Wednesday, 26 June 2019

#ဖေဖေ အပိုင်း ( ၂)

#ဖေဖေ 


အပိုင်း ( ၂) 


#ခင်နှင်းယု 


 

''မေမေ....ဖေဖေမောင်း ဟိုမှာ ဟိုမှာ... ကြည့်ပါအုံး၊ သစ်ပင်အောက်မှာ မနက်ကလာတဲ့ ဘဘကြီး တို့....''


ကျမတို့ နှစ်ယောက်သည် မိညွှန်ပြသော နေရာဆီသို့ ကြည့်လိုက်သောအခါ ဘကြီး ဦးဘိုးဥာဏ်တို့လင် မယား မှာ သစ်ပင်လေးတပင်အောက်တွင် ငုတ်တုတ်လေးထိုင်နေကြသည်ကို မြင်ရတော့သည်၊ ဖေဖေ့ ကိုတော့ မတွေ့မိပါ။


ကျမသည် ကမန်းကတန်းပင် သူတို့ရှိရာသို့ ပြေးသွားရ၏။


''ဘဘတို့ ဘယ်လိုဖြစ်တာလဲ၊ ဖေဖေကော....''


အဘိုးကြီးလင်မယားမှာ အတော်နွမ်းနယ်နေပုံရ၏။ ကျမကိုမြင်မှ အားတက်သွားပုံရ၏။ ရင်ဖတ် ကို လက် နှင့် ဖိကာ ဘဘကြီးက အတော်ကို မောပမ်းသောအသံနှင့်ပြောပါသည်။


''အမလေး... မခင်ယုရေ၊ ခြောက်ဆယ့်ခြောက်နှစ်ပြည့်လို့ မသေ၊ နင့်အဖေ မောင်ဘ - တို့ကို သတ်လို့ သေလိမ့်မယ်၊ မနက်က နင်လဲရုံးထွက်သွားရော တို့ကို ထမင်းကျွေးပြီး သူ့ကားကို စောင့်မနေနဲ့တဲ့၊ ခင်ဗျား တို့ကို အစုံ ကျုပ်လိုက်ပို့မယ် ဆိုပြီး ဆွဲခေါ်လာတာဘဲ၊ ဘုရားတွေတော့ စုံပါရဲ့၊ ဘတ်စ်ကား တွေက တဖြေးဖြေး ကြပ်လာတော့ တချို့နေရာတွေမှာ ကုန်းကြောင်းလျှောက်လာရတာ ငါသေတော့မယ်၊ ဒီ ကမ္ဘာအေး ရောက်တော့ ဘုရားကုန်းပေါ် အနှံ့ လျှောက်အုံးမယ်တဲ့လေ၊ မင်းဖာသာ သွားတော့ တို့ တော့ မလိုက်နိုင် တော့ဘူးဆိုပြီး ဒီမှာ နေရစ်ခဲ့ရတော့တယ်၊ မင်းအဖေတော့ သွားလေရဲ့.... ''


ကျမ မှာ အတော်စိတ်ထိခိုက်သွားပါသည်။


''ဒါကြောင့် ကျမသိတ်စိတ်ညစ်တာ အဘရဲ့.... သူက သူထင်ရာသူ စွတ်လုပ်တာဘဲ၊ တခြားလူ လုပ် နိုင်လား မလုပ်နိုင်လား လဲ မသိဘူး၊ ခုလဲ ဘယ်ထွက်သွားလဲမသိ၊ သူ ဘယ်သွားသွား၊ ဘဘတို့ အေး အေး အဖျော်ရည် တခွက်စီ လောက်တော့ သောက်ကြပါအုံး.... ကားနဲ့ တခါထဲပြန်ပို့မယ်.... ''

ဘဘ မှာ ပန်းနာရှိသူဖြစ်၍ ကျမက ပိုသနား၏။


''မသောက်ပါရစေနဲ့တော့ကွယ်.... အိမ်ကိုသာ ပြန်ပို့ပါတော့၊ သူနဲ့သာဆိုရင် ငါသေလိမ့်မယ်....''


အတော်ပင်တည်း၊ ဦးစံငွေပြန်ရောက်လာ၍ ဘကြီးဦးဘိုးဥာဏ်တို့လင်မယားကို တခေါက်သတ်သတ် ပြန်ပို့ခိုင်း ရ၏။ ကျမတို့မှာ အဘ ဦးဘိုးဥာဏ်တို့ နားနေခဲ့ရာ သစ်ပင်အောက်တွင် ဖေဖေ့ကို စောင့်ခေါ် ခါ နောက်တခေါက် ကားနှင့် မှ ပြန်လာရပါတော့သည်။ဖေဖေ ကတော့ ဟန်ပင်မပျက်ပါပေ။


ဘကြီး ဦးဘိုးဥာဏ်သည်လည်း ဖေဖေပြောသော အသက် ခြောက်ဆယ့်ခြောက်နှစ်တွင်မသေခဲ့၊ တနှစ် ကမှ ဆုံး၍ သွားပါသည်။


******


#ဦးအချိန်မှန်


ဆူးလေဘုရားလမ်းတိုက်တွင်နေစဉ်က ခြေတဖက်ဆွဲရုံသာဆွဲနေသေး၍ လမ်းကောင်းကောင်း လျှောက်နိုင် နေသေး ရာ တခါတရံ သူစိတ်ပါလက်ပါရှိသောနေ့တွင် ရေနွေးဘူးထဲ ကော်ဖီထည့်ပြီး စားစရာသောက်စရာ အစုံအလင် နှင့် ကျောက်မြောင်းသြဘာလမ်း ရှိ သမီးအလက်အိမ်သို့၎င်း၊ ရွှေတိဂုံ ဘုရားမြောက်ဖက် အာဇာနည်ကုန်း နားရှိ ခြံတွင်နေသော သားအကြီးဆုံး ဗိုလ်မှူးသီဟ အိမ်သို့၎င်း ကုန်းကြောင်း လျှောက်တတ် ပါသည်။


