Tuesday, 6 November 2018

နှမလက်လျှော့ နေလေတော " ထင်လင်း

နှမလက်လျှော့ နေလေတော


"""""""""""""""""""""""""""""""""""""""""""


ထင်လင်း


ဖိုးမောင် သူ့ဟာသူ လူပျိုကြီး လုပ်နေရတာ အငြိမ်းချမ်းသား။ 


ဘာမှ ပူပန်စရာ ကြောင့်ကြစရာရယ်လို့ မရှိသလောက် နေ့စဉ် နံနက် စောစောထ၊ ကျောင်းဝင်းထဲ အမှိုက်သရိုက်ကလေး ဘာကလေး လှဲကျင်းပြီး ရေတွင်းက ရေခပ်၊ မျက်နှာသစ်။ 


ပြီးတော့ ရေအိုးစင်ကား သောက်ရေအိုးတွေ ကြည့်။ ရေလိုရင် ရေဖြည့်ပြီး ဘုန်းဘုန်း သွားဝပ်ချ။ စားစရာ အချိန်မီလည်း စား၊ မမီလည်း မြို့ထဲကျမှ ဝယ်စား၊ ပိုက်ဆံပြတ်လို့ ဘုန်း သွားလျှောက်ရင် တစ်ဆယ်၊ ဆယ့်ငါးကျပ်၊ နှစ်ဆယ်၊ အစိတ်အထိ ဘုန်းဘုန်းရဲ့ နဝကမ္မအလှူငွေထဲက ထုတ်ပေးလိုက်တာပဲ။ 


တစ်ခါတလေ ဘာမှ အကြောင်းရှိရှိ မရှိရှိ “ဟဲ့ ဖိုးမောင်၊ လာ၊ ရော့။ နင် အင်္ကျီဝယ် ဝတ်။ ပုဆိုးဝယ် ဝတ်” ဆိုပြီး ငါးဆယ်မျိုး တစ်ရာမျိုး ဆိုသလို ပေးသေးတယ်။


အလုပ်ကတော့ မြို့ထဲကရုံးမှာ အထက်တန်းစာရေး ပေမယ့် သူ့အထက်က လခနည်းစား အရာရှိငယ်များထက် သူက ပြောင်ပြောင်ရောင်ရောင် ရှိသေးတယ်။


ဟုတ်တယ်လေ။ သူက နေတော့ ဘုန်းကြီးကျောင်းထဲမှာ။ အုတ်တိုက်နှင့်ဘာနှင့် အခံ့စား။ စားတော့ ထမင်းဆိုင်။ သောက်တော့ ရေအိုးစင်။ ဘာမှ ကုန်စရာမရှိ။ 


တစ်ခုတော့ ရှိတယ်။ သူ့နေရာ ရောက်အောင်ကတော့ ဖိနပ်ချွတ်ပြီး  ဝင်ရတယ်။ ဒါပါပဲ၊၊ 


အဲ၊ ဒါကလေးလောက်ကတော့ ဝန်မလေးသင့်ပါဘူးလေ။ သူ့ဟာသူ တစ်ကောင်ကြွက်မို့ ဘုန်းဘုန်းက ကြည့်ရှုထားတာ။ 


သင်္ကန်းဝတ်နှင့် မပျော်ဘူးလျှောက်တော့ “လူ့လောကထဲနေရင် လူစဉ်မီအောင်ကော့ စာတတ်မှဟဲ့” ဆိုပြီး ဘုန်းဘုန်းက လောကဓာတ်ကျောင်းလို့ ဆိုတဲ့ လူကျောင်း။ အဲ၊ အဲဒီ လူကျောင်းဆိုတာက ဘုန်းကြီးကျောင်းမဟုတ်တဲ့ ကျောင်း။ လောကုတ္တရာစာကို ဘုန်းကြီးတွေက သင်ပေးတဲ့ ဘုန်းကြီးကျောင်းတွေသာ ရှိခဲ့တဲ့အချိန်က အဲသလို အစိုးရ ပညာရေးဌာနက ဖွင့်ပေးတဲ့ကျောင်း။ ဒိစတြိတ်ကောင်စီက ဖွင့်ပေးတဲ့ ကျောင်းတွေ။ 


