#တိုက်ရေယာဉ် ( ၁၀၃ )
( အပိုင်း - ၆)
#မောင်သော်က
၁၉၅၆ ခု။ ဒီဇင်ဘာ ၅ ရက်။
နံနက်လင်းသည်တွင် ကျွန်းမှာ ပျပျကလေးမျှသာ မြင်ရတော့သည်။ အသက်ကယ် ဖောင်သည် အနောက်ဘက် ဘင်္ဂလားအော်ဆီသို့ မျောပါခဲ့ပြီ ဖြစ်သည်။ ဖောင်ပေါ်ရှိ ရဲဘော်တစု၏ ခွန်အား စိတ်ဓာတ်အား တို့သည်လည်း ဒူးဆစ်အထိ လျော့ပါးသွားခဲ့လေပြီ။ မည်သူမျှ စကားမပြောလိုတော့။ စကားပြောရသည်မှာ အလွန်အားစိုက်ရ၍ အလွန်ပင်ပန်းကာ အလွန်အားကုန်သည်ကို အားမရှိတာ့သည့်အခါတွင်မှ အတိအကျ သိရသည်။ မင်းတို့ ပြောရတာ မောတယ်ကွာ ဟူသော အသုံးမှာ စကားအရာသာလျှင် မဟုတ်ပါ။
လူမမာများသည်လည်း အခြေအနေ ဆိုးလာသည်ထက် ဆိုးလာကာ လူမမာ ဦးရေလည်း တိုးလာခဲ့သည်။အချို့မှာ ကျန်းမာကြသေးသည့် အခြေအနေတွင်ပင် ရှိသော်လည်း နေ့ခင်းတွင် ပင်လယ်တွင်း မဆင်းလိုကြတော့။ ဖောင်ပေါ်တွင်ပင် ဖြစ်သလို လဲလျောင်း၍ မှိန်းနေချင်ကြသည်။ကျွန်တော်သည် ထိုနေ့ နံနက်က မြင်ကွင်းတခုပေါ်တွင် စိတ်မချုပ်တည်းနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။
“ဟေ့ ... မောင်မြင့်၊ အဲဒါ ဘာလုပ်တာလဲ”
လူထွားကြီး တပ်သား မောင်မြင့်သည် အစ္စလာမ်ဘာသာဝင် ရဲဘော်တဦးဖြစ်၏။ သူသည် ဖောင်ပေါ်တွင်ပင် အစဉ်လို နေကာ နေ့ခင်း နေရောင် ကောင်းကောင်းရသည်တွင် သူ၏ ပေါင်တံကြီးကို ဖောင်အပြင်ဘက်တွင် ထုတ်ကာ ပေါင်ပေါ်တွင် ငွေစက္ကူအချို့ကို နေလှန်းနေသည်။ သူ့တွင် သားရေအိတ်နှင့် ငွေအချို့ ပါလာသည်။ သားရေအိတ်မှာ ရေစိုနေခြင်းကြောင့် ငွေများမှာလည်း ရေစိုနေပြီ ဖြစ်သည်။ သူသည် နံနက်နှင့် နေ့လည်တိုင်း အခွင့်သင့်လျှင် သင့်သလို သူ့တွင် ပါလာသော ငွေစက္ကူများ ခြောက်သွေ့ စေရန် နေထုတ်လှန်းသည်။ သားရေအိတ်ကို နေရောင်ပြသည်။ပထမရက်များတွင် ကျွန်တော်က ဘာမှ မပြောခဲ့။ “အေးလေ သူ့ငွေပဲ၊ သူ နှမြောလို့ နေမှာပေါ့” ဟူသော စိတ်နှင့် လျစ်လျူရှုကာ နေခ၏ဲ့ ။သို့သော် ထိုနေ့ နံနက်တွင်မူ ကျွန်တော့်စိတ်က အတော် အချဉ်ပေါက်လာပြီ ဖြစ်သည်။
“ငွေစက္ကူ နေလှန်းတာပါ စီအို” သူက ဘာမှ မထူးခြားသည့် အလား ဖြေရိုး ဖြေစဉ်သာ ဖြေသည်။ ကျွန်တော် မေးသည်ကိုပင် နားမလည်သည့်အလား ကျွန်တော့်အား ပြန်ကြည့်သည်။
“ဒီမှာ မင်း ငွေစက္ကူ ခြောက်သွားတော့ ဘယ်မှာ ဘာဝယ်စားမလဲ၊ သောက်ကျိုးနည်း ဒီမှာ လူတွေဖြင့် ဘယ်လိုနေ ဘယ်လိုသေကြမလဲ မသိဘူး၊ ပြန်သိမ်းထားလိုက်၊ ငါ မကြည့်ချင်ဘူး၊ နောက်တခါ တွေ့ရင် မင်းငွေစက္ကူရော အိတ်ရော ငါ လွင့်ပစ်မိလိမ့်မယ် ကြားလား”
သူသည် “ဟုတ်ကဲ့ ဟုတ်ကဲ့ စီအို” ဟု ပြောကာ ငွေစက္ကူများကို ကပျာကသီ သူ့ပေါင်ပေါ်မှ ခွာကာ ငွေအိတ်တွင်း ပြန်သွင်းသည်။
သူ့ပေါင်မှာ ညစဉ် ညဆက် အဆိတ်ခံထားရသည်ကြောင့် သပြေသီးမှည့်ရောင် အညိုအမည်း အကွက်ကြီးများ ထနေတော့၏။ သူ့ ပေါင်လုံးကြီးက မသေးလှသည့်အတွက် ညစဉ်လိုပင် အများ၏ မေတ္တာကို ခံယူထားရသော ပေါင်လုံးကြီး ဖြစ်သည်။
ထိုနေ့ ညနေတွင် ထူးထူးခြားခြား ပင်လယ်ကဏန်းတကောင်က ဖောင်ဘေးတွင် ယက်ကန် ယက်ကန် ပေါ်လာသည်။ကဏန်းမှာ ကိုယ်ထည်ချည်းပင် လက်ဖက်ရည်ပန်းကန်ပြားဝိုင်းလောက် ရှိသည်။
ကျွန်တော်တို့သည် ကဏန်းကို အလွယ်တကူပင် ဆယ်ယူပြီး ဖောင်ပေါ်တွင် တစိတ် တပိုင်းစီပြုကာ ကဏန်းလက်မ၊ ခြေများနှင့် ကိုယ်တို့မှ ရနိုင်သမျှသော အသားတို့ကို ဝေငှစားသောက်လိုက်ကြ၏။
အစိမ်းစားသည့် နေရာတွင် ကဏန်းသည် စင်ရော်ထက်တော့အညီသက်သာသည်မို့ မဆိုးလှဟု ဆိုရပေမည်။
ညနေ သောက်ရေ ဝေသည့် အချိန်တွင် လက်ကျန် သောက်ရေဘူး ပြဿနာကို ကျွန်တော် စဉ်းစားရစ ပြုပြီ ဖြစ်သည်။ယခု သောက်ရေဝေသည့် အတိုင်းအဆတွင် တနေ့လျှင် သောက်ရေ လေးဘူး ကန်ုသည်။ နံနက် နှစ်ဘူး၊ ညနေ နှစ်ဘူး။ ဤအချိုးအတိုင်း သုံးနေပါက နောက်ထပ် တပတ်စာမျှသာ ကျန်ရှိတော့သည်။ကျွန်တော်တို့အနက် အကျန်းမာဆုံးသော သူပင် တပတ်၊ အလွန်ဆုံး ဆယ်ရက်မျှသာ အသက်ရှင်ခွင့် ရတော့မည်။ တပတ်အတွင်း ကယ်ဆယ်မည့် ရေယာဉ် တစုံတရာကို တွေ့ရှိသည့်တိုင် ကျွန်တော်တို့အနက်မှ မကျန်းမာသူ လူမမာအများမှာ ဤမျှထိ ခံကြမည် မဟုတ်ဟု ကျွန်တော် တွက်မိသည်။ကျွန်တော်တို့အားလုံး အသက်မရှင်နိုင်ခဲ့သော် ရှင်နိုင်သူ နေထိုင်ခွင့်ကိုသာ မျှော်လင့်ရတော့မည် ဖြစ်၏။
*******
၁၉၅၆ ခု။
ဒီဇင်ဘာလ ၆ ရက်။
