#တိုက်ရေယာဉ် ( ၁၀၃ )
( အပိုင်း - ၇)
#မောင်သော်က
၁၉၅၆ ခု ဒီဇင်ဘာလ ၉ ရက်။
လက်ကျန် သောက်ရေဘူး အခြေအနေမှာ မကောင်းတော့ပြီ ဖြစ်ခြင်းကြောင့် ရေပေးဝေချိန်ကို တနေ့ နှစ်ကြိမ် ပြောင်းလဲ သတ်မှတ်ကာ သောက်ရေတဘူးကို လူ ၁၇ ယောက် ဝေငှမျှသောက်ရသည်။ သောက်ရသည့် ရေမှာ လူ တယောက်အတွက် အလွန်နည်းပါးသည်။ ပက်ခြင် တဝက်မျှပင် မရှိတတ်။ ကြွေဟင်းချို ဇွန်းကြီး တဇွန်းလောက်သာ ရှိမည်။ သို့သော် မတတ်နိုင်ပြီ။. အာဆွတ်ရုံ မျှသာရသည်။
မျှော်လင့်ချက် နှစ်ခုကို စောင့်ကြရမည်။ မျှော်လင့်ချက် (တစ်) မှာ ကယ်တင်သူ တွေ့မည့်ရက် နှင့် မျှော်လင့်ချက် (နှစ်) မှာ မိမိ သေဆုံးမည့် ရက်ပင် ဖြစ်၏။
နံနက် ၈ နာရီခန့်တွင် တပ်သားကျော်ကျော် သေဆုံးသည်။ ကျော်ကျော်ကို ကျွန်တော်က မရတော့ပြီဟု သိပြီးသား။ သူ့ အပြင် ကျွန်တော် လုံးဝ မထင်သူ တယောက်ပါ ထိုနေ့က ထပ်ဆုံးသေး၏။ ဖြစ်ပုံမှာ ထူးဆန်းလှသည်။ ကြေကွဲ ဝမ်းနည်းဖွယ် ကောင်းလှသည်။
နေ့လယ် ၁၁ နာရီလောက်တွင် အနောက်ဘက် မိုးကုပ်စက်ဝိုင်းခွင်၌ ဧရာမ ပင်လယ်ကူး သင်္ဘောကြီး တစင်းကို မမျှော်လင့်ဘဲ ဝမ်းပန်းတသာ တွေ့မြင်ကြရ၏။ သင်္ဘောကြီးမှာ တောင်ဘက်ဆီသို့ ဦးတည်ခုတ်မောင်းနေသည်။ သင်္ဘောကြီး၏ ကိုယ်ထည် ဝမ်းပြင် တခုလုံးမှာမိုးကုပ်စက်ဝိုင်း မျဉ်း၏ အောက်ဘက် (Hull Down On The Horizon) တွင် ရှိနေခြင်းကြောင့် အထက်ဘက်ရှိ ရွက်တိုင် နှစ်တိုင်နှင့် ခေါင်းတိုင်ကို ကောင်းစွာ မြင်နေရသည်။ သင်္ဘောဝမ်းပြင်ကို မမြင်သာသော အကွာအဝေး၌ ဖြစ်၏။
“သင်္ဘောကြီး၊ သင်္ဘောကြီး၊ ဟာ နီးနီးလေး မဝေးလှဘူး စီအို”
ထနိုင်စွမ်းရှိသူ ဟူသမျှ ထကြည့်ကြသည်။
“ဗိုလ်သန်းလွင် လေထီး မီးကျည် ပေး ဗျို့၊ မြန်မြန်ပေး၊ မြန်မြန်ပေး”
ကျွန်တော်က အလောတကြီး အော်ကာ ပြောသည်။ ကျွန်တော့်တွင် လေထီး မီးကျည် တခုနှင့် မီးနီမီးကျည် တချို့သာ ကျန်ရှိနေသည်ကို ဤနေရာတွင် အသုံးချရပေမည်။
“ဖောက် .... ဖုံး” အသံ နှစ်ခုသည်ရှေ့နောက် စက္ကန့် အနည်းငယ်ခြားကာ ပေါ်လာပြီး လေထီး မီးကျည်သည် ထိန်ညီးစွာတောက်လောင်ကာ အနောက်ဘက် ကောင်းကင်ယံမှ ဆင်းကျလာနေသည်။ မိနစ် အနည်းငယ်ကြာသော် ငြိမ်းသေသွားတော့၏။
“ဟာ ... မီးကျည် အဖြူကြီး မြင်ရမှာ မဟုတ်ဘူး၊ မီးကျည် အနီ ဖောက်ပါ စီအို၊ ဖောက်ပါ စီအို”
နှစ်ဆင့်ပေါက်မီးကျည်အနီ နှစ်လုံးသည် ဆင့်ကဲ မြည်ကွဲသွားကာ အထက်ဘက်သို့ တက်သွားသည်။နောက်တလုံး ဆက် ဖောက်ပြသည်။
နောက်တလုံး .... နောက်တလုံး၊ နောက်တလုံး။
ကျွန်တော့်တွင်လက်ကျန် မီးကျည် တလုံးမျှ မရှိတော့သည့်တိုင် တလုံး မမြင်သော် နောက်တလုံးမြင်နိုးဖြင့် ရှိသမျှ မီးကျည် ခြောက်လုံးကို ဆက်တိုက် ပစ်လွတ် ဖောက်ပြသည်။မီးကျည်လည်း လုံးဝ ကုန်သွားသည်တွင် သင်္ဘောကြီးလည်း မြင်ကွင်းမှ လုံးဝကွယ်ပျောက် သွားတော့သည်။
ဤအချိန်သည်စိတ်ဓာတ် အကျဆုံး အချိန် ဖြစ်တော့၏။ ဤအချိန်သည် ကျွန်တော်တို့အားလုံးအတွက် ကမ္ဘာပျက်သုဉ်းသည့် အချိန်ပင် မည်တော့သည်။ ဤအချိန်မှစ၍ နောက်ပိုင်းအချိန်ကာလ ဟူသမျှတွင် ကျွန်တော်ကိုယ်တိုင်ပင် မူလ စိတ်ဓာတ် ဒူးခေါင်းမှခြေမျက်စိထိ ကျသွားသည်ဖြစ်ရာ ကျွန်တော့် ရဲဘော်များမှာအသို့ရှိအံ့မည်ကို ကျွန်တော် ခန့်မှန်းမိသည်။ ကျွန်တော်သည် မည်သူ့ကိုမျှ အားပေးစကား မဆိုထား၊ ဘာစကားမျှ မပြောလိုတော့။ မည်သူကမျှလည်း မည်သူ့အားမျှစကား မပြောလိုတော့။ စိတ်ဓာတ်ကျခြင်းသည် ဤအချိန်ခါသမယတွင် ဆုံးခန်းတိုင်ရောက်သတည်း။
ကျွန်တော်တို့ကိုအခြား သင်္ဘောများက မြင်နိုင်မှသာ ဆယ်ယူခံရမည်။ ကျွန်တော်တို့ကို မြင်တွေ့နိုင်စေရန် အတွက် တခုတည်းသော အားထားရာမှာမီးကျည်များသာလျှင် ဖြစ်သည်။ မည်သူ့ကိုမျှ ကျွန်တော် ဖွင့်မပြောခဲ့သော်လည်း ကယ်တင်မည့် သင်္ဘော တစင်းတလေနှင့် ကျွန်တော် တွေ့ဆုံလိုသည့်အချိန်မှာ ညနေနေဝင်ချိန်မှ နံနက် မိုးလင်းချိန် မတိုင်မီ အတွင်း အမှောင်ကြီးစိုးစဉ်ကာလတွင်သာ အတွေ့ချင်ဆုံးဖြစ်သည်။ ညိပိုင်းတွင် တွေ့ဆုံရန်သာ ကျွန်တော်ကျိတ် ဆုတောင်း၏။
သို့မှသာ မီးကျည် ပစ်ဖောက်ရခြင်း ထိရောက်မည်ဖြစ်သည်။ ညတွင် မီးကျည်ကို အဝေးအရပ်မှ မြင်နိုင်သည်။ နေ့ခင်းထက်မြင်နိုင်စွမ်း ကောင်းသည်။ ယခု သင်္ဘောကြီး တစင်း ၆ မိုင်သာသူမျှသောအကွာအဝေးတွင် ဖြတ်သန်း သွားလာခဲ့ပါလျက် နေ့ခင်းချိန်ခါနှင့် လာ၍ကြုံကြိုက်နေရသည်။ နေ့ခင်းတွင် မီးကျည်သည် ထိရောက်သင့်သလောက်မထိရောက်။ ထို့ကြောင့် ကျွန်တော့် ဆန္ဒ မပြည့်ခဲ့။
တဖန်ယခု လက်ရှိ အခြေအနေ၊ မီးကျည် တလုံးမျှ မရှိတော့သည့် အခြေအနေတွင် ကယ်တင်ရှင်သင်္ဘောကို ညအခါတွင် လုံးဝ မတွေ့လိုတော့ပါ။ သင်္ဘောကြီးကို မီးပြရန်အတွက်ကျွန်တော့်တွင် သစ်သားမီးခြစ်ဆံမျှ မရှိခြင်းကြောင့် သင်္ဘောကြီးကအသက်ကယ်ဖောင်ကို တည့်တည့် မတ်မတ်ကြီး ဝင်တိုးစေကာမူ သင်္ဘောပေါ်မှ လူများသိကြမည် မဟုတ်ပါ။ နေ့ခင်းတွင် တွေ့မြင်မှသာ အသက်ရှင်ခွင့် နည်းလမ်းရှိတော့မည်။ အနီးကပ် ဖြတ်သွားမှသာလျှင် မြင်နိုင်ကြမည် ဖြစ်၏။
