#ဆရာဦးအောင်သင်း
( အပိုင်း-၃)
#အောင်မြိုင်သင်း
၁၉၈၀ လောက်မှာ ကျွန်တော်တို့ အိမ်ရဲ့ စီးပွား ရေး အတန်အသင့် ချောင်လည် လာတယ်လို့ ပြောလို့ရပါတယ်. . . အိမ်မှာ ဖွင့် တဲ့ ကျူရှင်ကြောင့် မဟုတ်ပါ. . .အပြင် မှာ ဘာသာစုံ စာသင်ဝိုင်းလေးတွေ စ ဖွင့်စ ပြုလာ တာ ကြောင့် ပါ. ဘာသာစုံစာသင်ဝိုင်းဆိုတော့ မြန်မာစာ ပါလာရတာပေါ့ဗျာ. ဘာသာစုံ စာသင်ဝိုင်းလေးတွေသာမရှိ ရင် လွယ်မှာ မဟုတ်သေးပါ. .
အဲ့ဒီ့ခေတ်ကျောင်းသားတွေ အဓိက ကျူရှင် ယူ တဲ့ အထဲမှာ မြန်မာစာ မပါ ပါဘူးခင်ဗျား . . အဖေ က မြန်မာစာ ဆရာ ဖြစ်နေတော့ All D ထွက်ချင်တဲ့ ကလေးတွေလောက်သာ အဖေ့ဆီ ချဉ်းကပ် လာကြတာတွေ့ရပါတယ်. . . မြန်မာစာဟာ အောင်ဖို့ လွယ်သလောက် ဂုဏ်ထူး ထွက်ဖို့ အင်မတန်ခက်ပါတယ်. . . ခုခေတ် လို မျိုး မှို ပေါက်နေ အောင်ထွက်တာ မဟုတ်ပါ. . .
မှတ်မိသလောက် ကျွန်တော့် အမ မြန်မာစာ ဂုဏ်ထူး ထွက်တဲ့ နှစ်မှာ . . ရန်ကုန်တိုင်းတစ်တိုင်းလုံး . ၇ ယောက် နဲ့ တစ်ပြည်လုံးမှ ၁၂ ယောက်ဘဲ မြန်မာစာ ဂုဏ်ထူး ထွက် ခဲ့ တာပါ . . နာမည်ကြီး မြန်မာစာကျူရှင် ဆရာ တစ်ယောက်တောင် သူ့ ကျူရှင်က ထွက်တယ် ဆိုပြီး ပြောပေး ရင် ဘယ်လောက်ပေးမယ်ဆိုပြီး လိပ်စာနဲ့ လိုက်ပြီး ချဉ်းကပ်လာပါသေးတယ် နောက်မှ ဦးအောင်သင်းသမီးမှန်းသိလို့ လျှော ပြီး ပြန်သွား တာမျိုး အထိ မြန်မာစာ ဂုဏ်ထူးက ရှား ပါတယ်. . . .
အဖေ့ရဲ့ စာသင်ဝိုင်းလေးတွေက ရတဲ့ ပိုက်ဆံရယ်. . . အိမ်မှာ ကျူရှင်သင်တဲ့ပိုက်ဆံ . . စာရေးတာ ရယ် နဲ့ အိမ်ရဲ့ စီး ပွားရေး အတန်အသင့် ချောင် လည် သွား တယ်လို့ ဆိုနိုင်ပါတယ်
. .အော် ပြောဖို့ မေ့ လို့ ဗျ. . . အဖေ က ဗြိတိသျှ သံအမတ်ကြီး ကို လဲ မြန်မာစာသင်ပေးပါသေးတယ်. .
