စောင်းကြိုးတင်းသည့် သီချင်းသံ
♥♥♥♥♥♥♥♥♥♥
ထင်လင်း
မမစိန် အိမ်မှ ထွက်သွားစဉ်က အဖေ အိမ်မှာ မရှိ။ ရှိလျှင်လည်း ဘယ်လိုများ ဖြစ်ကြမည် မသိ။ မမစိန် လုပ်သွားပုံကလည်း အဖေ ဒေါသ ဖြစ်စရာ။ အဖေသည် ဒေါသကြီးတတ်သူ မဟုတ်သော်လည်း အားလုံးက ကြောက်ကြရသည်။ အဖေသည် မယားကိုလည်း ချစ်တတ်သည်။ သားသမီးကိုလည်း ချစ်တတ်သည်။ သို့သော် အဖေသည် ဧည့်သည်များနှင့် စကားပြောနေချိန်မှ အပ ပြုံးခဲ ရယ်ခဲသည်။ သားသမီးများကိုလည်း နာနာကျည်းကျည်း ရိုက်နှက်ဆုံးမဖူးခြင်း မရှိသော်လည်း သူ သဘောမကျသည့် အခါ မျက်နှာထားပုံကို အားလုံးက တုန်နေအောင် ကြောက်ကြသည်။ ‘ဟဲ့’ ဆိုလျှင် တစ်အိမ်လုံး စကားမျှ ကျယ်ကျယ် မပြောဝံ့ကြတော့။ အဖေသည် သားသမီးများ အပေါ်တွင် ချစ်သလောက် အလိုလိုက်သော်လည်း မျက်နှာသာ ပေးတတ်သူ မဟုတ်။ တစ်ခုခု လိုချင် လုပ်ချင်လျှင် အမေ့ကို ပြောရသည်။ အမေကတစ်ဆင့် အဖေ့ကို ပြောသည်။ လိုက်လျောနိုင်သည့် အခါ အမေဆီက တစ်ဆင့် ရကြ၍ မလိုက်လျောနိုင်သည့်အခါ အမေ့ဆီက စကားပြန်ပင် မကြားရ။ အားလုံး တိတ်ဆိတ် နေကြရသည်။ ဒါကို တစ်အိမ်လုံး နားလည်ကြသည်။
အဖေသည် အလုပ်အကိုင် ကိစ္စဖြင့် ဖြစ်စေ၊ အခြားအကြောင်းကြောင့် ဖြစ်စေ၊ မျက်နှာ သုန်မှုန်နေလျှင် အမေနှင့် မမစိန်မှတစ်ပါး အခြား မည်သူမျှ အဖေ့နားသို့ မကပ်ရဲ။ ထမင်းစားဖို့ ခေါ်ခိုင်းသည်ကိုပင် သူခေါ် ငါခေါ် တွက်ကပ်ပြီး အလကား ကြောက်နေကြသည်။
မမစိန်ကတော့ သမီး အကြီးဆုံးဖြစ်၍ တစ်ခါတလေ အဖေက လူရာသွင်းပြီး စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ တို့တွင် တိုင်ပင် ဆွေးနွေးသည်။ ဆောင်ရွက်စရာကိစ္စ အဝဝကို အမေနှင့် မမစိန်ကို ခိုင်းသည်။ အိမ်ကို အမေနှင့် မမစိန်တို့က အုပ်ချုပ်သည်။
အငယ်များက အဖေ့ကို ကြောက်ရသလို အမေ့ကိုလည်း ကြောက်ကြရသည်။ အမေ့ကို အဖေလောက် မကြောက်သော်လည်း တကယ်တော့ အမေက အဖေ့ အမိန့်အတိုင်း လုပ်၍ အဖေနှင့်အမေ အတူတူလိုပင် သဘောထားကြသည်။ မမစိန်ကတော့ လူကြီးများနှင့်လည်း ဝင်ဆန့်သည်။ ကလေးများနှင့်လည်း နားလည်မှု ရှိသည်။ အဖေ တစ်နေရာမှ ပြန်လာ၍ သကြားလုံးလေးများ ပါလာလျှင် တစ်ယောက် တစ်လုံးစီ ဝေပေးလိုက်ဟု အဖေက ဆိုသောအခါ အမေကတော့ တစ်လုံးစီပဲ ပေးတတ်ပြီး မမစိန်ဆိုလျှင် အဖေ ကွယ်ရာမှာ ချော့တောင်းလျှင် နှစ်လုံး သုံးလုံး လက်သိပ်ထိုး ပေးတတ်သည်။ အဖေ ခွင့်ပြုသည်ထက် ပို၍ အလိုလိုက်မိ၍ တစ်ခုခု ဖြစ်လာသော အခါ ဖြစ်စေ၊ အဖေသိလျှင် အဆူခံရမည့် ကိစ္စ တစ်ခုခု အငယ်များက လုပ်မိသောအခါ ဖြစ်စေ မမစိန်သည် အဖေ့ အရိပ်အကဲကို ကြည့်၍ ဖုံးတန်ဖုံး၊ ဖိတန်ဖိ၊ ရှေ့နေ လိုက်တန် လိုက်ပြီး အဖေနှင့် ကလေးများ အကြား ပြေပြစ်အောင် လုပ်ပေးတတ်သူ ဖြစ်သဖြင့် အငယ်တွေက မမစိန်ကို ချစ်ကြရသည်။