လူအားလုံးသည် စိတ် ညှိးငယ်စွာနှင့်ဖောင်ပေါ်တွင် ခွေသူ ခွေ၊ ရေတွင်စိမ်သူ စိမ်၊ အသက်ကယ်ဗော ပေါ်တွင်နားခိုသူက ခိုနှင့် ငြိမ်၍ နေကြသည်။ ဗိုလ်ကြီးစောဦးနှင့်အလွန်ရင်းနှီးသည့် တပ်ကြပ်မောင်အေးသည် ဗိုလ်ကြီးစောဦးသေဆုံးသွား ကတည်းက အလွန် စိတ်ထိခိုက်သွားပုံ ရသည်။ မည်သူ့ကိုမျှ စကားမပြောတော့။ တွေ၍ ခွေ၍သာ နေ၏။
သင်္ဘောကြီး ပျောက်ကွယ်သွားပြီးသည့်နောက်တွင်သူသည် ဖောင်ထက်မှ ဆင်းကာ အသက်ကယ်ဗော တခုတွင် တဦးတည်း သွားတွယ်မှီနေသည်။သူ တွယ်မှီရာ အသက်ကယ်ဗောမှာ ဖောင်နှင့် အဝေးဆုံးတွင် ချည်နှောင်ထားသည့် ဗောတွင် ဖြစ်၏။ ဗောမှာ ဖောင်နှင့် ပေ ၅၀ မျှ ကွာဝေးသည်။ မောင်အေးသည် အသက်ကယ် ဗောပေါ်တွင် တက်ထိုက်ကာ ဖောင်ရှိရာဘက်သို့လှည့်ပြီး ' Good-bye Captain ' ဟု အော်နေသည်။ သူ အော်နေသည်မှာ အင်္ဂလိပ် ကဗျာတပုဒ်မှ အစပိုဒ် ဖြစ်သည်ကို ကျွန်တော်သိသည်။သူ့ကိုကျွန်တော် ကြည့်နေရာမှ သူနှင့် ကျွန်တော်တို့ ဖောင်၏ အကွာအဝေးသည်ချည်ထားသည့် ကြိုး၏ အရှည်ထက် ပိုမို ကွာဝေးလာသည်ကို ကျွန်တော် သတိပြုမိသည်။
“ဟေ့ ... မောင်အေး၊ ဒါ ဘာလုပ်တာလဲ”
' Good-bye Captain 'သူကလက်ဝှေ့ယမ်းပြကာ ကဗျာ တပိုင်းတစကိုပင် ဆက်ဆို နေသည်။ ကျွန်တော်တို့ဖောင်ပေါ်ရှိ လူများက ဗောများ တွဲချည်ထားသည့် ကြိုး၏ တဖက်စကို ဆွဲယူရာအခြားနှစ်ခု ပါလာသော်လည်း သူ တက်ထိုင်နေသည့် ဗောမှာ ပါမလာတော့။သူသည်ကြိုးစကို တဖက်မှဖြုတ်ကာ ဗောကို ယူ၍ ထွက်သွားလေပြီ ဖြစ်သည်။
“ဟေ့ ... မောင်အေး၊ ပြန်လာခဲ့၊ ဒီကို ပြန်ကူးလာခဲ”
ဖောင်ပေါ်ရှိလူများက ဝိုင်းအော် ခေါ်ကြသည်။ သူကမူ “ဂွဒ်ဘိုင် ကက်ပတိန်၊ မိုင် ကပ်ပတိန်” ဟုသာ အတွင် အော်ကာ လက်ကို ဝှေ့ယမ်းနှုတ်ဆက်ပြီး တစထက်တစ ဝေးသွားကာ မကြမီမြင်ကွင်းမှ ပျောက်ကွယ် သွားတော့သည်။
ကျွန်တော်တို့အားလုံးသည်သူ့နောက်သို့ ရေကူးလိုက်ကာ သူ့ကို ခေါ်ရန် မကြိုးစားခဲ့ကြ။ ကျွန်တော်တို့တွင် ဤမျှ ခွန်အား မရှိကြတော့။ သူက အသာတကြည်လိုက်ပါလာခဲ့လျှင်တော်ပေသေးသည်။ သို့မဟုတ်ဘဲ အကျောက်အကန် သတ်ပုတ်ခုခံပါကကျွန်တော်တို့ကိုယ်စီတွင် သူ့ကို ဖမ်းဆီး ချုပ်နှောင်ရန် အင်အားမရှိကြ။ လိုက်ဆယ်သူ သေမည်သာ မုချဖြစ်၏။ အမှန်အားဖြင့် မောင်အေးသည် ဗိုလ်ကြီးစောဦး သေဆုံးကတည်းက စိတ်အလွန် ထိခိုက်ကာ စိတ်နောက် သွားခဲ့ပြီဖြစ်သည်။ သူသည် ဗိုလ်ကြီးစောဦးနောက်သို့ သူ့နည်းသူ့ဟန်နှင့် လိုက်သွားခြင်းသာ ဖြစ်၏။ ကျွန်တော်တို့ကို ဆက်လက်ဒုက္ခမပေးဘဲလိုက်သွားခြင်းပင် သူ့ကို ကျေးဇူးတင်ရဦးမည် ဖြစ်တော့၏။ထိုညတွင် တပ်ကြပ် အောင်မြင့် သေဆုံးသွားသည်။ အောင်မြင့်မှာ မေးရိုးများ စေ့သည့်တိုင် အဖျားတက်ကာ ငြိမ်ငြိမ်သက်သက် ဆုံးသွား၏။
တပ်ကြပ်အောင်မြင့်မှာမုံရွာတွင် စစ်ရေယာဉ် “ဟင်္သာ” ၌ ကျွန်တော်နှင့် အတူ အမှုထမ်းခဲ့ကြသည့်ရဲဘော်ရင်း တဦးဖြစ်ခြင်းကြောင့် သူ့အတွက် များစွာ စိတ်မကောင်းဖြစ်ရသည်။
တပ်ကြပ်အောင်မြင့် သေဆုံးသွားသည်နှင့် မတူဘဲ ငန်းဖမ်းကာ ကယောင် ချောက်ချားဖြင့်သေဆုံးသွားသူမှာ တပ်သား မောင်မြင့် ဖြစ်သည်။ တပ်သား မောင်မြင့်မှာ အင်အား ကောင်းလှသည့် အတွက် သူ့ကို ထိန်းရ ချုပ်ရသည်မှာ မလွယ်။ကျွန်တော်တို့တွင်လည်း သူ့ကို နိုင်ရန် ခွန်အားက မရှိတော့ပြီ။ မောင်မြင့်သည် သူ့ကိုယ်သူ သိသည်။ သူသည် ဤတောင်ကို မကျော်နိုင်တော့ပြီဖြစ်ကြောင်း သူ့ကိုယ်သူ ရိပ်မိ သိရှိသည်။ သူသွားတော့မည်။ သို့သော် သူ တယောက်တည်း မသွားလို။ ကျွန်တော်တို့ အားလုံးသူနှင့် အတူ လိုက်ပါစေလိုသည်။ သူသည် မဟုတ်သည့် နေရာတွင်ရဲဘော်စိတ် အပြည့်ရှိသူ ဖြစ်၏။ သူနှင့် အတူ ကျွန်တော်တို့ အားလုံးလိုက်ပါစေချင်သည်။
ညတွင်လက်တခုသည် ကျွန်တော်တို့ ထိုင်နေသည့် အောက်တွင် လှုပ်စိလှုပ်စိ ဖြစ်နေသည်။ ကျွန်တော့်အောက်တွင် လက်ကျန် ရေဘူးများ ရှိသည်။ သောက်ရေဘူးကိုတစုံတယောက်က ခိုးယူရန် ကြံခြင်းလောဟု ထင်မိသည်။ မဟုတ်။ စမ်းနေသည့်လက်သည် သောက်ရေဘူးများကို မစမ်းဘဲ ဖောင်အောက် ကြမ်းပြင်ရှိ လေထုတ်သည့်ဘားကို စမ်း၍ လှည့်ဖွင့်ရန် ကြိုးစားနေကြောင်း အထိတ် တလန့်သိရသည်တွင်
“ဟေ့ ... ဘာလုပ်တာလဲ၊ ဒါ ဘယ်သူလဲ” ဟု ဆိုကာ လက်ကို ဖမ်းဆွဲလိုက်၏။
လက်ကို မဖမ်းဆွဲမိသော်လည်း ဆတ်ခနဲ လက်ရုပ်လိုက်သူမှာ ကျွန်တော့် ဝဲဘက်တွင် လဲနေသည့် လူမမာ တပ်သား မောင်မြင့် ဖြစ်နေသည်ကို သိရသည်။
“ဟေ့ ... မောင်မြင့်၊ ဒါ ဘာလုပ်တာလဲ၊ အားလုံး သေကုန်ကြလိမ့်မယ်”
ကျွန်တော်ကပြောသော်လည်း သူက ဘာမျှ မပြော၊ စူးစူးဝါးဝါးသာ ကယောင်ကတမ်း အော်နေသည်။သူသည် သူ့စိတ်နှင့် သူကိုယ် မဟုတ်တော့ပြီ။ သူ ဘာလုပ်သည်ကို သိချင်မှသိမည်။ သူသိသည်မှာ သူ မနေရတော့ပြီ။ သူ့ ဝေဒနာကို ပြင်းပြစွာ ဆက်၍မခံလိုတော့။
ထိုနည်းတူ သူ့အရာရှိနျင့် ရဲဘော်များကိုလည်းမခံစားစေချင်သည့် စေတနာ ဖြစ်သည်။ သို့သော် လောကတွင် များစွာသောအမှားတို့ကို အကောင်းဆုံးသော စေတနာဖြင့်လည်း ကျူးလွန်တတ်ကြသေးကို သူမသိ။ အမြန်ဆုံးသော ထွက်လမ်း ဖြတ်လမ်းကို သူရှာခြင်း ဖြစ်၏။
သူသည် တနာရီသာသာခန့် ငြိမ်သက်သွား၏။ ထို့နောက် ဆက်ကြိုးစား ပြန်သေး၏။ သည်တချီတွင်မှအသင့်ပြင်ထားသော ကျွန်တော်က သူ့ လက်ကို လက်နှိပ်ဓာတ်မီးဖြင့် တအားရိုက်ချပစ်လိုက်သည်။ လက်နှိပ်ဓာတ်မီးမှာ မီးအဖြစ် အသုံးမဝင်လှသော်လည်းလက်ရိုက်တုတ်မီးအဖြစ်နှင့် အသုံးကျလှသည်။
