တောင်ဘက်ကျုံးလမ်း ၀တ္ထု
📕📕📕📕📕📕📕📕
ဆူးငှက်
‘‘ဒီမယ်...ဒီမယ်...’’
‘‘....’’
‘‘ငါပြောတာကို နားထောင် စမ်းပါဦးဟာ...’’
‘‘.....’’
‘‘ငါ...ခင်စန်းဝင်းကိုရော သေသေချာချာပြောပြီး တောင်း ပန်ခိုင်းပါတယ်ဟာ’’
‘‘.....’’
‘‘ငါပြောတာ ကြားလား နွယ် မွန်’’
‘‘....’’
‘‘နွယ်မွန်...နင် ငါ့ကို မသနားတော့ဘူးလား။ ငါမေးတာ ပြန်ဖြေ စမ်းပါဦး....’’
‘‘....’’
‘‘အေး ငါကတော့ နင်ပြန်မ ဖြေမချင်း လိုက်မေးမှာ၊ နင့်အိမ်ထိ လိုက်မေးမှာသိလား...’’
‘‘....’’
‘‘သြော်...နွယ်မွန်ရယ်...နင် လေ’’
တောင်ဘက်ကျုံးလမ်း၏ ဆိုဒီယမ်မီးလုံးဝါတချို့က အလင်းမဲ့နေ၏။ ကျုံးဘေး ကုက္ကိုပင်ရိပ် ကြီးတချို့ကြောင့်လည်း လမ်းမ ပေါ်မှာ အမှောင်ရိပ်ကပြောက် ကျားနေရာယူထားသည်။ မြောက် ဘက် ပြအိုးပြာသာဒ်အထက်ဆီ မှာတော့ ဆည်းဆာပုစွန်ဆီသွေး တချို့စွန်းထင်းကျန်ရစ်နေသေး သည်။ ကျုံးရေပြင်ထဲမှာတော့ အရည်ပျော်မီးဝါနှင့် ဆည်းဆာ တို့ နေရာယူနေကြ၏။
တောင်ဘက်ကျုံးလမ်းအ တိုင်း မြောက်ဘက်ပလက်ဖောင်း မှကပ်ပြီး ရော်ဘင်ဟု မိန်းမစီးစက်ဘီးလေးတစ်စီးက ခပ်မှန်မှန်နင်း နေ၏။ စက်ဘီးလေး၏ ကယ်ရီ ယာမှာ ပလတ်စတစ်ထမင်းဘူး လေးကို ပခုက္ကူချည် လက်သုတ် ပ၀ါလေးနှင့် သေသပ်စွာတုပ် နှောင်ထားသည်။ စက်ဘီးပေါ်မှာ တော့ ကျောအလယ်အထိရှည် သော ဆံပင်ကို ဆံညှပ်လေးနှင့် စည်းနှောင်ထားပြီး ကုမ္ပဏီ (သို့မ ဟုတ်) စတိုးဆိုင်တစ်ဆိုင်၏ ယူနီ ဖောင်းဝတ်စုံကို ၀တ်ထားသည့် ကလေးမလေးတစ်ဦးက ခပ် ကြော့ကြော့လေး နင်းနေသည်။ တစ်နေကုန်အလုပ်လုပ်လာရ၍ သူလေး၏ မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှုက ဖုံးဖိမရ...။
ခပ်မှန်မှန်နင်းနေသော ရော် ဘင်ဟု စက်ဘီးလေးကို ထက်ကြပ်မကွာစောင့်ခေါ်နေသည့် စူပါကပ်တစ်စီးက တစ်ခါတစ်ရံ အသည်းယားစဖွယ် လက်ကိုင်ချင်းချိတ်လုမတတ် နီးကပ်သွားသေး၏။
‘‘နွယ်မွန်...ငါ့ကို တစ်ခုခုပြန် ပြောပါဦးဟာ...’’
‘‘....’’
‘‘နွယ်မွန်..နင်မမိုက်ဘူးဟာ’’‘‘......’’
တကယ်တော့ သည်မြင် ကွင်းသည် ကြည်နူးစရာမြင်ကွင်း ဖြစ်ပါလိမ့်မည်။ လွတ်လပ်သော အမျိုးသမီးလေးတစ်ဦးကို လွတ် လပ်သော အမျိုးသားလေးတစ်ဦး က ကာယိနြေ္ဒမပျက်စေဘဲ လိုက် လံစကားပြောနေသည့် မြင်ကွင်း ဆိုပါစို့....။ သူတို့နောက်က စက် ဘီးကို ခပ်သွက်သွက်နင်းပြီးပြော နေသည့် စကားသံတွေ နားထောင်ကြည့်တော့ စိတ်ကောက်နေသော ရည်းစားကို လိုက်ချော့နေသည့် ကောင်လေးတစ်ယောက်။ ဒါပဲ ပေါ့။ ဒါပဲပေါ့...။
သို့သော်....စက်ဘီးကို ခပ် မြန်မြန်နင်းပြီး သူတို့နှစ်ယောက် ကို ကျော်လိုက်ပါ။ ပြီးတော့.... မီးရောင်ရောက်လျှင် မသိမသာ နောက်ပြန်လှည့်ကြည့်လိုက်ပါ။ ရော်ဘင်ဟုနှင့် ကလေးမလေးက ဘာမှမထူးခြား...။
××××××
ကျွန်တော့်အမေက တီဗီရှေ့ မှာထိုင်ရင်း ကြော်ငြာတွေလာ သောအခါ မင်းသား၊ မင်းသမီး စုံတွဲကြော်ငြာတချို့ကို ကြည့်ပြီး‘‘မျက်စိရှက်စရာတော်’’ဟု ပြောတတ်လေသည်။
‘‘ဘယ့်နှယ်နော် လင်မယား အိပ်ခန်းထဲမှ ကိုယ့်စိတ်ကြိုက်နေ ကြရောပေါ့။ အခုတော့ လူမြင် ကွင်းမှာ...’’ဟု မြည်တွန်တောက် တီးတတ်သည်။ တကယ်တော့ ကျွန်တော်တို့ မျက်စိက ထိုကြော် ငြာများကို အမြင်မရိုင်းတော့...။ သိပ်ပြီးတော့လည်း မထူးဆန်း...။ အမေကတော့ ပ၀ါတစ်ကမ်း လက်တစ်လှမ်းခေတ်မှာ ကြီးပြင်း ခဲ့သော အသက် (၉၀) နီးပါးအဘွား ကြီးပင်ကိုး....။
အိမ်ထဲမှ အိမ်ပြင်မထွက် တော့ဘဲ အိမ်ထဲ တီဗီရှေ့မှာပဲထိုင် နိုင်တော့ တီဗီထဲက ကြော်ငြာမြင် ကွင်းတွေ အထူးအဆန်းဖြစ်နေ တာပေါ့။ ညဦးပိုင်းမှာ အမေကျုံး ဘေးတစ်လျှောက် လမ်းလျှောက် မိပါက မျက်စိစုံမှိတ်ပြီး ‘‘ငါ့ကို အိမ် ပြန်ပို့ကြပါတော့’’ဟု အော်လေ မည်လားမသိ။ လေးငါးခြောက် ပြဝေးသော ကျုံးဘေးမပြောပါနှင့် တော့...။ အိမ်နှင့် တစ်ပြလောက် သာဝေးသော အမျိုးသမီးဘော်ဒါ ဆောင်တွေရှေ့...။ ဘော်ဒါတွေ နားက အသုပ်စုံဆိုင်၊ လက်ဖက် ရည်ဆိုင်၊ နှစ်ယောက်ထိုင်တဲလေးတွေနှင့် ရောင်းချသည့် သံဘူးအ အေးစုံဆိုင်တွေက ကောင်လေး၊ ကောင်မလေးတွေကို မြင်လျှင် အမေသွေးတွေတက်ပြီး အိပ်ရာ ထဲလှဲနေရမှာ သေချာသည်။
ကျုံးဘေးပလက်ဖောင်းမှာ ညဥ့်ဦးပိုင်းလမ်းလျှောက်သောအ ခါ ခုံရှည်လေးတွေပေါ်မှာ တချို့ ...၊ ကျုံးဘေးသံဆန်ခါအုတ်ခုံမှာ တချို့၊ ကောင်လေး၊ ကောင်မ လေးအတွဲတွေက အမှောင်ရိပ်မှာ ထိစပ်ပူးကပ်နေကြ၏။ ကောင် လေးပခုံးပေါ် ကောင်မလေးက ခေါင်းမှီအိပ်ပြီး စကားတွတ်ထိုး နေတာ မဆန်း။ ကောင်မလေးပခုံးကို ကောင်လေးက သိမ်းကျုံး လက်တင်ထားပြီး ပါးချင်းအပ် ထားကြတာမဆန်း။ စက်ဘီးကို သံဆန်ခါနား မှီထောင်ထားပြီး စက်ဘီးကယ်ရီယာပေါ် ကောင် လေးကထိုင်နေသည်။ အုတ်ခုံပေါ်က ကောင်မလေးက ကောင်လေး ရင်ခွင်ထဲ ခေါင်းဝှက်ထား၏။
တကယ်တော့ ကောင်လေး၊ ကောင်မလေးတွေအနေအထိုင်ရဲ တင်းလွတ်လပ်လာမှုက ဆယ်စု နှစ်တစ်စုနီးပါးရှိရောပေါ့။ ဒါကိုပဲ၂၁ ရာစုအ၀င် ၂၀၀၀ ခုနှစ် Y2K ၏ ဖက်ရှင်တဲ့။ ညဥ့်ဦးပိုင်းကျုံးဘေး မှာ တွေ့ကြရသည့် ကောင်လေး၊ ကောင်မလေးတွေကိုကော လမ်း လျှောက်လာသူဘယ်သူတစ်ဦး တစ်ယောက်ကများ အမြင်မတော်ဘူးဟု ဆုံးမလေမည်နည်း။ ဘယ် သူမျှရှိမှာမဟုတ်။ နေ့စဉ်ကိစ္စကို နှစ်ချီမြင်တွေ့နေရတော့ မထူး ဆန်းတော့...။ သူတို့လေးတွေ ကလည်း ပူးကပ်ထိုင်ပြီး စကား လေးတွေ တိုးတိုးပြောနေကြတာ ထက်ပိုတာမှ မဟုတ်ဘဲ....။
သို့သော် ၂၀၀၀ ခုနှစ်မှရှေ့ ကုန်လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ဆိုရင်ကော....။
×××××
၁၉၇၅ ခုနှစ်လောက်က ဆိုပါစို့....။ သည်တုန်းက အသက် (၁၆) နှစ်အရွယ် ကောင်လေးတစ် ယောက်သည် ရွယ်တူကောင်မ လေးတစ်ယောက်နှင့် လူငယ်ဘ၀ သမီးရည်းစားဖြစ်ခဲ့သတတ်...။
မိုးဦးတစ်နေ့သောအခါ... ကောင်လေးလည်း ယောက်ျား လေးအဖော်များနှင့်...။ ကောင်မ လေးကလည်း မိန်းကလေးအဖော်များနှင့် ချိန်းချက်ပြီး အရှေ့ကျုံး လမ်းအတိုင်း၊ စက်ဘီးများဖြင့် ကျုံးသို့ရေသွင်းသော ရေနီမြောင်းအတိုင်း အရှေ့သို့တက်ကြသတဲ့...။