မမစိန်အတွက်ဆိုလျှင် ဘာခိုင်းခိုင်း ကလေးများက လုပ်ကြသည်။ အဖေ့ကို မပြောနှင့် ဆိုလျှင် အကြိမ်းအမောင်း ခံကာ ရေငုံနေကြမည် ဖြစ်သည်။ အဖေ ခရီးထွက်သွားသည့် အချိန်များတွင် အမေက မမစိန်ကို ဘာမဆို စိတ်ချသည်။ မမစိန် လုပ်လျှင် ဘာမျှ မကန့်ကွက်။ အဖေ အိမ်မှာ မရှိခိုက် ကိုမြဒင် လာလာ နေသည်ကိုပင် ဘာမျှမပြော။ သူတို့နှစ်ယောက် အိမ်ရှေ့ခန်းမှာ ဖြစ်စေ၊ အိမ်မျက်နှာစာမှာ ဖြစ်စေ စကား ထိုင်ပြောနေကြလျှင် ခပ်လှမ်းလှမ်း တစ်နေရာက ဆေးလိပ်သောက်ရင်း တစေ့တစောင်း ကြည့်နေတတ်သည်မှအပ ဘာမျှမလုပ်။
ကလေးများကတော့ ကိုမြဒင်လာလျှင် သကြားလုံးကလေးများ၊ တစ်ခါတစ်ခါ ဇီးပြားထုပ်ကလေးများ ပါပါလာတတ်၍ သူ့ကိုလည်း ချစ်ကြသည်ပင်။ သူလာလျှင် သကြားလုံးကလေးများ၊ ဇီးပြားထုပ်ကလေးများ၊ တစ်ခါတစ်ခါ ဘာမှ ပါမလာလျှင် ပိုက်ဆံ တစ်ပဲစီ နှစ်ပြားစီ ဝေပေးပြီး မမစိန်က ‘ကဲ သွား ကစားချေ’ ဆိုလျှင် သူတို့ အနားလည်း မကပ်ကြတော့။ ကိုမြဒင် ပြန်ခါနီးကျမှ ‘အစ်ကို မြဒင် ... အစ်ကိုမြဒင်’ နှင့် သူ့ထက်ငါ ဦးအောင် လုခေါ်ကာ ဝိုင်း၍ နှုတ်ဆက် လိုက်တတ်ကြသည်။
အဖေက ကိုမြဒင် အိမ်လာသည်ကို ကြိုက်ဟန် မတူပါ။ ပါးစပ်က ထုတ်ပြောလား မပြောလားတော့ မသိ။ အဖေ ရှိလျှင် သူ လာလေ့ မရှိ။ အဖေ မရှိမှသာ အရောက်အပေါက် များသည်။ ဒါကို ကလေးများ သိကြသော်လည်း ဘာကြောင့်ပါလိမ့် ဟူ၍တော့ မတွေးမိကြ၊ မတွေးတတ်ကြ။ နောက် မမစိန် အိမ်က ထွက်သွားတော့မှ ကိုမြဒင်နှင့် လိုက်သွားသည်ဟု သိရသည်။
ထိုနေ့က အမေ တစ်ယောက်တည်း ပျာယာခတ် နေသည်ကို အငယ်တွေ ဘာမျှ မမေးဝံ့ကြ။ မျက်စိ အကြောင်သားနှင့် အမေ့ကိုသာ ကြည့်နေကြသည်။ အမေက ထမင်းလည်း မစား။ စကားလည်း မပြော။ တစ်ခါတစ်ခါ ငိုသည်။ ‘ရက်စက်လိုက်တာ သမီးရယ်၊ ညည်းအဖေ လာရင် အမေ ဘယ်လို ပြောပြရမလဲ’ ဟု ဆို၍ ငိုနေသည်ကို မြင်ကြရသည်။
နောက်တစ်နေ့တွင် ဆွေမျိုးထဲက လူအချို့ လာကြသည်။ အမေနှင့်သာ စကားပြောပြီး ဟိုလိုက် သည်လိုက် လုပ်ကြသည်။ တစ်နေကုန်ပြန်တော့ အိမ်မှာ လူစုံလာပြန်သည်။ မမစိန်တို့ကို ဘယ်မှာမျှ မတွေ့ကြဟု သိရသည်။ အချို့က ရန်ကုန်အထိ လိုက်ကြသည်ဟု သိရသည်။
အမေကတော့ ‘သူ့အဖေ လာရင် အိမ်ရောက်အောင်သာ ခေါ်ပေးကြပါ။ သူ့အဖေ ပြန်လာရင် ကျွန်မကိုတော့ သတ်တော့မှာပဲ’ ဟုဆိုသည်။ ဆွေမျိုးများက စိတ်မပူဖို့ ပြောသည်။ အဖေ ပြန်လာလျှင် သူတို့ ကြည့်ပြောပါမည်ဟုလည်း အားပေးကြသည်။ အမေသည် ငို၍သာနေသည်။
