Thursday, 15 November 2018

မန်းရာပြည့် နှင့် တရာ ပွဲ 📓📓📓📓📓📓📓 ( ဒုတိယပိုင်း )

မန်းရာပြည့် နှင့် တရာ ပွဲ 


📓📓📓📓📓📓📓


( ဒုတိယပိုင်း )


ဂျာနယ်ကျော်မမလေး


(၂)


မန်းရာပြည့် ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ပြင်ဦးလွင်သို့ တစ်ဆက်တည်း ဆက်လက် ထွက်ခဲ့သော ခရီး ကား ကျွန်မအဖို့ စိတ်ဝင်စားဖွယ်ရာ ဖြစ်နေသည်။ ကျွန်မတို့ စီးလာသော ကားသည် သီပေါဘုရင်၏ မြေးတော်၊ စတုတ္ထသမီးတော်၏ သားတော်၊ သခင်ထိပ်တင် ကိုယ်တော်ကြီး၏ သမက်တော်၊ တော်ဘုရား က မောင်းလာလေသည်။ ကားရှေ့တွင် တော်ဘုရားနှင့် တော်ဘုရား၏ ညီတော်၊ တော်ဘုရားကလေးတို့ ထိုင်ကြကာ ကားနောက်၌ ကျွန်မတို့ ဇနီးမောင်နှံ ထိုင်လိုက်လာသည်။

မန်းရာပြည့်ပွဲတော်နှင့် ဆက်နွယ်လျက် ဆွေတော်မျိုးတော် ဖြစ်ကြသော သူတို့ညီအစ်ကိုတော် နှစ်ဦး ကို လေ့လာ အကဲခတ်လျက် နေမိသည်။

တော်ဘုရား မှာ အလွန်သိမ်မွေ့နူးညံ့လျက် အေးဆေးသော အသွင် ရှိသည်။ စကားလည်း နည်း သည်။ သခင်ထိပ်တင် ကိုယ်တော်ကြီးနှင့် တတိယသမီးတော်တို့မှာ ဖွားမြင်သော သမီးတော် ထိပ်စု ကြီးဘုရားနှင့် ပြန်လည် လက်ဆက်ကာ ပြင်ဦးလွင်အိမ်တော်တွင် တတိယ သမီးတော်ကြီးနှင့် အတူတကွ နေထိုင် လေသည်။


တော်ဘုရားလေး ကား တော်ဘုရားနှင့် မတူဘဲ တစ်မူ ထူးခြားနေသည်။ ပဒေသရာဇ်စနစ်ကို ရွံ့မုန်း ကာ အမျိုးအနွယ် ဖြစ်သော “တော်ဘုရားကလေး” အမည်ကို စွန့်ပစ်လျက် “မောင်သန့်စင်” အမည်နှင့် သာသနာရေး နိုင်ငံရေး များကို အားသွန်ခွန်စိုက် ဆောင်ရွက်ချင် စိတ် ပြင်းထန်သည်။ မန်းရာပြည့်ပွဲတော် အမီ သီပေါမင်းဆက် အတွင်းရေးများ စာအုပ် ကို ကျွန်မပုံနှိပ်တိုက်တွင် လာအပ်လေသည်။ စာအုပ်၏ တန်ရာ တန်ဖိုး အဖိုး ၁ကျပ် ထားရန် တောင်းပန်၍ မရ။ အကျပ်ပြောမှပင် ၇၅ပြားနှင့် အရှုံးခံ ထုတ်ဝေ လေသည်။


ညီအစ်ကိုတော် နှစ်ဦးသဘောချင်း မတူ၊ ခြားနားပုံကို လေ့လာနေရင်း ကျွန်မက တော်ဘုရားကို လှမ်းမေး လိုက်သည်။

“မန်းရာပြည့်ပွဲတော် ကော်မတီက ကျန်ရှိနေသေးတဲ့ တတိယ သမီးတော်ကြီးဆီကို ဖိတ်စာ မပို့ဘူး လား”

“မဖိတ် ပါဘူး”

တော်ဘုရားကလေးသည် ကျွန်မတို့ဘက်သို့ လှည့်ကြည့်လိုက်ကာ ခစ်ခနဲ ရယ်ပြီးမှ ၀င်ပြောလေသည်။


“မဖိတ်တာပဲ ကောင်းပါတယ်”

ကျွန်မမှာ အံ့အားသင့်သွာကာ “ဘာဖြစ်လို့လဲ” ဟု ပြန်မေးရသည်။

“ပြင်ဦးလွင်မှာ သမ္မတရဲ့ ဧည့်ခံပွဲတစ်ခု လုပ်တုန်းက မမဘုရားကို ဖိတ်ကြလို့ အဲဒီပွဲကို သွားတက် တယ်။ သမ္မတကြီး စပ်ရွှေသိုက် ဟာ ကိုယ်ရံတော်တွေနဲ့ ခြံရံပြီး ကြွလာရာက မမ ဘုရားကိုလည်း မြင်ပါရော လူပုံ အလယ် မှာ တစ်ခါတည်း ဒူးတုပ်ပြီး ဦးချတာပဲ။ ဘေးက ကိုယ်ရံတော်တွေ၊ အိမ်တော် ၀န်တွေ အမြင်မှာ ဒီလို လုပ်တာ ရာဇဣနြေ္ဒပဲတာပေါ့။ ဟုတ်တာပေါ့၊ နောက်တော့ ဘယ် မင်းခမ်း မင်းနားမှ မမဘုရားအတွက် ဖိတ်စာ မလာတော့ဘူး”

တော်ဘုရားကလေး မှာ ပြောပြီး ရယ်နေလေသည်။ ရယ်ပြီးမှ ဆက်ပြောပြန်သည်။


“စပ်ရွှေသိုက်နေရာက မမဘုရားကို ဦးမချလို့လဲ မဖြစ်ဘူး၊ ပဒေသရာဇ်စနစ်ကို ဦးစားပေးတာ ဦးခိုက် တာ မဟုတ်ဘူး၊ သူတို့အချင်းချင်း မှာ အဓိပ္ပာယ် ရှိတယ်၊ သူတို့အချင်းချင်း ထိန်းသိမ်းကြတဲ့ ယဉ်ကျေးမှုပဲ၊ ယဉ်ကျေးခြင်း ကိုတော့ ဒီပြင်ဟာတွေထက် ဂါရ၀ထားပြီး ဦးစားပေးကြတယ်”

“သြော် … သြော် …”

ကျွန်မမှာ တတိယသမီးတော်ကြီး ကို တစ်ခါမှ မမြင်ဖူး၍ တွေ့မြင်လိုစိတ် ရှိနေသည်။ ဂျာနယ်ကျော် တွင် သမီးတော် လေးပါး ၏ပုံတော်ကို ရှာဖွေထည့်သွင်း ဖော်ပြစဉ်အခါက ထီးနန်းကို ပစ်ကာ မြန်မာ ပြည်နှင့် အဆက်ပြတ် ၍ ကုလားပြည်တွင် ကြီးပြင် စိုးစံနေရရှာသော သမီးတော်များ၏ ဘ၀ကို ဘယ်လိုများ နေရှာလေ မလဲ ဟု တစ်ခါတစ်ရံ တွေးနေတတ်သည်။

ပြင်ဦးလွင်မြို့ ရှိ “တတိယသမီးတော်” ၏ စံအိမ်တော်ဝင်းထဲသို့ ကားဝင်သွားသည့်အခါ၌ ခမ်းနား သပ်ရပ် လှသော အိမ်ကြီးနှင့်တကွ ခြံဝန်းကျယ်ကြီးကို တွေ့ရလေသည်။

“သမီးတော်၏ အိမ်ပိုင်လား” ဟု ကျွန်မက မေးကြည့်ရာ “မဟုတ်ဘူး၊ သီပေါ ရောင်းဝယ်ရေး ကုမ္ပဏီ ဖွင့်တော့ မှ ဆန်အရောင်းအ၀ယ် လုပ်ကြလို့ ရတဲ့ငွေနဲ့ တော်ဘုရား ၀ယ်လိုက်တဲ့အိမ်”ဟု တော်ဘုရား ကလေး က ပြောသည်။


“တတိယသမီးတော်”မှာ အိမ်တော်၌ မရှိဘဲ မကျန်းမမာ ဖြစ်နေ၏။ ပြင်ဦးလွင် ဆေးရုံ၌ တက်ရောက် ကုသ နေရ လေသည်။ ညနေဘက်တွင် ကျွန်မတို့နှင့်တကွ တစ်အိမ်သားလုံး ဆေးရုံသို့ လိုက်သွား ကြသည်။ တော်ဘုရားက ကားထဲတွင် အသံဖမ်းစက် ထည့်ယူခဲ့လေ၏။


ကျွန်မမှာ ဆွေတော်မျိုးတော်တို့ဆို၍ ပျဉ်းမနား ကိုယ်တော်ကြီး၏ ကြင်ရာတော်၊ ထိပ်ခေါင်တင် မင်းသမီးကြီး နှင့် တစ်ကြိမ်သာ တွေ့ဆုံဖူးလေသည်။ အသက်အရွယ် ကြီးရင့်သော်လည်း ရုပ်သွင် သန့်ပြန့် လှပေ သေးသည်။ ထီးဟန်နန်းဟန်နှင့်တကွ ထီးဆန်နန်းဆန်သော အပြုအမူ အပြောအဆို ရှိကာ ယဉ်ကျေး သိမ်မွေ့ လှလေသည်။

တတိယ သမီးတော်မှာလည်း ဘုရင့်သမီးတော်တစ်ပါးဖြစ်၍ ထိပ်ခေါင်တင်မင်းသမီးကြီး ကဲ့သို့ပင် ဖြစ်မှာပဲ ဟု တွေးထင် လာခဲ့သည်။


ဆေးရုံအခန်းထဲသို့ ၀င်သွားကြသောအခါ အသက် ၇၀ကျော်အရွယ်၊ သစ်ခေါက်ဆိုး ရသေ့အ၀တ်ကို ၀တ်လျက် ခုတင်ပေါ်တွင် ပုံ့ပုံ့ကြီး ထိုင်နေသော တတိယသမီးတော်ကြီးကို တွေ့မြင်ရသည်။

တော်ဘုရား နှင့် တကွ ကျွန်မတို့အားလုံး ထိုင်၍ ဦးချကြသည်။

“မမဘုရား ကို ဖူးတွေ့ချင်လို့ လာပါတယ်၊ ရန်ကုန်က စာရေးဆရာ ဂျာနယ်ကျော်မမလေး ဆိုတာပေါ့ ဘုရား”

တော်ဘုရား က တရိုတသေ လျှောက်တင်လိုက်သည်။


ပြုံး၍ သွားလေ၏။ ပြုံးခါမှ နှစ်လိုဖွယ်ရာ ဆောင်ကာ ချောမောလှပခဲ့သော မျက်နှာမှာ ပိုပေါ်လာသည်။ မျက်လုံး မျက်ဖန်၊ နှာတံတို့ကား မြန်မာ့အလှကို သရုပ်ဖော်ပြနေလျက်ပင် ရှိသေး၏။ ငယ်ရွယ်နုပျိုစဉ် က အတော် ချောမော မှာ ပဲ ဟု ခန့်မှန်းကြည့်မိသည်။ ရှေးမြန်မာစစ်စစ် အလှကို တွေ့နေရသည်။

“ရတနာဂီရိမှာ စံနေစဉ်က မှတ်မိတော်မူသရွေ့၊ သိရှိတော်မူသရွေ့ကို ပြန်ပြောပြစေလိုပါတယ် ဘုရား”

ကျွန်မ က ရိုးရာဓလေ့ ထံးစံ၏ ယဉ်ကျေးမှုအတိုင်း ရိုရိုသေသေပင် လျှောက်တင်ရလေ၏။


“ပါတော်မူသွားတော့ မမဘုရားက မဒရပ်မှာ ဖွားတယ်၊ သုံးလသမီး ရှိတော့မှ ရတနာဂီရိကို ခေါ်လာ တာ၊ ရတနာဂီရိမှာ ၃၂နှစ်တိုင်တိုင် စံခဲ့ရတယ်၊ မြန်မာပြည်ကို ၁၉၂၁ခုနှစ်မှာ ပြန်ရောက်တယ်၊ အသက်၃၈နှစ် မှာ မန္တလေးမှာပဲ လက်ထပ်တယ်”

ကျွန်မမှာ အမ်း၍ နေလေ၏။ အကယ်၍များ ကန့်လန့်ကာ တစ်ခု ခြားကာထားလိုက်ခဲ့လျှင် ဘယ်က ကုလားမကြီး တစ်ယောက် မြန်မာစကား မပြောတတ်၊ ပြောတတ်နှင့် ထီးနန်းစကားပြောနေပါလိမ့် ဟု ထင်ရလောက် အောင်ပင် စကားလုံးတိုင်း ကုလားသံပေါက်နေကာ ကုလားသံဝဲ၀ဲဖြင့် ပြောသဖြင့် မနည်း စိုက်နားထောင်မှသာ နားလည်လေသည်။ ပါတော်မူစဉ်က ကုလားပြည် မပို့ဘဲ အင်္ဂလန်သို့ ပို့လိုက်လျှင် လည်း ဘိုသံပေါက်နေမှာပဲဟု အောက်မေ့မိသည်။ လျှာလိပ်သံ၊ အာလိပ်သံတို့မှာ ပကတိ ကုလားသံနှင့် ထွက်လာ သည်။


“ရတနာဂီရိမှာ အကြပ်နှင့် ထားတယ်၊ ဘုန်းတော်ကြီးဘုရား အနားလာချင်ရင် ရှာဖွေပြီးမှ ၀င်ရတယ်၊ ရတနာဂီရိ ရောက်စ အင်္ဂလိပ်က တစ်လ ၃၀၀ကျပ်ပဲ ပေးရတယ်၊ သိပ်ဆင်းရဲကြတယ်၊ မြန်မာနိုင်ငံက ပါလာ တဲ့ ပစ္စည်းတွေ ထုခွဲရောင်းစားနေရတယ်”

စကာုးပြော အတန်ပင် မြန်သည်။ ပြောသော အသံမှာ အသက်အရွယ်နှင့် မလိုက်အောင်ပင် မာလှပေ သည်။ “ဘုန်းတော်ကြီးဘုရား” ဟု ဆိုလိုက်သော အသံသည် ကုလားသံရောနှောကာ ၀ဲသွားလေရာ ကျွန်မ မှာ ပြုံးချင်ခြင်းထက် ၀မ်းနည်းချင်ခြင်းသာ ရှိနေသည်။


“ဘုန်းတော်ကြီးဘုရားကို လူတွေက ပြောတယ်၊ ခံမနေနဲ့၊ အဲသလို ခံမနေနဲ့ ပြောကြတော့ ဘိလိပ်က ၀တ်လုံ ငှားပြီး စကားအရေး ဆိုရတယ်”

“၃၂နှစ်လုံးလုံး ကုလားပြည်မှ စံနေရခိုက် နန်းတွင်းရေးရာများကို သင်ကြားပြသပေးခြင်း မရှိဘူးလား ဘုရား”

မြန်မာစစ်စစ် ဘုရင့်သမီးတော်ဖြစ်လျက် ကုလားသံပေါက်နေခြင်းအတွက် ထီးသုံးနန်းသုံးများနှင့် ကင်းကွာ နေသော မင်းသမီးကြီးတစ်ပါးအနေဖြင့် ပိုမို၍ စိတ်ဝင်စားလာသည်။

“စုဘုရား တို့ စာသင် ရတယ်၊ မယ်တော်မိဖုရားခေါင်ကြီး ဘုရားက သင်ပေးတယ်။


“အရှင့်မိဖုရားခေါင်ကြီး ဘုရားဟာ သိပ်စနစ်ကြီးတော်မူတာပဲ၊ ပေတံမှာ ပိုးကြိုးအနီ ချည်ပြီး ရိုက်သင် တာပဲ။ ဘုန်းတော်ကြီး ဘုရားကို မကြောက်ရဘူး၊ မယ်တော်ဘုရားကို ကြောက်ရတယ်၊ ချောင်းဆိုးချင် တာလည်း မဆိုးဝံ့ဘူး၊ မတည့်တာ စားတယ်ဆိုပြီး ရိုက်တာပဲ၊ အချက်အပြုတ် သင်ပြတဲ့အခါကျတော့ လည်း ကြက်သွန် သင်တာက စ ပြတယ်၊ တစ်ခါတလေလည်း ကြည်ကြည် သာသာပဲ သင်ပြတယ်”


“အချက်အပြုတ် သင်ပြတာ ဘယ်အရွယ်မှာပါလဲ ဘုရား”

“၁၃နှစ် အရွယ်လောက်မှာ သင်တယ်။ ၀က်သားနီချက်၊ ခနုံချက်၊ မသိုးထမင်း မသိုးဟင်း၊ အကုန် ချက်တတ် အောင် သင်တယ်။ သိပ်ကြောက်ရတာပဲ၊ အိပ်ရင် ခြေရင်းတော်မှာ တန်းအိပ်ရတယ်။ “ငါ့သမီးတော်တွေဟာ ကုလားပြည်မှာ တောသူမတွေ ဖြစ်နေပြီ၊ နန်းမူနန်းရာ ဘာမှမရှိဘူး” လု့ ခဏခဏ အမိန့်ရှိတယ်၊ ဘုန်းတော်ကြီး ဘုရား ကလည်း “ငါ့သမီးတော်တွေ စကားပြောတာ ကုလားသံ တွေ ၀ဲလှချည်ရဲ့၊ မြန်မာပြည် ပြန်ရောက်ရင် ရယ်ကြမှာပဲ”လို့ အမိန့်တော် ရှိတယ်။ စုဘုရားတို့ရဲ့ တာဝန်အားလုံးကို ဒုတိယ မိဖုရား ထိပ်စုဘုရား ညီမတော်က စီမံတယ်၊ ပထမနဲ့ ဒုတိယ သမီးတော် ဘုရားတို့က သဒ္ဒါ၊ သင်္ဂြိုဟ် ကုန်အောင် တတ်ကြတယ်၊ စုဘုရားကတော့ ပရိတ်ကြီးပဲ ကုန်တယ်”


မြန်မာစာကို တက်ခဲ့ကြသေးသားပဲဟု အောက်မေ့ရသည်။ ကုလားသံ ၀ဲနေခြင်းမှ တစ်ပါး စကားပြော ရာတွင် ပြတ်ပြတ်သားသား ရှိလာလေသည်။

“အင်္ဂလိပ် တွေက ဘုန်းတော်ကြီးဘုရားကို စိတ်ဆိုးတယ်၊ ဒါကြောင့် နန်းကျတယ် တဲ့”

“ဘာဖြစ်လို့ လဲ ဘုရား”


“ဟို … ပုပ္ပါးက ကုလားရသေ့ကြီးတစ်ယောက် ရောက်လာတယ်။ ရွှေဖြစ်တယ်၊ ငွေဖြစ်တယ် ပြောတယ်။ သူ ရောက်လာပြီး တစ်အိမ်လုံး မှောက်တာပါပဲ”

ရတနာဂီရိ၌ တွေ့ကြုံခဲ့သော အဖြစ်အပျက်တစ်ခုကို အမှတ်မထင် အမိန့်ရှိလိုက်သည်။ ကျွန်မက စစ်စစ် ပေါက်ပေါက် မေးမည် ကြံမိသေး၏။ စကား ဆက်ပြောသွားသဖြင့် အသာနေလိုက်ရသည်။

“ဘုန်းတော်ကြီးဘုရား နတ်ရွာစံတော့ မြန်မာပြည် ပြန်ကြဖို့ဟာ သမီးတော်အကြီး ထိပ်စုဘုရားကြီး မလိုက်ချင်ဘူး ဆိုလို့ ကြာနေတယ်။ မြန်မာပြည်ပြန်တော့ ပစ္စည်းတွေအားလုံး သိမ်းယူပြီး အင်္ဂလိပ်က မီးနဲ့ ရှို့ပစ်တယ်။ ရတနာဂီရိ စံအိမ်တော်က ၄-ထပ်တိုက် အမြင့်ကြီး၊ သိပ်ကောင်းတယ်။ ၀တ်လုံငှား အရေး ဆိုတော့ တစ်လတစ်သောင်းရတယ်၊ အရှင်ထိပ်စုဘုရား ငွေကိုင်တယ်။ မြန်မာပြည် ပြန်ကြ တော့ နားထွင်းတုန်း က လက်ဖွဲ့တဲ့ ပစ္စည်းတွေ တောင်းတာ မပေးဘူး”


“နားထွင်းတော့ ဘယ်အရွယ်မှာ ထွင်းပါသလဲ ဘုရား”

