ကိုဖိုးသိ
📗📗📗📗
ကျော်အောင်
မစ္စတာ မက် ကီလာဒါ။ သူ့ကို မသိရမီ ကတည်းကပင် ကျွန်တော့် စိတ်ထဲတွင် မနှစ်သက် သလိုလို ဖြစ်မိသည်။ ထိုအခါကား စစ်ပြီးစ ဖြစ်သည်။ ပင်လယ်ကူး သင်္ဘောများတွင် ခရီးသည်များ ကြိတ်ကြိတ် တိုးနေချိန် ဖြစ်သည်။ သင်္ဘောလက်မှတ် ရဖို့ မလွယ်လှပါ။ သင်္ဘော ကိုယ်စားလှယ် စီမံပေးသမျှကို မငြင်းပယ်ဘဲ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ လက်ခံရသည်။ အခန်းစီးမည် ဆိုလျှင် တစ်ယောက်ခန်းကို လွယ်လွယ်နှင့် မရနိုင်။ ကျွန်တော့်ကို ပေးလိုက်သည့် အခန်းမှာ နှစ်ယောက်ခန်း ဖြစ်သဖြင့် ကိုယ်စားလှယ်ကို များစွာ ကျေးဇူးတင်မိသည်။
ကျွန်တော်နှင့်အတူ ခရီးသွားရမည့် အခန်းဖော်၏ နာမည်ကို ကြားလိုက်သည့် အခါတွင်မူ များစွာ စိတ်ပျက်မိလေသည်။ အသက်ရှူရ ခက်မည်ကို စဉ်းစားမိ၍ ဖြစ်ပါသည်။ ဆယ့်လေးရက် ခရီးရှည်ကြီးကို အခန်းတစ်ခုထဲတွင် အခြားသူစိမ်း တစ်ယောက်နှင့် အဖော်လုပ်သွားရမည့် အဖြစ်မှာ စိတ်ဆင်းရဲစရာ ကောင်းလှသည်။ ထိုအချိန်က ကျွန်တော်သည် ဆန်ဖရန်စစ္စကိုမြို့မှ ယိုကိုဟားမားမြို့သို့ ခရီးသွားမည် ဖြစ်သည်။ မည်သို့ပင် အခန်းဖော် တစ်ယောက်နှင့် ခရီးသွားရစေ၊ ထိုအဖော်မှာ စမစ် သို့မဟုတ် ဗရောင်း တစ်ယောက်ယောက် ဖြစ်လျှင် မထောင်းတာလှပါ။
သင်္ဘောပေါ်သို့ ရောက်လျှင် မစ္စတာ ကီလာဒါ၏ ခရီးဆောင် ပစ္စည်းများ ရောက်နေနှင့်ပြီကို တွေ့ရသည်။ ပစ္စည်းများကို တွေ့လိုက်ရ ကတည်းက သူ့ကို မကြိုက်ချင်လှတော့ပါ။ သားရေသေတ္တာများ ပေါ်တွင် နာမည် ရေးထားသော စာရွက်စာတမ်းကလေးများ မရေမတွက် နိုင်လောက်အောင် များလှသည်ကို ပထမဆုံး ဂရုစိုက်မိသည်။ အင်္ကျီ၊ ဘောင်းဘီ ထည့်သည့် သေတ္တာကြီးမှာ အဆမတန် ကြီးမားလှသည်။ ပေါင်ဒါ၊ ရေမွှေး၊ ခေါင်းလိမ်းဆီ စသည့် တိုလီမိုလီ ပစ္စည်းများကား အပြင်ရောက်နေကြပြီ။ ယင်းတို့ကို ကြည့်ရခြင်းအားဖြင့် မစ္စတာ ကီလာဒါသည် နာမည်ကျော် မွန်ဆီယာကိုတီ (ကိုတီ ရေမွှေး ကုမ္ပဏီ) ၏ ဖောက်သည်ကြီးမှန်း သိရသည်။ ရေမွှေး၊ ခေါင်းလျှော်မွှေး၊ ခေါင်းလိမ်းဆီ စသည်တို့ စုံလင် လှသည်။ မစ္စတာ ကီလာဒါ၏ ဝက်မှင်ဘီးတို့သည် ရွှေရောင် တောက်နေကြသည်။
ကျွန်တော်သည် မစ္စတာ ကီလာဒါကို မနှစ်သက်ချင်လှတော့ပါ။
သို့နှင့် ဆေးလိပ်သောက်သည့် အခန်းသို့ ကျွန်တော် ထွက်လာခဲ့သည်။ ထို့နောက် ဖဲထုပ် တစ်ခု တောင်းကာ ရသေ့စိတ်ဖြေ ကစားနည်း တစ်မျိုးကို ကစားရန် ထိုင်လိုက်သည်။ စ ကစားရန် ဟန်ပြင် နေဆဲမှာပင် ကျွန်တော့်ရှေ့သို့ လူတစ်ယောက် လာ၍ ရပ်ကာ ကျွန်တော် မည်သူမည်ဝါ ဖြစ်သည်ဟု သူ ထင်ကြောင်းနှင့် သူ့အထင် မှန်ပါသလားဟု မေးသည်။
"ကျွန်တော်ကတော့ မစ္စတာ ကီလာဒါပဲ" သွားများ ဖွေးခနဲ ပေါ်လာအောင် ပြုံးရင်း ကျွန်တော့် စားပွဲတွင် သူ ထိုင်ချလိုက်သည်။
"ဪ ဟုတ်ကဲ့၊ ကျွန်တော်နဲ့ တစ်ခန်းတည်း ခရီးသွားဖော် မဟုတ်လား"
