Sunday, 11 November 2018

ကျွန်မနှင့် ကိုကို -အစချီ 📓📓📓📓📓📓📓 ကြည်အေး

ကျွန်မနှင့် ကိုကို -အစချီ


📓📓📓📓📓📓📓


ကြည်အေး


ကျွန်မနှင့်ကိုကိုသည်တစ်ညနေတွင် ညစာထမင်းစားပွဲတစ်ခုသို့ သွားကြ၏။ အများအားဖြင့်လည်း ညစာကို အိမ်မှာစားလေ့မရှိကြပါ။ ခိုင်းစေသောကလေးမနှစ်ယောက်ကို သူတို့စားလောက်ရုံသာ ထမင်းချက်ခိုင်းပြီး ဟင်းဝယ်စားဖို့ ပိုက်ဆံပေးကာ ကိုကို့မိတ်ဆွေများနှင့် တစ်နေရာသို့သွား၍ စားသောက်ကြမြဲ ဖြစ်ပါသည်။


ထို့ကြောင့် ညနေစောင်း၍ ကိုကို ပြန်လာခါနီးလျှင် ကျွန်မသည် ဖြီးလိမ်းဝတ်စားပြီး ရေမွှေး ဆွတ်ကာ အိမ်ပေါက်ဝက ကြိုမြဲပင်။ တစ်ခါတစ်ရံ ကိုကိုသည် အိမ်ထဲသို့ပင် မ၀င်တော့ပါ။ ကျွန်မ သူ့ကားပေါ်အသင့် လိုက်သွားရုံသာဖြစ်သည်။ ငြင်းရလည်းခက်ပါသည်။ ကိုကိုသည် တစ်ယောက်တည်း ဖြစ်ခဲ၍ သူ့သူငယ်ချင်းများ လင်စုံ၊ မယားစုံ တွဲဖက် လိုက်ပါလာတတ်သည်မို့တည်း။ ကျွန်မတို့သည် ကားသုံးလေးစီး စီတန်း၍ ထွက်ခွာလေ့ရှိ၏။ အင်မတန်ပျော်စရာ၊ အားကျစရာကြီးပဲလို့သူများထင်စရာပါပဲ။ တစ်ခုမှာတော့ ကိုကို့သူငယ်ချင်းတို့၏ ဇနီးသည်တို့ကို ကျွန်မ မနှစ်သက်လှပါ။ တစ်ယောက်က အမြဲပင် သူအသစ်ဝယ်သော အ၀တ်အစား၊ ဖိနပ်၊ လက်ပွေ့အိတ်များကို ကျွန်မအားပြသ၍ ချီးမွမ်းစကားကို စောင်သည်။ သူနှင့်ကျွန်မ အဆင်အသွေးကြိုက်ပုံမတူပါ။

ကျွန်မသည် အမြဲပင် မုသာဝါဒတို့ကိုဆိုနေရကာ ကြာတော့ သူ့ကိုရော၊ ကျွန်မကိုပါ စက်ဆုပ်ခြင်း ဖြစ်လာသည်။ 

နောက်တစ်ယောက်ကမူ သူ့ယောက္ခမမှစ၍ ဘယ်သူ့အကြောင်းပြောသည်ဖြစ်စေ သူတို့၏ လူအပေါင်း မသိထိုက်သော၊ ရှက်စရာကောင်းသော၊ ဆိုးဝါးသောအကြောင်းအရာ တစ်ခုပါအောင် အလိမ္မာဖက်၍ တစ်မျိုး၊ ပြောင်ပြောင်တစ်မျိုး ပြောပြနှင့်တတ်သဖြင့် ထိုသူတို့ကို တွေ့ရသည့်အထိ လိပ်ပြာသန့်သန့်ဖြင့် ကျွန်မ မျက်နှာချင်းဆိုင်ခြင်းငှာ မ၀ံ့တော့ပါ။ သူတို့နှင့် မိတ်ဆွေမဖြစ်ခင်က သူတို့၏ မကောင်းသော အချက်ကိုသိပြီး ဖြစ်ရသည်။ တစ်ယောက်ကမူ ကျွန်မကို ယခုဖက်လဲတကင်းခင်မင်ပြီး နောက်တစ်ခါ ယဉ်ကျေးဝေးကွာသော အမူအရာတွေပြတတ်သည်။ သူ့ကို ဘယ်လိုဆက်ဆံရမည်ဆိုတာ ကျွန်မ မကြံစည်တတ်ပါ။ ပြီးတော့ ကျွန်မသည် ထိုမိန်းမများအကြောင်းကို ကိုကို့အားပြောမိပြန်သော် ကျွန်မသာအတင်းပြောတတ်၍ စိတ်နှလုံးကောင်းမရှိသော မိန်းမအဖြစ်သို့ရောက်သည်။ အနည်းဆုံး သည်လိုပင် ကျွန်မ ထင်ပါသည်။ ကိုကိုသည် ကျွန်မလောက် မသိမြင်လေသလား သို့မဟုတ် ကျွန်မထက် စိတ်ထားကြီးရင့်လေသလားလို့ တွေးတောစိတ်ညစ်ကာ နောက်ဆုံး၌ ဘယ်သူ့ကိုမှန်းမသိ တစ်ယောက် တည်း စိတ်ဆိုးနေမိတတ်လေသည်။


