Sunday, 25 November 2018

မင်္ဂလာလှည်း 📒📒📒📒📒 ( အပိုင်း-၃)

မင်္ဂလာလှည်း


📒📒📒📒📒


( အပိုင်း-၃)


ခင်ခင်ထူး 


အဆိုးဆုံးက ရေမပါတာပါ။ ရေဆိုတာကတော့ ဘယ်အရပ်ရောက်ရောက် တောင်း သောက်လို့ရတာကိုး။ သည်လောက် ခက်ခဲလိမ့်မယ် မထင်ခဲ့ဘူး။ ကိုကျော်သန်းကားထဲ ခါတိုင်းဆို ရေ သန့်ဘူး နှစ်ဘူး၊ သုံးဘူး ပါနေကျ။ သည်ကနေ့မှ တိုက်တိုက်ဆိုင်ဆိုင် တစ်ဘူးမှကို ရေမပါခဲ့တာ။ အရင် ရက်တွေကသောက်ပြီး လွှတ်မပစ်ရသေးတဲ့ ဘူးဟောင်းတွေတော့ပါရဲ့။ လူဝကြီး ဦးမှတ်တင်က သူ များထက် သုံးဆ လောက်ကြီးသူဆိုတော့ သူများထက် သုံးဆလောက် ပူပုံရတယ်။ သူများထက် သုံးဆ လောက် ရေငတ်ပုံ လည်းရရဲ့။ ကွင်းထဲက ခပ်ဝေးဝေးမှာ ဘူးစင်ကလေးနဲ့ အခင်းစောင့်တဲ့ကလေးတစ် လုံးကို မှုန်ပြပြ လှမ်းတွေ့တော့ ကိုကျော်သန်းကို ကားအရပ်ခိုင်းတယ်။


“ကျော်သန်း ခဏရပ်စမ်းကွာ၊ ရေရှာခိုင်းရအောင်”

“ဘယ်မှာလဲ ရေက”

“ဟိုးကတဲ သွားတောင်းခိုင်းရမှာပဲ၊ မောင်ကြိုင် ဆင်းစိမ်း၊ ရေသွားတောင်း”


ကိုကျော်သန်း ကားခေါင်းထဲမှာ ရေသာမပါတာ ရေဘူးခွံက သုံးလေးလုံးလောက်ပါတာဆိုတော့ သတို့ သားလောင်း မောင်ကြိုင် က ရေဘူးတွေပွေ့ပြီး ကွင်းထဲပြေးရော၊ ကားပေါ်ကလူတွေက တိုက်ပုံချွတ်ပြီး ခေါင်းဆောင်းကြတယ်။ ကွင်းလယ်ခေါင် နေပူကျဲကျဲအောက်မှာ အမိုးမပါဘဲ ကားကြီးပေါ် ငုတ်တုတ် ကြီးတွေ ထိုင်နေရတာဆိုတော့ စဉ်းစားကြည့်ပေါ့။ ကားမောင်းနေတုန်းကမှ လေကလေးရသေး။ ကိုချစ် တိုးက မောင်ကြိုင့်ကို သနားလည်း သနားမိရဲ့။ နားရင်းလည်း ရိုက်ချင်ရဲ့။ ဂက်စ်ဆရာကတော့ ကား ခေါင်းထဲ ငိုက်တောင်နေလိုက်သေးတယ်။ ဒေါ်ငွေကကားရပ်တုန်း အပေါ့သွားဖို့ဆင်းပြန်ရော။ ကွင်းထီး ထီး ထဲပေမယ့် တတ်နိုင်ဘူးဆိုတဲ့ပုံနဲ့ ကားရှေ့နား နည်းနည်းသွားပြီး ထိုင်လိုက်တာပါပဲ။


“ရေက အ၀င်သာမရှိတာဗျာ။ အထွက်တော့ ရွှင်ပါ့”

ကိုချစ်တိုး က ဒေါ်ငွေ့ကို ပြောတာပါ။ လူဝကြီး ဦးမှတ်တင်က ၀င်ပြောပြန်ရော။

“အဲဒါက အရေးမကြီးဘူး ငယ်ထိပ်မြွေကိုက်လိုက်မှာ စိုးရတာ”

“မြွေ တော့ မရှိလောက်ပါဘူးဗျ၊ မသကာ လယ်ပုဇွန်လုံးညှပ်ရုံ ရှိမှာပဲ”

တစ်ယောက်တစ်ပေါက် ပြောနေကြတာပါ။ လှမ်းကြည့်တော့ မောင်ကြိုင်က တဲရိပ်တောင် မရောက် သေးဘူး။ သူ့မချာ သူ့တာဝန် ဆိုတာ သိပုံရပါရဲ့။ ပြေးရှာတယ်။ နေပူပူကြီးထဲ ကားကို မိနစ်နှစ်ဆယ် လောက် ရပ်ထားရတော့ ပူလိုက်တာလည်း ၀က်ဝက်ကို ကွဲကရောပဲ။


မောင်ကြိုင် ပြန်လာတော့ ရေတွေ ပါလာလို့ တစ်ဝကြီးသောက်ကြရတယ်။ မောင်ကြိုင်ကတော့ တဲက သောက်ခဲ့ လို့ မသောက်တော့ဘူး။ ကိုယ့်အိမ်မှာ ရေသန့်ကို ဘူးလိုက်ဆွဲပြီး ရေခဲသေတ္တာထဲက ထုတ်သောက် နေကျလူတွေပေမယ့် ငတ် တော့ မနေသာတော့ဘူး။ ရေရတာ ကျေးဇူးတင်ရသေးသကိုး။

