Monday, 26 November 2018

မင်္ဂလာလှည်း 📓📓📓📓📓 ( အပိုင်း-၇)

မင်္ဂလာလှည်း


📓📓📓📓📓


( အပိုင်း-၇)


ခင်ခင်ထူး


“ရပြီလား”

“ဆုတ်လိုက်ဦးဗျ”

“မင်းနှမလင် လှည်းပေါ်က ပြုတ်ကျတော့မယ်ကွ”

“ရှေ့ပြန်တိုးလိုက်၊ ဘေးကလူတွေက မျှထိုင်ကြချေ”

လှည်းက အိခနဲက ထွက်လာပြီး နွားတွေခမျာ တော်တော ရုန်းရရှာတာပေါ့။ နွားတွေက နွားပိန်တွေ။ လှည်းသမား ကလည်း ပိန်လိုက်တာမပြောနဲ့တော့။ သူတို့လမ်းနဲ့ သူတို့လှည်းတော့ ဟန်ကျလို့။ တအိအိ နဲ့ ပေမယ့် ရောင်သင့်သလောက် ရောက်ခဲ့တယ်။ နာရီဝက်လောက်ကြာတော့မှ သဖန်းတော ရွာက ကျွတ်တော့တယ်။ သဖန်းတောက ကျွတ်တော့ ညာဘက်မှာ ရွာတစ်ရွာ။

“အဲဒါ ညောင်ခြောက်လား”

“ဟုတ်ပါ့”

“လယ်ပြင်ကြီးကရော”

“ရှေ့ကညို့ညို့ဟာ”


လှည်းသမားက နကန်(နွားကန်)နဲ့ လှမ်းပြတယ်။ သည်တစ်ခါတော့ လယ်ပြင်ကြီး တွေ့နေရပါပြီ ကော။ မနက်ခုနစ်နာရီက ထွက်လာခဲ့ကြတဲ့ လယ်ပြင်ကြီး ညနေမမှောင့်တစ်မှောင်မှာ ရွာရိပ်ကို တွေ့ကြရပြီ။ အုန်းသီကြွက်ပြီးကျိုးနဲ့ ငှက်ပျော်သီးကြွေတွေက ဇလုံတစ်လုံးနဲ့ လှည်းဆောင်ပန်းကြား မှာ။ မန္တလေးမြို့ ကနေ ကားတစ်စီးပေါ်မှာ ပေပေပွပွထိုင်လိုက်ကြရတဲ့ အဖြစ်ဟာ ပြောရင်မယုံနိုင်စရာ မရှိဘူး။ ကောက်စိုက်သမ တွေ ပျိုးနှုတ်သမားကြီးတွေ လှည်းပေါ်တင်လာသလို လူသုံးသူလုံးမပေါ်ကြ တော့တဲ့ မိန်းမမြန်းအဖွဲ့ဟာ ဘာမှမစားကြရသေးတာထား။


လယ်ပြင်ကြီးရောက်ရင် ထမင်းစားရဖို့ မသေချာသေးဘူး။ သတို့သားလောင်း မောင်ကြိုင့်ခမျာ ရွာနီးပြီတော့ ၀မ်းသာတာလည်း သာပါရဲ့။ ရွာက တုန့်ပြန်မယ့် အခြေအနေကိုလည်း မသိရသေးဘူးကို စိတ် တွေတော့ လေးနေမိတယ်။ ရွာကို လှမ်းမြင်နေရပြီလေ။ လှည်းကတော့ ထင်သလောက် သွား မဖြစ်တော့ တအိအိပါပဲ။ လမ်းတစ်နေရာ ရောက်တော့ လှည်းသမားက နကန်နဲ့ လှမ်းပြပြန်ရော

“ရွာက လှည်းလမ်းကနေ ပန်းသွားရလို့ဗျ၊ ဟောသည် လယ်ကွက်ထဲက ဖြတ်သွားရင် နီးနီးကလေး ရယ်။ ကျုပ်တို့ရွာသား တွေကတော့ လှည်းလမ်းမလိုက်ကြတော့ဘူး၊ ဖြတ်လမ်းက၀င်ကြသာရယ်၊ လမ်းကလည်း သာတော့ တော်ရုံလူ အလွန်ဆုံနာရီဝက်လောက် နဲ့ ရောက်ကရောဗျို့”


သည်စကားကြားတော့ မောင်ကြိုင့်ခေါင်းထဲ အတွေးတွေဝင်လာတယ်။ သူက ကာယကံရှင်ဆိုတော့ သည်လို လူကြီးလူကောင်းတွေနဲ့ အတူဝင်ရင် ကြိုတင်စီစဥ့်ရမယ့်ကိစ္စတွေမှာ နောက်ကျနိုင်တယ်။ သည်တော့ လူကြီးတွေလည်း ပင်ပန်းလာတာဆိုတော့ လှည်းနဲ့ အေးအေးဆေးဆေး လာကြပစေ။ သူ့တော့ လူငယ်လည်း လူငယ်၊ ကာယကံရှင်လည်း ကာယကံရှင်ဆိုတော့ ဖြတ်လမ်းက သူသွားလိုက် ရင်လယ်ပြင်ကြီး မှာ ကြိုတင်စီစဉ်စရာရှိတာ စီစဉ်လို့ရမယ်လို့တွေးတယ်။ သည်တော့ လှည်းသမားကို ခဏ ရပ်ခိုင်းလိုက်တယ်။

“ဘာတုန်းက ငကြိုင်ရ”


