Tuesday, 4 June 2019

#တိုက်ရေယာဉ် ( ၁၀၃ ) ( ဇာတ်သိမ်းပိုင်း)

#တိုက်ရေယာဉ် ( ၁၀၃ )


 ( ဇာတ်သိမ်းပိုင်း) 


#မောင်သော်က


( ၇) 


 #အီစန်မာရူး။


( ရန်ကုန်-စင်ကာပူ ခရီးစဉ် )။


အီစန်မာရူး သင်္ဘောသည် အရှေ့ဖျား ခရီးစဉ်တွင် ကာလကတ္တားမှ ရန်ကုန်သို့အလာ၌ လမ်းခရီးတွင် ကြေးနန်းသတင်း တခု ဖမ်းမိ ရရှိသည်။ ယင်းမှာ တပ်မတော်ရေတပ်မှ ကင်းလှည့် ရေယာဉ်တစင်း မြန်မာ့ပင်လယ်ပြင်တွင် ပျောက်ဆုံးနေသည့်အတွက် ယင်းပင်လယ်ပြင် တဝိုက်တွင် သွားလာနေကြသည့် ကုန် သင်္ဘောများက သတိပြု ရှာဖွေပေးရန် ဖြစ်သည်။


ထိုသတင်းကို ရသည်တွင် သူတို့သည် မြန်မာ့ ရေပြင်ပိုင်နက် ဝင်သည်နှင့် သတိပြု ကြည့်ရှုခဲ့သည်။ ရန်ကုန်ရောက်သည်အထိ ဘာမျှ မတွေ့။ ရန်ကုန် ဆိပ်ကမ်းဝင်ပြီး ဆန်တင်ကြသည်။ဆန်တင်ပြီးနောက် ရန်ကုန်မှ စင်ကာပူသို့ ခရီးဆက်ခဲ့ကြ၏။ အီစန်မာရူး သင်္ဘောကြီးမှာ ဒုတိယ ကမ္ဘာစစ်အတွင်းက တည်ဆောက်ခဲ့ကြသည့် သင်္ဘောအိုကြီးသာ ဖြစ်သည်။ ရေမိုင်နှုန်း ၆ မိုင်သာလျှင် ရရှိသည်။ ရန်ကုန် စင်ကာပူခရီးတွင် ပျောက်ဆုံးနေသည့် တိုက်ရေယာဉ်

အကြောင်းကို လုံးဝ သတိ မရတော့။ မေ့လျော့ နေကြပြီ ဖြစ်သည်။ စင်ကာပူသို့သာ တအိအိ ခုတ်မောင်းနေသည်။ ညနေ လေးနာရီမှ ရှစ်နာရီတိုင်ထိ အချိန်သည် ပင်လယ်ပြင်သွား သင်္ဘောများတွင် (Chief Officer ) ပထမ အရာရှိ၏ တာဝန်ချိန်ဖြစ်သည်။ သူ့ တာဝန်ကို ထမ်းဆောင်ရန် ပဲ့စင်ထက် တက်လာခဲ့သည်။ 


ပင်လယ်ရေပြင် တခုလုံးမှာ လှိုင်းလေငြိမ်သက်နေလျက် ရာသီဥတုမှာ သာယာ ကြည်လင်လှသည်။ သူသည် ဆေးလိပ်ကိုသာ တလိပ်ပြီး တလိပ် ဖွာရင်း သူ့အတွက် မထူးခြားလှသည့် တာဝန်ကို ထမ်းဆောင်ရင်း ဟိုဟိုသည်သည် မှန်ပြောင်းဖြင့် လှမ်းမျှော်ကြည့်ကာ နေမိ၏။ နေလုံးကြီးသည် အနောက်ဘက် ကောင်းကင်ပြင်တွင် မြင်သာသောမိုးကုန်စက်ဝိုင်းအထက် ၁၅ ဒီဂရီ အမြင့်လောက်၌ ရှိနေသည်။ အနောက်ဘက် နေစောင်းသည်ကြောင့် အရှေ့ဘက် မိုးကုပ် စက်ဝိုင်းကို မီးမောင်း ထိုးပြသကဲ့သို့ ရှိသည်။သူသည် အရှေ့ဘက်ဆီသို့ ကြည့်ရင်း မိုးကုပ် စက်ဝိုင်း တနေရာ ပင်လယ်ပြာထက်တွင် နီကြန့်ကြန့် အစက်အပြောက်တခုကို တွေ့လိုက်ရသည်။


သူ့ လည်တွင် ဆွဲထားသည့် ၈ _၅၁ ပါဝါ ရှိ မှန်ဘီလူးနှင့် ကြည့်လိုက်ရာ ရွက်လှေတစင်းလိုလို အနီရောင် တစုံတရာလိုလို မသဲမကွဲ အရာဝတ္ထု တခုကို တွေ့ရ၏။ သင်္ဘော ဝဲဘက်ဦးဆီ ဒီဂရီ လေးဆယ်လောက်တွင် ဖြစ်သည်။ သူသည် မကျေနပ်ခြင်းကြောင့် သင်္ဘော ပဲ့စင်ထက်ရှိ သုံးချောင်းထောက်စင်ဖြင့် တင်ကာထားသည့် မှန်ဘီလူးကြီးဆီသို့ လျှောက်သွားကော သေချာစွာ ကြည့်လိုက်သည်။ သူ၏ အားကောင်းလှသည့် မှန်ဘီလူးကြီး၏ မြင်ကွင်းတွင် ပေါ်လာသည်မှာ လိမ္မော်ရင့်ရောင် အသက်ကယ် ဖောင်ကလေး တခုနှင့် ဖောင်အထက်မှ အလံ တစကို ဝှေ့ယမ်း ပြနေကြသူ တစုကို မမျှော်လင့်ဘဲ တွေ့ရတော့သည်။ သူသည် ကပ္ပီတန် ထံ ချက်ချင်း သတင်းပို့လိုက်သည်။ 


ကပ္ပီတန် ယိုရှိဒါးမှာ အသက် ၇၀ မျှ ရှိပေပြီ။ အသက် ကြီးလှပြီ ဖြစ်သော်လည်း တသက်ပတ်လုံး လိုလို ပင်လယ်ပြင်သာ အနေများခဲ့သည်ကြောင့် ကျန်းမာ သန်စွမ်းလှသည်။ ကပ္ပီတန် ယိုရှိဒါး သည် မှန်ပြောင်းဖြင့် စောင့်ကြည့်ပြီးနောက် မူလဦးတည်လမ်းကြောင်းမှ ပြောင်းကာ သင်္ဘောတက်မကို ဝဲဘက်သို့ လှည့်စေပြီး အသက်ကယ် ဖောင်ဆီသို့ ဦးတည် ခုတ်မောင်းလာတော့သည်။ အချိန်မှာ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ဖြစ်၏။ ဤတွင်မှ သူတို့ အားလုံးသည် ပျောက်ဆုံးနေသော မြန်မာ့ ရေတပ်မှ တိုက်ရေယာဉ်၏ သတင်းကို သတိရကြတော့သည်။


ကျွန်တော့်အားထမင်းစားခန်းတွင်း ခေါ်သွားကြပြီးနောက် ပထမ အရာရှိသည် သတင်းပို့ချက်ရေးသားရန် စာရွက်များ ယူလာကာ ကျွန်တော်နှင့် အသက်ရှင်နေကြသည့်လူဦးရေနှင့် အမည် စာရင်းတို့ကို ရေးစေသည်။ ကျွန်တော့်လက်မှာဖောင်တိန်ကို ကြိုးစား ကိုင်ဆုပ်ထားရသည်။လက်ချောင်းများမှာထုံကျဉ်နေသည်။

