Tuesday, 4 June 2019

တတိယတန်းမှာတစ်နေရာ #သိန်းဖေမြင့်

#တတိယတန်းမှာတစ်နေရာ


 #သိန်းဖေမြင့်


ရန်ကုန်မြို့၊ 

သီတင်းကျွတ်လဆန်း ၅ ရက်။ 


သားချစ် ကိုရင်လေး 


ခမည်းတော် စာအားဖြင့် လျှောက်ထားပါသည်။ 


ခမည်းတော်နဲ့တကွ ရွာမှ ပြေးလာခဲ့ကြသူများ အားလုံးပင် ရန်ကုန် မြို့ကြီးသို့ ချောမောစွာ ရောက်ကြပါ၏။ လမ်းမှာ တိုက်ပွဲခိုက်ပွဲများနှင့် မကြုံကြိုက်ခဲ့ရပါ။ သို့ မကြုံကြိုက်ရုံမက အလှူခံ သောင်းကျန်းသူဘက်သား ဂိတ်စောင့်များနှင့် ဂိတ်ကြေးခံ အစိုးရဘက်သား ဂိတ်စောင့်များသည် တစ်ခေါ်လောက်သာ ကွာဝေးကြလျက် အေးချမ်းသာယာစွာ နေနေကြသည်ကို မြင်ခဲ့ရပါသည်။ ခမည်းတော်တို့ကတော့ ကုန်သည်လည်း မဟုတ်၊ အထုပ်ပါသူလည်း မဟုတ်ကြသဖြင့် ဂိတ်ကြေး မပေးဆောင်ခဲ့ရပါ။ သို့ရာတွင် ရန်ကုန်မှာ လက်ဆောင်ပေးဖို့ ယူလာခဲ့တဲ့ သနပ်ခါးတုံးတွေ ကိုတော့ ဗိုလ်ကတော်တွေ လိမ်းဖို့ဆိုပြီး အကုန် ထုတ်ယူထား လိုက်ကြပါသည်။ ထန်းလျက်ဖြူတွေ ကိုလည်း ဂိတ်စောင့် ရဲဘော်တွေ လက်ဖက်ရည်ကြမ်းနှင့် မြည်းဖို့ တချို့တစ်ဝက် ခွဲလှူခဲ့ရပါသေးသည်။ 


ကိုရင် လိုက်မလာတာ ကံကောင်းပါသည်။ ကိုရင်ကလေးကို ကိုရင် ဝတ်ပေးပြီး ဆရာတော် ဦးပညောဆီ အပ်ခဲ့တဲ့ ခမည်းတော်ရဲ့ အစအစဉ်က အတော် အဆင်ပြေတယ်လို့ ဆိုရမှာပဲ။ ရန်ကုန်မှာ ကိုရင်ဝတ်နဲ့ နေဖို့လည်း အကျပ်သားပဲ။ ခမည်းတော်တို့လို မျက်နှာငယ် အဆက်အသွယ် မကောင်းတဲ့ သားသမီး ကိုရင်များကို လက်ခံချင်တဲ့ကျောင်းက အရှားသားကလား။ လက်ခံချင်တဲ့ကျောင်း ရှိဦးတော့ ဆွမ်းခံရတာက မလွယ်ဘူး။ ရွာမှာ ရွာသူရွာသား တွေဟာ ထမင်းထုပ် ပေးရလွန်းလို့ ဆွမ်းလောင်းဖို့ ကျပ်တာထက် ဒီကလူတွေမှာ အစစ အရာရာ ဈေးကြီး ရှားပါးလို့ ဆွမ်းလောင်းဖို့ ကျပ်နေကြတယ်။ လူဝတ်လဲပြီး လိုက်ခဲ့ပြန်ရင်လည်း ခမည်းတော် တစ်ယောက်တည်းတောင် နေစရာ တစ်နေရာ ရဖို့ ဒီလောက် ခဲယဉ်းတာ သားအဖ နှစ်ယောက်ဆိုရင် ပိုခဲယဉ်းမှာပဲ။ 


ခု ခမည်းတော် တည်းခို နေရတဲ့ အခန်းဟာ အနံ ၁၂ ပေ၊ အလျား ၂၅ ပေလောက်ပဲ ရှိမယ်။ အဲဒီ အခန်းထဲမှာ ပေါ်ချော ပေါ်စောတို့ လင်မယား သားသမီး အစုံအလင် နှစ်အိမ်ထောင်။ ကိုကြွယ်တို့ သားအဖ သုံးယောက်နဲ့ မဆင့်တို့ သားအမိ နှစ်ယောက် နေနေကြတယ်။ အဲဒီကြားထဲမှာ အဖေလည်း အဲလေ ... ယောင်လို့၊ ခမည်းတော် တစ်နေရာ တိုးယူရတာဟာ ကုန်ကျပ်လူကျပ် ဖြစ်နေတဲ့ ကိုချစ်ပိုရဲ့ ဘတ်စ်ကားမှာ မတ်ကပ်ပေါ်က တက်စီး ရတာထက် ခက်သေးတယ်။ တစ်ယောက်အိပ် ကွပ်ပျစ် တစ်လုံးတောင် နောက်ထပ် မထားသာတော့လို့ ကျုပ်မှာ သမံတလင်း ပေါ်မှာပဲ အိပ်ရတယ် သားရေ့။ ဂုံအိတ်လွတ်တွေ ထူထူခင်းနိုင်လို့ တော်သေးရဲ့။ ခု ဆောင်းဝင် နေပြီမို့ အတော်ပါပဲ။ စောင်ထူထူ မခြုံဘဲနဲ့ နွေးမှာပေါ့။ နွေကျရင်တော့ အခန်းရှေ့ လမ်းပေါ်မှာ ကွပ်ပျစ်ကလေးနဲ့ အိပ်ကြရမှာပဲ။ 


ရန်ကုန်မြို့ကြီးမှာ အိမ်ကြီးရခိုင် တိုက်တာ အဆောက်အဦတွေ ပေါပါရဲ့။ နို့ပေတဲ့ အဲဒါတွေက ခမည်းတော်တို့လို လူစားတွေအတွက် မဟုတ်ဘူး။ ရေချိုးတော့ လမ်းပေါ်က ရေဘုံဘိုင်မှာ ချိုးရတယ်။ ကျုပ်တို့ ယောက်ျားတွေတင် မကဘူး။ မိန်းမပျိုကလေး တွေလည်း လမ်းပေါ်မှာပဲ ချိုးကြရတာပဲ ကိုရင်ရဲ့။ ရွာမှာ နေတုန်းက မြို့က ရေဘုံဘိုင်ကြီးတွေ အကြောင်း ကြားရတော့ မဟောသဓာ ဇာတ်တော်ထဲက ဥမင်ခန်း အကြောင်း ဖတ်ရတာလိုပဲ တအံ့တဩ ဖြစ်ခဲ့မိတယ်။ လက်တွေ့ကျတော့ ရွာက ကန်ထဲ ခုန်ချ၊ ကူးခပ် ချိုးရတာလို ဇိမ်မရှိဘူး။ ရေဘုံဘိုင်မှာ ကိုယ့်အလှည့် ရောက်အောင် တမေ့တမော စောင့်ရတယ်။ ကိုယ့်အလှည့် ရောက်ပြန်တော့လည်း ကြာကြာ ဇိမ်ခံ မချိုးရဲဘူး။ နောက်လူက မျက်စောင်းထိုး ကြည့်နေတယ်။ 


ဒါကြောင့်မို့ ကိုရင် မလိုက်ခဲ့တာ ကံကောင်းတယ်လို့ ဆိုရတာ။ ဖအေတစ်ခု သားတစ်ခု ဘယ်မှာ ခွဲနေချင်မှာလဲ။ ခုလို ခွဲနေရတာဟာ ကိုရင့်အဖို့ ကောင်းတာတွေ အများကြီး ရှိတယ်။ အနေအထိုင် မဆင်းရဲဘူး။ စာလည်း သင်ရတယ်။ ကိုရင် စာမှန်မှန် အံရဲ့လား။ ဦးပညော ကကော စာကောင်းကောင်း တက်ပေးရဲ့လား။ ခုနေဆို သင်္ဂြိုဟ်တောင် တက်နေရောပေါ့နော်။ စာကြိုးစားနော် ကိုရင်ကလေး။ အနေအထိုင်ကော မျှတရဲ့လား။ ကစားချိန် ကစားပါ။ သို့ပေမယ့် ပေသီး လက်ခေါက် ထုတမ်းတော့ မကစားနဲ့နော်။ ပြီးတော့ မန်ကျည်း ပင်ကြီးပေါ် ပြေးတမ်းလိုက်တမ်း မကစားနဲ့။ မန်ကျည်းကိုင်း ယီးခိုပြီး ခြေကန်တမ်းလည်း မကစားနဲ့။ ကိုရင်ကြီး ဦးအာသဖ သစ်ပင်ပေါ်က ကျပြီး လက်ကျိုးသွားတာ သတိရပါနော်။ ဦးပညောရဲ့ ဆုံးမစကားကို မြေဝယ်မကျ နားထောင်ပါနော်။ ထမင်းခြောက်ဖျာ စောင့်ရတဲ့ အလှည့်ကျရင် အချိန် အချည်းအနှီး မဖြစ်စေနဲ့။ စာအံရင်း စောင့်ပါနော်။ ဆွမ်းခံ သွားရင်လည်း မဆော့နဲ့။ ကိုရင်ဆိုတာ ဣနြေ္ဒ ရှိရတယ်။ ဒါမှ လူကြည်ညိုမယ်။ လူတွေ ကြည်ညိုမှ ဆွမ်းကောင်း ဟင်းကောင်း ရမယ်။ 


