မန်းရာပြည့် နှင့် တရာ ပွဲ
📓📓📓📓📓📓📓
( ဇာတ်သိမ်းပိုင်း)
ဂျာနယ်ကျော်မမလေး
“ဘုန်းတော်ကြီးဘုရား နတ်ရွာစံတော့ အလောင်းတော်အတွက် ငွေ ၅၀၀၀ကျပ် တောင်းတာ တော်တော် နဲ့ အင်္ဂလိပ် က မပေးလို့ နှစ်လလုံးလုံး အလောင်းကို ဒီအတိုင်းပဲ ထားရတယ်၊ ခေါင်းကို ရွှေမှိုကြီးတွေ ရိုက်ပြီး ခေါင်းရင်းတော် က ကမ္ပည်းတော် ထည့်တယ်။ အဝေးရောက်သွားတဲ့ ပထမနဲ့ ဒုတိယသမီးတော်ဆီကို သံကြိုး ပို့လိုက်တော့ မလာနိုင်ဘူးလို့ သံကြိုးပြန်တယ်။
ဗမာဆိုလို့ ဘယ်သူမှ မရှိဘူး၊ စုဘုရားတို့ စတုတ္ထသမီးတော် ထိပ်စုဘုရားလေးရယ်၊ သံတော်ဆင့် ဦးအော်ရော် ရာ်၊ ဒါပဲ ရှိတယ်။ ည၁၂နာရီမှာ နတ်ရွာစံရှာတယ်။ နတ်ရွာလည်း စံရော စုဘုရားတို့အားလုံး ဒုက္ခ ဖြစ်ကုန်တာပဲ၊ အိမ်တော်မှာ စောင့်တဲ့ ပေါ်လီးတီကား (Political Officer)က ကုလားအစေခံတွေ ကို လိုချင် တဲ့ သမီးတော်ကို ယူနိုင်တယ်။ ယူကြလို့ အခွင့်ပေးလိုက်တော့ စုဘုရား ထမင်းစားနေတဲ့ အခန်းထဲ မှာ ကုလားအစေခံ က အတင်း ၀င်လာပြီး ဆွဲတာပါပဲ။
“စုဘုရား ငိုတာပေါ့”
“ငိုတာပေါ့ ”ဟု ပြောရင်း မျက်ရည်များ စီးကျလာလေကာ ငိုသံပါကြီးဖြင့် ဆက်လက်၍ ပြောသွား ပြန် လေသည်။
“ဟဲ့ … ကုလားစုတ်၊ ငါတို့ခွေးလား၊ အ၀တ်စုတ်လားဟင် ဆိုတော့ ကုလားက နင့်ကို ငါယူမယ်ဆို ပြီး အတင်း ဆွဲတာပဲ။ စုဘုရားကလည်း အားရှိသမျှ ရုန်းတာပဲ၊ လက်ကို သွေးခြည်တွေ ဥသွားတာ ပဲ၊ နောက်တော့ ကုလားက အတင်း ချိုင်းကြားက ဆွဲမတော့ ရုန်းရင်းပဲ ကြမ်းပေါ် လဲကျသွားတယ်။ ကုလားက စုဘုရား ကိုယ်ပေါ် မှာ အတင်း တက်ဖိထားတုန်း စုဘုရားက ကယ်တော်မူကြပါလို့ အသံကုန် အော်တော့တာပဲ၊ စုဘုရား တို့ မွေးထားတဲ့ ခွေးကြီးတွေအားလုံး ၁၀ကောင် ရှိတယ်၊ ခွေးတွေက ကုလားကို ၀ိုင်းဆွဲကြ၊ ကိုက်ကြတော့ မှ အားယားမက ပြေးလာ တယ်၊
