုလေးဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment