#တိုက်ရေယာဉ် ( ၁၀၃)
( အပိုင်း - ၃)
#မောင်သော်က
နံနက် မိုးလင်း လာသည်နှင့်အမျှ လေမှာ ပိုမို ပြင်းထန်လာကာ အရှေ့ အရပ်ဆီမှ တိုက်ခတ်လာသည်။ သင်္ဘောရွက်တိုင်ဆိုင်းကြိုးကို လေတိုးသံသည် လေချွန် သကဲ့သို့ မြည်လာသည်။ လှိုင်းလုံး များမှာလည်း အရှိန် အဟုန်ပြင်းစွာဖြင့် သင်္ဘော၏ ဝဲဘက်နံတောင်းမှ ကျော်လွားကာ သင်္ဘော ရှေ့ဦးပိုင်း ကုန်းပတ် တခုလုံးကို ဖုံးအုပ်ကျော်လွားပြီး ယာဘက်သို့ လှိမ့်ဆင်းသွားကြ၏။ ရာသီဥတု မှိုင်းပျနေခြင်းကြောင့် သင်္ဘောဝဲဘက် မိုင် ၂၀ ခန့် အကွာတွင် (Moscos Island) လောင်းလုံ ဘုတ်ကျွန်းများကို မှုန်ပျပျသာ မြင်ရသည်။ သင်္ဘောဦးထိပ် ဝဲဘက်တွင် ရှိမည် ခန့်မှန်းရသော (Tavoy Island) မလိကျွန်းမှာ မမြင်သေးပါ။ သင်္ဘေသည် ဝဲယာယိမ်းကာ လူးနေခြင်းမှာ တခါတရံတွင် ဒီဂရီ ၃၀ မျှ စောင်းသွားရာ ပြန် ထောင်မလာတော့ဟုပင် ထင်ရသည်။ အတန်ကြာမှ တဖက်သို့ စောင်းရာမှ ပြန်မတ်လာကာ နောက်တဖက်သို့ စောင်းသွားသည်။
သင်္ဘော ကုန်းပတ်ပေါ်တွင် ရွေ့လျားနိုင်သည့် အရာဟူသမျှ ကြိုးများနှင့် ခိုင်မာစွာ တုန်နှောင် ထားရသည်။ နံနက် ၇ နာရီခန့်တွင် ကျွန်တော်သည် ဝဲ ယာ လူးလျက် တိမ်းစောင်းခြင်းမှ သက်သာစေရန် ဦးတည် ရေကြောင်းကို အရှေ့တောင်ဆီသို့ ပြောင်းလိုက်သည်။
ထိုအခါတွင် ဝဲ ယာ တိမ်းစောင်းခြင်း သက်သာသော်လည်း ဦးစောင်း ပဲ့ထောင် လှုပ်ရှားမှုမှာ ပိုများ လာတော့သည်။ လှိုင်းလုံးများသည် သင်္ဘောဦးဆီမှ မြည်ဟည်း ထက်ကြွလာကာ ပဲ့စင်ထက်ရှိ တာဝန်ကျနေသူ အားလုံးအား ရွှဲစိုသွားစေ၏။ ရှေ့ပိုင်းရှိ အမြောက်နှင့် အမြောက်စင်ခြေရင်း သံမဏိပြားဝိုင်းကိုလည်း ဖုံးအုပ်သွားသည်။ ဤ အနေအထားတွင် သင်္ဘောဦးမှာ မြင်းတကောင် ပတတ်ရပ်သည့်ပမာ ရေပေါ်တွင် ပေါ်လာလိုက် ရေအောက်တွင် ဖုံးအုပ် သွားလိုက်နှင့် ဦးပဲ့ထောင် ရှိနေသည်။ ကျွန်တော့် သင်္ဘောဦးသည် ဤဒဏ်ကို တာရှည် မခံနိုင်ဟု ထင်သည့်အတွက် နာရီဝက် သာသာ မောင်းပြီးလျှင် မူလရေကြောင်းတွင် ပြန်၍ ဦးတည် ထားလိုက်ရသည်။
ကုန်းပတ်ထက်တွင် အိပ်နေကြသည့် ဗိုလ်ကြီး စောဦးနှင့် ဗိုလ်လေး သန်းလွင် တို့လည်း သူတို့၏အိပ်ရာများ ရွှဲရွှဲစိုကုန်ပြီဖြစ်ခြင်းကြောင့် နိုးလာကြသည်။ ရာသီဥတုမှာ မိုးမရွာသော်လည်း လှိုင်းထိပ်ဖျားမှ လွင့်စင်လာသော ရေမှုန် ရေမွှားများကြောင့် မိုးရွာသကဲ့သို့ပင် ရှိနေ၏။
ဗိုလ်ကြီး စောဦး ပဲ့စင်ထက် တက်လာသည်။ သူနှင့်အတူ တပ်ကြပ်ကြီး ကိုကိုကြီး တက်လာကာ တက်မကို ကိုင်သည်။ သူ
တက်လာသည့်အချိန်မှာ နံနက် ၇ နာရီမျှရှိပြီ ဖြစ်သည်။ သူသည် ဝဲဘက် ဆီသို့ မှန်ပြောင်းနှင့် ကြည့်လိုက်ပြီး
“အဲဒီ ကျွန်းဟာ ဆောက်သ်မော့စကော့ မဟုတ်လား စီအို” ဟု မေးလိုက်သည်။
“ဟုတ်တယ် ဗိုလ်စောဦး၊ ၁၅ မိုင်လောက် ဝေးမယ် ထင်တယ်”
“အဲဒီ ကျွန်းဘက်ဆီကို ကျွန်တော်တို့ ဝင်ရင် ကောင်းမယ် ထင်တယ်” ဟု သူက အကြံပေးသည်။ တပ်ကြပ်ကြီး ကိုကိုကြီးက ကျွန်တော့်ကို လှမ်းကြည့်ရင်း
“ကျွန်တော် ဦးတည်လမ်းကြောင်း ပြောင်းကြည့်ပြီးပြီ၊ သင်္ဘော (Pitching- လှိုင်းအတက်အကျ ) ဖြစ်တာက သိပ်ဆိုးတယ်၊ ခု အနေအထားကမှ နည်းနည်း ခံသာသေးတယ်”
“ဒါ အရှေ့လေပဲ၊ လေတိုက်နှုန်း ၄၀-၄၅ တော့ ရှိမယ် ထင်တယ်”
“လေးဆယ်တော့ အနည်းဆုံး ရှိမယ်ထင်တာပဲ၊ လှိုင်းခေါင်းတွေ ကျိုးနေတာ ကြည့်ပါလား”
ပတ်ဝန်းကျင် ပင်လယ်ပြင်တွင် ဆီဒယ်အိုးတခု အတွင်း ဆီပွတ်များ ထနေသည့်အလား လှိုင်းခေါင်းဖြူများ ပွက်ပွက်ထနေသည်။ လှိုင်းခေါင်းထိပ်များကို လေတိုး လိုက်သည်နှင့် လှိုင်းခေါင်းကျိုးထိပ်မှ ရေစ ရေမြွာများသည် စဉ်သွားကာ မိုးကဲ့သို့ ရွာချနေ၏။
ဗိုလ်သန်းလွင် ကိုမူ ခုထိ ကျွန်တော် သတိမထားမိသေး။ လှိုင်းမူး၍ တနေရာတွင် ခွေနေမည်သာထင်သည်။ ကျွန်တော်လည်း စက်အရှိန်ကို တတ်နိုင်သမျှ လျှော့ချကာ မူလ ဦးတည်ရေကြောင်းတွင်သာ ခုတ်မောင်းနေသည်။ ထိုအခိုက် အမြောက်သံတချက်မြည်သည့် အလား “ဖြောင်း” ဟူသော အသံကြီး တသံကို ကြားလိုက်ရကား သင်္ဘောဦး ဝဲဘက်တွင် သစ်သားစတခု မျောပါသွားသည်ကို တွေ့လိုက်ရ၏။ ကျွန်တော်ရော ဗိုလ်ကြီး စောဦးပါ မည်သည့်သည့် သစ်သားစ ဖြစ်သည်ကို ခန့်မှန်းရန် မှန်ပြောင်း ကိုယ်စီဖြင့် ကြည့်လိုက်မိသည်။ သစ်သားစမှာ အတန်ရှည်သော ပျဉ်တချပ်ဖြစ်လျက် စစ်သင်္ဘောတွင် သုတ်လေ့ရှိသည့် မီးခိုးရောင်သုတ်ထားသည်ကို တွေ့လိုက်ကြရ၏။