ထိုစဉ်ကတည်းက ဦးနုမှာ ၀န်ကြီးချုပ်ရာထူးမှ ခဏခဏ ထွက်ဖို့အကြောင်း စီစဉ်၏။ သူစီစဉ်တိုင်း ကျမ မှာလည်း အတွင်းရေး အတွင်းဝန်အဖြစ်မှ နှုတ်ထွက်ဖို့ပြင်ရ၏။ ဘာကြောင့်ပြင်ရသနည်းဆိုသော် အဓိက အကြောင်းရင်း မှာ ဖေဖေပါပင်တည်း။ အစိုးရအလုပ်မှ ထွက်လျှင် အစိုးရအိမ်ကို ပြန်အပ်ရမည်၊ ဖေဖေနှင့် ရပ်ကွက်ထဲ ရှိ အိမ်များကို ငှားနေ၍ဖြစ်မဖြစ်၊ ထိုအချက်မှာ အဓိကထား၍ စဉ်းစားရသော အချက်ဖြစ်၏။ 


ယခု ဆူးလေဘုရားလမ်းပင် ကုလားများကြားထဲတွင်နေရ၍ ရပ်ကွက်ကို အားမနာရခြင်း ဖြစ်သည်။ မြန်မာ ဆို၍ ဦးလေးချစ် (ကောက်ပဲသီးနှံ)နှင့် ဒေါ်နုနုတို့ အိမ်ထောင်စုတစုသာရှိသည်။

ဒါတောင် ပြောင်းစက ၀ါးခယ်မမှ မိတ်ဆွေတယောက် ဆူးလေဘုရားဖူးပြီး  ပလက်ဖောင်း ပေါ်လျှောက် ၍ ကျမတို့အိမ်ရှိရာဘက်သို့ ကူးလာရာ ဖေဖေက တိုက်ပေါ်က လှမ်းမြင်လိုက်ပါသည်။ ဘယ်လောက် ၀မ်းသာအားရစိတ် နှင့် ဘယ်လောက်အော်ဟစ်ခေါ်လိုက်သည်မသိပါ။ အိမ်ခန်းနားနီးချင်း ကုလား များရော လမ်းဘေးကပ်ရပ်ထားကြသည့် မော်တော်ကားများမှာ ဒရိုင်ဘာများပါ ဓားမြတိုက် သည် ထင်ပြီး အိမ်ပေါ်ပြေးတက်လာသောကြောင့် မနည်း အကျိုးအကြောင်း ရှင်းလင်းပြောပြ၍ တောင်း ပန်လွှတ် ရတော့သည်။


''သမီးတို့ဖေဖေ ပြောပုံ၊ ဆိုပုံ၊ နေပုံနဲ့တော့ မောင်နု ရာထူး က ထွက်ယင် သမီးတို့နေဘို့ အိမ်လိုတယ်၊ ရပ်ကွက် ထဲတော့ မဖြစ်ပါဘူး... လူဝေးဝေးတနေရာမှာ ခြံလေးတခြံတော့ ၀ယ်ပါသမီး၊ ခြံထဲမှာတော့ တဲလေးဘဲ ထိုးနေရ နေရပေါ့၊ တော်တော်ကြာ ဖေဖေ့အတွက် ဘေးလူတွေ စိတ်ဆင်းရဲစရာကြီး...''


ကျမတို့သည် မေမေပေးသော အကြံဥာဏ်အတိုင်းပင် ယခုဂွတ္တလစ်ရပ်ကွက်ရှိ ဧက၀က် မပြည့်တပြည့် လောက် ကို သုံးထောင်ပေး၍ ၀ယ်ယူထားရပါသည်။

မြေ၀ယ်ပြီးပြန်တော့လည်း တဒုက္ခ၊ ဖေဖေသည် ထမင်းစားသောက်ပြီးလျှင် ဓါတ်ဘူးထဲ လဘက်ရည် အချို ဖျော်ထည့်ပြီး မုံ့မျိုးစုံထည့်ယူသွားခါ သူစိုက်ချင်သည့် သစ်ပင်မျိုးစုံ မျိုးစေ့မျိုးစုံနှင့် ထွက်သွားလိုက် သည်မှာ မိုးစုတ်စုတ်ချုပ် မှ ပြန်လာတော့သည်။


တခါတရံ ကျမရုံးမှပြန်လာချိန်အထိ ဖေဖေက ပြန်မရောက်သေးပေ။

''နုနုရေ.... ဖေဖေ မိုးချုပ်လိုက်တာကွယ်'' ကျမကား ပူပင်သောကများသူတည်း။


''ပူမနေ နဲ့ ကားတိုက်ခံထိလဲ ဆေးရုံကြီးက လာအကြောင်းကြာလိမ့်မပေါ့၊ အဲဒီတော့မှ လိုက်သွားလိုက် ကြတာပေါ့''


နုနုကတော့ ဘယ်တော့မဆို စိတ်သက်သာသောလမ်းကို ကြံဖန်တွေးသူတည်း၊ တနေ့တွင်တော့ ကျမတို့ အကို ၀မ်းကွဲတော်သူ ကိုချစ်ထွန်းသည် ညနေခြောက်နာရီလောက် သူ့ကားနှင့် ပေါက်လာ၏။ သူ့ကားထဲ တွင် ဖေဖေပါလာသည်။ ကိုချစ်ထွန်းသည်လည်း ကျမတို့ခြံရှေ့ရှိ မြေကွက်ကို ၀ယ်ထားသူ ဖြစ်၏။


သူက အိမ်ပေါ်ရောက်ရောက်ခြင်း ထိုင်ပင်မထိုင်။


''မယုရယ်... ဦးလေးတယောက် ဒီလိုဘဲ လျှောက်သွားနေတာဘဲလား၊ ကိုယ်ခြံထဲကအပြန် ဂွတ္တလစ် လမ်းမကြီးပေါ် ကားမောင်းလာတော့ ဦးလေးကို လမ်းထောင့်နားမှာတွေ့လို့ ခေါ်လာခဲ့တယ်၊ မှောင်စ လဲ ပျိုးနေဘီ၊ ကားတိုက်မိမှဖြင့် ဒုက္ခပါဘဲ'' 


သူက ဂရုဏာဒေါသနှင့် ကျမကိုပြောပါသည်။ ကျမက ဘာမှ ပြန်မဖြေသေးဘဲ ကိုချစ်ထွန်းကို ထိုင်ဖို့နေရာ ပေးလိုက်၏။ ပြီးတော့ ကိုချစ်ထွန်းပြောသည်ကို ဖေဖေ့အား စာရေး ပြလိုက်၏။ သူသည် ကင်းဘတ်ရူးဖိနပ်ဖြူကိုချွတ်ရင်း ကျမရေးသောစာကို ဖတ်ကြည့်က ခုနှစ်သံ နှင့်အော်ပါတော့သည်။


''အောင်မယ်... သူ့ကားကို ငါကစီးချင်လွန်းလို့ ဝေးပါသေး၊ ငါ့ကိုလဲ သူက ကားပေါ်အတင်းတက်ပါဆို လို့ ခေါ်လို့လဲတက်ရသေး၊ နောက်ကိုမခေါ်စေနဲ့ ငါ့ဖာသာ လမ်းလျှောက်နိုင်တယ်လို့ပြောလိုက်....'' 


