Tuesday, 6 November 2018

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ . . . ♥♥ မောင်သစ်ဆင်း

တုတ်တစ်ချောင်း၏ အတ္ထုပ္ပတ္တိ . . . 


 ♥♥♥♥♥♥♥♥♥


မောင်သစ်ဆင်း


ဖြစ်ရပ် ( ၁ )


ကလေးငယ်သည် လွယ်အိတ်ကိုဝှေ့ရမ်းလျှက် အိမ်ရှိရာသို့အပြေးလာနေ၏။လမ်းတွင် တွေ့သမျှ ရေအိုင်ငယ်၊ရွံ့ ကွက်ငယ် တို့ကို လွှားခနဲ လွားခနဲ ခုန်ကျော်၍လာသည်။ သူ့မျက်နှာမှာ အပျော်ဖြင့် ၀င်းပနေ၏ ။အိမ်သို့မြန်မြန် သူပြန်ရောက် ချင် လှပြီ၊ အားရ၀မ်းသာဖြစ်သွားကြမည့် မိဘတို့၏ ပီတိမျက်နှာကို မြင်ချင်လှပြီ ။ဒါမှ ငါ့သား..ကွ ဟူသော အဖေ၏ချီး မွမ်းသံကို ကြားချင်လှပြီ။ပြုံးရယ်လျှက်ရှိသော အမေ၏ အနမ်းနွေးနွေးကိုခံယူချင်လှပြီ။ ကလေးငယ်သည် ခြေလှမ်းများကို အရှိန်ပိုမြှင့်လိုက်သည်။

ရှေ့မှာ အိမ်ကိုမြင်နေရပြီ ။


အိမ်ရှေ့တွင် စိုက်ပျိုးထားသည့် တစ်ပေခွဲခန့်မြင့်သော ပုဏ္ဏရိပ်ပင်တန်း ကို သူခုန်ကျော်လိုက်၏ ။ခါတိုင်းဘယ်လိုမှ မလွတ်ဘဲ သစ်ခက်သစ်ညွန့်တို့ကိုခြေဖျားဖြင့် ခတ်မိမြဲ ဖြစ်သော်လည်း သည်နေ့အဖို့လုံးဝ လွတ်လွတ်ကျွတ်ကျွတ် ဖြစ် သွားသည့်အခါ သူ အံ့သြသွားလေသည်။သို့ရာတွင် ကြာကြာ မအံ့သြနိုင်ဘဲ အိမ်ပေါ်သို့တဒုန်းဒုန်းပြေးတက်သွားခဲ့သည်။ ပါးစပ်ကလည်း အဖေရေ…အမေရေ ဟုအော်ခေါ်လာခဲ့၏ ။


အဖေသည် ဧည့်ခန်းထဲက ပက်လက် ကုလားထိုင်မှာ ထိုင်နေသည်။ ဆူညံစွာပြေးတက်လာသည့် သားဖြစ်သူကို မျက်မှောင်ကုတ်၍ ကြည့်နေ၏ ။ ကလေးငယ်သည် ဖခင်ကိုမြင်သောအခါ အပြေးကလေးချဉ်းကပ်သွားလေသည်။


အဖေ… ကျွန်တော်လေစာမေးပွဲအောင်တယ်ဗျ၊ သိလား


ဟင် ဟုတ်လား၊ တယ်တော်ပါလား၊ လာစမ်းပါဦးကွ


အနီးသို့ရောက်သည်နှင့် အဖေ၏ လက်တစ်ဖက်မြောက်တက်သွားသည်ကို ရိပ်ကနဲ မြင်လိုက်ရ၏ ။ မရှေးမနှောင်းပင် ဖြန်းခနဲ အသံနှင့်အတူ သူ့နားရင်းမှာ ပူကနဲခံစားလိုက်ရပြီး မျက်စိထဲမှာ ၀င်းခနဲဖြစ်သွား၏။ ကလေးငယ်၏ ဦးခေါင်း သည်ရှေ့သို့ခနဲကျသွားလေသည်။


မယုံနိုင်စွာ၊ထို့နောက် ထိတ်လန့်စွာ မော့ကြည့်မိသောအခါ အဖေ၏ အနီရောင်မျက်နှာကို မြင်လိုက်ရသည်။


အောင် ရုံနဲ့ ဘာလုပ်ရမှာလဲ


ကလေးငယ်သည် ပါးစပ်အဟောင်းသား၊မျက်လုံးအပြူးသား နှင့် မော့ကြည့်နေ၏ ။နှုတ်ခမ်းများတုန်လှုပ်စ ပြု လာ သည်။


ဟေ့ကောင်.. ငါမေးနေတယ်လေ၊ အောင်ယုံနဲ့ မင်းဘာလုပ်မှာလဲ


ကလေးဆီမှ ဖြေသံအစား ရှိုက်သံတစ်ချက် ထွက်လာ၏။ အဖေသည် ဘီဒိုပေါ်က ကြိမ်လုံးကိုဆွဲယူလိုက်သည်။


မေးမနေပါနဲ့ရှင် ၊ဒီလောက် အဆော့မက်နေမှတော့ ထိပ်ဆင့်ဘယ်ချိတ်ပါ့မလဲ၊ ပြောစမ်း… ပထမ က ဘယ်သူရ လဲ၊ မေမီစိုးမဟုတ်လား


အိမ်ခန်းထဲမှ ထွက်လာသော မိခင်ဖြစ်သူ၏ အသံဖြစ်သည်။ မျက်ရည်ပေါက်ပေါက် ကျနေပြီဖြစ်သော ကလေးငယ်က ခေါင်းညိတ်လိုက်သည့်အခါ အမေက တစ်ချက်မဲ့လိုက်၏ ။


ဟင်း..သူ့အမေနဲ့ဈေးထဲတွေ့ရင် တမင်စကားစပ်ပြီး ကြွားဦးမှာ၊သူများကြွားတာခံရဦးမယ်။တောက်….


ကိုင်း…လာခဲ့စမ်း၊ဟိုဘက်လှည့်


တင်ပါးပေါ်သို့ကျရောက်လာတော့မည့် ကြိမ်လုံးကို အသက်အောင့်ငံ့လင့်နေသည့် ကလေးငယ်၏မျက်လုံးများမှာ အရောင်မဲ့ မျက်လုံးသေများဖြစ်နေလေသည်။


မေးခွန်း…….ကလေးမှာ မိမိကိုယ်ကို ယုံကြည်စိတ်၊မိမိကိုယ်ကို တန်ဖိုးထားစိတ် နည်းပါးသွားပြီး ညံ့သည်ထက်ညံ့ လာလျှင်ကလေးကြောင့်ပါလား….မိဘကြောင့်ပါလား……..


ဖြစ်ရပ်( ၂ )

----------------

 


ဗြန်း…ဗြန်း


စားပွဲပေါ် ကြိမ်လုံးကျသံကြောင့် သူငယ်တန်း (ခ)သည် ရုတ်ချည်းငြိမ်ဆိတ်သွား၏ ။ငါးနှစ်အရွယ် ကလေးငယ်တို့ သည် မျက်လုံးကလေးများဝိုင်းကာ ဆရာမကိုကြည့်နေကြ၏ ။


ဆူလျချည်လား၊ ပါးစပ်တွေပိတ်၊စာအုပ်တွေဖွင့် ၊ဒါ အိမ်မဟုတ်ဘူး ။ ကျောင်းကျောင်း


မျက်နှာတင်း၍ လေသံမာသော ဆရာမသည် ကြိမ်လုံးကို စားပွဲပေါ်သို့ အသံမြည်အောင် ပစ်တင်လိုက်သည်။


ကဲ….အားလုံး ဏ ကြီး တစ်မျက်နှာ ရေးကြရမယ်။အခု အချိန်အတွင်း ပြီးအောင်ရေးရမှာနော်။နောက် ထပ်တစ်မျက်နှာကို အိမ်စာ လုပ်ခဲ့ကြရမယ်။ကြားကြလား၊ကိုင်း…ရေးကြတော့


တစ်ခန်းလုံး တိတ်ဆိတ်လျှက်ရှိသည်။ စာအုပ်တွေရှေ့မှာထားကာ ခုံတွေပေါ် ကလေးငယ်များငြိမ်ငြိမ်လေးတွေ ထိုင်နေကြသည်။လက်ကလေးတွေကလွဲ၍ သူတို့မလှုပ်ရှားနိုင်ကြ။ မလှုပ်ရှားဝင့်ကြ။


ဒုတိယခုံတန်းအစွန်းမှ မေမီစိုးသည် သူနှင့်ဘေးချင်းယှဉ်လျက် တစ်ဖက်ခုံစွန်းမှ စည်သူအောင် ဏ ကြီးအရေးမှား နေကြောင်းတွေ့လိုက်ရ၏။ သူကစည်သူအောင် ကိုတိုးတိုးလေးခေါ်လိုက်သည်။


စည်သူအောင် …စည်သူအောင်  နင်ရေးတာမှားနေတယ်။က ကြီးဖြစ်နေတယ်


စည်သူအောင်သည် တစ်ချက်လှည့်ကြည့်၏။ သူ့မျက်နှာမှာစိတ်ရှုပ်ထွေးနေပုံရသည်။


ဟောဒီမှာ ဏ ကြီးက ဒီလိုရေးရတာ


မေမီစိုးက သူ့စာအုပ်ကို ထောင်ပြလိုက်သည်။


မေမီစိုး


ဆရာမ၏ အသံက မိုးချုန်းသလို မြည်ဟီးသွား၏ ။မေမီစိုး၏ လက်ထဲမှ စာအုပ်လွတ်ကျသွားလေသည် ။


ဘာဖြစ်လို့ စကားပြောရတာလဲ၊အခုချက်ချင်းခုံပေါ်မှာဒူးထောက်စမ်း၊ ဒူးထောက်ပြီးရေး ၊နောက်တခါ လှုပ်ဝံ့ လှုပ်ကြည့်စမ်း၊ကြိမ်လုံးစာမိသွားမယ်


မေမီစိုးသည် ခုံပေါ်တွင် ဒူးထောက်လိုက်ရ၏။ သူ့တစ်ကိုယ်လုံးတုန်နေသည်။ ဒူးနှစ်ဖက်၏အောက်မှာ ဇီးစေံလား ကျောက်ခဲငယ်လေးလားမသိ၊ ဖိမိလျက်သားဖြစ်နေသည်။ သို့သော် သူနေရာမရွေံရဲ ၊သည်အတိုင်းပေ၍စာရေးနေရ၏။ ကြာသော်ဖိမိထားသည့် နေရာက တစ်စတစ်စ နာကျင်၍လာသည်။နဖူးမှာချွေးတွေစို့လာ၏ ။အတန်းထဲမှာ သူတစ်ယောက်တည်း ဒူးထောက်နေရသည့်အဖြစ်။ ဒူးအောက်က ပြင်းထန်လာသည့် ဝေဒနာ၊ အရှက်နှင့်နာကျင်မှု။ နာ ကျင်မှု နှင့်အရှက်။ အရှက်၊နာကျင်မှု၊အကြောက်၊အကြောက်၊အကြောက်။


သည်းမခံနိုင်တော့သည်၏ အဆုံး၌ မေမီစိုး ငိုချလိုက်လေသည်။


အောင်မယ်..ဒူးထောက်ခိုင်းတာလေးကို ငိုတယ်ပေါ့။အတော်အငိုဝါသနာပါတယ်နဲ့တူတယ်၊ထွက်ခဲ့စမ်းရှေ့ကို


