Sunday, 25 November 2018

မင်္ဂလာလှည်း 📔📔📔📔📔 ( အပိုင်း-၅)

မင်္ဂလာလှည်း


📔📔📔📔📔


( အပိုင်း-၅)


ခင်ခင်ထူး


“သောင်းစိန်နော် စွန်မ သမီး လင်းယုန်မများ၊ မင်းက အကောင်းလုပ်လို့”

“ဘာတုန်းဗျ၊ အမေတို့ကလည်း တစ်မျိုး”

“ဘာတစ်မျိုးလဲ နင် စွန်မသမီး အေးသီကိုကြိုက်နေဆို၊ အေးသီ နောက်တကောက်ကောက်ဆို၊ ဘာမ မို့ တုန်းတော်… ဆန်အိုးထဲ ဆန်လက်နှစ်လုံး မပြည့်တဲ့ဟာတွေ”

“အမေတို့ စကားတွေ လွန်သနော”


“ဘာလွန်ရမှာတုန်း၊ ခုံဖိနပ်စာနော်၊ ကြိုက်သံများ ကြားလို့ကတော့ ခုံဖိနပ်ကြည့်”

“ခင်ဗျားတို့က သူများချစ်ခြင်းခွဲဖို့လောက် ချောင်းနေကြတာ၊ အေးသီက ဘာဖြစ်နေလို့လဲ”

“အောင်မာ ဘာဖြစ်နေနေ၊ နင် မကြိုက်ရဘူးဆို မကြိုက်ရဘူး”

“အချစ် ကို အဲသလို ပိတ်ပင်လို့ရမလားဗျ”


သောင်းစိန်နဲ့ မအေကလည်း အေးသီကိစ္စနဲ့ တကျက်ကျက်ပါ။ အေးသီကိုကြိုက်တာ သောင်းစိန်တစ် ယောက်တည်းတော့ မဟုတ်ပါဘူး။ ကြိုက်တဲ့လူရှိကြပါတယ်။ သောင်းစိန်က အေးသီကပဲ သူ့ရည်းစား လိုလို ပြောနေတော့ တစ်ခြားကာလသားတွေက လက်လျှော့ကုန်ကြတာလည်း ပါတယ်။ အေးသီကို ပိုးလေ မရလေ၊ မရလေ ပိုးလေနေလာခဲ့ကြတာ အရွယ်တွေတောင် ရကြလှပြီ။ အေးသီဆိုရင် ဆယ့် ရှစ်နှစ် ဆယ့်ကိုးနှစ် ရှိပြီး။ သောင်းစိန်ကလည်း နှစ်ဆယ်ကျော်ပါပြီ။ အေးသီကို ဆယ့်လေးငါးနှစ်က တည်းက ကြိုက်ခဲ့တာ အခုလိုအပျိုကြီးလုံးသန် တစ်သွေးတစ်မွေးဖြစ်လာတော့ သောင်းစိန်က ပိုတောင် ရူးလာ ကြတယ်။ အေးသီတို့သားအမိခမျာလည်း ၀င်ငွေရနိုင်သမျှ စုစုကျစ်ကျစ် ရှာကြရတာကတော့ မ ထူးပါဘူး။ လတ်လတ် လောလောကလေး ၀တ်နိုင်၊ စားနိုင်ဖို့ ထည့်မတွက်ပေမယ့် အမြင်ကလေး တင့် တယ်အောင် တော့ ဆင်ရတာကိုး။ သည်လိုဆိုတော့ အေးသီက ပိုတောင်လှလာတယ်လို့ သောင်းစိန် တွက်တယ်။


“အေးသီရယ် နင့်အတွက် ငါ့မှာစောင့်စားရတဲ့ရက်တွေလည်း ကြာပါပြီဟာ၊ တောင်ထိပ်ကြာပေါက် အ နောက်နေ၀င် ပင်လယ်ပြင်ပေါ် လမ်းလျှောက်နေကြတယ်ဆိုရင်တောင်…”

“သောင်းစိန် ရွာပြဇာတ်လာမလုပ်နဲ့၊ နင့်ကို တစ်ခါတည်းပြောမယ်၊ ငါ့အမေ မရှိတော့ရင် ငါ သီလရှင် ၀တ်ဖို့ စိတ်ကူးပြီးသား အမေရှိသေးလို့သာ”

“နင့်ဟာ မဟုတ်တာ၊ နင့်အမေသေဦးတော့ ငါ ရှိပါသေးတယ်”

“နင့်ကြောက်လို့ ၀တ်မှာဟေ့”


သောင်းစိန်နဲ့ အေးသီကတော့ အခြေအနေကတော့ မပြောင်းပါဘူး။ ဒါပေမယ့် မန္တလေးကို သနပ်ခါးပို့ရ တဲ့နောက်ပိုင်း အေးသီက ပြောင်းလာတယ်။ သနပ်ခါး လက်ခံရောင်းပေးတဲ့ မတင်ကြည်တို့ဆီ အ၀င် အထွက်ရှိရာက မောင်ကြိုင်နဲ့တွေ့ပြီး ဘယ်တုန်းကမှ စိတ်မလွင့်ဖူးတဲ့ အေးသီ စိတ်ကလေးဝေ့ချင်လာ ပါရော။ လယ်ပြင်ကြီးရွာစွန်မှာ အိမ်ကုပ်ကလေးနဲ့ သားအမိနှစ်ယောက် နေရတဲ့ဘ၀က မန္တလေးမှာ အ ခြေချခွင့်ရရင် ဘ၀တစ်ဆင့်တက်ရတာပဲလို့ တွက်တာပါပါတယ်။ မအေကြီးကိုလည်း အေးသီ သနားမိ ပါရဲ့၊ ချစ်သူ နဲ့ အိမ်ထောင်ပြုရင်တောင် မအေကိုပါ ထည့်စဉ်းစားပေးမယ့် လင်သားမျိုးမှဖြစ်မှာဆိုတော့ မောင်ကြိုင့် စိတ်နေစိတ်ထားကို အရင်အကဲခတ်ရတယ်။ မောင်ကြိုင်က ရိုးသားတယ်။ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမယ့် ရာသက်ပန်သမားဆိုတာလည်း အကဲခတ်မိတယ်။ သည်ကြားထဲ မတင် ကြည် ကပါ အာမခံလိုက်သေးတာကော။