အလင်းရောင်လာသည်နှင့် မျှော်လင့်ချက် ရောင်ခြည်သည် လုံးဝ ပျောက်ကွယ် သွားခဲ့လေပြီဖြစ်သည်။ ယမန်နေ့က ပျပျကလေးမျှ မြင်နေရသော ကျွန်းမှာ လုံးဝပျောက်ကွယ်သွားခဲ့လေပြီ။ သို့သော် ကျွန်တော်သည် ရဲဘော်များစိတ်ဓာတ်မကျစေရန်အတွက် ယခုအခါတွင် ကမ်းခြေကျွန်း စသည်တို့ကိုမမြင်ရတော့သော်လည်း အသက်ကယ်ဖောင်သည် ကုန်သွယ်ရေကြောင်းသင်္ဘောကြီးများ ရန်ကုန်နှင့် စင်ကာပူသွားရာ လမ်းကြောင်းတွင်ရောက်နေပြီဖြစ်သည့်အတွက် ယခင်ကထက် ပို၍ အသက်ရှင်ရန် အခွင့်အလမ်းများကြောင်း ပြောပြရသည်။
ကျွန်တော် ပြောသည်ကို ယုံသူလည်း ရှိသည်။မယုံသူလည်း ရှိကောင်း ရှိမည်။ မယုံသူက ပိုများသည် ထင်၏။ သို့သော်သူတို့သည် ကျွန်တော့် စကားကို မယုံသည့်တိုင် မည်သို့မျှ ဝေဖန်ပြောဆိုခြင်းမပြုကြ။ ယုံကြည်သူ များကမူ ကျွန်တော့်စကားကို ဝမ်းသာအားရကြိုဆိုကြသည်။တပ်သား/စက် လှဖေ၊ ကျော်မြင့်၊ လှမြင့်နှင့် တပ်သား/စားခန်းခင်မောင်တို့က အကြွင်းမဲ့ လက်ခံ ယုံကြည်ကြသည်။ ဖြစ်နိုင်သည် မဖြစ်နိုင်သည်အပထား သူတို့ ခေါင်းဆောင် စစ်ရေယာဉ်မှူး၏ စကားကို လက်ခံ ယုံကြည်သည်သာဖြစ်၏။
“တွေ့တယ် မဟုတ်လား ငါပြောတာ၊ တို့မသေပါဘူးလို့၊ ခု တရက်နှစ်ရက်ဆို သင်္ဘောကြီးတွေနဲ့ တွေ့မှာ သေချာတယ်”
ကျော်မြင့်က ပြောလိုက်သည်ကို လှမြင့်နှင့် ခင်မောင်တို့က ထောက်ခံကြသည်။
“ဟုတ်တယ်ကွ၊ Look out Duty အပ ကျတဲ့ လူတွေ သေသေချာချာ ကြည့်ဖို့လိုတယ်၊ သင်္ဘောကြီး တစင်းစင်းနဲ့ တွေ့မှာ သေချာတယ်”
သူတို့သည်မျှော်လင့်ချက်များ လုံးဝ မလျှော့ကြသေးသော်လည်း အသံကတော့ ပျော့ပျော့မျှသာရှိကြတော့၏။ တယောက်နှင့် တယောက် အပြင်းအထန် အငြင်းသန်ခြင်းလည်း မပြုတော့။ ကျွန်တော်ပြောသည်ကို လုံးဝလည်း စိတ်မဝင်စား၊ မည်သို့မျှလည်း ပါဝင်ဆွေးနွေးခြင်း မပြုကြသည်မှာ လူမမာများနှင့် တပ်ကြပ်ကြီး ခင်မောင်ဝင်းတို့ဖြစ်သည်။
တပ်ကြပ်ကြီးခင်မောင်ဝင်းမှာ အသားဖြူ၍ အတန်ကြည့်ရှုကောင်းသောသူ တယောက်ဖြစ်၏။ သူသည်အင်္ဂလိပ် မြန်မာ ကပြားဖြစ်လျက် သူ့နာမည်ရင်းမှာ အဂီးနော ဖြစ်သည်။သူသည် လူ ထောင်ထောင်မောင်းမောင်း ရှိသည်နှင့်အမျှ စိတ်ဓာတ်က နုလှသည်။ ပင်လယ်ရေတွင်းသို့ မည်သည့်အခါမျှ မဆင်း၊ ဖောင်ပေါ်တွင်သာ ထိုင်မှိုင်ငေးတွေးလျက် ရှိသည်။
“ဟေ့ ... အဂီးနော၊ ရေထဲဆင်းပြီး နေပါလား၊ လာ ဒီမှာ ငါရှိတယ်”
ကျွန်တော်က သူ့ကို ချော့မော့၍ ရေထဲ ခေါ်သည်။
“နေပါစေ စီအို၊ ကျွန်တော် ဒီပေါ်ကပဲ ဂျူတီ ယူပါ့မယ်”
“မင်း နေပူလောင်လှပြီ ကွ၊ ကိုယ်ထဲမှာ ရှိတဲ့ ရေတွေ ခန်းမသွားအောင် ရေထဲမှာ စိမ်နေရမယ်”
သူအသားဖြူသည်မှာ သူ့အတွက် အားနည်းချက်ဖြစ်သည်။ သူ့မျက်နှာသည်ကြည့်မကောင်းအောင် နေလောင်ကာ အသားများ ခြောက်၍ အဖတ်လိုက် ကွာစပြုနေပြီဖြစ်သည်။ အရေပြား ကွာသည့်နေရာများမှာ နီနီ အကွက်ကြီးများ ဖြစ်နေ၏။
ဗိုလ်ကြီးစောဦး၏ အခြေအနေမှာ အထူး ဆိုးလာတော့သည်။ သူ၏ ဝမ်းဗိုက်ပြင်သည် ကျောက်သားတမျှ တင်းမာနေကာ အရှိန်လည်း ပူလောင်လှ၏။ ဝမ်းဗိုက်နှင့်ကျောပြင်မှာ ကပ်၍ နေပေပြီ။ ကျွန်တော်က မည်သူ့ကိုမျှ ဆားငန်ရေ သောက်ခွင့်ပြုမထားသည့်ကြားက သူ ရေတောင်းနေသည်ကို နားမခံနိုင်သည့်တပ်ကြပ်မောင်အေးက ဆားငန်ရေ ခိုးတိုက်ခဲ့သည်။ လူမမာ အားမရှိရသည့်အထဲ ဆားငန်ရေဒဏ်ကြောင့် ရင်များ ပူလောင်ကာအော့အန်နေတော့သည်။ ဝမ်းတွင် အစာ မရှိသည့် ကြားက ပျစ်ချွဲချွဲ အရည်များအနေနှင့် ဝမ်းလျှော ပြန်သေးသည်။ ဗိုလ်စောဦးသည် သတိမရတချက် ရတချက်ဖြစ်နေသော်လည်း သတိရသည့်အချိန်တိုင်းတွင် သူ့ကိုယ်သူ အရာရှိ တဦးဟူသည့် အသိက ရှိနေသည်ကြောင့် ကယောက်ကတမ်း အော်ဟစ် ညည်းညူခြင်း မပြု။သူ့ရောဂါကို သူ ကြိတ်မှိတ် ခံနေသည်။
တပ်သား ကျော်ကျော်မှာ သူ့လောက်အခြေအနေ မဆိုးလှသေးသော်လည်း အော်ဟစ် ညည်းညူကာ လှိမ့်နေတော့၏။ လူမမာများကိုသက်သာစွာ နေနိုင်ရန် နေရာပေးရသည့် ပြဿနာမှာ တနေ့တခြား လူမမာများသည်နှင့် ပို၍ ကြီးမားလာတော့သည်။
သကြားလုံးကုန်ခဲ့ပြီ ဖြစ်သည်။ ကိုယ်တွင် သကြားဓာတ် ကုန်သွားလျင် စိတ် လည်းဖောက်လာသည်။ စိတ်ဖောက်သည်တွင် သူ့အာရုံတွင်း၌ ကြောက်မက်ဖွယ် ကောင်းသော အဆင်းသဏ္ဌာန်များသည် သရဲလို တစ္ဆေလို ဘီလူးလို ပေါ်လာဟန် ရ၏။ ကျော်ကျော် မှာ လဲ နေရာမှ ကပျာကသီ ရုန်းကန်ထကာ
