ဘ၀အဖော်
♥♥♥♥♥
ဂျာနယ်ကျော် မမလေး
ကျွန်မ မျက်စိထဲ၌ ဆန်းနေသည်။
အသက်အားဖြင့် ၁၈နှစ်ခန့််ရှိ လူပျိုပေါက် အရွာယ်ကလေး ဖြစ်သည်။ နေရောင်ခြည်ထဲတွင် အကျီင်္မပါဘဲ ဦးထုပ်ကလေး ဆောင်းကာ အိုးခွက်များတိုက်ချွတ်ဆေးနေလေသည်။ အိုးတိုက်ခွက်တိုက် အလုပ်ကို မိန်းကလေး တစ်ယောက်နှင့် မခြားကျင်လည်စွာ တိုက်ချွတ် ဆေးကြောနေလေသည်။ အလုပ်ထဲ၌ စိတ်ဝင်စား နေပုံလည်း ပေါ်၏။ အိုးတိုက်ဖွဲပြာမျးကို ကျုံး၍ ဧရာမဒန်အိုးကြီးတစ်လုံးကို နှံ့နှံ့စပ်စပ် ပွတ်တိုက်ပြီး သွားမှ အခြားအိုးအလတ်၊ အိုးအငယ် အရွယ်အစားစားကို တစ်အိုးပြီးတစ်အိုး ဆွဲ၍ဖွဲပြာနှင့် ပွတ်တိုက် နေပြန်လေသည်။
ကျွန်မမှာ ပက်လက်ကုလားထိုင်ပေါ်၌ ထိုင်ကာ သူလုပ်ပုံကိုင်ပုံကို စိုက်၍ ကြည့်နေ၏။ သူလုပ်ကိုင် နေပုံမှာ အလွန်သေချာလှသည့်အတွက် စိတ်ဝင်စားရသည်။ နေရောင်ခြည်သည် သူ့ကျောကုန်းပေါ်သို့ ထိုးကျ နေသည်။ သူ့ကိုယ်တွင် ရေချိုးထားသကဲ့သို့ ချွေးများစိုရွဲလျက် ရှိ၏။ ကစားခုန်စားဘက်၌ လူငယ် လူရွယ် တစ်ယောက်ဟု ခန့်မှန်းရသည်။ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းထွားကျိုင်းလျက် လှပသော ကိုယ်နေ အချိုးအစားမျိုး ဖြစ်၏။
အိုးတွေ ခွက်တွေ တိုက်ချွတ်ဆေးကြောနေသော နေရာသည် အိမ်ရှေ့မျက်နှာစာတွင် ဖြစသည်။ လူသွားလမ်းနှင့် နီးကပ်နေသည်။ လမ်းပေါ်၌ ရွယ်တူတန်းတူဖြစ်သော အပျိုလေးသုံးယောက်သည် ဈေးခြင်းတောင်း ကိုယ်စီဆွဲလျက် လျှောက်သွားကြသည်။
ခရမ်းရောင် နိုင်လွန်လက်ပြတ် ၀တ်ထားသော အပျိုမလေးက သူ့ကိုလှည့်ကြည့်သွားလေသည်။ ထိုအချိန်၌ သူသည် ဒန်အိုးအဖုံးများကို တစ်ချက်ပြီး တစ်ချပ်ဖွဲပြာမှုန့်နှင့် ပွတ်နေရင်းမှ လှမ်းကြည့် လိုက်သည်။ အပျိုမကလေးက ပြုံးစိစိကြည့်သွားသည်။ သူ့မျက်နှာတွင် ဘာမျှ ထူးခြား၍မသွား။ ကျွန်တော် အိုးတိုက်၍ နေပါသည်ဟူသော ရိုးသားသော အသွင်မှတစ်ပါး ရှက်ပုံလည်းမရှိ။ ကျွန်မ သာလျှင် ပကတိ မထူးခြားသော သူ့အမူအရာကို ကြည့်ကာရင်ထဲ၌ လှုပ်ရှားနေလေသည်။
ကျွန်မ သားသည် သူ့အရွယ်လောက်ပင် ဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက်လည်း ဆင်သည်။ သူ့နေရာတွင် ကျွန်မသားကို အစားထိုးကာ အိုးတိုက်ခွက်တိုက်နေပုံကို မြင်ယောင်ကြည့်နေ မိသည်။
အစားထိုးကြည့်မှ ရုတ်တရက် ပြဿနာတစ်ခု ပေါ်လာသည်။ သူသာကျွန်မသားဖြစ်ခဲ့လျှင် အိုးတိုက် ခွက်တိုက် အလုပ်ကို ခိုင်းနိုင်ပါ့မလား။ ဤမေးခွန်းမှာ ချက်ချင်းပဲ အဖြေထွက်သည်။ ကျွန်မသားဆိုလျှင် ဘယ်နည်း နှင့်မျှ ဤအလုပ်ကို ခိုင်းစေလိမ့်မည်မဟုတ်။ လူပျိုပေါက်ကလေး ဖြစ်လျက် သူ့အမေက ဘယ့်နှယ်ကြောင့် များ အိုးတွေ ခွက်တွေ တိုက်ခိုင်းရသလဲ။ သူ့တို့မိသားစုထဲ တွင် သူသည် သားအကြီးဆုံး ဖြစ်သည်။ သမီးမိန်းကလေး မရှိ၍ သူ့အမေက သူ့ကို တစ်အိမ်ထောင် လုံးလုပ်ငန်း တာဝန်များ လုပ်ကိုင်ရန် လွှဲအပ်ထားသည့်အတိုင်း အပိုးကျိုးနေပါပေ၏။