ကြိမ်လုံးသံဖြန်းခနဲအောက်၌ သူငယ်တန်း (ခ)သည် တုန်လှုပ်သွားလေသည်။


မေးခွန်….အနာဂတ်တွင် ကြီးပြင်းလာမည့် ကလေးအတွက် ငြိမ်ဝပ်စွာနားထောင်ခြင်းသည် တန်ဖိုးဖြစ်ပါသလား။မိတ်ဆွေ၊သူငယ်ချင်း များအား ရိုင်းပင်းကူညီစိတ်ကိုပျိုးထောင်မပေးသင့်ဘူးလား။

 


ဖြစ်ရပ် ( ၃ )


 -----------------


ကဲဟယ်


ဒေါက်ခနဲ ခေါင်းခေါက်ခံလိုက်ရသော ကလေးသည် မျက်ရည်လည်လာ၏။ မိခင်၏အားမလို အားမရဖြစ်မှု၊ စိတ်မရှည်မှု တို့သည် ဒေါသအဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။


ဒီလောက်လေးမှ မတွက်တတ်ဘူးလား…ဟင်။ ထောင်စမ်း၊ ညာဘက်က လက်လေးချောင်းထောင်၊ ဘယ်ဘက်က လက်သုံးချောင်းထောင်၊ ဟာ..လေးချောင်းထောင်ပါဆို၊ မထောင်တတ်ဘူးလား။ လေးချောင်း၊လေးချောင်း၊ ဟောဒီလို လေးချောင်း


ကလေးမှာ အရောင်ရောင် အမှားမှားဖြစ်နေရှာ၏။ သုံးကြိမ်အခေါက်ခံပြီးမှ လက်လေးချောင်း ထောင်ဖြစ်သွားသည်။


ဟုတ်ပြီ…ကဲ..ပေါင်းတော့၊ လေးနဲ့သုံးပေါင်း၊ ဟဲ့..ပေါင်းလေ၊ ဘာကြောင်ကြည့်နေတာလဲ


တစ်..နှစ်..သုံး..ငါး..ခြောက်…


ဘာ သုံးပြီးရင်ဘာလဲ။ ဟဲ့…သုံးပြီးတော့ ဘာ…လဲ၊ ဟား…တစ် နှစ် သုံးလေး တောင် မရေတတ်တော့ဘူးလား ဟင် …အဖျင်း၊ အ ..အ၊အတုံး၊နင်တော်တော် ညံ့ပါလား။ဟိုဘက်အိမ်က မိနွယ်တို့ဆို  အပေါင်းအနှုတ် ဂျောင်းဂျောင်း ပြေးနေပြီ။ နင်ကတော့ ဆော့ဖို့ပဲ သိတဲ့ကောင်။ သွားလက်ပိုက်


်ပြီး တစ်နာရီတိတိ ရပ်နေ၊ သွား…ငါမဖြုတ်ခိုင်းသေးဘဲ လက်ဖြုတ်မယ်မကြံနဲ့၊တိုင်မှာ ကြိုးနဲ့တုတ်ထားမယ်။ သုံးနဲ့ လေး မပေါင်းတတ်မချင်း ဆော့ရလိမ့်မယ်မထင်နဲ့


ဂဏန်းမပေါင်းတတ်သဖြင့် အခန်းထောင့်မှာတွေဝေစွာ လက်ပိုက်၍ ရပ်နေရသော ကလေးငယ်သည် လေးနှစ်အရွယ်ဖြစ်ပါသည်။


မေးခွန်း…မိခင်သည် စာတတ်သည်ဟု သူကိုယ်သူ ပြောလျှင် သင် လက်ခံပါမည်လား ။

 


( Nay Moe Lwin ဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်။)


Photo --crd

No comments:

Post a Comment