ယနေ့ညအဖို့တော့ ကိုကိုသည် တစ်ယောက်တည်းပြန်လာပါသည်။ ကျွန်မသည် ပြောင်ပြောင် လက်လက် ၀တ်စားပြီးဖြစ်သော်လည်း ကိုကိုအိမ်မှာ ထမင်းစားပြီး အိပ်ရာမှာလဲလျောင်းနေမယ်ဆိုလျှင် ၀မ်းသာဖို့အသင့်ရှိပါသည်။ ကျွန်မတို့အိမ်မှာ ကလေးတစ်ယောက်မှမရှိ။ ကျွန်မတို့ လက်ထပ်ပြီးသည်မှာ ငါးနှစ်မျှရှိသော်လည်း ကျွန်မတို့သည် ကလေးမလိုချင်သေးပါ။ ကျွန်မသည် ဆရာဝန်ပေးသောသုံးဆေးကို ဒါဇင်ဝက်စီဝယ်ထားလေ့ရှိကာ လာချင်သောသားသမီးကို တားဆီးထားသည်။ တစ်ခါတစ်ရံတော့ ကိုကိုရုံးသွားသည့်အခါမျိုးမှာ သားသမီးနှင့် ကစားပြီးနေလိုစိတ်ပေါ်တတ်ပါသည်။ သို့သော် ကျွန်မသည် မွေးဖွားခြင်းဝေဒနာကို သေရမှာလိုပင်ကြောက်သည်။ ကျွန်မ၏ ကျော်ကြားသော ကိုယ်လုံးအလှလည်း ပျက်စီးမှာကြောက်သည်။ ကိုကိုက ကျွန်မအပေါ် သားသည်မအေတစ်ယောက်အဖြစ် အထင်အမြင် ပြောင်းသွားမှာလည်းကြောက်သည်။ ကိုကိုက ကျွန်မအပေါ် အနိုင်ယူလာမှာလည်းကြောက်သည်။ ယခုဆို လျှင် ကျွန်မတို့လင်မယားကို ယောက်ျားအများသည် သမီးရည်းစားမျှသာလို့ ထင်ကြဟန်တူသည်။ ကျွန်မ ကို ပိုးပန်းသူများလည်းရှိဆဲပင်ဖြစ်ပါသည်။ သို့လျှင် ကျွန်မသည် ကိုကို့မျက်စိထဲတွင် အရင်က နီးပါးမျှ အဖိုးတန်နေပါသေး၏။


ကိုကိုသည် အိမ်မှာ သည်တစ်ညအဖို့ အေးအေးဆေးဆေး နေဦးမည့်ပုံမပြပါ။ ကျွန်မ အလှပြင်ထား သောဧည့်ခန်းကို လှည့်၍မျှ မကြည့်ဘဲ “ဒင်နာသွားရအောင် မသွားလို့မဖြစ်ဘူး၊ ကိုကို့ဝန်ကြီးက လာရမယ်ပြောတယ်”- လို့သာပြောပြီး ရေချိုးခန်းကို တန်းတန်းမတ်မတ်သွားသည်။ ကျွန်မသည် ဧည့်ခန်း ထဲမှာ အေးချမ်းပါလျက် ပန်ကာဖွင့်ပြီး မမောပါဘဲ အပန်းဖြေနေရပါသည်။


ကျွန်မ ဧည့်ခန်းကို သည်နေ့ အထူးပင်ပြင်ထားသည်။ ခါတိုင်းလည်း အထူးပြင်ခဲ့သည်ပင်။ ညနေ ကိုကိုပြန်လာလျှင် နှစ်ယောက်တည်း တစ်ခါလောက်နေကြဖို့ ဖြစ်နိုင်မလားလို့ မျှော်လင့်စိတ်ကလေး ထားတတ်သည်။ ကိုကိုနှင့်ကျွန်မသည် နှစ်ယောက်တည်း အေးအေးလူလူ နှစ်နာရီပြည့်အောင် မနေရတာ ကြာပြီ။ လက်ထပ်ပြီးစ ဟန်းနီးမွန်းထွက်သည့် လေးလကုန်သွားပြီးကတည်းကဆိုပါစို့။ ကျွန်မဧည့်ခန်းကို ပြင်ခဲ့သည်မှာ ပြင်ရကျိုးနပ်လှသည် မဟုတ်ပါ။ ဧည့်သည်တို့အံ့သြခြင်းကို ခံရုံသာဖြစ်ပါသည်။ ငွေကုန်တာကိုတော့ ကျွန်မတို့အဖို့ တွက်စရာမလိုသော အခြေအနေရှိသည်။ ကျွန်မနေရှိသောအမွေမှာ များပြားလှသည်။ သို့လျှင် ကျွန်မသည် လဆန်းစဖြစ်စေ၊ လကုန်ခါနီးဖြစ်စေ ဈေးသို့သွားကာ ဂျပန်ပြည်၊ အိန္ဒိယပြည်၊ အင်္ဂလန်ပြည်၊ အမေရိကန်ပြည် စသည်တို့ကလာသော အလှအပ အဆန်းအပြားပစ္စည်းများကို ၀ယ်ကာ အချိန်ကုန်အောင် သုံးပါသည်။ ပြီးတော့ နိုင်ငံခြားသွားသူများကို ငွေပေး၍ လိုချင်တာလည်းမှာရ ပြန်ပါသည်။ ကျွန်မ၏ဧည့်ခန်းမှာ အနှစ်ငါးဆယ်ခန့်က စုဆောင်းပြုစုလာသလို ခမ်းနားလှပလှပါသည်။ သို့သော် ကိုကိုသည် အိမ်မှာမနေချင်တတ်ပါ။


ကိုကိုရေချိုးခန်းကထွက်လာသော် မ၀တ်ရသေးသော အကောင်းဆုံးဝတ်စုံများကိုထုတ်ပေးပြီး ကျွန်မ ကိုယ်တိုင်လည်း ပို၍အဖိုးတန်သော အ၀တ်အစားကို အသစ်လဲရပြန်ပါသည်။ ပိုက်ဆံအိတ်၊ ဖိနပ်၊ ပ၀ါက အစ လဲဝတ်ရပြန်ပါသည်။ ပြီးတော့ စီးကရက်ကို ကမန်းကတန်းပါအောင် ယူရသည်။


ကားထဲမှာ ကျွန်မတို့ စကားများစွာ ပြောလေ့မရှိ။ ပြောစရာစကားလည်း မရှိလှပါ။ ကိုကိုက ရုံးအကြောင်းသာ ပြောချင်သည်။ ကျွန်မက အိမ်အကြောင်းပြောချင်၍ပြောလျှင် တစ်ယောက်တည်း ပြောနေရတာနှင့် တူတတ်သည်။ ထို့ကြောင့် များသောအားဖြင့် နှစ်ယောက်စလုံး စီးကရက်သောက်ပြီးသာ နေတတ်ကြပါသည်။