သင်တဲ့ဆရာတွေကလည်း လူဝတ်ကြောင်၊ သင်တဲ့ဘာသာရပ်တွေကလည်း ရှေးက လောကဓာတ်လို့ ခေါ်ခဲ့ကြတဲ့ သိပ္ပံနည်းကျ သင်တဲ့ ဂဏန်းသင်္ချာတို့၊ ပထဝီဝင်တို့၊ ရာဇဝင်လို့ခေါ်တဲ့ နိုင်ငံသမိုင်းတို့ပေါ့။ 


အဲ၊ ဘုန်းဘုန်းကပဲ လူလုပ်မှာဖြင့် လူကျောင်းသွားနေဆိုလို့  တစ်တန်းနှစ်တန်းကစ ဆယ်တန်းအောင်၊ နောက် ကောလိပ်အထိ ဘုန်းဘုန်းကတော့ ထားရှာပါတယ်။ 


ဒါပေမယ့် ပညာပါရမီ နည်းသလား မသိဘူး။ ဖိုးမောင် စာဘက် စိတ်ကုန်သွားလို့ တစ်ပိုင်းတစ်စနှင့် ရပ်ပြီး အောက်တန်းစာရေး ဝင်လုပ်၊ နောက် လုပ်သက်ကလေး တော်တော်ရလာတော့ အထက်တန်းစာရေး။ ဒီအထိ သူ့ဘဝဟာ အေးချမ်းပါတယ်။ 


အဲ အဲ၊ သူနှင့်အတူ ဘုန်းဘုန်းရဲ့ အမအစနှင့် လူဖြစ်ခဲ့ သူ့အဖော် ပိန်ပိန်ရှည်ရှည်ကြီးမို့ သူ့ကို အရှည်ကြီး အရှည်ကြီးလို့  ခေါ်နေကြတဲ့ သာထူးဆိုတဲ့ အကောင်ကတော့ လူလည် လူရှုပ် လူပွေ။ ဘုန်းကြီးကျောင်း ကပ်နေပြီးတော့ကိုပဲ ဆေးရုံ ခဏခဏ တက်ရတဲ့အကောင်။ 


ဘုန်းဘုန်းကတော့ ဒီအကောင် ကသာမှာ လူပျိုလုပ်တာကို မသိရှာဘူး။ ဆေးဖိုးဝါးခတောင်းရင် “တယ် ချူချာတဲ့ ကောင်ပဲ” ဆိုပြီ ထုတ်ထုတ်ပေးရှာတယ်။ 


အဲဒီအကောင်ပေါ့။ 


ဟိုက စာကလေး စပ်စပ်စပ်စပ် ဖတ်၊ ဒီက စာကလေး စပ်စပ်စပ်စပ်နှင့် ကြံကြံဖန်ဖန် ခရစ်ယာန် သမ္မာကျမ်းစာဆိုလား ခံ့ခံ့ညားညား စာအုပ်ကြီးတစ်အုပ်ကို ဘယ်ကရလာတယ် မသိ ကျောင်းကိုယူလာပြီး ဖိုးမောင်ကို ဖတ်ပြတယ်။ ခရစ်ယာန် အာဒိကပ္ပကျမ်းတဲ့။ အဲဒီကျမ်းစာထဲမှာ “ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း” လို့ ထာဝရအရှင် ဘုရားသခင်က ဟောတယ်ဆိုတဲ့ စာရယ်။ ပြီးတော့ “ထာဝရအရှင် ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍ လူသည် အိပ်ပျော်စဉ် နံရိုးတစ်ချောင်းကို ဘုရားသခင် ထုတ်ပြီးလျှင် ထိုအရိုးအစား အသားကို စေ့စပ်တော်မူ၍ ထာဝရအရှင် ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်တော်မူခဲ့၏” ဆိုတဲ့စာတွေကို ဖတ်ပြတယ်။ 


“ဟေ့၊ မိန်းမဆိုတာ ယောက်ျားအတွက် သက်သက် ဘုရားသခင် ဖန်ဆင်းပေးရတဲ့ သတ္တဝါတဲ့ကွ။ လူယောက်ျားဟာ လူမိန်းမနှင့်နေတာ ထာဝရဘုရား အလိုတော်အတိုင်းတဲ့ကွ။ မနိပ်လား” 

