Saturday, 24 November 2018

မင်္ဂလာလှည်း 📒📒📒📒 အပိုင်း-၂

မင်္ဂလာလှည်း 


📒📒📒📒


အပိုင်း-၂


ခင်ခင်ထူး 


“နေဦး ဘာရွာ၊ ကိုင်းတောကြီး”

“လယ်ပြင်ကြီး”

“ကျုပ်တော့ ကြားဖူးသယ်မှတ်သာပဲ။ သည်လို၊ ကျုပ်ကလည်း သည်ဘက်ထဲက ပဲဖြူကုန်းက မိန်းမနဲ့ရလို့ မယားရွာလိုက်နေသာ မကြာသေးဘူး။ ခင်ဗျားတို့ ပြောသဲ့ရွာ ကြားဖူးသလိုလိုရှိသယ်။ ပါးစပ်ပါ ရွာရောက် ရမှာပေါ့ဗျာ လွဲမှတ်လို့”

ကိုချစ်တိုးက ဂက်စ်ဆရာတော့ ငွေသုံးထောင်ဆိုတာနဲ့ ထလိုက်မယ့်လူဆိုတာ သဘောပေါက်သွားတယ်။ လမ်းပြခေါ်ပါတယ်ဆိုမှ ၀ါးတားတားဖြစ်နေမှတော့ ဘာသွားအသုံးတည့်မှာတုန်းပေါ့လေ။ ဆရာကြီး ဦး ကျော်ဒွန်းက ဒါကို ရိပ်မိတော့ ဂက်စ်ဆရာကို သေချာအောင် မေးတယ်။


“နေပါဦး၊ မင်းက လယ်ပြင်ကြီးမသိဘဲနဲ့ ဘယ့်နှယ့် လိုက်ပြရမှာတုန်း မောင်ရ၊ ရွာမှမသိဘဲနဲ့ ဖြစ်မထင် ပေါင်ကွာ”

ဂက်စ်ဆရာက ငွေသုံးထောင် အလွတ်မခံချင်ဘူးနဲ့တူပါတယ်။ ပြာပြာသလဲ ပြောတယ်။

“သည်လိုပါ။ ရှေ့နားကျရင် လမ်းသုံးဆိုင်ကိုရောက်မှာ၊ တစ်မွှာက တောင်ဘက်သွားသာ၊ တစ်မွှာက မြောက်ဘက်သွားသာ၊ တစ်မွှာက အနောက်အယောင်ပြပြီး အနောက်မြောက်ဘက်ထွက်တာ”

“အဲသည်တော့”

“ကျုပ်တို့ရွာက မြောက်ဘက်သွားသဲ့လမ်း၊ မြောက်ဘက်တစ်ကြောတော့ ခင်ဗျားတို့ ပြောသဲ့ရွာမရှိဘူး။ အဲသာ ကျုပ် ဂက်စ်လိုက်ထည့်သဲ့ ရွာတွေ။ တောင်တစ်လမ်းလိုက်ရုံပေါ့ဗျ။ ရွာပါဆိုမှ လိုက်ရင်မိပြီပေါ့”


ဟုတ်သားပဲ။ မြောက်ဘက်တစ်ကြောလုံးမှာမရှိရင် တောင်ဘက်တစ်ကြောလုံးမှာ ရှိရမယ်။ တောင်လမ်း အတိုင်းလိုက်ရင် လယ်ပြင်ကြီးရှိရမယ်။ ကိုချစ်တိုးက အဲသလိုတွေးမိတော့ ဂက်စ်ဆရာ ကားပေါ်တက် တော့လို့ ပြောလိုက်ရော။ ဂက်စ်ဆရာက လမ်းပြဆိုတော့ ရှေ့ခေါင်းခန်းကစီးရမှာကိုး။ သတို့သား မောင် ကြိုင်က နောက်ကိုပြောင်းစီးရရော။ မောင်ကြိုင်လည်း ခုမှ အနေချောင်ရတော့တယ်ဆိုတဲ့မျက်နှာနဲ့ ပြုံးနိုင် ရယ်နိုင်ရှိလာတယ်။ ဒါကလည်း မောင်ကြိုင့်အထင်ပါ။ ဆရာလုပ်တဲ့ ကိုကျော်သန်းကသာ ဆူဆူငေါက် ငေါက်နဲ့ ပြီးပြီးရော သဘေားထားပေမယ့် နောက်မှာပါလာတဲ့ ကိုချစ်တိုးက ကားပေါ်ရောက်လာတာနဲ့ မျက်နှာသာ မပေးတော့ဘူးကိုး။ သတို့သားဆိုတဲ့ကောင်ကလည်း မျက်နှာပိုးက မသေချင်ဘူး။ မျောက် ချောက်နေတဲ့အတိုင်းဆိုတော့ ကိုချစ်တိုးက နေရာကျယ်ကျယ် ဖယ်မပေးဘူး။ တော်ရာကြည့်ထိုင်ဆိုတဲ့ သဘောနဲ့ ပေါင်ကားထိုင်တော့ မောင်ကြိုက်ကလည်း ထိုင်မယ်လုပ်ပြီးမှ ထိုင်မဖြစ်တော့ လူဝကြီး ဦးမှတ် တင်ရဲ့ဒူးခေါင်းထိပ်က ကွက်လပ်ထဲ ရုတ်ဆိုထိုင်ချလိုက်ရော။ ဒါပေမယ့် ကားက ဆောင့်ထွက်လိုက်တော့ လူဝကြီးပေါင်ပေါ် ၀ုန်းဆိုကျတော့တာပေါ့။


“ငါ… ကွာ နာလိုက်တာဟ၊ အောင်မလေး သတို့သား ကျေးဇူးရှင်ရဲ့။ ပုဆိုးထဲထုပ်ထားတဲ့ ဥသျှစ်သီးတွေ ကွဲကုန်ပါရောလားဟ”