“နားထွင်းတော့ ငယ်ငယ်ကလေး ရှိသေးတယ်၊ ၂၁နှစ်မှာ နားထွင်းတာ၊ သမီးတော်လေးပါးပုံတော် ရိုက်တာ နားထွင်းတုန်း ကပေါ့”

အသက် နှစ်ဆယ့်တစ်နှစ်ကို ငယ်ငယ်ကလေး ရှိသေးတယ်ဆို၍ ကျွန်မတို့ ပြုံးနေကြသည်။

“ဘုန်းကြီး ဆိုတာ ဘယ်တော့မှ မမြင်ဖူးဘူး၊ နားထွင်းတော့မှ ဘုန်းကြီးရယ်၊ ဆိုင်းရယ်၊ ပုဏ္ဏားရယ် မြင်ဖူးတယ်။ ဘုန်းကြီးမြင်တော့ ရှိခိုးရတယ်လို့ ပြောတယ်၊ စုဘုရားတို့က ပြောတယ်၊ အမယ်လေး ဘုန်းကြီး ကလည်း ဆာရီကြီးဝတ်လို့”


ဘုန်းကြီးနှင့်ဆိုင်း ကို အသက်၂၁နှစ်သမီး အရွယ်ရှိမှ မြင်ဖူးသည့်အတွက် မျက်စိထဲ ဆန်းနေသဖြင့် အံ့အားသင့် သော ပုံဟန် အမူအရာနှင့်တကွ ပြောကာ ရယ်နေလေသည်။

“နားထွင်းတော်မူတုန်း ဘာတဲ့၊ ခေါင်းဆောင်တာ လုပ်ရတယ်”

တော်ဘုရားလေး ၏ ကြင်ရာဇနီး “မေ”က စည်းပုံပါ ဘုရားဟု ၀င်ထောက်ပေးသည်။


“အဲဒီ စည်းပုံတော်လုပ်ဖို့ ၀က်မစွပ်ဝန်ထောက်မင်းက ပုံစံ ပြပေးတယ်၊ ကုလားပန်းထိန်နဲ့ လုပ်ရတယ်၊ သိုရင်းအင်္ကျီ လည်း ချုပ်ရတယ်၊ သိုရင်းတစ်ထည်ကို အဖိုးငွေ ၄၀၀၀ကျပ် တန်တယ်၊ ရွှေလေးထောင့် ကပ်၊ ကျောက်နီ မြ စီပြီး အပေါက်ကလေးတွေ ဖောက်၊ သရက်ရွက်ပုံ စိန်စီထားတယ်”

“စိန်တွေ ကျောက်တွေ မြန်မာပြည်က ပါသွားပါသလား ဘုရား”


“ကုလားပြည် ကို ဖမ်းသွားတုန်းက ပါလာတယ်၊ တစ်လ ၃၀၀ကျပ်ထဲ ပေးထားတော့ ဒါတွေပဲ ရောင်းစား ကြရတယ်။ ရွှေဖလားတွေ၊ ရွှေမျက်နှာသစ်ခွက်၊ ရွှေဇလုံ၊ ပုလဲတွေကတော့ အပြည့်ပဲ။ ဒါတွေ ဘယ်လောက် တန်မှန်းလည်း အဖိုး မသိဘူး၊ ပုလဲတစ်လုံး ဖြုတ်ရောင်းလိုက်ရင် ၃၀၀ကျပ် ရတယ်၊ နောက်မှ သိတယ်၊ လူ ပလီတာ ခံရတယ်။ တစ်လုံးကို ၁၀၀၀ကျပ်၊ ၂၀၀၀ကျပ် တန်သတဲ့ ၀ိုင်းပလီကြတာပဲ၊ စုဘုရားတို့ကို တစ်ကုံး စီ ဘုန်းတော်ကြီးဘုရားက သနားတော်မူတယ်”

ကျွန်မမှာ သလိုသော မေးခွန်းများကို အစီအစဉ်နှင့် ရှိပင် ရှိလျက် စိတ်ရှိသလို၊ စိတ်ပါသလို ပြောဆို နေ သဖြင့် စိုက်သာ နားထောင်နေလေသည်။


 ( တတိယပိုင်းဆက်ရန်) 


Posted by SHWE ZIN U at 5:59 AM


{ ရွှေဇင်ဦးဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါတယ် }


ပြန်လည်မျှဝေပါသည်။


ZawOo

No comments:

Post a Comment