မင်္ဂလာလှည်း
📑📑📑📑📑
( အပိုင်း-၈)
ခင်ခင်ထူး
“မောင်ကြိုင်ပါရင် ဆင်းစမ်း၊ မင်းနဲ့စာရင်းရှင်းစရာရှိတယ်”
“ဘာစာရင်းများတုန်းဟ”
“အေးသီကိစ္စဆိုရင် မင်းသဘောပေါက်ပေါ့ကွာ”
“အေးသီလဲ ငါမသိဘူး၊ အေးကြည်လဲ ငါမသိဘူး”
“မသိလဲ ဆင်းခဲ့ကွာ၊ မင်းအပိုတွေ ပြောမနေနဲ့”
“ငါ လှည်းပေါ်ကဆင်းတော့ လှည်းဘယ်သူ မောင်းမလဲကွ၊ နေပါဦးမင်း တို့က ဘာသဘောမေး တာလဲ၊ တစ်ရွာ့ တစ်ရွာ့ လှည်းတိုက်လိုက်တာ မိုက်လို့လိုက်သာကွ၊ ကိုင်းပြောစမ်း ဘာကိစ္စလဲ”
သောင်းစိန် တို့ လူစုကလည်း ကြောင်သွားတယ်။ လှည်းတိုက်လိုက်တယ် ဆိုမှာတော့ သူတို့ရိုက်ချင် တဲ့မောင်ကြိုင် ဘယ်ဟုတ်နိုင်ပါ့မလဲ။ ဒါတွေအားလုံးကို ကိုချစ်တိုး သဘောပေါက်လိုက်တယ်။ မောင်ကြိုင် ချင်းတော့ မှားနေပြီ။ အရေးထဲလှည်းသမားကလည်း မောင်ကြိုင်ဖြစ်နေရသေး။
“မပါပါဘူးကွာ၊ ဒါက လှည်းသမား မောင်ကြိုင် သဖန်းတောရွာက လာတာကွ၊ သတို့သား မောင်ကြိုင်က သွား နှင့် တာကြာပေါ့ဟာ၊ ကိုင်း…ကိုင်း အုပ်ကြီး ပြောလိုက်စမ်းဗျာ
အုပ်ကြီးဆိုတာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဒွန်းကို ကိုချစ်တိုးတို့က အုပ်ကြီးခေါ်နေကျကိုး၊ အုပ်ကြီး ပြောလိုက်စမ်းဗျာဆိုတာ သက်ြ်ကီးဝါကြီးတွေပါတဲ့အကြောင်းကို ချစ်တိုးက သက်သေ ထူလိုက်တာပါ။ ဖြစ်ချင်တော့ သည်ဘက်နယ်က ရဲအုပ်ကြီးတို့၊ ဥက္ကဋ္ဌကြီး တို့ကို အုပ်ကြီးခေါ် ကြတာဆိုတော့ သောင်းစိန် တို့က ရဲအုပ်ကြီးပါ ပါလာတာလို့ ထင်သွားကြတယ်၊ အသာနောက် ဆုတ်သွားကြပြီး စကားသံတွေလည်း တိတ် သွားကြတယ်။ လေသံတွေလည်း ပြောင်းသွားကြ တယ်။
“ကြီးတော် မစွန်မတို့အိမ်က ရှေ့ဆက်မောင်းသွားကြပါ၊ မောင်းစင်လေးတွေ့ပါလိမ့်မယ်၊ တွေ့ရင် မောင်းစင် ဟိုဘက် တစ်အိမ်ကျော်က မန်ကျည်းပင်ကြီးနဲ့ အိမ်ပဲ”
ကျောင်းအုပ်ကြီးတောင် ဘာမှမပြောရသေးပါဘူး၊ လေသံပြေင်းသွားကြရုံမက အိမ်ကို ညွှန်လိုက် ကြသေး တာပေါ့။ ကိုချစ်တိုးတို့လည်း လက်တစ်လုံးခြား ကံကောင်းသွားတာပေါ့လေ။ လှည်းလည်း ဆက်ထွက် လာခဲ့တယ်။
(၁၄)
မြစိန်က ကိုလှမောင်ကို အကျိုးအကြောင်းပြေပြပြီး ရွာလူကြီးကို ဒရွတ်တိုက် ဆွဲခေါ်လာလို့ အေးသီ တို့ အိမ်ရှေ့ရောက်တာနဲ့ ကိုချစ်တိုးတို့ လှည်းရောက်လာတာနဲ့ အံကိုက်ကျသွား တယ်။ ကိုလှမောင်က တပည့် လက်သား သုံးလေးယောက်လောက်ပါတော့ ချက်ချင်းလိုလိုပဲ ရွာထဲက အိမ်တွေကို လက်ငင်း လိုအပ်တာ ကလေးတွေ သွားယူခိုင်းတယ်။ သည်အချိန်မှာပဲ သတင်း ကြာူးနဲ့ လူမိုက်ဘထွန်းတို့ပါ ရောက် လာပြီ။
“စံမောင် ပြေးစမ်း ဘက်ထရီအိုးသုံးလုံး မီးချောင်းသုံးချောင်းရှာ၊ ငါ့အိမ်က တစ်လုံးပါ ဖြုတ်ခဲ့၊ ဘထွန်းရွာ ဘုံပစ္စည်း ကိုင် တဲ့ ကိုဘရှင်တို့ အိမ်ကိုသွားစမ်း ဖျာဆယ်ချပ်၊ ရေနွေးအိုးကြီးငါးလုံး၊ လက်သုတ်ပ၀ါ ဆယ်ထည် ပါအောင် သယ်ခဲ့သြွးစမ်း မြန်မြန်”
“မဟုတ်သေးပါဘူး ကိုလှမောင်ရာ၊ ကျုပ်တို့ရွာသူ အေးသီကို ဟင်းရွက်ကန်စွန်းလို….”
“ဘထွန်း နောက်နာရီဝက်နဲ့မရောက်ရင် မင်းကိစ္စနော်၊ မင်းမိုက်ချင်ရင် တော်ရာသွားမိုက်၊ ဒါလူကြီး လူကောင်း တွေကိစ္စ ရွာနာမည်မဖျက်နဲ့ သွားသွား”
“ခင်ဗျား ကတော့ လူကြီးလူကြီးနဲ့ ခက်တော့ ခက်နေပြီ”
ဘထွန်းတို့ကလည်း သည်လောက်ပြောနိုင်တာပါ။ ရပ်ရေးရွာရေး ဖြစ်လာပြီဆိုတော့ မလုပ် လို့ကလည်း မရဘူး။ ကိုဘ၇ှင်တို့အိမ်ဘက် ပြေးရတယ်။ ကိုချစ်တို့တို့ ဧည့်သည်တွေကတော့ လှည်းပေါ်ကဆင်းပြီး အိမ်ရှေ့ မှာ ရှိတဲ့ ထန်းကုလားထိုင်ပေါ် ထိုင်သူထိုင်၊ အမြစ်ဖော်ပြီး ပစ်ထား တဲ့သစ်ငုတ်တစ်တုံးပေါ် နှစ်ယောက် မျှ ထိုင်သူထိုင်၊ အိမ်ထဲဝင်ပြီး ထိုင်သူထိုင်ပေါ့လေ။ မျက် စောင်းတထိုးထိုး လုပ်နေကြတဲ့ ဘထွန်း တို့ လူသိုက်လည်း မျက်ခြည်မပြတ် ကြည့်နေရသေး တာကလား။
ဒေါ်ငွေ ကတော့ ဆေးလိပ်တိုကြီး မေးငေါ့သောက်နေတဲ့ မစွန်မအနား သွားပြီးလမ်းမှာ ဖြစ်ပျက်သမျှ ရုပ်ရှင် ရိုက်ပြ သလိုကို တစ်ခန်းချင်းပြောရင်း ချော့တယ်။ မစွန်မကလည်း လူတွေ ကိုယ်တိုင် ရောက် လာမှတော့ စိတ်လည်းပြေပါပြီ။ ဒေါ်ငွေ ကို ရေတွင်းကုန်းခေါ်ပြီး ရေမိုးချိုးခိုင်း၊ သူ့ အ၀တ်အစားထဲက သင့်တော်ရာ ၀တ်ခိုင်းလို့လို့ မြင်ရတာ သပ်သပ်ရပ်ရပ်ရှိသွားပါပြီ။ ယောက်ျားသား တွေကတော့ တစ်ယောက် မှ အ၀တ်အစား မလဲကြရသေးဘူး။ မောင်ကြိုင်လည်း သည်လိုပါပဲ။ ရွံ့ခြောက် တွေနဲ့ ထိုင် နေရတာပါ။ မိန်းမသားနှစ်ယောက်တည်းရှိတဲ့ အိမ်ဆိုတော့ ယောက်ျားဝတ်ဆိုလို့ စွပ်ကျယ်ပြဲ တောင် မရှိဘူးကိုး။ ဒါကိုမြင်တော့ ကိုဘမောင် က သူ့အိမ်ကပဲ ပုဆိုးဟောင်း၊ အင်္ကျီဟောင်းကလေးတွေ ယူခိုင်း လိုက်တယ်။ အေးသီသူငယ်ချင်း မြစန်း ပဲသွားယူ တာပါ။ ပုဆိုးအင်္ကျီတွေထဲက သင့်တော်ရာ ယူဝတ် လိုက်တော့ ပြောင်ပြောင်စင်စင်ဖြစ်ကြရပြီ၊
လူဝကြီး ဦးမှတ်တင်ကတော့ ယူလာတဲ့ ပုဆိုးအင်္ကျီတွေထဲက တစ်ထည်မှဝတ်မရဘူး။ လူကလည်း နှစ်ကိုယ်စာ မကတော့ လူဝကြီးခေါ်ကြတာလည်း မပြောနဲ့။ ၀လိုက်တာကလည်း ရေအထမ်း နှစ်ဆယ်လောက် ၀င်တဲ့ ရော့ငါးဆယ်စဥ့်အိုးကြီးလောက်ကိုး။ တော်ရုံ ချုပ်ပြီးသား အင်ကျိံဝတ်မရတော့ စက်ချုပ် ဆိုင်မှာ စပယ်ရှယ် အပ်ဝတ်ရတဲ့လူ။ ပုဆိုးကလည်း ခြောက်တောင် ကွင်းမှပတ်မိရုံရှိသူပါ။ သည်လို ပုဆိုးမျိုး အင်္ကျီမျိုးက လယ်ပြင်ကြီးတစ်ရွာလုံး ရှာလို့မှမရနိုင် လေတော့ ခက်ရပြီး။ ကိုလှမောင် ကတော့ ရိုးရိုးသားသားမေးတယ်။
“ဘုန်းကြီးကျောင်းမှာတော့ တင်းတိမ်ကြီးရှိတယ်၊ ပတ်ထားရင်ဖြစ်သားပဲ”
“နေပါစေတော့ဗျာ၊ လူပြက်နဲ့ တူနေပါ့မယ်”
နောက်ဆုံးတော့ ပုဆိုးနှစ်ကွင်းကို တစ်ကွင်းဖြစ်အောင်တွဲသီးပေးလိုက်ကြရတယ်၊ အင်္ကျီကတော့ ပုဆိုးပိုင် တစ်ထည် ခြုံထားလိုက်တာပါပဲ။ အေးသီချမျာ ပေကျံလာတဲ့ ပုဆိုးအင်္ကျီတွေကို ဗွေး ထုတ်တို့နဲ့ ညတွင်း ချင်း ဖွပ်ဖို့လျှော်ဖို့ စီစသ်ရတော့တာပေါ့။ မနက်ဖြန်ပြန်တော့လည်း ဒါပဲဝတ်ကြရမှာ မဟုတ်လား။ ညဘက် ဖွပ်လျှော်ပြီး လှမ်းထားရင် လေသလပ်တာနဲ့ ခြောက်နိုင် တယ်။ မိုးလင်းတော့ နေကလေး ပြလိုက်ရင် ၀တ်လို့ရပြီ။ အ၀တ်မခြောက်မချင်း လူဝကြီးခမျာ ကိုယ်တုံးလုံးကြီးနေရရှာတယ်။ ဒါကိုပဲ ရွာကအပျို တွေမှာ သဘောတွေကျကြလွန်းလို့လေ။