ပုဆိုးထဲထည့်လာတဲ့ ဥသျှစ်သီးဆိုတာကို မောင်ကြိုင်က တကယ့် ဥသျှစ်သီးထင်သွားပုံရတယ်။ အသာ လျှောဆင်း ထိုင်ရင်းက ပြန်မေးတယ်။ ဘယ့်နှယ့်မင်္ဂလာဆောင် ကြောင်းမြန်းတဲ့ပွဲ ဥသျှစ်သီးထည့်ယူလာ ရသလဲဆိုတဲ့ မျက်နှာနဲ့ပါ။

“ဥသျှစ်သီးများ အလေးခံလို့ လေးလေးရာ၊ ကျွန်တော့်ရွာရောက်ရင် ခူးခဲ့စမ်းပါ့မယ်”

“မင်းက ဘယ်ရွာကတုန်း”

“သပြေကန်က၊ ဥသျှစ်သီးများ ပေါချက်တော့”


အားလုံးက အူရန်ကောကွာဆိုတဲ့ သဘောနဲ့ ရယ်ကြပေမယ့် ကိုချစ်တိုးက မရယ်ဘူး။ လူကြီးတွေခေါ်လာ ပြီး ပေါ့တီးပေါ့ဆနိုင်ရပါ့မလားရယ်လို့ ငေါက်စရာအကွက်ချောင်းနေတာ မဟုတ်လား။ အခုလည်း ကြည့် လေ၊ ကံကောင်းလို့ ဂက်စ်ဆရာနဲ့ တွေ့လို့သာပေါ့။ နို့မို့ ဒုက္ခရောက်ရပါလား။ ကိုချစ်တိုးက မနေနိုင်တော့ မေးတယ်။

“နေစမ်းပါဦး။ မင်းက ကိုကျော်သန်းဆီမှာ လုပ်တာ ကြာပြီလား”

“ဟာ… လေးချစ်တိုးကလဲ။ လေးချစ်တိုးတို့ရပ်ကွက် ပန်တျာမြအောင် ဇာတ်လာကတဲ့ နှစ်ကပေါ့ဗျာ၊ နှစ် နည်းမှတ်လို့”

“ဟေ့ကောင် ပန်တျာမြအောင် လာမပြောနဲ့၊ မင်းကို ဇာတ်အကြောင်း မေးတာမဟုတ်ဘူး”

“လေး ငါးနှစ် ရှိပါပြီ”


“သည်လောက်ဝေးတဲ့ရွာက မိန်းကလေးနဲ့ မင်း ဘယ်လိုတွေ့ပြီး ဘယ်လိုကြိုက်ကြတာလဲကွ ဟေ…”

“လူငယ်တို့ သဘာဝပေါ့ လေးချစ်တိုးရာ၊ နဖူးစာရွာလည်တယ်ဆို မဟုတ်လား လေးချစ်တိုးရ”

“မင်း ဒီလောက်တတ်နေမှတော့ မင်းဟာမင်း သွားတောင်းမြန်းပါလား မောင်ကြိုင်ရာ၊ ငါ နားရင်းထ တီးမိ တော့မယ်”

“သည်လိုပါ လေးချစ်တိုးရာ၊ ကမ်းနားဈေးထဲ တွေ့ကြတာပါ၊ ကျွန်တော့်ကောင်မလေးက ကမ်းနားဈေးက သနပ်ခါးသည် မတင်ကြည်ဆီကို တစ်လတစ်ခေါက် သနပ်ခါးလာလာပို့တာလေ၊ ကျွန်တော်တို့ချင်းလည်း တစ်လတစ်ခါ တွေ့ကြရတာဗျ”

“နောက်တစ်လတွေ့ဖို့ ဘယ်လို ချိန်းကြတာတုန်း”

“မြန်မာရက် နဲ့ ချိန်းရတာပေါ့၊ ဘယ်နေ့ ဘယ်နေ့လာမယ်ဆိုရင် ကျွန်တော်က မနက်ပိုင်းအလုပ်မဆင်းဘဲ ဈေးဝ က စောင့်နေတာပဲ”

“မင်းရည်းစားက ဘယ်သူကွ”

“အေးသီ”


(၃)


မောင်ကြိုင် နဲ့ အေးသီ တွေ့ကြတာ ကမ်းနားဈေးမှာပါ။ ကမ်းနားဈေးက မန္တလေးမြစ်ဆိပ် အစိုးရသင်္ဘော ကျင်းနားမှာရှိတဲ့ ကိုကျော်သန်းတို့ သံရည်ကျိုစက်နဲ့လည်း နီးတယ်။ သံရည်ကျိုစက် အလုပ်သမားတွေက အလုပ်မ၀င်ခင် ဈေးမုန့်စားတတ်ကြတော့ မနက်တိုင်ရင် ဈေးထဲရောက်ကြတာများတယ်။ မောင်ကြိုင်က မန္တလေး က မဟုတ်ပါဘူး။ သပြေကန်ရွာက။ သပြေကန်ဆိုတာ ရေဦးတန့်ဆည်ဘက်ကရွာပါ။ မောင်ကြိုင် လူပျို မပေါက်တပေါက် ကတည်းက ကိုကျော်သန်းဆီ လူဆက်နဲ့ရောက်လာတာဆိုတော့ မန္တလေးရည် မ၀ သေးတောင် ချော်ဆိပ်ရည်ဝနေပါပြီ။ သံရည်ကျိုစက် က မန္တလေးချော်ဆိပ်မှာ ရှိတာကိုး။