ထိုစဉ်တွင် ဦးပိုင်း အိပ်ခန်းတွင်း အိပ်နေကြသည့် ရဲဘော်အချို့သည် ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေး စက်ထားသည့် ပဲ့အိမ်တွင်းရှိ အတွင်းလှေကားမှ တက်လာကြကာ
“သင်္ဘော ရှေ့ပိုင်းမှာ ရေတွေ ဝင်နေပြီ စီအို” ဟု သတင်းပို့ကြ၏။ သူတို့ မျက်နှာများတွင် လှိုင်းမူးသည့် ဒဏ်နှင့် ကြောက်လန့် စိုးရိမ်သည့် လက္ခဏာများကို တွေ့ရသည်။ ကျွန်တော်က စက်မကြီးများကို ချက်ချင်းရပ်လိုက်စေပြီး
“ဗိုလ်စောဦး၊ ခင်ဗျား ရှေ့ဦးခန်းမှာ သွားပြီး ကြည့်စမ်းပါဗျာ” ဟု စေလွတ်လိုက်သည်။
ဗိုလ်ကြီး စောဦးသည် ပဲ့အိမ်ခန်းတွင်းရှိ စင်္ကြံလှေကားမှ တဆင့် ဦးခန်းတွင်းသို့ ဆင်းသွားသည်။ ကျွန်တော်က ပဲ့စင်နောက်ဘက် စက်ခန်း အံဖုံးတံခါးဆီသို့ ကြည့်လိုက်ရာ အံဖုံးတံခါးဝတွင် ခေါင်းဖော်လျက် ပင်လယ်ပြင် အခြေအနေကို ထွက်ကြည့်နေသည့် စက်ခန်းတာဝန်ကျ တပ်ကြပ်/စက် အောင်မြင့် ၏ မျက်နှာကို တွေ့ရသည်။
“ဟေ့ အောင်မြင့်၊ မင်း အောက်ပြန်ဆင်းနေ၊ အရေးအကြောင်းရှိရင် ရေစုပ်စက် ပန့်တွေကို အသုံးပြုရအောင် အသင့်လုပ်ထား” ဟု ပြော၏။
“ပန့်တွေ မကောင်းဘူး စီအို၊ ဒါကြောင့် ကျွန်တော်တို့ကို ( CIE )စီအိုင်အီး ရေစုပ်စက်ကလေး ထုတ်ပေးလိုက်တာ” ဟု ဆိုကာ ကုန်းပတ်ထက် ခေါင်းတိုင် ခြေရင်းတွင် ရှိနေသည့် ရေစုပ်စက်ငယ်အား ပြသည်။ ရေစုပ်စက်မှာ ကြိုးများနှင့် ဆိုင်းထားရသည်။
“ကဲ မင်းစက်ခန်းထဲမှာ တခြား လူစား တယောက်ထား၊ မင်း ရေစုပ်စက်ကို နှိုးလို့ရမလား နှိုးကြည့်စမ်းကွာ” ဟု ပြောလိုက်သည်။
တပ်ကြပ်/စက် အောင်မြင့်သည် စက်ခန်းတွင်းသို့ ပြန်ဝင်သွားပြီး အတန်ကြာသောအခါတွင် စက်ပစ္စည်း ကိရိယာအချို့နှင့် ပြန်တက်လာသည်။
ထိုစဉ် ဗိုလ်ကြီး စောဦး ပဲ့စင်ထက် ပြန်တက်လာကာ
“ရေတွေ တရဟော ဝင်နေတယ် စီအို၊ အပျက်အစီးကိုတော့ မတွေ့ရဘူး၊ Underwater ( ရေအောက် ) အပျက်အစီးနဲ့ပဲ တူတယ်” ဟု သတင်းပို့သည်။ ကျွန်တော်က ကိုယ်တိုင်ကြည့်ရှုနိုင်ရန်အတွက်
“ကဲ ... ခင်ဗျား ဒီမှာ နေရစ်၊ ခု ရေကြောင်းမှာ တတ်နိုင်သမျှ ထိန်းထား” ဟု ညွန်ကြားခဲ့ကာ ပဲ့အိမ်တွင်း ဝင်ခဲ့သည်။
ပဲ့အိမ်တွင်းမှာလည်း မြေပုံထားသည့် စားပွဲမှအစ ဗြောင်းဆန်အောင် ကသောင်းကနင်း ဖြစ်နေသည်။ ကျွန်တော်နှင့်အတူ တပ်ကြပ် မောင်အေး ကို ခေါ်ခဲ့သည်။ ပဲ့အိမ်တွင်း လှေကားမှ ဦးခန်းတွင်းသို့ ဆင်းလိုက်ရာတွင် ဦးခန်းတွင်း ကြမ်းပြင်ထက်တွင် ပင်လယ်ရေများ ခြေသလုံးခန့် ရှိနေပြီကို တွေ့ရတော့၏။ ဘေးအိပ်စင်များတွင် အိပ်စင်ဘောင်ကိုတွယ်ဖက်လျက် ကြောက်ရွံ့ထိတ်လန့်သည့် မျက်နှာကိုယ်စီဖြင့် ရပ်နေကြသည့် ရဲဘော်တစုကို တွေ့ရ၏။ ရေဘယ်က ဝင်သည်ဟု သူတို့လည်း အတိအကျ မပြောနိုင်ကြ။ ကျွန်တော် ကြိုးစား၍ ရေဝင်သည့်နေရာကို လိုက်ရှာသော်လည်း မတွေ့။ ရေမှာ တရိပ်ရိပ်သာ တက်နေသည်။
“ကဲ ... မောင်အေး၊ မင်း ဒီမှာ နေရစ်၊ ရှေ့ဦးပိုင်း အံဖုံးတံခါးကို ဖွင့်၊ အဲဒီ အပေါက်ကနေ သံပုံးနဲ့ တတ်နိုင်သမျှ ရေခပ်ထုတ်ဖို့ ငါစီစဉ်မယ်၊ ဒီမှာ ရှိတဲ့ ရဲဘော်တွေ အားလုံးကို တလှည့်စီ ကြည့်ခိုင်း” ဟု ဆိုကာ ကုန်းပတ်ပေါ် ပြန်တက်ခဲ့သည်။ တပ်ကြပ် မောင်အေးသည် ရှေ့ပိုင်း ကုန်းပတ် အံဖုံးတံခါးကို ဖွင့်ရန် အတွက် ဦးဘက်သို့ လျှောက်သွားသည်။
ကျွန်တော် ကုန်းပတ်ထက် ပြန်ရောက်သောအခါ ရေစုပ်စက်ကို နှိုးရန် ကြိုးစားနေကြသော်လည်း နှိုး၍မရနိုင်သေးသည်ကို တွေ့ရသည်။
တပ်ကြပ်/စက် ကျော်ညွန့်မှာ ခရီးကြုံစီး ရဲဘော်တဦးဖြစ်သည်။ သူသည် ဓာတ်ဆီသုံး အင်ဂျင်စက်များကို အလွန် ကျွမ်းကျင် နိုင်နင်းသူ ဖြစ်၏။ သူလည်း စက်နှိုးရာတွင် ဝင်ရောက် ကူညီနေသည်ကို တွေ့ရသည်။ သို့သော် ရေစုပ်စက်က ဖွတ်ချက် ဖွတ်ချက်သာ မြည်နေသည်။ မနှိုး။
ထိုစဉ် ရှေ့ဆီသို့ ကြည့်နေသော ဗိုလ်ကြီး စောဦးက
“ဟေ့ ... ရှေ့က အံဖုံးတံခါးကို ဘယ်သူ ဖွင့်တာလဲ ကွ” ဟု လှမ်းအော်နေ၏။
ကျွန်တော်က ပဲ့စင်ထက်သို့ အပြေးအလွား တက်လိုက်ကာ ...