သည်လိုနဲ့ အေးသီကို မန္တလေးသား စက်ဆရာက တောင်းရမ်းတော့မယ်ဆိုတာလည်း ကြားရော သောင်းစိန် က ရွာရှေ့တောင် ညောင်ပင်ကြီးမှာ မြင်းကိုယ်စီပြင်ပါရော။ သည်သတင်းဟုတ်မဟုတ် စုံ စမ်းတယ်။ စုံစမ်းဖို့က ခက်နေတော့ ဘယ်သူ့မေးရမှန်းလည်း မသိဘူး။ မစွန်မနဲ့ အေးသီတို့သတင်းကို သည်နှစ်ယောက် ဆီကလွဲရင် တစ်ခြားဘယ်ကမှ မရနိုင်လေတော့ သောင်းစိန်သူငယ်ချင်းတွေနဲ့ တိုင် ပင်တယ်။ သည်လိုနဲ့ ထန်းရည်ဝိုင်းမှာ မနက်ည အေးသီကိစ္စချည်းပေါ့။


“ငါတော့ အေးသီကို ခိုးတော့မကွာ၊ သည်လိုမလုပ်လို့ မရတော့ဘူး။ အဲတော့ အုန်းပင်ကောက် ကို ခိုး ပြေး လို့လဲ မဖြစ်ဘူး။ ရွာချင်းက ကပ်နေတာဆိုတော့ မစွန်မ လိုက်လာလိမ့်မယ်”

“ဟ… သောင်းစိန်ရ ခိုးတယ်ဆိုတာ နှစ်ယောက်သားကြိုက်မှ ခိုးရတာလေကွာ၊ အေးသီက မင်းများ ခွေးရူး လောက်အောက်မေ့တဲ့ဟာ၊ အကုန်အဖမ်းခံနေရပါ့မယ်ကွာ”

သူငယ်ချင်းတွေက အေးသီနဲ့ သောင်းစိန်ကို တစောင်းစေးနဲ့မျက်ချေးဆိုတာ သိကြတော့သည်စီမံကိန်း မှာ မပါဝံ့ကြဘူး။ ဒါပေမယ့် သောင်းစိန်တိုက်နေတဲ့ ထန်းရည်ကလည်း ဗိုက်ကားအောင် သောက်နေရ တာ ဆိုတော့ စိတ်ကုန်အောင်လည်း မပြောဝံ့ကြဘူး။


“နေဦး မင်းက ဘာကြားလို့လဲ သောင်းစိန်ရ”

“အေးသီက မန္တလေးမှာ ရည်းစားရှိနေပြီတဲ့ကွ၊ နားစွန်နားဖျား ကြားတာပါကွာ၊ စုံစမ်းလို့လည်းမရဘူး”

“မင်းက ဘယ်က ကြားတာလဲ”

“အေးသီက ပြောတာ၊ သူ့မှာရည်းစားရှိနေပြီတဲ့၊ လာတောင်းရမ်းတော့မှာတဲ့”

“ပြီးတာပါပဲကွာ၊ ခမျာများသားအမိ ဆင်းရဲကြပါတယ်။ အချစ်ဆိုတာ ခွင့်လွှတ်ခြင်းပါတဲ့၊ မင်း ရင်အနာ ခံလိုက်ပါ သောင်းစိန်ရယ်”

“ဘာရယ်ကွ၊ ရင်အနာခံရမယ် ဟုတ်လား၊ သောင်းစိန်က တစ်ရွာသားလက်တော့ အပါမခံဘူး၊ လယ်ပြင်ကြီး သား သွေးရဲတာ ပြရချေသေးပေါ့ကွာ”


ထန်းရည်အိုး ကလည်း ပိုးလိုးပက်လက်။ သောင်းစိန်တို့ကလည်း မှောက်ခုံပက်လက်။ အရင် သတိပြန် လည်လာသူက ပုဆိုးစဆွဲပြီး ထပြန်ရာကနေ လူစုကွဲသွားကြရော။ ညနေဘက် ပြန်စုမိကြပြန်ရော။ သောင်းစိန် လည်း ထန်းရည်ဖိုးဆပ်ရတာနဲ့ ကုန်လှပြီ။ အေးသီကိုမရလေ စိတ်ညစ်လေ၊ စိတ်ညစ်လေ သောက်လေဆိုတော့ လူမှန်းမသိအောင် ဖြစ်နေပြီ။ တစ်ရက်တော့ ထန်းရည်ဝိုင်းမှာ အုန်းပင်ကောက် သား ထွန်းရီ က စကားတစ်ခွန်း သတင်းပေးတယ်။ သည်သတင်းက သောင်းစိန်အတွက် အရေးကြီးတဲ့ သတင်း။

“သောင်းစိန် အေးသီ မင်းကိုအကြိုက်တာ ငါသိပြီ၊ နတ်က လုပ်ထားတာကွ”


“ဘယ်လိုကွ ထွန်းရီ၊ ဘယ်လို နတ်ကလုပ်ထားတာတုန်း၊ ကြားလာတာ ပြောစမ်းပါကွာ”