“အောင်မယ်လေးသရဲကြီးဗျ၊ သရဲကြီး ကျွန်တော့်ကို ဆွဲနေပြီ၊ လုပ်ပါဦး၊လုပ်ကြပါဦး” ဟု ကယောင်ကတမ်း ထသည်။ သူ့အား အနီးရှိ လူများက အတင်းဝိုင်းချုပ်ထားကာ လှဲချရသည်။ ပင်လယ်ပြင် ညအမှောင်ထုအတွင်းတွင် တစုံတဦးက တစ္ဆေသရဲ မြင်တွေ့ရသည် ဟူ၍ ကြောက်လန့်တကြား အော်ဟစ်သံသည်တွင် ကျန်လူစု အတွက် မည်မျှ ချောက်ချားဖွယ် ဖြစ်ပါသနည်း။
ထိုထက်ချောက်ချားဖွယ်ကောင်းသော ဖြစ်ရပ်မှာ ညဥ့်အခါ ပင်လယ်ပြင်မှောင်ကြီးမည်းမည်းအတွင်းမှ “ရှူး” ခနဲ “ရှူး” ခနဲ အော်မြည်သံကြီး ဖြစ်သည်။ပထမသော် ကျွန်တော်တို့စီးသော ဖောင်မှ လေ ပေါက်ထွက်သံ ထင်ကာ ထိတ်လန့်တကြားဖြစ်သွားသည်။
ဖောင်ကို စမ်းကြည့်မိသည်။ မည်သို့မျှ မဖြစ်။ လေလျော့သည်မတွေ့ရ။ တဖန် “ရှူး” ခနဲ အော်မြည်သံ ပေါ်လာပြန်သည်။ ဖောင်မှ လေထွက်သံမဟုတ်။
ပင်လယ်ပြင် အမှောင်ထု အတွင်းမှ သက်ရှိ သတ္တဝါတကောင်၏ အသက် ရှူထုတ်လေမှုတ်သံသာ ဖြစ်သည်။ဤတွင် ကျွန်တော် သိပြီ။ ဤပင်လယ်ပြင် တဝိုက်တွင် ယခင် သွားလာစဉ်က နေ့အခါများ၌ (Porpoise) ခေါ်လင်းရှူးဖိုမ ရေပြင်ထက် တက်ကာ ပျော်မြူးကစားကြသည်ကိုတွေ့မြင်ခဲ့ဖူးသည်။ လင်းရှူးမောင်နှံသည် ဖောင်ပတ်ဝန်းကျင် တဝိုက်တွင်ရှိနေရမည်ဟု ကျွန်တော် သိလိုက်သည်။
လင်းရှူးသည်အန္တရာယ်ပေးတတ်သည့် သတ္တဝါ မဟုတ်။ သူ ရှိနေခြင်းဖြင့်ပင် ငါးမန်းများအနီးအပါး မလာတော့။ သူ့ လေမှုတ်သံကို ငါးမန်းများ မခံနိုင်။ ငါးမန်းသည် သူ့လေမှုတ်ခြင်းကြောင့် ဖြစ်ပေါ်သည့် ရေထုဖိအား ကိုကြောက်သည်။ လင်းရှူး ရှိရာ ဒေသတွင် ငါးမန်းမလာ။ တနည်းအားဖြင့် လင်းရှူးမောင်နှံ ရှိနေခြင်းသည် ကျွန်တော်တို့အား ငါးမန်း ဘေးမှ ကင်းဝေးစေသည်။သို့သော် ကြောက်တာကတော့ ကြောက်သည်ပင် ဖြစ်၏။
*******
၁၉၅၆ ခု။
ဒီဇင်ဘာလ ၇ ရက်။
ကမ်းမမြင်ကျွန်းမမြင်ပင်လယ်ပြင်တွင်သာ။ ကမ်းခြေနှင့် ဤမျှအကွာအဝေးတွင် ပင်လယ်ကူးသင်္ဘောကြီးများ ကိုသာ မျှော်လင့် အားထားရာဖြစ်၏။
ကျွန်တော်တို့သည် တိုက်ရေယာဉ် ၁၁၀ ကိုသော်လည်းကောင်း၊ ကျွန်တော်တို့အားလိုက်လံရှာမည့် အခြား သင်္ဘောကို သော်လည်းကောင်း လုံးဝမျှော်လင့်ခြင်းမရှိတော့။ ရှာဖွေရေး အဖွဲ့သည် ၇ ရက်ရှာဖွေပြီးသည့်နောက်လက်လျှော့တော့မည်ဟူ၍ ကျွန်တော် အတပ်သိသည်။
သောက်ရေ၊ သောက်ရေသည်လျှင်အရေးကြီးသည်။ သောက်ရေ ချွေတာရေးသာလျှင် အဓိကဖြစ်၏။ မျှော်လင့်မထားသည့်ကြားက နေ့လယ်တနာရီခန့်တွင် ကောင်းကင်ယံထက်မှ လေယာဉ်ပျံသံ ကြားရသည်။ ဖောင်ပေါ်ရှိထနိုင်သူ ဟူသမျှ၏ မျက်လုံးများဖြင့် လိုက်လံရှာဖွေရာအလွန်မြင့်သောအမြင့်၌ အရှေ့တောင်ဆီသို့ ဦးတည်ပျံသန်းနေသည့်လေယာဉ်တစင်းကိုတွေ့ရသည်။ ဤအမြင့်မှ နေ၍ ဤမျှသေးငယ်သော ဖောင်ကိုမည်သည့်နည်းနှင့်မျှမမြင်တွေ့နိုင်သည်ကို ကျွန်တော် သိပါလျက် အများဆန္ဒ အရ မီးနီမီးကျည်ငါးလုံးမျှပင် ပစ်ဖောက်ပြသည်။
လေယာဉ် လုံးဝကွယ်ပျောက်သွားတော့မှအားလျော့ကာ မီးကျည်များကို နှမြောစိတ်ပေါက်လာ၏။ ကျွန်တော်တို့ အသက်တရက်ထက် တရက် ဆက်ရှည်နိုင်ရန်မှာ မီးကျည်သာလျှင် အားကိုးရ၏ှိ ။ သောက်ရေသည်အသက်၊ မီးကျည်သည် အသက်။ သောက်ရေကို အစီအစဉ်တမျိုး လုပ်ရတော့သည်။ အမှန်အားဖြင့်မူ လှည့်ဖြားသော အစီအစဉ်သာ။ ရေကိုတတ်နိုင်သမျှ ချွေတာရမည် ဟူသည်မှာ ကျွန်တော်၏ တခုတည်းသောဦးတည်ချက် ဖြစ်၏။
“ ကဲဒီနေ့ကစပြီးဒီလိုလုပ်မယ်ဟေ့၊ ရေကို အခု တနေ့နှစ်ခါ ဝေနေတဲ့အစားသုံးခါ ဝေမယ်သဘောတူရဲလား၊ ဒါမေမယ့် တခါဝေရင် ခါတိုင်း သောက်နေကျရေထက်တဝက်သာ ရမယ်၊ ဘယ့်နှယ့် သဘောကျရဲ့လား”
သူတို့သဘောကျသည်ဖြစ်စေ၊မကျသည် ဖြစ်စေ၊ ကျွန်တော်က ရေကို တိုးပေးသယောင်နှင့်ဖြတ်ချမည်သာ။ ယခုတနေ့လျှင် လေးဘူးမျှ ကုန်နေရာမှ အစီအစဉ်အစစ်တွင်သုံးဘူးသာ ကုန်ကျမည်ဖြစ်သည်။ တနေ့လျှင် တဘူးအကုန် သက်သာမည်ဖြစ်၍လက်ကျန်ရေ၏ သက်တမ်းကာလကိုဆွဲဆန့်နိုင်မည်ဖြစ်သည်။
ထိုနေ့ခင်းက စိတ်ဝင်စားဖွယ် အဖြစ် ကလေးတရပ် ဖြစ်သွားခဲ့သေးသည်။ နေ့ခင်းတွင် နေပူလှသည်ကြောင့် ကျွန်တော်သည် ခါးတွင် ဝတ်ဆင်ထားသည့် ဘောင်းဘီတို အဖြူကို ချွတ်ပြီးလျှင် ရေဆွတ်လျက် ခေါင်းပေါ် တင်ထားက မှိန်းနေလေ့ရှိသည်။ တနေ့တွင်ဘောင်းဘီတို၏ အိတ်များအတွင်း အပြန်အလှန် ရှာရာတွင် ဝဲဘက် ဘောင်းဘီအိတ်အတွင်းမှ လက်တဆစ်ခန့်ရှိ ခပ်ပွပွ အရာတခု ထွက်လာသည်။ မည်သည်များ ဖြစ်မည်ကို စူးစမ်းကြည့်ရာ မည်သည့်အရာဝတ္ထု ဟူ၍ မခန့်မှန်း တတ်သည်ကြောင့် သွားနှင့် ကိုက်ကြည့်သည်တွင် အလွန်ပြင်း အလွန်စူးရှ၍ အလွန်မွေးသော ဂျင်းနံ့ကို ရတော့သည်။သိပါပြီ၊
