Sunday, 30 June 2019

#အိပ်မက်ကြိုးတံတား #ဂျူး

#အိပ်မက်ကြိုးတံတား 


#ဂျူး 


ကျွန်မသည် အိပ်မက် ခဏခဏ မက်တတ်သူဖြစ်ပါသည်။ အိပ်မက် မက်တိုင်းလည်း ကျွန်မသည် တစ်နေရာထဲသို့သာ တစ်ဝဲလည်လည် ရောက်နေတတ်ပါသည်။ အဆောက်အအုံများ၊ ကုန်းမြင့်များ၊ သစ်ပင်များနှင့် မျက်နှာများသည် တစ်သမတ်တည်း ပင် ဖြစ်၏။ ခင်တွယ်တတ်သော ဝိညာဉ်ဖြင့် မက်ရသောအိပ်မက်တို့သည် ရံဖန်ရံခါ ပျော်ရွှင်စရာကောင်းသော်လည်းရံဖန်ရံခါ လွမ်းစရာကောင်းပါသည်။


ညတုန်းကလည်း ဝေးလံသော ရင်းနှီးသော ဤဒေသသို့ နောက်တစ်ကြိမ် ပြန်ရောက်သွားသည်ဟု ကျွန်မ အိပ်မက်မက် ပြန်ပါသည်။ အိပ်မက်ထဲက အောက်မေ့ဖွယ်ရာဒေသသည် ကျွန်မ အင်မတန် လွမ်းမက်သော မြို့ငယ်ငယ်လေးတစ်ခုဖြစ်၏။


(၁)


ကျွန်မ၏ မြို့ကလေးသည် ချစ်သူ၏ မြို့ကလေးလည်းဖြစ်သောကြောင့် ပြန်လည် အိပ်မက်သည့်အခါ ချစ်သူ၏ ဂီတာသံကိုလည်း ကြားရတတ်သည်။ တကယ့်ဖြစ်ရပ်များတွင် သူသည် အိမ်ရှေ့ကလမ်းထောင့်မှာရော၊ ခြံဝန်း ကျဉ်းကျဉ်း ထဲကခုံတန်းလျား လွှဲဒန်းပေါ်မှာရော၊ ဧည့်ခန်း ကုလားထိုင်ပေါ်မှာရော ဂီတာတီးလေ့ရှိသော်လည်း ကျွန်မ အိပ်မက် ထဲမှာတော့ဖြည်းဖြည်းလေးလွှဲရမ်းနေသော ဒန်းပေါ်မှာသာ သူဂီတာတီးတတ်သည်။ အခါတိုင်း အိပ်မက်များထဲတွင် သူတီးလေ့ရှိသောသီချင်းသည် စိုင်းထီးဆိုင်၏ "ပျောက်ဆုံးသွားသော နိဗ္ဗန်ဘုံ" ဖြစ်သည်။


တစ်ခါတစ်ရံမှ ကျွန်မကို စကားပြောတတ်ပြီး အမြဲလိုလို မျက်နှာတည်တည်ထားတတ်သော၊ ကျွန်မရောက်လာသည် ကိုမြင်လျက်နှင့် ထမင်းစားမခေါ်ဘဲ သူ့ဘာသာသူ စားနေတတ်သော၊ အမြဲလိုလို ကျွန်မရှေ့လည်းမရှောင်ဘဲ သင်ဖြူး ခင်းထားသော သံမံတလင်းပေါ်မှာ ဝမ်းလျားမှောက်၍ ရည်းစားသုံးလေးယောက်၏ စာများကို ကြိုးစားပမ်းစားသီးခြား ပြန်စာ ရေးနေတတ်သော ဟန်ဆောင်မှုကင်းမဲ့သည့် လူငယ်တစ်ယောက်ကို ကျွန်မချစ်သွားသည့်အကြောင်းသည် ရိုးစင်းသော အဖြစ် အပျက်တစ်ခုသာဖြစ်၏။ ဤကဲ့သို့ ရိုးစင်းသော အဖြစ်အပျက်ထဲမှ အံ့ဩစရာကောင်းနေသည်မှာ ကျွန်မသည် လှေကား မရှိသောမျှော်စင်တစ်ခုပေါ်တွင်သာ တစ်ချိန်လုံး ရှိနေခဲ့ခြင်းပင်ဖြစ်ပါသည်။ သူ လက်ကမ်းပါလျက် ကျွန်မ သူ့ထံ မသွားနိုင်၊ သူကလည်းကျွန်မဆီ မလာနိုင်၊ တစ်ယောက်ကို တစ်ယောက်ငေးမောတမ်းတနေကြရုံသာ ဖြစ်သည် ။ ဤအဖြစ်မျိုး ကြုံရဖူးသူ နည်းပါးပါလိမ့်မည်။


ကျွန်မချစ်သူသည် သာမန်လူငယ်တစ်ဦးသာ ဖြစ်သောကြောင့် ခြေကျင်လမ်းလျှောက်သူများ ထုံးစံအတိုင်း သူ့ခြေဖမိုးတို့တွင်ဖုန်မှုန့်များအမြဲပေကျံနေတတ်သည်။


"ဟင် ခြေထောက်တွေကလဲ" ဟု ကျွန်မက မကြားတကြား ရေရွတ်လျှင် ရှက်ကိုးရှက်ကန်းဖြစ်မသွားဘဲ ပြုံးရယ်လျက် "ဆင်းရဲသားကိုး" ဟု ပြန်ပြောခဲ့ဖူးပါသည်။ သူက စီးကရက်သိပ်ကြိုက်သောအခါ ကျွန်မသည် စီးကရက်နံ့ကို စွဲလမ်းစပြုလာ၏။ အိပ်မက်ထဲက စီးကရက်နံ့က ပိုမွှေးပါသည်။


ကျွန်မတို့နှစ်ဦး၏ ဘာမှန်းညာမှန်းမသိသော ရှစ်နှစ်ကြာ တိတ်တခိုးတွယ်ငြိမှုသည် ယခုအခါ သူ၏ ခါးသီးသော အရသာ အဖြစ် တရိပ်ရိပ် ပြောင်းလဲသွားပြီဖြစ်ကြောင်း ဟိုမှ သည်မှ သတင်းစကားကြားရပါသည်။ နှစ်ယောက်လုံးအတွက် ဖြစ်သင့်သော အမှန်တရားတစ်ခုပင်ဖြစ်၏။ ကျွန်မတို့ နှစ်ဦးလုံး၏ ဘဝအတွက် သူသည် ပင်လယ်ကိုချစ်ရမည်၊ ကျွန်မကို မုန်းရမည်၊ ကံကြမ္မာကိုသာ ကျိန်ဆဲတတ်ရမည်။


သူ ကျွန်မကို မမုန်းတီးမိတုန်းက ကျွန်မပန်ဖို့ စကားဝါပန်းများ သူ ယူလာဖူးသည်။


ဟန်ဆောင်တတ်သော၊ မာယာများသော ကျွန်မက သူ့ရှေ့မှာ ပန်းဝါများကို ဘုရားကပ်လှူလိုက်သောအခါ သူ ပြုံးလိုက် သလား၊ မဲ့သွားသလား၊ နောက်ပြန် စဉ်းစားလိုက်လျှင် ဝိုးတဝါးဖြစ်နေတော့သည်။ သေချာသည်မှာ ကျွန်မ ဘယ်တုန်းကမျှ ပန်း မပန်တတ်ခြင်းပင် ဖြစ်ပါသည်။


ခပ်ငယ်ငယ် မခင်မင်သေးခင်က တစ်မြို့တည်းနေကြရပြီး အနည်းငယ် ခင်မင်စပြုလာချိန်တွင် ကျွန်မရော သူရော မြို့ ကလေးနှင့် ဝေးရာသို့လွင့်စင်သွားခဲ့ရသည်။


တစ်မြို့တစ်နယ်စီ ဖြစ်နေကြသော ကျွန်မနှင့် သူသည် ချိန်းဆိုထားခြင်းမရှိဘဲ ရှေ့ဆင့်နောက်ဆင့် မြို့သို့ အလွမ်းပြေ ပြန် ရောက်သွားကြသောအခါ ကျွန်မတို့ တော်တော် ပျော်ရွှင်ခဲ့ဖူးပါသည်။ သီတင်းကျွတ်လဖြစ်တတ်သည် ။ သင်္ကြန်လ ဖြစ်တတ် သည်။


တွေ့ကြပြန်တော့လည်း အသံတိတ် ရုပ်ရှင်ကားတစ်ခု အဖြစ်သာ ဆက်လက်၍ ကြုံတွေ့နေကြရပါသည်။


မသိမသာ တစ်နယ်စီဝေးရာမှ သိသိသာသာ ဝေးကွာခဲ့ရသောအခါ၊ နောက်ပြီး စကားဆိုဖွဲ့ လွမ်းပြဖို့လည်း အခွင့်မကြုံသည့် အခါ အိပ်မက်ထဲမှာပင် သူနှင့်ကျွန်မ တွေ့ဆုံကြရသည်။


တောင်ကုန်းထက်က ရေတွင်းကလေးထဲကို ငုံ့ကြည့်ပြီး "နှင်းရေ" ဟု အသံထွက် အော်ခေါ်နိုင်ခဲ့သော ခင်ဝမ်းသည် ကျွန်မထက် အများကြီး ကံကောင်းပါသည်။ ကျွန်မကတော့ ဘယ်မှာမှ "ကိုကိုရေ. . ."ဟု ခေါ်ဖို့ သတ္တိမရှိခဲ့သောကြောင့် မြစ်ကမ်းဘေးက သဲသောင်ခုံပေါ်မှာ ရိုးစင်းစွာ မျိုသိပ်စွာ သူ့နာမည်တွေကိုပဲ ရေးခဲ့ရပါသည်။ ရင်းနှီးသူအားလုံးက ကျွန်မအား တွေဝေ ယိမ်းယိုင်တတ်သူဟု မသိမသာ ရှုတ်ချခဲ့သော်လည်း သဘောကောင်းသော ကျွန်မ မြို့ကလေး၏ သဲသောင်ခုံမှ ခရုခွံကလေးများ၊ ရေလှိုင်းကလေးများကတော့ အသာအယာပဲ ညည်းညူပြခဲ့ပါသည်။


ပြန်လည်ဆုံဖို့ ခဲယဉ်းသွားပြီဖြစ်သော အကယ်၍ပြန်ဆုံလျှင်တောင်မှ ဟိုတုန်းကလို ကျွန်မကို ပြုံးပြရယ်မောလိမ့်မည် မဟုတ်တော့သော ကျွန်မချစ်သူသည် အဲဒီမြို့ကလေးမှာ နှစ်ပေါင်း နှစ်ဆယ် နေထိုင်ခဲ့ဖူးသည်။


(၂)


မြန်မာနိုင်ငံ ပထဝီဝင်ဘာသာကို သင်ကြားဖူးသူသည် အနည်းဆုံး ကျွန်မတို့မြို့ငယ်ကလေး၏ နာမည်ကို ကြားဖူးပြီး ဖြစ်သည်။


တွင်းထွက်ပစ္စည်း များပြားလှသော မြန်မာနိုင်ငံမြေပုံထဲမှာ မြို့တည်နေရာလေးကို ရေနံတူးစင် ပုံသဏ္ဌာန်လေးဖြင့် ဖော်ပြထား တတ်၏။ အချို့မြေပုံထဲမှာတော့ မြို့တည်နေရာလေးကို ဧရာဝတီမြစ်၏ အရှေ့ဘက်က သေးငယ်သော အမည်းစက် ကလေး ဖြင့်သာ ပြထားတတ်သည်။


မြန်မာနိုင်ငံ ရထားလမ်းများပြမြေပုံမှာတော့ ကျွန်မတို့မြို့ မပါဝင်ခဲ့ပေ။ မြို့ကလေးမှာ ကားလမ်းနှင့် ရေလမ်းသာရှိသည်။ နောက်ပြီး ရန်ကုန်-မန္တလေး အမှတ်နှစ် ကားလမ်းမပေါ်မှာ ရှိသည်။


မြို့ဟု ဖော်ပြရန် မည်သည့် အချက်အလက်များဖြင့် ပြည့်စုံရမည်ဟု သတ်မှတ်ကြမလဲ။


တချို့က ကျွန်မတို့မြို့ကို ရွာတန်းရှည်ကလေးဟု သတ်မှတ်လိုကြသည်။ အကျယ်နည်းပါးပြီး ရှည်လျားနေသောကြောင့် ဖြစ်ဟန်တူပါသည်။


မည်သို့ဆိုစေ၊ ကျွန်မတို့ မြို့သူမြို့သားများကတော့ မြို့နယ်ကောင်စီရုံးစိုက်ရာဖြစ်သော၊ ယခုအခါ ကောလိပ်တစ်ခု ဖွင့်လှစ် သင်ကြားပေးလျက်ရှိသော ကျွန်မတို့ နေရာဒေသကလေးကို မြို့ဟုပင် နှစ်သက်စွာ ခေါ်ယူနေကြပါသည်။ ခြေဖမိုးအထိ ဖုံးတက်နေသော သဲမြေများက သုံးဆယ်ရာခိုင်နှုန်း၊ ကန္တာရနှင့် ထနောင်းပင် ကိုင်းကိုင်းများက သုံးဆယ် ရာခိုင်နှုန်း၊ မြင်းချေး၊ ကောက်ရိုးအစအနများ ဖုံးလွှမ်းနေတတ်သော မြေနီကျောက်စရစ်ခဲ အသေးအကြီးများက သုံးဆယ် ရာခိုင်နှုန်း၊ ဝေ့ဝဲတိုက်ခတ်လိုက်သော လေထုထဲတွင် ထုထည်ကြီးမားသော ဖုန်မှုန့်များက ဆယ်ရာခိုင်နှုန်း၊ ၄င်းအရာများကို စုပြုံရောမွှေ၍ အနိမ့်အမြင့် တောင်ကုန်း ချိုင့်ဝှမ်းတို့ဖြင့် တွန့်လိမ်မတ်စောက်သော မြေပြင်ပေါ်မှာ ကွေ့ကောက်စွာ ဖြန့်ကျဲချလိုက်သောအခါ ကျွန်မတို့မြို့ကလေး ဖြစ်ပေါ်၍လာပါသည်။


အတက်အဆင်း အကွေ့အကောက် ထူထပ်သော ကားလမ်းများသည် ကျွန်မတို့မြို့၏ ထူးခြားသော လက္ခဏာတစ်ခုဖြစ်၏။


တစ်စုံတစ်ယောက်သည် ညခရီးတွင် ကားပေါ်၌အိပ်ငိုက်၍ ပါလာသည် ဆိုပါတော့။ ကုန်းအတက် ဂီယာကြီးဖြင့် တအိအိ မဆုံးနိုင်အောင် တက်နေရသည့် အညာဒေသမြို့တစ်မြို့ဆိုလျှင် ကျွန်မတို့မြို့ဟု မျက်စိဖွင့်မကြည့်ဘဲ သိနိုင်သည်။


မော်တော်ကားမီးရောင်ဖြင့် နိမ့်လျောသော အဆင်းများ၊ မတ်စောက် ကွေ့လိမ်သော ကုန်းအတက်များကို မြင်နိုင်သည်။


ကားမီးရောင်သည် ယိုင်နဲ့နေသော ရေနံမြေတစ်ဝိုက်က အိမ်ကလေးများအပေါ် ကျရောက်သွားလျှင် ခရီးသည်တို့တွင် ကရုဏာစိတ် ပေါ်ချင် ပေါ်လာမည်။ ကားမီးရောင်သည် မတ်စောက်သောအဆင်းနှင့် သံတတားအောက်က ချောက်ကမ်းပါးပေါ်သို့ရောက်လျှင် ဘုရားတမိလိမ့်မည်။


နှင်းငွေ့များ တလိပ်လိပ်တက်နေသောကြောင့် လမ်းဓာတ်မီးများ မပီမသ မှုန်ဝါးနေတတ်သည့် ဥရောပရုပ်ရှင်များထဲက ညချမ်းအချိန်ပြကွက်အချို့ကို မြင်ရတိုင်း အဝေးဆီမှ ကျွန်မတို့မြို့ကလေးကို အောက်မေ့မိတတ်ပါသည်။ ရုပ်ရှင်ထဲမှာ မြူနှင်း ငွေ့များဖြစ်ပြီး ကျွန်မတို့မြို့မှာ ဖုန်ငွေ့များ ဖြစ်နေတတ်ပါသည်။


နွေရာသီတွင် ဖုန်ထူထပ်သလောက် ဆောင်းရာသီမှာ မြူငွေ့နှင့်အတူ အအေးပိုကဲတတ်ပြီး မိုးရာသီ ဆိုလျှင်လည်း မိုးရေချိန် လက်မလေးဆယ်အောက်ဟုသာ စာအုပ်ထဲမှာ သင်ရပေမယ့် ရွာမိလျှင် ခုနှစ်ရက်တစ်ပတ် မိုးမပြတ်ဘဲ ရှိနေတတ်၏။


မြို့လယ်ခေါင် ကားလမ်းမှာ ချောင်းဖြတ်စီးနေသည်ကို ကြုံဖူးကြပါသလား။


မဖြစ်နိုင်စရာ မရှိပါ။ ကျွန်မတို့မြို့ကလေးမှာတော့ ဖြစ်နိုင်ပါသည်။ မိုးရာသီမှာ ဖြစ်ပါသည်။ တစ်ခါတစ်ခါ ချောင်းရေ ပြင်းထန်လွန်းသောကြောင့် ကားလမ်းဘေးက ကွမ်းယာဆိုင်၊ ထမင်းဆိုင်တို့ကအစ အိမ်အချို့ပါ ရေတိုက်စားပြီး ပြိုလဲမျောပါ တတ်ပါသည်။


အခြားသော မြို့များကဲ့သို့ပင် ဤမြို့၏ လက်ဖက်ရည်ဆိုင်များ၌ လူပြည့်ကျပ်လျက်ရှိ၏။ ကဗျာဆရာကလေးများ စကားပြောဖို့ လက်ဖက်ရည်ဆိုင်မှာ တွေ့ကြရသည်။ ကွဲကွာနေသော သူငယ်ချင်းများ လက်ဖက်ရည်ဆိုင်မှာ တွေ့ကြသည်။ ကောလိပ် ကျောင်းသား ကျောင်းသူ အတွဲကလေးများ လက်ဖက်ရည်ဆိုင်မှာ ချိန်းကြသည်။


လူကြီးပိုင်းက ပွဲစားကုန်သည်များ လက်ဖက်ရည်ဆိုင်မှာ ဈေးနှုန်း သတ်မှတ်စကားဆိုကြသည်။ တစ်ချို့ဆိုင်များမှာ အေးအေးဆေးဆေး ထိုင်ဖို့ကောင်းပါသည်။ သို့သော် ဆိုင်ခင်းကျင်းပုံ အနေအထားအရလည်းကောင်း၊ ပတ်ဝန်းကျင် ဆူညံလှုပ်ရှားလွန်းသောကြောင့်လည်းကောင်း၊ တစ်ချက်တစ်ချက် ဝေ့ခနဲ တိုက်ခတ်လိုက်သည့် လေထဲမှ သဲမှုန့်များ၊ ဖုန်မှုန့်များ၊ မန်ကျည်းရွက်ကြွေများ ပန်းကန်ထဲသို့ လာရောက်လွင့်စင် ကျလာတတ်သောကြောင့်လည်းကောင်း၊ ကသုတ်ကယက် လာထိုင်၊ အလျင်အမြန် သောက်ပြီး ချက်ချင်းပြန်ထွက်သွားရသည့် ဆိုင်များလည်းရှိသည်။ ဤဆိုင်များသို့ လာသူများကတော့ ဤဆိုင်၏ လက်ဖက်ရည်အရသာကိုမှ ခုံမင်စွဲလမ်းနေသူမျိုးနှင့် နောက်တစ်မျိုးမှာ သွားရင်း လာရင်း ဆာလောင်သူ၊ အပြေးအလွှား လုပ်ငန်းခွင် ဝင်ရမည့်သူမျိုး ဖြစ်တတ်၏။


မြို့၏ ဝိသေသန လက္ခဏာထဲမှာကိုက သဲများ၊ ဖုန်များ ပါဝင်နေတော့ အစားအသောက်ဆိုင်များ၊ မုန့်ဟင်းခါးဆိုင်များ၊ လက်သုပ်ဆိုင်များ၊ အကြော်ဆိုင်များသည် ဘယ်လိုပဲ အဝတ်ပါးပါးနှင့်ဖုံးဖုံး၊ မှန်သေတ္တာနှင့်ပဲ ထားထား၊ သဲအနည်းငယ်၊ ဖုန်အနည်းငယ်တော့ ပါသွားတတ်တာပါပဲ။ ရောင်းသူများကလည်း မသိကျိုးကျွံပြု၍ ပြင်ဆင်ပေးပြီး စားသူများကလည်း နေသားကျသည့်အတိုင်း မသိကျိုးကျွံစားသောက်သွားကြတာပါပဲ။


မြို့ကားလမ်းပေါ်မှာ မြင်းစီးသွားသော အလုပ်မျိုးကို တစ်ခါတစ်ရံ လုပ်တတ်ကြသေး၏။ အဆင်ပြေသလို၊ အခြေအနေပေး သလို ပြုမူသွားသော ထိုသူမျိုးကို အထူးအဆန်းသဖွယ် အများကငေးကြည့်ပြီး တစ်စုံတစ်ခု ရေရွတ်တတ်ကြသည်။ မြင်းလှည်း သမားများဆိုလျှင် "ဟာ သိပ်ကောင်းတဲ့ မြင်းကြီးပဲ" ဟု ရေရွတ်လိမ့်မည်။ ကလေးသူငယ်များကတော့ လက်ခုပ်ဩဘာ ပေး၍ "ကောင်းဘွိုင် ကောင်းဘွိုင်"ဟု အော်ဟစ်လိမ့်မည်။ ကြောက်လန့်တတ်သော မိန်းမခပ်ကြီးကြီးဆိုလျှင် "အမလေးတော်၊ ကြံကြံဖန်ဖန် ကားနဲ့များ တိုက်လိုက်မှဖြင့်"ဟု ညည်းညူလိမ့်မည်။ မိန်းကလေး ခပ်ငယ်ငယ်များဆိုလျှင်တော့ လက်ဖဝါးဖြင့် နှုတ်ခမ်းကို မထိတထိ အုပ်ကွယ်လျက် ခပ်တိုးတိုး ရယ်မောလိမ့်မည်။


မည်သို့ဆိုစေ ထိုမြင်းစီးသမားကတော့ အနောက်နိုင်ငံ နွားကျောင်းသား ဇာတ်လိုက်များလိုပဲ နည်းနည်းမျှ မျက်နှာမငုံ့၊ ခပ်တည်တည် ကဆုန်ချ စီးနင်းသွားမှာပဲဖြစ်၏။ တစ်ခါတစ်ခါတော့ ကျွန်မတို့မြို့သည် ဤကဲ့သို့ ရှိတတ်ပါသည်။


(၃)


သိပ်ဝေးလွန်းသောအခါ ပုံသဏ္ဌာန် ထင်ရှားသော ရုပ်ဝတ္ထုတစ်ခုပင်လျှင် အမြင်အာရုံတွင် မှုန်ဝါးသွားတတ်ပါသည်။ ထို့အတူ ကာလများစွာ ခြားသွားသောအခါ ဟိုတုန်းက ကျယ်လောင်ခဲ့သော ရင်ခုန်သံတို့သည် တိုးမှိန်သွားတတ်ပါသည်။ ကျွန်မနှင့် သူ စကားအကြာကြီး ထိုင်ပြောခဲ့သော တစ်ညနေက စကားပြောရင်း ကျွန်မကို ခပ်တည်တည်ကြည့်၍ "ဘာလဲ စကားပြောရတာ စိတ်မပါဘူးလား၊ ပျင်းနေရင်လဲ ကျွန်တော်ပြန်တော့မယ်" ဟု ဗြုန်းခနဲ ပြန်ထွက်သွားသည်ကို မှတ်မိနေသော်လည်း အဲသည်တုန်းက သူနှင့်စကားပြောရတာ တကယ်ပျင်းနေသလား၊ ပျင်းချင်ယောင် ဆောင်တာလားဟု ယခု မမှတ်မိတော့ပါ။ ခဏခဏ ပြန်မက်သော အိပ်မက်များထဲမှာ သူနှင့် ကျွန်မ စကားအကြာကြီး ပြောနေကြသော်လည်း ကျွန်မ ပျင်းချင်ယောင်မဆောင်မိခဲ့ပါ။


ကျွန်မတို့နှစ်ဦး ဆုံမိလျှင် တစ်ဦးကိုတစ်ဦး အဆိပ်လွှမ်းသော မျက်လုံးအစုံဖြင့်သာ ကြည့်တတ်ကြသော်လည်း၊ အိပ်မက်ထဲ မှာတော့ ချိုမြသော အရိပ်အငွေ့များဖြင့် ကြည့်တတ်ကြပါသည်။ ဤအကြောင်းများကြောင့်လည်း အိပ်မက်များကို ကျွန်မ ချစ်တတ်ခြင်းဖြစ်သည်။ အပြင်လောကမှာတော့ ကျွန်မတို့နှစ်ဦးသည် မျက်လုံးချင်းလည်း ဝေးခဲ့ပြီ။ ခြေလှမ်းချင်းလည်း ဝေးခဲ့သည်။ နှလုံးသားချင်းပင် ဝေးလုပြီဟု ကျွန်မ ထင်ပါသည်။


နှစ်စဉ် နှင်းစက်နှင်းမှုန် လွှမ်းသော ဒီဇင်ဘာ နံနက်ခင်းတစ်ခု ရောက်တိုင်း ကျွန်မချစ်သူ၏ ပျော်ရွှင်ဖွယ်ရာ မွေးနေ့မင်္ဂလာ ဖြစ်ပါစေ ဟု ကျွန်မ ဆုတောင်းမြဲဖြစ်ပါသည်။ ဤသို့ကျွန်မ ဆုတောင်းနေချိန်တွင် ကျွန်မချစ်သူ သူ့ကို တစ်စုံတစ်ယောက်က မွေးနေ့လက်ဆောင် အနမ်းတစ်ခု ပေးမနေဘူးဟု မည်သူက သေချာပေါက် ငြင်းဆိုနိုင်မည်လဲ။


အချိန်တွေ အခြေအနေတွေ ဘယ်လောက်ပဲပြောင်းပါစေပေါ့လေ၊ ကျွန်မ၏ မြို့ကလေးသည် အနှစ်နှစ်ဆယ်ခန့် အတူတကွ တစ်မြို့တည်း နေထိုင်ကြီးပြင်းခဲ့သော၊ သာမန်မြို့သူမြို့သားများဖြစ်သော၊ ယခုအခါ မြန်မာနိုင်ငံ၏ မြောက်ဘက်စွန်းနှင့် တောင်ဘက်စွန်းတွင် ဝေးကွာလျက်ရှိသော ကျွန်မတို့ နှစ်ဦးကို သူ့မြေပေါ်မှာ ပြန်လည်စကားဆို ပြုံးရယ်နိုင်ဖို့ မျှော်လင့်နေမှာတော့ အမှန်ပါပဲ။


ကျွန်မတို့နှစ်ယောက်လုံး ချစ်ကြသော ရိုးစင်းသည့် မြို့ကလေးကပေါ့။


(၄) 


မြို့၏ အဓိက စီးပွားရေးမှာ ကုန်သည်ပွဲစားများဖြစ်ပြီး အများဆုံး လူတန်းစားမှာ ရေနံမြေလုပ်သားများ ဖြစ်သော်လည်း၊ ရေနံနှင့် ပတ်သက်လာလျှင် ကျွန်မ ဗဟုသုတ နည်းပါးပါသည်။ ကျွန်မ သိသလောက်တော့ ရေနံဆိုသည်မှာ အိမ်ကိုသုတ်ရသည်။ ကြမ်းကို ပြောင်လက်လာအောင် ရေနံဖြင့် တိုက်ရသည်။ အလွန်ရှားပါးသော လောင်စာဆီဖြစ်သည်။ ရေနံဆီဝယ်မရ သောအခါ မီးပြတ်ချိန်များတွင် ရှားပါးသည့် ဖယောင်းတိုင်ကို လေးထောင့်မှန်သေတ္တာ မီးအိမ်ရှည်ကလေးများမှာ ထည့်၍ လေဖြင့် မစားနိုင်အောင် ထွန်းညှိရသည်ဟု မှတ်မိနေသည်။


ရေနံအကြောင်း မသိသော်လည်း ရေနံအလုပ်သမားများကိုတော့ ကျွန်မ သတိတရ ရှိနေတတ်သည်။ ညနေအလုပ်မှ ပြန်ချိန်များ၌ သတ္တုခမောက်များကို မြို့၏ လမ်းမများမှာ တစ်စုတစ်ဝေးတည်း တွေ့ရ၏။


လမ်းအမြင့်မှကြည့်လျှင် ပြောင်လက်သော သတ္တုခမောက်များ တလှုပ်လှုပ်ဖြစ်နေသည်ကိုသာ မြင်ရပြီး တဖြည်းဖြည်း နီးလာမှ မျက်နှာ၊ လည်ပင်း၊ ခန္ဒာကိုယ်တို့ကို မြင်ရသည်။