ရန်ကုန် ရောက်နေကြတဲ့ ရွာက လူတွေဟာ ဘယ်သူမှ ချောင်ချောင်လည်လည် မရှိကြဘူး။ ရရစားစားပဲ ရှိကြတာ များတယ်။ တချို့များ စားဖို့တောင် ကျပ်နေကြတယ်။ ခမည်းတော်က ဒါကြောင့်လည်း ဘယ်သူ့ကိုမှ မမှီခိုချင်ဘူး။ အပူ မကပ်ချင်ဘူး။ မရ ရတာပဲ ရှာကြံလုပ်မယ်။ ကျုပ် ရောက်ရောက်ချင်းပဲ ကိုရင့် ဦးလေးတော် သာလှက ပန်းထိမ်ဖို တစ်ခုမှာ အလုပ် လုပ်မလားလို့ မေးတယ်။ ပန်းထိမ် အလုပ်မှာ စိတ်တော်တော် ကုန်နေတယ်။ အရင် ကိုရင့်မယ်တော် ရှိစဉ်တုန်းကတော့ ပန်းထိမ် အလုပ်မှာ ပျော်လည်း ပျော်တယ်။ ကိုယ့် ပန်းထိမ်ပညာ အရည်အချင်း အတွက်လည်း ဂုဏ်ယူတယ်။ ခုတော့ တစ်မျိုးဖြစ်သွားပြီ။ ခမည်းတော်ဟာ အသက် ၄၀ ပြည့်ရုံသာ ရှိသေးသော်လည်း အသီးအပွင့် မသီးမပွင့်တော့ဘဲ ပင်အိုကြီးနဲ့ တူနေပြီ။ ဆိုရ က,ရပါများတော့ မောကျသွားတဲ့ သဘင်သည်နဲ့လည်း တူနေပြီ။ ဒီပညာနဲ့ကို ဝေးချင်စိတ် ပေါက်နေပြီ။ ပြီးတော့  ပန်းထိမ် လုပ်ရရင် ကျုပ်ရဲ့ မျက်စိကိုလည်း ညှဉ်းရာရောက်မယ် ထင်တယ်။ မျက်စိတွေဟာ ပန်းထိမ်ဒဏ် မခံနိုင်တော့ဘူး ထင်တယ်။ 


ဒါကြောင့် သည့်ပြင် အလုပ်ကိုပဲ စဉ်းစားတယ်။ အနီးစပ်ဆုံး ကတော့ မုန့်ဟင်းခါး ရောင်းတဲ့ အလုပ်ပဲ။ မေးမြန်းစုံစမ်း ကြည့်တော့ တတိယတန်းစား မုန့်ဟင်းခါးသည် တွေဟာ တစ်ယောက် တစ်ယောက်လျှင် နေ့စဉ် ပျှမ်းမျှ ၅ ကျပ်ကနေပြီး ၁၀ ကျပ်ထိ ကျန်ကြတယ် ပြောတယ်။ ဒုတိယတန်း၊ ပထမတန်း တက်သွားရင် ကံကောင်းတာ ပေါ့လေ။ ကိုရင့်ကိုတောင် ရန်ကုန်ခေါ်ပြီး ပညာ သင်ပေးနိုင်ဦးမယ်။ ဒါပေမဲ့ တတိယတန်းသမား တွေက အများအပြား ရှိလေတော့ ဝင်တိုးရတာ မလွယ်ဘူးလို့ ပြောကြတယ်။ တတိယတန်း တစ်နေရာမှာ ခြေကုပ် ရဖို့ဟာက တောင်ခါးပန်း တက်ရတာနဲ့ တူတယ်။ တောင်ခါးပန်း မရောက်ခင် လဲတဲ့ကွဲတဲ့ လိမ့်ကျတဲ့ လူတွေ အများကြီး ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တော့ တောင်ခါးပန်း ရောက်အောင် ကြိုးစားမှာပဲ။ တောင်ထိပ် ရောက်ဖို့ကတော့ နောက်မှ စဉ်းစားရမယ်။ “ကြိုးစားက ဘုရား ဖြစ်နိုင်တယ်” ဆို မဟုတ်လား။ 


အလုပ်အကိုင် အပေါက်အလမ်း တည့်ရင် ဆရာတော် ဦးပညော အတွက် မျက်နှာသုတ် ပဝါကြီး တစ်ထည်၊ ကိုရင့်အတွက် သင်္ကန်းတစ်စုံ ဝယ်ပြီး လှူလိုက်မယ်။ 


ကြုံကြိုက်တဲ့ အခါ ကိုရင့် မယ်တော်ကြီး မြေပုံမှာ မြက်၊ ချုံမရှိအောင် ရှင်းပေးပါနော်။ စာထိုးထားတဲ့ အုတ်တိုင်ကလေး ကိုလည်း ချေးတို့ ညှိတို့ မှိုတို့ မတက်အောင် သုတ်သင်ပေးပါ။ ပရိတ်ရွတ် မေတ္တာပို့ပြီး မယ်တော်ကို အမျှအတန်း ဝေပေးပါနော်။ ဘုရား အရေတော် ဝတ်တဲ့ သားကိုရင်ရဲ့ အမျှပေးသံဟာ အထူးပဲ အာနိသင် ကြီးပါတယ်။ 


ခမည်းတော် 

မောင်ရွှေရ 


* * *


၂ 


ရန်ကုန်မြို့၊ 

သီတင်းကျွတ်လဆုတ် ၁၂ ရက် 


သားချစ် ကိုရင်လေးထံသို့ ခမည်းတော် စာအားဖြင့် လျှောက်ထားပါသည်။ 


ကိုရင့်ထံက စာကို ကောင်းစွာ ရရှိပါသည်။ ကိုရင်ကလေးဟာ စာအရေးအသား အတော် ချောနေပြီပဲ။ သို့ပေမယ့် သတ်ပုံ သတ်ညွှန်းတော့ အမှားများတဲ့ အတွက် ဂရုစိုက်ဖို့ လိုတယ်။ 


ဆရာတော် ဦးပညောာ လေနာထတာ ကတော့ ထုံးစံ ဖြစ်နေပြီ။ မကြာခဏ ထတာပဲ။ ခမည်းတော် စိတ်ထင်တော့ ဆရာသမားနဲ့ ကုမှ ရှင်းရှင်းပျောက်မယ် ထင်တာပဲ။ 


စောစောက သတင်းစာမှာ ရွာမှာ တိုက်ပွဲ ဖြစ်တဲ့အကြောင်း ဖတ်ရတယ်။ ကိုရင်ကလေး အတွက် သိပ်စိတ်ပူတာပဲ။ ခု ကိုရင့်စာ ရတော့မှ စိတ်အေး ရတော့တယ်။ တိုက်ပွဲ ဖြစ်တာက ဂတ်တဲ တောင်ဘက်ဆိုတော့ ရွာနဲ့ တော်တော် အလှမ်းသားပဲ။ ဒါပေမဲ့ ကျုပ်သဘော ကတော့ ဘယ်နေရာမှ တိုက်ပွဲ မဖြစ်စေချင်ဘူး။ ကိုယ့်အချင်းချင်းတွေ သေကြတာပဲ။ ခုတိုက်ပွဲ ကတော့ ကွန်မြူနစ်နဲ့ ရဲဘော်ဖြူတွေ ဆိုတော့ သောင်းကျန်းသူ အချင်းချင်း ဖြစ်ကြတာပေါ့။ ပြီးတော့ အစိုးရ ဖြစ်ဖြစ် တစ်မင်းမင်း ဖြစ်ဖြစ် ခိုင်ခိုင်ခံ့ခံ့နဲ့ အုပ်စိုးနေတာက ကောင်းသေးတယ်။ မင်းမဲ့ပြီး ဓားပြတိုက် ခံရတာထက်တော့ တော်သေးတာပေါ့။ ခမည်းတော်တို့ ရှိတုန်းက ဖြစ်တာ ကြည့်ပါလား။ အုပ်ချုပ်မယ့်လူ မရှိလို့ ဓားပြရမ်း သွားတာ။ ရှိသမျှ ပစ္စည်းယူရုံနဲ့ မကျေနပ်သေးဘဲ လူတွေကို ရေလောင်း ရိုက်၊ စအိုဝ တုတ်နဲ့ ထိုး၊ လက်သည်းခွံခွါ စသည်ဖြင့် လုပ်တာဟာ ဂျပန်ဖက်ဆစ် ခြေရာ နင်းကြတာပဲ။ ဓားပြ အနှိပ်စက် ခံရသူတွေ ထဲမှာ ဆရာလေးဟာ အနာရှာဆုံးပဲ။ ကျောင်းဆရာ ဆိုတာ လူချစ်လူခင် လူကြည်ညို များတဲ့ အလုပ်၊ သူတော်ကောင်း အလုပ်။ ကာလပျက်တော့ ကျောင်းဆရာ အလုပ်လက်မဲ့ ဖြစ်ရတယ်။ အလုပ် မရှိတော့ ဈေးကလေး ဘာကလေး ရောင်းတယ်။ ဈေးရောင်းတော့ ဓားပြ အတိုက်ခံရ ပြန်တယ်။ အရိုက်အနှက် ခံရတယ်။ ဆရာကလေး ခမျာမှာ မြော့မြော့ကလေး ကျန်တော့တာပဲ။ ခုဆရာကလေး ဘယ့်နှယ် နေသေးသလဲ။ ဒဏ်ရာတွေ ပျောက်ကုန်ပြီလား။ ရွာမှာတော့ လူမရှိသလောက် ဖြစ်နေပြီပေါ့။ ဟုတ်လား။ ကျုပ်တို့ ရွာက ရွာကြီးသလောက် တောင်သူလယ်လုပ် နည်းတာပဲ။ တောင်သူယာလုပ် တွေကတော့ မြေကို မစွန့်နိုင်လို့၊ မတတ်သာ မြေနဲ့ ဖက်သေ ကြရမှာပေါ့။ 