“ကျုပ် ဖွင့်ခိုင်းတာပဲ ဗိုလ်စောဦး၊ အဲဒီ အပေါက်က သံပုံးတွေနဲ့ ခပ်ထုတ်ခိုင်းမလို့” ဟု ဆိုလိုက်သည်။
“ဟာ မဖြစ်ဘူးထင်တယ် စီအို၊ ဟိုမှာ ကြည့်ပါဦး”
သူ ပြော၍ ကျွန်တော်ကြည့်လိုက်သည်တွင် လှိုင်းလုံးတလုံးသည် ကျုံး၍တက်လာကာ ဦးပိုင်းကို ဖုံးသွားသည်တွင် ဖွင့်ထားသော အံဖုံးတံခါးမှ ဦးပိုင်းခန်းတွင်းသို့ တရဟော ဝင်သွားသည်ကို မြင်လိုက်ရသည်။
“ဟာ ... ဟုတ်တယ်၊ ဖြစ်မယ် မထင်ဘူး၊ သွားပြီး ပြန်ပိတ် ခိုင်းလိုက်ဗျာ”
ဗိုလ်စောဦး ပြန်ဆင်းသွားသည်။ ဤ အကြိမ်တွင် ဗိုလ်သန်းလွင်လည်း သူနှင့် လိုက်သွားသည်ကို တွေ့ရ၏။ ကျွန်တော်က ပဲ့စင်ထက်တွင် ကြီးကြပ်မှု တာဝန်ကို ဆက်ယူသည်။ တပ်ကြပ်ကြီး ကိုကိုကြီးက တက်မကို ကိုင်လျက်ရှိနေသည်။ ထိုအခိုက် နောက်ထပ် ဝုန်းဒိုင်း အသံများ ဦးဆီမှ ကြားရသည်။ သစ်သား ကျိုးသံများလည်း ကြားရသည်။ ရေများဖုံးနေ၍ သဲကွဲစွာမမြင်ရ။ ပဲ့စင်အနီးတွင် တပ်ကြပ် စံခို ဆိုသူရှိနေသည်။ စံခိုမှာ ကျွန်တော် ရဲဘော် ဘဝကပင် ရင်းနှီးသူ တဦးဖြစ်သည်။ သူသည် ချင်း အမျိုးသား ရဲဘော်တဦးဖြစ်၏။
“ဟေ့၊ စံခို၊ မင်း ဦးပိုင်းကို ကုန်းပတ်ပေါ်က လျှောက်သွားပြီး ဘာဖြစ်သလဲသွားကြည့်စမ်း၊ ခါးကို ကြိုးတချောင်းနဲ့ ချည်သွားနော်၊ တယော်ယောက်ကို အသက်ကယ်ကြိုး ( life line ) ကိုင်ဖို့ ပြောထားပြီး သွား၊ ဟုတ်လား”
“ဟုတ်ကဲ့ စီအို”
ရှေ့ပိုင်း ဦးဘက်ဆီသို့ ကုန်းပတ်ထက်မှ လျှောက်သွားရန် ဆိုသည်မှာ ယခုကဲ့သို့သော လှိုင်းလေတွင် ဧရာမ စွန့်စားခန်းကြီး တရပ်ဖြစ်ပါသည်။
လှိုင်းက ကုန်းပတ် တခုလုံးကျော်သွားပြီးမှ ပင်လယ်တွင်း ဆင်းသွားသည်။ လှိုင်းလုံးနှင့် အတူ လူလိမ့်ကျ ပါသွားနိုင်သည်။ ကိုင်စရာ၊တွယ်စရာ တခု မရခဲ့လျှင် လူအင်အားချည်း သက်သက်နှင့်တော့ လှိုင်းဒဏ်ကို မခံနိုင်။ ပင်လယ်တွင် ခြေက မမြဲ၊ လက်က မြဲစေရသည်။
ကိုယ့်အသက်သည် ကိုယ့်လက်တွင်းမှာပင် ရှိ၏။ မတော်တဆ လိမ့်ကျသွားခဲ့သော် တစုံတဦးက ဆွဲတင်ယူနိုင်စေရန်အတွက် မိမိခါးကို ကြိုးတချောင်းနှင့် မြဲစွာ ချည်နှောင်ထားပြီးမှ သွားရသည်။ စံခိုသည် ကြိုးတချောင်းကို ခါးတွင် ချည်နှောင်ကာ ဦးပိုင်းဆီသို့ လက်ကိုင်တန်းတလျောက် ကိုင်တွယ်ခိုပြီးမှ သွားကြည့်သည်။ အတန်ကြာသော် ပြန်လာပြီး -
“ရှေ့ပိုင်ွး Gun Pit ( အမြောက်အောက်ခြေသံမဏိပြားဝိုင်း ) ကြီး အောက်ခြေမူလီတွေ ပြတ်ထွက်ပြီး ယမ်းနေတယ်၊ Ventilor Hatch Cover ( အံဖုံးတံခါး ) လဲ ကျိုးသွားပြီ” ဟု သတင်းပို့သည်။
ကျွန်တော် အခြေအနေကို နားလည်လိုက်ပါသည်။ ရှေ့ပိုင်းရှိ ၄၀ မမ ဘိုဖာ အမြောက်ကြီးကို “ပ” ပုံသဏ္ဌာန်ရှိ သံပြားဖြင့် အောက်ခြေမှ ဝိုင်းလည်ကာထားသည့် သံမဏိပြားဝိုင်းကြီး ရှိသည်။ ထိုအဝိုင်းကြီးကို အောက်ခြေပတ်လည်တွင် သင်္ဘောကုန်းပတ်နှင့် မူလီများအားဖြင့် စုပ်တွယ်ထားသည်။ ထိုမူလီများသည် တော်ရုံတန်ရုံမျှသော ဒဏ်ကို မဖြုံ။ သို့သော် ယခု ပြင်းထန်သော လှိုင်းလုံးများက ဆက်ကာဆက်ကာ သံပြားဝိုင်းကို တိုက်သောအခါတွင်မူ နှစ်တာရှည်စွာ သံချေးစားသော မူလီများပြတ်ထွက်ကုန်ကြသည်။ မူလီများ ပြတ်ထွက်သွားသည့် ပ ပုံသဏ္ဌာန် သံပြားဝိုင်းကြီးသည် ရေတွင် ကျသွားခဲ့လျှင် တော်ပေမည်။ ယခုမူ မည်သည့်နည်းနှင့်မျှ ကျမသွားနိုင်။ ပပုံတွင် ပွင့်နေသည့်အပိုင်းမှာ လူနှစ်ဦးစာ ဝင်သာရုံမျှသာ ရှိသည်။
အမြောက်စင်၏ အောက်ခြေထုက ထိုအပေါက်ထက် အဆမတန် ကြီးမားသည်။ ထို့ကြောင့် အမြောက်စင်ကာသံပြားသည် အမြောက်ကြီးကို ဗဟိုပြုလျက် လှိုင်းလုံးဆောင့်တိုင်း ချာလည်ပတ်လည် ယမ်းကာ အနီးဝန်းကျင် ရှိသမျှကို စိတ်ရှိ လက်ရှိ ရိုက်ချိုးနေသည်နှင့် တူတော့သည်။
သူ့ကို ထိန်းချုပ်ရန် အဆိုထား၊ အနီး ဝန်းကျင်သို့ပင် မသွားရဲကြတော့။ မမျှော်မှန်း နိုင်သည့် အချိန်အတွင်း မမျှော်မှန်းသည့် လှိုင်းလုံးတလုံး ပြေးဆောင့်လိုက်ပါက အမြောက်စင် သံပြားဝိုင်းကြီးသည် ပြေးဆောင့်ဝင်လာမည် ဖြစ်သည်။ ၂၅ ဟနြ္ဒိတ်မျှ မကရှိသည့် သံပြားဝိုင်းကြီး တခုနှင့် တအားပြေးဆောင့်သည့် ဒဏ်ကို မည်သည့် လူသားမျှ ခံနိုင်ကြမည် မဟုတ်။ ကျွန်တော်သည် ပဲ့စင်ထက်တွင် ရပ်ကာ ဦးပိုင်းကုန်းပတ်ထက်တွင် နွားရိုင်းကြီးတကောင် လွတ်သလို ထင်တိုင်း သောင်းကျန်းနေသည့် သံပြားဝိုင်းကြီးကို မြင်ရသည်တချက်၊ မမြင်ရသည် တချက်နှင့် မတတ်သာ၊ မနိုင်သာ ကြည့်နေရတော့သည်။ သစ်သားများ၊ သံတိုင်များ တဖြောင်းဖြာင်း ကျိုးသံကိုမူ နားမချမ်းသာစွာ ကြားနေရသည်။
ထိုစဉ် ဗိုလ်ကြီး စောဦးနှင့် ဗိုလ်လေး သန်းလွင်တို့ ပဲ့အိမ်အတွင်းမှ ပြေးထွက်လာကာ ...
“စီအို၊ ရေတွေ အောက်ကလဲ ဝင်တယ်၊ Hatch Cover လဲ ကျိုးသွားပြီ၊ အပေါက်ကလဲ တရဟော ဝင်နေတယ်” ဟု သတင်းပို့သည်။
“ကျွန်တော်သိတယ် ဗိုလ်စောဦး၊ ရှေ့ပိုင်းကံHatch Cover ( အံဖုံးတံခါး ) ကျိုးသွားပြီ၊ ရေပုံးနဲ့ ရေခပ်ထုတ်ဖို့လဲ မဖြစ်နိုင်တော့ဘူး၊ ရှေ့ပိုင်းက ရဲဘော်တွေ အကုန်ထွက်ခိုင်းပြီး Water Tight Door ( ရေလုံတံခါး ) တွေသာ ပိတ်လိုက်ပေတော့”
ဗိုလ်ကြီး စောဦး ရေလုံတံခါးများ ပိတ်ရန် ပြန်ဆင်းသွားသည်။ ထိုအချိန်တွင် ကျွန်တော်က ကြိုးမဲ့ကြေးနန်း တပ်သားအား အခေါ်ခိုင်းလိုက်၏။တပ်သား ခင်မောင်လတ် မှာ သူ၏ ကြိုးမဲ့ကြေးနန်း စက်ခန်းဖြစ်သော ပဲ့အိမ်တွင်းမှာ ရှိနေသည်။
“ဟေ့ ခင်မောင်လတ်၊ Massage pad ( က/န ပုံစံ စာရွက် ) ယူခဲ့၊ ဒါထက် မနေ့ညက ပို့ခိုင်းခဲ့တဲ့ က/န နှစ်စောင် ပို့ပြီးပြီ မဟုတ်လား”
“မပို့ရသေးဘူး စီအို”
“ဟင် ....”