"တစ်လှေတည်း စီး တစ်ခရီးတည်း သွားတွေပေါ့ ခင်ဗျာ၊ ကုသိုလ်ကံ ဆုံစည်းချင်လို့ပဲ ဆိုရမှာပေါ့၊ ဘယ်သူနှင့် ဘယ်သူ တစ်ခန်းတည်း စီးရမယ်လို့ စီစဉ်ထားကြတာမှ မဟုတ်ပဲလား ခင်ဗျ။ ပြီးတော့ ဒီက မိတ်ဆွေက အင်္ဂလိပ် တစ်ယောက် ဆိုတာ သိရတော့ ပိုပြီး ၀မ်းသာသွားတာပေါ့ ခင်ဗျာ၊ ဟောဒီ သင်္ဘောခရီးမှာတော့ ကျွန်တော်တို့ အင်္ဂလိပ်ချင်းချင်း ကျောချင်း ကပ်ကြမှ ခင်ဗျ၊ ကျွန်တော် ဆိုလိုတာ နားလည်မှာပေါ့ ခင်ဗျာ"
ကျွန်တော်သည် မျက်တောင်တစ်ချက် ခတ်မိလေသည်။
"ခင်ဗျားက အင်္ဂလိပ်လား" ကျွန်တော့်မေးခွန်းမှာ ပရိယာယ် ကင်းလှသည်။
"ဟုတ်တာပေါ့ဗျ၊ ကျွန်တော် အမေရိကန်နဲ့ မတူဘူး မဟုတ်လား၊ ဘယ်လို ထင်သလဲ၊ ဗြိတိသျှမှ အမာခံ ဗြိတိသျှဗျ၊ အဲ … ကျွန်တော် ဗြိတိသျှပဲ"
သူ့စကားကို သက်သေထူရန် မစ္စတာ ကီလာဒါသည် အိတ်ထဲမှ နိုင်ငံကူးလက်မှတ်ကို ထုတ်ကာ ကျွန်တော့် နှာခေါင်းအောက်သို့ ထိုးပေးလိုက်သည်။
ဂျော့ဘုရင်တွင် လူထူးလူဆန်း နိုင်ငံသား အများအပြားပင် ရှိသည် မဟုတ်လား။ မစ္စတာ ကီလာဒါသည် အရပ်ပုပု၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင့် ဖြစ်သည်။ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ ပြောင်နေအောင် ရိတ်ထားသည်။ အသားညိုသည်။ ထို့ပြင် မျက်နှာပြည့်ပြည့်၊ နှာခေါင်း ကောက်ကောက် ပွပွနှင့် အရည်လည်ကာ အရောင်တောက်သည့် မျက်လုံးများလည်း ရှိသည်။ သူ့ဆံပင်သည် ရှည်လျား နက်မှောင်ကာ ခပ်စုစု ခပ်ကောက်ကောက် ဖြစ်သည်။ စကားပြောသည့်အခါ နှုတ်သွက် လျှာသွက် အာဝဇ္ဇန်း ရွှင်လှသူ ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အင်္ဂလိပ်စစ်စစ် တစ်ယောက် စကား ပြောသကဲ့သို့ကား သူမပြောပါ။ သူ၏ ဟန်အမူအရာတို့မှာ ဖျတ်လတ် သွက်လက်လှသည်။ သို့ဖြစ်ရာ မစ္စတာ ကီလာဒါ၏ ဗြိတိသျှ နိုင်ငံကူးလက်မှတ်ကို ယူ၍ ကြည့်မည် ဆိုလျှင် သူ့ဇာတိသည် အင်္ဂလန် ကောင်းကင်ထက် ပို၍ ပြာသော ကောင်းကင်ပြာ အောက်က တစ်နေရာရာ ဖြစ်ကြောင်း တွေ့ရလိမ့်မည်ဟု ကျွန်တော် ထင်မိသည်။
"ကဲ … ဆိုစမ်း၊ ခင်ဗျား ဘာသောက်မလဲ" ကျွန်တော့်ကို မေးသည်။
သူ့ကို မယုံသင်္ကာနှင့် ကြည့်မိသည်။ စစ်ပြီးစ ဖြစ်၍ အရက်ဆိုသော ပစ္စည်းမှာ တားမြစ်ပစ္စည်း တစ်ခု အဖြစ်မှ မလွတ်ကျွတ်သေးပါ။ သင်္ဘောပေါ်တွင်လည်း မူးယစ်စရာဆို၍ ဘာတစ်ခုမှ ရှိဟန် မတူပါ။ ကျွန်တော့်အဖို့ကား အာခေါင် ခြောက်ကပ်ကပ် မဟုတ်လျှင် ဘာအရက်မှ ကြိုက်သည်ဟု မရှိလှပါ။ မကြိုက်တကာ့ မကြိုက်ဆုံး သောက်စရာတို့တွင် ဂျင်ဂျာအေးတို့၊ သံပရာရည်တို့ ပါလေသလားတော့ မသိပါ။ သို့ရာတွင် မစ္စတာ ကီလာဒါသည် ကျွန်တော့်ကို အရှေ့တိုင်းသားတို့၏ အပြုံးဖြင့် ကြည့်လိုက်သည်။
"၀ီစကီနဲ့ ဆိုဒါလား၊ ဒါမှမဟုတ် မာတိနီလား၊ ကြိုက်တာသာ တစ်ခွန်းတည်း ပြောလိုက်ဗျာ"
ဘောင်းဘီ တင်ပါးနှစ်ဖက်၏ အိတ်နှစ်ခုထဲမှ ပုလင်းများ ဆွဲထုတ်ကာ စားပွဲပေါ်သို့ ချလိုက်သည်။ ကျွန်တော်က မာတိနီ သောက်မည် ပြောလိုက်သည်။ ထို့နောက် မစ္စတာ ကီလာဒါသည် စားပွဲထိုး ခေါ်ကာ ရေခဲတစ်ခွက်နှင့် ဖန်ခွက်နှစ်လုံး ယူခဲ့ရန် မှာလိုက်သည်။
"သိပ်ကောင်းတဲ့ ကော့တေးပဲဗျာ" ဟု ကျွန်တော် ချီးမွမ်းလိုက်ပါသည်။
"အများကြီး ရှိသေးတယ်ဗျ၊ သင်္ဘောပေါ်မှာ ခင်ဗျားမိတ်ဆွေများ ရှိသေးရင် ခေါ်လိုက်ဗျ။ ပြီး တော့ ကမ္ဘာပေါ်မှာ ရှိသမျှ အရက်မျိုးစုံ တိုက်နိုင်တဲ့ လူတစ်ယောက် ရှိတယ်လို့ ပြောလိုက်ဗျာ"
မစ္စတာ ကီလာဒါကား စကားသွက်လာသည်။ နယူးယောက်မြို့ အကြောင်းနှင့် ဆန်ဖရန်စစ္စကိုမြို့ အကြောင်းတို့ကိုလည်း ပြောသည်။ ပြဇာတ်၊ ရုပ်ရှင်၊ ထို့ပြင် နိုင်ငံရေး အကြောင်းတို့ကိုလည်း ဆွေးနွေးသည်။
သူသည် မျိုးချစ်စိတ် ရှိသူ တစ်ယောက်လည်း ဖြစ်သည်။ အင်္ဂလိပ် ယူနီယံဂျက် အလံသည် ခံ့ညား ထည်ဝါသော အဝတ်တစ်ခု ဖြစ်သည်။ သို့ငြားလည်း ယင်းကို အလက်ဇန်ဒရီးယားမြို့က သို့မဟုတ် ဘီရွတ်မြို့က လူတစ်ယောက်ယောက်က ကိုင်ဆောင့် ဝင့်ဝါမည် ဆိုလျှင် ယင်း၏ ဂုဏ်သိက္ခာ ကျဆင်းသွားမည်ဟု ကျွန်တော် သဘောရမိသည်။
မစ္စတာ ကီလာဒါသည် ကျွန်တော့်ကို အရောတဝင် ခေါ်ငင် ပြောဆိုသည်။ ကျွန်တော်ကား ဘဝင်မြင့်တတ်သူ တစ်ယောက် မဟုတ်ပါ။ သို့သော်လည်း ကျွန်တော့်နာမည် ရှေ့တွင် မစ္စတာတပ်၍ ခေါ်လျှင်မူ ထိုသူသည် ကျွန်တော့်အဖို့ သူစိမ်းတစ်ရံဆံ ဖြစ်သည်ဟုသာ သဘောပေါက် ထားနိုင်မည် ဖြစ်သည်။ မစ္စတာ ကီလာဒါကမူ ကျွန်တော်နှင့် ပြေပြေပြစ်ပြစ် ဖြစ်လိုသဖြင့် ထုံးတမ်း အစဉ်အလာများကို မလိုက်နာတော့ပါ။
မည်သို့ပင် ဖြစ်စေ ကျွန်တော်သည် မစ္စတာ ကီလာဒါကို မနှစ်သက်ချင်လှတော့ပါ။ စားပွဲတွင် သူ လာထိုင်ကတည်းက ဖဲချပ်များကို ဘေးနားသို့ ရွှေ့ထားလိုက်သည်။ ယခုမူ စကားကြောလည်း ရှည်လှပြီ ဖြစ်သဖြင့် ရသေ့စိတ်ဖြေကို ဆက်ကစားရန် ကျွန်တော် ဟန်ပြင်လိုက်သည်။
"လေးဖဲ အပေါ် သုံးဖဲ တင်လိုက်ပေါ့ဗျာ"
မစ္စတာ ကီလာဒါက ဆိုသည်။
ရသေ့စိတ်ဖြေ ကစားနေသည့် အခါ ကိုယ်မမြင်မီ ဘေးကဝင်၍ အထောက်ခံရသည်လောက် စိတ်ဆိုးစရာ ကောင်းသည့်ကိစ္စ မရှိဟု ထင်မိသည်။
"လာတော့မယ်၊ လာတော့မယ်၊ တစ်ဆယ်ဖဲကို ဂျက်ဖဲအပေါ် ထားလိုက်ပေါ့ဗျ" မစ္စတာ ကီလာဒါက အော်၍ ပြောပါသည်။
ဒေါသလည်း ဖြစ်မိသည်။ မုန်းလည်း မုန်းမိသည်။ သည်လိုနှင့် ရသေ့စိတ်ဖြေတစ်ပွဲ အောင်မြင်စွာ အဆုံးသတ် သွားရသည်။ ထိုအခါ သူသည် ဖဲထုပ်ကို ကောက်ကိုင်လိုက်သည်။
"ဖဲမျက်လှည့် ကြည့်မလားဗျ"
"ဟင့်အင်း၊ ကျွန်တော် မကြည့်ချင်ဘူး၊ မုန်းတယ်" ကျွန်တော်က ဖြေလိုက်သည်။
"အိုလေဗျာ၊ ခင်ဗျားကို တစ်ခုပဲ ပြမယ်"
ထို့နောက် ဖဲမျက်လှည့် သုံးမျိုး ပြသည်။ ပြီးလျှင် ကျွန်တော်လည်း ထမင်းစားခန်းသို့ သွားကာ နေရာယူမည် ဖြစ်ကြောင်း ပြောလိုက်သည်။
"အို ကိစ္စ မရှိပါဘူးဗျာ၊ ခင်ဗျားအတွက် ကျွန်တော် နေရာယူထားပြီးသားဗျ၊ တစ်ခန်းတည်း ခရီးဖော်ချင်း ဆိုတော့ တစ်စားပွဲတည်း စားရမယ် မဟုတ်လား ခင်ဗျ"
ကျွန်တော်သည် မစ္စတာ ကီလာဒါကို မနှစ်သက်ချင်လှတော့ပါ။
ကျွန်တော့် အဖြစ်ကား သူနှင့် တစ်ခန်းတည်းနေ၊ တစ်နေ့ သုံးခါ တစ်စားပွဲတည်း စားနေရုံမျှမက သင်္ဘောကုန်းပတ် ပေါ်တွင် လမ်းလျှောက်သည့် အခါမှာပင် သူမပါဘဲ လမ်းလျှောက်လို့ မရသည့် အခြေအနေသို့ ရောက်လာပါသည်။ သူ့ကို ဟန့်တားရန် မလွယ်လှပါ။ သူ့စိတ်ကူးထဲတွင် သူ့ကို အလို မရှိမှန်း တစ်ခါဖူးမျှ ပေါ်ဟန် မတူပါ။ အိမ်တွင်ဆိုလျှင် သူ့လိုလူကို လှေကားထိပ်မှ ကန်ချလိုက်ကာ အိမ်ရှေ့တံခါးကို ဖြန်းခနဲ ပိတ်လိုက်မိမည် ကဖစ်သည်။ သို့တိုင်အောင် သူ့ကိုယ်သူ အိမ်ရှင် မလိုလား၍ နှင်ထုတ်ခံရသည့် ဧည့်သည်အဖြစ် ရောက်နေပြီလားဟု ရိပ်စားမိမည့်သူမျိုး မဟုတ်။
သူသည် လူတိုင်းနှင့် ရောတတ်သူ ဖြစ်သည်။ သင်္ဘော ထွက်၍မှ သုံးရက် ရှိသေးသော်လည်း တစ်သင်္ဘောလုံးကို သူ သိနေပြီ။ သင်္ဘောပေါ်တွင် သူသည် “ပါလေသူကြီး” ဖြစ်လာသည်။ အမှုကိစ္စ အဝဝကို သူပင် စီမံခန့်ခွဲသည်။ အပျော်တမ်း ကစားခုန်စား ပွဲများကိုလည်း သူပင် ကြီးမှူးကွပ်ကဲသည်။ ဆုပေးရန်အတွက် ပိုက်ဆံစုစရာ ရှိလျှင် သူကပင် လိုက်လံဆော်ဩသည်။ ကပွဲခုန်ပွဲကိုလည်း သူပင် ကမ္မကထ ပြုသည်။ သူ့ကို သင်္ဘောပေါ်တွင် နေရာတိုင်း၌ အချိန်မရွေး တွေ့နိုင်သည်။ အမှန်စင်စစ် သူသည် သင်္ဘောပေါ်တွင် အများဆုံး လူမုန်းခံရသူ တစ်ယောက် ဖြစ်လာသည်။ ကျွန်တော်တို့ အားလုံးက သူ့ကို မျက်နှာတည့်တည့် ကြည့်ကာ ခပ်ပြောင်ပြောင်ပင် “ကိုဖိုးသိ” ဟု ခေါ်ကြသည်။ ထိုနာမည် အခေါ်ခံရသည်ကိုပင် သူက ဂုဏ်ယူသည်။
ထမင်းစားချိန်တွင်ကား အဆိုးရွားဆုံး ဖြစ်သည်။ ထိုအချိန်တွင် သူ့ကို မည်သူမျှ သည်းမခံနိုင်ကြပါ။ ကျန်သည့် အချိန်များတွင်ကား ရှောင်၍ ရသည်။ ထမင်းစားချိန် တစ်နာရီလုံးလုံးတွင်မူ ကျွန်တော်တို့ အားလုံးမှာ သူသနားမှ ချမ်းသာရာ ရမည့်သူများ ဖြစ်လာရသည်။ စိတ်ပါလက်ပါပင် စကားကို တတွတ်တွတ် ပြောသည်။ ပျော်ပျော် နေတတ်သူလည်း ဖြစ်သည်။ စကားကြောလည်း ရှည်သည်။ ဆင်ခြေ ဆင်လက်လည်း များသည်။ အရာရာကို သူက သူများထက် ပို၍ သိနေသည်။ သူသည် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အထင်ကြီးသည်။ ပလွှား ဝင့်ဝါလိုသည့် မာန ရှိသူလည်း ဖြစ်သည်။ သူနှင့် သဘောချင်း မတိုက်ဆိုင်၍ သူ့ကို ဆန့်ကျင်ပြောမည် ဆိုလျှင် ထိုမာနကို စော်ကားရာ ရောက်မည် ဖြစ်သည်။ မည်မျှပင် သေးဖွဲသည့် အကြောင်းအရာ ဖြစ်စေ သူ ဝင်ပြောပြီ ဆိုလျှင် မဆုံးနိုင်တော့ပေ။ နောက်ဆုံးတွင် သူလိုရာသို့ ရောက်မှ၊ သူ့ဘက်သို့ ပါလာမှ၊ သူနှင့် သဘောချင်း တိုက်ဆိုင်လာတော့မှ ရပ်သည်။ သူ့အမှား ဟူ၍ ကား ဘယ်တော့မျှ မရှိ။ အရာရာကို သူသာ သိသည့် “ကိုဖိုးသိ” ဖြစ်သည်။
ကျွန်တော်တို့သည် ဆရာဝန်၏ စားပွဲတွင် ထိုင်ကြသည်။ မစ္စတာ ကီလာဒါကား ထိုစားပွဲတွင် လူတွင်ကျယ် ဖြစ်နေသည်။ အကြောင်းမှာ ဆရာဝန်မှာ လူပျင်းတစ်ယောက်၊ ကျွန်တော်က သူ့ကို လုံးဝ ဂရုမထားသည့် လူတစ်ယောက် ဖြစ်သောကြောင့်တည်း။ သို့ရာတွင် ကျွန်တော်တို့ စားပွဲ၌ သူနှင့် သဘောချင်း မတိုက်ဆိုင်သည့် ရမ်ဆေးဆိုသူ ပုဂ္ဂိုလ်တစ်ယောက် ပါလာသည်။ ရမ်ဆေးသည် မစ္စတာ ကီလာဒါကဲ့သို့ပင် တစ်မျိုးအားဖြင့် တစ်ယူသန်သမား တစ်ယောက် ဖြစ်သည်။ မြေထဲပင်လယ်သား ကိုဖိုးသိက သူ့ကိုယ်သူ ဟုတ်လှပြီ ထင်သမျှကို ရမ်ဆေးက တူးတူးခါးခါးကြီး ဆန့်ကျင်သည်။ သူတို့ နှစ်ယောက် အပြန်အလှန် ပြောကြဆိုကြ၊ ငြင်းကြခုံကြသည်မှာ အတောမသတ်တော့ပါ။ စကား အချေအတင် ပွဲသည်လည်း အင်မတိ အင်မတန် ပြင်းထန်လှသည်။