သုံးလေးရက်ကြာ၍ အဖေ ပြန်ရောက်လာသော အခါ အဖေ့ကို သင်္ဘောဆိပ်က စောင့်ကြိုလာကြသော ဒေါ်ကြီးနှင့် ဘကြီးတို့ အတူပါလာကြ၏။ ကလေးများသည် ကြောက်လန့်ပြီး ပုန်းအောင်းနေကြရာမှ အိမ်ရှေ့ခန်းဆီသို့ ချောင်း၍ ကြည့်ကြသည်။ အဖေ့ မျက်နှာသည် တင်းမာလှသည်။ အမေက မျက်ရည်စက်လက်နှင့် အဖေ့အား ပြောပြသည်။ အဖေက ဘာမျှမပြော။ အမေ့ကိုလည်း မကြည့်။ အမေက အသံထွက်ပြီးငိုတော့ အဖေက ‘တိတ်စမ်း’ ဟု တစ်ချက် ငေါက်လိုက်သဖြင့် အမေလည်း ရှိုက်ရှိုက်ပြီး တိတ်သွားသည်။ ကလေးများလည်း ချောင်းကြည့်နေရာမှ ပြေးထွက်ခဲ့ကြသည်။
ဒေါ်ကြီးနှင့် ဘကြီးတို့က အကျိုးသင့် အကြောင်းသင့် ပြောနေသည်ကို အဖေ ဘာမျှ ပြန်မပြောဘဲ နားထောင်နေပြီး အတန်ကြာမှ ‘ကဲ၊ ကဲ။ သွားလည်း သွားပေ့စေတော့။ ကိုကြီးတို့လည်း ပြန်ကြတော့’ ဟုပြောပြီး ဘာမှ ဆက်မပြောတော့။
ညကြတော့ အဖေနှင့်အမေ ဘာတွေ ပြောနေကြသည် မသိ၊ အမေက တိုးတိုး တိုးတိုး ပြောသည်။ အဖေ့ အသံကို တစ်ချက် တစ်ချက်မှသာ ကြားရ၏။ ကြားရသော အဖေ့ အသံမှာ အမေ့ကို ကြိမ်းသော အသံနှင့် တူသည်။
နောက်တော့လည်း မမစိန်အကြောင်း ဘာမျှ မပြောကြတော့။ အဖေကလည်း မပြောတော့။ အမေကလည်း မပြောတော့။ အငယ်များက အမေ့ အရိပ်အကဲ ကြည့်ပြီး မမစိန်အကြောင်း မေးကြလျှင် ‘အမေ မသိဘူး၊ သွားကြစမ်း၊ သွားကြစမ်း’ ဟုသာ အော်လွှတ်သည်။ နောက် မမေးဝံ့ကြတော့။
မမစိန် ထွက်သွားပြီး တစ်လ နှစ်လခန့် အကြာတွင် ရန်ကုန်ကလား၊ ဘယ်မြို့ကလည်း မသိ။ အဖေ့မိတ်ဆွေများ ရောက်လာပြီး မမစိန်တို့ ကိစ္စကို ပြောကြသည်ထင်သည်။ အဖေသည် မမစိန် ထွက်သွားကာစက အိမ်ပြန်ရောက်စဉ်တွင် ထားသည့် မျက်နှာထား အတိုင်း တင်းမာနေပြီး စကားတစ်ခွန်းမျှ မဟ။ လာပြောသူများလည်း မျက်နှာ မသာမယာနှင့် ပြန်သွားကြသည်။
နောက် များမကြာမီပင် ရန်ကုန်က ဦးလေးတစ်ယောက် ရောက်လာသည်။ ကလေးများအဖို့ လက်ဆောင်ကလေးများ ပါလာသည်။ သူ ဘာကိစ္စနှင့် လာသည်တော့ မသိ။ အဖေနှင့် အရောင်းအဝယ် အခြေအနေ ကိစ္စများပြောပြီး အမေနှင့် စကားလာပြောသည်။ ကလေးများက မယောင်မလည်နှင့် ဦးလေးနောက်က ကပ်ပြီး လိုက်နားထောင်ကြတော့ မမစိန်တို့ ရန်ကုန်မှာ ရှိသည်ဟု ဦးလေးက အမေ့အား တိုးတိုးပြောသံ ကြားရ၏။
နောက် အဖေရော အမေရော အိမ်ရှေ့ ရောက်နေစဉ် ကလေးထဲမှ ခပ်ကြီးကြီး ဖြစ်သော မမလေးက ဦးလေးကို လက်တို့ခေါ်ပြီး မမစိန်တို့အကြောင်း မေးသည်။ ဦးလေးက မမစိန်တို့ ရန်ကုန်မှာ ရှိနေကြသည်။ အဖေ စိတ်ဆိုး ပြေပြီလားဟု အရိပ်အခြည် လာကြည့်သည်ဟု ပြောသည်။ အဖေ စိတ်ဆိုးပြေလျှင် မမစိန်ရော ကိုမြဒင်ပါ အိမ်ပြန်လာမည်ဟုလည်း ပြောသည်။