ကျွန်တော်ကသတင်း ရေးပေးသည်။ သူတို့ကလည်း ရန်ကုန်ဆိပ်ကမ်း အရာရှိရုံးသို့သတင်းရေးပို့လျက် ကျွန်တော်ကလည်း ရေတပ် ဦးစီးချုပ်ဌာနသို့အစီရင်ခံ ကြေးနန်း တစောင်ကို ရေးသားကာ အီစန်မာရူးသင်္ဘောမှ တဆင့်ပေးပို့ကာ ပျောက်ဆုံးနေဆဲ ရှိသေးသည့် ဖောင်တခုအကြောင်းကို အစီရင်ခံလိုက်သည်။ သတင်းပို့ချက်ကို ထိုနေ့ည ဒီဇင်ဘာလ ၁၁ ရက်နေ့ ည၇ နာရီခွဲခန့်တွင် ရေတပ်ဦးစီးချုပ်ဌာနမှ ရရှိခဲ့သည်တွင်တိုက်ရေယာဉ် ၁၀၃ ၏ ကံကြမ္မာကို သိရှိသွားကြတော့သည်။


“မင်းသိပ်ကံကောင်းတယ် ကပ္ပီတန်၊ နောက်ထပ် နာရီဝက်လောက် နောက်ကျသွားရင်မင်းဖောင်ကို တို့ မြင်တော့မှာ မဟုတ်ဘူး” ဟု ပထမ အရာရှိက ပြောသည်။


“ဟုတ်ပါတယ်၊ခင်ဗျားလဲ ပင်လယ်သွား အရာရှိကောင်း တယောက်ပါ၊ ခင်ဗျား တာဝန်သာတိတိကျကျ မထမ်းဆောင်ရင် ကျွန်တော်တို့ကို တွေ့မြင်မှာ မဟုတ်ပါဘူး” ဟုကျွန်တော်က ပြန်ပြောလိုက်သည်။ သင်္ဘော ထမင်းစားခန်းတွင်းသို့ မဝင်မီတွင်တစုံတဦးက ဘောင်းဘီတို တထည်ပေးသည်ကြောင့် ကျွန်တော့်မှာ အရှက် လုံနေပါပြီ။ ယူလာသော ဘောင်းဘီမှာ သိမ်လှီ ကျဆင်းသွားသည့် ကျွန်တော်၏ ခါးနှင့်အတန်ကြီးနေ သည်ကြောင့် ခါးတွင်ကြိုးတချောင်းဖြင့် ပတ်ကာ ဝတ်ဆင်ထားရသည်။သို့သော် ကိစ္စ မရှိပါ။ မမြင်အပ်သည့် အရာကို မမြင်သင့်သည့်အချိန်တွင်မမြင်ဝံ့သူများ မမြင်ကြခြင်းကိုပင် ကျွန်တော် စိတ်သက်သာရာ ရပါပေပြီ။


ခေတ္တမျှကြာသောအခါ မျက်မှန်နှင့် လူငယ်တယောက် ရောက်လာ၏။ သင်္ဘောမှဂျပန်ဆရာဝန် ဖြစ်သည်။ ဆရာဝန်သည် ကျွန်တော်နှင့် ဗိုလ်သန်းလွင်ကိုကြည့်ရှု စစ်ဆေးသည်။ ဗိုလ်သန်းလွင်မှာ ကျန်းမာရေး ကောင်းလှသည်။ကျွန်တော့်တွင်မူ ပင်လယ်တွင်း ၈ ရက် ၉ ရက်မြောက် ကတည်းက ဒူးဆစ်တွင်အလိုလို ရောင်လာခြင်းမှအပ အခြား ကျန်းမာရေး ကောင်းပါသည်။ ပင်လယ်တွင်းတွင် ရက်သတ္တပတ်ထက်ကျော်လွန်ခဲ့သည်တွင် အများအပြားမှာဒူးခေါင်း တံတောင်ဆစ်များ ရောင်လာသည်။ တပ်ကြပ်ကြီး ကိုကိုကြီးမှာအဆိုးဆုံး ရောင်ရမ်းနေသည်။

ဆရာဝန်က ဒူးဆစ်ရောင်ခြင်းကိုကြည့်ရှုစစ်ဆေးပြီး ...


“အာဟာရချို့တဲ့လို့ ဖြစ်တာပါ၊ အစားအသောက် ပြန်စားသောက်လိုက်ရင်ကောင်းသွားမှာပါ” ဟု ပြောသည်။ ထို့နောက် ကျွန်တော်တို့အား နွားနို့ ပူပူကိုတိုက်ကျွေးသည်။ ကျွန်တော့် ရဲဘော်များ အားလုံးကုန်းပတ်နောက်ပိုင်းတွင်ယာယီအမိုးအကာ တခုပြုကာ နေရာပေးသည်။ ကျွန်တော်နှင့်ဗိုလ်သန်းလွင်ကိုမူ အရာရှိ အခန်းတခု အတွင်း၌ အိပ်စင် တခုစီဖြင့် အိပ်စေသည်။ ည ၉နာရီလောက်တွင် ကပ္ပီတန် ယိုရှိဒါး ကျွန်တော်တို့အား လာကြည့်ကာဆရာဝန်ညွန်ကြားချက်အရ ဆန်ပြုတ် ကျဲကျဲ တခွက်စီ ပေးသည်။ကျွန်တော့်လူများမှာ အစား စားသောက်ရန် အခြေအနေတွင် မရှိသေးခြင်းကြောင့်နွားနို့ ပူပူကိုပင် တိုက်ထားရသည်။ အထူးသဖြင့် တယောက်သာ လူနာမှာ လုံးဝသတိပြန်လည် မလာသေးကြောင်း ဆို၏။

တပ်ကြပ်ကြီး ခင်မောင်ဝင်းပင် ဖြစ်မည်ဟုကျွန်တော် တွက်မိသည်။

ခင်မောင်ဝင်းကို သင်္ဘောပေါ်ပွေ့ခေါ်လာစဉ်က သူ့ ကျောပြင် တင်ပါး နှင့် ပေါင်တို့မှာ အသားနီလန်ကာအရေပြားများ ကွာနေသည်မှာ မြင်ဝံ့စရာ မရှိ။ သူ့ကို သယ်ယူသည့်ဂျပန်များမှာ စုတ်တသပ်သပ် ဖြစ်နေသည်။


ထို့နောက် ကျွန်တော်နှင့် ဗိုလ်သန်းလွင်တို့အား အိပ်ရေးဝအောင် အိပ်ကြရန်ပြောပြီး ပြန်ထွက်သွားသည်။ သူက အိပ်ရေးဝအောင် အိပ်ကြရန်ပြောသော်လည်း ကျွန်တော်တို့မှာ အိပ်၍ အလျင်း မပျော်ကြ။ ကျွန်တော်သည် ပင်လယ်တွင်း ရှိစဉ်ကာလ ရက်များတွင် တညမျှ နှစ်ခြိုက်စွာ အိပ်ရေးဝအောင် မအိပ်ခဲ့ရ။ တခဏမျှ မှိန်းနေသလို ရှိသော်လည်း အိပ်မပျော်ခဲ့။ ၁၃ရက် ၁၃ ညတိုင် အိပ်ခြင်း မပြုခဲ့သည် ကျွန်တော့် မျက်လုံးများသည် အိပ်သည်ဆိုသည့် အကျင့်ကို မေနေပေပြီ။ အိပ်လို့ မရ။ မျက်လုံး ကြောင်နေ၏။ 


ဗိုလ်သန်းလွင်သည်လည်း ထိုနည်း အတူပင် ရှိ၏။ ၁၃ ရက် ၁၃ ည လုံးလုံးမအိပ်ရုံမျှသာ မဟုတ်သေး။ ကျွန်တော်သည် ဝမ်း လုံးဝ မသွားခဲ့ပါ။ ဆီးသာလျှင်အနည်း အကျဉ်း သွားခဲ့သည်။ ဝမ်းသွားစရာ အစာကလည်း မရှိ။ နိုဝင်ဘာလ ၂၈ရက်နေ့ညက တိုက်ရေယာဉ် ၁၀၃ ပေါ်တွင် စားခဲ့သည့် ညစာသည်နောက်ဆုံးသောညစာတနပ် ဖြစ်သည်။