“မင်း ပြဿနာတော့ မရှာနဲ့၊ မင်းအမေက နတ်ကတော် ဒေါ်မူကြီးနဲ့ အတားအဆီးတွေ လုပ်နေတာတဲ့၊ တို့ရွာထဲက မခင်သောင်းက မင်းတို့ရွာက နတ်ကတော်ဒေါ်မူနဲ့ ခင်လို့ ပြောရာကနေ ငါကြားလာတာ”

“လူတစ်ယောက်နဲ့တစ်ယောက် နတ်က မချစ်အောင် လုပ်လို့ရသလားကွ၊ မဟုတ်တာ”


“ရတာပေါ့ကွာ၊ မင်းတို့အိမ်မှာ နတ်စင်ရှိတယ် မဟုတ်လား၊ နတ်စင်ပေါ်မှာ နတ်ရေအိုးအသစ်ကလေးရှိ လိမ့်မယ်၊ အုန်းသီးတစ်လုံးလည်း ရှိလိမ့်မယ်၊ မယုံရင် မင်းကြည့်လိုက်”

တစ်ရွာသားက အပ်ကျမပ်ကျကြီး ပြောနေပြီဆိုတော့မှ သောင်းစိန် သူအိမ်ကနတ်စင်ကို စိတ်ကူးကြည့် လိုက်တယ်။ ဟုတ်သားပါလား။ အိုးကလေးတစ်လုံးပေါ်မှာ အုန်းသီးခွံကွာတစ်လုံး မြင်နေတာကြာပြီပဲ။ လက်စသတ် တော့ သူ့အမေက အေးသီနဲ့သဘောမတူလို့ နတ်ကတော်ခေါ်ပြီး နတ်နဲ့ခွဲခိုင်းထားတာကိုး၊ ဒါကြောင့် အေးသီ က ခါးခါးသီးသီး ဖြစ်နေပါတယ် အောက်မေ့တာ၊ ခုမှ ဇာတ်ရည်လည်ရတော့တယ် ပေါ့၊ တွေးရင်းက ဒေါသတွေဖြစ်လာလို့ နတ်စင်ရော အုန်းသီးပါ သည်ကနေ့တော့ တွေ့ကြပြီပေါ့ကွာ လို့လည်း စိတ်ထဲ တေးထားလိုက်တယ်။

“နေပါဦး အုန်းသီ တင်တယ်ဆိုတာက ဘာသဘောလဲ”


“အုန်းသီးဆိုတာ အသ လေကွာ၊ အေးသီပေါ့၊ နတ် ကို အေးသီနဲ့ ပေးစားပါတယ်ဆိုတဲ့ သဘောပေါ့”

“နတ်နဲ့ ပေးစားတော့ နတ်က မင်းနဲ့မကြိုက်မိအောင် တန်ခိုးနဲ့ တားတာပေါ့ဟ”

“ကြည့်စမ်း အမေတို့များ ကိုယ့်သားသမီးဘက်မလိုက်၊ နတ်ဘက်များ လိုက်ရတယ်လို့ကွာ”

အဲသည်နေ့က အုန်းပင်ကောက်သား ထွန်းရီကို သောင်းစိတ်က ထရေမူးအောင် တိုက်တယ်။ ကျေးဇူး တွေတောင် တင်နေသေးတာပါ။ တစ်မြူပြီးတစ်မြူသောက်ကြတာ ဘယ်နှအိုးရှိမှန်းတောင် မသိကြ တော့ပါဘူး။ သောင်းစိန်က အိမ်ပြန်ပြီး နတ်စင်ဖျက်မယ်လုပ်တော့ သတင်းပေး ထွန်းရီလည်း မူးမူးနဲ့ ပြေးရော။ အဲသည်နေ့က သောင်းစိန်က အိုးကိုရိုက်ခွဲ၊ နတ်စင်ရိုက်ချိုးလုပ်နေတော့ ဖအေက ရေထမ်း ထမ်းပိုး နဲ့ လိုက်ရိုက်တော့မှ လုံးနေအောင် ပြေးတော့တာပါ။


သည်ကတည်းက နတ်ရေစင်အိုးလည်း မရှိတော့ပါဘူး။ ဒါပေမယ့် အေးသီကလည်း သောင်းစိန်ကို မကြိုက်ပါဘူး။ သောင်းစိန် က နတ်ကို အုန်းသီးဆက်လို့မကြိုက်ခဲ့တာလို့ယုံတော့ နတ်ကတော် ဒေါ်မူကြီး အိမ်ကိုသွားတယ်။ ရေစင်ဖိုး ကန်တော့ တယ်။ အကျိုးအကြောင်းပြောတော့ ဒေါ်မူကြီးက သောင်းစိန်ဖြစ်ချင်တာကို သဘောပေါက်လိုက်ပြီ။ မအေကခိုင်းလို့ အုန်းသီဆက်ခိုင်းသလိုပဲ သောင်းစိန်က ရေစင်ဖိုး ဆက်တော့လည်း အဆောင်ပေးပြန် ရော။ သော့အိမ်တစ်လုံး ဆောင်ရမတဲ့။ အေးသီက ပြန်မကြိုက်ရင် မင်း ကြိုက်သလိုပြောဆိုပြီး နတ်ကတော်က အာမခံလိုက်တော့ သောင်းစိန်ကလည်း ယုံတယ်။


“သော့အိမ်ဆိုတာ ဘာတုန်းဗျ”

“မောင်သောင်းစိန်ကလဲ အသကို… သအနဲ့ ပြန်တိုက်တာဟဲ့”

“နားမလည်ဘူးဗျ”