ကျွန်တော်သည် အလွန် အံ့အားသင့်လျက် အလွန်လည်း စိတ်ဆိုးသွားပါသည်။
“ဘာဖြစ်လို့ မပို့သလဲကွ၊ မင်း အဲဒါပို့မပြီးရင် မအိပ်နဲ့လို့ ငါ သေသေချာချာ မှာထားတယ် မဟုတ်လား”
သူသည် မည်သို့မျှ အဖြေမပေး။ သူ လှိုင်းမူးနေသည်ကို ကျွန်တော် သိပါသည်။ သို့သော် မည်သို့မျှပင် လှိုင်းမူးသည်ဖြစ်စေ၊ ( ညက လှိုင်းသည်လည်း မဖြစ်စလောက်ဟု ထင်ပါသည် ) တာဝန်ကိုတော့ ကျေပွန်စွာ ထမ်းသင့်သည်ဟု ကျွန်တော်ထင်သည်။ ယခုမူ ကျွန်တော့် ထင်မြင်ချက်သည် ပါစင်အောင် လွဲခဲ့ပြီဖြစ်၏။ ကျွန်တော့်ပါးစပ်မှ ဖရုဿဝါစာတွေ တသီကြီး ထွက်သွားသည်။
“သွား၊ ၊ Massage pad ယူခဲ့၊ စက်ဖွင့်၊ ငါ ကိုယ်တိုင် ပို့မယ်”
ခင်မောင်လတ်သည် သတင်းပို့ ပုံစံစာရွက်ယူရန် ပဲ့အိမ်တွင်း ပြန်ဝင်သွားသည်။ ဗိုလ်ကြီးစောဦး ပြန်ဝင်လာကာ ရေလုံတံခါးများ ပိတ်ထားခဲ့ပြီဖြစ်ကြောင်း ပြောသည်။ သို့သော် ရေလုံတံခါးများ ကောင်းစွာ စိတ်ချရမည် မထင်ကြောင်း ပြော၏။ ရှေ့ပိုင်း ဦးခန်းတွင် ရေသည် ရင်ခေါင်းမျှထိ ရှိနေပြီ ဖြစ်ကြောင်းလည်း ပြော၏။ ကျွန်တော် ရပ်နေရာ ပဲ့စင်ထက်မှ ကြည့်လိုက်ရာတွင် သင်္ဘောဦးသည် ယခင်ကလှုပ်ရှားမှုမျိုးဖြစ်သည့် မြင်း ပတပ်ရပ်သကဲ့သို့ ဦးထောင်ခြင်းမျိုးကို လုံးဝ မပြုတော့ဘဲ ဦးစိုက်နေပြီ ဖြစ်ကြောင်း တွေ့ရတော့၏။
“ကဲ ... ဗိုလ်စောဦး၊ ပဲ့စင်ပေါ်တက်၊ စက်မကြီးကို ရှေ့လုံးဝ မမောင်းနဲ့တော့ ၊ Water-Tight Doors တွေက ဘယ်လောက် ကြာကြာခံမယ်မသိဘူး၊ ကျွန်တော် Massage ပို့လိုက်ဦးမယ်”
ကျွန်တော်သည် သင်္ဘော အတိဒုက္ခရောက်ချိန်တွင် ပို့လေ့ရှိသည့် Distress Signal ခေါ် အက်စ်-အို-အက်စ် S.O.S သတင်းပို့လွင့်ရန်အတွက် ပဲ့အိမ်တွင်း စက်ရှိရာသို့ ဝင်လာခဲ့သည်။ ကျွန်တော် အရာရှိမဖြစ်မီက ဆက်သွယ်ရေးတပ်တွင် တပ်ကြပ်အဆင့်အထိ အမှုထမ်းခဲ့ဖူးဖြင်းကြောင့် အင်္ဂလိပ် ကြိုးမဲ့ကြေးနန်း ပို့သည့် မော့စ် သင်္ကေတကို ကောင်းစွာ တတ်ပါ၏။ ထို့ကြောင့် ခင်မောင်လတ်အား မလွှဲတော့ဘဲ ကိုယ်တိုင် ပို့လွင့်ရန်အတွက် စက်ကို ဖွင့်လိုက်သည်။ စက်ဖွင့်လိုက်သည် ဆိုလျှင်ဆိုချင်းပင် စက်အတွင်းမှ မီးပန်းမီးပွား မီးခိုးများ ထွက်လာကာ တစုံတရာကို လောင်ကျွမ်းသည့် ညှော်နံ့များပါ ပေါ်လာတော့သည်။ ကြေးနန်းရိုက်လက်တံ Morse Key ကို ကိုင်ထားသည့် ကျွန်တော့် လက်များကို ဓာတ်လိုက်ကာ နောက်သို့ လန်သွားတော့သည်။
ကြိုးမဲ့ ကြေးနန်းစက်၏ ပင်မ လျှပ်စစ်ဓာတ်အးပေးစက်မှာ ၁၁၀ ဒီစီ ဖြစ်ခြင်းကြောင့်သာလျှင် ဓာတ်လိုက်၍ မသေခြင်း ဖြစ်သည်။ အမေရိကန် စက်များတွင် လျှပ်စစ် ဗို့အား ၁၁၀ ဒီစီကိုသာလျှင် သုံးသည်။ သို့သော် လျှပ်စစ် ဓာတ်အားလွှတ်တိုင်း ဆက်သွယ်ထားခြင်းမှာ မူလက အတိုင်း မဟုတ်တော့ဘဲ သင်္ဘော၏ မီးအားပေးလိုင်းတို့နှင့် ဆက်သွယ်ထားခြင်း ဖြစ်သည့်အတွက် သင်္ဘောဦးပိုင်း ရေဝင်သည်ဆိုလျှင်ပင်ဓာတ်အားလိုင်း ဝါယာကြိုးများ ဓာတ်လိုက်နေခြင်း ဖြစ်သည်။
ကျွန်တော်က နောက်တချီ အသံလွှင့်စက်ကို ထပ်ဖွင့်ရန် ကြိုးစားကြည့်ရာ နောက်တချီ ဓာတ်လိုက်ကာ မီးခိုးများ အူထွက်လာပြီး အသံလွှင့်စက် ရပ်ဆိုင်းပျက်စီး သွားတော့သည်။ ကျွန်တော်တို့တွင် ဤစက်မှတပါး အရေးပေါ် အသုံးပြုရန်အတွက် ဘက်ထရီဖြင့် သုံးသည့် ကြိုးမဲ့ကြေးနန်းစက် မပါရှိ။ ဤစက်သာလျှင် ကျွန်တော်တို့ ဌာနချုပ်နှင့် ဆက်သွယ်ရာ၊ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရာတွင် တခုတည်းသောအားကိုးရာ ဖြစ်၏။ ယခု စက်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ စက်ကောင်းစဉ်ကလည်း သတင်း မပို့နိုင်ခဲ့၊ သတင်းပို့ရန် ပျက်ကွက်ခဲ့သည်။
အနည်းဆုံးအားဖြင့် ည ၈ နာရီ ခရီးစဉ် သတင်းကို ဌာနချုပ်မှ ရရှိခဲ့လျှင် ကျွန်တော်တို့ သင်္ဘော မည်သည့်အရပ်သို့ ဦးတည် ခုတ်မောင်းနေသည်။ မည်သည့်နှုန်းနှင့် ခုတ်မောင်းနေလျက် မည်သည့်နေရာတွင် ရောက်ရှိနေလောက်ပြီကို ခန့်မှန်းနိုင်မည် ဖြစ်သည်။
ယခုသော် ကျွန်တော့် သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းမှ ခွာသည်တွင် ထွက်ခွာသည့် အကြောင်းကိုသာ သိခဲ့ရလျက် လမ်းခရီးတွင် မည်သည့် သတင်းပို့ချက်မှ မပြုခဲ့။ ဤသည်မှာ ကျွန်တော်တို့၏ ကံကြမ္မာကို အဆိုးဆုံးဖြစ်စေသည့် ကျွန်တော်တို့၏ဘက်မှ ချွတ်ယွင်းချက် ဖြစ်သည်။
ယခု အလွန် အချိန် နောက်ကျခါမှ မည်သည့်ဆက်သွယ်မှုကိုမျှ ပြု၍ မရတော့မှ ကျွန်တော် သိရတော့သည်။ကျွန်တော်သည် ဒေါသဖြစ်လျက် ဝိုင်ယာလက်စက်ကို ကျောခိုင်းကာ ပဲ့စင်ထက် ပြန်တက်လာခဲ့သည်။
“အခြေအနေ ဘယ်လိုလဲ ဗိုလ်စောဦး”
“အခြေအနေက မကောင်းဘူး စီအို၊ နောက်ခံရင် နာရီဝက် တနာရီလောက်ပဲ ခံမယ်၊ စီအို အက်စ်အိုအက်စ် ပို့နိုင်ခဲ့သေးသလား”
ဗိုလ်စေဦးက မျှော်လင့်တကြီး မေးသည်။
“မေးမနေနဲ့ ဗိုလ်စောဦး၊ အက်စ်အိုအက်စ်လဲ မပို့နိုင်ဘူး၊ ညကလဲ Massage တစောင်မှ မပို့နိုင်ခဲ့ဘူး၊ စက်လဲ ရှော့(တ) ဆာကတ် ဖြစ်လို့ ပျက်သွားပြီ၊ ရေစုပ်စက်ပန့် နှိုးလို့ ရသလား”
“မရဘူး စီအို၊ လက်နဲ့ စုပ်တဲ့ ချဲလင့်ပန့်နဲ့ (Challenge Pump ) နဲ့ပဲ စက်ခန်းမှာ စုတ်ထုတ်နေရတယ်၊ စက်ခန်းလဲ ရေတော်တော် ဝင်နေပြီလို့ သတင်းပို့တယ်”
သင်္ဘောဝမ်းခေါင်းတွင်းမှ တောက်လျှောက် စီးဝင်သော ရေသည် သင်္ဘော၏ ပဲ့ဘက် စက်ခန်းတွင်းသို့ ဝင်ရောက်စ ပြုနေပြီ ဖြစ်သည်။သင်္ဘောဦးမှာ လုံးဝပြန်မထောင်နိုင်တော့ဘဲ စိုက်နေပြီ။ ရာသီဥတုမှာ ကြည်လင်လာသည် ဖြစ်ခြင်းကြောင့် မော့(စ)ကော့(စ) ကျွန်းများကို မိုးကုပ်စက်ဝိုင်းတွင် ညို့မှိုင်းမှိုင်း အုပ်ဆိုင်းစွာ တွေ့ရသည်။ ၁၅ မိုင်၊ မိုင် ၂၀ မျှသာလျှင် ဝေး၏။ ကျွန်တော့် သင်္ဘောသည် တောင်အစွန်ဆုံး မော့(စ)ကော့(စ) ကျွန်းကြီး၏ အနောက်ဘက်တည့်တည့် မိုင် ၂၀ မျှ အကွာ၌ ဒုက္ခ တွေ့ကြုံနေရခြင်း ဖြစ်သည်။