ဒီမှာလည်း အလုပ်အကိုင် အခြေအနေ မကောင်းသေးပါ။ ရန်ကုန်မြို့ကြီး ကြည့်လိုက်ရင်တော့ တစ်တိုင်းပြည်လုံး ဘာမှ မဖြစ်သလိုပါဘဲ။ လူတွေလည်း သိပ်စည်ကားတာပဲ။ ပျော်ပွဲရွှင်ပွဲတွေ ကလည်း တခြိမ့်ခြိမ့် တသဲသဲ။ ဟိုတယ်တွေ၊ ကလပ်တွေ ဆိုတာမှာလည်း တီးသံမှုတ်သံ ဆိုသံ ဆူညံ နေတာပဲ။ အကအခုန် ဆိုတာလည်း အမျိုးမျိုး။ အပျောင်းအနွဲ့ အလှအယဉ် ကတာမျိုးတော့ ရှားတယ်။ လက်ချင်းယှက် ရင်ချင်းအပ်ပြီး မူးခြာ ပတ်ခြာလှည့် ကတာမျိုးက သိပ်ပေါတာပဲ။  ရှေးကတော့ ဒီအကမျိုးကို ဘိုထီး ဘိုမတွေ ကတာ များတယ်လို့ ပြောတယ်။ ခုတော့ မြန်မာထီး မြန်မာမတွေ များတယ်။ ကားကြီးတွေ တဝီဝီနဲ့ လာကြသွားကြ မူးကြရူးကြ စားကြသောက်ကြ။ အပျော်မျိုး စုံနေတာပါပဲ။ ကျုပ်တို့လို ဆင်းရဲ ကျပ်တည်းသူတွေ ရန်ကုန်မှာ တင်းကျမ်း ပေါပေမယ့် ဆင်းရဲကြောင်း ငိုဟစ်လည်း ပြနိုင်တာ မဟုတ်၊ ဆင်းရဲကြောင်း စီတန်းလည်း ပြနိုင်တာ မဟုတ်တော့ မသိသာဘူး၊ မမြင်သာဘူးပေါ့။ 


ကိုင်း ... ဒါတွေ ဘေးဖယ်ထားပြီး ခမည်းတော်ရဲ့ အလုပ်အကိုင် အကြောင်း ရေးလိုက်ပါရစေဦး။ အရင် ပထမစာ ရေးပြီးတဲ့နောက် မကြာခင်ဘဲ မုန့်ဟင်းခါး စရောင်းတယ်။ ကြေးအိုး၊ ဆိုင်း၊ ပန်းကန်ခွက်ယောက် ဝယ်ဖို့  အရင်းအနှီး မပြည့်စုံလို့ အတော် အခက်အခဲ တွေ့လိုက်သေးတယ်။ ခမည်းတော်မှာ ငွေပါသွားတာမှ မဟုတ်ဘဲ။ ပါသမျှကလည်း စရိတ်စက စားတာ သောက်တာနဲ့ အားလုံးလိုလို ကုန်တာပါပဲ။ ကံကောင်းထောက်မတဲ့ အတွက် ကျုပ်တို့ရွာက ဦးဖိုးဆင်နဲ့ သွားတွေ့တယ်။ သူက မုန့်ဟင်းခါး ဖြုတ်ပြီး စားပွဲထိုး လုပ်မယ်လို့တဲ့။ ဒါကြောင့် သူ့ကြေးအိုးနှင့် ဆိုင်းကို ရောင်းတယ်။ ငွေ ၂၀ ကျပ် လက်ငင်းပေးပြီး ကျန်တဲ့ငွေ ၄၀ ကျပ်ကိုတော့ တစ်လ ရောင်းပြီးမှ ပေးရမယ်။ အဆင်သင့်ပါပဲ၊၊ ကိုရင့် ဦးလေးတော် သာလှဆီက ငွေနည်းနည်း ဆွဲပြီး လက်ငင်း ပေးလိုက်တယ်။ ပြီးတော့ ကျန်ငွေကလေးနဲ့ အရင်းတည်ပြီး မုန့်ဟင်းခါးသည် ဖြစ်ရတော့တာပဲ။ 


အလုပ်က အသစ်အဆန်းမို့ မကျွမ်းကျင်ပေမယ့် သိပ်ပြီး ကရွတ်ကင်းလျှောက် ကမောက်ကမ မဖြစ်ရပါဘူး။ ရန်ကုန်မှာ ရှိနေကြတဲ့ ရွာသူရွာသား တွေက ဝိုင်းဝန်း ကူညီကြတယ်၊ ပြသကြတယ်။ မုန့်ဟင်းခါး ဟင်းမှာ ငါး ဘယ်လောက်ထည့်၊ ပဲ ဘယ်လောက်ထည့်၊ ဘဲဥ ဘယ်လိုထည့်၊ ငှက်ပျောအူ ဘယ်လိုလှီး စသည်ဖြင့် အပ်ချမတ်ချ ပြောပြညွှန်ကြား ကြပါတယ်။ ခမည်းတော်ဖြင့် သူတို့ကို တကယ်ပဲ ကျေးဇူးတင်ပါတယ် ကိုရင်ကလေးရယ်။ 


မုန့်ဟင်းခါး ဆိုင်းထမ်းပြီး ထွက်စမှာတော့ ရှိုတိုးရှန့်တန့် ဖြစ်ပါရဲ့။ ဒါကတော့ ဘယ်အရာမျိုးမဆို လုပ်နေမကျဘဲ စလုပ်ရရင် ဖြစ်မြဲပါပဲ။ မနက်စောစောပဲ ဆိုင်းထမ်းပြီး ထွက်လာလိုက်တာ နှစ်လမ်း သုံးလမ်း လွန်တောင် မုန့်ဟင်းခါးလို့ တစ်ချက်မှ အော်မထွက်သေးဘူး။ လျှာဟာ အစေးထွက်လို့ အာမှာ ကပ်နေသလိုပဲ။ နောက်ကျတော့မှ မနေသာလို့ အတင်း ဇွတ်ညှစ်ပြီး အော်လိုက်ရတယ်။ 'မုန့်ဟင်းခါး' ဆိုတဲ့ အသံဟာလေ ကိုယ့်အသံ ကိုယ်တောင် မယုံနိုင်ဘူး။ ခမည်းတော် အသံဟာ အခါတိုင်း ဒီလို မဟုတ်ပါဘူး။ ခုတော့ ချမ်းချမ်း ကြောက်ကြောက်နဲ့ နင်းအော်လို့ ထွက်လာတဲ့ အသံဟာလေ တုန်ပြီး အောနေတယ်။ 


သား ကိုရင်ကလေး ကြားရလည်း အဖေ့အသံလို့ ထင်မှာ မဟုတ်ပါဘူး။ တစ်ချက် အော်ပြီးရင်ပဲ နောက် ဆက်တိုက် အော်တော့တာပါပဲ။ နောက် ခုမှ ပြန်စဉ်းစား ကြည့်တော့ ပထမနေ.က အော်တာဟာ သိပ်လွန်အားကြီး သွားတယ်။ ခပ်ကျဲကျဲ မှန်မှန်နဲ့ အသံအောင်အောင် အော်ရတယ်။ ထမ်းထား ရတာကလည်း အလေးသားမို့ အအော်များသလောက် အမောလွန်တာပဲ ကိုရင်လေးရေ့။ ဈေးသည်ဘဝမှာ အော်တဲ့ နေရာကလည်း ကျွမ်းကျင်ဖို့ လိုတယ်။ ဘယ်အသံနှင့် အော်ရမယ်၊ ဘယ်နေရာမှာ မှန်မှန်အော်ရမယ်၊ ဒီလောက်အော်ရင် ဘယ်လောက်က ကြားမယ် စသည်ဖြင့် ကျွမ်းကျင်စွာ ခန့်မှန်းတတ်ဖို့ လိုတယ်။ မုန့်ဟင်းခါး ကတော့ အော်ရာမှာ အပို အကွန့် အညွန့် မပါဘူး။ 'မုန့်ဟင်းခါး’ လို့ပဲ အော်လိုက် ရတာပဲ။ ရန်ကုန်မှာ အအော်မျိုး တော်တော်စုံတာ တွေ့ရတယ်။ 'ဘူးသီးကြော် ပူပူနွေးနွေး'၊ 'ရေခဲခြစ် ချိုချိုအေးအေး'၊ 'စားလို့ကောင်း ဝါးလို့ကောင်း မြည်သံက တဖြောင်းဖြာင်းနဲ့ စမ်းချောင်းက ပဲကြီးလှော်'၊ 'ကုပ်မနေနဲ့၊ ဖဲ့မနေနဲ့၊ ဟောဒီမှာ နှင်းခူဆေးပါတယ်'။ 


ပြီးတော့ အော်ရုံ အော်တတ်ပြီး ခေါ်တာ မကြားပြန်ရင်လည်း ဈေးမရောင်းရရုံ မကဘူး၊ အဆဲခံရသေးတယ်။ နားက ရှင်မှ။ ပထမနေ့တုန်းကလေ 'မုန့်ဟင်းခါး၊ မုန့်ဟင်းခါး' နဲ့ အော်ပြီး တိုက်ကြီးတွေပေါ် မျှော်မျှော် ကြည့်တယ်။ ခေါ်မလားလို့ပေါ့လေ။ မခေါ်ဘူး။ သူတို့ကလည်း အသံဟောင်းသာ မျှော်နေကြတာ ထင်ပါရဲ့။ အသံသစ်ကို ဆီးကြိုကြတာတွေ မဟုတ်ဘူး။ ဈေးနား ရုံးနား ဘုရားနားမှာ ကပ်ရောင်းဖို့က မလွယ်ဘူး။ မုန့်ဟင်းခါးဆိုင် တွေက အများအပြား ရှိနေတယ်။ ရှိပြီးသားအပြင် နေရာသစ်ယူပြီး ရောင်းပြန်ရင်လည်း စားနေကျ လူတွေက နေရာဟောင်းကိုသာ သွားကြတယ်။ နေရာသစ်ကို မလိုလားကြဘူး။ ဒီတော့ ပထမနေ့ ရောင်းရတာက အသံသစ်ပဲ ဖြစ်စေကာမူ အစိမ်းအကျက် မရွေးနိုင်လောက်အောင် ဆာလောင်နေသူ သို့မဟုတ် မုန့်ဟင်းခါးသံကို နားစွင့်လေ့ မရှိဘဲ ဒီနေ့ ဒီရက်မှ အာလျသစ် လှုံ့ဆော်သဖြင့် ခေါ်မိသူတွေ ရှာရတာ ဖြစ်တယ်။ နေရာဟောင်း နေရာသစ် မရွေးချယ်ဘဲ လွယ်သလို ဝင်စားသူ တွေ့လိုတွေ့ငြား ရှာရတယ်။ 