သူ စကားပြောသော နေရာနှင့် ကိုချစ်ထွန်းထိုင်သောနေရာမှာ ခန်းဆီးတခုသာခြား၍ ကိုချစ်ထွန်းက အားလုံး ကြားရပါသည်။


''ကဲ.... ကြားပြီလား ကိုချစ်ထွန်းရေ၊ သူ့အပေါ် ကျမတို့က မြင်နေတာကတမျိုး၊ သူ့ကိုယ်သူ ထင်နေတာက တမျိုး...''

ကျမ က ဆက်လက်ရှင်းပြမှ ကိုချစ်ထွန်းမှာ သဘောပေါက် ရယ်မောကာ ပြန်သွားပါတော့သည်။


စစ်ကြီးဖြစ်နေစဉ် အတောအတွင်းကပင် ၀ါးခယ်မမြို့သည် စစ်လမ်းမကျ၍ ငြိမ်းအေးနေသည်တော့ မှန်၏။ တခါတရံ တော့ လေယာဉ်ပျံဝဲကာ စက်သေနတ်နှင့် လာ၍ ပြစ်တတ်၏။

အိမ်ရှိလူအိုများကို လေကြောင်းရန်လုံခြုံရာသို့ ပို့ပြီးသည့်နောက် ဖေဖေ့ကို လိုက်ရှာလျှင် များသော အားဖြင့် ခြံထဲ ရှိ အုံးပင်အောက်တွင် အုံးလက်များကို အုံးတံမျက်စီးတန် လုပ်ရန် သင်၍နေတတ်သည်။

မေမေ့မှာ ''လင်''ဟူသော သံယောဇဉ် ဗျာပါဒဖြင့် သူကိုယ်တိုင်လည်း ပြေး၍သွားခေါ်ပါသည်။ ကျမတို့ ကိုလည်း...။


''ဟဲ့... သမီးတို့ဖေဖေကို ဆွဲခေါ်ပါအုံး၊ လေယာဉ်ပျံသံ သူကြားမှာမဟုတ်ဘူး''ဟု အော်တတ်၏။ လေယာဉ်ပျံ သာပျံ၍ သွားသည် ဖေဖေကတော့ ထိုင်ရာမှမထ။


''တင်တင် ဘာဖြစ်တာလဲ....''


မေမေက လေယာဉ်ပျံလာ၍ စက်သေနတ်ပြစ်ကြောင်း ပြောပြ၏။

''အလကားဘဲ စိတ်ပူနေ၊ စစ်ဖြစ်သလေး ဘာလေးနဲ့ အရူးထနေကြတာသိလား၊ ဘာမှကြောက်စရာ မရှိဘူး''


သူက ဘာမှမတုံမလှုပ် ရောဂါရ၍ နားသာလေးသွားသည် ဟိုစဉ်ကတည်းက နေ့စဉ်အင်္ဂလိပ်မြန်မာ သတင်းစာ ဂျာနယ်များ ကို ဖတ်သည်၊ ရီးဒါးဒိုင်ဂျက်၊ လိုက်ဖ်တိုင်းမ်၊ နယူး(စ်)၀ိခ် စသည်များကိုလည်း ဖတ်သည်။ သို့သော် သူက စစ်ဖြစ်ခြင်းကို မယုံ၊ ခေါင်းဆောင်များ အရူးထကြသည်ဟူ၍ပင် စွတ်စွဲလိုက် သေးသည်။ ယခုလည်း သူ့အိပ်ခန်းတွင် စာအုပ်ပုံမှာ အပြည့်။


ကျမပင် အင်္ဂလိပ်စာ တတ်စက ဖေဖေ့ခေါင်းရင်း ဘုရားစင်မှ အင်္ဂလိပ်စာအုပ် လွယ်လွယ်ကလေးများ ကို စ၍ ဖတ်ခဲ့ရ၏။ အမှန်တော့ နတ်သမီးပုံပြင်ကလေးများကိုသာ အဖတ်များ၍ ၀တ္ထုကိုတော့ ထိုစဉ်က ပထမဆုံး ဖတ်ဘူးသည်မှာ (EASTERN LOVER) ဟုခေါ်သော စာအုပ်ဖြစ်သည်။ ထိုဝတ္ထုလေးကို စွဲလမ်းခဲ့ သည် ကလည်း ၀တ္ထုကြောင်းကို လည်လည်ပတ်ပတ် ဖတ်တတ်၍ မဟုတ်ပါ။ ထိုဝတ္ထုထဲတွင်ပါ သော ကဗျာလေး ကို ကြိုက်၍ဖြစ်ပါသည်။ ကဗျာလေးပင်ဖြစ်သည် ကဗျာပိုဒ်ကြီးတခုလုံးကို မဟုတ်။


(မှတ်ချက်)။    ။ဝတ္ထုစာအုပ်သည် အင်္ဂလိပ်လိုရေးထားသော စာအုပ်ဖြစ်သဖြင့် သူ့အတိုင်း ရေးထည့်ရခြင်း ဖြစ်ပါသည်။ မြန်မာလိုတော့ (အရှေ့တိုင်းက ချစ်သူ)ခေါ်မလားမသိ။


    You are a man and Strong,

    I am a Woman and Weak.

    You are The World to me,

    I am nothing to you.


ထိုကဗျာအပိုဒ်ကလေးကို စွဲရင်းမှ အင်္ဂလိပ်ဝတ္ထုလွယ်လွယ်လေးများကို စွဲလမ်းလာရခြင်းဖြစ်၏။


(မှတ်ချက်) သူ့နဂိုရ် အင်္ဂလိပ်စာပိုဒ်အတိုင်း ရေးပြရသည်ကို ခွင့်လွှတ်ပါ။ သူဆိုလိုချင်သည်ကိုတော့ တတ်နိုင် သမျှ ဖေါ်ပြပါမည်။

    ''သင့်မှာ ယောက်ျားဖြစ်၍ စွမ်းအားနှင့်သူဖြစ်ပါသည်။ ကျမမှာ မိန်းမသားဖြစ်၍ အားနွဲ့သူဖြစ်ပါသည် ကျမ အားထားရာ ကမ္ဘာတခု ကဲ့သို့ ဖြစ်ပါသော်လည်း ကျမသည် သင့်အတွက် ဘာမျှ ထည့်သွင်း စဉ်းစား စရာ သတ္တ၀ါတယောက် မဟုတ်ပါ'' ဟုများ ဆိုလိုခြင်း ဖြစ်ပါလေသလားမသိ၊ အမှန်တော့ ကျမ ဘာသာပြန်မတတ် ၍ သူ့ကဗျာအရသာမှာ ပေါ့သွားကောင်း ပေါ့သွားပါမည်၊ အနီး ကပ်ဆုံး ရှင်းရှင်းရေးရလျှင်တော့ မင်းသုဝဏ်၏ ကဗျာတပုဒ်ကို ဖတ်ဘူးကောင်းဖတ်ဘူးပေလိမ့်မည်။


    ''သင့်မှာ ကျွန့်တွက်၊ တဆံရွက်မျှ၊

      ချစ်သက် ချစ်ငွေ့မကျန်၍'' ဟူသော ကဗျာပိုဒ်ဖြစ်ပါသည်။


သူကမည်မျှပင်ချစ်ပါသော်လဲ သူ့ချစ်သူကမူ ဆံချည်းမြှင်လေး တမြှင်စာလောက်မှ ချစ်သက်ချစ်ငွေ့ သူ့အပေါ်တွင် မရှိပါသေးဟု ဆိုလိုကောင်း ဆိုလိုပေလိမ့်မည်။ စာဖတ်ပရိသတ်အနေနှင့် ''ကဗျာက ဘာမှလဲမဟုတ်ဘဲနဲ့ သူက ဘာကိုများ စွဲလမ်းပါလိမ့်''ဟု ထင်ကောင်းထင်ပေလိမ့်မည်၊ ခက်ပေသား၊ စာရေးဆရာ ညာဉ်ပါလာသူသည် ငယ်ငယ်ကတည်းကပင် သူများမစွဲလမ်းချင်သည့်အရာများ၊ သူများမ ခံစား တတ်သည် များကို တွေ့သိခံစားတတ်သူများဟု ထင်ပါသည်။


သို့သော် ယခုအချိန် ကျမသည် ကလောင်တန်ကို ကိုင်၍ ''ခင်နှင်းယု''ဟူသော ကလောင်အမည်တခု ကို ပိုင်လာသောအခါ ချစ်သူလည်းရှိ၏။ မုန်းသူလည်းရှိ၏။ စာပေလာမေးတိုင်း ကျမကတော့ စိတ်ရှည် လက်ရှည် ဖြေမှာဘဲ။ ဒီလိုပြောတော့လဲ မေးသူများမှာ ဘာမှမပြောပြန်တော့ပေ။


ဖေဖေ့ အကြောင်း ရေးရာမှ မေမေ့အကြောင်းရောက်၊ မေမေ့အကြောင်းရေးရာမှ စာပေအကြောင်း ရောက်သွား ပြန်သည်။ စာရေးသည်ဆိုသည်မှာ ဆွယ်တာထိုးသည်ကို ဖျက်သည်နှင့်တူပေသား၊ အစ တစဆွဲရုံ နှင့် တပြုံကြီး ပါလာတတ်ပေသည်။ 


ကျမ ၏ စိတ်ကူးသည် ဆူးလေဘုရားလမ်းတိုက်ကြီးမှသည်၊ မေမေနှင့် ၀ါးခယ်မအိမ်အိုကြီးသို့ စိတ် ရောက် သွား၏။ ရှေ့ဘက်တွင် ဖော်ပြခဲ့သလို မေမေသည် သူ့ဆုတောင်းအတိုင်း အကယ်၍များ ''ဖေဖေသာ ငါးမိနစ် ခန့် ပြန်လည်နားကြားပါခဲ့လျှင် သူပြောလိုသော စကားများသည် ဘာတွေများဖြစ်ပါ မည်နည်း...'' တနုံ့နုံ့ တွေးကာ ကျမတို့ ဂွတ္တလစ်အိမ်ကို ပြန်ရောက်လာခဲ့ပါသည်။ ပေါင်ရင်းအနာခွဲစိတ် ပြီးမှ တခြား အနာဖြင့် ဒေါက်တာကြီးပေါ ထံ သို့ ဖေဖေဒုတိယအကြိမ် ပြန်လည်သွားရခြင်းဖြစ်၏။


******


#ဆရာခိုင်


သန့်ရှင်းနှင့်တည်မြဲကွဲပြီးနောက် ဦးနုသည် ရွေးကောက်ပွဲတွင် အနိုင်ရကာ ဒုတိယအကြိမ် ၀န်ကြီးချုပ် ဖြစ် လာ၏။ သူသည် ၀င်ဒါမီယာတွင်မနေ ကျမတို့ခြံနှင့်ကပ်လျက် ဂွတ္ထလစ်ပြည်ထောင်စုလမ်းသွယ်ရှိ အိမ်သို့ ပြောင်း လာသည်။


တနံနက်တွင် သူ့သက်တော်စောင့် ဗိုလ်လှမြင့် မော်တော်ကားနှင့်ရောက်လာသည်။


“ဘဘကြီးကော ဘဘကြီး ဘယ်သွားလဲ...” သူသည် ဖေဖေ့ကို မေးရင်းမှ အိမ်ထဲသို့ ၀င်လာ၏။


“ဘာလုပ်မလို့လဲ ဗိုလ်လှမြင့်...”


“ဘဘကြီးရဲ့ ခြေထောက်တဖက်နဲနဲဆွဲနေတာ ဆရာခိုင် နဲ့ ပြဘို့ လာခေါ်တာ...”