“အေးသီက အသ၊ သော့အိမ်က သအ၊ အုန်းသီး ကို သော့အိမ်နဲ့ ကက်ကင်းပြန်ရိုက်တယ်ခေါ်တယ်။ သော့အိမ် သေးသေးရှာပြီး မင်းလည်ပင်းဆွဲရမယ်။ သည်အတိုင်းတော့ မစွမ်းဘူးပေါ့။ ငါရွတ်ဖတ်ပြီး အသက်သွင်း ပေးမယ်။ သုံးဆယ်ခုနစ်မင်း အပ်ရမှာဆိုတော့ ငွေသုံးရာ့ခုနစ်ဆယ်တင်ရမယ်”

“တင်တာဟုတ်ပါပြီ။ ချက်ချင်း ထကြိုက်ပါ့မလား”


“ဟဲ့ နတ်ဆိုတာ မှိုင်းမှိုင်းပြီး မတာဟဲ့။ ဒါကြောင့် မှိုင်းမတယ်ပြောတာ။ အေးသီ မင်းဘက်မပါတော့ ငါ့ ပြောလှည့်… နတ်ဟဲ့၊ အာဂမှတ်နေသလား”

အဲသည်နေ့ကစပြီး သောင်းစိန်လည်ပင်းမှာ သော့တံနှစ်ချောင်းပူးနဲ့ သော့ခလောက် ကလေးတစ်လုံး ဆွဲထားလေရဲ့။ ဒါပေမယ့် သော့ခလောက်ကလည်း မစွမ်းတော့ပါဘူး။ အေးသီကို မနက်ဖြန်သန်ဘက် မန္တလေး က ကားနဲ့လာတောင်းတော့မယ်ဆိုတဲ့ သတင်းက ရွာထဲပြန့်နေပြီ။ ရွာမှာ ပျာနေကြတဲ့နှစ် ယောက်ကတော့ မစွန်မနဲ့ သောင်းစိန်ပါပဲ။ မစွန်မက မြို့လာကြမယ့် ဧည့်ကျွေးဖို့၊ မွေးဖို့ရှာရပြီ။ သောင်းစိန် ကတော့ သော့ခလောက်တောင် ဆွဲဖြုတ်ပြီး လွှင့်ပစ်ချင်ပြီ။ တစ်နေ့လုံး ထရေတဲက မထ တော့ဘူး။ ရင်တွေ လည်း ပူလှပြီမဟုတ်လား။ သည်ရက်ထဲ တစ်ခုခုတော့ လုပ်ကိုလုပ်ရတော့မှာကိုး။ အုန်းပင် ကောက်သားတွေက မူးလာတော့ သောင်းစိန်ကို မြှောက်ပေးကြရော။


“အဲသည်နေ့လာတဲ့ကားကို တို့လူစု ရွာထိပ်က ဆီးရိုက်ကြရုံပေါ့ကွာ၊ လွယ်လွယ်လေးပါ”

“မင်းတို့ပါရင် ချရုံပေါ့ကွာ၊ လယ်ပြင်ကြီးသား သွေးရဲတာ ပြလိုက်စမ်းမဟေ့”

အဲသည်နေ့က သောင်းစိန်တို့ ထရေမူးလိုက်ကြတာ လူမှန်းမသိကြဘူး။ ထန်းတဲထဲမှာတင် တုံးလုံးပက် လက် ဖြစ်ကုန်ကြပြန်ရော။


(၈)


ကိုချစ်တိုးတို့ သည်တစ်ခါတွေ့ရတဲ့ချောက်က တော်တော်ကြီးတယ်။ တော်သေးတာပေါ့။ နွားသမား တွေနဲ့ တိုက်တိုက် ဆိုင်ဆိုင်တွေ့လို့။ သည်ချောက်ကြီးက တာလမ်းကျိုးရာကနေ အဟကျယ်သွားပုံပေါ် ရဲ့။ ဖို့မြေ ဆိုတော့ အိအိကျရာက ဗွက်ကြီးကျယ်ပြီးအထဲမှာ ဗွက်လည်နေတာမျိုးပါ။ တစ်ဖက်ကိုရောက် ဖို့က လွယ်လွယ် နဲ့ မဖြစ်လောက်ဘူးဆိုတာတော့ သေချာနေပြီ။ လူတွေက ထမင်းမစားကြရသေးဘူး။ ရေ၀အောင် မသောက်ကြရသေးဘူး။ တော်သေးတယ်ခေါ်ရမယ်။ ကားလမ်းတစ်ဖက်မှာ အိုင်ဖြစ်နေရာ က ရေတွေ ၀ပ်နေတာ ရေပုံးကြီးနဲ့ နှစ်ထမ်းသုံးထမ်းလောက် ရှိလိမ့်မယ်။ ရေကလည်း ကြည်ပြီး စိမ်းနေ လို့ သောက်မယ် ဆိုရင်တောင် သောက်ချင်စရာကိုး။ ကိုကျော်သန်းရော၊ ကိုချစ်တိုးရော၊ လူဝကြီး ဦး မှတ်တင် ရော၊ တရုတ်ကြီး ဦးဝိန်ရော၊ ကျောင်းဆရာကြီး ဦးကျော်ဒွန်းရော လက်ခုပ် နဲ့ ခပ်ခပ်သောက်ကြ ဇက်ပိုး ရေဆွတ်ကြ၊ ရေဘူး တွေထဲ ဖြည့်ကြ လုပ်ကြတယ်။