ည ၁၁ နာရီခန့်တွင် ဂျပန် ဆရာဝန်သည် ကျွန်တော်တို့ အခန်းတွင်းသို့ ဝင်လာကာ


“ကပ္ပီတန်၊ခင်ဗျား လူတယောက် အခြေအနေ သိပ်ဆိုးနေလို့ လာကြည့်စေချင်တယ်၊ ကျွန်တော်တို့အစွမ်းကုန် ကြိုးစားတာပဲ၊ ဒါပေမယ့် သူ့ အခြေအနေ အတော်လွန်နေပြီ” ဟုပြောသည်။


ကျွန်တော်ပဲ့ပိုင်းဘက်ဆီသို့ လိုက်ခဲ့သည်။ ယခု တကိုယ်လုံး၏ အလေးချိန်သည်ဒူးဆစ်ပေါ်တွင် ကျတော့မှ ကျွန်တော့်ဒူးခေါင်းမှာ ကျွန်တော်ထင်သည်ထက် ပို၍နာကျင်သည်ကို ခံစားရသည်။ ကျွန်တော်က ထော့နဲ့ ထော့နဲ့ဖြင့်ဂျပန်ဆရာဝန်နောက်မှ လိုက်ပါသွားသည်။


ပဲ့ပိုင်းကုန်းပတ် (Poop Deck) အောက်နားဆီတွင်ရဲဘော်များ လဲလျောင်းနေကြသည်။ သူတို့ ကိုယ်ပေါ်တွင် စောင်များခြုံထားကြ၏။တပ်ကြပ်ကြီး ခင်မောင်ဝင်းမှာ နံရံအနီးတွင် ရှိနေကာကျွန်တော် ရောက်ခိုက်မှာပင် ဝူးဝူးဝါးဝါး အော်နေသည်။ ဂျပန် တဦးက သူ့နှုတ်ခမ်းတွင် တေ့ပေးလျက် နွားနို့တိုက်ရန် ကြိုးစားနေသည်ကို သူကအတင်းရုန်းနေ၏။ ကယောင်ကတမ်း ငန်းဖမ်းသူ တဦး၏ နောက်ဆုံးအင်အားသည် မည်မျှကြီးသည်ကို တွေ့ရသည်။ သူက ဖန်ခွက်ကို ဖမ်း၍ ဆုပ်မိဆုပ်ရာ တအားဆုပ်ညှစ်လိုက်ရာ ဖန်ခွက်မှာ သူ့ လက်တွင်းပင်ကွဲသွားကာဖန်ခွက်ကွဲစများနှင့် နွားနို့ပူများသည် သူ့ ရင်ဘတ်ပေါ် ကျသွားသည်။သူ၏လက်တွင် သွေးစများ စွန်းသွား၏။ သူကတော့ အနာကိုသော်လည်းကောင်း၊အပူကိုသော်လည်းကောင်း မပူတော့ပြီ။ ဝေဒနာ၏ လမ်းဆုံးသို့ ရောက်ခဲ့ပြီဖြစ်သည်။


ဂျပန်ဆရာဝန်ကနောက်ဆုံးအနေနှင့် သူ လုပ်ရန် ရှိသမျှ လုပ်ပါရစေ၊ မရလျှင်တော့မတတ်နိုင်ပါဟု ခွင့်တောင်းသည်။ ကျွန်တော်က လုပ်ရန် ရှိသမျှကိုသာအစွမ်းကုန်လုပ်ပါဟု ပြော၏။ ဤတွင် သူသည် ဆေးထိုးအပ်တချောင်းဖြင့် လူနာ၏နှလုံးနေရာဆီသို့ စိုက်ကာ ဆေးထိုးသည်။


ဆေးထိုးပြီး အတန်ကြာတွင်လူနာငြိမ်သွားသည်။ ဆရာဝန်က နားကြပ်ဖြင့် နားထောင်သည်။ အတန်ကြာမှ သူသည်ကျွန်တော့်ကလို လက်ဆွဲကာ ရဲဘော်များနှင့် ဝေးရာဆီသို့ ခေါ်သွားပြီး...


“ကပ္ပီတန်၊ ခင်ဗျား လူ ဆုံးသွားပြီ” ဟု ပြောပါသည်။


ပင်လယ်ပြင်တွင်၁၃ ရက်မျှသော ကာလအတွင်း ကိုးရက်မြောက်တွင် ဗိုလ်ကြီးစောဦးသေဆုံးသည်ကို ကျွန်တော် အလွန် စိတ်ထိခိုက်ခဲ့သည်။ထို့နောက် တယောက်ပြီးတယောက် သေဆုံးကြရာတတွင် စိတ်ထိခိုက် နာကြဉ်းမှုမှာ ထုံသွားခဲ့ပြီဟုထင်ရ၏။

ယခု ဂျပန် သင်္ဘောပေါ်ရောက်ကာကယ်သူ တွေ့ပါမှ ရေတိမ်တွင် နစ်ခဲ့ရသော ခင်မောင်ဝင်း အလှည့်တွင်ကျွန်တော့်မှာ မျက်ရည်များပင် ကျခဲ့ရသည်။


“ဖြစ်ရလေခင်မောင်ဝင်းရယ်၊ မင်းကို ငါ ရေ ထဲဆင်းနေပါလို့ တဖွဖွပြောရဲ့သားနဲ့” ဟု စိတ်တွင်းမှ ရေရွတ်မိသည်။


သေရွာပြန်လာပြီးမှ လူ့ဘောင်လောက၏ တံခါးဝတွင် ကျဆုံးခဲ့ရသူ ဖြစ်တော့သည်။ဘယ်အချိန်က ရောက်လာသည် မသိ။ ကပ္ပီတန် ယိုရှိဒါး ကျွန်တော့် အနီးသို့ ရောက်လာပြီး ပခုံးပုတ် နှိမ့်သိမ့်စေကာ ...


“ငါ စိတ်မကောင်းပါဘူး ကပ္ပီတန် (Very Sorry )” ဟု ပြောသည်။ ထို့နောက် ပထမ အရာရှိမှတဆင့် ဘာသာပြန်စေလျက် သူတို့တွင်အလောင်း သယ်ယူရန်ရန်လည်း မဖြစ်နိုင်သည့်အပြင် စင်ကာပူမှာ လည်းခရီးဝေးသေးခြင်းကြောင့် အလောင်းကို နက်ဖြန်ခါ နံနက်တွင်ရေချသင်္ဂြိုလ်လိုကြောင်း ခွင့်တောင်းသည်။ ကျွန်တော်ကလည်း ကပ္ပီတန်သဘောကျသာ စီစဉ်ပါဟု ခွင့်ပြုလိုက်ရ၏။


 ကွယ်လွန်သူ၏ဘာသာရေးကိုမေးရာ ဗုဒ္ဓဘာသာပင် ဖြစ်မည်ထင်ကြောင်း ပြောသည်တွင် သူတို့က ဂျပန်ဗုဒ္ဓဘာသာ ထုံးစံနှင့် ပင်လယ်ပြင်ထုံးနည်း စဉ်လာအရ သင်္ဂြိုလ်မည်ဖြစ်ကြောင်း ပြော၏။ ကျွန်တော် အိပ်ခန်းသို့ ပြန်လာခဲ့သည်။


အိပ်ခန်းတွင်ကျွန်တော်ရော ဗိုလ်သန်းလွင်ပါ အိပ်မပျော်ကြ။ ခင်မောင်ဝင်းအတွက်ရင်နာ မိကြသည်။ ထိုမှအစ သေဆုံးခဲ့ကြရသည့် ရဲဘော်အားလုံးကိုသတိရအောက်မေ့ကာ စကားတပြောပြောနှင့် မိုးစင်စင် လင်းကြသည်။ နံနက်လင်းမှခေတ္တ အိပ်ပျော်သွားရာ ၈နာရီခန့်တွင် စားပွဲထိုး သင်္ဘောသားတဦးမှ လာ၍ အစားအသောက် ပို့တော့မှအိပ်ရာမှ နိုးကြသည်။ အစားအသောက်မှာ ဆန်ပြုတ်နှင့် ကော်ဖီသာ ဖြစ်၏။ဆန်ပြုတ်မှာ ယမန်နေ့ညကထက် အတော်အတန် ပျစ်လာသည်ကြောင့်စားကောင်းကောင်းနှင့် စားလိုက်ရာ တခဏချင်းပင်ပြောင်သွားသည်။