ဒီတော့မှ ကုလားလက်က လွတ်သွားတယ်။ မယ်တော် ဘုရားက ပြေးလာပြီး စိတ်ဆိုးတော် မူလွန်းလို့ ကုလား ကို သံပုံးနဲ့ ပေါက်တယ်၊ နင်ထွက်သွားလို့ အော်တယ်။ ဒီကုလား စော်ကားလို့ ထုတ်ပစ်တာ ပေါ်လီးတီကား က မထုတ်ရဲဘူးတဲ့။ နတ်ရွာလည်း စံရော ကုလားတွေ ၀ိုင်းစော်ကား လိုက်ကြတာ၊ စုဘုရားဖြင့် ကြောက်လွန်းအားကြီးလို့ တုန်ပြီး တစ်ခါတည်း တက်သွားပြီး လူမှန်း မသိ မေ့သွားတယ်။ စတုတ္ထသမီးတော်က သတ္တိအင်မတန် ရှိတယ်။ စုဘုရားက သိပ်ကြောက်တတ် သလောက် သူက သိပ်သတ္တိရှိတယ်၊ သူ့ကို လာဆွဲမယ်လုပ်နေတဲ့ ကုလားအစေခံတွေကို ဓားကြီး ဆွဲပြီး လာစမ်းပါစေ၊ လာခဲ့စမ်းနဲ့ ကြိမ်းပြီး ဓားကြီးတ၀င့်ဝင့်နဲ့ အနားကပ်ရင် ခုတ်ဖို့ တစ်ခါတည်း ရွယ်နေတယ်။ သံတော်ဆင့်မင်း ဦးအော်ရော်ကလည်း အဘိုးအိုကြီး၊ ဘာမှ မတတ်နိုင်ဘူး။ အရှင် မိဖုရားခေါင်ကြီးက ရန်ကုန်က ကိုဘရှင်ဆီကို ချက်ချင်း သံကြိုးရိုက်တယ်၊ ဘုန်းတော်ကြီးဘုရား နတ်ရွာစံပြီ၊ သမီးတော်တွေကို ကုလားအစေခံ တွေက ဆွဲကုန်ပြီလို့ သံကြိုးရိုက်တော့ သမာဓိမြို့ဝန် ကိုဘရှင်ဆီက “မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ရှိပါသေးတယ်၊ ဘာမှ အားမငယ်ပါနဲ့” လို့ သံကြိုးပြန် တယ်”
ကျွန်မမှာ နားစိုက်ထောင်နေရင်း ဆိုးရွားလှသော အဖြစ်အပျက်များကို ရုပ်ရှင်ကား ကြည့်နေသကဲ့သို့ပင် မြင်နေသည်။ ကုလားအစေခံတွေက စော်ကားမော်ကား ပြုကျင့်နေကြပုံကို ထွေးလားလုံးလား မြင်မိလျက် ရင်ထဲ ၌ လှိုက်ဖိုလျက် နေလေတော့သည်။
“စုဘုရား ကုလားစော်ကားပြီး လန့်သွားလိုက်တာ၊ သွေးပျက်ပြီး ရူးသွားလိုက်တာ ဆရာဝန်နဲ့ တစ်နှစ်သုံးလ ကုရတယ်။ ဆရာဝန်က ပြောတယ်၊ စုဘုရား သိပ်ကြောက်တတ်တာဟာ အင်္ဂလိပ် က ဖမ်းလာတော့ စုဘုရားကိုယ်ဝန်ကြီးနဲ့ အရှင်မိဖုရားခေါင်ကြီး ဘုရားဟာ စိတ်ထဲမှာ သိပ်ချောက် ချားပြီး သွေးလန့် လာတဲ့ အတွက် စုဘုရားကို ဖွားမြင်တော့ စုဘုရားဟာ သွေးမကောင်းဘဲ သိပ်ကြောက် တတ်တာ လို့ ပြောတယ်၊ သွေးပျက်ပြီး ဘာမှ မသိတော့ဘူး။ ငိုလိုက်၊ ရယ်လိုက်၊ ကလိုက်၊ ခုန်လိုက်နဲ့ လူမှန်း မသိအောင် ရူးသွားတယ်။