သူသည်နံနက် ၃နာနီ၌ ထရသည်။ မျက်နှာသစ်ရန်ပင် အချိန်မရဘဲ မီးဖိုထဲသို့ တန်းပြေးကာ ကပျာပယာ မီးမွှေးလေသည်။ မုန့်ဟင်းခါးဟင်းရည်အိုးကြီး တည်ရန် စိုင်းပြင်နေသည်။ ခွင်ပေါ်သို့ ဟင်းအိုးကြီး ရောက်သွားပြီး သည်နှင့် ထမင်းလက်သုပ်အတွက် ထမင်းအိုးကြီး တစ်အိုးကို ဆန်ဆေး၍ တည်လိုက်ပြန်သည်။ ညဥ့်ဦးယံက ကြော်လှော်ထားသော ငရုတ်ဆီ၊ ဆီချက်၊ ညက်ညက်ပါအောင် ထောင်းထား သော ပဲမှုန့်၊ ပုဇွန်ခြောက်စသည်တို့ကို ကြွေရည်သုတ် သံခွက်များထဲတွင် မောက်အောင် ထည့်ပြင်သည်။ ထမင်းအိုးကျသည်နှင့် အာလူး၊ ကြာဆန်၊ ပဲလိပ်၊ ဘဲဥအစရှိသည်တို့ကို ဖိုပေါ်တင်ပြုတ် လိုက်ပြန်သည်။
သူ့ညီလေး မောင်အေးသည် အိပ်ရာမှ ထလာသည်။ မောင်အေးမှာ အသက်အားဖြင့် ၁၂နှစ်ခန့်ပင် ရှိသည်။ ဝေလီဝေလင်းတွင် အစ်ကိုက ညီကိုချော့မော့ ပြောဆိုနေလေ၏။
''ညီလေး၊ ပန်းကန်တွေ တောင်းထဲ ထည့်တော့။ အိမ်ရှေ့မှာ တွန်းလှည်းပြင်ထားပြီ''
မီးဖိုထဲ တွင် သမံတလင်းပေါ်၌ ဒေါက်ဒေါက် ပြေးနေသော သူ့ဖိနပ်သံဖြင့် သူ့အမေ ဒေါ်ဥသည် နိုးသွား လေသည်။
''မောင်စိုးမြင့်ရေ သင်္ဘောသီး ခြစ်ပြီးပြီလား''
ဒေါ်ဥသည် ပြောပြောဆိုဆို အိပ်ရာမှ ထလာသည်။
''အားလုံး အဆင်သင့်ပါ အမေ'' ဟုချိုအေးသံသာဖြင့် သူကပြန်ပြောသည်။
သူ့အမေနေရာတွင် အခြားမိခင်တစ်ဦးဆိုလျှင် သမီးမိန်းကလေးတစ်ယောက်လို အားကိုးရသည့် သားအတွက် ကျေနပ်ကြည်နူးသွားကြမည်သာပင်။ သူ့အမေနေရာတွင် ကျွန်မနေကြည့် လိုက်သည်။ ကျွန်မ မှာ သူ့အမေဆိုလျှင်ပင် သူလုပ်ကိုင်နေပုံတွေကို ကြည်နေဖို့ မဆိုထားဘိ။ သူ့အမေနံဘေးက ယှဉ်ကြည့် ရမည်ဆိုလျှင်ပင် သူလုပ်ကိုင်နေပုံတွေကို ကြည့်ရင်းကြည့်ရင်း ရင်ထဲ၌ အောင့်လာ စရာရှိသည်။
နံနက်မိုးသောက်စ လက်တွန်းလှည်းကြီးပေါ်တွင် အိုးခွက်ပစ္စည်းပစ္စယတွေ အကုန်တင်ကာ သားအမိ သုံးယောက် အိပ်က ထွက်သွားကြသည်။ ပြည်မြို့ ကင်းဘုရားအနီးရှိ ကွက်လပ်၌ ထမင်းလက်သုပ်ဆိုင် ဖွင့်ခင်းကြသည်။ တာလပတ်အဖြူ ရွက်ထည်ရုံကြီးမိုးလျက် စားပွဲခုံများ ခွေးခြေများနေရာချ ခင်းကျင်း ပြင်ဆင်ကြသည်။ ခုံတန်းရှည်ကြီးပေါ်၌ လက်သုပ်ရောင်းရန်အတွက် အမည်မျိုးစုံတို့ကို ပတ္တလား စီချ ခင်းသည်။ ဆိုင်ရှေ့မှ ရပ်ကြည့်လိုက်လျှင် စားပွဲခုံရှည်ပေါ်၌ ထမင်း၊ အာလူး၊ ကြာဆံ၊ သင်္ဘောသီး၊ ပဲလိပ်၊ ကျောက်ပွင့်၊ ပဲပြားစသော ပစ္စည်းအမည်များမျာ သီးခြားတစ်ခွက်စီ ထည့်ထားသည်။ ယင်မနားအောင် လက်နှိုက်သာရှံ ဖွင့်လျက် အ၀တ်ဖြူစနှင့် ဖုံးအုပ်ထားသည်။ ဆီချက်၊ ပဲမှုန့်၊ ပုဇွန်ခြောက်၊ ငရုပ်သီး၊ ငံပြာရည်၊ မန်ကျည်းရည် စသောအမည် များကိုသဇလုံ အဖြူခွက်ကလေးတွေနှင့် တန်းစီ ၍ ချထားလေသည်။
သားအမိနှစ်ယောက် ဆိုင်ကိုခင်းကျင်း ပြင်ဆင်နေသည်။ သားအငယ်မောင်အေးသည် မီးမွှေးနေသည်။ မောင်အေးသည် မီးမွှေးပြီး သူ့အလုပ်ကို တစ်ခုပြီးတစ်ခု လုပ်ရန်အတွက် ဟန်ပြင်နေပြီ။ သူသည် ပန်းကန်ဆေး ရမည်။ မုန့််ပွဲချရမည်။ ပိုက်ဆံသိမ်းရမည်။
'ဟေ့ မောင်အေး၊ ရေနွေးကြမ်းဟေ့' ဟုဆိုလျှင် အဆင်သင့်ဖြစ်ရအောင် ရေနွေးအိုးကြီး တည်နေသည်။
နံနက် စောစော ရ နာရီခန့်က ဒေါ်ဥ လက်သုပ်ဆိုင်သို့ ကျွန်မနှင့် မမပြုံးတို့ ရောက်သွားကြသည်။
သန့်သန့်ရှင်းရှင်း ခင်းကျင်းပြင်ဆင်ထားပုံကို တန်းတွေ့ရသည်။ စားပွဲ၊ကုလားထိုင်တိုင်းတွင် လူတွေ ပြည့်ကျပ် နေလေ၏။ ရွက်ထည်ရုံကြီးမိုးလျက် စားပွဲကုားထိုင်နှင့် ကျကျနန ထည်ထည်ဝါ၀ါ ရောင်းသော ထမင်းလက်သုပ်ဆိုင်ကို သည်တစ်ခါသာ တွေ့ဖူးသေး၏။ ထမင်းကို ငရုပ်ဆီရောင် မဆိုးဘဲ အဖြူထည် ပြင်ကာ ငရုပ်ဆီဆမ်းပေးသည်။ ဒေါ်ဥမှာ နှစ်ပေါင်းများစွာ ရောင်းခဲသဖြင့် လက်သားကျနေ၏။ ဘာထပ် ထည့်ပါဦးဟု မပြောရအောင် တစ်ခါပြင်နှင့် လက်မှန်းကောင်းကာ အစပ်တည့်၏။ ပြည်မြို့ တစ်မြို့လုံး ဒေါ်ဥကို စွဲကြသည်။ နေထိုင်မကောင်း၍ ဒေါ်ဥဆိုင်မထွက်သော် မနက်မိုးလင်း သူ့လက်သုပ် မစားရလျှင် မနေနိုင်မထိုင်နိုင် ဖြစ်သူတိုင်း ကသိကအောက် ဖြစ်ကြရသည်။
တစ်နေ့နံနက် ပျက်ကွက်သည့်အတွက် 'ခင်ဗျားကြီး သေများနေသလား' ဟု မချင့်မရဲ ရန်တွေ့ တတ်ကြ သည်။
မောင်အေးသည် ခေါင်းတုံးဆံတောက်ကလေးနှင့် စွပ်ကျယ်လက်တို ဘောင်းဘီတို နက်ပြာကလေး ၀တ်ထားသည်။ တစ်ပန်းကန်းပြီး တစ်ပန်းကန် ပြေးချပေးရသည်။ ဟိုတောင့်သည်တောင့်တို့မှ 'မောင်အေးရေ' ဟုအော်လိုက်လျှင် ပန်းကန်းဆေးနေရာမှ လက်ဖက်ရည်ကြမ်း ကရားအိုးထဲ ရေနွေးဖြည့် ပေးရသည်။ မုန့်တစ်ပွဲကို အကြော်ပါလျှင် ဘယ်လောက်၊ အကြော်မပါလျှင် ဘယ်လောက် ၀ိုင်းတစ်ဝိုင်း တွင် ပန်းကန်ချလိုက်တိုင်း စိတ်ထဲက တွက်ချက်ပြီးသား ဖြစ်အောင် လည်ပေသည်။
ဒေါ်ဥမှာ တစ်ချိန်လုံး မတ်တတ်ရပ်လျက် လက်မအားအောင် ပြင်ပေးနေသည်။ မုန့်ပြင်နေရင်း ဆိုင်ထဲ ၀င်လာသူတိုင်းနှင့် စကားပြောလိုက်သေးသည်။ ကျွန်မရှေ့၌ လာချလိုက်သော လက်သုပ်ပန်းကန်မှာ အဆင်သင့် ဇွန်းဖြင့်ခပ်စားနိုင်ရန် တစ်ခါတည်း နယ်ပေးလိုက်သည်။ ဟိုဟာသည်ဟာ ထပ်တောင်းစရာ မလိုလောက် အောင်ပင် အစပ်တည့်နေသည်။ တစ်ဇွန်းနှစ်ဇွန်းနှင့်ပင် ပါးစပ်ထဲ၌ စွဲသွားသဖြင့် ဒါကြောင့် လည်း မနက်တိုင်း မစားရမနေနိုင်ဖြစ်ကြ မှာပဲဟု တွေးမိသည်။
လက်သုပ်မုန့်ဟင်းခါး ရောင်း၍ရသော ဒေါ်ဥ၏ ၀င်ငွေမှာ တစ်လ ၅၀၀၊ ၆၀၀ ရသည်။ နံနက်၆နာရီ မှ ၁၀နာရီ ထိသာ ဆိုင်ဖွင့်သည်။ တစ်နေ့လုံးများ ဆိုင်ထွက်နိုင်ခဲ့လျှင် ၀င်ငွေ ၁၀၀၀ ခန့်ရှိမည်ဟု အဆိုရှိသည်။
ပြည်မြို့သို့ ကျွန်မ နှစ်ခေါက်သုံးခေါက် ရောက်သွားသော်လည်း ဒေါ်ဥတို့ မိသားစုနှင့် အသိမိတ်ဆွေ မဖြစ်ခဲ့ချေ။ ယခုတစ်ခေါက်မှ မမပြုံးက ညဘက်ခေါ်သွား၍ ရောက်ဖူးရသည်။ သမံတလင်းခင်း၊ ပျဉ်ထောင်သွပ်မိုးအိပ်သစ်ဖြင့် မိသားစုတစ်စု ထောင့်စွန်းခန်းကို ငှားနေကြသည်။ ၀င်ဝင်ချင်း အိမ်ရှေ့ ဘုရားခန်း တွင် စားပွဲခုံနှစ်ခုံ နံရံကပ်ထားသည်။ စားပွဲပေါ်၌ စာအုပ်များသပ်သပ် ရပ်ရပ်စီ၍ ထားသည်။ ထိုအခန်း နှင့် ကန့်လန့်ကာခြားလျက် ပေါ်လစ်ရောင်ပြောင်နေသော နှစ်ယောက်အိပ် ခုတင်ကြီး ခင်းထားသည်။ ခုတင်ပေါ်၌ မွေ့ရာခင်း၊ ခေါင်းအုံးစွပ်များမှာ ဒိုဘီချအတိုင်း ခေါက်ရိုးကျကျနှင့် ဖြူဖွေး နေသည်။ ခုတင်နှင့် တစ်ဆက်တည်း ခြေရင်းဘက်တွင် ကွပ်ပျစ်တစ်ချပ် ခင်းထားသည်။ လူသွား လမ်းဘေးတွင် အ၀တ်အစားသေတ္တာများ အောက်က ခုခု၍ အစီအရီ တင်ထားသည်။
သေတ္တာများပေါ်၌ ကြိုးတန်းတွေ့ရသည်။ မျက်နှာသုပ်ပ၀ါ၊ ပုဆိုး၊ အင်္ကျိများကို ခေါက်တင်ထားပုံမှာ စနစ်ရှိသော အိမ်ရှင်မကောင်း တစ်ယောက်၏ လက်ရာအတိုင်း ဖြစ်သည်။
ဤအခန်းကို ကျော်လျှင် မီးဖိုကိုတွေ့ရသည်။ ဆေးရောင်စိမ်းသုတ်ထားသော သံဇကာ ကြောင်အိမ်ကြီး တစ်လုံးသည် နံရံ၌ ကပ်နေသည်။ ကြောင်အိမ်ပေါ်၌ နို့ဆီ၊ သကြား၊ကော်ဖီမှုန့်၊ ဟောလစ် စသော ဘူးခွက် တို့ကို ကြည့်ခြင်းအားဖြင့် အလျှံပယ် စားနိုင်သောက်နိုင်ပုံပေါ်သည်။
မီးဖိုထဲ၌ ဆန်ကိုအိတ်လိုက် ထောင်ထားသည်။ ဆီကို ပုံးလိုက်တွေ့ရသည်။ ငရုတ်၊ ကြက်သွန်၊ အာလူးစသော စားသုံးကုန်များမှာ လက်လီဝယ်သုံး၍ မဖြစ်။ နေ့စဉ်လက်သုပ်ဆိုင်အတွက် အိမ့်အတွက်သုံးနေရသောကြောင့် အိတ်လိုက်၊ ပုံးလိုက်၊ ပိဿလိုက် အတောင့်ဝယ်ထားရသော ပစ္စည်းတွေ ဖြစ်၏။
ဗီရိုထဲတွင် တိုက်ချောပန်းကန်များကို အထပ်လိုက် စီတင်ထားသည်။ မီးဖိုထဲ၌ ဘယ်ပစ္စည်း ကြည့်ကြည့်၊ ပြောင်ပြောင်ရောင်ရောင် ရှိသည်။ အိမ်ကြီးအိမ်ကောင်းများ၌ သုံးသော နိုင်ငံခြားလုပ် ခွက်ယောက် အသုံးအဆောင် များနှင့် မကင်းသည်ကိုတွေ့ရ၏။ သောက်ရေအိုးဖုံးပေါ်တွင် တင်ထားသော ကြေးဖလား မှာ အရောင်တပြောင်ပြောင် လက်နေလေသည်။
အိမ်ရှေ့ အိမ်နောက်ဖေးအထိ တစ်ခန်းလုံးတွင် ထူးခြားချက်တစ်ခုတွေ့ရသည်။ ၄င်းမှာ အိမ်ရှေ့ရှိ စာရေးစားပဲခုံကလေး ကပ်ထားသော နံရံတစ်ခုလုံး၌ မှန်ပေါင်သွင်း၍ ချိတ်ထားသော ကားချပ်များ ဖြစ်သည်။ ဒေါ်ဥ၌ သားသုံးယောက်ရှိသည။ သားသုံးယောက်စလုံး ကျောင်းတွင် အတန်းတိုင်း၌ စာတော်ကာ ပထမစွဲကြသည်။ စာမေးပွဲတိုင်း ပထမချည်းစွဲ၍ ဂုဏ်ထူးဆောင်နှင့် အောင်ကြသော အောင်လက်မှတ် များကို နံရံ၌တန်းစီ၍ ဆွဲချိတ်ထားလေသည်။ သားအကြီး မောင်စိုးမြင့်သည် ၁၀တန်း ဖြေထားသည်။ သားအလတ် မောင်အေးသည် ၇တန်းဖြေထားသည်။ အငယ်ဆုံး မောင်တင်ဝင်းမှာ ၄-၅တန်း ရောက်နေလေပြီ။ သားတွေအတွက် စာမေးပွဲ မအောင်မှာကို လုံးဝမပူရဘဲ ပထမ မစွဲကြမှာ ကိုသာ ပူရသည်။
''ဟောဒါက မောင်စိုးမြင့် ပထမစွဲခဲ့တဲ့ ဂုဏ်ထူးဆောင် အောင်လက်မှတ်ပဲ။ ဟောဒါက မောင်အေး ၄တန်း၊ ၅တန်း၊ ၆တန်း၊ ၇တန်း၊ အထိစာမေးပွဲတိုင်းမှာ ပထမချည်း စွဲလာတဲ့ အောင်လက်မှတ်တွေ''
ဒေါ်ဥသည် မှန်ပေါင်သွင်း ချိတ်ထားသော စာမေးပွဲအောင်လက်မှတ်များကို တစ်ခုပြီးတစ်ခု ကြည့်လျက် အေးတိအေးစက်ဟန်ဖြင့် မပွင့်တပွင့် ပြောပြနေသည်။
အစိုးရတန်းမြင့်ကျောင်းတွင် စာသင်နေကြသော ကျောင်းသားတွေဖြစ်လျက် မနက်တိုင်း လက်သုပ်ဆိုင် ထွက်ရောင်းကြကာ အတန်းတိုင်း ပထမစွဲအောင် စာကြိုးစားကြသော ကလေးတွေကို ချီးကျူး စရာကောင်းသည်။ နံနက် ၉နာရီကျောင်းမတက်ခင် ဆိုင်အတွက် ဝေယျာဝစ္စအကုန်လုံး တစ်ယောက် တစ်လက် သိမ်းကျုံး၍ လုပ်ကြရ၏။ ကျောင်းချန်နီးမှ ကျောင်းပြေးတက်ကြ၏။ ညနေ ကျောင်းကဆင်းလာပြန်လျှင် ငရုတ်သီးထောင်းဆီကျက်ချက်နှင့် ဗာဟီရအလုပ် များလှသည်။ ညဥ့်နက်မိုးချုပ်မှ စာကျက်နိုင်ကြ၏။