ရမ်ဆေးသည် အမေရိကန် သံအမှုထမ်း တစ်ယောက် ဖြစ်လေသည်။ ယခု ကိုဗေးမြို့၌ တာဝန် ထမ်းရွက်နေသည်။ သူသည် အနောက်အလယ်ပိုင်းသား တစ်ဦး ဖြစ်သည်။ အဆီထူပြောသည့် သူ့ခန္ဓာကိုယ်ကြီးသည် အင်္ကျီ အပြင်ဘက်သို့ စူထွက်နေသည်။ တလောက နယူးယော့မြို့သို့ ခဏ အလည်ပြန်ကာ သူ့မိန်းမကို ခေါ်ဆောင်လာပြီးနောက် ကိုဗေးမြို့သို့ ပြန်မည်ဖြစ်သည်။
မစ္စက် ရမ်ဆေးသည် တစ်နှစ်ခန့် အမေရိကန်သို့ ပြန်၍ နေသည်။ သူသည် ချောမောလှပသူ တစ်ယောက် ဖြစ်ပြီးလျှင် ပြေပြစ်စွာ ဆက်ဆံ ပေါင်းသင်းတတ်သူ တစ်ဦး ဖြစ်သည်။ ထို့ပြင် ရွှင်မြူးစရာ စကားကိုလည်း ဆိုတတ်သူ ဖြစ်သည်။ သံမှူးဝန်ထမ်း ဆိုသည် လခနည်းသည့် ဝန်ထမ်း ဖြစ်သည်နှင့် အညီ သူ့အဝတ်အစားတို့မှာ ရိုးတာလှသည်။ သို့ရာတွင် နေရာဌာနနှင့် လိုက်အောင်၊ အချိန်အခါနှင့် လိုက်အောင် အဆင်အသွေး ပြေပြစ်စွာ ဝတ်ဆင်တတ်သည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူ၏ ရိုးရိုးသားသား တန်ဆာဆင်မှုသည် အတင့်အတယ် ဖြစ်စေရုံမျှမက အဆန်းထဲတွင် အရိုးခံအလှသည် ထွန်းထွက်နေသည်။ သူ့ကို ဂရုစိုက်၍ကား မကြည့်ရှုမိပါ။ သို့ငြားလည်း ရိုးဂုဏ်တစ်ခုကား ထူးထူးခြားခြား ရှိသည်ဟု ကျွန်တော်ထင်မိသည်။ သူနှင့်တွေ့လျှင် အသိမ်အမွေ့ အမူအရာ သဘောသည် တစ်ဖက်သား စိတ်တွင် စွဲကျန်ရစ် စေခဲ့သည်ဟု ထင်သည်။ ကုတ်အင်္ကျီ ကော်လာထက်က ထင်းခနဲနေသော ပန်းတစ်ပွင့်ကဲ့သို့ပင်တည်း။
တစ်ညနေတွင် ထမင်းစားပွဲ၌ ကျွန်တော်တို့ စကားဝိုင်းသည် အစီအစဉ် မရှိဘဲ ပုလဲရတနာများ အကြောင်းသို့ ရောက်သွားသည်။ ယခုတလော အလွန်ပါးနပ်လှသော ဂျပန်တို့သည် ဓာတုဗေဒ ပုလဲများကို အောင်မြင်စွာ လုပ်ကိုင်နေကြကြောင်း သတင်းစာများ၌ ဖတ်ရသည်။ သည်လိုဆိုလျှင် ပုလဲစစ်များ တန်ဖိုး လျော့ကုန်တော့မည် ဖြစ်ကြောင်း ဆရာဝန်က ကောက်ချက်ချသည်။ ဓာတုဗေဒ ပုလဲများသည် အရောင်အသွေး အလွန်ကောင်းသည်ဟု ဆိုသည်။ မကြာမီမှာပင် အစစ်နှင့် ခွဲခြားမရ နိုင်လောက်အောင် ထူးခြားကောင်းမွန် လာလိမ့်မည်ဟုလည်း ဆိုသည်။
မစ္စတာ ကီလာဒါသည် သူ့အကျင့်ကို မဖျောက်နိုင်ဘဲ ထိုစကားဝိုင်းထဲ ဇွတ်ဝင်လာသည်။ ပုလဲ အကြောင်း သိသင့်သိထိုက်သည်တို့ကို ရှည်လျားပြည့်စုံစွာ ပြောသည်။ ရမ်ဆေးကား ပုလဲအကြောင်းကို ကောင်းကောင်း သိလှသူတစ်ယောက် မဟုတ်ဟု ကျွန်တော်ထင်သည်။ သို့ငြားလည်း မြေထဲပင်လယ်သားကို အလဲထိုးရန် အခွင့်ကောင်းတစ်ခု အလွတ်မခံနိုင်ရကား ရမ်ဆေးသည် ထုံးစံအတိုင်းပင် ကီလာဒါကို ကတ်ဖဲ့ လုပ်တော့သည်။
သို့နှင့် ငါးမိနစ် အတွင်းမှာပင် သူတို့နှစ်ယောက်သည် ဆူဆူပူပူ ငြင်းခုံလာကြသည်။ ယခင့် ယခင်ပွဲများက မစ္စတာ ကီလာဒါ၏ အပြောအဆို ထက်ထက်သန်သန်နှင့် ရွှန်းရွှန်းဝေဝေပင် သွက်လက် ချက်ချာခဲ့ပုံများကို ကျွန်တော်ကြုံခဲ့ရဖူးလှပြီ။ ယခုအခါတွင်မူ ယခင် ယခင်တို့ထက် ပို၍ သွက်လက် ချက်ချာကာ ထက်သန်နေသည်ကို တွေ့ရသည်။ တစ်ချိန်တွင်ကား ရမ်ဆေး၏ စကားတစ်ခွန်းသည် သူ့အသည်းကို ခိုက်သွားသည်နှင့် ကီလာဒါသည် စားပွဲကို ဝုန်းခနဲ ပုတ်ကာ အသံပို၍ ကျယ်လောင်စွာဖြင့် -
"ဒီမှာ ကျွန်တော့်စကားကို ကျွန်တော် ကောင်းကောင်း သိတာပေါ့ ခင်ဗျာ၊ အခု ကျွန်တော် ဂျပန်သွားမယ့် ကိစ္စက ဂျပန် ပုလဲလုပ်ငန်း ကိစ္စပဲ ခင်ဗျ၊ ဟောဒီ စကားဝိုင်းထဲက ဘယ်သူမှ ကျွန်တော့်လောက် ပုလဲအကြောင်း မသိဘူး၊ ကျွန်တော့်စကား ဘယ်လောက် တာသွားတယ် ဆိုတာ ဘယ်သူမှ နားမလည်နိုင်ဘူးဗျာ။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ ပုလဲတွေ အားလုံးကို ကျွန်တော် သိတယ်၊ ဒီတော့ ပုလဲနဲ့ ပတ်သက်လို့ ကျွန်တော် မသိဘူးဆိုတဲ့ ကိစ္စတွေဟာ ဆိုရင် သိနားလည်ဖို့ကို မလိုလို့ဘဲ၊ သိနားလည်ဖို့ကို ကျွန်တော့်အဖို့ မလေးနက်လို့ပဲ" ဟု ဆိုလေသည်။
ကျွန်တော်တို့ အဖို့ကား မစ္စတာ ကီလာဒါ၏ အကြောင်း တစ်စွန်းတစ်စ သိရပေပြီ။ ယခင်ကမူ စကားအလွန် များပါသည် ဆိုသည့် မစ္စတာ ကီလာဒါသည် သူ့အလုပ်နှင့် ပတ်သက်၍ ဘယ်သူ့ကိုမျှ ဖွင့်ဟ မပြောဆိုခဲ့။ ရောင်းရေးဝယ်တာ ကိစ္စတစ်ခုနှင့် ဂျပန်သို့ သွားမည်ဖြစ်ကြောင်းမျှသာ သာမန်အားဖြင့် သိခဲ့ကြရသည်။ သူ့စကားဆုံးလျှင် မစ္စတာကီလာဒါသည် အောင်ပွဲရသူပမာ တစ်စားပွဲလုံးကို လှည့်၍ ကြည့်သည်။
"ကျွန်တော့်လို ပုလဲပါရဂူ တစ်ယောက်ရဲ့ မျက်စိတစ်ဖက်တည်းနဲ့ ဝေခွဲမရနိုင်တဲ့ ဓာတုဗေဒ ပုလဲတု အကောင်းဆုံးတော့ သူတို့ ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ပါဘူးဗျာ"
ထို့နောက် သူသည် မစ္စက်ရမ်ဆေး ဝတ်ဆင်ထားသော ပုလဲပုတီးကို ညွှန်ကာ "ကျွန်တော့် စကားကို ယုံပါ မစ္စက် ရမ်ဆေး ခင်ဗျား၊ ခင်ဗျား အခုဝတ်ထားတဲ့ ပုလဲပုတီးကာ အခုတန်ဖိုးထက် ဘယ်တော့မှ တန်ဖိုးတစ်ပြား လျော့မယ် မဟုတ်ဘူး" ဟု ဆိုလေသည်။
မစ္စက် ရမ်ဆေးသည် သိမ်မွေ့သူ ဖြစ်ရကား အနည်းငယ် မျက်နှာ နီမြန်းသွားကာ ပုလဲပုတီးကို အင်္ကျီထဲသို့ ထည့်လိုက်သည်။ ရမ်ဆေးသည် ရှေ့သို့ တိုးလာပြီးလျှင် ကျွန်တော်တို့ အားလုံးကို ကြည့်ကာ မျက်လုံးဖြင့် တစ်ချက်မျှ ပြုံးပြလိုက်သည်။
"မစ္စက် ရမ်ဆေးရဲ့ ပုလဲပုတီး လှလှလေးကို ပြောတာလား"
"ချက်ချင်း သိတာပေါ့ဗျာ၊ ဟုတ်တယ်၊ မြင်မြင်ချင်းပဲ၊ အင်း၊ ဒီပုလဲကတော့ တကယ့် အမျိုးကောင်း ပုလဲစစ်ပဲလို့ ကျွန်တော့်စိတ်ထဲမှာ မှတ်ချက်ချလိုက်မိတယ်" မစ္စတာ ကီလာဒါက အဖြေပေးသည်။
"ဒီပုလဲပုတီးကို ကျွန်တော်ကိုယ်တိုင် ဝယ်ပေးတာတော့ မဟုတ်ဘူး ခင်ဗျ၊ ဒါပေမဲ့ အဲဒီ ပုလဲပုတီး ဘယ်လောက်တန်တယ် ဆိုတာ သိရရင်တော့ အလွန်စိတ်ဝင်စားစရာ ကောင်းမှာပဲ"
"အိုဗျာ၊ ကျွန်တော်တို့ ပုလဲဈေးမှာတော့ ဒေါ်လာ သောင်းငါးထောင် ပတ်ဝန်းကျင်ပဲ ခင်ဗျ၊ ဒါပေမဲ့ ပဉ္စမရိပ်သာလမ်းမှာ ဆိုရင်တော့ ဒေါ်လာသုံးသောင်း ဆိုရင်လည်း ကျွန်တော် မအံ့ဩပါဘူး"
ရမ်ဆေးသည် မထေ့တထေ့ ပြုံးလိုက်သည်။
"အဲ၊ ဝယ်ခဲ့ရတဲ့ ဈေးကို သိရင် ခင်ဗျား အံ့ဩသွားမှာပဲ၊ ကျွန်တော်တို့ နယူးယော့က မထွက်ခင် တစ်နေ့က ကုန်ပဒေသာ စတိုးတစ်ခုမှာ ဝယ်ခဲ့တာဗျ၊ အဲဒီ ပုလဲပုတီးဟာ ဆယ့်ရှစ်ဒေါ်လာပဲ ပေးရတယ်ဗျား"
မစ္စတာ ကီလာဒါ၏ မျက်နှာသည် ရဲခနဲ နီမြန်းသွားသည်။
"ဘာ မဟုတ်တရုတ်ဗျာ၊ ပုလဲစစ်ရုံတင် မကဘူး၊ ဒီအရွယ်အမျိုးနဲ့ ဒီလိုကောင်းတဲ့ ပုလဲကို ဒီတစ်ခါပဲ ကျွန်တော်ဖြင့် တွေ့ဖူးတယ်"