မောင်ကြိုင်က သူ့သဘောပြောပြတော့ အားလုံးလည်း သဘောတူကြတယ်။ ဟုတ်သားပဲ။ မောင်ကြိုင် ပြောတာပိုအဆင်ပြေတယ်။ စားဖို့သောက်ဖို့ ရေမိုးသန့်စင်ဖို့ကအစ ပြင်ဖို့ဆင်ဖို့ကလည်း ရှိသေး တာ မဟုတ်လား။ ပြီးတော့ သူတို့လူကြီးတွေက ညအိပ်လို့မဖြစ်ဘူး။ အိမ်က ထွက်လာကြကတည်း က မနက်ဆယ်နာရီ တောင်မြန်းပြီးတာနဲ့ ပြန်လာမှာ၊ မွန်းမတည့်ခင် ပြန်ရောက်မယ် မှာခဲ့ကြတယ် မဟုတ်လား။


သည်တော့ ရောက်တာနဲ့ တောင်းမြန်း၊ မင်္ဂလာစကားပြောပြီးတာနဲ့ ချက်ချင်း ပြန်ကြရ မှာ ဆိုတော့ မောင်ကြိုင်သွားနှင့်တာကောင်းတယ်ပေါ့လေ။ မောင်ကြိုင်ကလည်း ဆုံးဖြတ်ချက် စောင့် မနေပါဘူး။ လှည်းပေါ်ကခုန်ချပြီး လွှားလွှား လွှားလွှားနဲ့ သွားလိုက်တာ တော်တော်တောင် ရောက်နေပြီ။ လှည်း ကတော့ လမ်းအတိုင်းလာရတာပါပဲ။

“ဟ…သည်နွားဟာ ရုန်းပါဟ၊ အပြန်မိုးချုပ်နေမနော၊ ရော်သည်နွား”

(၁၁)


ဘုန်းကြီးကျောင်းက ညနေလေးနာရီမောင်းတီးတဲ့အထိ ရောက်မလာကြဘူးဆိုတော့ သေချာပြီ။ အေးသီ လည်း လမ်းဘက်မျှော်ရတာနဲ့ ဇက်တစ်ဖက်စောင်း နေပြီလေ။ ဒင်းမလာလည်း ရှိပစေတော့။ စိတ်ကို ဒုံးဒုံးကြီး ချလိုက်ပြီး။ အိပ်ရာထဲ ၀င်ခွေနေလိုက်တော့တယ်။

မစွန်မ တော့ ရွာလူမိုက် ဘထွန်းတို့အဖွဲ့ အရက်ဖိုး လေး ငါးခါပေးပြီးရပြီး။ ချေးထားတဲ့ ပိုက်ဆံလေး တောင် ချွေးခံအင်္ကျီအိတ်ထဲ မရှိတော့ပါဘူး။ အေးသီက သူ့ဘ၀သူလည်း ရင်နာတယ်။ မအေကြီးကို လည်း သနားလှပြီ။ မနက်ပိုင်း၊ နေ့လယ်ပိုင်းက မအေဆူတာငေါက်တာ ခံပြောနေခဲ့ပေမယ့် မွန်းကလေး တိမ်း လာတော့ မအေတစ်ယောက်အနေနဲ့ ပူရှာမှာပေါ့လို့ တွေးမိလာခဲ့တယ်။ ပူတာထက် ဆိုး ရှာတာပါ။


လူကတော့ မျက်နှာပြနိုင်စရာတောင် မရှိတော့တဲ့ သူ့အဖြစ်ကို ရင်နာလို့မဆုံး ဘူး။ အေးသီက ဘာ စကားမှ မပြောဘဲ တောင့်တောင့်ကြီး လုပ်နေလိုကတာ တမေ့တမောကြီး။ သူငယ်ချင်းမတွေက ဖျောင်းဖျကြ၊ နားချကြ၊ အားပေးကြပေမယ့် အေးသီ နားထဲမ၀င်ဘူး။ သူဘာလုပ် ရမလဲပဲ တွေးတော့ တယ်။ ပြောရရင် သူလည်း အပျိုပဲ။ မအေရှက်တာက တစ်မျိုး၊ သူရှက်တာက တစ်မျိုး၊ တစ်သက်လုံး သည် စကားကြီးက ရှေ့ကဆီးနေတော့မယ်။ ရွာမှာ ပုံခိုင်းစရာဖြစ်ရတော့မယ်။ အိမ်ထောင်ရက်သား ပြုချင် ဦးတော့ ယူမယ့်ယောက်ျား က သည်ကိစ္စ အနာရှာပြောတော့မယ်။ တစ်သက် လုံးနိုင်စားတော့မယ်။ သူ့ ကိုယ်ကျင့်တရား ကောင်းခဲ့တယ် ထားပါဦး၊ နင်နဲ့မြို့သားက ဘာတွေဖြစ်ခဲ့မှန်းမှ မသိတာဆိုတာတွေနဲ့ စကားနာ ထိုးတော့မယ်။ သည်အချိန်မှာပဲ လူမိုက်ဘထွန်း တို့က တုတ်တွေနဲ့ ရောလာကြပြန်ရော။


“ဘယ့်နှယ်တုန်း ဒုက္ခိတပျားတုပ်သားအမိ၊ ကျုပ်တို့မှအခက် လူရိုက်ဖို့လာပါတယ် ရိုက်ရမယ့်လူက မရှိ ဘူး။ ကျုပ်တို့က ရိုက်ချင်လှပြီဗျ၊ ခင်းဗျားတို့ စဉ်းစားကြည့်လေ၊ ခင်းဗျားတို့က မြို့သားယုံတာ အကြောင်း မဟုတ်ဘူး၊ ကျုပ်တို့ ရွာကမျက်နှာငယ်ရပြီ။ ဟိုဘက်ရွာတွေက ပြောတော့မယ်၊ ကဲ့ရဲ့ကြ တော့မယ် လယ်ပြင်ကြီးသားတွေ လည်း လှလည်းလှနဲ့ ဒါမျိုးကတော့ ဘယ်သူမှ မထွက်ကြဘူး ဖြစ်က ရော့မယ်၊ ဟင်း…ကောင်းသေးလား၊ ခင်ဗျားတို့သားအမိပါ ရိုက်မှ ဖြစ်တော့မှာ

အရက်လေးကျော့လောက် သောက်ထားတော့ လူမိုက်ဘထွန်းနဲ့အဖွဲ့က အေးသီတို့သားအမိကို ပြဿနာ ရှာလာကြပြီ။ ရွာသူရွာသား တွေကလည်း တုတ်တွေကိုင်ထားတဲ့ လူမိုက်တွေကို တုပြောဖို့ မ၀ံ့ကြဘူး။ သားအမိ ခမျာ အရှက်ရကြတဲ့ ကြားထဲ ကိုယ့်ရွာသားက ကြိမ်းမောင်းနေတာကို စိတ်မချမ်း သာကြပေမယ့် မပြောဝံ့ကြဘူး ပေါ့လေ။ သြဇာရှိတဲ့လူကြီးတွေလည်း ရှိကြတာပါပဲ။ ရွာလူကြီး ကိုလှမောင်က ဘထွန်း တို့အုပ်စု ပါးစပ်ရမ်းရမ်းနေတာ လွန်ကဲလာကြတာ မဟုတ်သေးတော့လည်း ပြောချင် ရာပြောကြပစေ ဆိုပြီး လွှတ်ထားတယ်။ သည့်ထက်ပိုပြီး ရန်လုပ်လာရင်တော့ တားမယ်ပေါ့။ မစွန်မ လည်း ထဘီစွန်တောင် ထဆွဲတော့တာပါပဲ။


“သည်မယ် မောင်ဘထွန်း၊ နင်တို့လည်း အရက်ဖိုးပေးစရာ မရှိတော့ဘူး နင်းတို့လည်း သဒ္ဓါလွန်းလို့ တိုက်နေတာ မဟုတ်ဘူး။ နားငြီးသက်သာအောင် လို့ဟေ့၊ တော်ရာသွားတော့ ဘထွန်း မကလို့ ဘထွန် ဖြစ်ဖြစ် စွန်မ က လူချင်းလဲရမှာလည်း မကြောက်ဘူး။ သွား…သွား

ကျေးဇူး မတင်တဲ့အပြင် မောင်းထုတ်ရပါ့မလားဆိုပြီး ဘထွန်းက အိမ်တိုင်းတွေ တုတ်နဲ့ရိုက်ကရော။ သူ့နောက်လိုက်တွေ ကလည်း ဘထွန်းစလိုက်တော့ အနားရှိတဲ့ ရေအိုးရိုက်ခွဲတယ်။ သည်မှာတင် ရွာလူ ကြီး ကိုလှမောင် က ပုဆိုးတိုတိုဝတ်ပြီး အနားက ထင်းချောင်း ထဆွဲရော။ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း အော်သံကြီး ပေါ်လာတာပါပဲ။


“အေးသီ ဒီဇယ် တွေ သောက်လို့ပါတော် လာကြပါ….လာကြပါ”

ဘထွန်း တို့ရော၊ ကိုလှမောင်ရော လူကြီးတွေပါ ကြောင်သွားကြတယ်၊ အေးသီသူငယ်ချင်း မြစိန်တို့ က အော်ကြတာပါ။ အေးသီ က မီးဖိုထဲဆင်းပြီး ရေနံဆီမီးခွက်ထွန်းဖို့ထားတဲ့ ဒီဇယ်ပုလင်းထ ဆွဲပြီး ကောက်သောက် လိုက်တာ ၀ိုင်းဆွဲကြတာနဲ့ ပါးစပ်ထဲမရောက်ဘဲ ရင်ပတ်ပေါ် စီးကျကုန်တယ်။


“ငါသေမှ ဖြစ်မှာပါအေ၊ ဘာလို့ဆွဲကြတာလဲ ဖယ်ကြ”

အာရုံ တွေက အေးသီဆီ ရောက်ကုန်ကြတော့ ဘထွန်းတို့ပါ ငြိမ်ကုန်ကြတယ်။ မူးတာတွေပါ ပျောက် ပြီး သူတို့အမှား သူတို့သိလိုက်ကြသလို အသာထိုင်ကုန်ကြပြီ။ ကိုလှုမောင် က အေးသီ ကို ရှေ့ ထုတ်လာပြီး လူပုံ အလယ် ထိုင်ခိုင်းထားရော။ မစွန်မကလည်း သမီးသည်လိုလုပ်လိုက်တော့ ပျာသွား ပုံရပါရဲ့။ သမီး ရှေ့ထိုင်ပြီး ပြန်ချော့နေလေရဲ့။ သည်သတင်းကြောင့် လယ်ပြင်ကြီး ရွာသူရွာသားတွေ မစွန်မ တို့အိမ်ဘက် ပြေးလာလိုက်ကြတာ ရွာထဲ မျက်လှည့်အဖွဲ့ ရောက်လာသလိုပဲ။ မစွန်မတို့ အိမ် ကုပ်ကလေး ကို ၀ိုင်းထားလိုက်ကြတာ လူတွေမနည်းဘူး။