ကိုကျော်သန်းအလုပ်ရုံအပေါ်ထပ်က အထပ်ခိုးမှာ မောင်ကြုင့်လို နယ်ကလူငယ်အလုပ်သမားတွေ လေး ငါးယောက် ရှိတော့ အလုပ်ပြီးရင် လူငယ်သဘာဝ ရွာရိုးကိုးပေါက်လျှောက်နေကျ။ မောင်ကြိုင်က မိဘတွေ မရှိရှာ တော့ပါဘူး။ သူ့ကိုလာအပ်တဲ့ ဦးလေးတော်ကလည်း မောင်ကြိုင့်အပ်ပြီးကတည်းက ပေါ်မလာ တော့ မောင်ကြိုင် ကလည်း သပြေကန်ကို စိတ်တောင်မရောက်တော့ပါဘူး။ ကိုကျော်သန်းက ထမင်းကျွေး နေတာ ဆိုတော့ ထမင်းဖိုးရယ်လို့ ထူးကုန်စရာမရှိဘူး။ ရတဲ့လခ ဆရာကတော်ဆီအပ်ထားတာပဲ တော် တော်ရပြီ။ ကိုကျော်သန်း သား တွေ ၀တ်တဲ့အထည်ကျတွေကလည်း မောင်ကြိုင်အဖို့တော့ အကောင်းစား တွေ ဖြစ်နေတာပါ။ သူ့ဆရာသားတွေက ပေးလိုက်၊ ကမ်းနားဈေးက လေဘေးထည် ကောင်းကောင်းဝယ် ၀တ်လိုက်ဆိုတော့ မောင်ကြိုင့်ခမျာအ၀တ်အစားတော့ လတ်လတ်လောလောရှိရှာတယ်။ ကောင်းကောင်း စား ကောင်းကောင်းဝတ် ရမှတော့ မန္တလေးလိုမြို့ကြီးမှာ မောင်ကြိုင်မနေချင်ဘဲ ရှိပါ့မလား၊ ပျော်ပြီပေါ့။


သည်ကြားထဲ ကိုကျော်သန်း က သူ့သားတွေ စွန့်တဲ့ ဂစ်တာတစ်လက် တပည့်တွေကို ဘုံချပေးထားတော့ မောင်ကြိုင့် တို့ အလုပ်သမားတွေဆိုတာ ကြုံရာလူက တဗျင်းဗျင်းပေါ့။ လူငယ်တွေဆိုတော့ ခုခေတ်စားတဲ့ သီချင်းတွေလည်း ရကြတယ်။ မောင်ကြိုင်ကတော့ ရွာသီချင်းတွေလောက် ကြိုက်တာပါ။ အနိုင်တို့၊ ဟင်္သာ တထွန်းရင်တို့၊ တွံတေးသိန်းတန်တို့ဆိုရင် အသေကြိုက်တာ။ ဒါပေမယ့် စိုင်းစိုင်းခမ်းလှိုင် သီချင်းတွေ လည်း ရောရောယောင်ယောင် ဆိုတတ်နေပါပြီ။ သံရည်ကျိုစက်ရုံက အလုပ်သိမ်းပြီဆိုရင် ဧရာဝတီမြစ် ထဲဆင်း ရေချိုး၊ ရှိုးကလေးထုတ်ပြီး ရပ်ကွက်ထဲ “သလား”ကြတော့တာပဲ။ သူတို့ဆရာက အရက်သေစာ သောက်စားတာ ခွင့်မပြုတော့ ဘယ်သူမှမသောက်ရဲကြဘူး။ အလုပ်သမားတစ်ယောက် အရက်သောက် လာတာ တွေ့လို့ ကိုကျော်သန်းက ညတွင်းချင်းအလုပ်က ထုတ်ပစ်လိုက်တာတွေ တွေ့ကြရကတည်းက အရက် တော့ မရဘူးမောင် ဖြစ်ကုန်ကြတာပါ။ ရည်းစားနဲ့ကွဲလာတဲ့ တင်သိန်း က သူ့အသည်းအရက်နဲ့စိမ် ချင်တယ် ပြောတော့ မောင်ကြိုင်တို့က ဝေးဝေးရှောင်ကြတယ်။


“မင်းဟာမင်း တစ်ခြားသွားစိမ်ပါကွာ၊ ပြဿနာထဲ ငါတို့ပါနေပါ့မယ်၊ ရည်းစားနဲ့ကွဲတာများ အရက်သောက် စရာ ဘာလိုသလဲကွ။ ကိုယ့်မကြိုက်တာ သွားပစေပေါ့။ ကိုယ်ကတောင် လုပ်ကျွေးရမယ့်ဟာ၊ အရက်နဲ့ ဘိုးတော် နဲ့ မဖြစ်ဘူးနော့ ငါ့ကောင်”


မောင်ကြိုင်က သူ့ခံယူချက်ကိုပြောတော့ တင်သိန်းကလည်း အရက်မသောက်ဝံ့တော့ဘူး။ ဘိုးတော် ဆို တာ ကိုကျော်သန်းကို ကွယ်ရာမှခေါ်ကြတဲ့ နာမည်။ မောင်ကြိုင် ကတော့ သူ့ဘ၀ကို အပျက်မခံတော့ဘူး။ ရွာပြန် ရမှာစိုးလို့။ ရွာမှာပင်ပန်းကြတာ သူအသိ။ ငွေတစ်ကျပ် လက်တွင်းဆုပ်မိဖို့ခက်တာ သူအသိ။ နဂိုက မိဘနှစ်ပါး မရှိတဲ့ မောင်ကြိုင့်ကို ဆရာကသာ မောင်းထုတ်လိုက်ရင်း တုံးမှီတိုင်ကပ်ဖြစ်တော့မယ်။ အလုပ် ကိုလည်း ကြိုးစားလုပ်တယ်။ ကိုကျော်သန်း တို့ မိသားစုကလည်း မောင်ကြိုင့်ကို သနားကြတာပါပဲ။ ချစ် လည်း ချစ်ကြပါရဲ့။