“မင်း နောက်တခါ ထပ်လုပ်ရင် ရေထဲ ကန်ချမယ်”
ကျွန်တော်ကသတိပေး ခြိမ်းခြောက်သော်လည်း သူမကြားပြီ။ သူ ဘာမျှ မသိပြီသာ ဖြစ်တော့၏။ ထိုနေ့ည်နှင့် နောက်တနေ့အကူး နံနက် သုံးနာရီခန့်တွင် သူ ဆုံးသွားသည်။သူ့ အလောင်းကို ရေမှာ ချစေ၏။ နောက် တနေ့ မိုးလင်းသည်တွင် ညကအဖြစ်အပျက်သည် အိပ်မက်ဆိုးကြီး တခုပမာ လူတိုင်း၏ စိတ်တွင် အနှောင့်အယှက်ဖြစ်နေကြသည်။
*********
၁၉၅၆ ခု။
ဒီဇင်ဘာလ ၁၀ ရက်။
ညက သင်္ဘောတစင်း၏ နောက်ပိုင်းမီးကို မြောက်ဘက်ဆီ၌ ဝေးကွာလှသေ အရပ်တွင် မြင်ရသေးသည်။ လက်နှိပ်ဓာတ်မီးနှင့် အက်စ်အိုအက်စ် ပြရန် ကြိုးစားသေးသော်လည်း လက်နှိပ်ဓာတ်မီးမှာ မပွင့်တချက် ပွင့်တချက်နှင့် ပွင့်ပြန်လျှင်လည်း ပိုးစုန်းကြူး မီးမျှပင် မလင်းသည့် နီကြင့်ကြင့် အရောင်သာ ဖျော့ယိယိ မြင်ရသည်မို့ အကြောင်း မထူးပါ။ ဤသို့ မမီ တမီ မည်သို့မျှ မဆက်သွယ်နိုင်သော အခြေတွင် သင်္ဘောမီး တစုံတရာ မြင်ရခြင်းမှာ စိတ်တက်ကြွစေသည် မဟုတ်။ စိတ်ဓာတ်ကို ပိုကျေစေရန် နင်းခြေသည်နှင့် တူလှတော့သည်။
လူတဦး တယောက် သေဆုံးသည့်အခါတိုင်း ကျွန်တော်တို့တွင် ဒွိဟ စိတ်များ ဖြစ်ကြရသည်။ တခုသော စိတ်မှာ သေဆုံးသူ အတွက် ဝမ်းနည်းကြေကွဲ စိတ်နှင့် နောက် စိတ်တခုမှာ လူသေ၍ ရေချလိုက်လျှင် ဖောင်ပေါ်တွင် နေရာကျယ်ဝန်းလာသည် ဖြစ်ခြင်းကြောင့် လူတစ်နေရာအတွက် ဝမ်းသာစိတ်တို့ အတူ ယှဉ်တွဲလျက် ဖြစ်သည်။ လူမဆန်သည်ဟု ဆိုချင် ဆိုစေတော့။
ကျွန်တော်တို့ ကိုယ်စီတွင် ကမ္ဘာမီးလောင် သားကောင် ချနင်းသည့် ဗီဇစိတ်၊ ကိုယ်မချိသော် အမိသော်လည်း သားတော်ခဲ ဟူသည့် အရိုင်းစိတ်များ ဝင်လာကြပြီ ဖြစ်သည်။ ပင်လယ်တွင်း ကိုးရက် ကျော်လွန်လာသည့် နောက်ပိုင်းတွင် ကျွန်တော်တို့၏စိတ်များသည် မည်သူမျှ မူမမှန်ကြတော့ပါ။ ကိုယ့်ကိုယ်ကိုယ် တာဝန်ခံရန်ပင် ခက်နေပြီ ဖြစ်သည်။ ကျွန်တော်တွက်ကြည့်မိသည်။ ဖောင်ပေါ်တွင် ကျန်ရှိနေကြသေးသည့် ရဲဘော်တစုတွင် ဗိုလ်သန်းလွင်မှ လွဲလျှင် ကျွန်တော့်ကျန်းမာရေးမှာ အကောင်းဆုံးအခြေအနေတွင် ရှိသေးသည်။ ကျွန်တော်သည် ဤအခြေအနေအတိုင်း ဆိုသော် နောက်ထပ်လေးငါးရက် ခံနိုင်သည်။ မလှုပ်နိုင်သော်လည်း မသေနိုင်သေး။
ပင်လယ်ပြင်တွင် ၁၅ ရက်တာမျှ ကာလ အထိတော့ ကျွန်တော် အသက်မသေ ရှိနေဦးမည် ဖြစ်သည်။ ၁၅ ရက်က ကျော်လျှင်မူ ကျွန်တော့်အတွက် မျှော်လင့်ချက် မရှိတော့။ ကျွန်တော် ရေနစ် သေရမည်ကို အလွန် ကြောက်သည်။ ထို့ကြောင့် မည်သူ့ အားမျှ မပြောဘဲ ကြိုးတချောင်းကို ကျွန်တော် ထိုင်နေရာ အောက်တွင် အသင့်ထားသည်။ မရတော့ဘူး ဟု ကိုယ့်ကိုယ်ကိုယ်ထင်လျှင် ညအမှောင်တွင် ဤကြိုးဖြင့် ကိုယ့်လည်မျို ကိုယ်ညှစ်သတ်ရန် ဖြစ်သည်။ မည်သူ့အားမျှ အနှောင့်အယှက် မပေးဘဲ ကိုယ့်ဟာကိုယ် သိမ်းသွားခြင်းသာအကောင်းဆုံး ဖြစ်သည်။
အကောင်းဆုံးသေသွားသူမှာ တပ်ကြပ် စံခို ပင် ဖြစ်၏။ စံခိုသည် လဲနေသည်မှာ အတန်ကြာပြီဖြစ်သော်လည်း တစက်မျှ မညည်း၊ တချက်မျှ အနှောင့်အယှက် မပေးဘဲ ရဲဝံ့စွာပင်သေသွားသည်။ သူ သေသွားသည်မှာ ကျွန်တော်တို့အားလုံးကို နှုတ်ဆက်ပြီးနောက်ရေတွင် ဆင်းသွားခြင်းပင် ဖြစ်သည်။
သူ့အားမည်သူမျှ မတားဆီးနိုင်မီ ဖောင်ပေါ်မှ လိမ့်ဆင်းကာ ရေတွင် ကျသွားသည်။သူသည် ဖောင်နှင့် ဝေးရာဆီသို့ နောက်ဆုံး ကျန်ရှိသမျှအားဖြင့်တချက်နှစ်ချက် ကူးသွားပြီးမှ လက်နှစ်ဖက်ကို ဦးခေါင်းပေါ် တင်မြှောက်ကာစုပ်စုပ်မြုပ်သွားတော့၏။
လက်ကျန်ရေဘူးမှာ ခြောက်ဘူးမျှသာ ရှိတော့သည်။ ထိုနေ့တွင် တင်ပါးဆုံ၌ အသားနီလန်ကာ အနာကြီး ပေါက်နေသည့် တပ်ကြပ်/စက် ကျော်ညွန့်မှာလည်း တတ်နိုင်လျှင်ရေပြင်သို့ ဆင်းသူ မဟုတ်။ အချိန်ရှိသမျှ ဖောင်ပေါ်တွင်သာ နေ၏။ ဖောင်၏ကြက်ပေါင် ( ရော်ဘာ ) ကို ပိုမို ခိုင်မြဲစေရန် နိုင်လွန်ဖြင့်ရောစပ် လုပ်ထားသည်ကြောင့် အပူရှိန်မှာ ပြင်းလှသည်။ ယင်းအပေါ်တွင်ဆားငန်ရေပါ ထပ်ဆင့်လိုက်သောအခါဖောင်ပေါ်တွင် အတန်ကြာ စွဲစွဲမြဲမြဲထိုက်ကာမျှနှင့် တင်ပါးတွင် အပူဖုများ ပေါက်လာသည်။ ထိုမှ တဆင့် အရေပြားကွာ၍ အနာကြီးများ ပေါက်လာသည်။ တတ်နိုင်သမျှ ရေစိမ်နေကြသူများမှာ အနာသိပ်မပေါက်ကြ။
လူနည်းသွားပြီ ဖြစ်ခြင်းကြောင့် သောက်ရေဝေသည့် အစီအစဉ်ကိုတမျိုးလုပ်ရသည်။ တနေ့နှစ်ကြိမ် ရေဝေလျက်၊ တကြိမ် ရေဝေလျှင်ရေ တဘူးသာ ဖောက်၍ လောက်ငအောင် ဝေရသည်။ လူသေလျှင် ရေပိုမိုသောက်ကြရသည်။ ဖောင်ပေါ်ရောက်၍ လေးငါးရက် မြောက်ကတည်းကရေငတ်သည့် ဒဏ်က ပြင်းထန်လှသည်နှင့်အမျှ မိမိ၏ကျင်ငယ်ရေကိုသောက်ကြည့်လိုသူများက မေးစမ်းကြသည်။
ကျွန်တော်က ကျင်ငယ်ရေသည် သောက်၍ရကောင်းရမည် ဖြစ်သော်လည်း ရေငတ်မပြေ ရောဂါပင်ရနိုင်မည် ဖြစ်ကြောင်း ပြောကာ မသောက်ကြရန် တားမြစ်ထားခဲ့ရသည်။ သို့သော် ဤပြဿနာမှာ ပြေလည် မသွားပါ။ သောက်စမ်းကြည့်လိုသူက များပြားလာသည်။
“သောက်မရပါဘူးလို့ ငါ ပြောပြီးသားပဲကွာ”
“မဟုတ်ပါဘူး စီအို၊ များများ သောက်မကြည့်တောင် နည်းနည်းလေး သောက်ကြည့်ရင် ရမယ်ထင်တယ်၊ စမ်းကြည့်တာ မမှားပါဘူး”
