Wednesday, 26 June 2019

#ထွန်းထွန်း #ကြည်အေး

#ထွန်းထွန်း


 #ကြည်အေး


(၁)


သူသည် မိန်းကလေးတန်မဲ့နှင့်ဘာကြောင့် အဖေနှင့်သာတူလိုပြီး အမေ့ဘဝကို တစ်ခါမှ အားမကျခဲ့သည် မသိ။


တကယ်တော့ အဖေသည် အရုပ်လည်းဆိုးသည်။ စိတ်လည်းတိုတတ်သည်။ တစ်ခါမှ အားနေသည်လည်း မရှိ။ အဖေသည် ဆေးရုံမှာ မိုးလင်းက မိုးချုပ်အချိန်ကုန်သည်။ ညပိုင်းလည်း မကြာခဏသွားရသည်။ တစ်ညလုံးပေါက်နေရသည်မှာလည်း ခဏ ခဏ။ အဖေ့ဘဝ သည် စက်ရုပ်သာသာမျှသာ။


အမေကမူ ချောမောလှပသည်။ ဆိုတတ် ကတတ်သည်။ စောင်းကောက်၊ ပတ္တလား တီးတတ်သည်။ ပန်းချီပင် ဆွဲလေ့ရှိသေးသည်။ အမေ့ ဂီတပါရမီသည် ရင့်သန်၍၊ ဆီဆေး ပန်းချီကားချပ်များသည် နှစ်လိုဖွယ်ကောင်းလှသည်ဟုသာ သူသာမန်တွေး တတ်၏။ အဘယ့်ကြောင့်ဆိုသော် သူသည် အဖေ့သမီးသာဖြစ်၍ အနုပညာ၌ နားလည် ခံစားနိုင်လှသည် မဟုတ်သောကြောင့် ဖြစ်လေ၏။


အဖေသည် ခွဲစိတ်ခန်း၌ လူနာကိုယ်စား သေမင်းနှင့် နပန်းလုံးနေသည့် အခါမျိုးမှာ အမေသည် အိမ်မှုကိစ္စကို စီမံကာ ဧည့်ဝတ် စောင်ဝတ်ပြုကာ၊ သားသမီးကို စောင့်ရှောက်ကာ နေသည်ကို သူ အားမလို အားမရ ဖြစ်တတ်လေသည်။


အမေသည် စိတ်နှလုံးအေးလှသည်ဟု ထင်သည်။ အမေ့တာဝန်များ မပေါ့တန်လှသည် ဟု ထင်သည်။ သို့သော် အမေသည် သူ့အိပ်ခန်းနှင့်တွဲလျက်ရှိသော မြောက်ဘက်မှ အလင်းရောင်ဝင်သော အခန်းပိုကလေး၌ တကိုယ်တည်းအခန်းအောင်းကာ နေ့စဉ် ရက်ဆက် ထမင်းဟင်းမေ့ ပန်းချီဆွဲနေသည့်အခါမျိုးတွင်မူကား အမေ့မှာ လုပ်စရာတစ်ခု၊ လုပ်စရာတစ်ခုလည်း ရှိသေးသည်ဟု သူသတိရကာ အမေ့ကို အထင် ကြီးချင်သလိုလို ခံစားရတတ်လေသည်။


(၂)


သူသည် မောင်နှမ လေးယောက်တွင် အကြီးဆုံးဖြစ်သည်။ သားဦးယောက်ျားလေးသာ လိုချင်သော အဖေသည် သူ့ကိုမွေးသောအခါ စိတ်ပျက်ပြီး ခုနှစ်ရက်တိတိ အိမ်ပြန်မလာ ဘဲ ဆေးရုံမှာသာနေတော့သည် လို့ အဆိုရှိသည်။ ထို့ကြောင့်များလား မသိ၊ သူသည် တချိန်လုံး ယောက်ျားဖြစ်ပါစေဟု ဆုတောင်းရသည်။ မိန်းမဖြစ်ရတာ ရင်နာသည်။ ဘုရားရှစ်ခိုးတိုင်း ယောက်ျားဖြစ်ပါစေဟု ဆုတောင်းရ သည်။ ယောက်ျားဖြစ်သွားသည် လို့လည်း အိပ်မက်ခဏခဏမက်သည်။ ခွဲစိတ်ကုသပြီး ယောက်ျားအဖြစ် ပြောင်းရလျှင်ကောင်းမည်ဟု ထင်သေးသည်။ ကြမ်းမှာထိုင်လျှင် တင်ပျှဉ်ခွေထိုင်ချင်သည်။ မိန်းကလေးဘလောက်စ် ကို ယောကျာ်း ဆန်ဆန် ရှပ်ကော်လာနှင့်မှ ကြိုက်သည်။ ခုန်ပျံလိုက်သည်မှာ ပြောစရာမရှိ။