(၁၂)


မောင်ကြိုင်က ပုဆိုးတိုတိုနဲ့ တလွှားလွှား လျှောက်လာခဲ့တယ်။ နီးပြီ။ ရွာခြေတောင် ၀င်တော့မယ်။ ရင်တွေ လည်း ခုန်လို့။ တစ်ခါမှ မရောက်ဖူးတဲ့ ရွာကိုမှောင်ရီပျိုးစ တောလမ်းက တစ်ယောက်တည်း လျှောက် နေရတဲ့ သူ့ဘ၀ကို သူဟာသူလည်း အံ့သြတယ် နဲ့တာပါရဲ့။ လူကလည်း ပေကျံနေလိုက်တာ မြင်ရက် စရာ မရှိဘူး။ မျက်နှာကွက်ကွက်ကလေးပဲ ပေါ်နေတာပါ။ သည်လိုပုံကို ပျက်သွားအောင် လုပ်လို့ ကလည်း မဖြစ်သေးဘူး။ စင်စင်ကြယ်ကြယ်နဲ့ ၀င်သွားရင် ယုံကြမှာမဟုတ်ဘူး။ တော်ရာ ထန်းရည် ၀င်သောက် နေကြပြီ အမူးပြေမှ လာကြတယ်ထင်မှာ သေချာလေတော့ ရွာက ၀ိုင်းအုံရိုက် နှက်ကြရုံရှိမှာ လောက်တော့ မောင်ကြိုင်က သိတယ်။


မောင်ကြိုင် ရွာရိပ်ဝင်ကာနီးတော့ ထန်းရည်ဆိုင်ကလေးတစ်ဆိုင် တွေ့တယ်။ ညနေဘက် ထရ သောက် နေကြတဲ့ လူငယ်လေးငါးယောက်ကို တွေ့လိုက်တော့ မောင်ကြိုင် နည်းနည်းကလေး တွန့်ဆုတ် သွား ရတယ်။ သူ့ကိုများ ရိုက်ဖို့စောင့်နေကြတဲ့ လူတွေ များလားပေါ့။ လူင်ငယ်တွေက တော့မောင်ကြိုင်ကို သိပ်သတိ မထားမိကြဘူး။ ရွာထဲဝင်တဲ့ ဖြတ်လမ်းဆိုတော့ လူတကာ သွားနေကြ တာကိုး။ မောင်ကြိုင်က နဂို မည်းမည်း သည်းသည်ဖြစ်ရတဲ့အထဲ ပေထိပေစုတ်နဲ့ဆိုတော့ ဘယ်သူက ကမှလည်း သတို့သား မထင်ကြဘူး။ မြို့သား သတို့သားကလည်း သည်လိုစုံမွှားမွှား ရှိပါ့မလား။ ထင်စရာမရှိဘူးကိုး။


ထရေဆိုင်ဝ က ထရံ ၀ါးဆစ်တုတ် လေးငါးချောင်း ထောင်ထားတာ တွေ့တော မောင်ကြိုင်လည်း သုတ်သုတ် ကလေး လှမ်းတယ်။ တိုက်ဆိုင်ချင်တော့ ထရေဆိုင်ထဲက သူနဲကရွယ်တူလောက် လူငယ် တစ်ယောက် ထွက်လာတာ မောင်ကြိုင် သတိထားမိလိုက်တယ်။ မောင်ကြိုင့်ကို တစ်ချက်လှမ်းအကဲ ခတ်တယ်။ လယ်ထဲယာထဲက တမံဖော်ပြီး ပြန်လာတဲ့လူရယ်လို့ ထင်သွားပုံရပါတယ်။ မောင်ကြိုင့် ကို လှမ်း မေးတယ်။

“ဟေ့လူ ဘယ်ကလာတာလဲ”

“ညောင်ခြောက်က”

မောင်ကြိုင်က သဖန်းတောတို့ ညောင်ခြောက်တို့ ခေါင်းထဲရှိနေတော့ ပြောချင်ရာ ပြောလိုကတာပါ။ မေးတဲ့လူကိုမကြည့်ဘဲ ဖြေလိုက်ရင်း ခြေလှမ်းကို နှစ်လှမ်းစာ တင်လိုက်တယ်။ ဘာမှန်းမသိ ညာမှန် မသိ စကား ကို ရမ်းမပြောဝံ့တော့ ပါးစပ်ထဲရှိတာ ဖြေလိုက်တာကလည်း တည့်သွားလို့လားမသိဘူး မေးတဲ့ လူငယ် က တစ်ခွန်းထပ် မေးပြန်ရော။


“ခင်ဗျားလမ်းမှာ ကားတစ်စီးမတွေ့ခဲ့ဘူးလား”

“ကား…ကားအကြောင်းတော့ ပြောမနေပါနဲ့ဗျာ၊ စိတ်ကိုကုန်ရော”

သည်တစ်ခါတော့ မောင်ကြိုင်က မေးသူကိုကြည့်ပြီး ဖြေလိုက်တာပါ။ လူကညှင်းသိုးသိုးရယ်၊ ရင်ပတ် မှာ သော့ခလောက် ကလေးတစ်လုံး ကြိုးနဲ့ဆွဲလို့။ မိုက်တိမိုက်ကန်းထဲကနဲ့ တူပါရဲ့လို့လည်း တွေး နေ မိတယ်။ ရင်ပတ်မှာသော့ခလောက်ဆွဲထားတဲ့ လူငယ်က ကားအကြောင်း မပြောပါနဲ့ စိတ်ကို ကုန်ရော ဆိုတဲ့ စကားကို ကျေနပ်သွားတယ်။ သည်လူလည်း ကားစိတ်ကုန်နေတဲ့ လူတစ်ယောက်ကို ထင်သွား တာကိုး။ ဘာမှဆက်မမေးတော့ဘဲ ထရေဆိုင်ထဲ ပြန်ဝင်သွားရော။ မောင်ကြိုင်လည်း သုတ်သုတ် ဆက်လျှောက် ခဲ့ရော။ ရင်ပတ် သော့ခလောက်ဆွဲထားတဲ့ လူငယ်ကို အထဲက လူငယ်တွေက လှမ်းမေးသံ လည်း ကြားလိုက်တယ်။


“သောင်းစိန် ဘာတဲ့လဲ ကားတွေ့ခဲ့သတဲ့လား”

“သည်လူလည်း ကားကိုရိုက်ဖို့ စောင့်နေထင်ပါရဲ့ကွာ၊ စိတ်ကုန်လို့တဲ့”

သည်အသံလည်းကြားရော မောင်ကြိုင် ခေါင်းနပန်းတွေ ကြီးသွားတယ်။ မပြေးရုံတမ်ယ ဒရောသောပါး လာလိုက်တာ ရွာထဲဝင်ရမယ့် မလွယ်ပေါက်ကို ရောက်လာခဲ့တယ်။ မလွယ်ပေါက်က သိပ်မကျယ်ပါ ဘူး။ လမ်းဘေး တစ်ဖက် တစ်ချက် ရှားစောင်းပင်တွေ စီစိုက်ထားတော့လမ်းမှန်း သိသာတယ်။ ကလေးချီထားတဲ့ မိန်းမတစ်ယောက်နဲ့တွေ့လို့ ဒေါ်စွန်မတို့ အေးသီတို့အိမ် ဘယ်နားမှာလဲမေး တယ်။ သည်မိန်းကလည်း မောင်ကြိုင့်ကို မြို့ကလာတဲ့ သတို့သားရယ်လို့ ဘယ်ထင်မှာတုန်း၊ သည်ကသွား၊ ရှေ့ကျ ညာချိုး၊ ဆက်လျှောက်သွား၊ လေးငါးအိမ်လောက်ကျော်ရင် မောင်းစင် တွေ့လိမ့်မယ်။ မောင်းစင် နဲ့ တစ်အိမ်ကျော် မန်ကျည်းပင်ကြီးနဲကအိမ်ပဲလို့ လမ်းညွှန်လိုက်တယ်။ မောင်ကြိုင် ဆက်လျှောက် လာလိုက်တာ မောင်းစင်ကို တွေ့ပြီ။ မန်ကျည်းပင်ကို တွေ့ပြီ။ နဖူးကို ခြေမှုန့်ကလေးဖက်ခနဲ့တို့ပြီး အေးသီ တို့အိမ်ဆိုတာကို လှမ်းကြည့်လိုက်တယ်။


မောင်ကြိုင်ရင်တွေ တဒိန်းဒိန်းခုန်နေပြီ။ သူအလောကြီးလာခဲ့ရတဲ့ အေးသီတို့ရွာ၊ အေးသီတို့အိမ်၊ သူ့မျက်စိ ရှေ့ ရောက်နေပြီလေ။ လူသူရယ်လို့ သိပ်မရှိဘူး။ အထဲမှာ မီးခွက်ကလေး ထွန်းတားတာပဲ တွေ့ တယ်။ ဒါနဲ့မောင်ကြိုင်လည်း စွပ်စွပ်ရွပ်ရွပ် ၀င်လာခဲ့တယ်။

(၁၃)


အေးသီ တို့ အိမ်ကုပ်ကလေးထဲမှာ ရေနံတိုင်မီးခွက်ကလေးပဲ ရှိတယ်။ သတို့သမီး တစ်ယောက်ရဲ့ မင်္ဂလာည ဆိုတဲ့ အသွင်မဆောင်ဘဲ သာမန်အိမ်ကလေး တစ်လုံးက အလင်းရောင်ကလေးတွေ လောက် ရှိတာကို တွေ့လိုက်ရတော့ မောင်ကြိုင်အံ့သြသွားတယ်။ အမှန်က မောင်ကြိုင် ရောက်လာ ကာနီး ကလေး မှာပဲ ရွာထဲက စုစုရုံးရုံးရောက်လာကြတဲ့လူတွေ ပြန်သွားခဲ့ကြတာပေါ့။ မူးမူးနဲ့ရမ်းနေတဲ့ လူမိုက်ဘထွန်း တို့လည်း ရွာလူကြီး ကိုလှမောင်ကြောက်တာနဲ့ ပြန်ကြပြီ။ ကိုလှမောင်နဲ့ ပါလာတဲ့ လူကြီး လေးငါးယောက် လည်း ညစာစားရသေးတာ မဟုတ်တော့ ထပြန်ကြပြီ။ ရွာထဲကလူတွေက မင်္ဂ လာပွဲ လည်း ပျက်ပြီ ထင်ကြတော့ ဝေဖန်ချက် အမျိုးမျိုးနဲ့ ပြန်ကြတာပါပဲ။ အေးသီ ဒီဇယ်သောက် မလိုလို ဖြစ်လိုက် တာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပြီးတဲ့နောက် လူတွေကလည်း အာရုံမရှိကြတော့ပါဘူး။. မီးခွက် ထွန်းချိန် ကျမှတော့ ဘယ်လိုလုပ် မင်္ဂလာတောင်းမြန်းမယ့် ကိစ္စရှိပါတော့မလဲ။