သည်ညအဖို့တော့ ကျွန်မမှာ စိတ်ကူးတစ်ခုပေါ်သည်။


“ကိုကို..ကားအသစ်လဲရရင် မကောင်းလား၊ ခုနောက်ဆုံးပေါ်တဲ့ ငါးပျံကြီးနဲ့တူတဲ့ကားကြိုက်တယ်၊ အရောင်အားကြီးလှတာပဲ။ မရန်းစေ့ရောင်အနုကလေးလိုချင်တယ်”


ကိုကိုက “ကောင်းသားပဲ” ဟု သဘောတူသည်။ ယခုစီးနေသော ကားကို သူမစီးချင်တာကြာပြီလို့ ပြောပြပါသည်။ ဟိုတလောက အရက်မူးသမားအဘိုးကြီးတစ်ယောက်ကို တိုက်မိတာ သေသွားတာကို သူ့စိတ်ထဲက မမေ့ပျောက်နိုင်သည့်အကြောင်း ပြောပါသည်။


“သေသွားသလားဟင်၊ ကျွန်မတောင်မသိဘူး” ဟု ကျွန်မက အလန့်တကြားပြောလျှင်…


“ခင်ကြောက်မှာစိုးလို့” ဟု ကိုကိုဖြေပါသည်။


“ကိုကို့ဆီကို ပုလိပ်တွေ ဘာတွေလာသေးသလား”


“ဘာမှတော့မဖြစ်ပါဘူး၊ အုပ်လိုက်ဆိုင်းလိုက်ရတာပေါ့။ ကိုကို ငွေနှစ်ရာထည့်လိုက်တယ်။ ”


“ပြီးတော့လည်း သူက ကားကို ၀င်တိုးတာပဲ၊ ကိုကိုသူ့ကိုရှောင်လိုက်ရင် စစ်ကားနဲ့၊ ကျွန်မတို့ကားနဲ့ တိုက်မိမှာပဲ။ ကျွန်မတို့သေမှာပေါ့”


ထို့နောက် ကျွန်မသည် ရှက်ကြောက်သွားသည်။ ကိုကိုကဘာမှ မပြောဘဲ တခြားစကားကိုပြောင်းပစ် သည်။ ကျွန်မတို့သည် ဆင်းရဲသားများမိုက်မဲပုံ၊ ဥာဏ်နည်းပုံတို့ကို ပြောဆိုနေကြပါသည်။ ထိုသို့ ပြောဆို နေရင်းပင် “နှင်းဆီဥယျာဉ်” ဟိုတယ်သို့သွားတိုင်း ဘယ်လိုနည်းနှင့်မှ ရှောင်ကွင်း၍မရသော ကျဉ်းမြောင်း ညစ်ပတ်သည့် ဆင်းရဲသားရပ်ကွက်ကို ဖြတ်သန်းဖို့ရောက်လာသည်။ သည်ရပ်ကွက်ရောက်လျှင် အသက်ကို ၀၀မရှူဝံ့ဘဲ လက်ကိုင်ပ၀ါထဲက ရေမွှေးနံ့ကိုသာ ဖော့ဖော့ရှူရမြဲဖြစ်သည်။ ကျွန်မတို့ကားဘီး များမှာ လူ့မစင် ခဏခဏပေတတ်သည်။ ယုံနိုင်စရာပင်မရှိပါ။ ကျွန်မသည် မျက်လွှာကိုလည်းချထားရကာ ကားမောင်းနေသဖြင့် မျက်စိလွှဲလို့ မရသော ကိုကို့ကို သနားအားနာနေမိတတ်၏။ တစ်ခါတစ်ရံ သည် ရပ်ကွက်ကို မဖြတ်ရအောင် အိမ်ပြောင်းဖို့ပင် စိတ်ကူးမိတတ်ပါသည်။


ပြီးတော့ သည်ရပ်ကွက်ထဲက လမ်းကျဉ်းကလေး သုံးလေးခုဆုံသည့်နေရာမှာပင် အရက်မူးသမား အဘိုးကြီးတစ်ယောက်ကို ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယခုတော့ သည်အဘိုးကြီးသည် သေသွားခဲ့သည်ဆို သည်။ ကျွန်မသည် စိတ်မသိုးမသန့်ဖြစ်ကာ ကိုကို့မျက်နှာကို မော်ကြည့်လိုက်ပါသည်။ ကိုကိုက သတိ ထားမိဟန်မတူပါ။


ကိုကိုက ရေဘုံဘိုင်တစ်ခုနားတွင် ကားရပ်လိုက်သည်။ “ရေမကြည့်မိတာ လေးငါးရက်တောင် ရှိသွားပြီ၊ ကားတော့ပစ်ရတော့မှာပဲ” လို့ဆိုသည်။ ကိုကိုက သူ့ကားကို အတော်ဂရုစိုက်သည်။ သို့သော် ကျွန်မကမူ ဘာဖြစ်သွားသည်ဖြစ်စေ သည်ရပ်ကွက်ထဲမှာ ခဏတစ်ဖြုတ်မျှ ရပ်နေခြင်းကိုအလိုမရှိပါ။ ကျွန်မမျက်နှာပျက်သည်ကို ကိုကိုက အဓိပ္ပာယ်ကောက်လွဲကာ ရှေ့သို့ဆက်တိုးမောင်းသွားပြီး ခပ်ဝေးဝေး ကျမှရပ်ပါသည်။


ရေဘုံဘိုင်မှာ ယောက်ျား၊ မိန်းမ၊ ကလေးများ ရေချိုးဖို့စောင့်နေကြသည်မှာ ပုရွက်အုံကို တုတ်နှင့် ထိုးထားသလို ပွနေသည်။ တစ်ဖက်မှာ ရေခပ်လိုသော ရေထမ်းသမားများနှင့် မိန်းမ၊ ယောက်ျားများကို တွေ့ရသည်။ လူတိုင်းပင် ရန်စောင်နေကြ၏။ ရေကလည်း တစ်စက်စီကျနေသည်။ သူတို့ကြည့်ရတာနှင့် အိုက်စပ်စပ်ရာသီကို သတိထားမိကာ ချွေးပြန်ချင်လာသည်။ မျက်နှာမှာချွေးစို့လျှင် ဆင်ပြင်လာသည်တို့ ပြယ်မှာ စိုးရွံ့မိသည်။ ကားကလည်း ရပ်ထားရသည်။ ကိုကိုကြာဦးမည်လားမသိ။