တစ်လျှောက်လုံး စကားတစ်ခွန်းမှမပြောဘဲ ပေါင်ပေါ်ကန်တော့ပွဲကြီးတင်ပြီး တင်ပြင်ခွေထိုင်လိုက်လာ တဲ့ ကိုကျော်ဝင်းတောင် ကန်တော့ပွဲကြီး ကားခေါင်းအမိုးပေါ်တင်ပြီး ဆင်းလာတယ်။ မျက်နှာသစ်၊ ရေ သောက်၊ နွားသမားတွေက မဆိုးကြပါဘူး။ လမ်းကျိုးထိပ်ထိုင် ဆေးလိပ်ဖွာကြရင်း သူတို့အချင်းချင်း တိုင်ပင်နေကြတယ်။ ကားက သည်နေရာကဆင်း၊ ဟိုနေရာကို မော့တက်ရမယ်။ ကားဆင်းမယ့်နေရာ နဲ့ မော့ တက်ရမယ့်နေရာမှာ မြေခဲမာမာကြီးတွေချရမယ်။ မောင်ကြိုင်ကတော့ သူ့တိုက်ပုံနဲ့ လည်ကတုံး အင်္ကျီ မှာ ရွံ့တွေပေလှပြီဆိုတော့ ချွတ်မနေတော့ဘဲ လက်တွေပင့်တင်တယ်။ ပုဆိုးကိုတိုတိုဝတ်တယ်။ ဗွက်ထဲဆင်း၊ ခြေထောက်နဲ့ စမ်းစမ်းပြီး မြေမာရှာတယ်။ ဗွက်က ခြေကျင်းဝတ်မြုပ်တယ်ဆိုတော့ မြေ မာခဲ တော်တော် ထည့်ရမယ်ဆိုတာ သေချာသွားပြီ။ နွားဆရာက တွက်ချက်ပြီးသွားပုံနဲ့ သူ့စိတ်ကူးကို ပြောတယ်။


“ကိုင်း ကားဆရာ၊ လူအားနဲ့ လမ်းဘေးက မြေစိုင်ခဲတွေ ကားဘီးရာ အတိုင်းချရမယ်။ ခင်ဗျားတို့ကြည့် ရတာ လူနုတွေနဲ့ တူပါတယ်ဗျာ၊ ကျုပ်တို့ပဲ လုပ်ပါ့မယ်”

“ဟာ… မဟုတ်တာဗျာ၊ ကျုပ်တို့ရော လုပ်မှာပေါ့”

“ဗြုန်း”

ဧရာမမြေစိုင်ခဲကြီးတစ်လုံး ဗွက်ထဲကျသွားသံပါ။ နွားသမားတစ်ယောက်က မပြောမဆိုနဲ့ မြေစိုင်ခဲကြီး ပွေ့ တဲ့ပြီး ပစ်ချလိုက်တာ ဗုံးများကျသလို ကျသွားရာက ဗွက်တွေနဲ့ ရွှံ့ရည်တွေ လူ့တစ်ရပ်ကျော်ကျော် လောက် ထခုန်ပါလေရော။ အနားရှိသမျှလူတွေလည်း ရစရာမလိုတော့ပါဘူး။ မျက်နှာ၊ နဖူးကအစ ၀တ်ထားတဲ့ အင်္ကျီ၊ ပုဆိုးတွေုပါ ချက်ချင်းပေပွကုန်တော့တာပါ။ ကိုချစ်တိုးက နွားသမားကို ဒေါသနဲ့ထိုး မယ် ကြိတ်မယ်လုပ်ပြီးမှ စိတ်ကိုဘရိတ်အုပ်ရတယ်။ ဒင်းတို့မရှိလို့မဖြစ်သေးဘူးလို့ တွက်မိလို့သာပေါ့။ အဆိုးဆုံး ကတော့ သတို့သားမောင်ကြိုင်နဲ့ လူဝကြီး ဦးမှတ်တင်ပါ။ တာလမ်းကျိုးထဲက ထခုန်လိုက်တဲ့ ဗွက်ရည်တွေဆိုတာရစရာမရှိဘူး။ အားလုံးစောစောက အိုင်ကလေးမှာ မျက်နှာသစ်ကြရတော့တာပေါ့။


“နင့်မေကလွှား သောက်ရမ်းလုပ်ရသလားဟ၊ မင်းကွာ”

နွားဆရာ ကတော့ ငေါက်ပါရဲ့၊ မြေစိုင်ခဲပစ်ချတဲ့ နွားသမားက အရေးတောင်မလုပ်ဘူး။ နောက်ထပ်မြေ စိုင်ခဲတစ်ခဲ ပွေ့လာပြီး စောစောကလိုပဲပစ်ချပြန်ရော။ ဗြုန်းခနဲ ကျသွားတဲ့အရှိန်နဲ့ ဗွက်ရည်တွေ ထခုန် ပြနရော။ သည်တစ်ခါတော့ ဒေါ်ငွေနဲ့ ကိုကျော်ဝင်းတို့နှစ်ယောက်စလုံး ယွန်းခွက်များ သစ်စေးသုတ် လိုက် သလို မည်းခနဲ ညစ်ပတ်ကုန်တော့တာပဲ။

“ဟယ်… သေနာကျ၊ ဘယ့်နှယ် မပြောမဆို တွန်းလုပ်နေတာတုန်း၊ တော်ကလဲ တပည့်လက်သားကို ဆုံးမ ဦးမှပေါ့၊ ကောင်းသေးလား ပေပွကုန်ပြီ”

ဒေါ်ငွေ က နွားသမားခေါင်းဆောင်ကိုငေါက်တော့ နွားသမားခေါင်းဆောင်က သူ့လူကိုခါးလိုက်ဆွဲတယ်။ ဒါတောင် နောက်ထပ် မြေစိုင်ခဲတစ်ခဲ ပွေ့ထားပြီးနေပြီ။ အသာအယာချဖို့ လက်ဟန်၊ ခြေဟန်နဲ့ လုပ်ပြ တယ်။ ကိုကျော်သန်း တို့ကိုလည်း တောင်းပန်ရတာပေါ့။


