ယင်ကောင်တို့သည် အညှီကိုသာ ကြိုက်တတ်ကြကုန်၏
📰📰📰📰📰📰📰📰📰📰📰📰📰📰📰
မောင်သစ်ဆင်း
” ကြည့်စမ်း၊ ဆောက်လိုက်ကြတဲ့ တိုက်တွေနှယ်ကွာ။ သုံး လေးပြကျော်လောက်ကို တစ်တိုက်လောက် ဆောက်နေကြတယ်။ ဘယ်ကများ ပိုက်ဆံတွေ ရနေကြပါလိမ့်။ ဒီလမ်းထောင့်က တိုက်တောင် ပြီးတော့မှာပဲ။ အင်း သားနားပါ့ဗျာ။ ကြည့်ရတာ မိသားစု နေဖို့ထက် စီးပွားရေးလုပ်ငန်း တစ်ခုခု လုပ်မလို့နဲ့ တူတယ်။ တည်းခိုခန်းလား၊ စားသောက်ဆိုင်လား။
ဟင်း ဒါတွေ မြင်ပြန်တော့လည်း အားကျမိပါရဲ့။ ငါ့နှယ် ဒီဘဝ တိုက်လေး ကားလေးနဲ့မှ နေနိုင်ပါ့မလား။ အိုး… ဘာဖြစ်လို့ မနေနိုင်ရမလဲ။ နေနိုင်ရမယ်။ တစ်နေ့ ဖြစ်ရမယ်။ ဒီနေ့ ဇီးရိုး၊ မနက်ဖြန် ဟီးရိုး မဖြစ်ဘူးလို့ ဘယ်သူ ပြောမလဲ”
ငညိုကွ။
အတတ်ပညာနဲ့ လူ။ တိုင်းရင်း ဆေးသိပ္ပံမှာ လေးနှစ်လေးမိုး သင်ခဲ့ရတဲ့ ပညာတွေ ဘာလုပ်ဖို့လဲ။
မကြောက်ဘူး။ လုံးဝ မကြောက်ဘူး။ မန္တလေးရဲ့ အကြောကို သိထားပြီ။ လူတွေရဲ့ သဘောကို မိထားပြီ။ အခုတောင် အရှေ့ပြင်နဲ့ မြောက်ပြင်ဘက်မှာ ဆရာညို ဆရာညိုနဲ့ နာမည်ထွက်နေပေါ့။ ညနေပိုင်း ဆေးခန်းမှာ မရှိဘူးဆိုရင် လူနာ ဆယ်ယောက်။ မရဘူးဆို တစ်ရာ။ တစ်ရာ့နှစ်ဆယ်။ အခုလို နေ့ခင်းဘက် အိမ်လိုက်တာနဲ့ ဘာနဲ့ဆို တစ်ရက်တစ်ရက် အောက်ထစ် တစ်ရာ့ငါးဆယ်၊ နှစ်ရာတော့ အေးအေးလေးပဲ။ အလုပ်ထဲ ဝင်ရင်ရမယ့် ဆေးခန်းမှူးလစာလောက်တော့ ရယ်ချင်သေး။ ဒါတောင် ငါ ဂျီပီလုပ်တာ တစ်နှစ်ပျော့ပျော့ပဲ ရှိသေးတယ်။ နောက် လေးငါးနှစ်ကြာရင် ရန်ကုန် ရွှေဘုံသာလမ်းအထိ တက်ချဲပစ်မယ်။ ဘာမှတ်သလဲ။ အာ ဒီ ဘီးစုတ်က တစ်မျိုး။ ဘရိတ် မမိချင်ပြန်ဘူး။ ကားတွေကလည်း အရမ်း မောင်းတာပဲဟေ့။ အင်း… စီးနှင့်ကြဦးပေါ့ကွာ။ ဟင်း… ဟင်း။
အဲ… ဒီ (၁၄) လမ်း ထဲမှာ လူနာ ရှိပါသေးလား။ နေဦး။ အပြန်မှ ဝင်မယ်။ သူ့လက်မောင်းက အတော် အခြေအနေကောင်းနေပြီပဲ။ လက်ကျိုးလို့ ကျောက်ပတ်တီး စီးတာကနေ ပခုံးအဆစ် ကြပ်သွားတာ။ ဒါမျိုးတော့ ဆရာညိုတို့က အပိုင်ပေါ့။ အကြောပြင်ပေး၊ ဆေးစည်းပေး၊ လိမ်းဆေး၊ စားဆေးပေး။ နှစ်ပတ်လောက်ပဲ ကြာတယ်။ အခုဆို ပုဆိုးဝတ်နိုင်၊ ခေါင်းဖြီးနိုင်ပြီ။ အမှန်ကတော့ ဘာမှ မဟုတ်ဘူး။ ကျောက်ပတ်တီး စည်းတုန်းက လက်မောင်းလေ့ကျင့်ခန်း မလုပ်လို့ ခံရတာ။ လုပ်ရကောင်းမှန်းလဲ မသိကြဘူးလေ။ မသိတော့လည်း ဆေးဆရာ ပိုက်ဆံရတာပေါ့။
ဟောဒီ (၁၆) လမ်းက အစာအိမ်သမားကတော့ ထမင်းစားနိုင်နေပြီ။ သူလည်း မန္တလေး၊ ရန်ကုန် နှံ့ခဲ့လှပေါ့။ နောက်ဆုံးကျမှ တိုင်းရင်းဆေးဘက် လှည့်လာတာ။ လူတွေကလည်း တစ်မျိုးပဲ။ တိုင်းရင်းဆေးဆို အထင်သေးတာလိုလို၊ နှိမ်ချင်တာလိုလိုနဲ့။ ပြီးတော့ တိုင်းရင်းဆေးနဲ့ ကင်းနိုင်ကြတာလည်း မဟုတ်ဘူး။ ဆေးရုံပေါ်တက်ပြီး ခွဲတာ ခွဲတာပဲ။ မန်းဆေးတော့ ခိုးလိမ်းကြသေးတယ်။ အနှိပ်သည်နဲ့ မန်းဆေးမရှိရင် ဟောဒီ မန္တလေးမြို့ကြီးဟာ မနေတတ်ပါဘူး။ ယုတ်စွအဆုံးလေ အခိုးပွင့်ဆေးနဲ့ လျက်ဆားပုလင်းကတော့ အိမ်တိုင်းလို ရှိနေကြတာပဲ။