အဖေသည်


“ဟဲ့ ငါ့သမီးတော့ ဒုက္ခပါပဲ၊ ဘာဟော်မုန်းများ လိုနေ ပိုနေလို့လဲ၊ ခင်ခင်ရေ ကြည့်ဆုံးမဦး” ဟု အမေ့ကို တိုင်တတ်သည်။


အဖေသည် ယောကျာ်း မစစ်တောင် ယောကျာ်းဆန်သောသမီးကို မကျေနပ်သင့်ပေ ဘူးလား။ သမီးအမွေး မှားရုံသာမဟုတ်၊ နာမည် ကလည်း အပေးမှားသေးသည်။ မမွေးခင်က ပေးထားသည့် “ထွန်းဦး” ဆိုသောနာမည်သည် မိန်းမ နာမည်မဟုတ်ပါ တကား။ သူသည် “ထွန်းထွန်း” ဆိုသောနာမည်နှင့် ကြီးပြင်းလာပြီး ဖေဖေ့အတွက် မာန တက်လိုက်သေးသည်။


“ယောကျာ်းလေးလား အောက်မေ့ရတယ်၊ နာမည်က ထွန်းထွန်းဆိုတော့” စသည်ဖြင့် အံ့သြကြလျှင် သူသည် ရယ်မောကာ 


“နာမည်ရင်းက ထွန်းဦးပဲ” ဟု တိုးလို့ ကဲလိုက်သေးသည်။


မေမေက မကျေနပ်။ ဒါကြောင့် မက်ထရစ်အောင်သည့်အခါ အရှေ့မှာ “မေ”တစ်လုံး ထည့်ရတာနှင့် “မေထွန်းဦး” ဖြစ်ကာ တော်ပါသေးရဲ့ ဟု အများက ဆိုသည်။


(၃)


သူသည် အမေ့နီးပါးလှသော်လည်း လှပဝတ်စားနေချင်စိတ် မရှိ၊ စပို့ရှပ် နှင့် ဘောင်းဘီ တိုဝတ်ကာ ဆံပင်တိုတိုဖြတ်ထားသည်ကို သားရေကွင်းနှင့် စုချည်ပြီး စာထိုင်ကျက်လေ့ ရှိသည်။ သူ့မျက်နှာမှာ သနပ်ခါး ပေါင်ဒါ ကင်းဝေးနေလေ့ရှိသည်။ နှုတ်ခမ်းဆိုးဆေး၊ မျက်ခုံးမွေးဆွဲခဲတံ၊ မျက်တောင်ဆိုးဆေး၊ လက်သည်းဆိုးဆေး စသည်တို့ကို အမေဝယ် ပေး၍သာ မြင်ဖူးရသည်။ သုံးစွဲလေ့မရှိ။


သူ ဖြစ်ချင်သည်မှာ အမေ့လို မယားကောင်းမဟုတ်။ သူဖြစ်ချင်သည်မှာ အဖေ့လို ခွဲစိပ် ကုသသော ဆရာဝန်၊ ဆေးရုံ နှင့် နေ့ည မအားသော်လည်း ဝမ်းသာအားရ အလုပ်လုပ် တတ်သော၊ တာဝန်ကြီးသည်နှင့်အမျှ ဆံပင်စောစောဖြူ လွယ်သော၊ အစာအိမ်မှာ အနာပေါက်လွယ်သော လူစားမျိုးသာ ဖြစ်သည်။