မစွန်မက ဖျာကြမ်းပေါ် ခေါင်းခုကလေးခုပြီး မှေးနေတယ်။ တစ်နေကုန် လောက်နီးနီး သမီးနဲ့ ရန်ဖြစ် နေရ တာရော၊ လူမိုက်ဘထွန်းတို့ ချော့လွှတ်ချောက်လွှတ်ရတာရော ဆိုတော့ စိတ်ပန်း၊ လူပန်းဖြစ် သွားပုံ ပေါ်ပါတယ်။ အေးသီကတော့ သူငယ်ချင်းတွေ ၀ိုင်းချော့ကြလိုက် ဒီဇယ်ပေပေကြီးနဲ့ ငုတ်တုတ် ထိုင်နေရာ က အ၀တ်အစားကလေး ထလဲလိုက်ပါပြိ။ မြင့်စိန်တို့၊ ဗွေးတုတ်တို့၊ မိသေးတို့ကတော့ မပြန်ကြဘူး။ ကိုလှမောင်က တစ်ညလုံးစောင့်နေလို့ မှာခဲ့တာပါသလို၊ သူငယ်ချင်းမ ကို သနားကြတာ လည်းပါပါတယ်။ အေးသီ နဲ့ သယ်ငယ်ချင်း သုံးယောက် ထိုင်စကားပြောနေကြတယ်။ အေးသီ က အပေါက်ဝ လှည့်ထိုင် နေတုန်း ဗြုန်းဆို တံခါးဝက မောင်ကြိုင်ပေါ်လာတော့ လန့်သွားတယ်။ မောင်ကြိုင်လို့လည်း မထင်ဘူး။ လူ ကလည်း ကစုတ်ကညစ်နဲ့။ ရွှံ့တွေကလည်း ခြောက်နေပြီ ဆိုပေမယ့် အချပ်လိုက်ကပ်လို့။ ပြီးတော့ ကားသံ မကြား၊ ဘာမကြားဆိုတော့ မောင်ကြိုင် အိမ်ပေါက် ၀လာရပ်လိမ့်မယ်လို့ကို မထင်တာ။ အေးသီ ကတော့ မျက်လုံးကြီးပြူးကြည့်နေလေရဲ့။

“အေးသီ အစ်ကို လေ မောင်ကြိုင်ရယ်”


သည်လိုသာ အသံမကြားရရင် အေးသီ အော်မိတော့မလို အသံက ပါးစပ်ထဲရောက်နေပြီ။ မောင်ကြိုင် အသံ လည်း ကြားလိုက်ရော မှေးနေတဲ့ မစွန်မကလည်း ငေါက်ခနဲထထိုင်တယ်။ မြန်စိန်တို့ကလည်း လက်စသတ် တော့ မြို့က သတို့သား မောင်ကြိုင်ဆိုတာ ဒါလား။ မဟုတ်မှာလွဲရော သရဲဖြစ်လို့ ကိုယ်ထင် လာပြတာ နေမှာလို့ ထင်ကြတယ်။

“အစ်ကို အစ်ကို လာသေးတယ်နော်၊ ရက်စက်လိုက်တာ အစ်ကိုရယ်”

အေးသီ က မောင်ကြိုင့်ဆီ ထသွားပြီး ခါးပုံစ ဆွဲလာခဲ့တယ်။ မီးတိုင်ခွက်ဘေးထိုင်ခိုင်းတယ်။ မောင် ကြိုင် လာလို့ ကတော့ ဓားနဲ့ခုတ်မယ်။ တုတ်နဲ့ ရိုက်မယ်လို့ ကြိမ်းခဲ့တဲ့ မစွန်မ လည်း မောင်ကြိုင် တကယ် ရောက် လာတော့ စကားရှာမရဘူး။ ဒေါသပဲဖြစ်ရမှာလား၊ ခွင့်ပဲလွှတ်ရမှာလား၊ မပြောတတ် အောင်ဖြစ် နေလေရဲ့။ မြစိန် က အိမ်တံခါးကို ထပိတ်လိုက်တယ်။ ဘာမှန်း ညာမှန်းမသိရခင် အပြင် သတင်းရောက် သွားမှာ စိုးလို့။


“ဘယ်လိုဖြစ်တာလဲ ကိုကြိုင်ရယ်၊ ကျုပ်တို့မှာ မျက်နှာဘယ်ထားရမှန်းမသိအောင် ဖြစ်ကုန်ပြီ။ အမေ့ခမျာ တော့ မပြောနဲ့တော့ ရှက်လည်းရှာက် နာလည်းနာ၊ ကိုကြိုင်လုပ်ပုံ မကောင်းလိုက်တာ”

“အစ်ကို တို့လား လမ်းမှားလာကြတာ၊ လူတွေ့ရတာပဲ ကံကောင်းတယ်မှတ်ပါတော့၊ လူကြီးတွေလည်း လူရုပ် မပေါ်ကြတော့ဘူး”

မောင်ကြိုင်က သူတို့လမ်းမှား ဖြစ်ပျက်လာသမျှကို အကျဉ်းရုံးပြီး ပြောပြလိုက်သည်။

“ဒါဖြင့် လူကြီးတွေ ဘယ်မှာလဲ”