ပထမနေ့ ရောင်းတယ် ဆိုရင်ပဲ ဘယ်လောက် ခက်တယ်ဆိုတာ နဖူးတွေ့ ဒူးတွေ့ တွေ့ရတာပါပဲ။ အဲဒီနေ့က မုန့်ရော ဟင်းရော ကျန်နေတယ်။ နေ့တွက် ရင်းရတဲ့ငွေတောင် အပြည့် မရဘူး။ ငါးမူး လိုနေတယ်။ ခမည်းတော်ရဲ့ လုပ်ခလည်း လုံးလုံး ရှုံးရတာပေါ့။ လုပ်ရတာကလည်း ဘယ်လောက် ပင်ပန်းသလဲ ဆိုရင် ညနေ သို့မဟုတ် ညမှာ ဈေးသွားပြီး ငါး၊ ပဲ၊ ကြက်သွန် စတဲ့ ပစ္စည်းတွေ ဝယ်ရတယ်။ မနက် ၃ နာရီက ထပြီး ဟင်းချက်ရတာပဲ။ ၃ နာရီထက် နောက်မကျရဘူး။ ဟင်းတည်ထားတုန်းမှာ မုန့်သွားယူ ရသေးတယ်။ နံနံမိတ် ရှောက်သီး လှီးရတယ်။ ၅ နာရီခွဲရင် မုန့်ဟင်းခါးဆိုင်၊ အဆင်သင့် ဖြစ်ရတယ်။ ပြီးတော့ ဈေးရောင်းထွက်ရတာပဲ။ ကျုပ်တို့လို မစွံသေးတဲ့ မုန့်ဟင်းခါးသည်များမှာ တစ်နေကုန် တစ်နေခန်း ထမ်း၊ ဟစ်၊ ထိုင်၊ ရောင်း။ အားရတယ်ကို မရှိပါဘူး။ ကူဖော်လောင်ဖက် မရှိတဲ့လူ ဆိုတော့ ​ဈေးသွားလည်း ကိုယ်တိုင်၊ ဟင်းချက်လည်း ကိုယ်တိုင်၊ ငါးရိုးထွင်လည်း ကိုယ်တိုင်၊ ရောင်းလည်း ကိုယ်တိုင်။ သိပ်ပန်းတာပဲ။ ဈေးရောင်းရင်း နောက်ဖေးနောက်ဖီ သွားချင်တော့ မုန့်ဟင်းခါးဆိုင်ကို စောင့်ကြည့်ရစ်မယ့်လူ မရှိလို့ အခက်တွေ့ရတယ်။ မတတ်နိုင်ဘူး။ အနားမှာရှိတဲ့ ဆိုင်တစ်ဆိုင်ကို အပ်ခဲ့ရတယ်။ ပန်းတယ် ကိုရင်ရေ၊ ပန်းတယ်။ အိပ်ရေးကလည်း သိပ်ပျက်တာပဲ။ ခမည်းတော် ပင်ပန်းတယ်လို့ ညည်းညူမိတာကြောင့် ကိုရင်ကလေး စိတ်မကောင်း မဖြစ်နဲ့။ ခမည်းတော်မှာ တခြားလူရှေ့မှာ ညည်းစရာ မရှိလို့ သားရှေ့မှာ ညည်းလိုက်တာ။ ပင်ပန်းပေမယ့် စိတ်မလျှော့ပါဘူး။ လောကဓမ္မတာ ဖြစ်တဲ့အတိုင်း ဇွဲနပဲနဲ့ အပင်ပန်း ခံရမှာပဲ။ 


မုန့်ဟင်းခါးသည် ဘဝ တစ်လပဲ ပြည့်တော့မယ်။ ပထမနေ့မှာ ရှုံး၊ နောက်တစ်နေ့ တွေလည်း ခမည်းတော်ရဲ့ လုပ်ခ ရှုံးတာပဲ။ ခုတလောတော့ လုပ်ခ အပြည့် မရပေမယ့် နည်းနည်းတော့ ရပါရဲ့။ မြှုပ်ခဲ့တဲ့ အရင်းဟာ ပြန်မပေါ်သေးဘူး။ လုံးလည်လိုက် နေတယ်။ တစ်တိ တစ်တိနဲ့ စားတာထဲ ပါကုန်တယ်။ တစ်လပြည့်တော့မယ်။ ဆိုင်းဖိုးအတွက် ကျန်ငွေ ၄၀ ဘယ်လိုလုပ် ပေးရမယ် မသိသေးဘူး။ ဒီလောက် ပင်ပန်းပြီး၊ ဒီလောက် တွက်ခြေမကိုက်တဲ့ အတွက် မုန့်ဟင်းခါး ရောင်းတာကိုတောင် စွန့်လွှတ်ပြီး၊ တခြားအလုပ် တစ်ခုခု ရှာဖွေတော့မယ်လို့တောင် စိတ်ကူးကြည့်မိတယ်။ ဒါပေမဲ့ ရန်ကုန်မြို့မှာ အလုပ် အင်မတန် ရှားတယ်။ ဒါကြောင့် တောင်တောင်မြောက်မြောက် စိတ်ကူးကြည့်ပေမယ့် အပိုလိုလိုပါပဲ။ ဇွဲ၊ ဇွဲ၊ ဇွဲ ဆိုပြီး ကိုယ့်ကိုယ်ကို မောင်းနှင်ပေး နေရတာပဲ။ 


ပထမ စာထဲမှာ မုန့်ဟင်းခါးသည် သုံးမျိုးသုံးစား အကြောင်း ရေးလိုက်တယ်။ ဒါကို ကိုရင်ကလေးက နားမလည်ဘူး၊ ဟုတ်လား။ တတိယတန်းစား ဆိုတာက ခမည်းတော်တို့လို ခြေကုပ် မရသေးဘဲ ဆိုင်းထမ်းပြီး အော်ကာဟစ်ကာ ဝင်တိုးရောင်းရတဲ့ မုန့်ဟင်းခါးသည်။ ဒုတိယတန်းကတော့ ခြေကုပ်ရတဲ့ မုန့်ဟင်းခါးသည်။ လက်ဖက်ရည်ဆိုင်နားမှာ ဖြစ်စေ၊ ဈေးထဲမှာ ဖြစ်စေ၊ ရုံးနားမှာ ဖြစ်စေ၊ ဘုရားခြေရင်းမှာ ဖြစ်စေ၊ ဆိုင်ခင်း ရောင်းစရာ နေရာရပြီး ဖောက်သည်ရှိတဲ့ မုန့်ဟင်းခါးသည်။ အဲဒီလို ခြေကုပ်ရအောင် ကျုပ် ကြိုးစားနေတယ်။ မြူနီစပယ်ရုံး နားမှာ ခြေကုပ်ရအောင် အထူး ကြိုးစားနေတယ်။ အဲဒီနားတစ်ဝိုက် တရစ်ဝဲဝဲ သွားပြီး ရောင်းရတာပေါ့။ သို့ပေမယ့် မြူနီစပယ်ရုံးက လူတွေက ဆီချက်ခေါက်ဆွဲ ရောင်းတဲ့ ပေါက်ဖော်ဆိုင်မှာသာ သကာကို ယင်အုံသလို ဝိုင်းအုံ နေကြတာပဲ။ ပထမတန်းစား မုန့်ဟင်းခါးသည် ဆိုတာကတော့ နေရာကောင်းမှာ ခြေကုပ်ရရုံ မကဘူး။ သုံးလေးနေရာ မှာတောင် ဆိုင်ခွဲထားနိုင်တယ်။ ပြီးတော့လည်း အလှူမုန့် လိုက်ကျွေးဖို့ အော်ဒါလည်း ရတယ်။ အလှူအတန်း၊ ပွဲနေပွဲထိုင်၊ မင်္ဂလာဆောင်၊ ကလေး ကင်ပွန်းတပ်၊ မင်းပွဲသဘင် စသည်တို့မှာ တိုးနိုင်အောင် နာမည်ရတဲ့ မုန့်ဟင်းခါးသည် ဖြစ်တယ်။ ပထမတန်းစား ဖြစ်ပြီဆိုတော့ သားသမီးတွေကို ကျောင်းကြီးတွေမှာ ထားနိုင်ကြတယ်။ မယားကို လက်ဝတ်လက်စား တောက်ပြောင်အောင် ဆင်နိုင်ကြတယ်။ ဂျစ်ကားစီးနိုင်ကြတယ်။ တချို့များ မြင်းပွဲ သွားပြီးတောင် သုံးလေးရာမျိုး ဖြုန်းနိုင်ကြတယ်။ ခမည်းတော်သာ ပထမတန်းစား မုန့်ဟင်းခါးသည် ဖြစ်ရင် သား ကိုရင်ကလေးကို ရန်ကုန် ခေါ်ယူပြီး ပညာကောင်းကောင်း သင်ပေးမယ်။ ကိုရင့် မယ်တော် အမည်နဲ့ ကောင်းမှုကုသိုလ် လုပ်မယ်။ 


အလုပ်အကိုင် ဟန်မကျသေးလို့ ဝယ်ပြီး ပို့လိုက်မယ်ဆိုတဲ့ သင်္ကန်းတစ်စုံတောင် မဝယ်နိုင်သေးဘူး ကိုရင်ရေ့။ ဦးပညောဖို့ လေနာပျောက်ဆေး တစ်ပုလင်း ဝယ်ထားတယ်။ လူကြုံတာနဲ့ တစ်ပြိုင်နက် ပို့လိုက်မယ်။ ဦးပညောရော၊ ကိုရင်ပါ သတိပြုဖို့ တစ်ချက်ကတော့ အလှူအတန်း သာရေးနာရေး ရှိလို့ ပင့်ဖိတ်တဲ့ ရွာကို သွားတာကတော့ မလွှဲမရှောင်သာဘူး။ နို့ပေမယ့် ကွန်မြူနစ်ရွာ၊ ရဲဘော်ဖြူရွာ။ အလံနီရွာ၊ အစိုးရရွာ၊ ရွာအမျိုးမျိုး ဖြစ်နေလေတော့ ဟိုဘက်သည်ဘက် အားလုံး အထင်မလွဲအောင် သတိဝီရိယနဲ့ နေဖို့ပါပဲ။ 


မယ်တော်ကြီးရဲ့ မြေပုံကို သွားရှင်းတယ် ကြားရလို့ ဝမ်းသာတယ်။ “သာဓု၊ သာဓု’ လို့ ခမည်းတော်ကလည်း ခေါ်လိုက်ပါတယ်။ သူ့ ပိုးထဘီစတွေနဲ့ ချုပ်ထားတဲ့ အနေရထိုင်ကော ကျောင်းမှာ မပျက်မစီး ရှိသေးရဲ့လား။ 