ကျွန်တော်ည် သင်္ဘောမထွက်မီ ရက်များက ဂျင်းခြောက်ကိုလမ်းဘေးမှ ဝယ်ကာ ဘောင်းဘီအိတ်အတွင်း ထည့်လျက် တနေကုန် စားလေ့ရှိသည်။ ထို ဂျင်းခြောက်စ ဖြစ်သည်။ ယခု ဆားငန်ရေနှင့် ပွနေသည့်အတွက် ပုံသဏ္ဌာန် ပျက်ကာ မမှတ်မိတော့သော်လည်း ဂျင်းနံ့ကမူပြင်းဆဲ၊ မွေးကြိုင်ဆဲပင် ရှိသေးသည်။
“ဟေ့ ဂျင်းနံ့၊ ဟေ့ ဂျင်းနံ့ ဘယ်ကရတာလဲ”
ဖောင်ပေါ်မှ ရဲဘော်များ ခေါင်းထောင်ကြည့်ကြသည်။
“ငါ့ ဘောင်းဘီအိတ်ထဲက ရတာပါကွ၊ အဖတ်သေးသေးလေးပါ”
အကယ်ပင်လျှင် အဖတ်မှာ တချက် ဝါးသည်နှင့် ကုန်ပေပြီ။ အနံ့ကသာ သင်းလျက် ကျန်ခဲ့သည်။
“ရှာကြည့်ပါဦး စီအို” သူတို့က တိုက်တွန်းခြင်းကြောင့် ဝဲယာအိတ်များတွင် ထပ်ရှာသော်လည်း ဂျင်းခြောက်ဖတ် ထပ်မတွေ့တော့။
ကျွန်တော့် အိတ်များတွင် ထပ်မတွေ့တော့သည့် အခါ သူတို့သည် မျှော်လင့်ချက် ကြီးစွာဖြင့် သူတို့၏ အိတ်များတွင် လိုက်ရှာကြပြန်သည်။ မတွေ့။ ကျွန်တော် စားလေ့ ရှိသည့် ဂျင်းဖတ်သည် သူတို့ အိတ်များတွင်း၌ မည်သို့ ရှိနိုင်မည်ကို မစဉ်စားနိုင်တော့။ သူတို့ စားကြွင်းစားကျန်များ ရှိလိုရှိငြား ခေါင်းနောက်အောင် ရှာ၍ မတွေ့တော့မှ လက်လျှော့ကြသည်။ အားလုံးသည် ကယောင်ဖြစ်နေကြပြီ ဟူသည်မှာ သိသာလှ၏။
ကျွန်တော်သည် ထိုနေ့က ပင်လယ်ပြင်တွင် ဆင်း ရေစိမ်နေပြီး ဖောင်ပေါ်ပြန်တက်ရာတွင် ရုတ်တရက် မိုက်ခနဲ ဖြစ်သွားသည်။ ဖောင်ပေါ်ထိုင်နေကြသည့် ရဲဘော်များ၏ မျက်နှာများကို ဝါးဝါးမျှသာ မြင်လိုက်ရလျက် လူတယောက်သည် နှစ်ယောက်ဖြစ်သွားသည် ထင်ရ၏။
“ဟေ့ ... ငါ့ကို ဆွဲတင်ကြပါဦးကွ”
အနီးရှိ ရဲဘော်များက ဆွဲတင်ကြမှ ကျွန်တော် ဖောင်ပေါ်ရောက်သည်။ ဖောင်ပေါ်တွင် အတန်ကြာ လဲလျောင်းကာ မှိန်းတော့မှ လူသူ သဲကွဲလာသည်။ ကျွန်တော် ကိုယ်တိုင်ပင် အားပြတ်စ ပြုလာပြီဖြစ်သည်။ ကျွန်တော် မည်မျှဆက်လက်၍ ဦးဆောင်မှု ပေးနိုင်တော့အံ့နည်း။
ကျွန်တော်နှင့် ဗိုလ်ကြီး စောဦးတို့ မရှိကြလျှင် ဗိုလ်လေးသန်းလွင်သာလျှင် ရာထူးအဆင့် အကြီးဆုံးဖြစ်သည်။ သူကလူငယ်၊ ခွန်အား ကျွန်တော့်ထက် ကောင်းသေးသည်။ သို့သော် အတွေ့အကြုံနုသေးသည်။ ဗိုလ်သန်းလွင်၏ မျက်နှာတွင်လည်း နေလောင်ထားသည့် ဒဏ်ရာဒဏ်ချက်များကို မသက်မသာ တွေ့ရ၏။
အားလုံးဖောင်ပေါ်တွင် နေပူဒဏ်ကို လှိမ့်ခံရင်း မှေးနေကြသည်။ စကား ပြောနိုင်သူတို့က စကားမရှိ စကားရှာကာ ပြောနေကြသည်။
“ဟေ့ .. ခုနေခါမှာ ဖရဲသီး စားရရင် အကောင်းဆုံးပဲကွ”
တစုံတဦးက အစားအသောက်ကို တမ်းတမ်းတတ ပြောလိုက်၏။
“ဟာနင်းနဲ့ကွာ၊ ငါတော့ ပဲစိမ်းဥသာ တဂျွမ်းဂျွမ်း ကိုက်စားလိုက်ချင်တာပဲ၊ ခုနေလောကမှာ ပဲစိမ်းစားဥထက် ကောင်းတာ ဘာမှ ရှိမှာ မဟုတ်ဘူးကွ”
“အေးဟုတ်တယ်၊ ငါတော့ ဒီက ပြန်ရင် ဆူးလေပန်းခြံထောင့်မှာ ကုလားတွေဗန်းကြီးနဲ့ရောင်းတဲ့ သင်္ဘောသီး၊ ဖရဲသီး၊ ပဲစိမ်းစားဥတွေ အဝကိုတုတ်စားလိုက်ဦးမယ်”
အရည်ရွှမ်းသည့်အသီးအနှံများကို ယခင်က ကျွန်တော်တို့ အမှတ်တမဲ့ နေခဲ့ကြရာမှ ယခုအချိန်တွင် အခြား ဘာကိုမျှ မစားချင်။ အရည်ရွှမ်းသည့် အသီးအနှံများဖြစ်ကြသည့် နာနတ်သီး၊ ဖရဲသီး၊ သခွားသီး၊ ပဲစိမ်းစားဥတို့ကိုသာလျှင်ကျွန်တော်တို့အားလုံး၏ မျက်စိတွင် မြင်ယောင်မိသည်။ ဖောင်ပေါ်ရှိလူအားလုံးသည် အတွေးကိုယ်စီဖြင့် ငိုင်နေကြသည်။
“ကျွန်တော်သင်္ဘောထွက်ခါနီးတုန်းက အမေက ဘာစိတ်ကူးပေါက်သလဲ မသိဘူး၊ ဒီတခေါက်ကျမှ မင်းငါ့ကို ထိုင် ကန်တော့သွားဦးဆိုလို့ ထိုင် ကန်တော့ရသေးတယ်”
“ငါကတော့ငါ့မိန်းမက ကိုယ်ဝန်ကြီးနဲ့ကွ၊ သူ မွေးဖွားမယ့် ရက်အမီပြန်ရောက်ပါ့မလားလို့ မေးသေးတယ်၊ ငါကမကြာပါဘူးကွာ၊ပြန်ရောက်မှာပါ၊ မင်းက နောက် သုံးလလောက် နေမှ မွေးမှာပဲလို့ပြောခဲ့သေးတယ်”
“ငါ့မိန်းမတော့နေ့လား ညလား မသိဘူးဟေ့၊ ဗိုက်ကြီးကို မီးပုံးပျံ လွှတ်တာကျနေတာပဲ၊ ဒါပေမယ့်ကိစ္စ မရှိပါဘူး၊ ဒီကလေးက တတိယကလေးဆိုတော့ ... သူကတော့ ကလေးမွေးလွယ်တယ်ကွ။ကွမ်းတရာ ညက်ကြာအောင်တောင် ဗိုက်မနာလိုက်ဘူး၊ ဟော ... ရွှတ်ဆိုတယောက်ပဲ”
အိမ်ထောင်သည် ရဲဘော်များက သူတို့မိန်းမကို သတိတရ ပြောကြသည့်နည်းတူ ...။