“ဗိုလ်စောဦး၊ ပဲ့ပိုင်း အမြောက်ကို ပစ်ဖောက်ဗျာ၊ နောက်ဘက်ကို ဗိုလ်သန်းလွင်ကို ကြည့်ခိုင်း (Distress Signal ) အဖောက်ခိုင်း”
ပင်လယ်ပြင်တွင် သင်္ဘောများ အန္တရာယ် တွေ့ကြုံခဲ့သော် အကူအညီတောင်းခံသည့် နည်းလမ်းများအနက် ပေါက်ကွဲစေတတ်သည့် လက်နက်တစုံတရာကို အချက်မှန်မှန် ပစ်ဖောက်၍ အကူအညီတောင်းခံခြင်းမှာ နည်းလမ်းတလမ်းဖြစ်သည်။
ကျွန်တော်တို့ ဝန်းကျင်တွင် သင်္ဘော တစင်းမျှ မတွေ့ရသော်လည်း မိုးကုပ်စက်ဝိုင်း တဖက်မှ အသံကြားလိုကြားငြား၊ သင်္ဘော တစင်းတလေ ရှိလိုရှိငြား ပစ်ဖောက် ခိုင်းခြင်း ဖြစ်၏။ ခဏကြာသော် ပဲ့ဘက်ရှိ ၄၀ မမ ဘိုဖာ အမြောက်သံသည် မြည်ဟည်းလျက် ထွက်ပေါ် လာသည်။ ခဏကြာသော် “ ထိုင်း ထိုင်း ထိုင်း ထိုင်း” ဟူ၍ ချက်မှန်ညီစွာ ပစ်ဖောက်လျက်လျက် ရ၏ှိ ။ ယမ်းထောင့် တကပ်ပြီး တကပ်ထည့်၍ ပစ်ဖောက်နေကြသည်။
ထိုအချိန်၌ သင်္ဘော ဦးပိုင်းတွင် လူနေရန် မဆိုထား၊ သွား၍ပင် မရသည်ကြောင့် သင်္ဘောရှိ လူအားလုံးသည် ပဲ့စင်၏နောက်ဘက် တဝိုက်နှင့် ပဲ့ဘက် အမြောက်စင် အနီးတွင်သာ တွယ်ကပ်ခိုကပ် နေကြရသည်။ လေမှာ အတန်ငြိမ်သွားပြီဖြစ်သော်လည်း လှိုင်းလုံးများမှာ တလုံးပြီး တလုံး အရှိန်အဟုန်ပြင်းစွာ ဆင့်ကဲ လာနေဆဲဖြစ်သည်။
“ဗိုလ်စောဦး၊ လူတွေအားလုံး အသက်ကယ် အင်္ကျီ ဝတ်ထားခိုင်းဗျာ၊ နောက်ပြီး ( Abandon Ship )
( သင်္ဘောစွန့်ခွာခြင်း ) လုပ်ရရင် အသင့် ဖြစ်နေအောင် အသက်ကယ်ဖောင်တွေကို ဖွင့်ထားဗျာ”
ဗိုလ်စောဦးသည် အသက်ကယ် ဖောင်များ ဖွင့်ရန် ပဲ့စင်ထက်မှ ဆင်းသွားသည်။ ကျွန်တော်တို့ သင်္ဘောပေါ်တွင် အသက်ကယ်လှေဟူ၍ မပါရှိချေ။ သင်္ဘောမှာ သေးငယ်သည်ကြောင့် အသက်ကယ်လှေတင်ရန် နေရာမရှိသည့်အတွက် အသက်ကယ်လှေအစား ရော်ဘာဖြင့် ပြုလုပ်ထားသည့် အသက်ကယ်ဖောင်များကို ထုတ်ပေးထားသည်။ ခရီးသည်တင် လေယာဉ်များတွင် အသုံးပြုသည့် အလိုအလျောက် လေသွင်းခြင်း ပြုနိုင်သည့် ရော်ဘာ အသက်ကယ်ဖောင် အမျိုးအစား ဖြစ်သည်။ ထိုဖောင်ကို ပတ္တူစဖြင့် ထုပ်ပိုးထားကာ အရေးကြုံမှ ပင်လယ်တွင် ချ၍ အသုံးပြုရခြင်း ဖြစ်သည်။ ထို အသက်ကယ်ဖောင် မျိုး နှစ်ခု ပါရှိ၏။
ကျွန်တော်က ပဲ့စင်ထက်မှနေကာဗိုလ်စောဦး ဖောင်ဖွင့်ရန် ကြိုးစားနေသည့် ဝဲဘက်ပဲ့ပိုင်း ကုန်းပတ်ဆီ ကြည့်နေသည်။ သင်္ဘောမှာ နောက်စက်ကိုသာလျှင် ခုတ်မောင်းနိုင်သည်။ ရှေ့သို့ မမောင်းရဲ မမောင်းဝံ့။ ရေတိုးသည့် အရှိန်နှင့် ရေလုံတံခါးနှင့် နံရံများ ပြိုကျမည်ကို စိုးရသည်။ ယခုပင် ရေသည် စက်ခန်းတွင်းသို့ စတင် ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ ဗိုလ်သန်းလွင်မှာ ပဲ့ပိုင်း စက်အမြောက် ဖောက်ခြင်းကို ကြီးကြပ်နေဆဲ ဖြစ်၏။ သင်္ဘောနစ်တော့မည်မှာ သေချာသည်။ အချိန်ပိုင်းမျှသလျှင် ကျန်တော့သည်။ ကျွန်တော် ကြံရွယ်သည်မှာ အသက်ကယ် ဖောင်နှစ်စင်းကို ဝဲဘက်တွင် တစင်း၊ ယာဘက်တွင် တစင်း အဆင်သင့် ဖွင့်ထားလျက် လူအများကမူ နောက်ဆုံး အချိန်အထိ သင်္ဘော ပေါ်တွင်နေကြရန် ဖြစ်သည်။ ပင်လယ်ဟူသည်မှာ မပြောနိုင်။ ထို့အတူ သင်္ဘောနစ်ခြင်း ဟူသည်မှာလည်း အတပ် မပြောနိုင်။ ပင်လယ်ပြင်သည် တခဏတွင်းလှိုင်းလေ ငြိမ်သက်သွားလျှင်လည်း သွားနိုင်သည်။
သို့ဆိုလျှင် တနည်း တလမ်းဖြင့် ကျွန်တော်တို့ သင်္ဘောကို မနစ်မြုပ်စေရန် ပြုကောင်းပြုနိုင်မည်။ ထို့ပြင် သင်္ဘောသည် လုံးဝ စုံးစုံးမြုပ်သော်မှ မြုပ်မည်။ သင်္ဘောတနေရာတွင် လေခိုနေခြင်းကြောင့် ရက်ပေါင်းအတန်ကြာ ရေပေါ်တပိုင်းပေါ်၍ မျောနေတတ်သည့် သင်္ဘေများ အကြောင်းကို ကျွန်တော် ကြားဖူးနားဝ ရှိခဲ့သည်။ သို့ဖြစ်ခဲ့လျှင် ကျွန်တော်တို့လူစုသည် ဖောင်ပေါ်တွင်နေကြကာ ဖောင်နှစ်စင်းကို သင်္ဘောနှင့် တွဲချည်ထားခြင်းအားဖြင့် အခြား သင်္ဘောများက မြင်နိုင်ခွင့်၊ အသက်ရှင်ခွင့် ပိုများမည်။ ထိုအကြံနှင့် ဖောင်တစင်းကို ကျွန်တော်က ဝဲဘက် ပဲ့ပိုင်းတွင် စမ်းသပ် အဖွင့်ခိုင်းဖြင်းဖြစ်သည်။
“စမ်းသပ်အဖွင့်ခိုင်း” ဟု ဆိုခြင်းမှာ ဤ အသက်ကယ် ဖောင်မျိုးကို ယခင်က ကျွန်တော် အသုံးမပြုခဲ့ဖူးသည်သာမက မြင်ပင် မမြင်ဖူးခဲ့ချေ။
ကျွန်တော်သာ မဟုတ်၊ ဗိုလ်စောဦးလည်း ဖွင့်၍ မကြည့်ဖူးပေ။ သူသည် အသက်ကယ်ဖောင့် ဖွင့်သည့် အညွန်းကို ဖောင် ရစ်ပတ် ထုပ်ထားသည့် ပတ္တူစ ပေါ်တွင် ဖတ်ရှုပြီးနောက် ဖောင်ကြိုးစ သေးသေး တချောင်းကို ယူကာ သင်္ဘောလက်ရန်းတိုင်တွင် ရစ်ပတ် ချည်နှောင် လိုက်သည်။ ထို့နောက် အနီးတွင်ရှိသော ရဲဘော်များ၏ အကူအညီဖြင့် ဖောင်ထုပ်ကို မက ပင်လယ်တွင်းသို့ ပစ်ချလိုက်တော့၏။
“ဖုန်း” ခနဲ အသံ မြည်သံ ကြားရပြီးသည့်နောက်တွင် “ရှူး” ဟူသော အသံရှည်ကြီး တမိနစ်ခန့် မြည်သံ ကြားရပြီးသည့်နောက် ကျွန်တော်တို့၏ မျက်စိရှေ့တွင်ပင် လိမ္မော်ရောင်ရှိသည့် ရော်ဘာဖောင်တခုသည် ပင်လယ်ပြင်ထက်တွင် မျက်လှည့်ပြလိုက်သည့်အလား ပွင့်ကား ထွက်ပေါ်လာတော့သည်။ လိမ္မော်ရင်ရင့်အရောင် အသက်ကယ်ဖောင် ဝိုင်းဝိုင်းကလေးသည် အပြာရောင်ရှိသည့် ပင်လယ်ပြင်၏ ဒေါသမာန်ထနေသော လှိုင်းလုံးများကြားတွင် ကိုယ်ဖော့ ဝပ်စင်းနေသည့် ငှက်တကောင် ပမာ ပေါ့ပါးစွာ မြူးထူး ကစားနေသည်။
ကျွန်တော်နှင့် ဗိုလ်စောဦးတို့ ရပ်ကြည့်နေစဉ် အခိုက်တွင်ပင် ဖောင်ဖွင့်ရာ အနီးပတ်ဝန်းကျင်တွင် ရှိသည့် ရဲဘော်များသည် ဖောင်တွင်းသို့ ခုန်ချသူက ခုန်ချ၍ ဒိုင်ဗင်ထိုးချသူက ထိုးချကြတော့သည်။ ပဲ့အိမ်တွင်းမှ ကြည့်နေသည့် ရဲဘော် တချို့က ပြေးထွက်လာကြသည်တွင် ကျွန်တော်က ပဲ့စင်ထက်မှ နေ၍ ...
“ဟေ့ကောင်တွေ လာကြ၊ မပြေးကြနဲ့၊ မဆင်းကြနဲ့” ဟု လှမ်းအော်သည်။ အသံ မဆုံးမီပင် သုံးလေးဦး ခုန်ချပြီးနှင့် ကြပြီ ဖြစ်သည်။
“ ဗိုလ်စောဦး၊ ဘယ်သူမှ ဆင်းစေနဲ့၊ ဟေ့ ... မင်းတို့ကို ဘယ်သူက Abandon Ship ( သင်္ဘောစွန့်ခွာခွင့် ) အမိန့်ပေးလို့ ဆင်းတာလဲ၊ ငါက ဖောင်ဖွင့်ကြည့်ခိုင်းတာပဲ ရှိသေးတယ်”
ကျွန်တော်က သင်္ဘော စွန့်ခွာရန် အမိန့်မပေးပါဘဲလျက် သင်္ဘောပေါ်မှ မဆင်းကြရသည်ကို သူတို့ သိရှိကြပြီးသား ဖြစ်သည်။ သို့သော် ကိုယ့် ခြေထောက်အောက်တွင် ရှိနေသည်က နစ်မြုပ်နေသည့် ရေယာဉ် တစင်း၏ ကုန်းပတ်။ ပင်လယ်တွင် မြင်ရသည်က ရေယာဉ်ထက် ပို၍စိတ်ချရမည် ထင်သော အသက်ကယ်ဖောင်တခု။ သူတို့၏ အသက်ရှင်နေထိုင်လိုမှု အသိသည် စည်းကမ်းကို မေ့လျော့ သွားစေခဲ့သည်။ ကြောက်စိတ်က လွမ်းမိုးနေသည်။
“ဟေ့ကောင်တွေ ပြန်တက်လာခဲ့ကြ၊ ဗိုလ်စောဦး သူတို့ကို သင်္ဘောပေါ် ပြန်တက်ခိုင်း”
ကျွန်တော်သည် မဖြစ်နိုင်သည်ကို ဗိုလ်စောဦးအား ခိုင်းမိလျက်သား ဖြစ်နေတော့၏။ လှိုင်းလုံးများက အသက်ကယ်ဖောင်ကလေးကို ငှက်မွေးပမာ၊ ဖော့ပမာ ဆော့ကစားနေတော့၏။ ဖောင့်သည် သင်္ဘော၏ နောက်ဘက်တွင် ရှိနေခိုက် လှိုင်းတလုံးက ပင့်တင်လိုက်သည်နှင့် သင်္ဘောကုန်းပတ်ထက် မြင့်စွာသော လှိုင်းထိပ်ဖျားသို့ တမုဟုတ်ချင်း ရောက်သွားသည်။ လှိုင်းထိပ်ဖျားတွင် ခေတ္တမျှ တန့်နေခိုက် ကြည့်လိုက်ရာ ဖောင်တွင်းရှိ ရဲဘော်တစု၏မျက်နှာကို ခေတ္တမျှ မြင်လိုက်ရသည်။
ကျွန်တော် မြင်တွေ့ရသည်နှင့် မှတ်မိလိုက်သည့် မျက်နှာတခုမှာ တလျှောက်လုံး လှိုင်းမူးနေ၍ အလုပ်တာဝန်ကိုပင် မထမ်းဆောင်နိုင်သည့် ခင်မောင်လတ်ပင် ဖြစ်နေတော့သည်။ သူသည် စောစောက ပဲ့အိမ်တွင်းမှ ထွက်ပြေးခုန်ဆင်း သွားသူများအနက် တယောက်ဖြစ်သည်။ ကျန်ရှိသည့် ရဲဘော်များသည် အခိုက်အတန့်အားဖြင့်သာသတိလစ်ဟင်း ကြမည်ဖြစ်သော်လည်း တာဝန်ရှိသည့် စစ်ရေယာဉ်မှူးက မည်သူမျှ မဆင်းကြရန် တိကျသော အမိန့်ကို ပေးလိုက်သည်နှင့် တပြိုင်နက် သူတို့ ဆက်ဆင်းရန် မကြိုးစားကြတော့ပေ။ သူတို့ စိတ်တွင် အမိန့်နှင့် တာဝန် ဝတ္တရားကို ချက်ချင်း သတိရကြစေသည်။
ဖောင်နှင့် သင်္ဘော လက်ရန်းတိုင်ကို တွဲချည်ထားသည့်ကြိုးမှာ ၁၀ ကိုက် ၁၅ ကိုက်မျှ ရှည်သည်။ အသက်ကယ်ဖောင်သည် ကြိုး၏ အဆုံးတွင် လှိုင်းထိပ်တက်လိုက် လှိုင်းကြား ဆင်းလိုက်နှင့် ရှိနေရာ ဖောင်ပေါ်ရှိ ရဲဘော်များမှာ မည်သည့်နည်းနှင့်မျှ သင်္ဘောပေါ် ပြန်တက်ရန် မဖြစ်နိုင်ကြတော့။ မထူနိုင်မထနိုင် ရှိကြသည်။ လူကို ခန့်မှန်းရေတွက်ကြည့်ရာတွင် အရာရှိတဦးမျှ မပါသည်ကို ကျွန်တော် တွေ့ရသည်။
အရာရှိမဆိုထား တပ်ကြပ်တဦးမျှပင် မပါရှိခဲ့။ ထို့ကြောင့် သူတို့ ပြန်တက်၍ မရတော့သည့် အတူ နောက်ဆုံးအချိန်တွင် သင်္ဘောကိုလည်း စွန့်ခွာရမည့်အတူ နောက်ဆုံးအချိန်ထိ မဆိုင်းတော့ဘဲ သူတို့ ဖောင်ပေါ်သို့ အရာရှိနှင့် တပ်ကြပ် တဦး အပြင် တပ်ကြပ်ကြီး တဦးကိုဖောင်ပေါ် တင်ပေးရန် စီစဉ်ရတော့သည်။
“ကဲ ဗိုလ်ကြီး စောဦး၊ ခင်ဗျားလဲ အဲဒီဖောင်ပေါ် ဆင်းပေတော့၊ ကျွန်တော် နောက်တခု ထပ်ဖွင့်ပြီး သင်္ဘော ယာဘက်မှာ ချည်ထားမယ်၊ သင်္ဘောနစ်ရင် ဖောင်နှစ်စင်းလုံး တွဲချည်ထား၊ တပ်ကြပ် မောင်အေးကိုလဲ ခင်ဗျားနဲ့အတူ ခေါ်သွား၊ တပ်ကြပ်ကြီး ခင်မောင်ဝင်းလဲ ဆင်း၊ ဪ ... နေဦး၊ နေဦး Log Book ( ကုန်းပတ် နေ့စဉ် မှတ်တမ်း စာအုပ် ) မှာ သင်္ဘောစွန့်ခွာကြောင်း ရေးထည့်ပေးလိုက်ဦးမယ်၊ နောက်ပြီး Chart ( ရေကြောင်းသုံး မြေပုံ ) ကိုလဲ ခင်ဗျားပဲ ယူသွားပေတော့”
ကျွန်တော် ကပျာကသီနှင့် သင်္ဘော နစ်မြုပ်သည့် နေရာကို Chart အ ပေါ်တွင် ရေးမှတ်လိုက်ပြီး Log book တွင်ရေးထည့်ကာ စစ်ရေယာဉ်မှူး၏ လက်မှတ်ရေးထိုးလိုက်သည်။ အကယ်၍ ဗိုလ်စောဦး တယောက် ရှင်ကျန်နေခဲ့လျှင် သူ့တွင် တာဝန် မရှိစေရန် အတွက် ကျွန်တော့် အမိန့်နှင့် သင်္ဘောစွန့်ခွာကြောင်း သူ့တွင် သက်သေခံ အထောက်အထား ရှိစေရန် ဖြစ်သည်။
ထိုစဉ် စက်ခန်းတွင်းမှ တပ်ကြပ်အောင်မြင့် ထွက်လာကာ
“စီအို စက်မကြီးတွေ ရေဝင်ပြီး ရပ်သွားပြီ” ဟု သတင်းပို့သည်။
တိုက်ရေယာဥ ၁၀၃ သည် ရေပေါ်တွင် ရှိသေးသော်လည်း အသက် မရှိပြီ။ လှုပ်ရှားနိုင်စွမ်း မရှိပြီ။နောက်ဆုံး အချိန်သည် မကြာမတင်တွင် မလွဲမသွေ ဆိုက်ရောက်တော့မည် ဖြစ်သတည်း။
“အေး ... စက်ခန်းထဲမှာရှိတဲ့ ရဲဘော်တွေ အကုန် အပေါ်တက်ခိုင်း၊ ကိုင်း ... ဗိုလ်စောဦး ဆင်းပေတော့”
ဗိုလ်စောဦး မဆင်းမီတွင် ကျွန်တော်က သင်္ဘောနှင့် အသက်ကယ်ဖာင် နီးလာခိုက် မှတ်တမ်း စာအုပ်နှင့် မြေပုံကို ဖောင်အတွင်း ပစ်ချလိုက်သည်။ ဖောင်ပေါ်ရှိ ရဲဘော်များက ဖမ်းယူကြ၏။ ဗိုလ်စောဦးသည် သူနှင့်အတူ ခေါ်သွားရမည့် တပ်ကြပ် မောင်အေးဘက်သို့လှည့်ကာ ...