“ဟေ့၊ မင်းဟာက တို့ဘုရားက ဟောတာမှ မဟုတ်ဘဲကွာ။ တိုးတိုးပြောကွ။ ဘုန်းဘုန်းကြားသွားလို့ ကြိမ်ဆော်ပြီး နှင်ထုတ် နေဦးမယ်” 

“ဘယ်ဘုရားက ဟောဟော သဘာဝကတော့ ဒီအတိုင်းပဲကွ။ မင်းဟာက ဘုန်းကြီးလည်း မဝတ်၊ လူလိုလည်း မနေချင်”

“ငါ့ဟာငါ ... အေးအေး နေပါရစေကွာ” 


တကယ်တော့ ဖိုးမောင်က တကယ့် လူရိုးလူအေး။ သာထူးက ဘရုတ်။


သူက ဖိုးမောင်ကို ဘယ်လို ဆွယ်တရားတွေ ဟောတယ်တော့ မသိဘူး။ တစ်ခါတစ်ခါ သာထူးသွားရာကို ဖိုးမောင်ပါ လိုက်သွားတတ်တာကို ဖိုးမောင် ငယ်ငယ်ကတည်းက သားသမီးလို မွေးလာတဲ့ ကပ္ပိယကြီး ဦးပိုက်က မသင်္ကာလို့ ဆရာတော်ကို လျှောက်တော့ ဆရာတော်က ပထမ သာထူးကို ခေါ်စစ်တယ်။ ဘာမှ မေးလို့မရဘူး။ 


နောက် ဖိုးမောင်ကိုခေါ်ပြီး ဘုရားရှေ့မှာ ငါးပါးသီလပေးပြီး စစ်တော့ အကုန်ပေါ်တယ်။ 


ဖိုးမောင်ဆိုတဲ့အကောင်က လူအေးလူရိုး။ အပြစ်ကို သိပ်ကြောက်။ “ပြော ပြော ငါ နင့်ကို ဘယ်လိုမှ အရေးမယူဘူး။ ဖြစ်တာသာ ပြော” ဆိုတော့ ဖိုးမောင် ပြောရတော့တာပေါ့။ 


ဘုန်းဘုန်းဆိုတာလည်း သူ့ကို ငယ်ငယ်ကတည်းက ကျွေးမွေး စောင့်ရှောက် လာခဲ့ရတဲ့ ကျေးဇူးရှင် မဟုတ်လား။ 


နောက်တော့ ဘုန်းဘုန်းက “နင် နောက်တစ်ခါ အဲသလို လုပ်တယ်ကြားရင် သေပေတော့” လို့ ပြင်းပြင်းထန်ထန် သတိပေးပြီး သာထူးကိုတော့ ကျောင်းက နှင်လိုက်တယ်။ 


ကျောင်းကထွက်သွားရတဲ့ သာထူးဟာ ဖိုးမောင်အပေါ် မကျေမချမ်းနှင့် “အတော် အသုံးမကျတဲ့ အကောင်ကွာ။ လူကြီးတွေ လုပ်တဲ့အလုပ် ကလေးနှင့် တွဲလုပ်မိသလိုပါပဲ။ နောက်များတော့ တန်ကွာ” လို့ ပြောသွားသေးသတဲ့။ 


နောက်တော့ တကယ်ပဲ သူ ဖိုးမောင်ကို အဖက်မလုပ်တော့ဘူးလို့ ဆိုပါတယ်။ 


ဒါက ကိစ္စမရှိဘူး။ ဒီကိစ္စက ပြီးပြီးပျောက်ပျောက် ဖြစ်သွားဖို့ပါပဲ။ 


ဒါပေမယ့် အဲသလို ပြီးပြီးပျောက်ပျောက် မဖြစ်နိုင်တာက ဖိုးမောင်၊ သူ့ခမျာ အဖော်ကလည်း မရှိ။ နတ်သမီးနှင့်တွေ့ပြီး နတ်သမီး ဘယ်လိုက်ရှာရမှန်း မသိတော့ စိတ်နောက်သွားတဲ့ ဘုရင်လို သူ့မှာ စိတ်မနောက်ရုံတစ်မည် ယောက်ယက်ခတ်သွားတယ်။ 