အမယ် လက်ဝါးပြရင် လျက်ဆားရမယ် ဘာ ညာနဲ့ သရော်ချင်ကြသေးဗျ။ လျက်ဆားရဲ့ တန်ဖိုးကို မသိကြဘဲကိုး။ ငါဖြင့် ဆိုးဆိုးဝါးဝါး ရောဂါတချို့ လျက်ဆားနဲ့ ကုပေးပြီး ပိုက်ဆံရခဲ့လှပေါ့။ အဲ… လျက်ဆားမှန်း မသိအောင်တော့ လုပ်ထားရသပေါ့လေ။ နို့မို့ရင် အပျင်းပြေလျက်ဖို့၊ ချောင်းဆိုးရင် လျက်ဖို့လောက် သဘောထားနေကြမှာ။ ဒါကလည်း ပြည်တွင်းဖြစ်မို့ ထင်ပါရဲ့လေ။ တကယ်လို့များ ဂျပန်ကလာတဲ့ လျက်ဆား၊ မိတ်အင်ယူအက်စ်အေ လျက်ဆား ဆိုလို့များဖြင့် ဈေးကြီးပေးပြီး တရိုတသေ မှီဝဲကြမလား မသိဘူး။ အခုတော့ဗျာ အားမနာ ပါးမနာ ဖောဖောသီသီ တောင်းကြလေရဲ့။
တိုင်းရင်းဆေးဆရာလို့ ဆိုလိုက်တာနဲ့ နံပါတ်တစ် အတောင်းခံရဆုံးက လျက်ဆား။ နောက် ဒုတိယကတော့ ဟိုကိစ္စအတွက် ဆေးပေါ့လေ။ ဆရာဝန်တွေ အားဆေး အတောင်းခံရတဲ့ ဒုက္ခကို ခုမှပဲ ကိုယ်ချင်းစားမိတော့တယ်။ မပေးလို့လည်း မကောင်း၊ ပေးပြန်တော့လည်း အကျင့်ပါ၊ တန်ဖိုးကျ။ အော် ဒုက္ခ။ သူငယ်ချင်း ဆေးဆရာတစ်ယောက်ဆို မခံချင်လွန်းလို့ သူ့ဆီ လျက်ဆားလာတောင်းရင် “လျက်ဆားမရှိဘူး။ လျက်ဆေးပဲ ရှိတယ်။ ဖြစ်တဲ့ရောဂါပြော။ ရော့ လျက်ဆေး” ဆိုပြီး အတင်းပြောင်းလဲကြည့်ပေမယ့် မရဘူး။ လူတွေက လျက်ဆားပဲ၊ ရယ်ရတယ်။
လျက်ဆေးဆိုလို့ သူ့တန်ဖိုးက မသေးတော့ဘူး။ ငါတို့လည်း ကိုရင်ကြီး ဝတ်မယ့်နှစ်မှာ ဝါထပ်တယ် ဆိုသလိုပါပဲ။ ဆေးဆရာမှ ဖြစ်မယ် မကြံသေးဘူး။ ဘယဆေးတွေက ဆေးတက်ကုန်ပြီ။ နောက်ဆုံးတော့ ဒီကောင်တွေပဲ ချမ်းသာကုန်ကြတာပဲ။ ငါလည်း နောက်ဆိုရင် ဘယဆေးဆိုင်ဖွင့်ဖို့ ကြိုးစားရမယ်။ ဆေးလည်းရောင်းမယ်။ ဒါမှ မြန်မြန် ကြီးပွားတော့မှာ။ ဆေးကုတဲ့ အလုပ်ကို ရေရှည် မလုပ်ချင်ဘူး။ သူများအပူ ကိုယ့်အပူ လုပ်နေရတာ။ ဦးနှောက်ခြောက်သေး။ ပင်ပန်းသေး။ ဆေးတစ်မျိုး နာမည်ရလာရင် ကြီးပွားမယ်သာပြင်။ လောကမှာ ကြီးပွားဖို့ပဲ။ တိုက်ဆောက်မယ်။ ကားစီးမယ်။ မိန်းမနှစ်ယောက် ယူလိုက်ဦးမယ်။ ဘာဖြစ်သေးလဲ။
အင်း ထမင်းဖိုးကလေး ခိုင်မာဖို့အရေး ငါ အတော် ကြိုးစားခဲ့ရတာပဲ။ ကျောင်း ပြဋ္ဌာန်းစာတွေနဲ့တင် မတင်းတိမ်ဘဲ ကောင်းနိုးရာရာ အရှေ့ အနောက် ဆေးကျမ်းတွေ ရှာရ၊ ဖွေရ၊ ဖတ်ရ၊ မှတ်ရ၊ ဆရာသမားကြီးတွေဆီ မေးရ၊ မြန်းရ၊ ဆွေးနွေးရ။ ဆေးရုံပေါ်က အတွေ့အကြုံတွေ လေ့လာရ၊ ဆည်းပူးရ၊ ကျော်ဖြတ်ခဲ့ရတာတွေ။ ပင်ပန်းဆင်းရဲ ခံခဲ့ရတာတွေ၊ ဒါကြောင့်လည်း ငါ ဒီလောက် အထိ အောင်မြင်လာတာ။ အနာခံမှ အသာစံ။ အထိနာတော့ အသိသာတော့မပေါ့။ တိုင်းရင်းဆေး ဒီပလိုမာချင်း အတူတူ ဘယ်သူ ငါ့လောက် အောင်မြင်လို့လဲ။
တချို့ ဆေးနည်း လာတောင်းကြသေးတယ်။ ဘယ့်နှယ် ကိုယ်မှ ခက်ခက်ခဲခဲ အပတ်တကုတ် ရှာဖွေထားရတာ သူများကို လွယ်လွယ်နဲ့ ဘယ်ပေးနိုင်လိမ့်မလဲ။ မပေးလို့ မကောင်းတဲ့သူတွေကျပြန်တော့ အရေးကြီးတဲ့ အချက်တွေ ချန်ပြီး ပေးလိုက်တာပေါ့။ ဝမ်းနည်းပါတယ် သူငယ်ချင်းများ။ ငါ့လိုဖြစ်ချင်ရင် ငါ့လို လုပ်ခဲ့ကြပေါ့ကွယ်။
ပညာဆိုတာ ဒီလို ယူရတာပဲလေ။ ဒါပေမဲ့ ပညာရှာတဲ့နေရာ စဉ်းစား ကြံဆတဲ့နေရာမှာ ဟိုအကောင်ကို ငါ လုံးဝ မမီဘူး။ စိုးကျော်ဆိုတဲ့ အကောင်။
တက္ကသိုလ်တုန်းကတော့ မေဂျာတူပါပဲ။ သိပ်တော့ မရင်းနှီးဘူး။ မေးထူးခေါ်ပြောလောက်ပဲ။ ကျောင်းပြီးတော့ ဘာမှ လုပ်စရာ မရှိတာနဲ့ နောက်ဆုံး အကြံကုန် ဂဠုန်ဆားချက် တိုင်းရင်းဆေးသိပ္ပံ ဝင်ဖြေပြီး ပါလာမှ ဒီကောင်နဲ့ မမျှော်လင့်ဘဲ ပြန်ဆုံရတာ။ ဒီကောင်ကတော့ ရည်ရွယ်ချက်နဲ့။ တိုင်းရင်းဆေးပညာဆိုတာ ဘာလဲဆိုတဲ့ စိတ်ဝင်စားမှုနဲ့ လာတာဆိုပဲ။ ကြီးကြီးကျယ်ကျယ်။