“ဒီကောင်က နားလည်းမကြားဘူး။ စကားလည်း မပြောတတ်ဘူး။ လူကလည်း ကြောင်တောင်တောင် ရယ်၊ တစ်ခါ သူများနွားဖြုတ်ဆွဲလာလို့ ကံကောင်းလို့ ကျုပ်တို့ အရိုက်မခံရတာဗျို့၊ တောင်းပန်ပါတယ် ဗျာ၊ နေပါဦး ခင်ဗျားတို့က ဘယ်သွားကြမှာတုန်း”

“မင်္ဂလာဆောင် အမြန်းသွားကြမှာပါဗျာ၊ ဒုက္ခရောက်ချင်တော့”

“ကိုင်း… ကိုင်း ဒါဆိုလည်း သွက်သွက်လုပ်လိုက်ကြရအောင်”


တစ်ယောက်မြေစိုင်ခဲတစ်တုံးနဲ့ အတုံးပေါင်း တော်တော်သယ်ချလိုက်တော့ ပင်လယ်ထဲကျောက်တန်း ပေါ်သလို ကားဘီးနှစ်နေရာစာ မြေစိုင်ခဲအတန်းနှစ်တန်းပေါ်လာတယ်။ ကားတက်နင်းရင် ပြားသွားမှာ သေချာနေတော့ နောက်ထပ်နှစ်တုံးစီ လိုက်ဖြည့်ကြရတယ်။ ကျောင်းတုန်းက ကျောင်းတက်ခေါင်း လောင်းတောင် ထမထိုးတဲ့ ကျောင်းအုပ်ဆရာကြီးကလည်း နိုင်သလောက်သယ်ရရှာတယ်။ ကိုချစ်တိုး နဲ့ ကိုကျော်သန်း ကတော့ မြေစိုင်ခဲတွေ ပွေ့ပွေ့ချရတာနဲ့ ရင်ဘတ်နဲ့ပုဆိုးမှာ မြေနီစေးတွေ အင်္ဂတေသ ရွက်ကိုင် ထားသလို ဖြစ်နေတယ်။ မောင်ကြိုင်ကတော့ အပင်ပန်းဆုံးပေါ့။ ခေါင်းတွေရော၊ မျက်နှာတွေ ရော၊ အင်္ကျီတွေရော၊ ပုဆိုးတွေရော၊ လူရုပ်တောင် မပေါ်တော့ဘူး၊ အဲသလိုနဲ့ ကားနင်းကြည့်လိုက် မြေစိုင်ခဲတွေ အိသွားလိုက်၊ ကားကို နောက်ဆုတ်လိုက်တော့ ကားခေါင်းပေါ်တင်ထားခဲ့တဲ့ ကန်တော့ပွဲ က ပြုတ်ကျ ပါလေရော။


“ဟာကွာ ကန်တော့ပွဲတင်ထားခဲ့တာ ခေါင်းထဲမေ့သွားသကွာ၊ သွားရောဟ”

တစ်လမ်းလုံး စကားမပြောခဲ့တဲ့ ကိုကျော်ဝင်း။ ကန်တော့ပွဲကို ကားကြမ်းပေါ်တောင်မချဘဲ တင်ပျဉ်ခွေ ထိုင်ပြီး ပေါင်ပေါ်တောက်လျှောက်တင်လာတဲ့ ကိုကျော်ဝင်း။ ကားပေါ်ကဆင်းတော့ ကားခေါင်းခန်းအ မိုးပေါ် အသာတင်ထားခဲ့တာမှာ ကားက ရှေ့တိုးနောက်ဆုတ်လုပ်တော့ ကားပက်လက်ထဲ ပြုတ်ကျက ရော။ အုန်းသီးတခြား၊ ကြွက်မြီးတခြား၊ ငှက်ပျောသီးတွေကလည်း သုံးဖီးသုံးနေရာ။ အလုံးပြုတ်တာက ပြုတ် ကုန်ကြပြီ။


“ပြုတ်ပေစေဗျာ ကိုကျော်ဝင်း နေပစေတော့၊ ရှိတာနဲ့ တောင်းမြန်းရုံပေါ့။ ရွာက အုန်းငှက်ပျော လွယ်မှာ ပါ”

“မလွယ် တော့လည်း ကြွေဇလုံးကြီးချ တောင်းမြန်းရုံပေါ့”

ကိုချစ်တိုး က ကိုကျော်ဝင်း စိတ်မကောင်းဖြစ်သွားမှန်းသိလို့ ဖြေပြောပြောတာကို ဦးမှတ်တင်က ၀င် ဖြည့် လိုက်တာပါ။ နွားသမားသုံးယောက်က တောသူတောင်သား လူကြမ်းတွေဆိုတော့ သန်လိုက်တာ ကလည်း မပြောပါ နဲ့တော့။ တွန်းလိုက်၊ ဆုတ်လိုက်၊ မြေစိုင်ခဲတွေဖို့လိုက်၊ ကားနစ်သွားတော့ လမ်းဖော် လိုက်၊ တွန်းလိုက် နဲ့ တစ်ဖက်ထိပ်ကိုရောက်ကာနီး ဘယ်လိုမှတက်မရတော့ဘူး။


