ငါ့မယား
📗📗📗📗
သုမောင်
ကိုစံလွင်ဟာ စိတ် ကယောင်ချောက်ချား ဖြစ်နေပါတယ်။ အိမ်ရှေ့ အိမ်နောက် လမ်းသလား နေပါတယ်။ တစ်ခါတလေ အိမ်ပေါ်က ဆင်းပြီး အိမ်ရှေ့ ကခံထဲမှာ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ သစ်ရွက်တွေ ခူးလိုခူး၊ မြက်ပင်တွေ ဆွဲနုတ်လိုနုတ် လုပ်နေပါတယ်။ စိတ်ဂနာမငြိမ် ဖြစ်နေတယ် ဆိုပါစို့။ ဒါဟာ မွေးရာပါ ဗီဇကြောင့်လည်း ပါပါတယ်။ ပြီးတော့ သူက ထန်းရည် ကြိုက်ပါတယ်။ ညနေစောင်းရင် ထန်းရည် မသောက်ရ မနေနိုင်ပါဘူး။ ထန်းရည်ကိုလည်း ထန်းတောမှာ သောက်ရမှ ကျေနပ်တာပါ။ ဗီဇအပြင် အကျင့်လိုလည်း ဖြစ်နေပါပြီ။ ဒါက ထန်းသမား၊ အရက်သမား၊ အခု ခေတ်လိုဆို ဆေးသမားတွေရဲ့ ဒုက္ခ တစ်မျိုးပါ။ နော့ပေမဲ့ ဒီကနေ့ ညနေ ကိုစံလွင် ဖြစ်နေပုံကတော့ အရင်နေ့တွေ ကထက် ဆိုးပါတယ်။ ဂနာမငြိမ် သူတွေရဲ့ ထုံးစံအတိုင်း စိတ်တိုတတ်တာ မှန်ပေမဲ့ သူ စိတ်တိုနေတာက သူ့မယား မစောကိုပါ။ ဖြစ်မှဖြစ်ရ ပလေတယ်။ “မစော” ဆိုတာက သူ့အပေါ် အလွန် နားလည်တဲ့ သဘောထားကြီးတဲ့၊ ပြောရရင် သူ့ကို အလွန် ချစ်မြတ်နိုးရှာတဲ့ ငယ်မယားပါ။ ပြီးတော့ သူ ထန်းတော သွားတာကို ဘယ်တုန်းကမှ တားမြစ်တဲ့ မိန်းမ မဟုတ်ပါဘူး။ တစ်ခါတလေ အလုပ်လုပ်ရင်း မတော်တဆ ခြေထောက်တွေ ဘာတွေ ထိခိုက် ဒဏ်ရာရလို့ လမ်းကောင်းကောင်း မလျှောက်နိုင်ရင်တောင် မိန်းမတန်မဲ့ ထန်းတောသွားပြီး ထန်းရေ ဝယ်ပေးရှာတဲ့ မိန်းမပါ။ အဲ … ခုညနေမှာတော့ ကိုစံလွင် ထန်းတောသွားဖို့ ခက်ခဲ နေတာကိုပဲ “မစော” ကြောင့်လို ဖြစ်နေပါတယ်။ မစောဘက်ကတော့ ဘယ်လို သဘောရှိတယ် ဆိုတာ မသိရပေမဲ့ ကိုစံလွင်ကတော့ မစောကြောင့်လို့ပဲ တစ်ဖက်သတ် ယူဆနေပါတယ်။ ကိုစံလွင်ကတော့ ကောင်းစရာရှိလည်း မစော၊ ဆိုးစရာရှိလည်း မစော၊ မစောပြောတာ မှန်တယ် ဆိုတဲ့ လူစားပါ။ နော့ပေတည့် … ပြောစရာ ဆူစရာ ရှိပြန်လည်း မစောကိုပါပဲ။
မစောတစ်ယောက် ထုံးစံအတိုင်း နောက်ဖေးပေါက်မှာ ပိတ်ပြီး ထမင်းဟင်း ချက်ပြုတ် နေတာကိုပဲ လမ်းပိတ် ထားတယ်လို့ ကိုစံလွင်က ထင်နေပါတယ်။ ထမင်းဟင်း တည်ထားရင်းက နောက်ဖေး ရေကပြင် ဆင်းပြီး လျှော်ဖွတ် ပြန်တော့လည်း သူ့ကို ချောင်းနေတာလို့ ကိုစံလွင် ထင်နေပါတယ်။ တစ်ချက် တစ်ချက် ကိုစံလွင်ကို “ကလေးပုခက် လွှဲလိုက်ပါဦး” စသည်ဖြင့် အကူအညီ တောင်းတာကိုပဲ ထန်းတော မသွားဖြစ်အောင် အချိန်ဆွဲတာလို့ သဘောပေါက် နေပါတယ်။ “ငါ ထန်းတော သွားဦးမယ်” လို့ တစ်လုံး ပြောလိုက်ရင် ပြီးလျက်ကယ်နဲ့လည်း ဒါမျိုးကျတော့ ကိုစံလွင် နှုတ်မရဲပြန်ဘူး။ ကိုစံလွင်က မစောကို မဆိုင်တဲ့နေရာ နိုင်တတ်ပေမဲ့ တစ်ခါတလေ ကျပြန်တော့ မဆီမဆိုင် ကြောက်နေတတ် ပြန်ပါရော။ ဒီတစ်ခါ ထန်းရေ ဆာတာနဲ့ အချိန် ကျလာတာနဲ့ ဒီနေ့ ထန်းတောကို မသွားမဖြစ် သွားချင် နေတာနဲ့ ပေါင်း ပြီးဖြစ်လာတဲ့ ဒေါသတွေကို ချစ်မယား မစောအပေါ်သာ စိတ်ထဲက ကြိတ်ခဲပြီး ပုံချ နေပါတော့တယ်။ နှုတ်က ဖွင့်မပြောရဲတာကြောင့် ဘယ်တုန်းကမှ မရှင်းလင်းဖူးခဲ့တဲ့ ပေါင်းသင်မြက်နုတ် အလုပ်တွေကို ကုန်းရုန်းပြီး လုပ်နေမိ ပါတော့တယ်။
တကယ်ဆို မစောကို ဘာမှမပြောဘဲ ရွာရှေ့ကထွက် ရွာလမ်းမတိုင်း ထွက်ပြီး ထန်းတော သွားရင်လည်း ရပါတယ်။ ဒါပေမဲ့ ရွာကို တစ်ပတ်ကြီး ပတ်သွားရမှာ။ ပြီးတော့ မနေ့ညနေက ထန်းတောမှာ ဖြစ်ခဲ့တဲ့ ရန်ပွဲကလည်း တစ်ရွာလုံး ဟိုးလေးတကျော်မို့ ရှက်နေတာလည်း ပါပါတယ်။ နောက်ဖေးပေါက်က သွားရင် လယ်တစ်ကွက် ဖြတ်ရုံ ထန်းတော ရောက်မှာကိုး၊ ခုတော့ နောက်ဖေးပေါက်မှာ သောက်ကောင်မ မစောက ပိတ်ပြီးနေတော့ ခက်တာပေါ့။
သွားမယ်ဆိုရင် တခြား ထန်းတောတွေလည်း ရွာမှာ ပတ်ချာလည်လို့ပါ။ ဒါပေမဲ့ ကိုစံလွင်က မနေ့က ထန်းတောကိုပဲ သွားချင်နေပါတယ်။ အကြောင်းက “ကိုစောလွင်” “ကိုစောခင်” ညီအစ်ကိုနဲ့ တွေ့ဖို့ပါ။ တွေ့ဖို့ ဆိုတာထက် ကျေအေးဖို့ပါ။ ဟုတ်ပါရဲ့။ မနေ့ ညနေက သူတို့ ညီအစ်ကိုနဲ့ ကိုစံလွင် အကြီးအကျယ် ရန်ဖြစ်ခဲ့ ကြတာကိုး။ ဓားဆွဲတဲ့ အထိပါပဲ။ ဓားဆွဲတာလည်း ဟိုညီအစ်ကိုက မဟုတ်ပါဘူး။ ကိုစံလွင်က ဆွဲမိဆွဲရာ ထန်းလှီးဓားကို နီးရာ လှမ်းဆွဲမိတာပါ။
ကိုစံလွင်က ဒီလိုပါပဲ။ ကောင်းပြီ ဆိုရင်လည်း မလိုအပ်ဘဲ သဘောတွေ ကောင်းတတ်တယ်။ စကားတွေ ဖွာဆန်ကြဲတယ်။ မလိုအပ်ဘဲ အကူအညီတွေ ပေးတတ်တယ်။ ခပ်ပေါ့ပေါ့ နေတတ်တယ်။ လူပေါကြီး တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရပ်က သိပ် မလေးစားချင်ဘူး။ ပညာကလည်း မတတ်ရှာဘူး။ ဒါပေမဲ့ အလုပ် ကြိုးစားပြီး ရိုးသားတော့ စီးပွားရေးလေး ကောင်းပါတယ်။ ဒီတော့ အရပ်က ချစ်ခင်တယ်။ ချစ်ခင်တယ် ဆိုတာထက် သူ့ဆီက ညာစားကြတာ များပါတယ်။ ဒါပေမဲ့ ကိုစံလွင်က သိသိကြီးနဲ့ ပေးကမ်းတာပါပဲ။ အဲဒီလို လူတွေဟာ သိဖန်များတော့ တစ်ခါတလေ ပေါက်ကွဲတတ်တယ်။ ဒီအခါ ထန်းရည်မူး လွန်ရင် မကျေနပ်တာတွေ ပေါက်ခွဲ တတ်တယ်။ နီးရာလူကို ရန်လုပ်တတ်တယ်။ အမူးလွန်ရင် ရပ်ထဲရွာထဲ မဆီမဆိုင် ကလော် ဆဲတယ်။ ဘယ်သူမှတော့ အရေးမစိုက်ကြပါဘူး။ ဒါပေါ့။ နောက်နေ့ကျတော့ သူဘာမှ မလုပ်သလိုပဲကိုး။ ပြီးတော့ ပြီးခဲ့တာတွေ သတိရပြန်တော့ ပြန်တောင်းပန် ပြန်ရောကိုး။ ပေးမြဲ၊ ကျွေးမြဲ၊ ချေးငှားမြဲကိုး။ လူပေါကြီး တစ်ယောက်လို မသတ်မှတ် ကြပေမဲ့ ကိုစံလွင်ကို ရပ်ရွာက သိပ်ပြီး အလေးမထား ကြတာတော့ အမှန်ပါပဲ။
ကိုစံလွင်က မူလက “ဦးဘစော” ရဲ့ အလုပ်သမားပါ။ ဦးဘစော ဆိုတာက ရွာမျက်နှာဖုံး၊ ပိုက်ဆံ ချမ်းသာတယ်။ သားသမီး သုံးယောက်ရှိတယ်။ စောစောက ပြောတဲ့ “ကိုစောခင်” “ကိုစောလွင်” နဲ့ “မစောစိန်” မောင်နှမသုံးယောက်။ ပညာတတ်တွေပေါ့။ ဆိုကြပါစို့။ ထုံးစံအတိုင်း ကိုစံလွင်က မစောကို မေတ္တာ ရှိသွားတယ်။ မစောကလည်း ကိုစံလွင်ကို ချစ်သွားတယ်။ လူ အဆင့်အတန်းချင်း ကွာတာမို့ အလိုလို နေရင်း အချစ်ရေးမှာ စိုးရိမ် နေကြရတယ်။ ဒီကိစ္စကို သိသွားတဲ့ “ကိုစောခင်” “ကိုစောလွင်” ညီအစ်ကိုက မြှောက်ပေးလို့ ကိုစံလွင်က မစောကို ခိုးပြေးတယ်။ ဒါပေမဲ့ အထင်နဲ့ အမြင် လွဲပါတယ်။ ဖခင်ဖြစ်သူ ဦးဘစောက နဂိုကတည်းက စီးပွားရေး လာဘ်မြင်တဲ့ ရိုးသား ကြိုးစားတဲ့ ကိုစံလွင်ကို ပြန်ပြီး လက်ခံတယ်။ သားမက် အဖြစ်သာမက မွေးစားသားလို သဘောထား လိုက်တယ်။ အဲဒီကစပြီး ဦးဘစော မိသားစုထဲမှာ ကိုစံလွင် အရာရောက်ခဲ့တယ်။ မစောတောင်မှ နောက် ရောက်သွားပါတယ်။ နောက်ရောက်ဆို မစောက မိန်းမ ပီသတယ်။ လင်သားကို အားကိုးတယ်။ လင်ကို ဘုရားလို သဘောမထားပေမဲ့ ရှေ့တန်း တင်တယ်။ အလိုလိုက်တယ်။ သူ့ဖခင် ပစ္စည်းဟာ သူ့ပစ္စည်းထက် သူ့လင် ကိုစံလွင် ပစ္စည်းလို့ သဘောထားပြီး အရာရာ မျက်နှာလွှဲတယ်။ လုပ်ငန်းကိုင်ငန်း ကိစ္စတွေမှာ ဘာမှဝင်မစွက်ဘဲ အိမ်ထောင်ရှင်မ လိုပဲ နေတယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းပဲ လုပ်ရှာတယ်။ သူတို့ အိမ်ထောင်ရေးက သာယာပြီး စီးပွားတက် လာတာ သားအရင်းတွေ ဖြစ်တဲ့ “ကိုစောခင်” “ကိုစောလွင်” တို့ထက် အခြေအနေ ကောင်းခဲ့ပါတယ်။
သမီး ယောက္ခမတွေ ဆိုတာကလည်း ညီအစ်ကိုတွေလို နေထိုင်ဆက်ဆံခဲ့ ကြတာပါ။ ကိုင်း … ဘာများ ပြောစရာ ရှိပါဦးမလဲ။
အဲ … ဒါပေမဲ့ လောကဓံ သဘာဝတရား ဆိုတာ မလွှဲသာ မရှောင်သာပါဘူး။ ဖခင်ကြီး ဦးဘစော ကွယ်လွန်တော့လည်း သမီးယောက်ဖ ညီအစ်ကို မောင်နှမတွေ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ပါပဲ။ နော့ပေတည့် ကြာလာတော့လည်း ဟိုဟာလေး ဒီဟာလေးက အစ တစ်စတစ်စ ခိုးလို့ခုလု ဖြစ်လာတော့တာ ဓမ္မတာပေါ့လေ။ ဥစ္စာဓန ဆိုတာက ပြဿနာ မဟုတ်လှပါဘူး။ ဦးဘစော ထားရစ်ခဲ့တာတွေက မနည်းလှပါဘူး။ လယ်ယာတွေ၊ ဆီစက်၊ ဆန်စက်တွေက အစပေါ့။ ပြီးတော့ သားသမီး သားမက်တွေ ကလည်း ကိုယ့်ဘာသာ ရှာဖွေလုပ်ကိုင် ခဲ့ကြတဲ့ လုပ်ငန်းတွေ ရှိနေကြပြီးသားပါ။ ဒါပေမဲ့ လူ့သဘာဝ ဆိုတာ တော်တော် ခက်ပါတယ်။ ဘာမဟုတ်တဲ့ စရိုက် သဘာဝ မတူတာ၊ စိတ်သဘောချင်း မတိုက်ဆိုင်တာလေးတွေ ရပ်ရွာက လေးစားမှု မလေးစားမှု ကွာခြားတာလေးတွေ၊ အိမ်ထောင်ရေး အဆင်ပြေမှု၊ မပြေမှု ကွာခြားတာလေးတွေ၊ ပညာတတ်တာ မတတ်တာ ကွာဟမှုလေးတွေက သမီးယောက်ဖတွေ ကြားမှာ မသိမသာ အချိုးမပြေ ဖြစ်လာခဲ့ပါတယ်။ တစ်အုံနွေးနွေး ဆိုပါတော့။ ရယ်စရာ ကောင်းတယ်။ ခြံစည်းရိုး အလယ်မှာ ပေါက်နေတဲ့ မရမ်းချိုပင်က အသီးကို ခူးရာမှာ သူ့ဘက် ကိုင်းကျနေတဲ့ အပိုင်း ကိုယ့်ဘက် ကိုင်းကျနေတဲ့ အပိုင်း မသိမသာ လုတဲ့ ကိစ္စမျိုး အထိပေါ့။ လူကြီးတွေတော့ မဟုတ်ပါဘူး။ ကလေးချင်း ဖြစ်ကြတာပါ။ ဒါပေမဲ့ အိမ်ရောက်တော့ လူကြီးတွေ နားပေါက်ရာက “နေပါ့စေလေ … အရေးမကြီးပါ ဘူး … ဆွေမျိုးတွေပဲ” ဆိုတဲ့ ရွှေပြည်အေး စကားရဲ့ နောက်ကွယ်မှာ မကျေနပ်မှုလေးတွေ ကပ်ပါ လာတတ်ပါရော။ အမှားအမှန် ဆိုတာကတော့ ကိုယ့်စိတ်နဲ့ကိုယ် ရှိကြစမြဲပါ။ ဒါပေမဲ့ ဒီလို အသေးအဖွဲကလေး တွေကနေ ဦးဘစောပိုင် လယ်ယာတွေနဲ့ ဆီစက်၊ ဆန်စက် ကိစ္စတွေ အထိမှာ သမီးယောက်ဖတွေ ဆက်ဖြစ် ရတာမျိုးလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ငယ်နိုင်လို ဖြစ်နေတဲ့ ကိုစံလွင် ကတော့ ထစ်ခနဲရှိ အရှုံးဘက်ကပါပဲ။ အရင်ကလည်း ခပ်တင်းတင်း ခပ်မှန်မှန် နေတတ်တဲ့ ဦးဘစောရဲ့ သားရင်းတွေ ဘက်ကသာ အမှန်ယူတတ် ကြပါတယ်။ သူတို့ လက်ဖြန့် တောင်းရမ်း သုံးစွဲခဲ့ကြတဲ့ ကိုစံလွင်ဘက်က မပါကြပါဘူး။ ဒီလို အကြိတ်အခဲတွေကို ကိုစံလွင်က မှတ်တေး ထားပေမယ့် နဖူးတွေ့ ဒူးတွေ့ကျတော့ ရင်မဆိုင်ရဲဘူး။ ငယ်ကြောက်လို ဖြစ်နေတာကိုး။
မစော ဆိုတာကလည်း ဦးဘစောရဲ့ သမီးရင်းသာ ဆိုတယ် စောစောက ပြောသလို ကိုစံလွင်ကို အိမ်ဦးနတ်နေရာ ထားပြီး ရှေ့တန်းတင်တာမို့ ဘယ်လို အရေးအခင်းမှာမှ ရှေ့တန်းထွက်တာ မဟုတ်ဘူး။ နောက်ကွယ်ကလည်း မြှောက်မပေးဘူး။ ဖြစ်သင့်တာ ကိုတော့ မသိမသာ ပြောရှာပါတယ်။ အဆုံးအဖြတ် ကတော့ ကိုစံလွင်ပါပဲ။ ဆုံးဖြတ်တိုင်းလည်း အရှုံးနဲ့ချည်း ကြုံရတော့ မကောင်းဘူးပေါ့လေ။ မစောက ခိုးရာလိုက်မိတဲ့ အဖြစ်ကို အပြစ်တစ်ခုလို့ ယူဆတဲ့ တောသူမို့ သူ့ကိုယ်သူ ဒဏ်ခတ် နေတာလည်း ပါပါတယ်။ ဒါပေမဲ့ သူ့ဖခင် ဦးဘစောရဲ့ အမွေထက် သူ့လင် ကိုစံလွင်ရဲ့ စီးပွားကို အားထားပါတယ်။ ကိုစံလွင်ကလည်း သူ သတ္တိကြောင်တာ၊ စကားမတတ်တာ၊ ဆုံးဖြတ်ချက် မမှန်တာတွေကို အားမလို အားမရ ရှိတိုင်း မစော အပေါ်သာ ပုံချတတ်ပါတယ်။ တစ်ခါတရံ အားကိုးတကြီး တိုင်ပင်ပါတယ်။ တစ်ခါတရံ မစောကို ဒေါသတကြီး အပြစ်ဖို့ပါတယ်။ ကုလားမနိုင် ရခိုင်မဲပါတယ်။ မစောကတော့ လင်ချစ်စိတ်နဲ့ သည်းညည်း ခံပါရဲ့။ ပြီးတော့ မစောက စကားနည်းတယ်။ အေးချမ်းတယ်။ သူစိတ်တိုရင် စကားမပြောတော့ဘဲ ဘုရားရှိခိုးတော့တာ။
ဒီလိုနဲ့ … တစ်အုံနွေးနွေး ပြဿနာတွေဟာ စုပေါင်းပြီး ကိုစံလွင်ဟာ မှတ်ထားမိသမျှ တွေကို အစီအစဉ်တကျ မဟုတ်ဘဲ ဟိုတစ်စ သည်တစ်စ ပြန်ဖော်တော့တာ ပါပဲ။ ထန်းရည်မူး ကလည်း လွန်သွားပြီကိုး။ ဟို … မရမ်းသီး ခူးတဲ့ကိစ္စ သေးသေးလေးတွေလည်း ပါရဲ့။ အဲဒီကနေ ကျေးရွာလယ်ယာ ကော်မတီနဲ့ စကား အချေအတင် ပြောရတဲ့ ကိစ္စဆီ ရောက်လိုရောက်။ အဆီအငေါ် မတည့်ပါဘူး။ ဒါဟာ ကိုစံလွင်ရဲ့ စရိုက်ကိုး။ အဲဒီအခါ ပညာလည်းတတ်၊ အနေလည်းမှန်၊ အသောက် အစားလည်း စနစ်ကျ၊ ချက်ကျ လက်ကျလည်း ပြောတတ် ဆိုတတ်တဲ့ “ကိုစောခင်” “ကိုစောလွင်” ညီအစ်ကိုရဲ့ ချေပချက်၊ စွပ်စွဲချက်တွေ အောက်မှာ ကိုစံလွင် ပြားပြားဝပ် ဖြစ်ခဲ့ရတာပေါ့။ သူတို့ စကားဝိုင်းဟာ ရန်ပွဲလို ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဦးဘစော ထားရစ်တဲ့ အမွေတွေ အပြီးအပိုင် ခွဲဖို့အထိ ရောက်ခဲ့ပါပြီ။ ဒီအခါမှာ အမြဲတမ်း အလျှော့ပေးခဲ့ရတဲ့ ကိုစံလွင်ဟာ စကားနဲ့ တရားနဲ့ မနိုင်တော့တဲ့ အခါ နီးရာ ထန်းလှီးဓား ဆွဲရတော့တာပါပဲ။ ပါးစပ်ကလည်း ဖရုဿဝါစာ မဖွယ်မရာ အဆဲအဆိုတွေ ပါလာ ပါတော့တယ်။ တကယ်တော့လည်း ဟုတ်တာ မဟုတ်ပါဘူး။ ဇာတ်ထဲက ဘီလူးလိုမျှသာပါ။
ဒီသတင်း ဘယ်လို ဘယ်လို ပျံ့သွားတယ် မသိပါဘူး။ မကြာခင်မှာ ဘယ်တုန်းကမှ မမြင်ရဖူးတဲ့ ပုံသဏ္ဌာန်နဲ့ “မစော” ထန်းတဲ ရောက်လာ ပါတော့တယ်။ ဘယ်တုန်းက မှလည်း မကြားဖူးတဲ့ ကရားရေလွှတ် တတွတ်တွတ်နဲ့ ချက်ကျလက်ကျ စကားတွေနဲ့ သူ့အစ်ကိုရင်း ဖြစ်ကြတဲ့ “ကိုစောခင်” “ကိုစောလွင်” တို့ကို ရေပက်မဝင် နှိပ်ကွပ် ပါလေရော။ ပြဿနာ အဝဝကို သိထားသလို တရားဝင်သမီးလည်း ဖြစ်နေတာကြောင့် အစ်ကို ဖြစ်သူတွေရော အရပ်ကပါ မစောကို အတွန့် မတက်နိုင် ကြတော့ပါဘူး။ ကိုစံလွင်လည်း ပါးစပ် အဟောင်းသားနဲ့ပေါ့။ ဒါပေမဲ့ ဝမ်းထဲက ကလိကလိနဲ့ ကျေနပ်အားရ နေပါတယ်။ သူ မလုပ်နိုင်တာ သူ့မယား လုပ်ပြလိုက်ပြီ။ သူ မနိုင်တာတွေကို သူ့မယားက နိုင်လိုက်ပြီ။ ပြီးတော့ မောင်နှမချင်းကို အနိုင်ယူလိုက်တာ။ ဒါမှ ငါ့မယားကွလို့ ကိုစံလွင် လက်မထောင်နိုင်ပြီ။ ရင်ကော့နိုင်ပြီ။ လက်ထဲက ထန်းလှီးဓားကို အဝေးဆီ လွှင့်ပစ်လိုက်တာ တိုက်တိုက်ဆိုင်ဆိုင် ထန်းပင် တစ်ပင်မှာ သွားစိုက်နေလို့ “မှတ်ပလား” လို့တော့ ထအော် လိုက်သေးရဲ့။
“လာ ကိုစံလွင် ပြန်စို့” ဆိုပြီး မစောက လက်ဆွဲမှ ခြေလှမ်း အကျဲကြီးနဲ့ ခပ်ကြွားကြွားဝံ့ဝံ့ ပြန်ခဲ့ ပါတော့တယ်။
မနေ့က အဖြစ်အပျက်က ဒါပါပဲ။
* * *
နော့ဖြင့် ဒီကနေ့ ညနေ ကိုစံလွင် ဘာကြောင့် ထန်းတောကို မဖြစ်မနေ သွားချင် နေပါသလဲ။ မနေ့က အောင်ပွဲကြီးကို ပြန်ပြီး အရသာခံဖို့လား။ အောင်ပွဲခံဖို့လား။ ရှုံးသူတို့ မခံချိအောင် တမင်္ဂလာ မျက်နှာပြဖို့လား။ မဟုတ်ပါဘူးဗျာ။ မဟုတ်ပါဘူး။ ကိုစံလွင်ရဲ့ စိတ်သဘာဝ အတိုင်း မနေ့က အဖြစ်အပျက် အတွက် ဒီနေ့ ပြန်ပြီး အားနာ နေပြန်တာပါ။ ကိုစံလွင်က အနိုင်ရပြီးရင် ရှုံးသူကို ပြန်အားနာတတ် ပါတယ်။ သနားကရုဏာ သက်တတ်ပါတယ်။ ဒါဟာ ကြာမှဖြစ်တာ မဟုတ်ပါဘူး။ မနက်ဖြစ် ညနေပြီး စိတ်ပြေတတ်တဲ့ သဘောပါ။ ဒါလည်း သူ့ဗီဇပါပဲ။ မစောနဲ့တော့ ကွာပါတယ်။ မစောလည်း မနက်ဖြစ် ညနေပြီး ပြီးပြီးပျောက်ပျောက် ထားတတ်သူပါ။ ဒါပေမဲ့ မစောက မေ့ပစ်လိုက်တာပါ။ ကိုစံလွင်ကတော့ တစ်နုံ့နုံ့နဲ့ ခံစားနေရတာပါ။ ခုလည်း ကိုစံလွင်မှာ ထန်းတောသွားပြီး “ကိုစောခင်” “ကိုစောလွင်” ညီအစ်ကိုကို တွေ့ချင် နေပါတယ်။ ဖြစ်နိုင်ရင် ပြန်ပြီး တောင်းပန်ချင် နေပါတယ်။ မစော စကားတွေ ဗွေမယူဖို့ ပြောချင် နေပါတယ်။ ဒီအတွက် မစောကပဲ မှားသလိုလို ဖြစ်သွားမှာကိုတောင် သတိမထားမိအောင် ပါပဲ။ မစောကြောင့် သူ ... ခဲ့တာကို ခုတော့ မလိုချင်တော့ ပြန်ပါဘူး။ ကြည့်လေ … သူ ထန်းတောသွားမယ့်လမ်းမှာ ထမင်းဟင်း ချက်နေတဲ့ “မစော” ကိုတောင် ဒေါသတွေ ဖြစ်နေ ပြန်ပါပြီကော။ ဪ… လူ့ စိတ် ပြောပါတယ်။
ဒီလိုနဲ့ ညနေ အတော်စောင်းတော့ “မစော” ကို သူ့အရီး ခေါ်တယ်ဆိုလို့ အရှေ့အိမ်ဘက် ထွက်သွားတယ် ဆိုရင်ပဲ ကိုစံလွင်တစ်ယောက် နောက်ဖေးပေါက် ကနေ ထန်းတောရှိရာ သုတ်ခြေတင်တော့တာ ပါပဲ။ ပြေးရင်းကနေပဲ ဟိုရောက်ရင် ဘယ်လို မျက်နှာချင်း ဆိုင်မယ်။ မျက်နှာချို ဘယ်လိုသွေးမယ်။ ထန်းရည်ဖိုး ဘယ်လို ရှင်းမယ်။ မစောရဲ့ စကားတွေ အတွက် ဘယ်လို တောင်းပန်မယ်။ အို … မစောကိုတောင် အပြစ်ဖို့ကောင်း ဖို့မယ်ပေါ့လေ။
ဒီလိုနဲ့ ထန်းတော ရောက်တော့ ဟိုညီအစ်ကိုရဲ့ ဝိုင်းနဲ့ ကပ်လျက်ဝိုင်းမှာ မရဲတရဲ ဝင်ထိုင် လိုက်ပါတယ်။ ရုတ်တရက် မျက်နှာချင်း မဆိုင်ရဲဘူးကိုး။ ဒါပေမဲ့လေ ... သူ မောင်းတင်ခဲ့သမျှ အလဟဿ ဖြစ်ကုန်ရ ပါပြီကော။ သူ ဆိုင်ထဲ ဝင်လာကတည်းက ဟိုညီအစ်ကိုက မျက်နှာ လွှဲပြီးသား ဖြစ်သွား ကြပါပြီ။ သူလည်း နီးရာစားပွဲ ဝင်ထိုင်လိုက်ရော
“လာကွာ … သွားကြစို့” ဆိုပြီး ဆောင့်ကြီး အောင့်ကြီးနဲ့ အရောမဝင်ချင် သလို၊ အဖက်မတန် သလို ဆိုင်ထဲက ထွက်သွား ကြတော့တာ ပါပဲ။ ဒီလို ကြုံလိုက်ရ ပြန်ပါရော။ ဒါကြောင့် … ဘာမှ အပြစ်မရှိတဲ့ ထန်းရည် တစ်မြူကို ဂွပ်ခနဲ မော့ကာ မော့ကာ သောက်ပစ်လိုက် ပါတော့တယ်။
အိမ်ရောက်တော့ ဘက်ထရီ မီးရောင်အောက်က ထမင်းစား စားပွဲပေါ်မှာ ထန်းရည် တစ်ပုလင်း အဆင်သင့် ဝယ်ထားတာ တွေ့ရပါတယ်။ ချက်ချင်းလည်း သဘောပေါက် သွားပါတယ်။ မစောက ထန်းတဲကို မသွားစေချင်ဘူးကိုး။ ကိုစံလွင် တစ်ယောက် စိတ်နုသူပီပီ သူ့ယောက်ဖ တွေကို သွားပြီး မျက်နှာချို သွေးဦးတော့မှာ မစောက ကြိုတင် သိနေမှာ အမှန်ပါပဲ။ ကိုစံလွင်ဟာ မစော ဝယ်ထားတဲ့ ထန်းရည် ပုလင်းကို ဆက်ပြီး သောက်ပါတယ်။ ထမင်းကို ပလုတ်ပလောင်း စားပြီး အိပ်ရာဝင်ပါတယ်။
အရင်ကဆိုရင် ကလေးကို အလယ်မှာ ထားပြီး ကိုစံလွင်ဘက် သနပ်ခါး အဖွေးသားနဲ့ မျက်နှာလှည့်ပြီး အိပ်တတ်တဲ့ မစောဟာ ဒီညတော့ ကလေးကို ရင်ခွင်ထဲ ထည့်ပြီး တစ်ဖက်လှည့် အိပ်နေပါတယ်။ ခြင်ထောင်ထဲ ဝင်လိုက်ရုံနဲ့ လှိုက်ခနဲ ထွက်လာတဲ့ ချွေးနံ့ကလည်း ကြိုင်လှောင် နေလေရဲ့။ ရေချိုးထားပုံ မရပါဘူး။
ကိုစံလွင် အဲဒီ ချွေးနံ့ နံနေတဲ့ မစောရဲ့ ကိုယ်လုံးလေးကိုပဲ မသိမသာ လှမ်းပြီး ဖက်လိုက်ပါတယ်။ တွန့်ခနဲ ဖြစ်သွားရင်း မစောဆီက အသံထွက်လာပါတယ်။
“ဘာမှ စဉ်းစားမနေနဲ့ အိပ်တော့။ ကျွန်မ ပင်ပန်းနေပြီ” တဲ့။
အင်း … ကျွန်မ လက်နဲ့ ရေးတာကို ရှင်က ခြေနဲ့ဖျက်ဖို့ ကြိုးစားခဲ့တယ် မဟုတ်လားလို့ မပြောတာ ကံကောင်းတယ်လို့ ကိုစံလွင် တွေးမိပါတယ်။ ခုနှယ်ခါ ကျတော့လည်း ဒါမှ ငါ့မယားလို့ ဆုံးဖြတ်မိနေ ပြန်ပါရောလေ။
---------------------
သုမောင်
(ကိုစံလွင် မစော ဝတ္ထုတိုများ)
{ Burmese Collection ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါတယ် }
ပြန်လည်မျှဝေပါသည်။
ZawOo.
No comments:
Post a Comment