“မောင်ကြိုင်က အလုပ်လာဘ်မြင်တော့ သံရည်ကျိုစက်တွေက မောင်ကြိုင့်ကို သွေးတိုးစမ်းနေကြတာ ကြားတယ် ကိုကျော်သန်း၊ လခ ပို ပေးမလေး၊ အ၀တ်ပိုဆင်မလေး ဖြစ်နေကြသတဲ့။ မောင်ကြိုင့်ကို ကျုပ် တို့က ပျိုးပြီးကာမှ အသီးသူများခူးစားတာမျိုး ဖြစ်နေမနော်”


တစ်ရက် ကိုကျော်သန်း မိန်းမက ကြားလာတဲ့သတင်းပြောတော့ ကိုကျော်သန်းတောင် သည်ကိစ္စ စဉ်းစားရ ပြီ။ အလုပ်သမားကောင်းရင် လုပ်ငန်းတူတွေက ဖြားယောင်းကြ၊ မျက်စပစ်ကြတာ သဘာဝ ဆိုတာလည်း သိပါရဲ့။ အပြစ်တင်လို့လည်း ဖြစ်တာမဟုတ်ဘူး။ ဘယ်သူ့ဘယ်သူမှ ငါးနှစ်စာချုပ်ရယ်၊ လေးနှစ်စာချုပ် ရယ် ရှိတာမဟုတ်တော့ သည်လိုပဲ ငယ်မွေးခြံပေါက် ဘ၀ကနေ လူလုံးလှတဲ့အထိ ကိုယ့်လူကိုယ် မွေးကြ ရတာ မဟုတ်လား။ အလုပ်သမားက မပျော်ပါဘူးဆိုရင် ပြန်လွှတ်ကြရတယ်။ သည်တော့ မောင်ကြိုင်တို့ လို ရွာကလာလုပ်နေကြတဲ့ အလုပ်သများတွေကို ကိုကျော်သန်း ခေါ်ပြော ရတယ်


“မင်းတို့ကို ဆရာ ပြောမယ်။ ဆရာ မင်းတို့ကို ပညာသင်ပေးတယ်၊ ကျွေးမွေးစောင့်ရှောက်တယ်၊ ဘုရားပွဲ ရှိရင် အခါရက်ကြုံရင် ၀တ်စုံသစ် ချုပ်ပေးတယ်၊ လခကောင်းကောင်း ပေးထားတယ်၊ ရွာပြန်ချင်တယ်ဆို လည်း မိဘဘိုးဘွား ကန်တော့နိုင်အောင် ငါ ထောက်ပံ့တယ်၊ မင်းတို့လခထဲက မဖြတ်တာ မင်းတို့အသိ။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးကအစ လူတန်းစေ့ထားတယ်၊ ဆရာပြောချင်တာက မင်းတို့ကို သွေးမြှောက် သူတွေ ရှိရင် သွေးမမြောက်ကြနဲ့၊ ဆရာ့စေတနာကို ထောက်ထားကြဦး”


ကိုကျော်သန်း စေတနာ ကိုတော့ တပည့်တွေကလည်း ထောက်ထားကြတယ်။ သည်လိုနဲ့ မောင်ကြိုင် တောင် လက်လွှဲ၊ မျက်စိလွှဲရတဲ့ သံရည်ကျိုဆရာပေါက်စ ဖြစ်လာပြီပဲ။ သည်ဘက် နှစ်တွေမှာတော့ မောင်ကြိုင် က ရည်းစားစာတွေ ဘာတွေရေးလာတယ်။ ရေးတာလည်း သူများလူပျိုတွေလို ရေးပြီး အိတ် ထဲခေါက်ထည့်၊ ကြုံရာကျရာ အဆင်ပြေလောက်မယ့် မိန်းကလေးပေးတာမျိုးမဟုတ်ဘူး။ ရည်းစားစာကို တစ်လတစ်ခါ ပဲ ရေးတယ်။ ရည်းစားဆီက စာလာတော့လည်း တစ်လမှတစ်စောင်ပဲ။ သူငယ်ချင်းတွေက ကြာတော့ ရိပ်မိကြတာပေါ့။ ညတိုင်ရင် အထပ်ခိုးပေါ်မှာ လူပျို့သဘာဝ သူ့ရည်းစား ကိုယ့်ရည်းစား၊ သူပိုး ကိုယ်ပိုး၊ သူ့အုံ့ပုန်း ကိုယ့်အုံ့ပုန်းတွေ ပြောဖြစ်နေကျမဟုတ်လား။


“ဗွီဒီယိုရုံပေါက် ဈေးရောင်းနေတဲ့ သန်းသန်းစိုးက ငါ့ကို စီးကရက်ဝယ်တာ မီးတောင်ညှိပေးတာ၊ နေ့တိုင်း လာကြည့်နော် တဲ့၊ ငါ့ ကြွေနေပြီလား ပြောတတ်ပေါင်ကွာ”

“ညောင်ပင်ကြီးအောက်က သဲကား ထမင်းဆိုင်က ညီအစ်မခုနှစ်ယောက်ထဲက မှဲ့လေးနဲ့ကောင်မလေး တွေ့ကြလား၊ မတင့်လေ… မနေ့က မြစ်ဆိပ် ရေချိုးကြတော့ ဆပ်ပြာတစ်ပွတ်လောက်တောင်းလို့ ငါ ပေး ခဲ့ရ ပါပကော”