ကျမ ကတော့ ချက်ခြင်းတွေးလိုက်မိပြန်သည်။ ဖေဖေတယောက် ခြေထောက်တဖက် ဆွဲနေသည်ကို ဦးနု အားသွား၍ အပူကပ်ပြန်သည် ထင်သည်၊ ဒါမှမဟုတ် ကိုကိုကြီး ကဘဲ ဖေဖေ၏ခြေထောက်တဖက် ဆိုင်းတွတွ ဖြစ်နေသည် ကို မြင်၍ဘဲလား၊ ဆရာခိုင်နှင့်ကုရန် စီမံကြပြန်သည်၊ ကျမကတော့ ကိုယ့်အဖေ ဓာတ် ကို ကိုယ်ကောင်းကောင်းသိထားသည်မို့ ဖေဖေ့ခြေထောက်သည် ဆရာခိုင်နှင့်ကု၍ မပျောက်ဆို သည် မှာ တတ်အပ် သိထားပါသည်။


သမားတော်ကြီး နေလ၀ိဇ္ဇာ ဆရာခိုင် အစွမ်းမထက်၍ကား မဟုတ်ပါ၊ ဆရာခိုင်၏သတင်းကို ကြား လည်း ကြားဖူးပါ၏။ မြန်မာဆေးပညာ၏ အစွမ်းကိုလည်း မလေးစား၍မဟုတ်ပါ၊ ဆရာခိုင်၏ ဆရာကြီး ဆရာလှိုင် ၏ တပည့်ရင်း ဂျာနယ်ကျော် ဒေါ်မမလေး နှင့် ကျမအမဖြစ်သူ မတင်ဦး အား လေးလလုံးလုံး ကုဘူးပါသည်။ သို့သော် ဖေဖေ့ရောဂါသည် ဆရာခိုင်နှင့်ကုမရဆိုသည်ကိုတော့ ကျမသိ၏။ အဘယ့် ကြောင့်ဆိုသော်....


ကုသပေးလိုသူ ဦးနုကလည်း စေတနာနှင့် အခေါ်လွှတ်သည်ဆိုတော့ ကျမမှာ စာရေးရပြန်ပါသည်။ ကို ကိုကြီး က အခေါ်လွှတ်လိုက်၍ ဗိုလ်လှမြင့် အခေါ်ရောက်လာပါကြောင်း... အစချီပြီး အကျိုးအကြောင်း ဖေါ်ပြရ၏။ နုနုကိုလည်း ဆရာခိုင် နှင့် စကားပြောစဉ် ဘာသာပြန်ရအောင် ထည့်လိုက်ရပါသည်။


“နုနုရေ... ကိုကိုကြီး စိတ်ကြေနပ်အောင်သာ ထည့်လိုက်ရတယ် ဖေဖေ့စိတ် နဲ့ ဒီဆရာခိုင် ကုလို့ရောဂါ က မပျောက်ပါဘူးဟယ်...”


“ပျောက်ပျောက် မပျောက်ပျောက် ခေါ်တဲ့လူက ခေါ်ယင်ထည့်လိုက်၊ တနေ့ သူ့ဦးလေးအကြောင်း သူ သိလိမ့်မယ်” ကားပေါ်တက်ယင်း နုနုကပြောသွားကာ ဆရာခိုင်ထံသို့ ထွက်သွားကြပါသည်။


ပြန်လာလျှင် ထုံးစံအတိုင်း တဲ့သောအစာ မတဲ့သောအစာ စာရွက်နှစ်ရွက်ပါလာ၏။ စာရွက်များကို ထမင်းစားခန်း တွင် ကပ်ထား၏။ ထမင်းချက်သည့် ခလေးမကို ကျမစာရွက်များပြသထားလိုက်ပါသည်။ ခလေးမလေး သည် သင့်လျော်သောဟင်းများကို အဆင်ပြေသလို စာရွက်ကိုကြည့်၍ ချက်ရန်ဖြစ်ပါ သည်။ ဖေဖေ့ကိုလည်း ဆရာခိုင်နှင့်ကုသလျှင် လိုက်နာရန်စည်းကမ်းများကို စာရေးပြ၏။

ကျမ ထင်သည့် အတိုင်းပင် တနေ့တွင် ကျမစာရေးနေသော စာဖတ်ခန်းသို့ ခလေးမလေး ပြေး၍လာပြန် ပါသည်။


“မမယု...  ဘဘကြီးရယ် သူ့ဟင်းသူမစားဘူး၊ မမယု တို့ဘို့ ချက်ထားတဲ့ဟင်းကို စားတယ်”


ကျမစာရေးပြရန် စာရွက်စာတမ်း အစုံအလင်နှင့် ထမင်းစားခန်းသို့ ပြေးရပြန်သည်။ ရောက်ရောက်ခြင်း ပင် ဖေဖေ က ဦးအောင်တိုင်၏။


“ငါးခူဟင်းချင်း အတူတူ ဖေဖေ့အတွက်ကျတော့ ဒီကောင်မလေးက ခရမ်းချဉ်သီးထည့်မပေးဘူး”


ကျမ ကလည်း စာရေးပြရပြန်သည်။


“ဖေဖေ အစတည်းက ဆရာခိုင်စကား နားထောင်ပါမယ်ဆို၊ သူတို့နေလ၀ိဇ္ဇာဓာတ်က မတည့်ဘူးဆိုရင် အရှင်း မစားရဘူး၊ စားရင်အဆိပ် လို့ ဖေဖေ့ကို သမီးအစကတည်းက ပြောပြထားတယ်၊ အခုလဲ ငါးခူဆီ မွှေ က ဖေဖေနဲ့တဲ့တယ်၊ ခရမ်းချဉ်သီးက မတဲ့ဘူး၊ ဒါကြောင့် ဖေဖေစားတဲ့ဟင်းထဲ ခရမ်းချဉ်သီးထည့် မ ချက်တာ မကျွေးချင် လို့ မဟုတ်ဘူး”


ကျမက ရေးပြီးစာရွက်ကြမ်းလေးကို ထိုးပြလိုက်၏။


“အို... ငါခရမ်းချဉ်သီး ကြိုက်တာဘဲဟာ စားမှာဘဲ” 


သူသည် စာဖတ်ပြီး စာရွက်ကို ဆုတ်ချေပြစ်ယင်း အပြင် ထွက် သွားတော့သည်။

ထို့ကြောင့်ပင် ဆရာခိုင်ဆေးနှင့်ကုသ၍ ဖေဖေ့ရောဂါမပျောက်ပါဟု ကျမဆိုလိုခြင်းဖြစ်ပေသည်။ သို့သော် စိတ်ရှိသရွေ့တော့ လွှတ်ပေးထားလိုက်ပါဦးမည်။