“မဝသေးဘူး စီအို” ဟု ဗိုလ်သန်းလွင်က ပြောသည်။


“ဟုတ်တယ်၊ ကိုယ်လဲ မဝသေးဘူး”


“ဒီတခါ ပန်းကန်တွေ သိမ်းဖို့ ပြန်လာရင် ထပ်တောင်းကြရအောင်”


“ကောင်းတာပေါ့၊ သူတို့က ကိုယ်တို့ကို ဝအောင် ကျွေးမှာပါပဲ”


ခဏကြာသော်ဂျပန် စားပွဲထိုး ဝင်လာသည်။ ကျွန်တော်က လက်ဟန်ခြေဟနဖြင့် ဗိုက်ကိုပွတ်သပ်ပြ၊ ပန်းကန်ကို လက်ညှိး ထိုးပြနှင့် မမေ့သေးသည့် ဂျပန်စကားအကြွင်းအကျန်ဖြင့် ...


'More , More ကူဒါဆိုက် (ထပ်ပေးပါဦး ) ပြောရာ ဂျပန်စားပွဲထိုးက ခေါင်းတဆတ်ဆတ်ညိတ်ပြီး “ဟိုက်ဟိုက်” ဟု ဆိုကာ ပန်းကန်များ သိမ်းပြီး ထွက်သွားသည်။ ကျွန်တော်နှင့်ဗိုလ်သန်းလွင်သည် လည်တဆန့်ဆန့်ဖြင့် သူ့ကို မျှော်ကြသော်လည်း သူပြန်ပေါ်မလာတော့ပါ။


နံနက်၉ နာရီခန့်တွင် ကပ္ပီတန် ယိုရှိဒါး ရောက်လာပြီး ကျွန်တော်လမ်းလျှောက်နိုင်လျှင် ကျွန်တော်နှင့် ဗိုလ်သန်းလွင်တို့ တပ်ကြပ်ကြီးခင်မောင်ဝင်း ၏ အလောင်း ရေချ သင်္ဂြိလ်သည့် အခမ်းအနားသို့ တက်စေလိုကြောင်း ပြောသည်။ ကျွန်တော်နှင့် ဗိုလ်သန်းလွင်တို့ပဲ့ပိုင်းဘက်ဆီသို့ လိုက်ပါလျှောက်သွားကြ၏။ ဗိုလ်သန်းလွင်က ကျွန်တော့်ကိုတွဲသည်။ ပဲ့ပိုင်း ကုန်းပတ်တွင် ဂျပန်သင်္ဘောသားတစုသည် ဦးထုပ်ကိုယ်စီချွတ်ကာ ဝိုင်းရပ်နေကြ၏။ သင်္ဘောသားများ ဝိုင်းရပ်နေကြရာအလယ်တွင် တပ်ကြပ်ကြီးခင်မောင်ဝင်း၏ အလောင်းကို ပတ္တူအိတ်ဖြင့်ချုပ်ထားပြီး အလောင်းတင်စင်ကို သင်္ဘော လက်ရန်းရင်တားနှင့်တပြေးတည်း အညီမျှသောအမြင့်၌ တင်ထားသည်။


သင်္ဘော ဝဲဘက်ပဲ့ပိုင်းနားတွင်ဖြစ်သည်။ ကျွန်တော်တို့ ရဲဘော်များအနက်မှ မတ်တပ်ရပ်နိုင်ကြသူများလည်း ဂျပန် သင်္ဘောသားများနှင့်အတူ ဝိုင်းရပ်နေကြသည်။ တပ်ကြပ်ကြီး ခင်မောင်ဝင်း၏ ရုပ်ကလာပ်ခေါင်းရင်း၌ ပန်းကန်လုံးနှင့် ထည့်ထားသည့် ထမင်းပန်ကန်လုံး တခုတွင် အမွေးတိုင်များ ထွန်းညှိထားသည်။


ကပ္ပီတန် ယိုရှိဒါးက သူ့ ဦးထုပ်ကို ချွတ်ကာ စာအုပ်တအုပ်ကို ဖွင့်လျက် ဂျပန်ဘာသာဖြင့် တစုံတရာကို ဖတ်ရွတ်သည်။ဂျပန်သင်္ဘောသားများက ငြိမ်သက်စွာ ခြေစုံရပ်လျက် ခေါင်းငုံနေကြ၏။

ထို့နောက် ကျွန်တော့်ဘက်သို့ သူက လှည့်ကြည့်လိုက်သည်တွင် ကျွန်တော်က မြန်မာဘာသာဖြင့် ...


“တပ်ကြပ်ကြီး ခင်မောင်ဝင်း ကိုယ်ပိုင်အမှတ် ၁၁၁၁။ သင်သည် တပ်မတော် ( ရေတပ် ) တိုက်ရေယာဉ် ၁၀၃ တွင် တိုင်းပြည်တာဝန်များကို ထမ်းဆောင်ရန်အတွက် ပင်လယ်ပြင်သို့ ထွက်ခဲ့ရာမှ ၁၉၅၆ ခု၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ညတွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည့်အတွက် သင့်အားတာဝန်ထမ်းဆောင်ခြင်းမှ ပြီးဆုံးခြင်းသို့ ရောက်သည်။ ထို့ကြောင့် သင် သွားလိုရာ သွားနိုင်ကြောင်း ခွင့်ပြုလိုက်သည်။


ပုံ ( ဘသော် )

ဦးစီးမှူး၊ တိုက်ရေယာဉ် ၁၀၃။

တပ်မတော် ( ရေတပ် )။”


ဟု ပါးစပ်မှ အလွတ်ရွှတ် အမိန့်ပြန်တမ်း ထုတ်လိုက်သည်။ ကပ္ပီတန် ယိုရှိဒါးက ကျွန်တော့်ဘက်သို့ လှမ်းကြည့်လိုက်သည်တွင် ကျွန်တော်က ခေါင်းညိတ်ပြလိုက်ရာ အသင့် စောင့်နေကြသည့် ဂျပန် သင်္ဘောသား နှစ်ဦးက ထမ်းစင်ပေါ်ရှိ အလောင်းကို ခေါင်းရင်းဘက်မှ ဒီဂရီ ၃၀ မျှ မတင်လိုက်သည်နှင့် တပြိုင်နက် ခြေရင်းဘက်တွင် အလေးဆွဲထားသည့် ရုပ်အလောင်းသည် ပင်လယ်ပြင်တွင်းသို့ လျှောကျသွားတော့သည်။


ကပ္ပီတန် ယိုရှိဒါး အပါအဝင် ကျွန်တော်တို့ ရဲဘော်များပါ နောက်ဆုံး အလေးပြုခြင်းဖြင့် အလေးပြု ကျန်ရစ်ခဲ့ကြ၏။ ပင်လယ်ရေတွင် ဆင်းလျက် စိမ်နေရန် မလိုလားသည့် တပ်ကြပ်ကြီး ခင်မောင်ဝင်းသည် ပင်လယ်ပြာ အောက်တွင် ထာဝရ လဲလျောင်း စိမ်နေရန် ဆင်းသွားခဲ့ပြီ ဖြစ်တော့၏။


*******


( ၈)