ခမည်းတော် 

မောင်ရွှေရ


* * *



ရန်ကုန်မြို့၊ 

တန်ဆောင်မုန်းလဆုတ် ၁၃ ရက်။ 


သားချစ် ကိုရင်လေးထံသို့ ခမည်းတော် စာအားဖြင့် လျှောက်ထားပါသည်။ 


ကိုရင့်ထံမှ ပြန်စာကို ကောင်းစွာ ရရှိပါသည်။ အလုပ်မှာ အလွန်ထိုင်းပါသည်။ မုန့်ရောင်း မကုန်၊ လက်ကျန်များသည်။ ကုန်တဲ့ အခါမှာလည်း တစ်နေကုန် တစ်နေခန်း ရောင်းရတယ်။ ညနေစားဖို့ ထမင်းဟင်း ချက်ချိန်၊ နောက်တစ်နေ့ မုန့်ရောင်းဖို့အတွက် ဈေးဝယ်ချိန်ပင် မရလောက်အောင် ဖြစ်ရတယ်။ အအိပ်က ပျက်၊ ဆိုင်းထမ်းပြီး မကုန်ကုန်အောင် လျှောက်ရောင်းရတဲ့ အတွက် မောကလည်း မောပြီး ခမည်းတော်မှာ ပိန်သွားပါသည်။ အရင်းကလည်း မပေါ်ရုံမက၊ စားတာထဲပါ တစ်တိတိ ပါသွားသဖြင့် နောက်ထပ် လိုက်ဖို့တောင် ခက်နေပြီ။ ကြေးအိုးနဲ့ ဆိုင်းဖိုးကျန်ငွေ ၄၀ ကျပ်ကိုလည်း တစ်လမက နှစ်လတောင် မချေနိုင်လို့ မျက်နှာပူစရာ ဖြစ်နေပြီ။ ဦးဖိုးဆင်က တောင်းလှပြီ။ ဒီတော့ ကြေးအိုးနဲ့ ဆိုင်းကို ပြန်အပ်ပြီး မုန့်ဟင်းခါး ရောင်းတဲ့ အလုပ်ကို စွန့်ရတော့မလို ဖြစ်နေပြီ။ 


ဒါပေမဲ့ ခမည်းတော် ယုံတာ တစ်ခုက ဆက်ရောင်းနိုင်ရင် ဧကန္တ အကျိုးရှိမှာပဲ ဆိုတဲ့ အချက်ပဲ။ ခုဆိုရင် ခမည်းတော် ချက်တဲ့ မုန့်ဟင်းခါးဟာ အပေါ့၊ အလေး၊ အချို၊ အစပ် အလောအတော် ဖြစ်ပြီး လက်ရာ မှန်လာပြီ။ စားတဲ့လူတွေ စွဲစ ပြုလာပြီ။ 'မုန့်ဟင်းခါး' လို့ အော်ရာ ဟစ်ရာမှာလည်း လေမှန် နေရာမှန် ဖြစ်နေပြီ။ ဖောက်သည်တွေ့စ ပြုနေပြီ။ ဘယ်လက်ဆောင်နဲ့ ဘယ်သူ့ကပ်ပြီး ဘယ်လို ပြောလိုက်ရင် ဈေး၊ ဘုရား၊ ရုံး စတဲ့ နေရာတွေမှာ နေရာကောင်းတစ်ခု ထိုင်ရောင်းစရာ ရနိုင်ပြီ ဆိုတာ သိထားပြီ။ အချုပ်ဆိုရရင် မုန့်ဟင်းခါးရဲ့ အကြောကို ကိုင်မိထားပြီ။ ဘယ်လောက် ပင်ပန်း ပင်ပန်း လုံ့လစိုက်ပြီး ရောင်းဖို့လို့ စိတ်ထဲမှာ ပိုင်းဖြတ်ထားတယ်။ ခမည်းတော်ရဲ့ ဇွဲဟာ ငယ်တဲ့ဇွဲ မဟုတ်ပါဘူး။ ဇွဲကောင်းလို့လည်း ပန်းထိမ် လုပ်တုန်းက နာမည် ကျော်ခဲ့တာပေါ့။ ဒါကြောင့် ဆက်ရောင်းနိုင်ရင် မုချကြီးပွား ရမယ်လို့ ယုံကြည်ထားတယ်။ ဆက်ရောင်းနိုင်ဖို့ လိုနေတာက တစ်ခုပဲ ရှိတယ်။ ဒါက အရင်းအနှီး ၄၀ ကျပ်၊ ၅၀ ကျပ် ထပ်ရဖို့ပဲ။ အခု ခမည်းတော်ရဲ့ အခြေအနေဟာ ဆုကို လက်နဲ့ တို့ကြည့်နိုင်တဲ့ ချောတိုင်တက်သူရဲ့ အခြေအနေနဲ့ တူတယ်။ ရှေ့ဆက် နည်းနည်းတက်နိုင်ရင် ဆုကို ဆွဲဖြုတ်ယူဆောင် နိုင်တော့မယ်။ အရင်း ၄၀ ကျပ်၊ ၅၀ ကျပ်ပဲ ခက်နေတာ။ 


ဪ ... တယ်အဆင်မပြေတဲ့ လောကကြီး။ အထက်တန်းစားတွေမှာတော့ ဟိုတယ် တစ်ခါတက်ရင် ၅၀ ကျပ်မျိုး၊ ၁၀၀ ကျပ်မျိုး ပက်ခနဲ သုံးပစ်နိုင်တယ်။ မယားနဲ့ သမီး အလှပြင်ဆိုင် တစ်ခေါက်သွားပြီး ဆံပင်ကောက်တာ အမောက်လုပ်တာတောင် ၄၀ ကျပ်၊ ၅၀ ကျပ် အလွယ်နဲ့ သုံးနိုင်ကြတယ်။ မြင်းတစ်ကောင် လောင်းတာတောင် ၄၀ ကျပ်၊ ၅၀ ကျပ်၊ ၁၀၀ ကျပ် စသည်ဖြင့် လောင်းနိုင်ကြတယ်။ ခမည်းတော်တို့ အောက်တန်းစားများမှာ မှာတော့ တစ်သက်တာ အသက်မွေးဝမ်းကျောင်းမှု အတွက် အရှိန်ရသွားအောင်၊ အလျင်မီသွားအောင်၊ ဆက်မိသွားအောင် အရင်းငွေ ၄၀ ကျပ်၊ ၅၀ ကျပ်ကိုပဲ မရနိုင် ဖြစ်နေတယ်။ 


အခု ခမည်းတော် လိုနေတဲ့ ငွေ ၄၀-၅၀ ကျပ်ဟာ ဆုံးရှုံးမှုနဲ့ အောင်မြင်မှုကြီးမှာ တံတားကလေးပဲ။ အသက်မွေးမှုအတွက် တံတားကလေးပဲ။ သားနှင့်အဖကြား တံတားကလေးပဲ။ ဒီငွေကလေး ဘယ်က ရမလဲ။ အတိုး အဆမတန် ကြီးကြီးနဲ့ ချေးပြန်ရင်လည်း အတိုးဆပ်ရတာနဲ့ ကာမိမှာ မဟုတ်။ ပြီးတော့ အတိုးကြီးကြီး ပေးတာတောင် အလွယ်တကူနဲ့ မရနိုင်။ ခက်ပါတယ် ကိုရင်ရယ်။ ခက်ပါတယ်။ 


အကယ်၍ ဒီအရင်းကလေး လောက်မှ မရရင် မုန့်ဟင်းခါး အလုပ်ကိုတော့ စွန့်လိုက်ရမှာပဲ။ အညွန့် တက်ခါနီး နှာမောင်းကလေးနဲ့ အားယူနေရတဲ့ ဘူးပင် သခွါးပင်ကလေးတွေကို သတ်ပစ်လိုက်ရသလို နေမှာပဲ။ ဒီအလုပ်ကို စွန့်ပြီးတဲ့နောက် အခစားအလုပ် တစ်ခုခု ဝင်လုပ် ရမှာပဲ။ ခမည်းတော်တို့လို အင်္ဂလိပ်စာ မတတ်တဲ့ လူတွေအဖို့ ပွဲရုံစာရေး၊ ဆိုင်စာရေးလောက်တော့ ရနိုင်ကောင်းပါရဲ့။ ဒါမျိုးကိုတောင် မရဘူးဆိုရင် မြေပေါက်ရတဲ့ အလုပ်ကိုပဲ ဖြစ်ဖြစ် ဘယ်လောက်ကြမ်းတဲ့ အလုပ်ကိုပဲ ဖြစ်ဖြစ် တင်လုပ်ရမှာပဲ။ ပန်းထိမ်တူကို ကိုင်တဲ့လက်က ပေါက်တူး ကိုင်ရမယ်ဆိုတဲ့ အရေးဟာ သဘာဝတော့ မကျပေဘူးပေါ့။ သို့ပေမယ့် ခုတည်နေတဲ့ လူ့ဘဝမှာ သဘာဝမကျတာတွေ အများကြီး ဖြစ်နေတာပဲ ကိုရင်ရယ်။ ဘယ်မှာ တတ်နိုင်ပါ့မလဲ။ အလုပ်ကြမ်းရဖို့ကတော့ ခက်မယ် မထင်ဘူး။ မင်္ဂလာဒုံ လေယာဉ်ပျံကွင်းကြီးကို ချဲ့ထွင် ပြင်ဆင်နေသတဲ့။ 