ဒါပေမဲ့ ဒီကောင် အရမ်းကြိုးစားတယ်။ ငါကြိုးစားခဲ့ရတယ် ဆိုတာ စိုးကျော်နဲ့ ယှဉ်တော့ ဖွဲ ပဲ။ ဒီကောင်က ဉာဏ်ကလည်းကောင်း၊ စာကလည်း အစုံဖတ်၊ သူမဖတ်ဖူးတဲ့ ဆေးကျမ်း မရှိသလောက်ကို ဖတ်တယ်။ ဒီကောင်က ငါ့ထက် အင်္ဂလိပ်စာ ပိုကောင်းတော့ ပိုဖတ်နိုင်တာလည်း ပါတာပေါ့လေ။ ပြီးတော့ တိုင်းရင်းနဲ့ အနောက်တိုင်း ပေါင်းစပ် ယူတဲ့ နေရာမှာ တော်တော်ကောင်းတယ်။ ဓါတ်ကြီးလေးပါးကို သိပ္ပံ သီအိုရီတွေနဲ့ ဆက်စပ်ပြီး အဓိပ္ပါယ်ဖွင့်သွားများ ပါးစပ်ဟောင်းလောင်းနဲ့ ငေး နေရလောက်အောင်ပဲ။ တချို့ဟာတွေဆို ငါဖြင့် နားမလည်ပေါင်။ လိုက်မမီဘူး။ သူ့ဆီကလည်း ပညာ အတော်ရပါတယ်။ ဒီကောင်က မလျှိုတတ်ဘူးလေ။ မေးလိုက်လို့ကတော့ သူ သိထားသမျှတွေ အကုန် ထွက်လာတာပဲ။ ဆရာ လုပ်ချင်တတ်တဲ့ စိတ်လည်း ရှိလို့ နေမှာပေါ့။
ဒီကောင်က တမျိုးပဲ။ ကြောင်တယ် ပြောရမလား၊ မွဲဇာတာ ပါတယ် ဆိုရမလား။ သင်တန်းပြီးတော့ ဒီကောင် ဆေးလေး ဘာလေး ကုသေးတယ်။ တော်တော် အောင်မြင်တယ်။ အဲဒီတုန်းက ငါက အရှိန်ယူနေရဆဲ ကာလ။ အဲဒါ ဒီကောင် ဆက်မလုပ်ဘူးဗျာ။ ဆေးခန်း မထိုင်ချင်တော့ဘူး ဆိုပြီး သုတေသနဌာနမှာ ဝင်လုပ်နေတယ်။ အတော်ဟုတ်တဲ့ကောင်။ အလကား ဘာမှ လုပ်နေစရာမလိုပေါင်။ သူ့လို ပညာမျိုးနဲ့ အပြင်မှာပဲ ဆေးခန်း ဆက်တိုက်ထိုင်ပြီး၊ ပိုက်ဆံ ရှာနေလိုက်ရင် အခုနေဆို လျှမ်းလျှမ်းတောက်ပေါ့။
ပညာရပ်တစ်ခုဟာ သုတေသန အားနည်းရင် အားနည်းသလောက် တိုးတက်မှု နှေးကွေးတယ်။ သုတေသနဟာ မရှိမဖြစ် လိုအပ်တယ် ဆိုတာ အားလုံး သိကြတာပဲ။ ကိုယ်မလုပ်လည်း သူများ လုပ်နေကြမှာပဲဟာ။ အောင်မြင်ပြီဆိုမှ ကိုယ်က အဆင်သင့် ယူသုံးရုံပဲပေါ့။ အဓိက က ကိုယ့် ထမင်းအိုး အတွက်ပဲ။ လောကမှာ ထမင်းအိုးထက် ဘာကများ အရေးကြီးနိုင်ဦးမလဲ။ ခုတော့ ဒီကောင် လစာလေး မလောက်မငနဲ့ မိန်းမတောင် မယူရဲဘူး။ ငါတော့ ဒီကောင်ကို သနားတယ်။ အမယ် သူကလည်း ငါ့ကို နှမြောသတဲ့လေ။ ရယ် ရယ်ရသေး ဟေး ဟေး…
နောက်တစ်ကောင် ရှိသေးတယ်။ စာယောင်ယောင် ပေယောင်ယောင် စာရူး ကဗျာရူး အကောင်တစ်ကောင်၊ စကားကြီး စကားကျယ်တွေ ပြောတတ်တဲ့ကောင်၊ စာသမားဆိုတော့ စကားပြောလည်း ကောင်းတယ်။ သူ ပြောပြောနေတတ်တာ ရှိပါတယ်။ ဘာတဲ့ လက်ရှိ တိုင်းရင်းဆေးလောကမှာ စည်းရုံးရေး ကာလတစ်ခု လိုအပ်နေတယ်တဲ့။ အထက်မြက်ဆုံး၊ အစူးရှဆုံး စည်းရုံးရေးလက်နက်ကတော့ စာပေပဲတဲ့။ ဒါပေမဲ့ အနုပညာအားကောင်းမှ ဖြစ်မတဲ့။ အစက တိုင်းရင်းဆေးအား အထင်သေးခဲ့မိရာမှ တိုင်းရင်းဆေးဖြင့် ကုသ၍ ပျောက်ကင်းသွားသောအခါ အထင်ကြီးသွားလေသတည်း ဆိုတဲ့ ဟောင်းနွမ်းလွန်းသော ပုံစံမျိုး မဖြစ်ဖို့တော့ လိုတယ်တဲ့။
“ရသ” နဲ့ နွယ်ပြီး ရေးသားတဲ့အခါ “သုတ” ရဲ့ တန်ဖိုးတက်လာတော့ အဲ… ဘာဖြစ်တယ် ဆိုလားပဲ၊ သူပြောလွန်းလို့ ငါတောင် အလွတ်ရသလို ဖြစ်နေတယ်။ အော်… တော်တော် သနားစရာကောင်းတဲ့ သတ္တဝါတွေပဲ။ အလုပ်မရှိ အလုပ်ရှာလို့ လူတွေ ကြည့်လိုက်တော့ လက်ဘက်ရည်ဖိုးတောင် အနိုင်နိုင်၊ ပြောလိုက်တဲ့ စကားတွေက…