မမစိန် အိမ်ပြန်လာမည် ဆိုသော သတင်းကြောင့် အားလုံး ဝမ်းသာသွားကြသော်လည်း အဖေ့ကို ကြည့်လိုက်တော့ အဖေ စိတ်ဆိုးပြေသေးဟန် မတူ။ ဦးလေး တစ်လုံးစ နှစ်လုံးစ စပြောတော့ ‘ဒီ့ပြင်စကား ပြောကွာ’ ဟု ဘုဆတ်ဆတ် ပြောလိုက်ပုံကို ထောက်၍ စိတ်မကောင်း ဖြစ်ကြရသည်။ ည အိပ်ယာဝင် ဘုရား ရှိခိုးကြသောအခါ အားလုံးပင် ကျိတ်၍ အဖေ မမစိန်အပေါ် စိတ်ဆိုးပြေပါစေဟု ဆုတောင်းကြသည်။ သို့ရာတွင် အဖေ ကြားလောက်သော နေရာတွင် မမစိန်၏အမည်ကို အသံထွက်၍ကား မပြောဝံ့ကြပေ။
တစ်ခါက အဖေ ခရီးထွက်နေစဉ် တစ်နေ့၌ နံနက်စောစော ဆွေမျိုးထဲက မိန်းမကြီး တစ်ယောက် အမေ့ကို လာခေါ် သွားသည်။ အတော်ကလေး နေမြင့်မှ အမေ ပြန်လာသည်။ မမလေး တစ်ယောက်သာ အမေ့ အနားကပ်ပြီး ထမင်းပြင်ကျွေးရင်း စကားပြောဝံ့သည်။ နေ့လည်လောက်ကျမှ မမလေးက အငယ်တွေကို တိတ်တိတ် လက်တို့ခေါ်ကာ မနက်က အမေ မမစိန်နှင့် သွားတွေ့ခဲ့ကြောင်းနှင့် အဖေသိလျှင် သတ်ပစ်မည်စိုး၍ ဘယ်သူ့ကိုမျှ မပြောဖို့ အကြောင်းတို့ကို ပြောသည်။ မမစိန် ဘယ်ရောက်၍ အမေနှင့် ဘယ်မှာ တွေ့သည်ကိုတော့ မပြော။ မမလေးကလည်း ရေရေလည်လည် မေးခဲ့ဟန် မတူ။
နောက်တစ်ခါ လေးငါးမိုင်ခန့် ဝေးသော မြို့ကလေး တစ်မြို့မှ အလှူအိမ်သို့ အမေသွားတော့ အငယ်နှစ်ယောက်ကို ခေါ်သွားသည်။ အလှူအိမ်တွင် လူများစွာ ဝင်ထွက်သွားလာ နေကြသည့် အထဲတွင် မမစိန်ကို မြင်ကြရတော့ ကလေးများက ဝမ်းသာအားရ ‘ဟိုမှာ ဟိုမှာ။ မမစိန်၊ မမစိန်’ ဟု အော်လိုက်ကြပြီးမှ ရုတ်တရက် အရှိန်သတ်ကာ အမေ့မျက်နှာကို မော်ကြည့်လိုက်ကြသည်။ အမေက ဘာမျှ မပြောဘဲ မမစိန်ကို ပြုံးကြည့်နေသည်။ မမစိန်က အမေ့ဆီလာပြီး ကလေးများကိုပါ ဖက်ရမ်း ချီပွေ့ပြီး နှုတ်ဆက်သည်။ သူ့မျက်လုံးများတွင် မျက်ရည် လည်လာသည်ကို သုတ်လိုက်ပြီးမှ အမေနှင့် စကားပြောသည်။
‘အဖေကော နေကောင်းရဲ့လား အမေ’
အမေက ခေါင်းညိတ်ပြုံးနေသည်။
‘အဖေ ဝ ရဲ့လား အမေ၊ ထမင်းရော စားနိုင်ရဲ့လား။ ဦးလေးဘနဲ့ တွေ့တော့ မေးကြည့်တော့ အဖေ ဒီနှစ် တော်တော် ကျသွားတယ်တဲ့။ အမေတော့ ဝသားပဲ’
မမစိန်က အဖေ့အကြောင်း မေးနေသည်ကို အမေက ပြုံးလျက်ဖြေရင်း ခေါင်းလေး တညိတ်ညိတ်နှင့် ရှိသည်။ အဖေ့အကြောင်း မေးပြီးမှ မမလေးတို့၊ ကိုလေးတို့ ကိုအေးတို့အကြောင်း မေးသည်။ အမေက ဖြေသည်။ ပြီးမှ အမေနှင့် ပါလာသော အငယ်နှစ်ယောက် လက်ဆွဲခေါ် သွားပြီး တစ်နေရာတွင် မုန့်များ ကျွေးသည်။ ကလေးများကမူ ဘာမျှ မပြောတတ်။ ‘မမစိန်၊ မမစိန်’ဟုသာ အတွင်ခေါ်ပြီး မမစိန်၏ လုံချည်စကို ဆွဲထားကြသည်။ နောက် လရှင်းချိန်လောက်တွင် အမေနှင့် မမစိန်တို့ စကားပြောကြသည်။ ညနေကျတော့ ကလေးများကို အမေက လက်ဆွဲပြီး ထွက်ခဲ့တော့ ဘာမှလည်း မပြောတတ်ကြ။ မမစိန်ကို လှည့်ကြည့် လှည့်ကြည့်နှင့် အမေ့ဘေး တစ်ဖက်တစ်ချက်က ပါလာကြသည်။