#စင်ကာပူသို့။


အီစန်မာရူး သင်္ဘောကြီးသည် တရွေ့ရွေ့ တအိအိဖြင့်သာ ရေမိုင် ခြောက်မိုင်နှုန်းဖြင့် စင်ကာပူသို့ ဦးတည် ခုတ်မောင်းနေသည်။ မြန်မာရေပြင် ပိုင်နက်ကို ကျော်ထွက်လာသည်နှင့် ဝဲဘက်ဆီတွင် မာလာယု ကျွန်းဆွယ်မှ တောင်တန်းများကို အစဉ် မြင်နေရသည်။ နံနက် ၁၁ နာရီခန့်တွင် နေ့လည်စာ၊ ညနေ လေးနာရီခန့်တွင် ညစာဟူ၍ နံနက်စာ ကော်ဖီအပြင် တနေ့ နှစ်နပ် မှန်မှန်ကျွေးသည်။ ပထမသော် ပေးထားသောဆန်ပြုတ်သည် ကျဲနေရာမှ ပျစ်လာ၏။ ထို့နောက်တွင်မူ အသားကလေးများ ပါလာသည်။ ဂျပန်သင်္ဘောပေါ်တွင် လေးရက်နာလန်ထနေသည်နှင့် နောက်ဆုံး နှစ်ရက်ကျမှသာ ထမင်းနှင့် ဟင်း ဆိုသည်ကို စားရတော့သည်။ ကျွန်တော်တို့၏ အစာအိမ်သည် မာသော အစာကို ရုတ်တရက် ခြေနိုင်ဦးမည် မဟုတ်သည်ကြောင့် စနစ်တကျ ကုသ ပေးခြင်းပင် ဖြစ်သည်။ ဂျပန်ဆရာဝန်က နေ့စဉ်လာကြည့်သည်။ ကပ္ပီတန်နှင့် အခြား အရာရှိများက တလှည့်စီ အားလပ်သည့်အခါများတွင် လာရောက် ကြည့်ရှုကြသည်။


အစားအသောက် ဆန်ပြုတ်ပျစ်ပျစ် နှစ်ရက်မျှ ဝင်ပြီးနောက် တနေ့တွင် ကျွန်တော် ဝမ်းသွားချင်သလို ခံစားရသည်။ ထို့ကြောင့် အိပ်ခန်းနှင့် ကပ်လျက် ရှိနေသော အိမ်သာတွင်ပင် ဝမ်းသွားရန် ဝင်ခဲ့သည်။ ဗိုလ်သန်းလွင်က ကျွန်တော် အိမ်သာ ဝင်သွားသည်ကို ကြည့်နေ၏။အိမ်သာမှာ အနောက်တိုင်း အိမ်သာပုံစံ ဖင်ထိုင်လျက် သွားရသော အိမ်သာဖြစ်၏။


ဝမ်းသွားရန် ကြိုးစားသည်။ ကြိုးစားသည်။ ကြိုးစားသည်။ သို့သော် မရ။ ဝမ်းဗိုက်တွင် အစာဟောင်း အိမ်အတွင်းမှ အစာဟောင်းကို စွန့်ထုတ်ပစ်ရန် သဘာဝတရားက တောင်းဆိုသည်။ သို့သော် ကျွန်တော်၏ အစာဟောင်းစွန့်လမ်းကြောင်းက အလုပ် မလုပ်တတ်တော့။

ညှစ်အားများ မရှိ။ ညှစ်ရန် ကြိုးစားလိုက် အားကုန်လိုက်၊ အနားယူလိုက်၊ ပြန်ညှစ်လိုက်နှင့် ကျွန်တော့် စအိုဝနှင့် ကျွန်တော် တိုက်ပွဲ ဝင်နေရသည်။ ကျွန်တော့် အစာအိမ်ဟောင်း လမ်းကြောင်းရှိ အာရုံကြောများသည် ညှစ်ထုတ်ရန် မေ့လျော့နေပြီ ဖြစ်ဟန်တူ၏။ အလုပ် မလုပ်တတ်ကြတော့။ချွေးစီးများ ပြန်ကာ ချွေးသီးကြီးများ ဆီးကင်းလောက် နဖူးတွင် စို့လာသည်။ ချွေးတဒီးဒီး ကျကာ မိမိကိုယ်ခန္ဓာနှင့် မိမိနပန်းလုံးကြရသည်။ မိန်းမသားများ မီးဖွားရာတွင် မည်မျှလောက် ညှစ်အား စိုက်ရမည်ကို ကိုယ်ချင်းစာ မိပါသည်။

နာရီဝက် သာသာခန့် ကြိုးစားမှ အလွန် မာကျောလျက် လောက်စာလုံး ဂေါ်လီလုံးသာသာမျှ ရှိသော စမြင်းတုံးသည် “ဒေါက်” ခနဲ မြည်ကာတလုံးတည်း ထွက်ကျလာပါသည်။ နောက်ထပ်လည်း ဘာမျှ ထွက်မလာတော့ပါ။


စမြင်းတုံး ထွက်သွားသည်နှင့် တပြိုင်နက် ကျွန်တော် အားပြတ်ကာ အိမ်သာ ထိုင်ခုံပေါ်မှ ရှေ့သို့ စိုက်လျက် အိမ်သာ ကြမ်းပြင်ထက်တွင် ဝပ်စင်း လဲကျသွားတော့၏။ သန့်ရှင်းရေးလည်း မလုပ်နိုင်၊ မိမိဘာသာ ပြန်၍လည်း မထနိုင်၊ အော်လည် မအော်နိုင်နှင့် အိမ်သာတံခါးကိုသာ လက်နှင့် ထု၍ အချက်ပေးရသည်။ အိမ်သာ ဝင်စဉ်က အိမ်သာ တံခါးကို အတွင်းမှ ကန့်လန့်ထိုးမထားခဲ့သည်မှာ တော်ပါသေး၏။


အိမ်သာ ဝင်သွားသည်လည်း ကြာပြီ။ ဝမ်းသွားသံလည်း မကြားရ၊ လူသံလည်း မကြားရ၊ တံခါး ထုနေသံလိုလိုသာ ကြားရသည့် ဗိုလ်သန်းလွင်သည် အိမ်သာ တံခါးကို ဖွင့်ကြည့်သည်တွင် အိမ်သာတွင်း ကြမ်းပြင်ပေါ်၌ လဲကျနေသော ကျွန်တော့်အား မမျှော်လင့်ဘဲ တွေ့ရတော့၏။ သူသည် ကျွန်တော့်ကို တွဲထူ ထစေကာ အိပ်ရာဆီသို့ ပြန်လည် တွဲယူလာသည်။ အိပ်ရာပေါ်တွင် နာရီဝက်ခန့် မိန်းမောနေပြီးမှစကားပြောနိုင်တော့သည်။


“အမယ်လေးဗျ၊ မောလိုက်တဲ့ အီးအီးတတုံး၊ လူကို သေပါရောလား အောက်မေ့ရတယ်”


ထို နောက်ရက်များတွင် စားကောင်း သောက်ကောင်း ယိုကောင်း ပါကောင်းနှင့် ပုံမှန် ပြန်ဖြစ်လာပါသည်။ ဂျပန် စားပွဲထိုးကမူ အစာထပ်တောင်းလျှင် ပုတ်သင်ညိုလို တဆတ်ဆတ် ခေါင်းညိတ်ကာ


 “ဟိုက် ... ဟိုက်” နှင့် တဟိုက်တည်း ဟိုက်ရုံမှ တပါး တပန်းကန် တလေမျှ အပို မပေးပါ။ ကျွန်တော်တို့က လာဘ်ထိုးရန် ကြိုးစားကြည့်သေးသည်။ လာဘ်တံစိုးကိုသာ လက်ဆောင်အဖြစ် လက်ခံသည်။ထမင်းကိုတော့ တပန်းကန်မျှ အပိုဆောင်းကာ ယူမလာခဲ့။


နောက်မှ ကျွန်တော်သိရသည်မှာ သူတို့ ဂျပန် သင်္ဘောသား အားလုံး အရာရှိပါမကျန် အတိုင်းအခြင်နှင့် စားကြသည်။ စားမကောင်းလည်း တပန်းကန်သာ ဖြစ်၏။ ဟင်းမှာ ကြက်ဥပြုတ်၊ ငါးဟင်း၊ ငါးသေတ္တာ တလှည့် စီနှင့် ဟင်းချိုအဖြစ် ပဲပင်ပေါက်ဟင်းချို၊