အင်း ဦးဇောတိက ကျောင်းနားတောင် ရောက်လာပါပေါ့လား။ ဆရာတော့်လိပ်ခေါင်းလည်း ပျောက်သွားပြီ။ အော် ကျောင်းဝင်းအုတ်တံတိုင်းတောင် ပြီးတော့မှာပဲ။ ငါတောင် တံတိုင်းသုံးခန်း လှူထားသေးတယ်။ ငါ့နာမည်ကို ခပ်ကြီးကြီး ရေးခိုင်းထားရမယ်။ ဒါလည်း ကြော်ငြာနည်းတစ်မျိုးပေါ့။ ဆရာတော်နဲ့ သင့်မြတ်ရင် သူ့ပရိသတ်ဟာ ငါ့ပရိသတ်လည်း ဖြစ်လာနိုင်တယ်။ ဆရာတော် ပြောရင် ပြီးတယ်လေ။ အပြန်ကျမှ ဝင်ဖူးရဦးမယ်။
ဟော မစိုးရိမ်ပွိုင့်တောင် ရောက်လာပြီ။ ကားတွေကလည်း ရှုပ်လိုက်တာ။ ဟိုက် မီးပွိုင့်နီတော့မယ် ထင်တယ်။ မြန်မြန် လွတ်အောင် နင်းမှ။
ဟ ဟ ဒီကားက ဘယ့်နှယ် အရမ်းကွေ့ ဟာ ဟာ တိုက် တိုက်
“အား”
***
ဦးခေါင်းတစ်ခုလုံး ခဲကိုက်နေသည်။
ကမ္ဘာကြီး တစ်ခုလုံး ကိုယ်ခန္ဓာပေါ်သို့ ဖိစီးထားသလိုလည်း လေးလံလွန်းလှသည်။ ငါ ဘယ်ရောက်နေပါလိမ့်ဟု မစဉ်းစားမိနိုင်မီ “ဂျာနော (၄)” ကို ဦးဆုံး သတိရလိုက်၏။ ကျန်ရှိနေသေးသမျှ အားအင်တို့ကို စုစည်းကာ ကြိုးစားရုန်းထကြည့်သည်။ မရ။ မျက်စိကို ဇွတ်အတင်း ဖွင့်ကြည့်သည်။ စိတ်ထဲတွင် ပွင့်သွားသည် ထင်၏။ သို့စေကာမူ သူ ဘာကိုမှ မမြင်ရ။ အားလုံးသည် အမိုက်တိုက် ဖြစ်နေ၏။ အမှောင်ထုထဲဝယ် သူ ဖျစ်ညှစ်ရုန်းကန်နေသည်။
ငါ့လက်တွေ ဘယ်မှာလဲ။ ငါ့ခြေထောက်တွေ အို ငါ့ တစ်ကိုယ်လုံးရော ရှိသေးရဲ့လား။ မွန်းကြပ်လာသည်။ မောလာ၏။ ရင်ဝနေရာက အလွန်တရာ ပူလောင်နေကြောင်း သတိပြုမိလာသည်။ ရေအေးအေးတစ်ခွက်ကို တောင့်တမိ၏။ တံတွေးမျိုချရန် ကြိုးစားကြည့်မိသည်။ လည်ချောင်းတစ်လျှောက်လုံးသည် ခဲကပ်လျက်ရှိကာ လုံးဝ လှုပ်ရှား၍ မရ။ ရေသောက်ချင်သည်။ ရေ ရေ ပေးပါ။ အသံကုန် အော်ဟစ်သည်။ အသံက ထွက်မလာ၊ အကြောဆွဲသလို သူ တစ်ချက် တွန့်သွားသည်။
“… စိုး … ကိုစိုး၊ ကို … စိုး…”
ဝေးလွန်းသော အရပ်ဆီမှ အသံဟု ထင်သည်။ နောက်တော့ တဖြည်းဖြည်း နီးလာကာ သူ့ဘေးနားမှ ဖြစ်ကြောင်း သိလာ၏။ သူ အလွန် ရင်းနှီးခဲ့ဖူးသည့် အသံ။ ရှိုက်သံ တချို့တဝက်ကိုပါ ကြားမိသလို ရှိ၏။
အို… မွန်၊ မွန် မွန်၊ အချစ်၊ မွန်မွန် ငိုနေသလားကွယ်။
ရင်ထဲက စစ်ခနဲ နာကျင်သွား၏။ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူလောင်နေသလို ခံစားနေရသည်။ ဝေဝါးနေသော အသိစိတ်ထဲတွင် တစ်ပိုင်းတစ်စ အတွေးစဉ်များ၊ ပုံရိပ်များ၊ အားလုံးသည် ချာချာလည်နေ၏။
စမ်းသပ် ဖန်ပြွန်ထဲက ဝါကျင့် ဆေးရည်၊ စီးကရက်မီးခိုး၊ ဂျာနော (၄)။
ကျွန်တော် ဖျားနေတယ် ဆရာ။
အယ်လ်ကာလွိုက် ထုတ်ယူခြင်း အဆင့်ဆင့် လုပ်ငန်း။
အတူတူ နေချင်ပြီပေါ့ မွန်မွန်ရယ်။
ဒါပေမဲ့ …
သလိပ်ထဲက သွေးစများ။ ကျွန်တော် မစောင့်နိုင်တော့ဘူး ဆရာ။ ပိုင်ရိုဂျင် ဖရီး။ ဒီ ဓါတ်မှန်ကို ကျွန်တော် မသင်္ကာဘူး ကိုစိုးကျော်။ ဂျာနောပင်၏ ဆေးဝါး အာနိသင်။ ခေါင်းထဲက တရိပ်ရိပ် မူးလာသည်။
မွန်မွန် မင်းဘယ်မှာလဲ။ မငိုနဲ့ကွယ်။
မွန်မွန်က စိုးကျော် လက်ကို ဆုတ်ကိုင်ထားသည်။ လက်ဖဝါးများက အေးစက် စေးထန်းနေ၏။ ဒရစ်ပုလင်းမှ ဆေးရည်များသည် ပိုက်ကြိုးမှ တဆင့် သူ့တံတောင်ဆစ် သွေးပြန်ကြော အတွင်းသို့ လျင်မြန်စွာ ကျဆင်းနေသည်။ ရောင်အမ်းအမ်း မျက်နှာတွင် မျက်လုံးအစုံက အတွင်းသို့ သိသိသာသာ ချိုင့်ဝင်နေသည်။ ဆေးလိပ် သောက်လွန်းသဖြင့် ညိုညစ်နေသော နှုတ်ခမ်းများမှာ ခြောက်သွေ့မည်းနက်ကာ အက်ကြောင်းများ ပေါ်နေ၏။ အထက်သို့ လန်တက်နေသော နှာခေါင်းဝတွင် သွေးခဲစအချို့က ကပ်တွယ်နေသည်။ ခက်ခဲစွာ အသက်ရှူနေရဟန်ဖြင့် ရင်ဘတ်သည် ဖိုလှိုက်နေလေသည်။
မကြည့်ရက်တော့သဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။ ဖြစ်ရလေ ကိုကိုရယ်။ ကျွန်မသာ ကိုကို့နားမှာ ရှိနေရင် ကိုကို ဒီလို မဖြစ်ရပါဘူး။ ခုတော့ကွယ်…
မကြာသေးခင်က ကိုကိုနှင့် ရန်ဖြစ်ခဲ့ကြသည်ကို သတိရနေ၏။ ရန်ဖြစ်ရသည်မှာလည်း ကိုကိုကြောင့်၊ ကိုကို့စကားကြောင့်။
တို့နှစ်ယောက် အစကတည်းက မပွင့်လင်းခဲ့ကြရင် ကောင်းမှာပဲနော် တဲ့။ ဘာဖြစ်လို့လဲဟင် ဟု နားမလည်နိုင်စွာ မေးသောအခါ မွန်မွန်ကို ချစ်လွန်းလို့ သနားလွန်းလို့ပေါ့ကွယ်။ ကိုကိုနဲ့ လက်ထပ်မယ်ဆိုရင် မွန်မွန်တော့ ကံဆိုးတော့မှာပဲ။ ဘာတွေပြောနေတာလဲ ကိုကို ဟု စိတ်လှုပ်ရှားစွာ ပြန်မေးမိသည်။ ကိုကိုက မျက်နှာကို မကြည့်ရဲသလို တစ်ဖက်သို့ လွှဲထားသည်။
အချက်နှစ်ချက် ရှိတယ်။
ပထမအချက်အနေနဲ့က ကိုကို့မှာ လုပ်ချင်တာတွေ လုပ်စရာတွေ အများကြီး ရှိနေပြီ။ ကိုကို စီးပွားရေးကို စိတ်မဝင်စားနိုင်တော့ဘူး။ ဒါကြောင့် သာယာသော အိမ်ထောင်ကို ထူထောင်နိုင်မှာ မဟုတ်ဘူး။ အိမ်ထောင့်တာဝန် မကျေပွန်နိုင်ဘူးကွယ်။ ဒီတော့ မွန်မွန့်ကို နှိပ်စက်ညှင်းဆဲနေသလို မဖြစ်ပေဘူးလား။ ကိုကို တကိုယ်ကောင်းဆန်ရာ မကျပေဘူးလား။ မွန်မွန့်ကို ကိုကို့ဘဝထဲ ဆွဲမသွင်းရက်ဘူး။ နောက်တစ်ခုကတော့ …
စကားမဆုံးမီပင် တော်ပြီ ကိုကို၊ တော်ပြီ။ ကိုကို ကျွန်မကို နားမလည်ဘူး။ အထင်သေးလွန်းတယ်။ ကျွန်မ သိပ်ဝမ်းနည်းတယ်။ ပြောပြောဆိုဆိုပင် ကိုကို့ရှေ့မှာ မျက်ရည်တွေတွေကျကာ အဆောင်ထဲသို့ ပြေးဝင်ခဲ့သည်။ ထိုစဉ်က အဆောင်ရှေ့ ရေတမာပင်အောက်တွင် ငေးငိုင်ကာ ကျန်ရစ်ခဲ့သော ကိုကို့အသွင်ကို ပြန်မြင်လာမိသည်။ ထိန်းချုပ်ထားသည့်ကြားက ရှိုက်သံ အချို့တဝက် ထွက်သွားမိ၏။ မျက်ရည် နှစ်စက်သည် ကိုကို့ လက်ဖျံပေါ်သို့ ကျဆင်းလာသည်။ ကိုကိုရယ်…
ရောဂါဗေဒ ဆရာဝန်ကြီးက အနီးသို့ လာရပ်သဖြင့် မွန်မွန် ရှိုက်သံကို ပြန်ထိန်းလိုက်သည်။ သူနာပြုဆရာမလေးက ဒရစ်ပုလင်း အသစ်တစ်လုံး လဲလှယ်တပ်ဆင်ပေးသွားသည်။
ဆရာဝန်ကြီးသည် စိုးကျော်ကို တွေဝေစွာ ကြည့်နေလေသည်။ မွန်မွန်သည် ဆရာဝန်ကြီးကို အားကိုးမျှော်လင့်စွာ ကြည့်နေလေသည်။
အခန်းအပြင်ဘက်မှ လူသံသူသံ အချို့ကို ကြားလိုက်ရပြီး မကြာမီတွင် တိုင်းရင်းဆေးရုံ သုတေသနမှူး ဆရာဦးဝင်းရှိန် အမောတကော ဝင်လာသည်။ ဘယ်လိုဖြစ်တာလဲဟင်၊ ဘာဖြစ်ကုန်တာလဲ ဟု မေးရင်း စိုးကျော် ခုတင်အနီးသို့ အပြေးတပိုင်းဖြင့် ကပ်သွား၏။ စိုးကျော်ကို အသေအချာကြည့်ကာ ခြေမျက်စိသွေးနှင့် နားသီးအရင်းရှိ သွေးကို စမ်းကြည့်သည်။ မျက်နှာပျက်သွားသော ဆရာ့ကို ကြည့်ကာ မွန်မွန်သည် မထိန်းနိုင်တော့ဘဲ ငိုချလိုက်လေသည်။
“ဘယ်လိုဖြစ်ရတာလဲဗျာ။ ကျွန်တော် ဘာမှ မသိလိုက်ရဘူး။ အခု ကြားကြားချင်း ဆေးရုံကို ပြေးလာခဲ့တာပါပဲ”
ဆရာဝန်ကြီးက သူ့လက်ထဲက ပစ္စည်းကလေး တစ်ခုကို ဆရာ့ထံ လှမ်းပေးလိုက်သည်။
“အဲဒါကို သူ့ကိုယ်သူ အင်ဂျက် လုပ်သတဲ့ဗျာ။ သုံးရက်မြောက် ထိုးလိုက်တဲ့အခါ အခုလို ရှော့ခ် ဆန်ဆန် ဖြစ်သွားတယ် လို့ သိရတာပဲ”
ဆရာက လှမ်းယူပြီး ကြည့်သည်။ တစ်ဆယ်စီစီဝင် မိုးရေပုလင်းထဲမှ ဝါကျင့်ကျင့် ဆေးရည်။ ပုလင်းတွင် ကပ်ထားသည့် လေးထောင့် စာရွက်ဖြူပေါ်တွင် စာရေးထားသည်။ ဂျာနော (၄)။
“ဟင် စိုးကျော်၊ မင်း ဒါကို ထိုးလိုက်တယ်”
ဆရာသည် ပုလင်းလေးကို ကိုင်ကာ ငေးနေလေသည်။
“ဂျာနော (၄) ဆိုတာ ဘာလဲ ဆရာ။ တချို့ကို ကျွန်တော် ဓါတ်ခွဲခန်း ပို့ထားတယ်။ လက္ခဏာကတော့ စထရစ်ခ်ျနင်း အဆိပ်သင့်တဲ့ လက္ခဏာနဲ့ အချို့တစ်ဝက် တူသလို ရှိပေမယ့် အတိအကျ မသိရတော့ ခက်နေတယ်။ ဆရာတို့တော့ သိမလားပဲ။ လောလောဆယ်တော့ ဒရစ်ခ်ျပဲ ပေးထားတယ်။ အိပ်စရေးလည်း ရိုက်ထားတယ်။ ပြဿနာက ဂျာနော (၄) ဆိုတာ ဘာမှန်း မသိတာပဲ။”
ဆရာသည် သက်ပြင်းတစ်ချက်ကို လေးပင်စွာချကာ ဆရာဝန်ကြီးကို ရှင်းပြရသည်။
ဂျာနော (၄) သည် ကချင်ပြည်နယ်တွင် ပေါက်ရောက်သော ဒေသအခေါ် ဂျာနော အမည်ရှိ အပင်၏ အမြစ်မှ ထုတ်ယူထားသော အယ်လ်ကာလွိုက်တစ်ခုဖြစ်သည်။ သို့သော် အယ်လ်ကာလွိုက်၏ အမည်ကိုတော့ ဖော်ထုတ်ရန် မစွမ်းနိုင်ခဲ့ပါ။
ကချင် ဆေးဆရာကြီးတစ်ဦး၏ ကုထုံးတစ်ခုကို အကြောင်းပြု၍ ဂျာနောမြစ်ကို ကင်ဆာအတွက် စမ်းသပ်ကြည့်ခဲ့သည်။ သားမြတ်ကင်ဆာနှင့် အခြား ပြင်ပမှ တွေ့ထိသိရှိနိုင်သော ကင်ဆာအနာ တချို့အတွက် တစ်ပင်တိုင် မြနန်းနွယ်၏ ဥနှင့်အတူ တွဲစပ်ကုသခဲ့ရာ ကျေနပ်ဖွယ်ရာပင် အောင်မြင်ခဲ့သည်။ သို့သော် အတွင်းအင်္ဂါ ကင်ဆာများဖြစ်သော အဆုတ်၊ အသည်း စသည့် ကင်ဆာများအတွက်မူ သက်သာရုံမှတပါး ထိရောက်မှု နည်းနေသေးသည်။ လိမ်းဆေး သောက်ဆေးအဖြစ်နှင့် သိပ် မထက်မြက်လှ။ ဤတွင် စိုးကျော် အကြံတစ်ခုပြုသည်။
“အင်ဂျက်ရှင်း လုပ်ကြည့်ရအောင်လား ဆရာ”
“မလွယ်ပါဘူးကွာ။ ဘယ်မှာလဲ ပစ္စည်းကိရိယာ၊ ဘယ်မှာလဲ တတ်ကျွမ်းသူ ပညာရှင်၊ ပြီးတော့ တို့မှာ တရားဝင် လုပ်လို့ မရသေးဘူးလေ။ ဆရာဝန်က သွေးဆေးတို့ လျက်ဆားတို့ သုံးစွဲတာ ဘာမှ မဖြစ်ပေမယ့် တိုင်းရင်းဆရာကျတော့ အပ်ကိုင်လို့ မရဘူးလေကွာ”
“အပြင်က မြန်မာဆရာတွေတော့ ဒီလိုပဲ လုပ်ကြတာပဲ ဆရာ၊ ကိုယ့်ဆေး ကိုယ့်ချက်ပြီး ထိုးနေကြာတာပဲ။ ပိုင်ရိုဂျင် ဖရီး (အနည်အမှုန်ကင်းစင်ခြင်း) မဖြစ်လို့ ချမ်းတာ တုန်တာ ဖျားတာလောက်ကလွဲလို့ တခြား ဘာသံမှ မကြားရသေးဘူး”
“ဟ တို့က သူတို့လို သွားလုပ်လို့ မရဘူးလေ။ မတူဘူး။ အေး လုပ်လို့ရပြီ ဆိုရင်လည်း စနစ်တကျကို လုပ်ကြရမှာ”
“ကျွန်တော်တော့ စိတ်မရှည်ချင်တော့ဘူး ဆရာ။ ကိုယ်စွမ်းနိုင်သလောက် လုပ်ပြီး စမ်းကြည့်ချင်တယ်။ သဘောလောက်ပေါ့”
“အပျင်းပြေ လုပ်ချင်သပဆိုလည်း လုပ်ကြည့်ပေါ့ကွာ။ အော် ဒါနဲ့ တို့ ဂျာနောမြစ် အစီရင်ခံစာ ရေးရဦးမယ်နော်။ အထက်က စိတ်ဝင်စားတယ် ဆိုရင်တော့ မင်းလုပ်ချင်တာတွေ မင်း လုပ်ကောင်းလုပ်နိုင်လိမ့်မယ်။ ဒီကြားထဲ လိုအပ်မယ့် စာအုပ်စာတမ်းတွေ ရှာထားဦး။ ဟာ ဟေ့ကောင် ချောင်းကလည်း ဆိုးလှချည်လား။ မင်းနေကောင်းရဲ့လား။ ခုတလော မင်းကြည့်ရတာ နုံးခွေခွေနဲ့ မျက်နှာတွေလည်း အမ်းနေသလိုပဲ”
“နေကောင်းပါတယ် ဆရာ။ ခုတလော အိပ်ရေးပျက်တတ်လို့ပါ”
“သိပ်လည်း အပင်ပန်း မခံနဲ့ကွာ။ ဆေးလိပ်သောက်လည်း လျော့ပေးဦး။ မင်းသောက်တာ လွန်တယ်”
နောက် ရက်အနည်းငယ်ကြာသော် ပုလင်းကလေး တစ်လုံးကို လာ၍ ပြတော့သည်။
“လုပ်လိုက်ရလေ ဆရာရယ်။ တက္ကသိုလ် ဓါတုဗေဒ ဌာနက သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး လုပ်ရတယ်။ ပိုင်ရိုဂျင်ဖရီးဖြစ်အောင်နဲ့ အယ်လ်ကာလွိုက် အပြည့်ရအောင် အဆင့် လေးဆင့်လောက် လုပ်ယူရတယ်။ ဒါကို ကျွန်တော် ဂျာနော (၄) လို့ နာမည်ပေးထားတယ် ဆရာ”
ပုလင်းလေးထဲတွင် ဝါကျင့်ကျင့် ဆေးရည်များ။
ဆရာက လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း ဆရာဝန်ကြီးကို ဆက်ပြောနေသည်။
“အဲဒါပဲ ဆရာ၊ ရည်ရွယ်တာကတော့ ဂျာနောမြစ် အစီရင်ခံစာကို အထက်တင်ပြီး လိုအပ်သမျှ ဘီပီအိုင်လို နေရာမျိုးမှာ ဆက်လုပ်ဖို့ပါပဲ။ အစီရင်ခံစာကိုလည်း တင်ထားပြီးပါပြီ။ အဲဒါကို သူက ဘာဖြစ်လို့…”
“ကျွန်တော် ရှင်းပြီ ဆရာ၊ သိပြီ။ ကိုစိုးကျော်ဟာ သူ့ကိုယ်သူ စမ်းသပ်ခန်းထဲက ယုန်ကလေး၊ ဖားကလေးတစ်ကောင်လို သဘောထားလိုက်တာပဲ”
ဆရာဦးဝင်းရှိန်က နားမလည်စွာကြည့်သည်။
“ဟုတ်တယ်ဆရာ၊ အဖြစ်က ဒီလို”
လွန်ခဲ့သော နှစ်လလောက်က ရောဂါဗေဒ ဆရာဝန်ကြီးထံ စိုးကျော် ရောက်လာသည်။ ဓါတ်မှန်တစ်ချပ်ကို ပြသည်။ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ယခင်ကလည်း တိုင်းရင်းဆေးသိပ္ပံအတွက် ဓါတ်မှန်များ၊ ဓါတ်ခွဲခန်းမှတ်ချက်များကို ကြည့်ရှု၍ ရောဂါ သတ်မှတ်ချက်များ ပေးရလေ့ရှိရာ ယခုလည်း ထုံးစံအတိုင်းပင် ဓါတ်မှန်ကို ကြည့်ရသည်။
ဓါတ်မှန်ထဲ၌ အဆုတ်ညာဘက် အထက်ထောင့်တွင် မညီညာသော အရိပ်သဖွယ် ကြက်ဥခန့် အကွက်ကို တွေ့ရ၏။ ဘေးတိုက် ဓါတ်မှန်ကော်ပြားတွင်ကား ရေဘဝဲတစ်ကောင်၏ လက်တံများသဖွယ် အတန်းများက အဆုတ်ကို ဖမ်းညှစ်နေကြသလို တွေ့ရလေသည်။ ဆက်လက်၍ သေချာစွာကြည့်ရာ ရင်ဘတ် အလယ်နားတွင် ခပ်ပြန့်ပြန့် အရိပ်တစ်ခု တွေ့ရသေး၏။ လေပြွန်မကြီး၏ နံဘေး တစ်ဘက်တစ်ချက်၌ ဖြစ်၍ ထိုနေရာမှ အဆုတ်နှင့် ဆိုင်ရာ လင့် အကျိတ်တို့ တည်နေရာပင် ဖြစ်လေသည်။
ဘယ်ဘက်တွင်လည်း သွေးလွှတ်ကြောခုံး အထက်နားတွင် နောက်ထပ် အရိပ်တစ်ခု။ လေပြွန်မကြီးမှ အဆုတ်သို့ သွားရာ ဘယ်ဘက် လေပြွန်သည် အကျိတ်ကြောင့် အတော် ပိတ်ဆို့နေပြီ ဖြစ်သည်။ ဤလူနာသည် ချောင်း တရစပ် ဆိုးနေပေတော့မည်။
“ကင်ဆာမဟုတ်လား ဆရာ”
စိုးကျော်က မေးသည်။
“ဟုတ်တယ်၊ အဆုတ်ကင်ဆာပေါ့။ တော်တော် အခြေအနေဆိုးနေတဲ့ ကင်ဆာနဲ့ တူတာပဲ။ Large Cell Anaplastic Carcinoma မျိုး ဖြစ်ဖို့များတယ်။ ဂလင်းအကျိတ်က စဖြစ်တာပဲ။ စီးကရက်သောက်တာနဲ့ ဆက်စပ်လေ့ရှိတယ်။ ရောဂါဗေဒ ဓါတ်ခွဲခန်းက အစီရင်ခံစာနဲ့မှ အသေးစိတ် အတိအကျ ပြောလို့ရမယ်။ ဒီကင်ဆာမျိုးကတော့ ခွဲစိတ်ကုသလို့ အကျိုးမထူးဘူး။ ရေဒီယို သာရပီပဲ ပေးရမှာပဲ။ ခင်ဗျားတို့တော့ ဘယ်လို လုပ်ကြမယ် မသိဘူးပေါ့လေ။ ကြိုးစားကြည့်ကြဦးပေါ့”
“ကျွန်တော်တို့ လုပ်ကြည့်ဦးမယ် ဆရာ” ဟု စိုးကျော်က ပြောသွားခဲ့၏။
“အဲဒီ ဓါတ်မှန်ဟာ သူ့ဓါတ်မှန်ပဲ ဆရာ။ ကျွန်တော်လည်း အခုမှ သိတယ်။ သူ့မှာ အဆုတ်ကင်ဆာ ဖြစ်နေတာ။ သူ့ကိုယ်သူ မသင်္ကာလို့ ဓါတ်မှန်ရိုက်ပြီး သေချာအောင် ကျွန်တော့်ဆီ လာပြတာပဲ။ သူ့ဓါတ်မှန်မှန်းသိရင် ကျွန်တော် ကင်ဆာလို့ မပြောပါဘူး။ ဒါပေမဲ့ သူလည်း ဒါတော့ သိမှာပေါ့။
သို့သော် ဒီ ဂျာနော (၄) ဆိုတာဟာ စိတ်ဝင်စားစရာတော့ ကောင်းနေပြီ။ အခု သူ့ကို ဓါတ်မှန် ထပ်ရိုက်ကြည့်တယ်။ သူ့ကင်ဆာကျိတ်ဟာ ငယ်သွားပြီး ထူးခြားတဲ့ အပြောင်းအလဲတွေ တွေ့နေရတယ်။ ဒါပေမဲ့ သူခံမှာ မဟုတ်တော့ဘူး။ ဆေးပမာဏ လွန်ကဲ သွားလို့လား၊ ဆေးအာနိသင် ပြင်းလွန်းသွားတာလား ဆိုတာတော့ မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် ခုလောက်ထိတော့ မစွန့်စားသင့်ပါဘူးဗျာ။ ရူးတယ်လို့လည်း မဆိုရက်ပါဘူးလေ”
ဆရာသည် စိုးကျော်ကို ငေးစိုက်ကြည့်နေမိသည်။
ဂျာနောပင်နှင့် ပတ်သတ်၍ အစီရင်ခံစာ ရေးကြရင်းက ရောဂါဆိုးတစ်ခုနှင့် အနာဂတ်လမ်းဆုံးကို မျှော်တွေးခဲ့ကြသေးသည်။ ဂျာနောပင်သည် ကင်ဆာအတွက် ကမ္ဘာက ကြိုးစားနေသော အင်တာဖရွန် အစရှိသည့် ဆေးဝါးများထက် မနှိုင်းယှဉ်သာအောင် ကုန်ကျစရိတ် နည်းပါးလှသည်။ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရမည်။ အခြေအနေကောင်းပါက နိုင်ငံခြားဝင်ငွေ ရလာနိုင်မည်။ နိုင်ငံတကာနှင့် ချီ၍ အသုံးပြုလာလျှင် ကင်ဆာနှင့် ပတ်သတ်၍ အသိသစ်များ တိုးဝင်လာနိုင်မည် စသည်ဖြင့် ရောက်တတ်ရာရာ စိတ်ကူးယဉ်ခဲ့ကြသည်။
ပြောရင်းဆိုရင်း သူတက်ကြွလာဟန်တူသည်။ ကျွန်တော် မစောင့်နိုင်တော့ဘူးဆရာ၊ အရှုံးမရှိပါဘူး၊ မအောင်မြင်ရင်လည်း အရင်းပေါ့ ဟု ပြောခဲ့သည်ကို အလေးအနက် မထားမိခဲ့။ တပည့်ရယ် စောစောကတည်းက ဆရာ့ကို ပြောပါဦးလား။ ပြောရင် ဆရာက တားမှာ စိုးလို့လား၊ တားရမှာပေါ့တပည့်ရယ်၊ ခုတော့…
စိုးကျော် ဆတ်ခနဲ တွန့်သွားသည်။ မွန်မွန်က သူ့ရင်ကို အသာ ဖိပေးထားကာ စိုးရိမ်တကြီး ကြည့်နေ၏။ သူ့အသိစိတ်ထဲဝယ် ပြိုးကနဲ ပြက်ခနဲ အရောင်များကို မြင်နေသည်။ အမှောင်ထုထဲမှာ ကင်ဆာမြစ်များ ကုတ်တွယ်နေသော လူ့အဆုတ်တစ်ခုကို သူ မြင်ရသည်။ ကင်ဆာဆဲလ် တစ်ခုသည် ဘီလူးကြီးတစ်ကောင်လို ကြီးထွားလာကာ သူ့အား တိုက်ခိုက်ရန် ပြေးလာနေ၏။
ဂျာနော (၄) ပေးပါ။
ကင်ဆာကို သတ်ရမယ်။
မွန်မွန်ရေ…
ထိုခဏ၌ တခဲနက်သော အမှောင်ထုသည် သူ့ထံသို့ ပြေးဝင်လာလေ၏။
သူ ငြိမ်သက်သွားသည်။
***
နိဗ္ဗာန်ယာဉ်နှစ်စီးသည် ရှေ့ဆင့်နောက်ဆင့်ပင် သုသာန်ဝင်းအတွင်းမှ ထွက်ခွာသွားကြလေပြီ။ သုသာန် ဇရပ်ထဲမှ သံဃာတော်များ၏ သရဏဂုံတင်သံကို တစ်ချက်တစ်ချက်၌ ကြားနေရ၏။ ဇရပ်နှင့် မလှမ်းမကမ်းရှိ သစ်ပင်အောက်တွင် (တိုင်းရင်း) ဆေးကျောင်းသားတစ်စု ထိုင်နေကြသည်။ အုတ်ဂူတစ်လုံးကို မှီ၍ ထိုင်နေသော ကျောင်းသားတစ်ယောက်က ပြောလိုက်၏။
“နှစ်ယောက်စလုံးကတော့ လူတော်ချည်းပဲ။ ဒါပေမဲ့ ဦးစိုးကျော်က ကြောင်လွန်းပါတယ်ကွာ။ စာတွေ ဖတ်လွန်း အားကြီးရင် ကြောင် သွားတတ်သတဲ့ကွ။ ငါတော့ ဆရာညိုကို နှမြောတယ်။ ဂျီပီ သိပ်ကောင်းတယ်နော်။ အောင်မြင်နေတုန်းမှာ ခုလို ဖြစ်ရတာ ရင်နာစရာပဲ”
ဆရာ ဦးဝင်းရှိန်သည် သစ်ပင်အောက်မှ ထွက်လာခဲ့မိသည်။ သုသာန်ဝင်း အပြင်သို့ ဦးတည်နေသော ခြေလှမ်းများသည် လေးလံလာသည် ထင်ရ၏။ အမှတ်မထင် မိုးကောင်းကင်ကို မော့ကြည့်လိုက်မိသည်။
မိုးအုံ့နေသဖြင့် နေမသာသေးပေ။
***************
(စပယ်ဖြူ မဂ္ဂဇင်း – February 1986)
{ Myanmar Network ဝက်ဘ်ဆိုက်မှ ကူးယူပါသည်။ဝက်ဘ်ဆိုက်အား ကျေးဇူးတင်ပါသည်။ }
No comments:
Post a Comment