သာထူးကလည်း တကယ့်ကို ကျောင်းဘက်ကို ခြေဦးတောင် မလှည့်တော့ဘူးလို့ ဆိုတယ်။ 


အဲ အဲဒီနောက်မှာ အထက်တန်းစာရေးကြီး ကိုဖိုးမောင်။ အဲ အဲ ရုံးမှာတော့ ကိုမောင်မောင်ပေါ့လေ။ အဲ အဲဒီ ကိုမောင်မောင်ဟာ “ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း” ဆိုတဲ့ တရားကို များများကြီး နှလုံးသွင်းလာတယ်လို့ ဆိုတယ်။ 


သူ့မှာ လူမှန်းသူမှန်း သိတတ်စအရွယ်ကစပြီး ဘာမဆို ဖန်တီးပြီး နေလာခဲ့တာကို ငြိုငြင်လာတယ်။ 


ဘုန်းကြီးကျောင်းက အစားအစာ၊ ဆိုင်က အစားအစာကို ငြီးငွေ့သလို ဖြစ်လာတယ်။ 


သူ့ကျေးဇူးရှင် ဘုန်းဘုန်းက သူ့ကို ညမထွက်ရ အမိန့်နှင့် ထားတာကို ချုပ်ချယ်တယ်။ အနေကျုံ့တယ်လို့ ထင်လာတယ်။ 


သူ့မှာ ယောနိသော မနသီကာရဆိုတဲ့ သင့်တင့်သောအားဖြင့် နှလုံးသွင်းတာတွေ အတော်ခေါင်းပါးလာတယ်။ အယောနိသော မနသီကာရ ဆိုတဲ့ မသင့်သော နှလုံးသွင်းတွေ များလာတော့ အင်မတန် ချမ်းချမ်းသာသာ နေရတဲ့ သူ့ဘဝကို ဆင်းရဲလှချည့်လားလို့ မြင်လာတယ်။ 


နောက် သူ မိန်းမ လိုချင်လာတယ်။ ဆိုင်ဝယ်စားရတာ ပိုက်ဆံကုန်လှတယ်လို့ချည့် လှည့်တွေးတယ်။ မိန်းမယူဖို့ဘက်က မဲ များလာတယ်။ 


ဆိုင်ထမင်း ဆိုင်ဟင်း၊ ကျောင်းထမင်း ကျောင်းဟင်းကို အပြစ်ရှာလာတယ်။ ဒါတွေချည့် စားနေရင် အသက်မှ ရှည်ပါ့မလား လို့လည်း စိုးရိမ်လာတယ်။ 


တစ်ယောက်တည်း နေတဲ့သူဟာ ကျန်းမာနေတုန်းတော့ ကိစ္စမရှိ။ နာရေးဖျားရေး ခက်တယ်ဆိုတာကို တကယ် ယုံယုံကြည်ကြည် ဖြစ်လာတယ်။ 


ဒီတော့ သူ ဘာလုပ်မလဲ။ အဲ မိန်းမ ယူမယ်ပေါ့။ 


မိန်းမ ဘယ်ကရမလဲဆိုတော့ အင်း ဒီခေတ်က ကျွေးနိုင်မွေးနိုင်မည့် အခြေရှိတဲ့လူဆိုရင် အထက်တန်းစာရေးလောက် ဖြစ်ဦးတော့ မိန်းမ မရှားဘူး ဆိုပါတော့။ ထုတ်တန်လျှင် လျောက် စွပ်မှာပါပဲ ဆိုသလို ထိုက်သည့်အားလျော်စွာကတော့ ရမှာပေါ့။ 


မငွေကြည်တဲ့။ 


ရုပ်ကလေးက သနားကမားပါပဲ။ သူ့ခမျာ အပျံစားကြီး မဟုတ်ရှာပေမယ့် ကျန်းကျန်းမာမာ ပြည့်ပြည့်ဖြိုးဖြိုးနှင့် ရိုးရိုးသားပါပဲ။ 