“အလောင်းတော်ကြီး မြေမချရဘဲ သုံးလ ထားရတယ်၊ အလောင်းတော်မှာ ရန်ဖြစ်လိုက်ကြတာ။ စတုတ္ထသမီးတော်က အလောင်းကို ပက်ကင် ပါဆယ်ထုပ်ပြီး ယူသွားလိမ့်မယ်လို့ တချို့က သွား တိုက်ကြ ခိုက်ကြတော့ စစ်သားတွေက ခေါင်းကို ဖွင့်ကြည့်မယ်၊ စစ်မယ် လုပ်တယ်။ မယ်တော် ဘုရားက အဖွင့် မခံဘူး၊ အရှင်နန်းမတော်ဘုရား တံဆိပ် ရိုက်လိုက်တယ်၊ မန္တလေး ယူချင်တာ လည်း မယူရဘူးတဲ့၊ တစ်ခါတည်း မြေကြီးမှာ မြှုပ်သာ မြှုပ်ပစ်လိုက်ရတယ်၊ သရဏဂုံလည်း မတင်ရပါဘူး”
“မြန်မာပြည် ဘယ်လို ပြန်ခဲ့ကြရပါသလဲ”
“ဖယ်ရီကွင်း သဘောနဲ့ ပြန်ရတယ်၊ အ၀တ်သေတ္တာတစ်လုံး၊ အိပ်ရာတစ်လုံးစီ ပါလာကြတယ်။ သင်္ဘောပေါ် မှာ တစ်လ ကြာတယ်၊ ဘုံဘေမှာ တစ်လကြာတယ်၊ ဘုံဘေက ကာလကတ္တားကို မီးရထားစီးတာ ၃ရက် ကြာတယ်၊ အလုံတံခါးကို သော့ခတ်ပိတ် ခေါ်တယ်၊ ခွေးတွေ ၁၀ကောင် စလုံး ပါလာတယ်၊ ဘုံဘေမှာ ဟိုတယ် မှာ ခွေးမတည်းရဘူးဆိုလို့ ခွေးတွေနဲ့ ခွဲနေရတော့ စုဘုရား တို့ ငိုလိုက်ကြတာ။ အဲဒီအချိန်က ဂန္ဒီကြီး သပိတ်တားနေလို့ ဘယ်မီးရထားမှ မထွက်ရဘူး၊ သီပေါ ဘုရင် နတ်ရွာစံတော်မူလို့ သီပေါဘုရင်ရဲ့ မိဖုရား ခေါင်ကြီး မြန်မာပြည် ပြန်တာပါလို့ ပြောတော့မှ သပိတ်မတားဘဲ လွှတ်ပေးလိုက်တယ်။
ကာလကတ္တား ရောက်တော့ ဂရင်းဟိုတယ်မှာ တည်းတယ်၊ မြန်မာပြည် ပြန်ဖို့ သင်္ဘောဆင်းလာကြတော့ ဘယ်က ဗမာတွေလဲ မသိဘူး၊ သင်္ဘောဆိပ်မှာ စုဘုရားတို့ကို မြင်တော့ ငိုလိုက်တာမှ သိပ်ငိုကြတာပဲ၊ အရှင်နန်းမတော်ဘုရား ကတော့ ဘုန်းတော်ကြီးဘုရား နတ်ရွာစံတဲ့ နေ့ကစပြီး တစ်ကိုယ်လုံး အဖြူပဲ ၀တ်တယ်၊ သင်္ဘော ပေါ်ဆင်းတော့ အဖြူဝတ်ဆင်းလာတယ်။ ရေနီ၊ ရေဖြူ၊ ရေစိမ်းတွေ မြင်ရပြီ ၃ရက်ကြာ မှ ရန်ကုန်ကို ရောက်တယ်။ စစ်သားအစောင့်တွေ တစ်လမ်းလုံး ပါလာတယ်၊ ရန်ကုန်မြစ်ထဲ နေ့လယ် ၁၂နာရီ ၀င်တယ်”
“မြန်မာပြည် ပြန်ရောက် တော့ စိတ်ထဲမှာ ဘယ်လို ခံစားရပါသလဲ ဘုရား”
“မြန်မာပြည် ပြန်ရောက်လို့ သင်္ဘောလည်း ဆိုက်ရော၊ မြန်မာပြည်က ကြောက်စရာ ကောင်းလိုက် တာ၊ ရတနာဂီရိ မှာ သစ်ပင် မရှိဘူး၊ မြန်မာပြည်က သစ်ပင်ကြီးတွေက မိုးပေါ်ထိုးနေတော့ သိပ်ကြောက်တာပဲ”
“ရွှေနန်းတော်ကြီး ကို တွေ့ချင်စိတ် မြင်ချင်စိတ် မရှိဘူးလား ဘုရာ့း”
“တွေ့ချင်စိတ် မရှိပါဘူး၊ ကိုယ်မှ နန်းတော်ကြီးကို မမြင်ဖူးတာပဲ၊ ဘယ်တွေ့ချင်ပါမလဲ”
“ရောက်တော့ ဘယ်ကို ခေါ်သွားသလဲ”
“အိမ်တစ်အိမ်ကို ခေါ်သွားတယ်၊ ကုလားထိုင် ၃လုံးနဲ့ မြက်ကို ရက်ထားတဲ့ ဖျာကို တွေ့ဖူးတယ်၊ ဖျာပေါ်မှာ ခြင်္သေ့ရုပ် နဲ့။ စုဘုရားတို့ ရတနာဂီရိ စံအိမ်မှာ နေတုန်းက ဒီလို ကြိမ်ကုလားထိုင် မထိုင်ဖူးဘူး၊ ကြေးဝါမှို ကလေးတွေ ရိုက်ထားတဲ့ ကတ္တီပါဆိုဖာ ကုလားထိုင်ကြီးတွေပဲ ထိုင်တယ်၊ ခြေထောက်အောက် က ကော်ဇော က အမွေး တစ်ထွာလောက် ရှိတယ်၊ ခြေထောက်နင်းရင် မြှုပ် သွားတာပဲ”
ရတနာဂီရိ အသိမှတစ်ပါး မြန်မာပြည်ရောက်၍ နန်းတော်ပင် မြင်ချင်စိတ် မရှိခြင်းအတွက် မြန်မာ နှင့် မည်မျှ ကင်းကွာကာ အဆက်ပြတ်သွားခြင်းကို စဉ်းစားလျက် ကျွန်မမှာ သက်ပြင်းချက်ကာ ခေါင်းသာ ညိတ် နေရ လေသည်။
“မြန်မာပြည်ရောက်တော့ ဗမာတွေက လက်ဆောင်တွေ လာဆက်ကြတာ တစ်ပုံကြီးပဲ။ ဗမာထမင်းဟင်း စားရတယ်၊ ကြက်သား ၀က်သားဟင်း၊ ဆန်စားရတာက ဆန်စေ့ကြီးတွေက အကြီးကြီးပဲ၊ ကြောက်စရာကြီး၊ မမျိုဝံ့ ပါဘူး။ စပါးနက်ဆန်ဆိုလား၊ ကုလားပြည်မှာ စားတဲ့ ဆန်က ဆံပင်ခြည်လောက် ရှိတယ်၊ သေးသေး ကလေး ရယ်။
“ညတိုင် ပလားဆိုရင် သစ်ပင်က လူနာမည် ခေါ်နေတယ်၊ စုဘုရားတို့ ကြောက်လွန်းလို့ မအိပ်ဝံ့ကြ ဘူး၊ စုဘုရား က သိပ်ကြောက်တတ်တယ်၊ အခုတောင် ကြောက်ရင် ကလေးတွေကြားထဲ အတင်း ၀င်အိပ်တာပဲ၊ မယ်တော်ဘုရား က ကိုဘရှင်ကို ခေါ်ခိုင်းပြီး “ဟဲ့မောင်ဘရှင်၊ သစ်ပင်က လူနာမည် ခေါ်သတဲ့၊ ဘယ်လိုကြောင့်လဲ” မေးတော့ မှ ကိုဘရှင် က “တောက်တဲ့ပါဘုရား” လို့ ပြောတယ်”
ကျွန်မ မှာ မျက်တောင် မှ မခတ်တော့ဘဲ စိုက်၍သာ ကြည့်နေလေသည်။ အနီးအပါးတွင် ထိုင်နေကြ လျက် အလွန် အလှမ်း ဝေးကွာလှသော နေရာတစ်ခုသို့ လှမ်း၍ ကြည့်ရသလိုပင် စိတ်ထဲ၌ ခံစားနေရလေသည်။
“ဘုရာုးမှာ စုဘုရား ငါးစာ သွားကျွေးတော့ စုဘုရားက ကုလားသံ သိပ်ဝဲနေတာနဲ့ ငါးစာရောင်းတဲ့ ဈေးသည်မ က စုဘုရား ကို မေးတယ်။ ရှင်က ကချင်လား၊ ကရင်လား၊ ဘာလူမျိုးလဲ၊ ဘယ်က လာတာ လဲတဲ့။ စုဘုရား က လူ့ပြည်က လာတာပါလို့ ပြန်ပြောခဲ့ရတယ်”
“မန္တလေး ကို ဘယ်တော့မှ ရောက်ပါသလဲ”
“အင်္ဂလိပ်က ပိတ်ထားလို့ မရောက်ရဘူး၊ သခင်ထိပ်တင်ကိုယ်တော်နဲ့ လက်ထပ်တော့ ရောက်သွားတယ်။ ဒီတော့ မှ နန်းတော်ဆိုတာ မြင်ဖူးတယ်၊ ရောက်ဖူးတယ်။ အရှင်မိဖုရားခေါင်ကြီးကတော့ မြန်မာပြည် ရောက်တာ နဲ့ ဘယ်မှလည်း မသွားဘူး၊ ဘယ်သူနဲ့မှ လည်း အတွေ့မခံဘူး၊ လူလာရင် ပုန်းတာပဲ။ မနက်စောစော ကျီးမနိုးခင် ပြတင်းပေါက်ကနေပြီး ရွှေတိဂုံ ဘုရားကို ထဖူးတယ်၊ ဘယ်သူ့ကအမြင်မှ မခံ တော့ဘူး၊ အိမ်အောက် လည်း ဘယ်တော့မှ မဆင်းတော့ဘူး၊ နတ်ရွာသာ စံရော”
“အခု ဆေးရုံတက် ကုနေတာ ဝေဒနာသက်သာပါရဲ့လား ဘုရား”
“မသက်သာ ပါဘူး၊ ပင်စင်တစ်လ အစိုးရက ငါးရာ ပေးတယ်၊ အင်္ဂလိပ်ခေတ်တုန်းက ဆေးရုံတက်ရင် ဆေးရုံခ တခြား၊ ပင်စင်ခဲထက မဖြတ်ဘူး၊ အခု ဗမာခေတ်မှာ ဆေးရုံခ မပေးဘူး၊ အခုတော့ ဆေးရုံခ တစ်နေ့ တစ်ဆယ် ပေးရတာနဲ့ ပင်စင်ခလည်း ကုန်သွားတာပဲ၊ စုဘုရား သေရင် ပြင်ဦးလွင်မှာ မသေ ချင်ဘူး၊
ရန်ကုန် မယ်တော်ဘုရား ဂူ နားမှာ သွားသေချင်တယ်၊ လူဖြင့် မမာနေရတဲ့ အထဲ၊ ဒီကနေ့ ဆရာဝန် က ပြောသေးတယ်၊ တော်ဘုရားနဲ့ ထိပ်စုဘုရား ပရင်းစ်နဲ့ ပရင်းစက် လက်တွဲပြီး ပွဲသွားကြတယ်တဲ့၊ ငါ သေနာပေါ် နေတာ မသွားပါဘူး၊ ပလီတာ လို့ ပြောလိုက်ရတယ်။ ဘာပွဲဆိုလား၊ ဘာတဲ့၊ ဘာပါလိမ့်၊ မန္တလေး က ပွဲတစ်ခုလေ။ လူတွေ သိပ်သွား တယ်၊ တရာ ပွဲ ဆိုလား”
ကျွန်မသည် တတိယသမီးတော်၏ ရှေ့၌ ဘယ်လိုဖြစ်မှန်း မသိသာအောင်ပင် ကြောင်တက်တက်ကြီး ဖြစ်သွား လျက် ရင်နာနာနှင့် ငေးနေရတော့လေ၏။
---------------------
ဂျာနယ်ကျော်မမလေး
{ ရွှေဇင်ဦးဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါတယ် }
ပြန်လည်မျှဝေပါသည်။
ZawOo
No comments:
Post a Comment