ကျောင်းအုပ်ဆရာကြီး ဦးကျော်ဒွန်းကတော့ နေပူမိလာလို့ ထင်ပါရဲ့ ကိုယ်ကလေး ကောက်ကာ ငင်ကာ ပူလာရာက ဖျားလိုက်တာ ခြစ်ခြစ်တောက်လို့။ တရုတ်ကြီး ဦးဝန် ခမျာလည်း အသားတွေ နီလို့။ ကိုကျော်သန်း ကတော့ အခုမှစိတ်အေးရပုံနဲ့ ပုံကျသွားပြီ။ ဖျာပေါ်ခဏလှဲရာက အိပ်ပျော် သွားလေရဲ့။ကားမောင်းခဲ့ရသူဆိုတော့ သူတကာထက် ပင်ပန်းမှာပေါ့။ ကိုချစ်တိုး နဲ့ ကိုကျော်ဝင်း ကတော့ လူရွယ် တွေ ပီပီ ရွာကလူကြီးသူမတွေကို အကျိုးသင့်၊ အကြောင်းသင့် အာလာပ သလ္လာပ စကားတိုင်း ပြောကြ ရတယ်။ မောင်ကြိုင် ကတော့ အေးသီအနားက မခွာဘူး။
လူမိုက်ဘထွန်း တို့ ရောက်လာတော့ အိမ်ရှေကကွက်လပ်မှာ ဖျာတွေခင်းကြ ဘက်ထရီမီးချောင်း တွေ ထွန်းကြ။ ကာလသားပိုင်းက မီးမွှေးကြ၊ ရေနွေးတည်ကြ။ မိန်းမပျိုပိုင်းကလည်း လင်ပန်းတွေ၊ အကြမ်းပန်ကန် တွေ ချကြနဲ့ ၀ိုင်းလိုက်ကြတာ ချက်ချင်း ကျေးလက်မိန်းမမြန်ူး အခမ်းအနား လေး တစ်ခုဖြစ်သွားခဲ့ပြီ။ ပြဿနာက ဧည့်သည်တွေ ထမင်းမစားကြရသေးတာပေါ့။ ကိုလှမောင် က မစွန်မကို လက်ကုပ်ခေါ်သွားပြီး အကျိုးအကြောင်း မေးတယ်။ မစွန်မတို့မှာ ဆန်ရယ်၊ ဆီရယ်၊ ဟင်းချက်စရာရယ် ရှိရဲ့ လား။ ဘာစီစဉ်ထားသလဲမေးတာပါ။ မစွန်မလည်း မနက်ကလာ မယ်ထင်ပြီး ရှိသမျှနဲ့ ချက်ပြုတ် ထားတဲ့အကြောင်း ဧည့်သည်တွေမလာတော့ ချကျွေးလိုက်တာ ကုန်တဲ့အကြောင်း၊ သည်အချိန်ကြီးကျမှ မစီမံ တတ်တဲ့ အကြောင်း ပြောပြရှာတယ်။
ကိုလှမောင် တစ်ချက်စဉ်းစားလိုက်တယ်၊ ကျွေးရမှာတော့ ကျွေးရမှာပဲ။ ငွေစိုက်ထားရတာလည်း အကြောင်း မဟုတ်ဘူး။ ခက်တာက အခုမှ ချက်ပြုတ်နေရင် ကြတော့မယ်။ သည်တော့ တစ်စတစ်စ နဲ့ လူဝိုင်း လာတဲ့ ရွာခံ တွေကို ရွာထဲရှိသမျှ ထမင်း နဲ့ ဟင်းရှာခဲ့ကြဖို့ မေတ္တာရပ်ခံတယ်။ ထမင်းထုပ် ဆင့်တဲ့ သဘော ပေါ့။ ရွာကလည်း မနေပါဘူး။ အဝေးက ဒုက္ခရောက်လာကြတဲ့လူ တွေဆိုတော့ တောသူ တောင်သား သဘာဝ ကျွေးချင်စိတ် ရှိကြတဲ့သူချည်းပါပဲ။
ထမင်းကျန် ဟင်းကျန်တွေ တစ်ယောက်တစ်အိုး၊ တစ်ပန်းကန် သယ်လာလိုက်ကြတာ ဖျာပေါ်မှာ ခင်းထား တဲ့ ခုံဝိုင်းကြီးသုံးလုံးနဲ့အပြည့်။ လူနှစ်ယောက်ကဆိုရင် ဆွမ်းဟင်းဗျပ်ကြီးလို ဆိုင်းထမ်းဗျက်ကြီး ၀ါးလုံး လျှိုထမ်း လာကြတာမှာ ဟင်းလွက်တွေ အခွက်နှစ်ဆယ်လောက် ပါလာလေရဲ့၊ စားမယ့်လူ နဲ့ ဟင်းထမင်း နဲ့ တောင် မလိုကတော့ပါဘူး။ ဖျာပေါ်တင်ပျဉ်ခွေထိုင်ချပြီး စားလိုက်ကြစမ်းဆို တာများ ဂွဲမသတ် နိုင်ကြဘူး။ ရွာကလည်း ပွဲမဟုတ် လမ်းမဟုတ်ဧည့်သည်တွေ ထမ်းစားကြတာ ကိုဝိုင်းအုံကြည့်ကြလို့။