ဆရာဝန်ဖြစ်ချင်သည်ကို အမေက သဘောမကျ။


“တစ်အိမ်ထောင်မှာ ဆရာဝန်တစ်ယောက်ရှိရင် တော်ပါပြီ သမီးရယ်၊ ခုရှိတဲ့ တစ်ယောက်တောင် များသေးတယ်” ဟု ရယ်မောမောနှင့် ဖေဖေ့ကို စောင်းချိတ် လိုက်သေးသည်။


အဖေက ထုံးစံအတိုင်း 

“ ဘယ့်နှယ်လုပ်မလဲ” ဟုသာ ခပ်တိုတို ပြောလေသည်။


ဆရာဝန်တောင်မှ ခွဲစိပ်ကုသဘက်ကို လုပ်ချင်သူရယ်လို့ ထွန်းထွန်းက ကြေညာလိုက် လျှင်မူ ဖေဖေကပင် “ဖြစ်ပါ့မလား” ဟု မျက်မှောင်တွန့်လာသည်။


ဘာဖြစ်လို့ မဖြစ်ရမှာလဲ၊ ဟုတ်သည်။ သူ တစ်သက်လုံး သည်စကားကို အမြဲသုံးခဲ့သည်။ မောင်လေးတွေ သစ်ပင်တက်လျှင် ထွန်းထွန်းကော ဘာဖြစ်လို့မတက်ရမှာလဲ။ သူ သစ်ပင်တက်ခဲ့သည်။ သူ လေချွန်တတ်သည်။ လက်ခေါက်မှုတ်တတ်သည်။ ဂေါ်လီ ပစ်တတ်သည်။ ဂျင်ပေါက်တတ်သည်။ လက်ဝှေ့တောင် ထိုးတတ်သေးသည်။ မောင်တွေနှင့် ရောလုပ်သမျှ သည်တစ်ခုကို တော့ မေမေက တုတ်နှင့်ရိုက်ကာတားသဖြင့် သူ ကျကျနန မလုပ်လိုက်ရချေ။


“မိန်းကလေး တန်မဲ့နှင့်” ဟု အစချီသော စကားကို ဘယ်လိုရွံမုန်းနာကြည်းမှန်းမသိ။


ထွန်းထွန်းသည် အဝတ်အထည်သာ ဝတ်တတ်သော၊ အလှအပသာခြယ်တတ်သော၊ စကားမမှန် အပိုပြောတတ်သော၊ မူယာ ထွေပြား တတ်သော အများသောရွယ်တူ မိန်းကလေးတို့ နှင့်လည်း ပေါင်းသင်းစပ်အပ်လို့မရ။


သူသည် ရုပ်ရှင် တစ်ယောက်တည်း ကြည့်တတ်သည်။ စာကြည့်တိုက်မှာလည်း တစ်နေကုန် ထိုင်တတ်သည်။ စာအုပ်ဆိုင်များမှာလည်း မွှေနှောက်တတ်သည်။ ယောကျာ်းရွယ်တူများကို ပေါင်း တတ်သည်။ မောင်တွေနှင့် နေလေ့ရှိတော့ သူ့မှာ ရှက်အမ်း တွန့်ဆုတ်သည်လို့ မရှိ။


“အို ထွန်းထွန်း ဘယ်တော့မှ အိမ်ထောင်မပြု ပေါင်၊ ရှုပ်တယ်၊ ကလေးလည်း မမွေးချင် ဘူး၊ ထမင်းဟင်းလည်း မချက်ချင်ဘူး၊ အမေ့လို မင်းကတော်၊ ဆရာဝန်ကြီး ကတော် လို့လည်း အခေါ်မခံချင်ဘူး၊ ထွန်းထွန်းက အမှီပြု ပြီးရလာတဲ့ဂုဏ်ကိုလည်း လိုချင်တာ မဟုတ်ဘူး၊ ကိုယ်ပိုင်ဂုဏ်မှ၊ ဆရာကတော်မလုပ်ချင်ဘူး ဆရာဝန်လုပ်ချင်တာ”