ကိုင်း ... အလုပ်အကိုင် အကြောင်းတော့ တော်လောက်ပြီ။ 


ကိုရင့်မှာတော့ ဘုရားအရေတော်လည်း ဝတ်ထားပြန်၊ နေ့စဉ် ဆယ်ပါးသီလကလည်း ထိန်းနေရပြန်၊ ကျောင်းကန်ဘုရားနဲ့လည်း နီးနေပြန်တယ်ဆိုတော့ ရတနာသုံးပါး မမေ့ဖို့၊ ကုသိုလ်ကောင်းမှု ပြုဖို့ ဆိုတာတွေ အထူး သတိပေးဖို့ မလိုဘူး။ ခမည်းတော်ခမျာတော့ ကုသိုလ်ကောင်းမှုပြုဖို့ အချိန်မရှိသလောက် ဖြစ်တယ်။ အခြေအနေကလည်း မပေးဘူး။ သူတစ်ပါးအသက် မသတ်ချင်တာ မှန်ပေတဲ့လည်း ငါးတော့ သတ်နေရသေးတယ်။ ငါးမသတ်ရင် ဟင်းမချိုဘူး ကိုရင်ရေ့။ လှူချင်တန်းချင်ဦးတော့ ပိုက်ဆံ မရှိဘူး။ သို့ပေမယ့် အမှိုက်ပုံထဲက ပိုက်ဆံရှာသလို ခမည်းတော်ရဲ့ ညံ့ဖျင်းတဲ့ ဘဝထဲကနေပြီး ကုသိုလ်ကောင်းမှု ရှာရတာပဲ။ ရတနာသုံးပါးနဲ့ နီးအောင် ကြိုးစားရတာပဲ။ လူစုလေးစု၊ ခမည်းတော်ပါ ဆိုရင် ငါးစု စုနေတဲ့ အခန်းထဲမှာ ဘုရားဆောင် သီးသန့် မထားနိုင်ဘူး။ တိုက်ကြီးတာကြီး အိမ်ကြီးရခိုင်နဲ့ နေနိုင်သူများမှာတော့ ဘုရားဆောင်တွေ ဘာတွေ ထားနိုင်ကြမှာပေါ့။ သူတို့ အဖို့တော့ မဆန်းလှပါဘူး။ မယားငယ်တောင် အိမ်တစ်ဆောင် မီးတပြောင်နဲ့ ထားနိုင်ကြသေးတာပဲ။ မရိုသေ့စကား ပြောနေတာတော့ မဟုတ်ပါဘူး ကိုရင်လေးရယ်။


 ရတနာသုံးပါးကို ရိုသေရာမှာ ခမည်းတော်ထက် ဘယ်သူ သာနိုင်ပါ့မလဲ။ ဘုရားဆောင် အိမ်မှာထားတိုင်းလည်း ကုသိုလ်ကောင်းမှု ပြုနေသူလို့ မယူဆနိုင်ဘူး။ ကြည့်ပါလား၊ ဂဠုန်ဦးစောဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တခြား ခေါင်းဆောင်တွေကို သတ်ဖို့ စီစဉ်တာဟာ သူ့ဘုရားဆောင်မှာ ဘုရား ရုပ်ပွါးတော် တိုင်တည်ပြီး စီစဉ်တာ မဟုတ်ပါလား။ ခမည်းတော်တို့ အခန်းမှာ ဘုရားဆောင် သီးသန့် မထားနိုင်ဘူး။ ဒါပေမဲ့ ရတနာသုံးပါး မကြည်ညိုဘူးလို့ မဆိုနိုင်။ မဆင့်ကတော့ နံရံမှာ ဘုရားဆင်းတုတော် ရုပ်ပုံကို ချိတ်ဆွဲပြီး အမြဲအစွဲ ဘုရားရှိခိုးတယ်။ ခမည်းတော်တို့ ကတော့ ဒီအခန်းကလေးထဲမှာ ဘုရားကို ဖြောင့်စွာ မကြည်ညိုနိုင်ဘူး။ စိတ်အိုက်သလိုလို၊ မသိုးမသန့် ဖြစ်သလိုလိုနဲ့မို့ ဆူးလေဘုရားကို  ညစဉ်သွားပြီး ကြည်ညိုရတယ်။ ရာသီဥတုကလည်း သာယာ မီးရောင်ကလည်း ထိန်ထိန်ညီး၊ စေတီနဲ့ ဆင်းတုတော်တို့ကလည်း သပ္ပါယ်ခံ့ညား၊ စိတ်မှာလည်း ကြည်လင်သန့်ရှင်း ဖြစ်လေတော့ စေတနာ သဒ္ဓါတရား အထူး ထက်မြက်တာပေါ့ ကိုရင်ရဲ့။ အဲဒီလို ဘုရား ကြည်ညို လိုက်ရတဲ့ အခါမှာ ပီတိအဟုန်တွေဟာ တစ်ကိုယ်လုံး လွှမ်းခြုံနေတယ်။ အဲဒီလို ပီတိလွှမ်းခြုံ နေစဉ်ပဲ မေတ္တာပို့တယ်။ သားချစ်ကလေး အတွက်လည်း အထူးပဲ မေတ္တာပို့ပါတယ်။ ကိုရင့်မယ်တော် ကိုလည်း အမျှအတန်း ဝေပါတယ်။ သူ့အတွက်လည်း သူ့ကို ရည်စူးပြီး အမျှအတန်း ဝေတာက လွဲလို့ ဘာမှ မလုပ်နိုင်သေးဘူး ကိုရင်ကလေးရေ့။ 


ခမည်းတော် 

မောင်ရွှေရ 


* * *


၎ 


ရန်ကုန်မြို့၊ 

နတ်တော်လဆုတ် ၆ ရက်။ 


သားချစ် ကိုရင်ကလေးထံသို့ ခမည်းတော် စာအားဖြင့် လျှောက်ထားပါသည်။ 


တန်ဆောင်မုန်းလ ထဲက ပို့လိုက်တဲ့စာ၊ ကိုရင်ကလေးထံ ရောက်လောက်ပြီ ထင်ပါသည်။ ဦးပညောဖို့ လေနာပျောက်ဆေးနဲ့ ကိုရင့်အတွက် ဗလာစာအုပ် ၃ အုပ်လည်း စာနဲ့အတူ ရောက်လောက်ပြီ ထင်ပါသည်။ 


ယခု စာရေးနေချိန်ဟာ အတော် ညဥ့်နက်လှပြီ။ အမြဲလိုလို ဆူညံနေတဲ့ ရန်ကုန် မြို့ကြီးလည်း တိတ်ဆိတ်နေပြီ။ အပြင်ဘက်မှာ ဘုရားစေတီ၊ တိုက်ကြီးတာကြီး၊ လမ်းပန်းတို့မှာ ရှိတဲ့ လျှပ်စစ်မီးတွေ ဝင်းဝင်းထိန် နေတယ်။ ခမည်းတော်တို့ အခန်းမှာတော့ ကျုပ်ရှေ့က ရေနံဆီ မီးခွက်ကလေးက လွဲရင် မှောင်နေတယ်။ ရေနံဆီမီးခွက် ကလည်း မှိုင်းလုံးတွေ တဟူးဟူး တက်လျက် ရှိတယ်။ ခမည်းတော်ရဲ့ မျက်စိထဲမှာ တစ်ခါတစ်ခါ ဝင်လာကြတယ်။ ဪ လူတိုင်း လျှပ်စစ်မီးတွေ သုံးနိုင်ရင် ဘယ့်ကလောက် ကောင်းမလဲ။ ခမည်းတော်မှာတော့ ရေနံမီးခွက်နဲ့ကို မကင်းနိုင်ဘူး။ ပန်းထိမ်အလုပ် မုန်းတဲ့အကြောင်း ထဲမှာ ရေနံဆီ မီးခွက်ကို သုံးရတဲ့ အတွက်လည်း ပါတယ်။ 


ဒီနေ့ဟာ ခမည်းတော်မှာ ဆု ဖြုတ်ယူခါနီးမှ ချောတိုင်က လိမ့်ကျတဲ့ နေ့ဖြစ်တယ်။ ခပ်စောစောက စိတ်ညစ်ညစ်နဲ့ ညတိုင်း သွားနေကျ ဆူးလေ ဘုရားကို သွားတယ်။ ဘုရားကို ကြည်ညိုပြီး စိတ်ညစ်ညူးမှု ပယ်ဖျောက်ဖို့ ကြိုးစားခဲ့သေးတယ်။ မအောင်မြင်ဘူး။ ဘုရား ကြည်ညိုမှုဖြင့် ဘဝရဲ့ ဒဏ်ရာ ဒဏ်ချက်ကို မပယ်ဖျောက်နိုင်ဘူး။ ရင်ပြင်တော်မှာ ထိုင်ပြီး ရှိခိုးရင်းပင် ယုံကြည်မှု သဒ္ဓါတရားတွေဟာ ခေါင်းပါးသွားတာကို တွေ့ရတယ်။ 


ဖြစ်ရပုံက ဒီလို သားကလေးရဲ့။ 


အရင်လက စာထဲမှာ မုန့်ဟင်းခါး အလုပ် ဟန်မကျကြောင်း၊ ငွေအရင်း ၄၀ ကျပ်၊ ၅၀ ကျပ် နောက်ထပ် မရရင် အလုပ်ကို ဖြုတ်ရတော့မယ့် အကြောင်း ရေးခဲ့ပါတယ်။ ကိုရင်ကလေး ဖတ်ရရောပေါ့။ ခမည်းတော်ရဲ့ အခက်အခဲတွေ၊ ဒုက္ခတွေ၊ စိတ်ပျက်စရာတွေကို သားကလေး ရှေ့မှာ ညည်းညူ ရေးပြရတာ မကောင်းမှန်းတော့ သိပါရဲ့။ ဒါပေမဲ့ ခမည်းတော်မှာ သား ကိုရင်က လွဲလို့ ရင်ဖွင့်ပြစရာ ဘယ်သူမှ မရှိလို့ ညည်းစရာရှိ ညည်းလိုက်ရတာပဲ။ ပြောစရာရှိ ပြောလိုက်ရတာပဲ။ ကိရင်ကလေး စိတ်မပျက်နဲ့နော်။ လောကမှာ ကိုယ့် ရင်ဖွင့်ပြတယ် ဆိုတာ ကိုယ့် အချစ်ဆုံးမို့လို့ ဖွင့်ပြတာ။ ရင်ဖွင့်ပြ ရတော့မှပဲ ရင်လေးစရာတွေ နည်းနည်းပေါ့ သွားတယ်။ ပြီးတော့ ဒီလို ဖွင့်ပြောမှလည်း သားချစ်ကလေးကို ကိုယ်နဲ့တကွ ဆင်းရဲအတူ ချမ်းသာအမျှ ထက်ကြပ်ခေါ် သွားနိုင်မယ်။ 