သူက ဖိုးမောင်လက်အောက်က အောက်တန်းစာရေး၊ သူကလည်း ဖိုးမောင်လို တစ်ကောင်ကြွက်။ အဒေါ်အိမ်မှာ ထမင်းချက်ရင်း ကျောင်းတက်လို့ ဆယ်တန်းအောင်တော့ သူ့အဒေါ်ရဲ့ယောက်ျားက ဩဇာတိက္ကမနှင့်လူမို့ ရုံးတစ်ရုံးမှာ အောက်တန်းစာရေး အလုပ်ရတယ်။ 


သူ့မှာ မြင့်မားတဲ့ ရည်ရွယ်ချက်ကြီးတွေ မရှိပေမယ့် တစ်နေ့နေ့ ငါ ဒီအိမ်ကျွန်ဘဝက လွတ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကတော့ ရှိတယ်။ အဒေါ်ယောက်ျားကတော့ အခု ဆုံးသွားရှာပါပြီ။ အဒေါ်သာ အိုမင်းမစွမ်းနှင့် သမီးအိမ်မှာ တစ်ခန်း ကန့်ပြီး မငွေ့ကြည်နှင့် သူတို့တူအရီးနှစ်ယောက် သူတို့ဘာသာ ချက်ပြုတ် စားနေကြရတာ။ 


ချမ်းသာလှတယ် ရယ်လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ဘဝ အေးချမ်းပါတယ်။ မငွေကြည်အဖို့ သွေးသားရင်းက ဒါပဲရှိတယ် မဟုတ်လား။ 


အဒေါ်ရဲ့ တခြား သားသမီးတွေက တစ်ခါတစ်ခါ လာကြည့်ပေမယ့် အိမ်မှာ ဒိုင်ခံကတော့ မငွေကြည်ပဲ။ 


သူ မရှိရင် ဒီအဘွားအိုကို သူ့လို စိတ်ရှည်လက်ရှည် ကြည့်ရှပြုစုနိုင်သူ မရှိဘူး။ 


ဒီအဒေါ်ပါ မရှိတော့ဘူး ဆိုရင်တော့ မငွေကြည် စိတ်ထဲမှာ သင့်ရာ ဘော်ဒါဆောင်တစ်ဆောင် သွားနေပြီး ထမင်းကို ချိုင့်ပေး စား၊ အားလပ်ချိန် များများရမှ ဝတ္ထုစာအုပ်တွေကိုလည်း အားရပါးရ ဖတ်တော့မယ်ဆိုတဲ့ မပီမသဘဲ ဆိုရစေဦးတော့။ အဲဒီအကြံအစည် ကလေးတွေကတော့ ရှိနေခဲ့ဟန် တူပါတယ်။ 


ဖိုးမောင်က သူ ဆိုင်ထမင်း ဆိုင်ဟင်း စားရတာကြာတေ့း ငြီးငွေ့လာတယ်လို့ ညည်းတော့ မငွေကြည်က သူ့အိမ်က ထမင်း ဟင်း အပိုထည့်လာပြီးတော့ ကျွေးတယ်။ မငွေကြည်က အချက်အပြုတ် ကောင်းတော့ ဖိုးမောင် သဘောကျသွားတယ်။ 


မငွေကြည် ကိုယ်တိုင်ကလည်း ငွေကြေးပြည့်စုံသူ မဟုတ်၊ သူ့အဒေါ်ကလည်း သူဌေးမဟုတ်တော့ အပျံစား ပါတိတ်တွေ၊ ထိုင်းဆစ်တွေ မငွေကြည် မဝတ်နိုင်ဘူး။ ရိုးရိုးယဉ်ယဉ်နှင့် သေသေသပ်သပ် ဝတ်တတ်ဆင်တတ်တော့ ဖိုးမောင်က သူ့လခနှင့် လောက်နိုင်တဲ့ မိန်းမပဲလို့ စိတ်ထဲက တွက်လိုက်မိတယ်။ 


မငွေကြည်ကလည်း သူကိုယ်တိုင်က အောက်တန်းစာရေးဆိုတော့ အထက်တန်းစာရေးကို အထင်ကြီးထားဟန် တူပါတယ်။ ဘာပြောပြော နှစ်ယောက်ရတဲ့လခနှင့် လိမ်လိမ်မာမာနေရင် ဟန်ကျမယ်ဆိုတဲ့စိတ်က ဝိုးတဝါးပဲ ဖြစ်ဦးတော့ ရှိနေတယ်။ 