မေမေက ရယ်မော၍သာ နေသည်။


တစ်ခါ တစ်ရံတော့ မေမေက ပြောသည်။


“မိန်းကလေးဟာ ပညာတတ်တော့ ကောင်းပါတယ်၊ သူ့အိမ်ထောင်အတွက် ပဲကောင်းတယ်၊ ဒါလည်း သမီးများအတွက် ပညာ တတ်ချင်တဲ့ တာဝန်ကြီးကိုယူလိုတဲ့ မိန်းကလေးဆိုတာ သဘာဝမကျဘူး၊ တတ်နိုင်သမျှပဲ လုပ်ရမယ်၊ မနိုင်တဲ့ တာဝန်ထမ်း ဖို့ စိတ်ကူးရင် လူပင်ပန်း စိတ်ပင်ပန်းပဲဖြစ်မှာပေါ့”


“ဟာ...... မေမေက မိန်းမ ယောကျာ်း တယ်ခွဲခြားတာပဲ၊ သိပ်ရှေးဆန်တာပဲ” ဟု ဘုပြောခဲ့၏။


“ခွဲရမှာပေါ့ သမီး၊ ရှေးဆန်ရအောင် မေမေက မိန်းမက နိမ့်ကျတဲ့သဘောနဲ့ ခွဲပြောတာမှ မဟုတ်ဘဲ၊ ဒါပေမဲ့ သတ္တဝါ အဖြစ်မှာ တာဝန် ယူပုံချင်းမတူတာ ကိုပြောနေတာပဲ၊ မိန်းမ ဟာ အိမ်ထောင်ပြု ရင် သားသမီးမွေးရမယ်၊ လူလူသူသူ ဖြစ်အောင် ပြုစုတတ်ရမယ်။ အဲဒါကို ရှောင်လို့ ရရဲ့လား၊ အဲဒါကို သမီးဆေးရုံမှာ ဖေဖေ့လို နေ့ရောညပါ အချိန်ကုန်ရင်း လုပ်လို့ ရမလား”


“ အို.....ထွန်းထွန်းယောကျာ်း မယူပါဘူး” ဟု သူက လွယ်လွယ် ပြောခဲ့သည်။


(၄)


ယခုတော့ ထွန်းထွန်း ယောကျာ်းယူလေသည်။ သူသည် ဖေဖေ့လို ဆရာဝန်လည်း ဖြစ်လိုက်ရကား သူ့ဘဝမှာ အတော်အလုပ်များမည့် ဘဝပဲဆိုတာ ရိပ်မိ ပါသည်။ သူ့ဘဝသည် သူ့အတွက် မဟုတ်သည်မှာ သေချာသည်။


ဆေးရုံ နှင့် အိမ်ထောင်အတွက် အဝေတည့်အောင် ဘယ်လို ခွဲခြမ်းရပါ့မည်။


ရင့်မာသော သန္ဓေကို သူ စမ်းသပ်မိသည့်အခါ အတွင်းက သားသမီးက မာတင်းသော ဝမ်းရေကို ခြေနှင့် ကျောက်ကန်ကစားသည့်အခါ သူသည် နာကျင်သည်ကိုပင် တစ်မျိုး ကျေနပ်ကာ “အချစ်ဟာ ကမ္ဘာကြီးမှာ အားလုံးကို အောင်နိုင်တာပဲ” ဟု သူစဉ်းစားမိ၏။ ထမင်းချက်တယ်ဆိုတာလည်း လင်ပြန်လာရင်၊ မောလာတာမြင်ရင် သံပရာရည်ဖျော်ပေးတာက စတာပဲ ထင်ပါရဲ့။ ကလေးဖို့ အင်္ကျီ လေးတွေ ချုပ်ချင်လာပြီ၊ သိုးမွေးထိုးချင်လာပြီ၊ ရယ်စရာကောင်းလိုက်တာ။ အချစ်ဆိုတာ ဟုတ်သည်လေ၊ ဖေဖေ သည် မောပန်းလို့ ပြန်လာသည့်အခါမှာ အေးမြသော အိမ်ရိပ်၌ နားနေနိုင်လို့သာ၊ မေမေ့ အချစ်၌ ယုံကြည်လို့သာ၊ သူ၏ အိမ်ထောင်ပေါ်ထားရှိသော အချစ်ကလည်း တည်ငြိမ်လို့သာ......ဟောဒီ ကမ္ဘာပေါ်မှာရှိသော ဆေးရုံဆိုတာတွေ၊ ခွဲ စိပ်ခြင်းဆိုတာတွေ၊ အခြားသော ကြီးကျယ် သော တာဝန်ဟူသမျှတွေ လုပ်ကိုင် ဖြစ်မြောက်နေနိုင်ကြသည်ပဲ။