သူတို့ အားလုံး သေးပေါက်၍ သောက်ချင်ကြသူများ ဖြစ်သည်။
“ကဲရှုပ်မနေနဲပကွာ၊ ရေပက်ထုတ်တဲ့ ပလတ်စတစ်ခွက် ပေးစမ်း၊ ငါ့ဘာသာသေးပေါက်ပြီး ငါသောက်ပြမယ်၊ ငါသောက်လို့ဖြစ်ရင် မင်းတို့လဲ သောက်ကြ”
ပြော၍မယုံကြ၊ လက်တွေ့ သောက်ပြမှသာ ယုံကြတော့မည်။ သူတို့သည် သူတို့ခေါင်းဆောင်၏စကားကို နာခံကြသည်။ ခေါင်းဆောင်လုပ်သူက သူကိုယ်တိုင်လုပ်ပြနိုင်ခဲ့လျှင် ပိုမို ယုံကြည်စွာ လက်ခံကြမည်သူများ ဖြစ်ကြ၏။ပလတ်စတစ်ခွက်သည်ရေပက်ထုတ်ရာ၊ ညတိုင်း ဆီးသွားရာတွင် အသုံးကျလှ၏။ ကျွန်တော်ကပလတ်စတစ်ခွက်တွင်းသို့ အတင်းညှစ်ဆီးသွားရသည်။ ဆီးမှာ တောာ်တော်နှင့်မထွက်။ ထွက်လာပြန်တော့လည်း နီကြင့်ကြင့် အရောင် ပေါက်နေသည်။ ပလတ်စတစ်ခွက်တွင်း၌ တဝက်နီးပါး ရှိ၏။
“ဟေ့ကောင်တွေ ပူတယ်ကွ”
ပလတ်စတစ်ခွက် ကိုင်းထားသည့် ကျွန်တော့် လက်တွင်ဆီး အပူရှိန်က သိသာလှသည်။ သူတို့လည်း ဝိုင်းကိုင်ကြပြီး
“ဟုတ်တယ် ပူတယ်၊ ပင်လယ်ရေမှာ နည်းနည်း စိမ်ထားလိုက်ရင် အေးသွားမှာပါ၊ အေးတော့ သောက်ကြည့်တာပေါ့ စီအို”
သူတို့သည်ကျွန်တော့်ဆီးခွက်ကိုယူကာ တဝက်မြုပ်ခန့် ပင်လယ်ရေတွင်စိမ်ကိုင်ပေးထားကြသည်။ ငါးမိနစ်ကြာသောအခါ ဆီးမှာ အတန် အေးသွားပြီ ဖြစ်၏။
“ကဲ သောက်မယ်ဆို သောက်လို့ရပြီ ထင်တယ်”
ကျွန်တော်ကဆီးခွက်ကို လှမ်းယူလိုက်သည်။ သူတို့၏ မျက်စိအစုံသည် ကျွန်တော့် လက်တွင်းရှိသေးခွက်နှင့် ကျွန်တော့်မျက်နှာကိုသာ စိတ်ဝင်စားစွာ ကြည့်နေကြသည်။ကျွန်တော်က သေးခွက်ကို နှုတ်ခမ်းတွင် တေ့ကာ တငုံစာမျှ ပါးစပ်တွင်သွင်းလိုက်သည်။ သေး တငုံစာမျှသည် ခံတွင်းဝတွင် ဝင်သွားသည်။လည်ချောင်းတွင်းသို့မူ မဝင်သေး၊ မထွေးနိုင် မအန်နိုင်သော အခြေအနေတွင် မိမိကျင်ငယ်ရေ၏ အရသာသည် လျှာတခုလုံး၌ စိမ့်ဝင်သွားသည်။
စာရှုသူများသည်ဆိုဒါ အခါးရည်ကို သောက်ဖူးကြမည် ဖြစ်သည်။ ရေချိုးသည့်အခါတွင်တခါတရံ ဆပ်ပြာမြုပ်များ ပါးစပ်တွင်း ဝင်ကောင်းဝင်ဖူးမည် ဖြစ်သည်။ ဤနှစ်မျိုးလုံးကို တပြိုင်နက်တည်း ပြုံခဲ ခံစားဖူးမည်တော့ မဟုတ်ပါ။ ဤမျှသာအနီးစပ်ဆုံး ဥပမာ ပေးနိုင်ပါသည်။
ကိုယ့်ကျင်ငယ်ရည် ကိုယ်သောက်ရသည်ဟူခြင်းမှာ အနံ့အသက်ဆိုးသည့် အဝတ်လျှော်ဆပ်ပြာကို ဆိုဒါ ခါးခါးနှင့်ဖျော်သောက်သည့် အနံ့အရသာမျိုး ရှိသည်ဟု ကျွန်တော် ထင်ပါ၏။
သေးတငုံစာသည်လည်ချောင်းတွင် မရောက်မီမှာပင် ကျွန်တော့်ပါးစပ်တွင် တစ်ဆို့ သည်း နင်ကာမွန်သွားသည်ကြောင့် နှာခေါင်းတွင်းမှ ပြန်ထွက်လာပါတော့၏။
“ခွပ် ခွပ် ခွပ် ခွီး ခွီး ငါ့လခွီး သောက်လို့ မရပါဘူးလို့ ငါ ပြောသားပဲ ထွီ”
ကျွန်တော်သည်ခွက်တွင် လက်ကျန် သေးရည်များကို ပင်လယ်တွင်း သွန်ပစ်လိုက်ပြီး၊ပါးစပ်ကိုလည်း ဆားငန်ရည်နှင့် ပလုတ် ကျင်းလိုက်ရတော့သည်။ သူတို့ယုံပါပြီ။ နောက်တွင် သူတို့သည် သေး သောက်ကြည့်ချင်ကြောင်း စကားမစကြတော့ချေ။
လူမမာရဲဘော်များ တယောက်ပြီး တယောက် သေဆုံးပုံ အမျိုးမျိုးနှင့်သေဆုံးသွားသည်ကို ဒုက္ခခံ၍ မမှတ်တော့ပါ။ သူသွားပြီးလျှင် ကိုယ့်အလှည့်သာဖြစ်ခြင်းကြောင့် မိမိ အလှည့်ကိုသာ မထုံထက်သေးနှင့် စောင့်နေကြသည်။ အရေးကြီးသည်မှာ သောက်ရေ၊ သောက်ရေ လက်ကျန်နှင့် လက်ကျန် လူကိုရက်ရှည်ရှည် ရသမျှ ဆွဲထားရန်သာ တတ်နိုင်တော့သည်။
ထိုညနေသောက်ရေ ဝေစဉ် တယောက်လျှင် ခွက်ခြင်နှင့် တိုင်းကာ တယောက်တလက်ကမ်းပေးစေလျက် ဝေမြဲဖြစ်သည်။ အစီအစဉ်အရ ကျွန်တော်က နောက်ဆုံးဖြစ်သည်။ နောက်ဆုံး ကျွန်တော့် အလှည့်တွင် ရေလုံးဝ မရှိတော့။ ခါတိုင်းကဲ့သို့ပင်တိတိကျကျ ခြင်တွယ်ပါလျက် တခွက် ပျောက်သွားသည်။ တစုံတဦးသည်လက်ဆင့်ကမ်းမဝေဘဲ နှစ်ခွက် သောက်ခဲ့ပြီ ဖြစ်သည်။
“ဟေ့ ဘယ်သူ နှစ်ခွက် ဆင့်သောက်လိုက်သလဲကွ”
မည်သူမျှမသောက်ကြပါ။ ကိုယ့်ရှယ်ယာသာလျှင် ကိုယ်သောက်ကြရပါသည်ဟု အခိုင်အမာဆိုကြသည်။ ကျွန်တော် အဝေမှား၍ လည်းကောင်း ဖြစ်မည်။ သို့သော် ကျွန်တော်ထိုညနေက ရေ မသောက်ရတော့။ ကျွန်တော် သောက်ရန်အတွက် နောက်တဘူးကိုထပ်ဖောက်မည်ဆိုလျှင် ရပါသည်။ မည်သူကမျှ ကန့်ကွက်ကြလိမ့်မည် မဟုတ်ပါ။သို့သော် တဘူး အလဟဿ ဖြစ်သွားမည်။ တဘူး အသက်သည် အားလုံးအတွက် တနံနက် ပိုကာခံနိုင်စွမ်း ရှိမည် ဖြစ်၏။ တညနေ ရေမသောက်ရသည်နှင့် ကျွန်တော်မသေနိုင်သေးသည်ကို သိခြင်းကြောင့် အောင့်အည်းကာပင် နေလိုက်ရတော့သည်။
*******
၁၉၅၆ ခု။
ဒီဇင်ဘာလ ၁၁ ရက်။
သောက်ရေ လက်ကျန် လေးဘူး သာရှိတော့သည်။ လေးဘူးသည် နှစ်ရက်စာ။ထိုနေ့ နံနက်က ဖောင်ပေါ်မှ မဆင်းနိုင်သော လူများမှအပ အားလုံး အောက်သို့ဆင်းစေကာ ဖောင်သန့်ရှင်းရေး၊ စစ်ဆေးရေး ပြုရသည်။
ဆေးပေါ့လိပ် အစီခံများ၊ ဆေးရိုးများ၊ သနပ်ဖက်များသည် ဟိုချောင် သည်ချောင်မှ ထွက်လာဆဲပင် ဖြစ်သည်။ ဖောင်ပေါ်တွင် အတန်များများ ပစ္စည်းများကို ကျွန်တော် ကြည့်မရသည်မှာ ကြာပြီ။ စစ်သုံး မှန်ဘီလူးကြီးများလည်း ရေဝင်နေပြီ ဖြစ်သောကြောင့် လုံးဝ သုံးမရတော့သည့်အတွက် ကျွန်တော်က ကောက်ယူ လွှင့်ပစ်လိုက်သည်။ ချောင် တချောင်တွင် မျက်နှာသုတ်ပဝါတထည်ဖြင့် ထုပ်ထားသောအရာတခုကို တွေ့သည်နှင့် ဖြေကြည့်ရာ ကင်မရာ တလုံး ဖြစ်နေသည်ကို တွေ့ရ၏။ ကင်မရာမှာ Mamia အမျိုးအစား ဂျပန်ကင်မရာ ဖြစ်သည်။ ကျွန်တော်က ကင်မရာကိုလည်း ကောက်ယူလွှင့်ပစ်လိုက်ရာ ကင်မရာပိုင်ရှင် ဖြစ်သူ တပ်သား/စက်လှဖေမှာ ငိုမဲ့မဲ့ ဖြစ်နေသည်။