ကျမသည် စာဖတ်ခန်းထဲမှာလဲ စာရေး၏။ ဘုရားဆောင်တွင်လည်း စာရေး၏။ များသောအားဖြင့် ဖေဖေ နှင့် ဝေးရာမှာ ရေး၏။ ခုတလော ဖေဖေက ဘုရားဆောင်တွင် အနေများ၍ စာဖတ်ခန်းတွင်သာ စာအရေး များပါသည်။ စာဖတ်ခန်းမှ ဘုရားဆောင်သို့သွားလျှင် တိုက်၏အပြင်ဘက်ထွက်ခါ လျှောက်၍ သွားရ၏။ သို့သော်... စာဖတ်ခန်းမှ ဘုရားဆောင်သို့ လှမ်းကြည့်လျှင် အတိုင်းသားမြင်နေရသည်။


ကျမ သည် တနံနက်တွင် ငုံ့၍စာရေးနေဆဲ ဘုရားခန်းဘက်မှ သစ်ကိုင်းကျိုးကျသလို ၀ုံးဒိုင်းနှင့် ပြင်း ထန်သော အသံတစ်ခု ကြားလိုက်ရပါသည်။ ခေါင်းမော်၍ ကြည့်လိုက်ပါလျှင် ပြတင်းမှနေ၍ ဖြစ်သမျှကို အားလုံး မြင်နေရမည်ဖြစ်၏။ သို့သော်... မကြည့်ပါ။ ကျမသည် စာရေးစားပွဲပေါ် မျက်နှာမှောက်ခါ ရင်ဘတ် ကို ဖိထားလိုက်၏။ လှမ်း၍မကြည့်ရဲ တဒိတ်ဒိတ်ခုံသော ရင်ကိုသာ ငြိမ်အောင်ဖိထားရ၏။ ကျမ၏ ရောဂါမှာ ထိုစဉ်ကတည်းက စလာပြီထင်ပါသည်။


“ဘဘကြီးရယ်...”


ဖေဖေ့ ခလေးမလေး သည် စာဖတ်ခန်းအ၀သို့ အပြေးရောက်လာကာ “ဘဘကြီးရယ်”ဟု ဆိုကာရှိသေး ကျမ ကလည်း ကိုယ့်ရင်ဘတ်ကိုယ်နှိပ်ခါ ခေါင်းမထောင်သေးဘဲ၊ လက်တဖက်နှင့်ကာပြရ၏။


“မသင်ရယ်... ဘဘကြီး တခုခုဖြစ်တယ်ဆိုတာ နင်မပြောဘဲနဲ့ ငါသိပြီးသားပါ၊ ဂလူးကို့(စ်)တခွက်သာ ငါ့ဖို့မြန်မြန် သွားဖျော်စမ်းပါ”


ကျမတို့ သားအဖနှစ်ယောက် ဇာတ်လမ်းကို ဦးဖေမောင်တင်ရေးသော စတုတ္ထတန်း မြန်မာကြည့်စာထဲ က ငပွကြီး ဇာတ်လမ်း အတိုင်းပါပင်တည်း။


“ငပွကြီးရယ် ဆိုတာရှိသေး ဘုန်းတော်ကြီးက “ငပွကြီးပါမှန်းတော့ ငါသိပြီးသားပါ၊ တခြားလူ ဘယ်သူ ပါသေးလဲ ဆိုတာ သိချင်လို့”ဟု ဘုန်းတော်ကြီးက အမိန့်ရှိလေ၏”ဟူသော စာပိုဒ်လိုပင်ဖြစ်၏။

ယခုလည်း ဖေဖေတခုခုဖြစ်ပြီဆိုသည်ကိုတော့ ကျမသိပြီးဖြစ်၏။ မမြင်ဝံ့မရှုဝံ့ တခုခုဖြစ်လျှင် ကြည့်ရဲ သော သတ္တိ တဖြည်းဖြည်းနည်းလာ၍ ကျမရင်ဘတ် ကျမဖိကာ စာရေးစားပွဲပေါ် အသာမှောက်နေရ သေး၏။ ကျမ ထင်သည့်အတိုင်းပင် ဂလူးကို့(စ်)မရောက်လာခင် မောင်ကံညွန့် ကျမအနား အပြေး ရောက်လာ၏။


“မမယု... ဘဘကြီးလေ ဒန်းစီးတာ သစ်ကိုင်းကြီး ကျိုးကျသွားလို့”


“အင်း...” ကျမလည်း အသက်ကိုမှန်မှန်ရှုရ၏။ “လူ ဘာဖြစ်သေးလဲ”ဟု ဖြေးဖြေးမေးရသည်။


“ဖြစ်တယ် မဖြစ်တယ်တော့ မသိရသေးဘူး၊ အနိမ့်ပိုင်းကို လိမ့်ကျသွားတယ်၊ သူ့အနားကို ဘယ်သူမှ မကပ်ရဘူးတဲ့၊ ဒါကြောင့် မမယုကို လာခေါ်တာ”


“အသက်တော့ရှိနေသေးတယ်မို့လား” ကျမရင်များမှာ ခုံနေဆဲပါပင်တည်း၊ မအေးသင်ယူလာသော ဂလူးကို့(စ်)ကိုသောက်၍ မောင်ကံညွှန်ကို ခေါ်ကာ ဘုရားဆောင်ဘက်သို့ ထွက်လာရပြန်သည်။ ထုံးစံ အတိုင်း တခုခုဖြစ်၍ ပုံလျက်လဲနေပါလျှင်လည်း ဘယ်သူမှအနားမကပ်ရ နာလွန်းလျှင်သာ “ငါ့လခွေးမှ ဘဲ နာလိုက်တာ ဘယ်သူမှမကိုင်နဲ့”ဟူ၍ ကုန်းအော်တတ်သည်။ ကျမတို့အိမ်ရှေ့ဘက်မှာ ကုန်းမြင့် လေးလို နိမ့်လျောဖြစ်နေ၍ ဒန်းကျိုးပြတ်ခါ အနိမ့်ပိုင်းသို့ ဒလိမ့်ခေါက်ကွေး ကျသွားဟန်ရှိပါသည်။ ဒန်း လွှဲပေးသော ခလေးတအုပ်မှာ လက်ပိုက်၍ကြည့်နေရ၏။ 