‘အမေ၊ မမစိန် မလိုက်ခဲ့ဘူးလား’
အကြီးလေးက အမေ့ကို မော်ကြည့်ပြီး တစ်ခွန်းမေးသည်။ အမေက ‘မမစိန်က ဒီမှာနေတာ’ဟုသာ ပြန်ပြောသည်။ နောက် အိမ်ရောက်သည်အထိ မမစိန်အကြောင်း မပြောကြတော့။ အိမ်ပြန်ရောက်တော့ ကလေးနှစ်ယောက်က အကြီးများအား မမစိန်နှင့် တွေ့ခဲ့သည့်အကြောင်း မရေမလည် ပြန်ပြောကြသဖြင့် မမလေးက ‘အေး၊ အဖေသိရင် သတ်လိမ့်မယ်’ ဟု ဆိုသဖြင့် နောက်ထပ် မပြောဝံ့ကြတော့။
အဖေကတော့ ခရီးသွားလိုက် ပြန်ရောက်လာလိုက်နှင့် အိမ်မှာ အမြဲ မရှိ။ တစ်ခါတစ်ခါ ဧည့်သည်များ ပါလာတတ်၍ အိမ်ကလူများ အလုပ်ရှိပ်ရသည်။
အဖေ့ကို အကဲခတ်ရသည်မှာ မမစိန်ကို လုံးဝ သတိရတော့ဟန် မတူ။ တစ်ယောက်ယောက်ကများ မေ့မှားပြီး အဖေ့ရှေ့တွင် မမစိန်အကြောင်း ဟမိလျှင် အဖေ မျက်နှာမကောင်းဘဲ အခြားစကားကို လှီးလွှဲ ငေါက်ငန်းလိုက်တတ်သည်။
မမစိန် ထွက်သွားပြီး အတော်ကြာကြာ နေပြီး တစ်နေ့တွင် မမလေးက ကိုလေးနှင့် ကိုအေးတို့ကို ဘာမျှ မပြောဘဲ လက်တို့ခေါ်ကာ အိမ်နောက်ဖေးပေါက်မှ ထွက်ခဲ့သည်။ ကိုလေးနှင့် ကိုအေးတို့က ‘မမလေး၊ ဘယ်လဲဟင်။ ဒါ ဘယ်ကိုလဲ’ ဟု တဖွဖွ မေးရင်း ပါလာကြသည်။ မမလေးက ‘မမေးနဲ့ဟယ်။ ရောက်တော့ သိလိမ့်မပေါ့’ ဟု ပြော၍ သိချင်လျက်နှင့် တိတ်တိတ် လိုက်လာကြသည်။ အိမ်နှင့် မလှမ်းမကမ်းရှိ တံခါးပိတ်ထားသော အိမ်တစ်အိမ်ကို နောက်ဖေးပေါက်က လှည့်ဝင်သွားကြတော့ ကိုမြဒင် ရေချိုးနေသည်ကို မြင်ကြရသဖြင့် ခြေလှမ်းများ တုံ့သွားကြ၏။
‘လာကြဟေ့၊ လာကြဟေ့။ ကိုလေးတို့ ကိုအေးတို့တောင် ထွားလှပါပေါ့လား’
ကိုမြဒင်က ပြုံးရွှင်စွာ ပြောရင်း အိမ်ထဲ ခေါ် သွားတော့ ကလေးငယ်ငယ်လေး တစ်ယောက်ကို ပွေ့ပြီး ပုခက်ထဲ ထည့်နေသော မမစိန်ကို တွေ့ကြရသည်။ မမလေးက ရဲရဲဝံ့ဝံ့ အိမ်ထဲ ဝင်သွားသော်လည်း အငယ်နှစ်ယောက် ရုတ်တရက် မခေါ်ဝံ့ကြသေးဘဲ ဝမ်းသာရမည်လား ဝမ်းနည်းရမည်လား မသိအောင် ကြောင်နေကြပြီးမှ မမစိန်က ပြုံးပြီး သူတို့ဆီ လာဖက်တော့မှ ‘မမစိန်၊ မမစိန်’ နှင့် ခေါ်ကြသည်။ ကိုအေးက ဘာကြောင့်မှန်း မသိ၊ မျက်ရည်တွေ ကျလာသည်။ မမစိန်လည်း ကိုအေး၏ မျက်ရည်များကို သုတ်ပေးရင်း သူ့မျက်လုံးထဲက မျက်ရည်များ ကျလာပြန်သည်။
‘အဖေ အိမ်မှာ ရှိလား’