ဧည့်သည်တွေ ချည်းစားကြတာမဟုတ်ပါဘူး။ တစ်နေ့လုံး သောက်စားထားကြတဲ့ ဘထွန်းတို့ အဖွဲ့ ကလည်း အခုမှ ဆာလာကြပုံပေါ်ပါရဲ့။ ၀င်စားကြတယ်။ ၇ွာကလူတွေ ၀ိုင်းကြည့်ကြတဲ့ ကြားက ကိုချစ်တိုး လို လည်း ရှက်မနေနိုင်တော့ပါဘူး။ ဘာဟင်းရယ်၊ ညာဟင်းရယ် မတွက်ကြ တော့ဘဲ ထမင်းပန်းကန်ထဲ သွန်သွန် ချပြီး နယ်ရေဖတ်ရေ စားကြတာများ ခံတွင်းလိုက်လွန်းလို့ ထမင်းလိုက်ရတာ ခဏခဏ။ နေ့လယ် ဘက်က လာရင်ရိုက်မယ်ဆိုတဲ့ လူတွေနဲ့ အရိုက်ခံမယ့် လူတွေအခုတော့ ထမင်းလက်ဆုံ စား နေကြပါလားလို့ သံဝေဂယူမယ်ဆိုရင်လည်း ယူစရာပါ။ ဟင်းခွက်တွေများတောင် အချင်းချင်း ကမ်း လိုက်ကြလို့။
ရွာကလူတွေ မြို့သွားတွေပီပီ ကားကြီးစီးပြီး ဖိတ်ဖိတ် ဖိတ်ဖိတ်အရောင်တွေထွက်အောင် ဂိုက်ကြီး ဆိုက်ကြီး တွေနဲ့ လာကြမယ် ထင်ကြရာက ရွံ့တွေ ဗွက်တွေ ပေကျံပြီး ကားကြီးနဲ့ ရောက်မလာဘဲ လှည်းအကြုံ ငှားစီးလာ ရတာကို အံ့သြနေကြတယ်။ သည်ကြားထဲ စားလိုက် သောက်လိုက်ကြတာ ထမင်း တွေ ဟင်းတွေဆိုတာ ပေါက်ပြားနဲ့ ခုတ်ခုတ်ချနေသလိုပဲ။ ရွာက တည်တည်ပပ ဧည့်မခံ ရလို့ အားနာကြ ပုံလည်း ပေါ်ပါရဲ့။ လူဝကြီး ဦးမှတ်တင်က ရိုးရိုးထမင်းပန်း ကန်နဲ့မစားဘဲ ကန်တော့ပွဲထည့်တဲ့ ဇလုံကြီးနဲ့ ထမင်းတစ်စလယ် ချက်လောက်ထည့်၊ အနားရှိ တဲ့ဟင်းခွက်နှစ်ခါက်လောက် မှောက်ချပြီး လက်ခုပ်ကြီးနဲ့ ပါးစပ်ထဲပေါက်ပေါက်သွင်းတာကို လူတွေကကြည့်ပြီး ရယ်ကြတယ်။ ထမင်းတစ်လုပ် တစ်လုပ်ကလည်း ဥသျှစ်သီး လောက်ရှိတာ မှုတ်လား။
“ဆရာကြီး ထမင်းထည့်ဦးလေ၊ အစားနည်းလှချည့်လား”
ရွာက အာကျယ်ကျယ်တစ်ယောက်က နောက်တော့ လူဝကြီး ဦးမှတ်တင်က စကားမပြန်နိုင် ဘူး။ ငရုတ်သီး တွေ စားမိလို့ အာပြဲနေပြီ။ ဘက်ထရီမီးချောင်းရောင်က ခပ်မှိနှ်မှိန်ဆိုတော့ ဘယ်နား ဘယ် ဟင်းခွက် ရှိလို့ရှိမှန်း မသိဘဲ ထမင်းထဲမှောက်ချသမျှ ဟင်းနှစ်ပန်းကန်က ငရုတ်သီးချက်တွေ ချည်းဖြစ်နေတာကိုး။ ရေတစ်ခွက် တောင်းသောက်ပြီး အစပ်ပြေမှ ပြန်စတယ်။
“နေဦးဟေ့ ညည်းတို့မေးတာ မဖြေနိုင်သေးဘူး၊ ပါးစပ်မီးလောင်နေလို့ဟ”
မိန်းမ တွေက ရယ်ကြပြန်ရော။ မအာကျယ်ကလည်း မခေဘူး။ ပြန်စတယ်။
“ရွာမှ ရေစုပ်စက်တွေ ရှိပါ့တော်၊ ပါးစပ်ထဲပိုက်ထိပ်က သံဘီးလူးခေါင်းတပ်ပြီး ရေဖွင့်လိုက်ရုံပါ”
ဝါးခနဲ ရယ်ကြပြန်ရော။ ရွာသားတစ်ယောက်က “ဟ….တို့ရွာ ဘုန်းကြီးပျံတုန်းက ရုံသွင်းပြတဲ့ ဆိတ်တစ်ကောင် ရေတစ်ပုံးစားသောက်တဲ့ စပါအုံးမြွေကြီးလို ပြပွဲတောင် ပြဖို့ကောင်းတယ်”တဲ့။ လူဝကြီး နဲ့ ရွာကတော့အဖွဲ့ကျနေကြပြီ။
ကျောင်းအုပ်ဆရာကြီးက ဖျားနေတာဆိုတော့ ရွာက ငန်းဆေးနဲ့ ရေနွေးပူပူတစ်ခွက်ပေးလို့ သောက်ချ လိုက်တယ်။ မောင်ကြိုင်က အေးသီတို့ အိမ်မှာရှိတဲ့ တေဇောဘမ်းဘူးကို ဖွင့်တဲ့ပြီး ဆရာကြီးကို လူး ပေးတော့ ပူလိုက်တာဆိုတော့ ဖျတ်ဖျတ်ကိုလူးလို့။ ပြီးတော့ ဆရာကြီးကို အိမ်ထဲမှာ သင်ဖျူးခင်း၊ ခေါင်းအုံး ကလေးချပြီး ခဏမှိန်းခိုင်းထားလိုက်တယ်။ လူဝကြီး သထမင်းစားပြီးတော့ အိုးတွေ ခွက်တွေ ပြန် သိမ်းကြ၊ ပေတာကျံတာတွေ သုတ်သင်ကြ၊ ရှင်းလင်း ကြလုပ်လိုက်ကြတာ ချက်ချင်းပဲ ဧည့်ခံ စရာ နေရာ ဖြစ်သွားတယ်။ မိန်းမပိုင်းကလည်း ကောက်ညှင်းမုန့်တွေ ကြော်ကြ၊ လက်ဖက်တွေသုပ်ကြ၊ ရေနွေးပွဲ တွေ ပြင်ကြ။ သည်တော့မှ ရွာလူကြီးတွေရော၊ ဧည့်သည်တွေပါ ၀ိုင်းထိုင်ကြပြီး အကျိုး အကြောင်း တွေ မေးကြဖြေကြရတာပေါ့။ သည်တုန်းမှာပဲ သောင်းစိန် ခေါင်းငိုက် စိုက်ကြီးချပြီး ၀ိုင်းထဲ ၀င်လာတယ်။ ကိုလှမောင်ကတော့ သူ့ရွာသူပိုင်တဲ့သူဆိုတော့ သောင်းစိန်တို့ အုပ်စုကို နေရာလွတ်မှာ မီးဖိုကျင်း တူးခိုင်းတယ်။ ရေနွေးတည်ရမှာကိုး။
“ကိုင်း ငါ့တူများ မီးဖိုကျင်းတစ်ကျင်းတူးကွာ ရေနွေးတည်ရအောင်၊ မိုးလင်းကာနီးတော့ ထမင်းဟင်း ချက် ရမဟေ့၊ ကိုဘိုးမြ သွားခေါ်စမ်း ရွာထဲက ကြက်သုံးကောင်လောက်လည်း ဖမ်းခဲ့လို့ပြော၊ ဆန်လေးပြည်ပါ ၀ယ်ခဲ့၊ ထမင်းဟင်ချက်ကတော့ ဒေါက်မီးဖိုးခွင်တွေပါတယ် မဟုတ်လားဟေ့ ဘထွန်း”
“ပါပါ့ဗျာ”
“ကိုင်း သောင်းစိန် တို့က တူးကွာ ရေနွေးပါတည်”
ရည်းစားလူလု ရတဲ့ကြားထဲ အရပ်လူကြီးက မီးဖိုကျင်း တူးခိုင်းနေတော့ သောင်းစိန်မှာ အူနုကျွဲခတ် ရုံတင် မကဘူး၊ ကျွဲနင်းပါခံနေရတာမျိုး ဖြစ်နေလေရဲ့။ အသည်းကွဲနေရတဲ့ကြားထဲ ချစ်သူမင်္ဂလာ ဆောင်မှာ ရေနွေးအိုး တည်ရသကော ဆိုတာကို ရွာကပြုံးကြတာလည်း သောင်းစိန်က ရိပ်မိတယ်။
“လုပ်ပါ သောင်းစိန်ရယ်၊ နင့်အတွက် နောက်ဆုံး ကုသိုလ်လေးတော့ ယူလိုက်ပါ”
“မင်းလည်ပင်းက သော့ခလောက်နဲ့ သော့တံနှစ်ချောင်းတွဲက ခမည်းပေးထားတာလားကွ ဟေ”
“သောင်းစိန် မင်း နေ့ခင်းကတုတ်တကားကားနဲ့ ညဖက်ကျတော့ တူရွင်းနဲ့ ကျင်းတူးနေပါပကော”
သောင်းစိန် ကို တစ်ယောက်တစ်ပေါက် စနေကြတာပါ။ သောင်းစိန်ကလည်း အစခံရလေ မျက်နှာကြီး ရဲလေ။ စိတ်တွေဘာတွေလည်း မဆိုေးတာ့ပါဘူး။ ရင်ထဲမှာ နာနေတာပဲ ရှိတော့တယ်။ ရွာကလည်း စိတ်မဆိုး ကြတော့တဲ့ အပြင် ထမင်းတောင် ကျွေးနေမှတော့ မောင်ကြိုင်လာရင် ၀င်ရိုက်မယ်ဆိုတဲ့ စိတ် တွေ လည်း လျှော့လိုက်ရပြီ။ လျှော့လိုက်ရတဲ့အပြင် ရေနွေးအိုးပါ တာဝန်ယူနေရပြီပေါ့လေ။ သည်ကြားထဲ အေးသီ က သောင်းစိန် ရယ် ကိုယ့်နှမ မင်္ဂလာကိစ္စမှာ အောက်ကျတယ် မထင်ပါနဲ့ဟယ်၊ ငါမြို့ရောက်ရင် မြို့သူ တစ်ယောက် ပို့လိုက်ပါ့မယ် လို့ နောက်လိုက်တော့ သောင်းစိန်က ဆတ်ဆတ်ခါ လို့။ သူချစ်ခဲ့ရတဲ့ အေးသီ စတာ ကိုတော့ သူမခံနိုင်ဘူးနဲ့ တူပါရဲ့။ မျက်ရည်တွေဝဲလို့။
“နင်သာ မြို့သားယူပါဟာ၊ ငါတို့က တောသားပါ၊ မြို့သူယူဝံ့ပေါင်ဟာ”
“ကျုပ်တို့တော့ တောကကာလသားတွေက မကြိုက်လို့ပါတော်၊ မြို့သားမယူချင်ဘဲ ယူရတာ”
အေးသီ က ပြန်ကလိတော့ သောင်းစိန် ဘာပြန်ပြောရမှန်း မသိဘူး။ မျက်လုံးကြီး ပြူးရုံပဲ ပြူးနိုင်တော့ တယ်။ တကယ်ဆို သူကိုယ်တိုင် ချစ်ရေးဆိုခဲ့တာ မဟုတ်လား။ မြို့သားမယူချင်ဘဲ နဲ့ ယူရတာဆိုတဲ့ စကား ကို မောင်ကြိုင်ကလည်း စိတ်မဆိုးပါဘူး။ ကာလသား ကာလသမီး သူငယ်ချင်းတွေ အချင်းချင်း မခံချင် အောင် စကြတာလို့ပဲ ထင်တာပါ။ မျက်နှာကြီးတောင် ပြုံးထားလိုက် သေးတယ်။ ဒေါ်ငွေ နဲ့ မစွန်မ တို့ စကားဝိုင်း မပြတ်သေးဘူး။ ဘာတွေပြောနေကြမှန်းလည်း မသိဘူး။