“နောက် မှာ ပါလာကြပြီ၊ သူတို့က လှည်းနဲ့လာတာ ကျုပ်ကညောင်ခြောက်ရွာသည်ဘက်မှာ လှည်းပေါ်က ဆင်းပြီး ဖြတ်လျှောက်လာတာ မြန်အောင်လို့၊ ကားက သဖန်းကုန်းကျောလို့ကို မရ တော့တာ၊ သည်တော့ သဖန်းကုန်း က လှည်း ငွေနှစ်ထောင်ပေးငှားခဲ့ရတယ်။ ကားစောင့်ဖို့လည်း နှစ်ထောင် ပေးခဲ့ရတယ်”

“အစ်ကို တို့က ဘယ်ကလာတာမို့လို့တုန်း”


“ဘယ်လမ်းလို့လည်း မပြောတတ်ပါဘူး အေးသီရာ၊ လမ်းမှာလာတယ်ပြောကြတာပဲ၊ ကားလည်း တစ်စစီ ပြုတ် ကုန်ပြီလား မှတ်ရတယ်”

“သြော်…ကိုကြိုင်ရယ်”

အေးသီ နဲ့ မောင်ကြိုင်ပြောနေတာတွေကို မစွန်မက အကုန်ကြားနေရတော့ အပြစ်လည်း တင်မနေ ချင် တော့ပါဘူး၊ ခမျာများ လာရှာကြသားပဲလို့သာ အောက်မေ့မိရတယ်။ မလာရမယ့်လမ်းက လာမိ တာလည်း အပြစ် ရယ်လို့ ပြောဖို့ခက်သား။ တကယ်ဆို ဘကြီးဖိုကို ပြောသလို ရွာကတစ်ယောက် ယောက် အကြိုလွှတ် နှင့်ရမှာ။ ဦးဆောင်ခေါ်ခဲ့ရမှာ ကိုယ့်ဝတ္တရားဆိုတာကို သဘောပေါက်သွားပုံလည်း ရပါတယ်။ ဟုတ်ပြီ။ ထားတော့။ ဒါကနောင်မေးလို့လည်း ရတယ်။ အခုက ဘ်ာလုပ်ကြမလဲ။ ဘာလုပ် ရမှာလဲ။ ဧည့်သည် တွေကလည်း လှည်းနဲ့တစ်စီးပါလာတယ် ပြောနေပြီ။ ရေမိုးချိုးဖို့၊ အ၀တ်အစားလဲ ဖို့၊ ညစာ စားဖို့၊ အိပ်ဖို့နေဖို့၊ မနက်စာကျွေးဖို့အစ အခုမှ ကောက်လုပ်ရမယ်ဆိုတော့ မစွန်မ တော်တော် စိတ်ဓာတ် ကျသွားတယ်။ ဒါတွေ တစ်ခုမှတတ်နိုင်တာ မဟုတ်ဘူး။ မြစိန် တို့အိပ်တယ်ဆို တာ ကိုယ့် ရွာသူချင်း ပြားအိပ်လို့ရတယ်။ ဒူးတင်ကျောကပ် အိပ်လို့ရတယ်။ ခြင်ထောင် လည်း မလို ဘူး၊ ခေါင်းအုံး လည်း မလိုဘူး၊ အခုဟာက မြို့ကဧည့်သည်တွေ။ ဧည့်သည်မှ ဂုဏ်မြင့်ကြတဲ့သူတွေ။ မောင်ကြိုင့် ဆရာ လည်း ပါကိုပါလာမှာ သေချာတယ်။ မြစိန်က ပြဿနာကို စဖြေရှင်းဖို့လုပ်တယ်။


“ကြီးတော်စွန်မ တံခါးပိတ်ထား၊ ကျုပ်တို့ ဗွေးတုတ်တို့ ဦးလေးလှမောင်အရင်သွားခေါ်ခဲ့မယ်၊ ဦးလေး လှမောင် အရင်ရောက် နှင့် မှ ရမှာနော်၊ သူမှတားနိုင်မှာ”

“အေး ဟုတ်သား၊ သွားသွား လိုရင်းပဲပြောခဲ့၊ သည်မယ် လောလောဆယ် လိုမှာက ဘက်ထရီ မီးချောင်း တွေလိုမှာ၊ ဖျာကြမ်းလေးငါးချပ်လည်း လိုမယ် ညနေက ပြန်သယ်သွားကြတာလေ။ သြော်… ရေနွေးအိုးနဲ့ ရေနွေး အကြမ်း ပန်းကန်၊ နေဦးဟဲ့ ကွမ်းဆေးလက်ဖက် ကလည်း တို့ဝယ်ထားသမျှ မနက်ကချ ဧည့်ခံ လိုက်တာ ကုန်ပြီ၊ ဘာလိုဦးမလဲ”


မောင်ကြိုင်ကတော့ ရွာအခြေအနေ ဘာမှန်းမသိရသေးပေမယ့် အေးသီတို့ သားအမိ ကသီလင်တ ဖြစ်ရတာ ကို စိတ်မကောင်းဘူး။ ကိုချစ်တိုးတို့ သူ့ဆရာကိုကျော်သန်းတို့ လှည်းကိုလည်း ရောက်စေ ချင်လှပြီ။ လှည်းသံ မကြားရသေးတော့ စိတ်ပူတာရော၊ အားငယ်တာရော စိတ်နှစ်ခွနဲ့ ငုတ်တုတ်ထိုင် နေရတယ်။ မြစိန် ကတော့ မစွန်မ လှမ်းပြောနေတာတွေ ဆုံးအောင် နားထောင်မနေတော့ပါဘူး။ ထပြေးကာ ရွာလူကြီး ကိုလှမောင် အိမ်ရောက်တော့မယ်။ မြစိန်က ကိုလှမောင်အိမ်ဝိုင်းဝ ရောက်ချိန် မှာပဲ သောင်းစိန် တို့ လူစုက ထန်းရည်ဆိုင်ကနေ ရွာထဲက ရွာသည် လမ်းပေါ်ပြန်ရောက်လာကြပြီ။ အေးသီ ကို တောင်းမယ့် မြန်းမယ့် မိန်းမမြန်းကားကို ရိုက်ချင်လှချည့်ရဲ့လို့ ရွာထိပ်က ထန်းရည်ဆိုင်က ခွစောင့် နေခဲ့တာ နေသာကုန်တယ် ရိုက်ရမယ့်ကားက ပေါ်မလာတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ကြောင်စီစီ ဖြစ်နေ ကြ တာပေါ့။


သည်အချိန်မှာပဲ လှည်းတစ်စီး သူတို့အနားက ဖြတ်မောင်းသွားတာ တွေ့လိုက်ကြတယ်။ လှည်းနွားဆို တာ သူ့ရွာကိုယ်ရွာ အချိန်ရယ် အခါရယ်မရိှဘဲ သွားလာနေကျဆိုတော့ မော့လည်း မော့မကြည့် ဖြစ်လိုက် ကြပါဘူး။ ဒါပေမယ့် လှည်းပေါ်ကလူ လေးငါးခြောက်ယောက်ပါတဲ့အပြင် အဲသည်ထဲက တစ်ယောက်က သူတို့ အုပ်စုကို လှမ်းမေးလိုက်တဲ့ မေးခွန်းကြောင့် အားလုံးမော့ကြည့်လိုက်ကြရော။ မေးလိုက်တာက ကိုချစ်တိုး။

“ငါ့ညီ တို့ ဒေါ်စွန်မတို့ အေးသီတို့အိမ် သွားချင်လို့၊ ဘယ်နားမှာလဲ သိချင်လို့ပါကွာ”

“ဘယ်သူရယ်”

“ဘယ်လိုရယ်”

“ဘာရယ်”

“ဘယ်အိမ်ရယ်”

သောင်းစိန် တို့ အဖွဲ့က တစ်ယောက်တစ်ပေါက် မြန်းမေးလိုက်ကြတာပါ။ ညဦး၊ လှည်းတစ်စီး၊ သူစိမ်း ဧည့်သည်တွေ။ မေးတာက မစွန်မ နဲ့ အေးသီ။ ဒါဖြင့် သည်လူတွေဟာ ဘယ်သူတွေလဲ။ မင်္ဂလာကိစ္စ နဲ့ ပတ်သက် နေတဲ့လူတွေလား။ မှောင်နေလို့ ဘယ်သူ့ဘယ်သူမှလည်း ကောင်းကောင်း မြင်ရတာ မဟုတ်တော့ လှည်းပေါ်လှည်းအောက် အကဲခတ်နေခဲ့ကြတာပါ။ ကိုချစ်တိုး ကလည်း မေးပြီးကာမှလန့် သွားတယ်။ လူငယ် တွေက မူးနေကြပုံလည်းပေါ်ရဲ့။ ပြီးတော့ တုတ်တွေကိုယ်စီနဲ့ မိုက်တိမိုက်ကန်း ပုံတွေ။ မဟုတ်သော် ရှိ ဟုတ်သော်ရီ သူတို့ကို စောင့်ရိုက်မယ့်အဖွဲ့ ဖြစ်နေရင်ကော။ သောင်းစိန်က လည်း ဟုတ်ပြီ။ မစွန်မ နဲ့ အေးသီကို အပ်ချမတ်ချမေးနေပြီ ဆိုကတည်းက ဒါမင်္ဂလာမိန်းမမြန်း ကိစ္စနဲ့ လာကြသူ တွေ သေချာပြီ။ သည်လှည်းပေါ်မှာ အေးသီနဲ့ယူတော့ မယ်ဆိုတဲ့ကောင်း ပါကိုပါရမယ်။ သည်ကောင်ကို ဆွဲချ၊ ရိုက်လွှတ်တန်လိုက်ရင် သည်ကောင် မှတ်သွားလိမ့်မယ်။ သည်လို တွေးနေတာကို ကိုချစ်တိုးက မသိဘူး။


“ခင်ဗျားတို့က ဘယ်ကတုန်း”

“မန္တလေး က လာကြတာ မိန်းမမြန်လာကြတာပါ”

“လှည်းပေါ်မှာ မောင်ကြိုင်ပါသလား”

“ပါတယ်”

ပါတယ်လို့ အော်လိုက်သူက လှည်းသမား၊ သူ့နာမည်ကလည်း မောင်ကြိုင်ပဲနဲ့ တူပါရဲ့။ မောင်ကြိုင် ပါသလားဆိုတော့ ပါတယ်လို့ အော်လိုက်တာပေါ့။ သောင်းစိန်တို့ လှည်းဦးကနေ ၀ိုင်းလိုက်ကြတယ်။ မောင်ကြိုင့် ကိုပဲ စိတ်ဝင်စားနေကြတာ ဆိုတော့ လှည်းသမားကို မဲကြတော့တာပါ။



{ ရွှေဇင်ဦးဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်။ }


ပြန်လည်မျှဝေပါသည်။

No comments:

Post a Comment