နွားးသမားတွေလည်း ချောက်ထိပ်ထိုင်ပြီး ဆေးလိပ်ဖွာကြပြန်သည်။ မြေထပ်ဖို့သူဖို့ပြီး ကားကလည်းညှစ်၊ လူတွေ ကလည်း ပြိုင်တူညှစ်ကြတော့မှ ကားကမတက်ချင်တက်ချင် တက်သွားရော။ ကားပေါ်က ငှက်ပျောသီး၊ အုန်းသီး တွေလည်း ဆန်ကောထဲက ဆီးဖြူသီးတွေလို ကားရှေ့နဲ့နောက် ခလောက်ဆန်လို့။ သည်ချောက် ကို ကားတက်လိုက်နိုင်တာ လယ်ပြင်ကြီးရောက်သွားသလို ခံစားကြပုံပေါ်ပါရဲ့။ ဝေးခနဲ အော် လိုက်ကြတာ။ သည်တော့မှ ရယ်နိုင်မောနိုင်ကြတော့တယ်။ နွားဆရာက ပြန်ချင်ပြီ။ သူတို့ခမျာလည်း ချလိုက် ချလက် များကျလို့။ လူတွေလည်း ရွှံ့လူးထားတဲ့အတိုင်းပဲ။ နဂိုညှိထားတဲ့ဈေးမဟုတ်တော့ပါဘူး။ ကိုကျော်သန်း က ရှစ်ထောင်ဖြည့်ြ့ပီး နှစ်သောင်းပေးလိုက်တယ်။


“ကျေးဇူးတင်ပါတယ်ဗျာ၊ ခင်ဗျားတို့နဲ့သာမတွေ့ရင် ကျုပ်တို့တော့ ရွာလည်ပြီ”

“ရွာလည်ရုံဘယ်ကမှာတုန်း… ရွာထဲ ညအိပ်ရမှာ”

နွားသမား တွေက တစ်ယောက်ငါးထောင်စီရသွားကြတော့ နှုတ်ဆက်ပြီးပြန်ကြရော။ မထူးပါဘူး။ ကား ကလည်း ရစရာမရှိတော့ပါဘူး။ ညှစ်ညှစ်ရုန်းရလို့ အင်ဂျင်တွေလည်း နာလှရော့မယ်။ လူတွေကတော့ လမ်းဘေးက မြေခြောက်ခြောက်မာမာမှာ ပိုးလိုးပက်လက်လန်နေကြပြီ။ ရေအိုင် ထဲက ရေကြည်ခပ် ထားတာ ရှိတော့ ရေကတော့ သောက်ကြရပါတယ်။ ကိုချစ်တိုးက ကားထောင့်မှာ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထား တဲ့ အထုပ်ကြီးကိုဖြည်တယ်။ မင်္ဂလာဆောင်မှာ ရဟန်းသံဃာကပ်ဖို့ရော၊ ရွာလူကြီးတွေ ဧည့်ခံဖို့ရော ထည့်ပေးလိုက်တဲ့ မုန့်တွေထဲက အေးလမုန့် တစ်တွဲဆွဲထုတ်ပြီး တစ်ယောက်တစ်ခုဝေ တယ်။ သူလည်း တစ်ခု ကို နှစ်လုတ်နဲ့ ကုန်အောင်စားပြီး နောက်တစ်ထုပ်ဆွဲထုတ်ပြန်ရော။


“ချစ်တိုးရ… ဘုန်းကြီးကပ်ဖို့ဆို… ငရဲများကြီးနေပါ့မကွာ…”

“ဦးဦးဖျားဖျား ဖယ်ထားပါတယ်၊ ဒါကတော့မထူးဘူးဗျို့၊ ငရဲပြည်ကျတော့မှ ကြည့်ရှင်းရမှာပဲ၊ တွယ်သာ တွယ် ဆာလိုက်တာဗျာ”

ဘာမှ မစားရတုန်းက သည်လောက်ဆာတယ် မထင်မိဘူး။ စားတော့မှ တစ်ခုလည်း အာသာမပြေ၊ နှစ်ခုလည်း မ၀။ ကျောင်းဆရာကြီးက မုန့်ကလေးတစ်ဖဲ့စားရင်း သူ့တိုက်ပုံနဲ့အင်္ကျီကို ငုံ့ကြသည့်တယ်။ ဗွက်ရေ တွေ ပေကျံနေလိုက်တာ ၀ပ်ရှော့ဆရာရဲ့စက်ခုံကမှ သန့်သေးတယ် ပြောမရမလောက် ဖြစ်နေ ပြီ။ နှမြော ပုံလည်း ရပါရဲ့။

“ကျော်သန်း… တိုက်ပုံနဲ့အင်္ကျီတစ်ထည်တော့ မန္တလေးရောက်ရင် ၀ယ်ကန်တော့ဦးကွာ၊ ငါ့မှာကောင်း တာ ဆိုလို့ သည်တစ်စုံရှိတာ၊ လျှော်လို့လဲ မကောင်းနိုင်တော့ဘူး”

“စိတ်ချပါ ဆရာကြီး ရာ အားလုံးအတွက်ကို စဉ်းစားထားပါတယ်”


မုန့်လေးနှစ်ခုစီနဲ့ ရေနှစ်ကျိုက်စီလောက် သောက်လိုက်တော့ ၀မ်းကလေးတောင့်သွားရော။ ကိုကျော် သန်း လည်း ကားပေါ်တက်ပြီ။ စက်နှိုးတော့ မရတော့ဘူး။ တော်ပါသေးရဲ့ ၀ိုင်းတွန်းလိုက်တော့ ၀ူးဆို နိုး သွားတယ်။ ကားပေါ်ရောက်တော့ အုန်းသီးကြွတ်မီးကျွတ်နဲ့ ငှက်ပျောသီးကြွေတွေ ဇလုံထဲစုကျုံး ထည့်ပြီး ထောင့်ကပ်ထားလိုက်ကြတယ်။ ရပြီဆိုတော့ ကားလည်းထွက်ရော။ ဘယ်ကသွားသွား လမ်း သုံးမွှာဘိုးထော် ဇရပ်ရောက်တယ်ဆိုတဲ့စကား ကြားထားတော့ ရှေ့မှာတော့ ဘိုးထော်ဇရပ်တွေ့ ကောင်းရဲ့ ဆိုပြီး ဆက်မောင်းလာကြတာပါ။ ရှေ့ကိုလှမ်းကြည့်တော့ ဇရပ်ဆိုလို့ ရိုးရိုးရိပ်ရိပ်တောင် မတွေ့ရဘူး။ ညနေနှစ်ချက်ထိုးပြီးစ နေက ကျောကွဲအောင် ပူနေတာတောင် ဂရုမစိုက်နိုင်ကြဘူး။ ဘိုး ထော်ဇရပ် ဆိုတာကို မျှော်မျှော်ကြည့်ကြတယ်။ နေပူကြောင့် ပေနေတဲ့ရွှံ့ရည်တွေက ခြောက်ခြောက် လိုက် လာတော့ သနပ်ခါးလိမ်းထားသလို ကွက်ကျားတွေ ရိုက်ကြလို့။ ကားပေါ်ကလူတွေကြည့်ပြီး ကိုချစ်တိုး က ငိုချင်းချတယ်။