လူ့ကံကြမ္မာရဲ့ အမူအရာဟာ တော်တော် လှည့်ဖြား ထူးဆန်းတယ်။ လူ့ကံကြမ္မာဟာ မျက်မှောင် မကုတ်ခင် ပြုံးတတ်တယ်။ ခမည်းတော်မှာ ငွေအရင်း ၄၀ ကျပ်၊ ၅၀ ကျပ် မရရင် မုန့်ဟင်းခါးအလုပ် ဖြုတ်ရတော့မယ်။ အဲဒီ အရင်းကိုသာ ရရင် အောင်မြင်ခြင်းဘက် ကမ်းကို တံတားကူးမိပြီးသား ဖြစ်ပေလိမ့်မယ် ဆိုတဲ့ အခြေ ရောက်နေတုန်း အရင်းအနှီးငွေ ၅၀ ကျပ် ရပြန်တယ်။ ကိုရင့် ဦးလေးတော် သာလှက ရှာပေးရှာတာပေါ့။ သူဟာ တံတားဆောက် နိုင်အောင် ကူရှာတယ်။ ဒါနဲ့ အရင်းကလေး ရလာပြန်တော့ ကြေးအိုးနဲ့ ဆိုင်းဖိုး ကျန်ငွေ ၄၀ ကျပ်အနက် ၃၀ ကျပ်ကို ဆပ်လိုက်တယ်။ မုန့်ဟင်းခါးကိုလည်း ပိုကောင်းအောင် လုပ်တယ်။ ငွေတစ်ဆယ် အကုန်ခံပြီး ဈေးနားမှာ ထိုင်ရောင်းစရာ တစ်နေရာ ရဖို့ စကားပြော ထားတယ်။ အဲဒီနေရာ မရခင် စပ်ကြား အထူးကြိုးစားပြီး ထမ်းရောင်းတယ်။ ဒီတစ်ခါတော့ တတိယတန်း တစ်နေရာ အသေအချာ ခြေကုပ်ရပြီ၊ ဒုတိယတန်း ပထမတန်းကို တက်ဖို့ မျှော်မှန်းရန်သာ ရှိတော့မယ်။ အတော်ပဲ အားတက်မိပါရဲ့။ နေ့စဉ်လိုလိုပဲ မုန့်ကုန်တယ်။ ကုန်တာကလည်း စောစောပဲ ကုန်တယ်။ ဒါကြောင့် အတော် ပျော်နေတာပေါ့။ ရှေ့ ဘာလုပ်မယ်၊ ညာလုပ်မယ်နဲ့ စိတ်ကူးရွှင် နေတာပေါ့။ 


ဒီကနေ့ လွတ်လပ်ရေး အခမ်းအနား အတွက် ဇာတ်တိုက်နေတဲ့ လွတ်လပ်ရေးနေ့မှာ နိုင်ငံတော် သမ္မတကြီးက ဘယ်ကနေပြီး ဗိုလ်ရှုခံမယ်၊ လူထုပရိသတ်က ဘယ်က နေရမယ်၊ ကြည်းတပ်က ဘယ်ကချီပြီး ဘယ်တက်၊ ရေတပ်က ဘယ်နေရာမှာ စစ်ရေးပြ၊ လေတပ်က ဘယ်လိုပျံ၊ ပုလိပ်အဖွဲ့က ဘယ်လိုလျှောက်၊ ဘယ်လမ်းကို ဘယ်လိုပိတ် စသည်ဖြင့် ဇာတ်တိုက်တဲ့နေ့ ဖြစ်တယ်။ ဒီလို ဇာတ်တိုက်တာကို လာကြည့်တဲ့ ပရိသတ်ကလည်း အတော် များတာပဲ။ ပရိသတ် များတယ်ဆိုရင် မုန့် ရောင်းကောင်းတာပဲ။ 


ဆူးလေဘုရား တစ်ဝိုက် ဗန္ဓုလပန်းခြံ အတွင်းအပြင် ဆူးလေ ဘုရားလမ်း တစ်လျှောက်မှာ လူတွေ ခဲနေတာပေါ့။ ခမည်းတော်လည်း မုန့်ဟင်းခါး ဆိုင်းထမ်းပြီး အဲဒီ နေရာတွေမှာ လူးလာခပ်ပြီး ရောင်းနေတာပဲ။ ရောင်းရပါတယ်၊ ရောင်းရပါတယ်။ လွတ်လပ်ရေးနေ့ အရှိန်ပေါ့။ 


ဒီလိုနဲ့ တစ်နေရာမှာ ချပြီး ရောင်းနေတယ်။ သန့်သန့်ပြန့်ပြန့် ဝတ်စားထားတဲ့ လူနှစ်ယောက်ဟာ ခမည်းတော် မုန့်ဟင်းခါးကို စားနေကြတယ်။ သူတို့ အချင်းချင်း ပြောကြပုံ ထောက်တော့ သူတို့ဟာ ဒီလွတ်လပ်ရေးနေ့ အခမ်းအနား လုပ်ရာမှာ ရှေ့ဆောင် ပါဝင်တဲ့ လူတွေ ဖြစ်ဟန်တူတယ်။ ဖဆပလလား၊ ဆိုရှယ်လစ်လား၊ ဘာလားတော့ မသိဘူး။ ခမည်းတော်ရဲ့ မုန့်ကို လာစားကြတဲ့ လူတွေဟာ များသောအားဖြင့် အဝတ်အစား နွမ်းနွမ်းပါးပါးနဲ့ သူတွေသာ ဖြစ်ကြတယ်။ အဲဒီ လူနှစ်ယောက်ကတော့ သန့်သန့်ပြန်ပြန့်၊ သစ်သစ်လွင်လွင် ဝတ်ထားတော့ ပိုပြီး ဂရုစိုက်မိတာပေါ့လေ။ ငါ့မုန့်ဟာ မင်းသုံးစိုးသုံး ဖြစ်တော့မှာပဲလို့ ရှေ့ရေးတွေးပြီး အားတက်စရာ ဖြစ်လာတာပေါ့။ သူတို့ ပြောကြတာထဲမှာ လွတ်လပ်ရေးနေ့ အပြီး နောက်တစ်ရက်မှာ နိုင်ငံတော် သမ္မတ အိမ်တော်မှာ လွတ်လပ်ရေး ဧည့်ခံပွဲကြီး လုပ်မယ်တဲ့။ ဧည့်သည် ၂၀၀၀ ဖိတ်ထားသတဲ့။ အဲဒီမှာ ဒီ့ပြင် စားကောင်း သောက်ဖွယ်တွေ အပြင် မုန့်ဟင်းခါးလည်း ကျွေးလိမ့်ဦးမတဲ့။ 


ဒီသတင်းကို ကြားလိုက်ရင်ပဲ ခမည်းတော်ရဲ့ အာရုံဟာ သမ္မတ ဧည့်ခံပွဲကြီး ဆီကိုသာ ရောက်သွားတယ်။ အဲဒီ ဧည့်ခံပွဲမှာသာ မုန့်ဟင်းခါး ကျွေးလိုက်ရရင် ငွေတင်မက နာမည်လည်း ရသွားမှာပဲ။ နိုင်ငံတော် သမ္မတရဲ့ ဧည့်ခံပွဲမှာ ကျွေးရရင် အမြတ် နည်းနည်းယူပြီး ဟင်းကို အကောင်းဆုံး ဖြစ်အောင် ချက်မယ်။ ဒီမင်းပွဲမှာ 'သမ္မတတော်'သုံး ဖြစ်သွားလို့ နာမည် ထွက်သွားရင် မုန့်အမှာတွေ ခဏခဏ ရောက်မှာပဲ။ ဒီလောက်များတဲ့ ပရိသတ်ကို ကျွေးဖို့ ငါး ဘယ်နှပိဿာ ဝယ်ရမလဲ၊ ကြက်သွန်န်ဖြူနီ ဘယ်လောက်ဝယ် ရမလဲ၊ ငှက်ပျောအူ ဘယ်နှတုံးလဲ စသည်ဖြင့် တွက်ချက်ကြည့် နေမိတယ်။ ဒီလို စိတ်ဝင်စား နေတဲ့အတွက် အဲဒီလူ နှစ်ယောက်က ဟင်းရည် တောင်းတာတောင် မကြားလိုက်မိဘူး။ သူတို့က ငေါက်မှ သတိရတယ်။ သူတို့ ပိုက်ဆံပေးပြီး ထသွားကြလည်းပဲ ဒီသမ္မတ ဧည့်ခံပွဲဆီကိုသာ အာရုံရောက်နေတယ်။ သူတို့ သွားပြီးနောက် တစ်ယောက် လာပြန်တယ်။ အဲဒီလူဟာ အဝတ်အစား ခပ်နွမ်းနွမ်း ခပ်စုတ်စုတ် ဝတ်ထားတယ် ဆိုတာက လွဲလို့ မျက်နှာ ဘယ်ပုံ ရှိသလဲ၊ ဘယ်လို ဟန်အမူအရာ ရှိသလဲ စသည်ဖြင့် ဘာမှမကြည့်မိ၊ သတိမထားမိဘူး။ သူ့အဖို့ မုန့် ပြင်ပေးတဲ့ အခါမှာလည်း ခမည်းတော်ဟာ စက်လှုပ်ရှားသလို လှုပ်ရှားပြီး လုပ်ပေးနေတယ်၊ စိတ်မပါဘူး။ 


စိတ်က ဘယ်ရောက်နေသလဲ ဆိုတော့ နိုင်ငံတော် သမ္မတဧည့်ခံပွဲ မုန့်ဟင်းခါး ကျွေးရာမှာ ရောက်နေတယ်။ မုန့်ဟင်းခါး ကျွေးဖို့ စရန်ငွေ ဘယ်လောက် ယူရမယ် ဆိုတာလည်း တွက်ကြည့်မိတယ်။ ငွေလိုသေးရင် သမ္မတ အိမ်တော်က အမှာကိုပြပြီး ဘယ်လို ငွေချေးမယ်၊ ကြွေးယူမယ် ဆိုတာတွေပဲ စိတ်ထဲမှာ ဇာတ်တိုက်ကြည့် နေတယ်။ ဒါနဲ့ ရှေ့မှာရှိတဲ့ လွတ်လပ်ရေးနေ့ ဇာတ်တိုက်ပွဲကြီးကို ဂရုမစိုက်မိဘဲ  ဖြစ်နေမိတယ်။ 