“ကိုင်း…ကိုင်း ရွာသူရွာသားတွေလည်း ရှိသင့်သလောက် ရှိကြတုန်း သည်ကနေ့ ဖြစ်ပျက်ခဲ့တာလေးတွေ ရွာ က ကျေနပ်အောင် အကျိုးဆောင် ဆရာကိုချစ်တိုး က တောင်းပန်စကား ပြောပါလိမ့်မယ်၊ နားထောင် ကြဟေ့”
ရွာလူကြီး ကိုလှမောင်က ကိုချစ်တိုးနဲ့ တိုင်ပင်ပြီး ထကြေညာလိုက်ရင်ပဲ အားလုံးငြိမ်သွားကြတယ်။ ကိုချစ်တိုး က မင်္ဂလာစကားပြောဖို့ရော၊ ရွာကိုတောင်းပန်ဖို့ပါ စကားပြောမယ်ဆိုတဲ့ စိတ်နဲ့ထလိုက် တယ်။ သူဝတ်ထားတဲ့ ပုဆိုးက တိုတိုကလေးဖြစ်နေတော့ ထန်းပင်ပုဆိုးပတ်ထားသလို ဖြစ်နေတယ်။ အင်္ကျီ ကလည်း ကြုံရာဆွဲယူလာတဲ့ အင်္ကျီဆိုတော့ ခါးကြပ်ကလေး နဲ့ မောင်ကြိုင်ကတော့ သူ့မင်္ဂလာ ကိစ္စ ပြောမယ့် လေးချစ်တိုးကိုကြည့်ပြီး ရယ်ချင်လိုက်တာ မပြောနဲ့တော့။ တကယ့်စာခြောက်ရုပ်မှ စာခြောက်ရုပ်။
“ကျွန်တော်တို့ သည်ကနေ မန္တလေးကထွက်လာတာ မနက်ခုနှစ်နာရီ ထိုးကတည်းကပါ”
“မောင်ကြိုင် က စစ်ကိုင်းအနောက်တင်ဆိုတော့…..”
ကိုချစ်တိုး က ဖြစ်ကြောင်းကုန်စင် ပြောပြလိုက် တာ နာရီဝက်လောက်ကြာတယ်၊ ရွာကလူတွေလည်း ငြိမ်ပြီး နားထောင်နေကြရတယ်။ ကိုချစ်တိုးက စကားကိုခြေခြေမြစ်မြစ် ပြောတတ်ပေမယ့် သူတို့အထဲ မှာ အသက်ဂုဏ်၊ ပညာဂုဏ်ကြီးတဲ့ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဒွန်း ကို ရှေ့တန်းတင်လာခဲ့တာပါ။ ဒါပေမယ့် ဆရာကြီး က ဖျားလိုက်တာ ပိုးလိုးပက်လက်လန်နေပြီဆိုတော့ မင်္ဂလာစကား ကို ဝေမျှပြော ဖို့ သူ စဉ်းစား နေမိတယ်။ လူဝကြီးဦးမှတ်တင်က အင်္ကျီမပါဘူး။ ပုဆိုးကလည်း နှစ်ကွင်းစပ်ဆိုတော့ မင်္ဂလာ စကား ပြောရမယ့် ပုဂ္ဂိုလ် က အင်္ကျီမပါတာ ဟန်မကျလှဘူး။
သည်တော့ တရုတ်ကြီး ဦးဝန် ကို စဉ်းစားပြန်တယ်။ သူကလည်း မဟုတ်လောက်ဘူး။ စကားလေးလုံး ကွဲတာ မဟုတ်တော့ ထပြောခိုင်းမှ ဘောက်တိဘောက်ထိုး ဖြစ်မှာလည်း စိုးရသေးတာကိုး။ ဒါဖြင့် ကိုကျော်ဝင်း ကော။ ကိုကျော်ဝင်းက လူအေး။ ကိုကျော်ဝင်းက သူ့ကန်တော့ပွဲပဲ စိတ်ဝင်စားတာပါ။ လူဝကြီး ထမင်းစား တဲ့ ဇလုံကိုဆေးခိုင်း ပြီး ငှက်ပျောသီးကြွေတွေနဲ့ အုန်းသီးကြွက်မြီးပြုတ်ကို စုထည့် ထားတယ်။ ညာဘက်ကြီး ကန်တော့ပွဲ တစ်ပွဲ ရအောင် စီစဉ်ရင် ဖြစ်မှာပေါ့။ ရွာပဲ။ ဒါပေမယ့် ရွာလက်ဝင် မှာ စိုးရတာ နဲ့ ရှိတာနဲ့ ကန်တော့ပွဲ ပြင်ထားလိုက်တာပါ။ ကိုကျော်သန်း ကတော့ ဝေးရာ။ စကား မပြောတတ် လို့ကို လူကြီးတွေ ခေါ်လာ တာမဟုတ်လား။ သည်တော့ကိုချစ်တိုးက သူတစ်ယောက်တည်း ကြဲရတော့မယ် ဆိုတာ သဘော ပေါက်လိုက်ပြီ။