“ကဲ မောင်အေး၊ မင်း အရင်ဆင်း” ဟု အမိန့်ပေးလိုက်သည်။
မောင်အေးသည် ခုန်ဆင်းမည်ဟန်ပြင်နေစဉ်တွင် လှိုင်းတလုံးက ဆောင့်လိုက်ခြင်းကြောင့် ဖောင်သည် သင်္ဘောရှိရာမှ အဝေးသို့ လွင့်စဉ်သွားကာ ဖောင်နှင့် သင်္ဘော လက်ရန်းတိုင် ချည်ထားသော ကြိုးမှာ ထောက်ခနဲ ပြတ်ထွက်သွားတော့သည်။ ကြိုးပြတ်ထွက်သွားသည်ကို တွေ့ရသည်နှင့် တပြိုင်နက် ကျွန်တော်က ...
“ဟေ့၊ သင်္ဘောက ကြိုးတချောင်း ဖောင်ဆီကို ပစ်ပေးလိုက်” ဟု ကပျာကသီ ပြောသည်။
သင်္ဘောကုန်းပတ်ပေါ်တွင် သင်္ဘောကပ်လျှင် ချည်သည့် တလက်မခွဲပတ်လည် ရှိသော မနီလာ ကြိုးကြီးကိုပင် တပ်ကြပ်/စက် အောင်မြင့်က ကောက်ကာငင်ကာ ဖောင်ဆီသို့ ပစ်ပေးလိုက်သည်။ ပထမ တချီပစ်ရာတွင် ကြိုးသည် ဖောင်ဆီသို့ မရောက်။ ကြိုးစကို ပြန်သိမ်းပြီး ဒုတိယ တချီ ထပ်ပစ်သည်တွင် ကြိုးစသည် ဖောင်ပေါ်သို့ တည့်တည့်ကျသည်။ ဖောင်ပေါ်ရှိ ရဲဘော်တချို့ ကြိုးစကို ဖမ်းယူထားသည်။
“ဟေ့ ... မင်းတို့ဆီက ကြိုးစကို မြဲမြဲကိုင်ထား၊ တို့ ဒီက ဆွဲယူမယ်”
ဗိုလ်စောဦးက အော်ပြောက ကြိုးကို ဝိုင်းဆွဲကြသည်။ အသက်ကယ်ဖောင်သည် ကြိုးစတဖက်မှ တဖြည်းဖြည်း ပါလာသည်။လှိုင်းများကလည်း သောင်းကျန်းမြဲ သောင်းကျန်းနေသည်။ ထိုစဉ်တွင် ...
“ဟာ ... ကြိုးစ လွတ်ထွက်သွားပြီဟေ့”
ဟု အလန့်တကြား အော်သံကြားလိုက်ရသည်။ ကြိုးစသည် ကျွန်တော်တို့၏ ဆွဲနေသူများဘက်မှ မလွတ်။ အသက်ကယ် ဖောင်ပေါ်တွင် ကိုင်ထားသည့်ဘက်မှ လွတ်ထွက်သွားခြင်း ဖြစ်သည်။
“ဟေ့ ... ပြန်ပစ် ... ပြန်ပစ်”
ကြိုးစကို ပြန်သိမ်းပြီး ထပ်မံ၍ ကြိုးပစ်ပေးရန် ကြိုးစားကြသည်။ သို့သော် လှိုင်းကြောင့် ဖောင်သည် ပစ်၍ မမီနိုင်တော့သည့် အကွာအဝေးသို့ ရောက်သွားပြီ ဖြစ်၏။ နောက်တချီ ထပ်ပစ်သော်လည်း မမီတော့။ လက်လျှော့ကြရသည်။ လိမ္မော်ရင့်ရောင် အသက်ကယ်ဖောင်မှာ လှိုင်းလုံကြီးများထက် တက်လာသောအခါ မြင်ရလိုက်၊ လှိုင်းကြား ရောက်သွားသောအခါ မမြင်ရလိုက်နှင့် ပေါ်ချည် ပျောက်ချည် ဖြစ်နေသည်။
တိုက်ရေယာဉ် ၁၀၃ မှာ သူ့နောက်သို့ လိုက်ဆယ်ရန် စက်အင်အား လုံးဝ မရှိတော့။ အကူအညီမဲ့သူကို မလှုပ်ရှားနိုင်သူက လက်ပိုက်ကြည့်နေရတော့၏။ တပ်ကြပ်မောင်အေးနှင့် ဗိုလ်စောဦးတို့မှာလည်း ဖောင်တွင်းသို့ မဆင်းနိုင်ခဲ့ကြ။ ယင်းဖောင်ထက်တွင် အကြပ်၊ အရာရှိ ဟူ၍ တယောက်မျှ ပါမသွား၊ ဖောင်ငယ်သည် ကျွန်တော်တို့ ကြည့်ဆဲ မိနစ်ပိုင်း အတွင်းတွင်ပင် မြင်ကွင်းမျ ပျောက်ကွယ်သွားခဲ့တော့သည်။ နောက်ထပ်လည်း အဆိုပါ အသက်ကယ်ဖောင် သော်လည်းကောင်း၊ ဖောင်ပေါ်တွင် လိုက်ပါသွားခဲ့ကြသည့် လူများကို သော်လည်းကောင်း မည်သူမျှ မတွေ့ကြတော့ပေ။
ပထမဖောင် မြင်ကွင်းမှ ပျောက်သွားသည်ကို ပူဆွေးနေရန်၊ ဝမ်းနည်းနေရန်အတွက် ကျွန်တော့်တွင် လုံးဝ အချိန် မရှိခဲ့ချေ။ ပဲ့ပိုင်းမှ အမြောက်သည်လည်း ဆက်လက်၍ ပစ် မရတော့ခြင်းကြောင့် ရပ်ဆိုင်း ထားလိုက်ရသည်။ တိုက်ရေယာဉ် ၁၀၃ သည် သူ၏ အသက်ဖြစ်သော စက်သံ၊ သူ၏ အသက်ကို ကယ်ပါရန် အကူအညီ တောင်းခံသည့် အမြောက်သံများ လုံးဝ ဆိတ်သုဉ်းသွားတော့သည်။ ဦးပိုင်းသည် ရေအောက်တွင် လုံးဝ စိုက်ဝင်နေပြီ ဖြစ်ခြင်းကြောင့် ပဲ့ပိုင်းမှာ ဒီဂရီ ၃၀ မျှ ထောင်ကာ ရေပေါ်တွင် ပေါ်နေသည်။ ဤ အနေအထားတွင် ရေယက်ပန်ကာ နှစ်လုံး သည်လည်း ရေမျက်နှာပြင်ပေါ်တွင် ပေါ်နေလောက်ပြီ ဖြစ်သည်။
“ကဲ ... ဗိုလ်စောဦး၊ ကျန်တဲ့ဖောင်ကို ဖွင့်ပေတော့၊ သင်္ဘောပေါ်မှာ ရှိတဲ့ ပျဉ်ချပ်၊ သောက်ရေပုလင်းတို့ကိုလဲ ရသမျှ ယူပြီး ခင်ဗျား ဆင်းနှင့်ပေတော့၊ အခု Abandon Ship အမိန့်ကို ပေးပြီ”
ဟု ဆိုကာ ကျွန်တော်သည် ပဲ့စင်အောက် တည့်တည့်ရှိ အရာရှိ အိပ်ခန်းအတွင်းသို့ ဆင်းသွားသည်။ဗိုလ်ကြီး စောဦးနှင့် ဗိုလ်သန်းလွင်တို့ ကြီးကြပ်၍ ဖောင်ဖွင့်ရန် ပြင်ဆင်နေကြသည်။
“ပဲ့စင်ထက်က Compass ( သံလိုက်အိမ်မြောင် ) ကို ဖြုတ်ယူခဲ့ဗျာ” ဟု ကျွန်တော်က ပြောပြီး အောက်သို့ ဆင်းလိုက်၏။ အခန်းတွင်းဝယ် ရေသည် ရင်ဆို့တိုင် ရှိနေပြီ ဖြစ်၏။ ကျွန်တော် ဆင်းလာခဲ့ခြင်းမှာ မီးခံသေတ္တာတွင်းမှ ပစ္စည်းများ ယူဆောင်ရန် ဖြစ်သည်။
လည်ပင်းတွင် ကြိုးနှင့် ချိတ်ဆွဲထားသည့် မီးခံသေတ္တာသော့ကို ယူကာ မီးခံသေတ္တာကို ဖွင့်လိုက်၏။ မီးခံသေတ္တာတွင်းဝယ် တပ်ဆောင်ငွေကျပ် ၄၅၉၀ ကျော်နှင့် ကျွန်တော့် မိတ်ဆွေများ ပေးလိုက်ငွေ ကျပ် ၆၀ဝ ရှိသည်။ ထိုငွေများကို ကျွန်တော်၏ ဂျာကင်အင်္ကျီတွင်း ထည့်လိုက်သည်။