“ပွေချက်ကယ်ဖန်၊ ရွှေသက်ပြန်မရှိုက်နိုင်ဘု၊ ဆူလှိုင်ကြုံနွမ်း… စွေ့စွေ့ရယ်ခုန်၊ မြေ့မြေ့လေး မသေရုံ ပ၊ ရဝေလှိုင် ခိုင်ပုလဲမှာရှင်… အမယ်လေး ချွဲဆိုက်ခမန်း”

သည်တစ်ခါ ကားထွက်လာတော့ မွန်းလွဲတဲ့ဘက်ရောက်ပြီဆိုတော့ ရောက်ချင်တဲ့အချိန်မှရောက်ဟာ ဆိုတဲ့ စိတ်ကလေးတွေ ၀င်နေပြီ၊ သေချာပြီလေ၊ ခရီးပေါ်မူတည်ပြီး သန်းခေါင်ထက်တော့ ညဥ့်မနက် နိုင်တော့ဘူးကိုး။ ဗိုက်ကလေးကလည်း အဆာခံပြီ။ ရေကလည်း လမ်းဘေးအိုင်ထဲကရေဆိုပေမယ့် ချို လို့၊ အေးလို့ ဆိုတာ လို ၀မ်းထဲအာသာပြေကြပြီ။ သည်တော့ အသံပြန်ထွက်လာကြသည်။ အသံတောင် မက ပါဘူး။


ငိုချင်းတွေ ဘာတွေပါ ချသူကချပြီဆိုတော့ အားကျမခံ ပြန်ဆိုသူလည်း ဆိုကြတယ်။ မောင်ကြိုင်လည်း စိတ်ကလေး ပေါ့သွားရတယ်။ မင်္ဂလာကိစ္စနှောင့်နှေးခဲ့ရပေမယ့် အခြေအနေအဖြစ် အပျက်ကိုပြောပြရင် ကျေနပ် ကြလိမ့်မယ်လို့ ထင်ပါရဲ့။ ပေကျံနေတာတွေလည်း ဖျက်မနေတော့ဘူး။ အေးသီတို့ လယ်ပြင်ကြီး ကိုလည်း ရောက်ချင်လှပြီ။ ချစ်သူ ဘယ်လောက် ၀မ်းနည်းပက်လက်ဖြစ်နေရှာ ပါလိမ့်။ ဘယ်လောက် တောင် ရွာထဲ၊ ရပ်ထွဲ၊ မျက်နှာပျက်နေရှာမှာပါလိမ့်။ ရပ်ရွာကနောက်ထား၊ သူ့အမေ မစွန်မ ကိုယ်တိုင်က ဘယ်လောက် ထိုးလိုက်၊ သုတ်လိုက် လုပ်နေမှာပါလိမ့်စသည်ဖြင့် တွေးနေမိ သည်။ ကိုချစ်တိုးက ခုမှတော့ မထူးပါဘူး ဆိုတဲ့စိတ် နဲ့ မောင်ကြိုင်ကို ပြန်ချော့တယ်။


“မောင်ကြိုင် ဘာတွေတွေးနေတာတုန်း ငါ့ကောင်ရ”

“အေးသီ ဆီ စိတ်ရောက်နေတာပါ လေးချစ်တိုးရ… ကျုပ်တော့ ရွာဝင်ရင် ပြဿနာတက်တော့မယ် ထင်ပါရဲ့”

မောင်ကြိုင် စိတ်ဆင်းရဲနေမှန်းသိတော့ လူဝကြီးဦးမှတ်တင်က ၀င်နောက်ရော။

“ရွာဝင် ဘယ်ကမလဲ ရွာထိပ်ကတည်းက မင်းကိုရုက္ခစိုးဖမ်းစားတော့မှာ၊ သည်ရွာတွေများ မင်းက ပေါ့ ပေါ့ မှတ် လို့၊ လူတွေရိုးသားကြသလောက် အစော်ကားမခံကြဘူးကွ၊ ရိုက်လွှတ်တဲ့ ရွာတွေ”

လူဝကြီး ဦးမှတ်တင်စကားကြားတော့ မောင်ကြိုင့်မျက်နှာ ဇီးရွက်လောက်ရှိတော့တယ်။ သူတွေးနေ တာနဲ့ တစ်ထပ်တည်း ကျနေတာကိုး။ အားကိုးအားထားသဘောနဲ့ ကိုချစ်တိုးကို လှမ်းကြည့်တယ်။ ကို ချစ်တိုး ကလည်း မျက်နှာမကောင်းတဲ့ပုံ လုပ်ပြရင်း သက်ပြင်းချတယ်။


အပိုင်း-၆ ဆက်ရန် ⬇⬇⬇



{ ရွှေဇင်ဦးဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်။ }


No comments:

Post a Comment