အဲလို ဖြစ်နေတုန်း ဗြုန်းဆို မုန့်စားနေတဲ့ လူက "ထ ထ ဖယ်ပေး ဖယ်ပေး မြင်းပုလိပ်တွေ လာနေတယ်” လို့ ပျာပျာသလဲ ပြောတယ်။ သူလည်း စားနေရာက ပန်းကန်ကိုင်ရင်း ထတယ်။ လမ်းရှင်းတဲ့ မြင်းပုလိပ်တွေ လာနေပြီဆိုတာ ကပ်နေတော့မှ သိရတယ်။ ခမည်းတော်လည်း ကြောက်အား လန့်အားနဲ့ ထ။ ထမ်းပိုး အပြေး အမြန်ကောက်ပြီး မုန့်ဟင်းခါး ဆိုင်းကို ထမ်းလိုက်တယ်။ ဆိုင်းဟာ ပခုံးပေါ် မရောက်ခင်ဘဲ မြင်းကြီးက ပတတ်ရပ်ပြီး ပုလိပ်ကြီးက ကြာပွတ်နဲ့ လှမ်းရိုက်တယ်။ လူကိုတော့ မထိပါဘူး။ နို့ပေမယ့် ပြေးအရှောင်လိုက်မှာ လူ လဲသွားတယ်။ 


လူ လဲပေမယ့် မုန့်ဟင်းခါးဆိုင်း မလဲရင် ကောင်းမှာပဲ။ လူ လဲကျသွားရာက ကပျာကယာ ထလိုက်တော့ ဆိုင်းတစ်ခုလုံး လဲနေပြီဆိုတာ တွေ့ရတယ်။ ပန်းကန်တွေနဲ့ ငံပြာရည်ပုလင်း ကွဲကုန်ပြီ။ ငရုတ်သီးခွက် မှောက်နေပြီ။ မုန့်နဲ့ ဇလုံလည်း လမ်းပေးမှာ တခြားစီ ကျနေကြပြီ။ ဟင်းအိုးကြီး ဆိုတာက တမင်မှောက်ပစ်ရင် အခဲယဉ်းသား။ ခုတော့ လုံးလုံးကြီး မှောက်လျက်သား ဖြစ်နေပြီ။ ဟင်းရည်တွေက ဗလုံစီပြီး လမ်းပေါ် ယိုစီး နေကြတယ်။ 


ခမည်းတော်မှာလေ ဘာဖြစ်သွားတယ် ဆိုတာမသိလောက်အောင် ဖြစ်သွားတယ်။ မျက်စိလည်း ပြာသွားတာပဲ။ နှစ်မိနစ်လောက် ငေးကြောင် ကြည့်နေမိတယ်။ နောက်ဖေးဆီ ကြည့်လိုက်တော့ ကျုပ်တို့လို ဈေးသည်ကလေးတွေ၊ ဗျပ်ထိုးခေါင်းရွက် အထမ်းသမား ဈေးသည်တွေ လွတ်ရာ ပြေးနေကြတာ တွေ့ရတယ်။ မြင်းကြီးကလည်း တဟီဟီ မြည်ပြီး ပတတ် ခဏခဏ ရပ်ပြရင်း သွားနေတယ်။ ပုလိပ် လက်ထဲက ကြာပွတ်ကလည်း တရွှမ်းရွှမ်း။ 


ကြေးအိုးကြီး သွားလှန်လိုက်တယ်။ ဒီတော့မှ ဟင်းတွေဟာ ဝမ်းသာအားရ ချောင်းစီးဆင်း သွားတယ်။ ဇလုံယူပြီး မုန့်တွေ ထည့်တယ်။ နို့ပေမယ့် မုန့်တွေမှာ အမှိုက်တွေနဲ့ ကပ်ပြီး အသုံးမကျ ဖြစ်နေပြီ။ ဘာလုပ်ဖို့ ကောက်မိတယ် ဆိုတာ ခမည်းတော် ခုထိ တွေးမရဘူး။ မုန့်တွေ ကောက်ပြီး ငရုတ်သီးမှုန့်တွေ ကျုံးထည့်မိတယ်။ ပန်းကန်တွေကိုလည်း ကျုံးပြီး ဗန်းပေါ်တင်တယ်။ ပြီးတော့ မုန့်ဟင်းခါးဆိုင်းကို ထမ်းတယ်။ ဘာမှလည်း မတွေးချင်တော့ဘူး။ 


ဘာမှလည်း မပြောချင်တော့ဘူး။ ဘာမှလည်း မလုပ်ချင်တော့ဘူး။ အခန်းကို ပြန်ဖို့သာ ထွက်လာခဲ့တယ်။ 


ဒီလို စိုက်စိုက်နဲ့ ဆိုင်းထမ်းပြန်တုန်း ဘာမှ မကြာခင် နောက်က ခုနင်က မုန့်ဟင်းခါး စားနေတဲ့လူ ပြေးလိုက်လာတယ်။ သူ့လက်ထဲမှာ ပန်းကန်နဲ့ ဇွန်း ပါလာတယ်။ မုန့်ဟင်းခါးဖိုး တစ်မတ်လည်း ပါလာတယ်။ သူဟာ ဘာမှ မပြောဘူး။ ဆိုင်းထဲမှာ ပန်းကန်နဲ့ ပိုက်ဆံ တစ်မတ်ကို အတင်းထည့်တယ်။ ခမည်းတော်ဟာ ဒီတော့မှ သူ့မျက်နှာကို ကြည့်မိတယ်။ သူ့အမူအရာကို အကဲခတ်မိတယ်။ ကျုပ်တို့လို ဆင်းရဲသား ထဲကပါပဲ။ ကျုပ်အဖြစ်ကို ကျုပ်ဝမ်းနည်းတာလို သူလည်း ဝမ်းနည်းနေဟန် သူ့မျက်နှာမှာ ပေါ်နေတယ်။ ခမည်းတော်လည်း သူ့ကို စကား မပြောနိုင်ဘူး။ မချိတရိ အကြည့်နှင့်သာ ကြည့်နိုင်တယ်။ မဲ့ပြုံးကလေးသာ ပြုံးနိုင်တယ်။ သူလည်း မချိတရိ အကြည့်နဲ့ မဲ့ပြုံးကလေး ပြုံးပြီး တခြား ထွက်သွားတော့မယ်။ သူလည်း ထွက်သွားရော သူ့ ကြင်နာ ထောက်ထားမှု၊ သူ့ သက်ညှာမှု အရသာကို ခံစားမိတယ်။ ဂွမ်းဟာ ဆီမှာ အိကျသလို ခမည်းတော်ရဲ့ နှလုံးသားဟာ အိကျသွားတယ်။ ကိုယ့်ကိုယ်ကို သနားသွားတယ်။ အဖြစ်ဆိုးအတွက် ကြေကွဲလာတယ်။ မျက်ရည်ပေါက်တောင် ကျဆင်းလာတယ်။ နို့ပေမယ့် မျက်ရည်ကို သုတ်ချိန် မရဘူး။ ဆိုင်းကို ထမ်းပြီး ခေါင်းငိုက်စိုက်နှင့် အခန်းကို ပြန်ခဲ့တယ်။ 


ခမည်းတော်မှာ ဘာလုပ်လို့ ဘာလုပ်ရမှန်း မသိတော့ဘူး။ အရင်းကလေး ကုန်သွားပြန်ပြီ။ ပန်းကန်အသစ်တွေ ဝယ်ဖို့ အခက်ကြုံပြန်ပြီ။ ဘာလုပ်ရမယ် ဆိုတာလည်း မတွေးတတ်။ မပြောလည်း မပြောချင်။ 


ဒါနဲ့ ဆူးလေ ဘုရားမှာ သွားပြီး ဘုရား ကြည်ညိုရင်း စိတ်ညစ်ညူးမှု ဖျောက်ပယ်ဖို့ ကြိုးစားတယ်။ မပျောက်ဘူး။ ဘုရား ကြည်ညိုမှုဖြင့် ဘဝရဲ့ ဒဏ်ရာဒဏ်ချက်ကို မပယ်ဖျောက်နိုင်ဘူး။ မရှင်းလင်းနိုင်ဘူး။ ရင်ပြင်တော်မှာ ထိုင်ပြီး ဘုရားရှိခိုးရင်း ယုံကြည်မှု သဒ္ဓါတရားတွေ ခေါင်းပါး သွားတာကို တွေ့မြင်ရတယ်။ ခမည်းတော် ဒိဋ္ဌိ ဖြစ်သွားလေပြီလား မဆိုနိုင်ဘူး၊ သားရယ်။

 

ရွှေခပ်တဲ့ ပန်းထိမ်တူ စွန့်လွှတ်ထားတဲ့ လက်ဟာ ပေါက်တူးကိုင်ပြီး အလုပ်ကြမ်း လုပ်ရ ကောင်းလေမလား။ 


စရိတ်စကရှာ ရွာပြန်ပြီး မြေတူးရ တူးရ၊ လယ်ယာကိုင်းကျွန်း လုပ်ရ လုပ်ရ၊ လုပ်ရင် ကောင်းလေမလား။ ရွာပြန် အလုပ်လုပ်ရင် သားချစ် ကိုရင်ကလေးနဲ့ အတူတူ နေရဦးမယ်။ 


သားကိုရင် ဘယ့်နှယ် ထင်သလဲ။ ခမည်းတော် ဘာလုပ်ရင် ကောင်းမလဲ။ 


ရန်ကုန်မှာတော့ တတိယတန်းမှာ တစ်နေရာ ရဖို့တောင် မဖြစ်နိုင်တော့ပါ။ 


ခမည်းတော်

မောင်ရွှေရ 


------------

သိန်းဖေမြင့် 

သွေးသောက် မဂ္ဂဇင်း၊ အမှတ်- ၆၂၊ မတ်၊ ၁၉၅၁။ 

(သိန်းဖေမြင့် ဝတ္ထုတိုပေါင်းချုပ် (၂၀၁၄)) 


[ မြန်မာဝတ္ထုတိုများပေ့ဂ်ျမှကူးယူပါသည်။ပေ့ဂ်ျအားကျေးဇူးတင်ပါသည်။]


No comments:

Post a Comment