မမစိန်က မေးသည်။ ကိုအေးက ခေါင်းယမ်းပြသည်။ မမစိန် သူတို့ရွာသို့ ပြန်ရောက် လာကြသည့်တိုင်အောင် အိမ်ကိုတော့ မလာကြသေး။ ဤအတောအတွင်း ဘကြီးနှင့် ဒေါ်ကြီးတို့ မကြာမကြာ ရောက်လာကာ အဖေ့မျက်နှာကဲကို ကြည့်ပြီး မမစိန်တို့ကို ပြန်ခေါ်ရန် ပြောကြသည်။ အဖေသည် အရင်ကလောက် ခက်ထန်ပုံ မရတော့သော်လည်း မမစိန်အကြောင်း စပ်ပြောလျှင် ဤစကားကို တိုတိုနှင့် ဖြတ်ပစ်လိုက်သည်။ အကြာကြီး နေသည်အထိ အဖေ စိတ်ဆိုး မပြေနိုင် ပါလားဟုလည်း ပူပန်မိကြသည်။ အဖေ အိမ်မှာ မရှိလျှင်၊ သို့မဟုတ် ဧည့်သည်များနှင့် အလုပ်များနေလျှင် ကလေးတွေကတော့ မမစိန်တို့ အိမ်သို့ ရောက်နေကြပြီး မမစိန်၏ ကလေးကို မြှူနေကြသည်သာ များ၏။
‘အဖေ ဒီနှစ် အတော် ပိန်သွားတယ်နော်’
မမစိန်က မမလေးကို ပြောတော့ မမလေးက အလုပ်တွေ များလို့ဟု ပြောသည်။ ကိုအေးက ‘မမစိန် အဖေနဲ့ တွေ့လို့လား’ ဟု မေးသည်။ အဖေ စိတ်ဆိုး မပြေသေးသည်ကို သူတို့အားလုံး ကလေးကစ သိနေကြ၍ မေးခြင်းဖြစ်၏။
‘မတွေ့ပါဘူးဟယ်။ အဖေ လမ်းက ဖြတ်ဖြတ် သွားတာကို တံခါးကြားက ချောင်းကြည့်လို့ မြင်နေရတာပေါ့’
မမစိန်၏ ကလေးလည်း တစ်နေ့တခြား ကြီးလာပြီး ပြုံးတတ် ရယ်တတ် ဖြစ်လာတော့ ကလေးများ မမစိန်အိမ်နှင့် အကူးအလူး များလာသည်။ အဖေ မရှိသည့် အခါများတွင် ကလေးကို အိမ်သို့ ချီခေါ်လာပြီး အမေ့ကို ပြကြသည်။ အမေကတော့ ခပ်အေးအေးပင် ပြုံးနေတတ်သည်။
တစ်နေ့တော့ မမစိန်၏ကလေးကို အိမ်သို့ ခေါ်သွားခိုက်တွင် အဖေ ပြန်ရောက်လာသည်။ ရုတ်တရက် ဘာလုပ်ရမှန်း မသိ။ ကလေးကို ချီမြှောက်၍ ကစားနေသော မမလေးက အဖေ ဝင်လာသည်ကို မမြင်။ အခြား ကလေးများကလည်း သူ့ကို သတိပေးရန် အချိန်မရ။ ကိုအေး အဖေ ပြန်လာသည်ကို ဆီးကြိုဟန်ဖြင့် ‘အဖေ ပြန်လာပြီဟေ့။ အဖေ ပြန်လာပြီ’ အော်တော့မှ ကလေးကို ကပျာကရာ ပွေ့ပြီး အိမ်ထဲသို့ ဝင်ပြေးရသည်။
‘ဘယ်က ကလေးလဲကွဲ့’ ဟု အဖေက မေးတော့ အမေက အမှတ်မထင်ပင် ‘အို ဟိုနားအိမ်ကပါ’ ဟု ပြောလိုက်သဖြင့် အဖေလည်း ဆက်မမေးတော့ဘဲ ပါလာသော ပစ္စည်းများကို ဝေငှပေးနေ ပါတော့သည်။
‘မမလေးရေ လာ ... လာ။ မမလေးဖို့ ပုတီးကလေးတွေ ပါလာတယ်’
အငယ်တွေက ပြေးခေါ်တော့ မမလေးလည်း ကလေးကို ချီလျက်ပင် ထွက်လာပြီး အမေ့လက်က ပုတီးကို ယူသည်။ အဖေသည် ကလေးငယ်ကို ကြည့်ပြီး ပြုံးကာ ‘ဟေ့’ ဟု မြှူကြည့်သည်။ ကလေးက အဖေ့ကို ခပ်ကြောင်ကြောင် ကြည့်နေရာမှ အဖေ ပြုံးနေသည်ကို မြင်တော့ ချစ်စဖွယ် ပြုံးပြသည်။ နောက် မမလေးလက်က ကလေးကို အဖေက ယူချီလိုက်သည်။