အသက်တွေက သိပ်ငယ်ကြတော့တာ မဟုတ်ဘူး။ သူတို့ ပတ်ဝန်းကျင်ကတောင် သူတို့ကို လူပျိုကြီး အပျို့ကြီး ခေါ်နေကြပြီ။ မြန်မြန်ယူလိုက်တာ ကောင်းမယ်။ တော်တော်ကြာ ကုန်ခဲ့တဲ့အချိန်တွေ နှမြောလိုက်ပါဘိ ဆိုတာမျိုး ဖြစ်နေမယ်။ 


“ကဲ၊ ပြောနေ ကြာတယ် မငွေကြည်ရယ်။ မင်းနှင့်ငါနှင့် ရုံးသွားပြီး လက်ထပ်လိုက်ကြစို့” လို့ ဖိုးမောင် ခြေတစ်လှမ်း ရှေ့တိုးလိုက်တဲ့နေ့က သူတို့နှစ်ယောက်စလုံး ရင်တထိတ်ထိတ်နှင့် နေ့လယ်စာ အတူစားခဲ့ကြတဲ့ ဆိုင်ထဲက ထွက်။ ရုံးဘက် မပြန်ကြသေးဘဲ မြို့ထဲက ပလက်ဖောင်းတွေပေါ် ရည်ရွယ်ချက်မရှိ လျှောက်ပြီး လမ်းဖြတ်ကူးတဲ့အခါ တစ်ယောက်လက် တစ်ယောက်ဆွဲလို့။ အဲ အဲဒါ သောကြာနေ့က။ 


ပြေလည်သွားကြတာလား ဆိုတော့ ဒီလိုလည်း မဟုတ်ဘူး။ မငွေကြည်က “ကြီးကြီးနှင့် တိုင်ပင်ရဦးမယ် ကိုမောင်ရယ်” လို့ ပြောတော့ သူ့ဘက်ကို တစ်ဝက်ပါလာပြီဆိုတာ သိလိုက်ရတာနှင့်အတူ ဖိုးမောင်ကလည်း ဘုန်းဘုန်းကို လျှောက်ဖို့ ရှိသေးတယ်ဆိုတာကို သတိရလိုက်တယ်။ 


အို ဒါတွေကတော့ ဝတ္တရားအရ ပြောရတာတွေပါ။ အကန့်အကွက်လည်း ဘယ်ဘက်မှာမှ ရှိမည်မထင်ပါဘူး။ ရှိလည်း လူပျိုပေါက် အပျိုပေါက်ကလေးတွေမှ မဟုတ်ကြတာ။ ကိုယ့်ကိစ္စ ကိုယ့်ဟာကိုယ် ဆုံးဖြတ်လို့ ရတာပဲ။


ဒီ အသက်အရွယ် မပြောနှင့်။ နှစ်ဆယ်ဆိုရင်ပဲ ကိုယ့်ကိစ္စ ကိုယ်ကြိုက်သလို ဆုံးဖြတ်နိုင်ခွင့် ရှိတာပဲ။ အိမ်ကို ပြောတယ်ဆိုတာက တကယ်တော့ အသိပေးရုံပါပဲ။ မသကာ ကြီးကြီးကို သူ့သမီးဆီ ပြန်အပ်ခဲ့ရုံပဲပေါ့။ 


အဲ တနင်္လာနေ့ ရုံးမှာ လူစုံချိန်ကျတော့ ဖိုးမောင်ရော မငွေကြည်ပါ ရုံးမတက်ကြဘူးလို့ သိကြရတယ်။ အတော်ကလေး နေမြင့်မှ ခွင့်တိုင်စာတွေ ရောက်လာတယ်။ 


“ရုတ်တရက် အအေးမိပြီး ဖျားနေလို့” လို့ ဖိုးမောင် ခွင့်စာမှာ အကြောင်းပြတယ်။ မငွေကြည်ရဲ့ ခွင့်စာမှာတော့ “ကိုယ်ရေးကိုယ်တာကိစ္စ” ဆိုပြီး သုံးရက်။ 