“ငါ့ရည်းစားကတော့မြိတ်ရောက်ရင် စာရေးနော်၊ တပတ်တခါ မှန်မှန် ရေးလို့တတွတ်တွတ် မှာတယ်ကွ၊ အခု စာရေးစက္ကူနဲ့ ဖောင်တိန်တောင် သင်္ဘောပေါ်ကျန်နေခဲတာ နာသကွာ၊ သူ့ ဓါတ်ပုံလဲ ပါသွားတယ်၊ မင်းတို့ကိုငါပြချင်စမ်းလှတယ်” ဟု ပြောသည်။
သူတို့ကိုယ်စီပြောဆိုနေကြရာမှ စကားပြတ်ကာ အားလုံးသည် အတွေးကိုယ်စီဖြင့်ငိုင်နေ ကြတော့သည်။ ကျွန်တော် သိပါပြီ။ သူတို့ ကိုယ်စီ၏ စိတ်ကို အတွေးနှင့်အတွေး နောက်ဆက်တွဲက လှိုက်စားနေပေပြီ။ ဤသည်မှာ မကောင်းသော လက္ခဏာ။
“ကဲ... ငါပြောမယ် အားလုံးနားထောင်ကြစမ်း၊ မင်းတို့ ဘာဘာညာညာ စားချင်သလို ငါလဲစားချင်တာပဲ၊ မင်းတို့ရဲ သားမယားကို သတိရသလို ငါလဲ သူတို့ကိုသတိရတာပဲ၊ မင်းတို့ မိန်းမကို မင်းတို့ ချစ်သလို ငါ့မိန်းမလဲငါချစ်တာပါပဲ၊ ဒါပေမယ့် ဒီနေ့ ဒီအချိန်ကစပြီး ဒီဖောင်ပေါ်မှာ ဘယ်သူမှအစားအသောက်အကြောင်း မပြောရဘူး၊ သားမယား မိဘဆွေမျိုး အကြောင်းမပြောရဘူး၊ ဒါဟာ အမိန့်ပဲ၊ နားလည်လား”
သူတို့ နားလည်ပါသည်။ သို့သော် ဘာမျှ ပြန် မပြောကြ။
“အေး... ငါကတော့ စကား မပြောရလို့ အမိန့်ကိုသာ ထုတ်နိုင်တယ်၊မင်းတို့စိတ်ထဲမှာ ကျိတ်တွေးနေတာကိုတော့ ငါ ဘာမှ မတတ်နိုင်ဘူး၊ငါပြောချင်တာက တတ်နိုင်ရင် စိတ်အတွေးထဲတောင် မဝင်စေနဲ့ကွာ၊တို့ရဲ့ အရေးအကြီးဆုံး အချက်က လတ်တလော ဒုက္ခက ကင်းလွတ်ပြီးအသက်ရှင်ရေးပဲ”
ချစ်စရာကောင်းသောရဲဘော်များ ဖြစ်သည်။ ကျွန်တော် အမိန့်ထုတ်လိုက်သည့် အချိန်ကစလျက် အစားအသောက်နှင့် သားမယား ဆွေမျိုး ရည်းစား မည်သည့် စကားမျှ သူတို့မပြောကြတော့။ သူတို့၏ စိတ်တွင်းဝယ် ဖုံးကွယ်ထားလျှင်တော့မူ ကျွန်တော်မတတ်နိုင်တော့ပြီ။
ကျွန်တော့်အနေနှင့်မူ ဤကိစ္စများကို ဦးခေါင်းတွင် ထည့်၍လုံးဝ မစဉ်းစားတော့။ ကျွန်တော့်တွင် တွေးစရာ ရှိသည်။ အသက်ရှင်ရေးတာဝန်က ရှိနေသေးသည်။ ညနေစောင်းသည်နှင့် ဝုန်းဝုန်းဝုန်းဝုန်း ဟူသော အသံများ ကြားရသည်ကြောင့် အားလုံးခေါင်းထောင် ကြည့်လိုက်ရာမှ ငါးအုပ်ကြီး တအုပ်သည် နေရောင်ခြည် အောက်တွင် ဟိုမှ သည်မှ မြူးကစားကာ ပြေးလွှားနေကြသည်ကို မနီးမဝေး၌ မြင်ရ၏။
“ဟေ့ ... ငါးတွေ ငါးတွေ၊ အများကြီးပဲဟ၊ တအုပ်ကြီးဟ၊ တအုပ်ကြီး”
ငါးအုပ်ကြီးကထောင်နှင့်ချီ ရှိမည်ထင်ရ၏။ ရေပေါ်တွင် ကျောတပြင်လုံး ပေါ်အောင်ကူးနေကြသည်သာမက တခါတရံ ရာလိုက်ချီ၍ပင် ရေပြင်ထက် ပေါ်သည်ထိခုန်ပေါက်တက် လာကြသည်။ သေသေချာချာ ကြည့်ကြသည်တွင် ငါးအုပ်ကြီးသည်မြူးကစားနေကြသည် မဟုတ်။ဧရာမငါးကြီးတကောင်က သူတို့ကို လိုက်ယူဖမ်းစားနေကြသည်ကြောင့် အသက်ဘေးအတွက် ဖောင်ကို ပတ်ပတ်လည်ဝိုင်းပြေးနေကြခြင်း ဖြစ်၏။
“ဟေ့ ... ပျဉ်ပြား ပျဉ်ပြား ပေးကြစမ်းဟေ့၊ အနားကပ်လာတဲ့ အကောင်ကို ရိုက်ဖမ်းရမယ်ကွ”
ကျွန်တော်ကပျဉ်ပြား တောင်းကာ ဖောင်တဖက်ထိပ်မှ အသင့်စောင့်နေသည်။ အခြား ဘက်ထိပ်မှဗိုလ်သန်းလွင်က သုံးမရတော့ပြီဖြစ်သော လက်နှိပ်ဓာတ်မီးနှင့်ရိုက်ရန် အသင့်စောင့်နေသည်။ ရိုက်ရန်ပင် မလိုပါ။ တထွာ သာသာမျှရှိသော ငါးကလေး တကောင်သည် မည်မျှ ပြေးလွှား၍ မည်မျှ မောပန်းနေသည် မသိ။ ဖောင်ကို သူနားခိုမှီဝင်ရာ၊ လုံခြုံစိတ်ချစွာ ပုန်းအောင်းရာ မှတ်ယူလျက် ခေါင်းနှင့် မှေးကပ်ကာ ခိုနေသည်။ ငါး မောနေသည်ကို ဤတကြိမ်သာလျှင် ကျွန်တော် မြင်ဖူးသည်။ ငါး၏ ပါးဟက်သည် ဟက်ပက် ဟက်ပက် ပြဲဟကာ ဝမ်းမှာလည်း ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသည်။ အနီးရှိ
ရဲဘော်တဦးက လက်နှစ်ဖက်ဖြင့် ဆတ်ခနဲ ဆယ်ယူ၍ ဖောင်ပေါ် တင်လိုက်သည်။
“ရပြီဟေ့ ... ရပြီ” သူက ဝမ်းသာအားရ အော်လိုက်၏။ ငါးမှာ တထွာ သာသာမျှသာ ရှိ၏။ လောဘသားတို့၏ စိတ်လောဘသည် တထွာလောက်မျှနှင့် ကျေနပ်နိုင်ရိုးလား။
“ဟေ့ ... နေကြဦးဟေ့၊ နေကြဦး၊ ကြိုး ဘယ်မှာလဲ နိုင်လွန်ကြိုး ယူစမ်း”
ဖောင်ပေါ်တွင် ပါရှိသော နိုင်လွန်ကြိုး သေးသေး၊ နီဝါရောင်လေးကို ကျွန်တော့်အား လှမ်းပေးသည်။ ကျွန်တော်က ကြိုးစတဘက်ကို ငါး၏ ပါးဟက်တွင် ချည်လိုက်ပြီး ကျန်ကြိုးတစကို ဖောင်ပေါ်ရှိ ရဲဘော်တဦးအား ကိုင်ထားစေရန် ပေးလိုက်၏။
“ဟေ့ ... မင်း အဲဒီ ကြိုးစကို မြဲမြဲကိုင်ထား၊ ငါ ဒီ ငါးကို တအားလွှဲပြီး ငါးအုပ်ကြီး ဆီ ပစ်လိုက်မယ်၊ ဒီ ငါးကို စားမယ့် ငါးကြီးက နောက်က လိုက်လာရင် ပျဉ်ပြားနဲ့ ခေါင်းကို တအား ဆော်ပေတော့”