‘အား ... တယ် ဝပါလား။ ချစ်စရာကလေး’ ဟု အဖေက ဆိုလိုက်တော့ အဖေ ဝယ်လာသော လက်ဆောင်ကလေးများနှင့် ကိုယ်စီကိုယ်စီ အာရုံစိုက် နေကြသော ကလေးများ အားလုံး အဖေ့ကို လှည့်ကြည့်မိကြသည်။ အဖေ ယခုကဲ့သို့ ကလေးများနှင့် အရောတဝင် နေသည်ကို တစ်ခါမျှ မမြင်ဖူးကြ။ အဖေ ကလေးချစ်တတ်သည် ကိုလည်း ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းဖြစ်၍ အံ့အားသင့်နေကြသည်။ ‘ဒါ မမစိန်ရဲ့ ကလေး’ ဟု ပြောလိုက်လျှင် အဖေ စိတ်ပြောင်းသွားလေဦး မည်လားဟု စိုးရိမ်ကြ၍လား မသိ။ ဘယ်သူမှ မမစိန်၏ အမည်ကို မဟကြ။ အဖေ ကလေး ချီနေသည်ကိုသာ ကြည့်ကောင်းကောင်းနှင့် ကြည့်နေကြသည်။
နောက်ရက်များတွင် တစ်ယောက်မဟုတ် တစ်ယောက် ‘ဟိုနားအိမ်က ကလေး’ ကို အိမ်သို့ ခေါ်ခေါ်လာ တတ်ကြသည်။ အဖေ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ပြီးတော့လည်း ကလေးကို အဖေ့ ပေါင်ပေါ်သို့ သွားသွား တင်ဝံ့လာကြသည်။ ဤသတင်းကို မမစိန်ထံသို့လည်း ပြေး၍ ပြေး၍ ပို့ကြသည်။ မမစိန်သည် အဖေက ကလေးကို ချစ်သည် ကြားလျှင် ပြုံးပြုံး ပြုံးပြုံးနှင့် နားထောင်နေလေ့ ရှိသည်။
ဤသို့ ရှိစဉ်အတွင်း ဘကြီးနှင့် ဒေါ်ကြီးတို့ကလည်း မကြာမကြာ လာသည်။ တစ်ခါတော့ ဘကြီးက ဘာပြောသည် မသိ။ မမစိန်တို့အကြောင်းပဲ ထင်သည်။ အဖေက ယခင်ကလောက် မပြတ်တော့သော်လည်း ‘သူတို့ဘာသာ သူတို့ နေကြပေ့စေပေါ့’ ဟုသာ ပြောသည်။ မမစိန်တို့ မာကြောင်း သာကြောင်း၊ လုပ်ငန်းဆောင်တာ ကောင်းကြောင်း ပြောလျှင်တော့ အဖေသည် ဘာမျှ ပြန်မပြောဘဲ နားထောင်နေတတ်သည်။ အိမ်ပြန်ခေါ်ဖို့ ဘာမျှမပြော။ အမေက အခါအခွင့်ကို ကြည့်၍ အဖေ နားဝင်အောင် ပြောသော်လည်း ‘အေးအေး နေစမ်း၊ သူတို့ဟာ သူတို့ နေပစေ’ ဟု ငေါက်ဆတ်ဆတ် ပြောလျှင် ငြိမ်နေရသည်။
တစ်နေ့တော့ အဖေ ဘယ်က ပြန်လာသည် မသိ၊ ပြန်ရောက်လာပြီး အိမ်ရှေ့တွင် မျက်နှာ အိုအိုဖြင့် ဝင်ထိုင်ပြီး အမေ့ကို ခေါ်သည်။ ထမင်း ချက်နေရာက အမေထွက်လာတော့ ရုတ်တရက် ဘာမျှမပြော။ သူ့ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေသဖြင့် ကလေးများက အဖေ အမေ့ကို ဆူတော့မည်ဟု သိကြသည်။ ဘေးလွတ်ရာ ရှောင်နေကြပြီး တစေ့တစောင်း ချောင်းမြောင်ေ၍ နားထောင်နေကြရ၏။
‘ငါ့ကို ဘာလို့ မပြောသလဲ မလှမယ်’