လုပ်သားဝတ်စုံပြာများသည် သတ္တုရောင်အောက်တွင် ရှေ့တိုးနောက်ငင် ယိမ်းနေသည်ဟု ထင်မြင်ဖွယ်ရာဖြစ်သော်လည်း သွားသူက သွား၍ ပြန်သူက ပြန်နေခြင်းပင် ဖြစ်သည်။ အလုပ်တာဝန်လဲချိန်တိုင်း အပြာရောင်များသည် ဂေဂျာဟု သူတို့ ခေါ်ဝေါ်သော ရေနံတံဆိပ်ပါ အမိုးမဲ့ နံရံမဲ့ ကားရှည်ကြီးများပေါ်တွင် စီတန်း၍ ပါသွားတတ်သည်။


မြို့၏အိပ်မက်များတွင် ကျွန်မချစ်သူနှင့်အတူ သူတို့၏မျက်နှာများ ပါဝင်လာတတ်သော်လည်း ရေရေရာရာ မရှိလှပါ။ ပြောင်လက်သော သတ္တုခမောက်များ တစ်နေရာတည်းသို့ ပြုံ တိုးဝင်နေသည်ကိုသာ မြင်ရပြီး ထိုနေရာသည် ကျင်းကြီး တစ်ခုဟုသာ မှတ်မိတော့သည်။


တစ်ခါတစ်ရံ ကျွန်မနှင့် မိသားစုသည် သခင်ဖိုးလှကြီးခေတ်သို့ ပြန်ရောက်သွားပြီး တဲကုပ်ကုပ်ကလေးထဲမှာ ချမ်းလွန်း သဖြင့် မီးလှုံနေကြစဉ် ကျွန်မ ညီမလေးတွေက မီးဖိုမှ အလင်းရောင်ဖြင့် စာအော်ကျက်နေကြသည်။


ချောင်း ခဏ ခဏ ဆိုးသော ကျွန်မမေမေသည် တစ်ရေးနိုးချိန် ကျွန်မလိုပဲ တစ်ရေးနိုးနေမှာ သေချာပါသည်။ ကျွန်မတစ် ရေးနိုးတိုင်း မေမေ့ချောင်းဆိုးသံ ကျွန်မအနားမှာ မရှိလျှင်လည်း ဟိုအဝေးမှ ပြန်လွင့်လာတတ်မြဲ ဖြစ်၏။


အဝေးဆီမှ မေမေ့ကို တမ်းတမိလျှင် သတ္တုမီးခြစ် ခြစ်သံ တစ်ချက် နှစ်ချက် ဖြစ်ဖြစ် ကြားယောင်လာတတ်၏။


ထို့နောက်တော့ မှောက်လျက်အနေအထား၊ လတ်ထောက်လျက်အနေအထားဖြင့် "မလှရှင်" သနပ်ဖက် ဆေးလိပ်ကို ဖွာရှိုက်နေမည့် ဇရာပိုင်းအရွယ် အမေ၏ ပုံသဏ္ဌာန်ကိုပါ မြင်ယောင်လာတတ်သည်။


"ဆေးလိပ်တွေ သိပ်မသောက်ပါနဲ့ မေမေရယ်" ဟု သားသမီးများက တားမြစ်တိုင်း အပြုံးမပျက် "အေးပါ" ဟု သဘောတူတတ် သောမေမေသည် မိုင်ပေါင်းများစွာ ဝေးလံသော ကျွန်မတို့မြို့ကလေး၌ ကျွန်မအကြောင်းကို စဉ်းစားနေမှာပါ ။မြို့၏တီးတိုးသံကို နားစွင့်ရင်းလေ။


အချို့မြို့များသည် ညညတွင် ငြိမ်သက်စွာ အမှန်တကယ် အိပ်မောကျလျက်ရှိတတ်သော်လည်း ကျွန်မတို့ မြို့ကလေး တွင် တီးတိုးသံတို့ဖြင့် ခပ်သဲ့သဲ့ လှုပ်ရှားလျက် ရှိတတ်ပါသည်။


တစ်ချက်တစ်ချက်တွင် တွင်းတူးစက်၏ စက်သံများ၊ စက်ပစ္စည်းပို့ဆောင်သောယာဉ် နှင့် ညဆိုင်းအလုပ်သမားများ တာဝန်လဲ ရန် ပို့ပေးသော ယာဉ်များ၏မောင်းနှင်သံများ၊ တွင်းတူးစင်ပေါ်မှ အလုပ်သမားတို့၏ အော်ဟစ် စကားပြောသံများ၊ တူးဖော်ပြီးသော တွင်း၏ မောင်းတံ လည်ပတ်နေသံများ၊ သို့မဟုတ်လျှင်လည်း ရက်ကန်းစက်ရုံမှ စက်သံများ၊ နောင်ရိုးစက်ပြင် အလုပ်ရုံမှ စက်သံများ၊ သို့မဟုတ် ကျွန်မတို့မြို့၏ ကိုယ်ပိုင်လျှပ်စစ် ဓာတ်အားပေး မီးစက်ရုံမှ ခုတ်မောင်းသော စက်သံများ၊ သို့မဟုတ် တားမြစ်နယ်မြေ အမျိုးမျိုးမှ အော်ဟစ်ပြေးလွှားသံများ၊ သို့မဟုတ် ဧရာဝတီမြစ်မှ ခုတ်မောင်းသွားသော ရေနံတင် သဘောင်္များ၏ ဥဩသံများ။


ကျွန်မတို့ မြို့သူမြို့သားများအတွက် "ရေနံတွင်းပေါက်ကွဲလို့ " ဟူသော သတင်းစကား၊ "ရေနံတူးစင်ပေါ်က လိမ့်ကျလို့"ဟူသော အထိတ်အလန့်အသံများသည် မကြာခဏ ကြားရသော သတင်းစကားများ ဖြစ်သော်လည်း အသက်ဆုံးရှုံးမှုဖြစ်ရတိုင်း ယူကြုံးမရ ချောက်ချားကြသည်။ အခြားထိတ်လန့်စရာ တစ်ခုမှာ မော်တော်ကားများနှင့် ပတ်သက်သည်။


အခြားမြို့များတွင် ယာဉ်အချင်းချင်း တိုက်မှု၊ မတော်တဆ ကားတိုက်မှုတို့က ပိုမိုကောင်း ပိုမိုမည် ဖြစ်သော်လည်း ကျွန်မတို့ မြို့မှာတော့ ယာဉ်မှောက်မှု မှုခင်းက ပိုများနေ၏။


အဆင်း ကားလမ်းဘေးရှိ ချောက်ထဲသို့ ဘရိတ်ပေါက်၍ ရှေ့စိုက် ကျွမ်းထိုး ကျတတ်သလို အတက်ကားလမ်းဘေးရှိ ချောက်ထဲသို့ စက်ရပ်ပြီး နောက်ပြန် ကျွမ်းထိုး ကျတတ်ပါသည်။


သို့မဟုတ်လျှင်လည်း ကားလမ်းအကွေ့တောင်းစောင်းတစ်ခုနှင့် တိုက်မိပြီး ဘေးစောင်းမှောက်ကျတတ်ပါသေးသည်။


ဘယ်လိုပဲ မှောက်မှောက် ချောက်ကမ်းပါးထဲမှ ပြန်ဆယ်ယူရသော ကားမှာ၊ ကားဟုပင် မခေါ်ထိုက်လောက်အောင် ဘီးတစ်ခြား ကိုယ်ထည် သံကိုင်းများ တစ်ခြား၊ ပျဉ်ကျိုးများက တစ်ခြား စုတ်ပြတ်သွားတတ်၏။


နက်စောက်သော ချောက်ကမ်းပါး၏ ဟိုဘက် သည်ဘက်ကို ဆက်ထားသော တံတားနှစ်ခုသည် မြို့တွင်းကားလမ်းမမှာ ပါဝင်နေသည်။ ထိုတံတား၏ အောက်ခြေ ချောင်းစပ်မှာ အိမ်ငယ်ငယ်ကလေးများ ပြည့်နေ၏။ တစ်ခါတုန်းက (လွန်ခဲ့သည့် လေး ငါး နှစ်ခန့်က ဖြစ်ချင် ဖြစ်မည်) ကားလမ်းဘေး ချောက်ထဲက အိမ်ကလေးတစ်အိမ်မှာ မိသားစု ထမင်းဝိုင်းစားနေကြသည်။ ကားတစ်စီးက ချောက်ထဲသို့ မှောက်ကျသည်။ ထူးဆန်းစွာ ရင်နာဖွယ်ကောင်းသော၊ တုန်လှုပ်ဖွယ်ကောင်းသော အဖြစ်အပျက်မှာ အိပ်မက်မက်ဖို့ပင် ခါးသီးလှပါသည်။ အဲသည်တုန်းက မိသားတစ်စုလုံး ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ရ၏။ ယုံတမ်းစကား မဟုတ်ပါ။ သို့သော် ထိုကဲ့သို့ အိမ်ကလေးများ ယခုတိုင် အပူပင် ကင်းမဲ့စွာ နေထိုင်လျက်ရှိသောကြောင့် သံသယ ဝင်စရာရှိ၏။ လစ်လျူရှု နေထိုင်နိုင်စွမ်းသော ကျွန်မတို့ မြို့သားများ၏ အကျင့်ပင်ဖြစ်လိမ့်မည် ။


သူတို့သည် အမှတ်မထင် လစ်လျူရှူတတ်သလို အံ့ဩဖွယ်ရာလည်း စိတ်ရှည်တတ်ကြပါသေးသည်။


အသံမျိုးစုံမြည်လျက် ယိုင်ယိုင်နဲ့နဲ့ မောင်းနှင်လာသော "တွင်းကုန်း-မြို့တွင်း"ပြေး ဘတ်စ်ကားများကို ကျွန်မတို့ စိတ်ရှည် လက်ရှည် စီးကြသည်။ ငါးပိသိပ် ငါးချဉ်သိပ် ကြပ်ညှပ်၍ အသက်ရှူမဝသော "ညောင်လှ-မြို့တွင်း"ပြေး ဘတ်စ်ကား၊ တရွေ့ရွေ့ လှုပ်ရှားမောင်းနှင်နေသည်မှာ စိတ်မရှည်နိုင်စရာ ဖြစ်ပေမယ့် ကျွန်မတို့ အပြုံးမပျက်ကြပါ။ မတ်တတ်စီးသူများ ဆန်အိတ်ပိုင်း၊ ငရုတ်အိတ်ပိုင်းများပေါ်တွင် ထိုင်စီးသူများ၊ စကားတတွတ်တွတ်ဖြင့် အိုဟောင်းသော ကားစက်သံ၊ ကားကိုယ်ထည် သံပြား အချင်းချင်း ရိုက်ခတ်သံတို့ကို လျစ်လျူရှုထားနိုင်ကြသည်။ ဘတ်စ်ကားများသည် ပျင်းရိလေးတွဲ့သော နှံကောင်များလို မှတ်တိုင် မရောက်မီ ခပ်ဝေးဝေးကပင် ဘရိတ်ဖမ်းလျက် တအိအိ လှုပ်ရှားရပ်တန့်ပြီး ပြန်ထွက်သောအခါမှာလည်း ဖြည်းညင်းစွာ စတင် ထွက်ခွာကြ၏။ ကားနောက်မြီးမှာ ခိုတွယ် လိုက်ကြသူများလည်း အကျင့်ရနေသည့်ပမာ အပြုံးမပျက်၊ "ဆွဲ ဆရာရေ . . ."ဟု အော်သံမပျက်၊ လမ်းမှာတွေ့သော အသိမိတ်ဆွေကို လက်လှမ်းပြဖို့ လက်မအားလျှင် "ဟေ့ကောင်"ဟု နာမည်လှမ်းခေါ် နှုတ်ဆက်မပျက်။


( ၅ )


ကျွန်မတို့ မြို့က မိန်းကလေးများ၊ ကျောင်းသူများသည် မြို့၏ ထုံးစံအတိုင်း ရိုးစင်းသော အဝတ်အစားမျိုးသာ ဆင်ယင် တတ်သည်။ စာတမ်းများပါသော စပို့(တ်)ရှတ် ရောင်စုံများကို မြင်ရမည်။ မြို့ကြီးများတွင် သိပ်ခေတ်စားလိုက်သော အင်္ကျီစ ပါးပါးလှပ်လှပ် အိအိများကို ချုပ်ထားသည့် စီမံကိန်းအင်္ကျီဟူသော ပွပွလှုပ်လှုပ်အင်္ကျီများကို မြင်ရမည်။ နံရံကပ် ပိုစတာများ ကိုကြည့်ပြီး မြို့က လက်ခံသော ဝတ်စားဆင်ယင်ပုံ မျက်နှာသွင်ပြင်ကို အကဲခတ်နိုင်သည်ဟုဆိုလျှင် ကျွန်မတို့မြို့သည် ရိုးစင်းစွာ ခေတ်နောက်ကျနေသည်ဟု ဆိုနိုင်၏။ လွန်ခဲ့သော နှစ်အတော်ကြာက ထွက်ခဲ့သော ယိုးဒယားရုပ်ရှင် မင်းသမီးတို့၏ပုံများ ယခုတိုင် ကပ်ထားဆဲ။ ဖီးဘီးကိတ်၏ ပုံတူတစ်ချို့တစ်လေကိုသာ မြင်ရသည်။ ကျွန်မတို့မြို့သည် နာတာရှာကင်းစကီးကိုမသိ၊ အစ္စဘယ်လာ ရိုဆယ်လီနီကိုမသိ။


သာမန် လူငယ်များဖြစ်သော ကျွန်မတို့မြို့က လူငယ်များသည် အများကြိုက် ဆူလွယ်၊ နပ်လွယ် ဘာမှစဉ်းစားနေဖို့မလို သော အက်ရှင်ဇာတ်ကားများကို ကြိုက်ကြ၏။ နိုင်ငံခြားကား ပြတတ်သော "မြစိမ်းရောင်" ရုပ်ရှင်ရုံတွင် တရုတ်သိုင်းကား၊ ဂျပန် ကရာတေးကား၊ အိန္ဒိယကား၊ ဂျိမ်းစ်ဘွန်းကားတွေပြလျှင် လူကြိတ်ကြိတ်တိုးရုံမျှမက အခါတိုင်း ညနှစ်ပွဲသာ ပြသော်လည်း ထိုဇာတ်ကားများကို တစ်နေ့လေးပွဲပြသည်ကိုပင် ရက်အကြာကြီး လူပြည့်ဆဲဖြစ်သည်။"ဂျူလီယာ"လို "တန်းနင်းပွိုင့်"လို ဇာတ်ကားမျိုးဆိုလျှင် တစ်ရက်နှစ်ရက်ပြပြီး ရုံမှ ဆင်းသွားတတ်သည်။


တေးသံသွင်းဆိုင်ရှေ့က ဖြတ်သွားလျှင်တော့ အမြဲလိုလို ကြားဖူးနေကြ သီချင်းများသာ ကြားရမည်။ "လက်သီးဆုပ် မလား xx လက်ဝါးဖြန့်မလား" ဆိုသော သီချင်းမျိုး၊ "ကျွေးမွေးတဲ့ အိမ်ကခွေးလေး xx "ဟူသော သီချင်းမျိုး၊ "ပြန်ပေတော့ မစဉ်းစားနဲ့ ပြန်ပေတော့ xx " ဟူသော သီချင်းမျိုး။ သုံးနှစ်အရွယ် ကျွန်မတူမကလေးပင်လျှင် ကျွန်မကို အရင်တစ်ခေါက် ပြန်တုန်းက ထိုသီချင်းမျိုး ဆိုပြခဲ့သည်။


ဘာကြောင့်များလည်း မသိနိုင်၊ ဤရိုးစင်းသော ဟောင်းနွမ်းသော ငြီးငွေ့ဖွယ်ရာကောင်းသော မြို့ငယ်ငယ်ကလေး တစ်မြို့ ကိုပဲ ကျွန်မ မကြာခဏ အိပ်မက် မက်တတ်ပါသည်။ အိပ်မက်ထဲမှာ တချို့ မျက်နှာများကို ရင်းနှီးသည်ဟုထင်ပြီး မသိ တာမျိုး ရှိသလို မမြင်ဖူးဘူးထင်သော်လည်း ထိုမျက်နှာက တစ်ရင်းတနှီး လာနှုတ်ဆက်မှ ပြန်ပြုံးပြရတာမျိုးလည်း ရှိပါသည်။


မြို့၏ တီးတိုးသံများ၊ အရိပ်များသည် မိုင်များစွာဝေးလံနေသော ကျွန်မကို ဖြည်းညင်းစွာ ဆွဲငင်ခေါ်ယူသွားသောအခါ အိပ်မက် တစ်ခုအဖြစ် ကျွန်မလွမ်းသော မြို့ကသို့ ရောက်သွား၏။


တစ်ချိန်တွင် . . . 


"သီရိမင်္ဂလာ ပရိတ်တော်" စာအုပ်အနီ ကိုင်ထားသော ဖေဖေသည် ဘုရားခန်းမှာ ပုဆစ်တုပ် ထိုင်ရင်း ဘုရားစာရွတ် နေသည်။ မေမေက ပန်းထိုးခွေ စွပ်ထားသော ခေါင်းအုံးဖုံးတွင် အသားဖောက်ပြီး ယက်သော ပန်းပွင့်ငယ်ငယ်ကလေးများ ဖော်နေ ရင်း ညီမလေးများက ကျွန်မထံစာရေးနေကြ၏။


"မမဝင်းရေ နင် ဒီတစ်ခေါက်ပြန်လာရင် နွေတစ်ည စာအုပ်ဝယ်ခဲ့စမ်းပါနော်" တဲ့။


အိပ်မက်ထဲက အဆောက်အအုံးများသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်က အတိုင်းဖြစ်၏။ မြို့လယ်ကောင် သဲချောင်း မြေပြင်တွင် လဟာပြင်နှင့် ညဈေး ခင်းကျင်းထားတတ်သည်။ ထိုညဈေးတွင် ဂါဝန်အနီရဲရဲဝတ်ထားသော လေးငါးနှစ်သမီး ကလေးတစ်ယောက်သည် သူ့အမေကို လက်တွဲလျက် မုန့်ဆိုင်တန်းတလျှောက် မုန့်များကို လက်ညှိုးထိုးပူဆာနေလေ့ရှိသည်။ ဤနေရာတွင် လျှောစီးနေသော ကလေးများ၊ ဆီးဆောပေါ်မှ ကလေးများသည် ကျွန်မတို့မောင်နှမများ ဖြစ်ကြ၏။


တစ်ဖန် မြို့၏ အနောက်တောင်ထောင့်တွင် တည်ထားသော စနေနံ စေတီတော်သည် ယခင်ကအတိုင်း ဖြစ်သည်။ ကျွန်မတို့ ငယ်ငယ်တည်းက အိမ်နှင့်နီးသော စနေနံဘုရားပေါ်သို့ ခဏခဏ၊ တက်သွား၍ တစ်မြို့လုံးအပေါ်ကို ကြည့်ရှုပျော်ရွှင် လေ့ရှိပါသည်။ ရေတက်ချိန်များတွင် ဘုရားအောက်က ကမ်းနားဆိပ်ကမ်း၌ မော်တော်များ၊ လှေများ၊ ကုန်တင် ကုန်ချ အလုပ်သမားများ၊ ခရီးသွားများနှင့် ရုတ်ရုတ်သဲသဲ ရှိနေတတ်သည်။ ငယ်ငယ်တုန်းကတော့ ကိုယ်မသိသည့် မျက်နှာများကို မြင်ရလျှင်လည်း ရင်းနှီးစွာ ပျော်ရွှင်အားရခဲ့တာပါပဲလေ။


အထက်တန်းကျောင်းသူ ဘဝတုန်းက မွှေးပျံ့ခဲ့ဖူးသော ချစ်စရာ တမာပွင့်တို့၏ ရနံ့သည် အိပ်မက်ထဲမှာပင်လျှင် မူးယစ်ဝေဆဲ ဖြစ်၏။ ယခုကဲ့သို့ တိုက်ခန်းဆောင်မဟုတ်သေးဘဲ ထရံဆောင်သာ ဖြစ်ခဲ့သော နဝမတန်းအဆောင်သည် အိပ်မက်ထဲမှာလည်း ထရံဆောင်သာဖြစ်ပြီး စူးရှသော သစ်သားနံ့ဖြင့် လွှမ်းနေသည်။ ထိုစာသင်ခန်းသည် ကျွန်မ မကြာခဏ အောက်မေ့သော နဝမတန်း( ဂျီ )ဖြစ်၏။ ကျွန်မ၏ စာသင်ချိန် ဘဝ သက်တမ်းတစ်လျှောက်လုံး အထက်တန်းကျောင်းက နဝမတန်း( ဂျီ )မှာ၊ ပျော်ရွှင် တက်ကြွဆုံးဖြစ်သည်။ အိပ်မက်ထဲမှာလည်း ကျွန်မတို့ အခန်းကို "ဆိုးသွမ်းလူငယ်ဆောင်"ဟု သမုတ်ကြ၏။ အမှန်ကတော့ ကျွန်မတို့ အတန်းသားများသည် ပျော်ရွှင်တတ်သော အပြစ်များသာရှိပါသည်။ မိမိတို့ဘာသာ ကျောင်းလစ်ခြင်း၊ ပြတင်းပေါက်မှ ခိုး၍ဆင်းခြင်း၊ အနီးရှိ တမာပင်ပေါ်တက်ခြင်း၊ စာသင်ခန်းထဲတွင် မုန့်ခိုးစားခြင်း၊ သင်္ချာအိမ်စာများ တွက်လာခဲ့ဖို့ တစ်တန်းလုံး မေ့လျော့တတ်ခြင်း စသည့်ပျော်ရွှင်တတ်သော အပြစ်များသာ ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး ပညာချင်း၊ ပစ္စည်းဥစ္စာ ၊ မိဘချင်း၊ အဝတ်အစားချင်း ယှဉ်ပြိုင်မနာလိုကြဖို့ အစဉ်သတိမရဘဲ၊ ဆရာများအလစ်တွင် သီချင်းကူးဖို့ မုန့်စားဖို့လောက်သာ အာရုံရှိသော ဖြူစင်သည့်အရွယ်၏ လတ်ဆတ်မှုသည် ယခုတိုင် ကျွန်မအား တမ်းတစေတုန်း ဖြစ်ပါသည်။


ချစ်စရာကောင်းသော နဝမတန်း( ဂျီ )မှ ကျောင်းသား ကျောင်းသူများသည် ကျွန်မတို့မြို့မှာ ရှိချင်မှလည်း ရှိတော့မည်။


ကျွန်မတို့၏ ကုန်းမြင့်များပေါ်တွင် ငွေရောင်သုတ်ထားသော သံလှောင်ကန်ကြီးများသည် အိပ်မက်ထဲမှာပင် အရောင် တောက်ပ၍ လက်နေကြသည်။ ရေနံပိုက်လိုင်းများ ရှုပ်ယှက်ခတ်နေသော တောင်ကုန်းများ၊ မြင့်မားသော ရေနံတူးစင်များသည် ကျွန်မ အိပ်မက်ထဲမှာ အမြဲပါနေကျ ဖြစ်သည်။ မြို့၏ တောင်ဘက်အစွန်းမှ ထီးထီးမားမား တည်ရှိနေသည့် အဆောက်အအုံကြီး တစ်ခုမှာ ကျွန်မစာသင်ဖို့ မမီလိုက်သော ကောလိပ်ကျောင်း တစ်ခုဖြစ်သည်။


အိပ်မက်ထဲတွင် ကျွန်မ မိသားစုကလေးသည်လည်းကောင်း၊ မြို့သူမြို့သားများသည်လည်းကောင်း၊ သာမန်နေ့ရက်များလို မထူးခြားသော နေ့စဉ်ဆောင်ရွက်နေကြ အပြုအမူများအတိုင်းပင် ဖြစ်နေ၏။


ခဏကြာသောအခါ အိပ်မက်သည် ကျွန်မကို တစ်နေရာသို့ပြောင်းရွှေ့ ခေါ်သွားသည်။ ထိုနေရာတွင် ညမွှေးပန်းတို့၏ ရနံ့ ပျံ့လွင့်နေ၏။ ဂီတာကြိုးညှိသံနှင့်အတူ အသံလှိုင်းတစ်ခု ရိုက်ခတ်လာလေသည်။ ဘယ်ကပါလိမ့် . . . ဘယ်က အသံပါလိမ့်။


ကြိုးတစ်ချောင်းချင်း ထိခတ်မြည်သံသည် အဝေးက လာသလို ဝိုးတိုးဝါးတားဖြစ်နေပြီးမှ ပီပြင်လှသော တေးသွားတစ်ခုကို ကြားလိုက်ရတော့သည်။ ဤဂီတသံသည် ယခင် အိပ်မက်များထဲက အသံမျိုးမဟုတ်ဘဲ အခြားတစ်ပုဒ်ဖြစ်သည်။


ဘယ်သူများပါလိမ့်။


လရောင်အရိပ် တစ်ဝက်တပျက်အောက်မှာ ခုံတန်လျား လွှဲဒန်းတစ်ခု ရှိနေသည်။ ဒန်းပေါ်မှာထိုင်ပြီး ဂီတာတီးနေတာ သူပဲ မဟုတ်လားကွယ်။ သူလည်း ကျွန်မလိုပဲ အိပ်မက်ထဲက သူ့မြို့ကို အလည်လာတာ ဖြစ်နိုင်ပါသည်။


မြေနှင့်မထိသော ခြေဖဝါးအစုံဖြင့် သူ့ဆီသို့ လွင့်မြောစွာ နီးကပ်သွား၏။


" မင်းနဲ့ xx လွဲအောင် xx မင်းနဲ့ ခွဲကာ xx အဝေးဆုံး " 


" အို. . ."