ဘယ်သူမှ သူ့အနားမကပ်ရ ကျမကိုမြင်သည့် တပြိုင်နက် သူ့ခန္ဓာကိုယ်ကြီးကို ကျိုးစား၍ သူ့ဖာသာ ထူနေသည့်ကြားက “ဖေဖေဘာမှမဖြစ်ဘူး၊ ဘာမှ မဖြစ်ဘူး၊ သွား... သွား” ခုနှစ်သံနှင့် ကုန်းအော်ပြန်သည်။


ကျမ သည် မျက်နှာထားတင်းတင်း ပြင်လိုက်ရကာ မောင်ကံညွန်နှင့် ခလေးများကို ဇွတ်ခေါ်၍ သူ ပုံ ရက်လဲနေရာသို့ သွားရ၏။ ကြီးမားကြံ့ခိုင်သော ကိုယ်ကြီးကို ဆွဲထူရ၏။ ပြုတ်ကျသောအရှိန်နှင့် ဒဏ် မှာ အတော်ပြင်းထန်ပုံရပါသည်။ သို့သော် သူသည် ကျမခေါ်ရာ အိမ်မကြီးဆီသို့မလိုက်၊ ဘုရားဆောင် ပေါ် သို့သာ အတင်းတက်၏။ ခြေထောက်မှာ ထော့နင်းထော့နင်းဖြစ်နေသည်။ ဘုရားဆောင်ပေါ်သို့ ရောက်လျှင် ရောက်ခြင်း ကြေးစည်ကိုင် ၍ သူ့နားနားကပ်ခါ တအားထုပါတော့သည်။


ကြေးစည် ကို သာယာနာပျော်ဖွယ်ဖြစ်အောင် တီးခတ်နေခြင်းမဟုတ်၊ တအားထုနေသောကြောင့် ကျမ တို့ နားကောင်းသူ များမှာ သူ့အနားမနေနိုင်ဘဲ ဖိနပ်ချွတ်မှာ သွား၍နေရသည်။ ထိုစဉ်က ကျမခင်ပွန်း သည်၏ တော်လှန်ရေး ရဲဘော်ဟောင်းကြီး တယောက်မှာ ဘုရားဆောင်တွင် တည်းခိုလျက်ရှိ၏။ သူ သည် ကျမတို့ သားအဖ ဘယ်လိုဖြစ်နေကြသည်ကို သိလိုသော မျက်လုံးနှစ်လုံးဖြင့် ကျမကိုတလှည့်၊ ဖေဖေ့ကိုတလှည့် ကြည့်နေ၏။ အကယ်၍သာ ဤနေရာတွင် စာရေးဆရာကြပ်ကလေးသာ ဖြစ်ပါက ၀တ္ထုတပုဒ် တော့ ရပေမည်၊ ကြေးစည်သံဆုံးမှပင် ကျမသည် ဧည့်သည်ကို ရှင်းပြရ၏။


“ဦးဧရာရေ... ဖေဖေ့ရောဂါကို ဆရာခိုင်နဲ့ကုနေတယ်၊ နေလ၀ိဇ္ဇာ ဆရာခိုင်ဆိုတာ ကြားဖူးမှာပေါ့... သူတို့က အာရုံငါးပါးအစုံကုတယ်၊ ဓါတ်စာလဲပါတယ်၊ ဒန်းလဲစီးရမယ်ဆိုလို့ ခုန ဒန်းစီးတာလေ... ဖေဖေက ၀လွန်းတော့ ခုနသစ်ကိုင်းကျိုးကျတာ၊ ခုတခါ ကြေးစည်သံ နားထောင်ရမယ်ဆိုတော့ ကြေး စည် ထု တာလေ...”


ကျမစကားဆုံးတော့မှ ဦးဧရာသည် ပြုံးလိုက်ယင်း...


“အော်... ဒီလိုလား၊ အဲဒီလိုလဲ ရှင်းပြအုံးမှပေါ့ မယုရယ်... ကျွန်တော်ဖြင့် ခုန ဘာတွေများဖြစ်နေကြပါ လိမ့် လို့ တွေးနေတာ...”ဟုပြောကာ သူ့ဟာသူ ရယ်တော့သည်။

ကျမ ကတော့ ခလေးများနှင့် မောင်ကံညွန့်ဘက်သို့ လှည့်ကာပြောရပြန်သည်။


“နောက်တခါ ဒီဒန်းနွယ် လက်ဆက်ပင်မှာ ဒန်းဆင်ပေးပါအုံးလို့ ဘဘကြီးပြောယင် ဘယ်သူမှဆင်မပေး ရဘူးနော်...  ငါ့ကိုသာလွှဲချ၊ မမယုက မဆင်ပေးရဘူးလို့ပြောတယ်လို့...”


ကျမ သည် ဖေဖေ့ ကို စိတ်ဆိုးသမျှ ခလေးတွေ ပုံချကာ လက်ညှိုးငေါက်ငေါက်ထိုးယင်း မျက်နှာထိ မျက် နှာထား နှင့် လူမိုက်ဂိုက်နှင့်ပြောရသည်။ ထိုကဲ့သို့ မျက်နှာထိ မျက်နှာထားနှင့်ပြောနေလျှင်တော့ သူ သည် ဘေးမှကြည့်ခါ ကျမစိတ်ဆိုးပြီကို ရိပ်မိသိရှိတတ်ပါသည်။

ညနေ နုနု ကျောင်းဆင်းလာသော အခါမှ ကျမဒေါသကို ဖွင့်ရ၏။


“မိနု... သွား နင့်ကိုကိုကြီး(ဦးနု)ကို သွားသံတော်ဦးတင်အုံး... ဖေဖေ့ကို ဆရာခိုင်နဲ့ မကုတော့ဘူးလို့၊ ဓာတ်စာလည်း တည့်တဲ့ဟာ ကို ရွေးမစားဘူး၊ သူကြိုက်တာဘဲ အတင်းစားတာဘဲ၊ ထမင်းချက်ရ၊ ထမင်းကြွေးရ တဲ့ မိအေးသင် လဲ ရူးတော့မယ်... မနက်ကလဲ ဒန်းစီးကောင်းလိုက်တာ သစ်ကိုင်းကျိုးကျလို့ မမြင်ဝံ့၊ မရှုဝံ့၊ ဆရာခိုင်ဆေး နဲ့ ကုလို့ ခြေထောက်ဆွဲတာ မပျောက်ခင် ဒန်းပေါ်ကလွင့်ကျတဲ့ ဒဏ်ရာနဲ့သေနေမှ လှမယ်၊ ဒါလောက် ၀ တဲ့ ခန္ဓာကိုယ်နဲ့ ခလေးတွေက ဖြေးဖြေးလွှဲပေးယင်လဲမကြိုက်၊ တအားလွှဲမှကြိုက် တာ၊ ကံကောင်း လို့ပေါ့၊ 