ကိုကိုသည် လူတွေထဲသွားတိုး၍ ရေခပ်မှာကို မနှစ်မြို့နိုင်။ ညစာစားပွဲများသို့သွားတိုင်း ဒရိုင်ဘာကို ကိုကိုမခေါ်လိုတာ နားမလည်နိုင်ပါ။ ဒရိုင်ဘာအားကိုးနှင့် သိပ်သောက်မိမှာ စိုးလို့ထင်သည်။ ကိုယ်တိုင် မောင်းရမည်ဆိုတော့ သိပ်သောက်လို့မဖြစ်တာကိုလည်း ဆင်ခြေပြနိုင်သည်။ ကျွန်မက အရက်နံ့ကို သဘောမကျလှတာ ကိုကိုကသက်ညှာသော သဘောရှိသည်လို့ပဲ တွေးထင်လိုက်ပါသည်။ သည်လို ကိုယ်လိုရာ ဆွဲတွေးခြင်းသည် သတ္တိနည်းတာမှန်သော်လည်း စိတ်သက်သာမှုကိုတော့ ပေးပါသည်။ ကိုကိုသည် ကျွန်မ မပါသောပွဲများ အထူးသဖြင့် မင်္ဂလာဆောင်ခါနီး သတို့သား၏အရက်ဖြင့် ရွှဲရွှဲစိုနိုင် သောပွဲများကို သွားလျှင် ဒရိုင်ဘာကို မောင်းစေတတ်သည်။ ထိုညမျိုးတွင် ကျွန်မသည် ကျွန်မ၏ အခန်း တံခါးကို ချက်ချ၍အိပ်လေ့ရှိသည်။ ကျွန်မကို ကိုကိုနှင့် သူ့အပေါင်းအဖော်များကပါ ခေတ်ပညာတတ်ပါလျက် ခေတ်မမီဘူး၊ အံ့သြစရာကောင်းသည်လို့ထင်ကြသည်။ နောက်ပြောင် ရယ်မောကြသည်။ သို့သော် သည်အခါမျိုးမှာ ကျွန်မသည် ပြုံးရယ်နေလည်း ရင်ထဲမှာနာအောင့်ပြီး ပါးစပ်က ဘာမှ မပြောတတ်ဘဲ ပြောတတ်သမျှကိုလည်းမပြောဝံ့ဘဲ ဘယ်လိုနေရသည်ဆိုတာ ဘယ်သူမှနားလည်မည်မဟုတ်ပါ။ ကျွန်မသည် ရှေးဆန်တာဟုတ်ချင်လည်းဟုတ်မည်။ အကြောင်းမူကား အရက်သောက်ခြင်းသည် ကျွန်မတို့ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုမဟုတ်ဘဲ ဆိတ်ကွယ်ရာမှာ ခိုးဝှက်ဝှက်လုပ်ရသော မကောင်းမှုတစ်ခု ဖြစ်သောကြောင့်ပင်။


ပြီးတော့ ကိုယ့်စိတ်ကိုယ် အစိုးမရတော့သော ဦးနှောက်၏ အထိန်းအချုပ်များလွတ်သွားသည့် ယောက်ျားစင်စစ်တစ်ယောက်၏ ပင်ကိုတိရစ္ဆာန်အမူအရာများကို စက်ဆုပ်သော၊ အဖက်မလုပ်ချင်သော စိတ်နှင့်မာန ကျွန်မမှာရှိပါသည်။ ဒါမှမဟုတ်လည်း ကျွန်မသည် မမေ့တတ်တာသာဖြစ်လိမ့်မည်။ အကြောင်းမူကား ကိုကိုသည် မယားကို အရေးပေးလွန်းလှသည့် အင်္ဂလိပ်ထုံးစံကို ကျွန်မသဘောတူ မဟုတ်ဘဲ သုံးမြဲဖြစ်ရာက အရက်မူးယစ်သည့်အခါတွင် ကျွန်မတစ်ညလုံးစောင့်သောအိမ်ကို ပြန်မလာဘဲ ပိုက်ဆံပေး၍ ကိုယ်ထိလက်ရောက် ရင်းနှီးလို့ရသော တစ်ရံဆံမိန်းမ ပြည့်တန်ဆာမအိမ်ကို သွားဖူးသော ကြောင့်လည်းကောင်း၊ အပြန်တွင် ကျွန်မနှင့်ရန်ဖြစ်၍ ကျွန်မကို မယုံနိုင်အောင် ပါးနှစ်ချက်မျှ ရိုက်နှက်ဖူး သောကြောင့်လည်းကောင်းဖြစ်သည်။ မကောင်းသောမိန်းမတို့သည် ထဘီညစ်ပေ၀တ်မည်ထင်ခဲ့သည်။