ကျွန်တော့် ရည်ရွယ်ချက်မှာ ငါးကလေးကို ငါးစာပြု၍ ငါးကြီးကို ကျွန်တော်တို့အနီး မျှားခေါ်ကာ ဆော်ပလော်တီးရန် ဖြစ်သည်။ ကျွန်တော်က ကြိုးစတဖက်ပါ ငါးငယ်ကို အားယူရန်အတွက် နှစ်ပတ် သုံးပတ်မျှ ဝှေ့ယမ်းပြီးနောက် ငါးအုပ်ကြီး ရှိရာသို့ တအား လွှဲပစ်လိုက်သည်။ငါးငယ်သည် လေတွင် ပျံဝဲကာ ငါးအုပ်ကြီး ရှိရာဘက်သို့ မြောက်တက်သွားပြီးမှ ရေပြင်တွင် ပြန်ကျသည်။
“ဟာ”
“ဟာ” အာမေဍိတ်သံများ ပေါ်လာ၏။ ကျွန်တော် ပါးစပ်မှလည်း အံ့အားသင့်လွန်းခြင်းကြောင့် အတန်ငိုင်နေပြီးမှ ငါးလေးနှင့် ကြိုးစကျရာဘက်သို့ ဒိုင်ဗင် ထိုးဆင်းလိုက်၏။ ဖြစ်ရသည်မှာ ကြိုးစတဘက်ကို မြဲမြဲကိုင်ထားရန် ပြောသော ရဲဘော်သည် ကြိုးစကို သူကိုင်ရမလို ငါကိုင်ရမလိုနှင့် မည်သူမျှ မကိုင်ကြသည့်အတွက် ငါးနောက်သို့ ကြိုးစပါသွားခြင်း ဖြစ်တော့သည်။
ကျွန်တော်သည် မသေရုံ မနစ်ရုံမျှ ရေကူးတတ်သူဖြစ်သည်။ ရေငုပ် ကျွမ်းကျင်သူတဦး မဟုတ်ပါ။ ကျွန်တော် မည်မျှ ကြိုးစား၍ ငုပ်သော်လည်း ငါးကိုသော် လည်းကောင်း၊ ဘာသာမျှသော ငါးငယ် အသေကောင်သည် ငါးလံသာသာမျှသော နိုင်လွန်ကြိုးစ နီဝါရောင်ကလေး တွဲလောင်းကျလျက် ပင်လယ်ရေပြာအောက်တွင် ဘယ်ညာ ယိမ်းနွဲ့ကာ ရေနက်အတွင်း ဆင်းသွားသည်။ တလံ သာသာမျှသာ ရေအနက်ကိုသာ ငုပ်တတ်သည့် ကျွန်တော် လိုက်၍မမီတော့ပါ။ ပင်လယ်ရေသည် ကြည်လင် လှသည်ကြောင့် ရေနက်တွင်းသို့ ကစားယိမ်းနွဲ့သလို ဆင်းသွားသည့် ငါးငယ်ကို အတန်ကြာ မြင်နေပြီးမှ ငါးငယ်သည် ပင်လယ်ရေအမှေင်ထုဝယ် တိုးလျိုး ပျောက်ကွယ်သွား၏။ လွတ်သည့် ငါးတွင် ဤငါးလောက်ကြီးသော ငါးသည် တကောင်မျှ မရှိနိုင်ပါပေ။
ကျွန်တော်သည် စိတ်ပျက်အားလျော့စွာဖောင်ဆီသို့ ပြန်ကူးလာ၏။ ကျွန်တော့်ကို ရဲဘော်များက ဆွဲတင်ကြသည်။ကျွန်တော် ဖောင်ပေါ် ရောက်သည်တွင် ကြိုးစ တဖက်ကို ကိုင်ထားခြင်းမပြုမိခဲ့သည့် ရဲဘော်သည်လည်း သူ့ အပြစ်၏ ကြီးမားခြင်းကို သိသည့်အတွက်ချုံးပွဲချ ငိုတော့သည်။ မောသည် ပန်းသည်၊ ဒေါသဖြစ်သည်။ ဒေါသကို လူကို ပို၍ပန်းစေသည်။
ပတ်ဝန်းကျင်ပင်လယ် တဝိုက်တွင် ငါးအုပ်ကြီး ပြေးကြ လွားကြဆဲပင် ဖြစ်၏။ ကျွန်တော်တို့ကံကောင်းချင်တော့ နောက်ထပ် ငါးတကောင်သည် ဖောင်ဘေးတွင် ကပ်ခို လာပြန်သည်။ယခု ငါးမှာ အတန် ကြီးသည်။ တတောင် သာသာမျှရှိသော ငါးကြီးဖြစ်၏။တပ်ကြပ်မောင်အေးက ငါး၏ဦးခေါင်းကို ပျဉ်ပြားနှင့် တအားရိုက်လိုက်သည်တွင်တပ်ကြပ်/စက် အောင်မြင့်က ဆတ်ခနဲဖမ်းယူတင်လိုက်သည်။ ငါးသည် ဖောင်ပေါ်တွင်အမြီး လှုပ်သည် ဆိုရုံမျှသာ လှုပ်နိုင်တော့သည်။ သည်တချီတွင် ကျွန်တော်တို့သည် လောဘသတ်၍ သည်ငါးနှင့်ပင် ကျေနပ်လိုက်ရတော့သည်။ နောက်ထပ် ကံစမ်းငါးမမျှားရဲတော့ပါ။
ငါးကိုကျွန်တော့် ဓားငယ်နှင့် ပါးဟက်ဆီတွင် လှီးလိုက်ပြီး ထွက်လာသည့် သွေးအနည်းအကျဉ်းကို ဗိုလ်စောဦးအား ဦးခေါင်းမော့ကာ အစုပ်ခိုင်းရသည်။
သူ့ပါးစပ်တွင် မည်မျှဝင်သည် မသိရသော်လည်း သူ့ ပါးစပ်ဝ တခုလုံးမှာငါးသွေးများဖြင့် ပေကျံသွားသည်။ ကျွန်တော်က ငါးကို အကြေးမသင်ဆူးတောင်မဖြတ်ဘဲ အတုံးကြီးကြီး ၁၈ တုံးမျှ ပြုလုပ်ကာ တယောက်တတုံးစီဝေပေးသည်။ ပါးစပ်ဝ ရောက်တော့မှ ငါးအကြေးဖတ်များကို စားဆဲဖယ်စားရသည်။ စင်ရော်နှင့် ကဏန်းကို အစိမ်းစားပြီးသည့် နောက်တွင်ငါးသားအစိမ်းသည် မထူးခြားတော့။
အရသာ ရှိသည် မရှိသည်ကိုလည်း မသိ။ နံသည်စော်သည် ညှီသည်ကိုလည်း ဂရုမထား။ ဝါးစားရသမျှ ဝါး၊ ဝါးမရသည်ကိုအတင်း မျိုချနှင့် အသားစိမ်းစား ဘီလူးများဘဝ ရောက်ရှိသွားကြတော့သည်။ငါးက အတန်ကြီးသည်ကြောင့် ခေါင်းပိုင်းနှင့် အမြီးပိုင်း ပိုလျှံ နေသေးသည်။ထူးဆန်းသည်မှာ ရဲဘော်များသည် ကိုယ်ဝေစုရသည့် အသား တတုံးအပြင်နောက်ထပ် မတောင်းကြတော့ခြင်း ဖြစ်သည်။
တတုံးနှင့် တော်ပါပြီဟု တညီတည်းမပြောသော်လည်း ပြောသည့်အလားသာ။ ကျွန်တော်က ပိုနေသော အစိတ်အပိုင်းကိုငါးခြောက် လှမ်းထားစေပြီး နောက်ရက်များစားရန် စီစဉ်ထားရှိသည်။ဖောင်အမိုးပေါ် တင်ကာ နေလှန်းထားသည်။
ငါးစိမ်းသားကိုစားရသော်ငြားလည်း ဗိုလ်စောဦးမှာ ထူးခြား၍ သက်သာမလာ။ ယဲ့ယဲ့မျှသာရှိတော့သည်။ သူက ကျွန်တော့်အား သူ့အနား တိုးကပ်လာစေလိုကြောင်းလက်ရိပ်ပြသည်နှင့် ကျွန်တော်က သူ တစုံတရာ ပြောလိုကြောင်းသိကာသူ့မျက်နှာနား တိုးကပ် သွားသည်။ သူက အတန်အားယူပြီးမှ တိုးတိုးသံဖြင့် ...