ခရမ်းသီးခြောက်ဟင်းချို တို့သာ တလှည့်စီ ကျွေးသည်။ တတိယနေ့တွင် သူတို့၏ အရာရှိ ရိပ်သာတွင် ဂျပန် အရာရှိများနှင့် အတူ စားကြည့်သည်တွင်မှ သူတို့၏ စားသောက်ရေး စနစ်ကို သိရတော့သည်။ အဲ ... ရေနွေးကြမ်းကိုမူ သောက်ချင်သလောက် သောက်နိုင်ပါသည်။


“အိုကြာ ဒိုးဇိုးဒိုးဇိုး” နှင့် ရေနွေးကြမ်း စေတနာ ကောင်းလှသည်။ ကျွန်တော် ထင်ပါသည်။ ကမ္ဘာပေါ်ရှိ လူမျိုးများတွင် အစားအသောက်ကို စားကောင်းသည်နှင့်အမျှ အတိုင်းအဆမရှိ အဝအပြဲ ဗိုက်ကားအောင် စားသည့်၊ ကျွေးသည့် လူမျိုးမှာ ကျွန်တော်တို့ မြန်မာလူမျိုးသာ ရှိပေလိမ့်မည်။


ဒီဇင်ဘာ ၁၆ ရက်နေ့ နေ့လယ်တွင် စင်ကာပူ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည်။ ထိုနေ့သည် ကျွန်တော် ရေ တပ်မတော်သို့ ဝင်၍ လုပ်သက် ကိုးနှစ်မြောက်သည့်နေ့ပင် ဖြစ်၏။ ခွဲခွါခါနီးတွင် ဂျပန်သင်္ဘော ကပ္ပီတန် အဘိုးအိုက ဤသို့နှယ် နှုတ်ဆက်စကားဆိုသည်။


“ပထမ ကမ္ဘာစစ်အတွင်းက ငါက သင်္ဘောတစင်းမှာ အရာရှိငယ် တယောက်ကွ၊ အဲဒါ ငါ သင်္ဘော နစ်ပြီး မင်းလိုပဲ သင်္ဘောပျက်ခဲ့ဖူးတယ်၊ မင်းလောက်တော့ မကြာဘူးကွ၊ ငါ့ကို နိုင်ငံခြား သင်္ဘော တစင်းက ဆယ်ယူလို့ အသက်ရှင်ခဲ့တယ်၊ ငါတော့ မင်းကို ဆယ်ရတာ အဲဒီ အကြွေးကျေသွားပြီ အောက်မေ့ရတယ်၊ မင်းလဲ နောက်များ ပင်လယ်ထွက်ခဲ့ရင် Look-Out Duty ( ကြည့်ကင်းတာဝန် ) ကိုတော့ကောင်းကောင်း လုပ်ကွာ”


စင်ကာပူတွင် လွန်းတင် ပြင်ဆင်နေသည့် စစ်ရေယာဉ် မေယု ရှိနေသည်။ စစ်ရေယာဉ် မေယု မှ အရာရှိနှင့် ရဲဘော်များသည် စင်ကာပူရှိ မြန်မာနိုင်ငံ ကောင်စစ်ဝန် ဦးကျော်နှင့်အတူ ကျွန်တော်တို့အား ဆိပ်ခံ ဗောတံတား ပေါ်မှ စောင့်ကြိုလင့်ကြ၏။ သင်္ဘောပေါ်တွင် ရှိစဉ်က ထော့နဲ့ ထော့နဲ့လျှောက်နေသော ဒူးဆစ်မှာ ပိုမို ရောင်ရမ်း၍ ပြည်ပုပ်တည်လာခြင်းကြောင့် ဂျပန်ဆရာဝန်က ထုံဆေးဖြင့် ခွဲကာ ကုသရသည်။


ရုပ်ပျက်ချင်တော့ စင်ကာပူ ဆင်းမည့်နေ့တွင် အနာရှိန်ကြောင့် ကျွန်တော် အိပ်ရာမှ လုံးဝ မထနိုင်တော့သည့်အတွက် ထမ်းစင်ဖြင့် ထမ်းချ ယူကြရတော့သည်။


( ၉)


 #စင်ကာပူမှပြည်တော်ပြန်။


စင်ကာပူတွင် ဗြိတိသျရေတပ် စစ်ဆေးရုံ၌ ကျွန်တော်တို့ တက်ရောက်ကုသခွင့်ရရှိကြသည်။ ရောဂါမှာ Exposure and

Malnutrition ) ဟု ဆေးမှတ်တမ်း ရေးသွင်းသည်။ နေလောင်ခြင်းနှင့် အာဟာရ ချို့တဲ့ခြင်းသာ ဖြစ်၏။ ကျွန်တော်၏ ဒူးခေါင်းနှင့် တပ်ကြပ်ကြီး ကိုကိုကြီး၏ ဒူးဆစ် တံတောင်ဆစ်များမှာ ရောင်ကိုင်းနေသည်။ တပ်ကြပ်ကြီး အောင်မြင့်၏ လက်မှာ ကျွန်တော် ရိုက်ခဲ့သည့် ဒဏ်ရာကြောင့် ရောင်ကိုင်းနေကာ စလွယ်သိုင်းထားရသည်။ မောင်အေး၊ ဂွမ်ရှိန်၊ အောင်မြင့်တို့မှာ ထူထူထောင်ထောင်ပင် ရှိကြသည်။ ကျန် ရဲဘော်များမှာ ဂျပန် သင်္ဘောတွင် သတိပြန်လည်လာကြပြီ ဖြစ်သော်လည်း နှစ်ဦး သုံးဦးမှ သည်းခြေပျက်၍ စိတ်ချောက်ချား နေကြဆဲ ဖြစ်၏။


ဗိုလ်သန်းလွင်မှာ အခြေအနေ အကောင်းဆုံး ဖြစ်သည်။

ကျွန်တော်တို့တွင် ဘာပစ္စည်းမျှ မပါကြ။ အဝတ်တထည် ကိုယ်တခုစီသာ။ ကျွန်တော့်တွင် ဂျပန်သင်္ဘောမှ ဝတ်ဆင် ပေးလိုက်သည့် ဘောင်းဘီတိုကြောင့်သာ အောက်ပိုင်း အရှက်လုံရသည်။ ကျွန်တော်တို့ လိုသည်မှာ အစား အသောက်အချို့နှင့် အဝတ်အထည် ဝယ်ယူရန် ငွေကြေး။ စင်ကာပူကောင်စစ်ဝန် ဦးကျော်က သူ့ ကောင်စစ်ဝန်ရုံးတွင် သင်္ဘောပျက် တံငါသည်များ အတွက်ဟု သတ်မှတ်ထားသည့် ဆောင်ငွေအနည်းငယ် ရှိသည်ဟု ဆိုသည်။ စစ်ရေယာဉ် မေယုမှ ဦးစီးမှူးဒုဗိုလ်မှူးကြီး ဘရိုနီ (Comdr P.W.Baroni ) က ရေတပ် ဦးစီးချုပ်ဌာနသို့ ကျွန်တော်တို့အား လခ တလခ စာစီ စင်ကာပူ ဒေါ်လာဖြင့် ထုတ်ပေးနိုင်စေရန် က/န ပို့ကာ အခွင့် တောင်းခံထားဆဲဖြစ်သည်။


ရှောင်မရသည်မှာ စင်ကာပူ သတင်းစာ အသီးသီးတို့မှ သတင်းထောက်များပင် ဖြစ်သည်။ သူတို့သည် သင်္ဘောဆိပ်မှ ဆေးရုံပေါ်ထိလိုက်ပါလာကြကာ ဓာတ်ပုံရိုက်ခြင်း၊ ကျွန်တော်နှင့် ကျွန်တော့် ရဲဘော်များကိုပါ တွေ့ဆုံ မေးမြန်းခြင်း ပြုကြသည်။ နောက်တနေ့ သတင်းစာ အသီးသီးတွင် ကျွန်တော်တို့၏ ဓာတ်ပုံများနှင့် သတင်း ပါရှိလာသည်။ ကမ္ဘာ့အရှေိ့ပိုင်းနိုင်ငံ အတော်များများထံမှ ကျွန်တော့်အားချီးကျူး ဂုဏ်ပြုကြသည်။ ကြေးနန်းနှင့် ပေးပို့ကာ ပန်းစည်းများကို လူနာတင်လှည်းနှင့်ပင် တင်ယူပို့လာကြရသည်။


ထိုနေ့ နေ့လယ်တွင် ကျွန်တော်သည် အနားယူရင်း စိတ်ပျက်လက်ပျက်နှင့် အိပ်နေသည်။ နေ့လယ်စောင်းတွင် ကောင်စစ်ဝန် ဦးကျော် ရောက်ရှိလာပြီး စင်ကာပူ ဒေါ်လာငွေ ၂၇၀ဝ ကို လာပေးသည်။ ယမန်နေ့က ကောင်စစ်ဝန်ရုံးတွင် ဆောင်ငွေ အပို မရှိသေးခြင်းကြောင့် စီစဉ်ရပါဦးမည် ဆိုပါလျက်နှင့် ယခု လာပြီး ပေးခြင်းကို ကျွန်တော် အံ့ဩနေမိသည်။ သူက သံရုံးမှ ဆောင်ငွေ မဟုတ်ပါ။ မြန်မာပြည်ရှိပုဂ္ဂိုလ်ကြီး တဦးထံမှ သီးသန့် ဘဏ် ငွေလွဲချက် လက်မှတ်ဖြင့် ပေးပို့ခြင်း ဖြစ်ကြောင်း ပြောသည်။ ပေးပို့လိုက်သည့် ကျေးဇူးရှင် ပုဂ္ဂိုလ်ကြီးမှာ ထိုစဉ်က တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီး နေဝင်း ပင်ဖြစ်တော့သည်။ 


ဗိုလ်ချုပ်ကြီး၏အိတ်တွင်းမှ ကိုယ်ပိုင်ငွေဖြင့် ပေးပို့ခြင်း ဖြစ်သည်။ ကျွန်တော်သည် ဗိုလ်သန်းလွင်နှင့် တကွ ရဲဘော်များအား ခွဲဝေ ပေးခ၏ဲ့ ။ ကျွန်တော်နှင့် တကွ ရဲဘော်အားလုံးသည် ယခုထက်တိုင် ကျေးဇူးရှင် ပုဂ္ဂိုလ်ကြီးအား ကျေးဇူးတင်ရှိနေဆဲပင် ဖြစ်ကြပါသည်။ နောက်တွင် ရေတပ်မှ လခ တလစာ ကြိုတင်ထုတ်ပေးသည်ကို ရရှိခဲ့၏။


ဆေးရုံတွင် ရှိစဉ် စင်ကာပှု Strait Time မှ ဆောင်းပါးရှင် ဖြစ်သူ ( Lloyd Morgan ) ၊ ကျွန်တော်စီးသည့် ဖောင် လုပ်ကိုင်ရောင်းချသည့် R.F.D ကုမ္ပဏီမှ ကိုယ်စားလှယ်၊ Royal Clinic မှဆရာဝန်တဦးတို့ လာရောက် တွေ့ဆုံကြလျက် အသက်ရှင်နေထိုင်ခဲ့ပုံနှင့် ဖောင်၏ ကောင်းချက်၊ ချွတ်ယွင်းချက်များကို မှတ်တမ်းတင်မေးမြန်းကြသည်။ သမားတော်ကြီးက ဤရာသီဥတုတွင် ဤဖောင်ဖြင့် ၁၃ ရက်နေထိုင်နိုင်ခဲ့ခြင်းမှာ အလွန် အံ့ဩချီးကျူးဖွယ် ကောင်းကြောင်း၊ သူတို့လူဖြူများသာဆိုလျှင် နေလောင်၍ တပတ်ခန့်အတွင်း သေဆုံးဖွယ်ရှိကြောင်းပြောကြားသည်။ 


၂၃-၁၂-၅၆ နေ့ထုတ် စင်ကာပူ စထရိတ်တိုင်း ( တနင်္ဂနွေနေ့ထုတ်အထူး ) တွင် လွိုက်မော်ဂင်က ကျွန်တော်၏ ပြောပြချက်ဟု ဖော်ပြကာ “Death Wa My Mate” ခေါင်းစဉ်ဖြင့်ရေကြောင်း စွန့်စားခန်း တပုဒ်ကို အကျယ်တဝင့် ခမ်းခမ်းနားနား ရေးသာဖော်ပြခဲ့၏။ ဆေးရုံပေါ်ရှိ နာလန်ထစ လူမမာများကို တွေ့ဆုံ မေးမြန်းခြင်းမပြုရန် မည်သူကမျှ တားဆီးခြင်းမပြုခဲ့ကြပေ။ သတင်း သမားများသည်ကြောက်မက်ဖွယ် ကောင်းလှ၏။ သတင်းကောင်း သတင်းမှန်ရရှိဖော်ပြရေးဆိုလျှင် လက်မနှေးကြ။


ဆေးရု့တွင်တပတ်မျှ အတွင်း ကျွန်တော် ကောင်းစွာ နာလန်ထပေပြီ။ ထိုအတွင်းဩစဩေးလျနိုင်ငံမှ ကွန်ဖရင့်တခုတက်၍ ပြန်လာသည့် ထိုစဉ်က ဝန်ကြီးဦးရာရှစ်သည်လည်း ကျွန်တော့်အား ဆေးရုံပေါ် လာရောက်တွေ့ဆုံကာအားပေးစကား ပြောကြားခ၏ဲ့ ။ ရဲဘော်နှစ်ဦး သုံးဦးသာလျှင် ကောင်းစွာမကျန်းမာသေး။ ကျွန်တော်တို့သည် သူတို့ အတန်ကျန်းမာသည်အထိ စောင့်နေကြပြီးမှထို ရဲဘော်များကိုမြန်မာပြည်တွင် ဆက်လက်ကုသနိုင်ကြောင်းဖြင့်ဆေးရုံဆင်းခွင့် ပြုလိုက်သည်။


၁၉၅၇ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျွန်တော်နှင့်အတူ တိုက်ရေယာဉ်၁၀၃ မှ မသေကျန်ရစ်သည့် သေရွာပြန် ရဲဘော်များ ( စုစုပေါင်း ၁၀) ယောက်သည် စင်ကာပူမှ လေယာဉ်ပျံဖြင့် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်သို့ပြန်လည် ဆိုက်ရောက် ခဲ့ကြတော့သည်။

ပင်လယ်ပြင်သည်၁၃ ရက် ကာလအတွင်း ကျွန်တော့်ဖောင်ပေါ်မှ အရာရှိနှင့် ရဲဘော်ရှစ်ဦးကို သေမင်းက သေရွာသို့ ခေါ်သွားနိုင်ခဲ့သည်။


ရဲဘော်ကိုးယောက်ပါသော ဖောင်တစင်းမှာလည်း သင်္ဘောနစ်သည့် နံနက်ခင်းမှ စကာမတွေ့ရတော့ဘဲ ပျောက်ဆုံး သွားသည်ကြောင့် ထိုရဲဘော်များသည်လည်းတိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ပင်လယ်ပြင်တွင် ကျဆုံးခဲ့သည်ဟုသာမှတ်တမ်းတင် ရပါတော့သည်။

ပင်လယ်ပြင်တွင် ကျွန်တော်တို့ သင်္ဘော နစ်မြုပ်ခဲ့ရခြင်း၌ ကျွန်တော့်တွင် လုံးဝတာဝန်ရှိပါသည်။ သင်္ဘောပျက်စီးနစ်မြုပ်ပြီးသည့် နောက်ပိုင်းတွင်ပပ်လယ်ပြင်နှင့် ဖက်ပြိုင်အန်တု၍ အသက်လုကာ ထွက်လာနိုင်ခြင်း ဟူသည်မှာကျွန်တော့် ရဲဘော်များ၏ ဝိုင်းဝန်းကူညီ ကြိုးပမ်းမှုကြောင့်သာလျှင်ဖြစ်ပါ၏။ အပြစ်ရှိခဲ့လျှင် အပြစ်ဖို့ခံသင့်သည်မှာ ကျွန်တော် တဦးတည်းသာဖြစ်လျက် ချီးကျူးဂုဏ်ပြုထိုက်သည်မှာတိုက်ရေယာဉ် ၁၀၃ မှ သေရွာပြန်ကျွန်တော့် ရဲဘော် တစု သာလျှင် ဖြစ်ပါတော့သည်။


တိုက်ရေယာဉ်၁၀၃ မှ သေရွာပြန်များတွင် တပ်သား/စက် ဂွမ်ရှိန် တဦးသာ ယခုအခါ ၉၆ပါးသောရောဂါဝေဒနာနှင့် ကွယ်လွန်ခဲ့လျက် ကျန်လူများမှာ ယခုစာရေးချိန်ထိ ရှိနေပါသေးသည်။ မည်သို့ဆိုစေ ကျွန်တော်တို့သည် လောကတွင်တစ်ရက် နေခွင့်ရလျှင် တစ်ရက် အမြတ် ထွက်သည် ဆိုရပါမည်။ လွန်ခဲ့သော နှစ် ၃၀ ကျော်က သေမင်း၏ ခံတွင်းဝမှ ပြန်ထွက်လာခဲ့ကြသူများ၊ သေမင်းကို အန်တုခဲ့ကြသူများမဟုတ်တုံလော။


----------------

မောင်သော်က။

မြန်မာလူငယ်များ ပင်လယ်ပြင်ကို လွှမ်းမိုးနိုင်စေရမည်။


#နောက်ဆက်တွဲ။

#အမှာစကား။


တိုက်ရေယာဉ် ၁၀၃ ၏ တကယ့်အဖြစ်အပျက် ပင်လယ်ပြင် ဇာတ်လမ်းကို ပေဖူးလွှာ မဂ္ဂဇင်းတွင် ၁၉၈၇ ခုနှစ် မတ်လထုတ်မှ စ၍ ဇူလိုင်လထုတ်တိုင် ၅ လမျှ အခန်းဆက် တင်ပြခဲ့ပါသည်။ ကျွန်တော်၏ မူလ ရည်ရွယ်ရင်းမှာ အနည်းဆုံး ၆ လ ၇ လမျှတိုင် ဆက်တိုက် ရေးသွားရန် ဖြစ်ပါသည်။


ကျွန်တော် ဆက်လက် ရေးသားရန် ရည်ရွယ်ရင်း ရှိသည့်အပိုင်းမှာ ကျွန်တော်တို့ သေရွာပြန်များ အသက် မသေဘဲ ရန်ကုန် ပြန်ရောက်ပြီးသည့်နောက်တွင် တိုက်ရေယာဉ် ၁၀၃ နစ်မြုပ်ခြင်းနှင့်ပတ်သက်သော စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ဖြင့် ကျွန်တော်တို့အား စစ်ဆေးကြပုံ၊ ယင်းအဖွဲ့၏ ထောက်ခံချက်အားဖြင့် စစ်ရေယာဉ်မှူးဖြစ်သူ ကျွန်တော့်အား စစ်တရားခုံရုံးတွင် စွဲချက် လေးရပ် တက်ကာ စစ်ဆေးကြပုံ စသည် စသည်များနှင့် တိုက်ရေယာဉ် ၁၀၃ ပျောက်ဆုံးနေလျက် သတင်းမကြားရစဉ် ကာလ အတွင်း တိုက်ရေယာဉ် ၁၀၃ ကို ရှာပုံတော် ဖွင့်ကြပုံ၊ ထိုခေတ်က ထုတ်ဝေသည့် မြန်မာ သတင်းစာ လောကမှ သတင်းရေးသားပုံ၊ နိုင်ငံခြားထုတ် သတင်းစာများက ကျွန်တော်တို့အကြောင်းကို ရေးသားပုံ စသည့် အချက်အလက်များ ဖြစ်ပါသည်။


သို့သော် သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ဤသည်တို့မှာ တပ်မတော်နှင့်သာလျှင် သက်ဆိုင်သော ကိစ္စများ၊ သတင်းစာလောက၏ ထင်ဟပ်ချက်များသာလျှင် ဖြစ်ခြင်းကြောင့် ဖြုတ်ပယ်ထားသော် ကောင်းအံ့ဟု အကြံပြုသည့် အတွက် ယင်းပုဂ္ဂိုလ်တို့က စေတနာနှင့် ပေးသော အကြံအရ ဖြုတ်ပယ်ချထားခဲ့ရခြင်း ဖြစ်ပါသည်။ ဤတွင် စာအုပ်သည်လည်း ပိုမို သေသပ်ကာ ပိုမို လှသွားပါသည်။ ထင်မြင်ချက် ဟူ၍တစုံတရာ မစွက်သည့် အချက်အလက်တို့ဖြင့်သာ အတိပြီးသည့် သင်္ဘောပျက် ဒုက္ခသည် တစု၏ ဇာတ်လမ်းတရပ် ဖြစ်လာပါသည်။


ကျွန်တော်၏ ကျန်းမာရေးသည် ထိုစဉ်မှစကာ ထိခိုက်ချွတ်ယွင်းခဲ့ရပါသည်။ စစ်ဖက် အမှုထမ်း သက်တမ်းတွင်လည်း စန်းလဂ်ဇာတာ မှိန်ခဲ့ရပါသည်။ နောက်ဆုံးတွင် ကျွန်တော်သည် မကျန်းမာမှု ပင်စင် လစာဖြင့်ပင် ဗိုလ်မှူးရာထူးအဆင့်၊ အသက် (၄၁) နှစ် အရွယ်တွင် တပ်မှ အနားယူခွင့် ရခဲ့ပါသည်။ ယခု စာရေးသည့်အချိန် အသက် (၆၁) ထိ မသေသေးသည်မှာ အလွန် ကံကောင်းသည်ဟု ဆိုရပါမည်။ ကျွန်တော်ကျေနပ်ပါသည်။ နေပျော် သေပျော်ရှိပါသည်။ ကျွန်တော် အထူးသဖြင့် ကျေနပ်သည်မှာ တိုက်ရေယာဉ် ၁၀၃ မှ သေရွာပြန် ရဲဘော်များက


“သင်္ဘောနစ်မြုပ်ပြီးသည့်နောက် ၁၃ ရက်တာ ကာလအတွင်း ဖောင်ပေါ်တွင် ကျွန်တော့် ဦးဆောင်မှုသာ မရခဲ့လျှင် သူတို့တတွေ အသက်ရှင်ခွင့် ရချင်မှ ရနိုင်လိမ့် ဖြစ်ကြောင်း” ကို ယနေ့ထိ ယုံကြည်နေကြခြင်းပင် ဖြစ်ပါသည်။


ဤစာအုပ် ထုတ်ဝေနိုင်ရေးအတွက် ခွင့်ပြုချက် ပေးသည့် ပုဂ္ဂိုလ်များ၊ ထုတ်ဝေသူ၊ ပုံနှိပ်သူနှင့် အခြား သက်ဆိုင်သူအားလုံးကို အထူး ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း။


------------------


မောင်သော်က ( စာရေးဆရာ )။

ဘသော်- ဗိုလ်မှူး ( ရေ ) အငြိမ်းစား။

၁၉၈၇ ခု၊ စက်တင်ဘာလ (၂၅) ရက်။

ရန်ကုန်မြို့။


(PS:Ko Kyaw Thura Facebook မှ ကူးယူဖော်ပြပါသည်။)


August 31, 2018


[ ရှဥ့်ညိုလေးဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]


No comments:

Post a Comment