သူသည် ကျွန်မ၏ နာကျင်စွာ ညည်းညူသံကို ကြားလိုက်သလို သီချင်းတစ်ပိုင်းတစ်စဖြင့် ရပ်ပြီး စိုက်ငေးသွား၏။ မီးရောင်ဖြင့် လရောင်ဖြင့် ဖွာလွင့်နေသော ဆံပင်နွယ်များ အကြားမှ အရိပ်စွန်းထင်းနေသော သူ့မျက်နှာသည် ပြုံးဖို့ ခက်ခဲလှသော မျက်နှာမျိုး၊ အရာရာကို ပေါက်ကွဲပစ်ဖို့ ဝန်မလေးသော မျက်နှာမျိုး ဖြစ်နေသည်။


သည်လို မျက်နှာထားမျိုး ဖြစ်အောင် ကျွန်မကများ ပြောင်းလဲလိုက်လေသလား။


သူ့မျက်နှာမှ နာကျည်းရိပ်ကြောင့် ကျွန်မသည် ထိုနေရာမှ အမှိုက်တစ်စကဲ့သို့ လွင့်စင်ထွက်သွားပြီး အိပ်မက်မှ လန့်နိုးလာ ခဲ့ရပါသည်။


( ၆ )


မည်သို့ဆိုစေ အဝါရောင်အရိပ်အချို့ကို မကြာခဏ မြင်တတ်ပါသည်၊ ညညကျတော့ အိပ်မက်ထဲမှာ၊ နေ့ဘတ်ကျတော့ မြင်လွှာအောက်မှာ။ ဤအရောင်မှာ သူ့စကာဝါပန်းများ၏ အရောင်များလည်း ဖြစ်နိုင်သည်။ ကျွန်မတို့အိမ်မှ နှင်းဆီပန်း အရောင်များလည်း ဖြစ်နိုင်သည်။ ရုပ်ရှင်ရုံနံဘေးက ငုဝါပင်ကြီးမှ အပွင့်များ၏ အရောင်လည်း ဖြစ်နိုင်ပါသည်။


ကျွန်မလွမ်းသော မြို့ကလေးဆီမှ အဝါရောင်အရိပ်များသည် အမျိုးမျိုးသော ရနံ့ပေါင်းစုံထက် မွှေးပျံ့နေ၏ ။


---------


ဂျူး


( ၁၉၈၄-၈၅၊ ရေနံချောင်း ကောလိပ် နှစ်လည်မဂ္ဂဇင်း )


Sunday, January 21, 2018


 [ Mya Short Story ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]



#ကိုယ့်နေရာသူ့နေရာ #ငွေဇင်ယော်ဦး(မိုးကုတ်)

#ကိုယ့်နေရာသူ့နေရာ


#ငွေဇင်ယော်ဦး(မိုးကုတ်)


( ၁)


“ဟေ့ နင်တို့ သူငယ်ချင်း သူဌေးမ ပြန်လာတော့မယ်တဲ့နော်။ ကြားပြီးပြီလား”


အိမ်ပေါက်ဝ၌ လာရပ်ပြောသံကြောင့် စက်ချုပ်နေရာမှ ကျွန်မ ဖျတ်ခနဲ မော့ကြည့်တော့ လွင်လွင်ခိုင်ကို တွေ့လိုက်ရပါသည်။ အိပန်တို့ ဘေးခြံမှ လွင်လွင်ခိုင်။


“လာလေ လွင်ခိုင်။ ထူးထူးခြားခြား ဘယ်က လှည့်ဝင်လာတာလဲ”


သူ့အိမ်က ကျွန်မတို့နှင့် တစ်လမ်းကျော်ဖြစ်ပြီး ခါတိုင်း လာလေ့လာထ မရှိ၍ မေးမိရခြင်း ဖြစ်သည်။


“ဟိုနားခဏ လာရင်း လမ်းကြုံလို့ ၀င်လာတာ”


“ဒါနဲ့ ခုနက နင်ပြောတဲ့ တစ်ယောက်က ဘယ်သူ”


“သူဌေးမလေ။ အိပန်ဦးကို ပြောတာ”


ကျွန်မ အံ့သြ သွားရ သည်မှာ အမှန်။  တစ်ဆက်တည်းမှာပင် ၀မ်းလည်းသာသွားရပါ သည်။


“ဟုတ်လား ဘာလာ လုပ်မှာတဲ့လဲ”


“အလှူလို့ပြောတာပဲ။ သူ့အဒေါ်ပြောတာလေ။ သူတို့ သားအမိ မနက်ဖြန်ရောက် မှာတဲ့။ နင်တို့ဆီ ဖုန်းမဆက် ဘူးလား”


“ဟင့်အင်း”


“ဒီလောက်ခင်တဲ့ သူငယ်ချင်းတွေကိုတောင် သူ လာမယ့်အကြောင်း ဖုန်းဆက်ဖော် မရဘူးလား။ အံ့သြ ပါ့။ အင်းလေ သူဌေး ဖြစ်သွားပြီဆိုတော့ စိတ်ပြောင်းသွားပြီ နေမှာပေါ့”


သူ့စကားကြောင့် ကျွန်မမှာ စိတ်ကသိက အောက် ဖြစ်သွားရပါ၏။


“သြော် သူ မအားလို့နေ မှာပေါ့ လွင်ခိုင်ရယ်”


“အံမယ်လေး တချို့တွေ ရှိတယ်နော်။ ဘ၀မြင့် လာတော့ ဘ၀င်မြင့်ကုန်တာ”


လူမှမမြင်ရသေး၊ ကြိုတင် လိုရာ ဆွဲတွေးနေသည့် လွင်လွင်ခိုင့်ကို ကျွန်မ စိတ် ပျက်လာသည်။ အိပန် ဆိုသည်က ကျွန်မတို့နှင့် တစ်သက်လုံး ခင်လာတွဲလာသည့် သူငယ်ချင်းလေး။ သူ ပြောသည့် လူစားမျိုး မဟုတ်။ သို့ ပေမဲ့ မတွေ့ရသည့် နှစ်များ အတွင်း အိပန်တစ်ယောက် ပြောင်းလဲသွားလျှင်တော့ မသိဘူးပေါ့လေ။


“လာလေ လွင်ခိုင်။ အိမ် ပေါ်ထိုင်ဦး။ မတ်တတ်ကြီး”


“နေနေ ရတယ်။ အိမ်မှာ ချုပ်လက်စ အထည်တွေ ဒီအတိုင်း ပုံချခဲ့တာ။ ပြန်ဦးမှ”


ပြောပြောဆိုဆို ပြန်ပြေး သွားသည့် လွင်လွင်ခိုင်ကို ကျွန်မ အူကြောင်ကြောင်နှင့် ငေးကြည့်ကျန်ရစ်ခဲ့သည်။

အင်း အိပန်တို့က မနက် ဖြန်ညနေ ရောက်မည်ဆိုသော်လည်း ကျွန်မက သန်ဘက်ခါ မှ သွားတွေ့နိုင်ပါမည်။ သွားသည့်အခါ နွယ်နီကိုပါ တစ်ခါတည်း သူ့အိမ်၌ ၀င်ခေါ် သွားလိုက်မည်။ အိပန်လာ မည်ဟုသိလျှင် နွယ်နီလည်း တော်တော် ပျော်သွားမှာ သေချာပါသည်။


( ၂)


တကယ်တမ်းကျတော့ ကျွန်မပင် မသွားလိုက်ရဘဲ ရောက်သည့် ညနေစောင်းမှာ အိပန်တစ်ယောက် နွယ်နီကို ခေါ်၍ ကျွန်မအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချ လာပါသည်။


“ဟယ် အိပန်ရယ်။ ငါ က မနက်ဖြန်မှ လာမလို့ကို”


“လာမလို့ဆိုတော့ နင် ကငါလာမှာ ကြိုသိလို့လား”


“သိတယ်လေ။ မနေ့ကတင် လွင်လွင်ခိုင် လာပြောသွားတာ”


အနည်းငယ်အံ့သြ သော အမူအရာဖြင့် အိပန်က “သြော်” ဟု ရေရွတ်သည်။


“အိပန် နင်ဝလာတယ် သိလား”


“လှရော မလှလာဘူးလား”


“လှပါ့။ တကယ်ပြောတာ။ ငါ့သူငယ်ချင်းကို ငါတောင် ရုတ်တရက် မမှတ်မိချင်ဘူး”


သည်နေရာ အရောက်မှာ ကျွန်မတို့ နှစ်ယောက် ပြောသမျှကိုပြုံးပြုံးလေးနားထောင် နေသောနွယ်နီက ၀င်ပြောသည်။


“ဟုတ်တယ် ဟုတ်တယ်။ ငါတို့ဆိုင် ပေါက်ဝမှာ ရုတ်တရက်ပေါ်လာပြီး “နွယ် နီရေ” လို့ ခေါ်လိုက်တဲ့ အသံလည်း ကြားရော ငါ့မှာ ကိုယ်များ မျက်စိမှားသလားလို့”


“နင်တို့ နှစ်ယောက်ကတော့ ငါ့မျက်စိထဲမှာဘာမှကို မပြောင်းလဲဘူး။ အရင်လို ပါပဲ”


ပြောရင်းနှင့်မှ အိပန်က ကျွန်မစက်ချုပ်ခုံအနီး လာရပ် ကြည့်သည်။


“မြလေး အလုပ်တွေ များနေတာလား။ အထည်တွေကို ပုံနေတာပဲ”


“များဆို လာမယ့် အပတ်ထဲမှာ အလှူ ရှိတယ်လေ။ အဲ့ဒီ အလှူလှည့်ကို လိုက်မယ့်သူတွေ လာအပ်ထား တာတွေ ချုပ်ပေးနေရတာ”


“အလုပ်တွေတော့ အဆင်ပြေကြတယ် မဟုတ်လား”


“ဒီလိုပါပဲ” ဟု ကျွန်မ ဖြေဖြစ်သည်။ ရယ်ဒီမိတ်တွေ သူ့အတိုင်းအတာနှင့်သူ အလွယ်တကူ ပေါပေါပဲပဲ ၀ယ်၍ ရနိုင်သည့်ခေတ်မို့ အရင်ကလို များများ မချုပ်ရ တော့သည်ကို ကျွန်မတို့သာ အသိဆုံးမဟုတ်လား။


“နွယ်နီရော”


“ငါလည်းဒီလိုပဲလေ” ဟု နွယ်နီက ပြုံးရင်းဖြေသည်။


“မနက် မိုးလင်းတာနဲ့ ငါ့ အဒေါ်အိမ်သွား။ စားသောက် ဆိုင်ဆိုတော့ ဈေးဝယ်ရ တယ်။ ကြော်လှော်ရတယ်။ သိမ်းရဆည်းရတယ်။ ဖုန်းဆိုင်ပါ တွဲထားလို့ ဖုန်းလိုက် ပို့ရတယ်”


“လခတော့ ပေးတယ် မလား”


“ပေးပါတယ်။ စားပြီး သောက်ပြီး တစ်လငါးသောင်း”


“မဆိုးပါဘူး”


“ဆိုးတယ်ဟဲ့။ ငါ့မိဘ တွေက မပြေလည်တော့ ရသမျှ တစ်ပြားမကျန်အပ်ရ တယ်လေဟာ”


“ဦးတို့ အန်တီတို့ကော အခု ဘာလုပ် နေကြနေလဲ”


“အရင်လိုပဲပေါ့။ ငါ့ အမေက တစ်ခါတလေလည်း ငါးပိငါးခြောက်လေး တွေ သူများနားကယူရောင်း တဲ့အခါ ရောင်း၊ အဖေက လည်း အလုပ်ရှိရင်လုပ် မရှိရင်မလုပ်။ ခါတိုင်းလိုပဲလေ”


အိပန်က ခေါင်းညိတ်သည်။


“နင်ကော အခုဘာတွေ လုပ်နေလဲ အိပန်”


“ငါလား အင်း ဘာ တွေလုပ်နေလဲဆိုတော့ စုံစီ နဖာလို့ ပြောရမှာပဲ။ အထည် ချုပ်ရုံကတော့ အဓိကပေါ့ လေ။ ပြီးတော့ အင်တာနက်ဆိုင် ထောင်ထားတယ်။ ပြီးတော့ သူများ လုပ်ငန်းတွေထဲ ဟိုနည်းနည်းဒီနည်းနည်း ရှယ်ယာ ပါထားတာတွေ ရှိတယ်”


“နင်က အဆင်ပြေတယ် ကြားရလို့ ငါ ၀မ်းသာပါ တယ်ဟယ်။ ခုလည်း အလှူ လာလုပ်တာဆို”


“အဲ့ဒီလိုကြီးလည်း မဟုတ်ပါဘူး။ အမေက လည်း မရောက်တာကြာလို့ လာချင်တယ် ဆိုတာနဲ့။ ပြီး တော့ တို့ရှိတုန်းက ကိုးကွယ် ခဲ့တဲ့ ဆရာတော့် ကျောင်းကိုလည်း လှူစရာလေးတွေ နည်းနည်းပါးပါး ရှိတာနဲ့။ ငါကလည်း နင်တို့ကို တွေ့ ချင်တာနဲ့ မထူးဘူး ဆိုပြီး လာခဲ့လိုက်တာ”


“ဦးလေးကိုတော့ ခေါ် မလာဘူး”


“အလုပ်တွေ ရှိသေး တယ်လေ။ သြော် ရော့ ဒီ အထုပ်တွေက နင်တို့အတွက် ငါယူလာခဲ့တဲ့ လက်ဆောင် တွေ”


“ဘာတွေလဲ အားနာ စရာ”


“ဘာအားနာစရာလဲ။ ဒီ လူဒီလူချင်းများ ဒီစကားပြော စရာလား။ ငါ့အထည်ချုပ်ရုံ က ယူလာခဲ့တဲ့ အထည်တွေ။ ငါဒီကို လာမယ်ဆိုတော့ မေမေက ပြောတယ်။ ညည်း သူငယ်ချင်း မြလေးတို့ နွယ်နီ တို့ကို ကြိုဖုန်းဆက်ပါလား တဲ့။ ငါက မဆက်ဘူး။ ရုတ်တရက်မြင်မှ အံ့သြ၀မ်းသာ သွားကြစေချင်လို့လေ။ ငါ့ အဒေါ်ကိုတောင် ငါတို့လာမယ့် အကြောင်း နင်တို့ကို ကြို မပြောနဲ့လို့ ပိတ်လိုက်သေး တယ်”


ဒါကိုမှ လွင်လွင်ခိုင် တစ်ယောက် တကူးတကကို လာပြောသေးတာပါလားဟု ကျွန်မဘာသာခုမှ ဆက်စပ် သဘောပေါက်မိရပါ၏။ ဒါ ကြောင့်လည်း အိပန်မျက်နှာ တစ်မျိုး ဖြစ်သွားခဲ့သည်ကိုး။


“ကဲပါ ချုပ်စရာ ရှိတာ ချုပ်နော် မြလေး။ ငါက ရောက်ရောက်ချင်း နင်တို့ကို တွေ့ချင်လို့ထလာတာ။ အိမ် ပြန်ရဦးမယ်။ ဒေါ်လေးက ထမင်းစား စောင့်နေတော့မှာ။ နက်ဖြန်မှ လာမယ်ဟာ။ နွယ်နီလည်း အားတာမဟုတ် ဘူး။ သူတို့ဆိုင်က ဒီအချိန် လူကျနေပြီ”


“ဒီမှာ စားသွားလေ”


“နောက်ရက်လာစား မယ်လေ။ ဒီနေ့တော့ ဒေါ်လေး ချက်ထားပြီးပြီ။ ကဲ သွားပြီနော် သူငယ်ချင်း”


“သွားပြီ မြလေး”


“အေးအေး”


နှုတ်ဆက်ထွက်ခွာ သွားသည့် သူငယ်ချင်းနှစ် ယောက်ကို ငေးကြည့်ရင်း ကျွန်မကျန်ရစ်ခဲ့ပါသည်။ သုံးယောက်သား ချစ်ခင် ကြင်နာစွာ သွားလာပေါင်း သင်းခဲ့ကြသည့် ငယ်ဘ၀ကို လည်း အထူးပင်အောက်မေ့ သတိရမိပါ၏။


( ၃)


အိပန်၊ နွယ်နီနှင့် ကျွန်မက မူကြိုကတည်းက အတူ တူ။ ကျောင်းနေတော့လည်း တစ်တန်းတည်း တစ်ကျောင်း တည်း။ သုံးယောက်သား ဘယ်မျှအတွဲညီသလဲဆိုလျှင် အိပန်ဆိုသည်နှင့် ကျွန်မတို့နှစ် ယောက်ကိုပါ တစ်ခါတည်း တန်းသိလိုက်ကြပြီး ကျွန်မ တို့နှစ်ယောက်ဆိုလျှင်လည်း အိပန်ကိုပါသိလိုက်ကြသည် သာ။ ဘ၀အခြေအနေချင်းက လည်း သိပ်ပြီးကွာဟမနေ တော့ တစ်ယောက်နှင့်တစ် ယောက်ကြား နားလည်မှုရှိ ကြသည်။ တစ်ခါတစ်ရံတော့ အိပန်နှင့် ခြံချင်းကပ်လျက်နေ သည့် လွင်လွင်ခိုင်လည်း ကျွန်မတို့ကြားထဲပါလာတတ် သည်။ သူနှင့်လည်း တွဲသင့် သလောက်တွဲသော်လည်း ကျွန်မတို့ သုံးယောက်ပေါင်း သလိုမျိုးတော့ သူ့အပေါ်ထဲ ထဲဝင်ဝင် မပေါင်းမိကြပါ။ အကြောင်းမှာ ပုံမှန်အားဖြင့် ဆိုလျှင် ခင်မင်ရသည်မှာ မဆိုးသော်လည်း  တစ်ခါ တစ်ခါပေါ်လာတတ်သည့် သူ့စိတ်ဓာတ်ကို သိပ်မကြိုက် ကြ၍ဖြစ်သည်။ ဥပမာတစ်ခု ပြရလျှင် သူက နေရာတကာ မှာ ကျွန်မတို့ သုံးယောက် ထက်သာချင်သူဖြစ်သည်။ တစ်ခုခုမှာ ကျွန်မတို့က သူ့ ထက်ပိုသိနေ ၊ ပိုတတ်နေ လျှင် သူသိပ်မကြိုက်တော့ ပေ။ လပတ်စာမေးပွဲတိုင်း သူ့ထက်အမြဲ အဆင့်ကောင်း လေ့ရှိသော၊ ရုပ်ရည်အားဖြင့် လည်း ပို၍ ချောသော၊ ထက် မြက်ကာ အပေါင်းအသင်း လည်းသူ့ ထက်ပိုဝင်ဆံ့သော အိပန်ကတော့ သူ၏အဓိက ပြိုင်ဘက် ဆိုမမှား။ တကယ် ဆို ကျွန်မတို့ သုံးယောက် ကပင် ကျူရှင် မယူကြ။ မယူ နိုင်၍ မဟုတ်ပါ။ စာလိုက် နိုင်ကြ၍ မယူခြင်းပင်။ ဒါကို မှ သူက ကျွန်မတို့ကို တစ်ခါ တစ်ခါ စကားနှင့် နှိမ်ချင် သေးသည်။


ထို့ကြောင့် ကိုယ့်အချင်းချင်း လက်တို့ပြီးသူ့ကို အပြင်စည်း၌သာ ထားပြီး ပေါင်းခဲ့ ကြသည်။ သို့ပေမဲ့ သူကတော့ ကျွန်မတို့ကြား အတင်းဝင် ရောပေါင်းသည်ပင်။ ဘာမ ဆိုကျွန်မတို့ လုပ်သမျှလိုက် လုပ်ချင်သည်။ ဆယ်တန်းဖြေ ပြီးနောက် ကျွန်မနှင့် အိပန်တို့ စက်ချုပ်သင်တန်းတက်တော့ လည်း သူပါသည်။ နွယ်နီက တော့ သူ့အဒေါ်၏ စား သောက်ဆိုင်တွင် အလုပ်ဝင် ကူနေပြီမို့ မတက်နိုင်။ လွင် လွင်ခိုင်က တက်သည်ကိုပင် ရိုးရိုး မတက်။


“လုပ်စားဖို့တော့ မဟုတ်ပါဘူး။ အားနေလို့ တက်ထားတာ။ ကိုယ့် ဘာသာကိုယ်တတ်ထားတော့ ချုပ်ဝတ်လို့ရတာပေါ့”


အောင်စာရင်းထွက် တော့ ကျွန်မတို့ လေး ယောက်မှာ နွယ်နီတစ် ယောက်ပဲကျသည်။ စီးပွားရေးမပြေလည်ဆုံးသူက ကျ ရှာသည်မို့ သူ့ကံဟုသာ အောက်မေ့ရတော့သည်။ ပြန်တက်ဖို့ရာ အားပေးသော် လည်းပြန်မတက်နိုင်တော့ပါ။ ကျွန်မနှင့်အိပန်က အဝေးသင် သာ လျှောက်လိုက်ကြပြီး လွင်လွင်ခိုင်ကတော့ ဒေးယူ သည်။ ကောင်းပါသည်။ ထိုပထမနှစ်မှာပင် အိပန်က ငွေရှာတတ်နေပြီဖြစ်သည်။ တစ်အိမ်တည်းနေသူ အဒေါ် ဆိုင်မှ အထည်တွေကို ကျောင်းတက်ရင်းသယ်သွား သည်။ ကျောင်းလာတက် သည့် အဆောင်သူတွေက လက်ထဲငွေရှိနေကြသူတွေ ချည်းဆိုတော့ သူယူသွား သည့် အင်္ကျီတွေ၊ ဖန်စီပစ္စည်း တွေ၊ ဖိနပ်တွေ၊ ဦးထုပ်တွေ က ရောင်းရသည်။ ဒုတိယ နှစ်ဖြေပြီး ကျွန်မပြန်လာ တော့ သူပြန်လိုက်မလာတော့ ပါ။ ကျွန်မတို့မြို့ရှိ စက်ချုပ် သင်တန်းကလည်း ပြီး သွားပြီဖြစ်သည်။ ကျွန်မက နှစ်ယောက်ပေါင်းပြီး ဆိုင် ဖွင့်ရန်ပြောတော့ သူက မဖွင့်လိုသေး။


“လောလောဆယ် ငါ မဖွင့်ချင်သေးဘူး။ သင်တန်း ထပ်တက်ဦးမယ် မြလေး ရယ်။ တို့ဆီမှာက လက် မနည်းနဲ့ပဲ သင်ထားရတာဆို တော့ ပညာစုံအောင် စင်တီ မီတာနည်းနဲ့လည်း တက် ထားဦးမယ်။ တကယ်တမ်း မြို့ကြီးပြကြီးမှာ ၀င်တိုးကြ ရစတမ်းဆိုရင် အစုံတက် ထားမှဟ။ ချုပ်ခချင်းကအစ ဘာမှကို မဆိုင်ဘူး”


သူ သင်တန်းတက် စရိတ်ကို သူ့အိမ်က ပေးစရာ မလိုပါ။ သူအထည်တွေ ရောင်းပြီး စုထားသည့်ငွေ များနှင့် တက်ခြင်းဖြစ်သည်။ ကျွန်မတို့ နောက်ဆုံးနှစ်ဖြေ ပြီးချိန်မှာတော့ သူက သူ့သင် တန်းတွင် အလုပ်ပြန်ဝင်ကာ လခရနေလေပြီ။


“အထည်စားဆိုတော့ နင်ကိုက်မှာပေါ့။ တို့ဆီမှာ သင်တန်းတက်တုန်းက နင် က ညှပ်တဲ့နေရာ၊ ချုပ်တဲ့နေ ရာမှာ အတော်ဆုံးလို့ ချီး ကျူးခံရလို့ လွင်လွင်ခိုင် တောင် နေရင်းထိုင်ရင်း ငါ တို့ကို သုံးရက်လောက် ခပ် တန်းတန်း ဖြစ်သွားသေးတာ လေ။ မှတ်မိလား”


သူက ထုံးစံအတိုင်း ပြုံး ရင်း-


“ကိုက်လားဆိုတော့ တကယ်ကြိုးစားပမ်းစား ချုပ်ရင်တော့ ကိုက်မှာပေါ့”


“ကြိုးစားပမ်းစားဆို တော့ နင်ကကြိုးစားပမ်းစား မချုပ်လို့လား”


“ချုပ်တဲ့အခါလည်း ချုပ်ပါတယ်။ ဒါပေမဲ့ ငါ့မှာ က တခြားအလုပ်တွေရှိသေး တယ်လေ။ ငါတို့အလုပ်ရုံက ကြီးကြပ်အစ်မတွေနဲ့လိုက်ပြီး သူတို့လုပ်တာကိုင်တာတွေကို ကြည့်၊ အထည်တွေပို့တာ သွင်းတာ၊ စာရင်းဇယားတွေ ကိုင်တွယ်ဖြေရှင်းတာတွေ လိုက်လေ့လာရသေးတာ မြလေးရဲ့”


“သူဌေးက တာဝန်ပေး ထားလို့လား”


“သြော် ငါ့ဘာသာသိ ချင်လို့ပေါ့ဟဲ့”


“ဘာလဲ ကိုယ်တိုင် အထည်ချုပ် အလုပ်ရုံထောင် တော့မလို့လား”


ကျွန်မ၏ ပြုံးတုံ့ကျီစယ် စကားကို အိပန်က “ထောင် သင့်ရင်ထောင်ရမှာပေါ့” ဟု ပြုံးလျက်ဆိုသည်။ ထိုအချိန် မှာ ကျွန်မ၏ စက်ချုပ်ဆိုင် လေးက အရှိန်ရနေပြီဖြစ် သည်။ နွယ်နီကလည်း သူ့ အဒေါ်ဆိုင်တွင် လခရနေပြီ။ စသင်ခါစက “စက်ချုပ်မစား ပါ” ဟု ဆိုခဲ့သော လွင်လွင် ခိုင်သည်လည်း ကျောင်းပြီး သွားတော့ ဟိုအလုပ်လုပ် မလိုလို ဒီအလုပ် လုပ်မလိုလို နှင့် နောက်ဆုံးကျတော့ သူ့ အိမ်အောက်တွင် စက်ချုပ်ဆိုင် လေးဖွင့်လာသည်။ အိပန်ကတော့ ရန်ကုန် အလုပ်ရုံသို့ ရွှေ့ သွားသည်။


“မန္တလေးမှာ ကြီးကြပ် ရာထူးပေးတာကို မလုပ်ဘဲ ရန်ကုန်ကို ရွှေ့သွားသတဲ့။ သူတော်လို့ ပေးတာကို ငြင်း သတဲ့ မြလေးတို့ရယ်။ ညည်းတို့သူငယ်ချင်းကို ညည်းတို့ပဲ မေးစမ်းကြည့်ကြ ပါဦး”


အိပန်မေမေက ကျွန်မ တို့ကို တိုင်သည်။

အိပန်နှင့် ဖုန်းပြောဖြစ်တော့ အိပန်က ရယ်နေ သည်။


“ငြင်းမှာပေါ့ဟ။ ငါ လုပ်ချင်တာက ကြီးကြပ်မှ မဟုတ်တာ”


“ဘုရားရေ”


“ဘုရား တမနေနဲ့။ တကယ်ပြောတာ။ နေရာ တစ်ခုမှာ ရာထူးကြီးလေလေ ချုပ် ကိုင်ခံရတာ များလေလေဟ။ ပြန်ရုန်းရမှာ အားနာဖို့ ကောင်းတယ်။ လိုအပ်တဲ့ သူတွေ အတွက်တော့ ကောင်းပါ တယ်။ ငါကျတော့ လော လောဆယ်ရည်မှန်းချက်နဲ့ မကိုက်လို့ပါ။ ငါ့အတွက်က ဒီအလုပ်ရဲ့ အောက်ခြေသိမ်း အလုပ်တွေကို နှံ့နှံ့စပ်စပ်သိဖို့ က ပိုအရေးကြီးနေတာ”


လွင်လွင်ခိုင် ပြန်သိ တော့ “ကျောင်းတုန်းက လည်း သူ့အကျင့်က ဒီလိုပဲ ဟာကို။ သူများတွေလိုချင် တာကို သူက မလိုချင်သ လိုလိုနဲ့ သူများတွေစိတ်ထဲ ထူးထူးဆန်းဆန်း ဆိုပြီး အာရုံ စိုက်အောင်လုပ်တာ။ ပြီးတော့ ဘာမှဟုတ်တာလည်း မဟုတ်ဘူး” ဟု ဆိုသည်။


သူပြောသည့်အတိုင်း မဟုတ်ကြောင်းကို သိပ်မကြာ ခင်မှာပင် လွင်လွင်ခိုင်အပါ အ၀င် ကျွန်မတို့တစ်တွေသိခွင့် ရလိုက်ကြပါသည်။ အိပန်က သူ့မိဘတွေကို ရန်ကုန်လိုက် လာဖို့ရာ လှမ်းခေါ်ပါသည်။ ဒီအတိုင်းလိုက်သွားရမှာ မဟုတ်ပါ။ သူ့မိခင်၏ ညီမ၊ အိပန်တို့နှင့် အတူနေအဒေါ်က နှစ်ဦးပိုင်အိမ်ကို အိပန်တို့အား တစ်ဝက်အမ်းလိုက်မည်ဖြစ် သည်။ သည်လိုဆိုတော့ ရပ် ကွက်ထဲမှ လူတွေသာမက ကျွန်မတို့တစ်တွေပါ မျက်လုံး ပြူးမိကြရပါ၏။ အိမ်ကို ရောင်းပြီး လုပ်ငန်းလုပ်ခြင်း သည် ဘုရင့်နောင်ဖောင်ဖျက် သည်နှင့် အတူတူပင်မဟုတ် လား။ အိပန်ကတော့ အေး အေးဆေးဆေးပင်။


“မေမေနဲ့ ဖေဖေကို ငါ သေချာပြောပြတော့ သူတို့ သဘောပေါက်ပါတယ်။ ဒါကြောင့် ငါလုပ်ချင်တာကို ခွင့်ပြုပေးကြတာပေါ့။ အလုပ်လေးတွေ လုပ်ကြည့်မလို့ လေ။ လောလောဆယ်တော့ ရတဲ့နေရာမှာ ရှိတဲ့ငွေလေးနဲ့ ကျဲကျဲဝိုင်းရမှာပေါ့။ နောက်မှပဲ ကြည့်ကျက်လုပ်သွားရမှာ။ နင်တို့ကိုလည်း သတိရရင် ဖုန်း ဆက်ပါ့မယ်။ နင်တို့လည်း ကြုံရင် ရန်ကုန်လာခဲ့ကြနော်”


ကျွန်မတို့ထက် အိပန် တော်သည်၊ ထက်မြက်သည်ကို နဂိုကတည်းကသိပါသည်။ သို့ပေမဲ့ ဒီတစ်ခေါက်တော့ သူ့ကို အားပေးရမည်လား။ ဖြစ်ပါ့မလားဟု တားမြစ်ရ မည်လား မသိတော့ပါ။ အိပန်ကတော့သူ့ထုံးစံအတိုင်း ရင့်ကျက်တည်ကြည်သော အပြုံးလဲ့လဲ့ဖြင့် “တချို့ကိစ္စ တွေမှာ စွန့်မှစားရတယ်လို့ ငါ ထင်သလားလို့” ဟု ဆိုသည်။ လွင်လွင်ခိုင်က ပြုံးထေ့ထေ့ ဖြင့် ကြည့်သည်။ ခုတော့ဖြင့် ကျွန်မတို့ စိတ်ပူခဲ့ရသော ချစ်သူငယ်ချင်း အိပန်တစ်ယောက် မွှေး ပျံ့လှသော ဂုဏ်သတင်းများ နှင့်အတူ ကျွန်မတို့ထံ ပြန် ရောက်လာခဲ့လေပြီ။


( ၄)


“ကဲ ဘယ်အိမ်အရင် သွားချင်လဲဆိုတာပြော”


“ကြုံသလိုပေါ့။ တို့ရပ် ကွက်က ဘာကျယ်တာမှတ် လို့။ ဒီကနေစပြီး တစ်ပတ် ပတ်လိုက်ရင် တစ်နာရီတောင် မကြာဘူး။ အားလုံး နှံ့ရော”


ပထမဆုံး အနေနှင့် အငြိမ်းစား ယူပြီးပြီဖြစ်သော ကျွန်မတို့ဆရာမကြီးအိမ်ကို ၀င်ကန်တော့ကြသည်။ ကျွန်မတို့ တစ်တွေကို အင်္ဂလိပ်စာ သင်ပေးခဲ့သော ဆရာမကြီးဖြစ်သည်။ ပုံမှန် ၀င်ငွေက မရှိ။ သားသမီး မြေးမြစ်တွေ တစ်လှေကြီးနှင့် ဆရာမကြီးတို့အိမ်က မချောင် လည်ရှာပါ။


“ဆရာမကြီးရဲ့ မြေး တွေထဲမှာ ဆယ်တန်းအောင် ထားတဲ့ ကလေးရှိရင် သမီး ဆီလွှတ်လိုက်လို့ ရပါတယ်။ ရန်ကုန်မှာတော့ သမီးဆီဝင် လုပ်ချင်လည်းလုပ်။ တခြား အလုပ်လုပ်ချင်ရင်လည်း သမီးအနေနဲ့ ကူညီပေးလို့ရ တယ်။ အပန်းမကြီးပါဘူး”