သူတို့သည် အစိုးရတန်းမြင့်ကျောင်း၌လည်း နေကြသည်။ နေပုံထိုင်ပုံ ၀တ်ပုံစားပုံမှာလည်း အဆင့်အတန်း ရှိသည်။ ယခုကဲ့သို့သော အခြေအနေနှင့် လူပျိုကာလသားလေးတစ်ယောက် အိုးတိုက် ခွက်တိုက် အလုပ်တို့ဖြင့် အပိုးကျိုးနေခြင်းကို စိတ်ဝင်စားရင်း သူတို့ဘ၀ကို သူ့တို့နားလည်ကြ၍သာ ဟု တွေးမိ တော့သည်။
ကျွန်မက 'ဟေ့ မောင်စိုးမြင့်' ဟု ခေါ်လိုက်သည်။ မောင်စိုးမြင့်သည် အိုးတွေခွက်တွေကို ရေလောင်း ဆေးကြော နေရာမှ 'ခင်ဗျာ' ဟုထူးလိုက်ပြီး ပြုံးနေ၏။
''မင်းတို့ အမေ ဘယ်အချိန် ပြန်မှာလဲကွ''
ကျွန်မနှင့် မမပြုံးကို ယနေ့နံနက် ဒေါ်ဥက ထမင်းစားဖိတ်ထားသည်။ ကျွန်မမှာ နေ့လယ် ၁၂နာရီ ရထားနှင့် ရန်ကုန်ပြန်ရမည်ဖြစ်၍ ရထားနောက်ကျမှာ စိုးရိမ်နေသည်။ ဒေါ်ဥဆိုင်သိမ်း၍ ပြန်လာမှ ချက်ပြုတ် နေလျှင် မီမှမီပါ့မလားဟု စိတ်ပူသွားသည်။
''၁၀ နာရီလောက် ပြန်လာလိမ့်မယ် အန်တီ'']
'မင်းမေမေ ပြန်လာမှ ထမင်းချက်မှာလား' ဟု ကျွန်မက မေးကြည့်လိုက်သည်။
''ဘယ်ဟုတ်မလဲ အန်တီ။ မနက်က ကျွန်တော်တို့အဖေ အစောကြီးဈေးထွက်ဝယ်ပေးတယ်။ အားလုံး ကျွန်တော် ချက်ပြီးပါပြီ''
သူတို့တွင် အဖရှိမှန်း မမပြုံးပြော၍ သိသည်။ သူတို့အဖေနှင့် မတွေ့ရသေးချေ။ ကောင်းကောင်း မကျန်းမာသဖြင့် အလုပ်မလုပ်နိုင်ရှာဘဲ တစ်အိမ်လုံးကို ထိန်းသိမ်းစောင့်ရှောက်ကာ မားမားမတ်မတ် ရပ်နိုင်ရုံ၊ ပါးစပ်နှင့် စီမံရုံသာ အခြေအနေရှိသည်ဟု ဆိုသည်။ မောင်စိုးမြင့် ပြောမှ သူတို့အဖေ အခန်းကဏ္ဍ သည် ခေါင်းထဲဝင်လာသည်။ အကယ်၍သာ သူတို့သည် အဖေမရှိဘဲ မုဆိုးမ သားသမီး ဖြစ်ကြလျှင် အခုလောက် သေ၀ပ်အပိုးကျိုးကြပါမလားဟု တွေးစရာ ဖြစ်လာလေသည်။ သားယောကျာ်း လေးတွေလည်းဖြစ်ပြန် အစိုးရတန်းမြင့်ကျောင်း၌လည်း နေပြန် ဘယ်လိုပင် အမေကို ကူဖော် လောင်ဖက်ရသည် ထားဦးတော့။
ယခုလိုအိုးတိုက် အိမ်သိမ်း၊ ထမင်းချက်၊ အ၀တ်လျှော် စသောအိမ်ထောင့်တာဝန်တွေကို နေ့စဉ်နှင့်အမျှ အပိုးသေသေနှင့် သိမ်းကျုံးလုပ်ကိုင်ပေးလိမ့်မည်မထင်။ အဖေဟူသောရိုသေ ကြောက်ရွံ့ရမည့်သူ တစ်ဦးမားမား မတ်မတ်ရှိနေခြင်းကြောင့်ပင် သူတို့ကို အပိုးကျုံးအောင် ဖန်တီးပေးသကဲ့သို့ ဖြစ်နေသည်။ သူလုပ်ကိုင်နေပုံကို အကဲခတ်ရင်း စည်းစနစ်ကို အမေက ပေးသလား အဖေက ပေးသလား တွေးစရာရှိနေသည်။ သူ့အဖေနှင့် မမြင်ဘူးခင် ပုံဖမ်း၍ ကြည့်မိသည်။ မနက်အိမ်ရှင်မ ဆိုင်ထွက်နေစဉ် အိမ်အတွက် ဟင်းလျာချက်ရန် ဈေးထွက်ဝယ်သည် ဆိုသည်နှင့်ပင် ဘယ်လိုပုဂ္ဂိုလ်မှန်း အကဲခတ်နိုင်သည်။ သူ့အဖေသည် အလုပ်အကိုင် မလုပ်နိုင်သည့် အချိန်ကာလအတွင်း၌ အိမ်ကို တစ်ဖက်ကြည့်ကာ သားတွေကို ဖိဆုံးမလျက် 'မင်းအမေဆိုင်ထွက်ဈေးရောင်းနေရတာ မင်းတို့ ပညာတတ် ဖို့အတွက်' ဟု သိစေနားလည် စေအောင် ခေါင်းထဲသို့ ရိုက်သွင်းပေးနေသော အဖေ တစ်ဦး ဖြစ်ရမည်ဟု တွေးထင်ကြည့်မိသည်။
မောင်စိုးမြင့်သည် နံနက် ဝေလီဝေလင်း၌ ဆိုင်ခင်းပေးပြီး ပြန်လာကာ ထမင်းချက်ရလေသည်။ အဖေဈေးက၀ယ်လာသော ဟင်းလျာများကို ဘာနှင့် ဘာနှင့် ချက်ရန် ခိုင်းစေသည့်အတိုင်း ချက်ပြီး သွားချေပြီ။ ထမင်းချက်ပြီးသွား၍ အိုးတွေခွက်တွေကို အိမ်ရှေ့တွင် တိုက်ချွတ်ဆေးနေခြင်း ဖြစ်သည်။ သည့်နောက် အ၀တ်လျှော်၊ အိမ်သိမ်းစသော သူ့အလုပ်တွေ တစ်ပုံကြီး ရှိပေဦးမည်။
သူ့အဖေအကြောင်း စဉ်းစားနေခိုက် သူ့အဖေအပြန်က ပြန်လာသည်။ အသားညိုညို၊ ပိန်ပိန်ပါးပါး အသက်၅၀ခန့်ရှိမည်။ အညောင်းမိထားသော မကျန်းမာသည့် ရုပ်မျိုးလည်း ပေါ်သည်။ အထူးသဖြင့် မျက်လုံးများသည် ထက်မြက်လျက် သြဇာတက္ကမနှင့် ပြည့်စုံသော မျက်လုံးများ ဖြစ်သည်။ ကျွန်မကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်လျက် သားဘက်သို့ လှမ်းကြည့်လိုက်သည်။
''ပြီးပြီလားဟေ့… မောင်စိုးမြင့်၊ ပြီးရင် ထမင်းပွဲ ပြင်ရအောင်''
သူသည် ပြောပြောဆိုဆိုနှင့်ပင် မီးဖိုထဲသို့ တန်းဝင်သွားလေသည်။
ထိုအချိန်၌ သားအမိနှစ်ယောက်သည် လက်တွန်းလှည်းကြီး တွန်းကာဈေးမှ ဆိုင်သိမ်းပြန်လာ ကြသည်။ အိမ်ရှေ့၌ လှည်းဆိုက်သည့်အခါ မောင်စိုးမြင့်သည် ပြေးထွက်သွားသည်။ လှည်းပေါ်မှ ပစ္စည်းများကို သယ်ချကြသည်။ မောင်အေးသည် သူနိုင်သလောက် ထမ်းရွက်လျက် တစ်ခေါက်ပြီး တစ်ခေါက်မီးဖိုထဲသို့ ပို့ပေးနေလေသည်။
ဒေါ်ဥသည် မောမောပန်းပန်းဖြင့် ကျွန်မနားတွင် ထိုင်ချလိုက်သည်။ ပန်းနာသည်ကဲ့သို့ အသက်ရှုသံတွင် ချွဲသံ ပါနေသည်။ သူ့ခင်ပွန်းလို သက်လက်ဖျတ်လတ်သော အမူအရာမရှိဘဲ ခပ်အေးအေးနှင့် ရိုးသားသော အသွင်ဆောင်နေသည်။ ကျွန်မက ပြုံး၍ ပြောလိုက်သည်။
''ကျွန်မဈေးကပြန်လာပြီး မောမောနဲ့ ဒီပက်လက်ကုလားထိုင်မှာ ထိုင်နေတယ်။ မောင်စိုးမြင့် အိုးတိုက်နေတာကို ကြည့်ပြီး စိတ်ထဲမှာ တစ်မျိုးကြီးပဲ။
ဒေါ်ဥသည် မျက်လုံးကိုပင့်ကာ ဖြည်းလေးစွာ လှမ်းကြည့်လိုက်သည်။
''သူ့အဖေကလည်းမမာ၊ ကျွန်မကလည်း မာတာ မဟုတ်ဘူး၊ လက်သုပ်ရောင်းတဲ့ အလုပ်ဟာ သိပ်အညှော်မိတာ၊ ပင်လည်းပင်ပန်းတယ်။ သူတို့ကိုသာ ဒီလိုခိုင်းမလာရင် မိဘနှစ်ယောင်စလုံး မမာ နေပုံနဲ့တော့ အခက်ပေါ့။ သူတို့အကူအညီရလို့သာ ကျွန်မထွက်ရောင်းနိုင်တာပေါ့။ ကျွန်မတို့ ပင်ပင် ပန်းပန်း လုပ်ရသမျှ သူတို့ပညာသင်နိုင်ကြဖို့ အတွက်ပါပဲ။
ကျွန်မက 'လိမ္မာကြပါတယ်လေ' ဟုပြောလိုက်သည်။ ဒေါ်ဥသည် ပြုံးလိုက်လေသည်။ သူ့အပြုံးသည် မပွင့်တပွင့် ပြုံးဟုန်ဖြစ်သည်။ အပြုံးနောက်၌ ပုန်းကွယ်နေသော အားရကျေနပ်ခြင်း သည် ထွက်ပြု နေသည်။
''သူ့တို့ကျောင်းက ဆရာ၊ ဆရာမတွေဆိုရင် သူတို့အကြောင်း သိလို့သူတို့ကို သိပ်ချစ်ကြတာပဲ။ ဖအေကလည်း မျက်နှာသာကို တစ်ချက်မှ မပေးဘူး။ အပိုးကျိုးအောင် ဖိခိုင်းပြီး ပညာတတ် ကြအောင်ပဲ စောင့်ကြည့် စောင့်ပြောနေတော့တာပဲ။ ဈေးထဲမှာ တချို့ဆိုင်လာစားတဲ့ သူတွေ သူတို့ကျောင်းနေမှန်း မသိကြဘူး။ 'ခင်ဗျားကြိး သားလေးတွေကို ခိုင်းလိုက်တာဗျာ။ ကျောင်းလေးဘာလေး အရွယ်ရှိတုန်း ထားပါဦး' လို့ပြောကြတယ်။ ကျွန်မက ဘာမှမပြောဘဲ အသာလေး နေလိုက်တယ်။ ကျောင်းချိန်နိုးလာရင် ဆိုင်ကနေ ကျောင်းကို ပြေးတက်ကြတာပဲ''
ကျွန်မမှာ သူပြောသည်ကို နားထောင်ရင်း တစ်ဖက်၌ တွေးမိတွေးရာတွေးနေမိသည်။ မျက်စိရှေ့ထဲတွင် ကျွန်မသားသမီးသုံးယောက်၏ မျက်နှာများသည် ရစ်ဝဲနေလေသည်။ သူတို့အဖေ သေဆုံးသွားပြီးသည့် နောက်အဆင့်အတန်းမြင့်အောင် လူ့အောက်သူ့အောင် မကျအောင်ဆိုတာတွေထက် ပိုလွန်ကဲလျက် ၀တ်ချင်သလိုဝတ် စားချင်သလိုစားကြစေကာ အဘက်ဘက်ကလိုလေသေးမရှိအောင် အလိုလိုက် ခဲ့သည်။ အိမ်မှုကစ္စ၌ အမေကိုယ်တိုင်က တံမြက်စည်းလှည်း ကြမ်းတိုက်ခဲ့သည်။ သားသမီးများကို တံမြတ်စည်း တစ်ချောင်းမှ မကိုင်ခိုင်းခဲ့ပုံ တွေကိုတရေးရေး တွေးမြင်နေမိလေသည်။
ဒေါ်ဥက ဆက်ပြောသည်။
''ဆွေမျိုးတွေ သဘောမကျသူနဲ့ အိမ်ထောင်ချလာခဲ့တော့ ကျွန်မဘ၀ဟာ ဆွေမျိုးတွေနဲ့ အတော် ဝေးနေတယ်။ ဒီကြားထဲ လက်သုပ်ကလည်းရောင်းတော့ သူတို့တစ်တွေနဲ့ သာ မတွေ့ချင် သေးတယ်''
---------------------
ဂျာနယ်ကျော်မမလေး
ု
ဇာတ်သိမ်းပိုင်းဆက်ရန် ⬇⬇⬇⬇
Posted by SHWE ZIN U at 6:57 AM
( ရွှေဇင်ဦးဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါတယ် ခင်ဗျ)
----------------------------------------------
မမလေး၊ ဂျာနယ်ကျော် (ဝီကီပီးဒီးယား)
🔼🔼🔼🔼🔼🔼🔼🔼🔼🔼🔼
မမလေးကို ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ကမာကလူကျေးရွာ၌ အဖ ဦးပျားချို(ဒေါ်ဆင်ဘဏ်မန်နေဂျာ)၊ အမိ ဒေါ်ကွီ တို့က ၁၉၁၇ ခု ဧပြီလ ၁၃ ရက် သောကြာနေ့တွင် မွေးဖွားသည်။ မွေးချင်းငါးဦးအနက် စတုတ္ထမြောက် ဖြစ်သည်။ အမည်ရင်း မတင်လှိုင် ဖြစ်သည်။ ၁၉၂၂ ခုတွင် ဖျာပုံ အေဘီအမ် ကျောင်း၌ အစိုးရကျောင်းမှ ၁၉၂၇ ခုတွင် သတ္တမတန်းအောင်သည်။ ထို့နောက် ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း ရန်ကုန် မြို့မ အမျိုးသမီးကျောင်း၌ နဝမတန်း (၁၉၃၂) အထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၈ ခုတွင် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာချုပ်ဦးချစ်မောင် နှင့် လက်ထပ်သည်။ ၁၉၄၆ ခု ဧပြီလ ၃ ရက်တွင် ခင်ပွန်း ဂျာနယ်ကျော် ဦးချစ်မောင် ကွယ်လွန်၍ သားနှစ်ဦးနှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။ ၁၉၅၉ ခု မေလ ၁၄ ရက်တွင် ဦးအောင်ဇေယျနှင့် အိမ်ထောင်ပြုသည်။
ဂျာနယ်ကျော်မမလေး(၁၉၁၇ - ၁၉၈၂)
မွေးသက္ကရာဇ် -၁၉၁၇ ခု ဧပြီလ ၁၃ ရက် သောကြာနေ့အမည်ရင်းမတင်လှိုင်
မိဘအမည်--ဦးပျားချို + ဒေါ်ကွီမွေးဖွားရာဒေသဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကမာကလူကျေးရွာနိုင်ငံသား
လူမျိုးမြန်မာကိုးကွယ်သည့်ဘာသာ--ဗုဒ္ဓဘာသာ
ပညာအရည်အချင်း--နဝမတန်း
အလုပ်အကိုင်--စာရေးဆရာ၊ သတင်းစာဆရာ၊
တိုင်းရင်းဆေးပညာရှင်ကြင်ဖော်ဂျာနယ်ကျော် ဦးချစ်မောင်၊ ဦးအောင်ဇေယျသားသမီးသားနှစ်ဦး၊ သမီးတစ်ဦးထင်ပေါ်ကျော်ကြားမှုရသစာပေရေးသားသော စာရေးဆရာမကြီးထင်ရှားသည့်လက်ရာများသူလိုလူ၊ မုန်း၍မဟူရရှိခဲ့သည့်ဘွဲ့တံဆိပ်များစာပေဗိမာန်ဆုကွယ်လွန်ရက်၁၉၈၂-ခု ဧပြီလ ၆ ရက်ကွယ်လွန်ရာဒေသရန်ကုန်မြို့ ပြည်သာယာလမ်း ဘောက်ထော်လက်မှတ်[[Image:|100px]]ကွန်ယက်[၁]
ဘိုကလေးမြို့ တို့ဗမာ အစည်းအရုံးတွင် အဖွဲ့ဝင်နှင့် တက်ခေတ်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ (၁၉၃၆ - ၃၇)၊ ဂျာနယ်ကျော် ထုတ်ဝေသူ၊ ဂျာနယ်ကျော်နှင့် ပြည်သူ့ဟစ်တိုင် သတင်းစာ အယ်ဒီတာ (၁၉၃၉)၊ အမျိုးသမီးကလောင်ရှင်အသင်း ဒုတိယဥက္ကဋ္ဌနှင့် ကလောင်ရှင်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ (၁၉၄၇)၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် မြန်မာနိုင်ငံဒုတိယ ဥက္ကဋ္ဌ (၁၉၅၅)၊ မြန်မာနိုင်ငံ စာရေးဆရာ စာပေကလပ် အတွင်းရေးမှူးချုပ် (၁၉၆၁ - ၆၂) တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တရုတ်နှင့် ဆိုဗီယက်သို့ ယဉ်ကျေးမှု ကော်မတီ အဖွဲ့ဝင် (၁၉၅၂)၊ အာရှတိုက် စာရေး ဆရာများ ကွန်ဖရင့် နယူးဒေလီ (၁၉၅၅)၊ အဏုမြူဆန့်ကျင်ရေးကွန်ဖရင့် [ဂျပန်] (၁၉၅၈)၊ ဂျပန် ဘာသာပြန် "သွေး" ဝတ္ထု အတွက် ဂုဏ်ပြုဖိတ်ကြားခြင်း ဂျပန် (၁၉၈ဝ) စသည်ဖြင့် နိုင်ငံရပ်ခြားသို့ သွားခဲ့သည်။
စာပေရေးသားပြုစုခြင်းပြင်ဆင်
ပုဂ္ဂိုလ်ရေး 'ပစ်စာ' တစ်စောင်ကို တုံ့ပြန် ဆောင်းပါး ရေးရာမှ သတင်း စာတိုက် နှင့် ဆယ်သွယ် မိပြီး စာပေ နယ်ထဲ ရောက်ခဲ့သည် ဆို၏။ "အမျိုးသမီးများ 'ဏကြီးသတ်' ဉာဏ် ရှိကြရန်" (မြန်မာ အလင်း၊ ၁၉၃၆ - ၃၇) သည် ပထမ ပုံနှိပ် ဆောင်းပါး ဖြစ်သည်။ ပထမ ပုံနှိပ် ဝတ္ထုမှာ "မသိရလေခြင်း" [ဂျာနယ်ကျော်၊ ၃၁ - ၅ - ၁၉၄၁] ဖြစ်သည်။ ထင်ရှားသော စာအုပ်များမှာ သူမ (၁၉၄၅)၊ သူလိုလူ (၁၉၄၇)၊ သူလိုမိန်းမ (၁၉၄၈)၊ ရှုမငြီး (၁၉၄၈)၊ စိတ် (၁၉၅၁)၊ ကမ္ဘာမြေဝယ် (၁၉၅၂)၊ မုန်း၍မဟူ (၁၉၅၅)၊ တွေးတစိမ့်စိမ့် (၁၉၆၃) [လှတမျက်နှာ - ၁၉၆၉]၊ ရင်နင့်အောင်မွှေး (၁၉၆၇)၊ ရင်မှတရှိုက် (၁၉၇၉)၊ သွေး (၁၉၇၃)၊ ဂျာနယ်ကျော် မမလေး၏ ဘဝ ပုံရိပ်များ (၂ဝဝ၂) တို့ ဖြစ်ကြ၏။ မုန်း၍မဟူ ဖြင့် ၁၉၅၅ ခု စာပေဗိမာန်ဆု၊ တွေးတစိမ့်စိမ့် ဖြင့် ၁၉၆၃ ခု အနုပညာ စာပေဆု ဝတ္ထုတို ပေါင်းချုပ် တတိယဆု ရရှိ ခဲ့သည်။ နိုင်ငံခြား ဘာသာသို့ ပြန်ဆို ခဲ့သည် များမှာ မြက်ကလေးတပင် (ဂျာမန် - ၁၉၆၈)၊ တွေးတစိမ့်စိမ့် (ရုရှ - ၁၉၈၄)၊ သွေး (ဂျပန် - ၁၉၇၇)၊ မုဆိုးမ (အင်္ဂလိပ်)၊ မုန်း၍မဟူ (ရုရှ၊ ဥဇဘက်၊ ပြင်သစ်၊ တရုတ်) တို့ ဖြစ်ကြသည်။
ဂျာနယ် ကျော်မမလေး၏ ကလောင်ခွဲ များမှာ ရဝေလှိုင်၊ လှတခိုင်၊ ဘိုကလေး မတင်လှိုင် တို့ဖြစ် ကြသည်။ စာရေးဆရာ၊ သတင်းစာဆရာ အဖြစ် သာမက တိုင်းရင်း ဆေးပညာရှင် အဖြစ်လည်း ထင်ရှား၏။ ဆေးပညာ ဆောင်းပါးများ (၁၉၆၂) (မြန်မာ့ ဆေးပညာ - ၁၉၆၇) ကို ပြုစု ခဲ့သည်။
ဘဝနိဂုံးပြင်ဆင်
၁၉၈၂ ခု ဧပြီလ ၆ ရက် အင်္ဂါနေ့ နံနက် ၆:၃ဝ နာရီတွင် ရန်ကုန်မြို့ ပြည်သာယာလမ်း ဘောက်ထော် နေအိမ်၌ ကွယ်လွန်ခဲ့သည်။
No comments:
Post a Comment