"ကဲ … ဒါဖြင့် ခင်ဗျား လောင်းမလား၊ ဒေါ်လာ တစ်ရာကြေးဗျာ၊ ဒီပုလဲပုတီးဟာ အတုကြီးလို့ ကျွန်တော် စိန်တယ်"
"စိန်လိုက်ဗျို့"
"ကွယ် အယ်လမာ ကလဲ၊ အတုအစစ် ခွဲခြားပြီး လောင်းလို့ ဘယ်ဖြစ်နိုင်ပါ့မလဲ" မစ္စက် ရမ်ဆေးက သူ့ခင်ပွန်းကို ပြောလိုက်သည်။
သူ့နှုတ်ခမ်းအစုံတွင် အပြုံးယဲ့ယဲ့ကလေး သမ်းနေသည်။ သူ့အသံသည် သာယာညင်းပျောင်းပြီး ဖျောင်းဖျသံ ပါသည်။
"ဘာလို့ မလောင်းရမှာလဲ၊ ဒီလို လွယ်လွယ်နဲ့ ပိုက်ဆံ ရတာမျိုးမှ မယူလိုက်ရင် ကိုယ့်လောက် မိုက်တဲ့လူ ရှိဦးမလားကွ"
"ဒါပေမဲ့ ဘယ့်နှယ်လုပ်ပြီး အတုအစစ် ခွဲခြား ပြောနိုင်မလဲ၊ မစ္စတာ ကီလာဒါရဲ့ အဆိုကို ကျွန်မ တစ်ယောက်ပဲ မှားတယ် ပြောနိုင်မှာပေါ့"
"ကဲပါလေ၊ ခင်ဗျား ပုလဲပုတီးကို ခဏကြည့်စမ်းပါရစေဦး၊ အတုဆိုရင် ကျွန်တော် ချက်ချင်းပဲ ဟုတ်ကြောင်း ပြောလိုက်ပါ့မယ်၊ ဒေါ်လာတစ်ရာလောက်တော့ ကျွန်တော် အဆုံးခံရဲပါတယ်ဗျာ" ဟု မစ္စတာကီလာဒါက ဝင်၍ ပြောသည်။
"ဖြုတ်ပေးလိုက်ပါကွယ်၊ ဟောဒီက လူကြီးမင်း ကြည့်ချင်သလောက် ကြည့်ပါစေ"
မစ္စက် ရမ်ဆေးသည် အနည်းငယ် ဆုတ်ဆိုင်းဆိုင်း ဖြစ်သွားသည်။ ပုလဲပုတီးကိုလည်း လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
"ဖြုတ်လို့ မလွယ်ဘူးရှင့်၊ ဒီတော့ မစ္စတာ ကီလာဒါအဖို့ ကျွန်မ စကားကိုပဲ အမှန်ယူပေတော့"
အကြောင်းမလှစရာ တစ်ခုခုတော့ ကြုံတွေ့ရလိမ့်မည်ဟု ကျွန်တော် သံသယ ဖြစ်မိသည်။ သို့ရာတွင် ဘယ်သို့ဝင်၍ ပြောရမည်ကို စဉ်းစားချိန် မရလိုက်ပါ။
ရမ်ဆေးသည် ထိုင်ရာမှ ဝုန်းခနဲ ထလိုက်သည်။
"နေ၊ ကျွန်တော် ဖြုတ်ပေးမယ်"
ထို့နောက် မစ္စတာ ကီလာဒါ လက်သို့ ပုလဲပုတီးကို ထိုးပေးလိုက်သည်။ မြေထဲပင်လယ်သားသည် အိတ်ထဲမှ မှန်ဘီလူးတစ်ခုကို ထုတ်ကာ ပုလဲပုတီးကို စေ့စေ့စပ်စပ် သေသေချာချာ ကြည့်သည်။ ပြီးလျှင် သူ့မျက်နှာထက်၌ အောင်ပွဲရ အပြုံးတစ်ချက် သမ်းလာသည်ကို တွေ့ရသည်။ ထိုမှတစ်ဖန် သူသည် ပုလဲပုတီးကို ပြန်ပေးလိုက်ပြီးလျှင် စကားပြောရန် အရှိန်ယူသည်။ ထိုခဏမှာပင် သူသည် မစ္စက် ရမ်ဆေး၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ ရမ်ဆေး၏ ဇနီးသည်၏ မျက်နှာသည် ချက်ချင်းပင် မူးမေ့သွားတော့မတတ် ဖြူဖတ်ဖြူရော် ဖြစ်လာသည်။ သူ့မျက်နှာတွင် သွေးတစ်စက်မှ မရှိတော့ပါ။ မစ္စတာ ကီလာဒါကိုသာ စိုးရွံ့သော မျက်လုံးဝိုင်းကြီးများနှင့် စိုက်ကြည့်နေသည်။ ထို မျက်လုံးအစုံတွင် အပူတပြင်း တောင်းပန်ရိပ်တို့ ယှက်သန်းလာသည်။ ထိုအရိပ်အယောင်တို့သည် ထင်ရှားလွန်းရကား ယင်းကို ဘာကြောင့် သူ့ယောက်ျား မမြင်သည်ကို ကျွန်တော် အံ့ဩမဆုံးတော့ပါ။
မစ္စတာကီလာဒါကား ပါးစပ်အဟောင်းသားနှင့် ကြောင်၍ ကြည့်နေသည်။ သူ့မျက်နှာသည် ချက်ချင်း နီမြန်းလာသည်။ ထို့နောက် မနည်းပင် ဣနြေ္ဒဆည်ရန် ကြိုးစားနေသည်ကို အထင်အရှား တွေ့ရသည်။
"ကျွန်တော် မှားသွားပါပြီ ခင်ဗျာ၊ ဒီပုလဲဟာ အတုပဲ၊ အလွန်ကောင်းတဲ့ အတုပဲ၊ မှန်ဘီလူးနဲ့ ကြည့်လိုက်တော့မှပဲ အစစ် မဟုတ်မှန်း ကြည့်ကြည့်ချင်း ကျွန်တော် သိတာပဲ ခင်ဗျ။ အင်း ဒီလောက် ကောင်းတဲ့ ပုလဲဟာ ဆယ့်ရှစ်ဒေါ်လာတော့ တန်မှာပဲ ခင်ဗျ"
ထို့နောက် မစ္စတာ ကီလာဒါသည် ဒေါ်လာတစ်ရာတန် တစ်ချပ်ကို အိတ်ထဲမှ ထုတ်ကာ စကား တစ်ခွန်းမျှ မပြောဘဲ ရမ်ဆေးလက်သို့ ကမ်းလိုက်သည်။
"ကဲ အဲဒါ သင်ခန်းစာပဲ ခင်ဗျ၊ ခင်ဗျား အလွန်အကျွံ မပြောမိဖို့ ဆင်ခြင်ပေတော့" ဟု ပြောကာ ရမ်ဆေးသည် ရာတန်ကို လှမ်းယူလိုက်သည်။
ရာတန် ဒေါ်လာကို ကိုင်ထားသော မစ္စတာ ကီလာဒါ၏ လက်များသည် တဆတ်ဆတ် တုန်နေသည်ကို ကျွန်တော် သတိထားလိုက် မိသည်။
ထိုသတင်းသည် ခါတိုင်း သတင်းစကားတို့ ကဲ့သို့ပင် တစ်သင်္ဘောလုံးသို့ ပျံ့နှံ့သွားသည်။ ထိုညနေတွင် မစ္စတာ ကီလာဒါသည် တွေ့သမျှ လူအပေါင်း၏ အကျီစယ်ကို ခံရလေသည်။ "ကိုဖိုးသိကြီး တစ်ယောက် လူမိတာ နာတယ်ဟေ့" ဟူသော စကားသည် ပြက်လုံးကောင်းတစ်ခု ဖြစ်နေသည်။ သို့ရာတွင် မစ္စက် ရမ်ဆေးကား ခေါင်းကိုက်သည် ဆိုကာ အခန်းအောင်းနေ လေသည်။
နောက်တစ်နေ့ မနက်တွင် ကျွန်တော်သည် အိပ်ရာမှ ထပြီးနောက် မုတ်ဆိတ်မွေး ရိတ်နေသည်။ မစ္စတာ ကီလာဒါကား အိပ်ရာထက်တွင် စီးကရက် သောက်နေသည်။ ထိုခဏတွင် တံခါးခြစ်သံလိုလို ကြားရပြီး တံခါးအောက်မှ စာတစ်စောင် ဝင်လာသည်ကို တွေ့ရသည်။ တံခါးဖွင့်၍ ကြည့်သည့်အခါ မည်သူ့ကိုမျှ မတွေ့ရပါ။ စာအိတ်ကို ကောက်ယူ ကြည့်လိုက်လျှင် မစ္စတာ ကီလာဒါ၏ စာမှန်း သိရသည်။ နာမည်ကို စာလုံးကြီးနှင့် ရေးထားသည်။ ထို့ကြောင့် သူ့ထံသို့ ကမ်းလိုက်သည်။
"ဘယ်သူ့ဆီက စာများလဲဗျ" ဟု ပြောပြောဆိုဆို ဖွင့်လိုက်ပြီးနောက် "အိုး" ဟု အော်လိုက်သည်။
စာအိတ်ထဲမှ ထွက်လာသည်မှာ စာ မဟုတ်ပါ။ ရာတန် ဒေါ်လာ တစ်ရွက်သာ ဖြစ်သည်။ ထို့နောက် ကျွန်တော့်ကို ကြည့်ကာ မျက်နှာ နီရဲလာသည်။ စာအိတ်ကို အစိတ်စိတ် အမြွှာမြွှာ ဆုတ်ဖြဲပြီးနောက် ကျွန်တော့်ကို ပေးသည်။
"တစ်ဆိတ် ဝန်မလေးရင် အပြင်ဘက် ချလိုက်စမ်းပါဗျာ"
သူ ပြောသည့်အတိုင်း စာအိတ်စုတ်ကို အပြင်သို့ ချလိုက်ပြီးနောက် အပြုံးတစ်ချက်ဖြင့် သူ့ကို ကြည့်လိုက်မိသည်။
"အသုံးမကျတဲ့ လူအ တစ်ယောက် ဖြစ်မှာကိုတော့ ဘယ်သူ ခံချင်ပါ့မလဲဗျာ" မစ္စတာ ကီလာဒါက ဆိုသည်။
"ပုလဲပုတီးက အစစ်လားဗျ"
"အင်း၊ ကျွန်တော့်မှာသာ ဇနီးချောချောလေး တစ်ယောက်ရှိရင် ကိုယ်က ကိုဗေးမှာ နေပြီး သူ့ကို နယူးယော့မှာ တစ်နှစ်လောက် ဘယ်သွား နေခိုင်းပါ့မလဲဗျာ" ဟု မစ္စတာ ကီလာဒါက ဆိုသည်။
ထိုအခိုက်တွင် ကျွန်တော်သည် မစ္စတာ ကီလာဒါကို လုံးလုံးလျားလျား မနှစ်သက်ချင်စိတ် မဖြစ်တော့ပါ။ မစ္စတာ ကီလာဒါသည် အိတ်ထဲမှ အိတ်ဆောင် စာအုပ်ကလေးကို ထုတ်ကာ ရာတန် ဒေါ်လာကို သေချာစွာ ထည့်လိုက်လေသည်။
(Mr. Know-All by W. Somerset Maugham)
--------
ကျော်အောင်
မူရင်း အင်္ဂလိပ် ဝတ္ထုတို
https://drive.google.com/file/d/0B1_qkilRFq_EanljNWxKRXZlTlk/view?usp=docslist_api
{ မြန်မာဝတ္ထုတိုများပေ့ခ်ျမှ ကူးယူပါသည်။ပေ့ခ်ျအား ကျေးဇူးတင်ပါသည်။ }
ပြန်လည်မျှဝေပါသည်။
ZawOo
No comments:
Post a Comment