သို့သော် သူလည်း တခွန်းမျှ မဟ။ သူ့ ကင်မရာပင်လယ်တွင်း ကျသွားသည်ကို နှမြော ဝမ်းနည်းစွာဖြင့်သာ ကြည့်နေ၏။
ဗိုလ်ကြီးစောဦး သေဆုံးစဉ်က သူ့ ကိုယ်မှ ကုတ်အင်္ကျီတထည်ကို ချွတ်ယူထားခဲ့သည်။ ယခု ထိုကုတ်အင်္ကျီကိုလည်း ကျွန်တော် ကြည့်မရတော့ပြီ ဖြစ်သည့်အတွက် ပင်လယ်ပြင်သို့ ပစ်ချလိုက်တော့သည်။ ကုတ်အင်္ကျီမှာ တော်တော်နှင့် ရေတွင် နစ်ဝင်မသွား။ သူလည်း ရေပြင် ပေါ်တွင် အသက်ကယ်ဖောင်နှင့် မလှမ်းမကမ်းတွင် အတူ ယှဉ်ကာမျောပါနေသည်။ အတန်ကြာတွင် အစုံတဦးက ထအော်သည်။
“ဟာ ... ဝက်ကြီး ... ဝက်ကြီး၊ ဟိုမှာ ဝက်ကြီးတကောင်”
တပ်သား/စက် လှမြင့် ဆိုသူက လှဲနေရာမှ အလန့်တကြား ထအော်ခြင်း ဖြစ်သည်။
“ဘယ်မှာလဲကွ ...၊ ဘယ်မှာလဲ”
“ဟိုမှာ ... ဟိုမှာ ... မမြင်ကြဘူးလား”
သူက ပင်လယ်ပြင် တနေသို့ လက်ညှိး ထိုးပြသည်။ ကျွန်တော်က ဘာမျှ မစဉ်းစားတော့ဘဲ သူ လက်ညှိးညွန်ရာ ပင်လယ်ဘက်သို့ မျက်နှာမူကာ ဒိုင်ဗင် ထိုးလိုက်တော့၏။ ထို့နောက် သူက ဝက်ကြီးဟု ပြောသည့်အရာကို သေချာစွာ ကြည့်သည်တွင် စောစောက ကျွန်တော် လွှင့်ပစ်ချခဲ့သည့် ဗိုလ်စောဦး၏ ကုတ်အင်္ကျီ ဖြစ်နေသည်ကို တွေ့ရ၏။ကျွန်တော် အလွန် စိတ်ပျက်သွားကာဖောင်ဆီသို့ ပြန်ကူးလာခဲ့သည်။ ဖောင်ပေါ်သို့ ရဲဘော်များ ဆွဲတင်ယူကြရသည်။ ကျော်မြင့် တယောက်ကမူ
...
“ဟီး... ဟီး၊ စီအိုက ဝက်ကြီး တွေ့လျက်သားနဲ့ ဖမ်းလဲ မဖမ်းခဲ့ဘူး”
ဟု ဆိုကာကြူကြူပါအောင် ငိုနေတော့သည်။ ကျော်မြင့် စိတ်ဖောက်သွားလေပြီ။ကျော်မြင့်သာလျှင် မဟုတ်သေးပါ။ ကျွန်တော်လည်း ခေတ္တမျှ စိတ်ဖောက်သွားခဲ့ခြင်းဖြစ်၏။ ကြည့်ပါ။
ကမ်းမမြင်ရသည့် ပင်လယ်ပြင်တွင် လူတယောက်က ဝက်ကြီးတကောင်ကို တွေ့မြင်ရသည်ဟု ပြောခြင်းကို ကျွန်တော် ယုံခဲ့သည်။
ယုံသာလျှမဟုတ်သေး။ ခုန်ချ၍ပင် ဖမ်းဆီးရန် ကျွန်တော်က ကြိုးပမ်းသမှု ပြုခဲ့သေး၏။ကျွန်တော်သည် ဝက်သား စားသူ တဦးလည်း မဟုတ်။
ဤအချက်ကိုလည်း မေ့လျော့ကာ သူကဝက်ကြီးတကောင်ဟု ပြောခဲ့သည်ကို ယုံကြည်ခဲ့သူ တဦးမှ စိတ်မနှံ့သူတဦးသာလျှင် ဖြစ်ပေတော့မည်။
နေဝင်တော့မည်။နေသည် အနောက်ဘက် မိုးကောင်းကင်တွင် ပင်လယ်ရေပြင်အထက် ဟီးလေးခိုနေဆဲရ၏ှိ ။ ဖောငေ် ပ်ါတငွ် စည်းစနစ်လည်း မရှိတော့။ လဲသူက လဲ၊ သတိ မေ့လျော့သူကမေ့လျော့ နေကြပြီ။ ထူထူ ထောင်ထောင်နေနိုင်သူ တချို့သာ ထိုင်လျက် ရှိနေကြ၏။
ကျွန်တော်၊ ဗိုလ်သန်းလွင်၊ တပ်ကြပ်မောင်အေး၊ တပ်ကြပ်ကြီး စက်/အောင်မြင့်၊တပ်သား စက်/လှဖေ နှင့် တပ်သား စက်/ဂွမ်ရှိန် တို့သာလျှင် ထူထူထထနေနိုင်ကြသည်။ တပ်ကြပ်ကြီး ခင်မောင်ဝင်းမှာ တနေရာတည်းတွင်ပင်ရက်ပေါင်းများစွာ ထိုင်နေကာ ယင်း အနေအထားတွင်ပင် မေ့မြော နေ၏။
တပ်ကြပ်ကြီး ကိုကိုကြီး မှာလည်း လှုပ်နိုင်သည် ဆိုရိုမျှသာ လှုပ်နိုင်တော့၏။သူ့မျက်လုံးများမှာ အရောင်ကင်းမဲ့ကာ တနေရာတွင်သာ ငေးစိုက်ကြည့်နေ၏။ သူသည်လည်း သတိ မရတချက် ရတချက်သာ ရှိတော့လျက်စိတ်ကယောက်ချောက်ချား ဖြစ်နေပေပြီ။
သူ့ နှုတ်ခမ်းများမှာ ကွဲအက်နေ၏။တပ်သား/စက် ကျော်မြင့်၊ တပ်သား စက်/လှမြင့် နှင့် တပ်သား/စားခန်းခင်မောင်တို့မှာ သတိ လုံးဝမရကြတော့ဘဲ ဖောင်ထက် ကြမ်းပြင်တွင် ပင်လက် လဲကျမေ့မြောနေကြပြီ ဖြစ်သည်။
နေရောင်သည်ဆလိုက် မီးမောင်းခြင့် ထိုးထားသည့်သဖွယ် ပင်လယ်ရေပြာတွင် ပေါလောမျောနေသည့် လိမ္မော်ရင့်ရောင် အသက်ကယ်ဖောင်ကလေးကို ထိုးထားသည်။မကြာမီ နေဝင်သည်နှင့် မိုးစုပ်စုပ် ချုပ်တော့မည် ဖြစ်သည်။
“ဟာ ... ဟိုမှာ သင်္ဘောကြီး တစင်းဟေ့”
“ဟာ ... ဟုတ်တယ်ဟေ့၊ ဒီတခါ အနီးလေးပဲကွ”
မည်သူကစတင်မြင်သည်မသိ၊ ပင်လယ်ကူး သင်္ဘောကြီး တစင်းသည် ကျွန်တော်တို့၏ အနောက်ဘက်သုံး လေးမိုင် အကွာ၌ တောင်ဘက်သို့ ဦးတည် ခုတ်မောင်းနေသည်ကို တွေ့ကြရ၏။
“ဟေ့ ... လက်ပြကြပါဟေ့ ... လက်ပြကြပါ”
ကျွန်တော်တို့တွင်မည်သည့် အချက်ပြ ကိရိယာ မီးကျည်မျှ မရှိကြတော့သည့်အတွက် လက်ကိုမြှောက်ကာ ဝှေ့ယမ်းပြခြင်းသာ ပြုနိုင်တော့၏။
နောက်မှ ကျွန်တော်က သတိရကာသင်္ဘောပေါ်မှ မဆင်းမီတွင် ကျွန်တော် ယူလာခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ၏ရေ တပ်မတော်သုံး အလံကို ဝှေ့ယမ်းကာ ပြရသည်။ ဖောင်ပေါ်တွင်မတ်တတ်ရပ်ရသည်မှာ မလွယ်။ ပျော့အိအိ လေသွင်းသော ဖောင်ပေါ်တွင် တက်၍မတ်တတ် ရပ်ရသည်မှာ လှုပ်လဲ့ လှုပ်လီသာ ရပ်၍ ရသည်။ တယောက်လက်ညှောင်းသော် တယောက်က ဝှေ့ယမ်းသည်။
ဘုရား၊ ဘုရား
မြင်ပါစေဗျာ။တို့ကို မြင်ပါစေ။ ဒီတခါတွင် မမြင်လျှင်တော့ မျှော်လင့်ချက် ကင်းပြီမှာသေချာလှသည်။သင်္ဘောကြီးသည် တောင်ဘက်ဆီသို့ ဦးတည်မောင်းနေခြင်းကြောင့် သင်္ဘောကြီး၏ ကိုယ်ထည်ကို ဘေးတိုက် အလျားလိုက်မြင်နေသည့်အနေအထားမှ တစတစ အနေအထား ပြောငင်းသွားသည်။ ဦးပဲ့မမြင်ရတော့။ ဦးပဲ့တွင် တတိုင်စီရှိသော ရွက်တိုင် နှစ်တိုင်ကိုမြင်နေရာမှ ရွက်တိုင် တတိုင်တည်းသာ မြင်ရတော့သည်။