“စီအို ... ကျွန်တော်တော့ မရတော့ဘူး၊ မတတ်နိုင်တော့ဘူး” ဟု ဆိုသည်။ ကျွန်တော်က
“မဟုတ်တာ ဗိုလ်စောဦးရယ်၊ ကျွန်တော်တို့ သင်္ဘောတစင်းစင်းနဲ့ တွေ့ရတော့မှာပါ၊ အခှု့ သင်္ဘော သွားလမ်း ပေါ်ရောက်နေပြီ၊ တောင့်ထားစမ်းပါ” ဟု အားပေးသည်။
“ကျွန်တော်သိတယ်စီအို၊ ကျွန်တော် မရတော့ဘူး၊ ကျွန်တော်ဟာ ဘာမှလဲအသုံးမကျတော့ဘူး၊ ကျွန်တော်ရှိနေလို့ ရဲဘော်တွေလဲ ပိုပြီး စိတ်ဆင်းရဲ ဒုက္ခရောက်တယ်၊ အဲဒီတော့ ကျွန်တော့်ဘာသာ အေးအေးဆေးဆေး သွားပါရစေတော့၊ စီအိုကသာ ခွင့်ပြုပါ”
ကျွန်တော်သည်သူ့ကို ဘာပြန်ပြောရမည်မသိ။ ရင်ဝတွင် တစ်ဆို့နေသည်။ ကျွန်တော့်ကိုခင်သော ဗိုလ်စောဦး၊ ကျွန်တော်နှင့်အတူ မြိတ်သို့ တခေါက်လိုက်လိုသေးခြင်းကြောင့် ဆေးရုံ တက်သင့်ပါလျက် ဆေးရုံမတက်ခဲ့သောဗိုလ်စောဦး၊ ယခု ရေတွင် ဆင်း၍ သေပွဲဝင်လိုကြောင်းရဲရဲရင့်ရင့်ပင် ကျွန်တော့် ခွင့်ပြုချက်ကို တောင်းနေပေသည်။
“မဟုတ်တာ ဗိုလ်စောဦးရယ်၊ ခင်ဗျား နောက်ဆုံး အချိန်အထိ မျှော်လင့်ချက် ထားစမ်းပါ၊ အားမလျော့စမ်းပါနဲ့၊ ကျွန်တော်တို့မှာ အခွင့်အရေး မျှော်လင့်ချက်တွေ ရှိပါသေးတယ်”
“ကျွန်တော်သေသွားရင်အားလုံးအတွက် ချန့် ပိုကောင်းမယ်၊ ကျွန်တော်ဟာ စီအိုအတွက် ပြဿနာ ဖြစ်နေပြီ၊လူပို ဖြစ်နေပြီဆိုတာ သိတယ်၊ ရှင်သင့်တဲ့သူ ရှင်၊ သေသင့်တဲ့သူ သေ (Survival of the fittest) ဆိုတဲ့ မူပေါ့”
သူသည်နောက်ဆုံးအချိန်အထိ သတိ ကောင်းသည်။ နောက်ဆုံး အချိန်အထိ သူဖတ်မှတ်မိခဲ့သမျှအတွင်းမှ သိပ္ပံပညာရှင် ဒါဝင်၏ အဆိုအမိန့်တခုကို သတိရနေသေးသည်။ Survival of the fittestတဲ့။ “တော်သူနေ ရှော်သူသေ” ဟု သူက ဆိုလိုခြင်း ဖြစ်သည်။
“ကဲ ... ကဲ၊ သိပ် စကားမပြောနဲ့ မောမယ်၊ အသာငြိမ်နေ”
ထိုညသည်လူမမာများ ရောဂါ အသည်းဆုံးည ဖြစ်၏။ ကိုယ်ခန္ဓာ အားဖြင့် ကြံ့ခိုင်သန်စွမ်းလှသည် ဟူသော လူထွားကြီး မောင်မြင့်သည်ပင် မခံနိုင်တော့။ သူသည် သူ၏ငွေစက္ကူများကို နေထုတ်မလှန်းရန် ကျွန်တော် ပြောလိုက်သည့်နေ့မှစကာစိတ်ဓာတ် ကျဆင်းသွားခ၏ဲ့ ။လူကောင်မှာလည်း အတော် ချုံးသွားပြီ ဖြစ်သည်။
*******
၁၉၅၆ ခု။
ဒီဇင်ဘာလ ၈ ရက်။
ဗိုလ်စောဦးအစ အသုဘရက်များ။
နေလုံးသည်ရဲရဲကြီးနီလျက် ထွက်လာသည်။ မိုးကောင်းကင်တခွင်တွင် တိမ်ရိပ်တိမ်သား အလျှင်း မရှိဘဲ ကြည်လင်နေသည်နှင့်အမျှ ပင်လယ်ကမှန်ရောင်လက်သကဲ့သို့ ရောင်ပြန်ထွက်နေသည်။ သတိ အလျှင်းမရသလောက်ရှိပြီ ဖြစ်သော တပ်သား ကျော်ကျော်က “ဖောင်ကို ဖောက်ခွဲနေပြီ၊ဖောက်ခွဲနေပြီ” ဟု ကယောက်ကတမ်း ငန်းဖောက်ကာ အော်ဟစ်နေခြင်းကြောင့်လူတိုင်း အလန့်တကြား ဖြစ်ကုန်ကြသည်။ သူ သူက ယောက်ကတမ်း အော်တော့မှ ဖောင်အခြေအနေကို စိုးရိမ်သည်ထက် စိုးရိမ်လာတော့၏။ ကျွန်တော်တို့အသက်ရှင်ရေးတွင် အရေးကြီးသည်မှာ “ရေ” သာလျှင် မဟုတ်၊ လေသည်လည်းအရေးကြီးလှသည်။ ဖောင်လေ လျော့၍ အတွင်းရှိ လေများ ထွက်သွားခဲ့လျှင်၊ပေါက်ထွက် ကွဲပျက်ခဲ့လျှင် တပြုံတည်း အချီတည်း တပြိုင်နက်ရေနစ်သေဆုံးရမည် ဖြစ်တော့၏။
ထိုနေ့နံနက်က ဖောင် သန့်ရှင်းရေး လုပ်စဉ် ဖောင်ကို လှည့်ပတ်စစ်ဆေးကြည့်ရှူရာ ဖောင်၏ လေတင်းမာမှု အတန်ပျော့လာပြီ ဖြစ်သည်ကိုတွေ့သိရမိ၏။ တနေရာရာမှာ လေစိမ့်ထွက်နေရပေမည်။ နေရာကိုရှာမတွေ့သေးမီ လျော့ပါးသွားသော လေကို အချိန်မီ ဖြည့်ထားရမည် ဖြစ်၏။ဖောင်ထက်တွင် လေဖြည့်ရန် လေထိုးတံအဖြစ် လက်နှင့် အကော်ဒီယံဆွဲသလိုဆွဲရသော ဖားဖိုငယ် တခုရှိသည်။
လေဖြည့်ရန် နေရာဟု ပြထားသောဘားငယ် တခုရှိသည်။ ထို ဘားပေါက်နေရာတွင် လေဖြည့် ဖားဖိုမှ ပိုက်ကိုတပ်၍ တယောက်တလှည့်စီ လေထိုးကြသောအခါမှ ဖောင်မှာ အတန်ငယ်ပြန်၍တောင့်တင်းလာသည်။ လေများကို ထုတ်ပစ်နိုင်သည့် ဘားပေါက်ကို လေအိုးနှင့်ဆက်ထားသော လေဖြည့် ပိုက်ခေါင်းပေါက်သည် ကျွန်တော် ကြီးစွာ သတိပြုလျက်စောင့်ကြပ် ကြည့်ရှုရမည့် နေရာ။ ထိုနေရာမှ လေထွက်သွားခဲ့လျှင်လက်ရှိ ဖားဖိုနှင့် မတတ်နိုင် ဖြစ်မည်မှာ သေချာသည်။
ဗိုလ်ကြီးစောဦးမှာလုံးဝ မထနိုင်တော့သည်သာမက ဖောင်တွင်းမှာပင် ဝမ်းသွားနေသောကြောင့်သူ့အောက်တွင် အဝတ်တထည် ခင်းထားပေးရကာ ဝမ်းသွားတိုင်းဖောင်သန့်ရှင့်ရေး လုပ်ပေးနေရသည်။
တပ်ကြပ်စံခိုအခြေအနေမကောင်း၊ တပ်သားကျော်ကျော်၊ တပ်ကြပ်/စက် ကျော်ညွန့်တို့ လည်းအခြေအနေ ဆိုးလှသည်။ တပ်ကြပ်ကြီး ခင်မောင်ဝင်းမှာ ဖောင်တွင်းသို့လည်း မဝင်၊ဖောင်နှုတ်ခမ်းပေါ်တွင်သာ နေ့ညထိုင်၍ ငိုင်နေသောကြောင့် သူ့ မျက်လုံးများမှာကြောင်နေသည်။