ထိုအချိန်က ပန်တျာကျောင်းအရှေ့ဘက်မှာ အခုလို လူနေရပ် ကွက်ကြီးမရှိသေး...။ ခြံကျယ်ကြီးတစ်ခြံစ၊ နှစ်ခြံစပဲရှိသည်။ ဟိုခပ် လှမ်းလှမ်းမှာ ဓမ္မစကြာရိပ်သာက စတင်တည်ဆောက်ခါစဖြစ်မည်။ ကောင်လေး၊ ကောင်မလေးတွေ က စက်ဘီးတွေနှင့် ဓမ္မစကြာရိပ် သာကို ကျော်ကာ လယ်ကွင်းတွေ ဖြတ်၊ ယခုမြို့ပတ်ရထားလမ်း ဘေးက ရေနီမြောင်းပေါင်အထိ သွားကြ၏။ ထိုနေရာများမှာက အခုလို အိမ်ဝင်းတွေ၊ တိုက်တာ တွေမရှိ...။ ပီဘိလယ်ကွင်းပြင်..။ရေနီမြောင်းကန်ပေါင်မှာ စက်ဘီးတွေထောက်ပြီး သမီး ရည်းစားတွေဖြစ်နေသော ကောင် လေး၊ ကောင်မလေးနှစ်ယောက် တွဲကာထိုင်ရင်း မြောင်းပေါင်ပေါ် က မြက်တွေကို အဓိပ္ပာယ်မရှိနုတ် ကာ စကားတွေပြောကြသည်။ တစ်ခါတစ်ခါသာ ကောင်လေးတံ တောင်ဆစ်က ကောင်မလေး လက်ကို မသိမသာထိသည်။ အ ဖော်တွေကတော့ ရေနီမြောင်း ဘေးလယ်ကွင်းစပ်က ကဏန်း တွင်းတွေနှိုက်ကြ...၊ကြာပင်တွေ ချိုးကြ...၊ ရေမြောင်းထဲ ခဲတွေ ရှပ်တိုက်ပစ်ပြ...။ ကောင်လေးက အသံတွေတုန်၊ ရင်တွေခုန်စွာ ဖြင့်...။
‘‘ဆွေဆန်း...နင်က မောင်နှမဘယ်နှယောက်ရှိတာတုံး’’
‘‘နှစ်ယောက်...ငါ့အောက် က ညီမလေးပဲရှိတာ....နင်ကော ဆန်းကျော်’’
‘‘ငါက လေးယောက်၊ ငါ့အ ထက်က သုံးယောက်က အစ်ကို တွေချည်း’’
‘‘ဟုတ်လား...ငါနဲ့ ဖြစ်နေ တာ နင့်အစ်ကိုတွေသိရင် ဆူမှာ ပေါ့’’
‘‘အင်း...ထင်တာပဲ၊ ဒါပေမဲ့ သူတို့လည်း အလုပ်ရှုပ်နေတာပါ ဟာ’’
‘‘ငါ့ညီမ ဝေသန်းက နင်နဲ့ဖြစ် နေတာသိတယ်’’
‘‘ဟယ်..နင်ဘာလို့ ပြောတာလဲ ဒုက္ခပါပဲ’’
‘‘သူနဲ့ ငါက တစ်အိပ်ရာ တည်းအိပ်တာဟ...နင့်စာကို သူ တွေ့သွားရော...’’
‘‘အဲဒီတော့ ဘာပြောလဲ’’
‘‘ဆန်းကျော်က ချောလား တဲ့....’’
‘‘အဲ...အဲ...အဲဒီတော့ နင်က ဘာပြန်ပြောလိုက်လဲ...’’
ကောင်မလေးက လက်ကျန် မြက်လေးတွေ နုတ်ရင်းခေါင်းငုံ့ နေသည်။ ကောင်လေးက ရင်ခုန် စွာနှင့် ကောင်မလေးမျက်လုံးကို စိုက်ကြည့်၏။
ကောင်မလေးခေါင်းငုံ့နေ သည်။ နဖူးပေါ်ဝဲကျနေသော ဆံစ တွေက မျက်ခုံးပေါ်ဖုံးနေသည်။ လယ်ကွင်းတွေကို ဖြတ်တိုက်နေ သည့်လေက ရေမြောင်းပေါင်ပေါ် ရှိ သစ်ရွက်ခြောက်တွေကို ရှပ် တိုက်ပြေးနေစေ၏။ လေပွေက ရိုး ပြတ်ထဲဝင်မွှေ့သွားသေးသည်။ မြောင်းပေါင်အတိုင်း ဂျောင်း ဂျောင်း ဂျောင်းဂျောင်းနှင့် နွားနို့ပုံး တွေ တစ်ဖက်တစ်ချက်ချိတ်ထား သော စက်ဘီးနှစ်စီးဖြတ်လာ သည်။
ကောင်လေးက အသက်ပြင်းပြင်းရှူကာ မ၀ံ့မရဲဖြင့် ကောင်မ လေးလက်ဖမိုးကို လှမ်းကိုင်လိုက် သည်။
မြက်နုတ်နေသော ကောင်မ လေးလက်လေးတွေ အလှုပ်အ ရှားရပ်ကာ ငြိမ်သက်သွားသည်။ ကောင်မလေးပါးဖြူဖြူမှာ သွေး ကြောမျှင် စိမ်းစိမ်းလေးတွေထင်း လို့...။ ကောင်မလေးဆီကလည်း ကိုယ်သင်းရနံ့လေးတစ်ခုရလိုက် သည်။ ထူးထူးခြားခြား ‘ဂိုးလ်ဒင်း ပတ်’ ဘီစကွတ်ရနံ့ကလေး။
‘‘ပြောလေ...အဲဒီတော့ နင် က ဘာပြန်ပြောလိုက်တုံး’’
ကောင်မလေးက သူ့လက် လေးကို မရုန်းဘဲ ခေါင်းလေးမော့ ကာစေ့နေသော နှုတ်ခမ်းလေး ကွေးတယ်ဆိုရုံပြုံးလိုက်သည်။ နှုတ်ခမ်းလေးမှာ အရေခွံလေးတွေ ခြောက်ကာကွာလို့၊ ထို့နောက် တစ်ခုခုပြန်ဖြေဖို့ ပါးစပ်လေးပြင် လိုက်သည်။
ဂျောင်းဂျောင်း ဂျောင်း ဂျောင်း ဂျောင်းဂျောင်း ....။
နွားနို့စက်ဘီးတွေက မြောင်း ပေါင်၏ ကျင်းချိုင့်များကိုကျော် ပြီး ကောင်လေးနှင့် ကောင်မလေး နောက်ကျောနားကပ်ဖြတ်သွား တော့ ထိုင်ရာမှထပြီး မြောင်းပေါင်အောက် ပြေးဆင်းလိုက်ကြရ၏။ လက်လေးတွေ တွဲထားတာ မဖြုတ်သေးသော ကောင်လေးနှင့် ကောင်မလေးကို ကြည့်ကာ နွားနို့ စက်ဘီးပေါ်မှ ကျေးတောသား လူကြီးနှစ်ယောက်က ‘‘ဟင်း..မြေစာ ပင်ပုခက်လွှဲမယ့် ခေတ်ပါပဲကွာ၊ ကြည့်စမ်းပါဦး၊ ငယ်ငယ်ရွယ် ရွယ်နဲ့...’’
ထိုစကားက ကောင်လေးနှင့် ကောင်မလေးနှစ်ယောက်စလုံး နားထဲမှာ မိုးကြိုးခုနစ်စင်းပစ် လိုက်သလို ကျယ်လောင်ပေါက် ကွဲသွား၏။ တစ်ကိုယ်လုံးအရည် ပျော်မတတ် ထူပူသွားကာ ထိုနေ ရာမှာပင် အငွေ့ပြန်ပျောက်သွား ချင်လုမတတ်ရှက်သွား၏။ ခပ် သွက်သွက်လက်တွဲဖြုတ်ပြီး မြောင်းပေါင်ပေါ် အပြေးအလွှားပြန်တက် သည်။ တစ်ယောက်မျက်နှာ တစ် ယောက်မကြည့်ရဲ။ ပြိုင်တူထွက် သွားသည့်အသံက ‘‘ပြန်စို့’’တဲ့...။ အဖော်တွေကို လှမ်းခေါ်ပြီး ဘာမှ မဖြစ်ကြသလို ဣနြေ္ဒမပျက်ပုံမှန် အမူအရာဖြင့် ပြန်ခဲ့ကြသတဲ့...။
ထိုကတည်းက ကောင်လေး နှင့် ကောင်မလေးမျက်နှာချင်းမ ဆိုင်ဝံ့ကြတာ သည်နေ့အထိဆိုပါ တော့...။ ကောင်မလေးက အခု နေ သားသမီးတွေနှင့် ဖြစ်နေရော ပေါ့...။ အကယ်၍ သမီးတွေပါ လာ၍ ကျူရှင်ချိန်နောက်ကျလျှင် စိတ်ပူနေမည့် မိခင်ကြီးဖြစ်နေ ရောပေါ့။
ကောင်လေးကတော့ ကျုံး ဘေးမှာ ညပိုင်းလမ်းလျှောက် ထွက်တိုင်း ဒွိယံဒွိယံအတွဲလေး တွေကို မြင်သော်ငြား...
‘‘ဟင်း...မြေစာပင်ပုခက်လွှဲ မယ့် ခေတ်ပါကွာ၊ ကြည့်စမ်းပါ ဦး ငယ်ငယ်ရွယ်ရွယ်နဲ့...’’ဟု မပြောဝံ့ (သို့မဟုတ်) မပြောတော့ (သို့ မဟုတ်) ပြောစရာမလိုဟု ခံယူ ထားကာ ခေတ်မီရန်ကြိုးစားနေ သည့် ဤစာရေးသူဖြစ်နေချေပြီ။
×××××
တောင်ဘက်ကျုံးလမ်းတစ် လျှောက် လမ်းလျှောက်၍ဖြစ်စေ၊ ပြည်ကြီးမွန်ဖောင်တော်အနီး အ ညောင်းပြေထိုင်လျက်ဖြစ်စေ၊ လမ်းမပေါ် ငေးကြည့်မိပြန်တော့ လည်း စက်ဘီးတော်တော်များ များမှာ မိန်းကလေးများပဲ ဖြစ်ပါ သည်။ တချို့ကလည်း ၀တ်နေကျအ၀တ်အစား...၊ တချို့ကလည်း သက်ဆိုင်ရာ လုပ်ငန်းရဲ့ ၀တ်စုံ ယူနီဖောင်းများနှင့် ဖြစ်သည်။ တချို့က ထမင်းဘူးလေးတွေပါ သလို တချို့က စတီးထမင်းချိုင့် လေးတွေ လက်ကိုင်မှာ ချိတ်ဆွဲ လာကြပါသည်။ သူတို့လေးတွေ လာပြီဆိုလျှင် ကောင်လေးတချို့ က စက်ဘီးနှင့် ကပ်လိုက်၍ စကား ပြောလာသည်လည်း ရှိ၏။ လူငယ်ထုံးစံကပ်ကာ စပြောင်တာလည်း ဖြစ်ပါလိမ့်မည်။ တချို့ကတော့ ဇွဲနပဲနှင့် သေချာလိုက်ကာ ကြိုး ပမ်းစကားပြောသည်။ မကြာမီ ကလေးမလေးကလည်း ပြန်လှန် စကားပြောကာ နောက်ရက်များ ဆိုလျှင် သူတို့လေးတွေ စက်ဘီး ကိုဖြည်းဖြည်းနင်းရင်း တစ် ယောက်မျက်နှာတစ်ယောက် ကြည့်ကာ စကားတွေ ပြောသွား ကြလိမ့်မည်။ သည်အထိတော့ ဘာမှကိစ္စမရှိ...။
အင်း...အဲသလို စက်ဘီးနင်း စကားပြောလာကြရာက ကျုံးနံ ဘေးစက်ဘီးကိုထိုးရပ်ပြီး ထိုင်ခုံ လေးပေါ်....၊ သစ်ပင်မြစ်ပေါ်၊ သံဆန်ခါ အုတ်ခုံပေါ်ထိုင်ကြ တော့မည်။ မြို့မငြိမ်းသီချင်းလို ‘‘လရောင်မှာ မကြောင်ဝံ့လို့××× သစ်ပင်အောက်မှာ မှောင်ခိုကာ ရယ်..’’မဟုတ်ဘဲ ‘‘မီးရောင်အောက်မှာ မကြောင်ဝံ့လို့××× သစ်ပင်ရိပ်အောက် မှောင်ခိုကာရယ်’’ဖြစ်ကုန်တော့၏။ အရှေ့ကျုံးလမ်းမှာ သည်မြင်ကွင်းတွေက မရှား တော့။ ကျုံးနံဘေး အအေးဆိုင် လေးတွေမှာ ထိုင်ခုံလေးနှစ်လုံး ပူးကပ်ထိုင်ပြီး ကမ္ဗလာရည်ခွက် ကလေးကိုယ်စီကိုင်ကာ ကျုံး ဘက်မျက်နှာမူ ငေးမောကြည့်နေ ကြသည့် အလုပ်ပြန်ကောင်မ လေး၊ ကောင်လေးစုံတွဲတွေက မရှား...။ နောက်တော့...။ ညနေ စောင်းပြီဆိုမှဖြင့် ကျုံးဘေးသစ် ပင်အောက် တစ်နေရာရာမှာ ဆိုင်ကယ်ကိုထောက်ပြီး တစ်ယောက် ယောက်ကို ရပ်စောင့်နေသည့် မော်ဒယ်မြင့်ဆိုင်ကယ်လေးတွေ ကို တွေ့ရမိသည်။
×××××
အရှေ့ကျုံးလမ်းအတိုင်း အရှေ့ဘက်ပလက်ဖောင်းမှကပ် ပြီး ရော်ဘင်ဟု မိန်းမစီးစက်ဘီး လေးတစ်စီးက ခပ်မှန်မှန်နင်းနေ ၏။ စက်ဘီးလေး၏ ကယ်ရီယာ မှာ ပလတ်စတစ်ထမင်းဘူးလေး ကို ပခုက္ကူချည်လက်သုတ်ပ၀ါ လေးနှင့် သေသပ်စွာတုပ်နှောင် ထားသည်။ စက်ဘီးပေါ်မှာတော့ ကျောအလယ်အထိရှည်သော ဆံ ပင်ကို ဆံညှပ်လေးနှင့် စည်းနှောင် ထားပြီး ကုမ္ပဏီ (သို့မဟုတ်) စတိုးဆိုင်တစ်ဆိုင်၏ ယူနီဖောင်းဝတ် စုံကိုဝတ်ထားသည့် ကလေးမ လေးတစ်ဦးက ခပ်ကြော့ကြော့ လေးနင်းနေသည်။ တစ်နေကုန် အလုပ်လုပ်လာရ၍ သူကလေး၏ မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှုက ဖုံးဖိမရ...။
ခပ်မှန်မှန်နင်းနေသော ရော် ဘင်ဟု စက်ဘီးလေးကို ထက် ကြပ်မကွာစောင့်ခေါ်နေသည့် စူပါကပ်တစ်စီးက တစ်ခါတစ်ရံအ သည်းယားစဖွယ် လက်ကိုင်ချင်း ချိတ်လုမတတ် နီးကပ်သွားလေ၏။
‘‘နွယ်မွန်...ငါ့ကို တစ်ခုခုပြန် ပြောပါဦးဟာ’’
‘‘......’’
‘‘ငါခင်စန်းဝင်းကိုရော သေ သေချာချာပြောပြီး တောင်းပန် ခိုင်းပါတယ်ဟာ...’’
‘‘ငါပြောတာကြားလား နွယ် မွန်’’
‘‘နွယ်မွန်...နင်ငါ့ကို မသနား တော့ဘူးလား၊ ငါမေးတာ ပြန်ဖြေ စမ်းပါဦးဟ’’
‘‘ကျွန်တော် ရှက်တယ်’’
‘‘ဘာရှက်စရာလိုလဲ...၊ ငါ့ ဘက်ကအမူအရာ မပျက်စေရပါ ဘူးဆိုနေမှ...’’
‘‘အမူအရာမပျက်လို့သာ တော်တော့တာပေါ့...’’
‘‘ငါပြောပြီးပြီပဲ နွယ်မွန်ရာ မင်းအမေမှန်းမသိလို့ပါ ဆိုမှ...’’
‘‘တကတဲ အသားယူလိုက်တာ အမေ့ရှေ့လည်း မရှောင်...ပြီးတော့ ဆိုင်ထဲမှာ...’’
‘‘နင့်အမေကို ငါမှမမြင်ဖူး တာဟာ ဘယ်သိပါ့မလဲ...’’
‘‘အမေရိပ်မိသွားလား မသိ ဘူး။ ကျွန်တော် အရမ်းစိတ်ဆိုး တာသိလား...’’
‘‘ကဲ..နောက်တစ်ခါမဖြစ်စေရပါဘူးဟာ....’’
‘‘ပြီးတော့ ရှိသေးတယ်... ဘာဆိုင်လို့ ခင်စန်းဝင်းကို သွား သွားပြောနေရတာလဲ’’
‘‘နင်က စိတ်ဆိုးနေတာကိုး ဟ...’’
‘‘ခင်စန်းဝင်းကို ကြည့်လို့ကို မရဘူး။ အဲဒီကောင်မလေးက ကျွန်တော့်ကို မနာလိုနေတာ...’’
‘‘သြော်...နွယ်မွန်ရယ်’’
တကယ်တော့ သည်မြင် ကွင်းက ကြည်နူးစရာမြင်ကွင်း ဖြစ်ပါလိမ့်မည်။ လွတ်လပ်သော အမျိုးသမီးလေးတစ်ဦးကို လွတ် လပ်သော အမျိုးသားလေးတစ်ဦး က ကာယိနြေ္ဒမပျက်စေဘဲ လိုက် လံစကားပြောနေသည့် မြင်ကွင်း ဆိုပါစို့...။ သူတို့နောက်က စက် ဘီးကို ခပ်သွက်သွက်နင်းပြီး ပြော နေသည့်စကားသံတွေကို နား ထောင်ကြည့်လိုက်တော့ စိတ် ကောက်နေသော ရည်းစားကို လိုက်ချော့နေသည့် ကောင်လေး တစ်ယောက်ဖြစ်ရမှာပေါ့။
သို့သော်....
စက်ဘီးကို ခပ်မြန်မြန်နင်း ပြီး သူတို့နှစ်ယောက်ကို ကျော် လိုက်ပါ။ ပြီးတော့ မီးရောင်ရောင် ရင် မသိမသာနောက်ပြန်လှည့် ကြည့်လိုက်ပါ။ ရော်ဘင်ဟုနှင့် ကလေးမလေးက ဘာမျှမထူး ခြား...။
သို့သော် မော်ဒယ်မြင့်ဆိုင် ကယ်ပေါ်မှာက ကောင်လေးမ ဟုတ်၊ (၁၆) နှစ်သားမဟုတ်။ အ နည်းဆုံး (၄၀) ကျော် (၄၅) နှစ်လောက်ရှိမည့်သူတစ်ဦး။ အသွင်အပြင်၊ အမူအရာ၊ အပြောအဆိုကိုကြည့်လျှင် ကုမ္ပဏီဒါရိုက်တာလား၊ ဆိုင်ရှင်လား၊ ဆိုင်ရှင့်ညီလား၊ ဆိုင်ရှင့်ဦးလေးလား...။ သေချာတာကတော့ အိမ်ထောင်ရှင်တစ်ဦးဆိုတာ ဧကန်။
သည်အကြောင်းကိုတော့ အမေ့ကို ပြန်မပြောမှ ဖြစ်ပေလိမ့်မည်။။
---------------------
ဆူးငှက်
်On Fri, 2018-09-14 20:05Issue No.No.1923 Saturday, September 15, 2018
{ 7Day News မှ ကူးယူပါသည်။ }
ပြန်လည်မျှဝေပါသည်။
ZawOo
No comments:
Post a Comment