“ကျွန်တော် တဲ က လူကို မေးခဲ့တယ်၊ လယ်ပြင်ကြီးရွာ ဝေးသလားလို့”

“အေး ဘာတဲ့တုန်း”

“ခေါက်ချိုးတော့ ကျပါပြီတဲ့”

“ခေါက်ချိုး၊ ဟ… အကျိုးနဲ”


ကားပေါ်မှာ ရေတစ်ဘူးစီ ကိုင်သောက်နေတဲ့လူတွေအားလုံး မျက်လုံးပြူးသွားကြတယ်။ ဘယ့်နှယ် သည်လောက်လာပြီးတာတောင် ခေါက်ချိုး ကျန်သေးသတဲ့လား။ နောက်တစ်ပြန်သာ ဆက်သွားရရင် စစ်ကိုင်းတိုင်း နယ်စပ်တောင် ရောက်တော့မယ့်ဟာ။ မထူးပါဘူး။ ကိုယ့်ရေကိုယ် ပြန်သောက်ကြပြန် တယ်။ အင်္ကျီ တွေတောင် ရွှဲရွှဲစိုလို့။ လူဝကြီးက ကုပ်ပေါ်ရေလောင်းပြီး တဖတ်ဖတ်ရိုက်တယ်။ ဒေါ်ငွေ ရေတစ်ကျိုက်သောက်ပြီးတာနဲ့ ကားလည်း ဆက်ထွက်လာရပြန်တာပေါ့။


ကားကတော့ ရှေ့မှာ လမ်းရှိနေသရွေ့ သွားလို့ရသလောက် သွားနေတာမျိုးနဲ့ သွားနေတာပါ။ တစ်ဖက် တစ်ဖက်စောင်းစောင်းသွားလိုက်တာ မှောက်ကရော မှတ်ရတာလည်း အခါခါဆိုတော့ မှောက်မှမှောက် ကရော၊ ခရိုးခရိုင်နဲ့ တလှုပ်လှုပ်သွားနေကြတာပါ။ နေကလည်း ပူလိုက်တာ ၀က်ဝက်ကွဲ။ မောင်ကြိုင် ကတော့ မျက်စိမျက်နှာများပျက်လို့။ သူပူတာက တစ်မျိုး။ စဉ်းစားကြည့်တော့ မိန်းမမြန်းလိုက်ကြသူ တွေက မြန်းရုံတာဝန်ရှိတာ မဟုတ်လား။ ရွာရောက်ရင် မင်္ဂလာစကားလေးပြော၊ ကျွေးတာစားပြီး ဖုတ် ဖက်ခါ ထပြန်မယ့်လူတွေကိုး။ သူက ကာယကံရှင်၊ လယ်ပြင်ကြီးသူ မိန်းကလေးကို ယူရမှာကသူ။ လူ ကြီးစုံရာနဲ့ ရွာ့မိရွာ့ဖ တချို့ခေါ်ပြီး စောင့်နေကြမယ်ဆိုတာလည်းသိတော့ စိတ်တွေ ပူနေခဲ့တယ်။


ခက်တာက တယ်လီဖုန်း ကောက်ဆက်လို့ရတာလည်း မဟုတ်ဘူး။ လမ်းပေါ် အသွားအလာရှိကြလို့ ကျုပ်တို့လာနေပြီ ပြောလိုက်ပါ မှာရအောင်ကလည်း လမ်းပေါ်နေ့ခင်းကြောင်တောင် သရဲခြောက်မှာ တောင် စိုးရတယ်ဆိုတာမျိုးမဟုတ်လား။ ဂက်စ်သမားကို အားကိုးပြန်တော့ ကားက ရွာရောက်ကာမှ ရောက်ရော ကျုပ်ကတော့ အိပ်ပြီဗျာဆိုတဲ့ပုံနဲ့ ငွေသုံးထောင်ယူပြီး ကုပ်ကျိုးအောင် ငိုက်လိုက်တာမျိုး ကိုး။ တကယ်ဆိုရင် ဟိုကဘာရွာ၊ ဟိုဘက်နားကျ ဘာတွေ့မယ်၊ ဘယ်နားရောက်လို့ ဘယ်လိုကွေ့ လိုက်ရင် ဘယ်ရွာရောက်ပြီဆိုတာမျိုးလည်း ပြောဖော်မရဘူး။ ကားနောက်မှန်ပေါက်က မြင်ရသ လောက် ကုပ်ချိုးပြီး ငိုက်လိုက်လာတာ တစ်ရေးသန်သန်တောင်ရတော့မယ်။ သည်လိုအတွေးမျိုး ကား မောင်းတဲ့ ကိုကျော်သန်းကလည်း တွေးမိတယ်ထင်ပါရဲ့။ ဂက်စ်ဆရာကို နှိုးရော။

“ဂက်စ်ဆရာ ဗျို့… ဂက်စ်ဆရာ”


ကိုကျော်သန်းက ကားမောင်းရင်း ဘေးက ဂက်စ်ဆရာကို နှိုးတာပါ။ ဂက်စ်ဆရာက သူ့ဘေးက၊ ဒေါ်ငွေ က ကားတံခါးဘက်ကဆိုတော့ ဒေါ်ငွေကို အနှိုးခိုင်းလိုက်တယ်။ ဒေါ်ငွေ လက်တို့လိုက်စမ်းပါ ခိုင်းတာ ပါ။ ရှေ့မှာက ချောက်တွေ၊ ကျင်းတွေဆိုတော့ ကိုကျော်သန်း ကားလက်ကိုင်ခွေကို လက်နှစ်ဖက် မလွှတ်ရဲဘူး။