ယခုတော့ သူတို့သည် ကျွန်မထက် လှချင်လှမည်၊ ၀တ်ကောင်းစားလှ ၀တ်ချင်ဝတ်မည်၊ စုံမက်စရာ ဖြစ်ချင် ဖြစ်မည်လို့ထင်ရပါသည်။ သည်ကိစ္စမျိုးကို ဘယ်သူမှတော့ အသိပေးလို့ ဖြစ်သည်မဟုတ်ပါ။ ကျွန်မတို့ အသိုက်အ၀န်းမှာ ယုံကောင်းသော စကားလည်းမဟုတ်ပါ။ ကျွန်မတို့သည် ဘယ်တော့မှ လူရှေ့မှာ စကားဆန့်ကျင်လို့တောင် ငြင်းဆိုလေ့မရှိသည်မှာ အမှန်ပင်။ ပြီးတော့လည်း ကိုကိုကပြောသည် “အရက်မမူးဘဲ ဒီအလုပ်မျိုးကို ဘယ်သူလုပ်မိမလဲကွယ်” ဟု တောင်းပန်ရင်းပြောသည်။ ဒါကြောင့် ကျေနပ်ရပါသည်။ သို့သော် သူပြောသလိုပင် သည်ကိစ္စကိုဖြစ်စေတတ်သော အရက်ကို နောက်ထပ် သောက်ရာမှာ ကျွန်မမျက်နှာကို သူစေ့စေ့ကြည့်နိုင်သည်ကိုတွေ့ပြန်သော် ကျွန်မသည် ဘာမှ မပြောတတ် တော့တာလား ပြောစရာမရှိတော့တာ ကိုယ့်ဘာသာ မသိဘဲ အလွန်တရာပင် နှုတ်ဆိတ်၍ နေလိုက်တတ် လေသည်။


သို့သော် သည်အကြောင်းများကို ယခုလို နှစ်ယောက်တွဲ၍ သွားလာပျော်ပါးမည် ကြံစည်စဉ်မှာ သတိ ရဖို့ မထိုက်သည်မို့ မေ့လိုက်ပါရစေ။


ကိုကိုပြန်လာပြီး ကားရေတိုင်ကီကိုဖြည့်ပြီးလျှင် ကျွန်မတို့ထွက်လာကြ၏။ ကျွန်မ၀မ်းသာသွားသည်။ သည်ရပ်ကွက်မျိုးမှာ မိန်းမရွှင်ပေါလိမ့်မည်၊ ဓားထိုးမှုဖြစ်လွယ်မည်၊ မသာဖဲဝိုင်းမှာ လူသတ်မှု ဖြစ်တတ် မည်၊ အနည်းဆုံး ကားတိုက်ခံရပြီး သေသောဥာဏ်နည်းသည့် လမ်းမကူးတတ်သော လူမျိုးရှိတာ တွေ့ခဲ့ ဖူးပြီပင်။ သည်နေရာက မြန်မြန်လွတ်လိုသည်။


သို့သော် ဆုတောင်းပြည့်ခြင်းကို ကျွန်မလက်ထဲရှိ အမွေများက မဖန်တီးနိုင်ပါ။ ကျွန်မတို့ကားရပ် သွားပါသည်။


ဓာတ်ဆီကုန်အောင် တစ်ခါမောင်းလိုက်သည့်အတွက် ချေးစို့သည်ထင်သည်။ စက်နှိုးလို့မရပါ။ ကိုကိုက သည်လိုဖြစ်အောင်လုပ်သော ဒရိုင်ဘာကိုရည်မှန်း၍ ဆဲရေးသည်။ တောက်ခေါက်၍ ဒေါသပြင်း စွာထွက်သည်။ ထိုအခါမှာ ကိုကို့မျက်နှာသည် ကြည့်လို့မကောင်းလှပဲ ကျွန်မအဖို့ ကြောက်ရွံ့စရာ ဖြစ်လာသည်။


“ကိုကိုရယ်..ကားအသစ် ၀ယ်လိုက်တာပေါ့၊ ပိုက်ဆံဆိုတာ ဘာလုပ်ဖို့ထားတာလဲ” လို့ ကျွန်မ ပြောလိုက်ချင်သည်။ သို့သော် သူ့ဘက်ကကူ၍ ဒရိုင်ဘာကို ကြိမ်းမောင်းချင်သောစကားသာ ကျွန်မ ပြောလိုက်ပါသည်။


“ဒီနားမှာ ၀ပ်ရှော့တစ်ခုခုတော့ရှိမှာပဲ။ ကိုကိုသွားလို့ဖြစ်မလား၊ ခင်နေ၀ံ့ပါ့မလား” ဟု ကိုကိုကမေး၏။


“ကျွန်မသတ္တိရှိပါတယ်”


ပြောင်ပြက်ပြက်ပင် ပြောလိုက်သော်လည်း ကျွန်မသည် အားတင်းဖို့လိုသည်ကို သိရှိသည်။ သို့မဟုတ် သည်လောကမှာ နေလို့မရ။ စင်စစ်တော့ အတွင်း၌ မပြောပြတတ် အောင်ကြောက်ရွံ့ခြင်းသည် အမြဲရှိလေ သည်။ ကလေးငယ်တို့ မွေးဖွားလာသည့် တစ်ခဏ၌၀ါးခနဲ ငိုခြင်းသည် ကြောက်ရွံ့ခြင်းသက်သက်ကြောင့် လို့ပဲ ထင်မြင်သည်။


“ကိုကိုခုပဲ ပြန်လာမှာပဲ၊ ပြီးတော့ ဒီလိုဖြစ်တာလုပ်လို့ လွယ်ပါတယ်၊ ဘိုင်စကယ်လေ ထိုးပိုက်နဲ့ ထိုးလိုက်ရင်တောင်ရတယ်။”


ကိုကိုက အေးစက်မာကျောသော အရာတစ်ခုကို လက်ထဲထည့်ခဲ့သည်။ ကိုကိုကိုင်နေကျ ပစ္စတို သေနတ်ဖြစ်သည်။ ဒါနှင့် ကျွန်မကိုယ်ကိုကျွန်မ ကာကွယ်ရမည်တဲ့။ ကျွန်မ၌ရှိသောအမွေတစ်ရပ်လုံး အတွက်တောင် လူတစ်ယောက်ကို မသတ်နိုင်ပါ။ ကျွန်မမှာ ယခုပါသည့် စိန်တစ်ဆင်ဆာကို ကိုကိုပေးသည့် အသည်းနှလုံးပုံပတ္တမြားလက်စွပ်ကလွဲ၍ စုံမက်လှသည်မဟုတ်။ သေနတ်ကိုကြည့်ရင်း လူအပေါင်း ကို သနားကြင်နာခြင်းအတိ ပြည့်လာသည်။ လူတို့သည် ရေချိုးရာမှာသုံးသည့် ရေမြှုပ်နှင့်တူလှသည်ပင်။ ရေအတိစုပ်ထားသည့် ရေမြှုပ်လိုပင် အနည်းငယ်လေး ထိခိုက်ရှနာရုံနှင့် အရည်(သွေး) ထွက်လာသည်။ ဒီအရည်များထွက်လျှင်ပဲ တားမရတော့ဘဲ လှုပ်ရှားမှုချုပ်ငြိမ်းတတ်၏။ အသက်ဖြစ်လွယ်သည်ကို ဆရာဝန် ဆေးနှင့်တားနိုင်၏။ ဖြစ်ပြီးသောအသက်ကိုလည်း ရပ်တန့်သွားဖို့ လက်နက်မျိုးစုံရှိပါသည်။ သို့သော် ထွက်ခွာစပြုဆဲအသက်ကို ပြန်ဆွဲလို့ မရတော့ချေ။ အံ့သြစရာကောင်းသည်လို့ ကျွန်မဆိုလျှင် ရူးသွပ်ခြင်းပဲ ထင်လိမ့်မည်။ သည်တော့ သနား ကြင်နာခြင်းအဖြစ်သာ ရပ်နားရပေသည်။


တွယ်တာခြင်းသိပ်မရှိလျှင် ကြောက်ရွံ့ခြင်းလည်း သိပ်မဖြစ်နိုင်ပါ။သို့လျှင် အားတင်း၍ကျွန်မကျန် ရစ်သည်။ နေရောင်လည်းကွယ် ပျောက်သေးသည်မဟုတ်။ ညနေအေးရုံမျှပင် ကျွန်မစက်ဆုပ်သော ထိုရပ်ကွက်အလယ်၌လည်း မဟုတ်ပါ။ လူနေအိမ်ခြေလည်း ပါးရုံပါးကာ ကားထဲမှာတစ်ယောက်တည်း ကျန်ရစ်လည်း မဆိုးရွားလှဘူးထင်ရသည်။


ဘေးပတ်လည်ကိုလှည့်ကြည့်ကာ သတိထားနေပါ၏။ ပစ္စည်းဥစ္စာနှင့် မကျေနပ်တတ်သော လူ့သဘော ဆိုးတစ်ခုကိုလည်း သတိရသည်။ ယခင်ကတော့ ကျွန်မသည် လူတို့မှာအရင်းခံသည် ကောင်းသောစိတ် နှလုံးဖြစ်၏ဟုဆိုခဲ့သည်။ ယခုတော့ ကိုကိုက ဘယ်သူမှမယုံကြည်နိုင်သောသဘောက မှန်ကန်သည်လို့ ပြောပြသင်ကြားထားသည်။ ကိုကိုသည် ကျွန်မထက် လူ့ပြည်မှာ ပို၍ ချောမောစွာနေထိုင်နိုင်သောကြောင့် သည်စကားမှန်လိမ့်မည်လို့ လွှဲပြောင်းထင်မှတ်စရာ ရှိလေသည်။


ကျွန်မနှင့်အနီးဆုံးအိမ်ကို အရေးရှိက အားကိုးစရာရယ်လို့ လှမ်းကြည့်သော် ကလေးနှစ်ယောက် ကစားနေသည်ကိုမြင်သည်။ တစ်နှစ်ကြီးတစ်နှစ်ငယ်များ ဖြစ်ဟန်ရှိပါသည်။ ရုတ်တရက် ကြည့်လျှင် ဘယ်သူအကြီး၊ ဘယ်သူ အငယ်ခွဲခြားလို့မရနိုင်ချေ။ ကလေးတစ်ယောက်သာ ခြေမခိုင်တခိုင် သွားလိုက် ဗုန်းခနဲလဲလိုက် ပြန်ထလိုက် လုပ်နေသဖြင့် အငယ်ဆုံးဖြစ်မည်လို့မှန်းရသည်။ ကလေးအားလုံး ဗိုက်ပူ နံကားများဖြစ်ကာ တစ်ယောက်မှ အ၀တ်အစားမပါချေ။ သည်ကလေးလေးယောက်နှင့် မိခင်၊ ဖခင်တို့ ဘယ်လိုများ သည်လောက် ကျဉ်းမြောင်းသေးငယ်သည့်အိမ်မှာ နေလို့ဖြစ်ပါလိမ့်ဟု စဉ်းစား၏။ သူတို့ ကြီးပြင်းသည်မှာတော့ လမ်းပေါ်မှာတည်း။ သည်လိုပူအိုက်သော ညမျိုးကိုသတိရသော် သူတို့ကို လမ်းပေါ်မှာပင် သန္ဓေတည်သလားဟုပင် တွေးမှားစရာဖြစ်ပါသည်။ ထိုခဏ၌ စောစောကထော့တီးထော့နဲ့ လမ်းလျှောက်နေသောကလေးသည် ဖုန်သဲထဲမှာ ပိုးလိုးပက်လက် အိပ်ပျော်နေပြန်သည်။ ကလေးကြီးများ က သတင်းပေး၍ ထင်သည်။ ကလေးတို့အမေထွက်လာပြီး အိပ်ပျော်နေသောကလေးကို ကောက်ချီသည်။ မကုန်းနိုင်သဖြင့် ထိုင်ချပြီးမှချီကာ ပြန်၍မနည်းထသည်။ ကိုယ်ဝန်အရင့်အမာနှင့်မို့ ဖြစ်ပါသည်။


ထိုကလေးအပြည့်နှင့်အိမ်ကို ကျွန်မ အယုံအကြည်ရှိသွားပါသည်။


ထို့ကြောင့် ကိုကိုပြန်လာသော် ကလေးအပြည့်နှင့်အိမ်ဝမှာသွား၍ ရစ်သီနေကာ ထိုင်ဖို့ခေါ်လျှင် ၀င် ထိုင်ဖို့ဝန်မလေးသောစိတ် အလိုလိုပေါ်သည်။ ကိုကိုက ၀ပ်ရှော့က သံကိရိယာတန်ဆာပလာများပါသော လူနှစ်ယောက်နှင့် ကားစက်နှိုးဆဲ ကျွန်မဘေးထဲမှာနေဖို့ မသင့်တော်ဘူးထင်ကာ အောက်ဆင်း၍ နေစေသည်။ အလုပ်သမားများက “သိပ်မကြာပါဘူး” ပြောလည်းမရ။


ကလေးတို့အမေက “ထိုင်နေပါလားအစ်မလေး” ဟုခေါ်သည်။ ပြီးလျှင် သူ့အ၀တ်များကိုချွတ်၍ ရင်ရှားနှင့်နေရာ သူ့ပခုံးကျောပြင်နှင့် မျက်နှာဒဏ်ရာများ ညိုမည်းနေတာ၊ နီရဲနေတာတွေ့မြင်ရကာ ကျွန်မ အံ့အားသင့်သွားသည်ထင်၏။


ကလေးတို့အမေက တကျွတ်ကျွတ်စုပ်သပ်ကာ နိဒါန်းမဆင်ဘဲ ကလေးတို့အဖေက သူ့ဗိုက်ကို ခြေထောက်နှင့်ကန်သည့်အကြောင်း၊ ဖနောင့်နှင့်ကျောကိုပေါက်သည့် အကြောင်း၊ လက်ဝါးစောင်းဖြင့် နားထင်ကိုခုတ်သည့်အကြောင်း မြိန်ရေရှက်ရေပြောပြသည်။ လူ့ဘ၀မှာ ကိစ္စကြီးတစ်ခု ပြီးစီးသွားသည့် ဟန်ပန်လေသံဖြင့်ပြောပါသည်။ “ကံကောင်းလို့ ကလေးပြုတ်မကျတယ်” ဟု နိဂုံးချုပ်လိုက်ချေသေး သည်။


ဘာကြောင့်ဆိုသည်ကို ကျွန်မ မမေးဘဲစဉ်းစားနေသည်။ ကစော်မူးလို့နေမှာပဲ၊ မိန်းမရွှင်အိမ်သွားလို့ နေမှာပဲ။ ငတ်ပြတ်ဆင်းရဲခြင်းကြောင့် တော့မဟုတ်တန်ရာ။ ကိုကိုနှင့်ကျွန်မ တို့လင်မယားသည် ငတ်ပြတ် ဆင်းရဲနေသည်မဟုတ်ပါ။


“ကလေးတို့အဖေ ပြန်မလာသေးဘူးလား” ဟု ကျွန်မက စကားအဖြစ်မေးလိုက်သော် “ပြန်လာခါနီးပြီ၊ နေ့လယ်ထမင်းစားပြန်လာတုန်းက လုပ်သွားတာပဲ၊ ခုထမင်းစား မလို့..သူ့ကိုစောင့်နေတာ” ဟုပြောသည်။ “ခုတလော ညကို အိမ်မှာ မှန်မှန်ပြန်အိပ်ခိုင်းရတယ်။ ဗိုက်နာရင် သူမရှိလို့မဖြစ်ဘူး။ အစတုန်းကတော့ သူ့မယားငယ်ဆီ သွားအိပ်တာများတာပဲ” ဟု ဆိုပြန်ပါသည်။


ပုံဝတ္ထုများမှာသာ သည်အကြောင်းကိုဖတ်ရလျှင် ဖြစ်နိုင်လိမ့်မည်လို့ ကျွန်မထင်မည်မဟုတ်။ စာရေးဆရာကိုပင် လုပ်ကြံလီဆယ်မှုအတွက် အထင်အမြင်သေးမည် ထင်သည်။ ကိုကိုကဆိုလျှင် အားရ ပါးရရယ်ပါလိမ့်မည်။ မွဲတေခြင်း၌ မယားအပိုရှိကောင်းသည်မဟုတ်ပါ။


သို့သော် တကယ်ပင် ကလေးတို့အဖေသည် မယားငယ်အိမ်သို့ မသွားဘဲ အိမ်ပြန်လာပြီပင်။ ကျွန်မကို အမှတ်မထင်ကြည့်ကာ မီးဖိုချောင်သက်သက်မရှိသော အိမ်၏ အတွင်းဘက်ထောင့်မှ မြေကြီးပေါ်ရှိ ထမင်းအိုးကိုဖွင့်၍ ကြွေပွန်းပြီး အနားအက်သောပန်းကန်ဖြင့် သူ့ဘာသာထမင်းထည့်စားသည်။ ဟင်းချိုနှင့် ငံပြာရည်ဖျော်သာရှိသည်။ သူ့ ကလေးတွေအုံလာသည်ကို တစ်လုတ်စီခွံ့ကျွေးသည်။ ထမင်းတစ်ပန်းကန် ချက်ချင်းကုန်သွားပြီး “စားပါဦးလား” ဟု ကျွန်မကိုခေါ်၏။ အဖြေမစောင့်ဘဲ သူ့မယားကို “ထမင်းစားလေ၊ လေခံလို့ နှိပ်မရ ပြုမရဖြစ်နေဦးမယ်” ဟု ခပ်ဆောင့်ဆောင့်ပြောသည်။


“နောက်မှစားမယ်…”


“လာစားလို့ပြောနေတာ” ဟု ပြောပြီး “ဟဲ့..ဟိုပေါက်စ..အိပ်ပါပကော၊ ထမင်းလည်း မစားရသေး ပါလား၊ နှိုးလိုက်..နှိုးလိုက်” စသဖြင့် လေသံပျော့ပျောင်းလာပါသည်။


ကလေးတို့အမေက အိပ်ပျော်သော နို့ညှာကလေးကို ကောက်ချီကာ တရှုံ့ရှုံ့နမ်း၍နှိုးသည်။ ပြီးတော့ ကျွန်မကိုမေ့ပျောက်သွားပြီး လင်မယားနှစ်ယောက်နှင့် ကလေးတို့သည် တစီစီတညံညံစားသောက်နေ တော့လေ၏။ ကလေးတို့အမေက ကလေးများ၏သတင်းကို တစ်ယောက်ပြီးတစ်ယောက် အစုံအစေ့ ပြောပြပါသည်။ ကျွန်မလည်း အသာလျှို၍ထွက်လာဆဲ မပြေမပြစ် တဟီဟီရယ်သံများပင် ကြားရသည်။ ကျွန်မမှာ အံ့သြတွေဝေပြီးထွက်လာစဉ် ကားဆီမရောက်ခင် လမ်းတစ်ဝက်မှာ လာခေါ်သောကိုကိုနှင့် ဆုံတွေ့၏။


ကျွန်မသည် အင်မတန်မှရှက်နေပြီး အပေါက်ဝ၌ ကျွန်မခဏရပ် ခိုခဲ့သော အိမ်သားတစ်စုတို့ အကြောင်းပင် ကိုကို့ကိုပြောမပြနိုင်တော့ပါ။


ထိုညက ထမင်းစားပွဲမှာ တရုတ်ကပြားမိတ်ဆွေက ဖိတ်ကျွေးသည်မို့ ငမန်းတောင်တရုတ်ဆေးနှင့် ချက်သော ဘဲဥ၊ ဘဲအရည်၊ ဘဲခြေထောက်ရည်၊ နို့စို့ဝက်ကလေးချက်၊ ကမာကောင် စသည့်ဟင်းများ လှိုင်ကာ အရက်ဝိုင်းလည်းရွှင်ပါသည်။ တီးဝိုင်းပါ၍ က စရာလည်း နေရာရှိပါသည်။ ကိုကိုနှင့်ကျွန်မတို့ ကမူ ဣနြေ္ဒရရပင်စားသောက်ပြီး စကားပြောကာ သံအမတ်နှင့် ဧည့်သည်တစ်ယောက်စ၊ နှစ်ယောက်စ ပြန်သည်ကိုမြင်လျှင် တစ်ယောက်မျက်လုံး တစ်ယောက်ကြည့်ကာ အိမ်ပြန်လာကြသည်။


မဲမှောင်၍ ရေနံဆီမီးခွက်များသာ မှိုင်းတလူလူနှင့်လင်းသော ရပ်ကွက်ကိုဖြတ်သော် ကျွန်မသည် အိမ်ပြောင်းပြေးဖို့စိတ်ကူးမရှိတော့ပါ။


အိမ်တွင်းသို့ရောက်လျှင် ကိုကိုသည် အသောက်အစားဖြင့်လေးအီကာ ဟန်မှမဆောင်နိုင်ဘဲ သူ့အိပ်ခန်း သို့ စွတ်တက်သွားဆဲ၊ ကျွန်မသည် အလှဆုံးပြင်ဆင်ထား၍ အထူးအဆန်း အဖိုးတန်ပစ္စည်းများ ပြည့်နှက်သော ဧည့်ခန်းသို့ဝင်၍ထိုင်နေပါသည်။ ပန်းစိုက်အိုးများမှ အဆုပ်အခဲပွင့်သော နှင်းပန်းရနံ့တို့ မွှေးမြပျံ့ကြိုင်၏။ သို့သော် ငိုချင်သလိုလို၊ ရင်ကယ်သလိုလိုရှိကာ ကျွန်မ နောက်အမြဲ တိတ်တိတ်ခိုး လိုက်နေသော ကြောက်ရွံ့ခြင်းသည် ဘွားခနဲ ကြီးစိုးလာသည်။ သည်ညကျွန်မအိပ်ခန်းကို ချက်ချအိပ်မည် စိတ်ကူးပါသည်။ ကိုကိုသိပ်မူးလာသည်တော့မဟုတ်။ တကယ်တော့လည်း ဘာမှမလိုပါ။ ညနေ တိုင်လျှင် အ၀တ်အစားတောက်ပြောင်စွာဝတ်၍ ကိုကိုနှင့်အပြင်ထွက်စားရုံသာ လုပ်ရပါမည်။ ယခင်ကလို မျှော်လင့်ချက်တစ်ဝက်နှင့် “ကိုကိုဒီညအိမ်မှာ နေရအောင်လို့” မချော့မြှူလျှင်ပြီးသည်။


အကယ်၍ ကျွန်မသည် စန္ဒရားခုံ၌ထိုင်၍ မပြီသသောတေးတစ်ပုဒ်ကို ရှိုက်ငိုသောအသံမျိုးဖြင့် စမ်းသပ် တီးခေါက်၍ ကျန်ရစ်မည်ဆိုလျှင်လည်း ကိုကိုသည် ဒရိုင်ဘာကို မောင်းခိုင်း၍ သူ့ဘာသာသွားပါလိမ့် မည်။ ပြီးတော့ ကျွန်မအတွက်စိုးရိမ်သည်နှင့် အေးစက်မာကျောသော အရာတစ်ခုကို လက်ထဲ၌ထည့်ခဲ့ လိမ့်မည်။ ကျွန်မအဖို့ တံခါးချက်ချရန်ပင် မလိုပါ။ ကိုကိုသည် နောက်တစ်နေ့မိုးလင်း၍ စားသောက်ပင် ပြီးကာ ရုံးသွားကာနီး ကမန်းကတန်းဝင်၍ ကျွန်မကိုနှုတ်ဆက်ပါလိမ့်မည်။ ကျွန်မက နှုတ်ဆိတ်ရုံသာရှိ သော ရန်ဖြစ်ခြင်းကိုပြုပါမည်။ ယောက်ျားတစ်ရံဆံနှင့် အိပ်ရာထဲဝင်တတ်သော မိန်းကလေးတို့သည် ကျွန်မလောက်စိန်ရွှေမရှိလည်း ကျွန်မထင်သလို ထဘီညစ်ကိုဝတ်မည်မဟုတ်တာ သေချာပါသည်။ ထို့နောက် ဆရာဝန်ပေးသောဆေးကို လွှတ်ပစ်ချင်လည်း ပစ်နိုင်လေသည်။


------------------


ကြည်အေး


(၁၉၅၇ ခု၊ ဒီဇင်ဘာလထုတ်၊ ပေဖူးလွှာမဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြသည်။)


 { BURMESE COLLECTION ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါတယ် }


ပြန်လည်မျှဝေပါသည်။


ZawOo

No comments:

Post a Comment