အဲ၊ သူတို့အကြောင်း နည်းနည်းပါးပါးသိထားတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကတော့ ဌာနသားတွေဆီက မင်္ဂဆောင်လက်ဖွဲ့အတွက် ငွေကောက်ဖို့ ပြင်ဆင်နေတယ်။ စာရွက်ကြီးတစ်ရွက်နှင့် နာမည်တွေရေးပြီး ဘယ်သူ ငါးကျပ်၊ ဘယ်သူ တစ်ဆယ် လိုက် လက်မှတ်ထိုးနေတယ်။ ငွေကိုတော့ ရုံးအုပ်ကြီးက ခဏစိုက်ပြီးတော့ လခထုတ်မှ ဖြတ်ယူပေါ့။ ဒါက ဒီလိုကိစ္စမျိုးမှာ လုပ်နေကျ။ 


“ဟုတ်မှလည်း လုပ်ပါဗျာ” လို့ တစ်ယောက်ကပြောတော့ “အိုဗျာ၊ သေချာပါတယ်။ မသေချာရင် ကျုပ်က လုပ်မလား” လို့ တည်တည်ပြောပြီး ဒီကိစ္စကို သူကပဲ ဖူးစာရေးနတ် လုပ်ပြီး လှော်ပေးလိုက်ရသလို ခပ်ကြွားကြွား ပြောသွားသေးတယ်။ 


အဲဗျာ။ အဲဒီလူကပြောတော့ သေချာလိုက်သမှ သူတို့ ဘယ်မြို့နယ်က ဘယ်တရားရုံးမှာ လက်ထပ်ကြတယ် ဆိုတာတောင် သူက သိလို့။ သူ့ကိုပြောပြီးမှ သွား လက်ထပ်ကြသလိုပါပဲ။ 


အဲ အဲဗျာ။ သူက အဲသည်လောက် သေချာနေပေမယ့် ဘယ်လိုကဘယ်လို ဘာတွေဖြစ်ကုန်တယ်တော့ မပြောတတ်ဘူး။ လက်ဖွဲ့ဖို့ ငွေကောက်တဲ့ စာရွက်ကြီးတကိုင်ကိုင်နှင့် သူ့ဟာသူ ပေါင်းလိုက်နုတ်လိုက်နှင့် အလုပ်ရှုပ်နေတဲ့ ကိုဖိုးသိကိုယ်တိုင် မျက်ခုံးပင့်ပြီး ပါးစပ် ဟလိုက်မိအောင် နားမလည်နိုင်စရာ ဖြစ်လာရတာကတော့- 


မငွေကြည်ဟာ သူတင်တဲ့ ခွင့်သုံးရက်ကုန်တော့ ဣနြေ္ဒရရနှင့် ရုံးပြန်တက်တယ်။ မျက်နှာတော့ မကောင်းဘူး။ ဒါပေမယ့် ဘာမှတော့ ထူးထူးခြားခြား ဖြစ်ခဲ့ပုံ မရပါဘူး။ ခါတိုင်းလိုပါပဲ။ 


သူ့ကိုမေးရမှာတော့ အားနာလို့ ထင်ပါရဲ့။ ကိုဖိုးသိ တစ်ယောက်ကတော့ မယောင်မလည်နှင့်ပဲ မငွေကြည်ရဲ့ စားပွဲနား ကပ်သွားပြီး “ဘယ်လိုလဲ” လို့ ခပ်တိုးတိုးမေးတယ်။ 


သူ မငွေကြည်ဆီ သွားမေးနေတာကို တစ်ခန်းလုံးက အာရုံစိုက်ပြီး ကြည့်နေကြတယ်။ 


မငွေကြည်က သူ့ကို မော်ကြည့်ပြီး ပြုံးပြတယ်။ ပြီးတော့ “ဘာ၊ ဘယ်လိုလဲ” လို့ နားမလည်သလို မေးတယ်။ ဣနြေ္ဒရရပါပဲ။ 


ဒီတော့ သူက “သိဘူးလေ။ ခင်ဗျားတို့ဟာက” ဆိုပြီး ပြန်ထွက်လာတယ်။ မငွေကြည်လည်း သူ့ကိုကြည့်ပြီး ရယ်ကျန်ရစ်တယ်။ 


နီးစပ်ရာ စားပွဲချင်းကတော့ လက်တို့ခြေတို့ တိုးတိုးတိုးတိုးနှင့် “ဟုတ်ပုံ မရပါဘူး” ဆိုတာမျိုး ပြောကြတယ်။ မငွေကြည်ကို  တိုက်ရိုက်မေးရမှာတော့ “အားလည်း နာတယ်” ဆိုတာမျိုး ဖြစ်နေကြဟန် တူပါတယ်။ 


အဲ ကိုဖိုးမောင် ခွင့်စေ့လို့ ရုံးပြန်တက်တဲ့ နေ့ကလည်း ဒီလိုပဲ။ ကိုဖိုးသိဟာ ကိုဖိုးမောင်ရဲ့စားပွဲနား ကပ်သွားပြန်တယ်။  တစ်ခန်းလုံးက အာရုံစိုက် ကြည့်နေကြတာယ်။ ဘာမျှ မထူးခြားဘူး။ 


ကိုဖိုးမောင်နှင့် မငွေကြည် တစ်ယောက်တစ်ယောက် ကွက်ခနဲ ကွက်ခနဲ လှမ်းကြည့်မိကြပေမယ့် ချက်ချင်းဆိုသလို မျက်နှာလွှဲပစ်လိုက်ကြပြီး ဘာမျှ မဖြစ်သလိုပါပဲ။ ဣနြေ္ဒရရ ဖြစ်သွားကြပြန်တယ်။ 


အဲ၊ မင်္ဂလာဆောင်လက်ဖွဲ့ဖို့ ငွေကောက်တဲ့ စာရွက်ကြီးလည်း ဘာဖြစ်သွားတယ်တော့ မသိဘူး။ ရုံးအုပ်ကြီးလည်း ငွေမစိုက်ရတော့ဘူး။ 


လခထုတ်တော့လည်း လခတွေထဲက ငါးကျပ် တစ်ဆယ်တွေ မဖြတ်ရတော့ဘူး။ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ဘယ်သူမျှ အသေအချာ မသိကြဘူး။ 


“မသေချာရင် ကျုပ်က လုပ်မလား” ဆိုတဲ့လူလည်း ခပ်ကြောင်ကြောင်ပဲ။ မှားတဲ့အခါလည်း မှားပေမပေါ့ မျက်နှာထားနှင့် ရယ်ကျဲကျဲပဲ။ 


နောက်တော့မှ နှစ်ဘက် အတွင်းသိတစ်ယောက်က ပြောတယ်။  


အဲ၊ အဲဒီ သောကြာနေ့က ကိုဖိုးမောင်ကလည်း ဘုန်းဘုန်းကို လျှောက်တယ်။ မငွေကြည်ကလည်း သူ့အဒေါ်ကို ပြောတယ်လို့ ဆိုတယ်။ 


အဲဒီတော့ ဘုန်းဘုန်းကလည်း မကန့်ကွက်ဘူး။ မငွေကြည် အဒေါ်ကလည်း မကန့်ကွက်ဘူး။ 


ဒါပေမယ့် နှစ်ဘက်စလုံးကပဲ “နင်တို့ ဘယ် သွားနေကြမလဲ” လို့ မေးသတဲ့။ 


အဲဒီမေးခွန်းကို ကိုဖိုးမောင်ကလည်း မဖြေတတ်ဘူး။ မငွေကြည်ကလည်း မဖြေတတ်ဘူးလို့ ဆိုတယ်။ 


“အဲဗျာ၊ ဟုတ်ပါရဲ့။ ဒါနှင့် တနင်္လာနေ့မှာ ပြိုင်တူ ခွင့်တင် ကြတာကတော့ဗျာ ဌာနသားတွေ ယုန်ထင်ကြောင်ထင် ထင်ကုန်အောင် လုပ်တာတော့ မဟုတ်ပါဘူးနော်” 

“မဟုတ်ပါဘူး။ ဒါက သူတို့အချင်းချင်း မျက်နှာပူလို့”


-------------


ထင်လင်း 


(မြန်မာဝတ္ထုတိုများ ပေ့ခ်ျမှကူးယူပါသည်။)

No comments:

Post a Comment