“ဟာ ... သွားပြီဟေ့၊ ချိုးသွားပြီ၊ လှည့်ထွက်သွားပြီ”
သင်္ဘောလှည့်ထွက်သွား၍သင်္ဘော အနေအထား ပြောင်းသွားခြင်း ဖြစ်သည်။ သူ့နောက်သို့ပင် လက်ပစ်ကူး၍လိုက်ချက်သည့် စိတ်များ မနည်း ချုပ်တည်းထားကြရသည်။ ဝမ်းနည်းပက်လက်လည်းဖြစ်ကြရသည်။ ဝှေ့ယမ်းပြနေသော လက်များလည်း လက်ပန်းကျသွားကာမလှုပ်မယှက်ဖြစ်ရတော့သည်။ ရွက်တိုင်ကိုကြည့်ရင်း ကြည့်ရင်းနှင့်ပင် ရွက်တိုင်သည် ပိုမိုထင်ရှားပြတ်သားလာကာ ရွက်တိုင်သာမက ရွက်တိုင်၏ ဘေး ဆိုင်းထားသည့်ဆိုင်းကြိုးများကိုပင် ပြတ်သားစွာ မြင်ရလာတော့၏။ ကျွန်တော်သည်သင်္ဘောအောက်ခြေဆီသို့ ကြည့်လိုက်သည်တွင်သင်္ဘောဦးသည် ရေကိုခွဲလိုက်သည်နှင့် တဖွားဖွား ထနေသော ယက်ပန်းများကို ထင်ရှားစွာတွေ့ရတော့၏။
“ဟေး... ဒီကိုလာနေတာကွ၊ ဒီကိုလာနေတာ၊ တို့ကို မြင်သွားပြီ၊ တို့ မသေတော့ဘူးကွ” ကျွန်တော်၏ ဝမ်းသာအားရခြင်းကား ပြောကုန်နိုင်ဖွယ်ပင် မရှိတော့ပါ။
“ဟေး... တို့ မသေတော့ဘူးကွ” မြင်သမျှ ရဲဘော်တို့က ဝမ်းသာအားရအော်ကြသည်။ သူတို့ ပျော်သလို လဲကျမေ့မြော နေသူများပါ
ပျော်စေရန်အတွက်တွဲထူမကာ သင်္ဘောကြီး လာနေသည်ကို မြင်စေလိုသော ဆန္ဒနှင့် ထူပြကြသည်။
သင်္ဘောကြီးလာနေပြီကို သေချာသည်နှင့် တပြိုင်နက် ကျွန်တော်၏ ပထမဆုံးသော လုပ်ရပ်မှာလက်ကျန်ရေဘူးသုံးဘူးကို အားလုံးကုန်အောင် တပြိုင်တည်း ဖောက်ကာမကျန်းမာသူများအား ဦးစွာတိုက်ပြီး ဝေတူ မျှတူ သောက်လိုက်ကြခြင်းပင် ဖြစ်၏။အရသာ ရှိလှသည့် တကျိုက်ပါပေ။
တကျိုက် နှစ်ကျိုက် နှစ်နှစ်ခြိုက်ခြိုက်သောက်လိုက်ရသည့် ရေသည် စိုးရိမ်စိတ် ကြီးမားစွာနှင့်သောက်ရသည့် အသက်ဆက်ရေနှင့် ကွာခြားလှပါဘိသည်။
သင်္ဘောမှာ ဂျပန် ကုန်သင်္ဘောကြီး ဖြစ်၏။ ဦးပိုင်းတွင် ရေးသားထားသည့် (Esan Maru) အီစန်မာရူးဟူသော အမည်ကိုပင် ထင်ရှားစွာ တွေ့မြင်နိုင်ပေပြီ။ ဂျပန် သင်္ဘောသားအားလုံးနီးပါးလိုပင် ဦးထိပ်ပိုင်း လက်ရန်းတိုင်များကို မှီကာကျွန်တော်တို့အား တအံ့အဩကြည့်နေကြသည်။ သင်္ဘောသည် ကျွန်တော်တို့အား သူ၏ဝဲဘက် ဦးတွင် ထားကာ ချိန်ဆ ချဉ်းကပ် လာသည်။ သင်္ဘောပေါ်မှ Heaving Line ) ခေါ်ကြိုးတချောင်း ပစ်ပေးရာ ကျွန်တော်တို့ ဖောင်ပေါ် တည့်တည့်ကျသည်။ဖောင်ပေါ်ရှိ ဗိုလ်သန်းလွန်နှင့် ရဲဘော်များက ဆွဲယူကာ မြဲစွာဆုပ်ကိုင်ထားကြ၏။ သင်္ဘောဟူသည်မှာ စက်အရှိန်က သတ်သော်လည်းမူလအရှိန်တော်ရုံနှင့် မသေ။ သင်္ဘောဟူသည်မှာ ဘရိတ်လည်း ပါသည်မဟုတ်။ဂျပန် သင်္ဘောကြီးပေါ်မှ ပစ်ပေးသည့် ကြိုးကို ကျွန်တော်တို့ လူစုက အမိအရဆုပ်ကိုင်ထားကြသည်။
ကျွန်တော်တို့ဖောင်သည် သင်္ဘောကြီး၏ ဝမ်းပြင်နှင့် နီးသည်ထက် နီးလာနေပြီ။ ထိုစဉ်သင်္ဘောကြီးပေါ်ရှိ ဂျပန်သင်္ဘောသားများသည် ဆူညံစွာအော်ဟစ်ကာ ပဲ့ပိုင်းဆီသို့ပြေးလာနေကြသည်။ သူတို့ မျက်နှာတွင်လည်း ထိတ်လန့်သော အမူအရာများ ပေါ်နေ၏။
ကျွန်တော်က လူမမာများကိုပြုစုနေရာမှ မော့ကြည့်လိုက်သည်တွင် ဂျပန်များ ထိတ်လန့်တကြား အော်ဟစ်နေကြခြင်း၏ အကြောင်းရင်းကို ချက်ချင်းပင် တွေ့မြင်လိုက်ရသည်။ပစ်ပေးသည့် ကြိုးသည် တဖက်တွင် လျှော့ပေးရန် မရှိတော့။ ကျွန်တော်တို့ဖောင်ပေါ်မှ ရဲဘော်များကလည်း အသေဆုပ်ကိုင်ထားကြသည်။ ဤကြိုးသည် သူတို့၏အသက်၊ သူတို့၏ နောက်ဆုံး မျှော်လင့်ချက်ကြိုး။ ဤကြိုးကို လွတ်၍ မဖြစ်။ကြိုးသည် တင်းလာသည်နှင့် အမျှ ဖောင်သည် သင်္ဘောနှင့် နီးကပ်လာသည်မှန်သော်ငြားလည်း ကြိုးတဖက်ဖျားတွင် ရှိသော ဖောင်မှာ သင်္ဘောပဲ့ပိုင်းဆီသို့ဦးတည် ချဉ်းကပ်နေ၏။ သင်္ဘောကလည်း အရှိန်သတ်၍ မရသေး။ကျွန်တော် ကြည့်လိုက်ရာ သင်္ဘော ပဲ့ပိုင်းရှိရေယက်ပန်ကာကြီးများဆီသို့ဖောင်က ဦးတည် ဝင်နေသည်ကို မြင်ရတော့၏။
“ဟေ့... ကြိုးစကို လွတ်လိုက် ... လွတ်လိုက်” ဟု ကျွန်တော်က အလန့်တကြားအော်ဟစ်လိုက်၏။ သို့သော် မည်သူကမျှ မလွတ်ကြ၊ မလွှတ်ချင်ကြ။ သင်္ဘောကြီးသည်သူတို့အား ပစ်၍ ထွက်သွားမည်ကို စိုးရိမ်နေကြသည်။
“ဟေ့ ... မြန်မြန် လွှတ်လိုက်ကြစမ်း၊ သေကုန်တော့မယ်”
ကျွန်တော်ကထပ်မံ အော်ဟစ်တော့မှ ဗိုလ်သန်းလွင်လည်း အန္တရာယ်ကို မြင်ကာ ကြိုးစကိုကပျာကယာ လွတ်လိုက်သည်။ သူ့နောက် မောင်အေးက လွှတ်လိုက်၏။ တပ်ကြပ်/စက်အောင်မြင့်ကမူ ကြိုးစကို မလွတ်သေး။ စွဲမြဲစွာ ဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။ကျွန်တော်က ပြောနေချိန် မရတော့။ လက်စွဲတော် လက်နှိပ်ဓာတ်မီးဖြင့်အောင်မြင့်၏ လက်ကို တအား ရိုက်ချလိုက်ရတော့သည်။
အောင်မြင့်သည်နာကျင်စွာဖြင့် “အား” ဟု အော်ကာ ကြိုးစကို ယောင်ယမ်း၍ လွတ်လိုက်တော့၏။ အသက်ကယ် ဖောင်သည် ထိုအခါကျမှပင် သင်္ဘောကြီး၏ ယက်မ ပန်ကာများမှဝေးရာဆီသို့ ထွက်သွားတော့သည်။
“သေကြတော့မလို့ နည်းနည်းပဲ လိုတော့တယ်” ဟု ကျွန်တော် ပြောလိုက်၏။
အောင်မြင့်လက်မှာချက်ချင်း ဖူးရောင်ထလာသည်။ သူသည် ရှုံ့မဲ့ ရှုံ့မဲ့ ဖြစ်နေသည်။သင်္ဘောကြီးသည် ကျွန်တော်တို့ကို လွန်၍ အတန်ဝေးစွာ ထွက်သွားသည်။
“သင်္ဘောကြီးကတွေ့ပြီးမှတော့ တို့ကို ပစ်ပြီး ထွက်မသွားပါဘူးကွ၊ သူ့ အရှိန်ကိုတော်တော်နဲ့ သတ်လို့ရတာမှ မဟုတ်တာ၊ ခု ပြန်ကွေ့လာလိမ့်မယ်၊ ကြည့်နေ”