“အဲသည်တော့ ရွာကလည်း ကျွန်တော်တို့ကို ခွင့်လွှတ်ပါ။ မရိုမသေမလေးမစားလည်း မလုပ်ဝံ့ပါဘူး။ ဥပမာ ကန်တော့ပွဲ ပဲကြည့်၊ ကားပေါ်မှာ ပိုက်ပွေ့လာတဲ့ကြားက ပြုတ်ကျပြီး ကြွက်ပြီးပြတ်အသီး ကြွေတွေ ဖြစ်နေတာ ကို နားလည်သာပေးကြပါတော့။ ရွာသူရွာသားများကော ကာယကံရှင် ဒေါ်စွန်မ ကောသည်လို ဖြစ်တာတော့ မကျေနိုင်ပါဘူးဆိုရင် မနက်ကန်တော့ပွဲ အသစ်လဲပေးပါ့မယ်။ အခုတော့ ဟောသည်က အရပ်လူကြီး ဦးလှမောင် နဲ့ ညှိပြီး သည်ကနေ့ညပဲ မင်္ဂလာစကာပြောတာပါ၊ ခုံတင်စရာရှိ တာတင်ပါ ဆိုလို့ ကျွန်တော်တို့ ချက်ချင်း စီစဉ်ရပါတယ်။”
ရွာဘက်က မင်္ဂလာစကားပြောမယ့် ဘကြီးဖိုးကိုး ရောက်လာတယ်။ တောင်ဝှေးကြီး ထောက်ဝင်လာ ပြီး ကွက်လပ်ထဲ ၀င်ထိုင်ရင်း ကိုချစ်တိုးကို ကျွဲကော်ကိုင်းမျက်မှန် ထဲကနေပြူးကြည့်တယ်။ ချထားတဲ့ ကန်တော့ပွဲ လည်း ကြည့်တယ်။ မင်္ဂလာကိစ္စဆိုတော့ သားရှင်မိဘက် သမီးရှင်မိဘက် ကန်တော့ပွဲ တင်ပြီး တောင်ရမ်း ရတာ အဓိကကိုး။ ကျန်တဲ့ ပစ္စည်းဆန်း ဆိုတာ ရှိလည်းတင်ပေါ့။ မရှိတော့လည်း မတင်လို့ ကိစ္စ မရှိဘူး။ သို့သော်လည်း ကန်တော့ပွဲကတော့ ပါရမယ်။ အင်္ဂါစုံရမယ်။ ပြည့်စုံရမယ်။ ကန်တော့ပွဲ ဆိုတာ ကန်တော့တဲ့ပွဲ။ ကျေအေးခြင်း၊ ငြိမ်းချမ်းခြင်း၊ ဂါရ၀ပြုခြင်း၊ နှိမ့်ချခြင်း၊ မင်္ဂလာရှိ ခြင်း စတဲ့ သဘော ကို ကိုယ်စားပြုတာ။ အခုတော့ ကြွက်ပြီးပြုတ်နဲ့၊ ငှက်ပျော်သီးဖီးပဲ့ ဇလုံထဲစုထည့် တာကတော့ တိုင်းစွန်ပြည်နား ကြားလို့မှမတော်ပါလားလို့ တွေးတယ်။ နားစွန်နားဖျားနဲ့ လိုက်လာရ တာဆိုတော့ အကျိုး အကြောင်း လည်း မသိပဲကိုး။ ယိုင်လျက်က သူ့တောင်ဝှေးကြီးနဲ့ လှမ်းထိုးပြီး စကား ခဏရပ်ခိုင်း ရော။
“နေပါအုံးကွယ် နေပါအုံးကွယ့် မင်းတို့ ကန်တော့ပွဲက ဘယ်နှယ်ဟာတုံး၊ မင်းတို့ဟာ ရွာကိုရော မိန်းကလေး ရှင် ကိုပါ စော်ကားသလို ဖြစ်နေပါပကောလား၊ ငါ့တူရဲ့ မင်းတို့ဟာ မင်္ဂံလာဆောင်နဲ့မတူဘဲ ရွာစာချ သလို ဖြစ်နေပါလားကွဟေ၊ အုန်းခေါင်တစ်လုံး ငှက်ပျောဖီးဆိုင်၊ လက်ဖက်ကွမ်းယာပါမှ ကန်တော့ပွဲ ဖြစ်သကွဲ့၊ ခု ချက်ချင်း ကန်တော့ပွဲလဲပါ။ “
ရွာ့အမ်းအဖဖြစ်တဲ့ ဘကြီးဖိုးကိုး က ငေါက်တော့ ကိုချစ်တိုး ထိုင်ရမလို ထရမလို ဖြစ်သွားတယ်။ သူ အကျိုး အကြောင်း ပြောတုန်းက မရှိတော့ တစ်ခါပြန်ပြောရမလို ဖြစ်နေပြီ။ ရွာကလည်း ဘကြီးဖိုးကိုပြော မှ ပွစိပွစိ ဖြစ်လာတယ်။ ကျေနပ်ကြတာလား၊ မကျေနပ်ကြတာလားလည်း မသိရတော့ ကိုချစ်တိုးရော ကိုကျော်သန်း ပါ လူတွေကို အကဲခတ်တယ်။ ကိုကျော်သန်းက ညတွင်းချင်း ကန်တော့ပွဲရနိုင်မလားလို့ ကိုလှမောင် က ခေါင်းကုတ်တယ်။ ရွာမှာက ဈေးရယ်၊ ဆိုင်ရယ်ကန္နားရယ်လို့ ဟီးဟီးထအောင် ဖွင့်ထားတာ မရှိတော့ ဘယ်နားသွားဝယ်ပါလို့ ပြောလို့ကလည်းဖြစ်တာမဟုတ်ဘူးလေ။
ရွာကအုန်းပင် တွေတော့ရှိတယ်။ ငှက်ပျောပင်တွေလည်းရှိတယ်။ ကိုကျော်သန်းက ပိုက်ဆံငါးထောင် ထုတ် ပေးပြီး ဖြစ်အောင်လုပ်ပေးပါဗျဆိုတော့ ကိုလှမောင်က ညတွင်းချင်း စီစဉ်ရပြန်ရော “စံမြ လာဦး၊ မခင်ပိုင် အိမ်တို့အိမ်သွား အုန်းသီးတစ်လုံး တက်ဖဲ့စမ်း ကျသလောက်ပေးခဲ့၊ မစိန်တင့်က ကိုကြွက်သိုး တို့ ခြံက ငှက်ပျောတစ်ခိုင် ခုတ်ချောအဖီးလှလှသုံးဖီးရအောင် တစ်ခါတည်းလုပ်ခဲ့၊ စသွားဗျာ မြန်မြန် နို့မို့ မင်္ဂလာ စကား ပြောဖို့ သန်းခေါင်ကျော်မှ ထလုပ်နေရလိမ့်မယ်“
ကျုစံမြလည်း သူ့တစ်သက်လုံး အုန်းပင်တက်လာတာ တစ်ခါမှ ညဘက်မတက်ဖူးဘူး။ သည်တစ်ခါပဲ ညဘက် တက်ရမှာဆိုတော့ လက်နှိမ့်ဓာတ်မီးပြမယ့်လူ တစ်ယောက်ခေါ်ပြီး ထွက်သွားရော။ မစိန်တင့် ကလည်း ရွာအနောက်ဖျားက ငှက်ပျောခြံဖက် မိန်းမဖော်နှစ်ယောက်နဲ့ သွားကြပြီ။ ကိုချစ်တိုးကလည်း ပြောလက်စ စကားရပ်ပြီး ထိုင်ချလိုက်ရတော့တာပါပဲ။ သ တိုး သား မောင်ကြိုင် ကတော့ ဖျားနေတဲ့ ကျောင်းအုပ် ဆရာကြီး ကို ခြေတောက်တွေ နှိပ်ပေးနေလေရဲ့။
လူဝကြီး ကိုမှတ်တင် ကလည်း အကျီင်္ချွတ်ကြီးနဲ့ ငုတ်တုတ်။ ကိုကျော်သန်း ကတော့ သူကားဆီ စိတ်ရောက် နေတာပါ။ နေ့တွင်းချင်း ပြန်လာခဲ့မယ် ပြောထားခဲ့ကြတာဆိုတော့ အိမ်က မိသားစုတွေလည်း စိတ် တွေပူ နေကြ ရောမယ်လို့ တွေးမိတယ်။ မတော်တရော်တွေးပြီး ပူကြမှာလည်း စိုးရသေးတယ်။ မနက်တော့ စောစောထပြန်ရမှာပဲလို့ တွက်တယ်။ သည်ရွာက လှည်းငှား၊ သဖန်းတောက်ကားသွာယူ၊ သည်ဘက် လမ်းကောင်းကို ပြန်မောင်းရမယ့် ခရီးစဉ် ကလည်းမသေးဘူး။
ရွာသူရွာသား တွေကတော့ ရီရီစိစိ ဖြစ်ကြရာက လူတွေတောင် ထပ်တိုးလာသေးတယ်။ ဘက်ထရီ မီးချောင်း တစ်ချောင်းစ နှစ်ချောင်းစကလည်း မှိန်ချင်လှပြီ။ ကိုချစ်တိုးကို လှမ်း ကြည့်ုတော့ သူလည်း မေး ထောက်ပြီး ကန်တော့ပွဲစောင့်နေလေရဲ့။ မကြာပါဘူး။ အုန်းသီး က အရင်ရောက်လာ တယ်။ အုန်းသီးကို ရေ ဆေးခိုင်ပြီး ကြွက်မီးထိုး၊ ငှက်ပျောသီးသုံးဖီး ပါ ရောက်လာတော့ ပြည့်စုံသွားပြီ။ လက်ဖက်နဲ့ ကွမ်းယာ ကတော့ရှိတယ်။ အားလုံးစုံတော့ ကိုလှမောင်ကထပြီ။
“ကိုင်ဟေ့ ကိုင်းဟေ့ မင်္ဂလာစကားပြောတော့မယ်၊ ဧည့်သည်တွေက မနက်နက်စောစော ပြန်မှာဆိုတော့ ခင်ဗျား တို့လည်း မနက်ဘက်အားကြတာ မဟုတ်ဘူး။ ကနေ့ညပဲ အကျဉ်း ရုံး လိုက် ရ သယ်။ ဘကြီးဖိုးကိုး က ဧည့်သည်တွေ ပြောပါစေဦးဆိုတော့ ကိုချစ်တိုးလည်း ထ.ရရော။ အားလုံးငြိမ်ကျသွားကြပြန်တယ်။ သတိုးသား က လူမမာ ကို နှိပ်ပေးလို့။ သတို့သမီးက မအေ့ဘေးမှာ ထိုင်လို့။ သောင်းစိန်က ရေနွေအိုး မီးထိုးလို့ ။ သည်တစ်ခါတော့ ကန်တော့ပွဲ က စိုစိုဖက်ဖက် ရှိသွားပြီ။ မီးရောင်တွေကျသွား တဲ့ လယ်ပြင်ကြီး မင်္ဂလာည မှာ ကိုချစ်တိုး အသံ က သြသြကြီး ထွက်လာတယ်။
“ကျွန်တော်တို့ ကို ရွာသူရွာသားတွေက ၀ိုင်ကူကြလို့ အားလုံး အဆင်ပြေပါပြီ။ မင်္ဂလာလည်းရှိသွားပါပြီ။ လူငယ်နှစ်ယောက် အတွက် မင်္ဂလာစကားကိုတော့ ရွာခံဘကြီးကိုးကပဲ ပြော ပေးပါ။
ဇာတ်သိမ်းပိုင်းဆက်ရန် ⬇⬇⬇
{ ရွှေဇင်ဦးဘလော့ဂ်မှ ကူးယူပါသည်။ဘလော့ဂ်အား ကျေးဇူးတင်ပါသည်။ }
No comments:
Post a Comment