အမေက ဘာမျှမပြော။ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။ အဖေ့အသံမှာ တိုဆတ်ဆတ် နိုင်လှသဖြင့် စိတ်ဆိုးနေတာပဲ ဟူ၍ နားလည်ကြသည်။ နောက်ထပ် အဖေ ဘာမျှမပြော။ အတော်ကြီးကြာမှ အဖေက အမေ့ကို မကြည့်ဘဲ ‘သွား ... သွား’ ဟု အော်လိုက်မှ အမေ ထလာသည်။ ‘မမစိန် ကလေးမှန်း သိသွားပြီနဲ့ တူတယ်’ ဟု မမလေးက လေသံဖြင့် အငယ်တွေကို လှည့်ပြောသည်။ အားလုံး မျက်လုံး အကြောင်သားနှင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ နောက် အတန်ကြာမှ မမလေးက ‘ဒုက္ခပဲ’ ဟု တိုးတိုး ဆိုသည်။ ကိုအေးက မမလေးကို ကြည့်ပြီး မဲ့လာကာ အသံမထွက်အောင် ငိုမည်ဟု စလိုက်လျှင် မမလေးက ‘တိတ်တိတ်နေ’ ဟု ဟန့်တားလိုက်၍ တိတ်သွားသည်။
‘မမလေး လာစမ်း’
အဖေက ခေါ် သည်။
မမလေးက ခပ်ရွံ့ရွံ့ အိမ်ရှေ့သို့ ထွက်သွားသည်။ အဖေသည် အတော်ကြာအောင် ဘာမျှမပြောဘဲ သူ့ရှေ့ကိုသာ သူ ကြည့်နေ၍ မမလေးလည်း ရပ်စောင့် နေရသည်။ မမလေးကိုတော့ အဖေ ရိုက်တော့မှာဘဲဟု အငယ်တွေက ရင် တမမနှင့် ပူပန်နေကြ၏။ ကလေးကို အိမ်သို့ စ ခေါ်လာသူမှာ မမလေးဖြစ်သည်ကို သူတို့ သိကြသည်။ အတော်ကြီး ကြာမှ အဖေသည် မမလေးကို သူ့အနားသို့ လာရန် လက်ပြလိုက်သည်။
‘ဟိုအိမ်က ကလေး သွား ခေါ်စမ်း’
အဖေက အမိန့်ပေးလိုက်တော့ မမလေးလည်း ရုတ်တရက် နားမလည်သလို အဖေ့အား မျက်လုံးပြူးကြီးနှင့် ကြည့်နေသောကြောင့် အဖေက ‘ပြောတာ ကြားရဲ့လား’ ဟု ခပ်ငေါက်ငေါက် ဆိုလိုက်မှ ‘ဟုတ်’ ဟုဆိုကာ ထွက်သွားသည်။
‘မလှမယ်’
‘ရှင်’
အမေက မီးဖိုဘက်က တစ်ဖန် ပြေးထွက်လာပြီး အဖေ့အနားတွင် ရပ်နေသည်။ အဖေသည် အမေ့ကို လှည့်မကြည့်ဘဲ အတန်ကြာ ငေးနေပြီး ငေးနေရင်းမှပင် ‘ငါ ခရီးထွက်စရာ ရှိတယ်’ ဟု ဆိုသည်။ နောက် အဖေသည် ထိုင်ရာမှ ထကာ လမ်းလျှောက်ရင်း တစ်ခုခု ပြောလိုက်ရန် ကြိုးစားနေဟန် တူသည်။ အမေသည် ရပ်လျက်ကပင် အဖေ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်ကို လိုက်ကြည့်နေ၏။ အဖေ့ မျက်နှာမှာ သုန်မှုန်နေသည်။ အတန်ကြာလျှင် လမ်းလျှောက်ရာမှ ရပ်လိုက်ပြီး အမေ့ကို မကြည့်ဘဲ ‘ငါ ပြန်မလာခင် ဟို ခွေးကောင်မနဲ့ ခွေးကောင်ကို သွားခေါ်ချင် ခေါ်ချေ’ ဟု အမိန့်ပေးကာ အိမ်ပေါ်သို့ တက်သွားလေတော့သည်။
(ဤဝတ္ထုမှာ တကယ့် အဖြစ်အပျက် ဖြစ်ပါသည်။ စာရေးဆရာ သတင်းစာဆရာ မောင်တင်မြ ထံမှ ရပါသည်။ သူ ပြောပြသည့် တကယ့် အဖြစ်အပျက်မှာ ရင်နာစရာ ဖြစ်နေ၍ အဆုံးအထိ မရေးပဲ ရင်ထဲ စိမ့်ရုံမျှဖြင့် ရပ်ထားလိုက်သည်။ ဤသို့ ရပ်ထားလိုက်သည်က ပင်လျှင် ခပ်ကောင်းကောင်းပဲဟု မောင်တင်မြ ကိုယ်တိုင်ကပင် ဆိုပါသည်။ မိတ်ဆွေ တစ်ယောက်ကမူ ဤဝတ္ထုကို သဘောကျ လွန်း၍ သုံးလေးခေါက်ပင် ပြန်ဖတ်သည်ဟု ဆိုပါသည်။)
----------------
ထင်လင်း
မြဝတီ မဂ္ဂဇင်း၊ ဧပြီလ၊ ၁၉၆၃။
{ မြန်မာဝတ္ထုတိုများ ပေ့ခ်ျမှကူးယူပါသည်။ပေ့ခ်ျအား ကျေးဇူးတင်ပါသည်။}
No comments:
Post a Comment