ကျွန်တော်ပြောသလိုပင် သင်္ဘောသည် အတန်ဝေးသော နေရာ၌ ပြန်လှည့်ရန်ကြိုးစားနေသည်ကို မြင်ရမှ သူတို့အားလုံး ပြုံးနိုင်ရယ်နိုင်ဖြစ်လာကြသည်။
“ဒီမှာအားလုံး နားထောင်၊ သင်္ဘောပေါ်မှာ အစာရေစာ အားလုံးရှိတယ်၊ ဝ၀လင်လင်စားရတော့မယ်၊ တို့ မသေတော့ဘူးဆိုတာ စိတ်သာချကြတော့၊ သင်္ဘောကို ငါအလျင်ဆုံး တက်သွားမယ်၊ လူမမာတွေကို ထမ်းစင်နဲ့ တင်ဖို့ ငါစီစဉ်မယ်၊မင်းတို့က လူမမာတွေကို တယောက်ပြီး တယောက် တင်ပေး၊ အားလုံး ကုန်စင်တင်ပြီးတဲ့အထိ ဗိုလ်သန်းလွင်က ကြီးကြပ် တာဝန်ယူ၊ ဟုတ်လား”
“ဟုတ်ကဲ့ ... စီအို”
ဤတွင် သင်္ဘောပေါ် တက်ရေးမှာ ပြဿနာတရပ်ဖြစ်လာသည်။ သင်္ဘောနစ်စဉ်က အသက်ကယ် ဖောင်ပေါ်သို့ ကျွန်တော်သည်တာဝန်ကျချိန်က ဝတ်ဆင် ထားသည့် ရွှေဘားတပ် ဂျာကင် အင်္ကျီအနက်ကို ဝတ်ကာအောက်ပိုင်းတွင် ဘောင်းဘီတို အဖြူတထည်ကို ဝတ်ဆင် ထားသည့်အတိုင်းဆင်းလာခဲ့သည်။ အပေါ်အင်္ကျီတွင် ရာထူးအဆင့် ရွှေဘားနှင့် အခွေသည် အထင်းသားတပ်ဆင်ထားလျက် ရှိသေး၏။
ဘောင်းဘီမှာမူ ဖောင်ပေါ်တွင်နေစဉ်ခေါင်းနေပူသည်ကြောင့် ခါးမှချွတ်ကာ ရေဆွတ်လျက် ခေါင်းပေါ် တင်ထားခဲ့သည်။တနေ့လုံး ခေါင်းဆောင်းအဖြစ် သုံးခဲ့၏။ တညတွင် ဘယ်အချိန် ရေတွင်ကျသွားသည် မသိ။ ရေတွင် ကျကာ ပျောက်ဆုံးသွားခဲ့သည်။ ငါးရက်မြောက်ညတွင်လား ခြောက်ရက်မြောက် ညတွင်လား မမှတ်မိတော့။ ယခု သင်္ဘောပေါ်တက်ရမည်ဆိုသောအခါ ကျွန်တော့်မှာ ပခုံးပေါ်တွင် ရွှေဘားတပ် ဂျာကင် အင်္ကျီမှတပါး ကိုယ်အောက်ပိုင်းတွင် (ကန်တော့ပါရဲ့ ) ရွှေပန်းနှင့်၊ပေါက်သည့် နဖူးကတော့ မထူးတော့ပြီ။အီစန်မာရူး သင်္ဘောကြီးက တပတ်ကွေ့၍ ဖြည်းဖြည်းကလေး ဝင်လာနေပြီ ဖြစ်သည်။ သူသည် ဝဲဘက် ဦး အသာ ပေး၍ ဝင်လာနေခြင်းအကြောင်းရင်းကို ကျွန်တော် တွေ့လိုက်ရသည်။ ဝဲဘက်ဘေးတွင် သင်္ဘောတက်လှေကားကြီး ချထားခြင်းကြောင့် ဖြစ်၏။ သာမန်အားဖြင့် ဤလှေကားကြီးသည်ပင်လယ်ခရီးတွင် သင်္ဘောပေါ်တင်ထားသည်။ ဂျပန် သင်္ဘောသားများမှာလည်း သင်္ဘောတစင်းလုံး ပျားပန်းခပ်မျှ အလုပ် ရှုပ်ကြတော့၏။
ကျွန်တော်က ရဲဘော်များအား နောက်ဆုံး အမိန့် အနေဖြင့် ...
“ကဲ... အခု ငါ သင်္ဘောပေါ် စတက်မယ်၊ သင်္ဘောပေါ်ရောက်ရင် ရေ ရမယ်၊အစားအသောက်ရမယ်၊ လောဘ တကြီး အငန်းမရနဲ့ နွားငတ်ရေကျရေမသောက်ကြနဲ့၊ ဂျပန်တွေ အထင် သေးသွားမယ်၊ ဘာမှ မဖြစ်သလို ပစ်ကနစ်ပျော်ပွဲစား ထွက်လာခဲ့သလို အေးအေးဆေးဆေး ရေသောက်ကြ၊ ဣနြေ္ဒမပျက်စေနဲ့ဟုတ်လား”
ဂျပန်သင်္ဘောမှဒုတိယအချီ ပစ်ပေးသော ကြိုးနှင့် ဆွဲယူသည်တွင် ကျွန်တော်တို့ ဖောင်သည်လှေကားဆီသို့ တဖြည်းဖြည်း ကပ်ဝင်လာ၏။ ဂျပန် သင်္ဘောကုန်းပတ် ထက်မှကင်မရာများနှင့် ဓာတ်ပုံ ရိုက်ယူနေသည်ကို တွေ့ရ၏။သင်္ဘောလှေကားရင်းသို့ ဖောင်ကပ်ဝင်မိသည်တွင် ဂျပန်သင်္ဘောသားနှစ်ဦးသည်လှေကားထိပ်မှ လှေကား ခြေရင်းသို့ ပြေးဆင်းလာကြသည်။ ပြေးဆင်း လာကြပြီးနောက် ကျွန်တော့်ကို ဦးစွာ တွဲယူတင်ရန် လက်ကို လှမ်းပေးကြသည်။
သူတို့ဆွဲတင်ရသည်ဆိုလျှင် ရာဇဝင် ရိုင်းတော့မည်။ ရွှေဘိုသား၊အလောင်းဘုရား ဦးအောင်ဇေယျ၏ သွေးက ရာဇဝင်ရိုင်းတော့ မခံနိုင်။ကျွန်တော်က လက်ကာပြ၍ အမူအရာနှင့် နောက်သို့ ဆုတ်ခိုင်းလိုက်ရာသူတို့ ကြောင်အမ်းအမ်း ဖြစ်ကာ တုံ့ဆိုင်းလျက် ရပ်နေကြ၏။ကျွန်တော်ကခပ်တည်တည်ပင် အောက်ပိုင်း ဗလာကျင်းသော ကိုယ်ခန္ဓာဖြင့် သင်္ဘော လှေကားထက်လှမ်းတက်လိုက်သည်။
ညာခြေနှင့် လှမ်း၍ ဘယ်ခြေကို ဖောင်ပေါ်မှရုတ်လိုက်သည်တွင် ကျွန်တော်သည် အရုပ်ကြိုးပြတ် ဖြစ်ကာ ခွေခနဲ သင်္ဘောလှေကားထစ်များပေါ်တွင် ပုံလျက် ကျသွားသည်။ လက်ရန်းကြိုးများကို ကိုင်၍ ထပ်မံမတ်တပ်ရပ်ရန် ကြိုးစားသည်တွင် ကျွန်တော့်တွင် ခြေထောက်နှစ်ချောင်းစလုံး မရှိတော့ပြီဟု ခံစားသိရသည်။ ကျွန်တော့်ခြေထောက်များကို ကျွန်တော် ကောင်းစွာ မြင်နေရ၏။ သို့သော်
ခံစားမှုကားလုံးဝမရှိပြီ။ ခြေဖဝါးမှအစ တလျှောက်လုံး ထုံ၍ သေနေတော့သည်။
ကျွန်တော့်အဖြစ်ကိုဂျပန် သင်္ဘောသားများ မြင်ရသည်နှင့် ဘာမျှ ဆက်မပြောတော့ဘဲ နှစ်ယောက်သားကျွန်တော့်ကို တဖက်တချက်စီ ချိုင်းမှ တွဲကာ တံကောက်ကွေးမှ မယူပြီး သင်္ဘောပေါ်တင်သွားတော့သည်။ သူရဲကောင်းကြီး ဟန် မလုပ်နိုင်တော့ပြီ။သင်္ဘောကုန်းပတ်ပေါ်စိတ်ချရသော နေရာ ရောက်မှ ကျွန်တော့်ကို ချကြ၏။
ကျွန်တော်သည်သင်္ဘော နံရံဘောင်ကို လက်နှင့် ဖေးထားပြီး မတ်တပ်ရပ်လိုက်သည်။ကျွန်တော့် ခြေဖဝါးများသည် သင်္ဘော ကုန်းပတ်တွင် နင်းထားသည်ကိုမြင်နေရသော်လည်း မည်သို့မျှ မခံစားရ။ အတန်ကြာမှ ပူခနဲ ကျဉ်ခနဲဖြစ်သွားကာ သွေးလျှောက်လာသည်ကို ခံစားရ၏။ခြေဖဝါးနှင့် သင်္ဘောကုန်းပတ်ခိုင်မြဲစွာ ထိနေသည်ကို သိရတော့၏။
ကုန်းပတ် လှေကားထက်တွင်မျက်မှန်နှင့် အဘိုးအိုတဦး ရပ်နေသည်။ သူ့ ဘေးပတ်ဝန်းကျင်တွင်သင်္ဘောအရာရှိနှင့် တူသူများ ဝိုင်းကာ ကျွန်တော့်ကို ဆီးကြိုနေကြသည်။အီစန်မာရူး သင်္ဘော၏ မာလိန်မှူး ကပ္ပီတန် (K-yosida) ကေ-ယိုရှိဒါး ဖြစ်ကြောင်း နောက်တွင် သိရ၏။
ကျွန်တော်က ...