ဟိုဘက်စီးရိုး က အုတ်တံတိုင်းနဲ့ သံဆူးကြိုးပေါ်သာကျရင်ပြီးရော၊ ပြီးရော... နင်က ပြောအုံးမှာမို့လား၊ မမယုကလဲ ပူစရာမရှိပူ၊ ဆေးရုံကောက်တင်လိုက်ပြီးရောလို့... နင်တို့က ပါး စပ်နဲ့ ပြောတာလွယ်တယ်၊ ဆေးရုံတက်ရတော့ သွားရလာရနဲ့ ငါပဲဒုက္ခရောက်တာ၊ ဒီဆေးရုံကို ငြီးစော် နံလို့ ကြည့်တောင် မကြည့်ချင်ဘူး၊ နင်တို့ကတော့ ကျောင်းအေးအေးတက်နေလို့ ဆေးရုံဒုက္ခကို မသိဘူး... ဖြစ်လိုက်ကြရင်လည်း သူများလို တပတ်နှစ်ပတ်နဲ့ ပြီးကြတဲ့ရောဂါတွေမဟုတ်ဘူး၊ အနည်းဆုံး တလ နှစ်လ ဖြစ်ကြရော...”


ကျမက မိုးမဆုံး လေမဆုံး ဖေဖေ့ကို ဒေါသဖြစ်သမျှ စုခဲ၍ နုနုကိုပြောချသာနေသည်။

မိရွှေနုကတော့ မှန်ပြတင်းမှ ဒန်းနွယ်လက်ဆက်ပင်ကြီးကို ကြည့်ခါ တဟားဟားရယ်တော့သည်။


“ဒီအကိုင်းတွေက ပွပွနဲ့ ဆတ်ဆတ်ရယ်... ဖေဖေ့ကိုယ်ကြီးနဲ့ ကျိုးကြမှာပေါ့၊ ဒန်းမဆင်ဖို့ပြောရောပေါ့”


“အောင်မယ်... နင့်ဖေဖေက တသက်လုံး က ပြောရခဲ့ဘူးတဲ့ အဖေကိုး၊ တသက်လုံး သူထင်တာ သူ လုပ်တာ၊ ခလေးတွေလည်း တမနက်လုံး သူမနေရ ငါမနေရ၊ သူများက ခိုင်ခိုင်မာမာ ဆင်ပေးမယ်ဆိုလို့ ရတာလဲမဟုတ်၊ တမနက်လုံး မောင်ကံညွန့် ကို သူက အမိန့်ပေးနေတာ၊ ငါတော့မောလွန်းလို့ ၀င်မပြော တော့ဘူး၊ မပြောတာ နဲ့ တချက်ထဲ ကျိုးကြတာနဲ့ တချက်ထဲပဲ... စာရေးရေးပြရတာလဲ လက်တိုတော့ မယ်၊ (ခင်နှင်းယု) အနေနဲ့ ကိုယ်ဝါသနာပါတာလေး၊ ကိုယ်စိတ်ဝင်စားတာလေး ရေးရတာတော်တော်၊ သူ့အဖေကို တနေ့ တနေ့ ရေးပြနေရတာက တကယ်ဘဲ သမုဒ္ဒရာကို မင်ရေဖျော်ရတော့မယ်... နင်က တော့ ရီ အားတာပေါ့...”

ကျမ စကားပြောယင်း မျက်ရည်များလည်လာမှ နုနုသည် အရယ်ရပ်လိုက်ပါသည်။


“မငိုပါနဲ့ မမယုရယ်... နုနု ကိုကိုကြီးကို သွားပြောပါ့မယ်”ဆိုကာ ထွက်သွားတော့သည်။


ကျမ ကတော့ တကယ်ဘဲငိုချင်ပါသည်။ အဖြစ်များက လူနာတယောက် ဆေးရုံတင်လျှင် ငွေကြေးဆေး ၀ါး က အစ ဆရာဝန်၊ ပြုစုသူ အလုံအလောက်လုပ်ပေး၍လည်း ကိစ္စကမပြီးပြတ်၊ လူနာများမှာ တလမှ သည် ခြောက်လ တနှစ်လောက် ကုသရသော ရောဂါမျိုးလည်းဖြစ်ပြန်၊ “မမယု ဒီညနေ လာမတွေ့လို့ လူနာက မျက်နှာ မကောင်းဘူး၊ ထမင်းမစားဘူး”ဆိုပြန်တော့ ကျမစိတ်ကမနေနိုင်၊ ဒီဆေးရုံကြီးကို အပြေးအလွှား ညနေတိုင်း ပြေးရ၏။ ကားနှင့်ဘာနှင့် စတိုင်နှင့် ဂိုက်နှင့်သွားရခြင်းမဟုတ်၊ တခါတလေ များ ဆေးရုံ ကပြန်ရောက်လျှင် အိမ်မှာ ဘာမှမလုပ်ချင်ဘဲ ခွေလျက်ပုံလဲနေတော့သည်၊ 


သို့သော် “ကိုယ့်မျက်နှာ ငွေလ ၀င်းပပ” ကို မြင်ရပါလျှင် ရောဂါသည်တို့မှာ စိတ်နှလုံး သက်သာသည် ဆိုတော့ ညနေတိုင်းသွားရ၏။ ပြုံးရ၏။ နှစ်သိမ့် ရ၏။ ကြာရှည်တော့လည်း ဤဒဏ်တွေကို မခံနိုင်တဲ့ ငယ်ငယ် ရွယ်ရွယ်နှင့် ကျမသည် အားအင် ကုန်ခန်း အာရုံကြောများ အားနည်းသော ရောဂါ စွဲကပ် လာလေသလား။


အပိုင်း ( ၃ ) ဆက်ရန်


.Wednesday, January 26, 2011


[ ရွှေဇင်ဦးဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]


No comments:

Post a Comment