“ဈေးထိပ်က ကြာဇံသုပ်ရောင်းတဲ့ ဒေါ်ဝတုတ် တူမ ဆိုတာကွာ၊ မိတ်ကပ်တွေဖွေးနေတဲ့ ကောင်မလေးလေ၊ ငါ့ကို မြို့ထဲရောက်ရင် သီချင်းစာအုပ်လက်ဆောင်ဝယ်ခဲ့ပေးပါတဲ့၊ ဘာစာအုပ်လဲဆိုတော့ ကြိုက်တာဝယ် ခဲ့တဲ့”


ညဘက် အထပ်ခိုးပေါ်မှာ ဟုတ်တာရော၊ မဟုတ်တာရော မိန်းကလေးတွေအကြောင်း ပြောကြတော့ မောင်ကြိုင်က မပြောဘူး၊ ကြာတော့ ရည်းစားစာတွေ တစ်လတစ်ခါရေးတာကစပြီး မောင်ကြိုင့်အခြေအ နေကို အစ်အောက်မေးကြတယ်။ သည်တော့မှ မောင်ကြိုင်က သူ့ရည်းစား အေးသီအကြောင်းက စတယ်။ အေးသီ နဲ့ သူနဲ့ဈေးထဲမှာတွေ့ကြရာက ကြိုက်ခဲ့ကြတဲ့အကြောင်းက စတယ်။ အေးသီက စစ်ကိုင်းအ နောက် လယ်ပြင်ကြီးဆိုတဲ့ရွာကနေ သည်ဈေးထဲကို သနပ်ခါးလာပို့နေတဲ့ တစ်ရွာသူကလေးဖြစ်ကြောင်း၊ လယ်ပြင်ကြီးရွာ မှာ အေးသီက အချောဆုံးလို့ အေးသီကိုယ်တိုင်က ပြောတဲ့အကြောင်း၊ အေးသီပြန်ရင် ဥပုသ်တော် ကုန်းထိပ် စစ်ကိုင်းကားမှတ်တိုင်ကို သူ့စက်ဘီးနဲ့ (သံရည်ကျိုရုံက လက်ဖက်ရည်ဝယ်တဲ့ စက် ဘီးပါ) လိုက်ပို့ကြောင်း၊ ဥပုသ်တော်ကုန်းထိပ်က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ကြပြီး ကားပေါ် တင်ပေးနေကျဖြစ်ကြောင်းတွေ ပြောတော့ ကျန်တဲ့သူငယ်ချင်းတွေက ပါးစပ်ဟောင်းလောင်း။


“မောင်ငကြိုင် မိုက်လှချည့်လားကွ၊ ငါတို့ဖြင့် မင်းရည်းစား အေးသီကို လိုက်ပို့တာ တစ်ခါမှ မတွေ့ဖူး ပေါင် ကွာ”

တင်သိန်းက မယုံသလိုလို မေးတော့ မောင်ကြိုင်က ပြုံးတယ်။

“အေးသီက ငါတို့အလုပ်ပိတ်ရက် ဥပုသ်နေ့မှ ရွေးလာတာကွ၊ မင်းတို့ ဘယ်တွေ့မှာလဲ”

“ဒါနဲ့ အေးသီ က အတော်ချောသလားကွ မောင်ကြိုင်ရ”

“ချောပြီပေါ့ကွာ၊ မြို့မှာဆို ဗွီဒီယို မင်းသမီး ဖြစ်လောက်တယ်”


သူငယ်ချင်းတွေက မောင်ကြိုင်တစ်ယောက် မိန်းမချောနဲ့ ကြိုက်မိပါပကောရယ်လို့ အားကျကြတယ်။ ဟုတ်လေသား မဟုတ်လေသလား မသိရပေမယ့် မောင်ကြိုင် ညွှန်းသလောက်တော့ ဗွီဒီယိုမင်းသမီးဖြစ် လောက်တယ် ဆိုလေတော့ မောင်ကြိုင့်ရည်းစားကြည့်ချင်ကြတယ်။ သူငယ်ချင်းတွေက လာမယ့်ဥပုသ်နေ့ ဘယ်မှ အလည်မထွက်ဘဲ စောင့်ကြည့်ကြမယ် ဖြစ်ကုန်ရော၊ တကယ်က မောင်ကြိုင်က ရွာမှာလေးတန်း လောက် နေခဲ့တာဆိုတော့ ဟုတ်တိပတ်တိရေးတတ်တာ မဟုတ်ပါဘူး။


တစ်ရက်တော့ မောင်ကြိုင်က ဘာစိတ်ကူးပေါက်သလဲ မပြောတတ်ပါဘူး၊ အေးသီက ပေးလိုက်တာဆိုတဲ့ စာကို ပြတယ်။ အစ်ကိုလို့ အစချီပြီး မောင်ကြိုင့်ကို လွမ်းရတာက များများ၊ တစ်လတစ်လ ကြာတယ်ထင် လွန်းလို့ အမေ မန္တလေးလွှတ်မယ့်ရက်ကို လက်ချိုးရေနေရကြောင်းတွေ ဖတ်ရတယ်။ ဗလာစာရွက် ပျော့ တိပျော့ဖတ်ပေါ်မှာ တစ်လတစ်စောင်ရတဲ့ စာကပဲ အစောင်နှစ်ဆယ်ကျော်လောက် ရှိပြီဆိုတော့ ရည်းစား သက် ကချည်း နှစ်နှစ်နီးပါးရှိတဲ့သဘော ရောက်နေပြီ။ စာတစ်စောင်မှာတော့ သည်တစ်ခေါက်လာရင် မိသားဖသား ပီပီ တောင်းရမ်းဖို့ကိစ္စပြောရအောင်ဆိုတာ ပါလာတယ်။ အေးသီအမေမုဆိုးမကလည်း သမီး ကရတဲ့ သမက်ကို အကြောင်းပြုပြီး မန္တလေးကို လိုက်နေမယ်ဆိုတာလည်း ပါရဲ့၊ မန္တလေးမှာ မအေက သနပ်ခါး ရောင်းမယ်၊ အေးသီက ခေါင်းရွက်ဗျပ်ထိုး လည်ရောင်းမယ်၊ အစ်ကိုကလည်း အလုပ်ရှိမှတော့ အေးသီဘ၀ ကို ရင်ဆိုင်ရဲတယ်တို့ ဘာတို့ ပါလာရော။


“ဒါဖြင့် မင်း မိန်းမယူရတော့မှာပေါ့ ဟုတ်လား မောင်ကြိုင်”

ဘယ်သူမှ ကောင်းကောင်းကန်းကန်း မတီးတတ်တဲ့ ဂစ်တာကို ဘေးချပြီး သူငယ်ချင်းတွေက မေးတယ်။ မောင်ကြိုင် က မျက်နှာပိုးမသေတဲ့ မျက်နှာကြီးနဲ့ပေါ့လေ။ ဘ၀ခရီးမှာ ချစ်သူနဲ့ လျှောက်လှမ်းတော့မယ်ဆို တဲ့ပုံလည်း ပေါ်ရဲ့။

“ယူတာတော့ ဟုတ်ပါပြီကွာ၊ အေးသီ ရေးထားပုံက လွယ်လိုက်တာ။ မင်းရည်းစားရွာက ဘယ်မှာတုန်း၊ ဈေးထဲတွေ့ကြပြီး ကြိုက်ကြတာထားပါတော့၊ ကိုယ့်သူမသိ သူ့ကိုယ်မသိနဲ့ မင်းဟာ မဟုတ်သေးပါဘူး”


သူတို့အလုပ်သမားတွေထဲ အသက်အကြီးဆုံးဖြစ်တဲ့ ကိုသံချောင်းက မေးတော့ မောင်ကြိုင် မဖြေတတ် ပြန်ဘူး။ ကိုယ့်အကြောင်းသိရအောင် မောင်ကြိုင်ကလည်း သူ့ကိုယ်သူ ဘာမှဟုတ်တယ် မထင်ပါဘူး။ ကိုကျော်သန်း သံရည်ကျိုရုံမှာ အလုပ်ကလေး အကိုင်ကလေးနဲ့ လူလုံးပြောင်ပြောင်နေရတာရှိတာပဲ မဟုတ်လား။ အေးသီကလည်း သနပ်ခါးစည်း မြွေရေခွံအိတ်နဲ့ထည့်လာ၊ ဈေးဖြတ်ပြီး အရင်လက ပိုက် ဆံရှင်း။ အရင်းကို ရွာကသနပ်ခါးရှင်ပြန်ပေး၊ အမြတ် သားအမိနှစ်ယောက်စားကြတယ် ဆိုတာလောက် တော့ မောင်ကြိုင်သိသားပဲ။ စစ်ကိုင်းအနောက်ဖျား လုယ်ပြင်ကြီးသူ ဆိုတာလောက်၊ နာမည်အေးသီ ဆိုတာလောက်၊ သနပ်ခါးပို့သူဆိုတာလောက်နဲ့ ယူတော့ကော ဘာဖြစ်လို့လဲ။ သူကလည်း ချစ်တယ်။ ကိုယ်ကလည်း ချစ်တယ် ပြီးပြီပေါ့။

သည်စကား က အလုပ်သများတွေကတစ်ဆင့် ကိုကျော်သန်း မိန်းမနားရောက်သွားတော့ မောင်ကြိုင့် ခေါ်မေးတယ်။


“မောင်ကြိုင် နင် မိန်းမယူတော့မလို့ဆို၊ ဘယ်က မိန်းကလေးလဲ ဟဲ့”

“စစ်ကိုင်းအနောက်ဘက် လယ်ပြင်ကြီးသူ သနပ်ခါးသည်၊ နာမည်က အေးသီပါ အစ်မ”

“နင်က အလုပ်က ထွက်တော့မှာပေါ့၊ လယ်ပြင်ကြီး လိုက်နေမှာပေါ့၊ အဲသလိုလား”

“အလုပ် မထွက်ပါဘူး အစ်မရယ်။ မိသားဖသားပီပီ တောင်းရမ်းယူမယ်၊ သူတို့ရွာမှာ ဘုန်းကြီးဆွမ်းကပ် ပြီးရင် ခေါ်လာရုံပဲ”

“နင့် လွယ်လိုက်တာဟယ်၊ မိန်းမယူလာတော့ တို့ထပ်ခိုးပေါ်နေလို့ ဘယ်ဖြစ်တော့မှာတုန်းဟဲ့၊ ယောက်ျား လေး တွေ တရုန်းရုန်းနဲ့”

“အိမ်ကလေး ငှားနေမလားလို့ဘဲ”


သည်စကားက သူ့မယားကတစ်ဆင့် ကိုကျော်သန်းဆီရောက်ကရော။ ကိုကျော်သန်းကတော့ ချိုသည် ခါးသည် မပြောပါဘူး။ လူပျိုတစ်ယောက် မိန်းမယူတာ ဆန်းသလားလို့။

တစ်ရက် အေးသီက သနပ်ခါးလာပို့ရင်း မောင်ကြိုင် အလုပ်လုပ်တဲ့ ကိုကျော်သန်း အလုပ်ရုံရှေ့ကို ရောက်လာတယ်။ မအေလုပ်သူလည်းပါရဲ့။ မောင်ကြိုင်ကလည်း အံ့သြလို့။ မောင်ကြိုင်နဲ့ အေးသီ ချိန်း ထားတဲ့ ရက်မဟုတ်ဘဲ ရောက်လာကြတာကိုး။ သံရည်ကျိုစက်ပိုင်ရှင်ရဲ့ဧည့်ခန်းမှာ သားအမိနှစ် ယောက် အစွင့်သား ထိုင်လို့လေ။ ကိုကျော်သန်းကပဲ မောင်ကြိုင်ကိုခေါ်ပြီး စကားပြောစေတယ်။ ဘာ တွေ ပြောကြတယ် မသိပါဘူး။ ကိုကျော်သန်းက မောင်ကြိုင့်ရည်းစားရယ်လို့ လမ်းစရိတ်လေး ဘာလေး တောင်ပေးလိုက်သေးတယ်။ ကိုကျော်သန်းမိန်းမကလည်း သူ့အ၀တ်အကျကလေးတွေ မနည်းပါဘူး ပေး လိုက်တာ။ အေးသီ တို့ သားအမိ ပြန်ကြတော့ ကိုကျော်သန်းက မေးရော။


“ဘာတဲ့တုန်းကွ မောင်ကြိုင်”

“သီတင်းကျွတ်လပြည့်ကျော်ရင် တောင်းရမ်းဖို့လာပြောကြတာ ဆရာ၊ ဆရာတို့ပဲ တောင်းပေးပါ၊ ကျွန် တော့် မှာ လူကြီးမိဘရယ်လို့ မရှိတော့ပါဘူး။ ရွာက အမျိုးတွေသွားခေါ်တော့လည်း စရိတ်ပွန်းတာ အဖတ်တင် ရုံရှိမှာပဲ”

ပြဿနာက သည်တင်ပြီးပေမယ့် ညဘက် အထပ်ခိုးပေါ်အိပ်ကြတော့ တက်ကရော။ ဗွီဒီယိုမင်းသမီးရှုံး တယ်ဆိုတဲ့ အေးသီကို သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေက မျက်မြင်တွေ့လိုက်ကြရတာကိုး။ အေးသီ က အသား ညိုညို၊ မျက်လုံးပြူးပြူး၊ မျက်နှာဝိုင်းကလေးနဲ့ပေမယ့် အချောကြီးတော့ မဟုတ်ပါဘူး။ သူလို ကိုယ်လို ရွက်ကြမ်းရေကျိုထဲကပါ။ ဒါကို သူ့ရည်းစား အမွှန်းတင်ရပါ့မလားလို့ ဟားကြတာပါ။

“မောင်ကြိုင့် ရည်းစား ဗွီဒီယိုရိုက် ဖို့ ကုမ္ပဏီတွေက လုနေကြတာကွ”

“ဟုတ်လား၊ ဘာကားရိုက်မှာတုန်း”

“သရဲကား”


မောင်ကြိုင်ကတော့ သူ့စကားနဲ့သူ ဘာမှမပြောသာဘူး။ မျက်နှာရှုးကြီးနဲ့ ခံနေတာပဲ။ စိတ်ဆိုးရလည်း ခက်ကိုး။ သူ့စိတ်ထဲတော့ အေးသီ က တကယ်လှရှာပါတယ်။ သူ့ဘ၀မှာ အမြဲနိမ့်ပါးခဲ့ရတာ သူအသိ။ မိဘနှစ်ပါး မရှိကတည်းက ရွာမှာ ကောက်ရိုးပုံဘေးလိုလို၊ နွားစားကျင်းဘေးလိုလို ကြီးခဲ့ရတာဆိုတော့ အားငယ်စိတ် ကလည်း အမြဲရှိတယ်။ နွားကျောင်းနိုင်တဲ့ အရွယ်ရောက်တော့ ဦးလေး ဘကြီးတွေက လယ်ထဲ ကိုင်းထဲ နွားကျောင်းခိုင်းတော့ ရွာပြင်ကွင်းထဲ အချိန်ကုန်ခဲ့ရတယ်။ သူက ရွာမှာမပျော်ဘူး။ ရွာ နဲ့ဝေးတဲ့ အရပ်မှာ သွားနေချင်ခဲ့တယ်။ အခုတော့ မန္တလေးမှာနေရပြီ။


ချစ်သူရည်းစားကလေးတစ် ယောက်လည်း ကောက်ရခဲ့ပြီဆိုတော့ နည်းတဲ့ကုသိုလ်လား။ ဘ၀မှာ သားရယ်၊ မယားရယ်လို့ အဖော် တွေ ရှိလာတော့မယ်။ အေးသီကလည်း တောသူကလေးပီပီ ရိုးပုံရိုးလက် ပါ။ ခမျာ မအေအိုကြီး လုပ် ကိုင်ကျွေးနေရရှာတာဆိုတော့ မိန်းကလေးတန်မဲ့ မန္တလေးနဲ့ လယ်ပြင်ကြီး ကူး နေရတယ်။ တွေးကြည့် ရင်တောင် အေးသိကို မောင်ကြိုင် သနားလာမိတယ်။ အခုလောက်ဆို ခမျာ သူ့ကို မျှောနေရှာရောပေါ့။ “၀ုန်း” ၀ုန်းခနဲ အသံကြားလိုက်ရတော့ ကားပေါ်ပါလာတဲ့ လူတွေလည်း လန့်သွားကြတယ်။ မောင်ကြိုင်ဆိုတာ စိတ်ကူးယဉ်ရေယာဉ်ကြော မျောနေရာက “အမယ်လေးဗျ” လို့တောင် အော်လိုက်မိတဲ့အထိ။


(၄)


လမ်းက ဆိုးသည်ထက် ဆိုးလာပြီ။ ချိုင့်ကြီး၊ ကျင်းကြီးတွေဆိုတာ ရှောင်မလွတ်ဘူး။ လှည်းလမ်း ကြောင်းဆိုပေသိ မိုးတွင်းက ပျက်စီးထားတာဆိုတော့ လမ်းက အသားမကျသေးဘဲ ပျက်ချင်တိုင်း ပျက် နေတာပါ။ ထော်လာဂျီဘီးရာတွေတော့ တွေ့သား။ မောင်ကြိုင့်ကောင်မလေးက စစ်ကိုင်းကနေ လယ်ပြင်ကြီး အထိ ကားလမ်းပေါက်တယ်လို့ မောင်ကြိုင့်ကို ပြောထားတာ ကိုကျော်သန်းက အဟုတ် ကြီးထင်ပြီး စွတ်ရွတ်မောင်းချလာတာပါ။ အညာအရပ်ပီပီ ပဲခင်း၊ ပြောင်းခင်း၊ ငုတ်စိကလေးတွေကလွဲ လို့် သစ်တစ်ပင် ကောင်းကောင်း မတွေ့သေးဘူး။ လမ်းကကြမ်းတော့ ကားကလည်း တီကောင်ဆားနဲ့ တို့ သလို ထွန့်ထွန့်လူးလို့။


မတတ်နိုင်ဘူးဆိုတဲ့စိတ်နဲ့ပဲ ကိုကျော်သန်းလည်း သူ့ကားကိုဖြစ်ချင်ရာဖြစ် သဘောထားပြီး ဆက် မောင်းလာရတော့တာပါ။ ရှေ့မှာ သစ်အုပ်ညိုညို ရွာကြီးတွေ့ရပြီ။ လယ်ပြင်ကြီးလားဆိုတော့ ဂက်စ် ဆရာက မဟုတ်ဘူးတဲ့။ မိုးနံကုန်းတဲ့။ လမ်းသုံးမွှာဆိုတာတောင် ဘယ်ဆီမသိနိုင်သေးတော့ မောင်းရုံ ပေါ့။ ကားပေါ်က လူတွေလည်း နေပူထဲ ကျင်တင်ထားတာကမှ သက်သာလိမ့်ဦးမယ်။ သီတင်းကျွတ်ပြီ ဆိုပေမယ့် အညာအရပ်ဆိုတော့ ပူလိုက်တာ ကော့လို့။ သည်ကြားထဲ တိုက်ပုံအင်္ကျီတွေ၊ ပိုးပုဆိုးတွေနဲ့ ဆိုတော့ ကျပ်ထုပ်ကြီးဖြစ်ပြီး မခံနိုင်တော့ဘူး။ ရေကလည်း ဘယ်သူမှ ပါမလာဘူး။ တော်ပါသေးရဲ့။ ဂက်စ်ဆရာက သောက်ရေသန့်ဘူးဟောင်းလေးတစ်လုံးထဲ ရေထည့်လာလို့။ သူ့ရေကို တစ်ကားလုံး အာစွတ်ရုံသောက်ကြရတယ်။


“တော်ရုံဝဋ်ဆင်းရဲ မဟုတ်ပါလားကွာ၊ ဘ၀ဟောင်းတုန်းက ငှက်တွေ မီးကင်စားခဲ့ဖူးလို့နေမှာ”

ကျောင်းအုပ်ဆရာကြီး က ညည်းပြီ၊ ကျောင်းအုပ်ကြီးရယ်လို့ တစ်သက်လုံး အစည်းအဝေးလောက် ထိုင် ခဲ့ရသူ ဆိုတော့ ကားပေါ်မှာ လူးလှိမ့်နေတဲ့ဒဏ်၊ နေပူဒဏ်၊ ရေဆာဒဏ်တွေပေါင်းပြီး မျော့မျော့ကျန် တော့တယ်။ ကိုချစ်တိုးလည်း မထူးဘူး။ လူဝကြီး ဦးမှတ်တင်လည်း မထူးဘူး။ တရုတ်ကြီး ဦးဝိန်ဆိုတာ က အသား တွေများ ပိုးနီစပ်ကောင်ကျလို့။ ကိုကျော်ဝင်းကတော့ စကားတောင် ဟဟမပြောနိုင်တော့ ဘူး။


“မင်းကွာ၊ စစ်ကိုင်းအနောက်ဘက် လယ်ပြင်ကြီးဆိုတာနဲ့ တို့ကလည်း လိုက်လာတာ။ မင်းကလည်း ရွာ မသိ၊ လမ်းကလည်း ဆိုး၊ မင်းချိန်းတဲ့ မနက်ဆယ်နာရီဆိုတာ သီသီကျော်ပေါ့၊ အခုပဲ ဆယ်နာရီခွဲနေပြီ။ မင်းရွာ မွန်းတည့်ရောက်ရင် အာဂ”

ကိုချစ်တိုးက မောင်ကြိုင့်ကိုဆူတယ်။ မောင်ကြိုင်က သူလည်း ထမင်းဆာပြီ။ ကားပေါ်ပါလာတဲ့ လူကြီး တွေကလည်း ဆာကြရော့မယ်။ ကိုကျော်သန်း မိန်းမက ရွာရောက်ရင် ရွာဘုန်းကြီးများကပ်ဖို့ ထိုးမုန့် တွေ၊ လမုန့်တွေ၊ လက်ဖက်တွေ၊ ကိတ်မုန့်ဘူးတွေ ထည့်ပေးလိုက်တာတော့ ရှိပါရဲ့။ ဘုန်းကြီးရဟန်း လှူမယ့် လှူဖွယ် တွေဆိုတော့ စိတ်နဲ့တောင် မပစ်မှားရဲကြဘူး။ စစ်ကိုင်းအနောက် ခဏလေးတင်ဆို တော့ ဖုတ်ဖက်ခါ လိုက်လာခဲ့ကြတဲ့သူချည်းကိုး။ ရွာရောက်ရင် စားရမှာပဲဆိုပြီး ဘာတစ်စေ့မှ အိမ်က စား မလာခဲ့ကြ။


အပိုင်း-၃ ဆက်ရန် 


{ ရွှေဇင်ဦးဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်။ }


No comments:

Post a Comment