'Thanksyou very much for saving our lives Captain. I've some sick-men on theraft. Please send down some stretchers to carry them.'
“ကျွန်တော်တို့အသက်ကို ကယ်တဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ် ကပ္ပီတန်၊ ကျွန်တော့်ဖောင်ပေါ်မှာ လူမမာတွေ ရှိနေပါတယ်၊ သူတို့ကို ကယ်တင်ဖို့ လူနာတင်ထမ်းစင်တွေချသယ်ပေးပါ” ဟု ပြောလိုက်၏။ ကပ္ပီတန် ယိုရှိဒါးသည် အရာရှိ ခပ်ဝ၀ တယောက်တယောက်၏မျက်နှာကို လှမ်းကြည့်လိုက်သည်။ ခပ်ဝ၀ အရာရှိမှာ သူ၏ လက်ထောက်ပထမ အရာရှိ ဖြစ်သည်။ ကပ္ပီတန် ယိုရှိဒါးက အင်္ဂလိပ်စကားကောင်းစွာမပြောတတ်။ ပထမ အရာရှိက အတန်အသင့် ပြောတတ်ခြင်းကြောင့် သူက တဆင့်ဘာသာပြန်ပြောရသည်။ သူတို့က သူတို့တွင် လူနာတင် ထမ်းစင်မရှိခြင်းကြောင့် ကျွန်တော့်ကို ကယ်တင်သကဲ့သို့ လူနှင့်ပင်သယ်တင်မည်ဖြစ်ကြောင်း ပြောပြ၏။ ကျွန်တော်တို့ စကားပြော နေကြစဉ်ပင် ကျွန်တော်၏ရဲဘော်များကို တဦးပြီး တဦး သယ်ယူတင်နေသည်ကို တွေ့ရ၏။သင်္ဘောကုန်းပတ်ရှိ ပဲ့ပိုင်းကုန်လှောင်ခန်း သစ်သားအဖုံးများပေါ်တွင်လှဲချထားသည်။ ကျွန်တော်က သင်္ဘော လက်ရန်းကို မှီကာ အောက်ဘက်ဖောင်ဆီသို့ငုံကြည့်ပြီး ကျွန်တော့်လူများ စေ့မစေ့ ရေတွက်ကြည့်နေသည်။ ဗိုလ်လေးသန်းလွင် နောက်ဆုံးမှ တက်လာသည်။ လူအားလုံး သင်္ဘောပေါ်ရောက်ပြီးနေပြီ ဖြစ်သည်။
ကျွန်တော်ပါ ၁၁ ယောက်။
ကျွန်တော့်နောက်ကျောဘက်ဆီမှ ရုတ်ရုတ်သဲသဲ ကြားရသည်။ လှည့်ကြည့်လိုက်သည်တွင်ဂျပန် သင်္ဘောသား တဦးသည် သစ်သားစည်ပြတ် တခုကို ကိုင်ကာ ကျွန်တော့်ရဲဘော်များအား လှည့်ပတ်ပြေးနေခြင်းကို တွေ့ရ၏။ သူ့အားလည်း အခြားသင်္ဘောသားများက ဂျပန်လို လှမ်းအော်ပြောကြသည်။ သူသည် ခပ်လှမ်းလှမ်းမှ နေကာသစ်သား ရေမှုတ်တလက်ဖြင့် ကျွန်တော့် ရဲဘော်များကို လှမ်းပေးနေ၏။ဖြစ်ရပ်မှာကျွန်တော့် ရဲဘော်များသည် အငမ်းမရရေစည်ပိုင်းပြတ်ကို တိုးဝှေ့သောက်နေခြင်းကြောင့် သူ လန့်၍ဝိုင်းကြီးပတ်ပတ်လည်ကာ ပြေးနေခြင်း ဖြစ်သည်။
“ဟေ့ကောင်တွေငါ ပြောထားသားပဲ၊ မင်းတို့ မသေပါဘူးဆိုမှ ဖြည်းဖြည်းသောက်ကြပါ၊ ဟို ဂျပန်လန့်ပြီး လှည့်ပတ်ပြေးနေတာကွ၊ မင်းတို့ကို မတိုက်ချင်လို့ မဟုတ်ဘူး”
ကျွန်တော်က ဒေါသဖြင့် အော်လိုက်သည်တွင်မှ အားလုံး ဣနြေ္ဒရသွားကြသည်။ ပထမ အရာရှိက ဘာဖြစ်သည်ကို သိချင်၍ ကျွန်တော့်အား
What happen, What happen'ဟု ကျွန်တော့်ကို မေးနေသည်။ ကျွန်တော်က ပထမ အရာရှိအား အင်္ဂလိပ်ဘာသာဖြင့် ...
“ကျွန်တော့်ကို ရေတခွက်လောက် ကျေးဇူးပြုပါဦး” ဟု တောင်းရသည်။ အရာရှိလည်း သတိရကာ yes yes ဟုဆိုပြီးသင်္ဘောသားများဆီသို့ လှမ်းအော်လိုက်ရာ ဖန်ခွက်တခုနှင့် အပြည့်သောက်ရေ ယူလာပေးသည်။ ကျွန်တော်က သောက်ရေကို အတန်ကြာ အချိန်ယူ၍သောက်လိုက်သည်တွင်မှ လူမှာ လန်းဆန်း အားပြည့်လာသည်။
ရေတခွက်၏ တန်ခိုး သတ္တိသည် ကြီးလှပါပေ၏။ ပြီးမှ ကပ္ပီတန် ကေယိုရှိဒါး ဘက်သို့ လှည့်ကာ အလေးပြုလိုက်ပြီး ....
“ကျွန်တော်တို့ရေတပ်သင်္ဘောတစင်းက အရာရှိနဲ့ ရဲဘော်တွေပါ၊ ကျွန်တော်တို့သင်္ဘောဟာ မုန်တိုင်းမိပြီး နိုဝင်ဘာလ ၂၉ ရက်နေ့က ပျက်ဆီး နစ်မြုပ်သွားခဲ့ပါတယ်၊ ဒီအနားတဝိုက်မှာ အခြား ဖောင် တစင်းနဲ့ ကျွန်တော့်လူကိုးယောက် ရှိနိုင်ပါသေးတယ်၊ အဲဒါကို ကူညီ ရှာပေးစေလိုပါတယ်” ဟုသတင်းပို့လိုက်သည်။ ပထမ အရာရှိက ဘာသာပြန်ပြော၏။
ကပ္ပီတန်ကေယိုရှိဒါးက သူ့တွင် ဆလိုက်မီးများ မပါရှိပါ။ ယခုလည်း အချိန်အတန်လင့်ပြီဖြစ်ခြင်းကြောင့် ရှာဖွေ ဆယ်ယူရန် အချိန် မရတော့ပါ။ ကျွန်တော်တို့ဖောင်ကို ဆယ်ယူရရှိသည့် နေရာ၏ လက်တီကျုနှင့် လောင်ဂျီကျု ကိုသတင်းပို့ပေးမည်။ ရန်ကုန်သို့ အကြောင်းကြား ပေးမည်ဟု ဆိုသည်။ထို့နောက် သူက ကျွန်တော်တို့၏ ဖောင်ကို သင်္ဘောပေါ်တွင် တင်ဆောင်ယူလာလိုပါသေးသလား ဟု မေးမြန်းရာကျွန်တော်က ယူလိုကြောင်း ပြောသည်နှင့်ဝန်ချီစက်များဖြင့် တင်ယူစေခဲ့သည်။ ကျွန်တော့်ဖောင် သင်္ဘောပေါ်ရောက်သည်တွင် နေရောင်သည် လုံးဝပျောက်ကွယ်ကာ အမှောင်ထုသည်ပင်လယ်ပြင်တွင် သက်ဆင်းကျရောက်လာပြီ ဖြစ်တော့သတည်း။
---------------
မောင်သော်က
(PS:Ko Kyaw Thura Facebook မှ ကူးယူဖော်ပြပါသည်။)
August 30, 2018
[ ရှဥ့်ညိုလေးဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment