Friday, 28 June 2019

#ဆုံလည်ကုလားထိုင်ပေါ်မှာ ( လှလိုက်တာနော်နှင့်ရသစာတမ်းငယ်များ )

#ဆုံလည်ကုလားထိုင်ပေါ်မှာ ( လှလိုက်တာနော်နှင့်ရသစာတမ်းငယ်များ )


#အောင်သင်း


ဆံပင်ညှပ်နေရင်း ရှေ့ကမှန်ထဲကို ကြည့်လိုက်သည်။ ကိုယ့်မျက်နှာကို မြင်လိုက်ရသည်။ နောက်မှန်ရိပ်ကလည်း ပေါ်နေသည်မို့ ကိုယ့်နောက်စေ့ကိုလည်း မြင်ရပါသည်။ ရှေ့မှန်ရိပ် နောက်မှန်ရိပ်တို့ကို ကြည့်နေမိပါသည်။ ဘာရယ်လို့လဲမဟုတ်ပါ။ မျက်စိရှေ့ ရောက်နေလို့သာ ကြည့်မိခြင်းဖြစ်ပါသည်။ ဆံသဆရာက ဆုံလည်ကုလားထိုင်ကို ဆွဲလှည့်လိုက်တော့ ဘေးခုံပေါ်တွင် ဆံပင်ညှပ်ခံနေရသူကို မြင်ရပြန်ပါသည်။ သည်တော့လည်း မျက်စိအောက်ရောက်လာပြန်၍ ကြည့်နေမိပြန်ပါသည်။ သူကလည်း အခန့်သားပါပင်။ နောက်ကို ကျကျနနမှီ၊ ခြေထောက်ကို တင်ပျဉ်ချိတ်ပြီး ခြေနင်းခုံပေါ် အခန့်သားခြေတင်ထားပါသည်။ သူထိုင်နေပုံမှာ ထည်ထည်ဝါ၀ါ ရှိပါသေးသည်ဟု အောက်မေ့မိပါသည်။


          ဤသို့ကြည့်နေရင်း ကျွန်တော်ကလေးဘ၀က အလွန်မက်မော အားကျခဲ့သည့် အနေအထားမျိုး ပါလားဟု ဖြုန်းခနဲ သတိရသွားပါသည်။ ကလေးဘ၀က ဆံပင်ညှပ်ခံရသည်မှာ အလွန်ရယ်စရာကောင်းပါသည်။ ယခုမှသာ ရယ်စရာကောင်းသည်ဟု ပြောခြင်း ဖြစ်ပါသည်။ ငယ်စဉ်ကတော့ စိတ်ပျက်အားငယ်စရာလိုလို ထင်ခဲ့မိပါသည်။ ကျွန်တော်တို့ကလေးများကို ဆံပင်ညှပ်တော့မည် ဆိုလျှင် ဆံသဆရာက ထိုင်ခုံကလေးတစ်ခုကို ဆုံလည်ကုလားထိုင်ပေါ်တင်၊ သို့မဟုတ် လက်တန်းပေါ် ပျဉ်ချပ်ကလေး တစ်ခုထိုးပြီး ကလေးကို ဆွဲတင်လိုက်ပါသည်။ အ၀တ်ဖြူခြုံထည်ပတ်၊ ဆံပင်ကို ပေါင်ဒါလေး တစ်ချက်နှစ်ချက်လိုက်ပြီး တဖျပ်ဖျပ် ညှပ်ပါတော့သည်။ ဆံပင်ကို ဘာကြောင့် ပေါင်ဒါရိုက်သည်ကို စဉ်းစားမရခဲ့ပါ။ သို့သော် သဘောတော့ကျပါသည်။ ဆံပင်ညှပ်ဆရာက ကျွန်တော့်ခေါင်းကို ခပ်တင်းတင်းကိုင်ပြီး နှိမ်ထားပါသည်။ လမ်းက မော်တော်ဆိုင်ကယ် စီးသွားသံကို ကြားလျှင် ကျွန်တော်က ခေါင်းလေးကို ငဲ့ကြည့်လိုက်သည်။ ဆံသဆရာက ခပ်တင်းတင်းကိုင် လိုက်ရင်း ‘ ငြိမ်ငြိမ်နေကွ’ ဟု ပြောပါသည်။ စကားအော်ကျယ် အော်ကျယ် ပြောသည့် လူကြီးတစ်ယောက် ဆိုင်ထဲဝင်လာလျှင် ကျွန်တော်က မော့ပြီး ကြည့်ရန် ရုန်းပါသည်။ ဆံသဆရာက ခေါင်းကို  ခပ်တင်းတင်း နှိမ်လိုက်ပြီး ‘ငုံ့ထားကွ’ ဟုပြောပါသည်။


ခေါင်းငုံ့ထားရင်း ကြည့်လိုက်တော့ ခြေနင်းခုံကလေးကို မြင်ရပါသည်။ နင်းချင်စရာလေးပါ။ ဒါပေမဲ့ ကျွန်တော့်ခြေထောက်နှင့် အဝေးကြီး။ ကျွန်တော်က ခြေတွဲလောင်းကလေး။ နောက်မှီကိုလည်းမထိ၊ အောက်ကိုလည်းမထိ။ ကျွန်တော့်စိတ်ထဲ အလွန်အောက်တန်းကျသည်ဟု ထင်မိပါသည်။ လူကြီးတွေကို ကြည့်လိုက်လျှင် နောက်မှီကို အကျသားမှီ၊ နင်းခုံကို အခန့်သားခြေတင်ပြီး ဆံပင်ညှပ်ခံပုံမှာ အလွန့်အလွန် အားကျစရာ ကောင်းသောထည်ဝါမှုဟု ထင်ပါသည်။ နောက်မှီဆိုသည်မှာ မှီဖို့ထားခြင်းဖြစ်ပါသည်။ ကျွန်တော် မမှီရပါ။ နင်းခုံဆိုသည်မှာ နင်းဖို့ထားခြင်းဖြစ်ပါသည်။ ကျွန်တော်မနင်းရပါ။ ကိုယ့်အဖြစ်ကို အလွန်မကျေမနပ် ဖြစ်မိတတ်ပါသည်။


အိမ်က ကုလားထိုင်တွေကို ထိုင်လျှင်လည်း ထိုနည်းတူ မကျေမနပ် ဖြစ်ရပါသည်။ လူကြီးတွေလို ထိုင်ကြည့်မိသည်။ နောက်ကို ကျောမှီလိုက်လျှင် ခြေထောက်က ဒူးပင်ကွေးလို့မရဘဲ ဖြစ်နေသည်။ ကြမ်းပြင်နှင့် ခြေထောက် ထိအောင် နင်းလိုက်ပြန်တော့ ဖင်လျှောလေးဖြစ်နေသည်။ နောက်ကို မှီနိုင်အောင် လုပ်ကြည့်တော့ ပက်လက်လှန်ပြီး ခေါင်းနှင့်သာ ထိတော့သည်။ ဤသို့ အခါများစွာကြိုးစားရင်း အခါများစွာ မချင့်မရဲ့ ဖြစ်ခဲ့ရပါသည်။ ဆံပင်ညှပ်ဆိုင်က ဆုံလည်ကုလားထိုင်ပေါ်တွင် နောက်မထိ အောက်မထိ ထိုင်ရလျှင်ကား အခံရအခက်ဆုံးဖြစ်ပါသည်။


ဤသို့လျှင် ဆုံလည်ကုလားထိုင်ပေါ်၌ နောက်မှီကို အကျအနမှီပြီး နင်းခုံပေါ် အခန့်သား ခြေတင်ထားနိုင်ရေးမှာ ကျွန်တော်၏ တောင့်တရည်မှန်းချက်ကြီးတစ်ခု ဖြစ်နေခဲ့ပါသည်။ ယခု ဆံပင်ညှပ်ခံနေရင်း ထိုအဖြစ်ကို သတိရမိ၍ ပြုံးမိယောင် ဖြစ်သွားပါသည်။ ယခုတော့ ကျွန်တော် ‘နောက်မှီအောက်မှီ’ ကျကျနန ထိုင်နေရပြီ ဖြစ်ပါသည်။


ဘယ်တုန်းက သည်ဆန္ဒ ပြည့်ဝခဲ့သလဲဟု ဖြတ်ခနဲ တွေးလိုက်မိပါသည်။ ဘယ်တုန်းကမှန်း မသိတော့ပါ။ ကြာတော့ ကြာလှပြီ ဖြစ်မှာပေါ့။ ကိုယ့်တောင့်တ မျှော်မှန်းချက် ပြည့်စုံလျှင် ၀မ်းသာရမည် ဖြစ်ပါသည်။ ထိုအောင်မြင်မှုကို အရသာခံရမည် ဖြစ်ပါသည်။ အဘယ်ကြောင့် ကျွန်တော် မှတ်မှတ်သားသား ၀မ်းမသာခဲ့သနည်း။ အဘယ်ကြောင့် အရသာ မခံခဲ့မိသနည်း။ ‘ ကြိုးပမ်းအားထုတ်မှု မပြုရဘဲ ရလာသော အောင်မြင်မှု’ ဖြစ်နေ၍လား။ ဘယ်လိုပဲရရ ကိုယ့်ဆန္ဒ ပြည့်ဝလျှင် ၀မ်းသာမှု အရသာခံမှုတော့ ရှိရမှာပေါ့။ ဘာကြောင့် ဤဆန္ဒပြည့်ဝမှုကို အသိအမှတ် မပြုခဲ့သလဲဟု စဉ်းစားမိပါသည်။


ကျွန်တော်တို့သည် ကိုယ့်ဆန္ဒပြည့်ဝမှုကို ခပ်ကြာကြာလေး အရသာခံစားပြီး ပီိတိဖြစ်နိုင်ခွင့် နည်းသည်ဟု ထင်မိပါသည်။


ရထားထွက်ချိန်နီးနေ၍ ဘူတာကို အပြေးအလွှားသွားရပါသည်။ ဘူတာရောက်တော့ ရထားက ဥသြဆွဲပြီး ထွက်စပြုနေပြီ။ တစိုးထိတ်ထိတ် ဘူတာထဲ အပြေးဝင်၊ ရထားဆီ ပြေးသွား၊ ကသောကမျောလွှားပြီး ရထားပေါ်တက်ရသည်။ ရထားပေါ်ရောက်မှ တော်ပါသေးရဲ့ဟု ဟူးခနဲ သက်ပြင်းချနိုင်သည်။ ကြိုးပမ်းမှုကြောင့် ရထားနှင့် လိုက်ပါခွင့် ရပြီဟု ၀မ်းသာလိုက်မိသည်။ သို့သော် ကြာရှည် ၀မ်းမသာနိုင်။ ဟိုဟို သည်သည် လျှောက်ပြီး ထိုင်ခုံလွတ်ကလေးများ တွေ့မလား ကြည့်ရပြန်ပါသည်။ ဆန္ဒတစ်ခု ပြည့်ဝသွားသည်နှင့် ချက်ချင်းပင် နောက်ဆန္ဒတစ်ခုက ပေါ်လာပြန်သည်။ ထို့ကြောင့် ကျွန်တော်တို့မှာ ၀မ်းသာပီတိ ဖြစ်ရသည့်အချိန်ထက် စိုးထိတ်ရသည့် အချိန်က ပိုများနေသည်ဟု ထင်မိပါသည်။


ထိုအခါတွင်မှ ဆုံလည်ကုလားထိုင်ပေါ် ထိုင်ရင်း ကျွန်တော့်ဆန္ဒပြည့်ဝမှု၊ အောင်မြင်မှုများကို ပြန်ပြီး အေးအေးဆေးဆေး စဉ်းစားကြည့်နေမိပါသည်။ ဆံပင်ညှပ်ခံရခြင်းမှာ စဉ်းစားလို့၊ တွေးလို့ အကောင်းဆုံးအချိန် ဖြစ်ပါသည်။ ထိုကဲ့သို့ စဉ်းစားလိုက်ပြန်တော့လည်း အောင်မြင်ခဲ့တာတွေ၊ ဆန္ဒပြည့်ဝခဲ့တာတွေ မနည်းပါလားဟု အောက်မေ့မိပါသည်။ ကျေနပ်စရာ ပါပဲလားဟုလည်း တွေးမိပါသည်။


------------


အောင်သင်း


17.jun.2011


#ဆရာဦးအောင်သင်းဘလော့ဂ်မှ_ကူးယူပါသည်။



No comments:

Post a Comment