ထွန်းထွန်းကတော့ မေမေ့လောက် ကောင်းသည့်မယား၊ မိခင်၊ အိမ်နီးချင်း ဘယ်တော့မှ ဖြစ်နိုင်မည်ဟုတ်။ ဖြစ်နိုင်ဖို့လည်း မလိုလားလှ။ သူ စိတ်အေးချမ်းနိုင်မယ် မဟုတ်။ လောကမှာ လုပ်ချင်တာတစ်ခုနှင့် မွေးဖွားလာသူသည် မိန်းမဖြစ်နေလျှင် ဒုက္ခ ရောက်တတ်သည် လို့သာ သူ ထင်မြင်တတ်တော့သည်။


“မေမေလည်း ငယ်ငယ်က ပန်းချီဆရာ ဖြစ်ခဲ့ချင်တာပဲ၊ ဂီတသမား ဖြစ်ခဲ့ချင်တာပဲ” ဟု မေမေက မှိုင်းပျလာသောမျက်လုံးများနှင့် ဝန်ခံလျှင်တော့ သူသည် ပထမဆုံးအကြိမ် မေမေ့ကို အထင်ကြီးကြည်ညို လာခဲ့သည်။


ထွန်းထွန်း နားလည်ပါပြီ မေမေ၊ သို့သော် ထွန်းထွန်း ပညာဆက်သင်ချင်သေးသည်။ အလုပ် တစ်သက်လုံးလုပ်ချင်သေးသည်။ ကျော်ကြားခြင်း ဆိုတာကိုလည်း ယောကျာ်း တစ်ယောက်လိုပင် လိုချင်သေးသည်။ ပင်ပန်းခြင်း ဆိုတာကိုကြောက်သည်မဟုတ်ပါ။ တာဝန်ယူရဲသည့် သတ္တိလည်း ရှိပါသေးသည်။ ဒါတွေအားလုံးကို အိမ်ထောင်ပြုသည်နှင့် စွန့်ပစ်ရတော့မည်လား။ နှမြောစရာ မကောင်း ဘူးလား။


“ထွန်းရယ်၊ လူ့ဘဝမှာ စိတ်ရှည် သည်းခံမှ နေရကျိုးနပ်တဲ့ ဘဝကို ရပါတယ်။ မေမေ တောင် ခု နေ့တိုင်း ပန်းချီခန်းထဲ ဝင်နေတာပဲ၊ သမီး မသိလို့သာ၊ ပန်းချီ ပြပွဲတောင် တင်ဖို့ အတော်ရနေပြီ သမီးရဲ့၊ ခုတော့ ကလေးတွေလည်း ကြီးပြီ မဟုတ်လား၊ မေမေ့ အိမ်ထောင် ဟာလည်း ခိုင်တယ်၊ ငြိမ်းတယ် မဟုတ်လား၊ ဖေဖေ က ကိုယ်ချင်းစာတာ နားလည်တာအပေါ် အများကြီးတည်တာပေါ့၊ ပြီးတော့ သမီးရဲ့ ယောက်ျားလည်း စိတ်သဘောဖြောင့်ရှာတာပဲ၊ သူ သိတတ်ပါလိမ့်မယ်၊ လူ့ ဘဝမှာ အခန်းသစ် ဆိုတာ ခဏခဏ စရတာပဲ၊ အလျင်မလို ပါနဲ့ ထွန်းထွန်းရယ်”ဟု မေမေက ခါတိုင်းလို အေးစက်စက်မဟုတ်ဘဲ လျင်မြန်စွာပြောလေသည်။


------------


ကြည်အေး


[ Mya Short Story ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]



No comments:

Post a Comment