“ကောင်းတာပေါ့ ကွယ်။ ဒီမှာကတော့ သမီး မြင်တဲ့ အတိုင်းပဲ၊ သူတို့အရွယ် လေးတွေအတွက် အလုပ်မှ မရှိတာ”


အိပန်က ဆရာမကြီးကို ငွေတစ်သောင်းကန်တော့ခဲ့ သည်။ ဆရာမကြီးခမျာ တပည့်မလေး၏ သိတတ် လိမ္မာမှုအတွက် ၀မ်းနည်းဝမ်း သာ မျက်ရည်တလည်လည် နှင့် ဆုတွေ တသီကြီး ပေးကျန် ရစ်ခဲ့ရှာသည်။ ထိုအိမ်မှထွက် လာပြီးနောက် အိပန်က ခင်ရာမင်ရာ ဆွေမျိုးများ အိမ်ကို ၀င်နှုတ်ဆက်သည်။ သက်ကြီးရွယ်အိုများကိုလည်း သူတတ်နိုင်သလောက် ကန် တော့သည်။ ကလေးတွေကို လည်း မုန့်ဖိုးတွေပေးသည်။ မပြေလည်သူများလက်ထဲ ဟင်းဖိုးလေးတွေပေးသည်။ ရှိသူတွေအဖို့ ဘာမျှမဟုတ် သော ငွေစကြေးစဖြစ် သော်လည်း  တကယ်မရှိသူ တွေ အတွက်တော့ အဖိုးတန် လှသဖြင့် လက်ခံရရှိသူတွေ ခမျာ ကျေးဇူးတင်မဆုံးဖြစ် ကြရှာပါသည်။ ကျွန်မသည် လည်း ဘ၀မြင့်သွားသော် လည်း ဘ၀င်မမြင့်ဘဲ ငဲ့ညှာသနားထိုက်သူများကို ငဲ့ညှာသနားစာနာတတ်သူ ချစ်သူငယ်ချင်းအပေါ် ဆတက်ထမ်းပိုးတိုး၍ ချစ်ခင် လေးစားမိရပါသည်။ နောက် ဆုံးဝင်ဖြစ်သည်က အဘွား ညိုတို့အိမ်ဖြစ်သည်။ အဘွား ညို၏သားက ဦးနိုင်တဲ့။


“ဦးနိုင်က အခုဘာတွေ လုပ်နေလဲ”


“ကင်းတဲစောင့်ပဲလေ အိပန်ရ”


“ဟင် အိပန်တို့ ရှိတုန်း ကတည်းက ဦးနိုင်ပဲ ကင်းတဲ စောင့်လာတာ။ ခုထိ စောင့် နေတုန်းပဲလား”


“အေးပေါ့ ဒါပဲလုပ် တတ်တဲ့ဟာကို”


ထိုအိမ်မှ ထပြန်လ တော့ အိပန်က “စိတ်ညစ် စရာကြီး” ဟုဆိုသည်။ ကျွန်မကလည်း ခေါင်းညိတ် ထောက်ခံမိသည်။


“ဟုတ်ပါ့ ငါတောင် ခဏလေးထိုင်ပြီး သူတို့ဒုက္ခ တွေကို နားထောင်ရတာ စိတ် ကိုညစ်သွားတာပဲ”


အိပန်က ခေါင်းခါသည်။


“ငါပြောတာအဲ့ဒါ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ဆင်းရဲတာသာသိပြီး ဘာ ကြောင့်ဆင်းရဲနေတာလဲ၊ ဒီလို အခြေအနေကလွတ်အောင် ဘယ်လိုလုပ်ရမလဲ မတွေး ကြတာကို စိတ်ညစ်တာ။ ဒီလိုပြောလို့ နင်က ခုချိန်မှာ လုပ်တိုင်းဖြစ်နေတော့ ပြော အားရှိတာပေါ့လို့ ပြောချင် ပြောမယ်။ ဒါပေမဲ့ နင် တကယ်တွေးကြည့်နော် မြလေး။ တို့ဗုဒ်္ဓဘာသာအရ ကံ ကံ၏အကျိုးကို ငါယုံပါ တယ်။ ဒါပေမဲ့ မွေးရာပါ ကံ မကောင်းဘူးဆိုပြီး တစ် သက်လုံးရောင့်ရောင့်ရဲရဲနေ သွားတာကိုတော့ ငါလုံးဝ မထောက်ခံနိုင်ဘူး။ နင်ပဲ ကြည့်ဟာ၊ အခုငါဝင်လည်ခဲ့ တဲ့ အိမ်တွေထဲက တချို့အိမ် တွေဆိုရင် ငါငယ်ငယ်လေး ကတည်းက သူတို့ ဒီအလုပ် တစ်မျိုးတည်းပဲလုပ်ပြီး ဆင်းရဲကျပ်တည်းလာကြ တာ။ ခုထိလည်း ဒီအလုပ်ကို ပဲ ဖက်တွယ်ထားပြီး ဆင်းရဲ နေတုန်းပဲ။ ဘာမှတိုးတက် မလာတဲ့အပြင် သူတို့နေနေတဲ့ အိမ်တွေပါ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေတယ်။ ဒါကိုလည်း ဘာမှပြောင်းလဲ ဖို့ မစဉ်းစားဘဲ ဒီအလုပ်ပဲ လုပ်၊ ဒီအကျပ်အတည်းထဲမှာ ပဲနေပြီး ညည်းပဲညည်းနေကြ တယ်။ ငါကြည့်ရသလောက် တော့ တစ်သက်လုံးအဆင် မပြေနေတဲ့သူတွေဟာ အဲ့ဒီ မပြေပါဘူး ဆိုတဲ့ အလုပ်ကိုပဲ တစ်သက်လုံးဖက်တွယ်ထား ကြတာများတယ်ဟ။ ဒီနေရာ မှာ ငါစဉ်းစားမိတာတစ်ခုရှိ တယ်”


“အင်း ပြောပါဦး”


“နင်တော့ သတိထားမိ လားမသိဘူး။ လူအတော် များများဟာ ကိုယ့်ကိုယ်ကို “တစ်ခုတည်းပဲ ကျွမ်းကျင် တယ်” လို့ ထင်တတ်ကြ တယ်နော်။ ဒါကို ကိုယ့်ကိုယ် ကို သတိမထားမိတတ်ကြ ဘူး။ ကိုယ်ကသာ ကိုယ့် ကိုယ်ကို ကိုယ်လုပ်နေတဲ့ အလုပ်ကိုပဲ လုပ်တတ်တာ ကျွမ်းကျင်တာလို့ ထင်နေ တာ။ တကယ်တမ်းကျတော့ ကိုယ်သာလုပ်မယ်ဆိုရင် လုပ် နိုင်သေးတဲ့ လုပ်တတ်သေး တဲ့ အလုပ်တွေ လောကကြီး မှာ အများကြီးရှိတယ်လေ။ ကိုယ်က ကိုယ်နဲ့ကိုက်ညီမယ့်၊ အဆင်ပြေမယ့်အလုပ်မျိုးကို ဦးနှောက်သုံးပြီး ရွေးလုပ် တတ်ဖို့လိုတာ။ ငါလည်း ဒါကို ငါကိုယ်တိုင် အလုပ် တွေတစ်မျိုးပြီး တစ်မျိုး လိုက်လုပ် ကြည့်ရင်းနဲ့မှသတိ ထားမိလာတာပါ။ တကယ် တော့ လူတွေက တစ်မျိုးပဲ လုပ်တတ်တာ မဟုတ်ဘူး။ တစ်မျိုးတည်းလုပ်နေရင်းက ကိုယ့်ကိုယ်ကို ဒီအလုပ်ပဲ လုပ်တတ်တယ်ထင်ပြီး နေ သားကျသွားကြတာနော်။ ဒီ အလုပ်က အဆင်မပြေရင် တောင် ကိုယ့်ကံအကျိုးပေး မကောင်းလို့ ထင်ကြသေး တာ။ အလုပ်တစ်ခုကို သေချာမလုပ်ကြည့်ရသေးဘဲ အဆင်မပြေဘူးဆိုပြီး တစ်မျိုးပြောင်းချင်တဲ့ လက် ကြောမတင်းတဲ့ သူတွေတော့ မပါဘူးပေါ့လေ”


သူ့ စကားတွေက သူ့ ဘ၀အတွေ့အကြုံနှင့် ယှဉ် သောစကားတွေမို့ ကျွန်မ အတွက် စဉ်းစားစရာတွေရ လာသည်မှာ အမှန်။

သူက သူတစ်ခါတုန်း က ပြောခဲ့ဖူးသည့် စကားကို ထပ်ပြီး ပြောပါသည်။


“တစ်ခါတလေမှာ တချို့ကိစ္စတွေက စွန့်စား တတ်မှဟ။ နာမည်ကိုက စွန့် စားတဲ့။ မစွန့်ရင် မစားရဘူး ဆိုတဲ့ အဓိပ်္ပာယ်ပေါ့။ ဘာမှ မသေချာတဲ့ လောင်းကစား ကိစ္စအတွက် ရှိတာပုံအော လောင်းလိုက်တာမျိုးကို ပြော တာမဟုတ်ဘူး။ ဒါမျိုးကျ တော့ မိုက်ရူးရဲတယ်ခေါ် တာ။ ငါတို့ အိမ်ကိုအမ်းခိုင်း ပြီး လုပ်ငန်းထောင်မယ် ဆို တုန်းက ဖြစ်ပါ့မလားဆိုပြီး စိတ်ပူကြသူတွေ၊ သားသမီး လိုချင်တာကို ရှေ့နောက်မ စဉ်းစားဘဲ လုပ်ပေးရသလား ဆိုပြီး ငါ့မိဘတွေကို တစ်မျိုး ပြောချင်တဲ့ သူတွေကို ငါကြုံ ရတယ်။ တကယ်တမ်းကျ တော့ ငါ့မိဘတွေက ငါ ဖြစ်ချင်တာကို ဖြည့်ဆည်း ပေးခဲ့ကြတယ်ဆိုတာ ငါ့မှာ သူတို့ ယုံကြည်နိုင်လောက် စရာ အခြေအနေတွေကို ပြနိုင် လို့ပါ။ ငါကိုယ်တိုင်လည်း ဒီအလုပ်ကို လုပ်ခဲ့တယ်။  အောက်ခြေသိမ်းက အစ ငါ သိတယ်။ တတ်ထားတယ်။ နားလည်ထားတယ်လေ။ စွန့် လိုက်တာက မမြတ်ရင် တောင် ဘယ်လိုမှ မရှုံးနိုင် မှန်းသိလို့ ငါတို့ ဆုံးဖြတ်ခဲ့ ကြတာပါ။ တကယ်လုပ် တော့လည်း ဘယ်နေရာမှာမှ ဟာကွက် မရှိအောင် ငါကိုယ် တိုင်လုပ်တယ်။ ချုပ်တဲ့နေရာ၊ ဖြန့်တဲ့နေရာ၊ ငွေကောက်တဲ့ နေရာ အကုန်လုံး ငါ့ခြေငါ့ လက်နဲ့ လုပ်တယ်။ အဆင် ပြေလာလို့ လူငှားလာရတော့ လည်း ငါ အကုန်သိနေတတ် နေတော့ ဘယ်သူမှငါ့ကို လိမ် လို့မရတော့ဘူး။ အဲဒီကနေ ကိုယ်နဲ့ ဆက်စပ်ရာ အထည် စဆိုင်တို့၊ စက်ချုပ်ပစ္စည်းတို့ ကနေ မျက်စိထဲဝင်လာတဲ့ တခြားအလုပ်လေးတွေပါ မီးခိုးကြွက်လျှောက်လုပ်လာ လိုက်တာ အခုလို အဆင် ပြေလာတာပဲ။ ငါ့ကိုယ်ငါ တော်တယ်တတ်တယ်လို့ ပြောနေတာ မဟုတ်ဘူး။ စွန့် သင့်တာစွန့်ရင် စားထိုက်တာ ကို မလွဲမသွေစားရတဲ့ အကြောင်းပြောပြတာပါ။ နင်တို့ကိုလည်း ပြောပြချင် တယ်။ ဘ၀ကို ဒီအတိုင်း ရပ်မနေကြပါနဲ့။ လောကကြီး မှာ ငွေရှာဖို့ အကောင်းဆုံး၊ ဘ၀တိုးတက်လမ်းရှာဖို့ အကောင်းဆုံး အရွယ်ဆိုတာ တို့လို နှစ်ဆယ်နဲ့ သုံးဆယ် ကြားအရွယ်ပါ။ ခွန်အား လည်း ရှိတယ်။ ဉာဏ်လည်း ထက်မြက်သေးတယ်”


( ၅)


“ဟုတ်တယ် မြလေးရဲ့။ ငါ့ကိုလည်း ပြောတယ်။ နင်အခု လုပ်နေတဲ့ အလုပ်ဟာ နင့်အတွက် အဆင်ပြေတယ် ဆိုရင်တော့ လုပ်ပါ။ လူတိုင်း ဟာ ကိုယ့်ဘ၀ ရပ်တည်မှု အကြောင်း ကိုယ်တိုင်သာ အသိဆုံးပဲလေတဲ့။ တကယ် လို့ အဆင်မပြေဘူးဆိုရင် တော့ လုပ်ချင်တာရှိရင် သူ့ကို ပြောပါ။ ငါတို့နှစ် ယောက်အတွက်ဆိုရင် သူ့ ဘက်က လုပ်ပေးနိုင်သမျှ လုပ်ပေးဖို့ရာ အမြဲအဆင် သင့်ပါပဲတဲ့”


“ငါ့ကိုလည်း အဲဒီလို ပြောတယ် နွယ်နီရဲ့”


“သေချာ စဉ်းစားတော့ လည်း ဟုတ်ပါတယ်။ ငါ့ဘ၀ဆိုရင် နင်လည်းသိ တာပဲ။ ငါ့အဖေကလည်း တစ်သက်လုံး ကြုံရာကျပန်း အလုပ်နဲ့ အသက် မွေးလာရတာ။ ကြုံရာကျပန်း ဆိုတော့ ပုံမှန် ၀င်ငွေက မရှိ။ ဒီတော့ ငါတို့ ငယ်ငယ်ကတည်းက အမြဲကျပ်တည်းလာတာ။ ငါ့ အမေကလည်း ရိုးရိုးအအ ဆိုတော့ ဘာမှ မလုပ်တတ်။ အခု ငါလုပ်နိုင်လာတော့ လည်း အဖေကမှ မလုပ်နိုင်တော့တာ။ ငါ့အဒေါ်က သူ့ အလုပ်မှာ ခေါ်ထား။ အချက်အပြုတ် ပညာတွေသင်ပေး၊ အစားကျွေး၊ အ၀တ်လည်း ဆင်၊ ဒီကြားထဲ လခက လည်း ပေးသေးတယ်။ သူ စိမ်းဆိုရင် ဒီလိုအခွင့်အရေး မျိုး ဘယ်ရမှာလဲ။ ငါ့အဒေါ် ခမျာလည်း ငါ့အိမ်က မပြေ လည်မှန်းသိလို့ သူတတ်နိုင် သလောက် လုပ်ပေးရှာတာ လေ။ ကျဉ်းထဲကျပ်ထဲရောက် နေရတဲ့ ငါ့ဘ၀ကသာ မပြေ လည်လာတာ။ ဘာမှသာ မဟုတ်တာ။ ဆယ်နှစ်ရှိပြီ မြလေးရဲ့။ မိုးလင်းလို့ မျက်စိ နှစ်လုံးပွင့်တာနဲ့ ငါ့အဒေါ်ရဲ့ စား သောက်ဆိုင်ကလေးကို သွား။ လုပ်စရာရှိတာလုပ်။ အိပ်ချိန်မှ အိမ်ပြန်။ ရက် သုံးဆယ်ပြည့်ရင် ငါ့အမေက လခလာထုတ်ရော။ တစ်နှစ် နေလို့လည်း ရွှေတစ်ပဲမစုနိုင် ဘူး။ နှစ်နှစ်နေလို့လည်း လက်ထဲ ပိုက်ဆံသောင်းငွေ မကပ်ဘူး။ ငါ့အဒေါ်ဘက် ကတော့ ၀တ္တရားအကျေလွန် ပါတယ်။ သူ့ဘက်ကလည်း တတ်နိုင်သမျှ ကြည့်ရှုစောင့် ရှောက်ပေးရှာတာပါပဲ။ ဒီ တော့ ငါလည်းတစ်ခုခု စဉ်း စားရင် ကောင်းမလားလို့”


“ဒီတော့ နင်က ဘယ် လိုလုပ်ချင်လို့လဲ”


ကျွန်မကို လှမ်းကြည့် လိုက်သည့် နွယ်နီ့အကြည့် တွေထဲမှာ အဓိပ္ပာယ်တွေ အများကြီးပါနေသည်။


“နင်ကော မြလေး”


ကျွန်မ ဘာဖြေရမှန်း မသိခင် နွယ်နီကပဲ ဆက် ပြောပါသည်။


“ငါတို့နှစ်ယောက် လိုက်မယ်ဆိုရင် သူ့ဘက်က အလုပ်တွေစီစဉ်ပေးဖို့ အဆင် သင့်ပဲလို့ အိပန်ကပြောတယ်”


နှစ်ယောက်သားတစ် ခဏမျှ အကြည့်ချင်းဆုံလိုက် မိကြပါသည်။


( ၆)


မေမေက “စဉ်းစားကြ သေးတာပေါ့ကွယ်” ဟု ခပ် ဆဆဖြေသည်။

စဉ်းစားနေရင်းမှပင် ကျွန်မ၏ အလုပ်တွေကို လည်း ပုံမှန်လုပ်နေရပါ သည်။ တစ်ရက်နှစ်ရက်နေ လျှင် အိပန်တို့ပြန်ပေလိမ့် မည်။ အခုထိ ကျွန်မဆုံးဖြတ် ချက်မကျနိုင်သေး။ နွယ်နီ တစ်ယောက်လည်း ဘယ်လို နေမည်မသိ။


( ၇)


အိပန်နောက်သို့ ကျွန်မ တို့ မလိုက်သွားဖြစ်လိုက်ကြ ပါ။ နွယ်နီနှင့် နှစ်ယောက် သားဆုံလျှင်ဖြင့် ပြောဖြစ်ကြ ပါသည်။


“စဉ်းစားကြည့်တော့ လည်း မချောင်လည်ဘူးဆို ပေမဲ့ လောလောဆယ် ငါ့ အလုပ်က အခြေကျနေပြီဟ။ လက်ထဲမှာ သုံးစရာပေါပေါ များများ မကိုင်ရပေမဲ့ တစ် လတစ်လစားဖို့ မပူရဘူး။ ၀တ်ဖို့မပူရဘူး။ သူစိမ်းတွေ လို အလုပ်ရှင်မျက်နှာကြည့် နေစရာလည်း မလိုဘူး။ ငါ့ မိဘတွေလက်ထဲကိုလည်း ငွေမှန်မှန်ထည့်နိုင်တယ်။ အိပန်ပြောသလို နေရာ ကောင်းကောင်းမှာ လခ ကောင်းကောင်းရတယ်ပဲထား ဦး။ ခဏလုပ်ပြီး အကြောင်း ကြောင်းကြောင့် အဆင် မပြေလို့ ငါမလုပ်ချင်တော့ရင် ဘယ်လိုလုပ်မလဲ။ ငါမလုပ် ချင်တော့ရင် ငါ့မိသားစု လည်း ဒုက္ခရောက်မယ်။ ငါလည်း စိတ်ညစ်ရမယ်။ ပြီး တော့ သူများလက်အောက် မှာ လုပ်ရမှာက ငါ့အဒေါ်ဆိုင် မှာ လုပ်ရတာလောက် ပျော်ပါ့မလား။ ဒီတော့ ဒီအတိုင်း ပဲ ကောင်းပါတယ်ဆိုပြီး မလိုက်ဖြစ်တော့တာ။ ငါ့ကို တော့မေးပြီး နင်ကျတော့ကော မြလေး”


ကျွန်မကလည်း ပြုံးမိ ရင်းမှ “နင့်လိုပဲပေါ့” ဟု ဖြေ မိရသည်။

ဟုတ်သည်လေ။ ကိုယ့် အလုပ်ကိုပစ်ပြီး အိပန်နောက် လိုက်သွားရာက အဆင်မပြေ လျှင် ကိုယ့်ဘာသာကိုယ်နေ သားကျပြီးသားအလုပ်ကို တစ်ကပြန်စရမှာမလွယ်။ မေမေကလည်း “ကိုယ့်ကံရှိ သလောက်ပဲ စားတာပေါ့ သမီးရယ်။ ကိုယ့်အလုပ်ကို စွန့်ပြီးသွားလုပ်လို့ ဖြစ်ခဲ့ရင် ကောင်းပါရဲ့။ မဖြစ်ခဲ့ရင် ကိုယ်အခြေ ကျနေတဲ့ ဘ၀လည်း ကသီလင်တဖြစ်။ တစ်ကပြန် စဖို့ရာလည်း မလွယ်ဖြစ် တော့မှာ” ဟု ဆိုသည်။


ဒီလိုနှင့်ပဲ။

တကယ်တော့လည်း လူရယ်ဟုဖြစ်လာပြီးနောက် ဘ၀ရပ်တည်မှုအတွက် ရုန်း ကန်ကြရာမှာ အိပန်ပြောသလို ပင် စွန့်သင့်သည်ကိုစွန့်တတ် သူတွေသာ စားထိုက်သည်ကို စားကြရသည် အမှန်ပင်။ သမာအာဇီဝနည်းဖြင့် မဟုတ် ဘဲဖြတ်လမ်းလိုက်သူများ ကိုတော့ မဆိုလိုပါ။ သည် လိုဆိုတော့လည်း လောက ကြီးကိုမမျှတဟု ဘယ်သူ စွပ်စွဲချင်ပါသေးသလဲ။ ဆင်း ရဲရဲ ချမ်းသာသာ နိမ့်နိမ့်မြင့် မြင့် ကိုယ်နှင့်ထိုက်၍သာ ကိုယ့်နေရာဖြစ်လာကြခြင်း ပင်။ ကိုယ်မလုပ်နိုင်သည် ကိုယ်မလုပ်တတ်သည်ကို သူတို့ လုပ်နိုင်ကြ၍ ကိုယ်မရ နိုင်သည့်နေရာမျိုး သူတို့ရ ထားကြခြင်းဖြစ်သည်။ စွန့်စားရဲသူတွေနှင့် ယှဉ်တော့မှ မစွန့်စားရဲသူ ကိုယ်လိုလူတို့ ၏နေရာကိုလည်း ပီပီပြင် ပြင် မြင်လာမိရပါသည်။


နွယ်နီက ရှုံ့မဲ့လျက်ပြော သည်။


“ငါတို့ကတော့ အိပန် ပြောသလိုပါပဲ။ အများကြီး သာစားချင်တာ။ ကိုယ့်နေရာ သေးသေးလေး ပျောက်မှာ ကြောက်ပြီး မစွန့်ရဲမှတော့ ငတ်တာ မဆန်းပါဘူးဟယ်”


“လူ့ဘ၀မှာ ဒါဟာ လည်း တစ်မျိုးရှုံးတာပဲထင် တယ်နော် နွယ်နီ”


“ရှုံးတာတော့ မဟုတ် ပါဘူး။ မမြတ်တာပေါ့။ အဲဒီလို မမြတ်တဲ့ အပြင် ရှုံးတဲ့လူ တွေလည်း ငါတို့ဝန်းကျင်မှာ ရှိတယ်ဟ။ ကိုယ်တိုင်လည်း လုပ်နိုင်တဲ့ အစွမ်းအစ မရှိ။ လုပ်နိုင်လို့ ရထားသူတွေရဲ့ “နေရာ” ကိုလည်း မုဒိတာ မပွားနိုင်။ သူတို့ကမှ မိအေး နှစ်ခါနာ အစစ်”


“နင် ဘယ်သူ့ကို ပြော နေတာလဲ”


“ဟိုမှာလေ”


လျှောက်နေရာမှ ခြေလှမ်းရပ်ကာ နွယ်နီက မေး ငေါ့ပြသည်။

ကျွန်မ လှည့်ကြည့် လိုက်သည်။

ဟုတ်သား။ အိပန်ပြန်သွားသည်မှာ သုံးနှစ်မျှရှိပြီ။ ကျွန်မနှင့် နွယ်နီလည်း သည် အတိုင်း။ လွင်လွင်ခိုင်လည်းသည် အတိုင်း။ စက်ကလေး တဂျုန်းဂျုန်းချုပ်လို့။


---------------


ငွေဇင်ယော်ဦး၊မိုးကုတ်၊

(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)


[ ဆရာမငွေဇင်ယော်ဦး ဘလော့ဂ်မှကူးယူပါသည်။ဆရာမအားကျေးဇူးတင်ပါသည်။]




Saturday, 29 June 2019

#ဖေဖေ (ဇာတ်သိမ်းပိုင်း )

#ဖေဖေ


 (ဇာတ်သိမ်းပိုင်း )


#ခင်နှင်းယု


          ''သူ့မှာ ကျွန်တွက်၊

            တဆံရွက်မျှ၊

            ချစ်သက်ချစ်ငွေ့၊

            မကျန်၍။ ။''


ဤအတိုင်းပါပင် အူတွေရော အသဲတွေရော နှလုံးကျောက်ကပ်တွေပါ ပုံချစ်ပါ၍ ကျမက ကျမချစ် လေသူများ အတွက် (ဖေဖေတယောက်တည်းတွင် မဟုတ်) အပမ်းတကြီးဆောင်ရွက်ခဲ့ပါသော်လည်း၊ ကျမ ချစ်သူ များသည် ကျမအတွက် တဆံရွက်မျှ ချစ်သက်ချစ်ငွေ့မရှိကြပါ။ တနေ့ကပင် ညီမလေး နုနု ကို  ပြောပြ ရ၏။


''ငါကတော့ ဆရာမင်းသုဝဏ်လို ကဗျာနုနုလေးတွေ မစပ်တတ်ဘူးကွယ်၊ ဒါပေမင့် ကဗျာတပုဒ်တော့ ရွတ်ပြ ချင်တယ်...'' သူကရွတ်ပြပါဟုဆို၏။


            ''ဒီတသက်တော့၊

            ဘယ်သူ့တွက်မှ၊

            မျက်ရည်တစက်၊ မကျပြီ''။   ။


ကျမကဗျာဆုံးလျှင် သူကရယ်ပါတော့သည်။


ဘယ်သို့ပင်ဆိုစေ ကျမအဖြစ်က ကိုးလိုးကန့်လန့်ကြီးပါပင်တည်း။

ဘခင်ကြီးသည် စိတ်လုံးဝနောက်နေသူလား-ဟုဆိုပြန်လျှင်လည်း မဟုတ်ပါ။ ဒါဖြင့် လူကောင်းတစ် ယောက် ဦးနှောက် လားဆိုတာလည်း ဟုတ်သည်ဟု မဖြေနိုင်ပါ။


သို့သော် သူကတော့ သူ့ကိုယ်သူ လူကောင်းတယောက်အနေနှင့် ခေါင်းဆောင်ကြီးတယောက်လို လုပ်ကိုင် လိုက်သည့် အလုပ်တွေက ၀က်ဝက်ကွဲ၊ သူလုပ်သမျှ အကောင်းထက် အဆိုးက ပိုဖြစ်သည်။


ဒီလိုဖြစ်၍ သူတပါးက လက်ညှိုးထိုးကာ ဖေဖေ့ကိုအပြစ်တင်ပါလျှင် နင်ဘဲငဆ ဆိုပါလျှင်လည်း ကျမက ဖေဖေ့ ဘက်က ဆတ်ဆတ်ခါနာရသည်မှာအမော၊ သို့ပါသော်လည်း ''ငါ့သမီးလေးက ငါ့ဘက်ကပါ လား''ဟူ၍ ဖေဖေ ကလည်း မထင်၊ ဤသို့ပင် ဇာတ်လမ်းက ရှုတ်ထွေးလိုက်သည်မှာ ဘယ်သူထွင်ခါမှ ဤဇာတ်လမ်းမှာ ဆုံးမည် ဟု မပြောနိုင်ပါပေ။ (သားအဖနှစ်ယောက်တည်း ကပ်၍ရှုတ်နေကြ၏။)


ယခုတော့ တရား၏တန်ခိုးတော်ဖြင့် ထွက်မည်ဆဲဆဲဒေါသ (အဦးစိတ်)ကို ချက်ခြင်းချက်ခြင်းထိန်းနိုင် ခြင်း ဖြင့် ကျမ ရင်မှာ တနေ့တခြား အေးလာပါသည်။


တဖက် ကလည်း လှည့်တွေးရသည်။

''ဘာပြောပြော ဖေဖေက စိတ်မနှံ့တဲ့သူမို့လား၊ စိတ်မနှံ့လို့ သူထင်ရာသူ ရှောက်လုပ်နေတာ၊ ကဲ... တ ကယ်လို့ အဲဒါတွေမလုပ်ပါဘူးတဲ့ လူအကောင်းတယောက်အနေနဲ့ မေမေသေသွားပြီးတဲ့နောက် နောက် မိန်းမ ယူ၊ အရက်တွေသောက်နေတဲ့ အဖေလူကြမ်းကြီးတယောက်ဖြစ်နေပါပြီတဲ့၊ ပိုပြီး စိတ်မ ဆင်းရဲ ရဘူးလား...''ကိုယ့်တရားကိုယ် ချရ၏။


တနေ့တွင်တော့ ကျမတို့မိတ်ဆွေ မမသက်အိမ်ကိုလာလည်၏။ သူသည် မင်းကြီးကတော်ဖြစ်သည့်ပြင် လိုင်စင် ခေတ်ကောင်း ကို မီလိုက်၏။ သူတို့တွင် မောင်နှမဆယ့်သုံးယောက်ရှိသည်၊ အနည်းဆုံး လခနှစ်ရာ စားလောက် ထိ အဆင့်ရှိကြသည်။


''အဖြစ်ကတော့ အံ့သြစရာပါဘဲ မယု၊ တို့များမိဘဟာ တို့မောင်နှမတွေကို ခုနစ်တန်းလောက်ကအစ ဒီ ဂရီရတဲ့အထိ ထားခဲ့နိုင်တယ်၊ တို့များဟာ တလ ငါးကျပ်ဘဲစုပြီး တို့မိဘကို ကန်တော့အုံး၊ တလ ဖေဖေ တို့ဟာ ငါးဆယ်ကျော်မသုံးရပါလား... ခုတော့ ဖေဖေဟာ ငွေတဆယ်တောင် လက်ထဲဆုတ် သေမ သွားရဘူး၊ လူကြားရင်တောင် ယုံနိုင်စရာရှိသလား၊ မမသက် ခုထိမချိတာက ဖေဖေဟာ ဇရပ်အိုပေါ်မှာ ဆုံး ရတယ်၊ လူကြားကောင်းအောင်လို့သာ ဖေဖေတရားအားထုတ်ချင်လို့ဆိုပြီး သတင်းလွှင့်ရတယ်၊ မမသက် တိုက်ပေါ် ဖေဖေ့ကိုတင်ဖို့ မမသက်ယောက်ျားက မကြည်ဖြူလို့ မတင်ခဲ့ရဘူး၊ ရင်ကွဲစရာ ကြီး...''


မမသက် ရှိုက်ကြီးတငင်ငိုတော့မှ ကိုယ့်စိတ်ကိုယ်ဖြေသာလာပါသည်။ ''ဖေဖေသာ ဒီလိုများဖြစ်ရယင် ငါ ဘယ်လောက်ယူကြုံးမရဖြစ်မလဲ...''နောက်ပိုင်းတော့ ဇာတ်လမ်းတွေက အများကြီးကို တွေ့ရ၏။ သားကြီးက တိုက်ပေါ်မှာနေ၊ ချွေးမ မကြည်ဖြူ ၍ မိဘကို တဲငယ် နှင့် ထားရသည်။


လူအိုရုံကိုပင် နီးစပ်သူ ဆွေမျိုးမရှိပါဟူ၍ အမျိုးမျိုးညာက ဘခင်အိုကို လူအိုရုံသို့ လာပို့ထားရသော အ ဖြစ်တခုကို တွေ့သောအခါတွင်မူ ကျမကြက်သီးဖြန်းဖြန်းထမိပါ၏။ ညနေတိုင်မှ မိန်းမမသိအောင် ဘိုင် စကယ်လေးစီးကာ ဘခင်အိုကို လာ၍တွေ့ရ၏။ ဘိုးဘွားရိပ်သာရှိ သက်ဆိုင်ရာတာဝန်ခံများက အမှန် ကိုမသိ၊ ခိုကိုးရာမဲ့သော အဘိုးအိုအား ထိုသူငယ်လေး နေ့စဉ်လာရောက်ကြည့်သည်ဟူ၍သာ သိ သည်၊ ယခုတော့ ထိုအဘိုးအို လူအိုရုံတွင် ရှိသည် မရှိသည် မသိတော့ပါ။ မိန်းမကို ဘာကြောင့်များ ဒါ လောက် ကြောက်ရ ပါလိမ့်။


သေသေချာချာတွေးကြည့်လျှင် ဘယ်လိုပင် ချမ်းသာချမ်းသာ ချောင်လည်ပါရက်နှင့် မိခင် ဖခင်ရှိရာသို့ တလ ဟင်းတခွက်၊ သို့မဟုတ် တလ ငွေ ၅-ကျပ်ရောက်အောင်ပို့ဖို့ဆိုသည်မှာ တချို့လူများအတွက် အလွန် ခက်၏။


ဖေဖေ့လို ခပ်''သောင်းသောင်းကျန်းကျန်း'' အဖေသာဆိုရင်တော့ ခက်သေး၊ သို့သော် လောကတွင် ကံ တရား ဆိုတာ ပါ ပါသေးတယ်ဟူ၍ စိတ်ဖြေရ၏။


ကျမ နှင့် ဖေဖေ၏ကုသိုလ်ကံသည် အလွန်အံ့သြစရာကောင်း၏။ ဆရာဝန်၏ညွှန်ကြားချက်အတိုင်း ကျမ အိမ်မှာနေ၍ ဆေးစား ဆေးကုသောကြောင့် ဆေးရုံမတက်ရတော့ပါ။ တဖြေးဖြေး ရောင်တာ ဖေါ တာ များလည်း ကျလာ၏။ ထမင်းတော့ စား၍မရသေး၊ အရသာကိုမရှိပေ၊ ကုသပေးသူမှာတော့ ဒေါက် တာလှထွန်းဖြစ်၏။


ဖေဖေ ကိုကို့ဆီသွားနေ၍ နှစ်လမပြည့်ခင် ၁၉၆၅ခုနှစ် ကဆုန်လပြည့်နေ၌ ကိုကိုက ဖြုံးဆို နှလုံးရောဂါ နှင့် စစ်ဆေးရုံတွင် ကွယ်လွန်သွားပါသည်။


ကိုကို အား ရေခဲတိုက်ထဲသွင်းပြီးနောက် ကျမခေါင်းထဲတွင် ဘာအစီအစဉ်မှမရှိခင် အကိုကြီးသည် ကျမ အား ကားပေါ်ဆွဲတင်၏။


''ငိုတာတွေ ဆွေးတာတွေ နောက်မှလုပ်ဟေ့... တို့အဘအကြောင်း တို့သိတယ်မို့လား... ချွေးမက ဘယ်လောက်ဘဲ တော်တော် သူ့ခမြာ ပူဆွေးနေတုန်း၊ မိချိုတို့ အဖေကြီးက တမှောင့်ဖြစ်နေမယ်၊ လာ သွားခေါ် ကြစို့''


ကျမသည် ဒီတော့မှ ဖေဖေ့သတိရကာ စစ်ဆေးရုံမှအပြန် ကျမတို့ကားလေးကို ကိုကို့အိမ်ရှိရာ ရွှေဂုန် တိုင်သို့ မောင်းသွားပြီး ဖေဖေ့ကို အကိုနှင့် ရဲဘော်တယောက် ပွေ့ထမ်းကာ အိမ်သို့ပြန်ခေါ်လာခဲ့ရပါ တော့သည်။


ကျမ နှင့် ဖေဖေ့ဇာတ်လမ်းက ဆက်၍ ကရပြန်သည်။


ကျမခင်ပွန်းသည်ဖြစ်သူ အကိုကြီးမှာ မအူပင် ပန်တပွတ်စခန်းရှိ ရှမ်းသေနတ်ကိုင်တပ်ရင်း(၁)သို့ တပ် ရင်းမူး အဖြစ် ပြောင်းရွေ့သွားရသော်လည်း ကျမမလိုက်နိုင်ပါ။ ကျမရောဂါအခြေအနေမှာ ဆိုးဝါးလာ၍ မြရတနာ ဆေးတိုက်မှ ဒေါ်မြမြအေးကခေါ်ယူကာ သူ့ဆေးတိုက်တွင် တင်ထားပါတော့သည်။ ကိုကိုဆုံး တော့ မှ ကျမက ဆေးရုံတက်ဖြစ်တော့သည်။ ဖေဖေ့ပေါင်ကျိုးစဉ်က ပြုစုသောအလှိုင် ပြန်ရောက်လာ၍ ဖေဖေ့ အတွက် ကျမစိတ်အေးသွား၏။


ဆေးရုံပေါ်တွင်တော့ ကျမတယောက်တည်း ဆရာဝန်ကြီးဦးမင်းစိန်နှင့် ကုသခံနေရ၏။ သူက ကျမရောဂါ ကို စိတ် နှင့်လည်း ကုပါသည်။ ကျမပျော်ရွှင်အောင် ရယ်စရာတွေကိုလဲ ပြောပြပါသည်။ ကျမ သူရှေ့ တွင် ရယ် ပါသည်။ ကွယ်ရာမှာတော့ ငိုပါသည်။ နေ့လည် တရေးနိုးချိန်တွင်လဲ သူ၏ပြုံးရွှင်သော မျက် နှာကြီးနှင့် အနား တွင်လာရပ်တတ်၏။


''နိုင်ငံကျော် စာရေးဆရာမကြီးရဲ့ အန်ကယ် ကွယ်ရာကြရင် ဘာဖြစ်လို့ ငိုတာလဲ...''

ကျမက ပြုံးပါ၏။ ''အန်ကယ် ဘယ်လိုလုပ်သိလဲ...''


''အောင်မယ်... အန်ကယ်က ဆရာဝန်အတတ်သာတတ်တာ မဟုတ်ဘူး၊ ဗေဒင်လက္ခဏာတန်ခိုးလည်း ရှိ တယ်၊ အန်ကယ် ကွယ်ရာ ဘယ်သူဘာဖြစ်လဲဆိုတာ၊ အန်ကယ်သိတယ်''ဟုဆိုကာ လက္ခဏာကြည့်ရင်း ရယ်စရာ၊ မောစရာ ပြော၍ ထွက်သွားတတ်ပါသည်။ ရောဂါအကြောင်း ဘယ်တော့မှမပြော။ ကျမရင်ထဲ မှာတော့...။

 

''သူသာ ဖေဖေဖြစ်လိုက်ပါတော့ အားရှိစရာကောင်းလိုက်မဲ့ဖြစ်ခြင်း''ဟူ၍ ခဏခဏတွေးမိ၏။ ရောဂါကို က စိတ်ထိခိုက်လွယ်သည် ၀မ်းနည်းတတ်၊ အားငယ်တတ်သောရောဂါဖြစ်၏။ သူတို့ ဆရာဝန်မှတ်ချက် များ တွင်ပင် (Nerves weakmen, too much emotional and sensitiveness)ဟူ၍ အင်္ဂလိပ်လိုဖတ်ရ ၏။ မြန်မာလိုဆိုလျှင်ဖြင့် ဦးနှောက်ထဲတွင် အကြောအားနည်းလွန်းရကား စိတ်လှုပ်ရှားမှုနှင့် ခံစားမှု ဝေ ဒနာ ပြင်းထန် လာပါက နာကျင်ခြင်း၊ သွေးလှည့်မှုရပ်ပြီး ယောင်ခြင်း၊ မူးခြင်း၊ အားနည်းခြင်းးရောဂါပေါ် ရသည် ဟု ဆိုလေမလားတော့ မသိပါ။


ထို့ကြောင့် အန်ကယ် ဦးမင်းစိန်နှင့် ဖေဖေ့အကြောင်းယှဉ်တွေးမိတိုင်း မျက်ရည်ကလည်လာ၏။ (ဆရာဝန်ကြီး ဆိုသော ဂုဏ်ထူး-ရာထူးကြီးတွေကို ဆိုလိုခြင်းမဟုတ်ပါ။) ဖေဖေသာ ကျမ်းမာလို့ ဦး နှောက် ကောင်းရင် ငါ့အနားမှာ အခုလိုလာရပ်မှာပဲ။ ဘယ်လောက်များ အားရှိလိုက်မလဲ ခုတော့ တို့ သားအဖ နှစ်ယောက် အသက်ရှင်ရက်နဲ့ တယောက်နဲ့တယောက် နားမလည်နိုင်ကြတဲ့ဘ၀ပါလားဟူ၍ တွေးမိခြင်း ကြောင့် ဖြစ်ပါသည်။


ကျမတရေးနိုးတွင် တခါတရံ အပါးလာရပ်သူမှာတော့ ဆရာဝန်မကြီး ဒေါ်မြမြအေး၊ သူကိုမြင်ပြန်တော့ လည်း ''မေမေသာ အသက်ရှင်ခဲ့ရင်'' ထိုအတွေးက ကျမနှလုံးသားကို နာကြင်သွားစေပါသည်။ ဒေါ်မြမြအေး မျက်နှာ သည် ပီကင်းတွင် ကျမတွေ့ခဲ့သော ပြတိုက်တခုထဲမှ ပန်းပုဆရာတဦး ထုထား သော ကျောက်စိမ်း ယမင်းရုပ် နှင့် အလွန်တူသည်။ လိုက်လံပြသသူက ကျောက်စိမ်းတထုံးထဲနှင့် အ ဆက်အစပ်မရှိ ထုလုပ် ထားကြောင်းကို ဂုဏ်ယူ၍ပြောပြ၏။


ယခုဒေါ်မြမြအေးကိုမြင်သောအခါ ထိုပန်းပုရုပ်ကလေးကို အစဉ်သတိရ၏။ သူချောသည်၊ လှသည်ဟူ၍ ကျမ မဆိုလိုပါ။ သို့သော် စိမ်းမြသောကျောက်ဆစ်ထုလေးကို ကျမမြင်ရစဉ်က ဘ၀င်အေးသောခံစား ချက် ခံစားရသလို တညသော အကာလည ပထမဆုံး ဒေါ်မြမြအေးကို တွေ့စဉ်က ကျမရင်ထဲတွင် ခံ စားရသော အတွေး နှင့် တူသောကြောင့် နှိုင်းယှဉ်မိခြင်းဖြစ်ပါသတည်း။


''ဟိုတယောက်ကတော့ မင်းအတွက် အလွန်စိတ်ပူရက်ဘဲ သူ့ရှေ့တန်းမှာတဲ့ မယုရယ်၊ ကိုယ်ကလဲ မင်း ကျန်းမာရေး တိုးတက်လာတဲ့အကြောင်း တယ်လီဖုန်းထဲက ပြောပြလိုက်တယ်။ ဆရာဝန်ခွင့်ပြုရင် မင်းတို့ နှစ်ယောက် တယ်လီဖုန်းထဲမှာ တွေ့ကြတာပေါ့..''


''ကိစ္စမရှိပါဘူး၊ မမရယ်။ စစ်သားမိန်းမတွေဟာ ဒီလိုပါပဲ.. မိန်းမနေမကောင်းလို့ စစ်ဆင်ရေး မသွား နိုင်ဘူး ဆိုရင် ခက်ကုန်မှာပေါ့၊ မယုနေကောင်းတယ်လို့သာ အကြောင်းပြန်လိုက်ပါ'' သူသည် ပြုံး၍အေး ဆေးစွာ ပင် စကားဆိုကာ အခန်းထဲမှ ထွက်သွားတတ်ပါသည်။


''နင်ဟာ၊ နင့်ကိုယ်နင် သိတ်သနားတတ်တာပဲနော်... ဇာတ်လိုက်ဖြစ်ချင်လိုက်တာ အလွန်ပဲ  တကယ် တော့ သနားစရာ လဲ မဟုတ်ပါဘူး၊ ဘယ်သူမဆို နောက်ဆုံးတော့ တယောက်တည်းပဲ၊ ခုလဲ တယောက် တည်းပဲပေါ့။ လူတွေဟာ ဆရာဝန်နားကြပ်နဲ့ စမ်းသတ်ပြီး သူနာပြုဆရာမလေးတွေ လက်ထဲမှာ သေ သွားကြတာပဲ။ ဖေဖေ ရှိစေချင်ရတာနဲ့ မေမေရှိစေချင်ရတာနဲ့ ကိုယ့်ဇာတ်ထုတ်မှာကိုယ်က အလွမ်းမင်းသမီး လေး ဖြစ်ချင်လိုက်ကြတာ။ ရန်ကုန်ထွက်လာတော့ကော မိခင်ယု နင်တယောက်တည်းဘဲမို့လား အခုလဲ တ ယောက်တည်း ညနေကျ တရုပ်ကြီးလာပို့တဲ့ ထမင်းစား၊ အဆင်ကိုပြေလို့မို့လား၊ ဘာများ ၀မ်းနည်းစရာရှိ လဲ သူများတွေမှာ နင့်လောက် မှ အဆင်ပြေရဲ့လား...''


ကိုယ့် ဖာသာ ကိုယ်အားပေးရင်း မြရတနာဆေးတိုက်မှာ နှစ်လနှင့်နှစ်ပတ်တိတိကြာပါသည်။ ပန်တပွတ်တွင် အပန်းဖြေရင်းလိုက်နေပါရန် အကိုက လာခေါ်ပါသည်။ အလှိုင်ကို ဖေဖေနှင့်ထားခဲ့၍ မိ ကလည်း ကျောင်းမှ တပတ်တခါလာကြည့်ဖို့ စီစဉ်ထားကြောင်းပြောပါသည်။


ကျမ တို့ ခရီးထွက်ရန် ပစ္စည်းများ စီစဉ်ဆဲ အကိုက စာတစောင်လာပေးပါသည်။ ''ရော့ဗျာ စာရေးဆရာမကြီး ရဲ့ အဖေက စာတစောင် ပေတဖွဲ့နဲ့ သားမက်ကို စာရေးသဗျ ဖတ်ကြည့်ပါ အုံး...''


စာထဲတွင်မူ...။


          မောင်ကျော်သောင်းခင်ဗျား၊


          လူ့စိတ်ဟာ မျောက်စိတ်နှင့်အလွန်တူပါသည်။ ကုသိုလ်နှင့် အကုသိုလ်စိတ်လည်း အမြဲယှဉ်   ရက် ရှိပါ သည်။ ကျုပ်က ခင်ဗျားအပေါ် ပြုခဲ့တဲ့အမှားရှိလဲ ခွင့်ပြုပါ၊ ခင်ဗျားက ကျုပ်အပေါ် ပြုခဲ့တဲ့အမှားရှိရင်လဲ ခွင့်လွှတ်ပါတယ်။

          မောင်မောင်(ဗိုလ်မှုးသီဟ)ဆုံးတဲ့နေ့က ကျုပ်ကိုခင်ဗျားကိုယ်တိုင် ပွေ့ပြီးကားပေါ်တင် ပြန်ခေါ်          လာတော့ ကျုပ်ဘယ်လိုကျေးဇူးတင်မှန်းမသိဘူး။ ဒါပါပဲ။


                                                                             ကျန်းမာချမ်းသာကြပါစေ။

                                                                                                မောင်ဘ။


ကျမမှာ စာဖတ်ပြီးရယ်မိပါတော့သည်။ မေမေပြောစကားကိုလည်း ကြားယောင်လာပြန်သည်။

''သားသမီးနဲ့ မိဘဆိုတာ ကျွေးတုံကျွေးလွှဲ့၊ မွေးတုံမွေးလွှဲ့ ရှိတယ်ဆိုပေမဲ့ တချို့မိဘတွေက မနေ တတ် မစားတတ်တော့ လုပ်ကျွေးတဲ့ သားသမီးမှာ ငရဲဖြစ်တတ်တယ်၊ မိဘကလဲ ကုသိုလ်ဖြစ်အောင် စားတတ် နေတတ်ရတယ်'' ကျမကသာ မေမေ့စကားများကို ကြားယောင်နေရသည် ဖေဖေကတော့ ဘာမှမသိပါပေ။


ကျမ ပန်တပွတ် ကို လိုက်မသွားခင် အောက်တိုဘာလ ၂၇ရက်နေ့၌ ဦးနု ထိန်းသိမ်းခံရခြင်းမှ လွတ်လာ ၏။ သူသည် ပြင်ပအခြေအနေကို ဘာမှသိပုံမပေါ်ပါ။


တနေ့ တွင် ဦးနု၏သားအငယ် ကိုအောင်နှင့်ကျမ သူတို့ခြံထဲတွင် စကားပြောနေကြ၏။ ကိုအောင်က ထူးထူး ခြားခြား မေးခွန်းတခုမေး၏။


''မမယု တို့ အဖေဘက်က အမျိုးတွေဟာ ဘာကိုပဲဖြစ်ဖြစ်၊ သူတို့လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် ဇွတ်လုပ် တာ ဘဲနော်... ခေါင်းမာတာအလွန်ဘဲ'' ကျမကရယ်ပါသည်။


''ဘာဖြစ်လို့ရယ်တာလဲ မမယုရဲ့ ဖေဖေ့ကြည့်ပါလား တခါတလေ သူခိုင်းတာတွေကို ကျွန်တော်မလုပ်ချင် လို့ အထင်လွဲ တဲ့ အခါ ကျွန်တော်စိတ်မကောင်းဘူး၊ အပြင်မှာကလဲ အခြေအနေတွေက အားလုံး ပြောင်း သွားပြီမို့လား''


''သည်းခံ ကိုအောင်ရေ... သည်းခံ ဒီတခါ မမယုကတရားဟောဆရာဖြစ်သွားပြီ၊ ကိုအောင်က အများ ကြီး တော်သေး၊ ဖေဖေနဲ့အဆင်မပြေလို့ ဖေဖေစိတ်ဆိုးလဲ အလွန်ဆုံးတရက်ပေါ့၊ ဖေဖေ စိတ်ကြည်ကြည် လင်လင် ရှိတဲ့အခါ ''အကျိုးအကြောင်းက ဒီလိုဖေဖေရေ၊ သားရဲ့စိတ်ရင်းခံက ဘယ်လိုရှိတယ်၊ ဒါ ပေမဲ့ လက်ရှိဖြစ်နေ တဲ့ အကြေင်းက ဘယ်လို''နဲ့ ခြေပပိုင်ခွင့် ရှင်းလင်းပြောပြပိုင်ခွင့်ရှိတာပေါ့ ဖေဖေက လဲ အခြေအနေ အမှန်ကိုသိတော့ စိတ်ပြေသွားပြီး သားကိုခွင့်လွှတ်နိုင်တာပေါ့၊ မမယု အဖြစ်ကမှဆိုး တာ''


''ဟင်... ဘာဖြစ်လို့လဲ''

ကျမကလည်း ထိုအခါကျမှ ကျမတို့သားအဖနှစ်ယောက်ဖြစ်ခဲ့သော အရေးအခင်းကို ပြောပြရပါသည်။

''ဘာမှ ရှင်းလင်းပိုင်ခွင့် ခြေပပိုင်ခွင့်လဲမရှိဘူး ဆရာရော့၊ စာရေးပြသမျှ ဆုတ်ပြစ်လို့ မယုလဲ စာလဲမ ရေး၊ စကားလဲမပြော နေလိုက်ရော သူလဲ သူထင်တာ သူလုပ်တာပဲ၊ မိနုကြီးကလာပြီး ပြဿနာရှင်းမှ ဆေးရုံ မတက်ခင် လေးတွင် သားအဖပြဿနာပြေတော့တယ်''


''အော်... ဒီလိုကိုး''ဟုဆိုကာ သူ့ခမျာလည်း ထိုအခါ ကျမ ရယ်ပါတော့သည်။ 


    အော်ဖေဖေ

    ဒီလိုနှင့်ပင် မြေးဦးကြီး မိ၊ မောင်အောင်ခိုင်၊ မောင်ကျော်ခိုင်၊ နီ၊ သက်၊ မောင်ညီညီ နှင့် တိုး ကြည်ဆွေ၊ ထားကြည်ဆွေ၊ သိုးကြည်ဆွေတို့ ၏ အဘိုးအဖြစ် အသက်ရှစ်ဆယ်ပြည့်အောင်     သူ လူ့ပြည်တွင် နေလာခဲ့ပေပြီ။


ကျမ ပန်တပွတ် ကို ထွက်လာခဲ့ပြီးနောက် သမီးကြီး မိကို စေ့စပ်ကြောင်းလမ်းပေးရန် ရန်ကုန် ကို ခေတ္တ ပြန်လာခဲ့၏။ ကျမ၏ကျန်းမာရေးအခြေအနေကတော့ မကောင်းသေးပါ။ တညတွင် ဧည့်ခန်းမှာထိုင်ရင်း ကျမ ကိစ္စတခု ကို စိတ်ကူးနေရာမှ ပျားရေကို ဘာနှင့်မှမရောဘဲ သောက်ချလိုက်ရာ ပျားရေသီးပါတော့ သည်။ ခလေးမလေး နှစ်ယောက်မှာ အသက်မရှုနိုင်ဘဲ ပုံရက်လဲကျသွားသော ကျမကိုပွေ့ချီရင်း သူတို့ လည်း တတ်သမျှ မှတ်သမျှ ပြုစုကြပါသည်။ တနာရီလောက်ကြာမှ ကျမအသက်ပြန်ရှုနိုင်ပါသည်။ (ပျားရည်သီးလျှင် သေတတ်သည်ကို နောက်မှသိပါသည်။)


ထိုညတွင်တော့ ဖေဖေသည် ကျမကို အနားကိုလာကြည့်၏။ ''မလှိုင် ဒီညမမကို တယောက်ထဲ အခန်း ထဲမှ မသိတ်နဲ့ နင်အနားမှာ အိပ်နော်''ဟုဆိုကာ ကျမကို စေ့စေ့ကြည့်ပါသည်။ ယခုအခါမှ ဖေဖေသည် ကျမ၏ကျန်းမာရေးမှာ ဖြစ်ချင်လျှင်ချက်ခြင်း စိုးရိမ်ဖွယ်ရာဖြစ်သည်ကို တွေးမိလာဟန်ရှိပါသည်။


''သမီးနေ့တိုင်း ဘာတရားတွေကို ဆင်ခြင်လဲတော့မသိဘူး၊ ဖေဖေတော့ နေ့တိုင်း မရဏာမေဘ၀ီဿ တိ သေခြင်းလျှင် အဆုံးရှိ၏ဆိုတဲ့ မရဏနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းတယ်၊ ဒါကြောင့်များ ဖေဖေအ သက်ရှည်နေလားမသိဘူး၊ သမီးနေ့တိုင်း မရဏနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းပါ''


ဖေဖေသည် ဒီလိုပြောကာ အခန်းထဲမှ ထွက်သွား၏။ ကျမ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။

ရှေးယခင်က ဦးနုတိုက်တွန်းချက်ဖြင့် ဖေဖေသည် သာသနာ့ရိပ်သာတွင် ကိုယ်ရင်ကြီးဝတ်ခါ ၀ိပဿနာ တရား ကို အားထုတ်၏။ သူကအမြဲပဲ သင်္ကန်းဝတ်နှင့်နေလိုသည်ဟုဆိုသည်။ ကျမကနေခွင့်မပေးပါ။ ဖေဖေ့ မှာ ဦးနှောက်မှန်သူမဟုတ် ၀ိနည်းမလျော်သော အလုပ်များကို လုပ်မိလျှင် သင်္ကန်းငရဲကြီးမှာ စိုး သည်။ ဒုတိယအကြောင်းမှာ ဖေဖေက နားကြားသူမဟုတ် ဖေဖေ့ခြေသံ ဖေဖေလှုပ်ရှားသံများသည် သာမာန်လူ ထက် ကျယ်၍ တခြားသော ယောဂီရဟန်းများကို အနှောင့်အယှက်ဖြစ်မှာစိုး၍ သင်္ကန်းဆီး ၍ ဆက်နေရန် ကျမခွင့်မပြုဘဲ အိမ်ကို ခေါ်လာခဲ့ပါသည်။ အိမ်ရောက်လျှင် ၀ါတွင်း လပြည့်လကွယ်များ တွင် ဥပုသ် စောင့်ရင်း ၀ိပဿနာတရားကို အားထုတ်၏။


သို့ပေမင့် စိတ်ငြိမ်ပုံမရပါ။ အပင်မှ ကွမ်းသီးများကို ခွဲစိတ်အခြောက်လှမ်းထား၏။ မိုးရွာလျှင် တရား ထိုင် နေသော အခန်းထဲမှ ထွက်လာကာ  ''ဒီကွမ်းသီးဘန်းကို''ယုတ်ရ၏။

ကျမသည် ဖေဖေ့ကိုစာရေးပြရ၏။ (ထိုစဉ်က သားအဖအဆင်ပြေနေသေးသည်။)


''နိဗ္ဗာန်ကိုလိုချင်လို့ ဖေဖေ၀ိပဿနာတရားကို အားထုတ်နေတယ်မို့လား၊ နိဗ္ဗာန်ဆိုတာ ပစ္စည်းဥစ္စာတွေ ဆို ဒါကိုမပြော နဲ့ ဒီခန္ဓာကိုယ်ကြီးကိုတောင် ပြတ်ချင်လွန်းလို့ နောက်တဘ၀ပြန်မဖြစ်ချင်လို့ အားထုတ် ကြတာ၊ ဒီကွမ်းသီးလေး တဘန်းကို (၀ိပဿနာတရား အားထုတ်ဆဲ အချိန်လေးမှာတောင်) မပြတ်နိုင်ရင် နိဗ္ဗာန်ကို ဖေဖေလိုချင်တယ်ဆိုတာ၊ အဓိပ္ပါယ်ရှိသေးရဲ့လား''


ကျမစာကိုဖတ်ခါ ''နောက်မလုပ်ဘူး၊ နောက်မလုပ်ဘူး''ဟုအော်ရင်း အခန်းထဲဝင်သွားပါသည်။ မည်သို့ ပင်ဆိုစေ ၀ိပဿနာကို အားထုတ်ဖူးသည်ဆိုသော ပါရမီကတော့ဖြင့် ဖေဖေ့တွင်ပါသွားပေမည်။ ဖေဖေသာ စိတ်မှနှ်လျှင် ကောင်းလေစွ အဘယ့်ကြောင့်ဆိုသော် သူအားထုတ်ချိန်တွင် နားမကြားသူ ဖြစ်၍ သောတ အာရုံ တွင် ကျမတို့လို ပျံ့လွင့်စရာမရှိပေ၊ ထို့ကြောင့်ပင် သူ့အခန်းထဲ၌ အားထုတ်ဆဲ ခဏတွင်မူ သူသည် သမာဓိမြန်မြန်ရလွယ်သည်ကို တွေ့ရ၏။


ဦးနုသည် ထိန်းသိမ်းခံရပြီး လွတ်လာချိန်တွင် ဖေဖေ့ကို လာကန်တော့ကာ ဖေဖေ့ကျန်းမာရေးကို ကြည့်၏။

''အသက်ရှစ်ဆယ် ထိ နေရတယ်ဆိုတာကတော့ ၀မ်းသာစရာဘဲ၊ ဦးလေးဘ၀ဟာ ငယ်ငယ်ကထဲက ကျောက်ပေါက်ရ၊ လေငန်းဖြစ်ရ၊ နားမကြားရ၊ ခွဲရစိတ်ရ၊ ခုလဲခြေမသန်ဖြစ်ရနဲ့ ၀ဋ်တွေပဲ၊ မိခင်ယု ရေ... သံသရာ မှာ ပျော်မွေ့မယ်လို့ စိတ်တဖန်ဖြစ်လာတိုင်း ဦးလေးကိုကြည့်ပြီး ၀ဋ်ဆင်းရဲကို ဆင်ခြင်ပါ ကွယ်'' သူက ပြန်ကာနီး ကျမကို သတိပေးသွား၏။

ဖေဖေသည် ကံလည်းကောင်း၏။ ကံလည်း ဆိုး၏။ ရောဂါမျိုးစုံခံစားရသော်လည်း သူအသက်ရှည်၏။ ယခုတိုင် ကျန်းမာတောင့်တင်း၏။ ယခုလိုပုံဖြင့် သူ့ကျန်းမာရေးမှာ မြေးဦးကြီး မိမှ မွေးသောမြစ်ဦး အထိ နေနိုင် ပုံရ၏။


ကျမအိုမင်းသောအခါ ဖေဖေ့လိုမှ အသက်ရှည်စွာနှင့် အဆင်ပြေစွာ နေနိုင်ပါမည်လား။ ဤလိုနောင် ရေးကို တွေးမိ သောအခါ တုံလှုပ်သွားသည်။ ကျမနောင်ရေးက ဘာမှမသေချာ၊ ကျမကလည်း ဘာမှ ပြင်ဆင်၍ မထားပါပေ။

သို့သော် အားကိုးရာ တရားတော်တည်ရှိပါသေး၏ဟု ပြန်အားတင်းရ၏။ ဖေဖေက ထိုနေ့ညက မရဏ ဿတိကမ္မဋ္ဌာန်းကို အစဉ်စီးဖြန်းရန် သတိပေးလာသောအခါ ဖေဖေဦးနှောက်အတော်ပင်ပြန်၍ ကြည်လင် လာသော အထိမ်းအမှတ်အဖြစ် ကျမ၀မ်းသာသွားမိပါသည်။


မိကို လက်ထပ်ပေးပြီးနောက် ကျမပန်တပွတ်ကို ပြန်ခဲ့၏။

သူချစ်သော မြေးဦးမိ... မြေးသားမက် ထွန်းအောင်ကျော် (ဗိုလ်ကြီး တပ်မတော်လေတပ်)တို့နှင့် အဆင်မှ ပြေပါလေစဟု သင်္ဘောပေါ်အရောက် စိတ်ကထင့်လိုက်သေးသည်။

''ငါသေတော့လဲ သူတို့ဖာသာ ကြည့်ပြီးဆက်နေသွားကြမှာပါလေ'' ကျမစိတ်ကို ကျမဖြတ်လိုက်၏။

တလအကြာတွင်မူ မိထံမှ စာတစောင်ရောက်လာသည်။


    မေမေ...


    မေလ ရှစ်ရက်နေ့မှာ သမီးကျောင်းပြန်တက်ရမယ်။ ကိုကိုထွန်းအောင်ကျော်လဲ ခွင့်တလစေ့     လို့ ရုံး ပြန်တက်ရမယ်၊ အလှိုင်လဲ ယောက်ျားယူဖို့ပြန်သွားတယ်၊ သမီးတို့နှစ်ယောက် ကိုယ့်ပြဿနာကိုယ် ရှင်းနိုင် ပါတယ်။ အရေးကြီးဆုံးပြဿနာကတော့ ဘဘကြီးရဲ့ပြဿနာပဲ၊ သမီး     တို့ ကျောင်းသွားနေတုန်း ဘဘကြီး ကို အိမ်မှာတယောက်ထဲ ထားရစ်ခဲ့ဖို့ စိတ်မချဘူး၊ ဒါ     ကြောင့် ဘဘကြီးအတွက် လူတယောက် အမြန်ရှာ ၍ ပို့ပေးပါ။


                                    ကျန်းမာ ချမ်းသာပါစေ...

                                            မိ


မိဆိုသော ကျမ၏သမီးသည် ဘယ်သောအခါမှ စာရှည်ရှည်မရေး၊ အဖေနှင့် အမေကိုပင် စကားဖွဲ့ဖွဲ့နွဲ့ နွဲ့ မပြောတတ်၊ သူ့ကျောင်းမှ ဆရာမကြီးများကပင် ဆုံမိ၍ စကားစပ်မိလျှင် မိသည် အင်္ဂလိပ်လိုဘပဲဖြစ် စေ၊ မြန်မာ လိုပဲဖြစ်စေ စာစီစာကုံးရေးလျှင် ဖွဲ့ဖွဲ့နွဲ့နွဲ့မရှိကြောင်း ပြောပြတတ်၏။

ယခုစာ ကို ကျမဖတ်ရသောအခါ ရယ်မိ၏။ ပြုံးမိ၏။ ခွေးမိဆိုသော ဤမိန်းကလေးက ''ပြဿနာ''ဆို သော စကား ကို ကြီးကြီးကျယ်ကျယ် သုံးလာသောကြောင့်ပင်တည်း။ 

တခါက ဆွေမျိုးတယောက်က ကျမကိုပြောဖူးပါသည်။


''အလကားပါဗျာ... ဒီအဖေကြီးကို သူကပုံကြီးချဲ့နေတာ၊ ဘယ်အိမ်ဖြစ်ဖြစ် ဆွဲတင်ထားလိုက်ရင်ပြီးနေ တဲ့ ကိစ္စ...''


သူပြောစဉ်က ကျမဒေါသဖြစ်မိပါသေးသည်။ ယခု မိစာကိုသာ ထိုသူကိုထိုးပြလိုက်ချင်ပါသည်။ ဘယ် အိမ်ဖြစ်ဖြစ် ဆွဲတင်ထား၍မရပေသော အဖေမျိုးပေလားဆိုသည်ကို ထိုသူ့ကိုပြချင်သည်။ တကယ်သာ ဆွဲတင် ထား၍ရလျှင် မိ၏စာသည် ကျမထံသို့ပင် ရောက်လာရန်မလို၊ သူတို့က လာကြည့်၍ ဖေဖေ့ကို ဆွဲခေါ် သွားဖို့ပင်ဖြစ်၏။ သို့သော်လည်း ကျမသည် သူတို့ကို ချေပပြောဆိုမနေလိုတော့ပါပေ။

စိတ်ချ ရသော ကျမကိုပြုစုနေသည့် မအေးမြင့်ကို ဖေဖေ့အား ပြုစုရန် ရန်ကုန်ကို ပို့ပေးလိုက်ရပါသည်။ မအေးမြင့် သည် မိလက်ထပ်ဖို့ ရန်ကုန်တွင်သွားရောက်ပြင်ဆင်စဉ် ဖေဖေနှင့်တလလောက် အတူနေ ဖူး၍ ဖေဖေ့ ဓာတ် ကို သိပြီးဖြစ်လေသည်။


နောက်တနှစ်တွင် ကျမတို့ ပန်တမွတ်ရှမ်းတပ်ရင်း(၁)မှ ရန်ကုန်စစ်ရုံးချုပ်ကြီးသို့ ပြန်လည်ပြောင်းရွေ့ရ ၏။

ကျမ၏ညီမအငယ်ဆုံး နုနုသည် မော်လမြိုင်တက္ကသိုလ်မှ ရန်ကုန်တက္ကသိုလ်သို့ မြန်မာစာဌာနတွင် လက်ထောက် ကထိကအဖြစ် ပြန်လည်ပြောင်းရွေ့လာရ၍ ဖေဖေ့ကို သူ့လုပ်စာနှင့် ကျွေးမွေးပြုစုလို သေးသည် ဆို၍ လာခေါ်သွားပါသည်။ စင်စစ်တော့ ကျမ မသေမချင်း ဖေဖေ့အကြောင်းကရေး၍ မဆုံး နိုင်ပါ။


ယခုဤနေရာတွင်ပင် လက်စသတ်သောအချိန် ၁၉၆၈ ခု၊ ဇန္န၀ါရီလ၊ နှစ်ဆန်းတရက်နေ့တွင် သူချစ် သော မြေးဦးကြီး ''မိ''မှ မြစ်ဦးဖြစ်သော သားဦးရတနာကို ဖွားမြင်ပါသည်။ ဆေးရုံသို့အောက်ပါစာကို သူရေးပို့၏။


    မိ

    Congratulation

    မိနှင့်တကွ သားကလေးပါ ကျန်းမာချမ်းသာစေရန် ဆုတောင်း၏။ 

    ကျန်းမာချမ်းသာကြပါစေသော်

    ဘဘ မလာနိုင်ဘူး

                                မောင်ဘ


ဤသို့နှင့် မျိုးစေ့တစေ့မှသည် တောအုပ်တခုသည် ဤမြေပေါ်တွင် ခက်လက်စိမ်းစိုစွာနှင့် ရှင်သန်ဖြစ် ထွန်းလာခဲ့၏။ ပုံစံအမျိုးမျိုးတို့နှင့် ဤတောတန်းတွင် ပန်းတို့လည်း ပွင့်လာခဲ့ကြသည်။ ဤတောတန်းမှ ပွင့်သောပန်းနှင့် သီးသော သစ်သီဝလံတို့သည် သတ္တ၀ါတို့အတွက် ကောင်းကျိုးချမ်းသာကို ဖြစ်ထွန်းပါ စေသတည်း။

အဘိုးနှင့် မြေး မြစ်တစု ချမ်းမြေ့ရွှင်လန်းပါစေ။


-----------------


ခင်နှင်းယု

၁-၁-၆၈


.Thursday, February 10, 2011


[ ရွှေဇင်ဦးဘလော့ဂ်မှ ကူးယူပါသည်။ ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]



#ဖေဖေ ( အပိုင်း -၅)

#ဖေဖေ


( အပိုင်း -၅)


#ခင်နှင်းယု


''ကဲ... ကဲ... ဘာဖြစ်မှန်းမသိတာကို ဒီလိုလုပ်နေလို့မဖြစ်ဘူး...''ဟုဆိုကာ သူ့ကားနှင့်ပင် တိုက်ရိုက် ရန်ကုန်သို့ ခေါ်ယူလာ၍ ဒေါက်တာဒေါ်မြမြအေး၏မြရတနာဆေးတိုက်တွင် ပြရတော့သည်၊ ဒေါ်မြမြ အေးက ဆေးထိုးပေးခါ လူးရန်ဆေးနှင့် မီးကင်ဖို့ (အင်ဖရာမီးခွက်)ပါ တခါထည်းပေးလိုက်ပါသည်။


ထိုအခါမှစ၍ ကျမသည် မှော်ဘီအိမ်တွင် အကိုကြီးကို ထမင်းချက်ကျွေးဖို့ ထမင်းချက်တယောက်နှင့် သာ ထားရတော့သည်၊ ကျမကတော့ လိုက်မသွားနိုင်တော့ပေ။

သို့သော်... ကျမ၌ ၀ိပါက၀ဋ်သည် ကြီး၏။ ခြေထောက်ကောင်းလာသည့်တပြိုင်နက် နှစ်ပေါင်း ၁၅နှစ် လုံးလုံး သမီးကြီးမိ ငယ်ကတည်းကနေလာသော မအေးသင် သည် အိမ်မှထွက်သွား၏။ ဖေဖေ့ကိုပြုစု သော မလှိုင်သည် ခွင့်နှင့် ကျုံကဒိုးသို့ပြန်သွားသည်။ ထို့ကြောင့် ကျမသည် ခြေထောက်ကောင်းကတည်းက ဖေဖေ့ကို ချက်ပြုတ် ကျွေးနေရတော့သည်။ သမီးကိုမူ ဆေးသိပ္ပံ အမှတ်(၂)တွင် ကျောင်းအိပ် ကျောင်းစား ပို့ ထားလိုက်၏။


သားအဖကား စကားမပြောပါ။

''ငါ့ကိုလေ သူက အခုစကားမပြောတော့ဘူး'' ဆွေမျိုးလာသမျှကိုတိုင်၏။

ကျမကတော့ မနက်ခြောက်နာရီ ထုံးစံအတိုင်း ထမင်းကြမ်းကျော်နှင့် ကော်ဖီကို သူ့အိပ်ခန်းသို့သွားပို့ ၏။ ဘုရားဆောင် ဖေဖေဆွမ်းကပ်ရန် ဆွမ်းပြင်ပေး၏။ ဈေးသွားထမင်းချက် အချိန်မှန်မှန်တော့ သူ့ အိပ်ခန်းသို့ ထမင်းနှင့်အစားအစာပို့ပေးပါသည်၊ ကျန်တာတော့ ဘာလုပ်နေနေ မပြောပါ။ သူလိုလားအပ် သောအချိန်တွင် သူလိုချင်သော အစားအစာကို လုပ်ပေးလိုက်၏။ ဖေဖေကြိုက်သော အမဲသားနှပ်ပေးရ တိုင်း ''ယခုလို ကြည်ကြည် ဖြူဖြူနှင့် ချက်ကျွေးရသော ကုသိုလ်ကြောင့် နောင်ဘ၀၌၀ဋ်မလိုက်ပါစေ နှင့်''ဟူ၍ ဆုကလည်း အမြဲတောင်းမိ။


စာအုပ်ကိစ္စနှင့် ထုတ်ဝေသူများက လာရောက်စကားပြောသောအခါ ယခင်လိုဧည့်ခန်းတွင် ဧည့်မခံနိုင် တော့ပေ။ သူတို့သည် ကျမရှိရာ မီးဖိုချောင်သို့ဝင်လာ၍ စားပွဲနားက ကုလားထိုင်တွင်ထိုင်ကာ ပြောစ ရာရှိသည်များကို ပြော၏။ ကျမကလည်း အင်းလိုက်ရင် ဦးအချိန်မှန်ဖခင်ကြီး၏ (၁၁-နာရီ) နံနက်စာမီဖို့အတွက် ချက်ရပြုတ်ရ၏။


ကလောင်ကိုင်သော ဒေါ်ခင်နှင်းယု၏လက်သည် ဓားကိုကိုင်၍ ရန်သူကိုတိုက်သည်ဟု ထင်ပါသလား၊ မဟုတ်ပါ၊ ငါးများကိုခုတ်၏။ ဖေဖေက အသားကို တရက်ခြားလောက်စား၍ ဆိတ်၊ အမဲ၊ ၀က်များကို ခုတ်ထစ် ပိုင်းဖြတ်၍ တရက်ခြားလောက် အမြဲချက်၏။ အထူးသဖြင့် ခေတ်ညွှန့်စာပေမှ ဦးထွန်းမြင့် သည် ကျမ ထမင်းချက်ချိန် နှင့် သူစာအုပ်အကြောင်းလာပြောချိန်တွင် အမြဲတိုက်ဆိုင်နေသောကြောင့် ကုလားထိုင်ကြီး တလုံးနှင့် ကျမ ခုတ်သမျှ ထစ်သမျှ ဟင်းအိုးပြင်သမျှကြည့်ရင်း စာအုပ်အကြောင်း စကား ပြောရ၏။

တခါတရံ အကိုကြီးက မှော်ဘီမှ ရုတ်တရက်ရောက်လာ၏။


''မိချိုရေ... အိမ်ထမင်း အိမ်ဟင်းစားချင်လို့ပါကွယ်၊ အကိုကြီးရယ်၊ ရဲဘော်ငါးယောက်ရယ် ထမင်းစားဖို့  နာရီဝက် အတွင်း စီစဉ်ပေးနိုင်မလား'' သူကပြောလာ၏။


''စိတ်ချ ကိုကြီးရေ ရနိုင်တယ်''


''ဖိုးကံညွန့်ရေ ကဲ... ဈေးပြေးပါအုံး'' ဖိုးကံညွန့်ကို အကူအညီခေါ်ရ၏။ ဖိုးကံညွန့်မှာ မာလီကြီး၏ မြေး ဖြစ်၏။ သူသည် ကျမမှာသမျှ ဈေးမှဝယ်လာကာ ကျမနှင့်အတူကူချက်၏။ မီးသွေးတဖို၊ ရေနံဆီတဖို၊ လေမီးဖိုတခု မီးဖိုသုံးခု နှင့် ချက်လိုက်သည်မှာ ရဲဘော်များနှင့် ဖေဖေ့အတွက် အမဲသားနှပ် အကိုကြီးအတွက် ဆူးပုတ်ဟင်းချို၊ ပဲကြီးဆီပြန်နှင့် ငါးတခွက် (အကိုကြီးက အမဲသားမစားပေ) နာရီဝက်အတွင် ချက်ပြုတ်ပြီး၍ ပြင်ဆင် ကျွေးလိုက်၏။ ဆယ့်တနာရီတွင်မူ ဖေဖေ၏အိပ်ခန်းသို့ ထမင်းပို့ပြီးပေပြီ၊ ကူ၍ ချက်ပြုတ်ပေးသော မောင်ကံညွန့် သည်လည်း သူ့ကျောင်းသို့ သူထွက်သွားတော့၏။


ထိုအချိန်ကျမှပင် ကျမအိပ်ခန်းသို့ပြန်ဝင်လာကာ ဂလူးကို့စ်ချိုချိုတခွက်ဖျော်သောက်၍ အိပ်ယာပေါ်ပြစ် လှဲ နေရပါသည်။ ထမင်းကို စားချင်စိတ်လည်းမရှိ၊ လုံးဝမစားလိုပါ၊ ညနေသုံးနာရီအထိ ကောင်းမွန်စွာ နားလိုက်ပြီး မှ သုံးနာရီထိုးလျှင် စက်ရုပ်ကြီးလိုထ၍ မီးဖိုချောင်ဝင် ငရုတ်၊ ကြက်သွန် ထမင်းအိုး ဟင်း အိုး တွေနှင့် ဇာတ်ထုတ်ကခင်းရပြန်သည်။

ကြာတော့လည်း ''လူ့ပြည်ကြီးဆိုတာ ဒါလား''ဟူ၍ အတွေးတမျိုးက ခေါင်းထဲဝင်၍ လာတတ်ပါ၏။


တခါတရံ ကျမဖာသာ ကျမတွေးကြည့်၏။ ကျမရောဂါမှာ စိတ္တဇလည်းပါသည်ဟုထင်ပါသည်။ မပြော ကောင်းပြောကောင်း ကျေးဇူးရှင်ကို ပြစ်မှားသည်ဟူဆိုရလေမည်လား၊ ကျမကျေးဇူးရှင်ကား ထမင်းပါ ပင်တည်း။ သို့သော်... ထမင်းကို လုံးဝမစားချင် ရောဂါရသည့်အချိန်ထိဆိုလျှင် ထမင်းမစားချင်သည် မှာ သုံးနှစ် လောက်ရှိ၍လာခဲ့သည်။ တခါတရံ ကိုယ့်ခေါင်းထဲက အတွေးကြီးကို ကိုယ်ထုတ်ပြစ်ရ၏။


''ဒီထမင်း ကြောင့် ငါခံခဲ့ရတဲ့ဒုက္ခတွေ၊ ဒီထမင်းလေးတလုတ် မနက်တခါ ညတခါစားရဖို့အတွက် ငါအလျော့ မပေးချင်ဘဲ အလျော့ပေးခဲ့ရတာတွေ၊ ဒီထမင်း သာ မစားရဘဲနေလို့ရတယ် ဆိုပါစို့၊ လောက ကြီးမှာ ချည်နှောင် ထား တဲ့ ကြိုးတကွင်းက ငါလွတ်ခြင်းဘဲ''


အမှန်အတိုင်း ၀န်ခံရလျှင် ကျမယခုလိုပင် တခါတလေတွေးမိ၏။ နောက်မှ ''ငါ့အတွေးကြီးက ကြောက် စရာကြီးပါလား ဒါကိုကြာကြာ ခေါင်းထဲမှာမထားသင့်ဘူးလေ၊ ထမင်းအတွက်ကြောင့် တခုထဲသက် သက်လူဖြစ်လာရတာမဟုတ်သလိုဘဲ၊ ထမင်းဆိုတဲ့ အဟာရမရှိပြန်တော့လဲ ဒီခန္ဓာကိုယ်ကြီးက ဘယ် လိုလုပ် လှုပ်ရှားနိုင်မှာလဲ...''


ဘယ်သူနှင့်မှ ဘာမှမဖြစ်ဘဲ ကိုယ့်အဘိဓမ္မာနှင့်ကိုယ် တခါတရံ ပဋိပက္ခဖြစ်နေမိသည်၊ တခါတရံ ထ မင်းမစားဘဲနေ၍ နေ၍သွားရသည်ကို စိတ်ချမ်းမြေ့သလိုဖြစ်လာမိတတ်ပေသည်။

(ယခု အစိုးရပြောင်းလဲသွားပြီးမှ ခေတ်ကို မဆိုလိုပါ)


မပြောင်းလဲခင်ကတည်းကပင် တခါတရံ ထမင်းအိုးတယ်ရင်း ငရုပ်သီးထောင်းရင်းက ဒေါသဖြစ်လာ တတ်၏။ ကြက်သွန်များကိုနွှာရင်း လွှတ်ပစ်ချင်လာတတ်၏။

''ငါ့မှာလေ အခုရင်ထဲမှာ လှိုက်လှိုက်လှိုက်လှိုက်နဲ့ စာရေးချင်လိုက်တာ ငါ့အတွက်သာဆို ထမင်းမစား ဘဲကို စာရေးတယ် အဲဒါလောက် ငါမက်မောတဲ့အချိန်တွေကို မင်းတို့ငရုပ်သီး ကြက်သွန် ထမင်းဆိုတာ တွေနဲ့ လုံးခြာ ပါတ်ခြာလည်ပြီး လဲပစ်လိုက်ရတာ စွန့်လွှတ်လိုက်တာ နှမြောလိုက်လေခြင်း...''

ကျမရင်ထဲက တကယ်ပင်ရေရွတ်မိပါသည်။ ငရုပ်သီး ကြက်သွန်များ မလွတ်လပ်သောအခါ ပို၍ဆိုးပါသည်။


''သေးဖွဲ့လိုက် သိမ်ငယ်လိုက်တာကွယ်... တို့မိန်းမတွေမှာလဲ အဘိုးတန်အချိန်တွေ အလုပ်တွေရှိပါ သေးတယ်ကွယ်... မင်းတို့ကြက်သွန်အဖြူ အနီလေးငါးဥ ရဖို့အရေး၊ ဒီငရုပ်တဆယ်သားလောက်၊ ငံ ပြာရည် ငါးကျပ်သားလောက် ရဖို့အရေးအတွက် တို့များအချိန်တွေကို ဖြုံးပစ်လိုက်ရတာ ငါနမြောလို့မ ဆုံးဘူး...''


ကျမသည် အရူးမကြီးလိုပင် သံဇကာ ကြောင်အိမ်ကိုကြည့်၍ စိတ်ထဲမှစကားဆိုမိ၏။ သံဇကာကြောင် အိမ်လေးထဲမှ ကြက်သွန်နီလေးငါးဥနှင့် ကြက်သွန်ဖြူသုံးလေးဥကလည်း ကျမကို သနားဘွယ်ကြည့် နေဟန် တူကြပါသည်။ တဥကိုတဥမှီတွဲနေရင်း အမောဖြေနေကြဟန်တူပါသည်၊ သူတို့ကလည်း ကျမကိုပြန်၍ စကားဆိုဟန်ရှိ၏။

''ကျုပ်တို့မလဲ မောလိုက်တာ မမရေ... ဂိုဒေါင်ထဲမလဲ အသက်ရူရကြပ်လိုက်တာ ရုပ်တွေသာကြည့် တော့ ခွန်ကွာရေလံဖြစ်လို့ စောစောစီးစီးထုတ် စောစောစီးစီးရောင်းလိုက်လဲ ပြီးတဲ့ကိစ္စ ဂိုဒေါင်ထဲ အဓိပ္ပါယ်မရှိဘဲ ပိတ်လှောင်ခံနေရတာ ဒုက္ခရောက်လိုက်တဲ့ဖြစ်ခြင်း ၀ဋ်ကျွတ်အောင် မြန်မြန်သာ ထု တောင်း ချက်လိုက်ပါတော့ မမရယ်''ဟုပင် သူတို့က သနားဖွယ်စကားဆိုနေကြသည်ဟု ကျမထင်ပါ သည်။


သို့သော် အိမ်ရှင်မဖြစ်ရခြင်းအတွက် ရရှိသောမွန်မြတ်သည့်ကုသိုလ်မှာတော့ ဘယ်လိုအခက်အခဲနှင့် ဟင်းချက်စရာကို ရှာဖွေချက်ပြုတ်ရသည်ဖြစ်စေ ထမင်းဝိုင်းတွင် အိမ်သားများပြုံးရွှင်ကြေနပ်စွာ မြိန်မြိန် ရှက်ရှက်စားနေခြင်းကို မြင်ရပါလျှင် ထိုပီတိမှာ အတော်နှစ်သိမ့်ဘွယ်သောပီတိတမျိုးပါပင်တည်း၊ ထို ကုသိုလ်ကြောင့်ပင်ထင်ပါသည် လင်ကိုကောင်းစွာလုပ်ကျွေးသော အိမ်ရှင်မများအား သိကြားမင်းသည် ရှိခိုး၏ဟူ၍ ကျမကြားဘူးပါ၏။


အထက်လွှာဖြစ်စေ အောက်ဆုံးလွှာဖြစ်စေ ထမင်းစားခါနီးမှ အလုပ်ခွင်ကပြန်လာကာ ငရုပ်ကြက်သွန် လေးကို ပြေးဝယ်၍ ထုထောင်းချက်ပြုတ်စားရသော ဈေးတောင်းခေါင်းရွက်အိမ်ရှင်မမျိုးပင်ဖြစ်ဖြစ် ကိုယ့် ထမင်းဝိုင်း လေးတွင် လင်သည်နှင့် သားသမီးတို့ ကြေနပ်ပြုံးရွှင်စွာ စားသောက်သည်ကို မြင်ရ သောအခါ၌ ဖြစ်လာသော ၀မ်းမြောက်ခြင်းသဒ္ဓါစိတ်ပီတိအဟုန်သည် အိမ်ရှင်မ တို့အတွက်ကုသိုလ်တပါး ပါပင်တည်း။


သို့သော် တခါတရံ ယခုလိုတန်းစီဖို့ တိုးဖို့ အဖော်မရှိသော အိမ်ရှင်မများ မီးခွက်လင်းချိန်ရောက်ပါမှ ဈေးတောင်းရွက် အိမ်ပြန်ရောက်ပြီး ''ငခွေး ကြက်သွန်ဆယ်ပြားဘိုး ဆီငါးကျပ်သား ပြေးဝယ်လိုက် စမ်း...''ဆို၍ ဈေးမှပါလာသောအသားနှင့် ရောနှောချက်ပြုတ် ထမင်းတလုပ်စားရသော အိမ်ရှင်မများ အတွက် ယခုလိုဝယ်ချင်သည့်အချိန် ၀ယ်မရ၊ ရပြန်တော့လည်း ခွန်ခွာရေလံကို ဦးတိုက်ရှိခိုးဝယ်ရ သော အဖြစ်မျိုးနှင့် တွေ့ရချိန်တွင်တော့ ကျမလိုပင် ငရုပ်ဆုံကိုရော ယောင်းမရော ကြက်သွန်ပါ လွင့် ပစ် ချင်ကောင်း ပစ်ချင်ကြပေလိမ့်မည်။


ထို့ကြောင့်ပင် ဤသတ္တလောက၌ မည်သည့်ဝါဒ၊ မည်သည့်စနစ်သစ် အရပ်ရပ်တို့ကို ထွင်ချင်ကြသော.. ပုဂ္ဂိုလ်တိုင်းမဆို ''ထမင်းဝိုင်း''လေးဆိုသည်ကိုတော့ အမြဲထည့်သွင်းစဉ်းစားသင့်သည်ဟုထင်ပါသည်။


''ထမင်းဝိုင်းလေး''တွေးကြည့်တော့လည်း သေးဖွဲလွန်းလှပါ၏။ သို့သော် ဤထမင်းဝိုင်းလေးကို ဖန် ဆင်းရသော အိမ်ရှင်မများ တည်ငြိမ်မှုမရသောအခါ၌ မိသားစုတစုလည်း မတည်ငြိမ်ပါ။ မိသားစုများ စု ပေါင်း ထားသော ရပ်ကွက်၊ ရပ်ကွက်မှသည် မြို့၊ မြို့မှသည် တိုင်းပြည်တပြည်အထိသို့ပင် ဂယက်ရိုက် တတ်ပါသည်။


အိမ်ရှင်မများ ''ဟင်း''ချ၍ တည်ငြိမ်အေးဆေးရသောခေတ်သည် ငြိမ်းချမ်းသောခေတ်ပါပင်တည်း။ သို့ သော်လည်း ပုဂ္ဂိုလ်ကြီးများ၊ ခေါင်းဆောင်ကြီးများသည် သူတို့လည်း ငြိမ်းချမ်းလို၊ ဧချမ်းလိုလှပါသည် ဟူသောဆန္ဒဖြင့် လမ်းစများရှာကြရင်းမှ သတ္တလောကလည်း အမျိုးမျိုးဗြောင်းဆန်ကြရသည်ထင်ပါ သည်။


ကျမပင်လျှင် ကြောက်စရာကောင်းသော အတွေးခေါင်မှုကြီးတခု ခေါင်းထဲသို့ ခဏခဏ၀င်လာ၍ ထုတ် ပစ်ရ၏။ ''ဒါလောက်တောင် အလုပ်အလုပ်၊ အလုပ်သည်သာ ပဓာနဆိုပြီး ဖြစ်နေရယင် အင်မတန်တိုး တက်နေတဲ့ သိပ္ပံပညာရှင်တွေဟာ တခြားဟာတွေ တီထွင်မဲ့အစား ထမင်းမနက်တနပ်၊ ညတနပ်မစားရ ဘဲနဲ့ ထမင်းလို အဟာရဖြစ်တဲ့ ဆေးလုံးလေးတွေ တီထွင်ဘို့ကောင်းတယ်၊ အဲဒီဆေးလုံးကို တနေ့တ လုံးသောက်၊ အဲဒီတော့ ထမင်းဆိုတာလဲ မလို၊ မီးဖိုချောင်ဆိုတာလဲ မလိုတော့ဘူး၊ အဲဒီတော့ အဲဒီလူ သားဟာ အလုပ်ခွင်မှာဘဲ လုံးဝအချိန်ယူလုပ်နိုင်ရော... ဘာဖြစ်လို့များ သူတို့က ဒါကို မတီထွင်ရတာ လဲ''


ကိုယ့်ဟာကိုယ် ထမင်းမစားချင်တိုင်း ရှောက်တွေးမိသောအတွေးကို သတိရ-ရခြင်း ရပ်ပစ်ရ၏။ မီးဖို ချောင် ထဲမှ သနားဖွယ် ငရုပ်သီး၊ ကြက်သွန်လေးတွေကို စကားပြောရ၏။

''မင်းတို့နဲ့ငါတို့ မိန်းမသားတွေဟာ တူတူပါဘဲကွယ်၊ တို့များ မိန်းမတွေကိုလေ ယုတ်မာတယ်၊ အမြင်တို တယ်၊ သေးသေးဖွဲဖွဲကို အကျယ်ချဲ့တတ်တယ်ဆိုပြီး ပစ်တင်ကြတယ်။ တချို့မိန်းမတွေကြလဲ ဟုတ်ပါ တယ်ကွယ်...


 ဒါပေမင့် မိန်းမတွေကို သေးဖွဲတယ်၊ သိမ်ငယ်တယ်လို့ ပစ်ပယ်ထားလို့လဲမရဘူး၊ ဘာ ကြောင့်လဲဆိုတော့ အိမ်ရှင်မ တယောက်ဟာ အိမ်ထောင်တခုကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်ယင် အိမ်ထောင်တခုရဲ့ တိုးတွက်မှု၊ ဖွဲ့စည်းသိတ်သည်းမှုတွေဟာ သွားရော၊ ဖရိုဖရဲဖြစ်ကုန်ရော၊ ခုလဲ မင်း တို့ကို ငရုပ်သီးဘဲ၊ ကြက်သွန် ဘဲရယ်လို့ အရင်တုံးကတော့ အသေးအဖွဲလို့ထင်မိတယ်၊ ခုမှ မင်းတို့ ဂယက်ဟာ တို့များ အိမ်ရှင်မ တွေမှာ အတော့ကို ကသိကအောက်ဖြစ်စေတာပါဘဲလား၊ ခွင့်လွှတ်ပါကွယ်၊ မင်းတို့အပေါ် အထင်သေး ခဲ့မိတာ မင်းတို့မပါယင်လဲ မီးဖိုချောင်တခုမှာ မပြီးပါလားနော်...''

ကျမစိတ်ထဲက ငြီးငြူသည်ကို ကြက်သွန်ဥနီ ခွန်ခွါကြီးက သိသလိုပြန်ဖြေပါ၏။


''အချောင်ခံရတာထင်ပါရဲ့ဗျာ၊ ၀ဋ်တွေပေါ့လေ... ကျုပ်တို့ကတော့ စာမတတ်လို့မသိဘူး၊ စနစ်သစ်တွေ ကို တီထွင်ကြတဲ့၊ ခေါင်းဆောင်ကြီးတွေရေးတဲ့ စာအုပ်တွေထဲမှာတော့ လူတွေ သာတူညီမျှဖြစ်အောင် ကြက်သွန်ဥကြီးများ ဂိုဒေါင်ထဲ ပုတ်အောင် လှောင်ထားလို့ပါမယ်မထင်ပေါင်...''ဟု ဆိုပါသည်။


ကျမလည်း ကျမအတွေးကို ကိုယ့်ဟာကိုယ်သဘောကျရယ်ရင်း ''ငါရူးမယ်... ငါရူးမယ်''ဟုဆိုကာ မီးဖို ချောင် ပြဇာတ် ကို တခန်းရပ်ရ၏။ အတွေးဆိုသည်ကတော့ တွေးချင်တိုင်းတွေး၍ ရပေသကိုး၊ ကျမတို့ မှာဖြင့် ရူးချင်အောင် ဦးနှောက်ချောက်နေရသည့်အထဲ ဖေဖေကမူ ''ဘာဖြစ်လို့ တလစာ တလစာ ကြက်သွန် ခွက်တဆယ်၊ အာလူးငါးပိဿာ၊ ဆီငါးပိဿာ ၀ယ်မထားရတာလဲ'' ခဏခဏမေး၏။ သူ့အ မေးကို ဖြေသော ကျမ စာ ကို မဖတ်ကတည်းက ကျမကရှင်းမပြတော့ပါပေ။

(ကြက်သွန်၊ ငရုပ်သီးများ လွတ်လပ်ခွင့်ရသည်ဟု ကြားရသောနေ့ကများ သက်ဆိုင်ရာစီးပွားရေးပါရဂူ ကြီးများကို ကျေးဇူးတပ်လိုက်သည့်ဖြစ်ခြင်း၊ မေတ္တာပို့လိုက်ရသည်မှာ အမောပါပင်တည်း။)


သို့သော် ကျမတို့သားအဖ အရေးအခင်းကား ဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်ပါ၏။ ကျမက လုံးဝစကား မပြော၊ စက်ရုပ်ကြီးတရုပ် အလုပ်လုပ်သလိုပင် လုပ်ခါ ကိုယ့်အိပ်ခန်းထဲတွင် ကိုယ်ရေးချင်တာလေး တွေကို ကြိတ် ရေး၏။ ကျမ၏အဟာရမှာ ဂလူးကို့်စ်၊ တခါတလေ ပေါင်မုံ့တချပ်၊ တခါတလေတော့ ထ မင်း ဂုံညင်း လောက် ၀င်သည်။


''ငါ့ကိုလေ... သူက စကားလဲမပြောဘူး၊ ငရုပ်သီးတွေ၊ ကြက်သွန်တွေကိုလဲ အရင်လိုဝယ်မထားဘူး သိ လား...''

တခါတရံရောက်လာသော သူ၏သမီးငယ်များကို ဖေဖေကတိုင်၏။ ကျမက တလုံးမှပြန်မဖြေ၊ ကိုယ့်အ လုပ် သာ ကိုယ်ကြုံးလုပ်တော့သည်။

''မကျွေးချင်ယင် အိမ်ပေါ်က နှင်ချလိုက်လေ...''

သူစိတ်ဆိုးလာလေပြီ၊ ကျမကမူ ဘာမှပြန်မပြောတော့။


တနေ့တွင် ညီမအငယ်ဆုံးနုနုသည် အိမ်ကိုလာလည်၏။ ထမင်းစားပြီးချိန်ဖြစ်၍ ဖေဖေသည် အိမ်လယ် ခန်းမကြီး တွင် ပက်လက်ကုလားထိုင်နှင့် စာဖတ်နေ၏။ ကျမသည် အိပ်ခန်းထဲမှထလာခါ နုနုကိုထွက်၍ စကား ပြောသည်။ ဖေဖေ့ဘေးရှိ စားပွဲရှည်ကြီးတွင် ညီအမ မျက်နှာချင်းဆိုင်ထိုင်မိကြသည်။

''နုနု လာ ဒါလေ မမယုကို ပြောစရာရှိလို့'' သူက ကျမမျက်နှာကို စေ့စေ့စပ်စပ်ကြည့်ကာ ပြော၏။ သူ့ မျက်နှာ အမူအယာ မှာ ထူးခြားနေသည်။


''ဘာပြောစရာရှိလို့လဲ ပြောလေ''

''တနေ့က ဒေါက်တာမမရီနဲ့တွေတယ် (ဒေါက်တာမမရီမှာ နုနုနှင့်ငယ်သူငယ်ချင်းဖြစ်သည်) သူကပြော တယ်၊ ခင်သန်းမြင့်တို့မင်္ဂလာဆောင်မှာ မမယုကို သူတွေ့လိုက်တယ်တဲ့၊ မမယုမျက်နှာတွေဟာ မကောင်းဘူး၊ ပြည့် တင်းတင်းကြီး တဲ့ အဲဒါအကောင်းပြည့်တာမဟုတ်ဘူးတဲ့ ဆေးမီးတိုတွေနဲ့ မကုပါနဲ့ ဆရာဝန်ကြီးတွေကို တိုင်ပင်ပြီးကုပါတဲ့ ပြကြည့်ပါအုံးတဲ့ ကြာရင်ခက်မယ်တဲ့''


''ငါသိသားဘဲ'' ကျမသည် ပြောရင်း မျက်ရည်လည်လာ၏။ ခုတလော ဘာပြောပြော စိတ်ထိခိုက်လွယ် ၏။ မျက်ရည် က အရင်ကျချင်လာသည်။

''မျက်နှာက တခါတခါ ပြိတ္တာမကြီးလိုဘဲ ပြည့်လာတယ်၊ ကိုယ်က ထမင်းလုံးဝစားမရတော့ ပိန်းချိ လေး သေတော့ လဲ အေးတာပဲ၊ မျက်နှာတွေပြည့်လာရင် အသက်ရှုလို့မရဘူး'' ကျမကဖြေလိုက်၏။


''မမယုရယ် ဆေးရုံတက်ဖို့ စီစဉ်ရအောင်''

''ဆေးရုံတက်ရအောင် နင့်အဖေကို ဘယ်လိုစီစဉ်မလဲ ထမင်းချက်က ရုတ်တရက်ဓါတ်သိရဖို့ မလွယ် ဘူး၊ နင့်အဖေ နဲ့ နှစ်ယောက်ထဲ ဒီအိမ်ကြီးထဲမှာ ထားခဲ့လို့ကော အိမ်ပေါ်ကဟာတွေ အကုန်ချသွားမှ ခက်မယ်၊ ပါးစပ် ပြောတော့လွယ်တာဘဲ၊ တော်ရုံတန်ရုံလူကရော နင့်ဖေဖေ သည်းညည်းခံနိုင်မလားလို့ တခုခု လိုချင် မိရင် မအောင့်နိုင် မအင်းနိုင်နဲ့ဟာ ထမင်းချက်လဲရှာနေတုန်းပဲ၊ ဒေါက်တာဒေါ်မြမြအေး က ကြာကြာလေး အနားယူပြီး ကုရမယ်လို့ပြောနေတာကြာလှပြီ''


ကျမတို့နှစ်ယောက် စကားပြောနေဆဲတွင်ပင် ဖေဖေသည် သူဖတ်နေသော စာအုပ်ကြီးကို ဘေးသို့ဘုံး ကနဲ ချကာ''နုနု သူနဲနဲမှမကောင်းဘူး'' ကျမကို လက်ညှိုးထိုး၍ပြော၏။

''ငါ့ကိုလေ... စကားမပြောဘူး၊ ငါမေးတာတွေကိုလဲ မဖြေဘူး'' ကျမက ဘာမှပြန်မပြောဘဲ မျက်ရည် တွေသာ တွေတွေ ကျလာ၏။

''သူမေးတာတွေကို ငါကစာရေးဖြေတယ်၊ ဒါကိုမဖတ်ဘူးတဲ့ ငါရေးတဲ့စာကို မဖတ်သမျှ ငါနင့်ဖေဖေကို စကား မပြောနိုင်ဘူး၊ နုနု ငါ့အခြေအနေကို နင်အသိဆုံးဘဲ၊ စကားပြောဖို့ ဘယ်လောက်အားယူနေရ တယ်ဆိုတာ''


နုနုသည် ကျမကိုတလှည့် ဖေဖေ့ကိုတလှည့်ကြည့်၏။ အဖေနှင့်အမကြားတွင် သူသည် သံကြီး တမန် ကြီးဟန် နှင့် အရေးအခင်းကို ပြေပြစ်အောင် ဆောင်ရွက်ရန် အလုပ်ရေ၏။ ပထမဆုံးစားပွဲပေါ်ရှိ စာရွက် ကြမ်း တခု ကိုဆွဲယူကာ စာရေးပြလိုက်၏။

''သူ မကောင်းယင် သမီးနဲ့ လိုက်နေပါလား...''

စာရွက်ကို ဖေဖေ့အားထိုးပြလိုက်၏။ နုနုရေးပြသည်ကိုတော့ ဖတ်ကြည့်သည်။


''မလိုက်ဘူး... မလိုက်ဘူး... သူနှင်ချမှ သွားမယ်...''

ခုနှစ်သံနှင့် ဖေဖေကပြန်အော်၏။

နုနုသည် စာဆက်ရေးပြန်သည်။

''သားသမီးက အဖေ့ကို နှင်ချမတဲ့လား မမယု .... တကယ်မကောင်းယင်...ဖေဖေ သမီးနဲ့ လိုက်နေ ပေါ့.. သူနှင်ချတာ ဘာလို့ စောင့်နေမလဲ..''

နုနုသည် စာရွက်ကိုပေးလိုက်ပြန်သည်။ 


''သူက ဘာမာနကြီးနေလဲမသိဘူး... ငါမေးသာဆို တလုံးမှ မဖြေဘူး...''

နုနုသည် စာရေးရပြန်၏။


''မဖြေတာက မဖြေနိုင်လို့ ဖေဖေရေ... မမယုရောဂါက ဖေဖေ့လို နားလေးတဲ့လူမပြောနဲ့ လူကောင်းကို တောင် စကားရှည်ရှည် မပြောနိုင်ဘူး၊ ထမင်းမစားနိုင်တာ နှစ်နှစ်(၂)နှစ်ရှိနေပြီ သိရဲ့လား....''

နုနု စာကို ဖတ်ပြီးသည့်တပြိုင်နက်-

'' နေမကောင်းဘူးသာဆိုတယ် မျက်နှာကြီးက အရင်ကထက်တောင် ၀လာသေးတယ်...''ဟု အော် လိုက်၏။


''အဲဒါ...၀တာမဟုတ်ဘူး၊ ဖေါတာဖေါတာ၊ အခုမမယုကို ဆရာဝန်နဲ့ပြပြီး ဆေးရုံတက်ဖို့ သမီးလာပြောရ တာ၊ ဖေဖေ့ ကို မမယုက မချစ်ယင်၊မသဒ္ဓါယင် ဖေဖေ့ကို ခုလို ထမင်းချက် ကျွေးမွေး ပြုစုနေမလား၊ သူ့လင် ကိုတောင် သူထမင်းချက်နဲ့ ပစ်ထားယင်.... ဘယ်လောက်ဝမ်းနည်းလိုက်မလဲ... ငါရှာမကျွေး နိုင်လို့နဲ့ဆိုပြီး ပြောလို့ ဆုံးမှာမဟုတ်ဘူး...''

နုနုသည် စာရွက်ကို ရေးချစ်၍ ထိုးပြရပြန်သည်။ 


''ဟေ...သူ့မျက်နှာတွေ ဖေါနေတယ်...''

ထိုအခါကျမှ မျက်မှန်ကြီးကိုချကာ ကျမမျက်နှာကို စေ့စေ့ကြည့်၏၊ ကျမကတော့ မျက်ရည်တွေသာ တွေတွေ ကျ နေတော့သည်။ 

''ဟုတ်တယ်... စကားပြောယင်လဲ မောတယ်၊ ဒါကြောင့် ဖေဖေ့ကို ပြောစရာရှိယင် စာရေးပြောရတာ၊ ဒါကိုဘဲ ဖေဖေက သူရေးပြတဲ့စာ မဖတ်ဘူးဆိုပြီးနေတာကိုး... ဒီတော့ သူကလဲ စိတ်တိုလာတာပေါ့၊ 


ဖေဖေကိုယ်တိုင်က နားမှမကြားတဲ့ဟာ အခြေအနေ အရပ်ရပ်ကို သိချင်ယင် စာရေးပြတာကို ဖတ်မှ သိရတဲ့ ဘ၀ဟာ ခုမှ အသစ်လုပ်ပြီး မဖတ်ဘူးဆိုတော့ သူကလဲမရေးဘူး၊ ပါးစပ်နဲ့လဲ အမောခံမပြော တော့ဘူးဆိုပြီး နေတာပေါ့.... မမယုဟာ ထမင်းမစားနိုင်တာ သုံးလေးနှစ်ရှိဘီ....ခုလဲဆေးရုံတက်ချင် တာ ဖေဖေ့ကို ချက်ကျွေး မယ့် ထမင်းချက်ရှာမရသေးလို့ သူကိုယ်တိုင် ချက်နေရတာ... ဖေဖေက အလကားနေ အလကား အထင်လွဲ နေတာဘဲ၊ တခြားသားသမီးတွေအိမ် လိုက်နေပါဆိုလဲ မနေ ဘဲနဲ့...''

နုနုရေးပြသောစာကို ဖတ်ပြီးသောအခါ...


''မသိဘူးလေ ငရုပ်သီးတွေ ကြက်သွန်တွေကိုလဲ အရင်လိုမ၀ယ်ဘူး အဲဒါ ငါဝင်ချက်မှာစိုးလို့ ငါစားချင်တဲ့ အသား လဲ မရဘူး၊ ပစ္စည်းတွေဝယ်ခိုင်းရင်လဲ မရှိဘူးချည်းဘဲပြောတယ် ပြီး...အသက် ခြောက်ဆယ် ကျော် မာလီကြီး ကို အလုပ်ကထုတ်ပစ်ပါဆိုလဲ မထုတ်ပစ်ဘူး''၊ သူသည် သူမငိုနေသည် ကိုကြည့်ရင်း'' ခုရေးပြလေ...ခုရေးပြဖေဖေသ္မီးရေးတာကို ဖတ်တော့မယ်''ဟု လေသံပြော့နှင့်ဆိုပါ သတည်း။


ကျမရင်ထဲတွင်တော့ ဒေါသလည်းဖြစ်၏၊၀မ်းလဲနည်း၏၊ မျက်ရေကိုသုတ်ခါ စာရွက်ကြမ်းကိုယူ၍ စာရေး ပါသည်၊ မိဘနှင့် သားသမီးဆိုသည်က လင်သားလိုပြစ်ခွာပြေး၍ ရသည်လည်းမဟုတ်၊ ပြီးတော့ ကိုယ့်အဖေ အဖြစ်က ရောဂါ ပေါင်းစုံနှင့်မသန် မစွမ်းသူ ဖြစ်သည်၊ ကျမသေခါမှ ဇာတ်ထုပ်ကို ဘယ်လို ပင်ဆက်၍ကက ကျမ အသက်ရှင်စဉ်တော့ ဖေဖေ့ကို ချို့ချို့ငဲ့ငဲ့ မဖြစ်စေလိုပါ။


လမ်းမကြီးပေါ်တွင် ခြေတဘက် မသန်စွမ်းသော....ကုလားသူအိုကြီးများ ဖင်ရွှေ့ဖင်ရွှေ့ သွားနေသည် ကို မြင်လျှင်ဖြစ်စေ၊ စိတ်မနှံ့သူ လူအိုကြီးကို ကလေးတွေက ခဲနှင့်ဝိုင်းပေါက် နောက်ပြောင်နေသည်ကို မြင်လျင်ဖြစ်စေ ရင်ထဲတွင် နာကြင်လာပြီး မျက်ရေများလည်လာတတ်၏။

''ဘုရား...ဘုရား... ဖေဖေသာ အဲဒီ ဘ၀သာ ဆိုရင်တော့...''ဟူ၍ ဆက်မတွေးရဲဘဲ ကြောက်လန့် သွားတတ်ပါသည်။


ကျမကသာ ဒါလောက် စေတနာတွေ ထားရသည် ဖေဖေကတော့ မကျွေးချင် မမွေးချင်လို့ ဟူ၍ အစဉ် ထာဝရ အထင်လွဲမှုကို ခံရသောအခါ ''ဖြစ်ရလေခြင်း'' ဟူ၍ ကျမ ခဏခဏငိုမိပါသည်၊ ယခုလည်း ကျမသည် ဖြစ်ပျက်ပုံဟုသမျှ စုံလင်စွာရေးပြရ၏၊ ထိုစဉ်က ငရုပ်သီးကြက်သွန်များ ကင်းလွတ်ခွင့် မရသေး။

''ဖေဖေသိချင်တာတွေ သမီးရေးပြမယ်စိတ်ရှည်လက်ရှည်သာဖတ်...။


၁။    ။ ငရုပ်သီးကြက်သွန်ကို အရင်လို ခွက်တဆယ်ငါးပိဿာ ၀ယ်မထားတာက အစိုးရကိုက အားလုံးကို ချုပ်ကိုင်ထားတော့ ပြည်သူ့ဆိုင်က ဝေသမျှ ပေးသမျှသာရတာ တခါတလေ သမီးတို့ မိသားစုအတွက် ကြက်သွန်ငါး-ဥနဲ့ ငရုပ်သီး ငါးကျပ်သားပဲရတယ် မှောင်ခိုဈေးက ၀ယ်ရင်လဲ အဖမ်း ခံရမယ် ဆီလဲ ဒီလိုပဲ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ ဖေဖေ စားနေကြဟင်းမှာ အရသာမပျက်ဟင်းတခွက် စားရရင် ကြေနပ်ရောပေါ့ စိတ်ချ ဖေဖေအတွက် ဖူလုံအောင်လုပ်ပေးမှာပေါ့။


၂။    ။ကော်ဖီ၊ အိုဗာတင်း၊ လဖက်ရည် ဆိုတာလဲ သမီးတတ်နိုင် သလောက် ဟိုကတည်းက စုဆောင်း ထားလို့ ဖေဖေသောက်နေရတာ ခုဟောလစ်တို့ အိုဗာတင်းတို့ လိုချင်ရင် လျှောက်လွှာတင်ရ တယ်၊ သမီးရောဂါ အတွက်တောင် ဆရာဝန်တွေက ဟောလစ် သောက်ရမယ် ညွှန်ကြားပေမင့် အဲဒီ လျှောက်လွှာ တွေ ဘာတွေ အလုပ်ရှုပ်လွန်းလို့ သမီး ဘယ်တော့မှ မလျှောက်ဘူး၊ သောက်လဲ မသောက်ဘူး ဖေဖေ့ အတွက်သာ မချို့ငဲ့ပါစေနဲ့လို အိုဗာတင်း၊ လဖက်ခြောက်၊ အချိုခြောက်၊ ကော်ဖီ တို့် သမီးကြိုတင်စုထားတာ ဖေဖေ သိတဲ့အတိုင်း သမီးက လူအားမဟုတ်ဘူး၊ 


ဖေဖေတို့ တာဝန်တွေ ပြီးရင် စာလေး ဘာလေးလဲ ရေးရသေးတယ် ရတဲ့ချိန်ပိုလေးကို လျှောက်လွှာ ရေးတာတွေ ငရုပ်ကြက် သွန်တန်းစီတာတွေနဲ့  အချိန်ကုန်မခံနိုင်ဘူး၊ သမီးတို့မှာ အချိန်ဟာ... သိတ်အဘိုးတန်ကာ လက်တို လက်တောင်းခိုင်းဘို့ မောင်ကံညွန့် လဲ ကျောင်းကတဖတ် တက်ရ သေးတယ် မို့လား- ခုခေတ်အိမ်ရှင်မ တယောက်ဟာ ဟင်းတအိုးကျက်ဖို့ သူတို့ခမျာ လျာ အလျားသား ထွက်မတက် အချိန်မှီ ပြေးရ၊ လွှားရ တာ ဖေဖေမသိဘူး၊ သတင်းစာတွေထဲ ရေးတာ ဖေဖေမဖတ်ရဘူးလား၊ ဒါတောင် သမီးက ကလေး ငယ်မရှိလို့ အပုံကြီးတော်သေးတာ။


၃။    ။ဖေဖေလိုချင်တဲ့ ဆဲဗင်အိုကလော့မုတ်ဆိပ်ရိပ်ဒါး ကိုးလ်ဂိတ် သွားတိုက်ဆေး၊ ဆိုတာတွေက လဲ ဖေဖေ ပြောတဲ့ ဖရေဇာတန်းမှာမရှိ၊ ဖေဖေသိထားတဲ့ ကမ္ဘာလုံးဆိုင်တို့ ဘာတို့ဆိုတာလဲမရှိ၊ ပြည်သူ ပိုင်သိမ်းလို့ ကုလားတွေ တရုပ်တွေ သူတို့ မူရင်း တိုင်းပြည်တွေကို ပြန်ကုန်ကြပြီ၊ တက္ကသိုလ်သမ၀ါယမ လဲ ဖျက်သိမ်း လိုက်ပြီ စကော့ဈေးတခုလုံးလဲဘာမှ နိုင်ငံခြားဖြစ်မရောင်းရဘူး၊ ခံတပ်ကြီးဆေးကို သ္မီးတို့ တခြားက ၀ယ်ပေးတာ ပြီးတော့ ဖေဖေလိုချင်တဲ့ ဘီ-ပီဘမ်းတို့ဘာတို့ဆိုတာလဲ တန်းစီရတယ်၊ သမီးတို့ အိမ်မှာ တန်းစီ ရဖို့ လူပိုရှိသလား ဖေဖေသိတဲ့ အတိုင်း၊ ဒါပေမင့် ဖေဖေလိုချင်တာတွေကို ဖြစ်တဲ့နေရာ က ဖြစ်သလိုရှာပေး ခဲ့လို့ ဖေဖေခုထိ သုံးနေရဆဲဘဲမို့လား၊ ကြေနပ်ရောပေါ့''


၎။    ။ မာလီကိစ္စက အသက်ခြောက်ဆယ်ကျော် ခါးကုန်းနေတဲ့ မာလီအဖိုးကြီးကို အလုပ်ဖြုတ်မပြစ် ကောင်းလားလို့ ဖေဖေက သမီးကို အမြဲဆူတယ်၊ သူအလုပ်မလုပ်နိုင်တာ သမီးသိသားဘဲ၊ ဒါပေမယ့် မြက်ရှင်းနိုင်ရင်တော်ရော့ပေါ့၊ လေးလေးပင်ပင် မြေပေါက်ဖို့ နောက်ချေးကြုံးဖို့ကိစ္စတွေမှာ သူ့မြေး မောင်ကံညွန့်က လုပ်ပေးသားဘဲဟာ သမီးတို့ဟာ စီးပွားဖြစ် ခြံလုပ်နေကြတာမှ မဟုတ်ဘဲ၊ ဆောင်းဦးပေါက် ပန်းလှလှလေးတွေ့ရရင် တော်ရောပေါ့ စဉ်းစားကြည့်ပါအုံး၊ ဘ၀ကံကောင်းလို့ ဖေဖေ့မှာ သားထောက်သမီးခံနဲ့ အသက်ရှစ်ဆယ်ထိ နေနိုင်တာကိုး ဒီမာလီ အဖိုးကြီးကျတော့ တခြား အိမ်က လခပေးပြီး ဘယ်သူခိုင်းမလဲ အိမ်ရှင်ဆိုတာ သူတို့စိတ်တိုင်းကျ လုပ်အားရမှ ငွေပေးချင်တာ ပေါ့၊ 


သမီးတို့အိမ်က အလုပ်ဖြုတ်ပြစ်ရင် သူဒုက္ခရောက်တာပေါ့၊ အိုခြင်းဆင်းရဲကို သ္မီးရေးပြဖို့ မလိုဘူး၊ ဖေဖေအသိဆုံးဘဲ၊ ဘယ်လောက်မှ ကြာကြာမအောင့်ရဘူး၊ သူ့မြေးမောင်ကံညွန့် မိတ္ထီလာလေတပ် ကျောင်းက ဆင်းလာရင် လခရရော၊ ဒီတော့ သူ့အဖိုးကို လုပ်ကျွေးနိုင်ရော အဲဒီအချိန်မှာ မာလီကြီးကို သမီးတို့ အလုပ်ဖြုတ်ပြစ်လဲမာလီကြီး ဒုက္ခမရောက်တော့ဘူး ဖေဖေ့မှာ အစစစိတ်တိုင်းမကျတိုင်း သူများကို ဒေါထပြီး အလုပ်ဖြုတ်ချင်နေတာပဲ ဖေဖေသာ အသက်ရှစ်ဆယ်တွင်းမှာ ပေါက်တူး''မ'' နိုင်ပေမဲ့ သူ့မှာတော့ ကျန်းမာရေးချို့တဲ့တော့ အသက်ခြောက်ဆယ်ဖြစ်ပေမဲ့လဲ ပေါက်တူးမကိုင်နိုင်ဘူး ပေါ့ ဒါကိုဒေါထပြီး နေ့တိုင်းဆူနေတာဘဲ၊ ကုသိုလ်ကံတို့ ဆုတောင်းတို့ဆိုတာ ဘယ်တူနိုင်ပါ့မလဲ၊ 


ဖေဖေဟာ ကျောင်းဆရာကြီးတယောက် စာအုပ်ပေါင်းသောင်းခြောက်ထောင်လည်း အမြဲဖတ်နေရက်နဲ့ သမီးရေးပြဖို့မလိုပါဘူး၊ အကျိုးပေးခြင်းဆိုတာလည်း ဘယ်တူနိုင်ပါ့မလဲ ဖေဖေသဒ္ဓါတရားတို့ စေတနာတို့်ရဲ့ အရှိန်ဇောအလျောက် သတ္တ၀ါတွေကို အကျိုးလိုက်ပေးနေတယ်ဆိုတာ ဖေဖေအသိပဲ သတ္တ၀ါတ ယောက်ရဲ့ ရင်မှာဖြစ်တဲ့ စေတနာ စိတ်ဇောဟာ တခြားသတ္တ၀ါတယောက်နဲ့ ဘယ်နည်းနဲ့ မှ မတူနိုင်ဘူး၊ ဒီတော့ အကျိုးပေးလဲ မတူဘူး၊ ဒါကို အတင်းဘဲ တူရမယ်၊  ငါလိုပ်နိုင်ရင် သူလဲလုပ်နိုင်ရ မယ်နဲ့ ဖေဖေကအမြဲဆူနေတော့ သမီးလဲ ဘာမှပြန်မပြောချင်တော့ဘူး၊ ဖြေရတဲ့ စကားလုံးကလဲ တိုတိုပြောရတာမှ မဟုတ်ဘဲ''


''ပြီးတော့... အသက်ခြောက်ဆယ်ကျော် အဘိုးကြီးထားရတဲ့ ပြဿနာမှာ အချက်တချက်က အိမ်မှာ ထမင်းချက် မိန်းကလေးတွေရှိတဲ့အခါမှာ သမီးက မီးဖိုချောင်လုံးဝမ၀င်ဘူး၊ စာရေးတဲ့အခါရေး ကိုကြီး နောက်လိုက်သွားပြီး ထမင်းချက်ကျွေးရတဲ့အခါ ကျွေးနဲ့ ဒီထမင်းချက် မိန်းကလေးတွေကို လိုက်ထိန်း မနေနိုင်ဘူး၊ ငယ်ငယ်ရွယ်ရွယ် သန်သန်မြန်မြန် မာလီသာခေါ်ထားရင် ဒီိမိန်းကလေးတွေနဲ့ ပြဿနာ မတက်ဘူးလို့ ဖေဖေအာမခံနိုင်မလား၊ ခုသမီးတို့အိမ်မှာ ဆယ်နှစ်ဆယ့် ငါးနှစ် နှစ်ရှည်လများ ကောင်မ လေးတွေနေသွားပြီး၊ သူတို့အကြောင်းနဲ့သူတို့ အလုပ်ထွက်ခြင်သာ ထွက်သွားရော ယောက်ျားပြဿ နာရှုတ်ရှုတ်ရှက်ရှက် မပေါ်ခဲ့ဘူးမို့လား''

''အဲဒီအကြောင်းကြောင့်လဲ တကြောင်း သမီးဒီအဘိုးအို မာလီကြီးကို အလုပ်က ထုတ်မပြစ်တာ''


''ပြီးတော့... အလုပ်သမား ဥပဒေဆိုတာရှိတယ်၊ ဒီဥပဒေဟာ အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ အစိုးရက ပြဌာန်းထားခြင်းဖြစ်တယ်၊ မတရားတဲ့ အိမ်ရှင်မတရားတဲ့ အလုပ်ရှင်တွေဟာ အလုပ်ခွင် မှာလဲ မတရားသဖြင့်ခိုင်း အလုပ်ချိန်ပြင်ပမှာလဲ မဆိုင်တဲ့ အလုပ်တွေကို အချိန်ပိုခိုင်း တရားမျှတတဲ့ လစာလဲ မပေးဘူး၊ အခမဲ့ ဆေးကုသခွင့်တို့ ဘာတို့လဲမရဘူး၊ စုံနေတါပေါ့ အဲဒါတွေကို မတရားသဖြင့် မဖြစ်ပါစေနဲ့ဆိုပြီး တနေ့ရှစ်နာရီ လိုပ်ခွင့်အစရှိတဲ့ ဥပဒေတွေကို အလုပ်သမားတွေကို အကာအကွယ် ပေး ဖို့ အစိုးရကပြဌာန်းပေးတယ်၊ 


ဒါပေမင့် ဖြစ်တဲ့အဖြစ်က အစိုးရက မျှော်လင့်သလို မဖြစ်လာဘူး၊ အလုပ်သမား (တချို့ဟာ) အစိုးရကတို့် ဘက်မှာရှိတယ်ဆိုပြီး၊ ဒီဥပဒေကို မတရားသဖြင့် အခွင့် အရေးယူပြီး၊ အချိန်ပြည့် အလုပ်မလုပ်၊ လုပ်ရင်လဲ ကျိုးကျိုးစားစား ကြေကြေပြွန်ပြွန်မလုပ်။ ရှင်းရှင်း ရေးရရင် အခွင့်အရေးသာ တောင်းတတ်တော့တယ် အလုပ်ဝတ္တရားကိုတော့ ကြေပြွန်အောင် မလုပ် ချင်ကြဘူး၊ ဒီတော့ သည်းမခံနိုင်တဲ့ အိမ်ရှင်တွေ အလုပ်ရှင်တွေက ဒီအလုပ်သမားတွေကို အလုပ်က ထုတ်ပြစ်ကြတယ်၊ ထုတ်ပြစ်ပြန်တော့ အလုပ်သမားက အလုပ်သမားရုံးသွားတိုင်ပြန်ရော ဒီတော့ အလုပ်ရှင်တွေ အိမ်ရှင်တွေမှာ ရုံးတက်ရ အမှုဖြစ်ရနဲ့ အလုပ်ရှုတ်တယ်မို့လား''


သူတပါးအပေါ် မတရားသဖြင့် နိုပ်စက်ပြီး နိုင်ထက်စီးနင်း လုပ်ချင်တဲ့ အလုပ်ရှင်တွေအဖို့ သာရုံးတက်ရ အမှုဖြစ်ရတာကို ထမင်းစားရေသောက်သလို အပမ်းမကြီးပေမင့် ရိုးရိုးသားသား အေးအေး ဆေးဆေးနေချင်တဲ့ အိမ်ရှင်တွေအဖို့က ရုံးပြင်ကနားဆိုတာကို အနိဠာရုံနေရာတွေ လိုအင်မတန် ကြောက်တာ၊ ဒီတော့ ဒီပြဿနာတွေကို အဖြစ်လဲ မခံချင်တော့၊ ဒီအနားတ၀ိုက်မှာ သူဌေးတွေတောင် မာလီလဲ မငှားကြဘူး၊ ဒရိုင်ဘာလဲမငှားကြဘူး၊ ကိုယ့်ကားကိုယ်မောင်းကြတယ်၊ ဒရိုင်ဘာပြသနာလဲ မပေါ်တော့ဘူး။ 


အဲဒီလောက်ပြဿနာတွေ အပြင်မှာ ဖြစ်နေပါတယ်ဆိုပါမှ ဖေဖေ့မှာ ''ငါ့ကို ကားဝယ်မပေးဘူးဆိုတာ က တမျိုး၊ မာလီငယ်ငယ် ငှားမပေးဘူးဆိုတာက တမျိုး'' ဖေဖေဖြစ်ချင်တာတွေ အထွက်ဘဲဆူပူနေ တာဘဲ၊ ဒါလောက် ရှည်လျားတဲ့ ပြဿနာတွေကို သမီးက ပါးစပ်နဲ့ ဖေဖေ့လို နားမကြားတဲ့လူတ ယောက်ကို ဘယ်လို ဖြေရှင်း ပြောနေနိုင်မလဲ။


သမီးဒီရောဂါနဲ့ သေချက်လဲ သေမယ်၊ အသက်ရှည်ချင်လဲ ရှည်မယ်၊ ဒါပေမယ့် လောကကြီးမှာ အေးအေးဘဲ နေချင်တယ်၊ ဒါကြောင့် သမီးကိုယ်ကို အားလုံးလျော့ချလိုက်တယ်၊ ခိုင်းတဲ့ခလေးမလေး တွေနဲ့လဲ ပြဿနာမပေါ်အောင်နေတယ်၊ မာလီနဲ့ လဲအေးအောင်ကြည့်နေတယ်၊ မာလီကြီးကလဲ သမီးကို အလုပ်ရှင် လို့ မမြင်ဘူး၊ သားလို သမီးလိုဆက်ဆံကြတော့ အေးလို့၊ စိတ်တိုင်းမကျတာတွေ ကတော့ ရှိကြသပေါ့၊ စိတ်တိုင်း မကျတိုင်းသာ ''လေးခင်းပြရယင်၊ ဒေါထနေရယင်တော့ လောကတ ခုလုံး မီးတင်ရှို့ဖို့ဘဲ ရှိတယ်။


''မမယုကလဲ ဒါကတော့ ဖေဖေ့အပြစ်ကလဲရှိသေးတာကို၊ သုဝဏ္ဏသာမတို့ မိဘပြုစုတယ်ဆိုတာက ဒုကုလ နဲ့ ပါရိကာ တို့က တောတွင်းသစ်ခက်တဲ မှာ တရားထိုင်လို့ သားရှာပေးတဲ့ သစ်သီးကို အေးချမ်း စွာစားလို့ ခြေဆုတ်လက်နယ်ပြုသမျှ ခံလိုဆိုတဲ့ မိဘမျိုးလား၊ ဖေဖေ့ ခြေထောက်ကောင်းပြီး နားကြား ယင် ပိဠိယက္ခ မင်းကြီးထက်တောင် တောလိုက် ကောင်း အုံးမယ်။ ကိုယ့်အဖေက မိုးပျံနေတဲ့အဖေ၊ ကဲ လေ- ဒါတွေတွေးမနေနဲ့ ဆရာဝန်နဲ့ရော၊ ထမင်းချက်ရော စီစဉ်ပြီးရင် နုနုတခေါက်လာမယ်၊ အကို မှော်ဘီ က လာရင် လဲ နုနုတို့အစီအစဉ်ကိုပြောပြ အကိုလဲ ဒုက္ခပါပဲ….''


သူကရယ်ရယ်မောမောနှင့် စကားကို အဆုံးသတ်ပါသည်၊ အတော်ကြာ ကျမတို့စကားမပြောဘဲ အတွေး ကိုယ်စီ နှင့်ငြိမ်ကြ၏။ စာဖတ်သူ ခမည်းတော်ဘုရား၏ဟန်ပန်ကို ညီအမနှစ်ယောက်လုံး အကဲခတ် နေကြ၏။ စာဖတ်ပြီး အဆုံးသတ်တော့မှ မျက်မှန်ကြီးဘေးချလိုက်ခါ-

''မသိလို့ဗျို့… မသိလို့'' ဟူ၍ ထုံးစံအတိုင်း ခုနှစ်သံနှင့် ဖေဖေက အော်လိုက်ပြန်ပါသည်။ ပြီးတော့မှ မျက်မှောင် ကြုတ်ကာ တစုံတရာစဉ်းစားသလိုလုပ်ရင်း မေးခွန်းတခုမေး၏။


''နေပါဦး စကော့ဈေးထဲက ပစ္စည်းတွေသိမ်းတယ်ဆိုတော့ ''မမလေး ဘာလုပ်စားနေလဲ… သူက အပျို ကြီး၊ လုပ်ကျွေး မဲ့ လူလဲမရှိ''

ကျမတို့ညီအမနှစ်ယောက်မှာ ဖေဖေ့မေးခွန်းကြောင့် ပြိုင်တူရယ်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ထောင်သောင်းများစွာသော လူတွေ၏အဖြစ်အပျက်များကြားထဲမှ၊ သူခွဲစိတ်ကုသခြင်းခံရစဉ်က ဂရုတစိုက် ပြုစုသော တပည့်၊ ဦးစောမောင် ၏ နှမအငယ်ဆုံး ''ဒေါ်မမလေး''အား သူရွေး၍သတိရခြင်းကို ကျမ တို့ ညီအမ နှစ်ယောက် သဘောကျကြခြင်းဖြစ်ပါသည်။


''ဒီလိုပဲပေါ့ ပလပ်စတစ် အရုပ်ကလေးတွေ ဆီးသီးထုတ်တို့ မဆလာတို့ရောင်းတာပေါ့…''

နုနုက စာရေးပြလိုက်၏။

''သူ အင်မတန် သဘောကောင်းတဲ့သူပါ မတရားတဲ့ ကုန်သည်တွေပစ္စည်းမှ သိမ်းတာမဟုတ်ဘူး လား…''

နုနု ရော ကျမရော ဖေဖေ့မေးခွန်းကို မဖြေကြပါ၊ အေးအေးဆေးဆေးစီစဉ်ပြီး ကိုကိုနှင့် နုနု ဖေဖေ့ကို လာခေါ်မည့် အကြောင်း လိုချင်သောပစ္စည်းစုဆောင်းထားသည်မို့ နုနုကစာရေးပြပါသည်။


တပတ်အတွင်း ကိုကိုက ဖေဖေ့ကိုလာခေါ်၍ ကျမအိပ်ယာပေါ် နားခွင့်ရပါသည်။ ဟင်းကို ဖေဖေ့အကို အကြီးဆုံး ဦးသာယာ မှ မွေးခဲ့သည့် ဒေါ်ခင်ညွှန့်က လာပို့ပါသည်။ နောက်လတွင်တော့ ထမင်းချက် မိန်း ကလေး တယောက် ကို ကိုကိုခေါ်ပေးထားပါသည်။ အကိုကြီးကတော့ မှော်ဘီမှ ခဏခဏလာကြည့်ခါ ဆရာဝန် စကားနားထောင်ဖို့နှင့် တရားထိုင်ဖို့သာ သူပြောပါသည်။


ကျမရောဂါမှာ လက်တွေခြေတွေယောင်လာ၍ ကျမမစိုးရိမ်မိ၊ အသက်ရှုကြပ်လာမှသာ ကျမကြောက် ပါသည်၊ ခေါင်းထဲမှ ပြင်းထန်စွာ နာလာလျင် အန်၍၊ လူကလည်း သေမလိုပြော့၍ အားနည်းသွားတတ် ပါသည်၊ ထို့ကြောင့် ခေါင်းထဲမှနာမှာကို၎င်း၊ အသံတခုမြည်လာမှာကို၎င်း ကျမကြောက်ပါသည်၊ ဤအ သံမှာ ဘယ်က မြည်လာသော အသံ ဟုမသိ၊ အဝေးမှ လေယဉ်ပျံတခု ပျံသွားသောအသံနှင့် ဆင်ဆင်တူ ၏။ ကျမ အဖို့ မှာတော့ ဤအသံမြည်လာလျှင် ဝေဒနာပြင်စွာ ခံရပါသည်။


သေခြင်းတရားသည် စင်စစ်ကြောက်စရာမကောင်းပါပေ၊ သူ့အလိုအလျောက်ဖြစ်လာသော သဘောတ ခုဖြစ်၏။ မသေခင် ဝေဒနာခံစားရင်းနှင့် တမလွန်ရှိ ငရဲ၊ ၀ဋ်ဆင်းမှုတို့ကသာ ကြောက်စရာပါပင်တည်း။

ကျမစောစောပိုင်းက ဖေဖေ့ကို အလွန်စိတ်ဆိုးသော အကြိမ်နှစ်ကြိမ်ရှိသည်ဟု ရေးသားခဲ့ပါသည်။ ပထမ အကြိမ် မှာ ၀က်သားစား၍ ဒဏ်ရာရသောအကြိမ်ဖြစ်၏။ 


လူနာတယောက် ကို ဆေးရုံတင်ရတိုင်း ငွေကုန်ရသည်၊ စိတ်မောရသည်များမှာ အကြောင်းမဟုတ် ပြုစုရသူ ကျမ ကိုယ်တိုင် က ချိနဲ့ရသည့် အထဲ ဒီချိချိနဲ့နဲ့ကိုယ်နှင့် ဆေးရုံကြီးကို နေ့တိုင်းသွားရခြင်းကို စိတ်အလွန် ဆင်းရဲ၏။ ကားရှိသည်ဆိုသော မောင်နှမသားချင်းတွေကိုလည်း နေ့စဉ်အပူမကပ်ချင် တို့အဖေကြီး တွက်ဘဲ ဟူ၍ သူတို့ဖာသာ သဘောပေါက်နားလည်၍ နေ့စဉ်လာခေါ်လျှင်တော့ ကျမ လိုက်ကောင်းလိုက်ပေမည်။ ကျမ ကိုယ်၌က လည်း မာနကြီးသည်ထင်ပါသည်။ ''ကယ်မပါ ပြုစုပါ၊ မွဲသွေ့သွေ့မျက်နှာ ကိုယ်ချမ်းသာ ရာ ရကြောင်း ငယ်ပေါင်းစုတ်ပဲ့နုံ့နဲ့သည့်စကားများကို ယောင်မှား၍ဆိုမိ လျှာတိုအောင်ရိပ်ချင်၏'' ဆိုသော ဦးပုည စကားလိုပင် ဘယ်သူ့မှသွားမပြောတော့ဘဲ ကိုယ့်ခြေသာ ကိုယ် အားကိုး၍ ခနော်ခနဲ့နှင့် ဆေးရုံ နှင့် အိမ် ကို ကူးမိသည်။ ငါပြုရင် ငါ့ကုသိုလ်ဘဲဟူ၍ စိတ်ကိုဖြတ်လိုက်ခါ နေလိုက်မိပါသည်။ ဒါကြောင့် ဖေဖေ့ ကို ဆင်ဆင် ချင်ချင် နေစေချင်ပါသည်။ ဆေးရုံတက်ရသော အဖြစ်များကို ဖြစ်ကိုမဖြစ်စေချင်ပါ။


ဖေဖေကလည်း ပြောမရ။

ကျမစိတ်ထဲကတော့ ၀တ္ထုရေးသူပီပီ စိတ်ကူးယဉ်ကြည့်၏။ ဖေဖေ စိုက်ပျိုးရေး ၀ါသနာပါသူ ဖခင်ကြီး တယောက် စိုက်ပျိုးလိုက်၊ မြေများကို ပေါက်ချင်လည်း ၀င်ပေါက်လိုက်အုံး၊ သစ်ပင်များကို ရေလောင်း ချင်လည်း မာလီနှင့်အတူလောင်း၊ ကျန်းမာရေးပင် ပြည့်စုံပေသေးသည်။ ကျန်သောအချိန်တွင် ကြက်သရေရှိရှိ နှင့် အိမ်ဦးခန်းတွင် ကြိုက်သောစာအုပ်ကိုဖတ် ''သမီးရေ ဖေဖေ ဒီနေ့ ဘာဟင်းနဲ့ စားချင်တယ်'' စားချင်သည်ကိုပြော ဖေဖေ့အကြိုက်ကို ချက်ပြုတ်ကျွေး၊ ကျမရင်ထဲမှာတော့ ဤကဲ့သို့ ဖခင်မျိုး ကို ခဏခဏစိတ်ကူးယဉ်ကြည့်မိပါသည်။ ဖေဖေကတော့ တခြားထင်တာတွေလည်းလုပ် မီးဖိုချောင် ၀င် ဟင်းကိုယ်တိုင်ဝင်ချက် တခါတရံ ရေနံဆီမီးဖိုက မီးထတောက် တခါတလေ သူကပင် ထမင်းချက် မိန်းခလေး များကို ကြိမ်းထား၏။


''မီးဖိုချောင် မှာ ငါဘာဟင်းဝင်ချက်သလဲဆိုတာ နင်တို့မမကိုဖွင့်ပြောရင် ငါနင်တို့လည်ပင်းညှစ်မယ် ဒါဘဲ''

ကျမကမသိဘဲ နေပါမည်လား ငံပြာရေဆီသတ်ကို စပါးလင်ထည့်၍ သတ်သည်ကို ဖေဖေကြိုက်၏။ ''ဒီ နေ့ ဖေဖေ့ ကို ငံပြာရေဆီသတ် စပါးလင်နဲ့ထည့်ပြီး ချက်ပေးပါ''ဟုပြောလျှင် ပြီးသည့်ကိစ္စ၊ အဲဒီလိုမပြောပါ သူကိုယ်တိုင် ၀င်လုပ်ပါသည်။ တခါက ဆူးလေဘုရားအိမ်တွင် ဆီးအိုးမီးထ၍တောက်ဖူးပေပြီ၊ ထို့ကြောင့်ပင် ယခု ရေနံဆီမီးဖိုသုံးချိန် ၌ ဘယ်ကိုဘဲသွားသွား ဖေဖေ့ကိုစိတ်မချ ဖေဖေချက်ပြုတ်နေဆဲ ခနော်ခနဲ့နှင့် မီးဖို ပေါ် လဲကျသွားမှာ ကျမအလွန်စိုးရိမ်ပါသည်။


ထို့ကြောင့်ပင် ခလေးမလေးများကို ဖေဖေချက်နေဆဲ အနားမှ ဘယ်မှမသွားရန် မီးထတောက်သော် ဂုံနီအိပ် ရေဆွတ် ၍ အုပ်ရန် မီးသတ်နည်းကအစ သင်ကြားရပါသည်။

ကျန်အချိန်များတွင်လဲ အစုတ်ပေါင်းစုံကို ဖေဖေ့အခန်းတွင်တွေ့ရ၍ အိပ်ရာခင်း ခြင်ထောင် စောင်ဟူ သမျှ ဖာ တော့သည်။ နေ့စဉ်အ၀တ်ဟောင်းများကို အ၀တ်လျှော်ကုလားမ လာတိုင်းပေးရန် သွားယူ လျှင် ခလေးမလေး များကိုယူခွင့်မပြု။

သူကိုယ်တိုင် ထင်းခွေ ရေနံဆီသံပုံးထဲ သူ့အ၀တ်များထည့်၍  ခြံထဲတွင်ပြုတ် နှစ်ရက်တိတိပြုတ်ရမယ် ဆိုလျှင် ခလေးမလေးတွေမှာ နှစ်ရက်တိတိပြုတ်ရသည်။ ပြီးတော့ သူ့ဟာသူဖွတ်သည်။


''ဖေဖေလုပ်မှာစိုးလို့ ဒီကုလားမကို ငှားထားတာ၊ ဒီတခါ ဖေဖေအ၀တ်ဖွတ်ရင်တော့ ဒီသံပုံးရော အ၀တ် ရော သမီး လွှင့်အပြစ်ဘဲ''

လူမိုက်ဂိုက် နှင့် ခပ်တည်တည်ပြောရပြန်သည်။ ဒီတော့မှ အ၀တ်ပြုတ်သောသံပုံးကို အပ်တော့သည်။

ယခု ဒုတိယအကြိမ် ဖေဖေ့ကိုစိတ်ဆိုးမိသည်မှာတော့ ကိုကို၏အစီအစဉ်အတိုင်း ကျမအိမ်မှာတွင် အနား ယူကာနေ၏။ ကိုကိုရှာပေးသော ကရင်မလေးတယောက်က ထမင်းချက်၍ကျွေးသည်။ တနေ့တွင်မူ အိပ်ခန်း ခန်းဆီး ကို မ ကာ ဖေဖေအော်လိုက်သံကို ကြားလိုက်ရ၏။ ကျမက ကုတင်ပေါ်မှနေ၍ အံအား သင့်နေသည်။

''နင့်အိမ်ကိုလေ ငါဘယ်တော့မှပြန်မလာတော့ဘူး၊ မောင်မောင့် အိမ် မှာ တနေ့ဟင်းရှစ်ခွက်နဲ့ စားရ တယ်၊ သိလား''


ကျမမှာ ကုတင်ပေါ်မှနေ၍ ဒေါသဖြစ်သည်မှာ အလွန်ပါပင်တည်း။ ''ငါ့အဖေ ငါ့စေတနာကို မသိလေ ခြင်း''ဟူ၍ မျက်ရည်ပေါက်ပေါက်ကျလာသည်။ ချက်ခြင်းပင် ကုတင်ဘေးစားပွဲပေါ်မှ စာရွက်တခုဆွဲယူ ကာ ရေးလိုက်၏။

''တနေ့ ဟင်းရှစ်ခွက်စားနိုင်သော ဖေဖေ့သားအိမ်၌ တသက်လုံးနေပါ၊ သမီးကတော့ ဟင်းသုံးခွက်ပင် ကျွေး နိုင် ပါသည်။ သမီးသေပြီဟု ကြားတောင်မှ သမီးဆီကိုမလာပါနှင့်''

ကျမသည် ယခုတခါ စိတ်အလွန်ကိုဆိုးပါသည်။ သူဘာနှင့်လာ၍ ဘာနှင့်ပြန်သည်ကိုပင် ထ၍မကြည့် တော့။


နောက်နေ့တွင် ကိုကို လာကြည့်၏။ သူက ရောဂါအကြောင်းမေးပေမင့် ရောဂါအကြောင်း ကျမမဖြေပါ ပေ။

''ကိုကို က တနေ့ကို ဟင်းရှစ်ခွက် နဲ့ ဖေဖေ့ကို ကျွေးတယ်ဆို၊ မနေ့က ဖေဖေ မယုကိုလာပြီး ရန်တွေ့ တယ်'' ကျမက မေးလိုက်၏။

''မယုရယ်… ဖေဖေ့အကြောင်း ခေါင်းထဲမထည့်နဲ့တော့ ကိုယ့်ကျန်းမာရေးသာ ကိုယ်ဂရုစိုက်၊ လူဆယ် ယောက် ဆယ့်ငါးယောက်ရှိတဲ့ ကိုကိုတို့လိုအိမ်မှာ ခုခေတ်ဈေးနဲ့ ဟင်းရှစ်ခွက်စားဖို့နေနေသာသာ တ နေ့ သုံးခွက် စား ဖို့ မနဲလုပ်ရတာ ဘယ့်နှယ် နေကောင်းလား''


ကျမက ဘာမှမဖြေတော့ပါ မျက်ရည်တွေသာ လည်လာပါသည်။ ကိုကိုပြန်သွားမှ ရှိုက်ကြီးတငင် ငိုမိ သည်။ ကိုကို့ အိမ်ကို ဖေဖေသွားနေစဉ် အတောအတွင်းမှာပင် လစဉ် ငါးချောက်၊ အိုဗာတင်း၊ နို့ဆီ၊ သ ကြား၊ ကော်ဖီမှုံ့၊ လဘက်ခြောက်အချို၊ တလစာ တလစာ အိမ်က ကရင်မလေးကိုယ်တိုင် သွားပို့ခိုင်း၏။

ကျမနောက်ပိုင်းတွင်တော့ မငိုတော့ ငယ်ငယ်က ဖိုးစိန်ကြီးဇာတ်ထဲက သီချင်းကို သွားသတိရ၏။


''ကံဆိုးတဲ့ဇိန္နမာယူရယ်၊ ရန်ငြိုးမဖွဲ့လေနဲ့ သံသရာမှာမြော။ မင်းကဆိုးရင် မင်းပဲငရဲကြီးမယ်၊ ငါကဆိုးရင် မင်းပဲငရဲကြီးမယ်…''

ထိုသီချင်းအတိုင်းပင် မိဘနှင့်သားသမီး ကျမရင်ထဲအမျက်ဖြစ်လေသမျှ ကျမသံသရာမှာသာ မြောရ တော့မည် ကြောက်လိုက်ပါဘိ၊ (ဤသံသရာ) သူ့ကိုကြောက်၍ ပြေးရသည်မှာအမော၊ စင်စစ် ဤသံသ ရာကို ဘယ်သူကမှမစ။ ကျမကစခဲ့၍ ကျမတွယ်တာ၍ ကျမမောခဲ့ရခြင်းဖြစ်ပါတည်း။ ကျမကစ၍ ဖြတ် မှဟူ၍ သဘော ပေါက်သည့်တပြိုင်နက် ကျမရင်ထဲတွင် ပထမဆုံးငြိမ်းတော့သည်။ နောက်ပိုင်းတွင် တော့ အားထုတ် ပြီးသောတရားကို ရက်ပိုင်းနှင့် ဒိဋ္ဌာန်၍ ထပ်ခါထပ်ခါအားထုတ်သည်၊ နောက်ကိုလည်း အားထုတ် ရအုံးမည်။ ဆရာမင်းသုဝဏ်၏ကဗျာလေးကို ကျမ ခဏ ခဏရေရွတ်မိ၏။


Monday, February 7, 2011


ဇာတ်သိမ်းဆက်ရန်.......


[ ရွှေဇင်ဦးဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]