တပ်မှ ထုတ်ပေးထားသည့် ဒသမ ၄၅ ခြောက်လုံးပြူး နှစ်လက်ကို ကျွန်တော့် ခါးတွင် ထိုးလိုက်သည်။ ထိုစဉ်ခိုက် တစုံတဦးက ကျွန်တော့်ကျောကို ပုတ်လိုက်သည့်နှယ် ခံစားရခြင်းကြောင့် နောက်သို့ လှည့်ကြည့်လိုက်သည်တွင် အခန်းထောင့်မှ ရေခဲသေတ္တာကြီးမှာ အောက်ခြေမှ ကြွကာ ရေပေါ်တွင် ပေါလောမျောနေရာမှ ကျွန်တော့် နောက်ကျောကို ဝင်တိုးခြင်း ဖြစ်ကြောင်း သိလိုက်ရ၏။
ကျွန်တော့်စိတ်တွင် တစုံတရာ ထူးခြားစွာ ပေါ်လာသည်။ ဤသင်္ဘော၊ နိုင်ငံတော် အစိုးရပိုင် သင်္ဘော၊ တန်ဖိုး ရှိလှသည့် စက်ကြီးများ၊ စက်အမြောက်ကြီးများ၊ လက်နက်ငယ်များ သိန်း သုံးလေးဆယ်မက တန်သည်။ ဤမျှ တန်ဖိုးကြီးမားသည့် ပစ္စည်းများကို အဆုံးခံလိုက်ရပြီး ခါမှ ကျွန်တော်သည် အဘယ်ကြောင့် ဘာမဟုတ်သည့် ငွေကလေး ငါးထောင်ကျော်နှင့် ခြောက်လုံးပြူးနှစ်လက်ကို မက်နေရပါသေးသနည်း။
ကျွန်တော့် စိတ်သည် ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။ ငွေများကိုလည်း မီးခံသေတ္တာတွင်း ပြန်ထည့်လိုက်သည်။ ခြောက်လုံးပြူး နှစ်လက်ကိုလည်း မီးခံသေတ္တာတွင်း ပစ်သွင်းလိုက်ပြီး မီးခံသေတ္တာကို သော့ပြန်ခတ်ထားခဲ့ကာ လာရင်းကိစ္စ မပြီးမြောက်ဘဲ ကုန်းပတ်ထက် ပြန်တက် လာခဲ့တော့သည်။ ကုန်းပတ်ထက်တွင် ရောက်သည်ဆိုလျှင်ပင် မီးခံသေတ္တာသော့ကို ပင်လယ်တွင်း ပစ်ချလိုက်မိတော့သည်။ကုန်းပတ်ထက်တွင် မည်သူမျှ မရှိကြတော့။ ဗိုလ်ကြီးစောဦး၊ ဗိုလ်သန်းလွင်နှင့် အဖွဲ့သည် ဖောင်ပေါ်သို့ ရောက်နှင့် နေကြပြီ ဖြစ်သည်။
“စီအို၊ လာပါ၊ ဆင်းပါတော့၊ သင်္ဘော နစ်တော့မယ်”
သူတို့က ကျွန်တော့်အား အော်ခေါ် နေကြသည်။ ကျွန်တော်သည် သူတို့နည်းတူ ဖောင်တွင်းသို့ ဆင်းရန် လုံးဝ ဆန္ဒ မရှိပါ။ သူတို့မှာ ကျွန်တော့်အမိန့်ကြောင့် ဆင်းကြရခြင်း ဖြစ်သည်။
“ဗိုလ်စောဦး၊ ခင်ဗျားပဲ သွားတော့ဗျာ၊ ကျွန်တော် နေရစ်ခဲ့တော့မယ်”
ကျွန်တော် မူရာမူယာ လုပ်နေခြင်း မဟုတ်။ ကျွန်တော့်စိတ်တွင် အဖိုးတန်လှသည့် နိုင်ငံတော်ပိုင် သင်္ဘောကို မစွန့်ပစ်ရက်သည့်အတွက် ဆက်နေလိုသေးဖြင်း ဖြစသည်။ ထိုမျှသာ မကသေး ကျွန်တော်၏ ပထမဦးဆုံးသော အုပ်ချုပ်မှု၊ နောက်ဆုံးသော စစ်ရေယာဉ်မှူး၊ ကျွန်တော်၏ ဂုဏ်သရေ။
ရေယာဉ်မှူးများသည် သူတို့၏ သင်္ဘောနှင့် လိုက်ပါ အသေခံကြသည်ဆိုခြင်းမှာ ရူးနှမ်းခြင်း၊ သူရဲကောင်းဆန်ခြင်း မဟုတ်သည်ကို
ထိုတဒင်္ဂတွင် ကျွန်တော် နားလည်လိုက်သည်။လောကတွင် ဂုဏ်သရေ ချို့ငှဲ့ခဲ့လျှင် ဆက်လက်၍ အသက်ရှင် နေခြင်းမှာ မထိုက်လှသည် ဖြစ်၏။
“စီအို ... လာပါ၊ စီအို မပါရင် ကျွန်တော်တို့ ဘယ်လို လုပ်မလဲ”
ထိုအသံသည် ကျွန်တော့်အား အိပ်မက်ကမ္ဘာမှ လှန့်နိုးလိုက်သလို ရှိတော့၏။
“ စီအို မပါရင် ကျွန်တော်တို့ ဘယ်လို လုပ်မလဲ” တဲ့။
မှန်ပေသည်။
သူတို့တတွေတွင် ကျွန်တော်သည် အသက်အားဖြင့် အကြီးဆုံး၊ ရာထူး တာဝန်အားဖြင့်လည်း အကြီးဆုံးဖြစ်သည်။ သူတို့သည် ကျွန်တော့်ကို အားကိုးကြသည်။ မျှော်လင့်ချက် ထားကြသည်။ ယခုလို ဒုက္ခရောက်ချိန်ကျမှ ကျွန်တော်သည် သူရဲကောင်းဆန်စွာ၊ ရှုးပေါပေါနိုင်စွာဖြင့် သူတို့အား စွန့်ခွာ သင့်ပါသလော။ ကျွန်တော့်တာဝန်သည် မပြီးဆုံးသေး။ သူတို့အား ကျွန်တော် တတ်နိုင်သမျှ အသက်ချမ်းသာစေရန် ဆောင်ရွက်ပြီးခါမှပင် ကျွန်တော့် တာဝန်ကျေပေမည်။
ကျွန်တော်က သင်္ဘောရွက်တိုင်ထိပ်ကို တချက်မော့ကြည့်လိုက်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ရေတပ်အလံသည် တိုင်ထိပ်တွင် တဖျပ်ဖျပ် လှုပ်ကစားလျက်ရှိသည်။ ကျွန်တော်က အလံကို အလေးပြုလိုက်ပြီးနောက် ကပျာကယာ ဆွဲချကာ ရင်ခွင်တွင်း ထိုးသွင်းလိုက်သည်။ထို့နောက် သင်္ဘော ပဲ့ပိုင်း ကုန်းပတ်တွင် ရပ်ကာ တိုက်ရေယာဉ် ၁၀၃ ကို နောက်ဆုံး အလေးပြုလိုက်ပြီးနောက်
ဖောင်တွင်းသို့ ခုန်ဆင်းလိုက်တော့၏။
အချိန်မှာ နံနက် ၉ နာရီသာသာတွင် ဖြစ်သည်။
နေ့စွဲမှာ ၁၉၅၆ ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့။
----------------
မောင်သော်က
( အပိုင်း -၄ ဆက်ရန်)
(PS:Ko Kyaw Thura Facebook မှ ကူးယူဖော်ပြပါသည်။)
August 26, 2018
[ ရှဥ့်ညိုလေးဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment