Tuesday, 6 November 2018

တက္ကသိုလ်နောက်ခံ ဗယာကြော်ဇာတ်လမ်း """ မင်းလူ

တက္ကသိုလ်နောက်ခံ ဗယာကြော်ဇာတ်လမ်း


""""""""""""""""""""""""""""""""""""""""""""""""""""""


 မင်းလူ


ကျောင်းတက်ခါစ တစ်ယောက်တည်း အဖော်မဲ့နေစဉ်မှာ သူနှင့်စတင်တွေ့ဆုံ သိကျွမ်းရခြင်း ဖြစ်၏။

ကျွန်တော်တို့ကျောင်းမှ ဆယ်တန်းအောင်သူအနည်းငယ်တွင် တခြားတက္ကသိုလ်ရောက်သူရောက် ၊ လုပ်သားကောလိပ်တက်သူ တက်ကြသောကြောင့် ၀ိဇ္ဇာသိပ္ပံမှာ အနည်းငယ်ထက်နည်းသော အရေအတွက်သာရှိသည်။

ထိုအထဲတွင် ကျွန်တော်နှင့် သိပ်ရင်းနှီးသူတွေမပါချေ ။ ဒီကြားထဲသိပ္ပံဘာသာတွဲဖြင့်အောင်ပြီး ၀ိဇ္ဇာလိုင်းလိုက်သော ကျွန်တော်က ပို၍အထီးကျန်ဆန်နေသည်။

ကျောင်းရောက်စဖြစ်သဖြင့် အတန်းထဲမှာလည်း အပေါင်းအသင်း မဖြစ်သေး ။ မုန့်စားလွှတ်ချိန်ဆိုလျှင် ကျွန်တော်တစ်ယောက်တည်း ယောင်ချာချာဖြစ်နေတက်၏။

လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အချိန်ဖြုန်းရသည်။ တစ်ခါတစ်ရံ ဟိုလျှောက် ဒီလျှောက်၊ ဟိုကြည့်ဒီကြည့်။ စီးကရက်စမ်းသောက်ကြည့်လာမိသည်။

ကြားမှာ တစ်ချိန်လွတ်ပြီးမှ ညနေပိုင်း နည်းပြတန်းရှိသောအခါမျိုးဆိုလျှင် ပို၍ငြီးငွေ့ဖွယ်ကောင်းသည်။ ပထမနှစ်ဖြစ်သဖြင့် အတန်းလစ်ပြီးတော့လည်း အိမ်မပြန်ရဲသေး။

ပျင်းရိသူတို့ ထုံးစံအတိုင်း ဆာလောင်လာတက်သည်။ ထမင်းဘူးကလည်း ၁၁ နာရီလောက်မှာ စားပစ်လိုက်ပြီးပြီ။


ကျွန်တော်ရသည့် မုန့်ဖိုးမှာ ဘတ်စကားခ၊ လက်ဖက်ရည်ဖိုး၊ စီးကရက် တစ်လိပ်ဖိုးအပြင် သိပ်ပိုပိုသာသာမရှိ။ မုန့်ဟင်းခါးတို့၊ ၀က်သားလိပ်တို့ မစားနိုင်။ ထိုစဉ်အခါတွင် …

“ဗယာကြော်ပူပူလေး၊ စားဦးမလား အစ်ကို”

“လာဦးကွ”

စင်္ကြအုတ်ခုံပေါ်မှာ ထိုင်နေရင်းက လှမ်းခေါ်လိုက်သည်။ ဗယာကြော်သည် ကုလားလေးက ဗန်းကလေးကိုင်ပြီး လာရပ်သည်။

“ဘယ်လိုရောင်းလဲ”

“တစ်ခု ဆယ်ပြား၊ နှစ်ခု ဆယ့်ငါးပြား”

မဆိုးလှ၊ သူ့ဗယာကြော်က အတော်အတန်ကြီးသည်။ နှစ်ခုဝယ်လိုက်သည်။ ကျွန်တော်က နောက်ချင်သဖြင့် …

“မင်း ခုနကအော်တုန်းက ပူပူလေးဆို၊ အခု အေးနေပါလားကွ”

သူက ပြုံးဖြဲဖြဲလုပ်ပြီး …

“ကြော်နေတုန်းက ပူတာကို ပြောတာပါ အစ်ကိုရ”

သွက်လက်ချက်ချာပုံကို သဘောကျမိ၏။

နောက်ရက်များတွင်လည်း သူ့ဆီက ဗယာကြော် ၀ယ်စားသည်။ တချို့ရက်တွေ ၀ယ်မစားဖြစ်သည့်တိုင် သူနှင့် စကားစမြည်ပြောဖြစ်သည်။ တက္ကသိုလ်မှာ ကျွန်တော်နှင့် ပထမဆုံး အပေါင်းအသင်းဖြစ်ခဲ့သူမှာ သူပင် ဖြစ်၏။

သူ့ နာမည်က သံဂေါ်လီ ဖြစ်၏။ သူ့နာမည်မခေါ်တက်သဖြင့် အလွယ်တကူ ခေါ်လိုက်ခြင်းပင်။ သူတို့အဖေက ကျောင်းမှာ သန့်ရှင်းရေး အလုပ်သမား။

သူ့အမေက ၀ိဇ္ဇာဆောင်နှင့် ရွှေဘိုဆောင်ကို ဆက်ထားသော စင်္ကြဘေးမှာ ဗယာကြော် ကြော်ရောင်းသည်။ သံဂေါ်လီကလည်း ဗယာကြော်တွေ ဗန်းနှင့်ထည့်ပြီး ကျောင်းထဲမှာ လှည့်ရောင်းရသည်။

ကျွန်တော်သည် လအတန်ကြာသောအခါ အတန်းဖော် သူငယ်ချင်းတွေနှင့် တွဲမိလာသည်။ သို့တိုင်အောင် သံဂေါ်လီဆီက ဗယာကြော်ကို ၀ယ်စားမြဲ။ သူနှင့်စကားပြောဖြစ်မြဲပင်။

ကျွန်တော့်သူငယ်ချင်းများ ဖြစ်ကြသော တင်မြင့်တို့၊ ဇော်လင်းတို့နှင့်ပါ အဖွဲ့ကျလာသည်။ ကျွန်တော်တို့ သူ့ကိုစလျှင် စိတ်မဆိုးတက်။ ရယ်ကျဲကျဲသာ လုပ်နေတက်သည်။

သံဂေါ်လီ၏ ဈေးကွက်နယ်မြေများမှာ ၀ိဇ္ဇာဆောင်၊ စီးပွားရေးတက္ကသိုလ်အပြင် အင်းလျားကိုလည်း ကြုံသလိုလှည့်တက်သည်။

ထို့ကြောင့် ကန်စပ်ချုံကြားက အတွဲတွေကို တွေ့ဖူးနေသည်။ သူက ဗယာကြော်သည် ကုလားလေးဖြစ်သဖြင့် အတွဲတွေက ဂရုမစိုက်ဘဲ နေချင်သလို နေကြဟန်တူသည်။ အတွဲချောင်းတာ ၀ါသနာပါသော တင်မြင့်ထက်ပင် သူက ပို၍သိနေသေးသည်။

“ပြောစမ်းပါဦးကွ၊ ဒီနေ့ ဘယ်နှတွဲတွေ့သလဲ”

“ဟာ … အများကြီးပဲအစ်ကိုရေ့”

“လုပ်စမ်းပါဦး ဘာတွေတွေ့ရသလဲ”

“မပြောချင်ပါဘူး ညစ်ပတ်တယ်”

တင်မြင့်က ပိုစိတ်ဝင်စားလာပြီး အတင်းမေးသည်။ ဇော်လင်းကတော့ ရှက်တက်သူဖြစ်သဖြင့် မျက်နှာကြီးနီပြီး …

“ဟေ့ကောင်၊ ညစ်ပတ်ပါတယ်ဆိုမှ ဇွတ်မေးနေရသလား”

ဟု ဟန့်သည်။

ကျွန်တော်က တင်မြင့်ဘက်ကလိုက်ပြီး …

“ပြောကွာ၊ မပြောရင် နောက် မင်းဗယာကြော် ၀ယ်မစားတော့ဘူး” ဆိုတော့မှ …

“အစ်ကိုကြီးတစ်ယောက်နဲ့ အစ်မကြီးတစ်ယောက် ကိုက်နေကြတယ်”

“ဘာ … ကိုက်နေကြတယ် ဟုတ်လား”

“ဟုတ်တယ်၊ အစ်မကြီးရဲ့ ပါးစပ်နော် အစ်ကိုကြီးရဲ့ ပါးစပ်ထဲဝင်နေတယ်”

တင်မြင့်ကရယ်ပြီး …

“အဲဒါ ကစ်စ်ပေးတာကွ၊ မင်း အင်္ဂလိပ်ကားတွေထဲမှာ မကြည့်ဖူးဘူးလား”

“အာယို၊ အာပုပ်စော်နံမှာပေါ့”

“မကောင်းဘူး မကောင်းဘူးနဲ့ မင်းအားကျနေတယ် မဟုတ်လား”

“ထပ်သရီး၊ လူတွေမြင်တဲ့နေရာမှာ ရှက်စရာကောင်းပါတယ် အစ်ကိုရေ”

ကဲ … ကုလားလေးက ရှက်စရာကောင်းပါသတဲ့၊ ဟိုအတွဲတွေသာ သူ့စကားကြားလျှင် ဘယ်လိုနေမလဲမသိ။


* * * * *


သံဂေါ်လီက မြန်မာတွေကို အထင်ကြီးသည်။ အားကျသည်။ ကုလားဖြစ်ရတာ အောက်ကျနောက်ကျနိုင်သည်ဟု ထင်နေသည်။ သူ့ပတ်ဝန်းကျင်ရှိ သူတို့လူမျိုးတွေကလည်း သန့်ရှင်းရေး၊ ညစောင့်၊ မာလီ စသည်တို့ချည်း မဟုတ်လား။

“ကုလားဖြစ်တာ မကောင်းဘူးအစ်ကို” ဟု သူက ပြောတက်သည်။

“ဘာဖြစ်လို့လဲကွ”

“ဘာဖြစ်လို့လဲဆိုတော့ အသားမည်းတာပေါ့”

“ဟာ ငါလည်း မည်းတာပဲကွ”

ကျွန်တော်က ပြောသည်။ သူက …

“ကျွန်တော်သာ မြန်မာဖြစ်ရင် အစ်ကိုတို့လို တက္ကသိုလ်ကျောင်းနေရမှာ”

“ဘာဆိုင်လဲကွာ၊ တို့ကျောင်းသားတွေထဲမှာလည်း မင်းတို့လိုကုလားတွေ ရှိတာပဲ”

“မတူဘူး အစ်ကို၊ သူတို့က အပေါ်ရောက်တယ်”

သူတို့လူမျိုးထုံးစံ ဇာတ်အနိမ့်အမြင့် ကွာခြားခြင်းကို ဆိုလိုခြင်း ဖြစ်လိမ့်မည်။

“ကဲကွာ၊ ငါတို့ မြန်မာတွေထဲမှာကော တူလို့လား၊ ဟိုစီးကရက်လိုက်ရောင်းတဲ့ ကောင်မလေးဆိုရင် ဘယ်မှာ ကျောင်းနေနိုင်လို့လဲ”

“သူကတော့ ဆင်းရဲတာကိုး”

“အေး … ဒါပဲလေ၊ မြန်မာဖြစ်ဖြစ်၊ ကုလားဖြစ်ဖြစ် အတူတူပဲကွ၊ ဆင်းရဲတာနဲ့ ချမ်းသာတာပဲ ကွာတယ်”

“ဘာလဲကွ”

“ကျွန်တော်သေသွားပြီးရင် ဟိုဥစ္စာ အစ်ကိုရာ”

အတန်ကြာ ခေါင်းကုတ်ပြီး …

“ကျွန်တော် ပြန်ရှိနိုင်သလား”

“သြော် … နောက်ဘ၀ကျရင် လူပြန်ဖြစ်နိုင်သလားလို့ မေးတာလား”

“အား ဟုတ်တယ် အစ်ကို”

“ဖြစ်နိုင်တာပေါ့”

“အဲဒီနောက် ဘာလဲ”

“နောက်ဘ၀”

“အင်း … နောက်ဘ၀ကျရင် မြန်မာဖြစ်နိုင်မလား”

သူကျေနပ်အောင် ဖြစ်နိုင်တာပေါ့ဟု ပြောလိုက်သည်။

“နောက်ပြီး အိန္ဒိယမှာသွားပြီး လူဖြစ်နိုင်သလား”

“ဖြစ်နိုင်တယ်ဟ နေဦးကွ၊ မင်းက မြန်မာလည်း ဖြစ်ချင်တယ်။ အိန္ဒိယမှာလည်း လူဖြစ်ချင်တယ်ဆိုတော့ အိန္ဒိယမှာ မြန်မာသွားဖြစ်ရင် ဘယ်နှယ့်လုပ်မလဲ”

သူ့နဖူးသူ လက်ဝါးနှင့် ဖြန်းခနဲရိုက်၍

“ဟုတ်တယ် အစ်ကိုရေ့၊ အဲဒါမှ ဒုက္ခရမယ်”


* * * * *


သူက မြန်မာစာသင်ပေးပါဟု ပူဆာသည်။ ထို့ကြောင့် နွေကျောင်းပိတ်ရက်တုန်းက အသုံးလုံး လုပ်အားပေးလိုက်ဖူးသော ဇော်လင်းက အားသည့်အချိန်မှာ သင်ပေးသည်။ သံဂေါ်လီက ဥာဏ်ကောင်းသည်။ ကြိုးစားလည်း ကြိုးစားသည်။ တစ်လကျော်ကျော်လောက်မှာပင်


အတော်အတန် ရေးတက်ဖတ်တက်လာသည်။

တစ်နေ့တွင် သူသည် စာတစ်စောင်ရေးပြီး ကျွန်တော့်ကို လာပြသည်။ ဖတ်ကြည့်ပြီးပြင်ပေးပါဆို၏။ ထိုစာကို တွေ့တော့မှပင် ဒီကောင် ဘာကြောင့် ဒီလောက်တောင် အပြင်းအထန် စာသင်ချင်နေသလဲဆိုတာ သိရတော့သည်။

သူရေးထားသော စာမှာ …

“ကျနုပ်နာမယ် သံကောလီ ဖြစ်ပါသည်။ ကျနုပ် စံဒီမားကို ကြိတ်ပါသည်။ စံဒီမား ကျနုပ် ကြိတ်ပါး”

“စံဒီမားဆိုတာ ဘယ်သူလဲကွ”

သူရှက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။ အတင်းမေးတော့မှ ပြောပြသည်။ စီးပွားရေးတက္ကသိုလ်ဘက်မှာ စီးကရက်တို့၊ ချိုချဉ်တို့ရောင်းသော ကောင်မလေးတဲ့။

“နေစမ်းပါဦး သံဂေါ်လီရ၊ မင်းက ရည်းစားထားချင်ရအောင် အသက်ဘယ်လောက်ရှိသေးလို့လဲ”

“၁၆ နှစ်ရှိပြီ အစ်ကို”

ကျွန်တော်တို့ အံ့သြရသည်။ သူ့အရပ်အမောင်း သူ့ကိုယ်လုံးညှက်ညှက်ကိုကြည့်၍ ဆယ့်သုံးနှစ်လောက် ထင်ထားခဲ့သောကြောင့် ဖြစ်၏။

နေ့တိုင်း ဗယာကြော်နှင့်သာ ထမင်းစားနေခဲ့ရသည်ကို ကျွန်တော်ထည့်မစဉ်းစားမိ။ သူဒီလောက် သေးညှက်နေတာ ဘာမျှမဆန်း။

သူ့စာကို ကျွန်တော် စိတ်ကြိုက်ဖြစ်အောင် မပြင်တော့ပါ။ အရေးကြီးတာက စံဒီမားဆိုသော ကောင်မလေးနားလည်ဖို့သာ ဖြစ်၏။ ထိုစာသည် ပညာတက် တက္ကသိုလ်ကျောင်းသူတစ်ယောက်ကို ပေးဖို့မှ မဟုတ်ဘဲ။ ထို့ကြောင့် သတ်ပုံပြင်ပေးခြင်း၊ စာချောအောင် တည်းဖြတ်ပေးခြင်းလောက်သာ လုပ်ပေးလိုက်၏။

နောက်တစ်နေ့ မုန့်စားဆင်းချိန်မှာ သူရောက်လာသည်။ မျက်နှာ အမူအရာကြည့်ကတည်းက ဟန်မကျခဲ့ကြောင်း သိသာ၏။

“ဘယ်လိုလဲ၊ စာပေးလိုက်ပြီလား”

“ပေးခဲ့ပြီ အစ်ကို”

“တယ်ဟုတ်ပါလား၊ ဒါကြောင့်လည်း သံဂေါ်လီလို့ ကျော်ပေတာပဲ”

“မဟုတ်ဘူးအစ်ကို၊ ကျွန်တော်စာပေးတာမယူဘူး။ ဒါနဲ့ အတင်းပေးတော့ ယူပြီး ဆွဲဆုတ်ပစ်လိုက်တယ်”

“ဟေ”

“ပြီးတော့ ပြောသေးတယ်အစ်ကို၊ ကျွန်တော် ပြန်မပြောတက်ဘူး။ အမဲသားကို ဟင်းအိုးထဲထည့်လို့ မရဘူးတဲ့”

ကျွန်တော်တို့ ၀ါးခနဲရယ်မိသည်။ သူက မျက်နှာသေကလေးဖြင့် ကြည့်နေသဖြင့် ကျွန်တော် သနားသွားသည်။ မျက်နှာပိုးသတ်လိုက်ပြီး …

“အမဲရိုးက ဟင်းအိုးမှ အားမနာဘူးလို့ ပြောတာပါကွ”

“ဟုတ်တယ်၊ ဟုတ်တယ် အဲဒါဘာပြောတာလဲ”

“တန်ရာတန်ရာ မလုပ်ဘူးဆိုတဲ့ သဘောပေါ့”

“ဟုတ်ပါတယ်လေ၊ သူတို့က လူမျိုးမြင့်တာကိုး”

ကောင်မလေးက ဇာတ်မြင့်တာကို ပြောခြင်းဖြစ်၏။ သူက ဆက်၍ …

“နောက်ပြီး သူတို့အမေက သူဌေးအိမ်မှာ အ၀တ်လျှော်လို့ သူက လူဝါးဝနေတာ”

“ဒီမှာ သံဂေါ်လီ နောက်တစ်ခါတွေ့ရင် ပြောလိုက်၊ မြန်မာပြည်မှာ လူတန်းစားခွဲခြားမှု မရှိဘူးလို့”

နိုင်ငံရေးစကားလုံးဖြင့် ဇော်လင်းက ပြောလိုက်သည်။ သို့ရာတွင် သူ့အကြံပေးမှုက မအောင်မြင်။ သံဂေါ်လီက ကောင်မလေးနှင့် တွေ့ရာတွင် “လူတန်းစား” ကို မပြောတက်ဘဲ “မြန်မာပြည်မှာ လူသားစားတာမရှိဘူး” ဟု

ပြောလိုက်သောကြောင့် ဖြစ်၏။


* * * * *


သူစကားလိုက်ပြောမည်။ အဖော်လိုက်ခဲ့ပါဆိုသဖြင့် ကျွန်တော်တို့ပါသွားရသည်။ ယုဒသန်မျှော်စင်နားမှာ စောင့်နေကြရာ အတန်ကြာတွင် …

“ဟော … လာပြီ၊ ကျွန်တော့် ဗယာကြော်ဗန်း ခဏယူထားပါ”

ကျွန်တော့်လက်ထဲ ဗန်းကိုထည့်ပြီး သူထွက်သွားသည်။ ကောင်မလေးကို မြင်ရသည်။ မဆိုးလှ။ ကြည့်ပျော်သည်။ သံဂေါ်လီလိုအသားမမည်း။ နည်းနည်းလတ်သည်။ သံဂေါ်လီထက် အသက်နည်းနည်းကြီးပုံရသည်။ ဒီကောင်က ညှက်နေလို့လည်း ဖြစ်ချင်ဖြစ်မည်။

ပြီးတော့ သံဂေါ်လီထက်စာလျှင် အ၀တ်အစားတွေ ပို၍သားနားသည်။

သံဂေါ်လီ ကောင်မလေးကိုမီသွားသည်။ ဘာတွေပြောမှန်းမသိ။ ကောင်မလေးက ရန်တွေ့နေပုံရသည်။ ခပ်သွက်သွက်လျှောက်သည်။ သံဂေါ်လီလိုက်သည်။

“ဟာ … ဒီကောင် လုပ်ပြီ”

တင်မြင့်အသံ ထွက်လာသည်။ သံဂေါ်လီ ကောင်မလေးလက်ကို လှမ်းဆွဲလိုက်သောကြောင့် ဖြစ်၏။ ကောင်မလေးက လက်ကို ဆောင့်ရုန်းလိုက်ပြီး …

သံဂေါ်လီ၏ ပါးကို ဖျောင်းခနဲရိုက်လိုက်သည်။ တကယ် အင်နှင့်အားနှင့် ဖြစ်၏။ သံဂေါ်လီ လည်ထွက်သွားသည်။ ကောင်မလေးက ရင့်ရင့်သီးသီး ဖြစ်ဟန်တူသော စကားများပြောပြီး ထွက်သွားသည်။

သံဂေါ်လီ အတော်ကြာအောင် ကောင်မလေးကို ငေးကြည့်ရင်း ကျန်ခဲ့သည်။ သူ့မျက်နှာကို လက်ဝါးနှင့် အုပ်လိုက်သည်။ ပြီးတော့ ရေတမာပင်၏ ပင်စည်ကို လက်သီးနှင့်ထိုးသည်။ ဘေးမှ ဖြတ်လျှောက်သွားသော ကျောင်းသူနှစ်ယောက်က အထူးအဆန်းလှည့်ကြည့်သွားသည်။ ကျွန်တော်တို့ သူ့ဆီပြေးသွားကြ၏။

နောက်တစ်နေ့မှစ၍ သံဂေါ်လီကို မတွေ့ကြရတော့ပေ။ သူရှက်လို့ရှောင်နေတာ ဖြစ်မှာပဲဟု ထင်မိသေးသည်။

တစ်လလောက်ထိပျောက်နေတော့မှ သူ့အမေ ဗယာကြော်ဆိုင်မှာ သွားမေးသည်။ သူတောကို ထွက်သွားပြီဟု သိရသည်။ သူတို့ အမျိုးတွေဆီမှာနေပြီး လယ်သူရင်းငှား


လုပ်မည်ဆိုသည်။

ကျွန်တော်တို့သည် သူ့အကြောင်းကို မကြာခဏ ပြောဖြစ်ကြသေးသည်။ ကြာတော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွား၏။

နှစ်တွေ ကြာလာသည်။ ကျောင်းက ဘွဲ့ရပြီးနောက် ကျွန်တော်စာပေနယ်ထဲရောက်သည်။ တင်မြင့်တို့ ဇော်လင်းတို့က နယ်ကောလိပ်တွေမှာ ဆရာဖြစ်ကုန်ကြသည်။


* * * * *


ဆယ့်ငါးနှစ်ဆိုသောအချိန်သည် တစ်ခါတစ်ရံ ကုန်ခဲသည်ထင်ပြီး တစ်ခါတစ်ရံ ဘာမှမကြာလိုက်ဟု ထင်မှတ်ရင်း ကုန်ဆုံးခဲ့သည်။

တက္ကသိုလ်ထဲ မရောက်တာကြာပြီ၊ ဇော်လင်း ရန်ကုန်ကို ပြောင်းလာပြီဆိုသဖြင့် တွေ့ရန်သွားသည်။ အပြောင်းအလဲများစွာကို အံ့သြငေးမောရင် လျှောက်အလာ …

“ဗယာကြော် ပူပူလေး”

ဖျတ်ခနဲကြည့်မိသည်။

“ဟင် … သံဂေါ်လီ” ခေါ်မိတော့မလို ဖြစ်သွားသည်။ ချက်ချင်းသတိရသည်။ ဒီကောင်လေးက ဆယ်နှစ် ဆယ့်တစ်နှစ် ရှိဦးမည်။ သံဂေါ်လီက ခုချိန်မှာ သုံးဆယ်ကျော်ပြီ။ ထူးဆန်းတာက ခုတွေ့နေရသော ဗယာကြော်သည်လေးသည် သံဂေါ်လီငယ်ငယ်ကနှင့် တစ်ပုံစံတည်း။

“လာပါဦးကွ”

“ဗယာကြော်လားဆရာ၊ တစ်ခု သုံးဆယ့်ငါးပြား။ တစ်ကျပ်ဖိုးသုံးခု”

“မဟုတ်ပါဘူးကွ၊ မေးစရာရှိလို့ပါ။ မင်းအဖေနာမည် ဘယ်သူလဲ”

ကောင်လေးက ပြောသည်။ ကျွန်တော် မခေါ်တက်ခဲ့သောနာမည်။ သံဂေါ်လီ၏ နာမည်။

“မင်းအဖေ အခု ဘယ်မှာနေလဲ”

“ဆိုင်မှာရှိတယ်ဆရာ”

“ငါ့ကိုလိုက်ပြစမ်း”

ကောင်လေးနောက်က လိုက်သွားသည်။ ရွှေဘိုဆောင်ဘေးမှဖြတ်၍ စင်္ကြအတိုင်း။ ဘာကြောင့်မှန်းမသိ၊ သံဂေါ်လီနှင့် တွေ့ရတော့မည်ဆို၍ ကျွန်တော်ရင်တွေ ခုန်နေမိသည်။

“ဟိုမှာဆရာ”

အရင်က သံဂေါ်လီတို့အမေ ဗယာကြော်ကြော်ခဲ့သော နေရာမှာပင် ကုလားမတစ်ယောက်ကြော်နေသည်ကို တွေ့ရသည်။

ဘေးမှာ သံဂေါ်လီ ရပ်နေ၏။ သူသည် အသက်သုံးဆယ်ကျော်သာရှိသေးသော်လည်း တကယ့်လူကြီးတစ်ယောက်လို ရင့်ရော်နေပြီ။

သူ့သားက ပြ၍ သံဂေါ်လီပဲဟု သိရခြင်းဖြစ်၏။ သို့မဟုတ်လျှင်မမှတ်မိနိုင်။ အချိန်ကာလသည် သူ့တစ်ယောက်တည်းအပေါ် ကွက်၍သက်ရောက်သလားဟု ထင်ရ၏။

“ဟေ့ကောင် သံဂေါ်လီ”

ကျွန်တော် မနေနိုင်တော့ဘဲ အော်ခေါ်လိုက်သည်။ သူလှည့်ကြည့်သည်။ ချက်ချင်းမှတ်မိသည်။ ၀မ်းသာအားရ ပြေးလာသည်။

ကျွန်တော့်လက်ကို သူ့လက်ကြမ်းကြမ်းကြီးဖြင့် ဆုပ်ကိုင် လှမ်းပေးရင်း …

“အစ်ကို အစ်ကို” ဟု ရေရွှတ်နေသည်။

“မင်း မိန်းမရနေပြီပေါ့”

“ဟုတ်တယ်အစ်ကို၊ ကလေးငါးယောက်”

သူ့မိန်းမကို လှမ်းကြည့်သည်။ သူ့လိုပင် အသားမည်းသည်။ ရုပ်ဆိုးသည်။ ရင့်ရော်သည်။ ဗယာကြော် ကြော်ရင်းက အပူရှိန်နှင့် ဆီပူငွေ့ကြောင့် မျက်နှာကို ရှုံ့မဲ့၍ မျက်လုံးမှေးထားသည်။

ကျွန်တော် တစ်စုံတစ်ခု သတိရသွားသဖြင့်

“ဟေ့ကောင်၊ မင်းရဲ့ စံဒီမားရောကွ သတိရသေးလား”

သူက မျက်မှောင်တစ်ချက်ကုတ်လိုက်ပြီးမှ သြော်… ဆိုပြီး တဟားဟား ရယ်သည်။

“ကျွန်တော် မေ့တောင်နေတယ် ဟား … ဟား၊ ငယ်ငယ်က အရူးထတာပါ။ သူနဲ့မရတာ ကံကောင်းပါတယ်။ စံဒီမားက သိပ်ဘ၀င်မြင့်တယ်။ ဆွဲကြိုး ဆွဲချင်တယ်။ ကောင်းကောင်းစားချင်တယ်။ ကောင်းကောင်းဝတ်ချင်တယ်။ သူ့ယောက်ျားလည်း သူ့ကြောင့် ထောင်ကျတာပဲ။


သူခိုင်းလို့ အလုပ်ထဲက ပစ္စည်းခိုးတာပေါ့။ ခုကျတော့ သူ့ကို တစ်ခါတလေ တွေ့ရင်တောင် မကြိုက်ချင်တော့ဘူး။ ငါးခြောက်လိုဖြစ်နေပြီ။ ဟား … ဟား”

သူသည် ကျောင်းမှာ ညစောင့်လုပ်နေသည်ဟုပြောသည်။ ဇော်လင်း ဌာနမှာ ဆရာဖြစ်နေကြောင်း ပြောသဖြင့် သူဝမ်းသာသည်။

ဇော်လင်းကိုခေါ်ပြီး ပြန်လာခဲ့သည်။ ဦးချစ်ဆိုင်မှာ စောင့်နေဟု သူ့ကိုမှာသည်။


* * * * *


သံဂေါ်လီနှင့် လမ်းခွဲလာပြီးနောက် ဇော်လင်းဆီအသွား အပန်းဖြေရိပ်သာအနောက်ဘက် အရောက်တွင် ကွန်ကရစ်ခုံတန်းလျားလေးများကို ငေးကြည့်မိသည်။ စိတ်က အတိတ်ဆီသို့ ပြန်သည်။

ဇာတ်အနိမ့်အမြင့်၊ လူတန်းစားအလွှာ ကွာခြားမှုမရှိသော်လည်း နိုင်ငံခြားဖြစ် ဒေါက်မြင့်ဖိနပ်တစ်ရန်နှင့် ကဗျာတစ်ပုဒ်တို့၏ ပဋိပက္ခကြောင့် လမ်းခွဲရသော မိန်းမတစ်ယောက်။

ခုအခါတွင် သူသည် သံအရာရှိကတော်အဖြစ် နိုင်ငံခြား တစ်နေရာရာမှာ အေးချမ်းသာယာစွာ ရှိနေလိမ့်မည်။

ကလေး ဘယ်နှယောက်လဲ၊ လှကော လှသေးရဲ့လား။ သံဂေါ်လီပြောသလို ငါးခြောက်ဖြစ်နေမလား။ ပုံပျက်ပန်းပျက် ၀နေမလား။

ကျွန်တော့်မျက်စိထဲမှာတော့ ရှည်လျားနက်မှောင်သော ဆံပင်များကို ဥစ္စာစောင့်တစ်ယောက်လိုဖားလျားချ၍ ကွန်ကရစ်အုတ်ခုံပေါ်မှာထိုင်ရင်း ကျွန်တော်ပေးသော နှင်းဆီပန်း၏ ပွင့်ဖတ်များကို တစ်ချပ်ချင်းခြွေချနေသော သူ့ရုပ်လွှာကိုသာ မြင်မက်နေဆဲ။

ကျွန်တော် သူ့ကိုမမေ့။ ခုထိ လွှမ်းမိုးတုန်း။ ခုထိ ချစ်ဆဲ။

သံဂေါ်လီနှင့် ပြန်တွေ့လို အစ်ကိုကော မိန်းမရပြီလားဟု မေးလာလျှင် ဘယ်လိုဖြေရမည် မသိချေ။


မင်းလူ

——————

ရနံ့သစ်၊ မေ၊ ၁၉၈၈


linnthant at Monday, September 02, 2013


( News And Library ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည် )

No comments:

Post a Comment