တပ်သား မောင်မြင့်လည်း စကား မပြောနိုင်တော့။ သူတို့နှစ်ဦးမှာ ဤလူစုတွင် အထွားကျိုင်းဆုံးသော ကိုယ်ခန္ဓာရှိကြသည်။ စိတ်ခိုင်မာမှုတွင် အပျော့ဆုံး အနုဆုံးသော စိတ်ဓာတ်များ ရှိကြသည်။
ည ၁၀ နာရီလောက်တွင် ဗိုလ်ကြီးစောဦး အမောဖောက်လာသည်။ ဘယ်ညာ လူးနေသည်။ အသက်ရှူရသည်မှာ ခက်ခဲပင်ပန်းလှဟန် ရှိသည်။
“စီအို ... စီအို”
ကျွန်တော်က သူ့အနီးတွင်ပင် အစဉ်ရှိသည်။
“ဘာလဲ ဗိုလ်စောဦး၊ ကျွန်တော် ဒီမှာ ရှိတယ်လေ”
“ရေ ... ရေ ... သောက်ရေ တခွက်လောက် ပေးပါ စီအိုရယ်”
ဤစကားကိုကျွန်တော် ကြားရလိမ့်မည်သာဟု တပ်အပ်သိသည်။ ဤစကားသည် ကျွန်တော်မကြားချင်ဆုံး စကားသာ ဖြစ်သည်။ ကျွန်တော် မည်သို့မျှ မတတ်နိုင်။လိုက်လျောခွင့် မပြုနိုင်သော အရာကို သူက မချိမဆံ့ တောင်းခံနေသည်။သနားစဖွယ် တောင်းခံသည်။ သေခါနီး လူတယောက်၏ နောက်ဆုံး ဆန္ဒကိုဖြည့်ဆည်းပေးနိုင်လျှင် ဖြည့်ဆည်း ပေးလိုသည်မှာ ကြင်နာသော ရင်ရှိသည့်လူသားတိုင်း၏ စိတ်ဖြစ်သည်။
တဖန်ယခု တောင်းခံနေသည်မှာလည်း ကျွန်တော်၏ ရင်းနှီးသော မိတ်ဆွေ တဦး။ကျွန်တော့်တွင် သူ့ကို ငြင်းဆန်နိုင်သည့် နှလုံးသား မရှိခြင်းကြောင့်နားကို ပိတ်ထားလျက် မကြားချင်ယောင် ဆောင်နေရုံသာ ရှိတော့၏။မချိတင်ကဲနှင့်ပင် သူ့အား မကြားချင်ယောင် ပြုနေခဲ့သည်။ လျစ်လျူရှုနေရသည်။ သူကလည်း ရေကိုသာ တစာစာ တောင်းနေ၏။
ကျွန်တော်စဉ်းစားသည်မှာ ဗိုလ်စောဦးသည် သေလူ ဖြစ်နေပြီ။ ကျွန်တော်တို့အားလုံးကသူ့အား အသက်ရှင်စေချင်ကြသော်လည်း သူသည် သေမင်းတံခါးဝသို့ရောက်နေပြီဖြစ်သည့် လူတယောက်။ ရှားပါးလှသည့် သောက်ရေချို တခွက်ကိုမဆိုထား၊ တဘူးလုံးကိုပင် သူတယောက်တည်း သောက်သည့်တိုင် အသက်ရှင်နိုင်မည်မဟုတ်တော့။ တိုက်လျှင် သူ တယောက်တည်း တိုက်၍ ကိစ္စ မပြီး။ အခြား လူမမာရဲဘော်များကိုလည်း တိုက်ရပေဦးမည်။ အချိန် မဟုတ်ဘဲနှင့် သောက်ရေဘူးနှစ်ဘူးကို အပိုသက်သက် ကျွန်တော် မဖြုန်းနိုင်ပါ။
သေသူတွေသေကြမည်သာ။ အသက်ရှင်နိုင်ရန် အခွင့်အလမ်း ကျန်သေးသူများအဖို့ဤသောက်ရေ နှစ်ဘူးသည် အသက်ဆက်ခွင့် ရမည်သာ ဖြစ်၏။ command Responsibility အပ အုပ်ချုပ်မှုအာဏာ ဟူသည် ရက်ရောစွာ စေတနာထားခြင်း နှင့် ရက်စက်စွာ တိကျပြတ်သားခြင်းတို့ ပူးတွဲလျက် သူ့ နေရာနှင့်သူ သုံးရခြင်းပင်ဖြစ်သည်။
ကျွန်တော်သည်နားမခံနိုင်သာသည့် အဆုံး၌ ပင်လယ်တွင်းမှ ဆားငန်ရည်တခွက်ကို လက်လှမ်း၍ခပ်ကာ သူ့အား ပေးလိုက်၏။ တပ်ကြပ် မောင်အေးက သူ့ ဦးခေါင်းကို ဖေးမကာသူ့အား ပေးတိုက်သည်။ သူသည် ရေကို တကျိုက်သောက်လိုက်ပြီးမှ “ဆားငန်ရေတွေပါဗျာ” ဟု နောက်ဆုံးသော စကားကို ဆိုကာ ဘေးသို့ ခွေကျသွားလျက် စောင်းငဲ့ကျသွားသည်။ ထို့နောက် မလှုပ်မယှက်တော့။ အားလုံးသည်သူ့အတွက် ဝမ်းနည်းကြသော်လည်း ဘယ်သမျှ မငို။ ဘာကိုမျှ မဆို။ အလျင်သွားနှင့်သူနှင့် နောက်လိုက်ရမည့်သူချည်းသာ ဖြစ်သည် ဟူသော အသုဘ ကမ္မဋ္ဌာန်းကို တဒင်္ဂအတွင်း ထိုးထွင်း ထင်မြင်သွားသည်။
သူသည်သင်္ဘောပျက် ဒုက္ခသည် ရဲဘော်တစုတွင် ပထမဦးဆုံးသော သေဆုံးသူ ဖြစ်သည်။သူသည် သင်္ဘောပျက်ပြီး နောက် ရှစ်ရက် တိုင်တိုင် ကိုယ်ခန္ဓာမကျန်းမာပေမင့် စိတ် ဇွဲ နှင့် သတ္တိကို ပြသွားသည့် အရာရှိကောင်း တဦးဖြစ်သည်။
ည ၁၁ နာရီတွင် သူ၏ ခန္ခာကိုယ်ကို ရေတွင် ချစေသည်။ ရေသို့ မချမီသူ့ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားခဲ့သည့် ကုတ်အင်္ကျီကို ချွတ်ယူထားခဲ့သည်။ အင်္ကျီကိုဖျားနာသူတဦး အပေါ် လွမ်းထားရန် ခြုံပေးရန် ဖြစ်သည်။ ဗိုလ်စောဦးသေပြီးသည့် နောက်တွင် နောက်ထက် ဆက်လက် လိုက်ပါကြမည့်သူများ ရှိနေပြီဖြစ်သည်။ သူလေလား၊ ကိုယ်လေလား မသိ။
ဗိုလ်ကြီးစောဦးသေဆုံးသည့် ည၌ လေသည် ညဥ့်နက်သည်တွင် ပြင်းသည်ထက်ပြင်းစွာတိုက်ခိုက်ခဲ့သည်။ နံနက်ပိုင်း မိုးစင်စင်လင်းတော့မှလေငြိမ်သွားသည်။ ဗိုလ်ကြီးစောဦးသည် ဒီဇင်ဘာလ ၉ ရက် နံနက် ဆည်းဆာကိုမြင်တွေ့ မသွားခဲ့ရတော့ပါ။
----------------
မောင်သော်က
(PS:Ko Kyaw Thura Facebook မှ ကူးယူဖော်ပြပါသည်။)
August 29, 2018
[ ရှဥ့်ညိုလေးဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]
No comments:
Post a Comment