“ဒေါ်ငွေ ဂက်စ်ဆရာ နှိုးစမ်းပါ”


ဒေါ်ငွေကလည်း မလှုပ်တော့ ကိုကျော်သန်းက လှမ်းကြည့်တယ်။ ဒေါ်ငွေကလည်း အိပ်လိုက်တာ သိုး လို့။ ရောက်ချင်တဲ့အချိန်ရောက် အေးအေးဆေးဆေးဆိုတဲ့ပုံ၊ ကိုကျော်သန်းက စိတ်တိုသွားတယ်။ ဘယ့်နှယ် သည်လောက် အိပ်နေကြရသလားပေါ့၊ ကားမောင်းရင်း လှည့်အော်ရော။

“ကိုချစ်တိုးရေ ကားခေါင်းထဲက လင်မယားနှစ်ယောက် အိပ်လိုက်ကြတာဗျာ နှိုးလို့တောင် မရဘူး”

ကိုကျော်သန်းက ကားဟွန်းကို အဆက်မပြတ်တီးတော့မှ ဂက်စ်ဆရာက ဆတ်ခနဲ ခေါင်းထောင်တယ်။ ဘေးဘီကို လှမ်းကြည့်တယ်။ မျက်လုံးတွေကို ပွတ်တယ်။ ပြန်ငိုက်ချင်တဲ့ပုံ၊ ကိုကျော်သန်းကို သူက တောင် ပြန်မေးနေသေးတာပါ။


“ရောက်ပြီလား”

“ဘယ့်နှယ်ရောက်ပြီလားတုန်း၊ ကိုယ့်လူကလည်း အိပ်လိုက်တာ ဘာမှမေးမရဘူး။ ခင်ဗျားကိုမေးရမှာ ရွာရောက်တော့မှာလား”

“လိုသေးထင်သာပဲ”

“ဘာလိုသေးထင်တာတုန်း၊ ခင်ဗျား လယ်ပြင်ကြီး မသိဘူးလား”

“ဂက်စ်ထည့်စားလာတာ သုံးနှစ်ရှိပါပြီဗျာ၊ ခင်ဗျားတို့ပြောသဲ့ရွာ ကျုပ် တစ်ခါမှကို မရောက်ဖူးသာ၊ ဘုရားများ စူးရပါစေ့”

“ဘူရားစူးရုံမကဘူး၊ ခင်ဗျားကို မြေပါမျိုဦးမှာ၊ မသိဘဲနဲ့များ လမ်းပြလိုက်လာရသလား၊ ခင်ဗျားဟာက မဟုတ်သေးပါဘူး၊ မသိရင်လည်း ဆင်းတော့”


“လမ်းခုလတ် ဆင်းလို့ ဘယ်ဖြစ်မှာတုန်း ဆရာရ၊ ကျုပ်လည်း ဘယ်ဘက်ပြန်ရမှန်းတောင် မသိဘူး။ ကျုပ်ဘက်ကလည်း ထည့်တွက်ဦးမှပေါ့၊ ခင်ဗျားတို့နောက်လိုက်လာတာ စီးပွားရေး လစ်ဟင်းသာပဲ”

ကိုကျော်သန်းက ကားထိုးရပ်လိုက်တယ်။ ကားတံခါးဖွင့်ဆင်းပြီး ရေကျန်သေးသလားမေးတယ်။ ဘူးထဲ မှာ ရေလက်နှစ်လုံးလောက်ကျန်တာကို ကိုချစ်တိုးက လှမ်းပေးတော့ တောက်လျှောက်မော့ပြီး ရေဘူး ခွံကို လွှတ်ပစ်လိုက်တယ်။ နောက်မှ သတိရလို့ ဘူးခွံကို ပြန်ကောက်တယ်။ လမ်းမှာ ရေဖြည့်ရမှာရှိ သေးတာကိုး။


“ကိုချစ်တိုး ခင်ဗျား ဂက်စ်ဆရာက ဟုတ်မထင်ဘူးနော၊ သူ့တစ်သက် အဲသည်ရွာ တစ်ခါမှမရောက်ဖူး ဘူး ပြောနေတယ်”

“မောင်းချလိုက်လေဗျာ၊ လမ်းမသိဘဲ လမ်းပြလုပ်ပြီး လိုက်လာတဲ့ကောင်”

“မဆင်းဘူးတဲ့၊ သူလည်း သူ့ရွာသူတောင် မပြန်တတ်ဘူးတဲ့၊ ဘယ်လိုလုပ်ကြမတုန်း”


ဒါတော့ ဟုတ်သားပဲ။ အခုမှ ဆင်းတော့ဆိုပြန်ရင်လည်း နေပူကြီးထဲ အမှိုက်ထုပ် ပစ်ချထားခဲ့သလို ဖြစ် တော့မယ်။ ဘယ်ဘက်မှ မနီးတဲ့လမ်းပေါ် ခုမှချထားလို့လည်း မကောင်းတော့ ကိုချစ်တိုးက ဘာလုပ်ရ မှန်းမသိတော့ဘူး။ သည်တော့ ငွေသုံးထောင်ပေးပြီး ကားခေါင်းထဲထည့်လာတဲ့ ဂက်စ်ဆရာကို နောက် ကို ပြောင်းစီး ဖို့ ခေါ်ရတယ်။ ကျောင်းအုပ်ဆရာကြီးက အသက်အရွယ်ကြီးပြီဆိုတော့ အနာအုံတဲ့ ကုံကု မံရွက် မီးကင် ထားသလို ဖြစ်နေပြီကိုး။


ဆရာကြီးကို ကားခေါင်းထဲပို့၊ ဂက်စ်ဆရာ နောက်ပြောင်း၊ သည် လိုစီစဉ်တော့ တရုတ်ကြီး ဦးဝိန်က မကျေနပ်ဘူး။

“ဆရာကြီးက ကျုပ်ထက် နှစ်နှစ်တောင် ငယ်တာပဲဗျ၊ အသက်ကြိးတဲ့လူ ရွေးကြေးဆိုရင် ကျုပ်က ကား ခေါင်းထဲ သွားရမှာပေါ့”

ဒါပေမယ့် ဆရာကြီးကိုပဲ ကားခေါင်းခန်းပို့ရတာပါပဲ။ ဆရာကြီးခမျာ ပျော့ခွေနေပြီ မဟုတ်လား။ လူကြီး ဆိုတော့ အဆာလွန်ရာက လေနာ လာပုံရတယ်။ ဗိုက်ကလေး နှိပ်လို့ကိုး။ ကိုချစ်တိုးက ဦးဝိန် ကို ကျိတ် တောင်းပန်တယ်။ မြှောက်လည်း ပေးရတယ်။


“ဦးဝိန်က တစ်ချိန်က အားကစားသအမားဟောင်းဆိုတော့ အကြောင်းမဟုတ်ဘူး။ ကျောင်းအုပ်ဆရာ ကြီးက တစ်သက်လုံး စားပွဲထိုင်လာတာ။ မျော့မျော့ကျန်တော့တယ်။ သည်လိုသာဆက်သွားရင် လမ်း ဘေးမြှုပ်ခဲ့ ရတော့မှာဗျ။ ဒါကြောင့်ပါ”

“တို့ငယ်ငယ်က ဗထူးကွင်းမှာ နေကုန်ခဲ့တာလေကွာ၊ ပေါက်စီနဲ့ ငါက လက်ဖ်ဝင်းရိုက်ဝင်း ကစားခဲ့တာ မင်းလဲ သိသားပဲ ချစ်တိုးရ၊ တစ်ခါတစ်လေ ဘလန်ဒါဆင်း ကစားပေးရတာ ရှိသေးတယ်။ အခု လူငယ် တွေ ကစားတာ အားမရချက်တော့ကွာ”


“အဲဒါ ပြောတာပေါ့၊ ဦးဝိန်နဲ့ မတူပါဘူးဆို၊ နေပူထဲ မိနစ်ကိုးဆယ်လုံးလုံး ပြေးရတဲ့အလုပ် ဦးဝိန်မို့လို့ လုပ်နိုင်ခဲ့ တာလေဗျာ။ အားကစားသမား နှယ်နှယ်ရရမှတ်လို့”

“သက်လုံကောင်းခဲ့တာကိုးကွ၊ ပြည်ထောင်စုဒိုင်းကြီး ဘီအေအေ ကွင်းကြီးမှာ လုကြတော့ တို့မန္တလေး တိုင်း နဲ့ ပဲခူးတိုင်း တွေ့ကြပါရော့ဟေ့၊ တွေ့လဲ တွေ့ရော…”

ဦးဝိန်တောင် စကားဆုံးအောင် မပြောလိုက်ရပါဘူး။ ရှေ့ဘီးဆီက ရှူးခနဲမြည်ပြီး ကားငြိမ့်ခနဲ ခေါင်းထိုး ကျ သွားသလို အိကျသွားပါလေရော။ ဦးဝိန်က သူ့စကား မဆုံးလိုက်မှာစိုးတော့ ကားဘီးပေါက်တာ ဂရု မစိုက်နိုင်ဘူး။ ကိုချစ်တိုးထလိုက်မှာစိုးလို့ ပုဆိုးစဆွဲထားပြီး စကားဆက်တယ်။


“တွေ့လဲတွေ့ရော ငါတို့က ကစားကွက်ပြောင်းထားတာကိုးကွ၊ ပဲခူးတိုင်းက ခါတိုင်းလို ပလေဇင်မှတ် ပြီး ဘယ်သူနဲ့ ဘယ်သူဆိုပြီး ထိန်းနိုင်အောင် လုပ်ထားတယ်။ ဒါနဲ့တို့က ပဲခူးတိုင်းကို…”

“နေဦး… ဦးဝိန်၊ အခုက စစ်ကိုင်းတိုင်းထဲ ကားဘီးပေါက်နေလို့ဗျနော”


ကိုချစ်တိုးနဲ့ မောင်ကြိုင်ပဲ ဆင်းရတာပါ။ နေကလည်း မွန်းတည့်ပြီဆိုတော့ ခေါင်းပေါ်မှာ မီးဖိုကြီးတင် ထားသလို ကျုက်ကျိုက်ဆူလို့။ ခေါင်းပေါ်ဆောင်းထားကြတဲ့ တိုက်ပုံတွေဆိုတာ မီးများထတောက်မ လား မှတ်ရတယ်။ ကိုကျော်သန်းက ကားဘီးကို ဆင်းကြည့်တယ်။ သံထိုးလို့ ပေါက်တာတော့ ဟုတ်ပုံ မရဘူး။ ဘီးက နဂိုကလည်းပါးနေတော့ ကားလမ်းပေါ်မှာ ငါးဆူးတောင်လို ပါးဟက်စောင်းထနေတဲ့ မြေမာမာက ထိုးခွဲလိုက်တာလို့ တွက်တယ်။ တော်ပါသေးရဲ့။ စပယ်ယာဘီး အပိုတစ်လုံးပါလို့။ ဒါပေ မယ့် ကိုကျော်သန်း စိတ်ပူတယ်။ သည်အပိုတစ်လုံးနဲ့ ဘီးလဲပြီးသွားလို့တော့ရပါရဲ့၊ နောက်တစ်လုံး ပေါက်ရင်ကော၊ အပြန်ခရီးကလည်း ရှိသေးတာကိုး၊ ကားများ တစ်စုံတစ်ရာ ချွတ်ယွင်းလို့ကတော့ အနားက ရွာတွေမှာ ဘာမှလုပ်လို့ကိုင်လို့ မဖြစ်နိုင်လေတော့ စစ်ကိုင်းမြို့ပြန်ရောက်မှ ဖြစ်တော့မှာ လေ။ ဒါကိုကိုချစ်တိုးလည်း တွေးမိတယ်။


“ကိုကျော်သန်း ဘီးလဲတာတော့ ဟုတ်ပြီ၊ နောက်တစ်လုံးပေါက်ရင် ခက်ပြီဗျို့၊ အပြန်ခရီးကလည်း ရှိ သေးတာဗျ”

“ဟုတ်တယ် ကိုချစ်တိုးရေ၊ ကျွန်တော်လည်း အဲဒါပဲ စဉ်းစားနေတာ၊ ကိုင်းဗျာ ဖြစ်လာမှ ရောက်ရာပေါ့။ မောင်ကြိုင် ဘီးတွေဖြုတ်ကွာ”

သတို့သား မောင်ကြိုင်က ၀တ်ထားတဲ့ လည်ကတုံးအဖြူကို လက်တွေပင့်တင်တယ်။ ကားနောက် အောက်ဖက် မှာထားတဲ့ တာယာကို တဂျိဂျိနဲ့ အောက်ချတယ်။


ပေါက်သွားတဲ့ဘီးအောက် အမာခံတန်း မှာ ဂျိုင်းထောက်ပြီးဆွဲမ၊ ကားခေါင်းကြွလာတော့မှ ဘီးကို မြေစိုင်ခဲနှစ်ခဲညှပ်ပြီး မူလီတွေဖြုတ်ဖို့ လုပ် တယ်။ ကိုချစ်တိုးက မူလီထဲကို ခွစွပ်ပေးတော့ မောင်ကြိုင်က သံပိုက်လုံး နဲ့ ဖိဖိချတယ်။ မူလီတွေပြုတ် သွားတော့ စပယ်ယာ တာယာတပ်၊ မူလီတွေ ပြန်ကျပ်။ သေချာအောင် ဆွဲဆွဲညှစ်။ ချွေးတွေလည်း ပေါက်ပေါက်ကျပြီ။ မောင်ကြိုင်က ပေါက်သွားတဲ့ တာယာကို သူ့နေရာသူ ပြန်ထားမယ်လုပ်တော့ ကို ချစ်တိုးက ကားပေါ်သာတင်လိုက်လို့ ပြောတယ်။ ကြာနေမှာစိုးလို့။

ကိုချစ်တိုး နာရီကိုကြည့်လိုက်တော့ ဆယ်နာရီနဲ့ မိနစ်လေးဆယ်ပါ။ နေလုံးကြီးဆိုတာ ခေါင်းပေါ်မှာ ပြူး လို့။


(၅)


“အေးသီ”

“အမေ”

“ဘယ်မှာတုန်း နင့်လင် သေချင်းဆိုးက”

“အမေကလဲ မင်္ဂလာဦးမှာ မဦးမချွတ်၊ လာကြမှာပါတော် ဘာဖြစ်နေမှန်းမှ မသိတာ”

“ဘာမင်္ဂလာဦးလဲ ဟင်၊ ဘာမင်္ဂလာဦးလဲ ဘာဖြစ်ရမလဲ ကားမှောက်လို့ နေမှာပေါ့”

အေးသီတို့ရွာမှာလည်း ပြဿနာတွေနဲ့ပါ။ သည်နေ့သည်ရက် မနက်ဆယ်နာရီ လူကြီးစုံရာနဲ့ လာမြန်းပါ့ မယ် စိတ်ချလို့သာ နေပါတော့ဆိုတဲ့ စကားတစ်ခွန်း က စလိုက်တဲ့ ကြောင်းလမ်းပွဲ မွန်းကြီးထိန်ထိန် တည့် တာတောင် ပေါ်မလာကြတော့ ရွာက ဘယ့်နှယ့်ဟာတုန်း ညည်းတို့ဟာတွေ ဘာတွေဖြစ်ကုန်ကြ ပြီ။ ရွာက ဒေါသဖြစ်တာ ထားလိုက်ဦး။ သတို့သမီးအေးသီရဲ့အမေ မစွန်မက မနက်မိုးမလင်းခင်က မရှိ တာရှိတာ ရှာဖွေပြီး တင့်တင့်တယ်တယ် တည်တည်ပပကလေးမှ ဖြစ်ပါစေတော့ဆိုပြီး မိန်းကလေးရှင် တန်မယ့် ချက်ဟယ် ပြုတ်ဟယ်လုပ်ရရှာတယ်။


သားမက်လောင်းက မန္တလေးက စက်ဆရာလို့ပြောထား တော့ ရပ်ရွာကလည်း အေးသီ စက်ဆရာနဲ့ အကြောင်းပါမယ် ဆိုတာကိုပဲ ၀မ်းသာကြတယ်။ မုဆိုးမ သားအမိဆင်းရဲရှာတာလည်း မျက်မြင်ကိုး။ အနောက်ရွာ တွေ ဘက်မယ် ခြံနဲ့စိုက်တဲ့ သနပ်ခါးကို မြို့ယူ ရောင်းတာနဲ့ စားကြရှာတယ် ဆိုပေသိ သနပ်ခါးပင် ကို ဆယ်ပင်ဟယ်၊ အပင်နှစ်ဆယ်ဟယ် ၀ယ်ထား ပြီး ဆစ်ပိုင်းရောင်းနိုင်တာမျိုးမဟုတ်ဘူး။ သည်ခေတ် သနပ်ခါးတစ်ပင်ကလည်း အပွေးကောင်း၊ အပင် လှရင် နှစ်သောင်း၊ သုံးသောင်းဈေးရှိတော့ မစွန်မတို့ သားအမိက တစ်ပင်တောာင် မ၀ယ်နိုင်ဘူး။ သနပ် ခါးခြံပိုင်ရှင်တွေဆိုတာက ကြံများလို ကိုယ့်အခင်း ထဲကကြံ တစ်ပင်ချင်းခုတ်ရောင်းနေတာမျိုးမဟုတ် တော့ အကြွေးယူ ပြီး အရင်းမဆပ် လုပ်မဖြစ်ဘူး။ သည်တော့ သနပ်ခါးပွဲစားတွေဆီက ဈေးဖြတ်ပြီး အကြွေး ယူရရှာတာပါ။ မန္တလေးကို တစ်ဆင့် ပို့တော့ တစ်ဈေးရပြီ၊ မန္တလေးနဲ့ စစ်ကိုင်းဆိုပေမယ့် တစ်ပတ်တစ် ခါတောင် သွားဖြစ်လာဖြစ်တာ မဟုတ် တော့ တစ်လတစ်ခေါက် အနိုင်နိုင်ရယ်။


မန္တလေးက ငွေကလေး ပြန်သိမ်း၊ သနပ်ခါးပွဲစားပြန်အပ်၊ ပိုတာလေး သုံးကြရတယ်။ အေးသီက ရွာ့အခင်း တွေမှာ ဘောက်လုပ် ငန်းမှန်သမျှ ၀င်လုပ်တာလည်းရှိရဲ့၊ မစွန်မကလည်း နာမည်နဲ့လိုက်အောင် စွန်မကြီး တစ်ကောင် ၀ဲနေ သလိုပါပဲ။ လူက လှပ်လှပ်ကလေးနဲ့ အလုပ်များတော့ ဒေါင်းတိမောင်းတိ သိပ်ရှိတယ်။ သည်တော့ သားအမိနှစ်ယောက် ၀၀လင်လင် စားရပါရဲ့။ ပိုတယ်ရယ်လို့တော့ မရှိဘူး။

အေးသီ နဲ့ မောင်ကြိုင် ကြိုက်ကြလို့ အခါလည်တော့မှ အေးသီက မအေကိုဖွင့်ပြောတာပါ။ မောင်ကြိုင် က သံလျက် မော်ဘက်မှာ စက်ဆရာဖြစ်တဲ့အကြောင်း၊ သဘောမနောကောင်းကြောင်းလောက် ပြော နိုင်တာ ပါပဲ။ အမေကတော့ အဝေးလွှတ်ရတဲ့ သမီးလေး အချိန်မတိုင်ခင် အမှားအယွင်းရှိမှာစိုးတာက လွဲရင် မြို့သား နဲ့ မေတ္တာရှိတယ်ဆိုတာကိုတော့ ၀မ်းသာပါရဲ့။ သူလည်းငယ်ရာကကြီးလာသူဆိုတော့ သည်ကိစ္စ တားမဖြစ်ဘူး ဆိုတာလည်း သိတယ်။


“စက်ဆရာ ဆိုတော့ ဘာစက်ဆရာတုန်း သမီးရဲ့”

“ဘာစက်ဆရာ လဲတော့ မပြောတတ်ဘူး”

“ညည်းဟာက အေ ဘာဖြင့်ဘာ ညာဖြင့်ညာဆိုတာတောင် မပြောဘူးလား၊ ညည်းကို ညာနေတာများ လားအေ”

“သူ့အင်္ကျီ ဘောင်းဘီတွေမှာတော့ စက်ဆီတွေ ပေကျံနေတာပဲ အမေရဲ့… စက်ဆရာ ဟုတ်လောက်ပါ တယ်”

မစွန်မ ကလည်း ဘာစက်ဆရာမှန်းမသိတဲ့ သမီးဖြစ်သူရဲ့ရည်းစားကို စက်ဆရာလို့ပဲ မှတ်ထားလိုက် တာပါပဲ။ တစ်ရက်တော့ လိုက်လည်ကြည့်တယ်။

“နို့ မျိုးရိုးက မန္တလေးကပဲလား”

“ဟုတ်ထင်ပါရဲ့”

“လူပျိုလူလွတ် ကော ဟုတ်ရဲ့လား အေးသီရယ်၊ နဖားကြိုးကြီးနဲ့ ဖြစ်နေပါဦးမအေ”


“ဟုတ်ပုံ ရပါတယ် အမေရဲ့”

အေးသီ က သည်အထိတော့ အတွင်းနှိုက်မသိနိုင်ဘူးကိုး။ သူ့စိတ်ထဲရှိတဲ့အတိုင်း ဖြေတာပါ။

“နို့… အိမ်နဲ့ရာနဲ့ကော ဟုတ်ကဲ့လားအေ… ခွေးတိုးဝက်ဝင်ဖြစ်နေပါဦးမယ်”

“ကိုကြိုင် ပြောတာကတော့ သူ့ဆရာ အိမ် နေတယ် ပြောတာပဲ အမေရဲ့၊ လခတွေလည်း သူ့ဆရာ ကတော် က စုဆောင်းပေးတာတဲ့”

“ညည်းက မမေးဘူးလား အိမ်ထောင်ရက်သားပြုရင် ဘယ်လိုနေကြထိုင်ကြမှာလဲလို့ သူ့စိတ်ထဲတော့ တွေးပြု ထားတာ ရှိမှာပေါ့”

“ကျုပ်ဖြင့် မသိပေါင်”


“ဟယ်… ဗိုင်းတာမ ကြိုက်သာလာသယ်၊ ဘာတစ်ခုမှ စစ်စစ်ပေါက်ပေါက် မရှိခဲ့ဘူး။ ကိုယ်သူမယ့်လင် ချိုကုပ် လား၊ ချိုထောင် လား မကွဲဘူး”

မစွန်မ က စိတ်ကလည်းမြန်တော့ သမီးခေါင်း ဒေါင်ခနဲခေါက်ပြီး မျက်နှာတစ်ဖက် လွှဲနေတယ်။ မအေ ပြောလည်း ပြောစရာပါ။ အေးသီက မောင်ကြိုင်နဲ့ ကမ်းနားဈေးထဲတွေ့ကြတာ။ အေးသီ ဖောက်သည် သွင်းတဲ့ ဆိုင် က ပိုင်ရှင် မတင်ကြည် က မောင်ကြိုင့်ဆရာ ကိုကျော်သန်းမိန်းမနဲ့ ခင်ကြသူတွေ။ တစ်ရပ် ကွက်တည်း လိုလိုဖြစ်နေတော့ သနပ်ခါးကောင်းလေးများပါရင် ဈေးထဲမုန့်စားနေတဲ့ မောင်ကြိုင်ကနေ တစ်ဆင့် မင်းအစ်မပေးလိုက်ဆိုပြီး သနပ်ခါးလေး ငါးချောင်း ပါးလိုက်တာမျိုးရှိတယ်။ အေးသီ က သနား ကမား ကလေး၊ တောသူမိန်းကလေးဆိုတာကို မောင်ကြိုင် သဘောကျတယ်။


ရယ်လိုက်ရင် သွားစွယ် လေး ပါတာကိုလည်း သူ့စိတ်ထဲ ချောလှချည့်ထင်တာကိုး။ သည်လိုနဲ့ မတင်ကြည်ဆိုင်မှာ တစ်ခါတွေ့ နှစ်ခါတွေ့ တွေ့ကြရုံရှိသေး၊ မောင်ကြိုင်က သည်တစ်ခါလာရင် ရည်းစားစာပေးတော့မယ်လို့ ပိုင်းဖြတ် ပြီးနေပြီ။ မတင်ကြည်ဆိုင်သွားရတာလဲ အမော။ မတင်ကြည်ကလည်း သိပါတယ်။


“အစ်မ သနပ်ခါးကောင်မလေး လာသေးလား”

“အေးသီလား သူက တစ်လမှ တစ်ခေါက်လောက်လာတာ ငါ့မောင်ရဲ့၊ နောက်လေးငါးရက်လောက်ဆို လာတော့ မှာပါတော်၊ ဘာလဲ မင်းက အေးသီကိုကြိုက်လို့လား”

“ကြိုက်တယ်ရယ် မဟုတ်ပါဘူး”

“မကြိုက်လဲ ပြီးတာပဲကွယ်၊ ကြိုက်တယ်ဆိုရင်လဲ ပြောပေးရသား၊ မင်းက မကြိုက်မှတော့ ငါ့တူ လှသန်း နဲ့ စပ်ပေး ရတော့မှာပေါ့”


မတင်ကြည်က အေးသီကို ကြိုက်မှန်းသိလို့ မောင်ကြိုင့်ကို စလိုက်တာပါ။ လှသန်း နဲ့ စပ်ပေးမယ်လို့လဲ ကြားရော မောင်ကြိုင့် မျက်နှာ အိုကျသွားလိုက်တာ ဘာပြောကောင်းမလဲ။ ရင်တွေ ပန်းတွေလည်း တုန် သွားပုံ ပေါ်တယ်။ ဘာဆက်ပြောရမှန်း မသိတော့ ငူငူကြီးရပ်နေလိုက်တာ ဆိုင်ဝက မပြန်တော့ဘူး။ မတင်ကြည် ကတော့ ရယ်ချင်စိတ်မျိုချထားပြီး သည်ကိစ္စဆက်ပြောစရာအကြောင်းမရှိတော့ဘူးဆိုတဲ့ပုံ လုပ်ထား လေရဲ့။ မောင်ကြိုင် ရိုးသားမှန်းသိတော့ ရယ်ချင်တာ နဲ့ တမင်လုပ်ထားတာပါ။


“သည်လို အစ်မရဲ့”

“သြော်ကွယ်… မင်းမှ မကြိုက်ပဲနဲ့ဟာ ငါ့တူ လှသန်းက ကြိုက်လိုက်တာမှ တစ်ပိုင်းသေလို့”

“အစ်မနှယ် ကျုပ်ကလဲ မကြိုက်ဘူးတော့ ဘယ်ဟုတ်ပါ့မလဲ”

“မင်း အဲသလိုတော့ မဝေ့နဲ့လေကွယ်၊ မိန်းကလေးကိုကြိုက်ရင် ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူး ပြော မှပေါ့။ ငါက တာဝန်ခံရမှာဟဲ့”


“ကြိုက်လှချည့်ဗျာ၊ ကိုင်း ဘာဖြစ်သေးတုန်း”

ကိုင်း… ဘာဖြစ်သေးတုန်းလည်းဆိုရော မတင်ကြည်က ရယ်လိုက်တာ ခွက်ခွက်လန်လို့။ ဘေးဆိုင်က မိန်းမ တွေကလည်း မတင်ကြည်နဲ့ မောင်ကြိုင်ပြောနေတာကို ကြားနေရတော့ မတင်ကြည်က စတာ ရော၊ မောင်ကြိုင် အူတာကိုပါ သိကြတာကိုး။ အုန်းခနဲ ၀ိုင်းရယ်ကြတယ်။ သည်လိုနဲ့ ကြိုက်ရတဲ့ မိန်းကလေး ပေမယ့် တစ်လ မှ တစ်ခါ တွေ့ရတာပါ။


တစ်လတစ်ခါ ဆိုတာကလည်း ဥပုသ်နေ့နဲ့ မတိုင်ဆိုင်ရင် မျက်နှာလောက် မြင်ရရုံကိုး။ အလုပ် မပိတ်တာ ရယ်၊ သမီးရည်းစား ရယ် လို့ အေးသီနဲ့လျှောက်လည်ဖို့ အချိန်မရတာရယ်ဆိုတော့ လူချင်း တွေ့ရတာ လောက် နဲ့ ပြီးရတာများတယ်။ တစ်ခါတစ်လေ အလုပ် ကျပ်တဲ့ရက်နဲ့တိုးရင် ဈေးထဲသွားဖို့တောင် အချိန် မရတာ များလည်းရှိတော့ မတွေ့လိုက်ရတာလည်း ရှိ တတ်တယ်။ ဒါဆိုရင် ဝေးပြန်ပါလေရော တစ်လ။


တစ်ခါတော့ မောင်ကြိုင်က အေးသီကို ဓာတ်ပုံတောင်းသတဲ့။ အေးသီမှာ ဓာတ်ပုံမရှိဘူး။ ပြောသာပြော တာပါ။ မောင်ကြိုင့်မှာလည်း ဓာတ်ပုံရယ်လို့ မရှိပါဘူး။ အလုပ်ရုံက ကထိန်ခင်းလို့၊ ဘုရားဖူးတို့လို၊ စစ် ကိုင်း မင်းကွန်းဘက်သွားကြလို့ အများနဲ့ရိုက်ထားတဲ့ပုံတော့ ရှိပါရဲ့။ တစ်ယောက်တည်းရိုက်တဲ့ ရှိုးပုံမ ရှိဘူး။ မောင်ကြိုင်က ရည်းစားကို ဓာတ်ပုံပေးတဲ့အခါကျတော့ သံရည်ကျိုရုံက သူငယ်ချင်းတွေ မင်းကွန်း မှာ စုရိုက်ထားတဲ့ပုံ ဖြစ်နေတယ်။ အေးသီက ဓာတ်ပုံကိုကြည့်ပြီး စိတ်ကောက်ချင်ဟန်ဆောင် တယ်။


“ကိုကြိုင့်ဟာက ကျွန်မမှာ ရည်းစားတွေများသလို ဖြစ်နေပါပကောလား။ ကျွန်မသူငယ်ချင်းတွေက ညည်း ရည်းစား ဘယ်ဟာလဲဆိုရင် ဘယ်သူ့ပြရမှာတုန်း၊ ကျရာလူ ပြလိုက်မှာပဲ”

“ကိုကြိုင့်ပုံကိုချန်ပြီး ကျန်တဲ့ပုံ ညှပ်ပစ်လိုက်ရင် ရတာပဲဟာ”


အေးသီက ရွာရောက်တော့ တကယ်လည်း ညှပ်ပစ်ရှာပါတယ်။ ဘယ့်နှယ်ရည်းစားမဟုတ်တဲ့ပုံတွေ ယူ မထားနိုင်ပေါင်တော်ပေါ့လေ။ သည်တော့ မောင်ကြိုင့်ပုံက ရှည်တောက်တောက်ကလေးဖြစ်နေရော။ ကလေးစားတဲ့မုန့်လက်ညှိုးလောက်ရှိတာပါ။ အေးသီကလည်း ရည်းစားဓာတ်ပုံဆိုပြီး ရွာကသူငယ်ချင်း တွေကို ပြတယ်။ သူငယ်ချင်းတွေခမျာ သည်လိုဓာတ်ပုံမျိုး မတွေ့ဘူးတော့ မြို့က ဖက်ရှင်ထင်ကြတာ ပေါ့။ အခု အဲသလို ပုံကလေးတွေ ခေတ်စားနေပုံရတယ်လို့ပဲ တွေးကြတယ်။ အေးသီမှာ ရည်းစားဓာတ် ပုံရယ်လို့ အဲသလို ရှည်မြှောင်းမြှောင်းကလေးရှိပေမယ့် အေးသီမှာ ဓာတ်ပုံမရှိတော့ မောင်ကြိုင့် ကို မပေးရ သေးဘူး ဖြစ်နေတယ်။ စစ်ကိုင်းမြို့မှာ ရိုက်ရင်တော့ ရမှန်းသိပါရဲ့။


အပိုင်း-၄ ဆက်ရန်


{ ရွှေဇင်ဦးဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်။ }


No comments:

Post a Comment