ဖြစ်ပုံကဒီလိုပါ . . ဦးလေးကိုထွန်းမြင့် က ၇၅.၆ ခုနှစ် လောက်မှာ အင်ဂလန်ကို ဘာသာဗေဒ ပညာတော်သင်သွား ရပါတယ် အဲ့ဒီ့ က. . မြန်မာစာ ဆရာမ အင်ဂလန်နိုင်ငံသူ . Mrs Anna J Allot နဲ့ ရင်းနှီး ပြီး အန်တီAnna (မြန်မာ အမည် ဒေါ်ခင်ခင်ချော) မြန်မာ ပြည် ကို လာ ပြီး ကျမ်းပြု ဖို့ လာချိန်မှာ . ဆရာအောင်သင်း ဆီကို သွား ပြီး အကူ ညီ တောင်းဖို့ မိတ်ဆက်ပေးလိုက်တာ ပါဘဲ. . နောင်တစ်ချိန်မှာ . . အန်တီ Anna က ကျွန်တော့ အမ ရဲ့ မွေးစားအမေ လို ဖြစ် သွား သည် အထိ ရင်းနှီး သွား ပါတယ်. . ကျွန်တော့ အပေါ်မှာ လဲ ကျေးဇူး ရှိပါတယ်. . နိုင်ငံခြား ထွက်ဖို့ ပိုက်ဆံ သူချေး ခဲ့ တာ ပါ ခင်ဗျား
အန်တီ Anna မိတ်ဆက် ပေး လို့ အဖေ က သံ အမတ်ကြီး ကို မြန်မာစာ သင် ပေးခွင့် ရခဲ့တာ မျိုးပါ . .
ရယ်စရာလေးတစ်ခု မှတ်မိ လို့ပြောပြ ပါရစေ. .
ဦးလေးကိုထွန်းမြင့် နဲ့ အဖေ့ ဆက်ဆံရေးလေး ပါ. . သူတို့၂ ယောက်က တစ်ဦးကို တစ်ဦး အရမ်း ခင်တွယ် ပါတယ် . . ဦးလေး ကိုထွန်းမြင့် အင်ဂလန် သွား တော့ . . . အဖေ့ ဆီ ကို အကြိမ်ကြိမ် စာရေးပါ တယ် . . အဖေ က စာပြန် ခဲ့ ဟန်မတူ ပါ. .
တရက် အိမ်ရှေ့ မှာ စာ ပို့ သမား တစ်ယောက် က ပို့စ်ကဒ် ကလေး ကိုင်ပြီး ပြုံးစိစိ နဲ့ နဲ့လာ ပို့ ပါတယ်. . အဲ့ဒီ့ ပိုစ်ကဒ် က ရောင်စုံ ကာတွန်းပုံလေး ပါ. .
ပန်းပုသမား တစ်ယောက် က အမျိုးသမီး ဝတ်လစ်စလစ် ရုပ် ထု အကြီးကြီး ကို လှေကား နဲ့ တက်ထု နေ ရင်း လှေကား ကျိုးကျ သွား တော့ . . ရုပ်ထု ရဲ့ ရင်သားထိပ် ကို လက် တစ်ဖက် နဲ့ ကိုင် ပြီး လေထဲမှာ တွဲ လောင်း ကြောက်လန့် တကြား ပုံ နဲ့ HELP. လို့ စာတန်းအကြီးကြီး နဲ့ အော် နေ တဲ့ ပုံ ပါ. .
အဲ့ဒါကြောင့် စာပို့ သမား လေး က ပြုံးစိစိ ဖြစ်နေတာ ပါ. .( ခု ခေတ် အနေ နဲ့ သိပ် မထူး ဆန်း ပေ မယ့် အဲ့ ဒီ့ခေတ် အနေနဲ့ ကြည့်ရတာ အင်မတန် ဆိုးပါတယ်). အဲ့ဒီ့ ကဒ် ရဲ့ နောက် မှာ ရေးထား တာ က. ဒီမယ် ကိုယ့် လူ . .ကျုပ်ဆီကို ခုချက်ခြင်း စာပြန် ရင်ပြန်ပါ . . မပြန်ရင် ဒီ့ထက်ဆိုးတဲ့ ပုံ ပို့ လိုက် မယ် လို့ ချိန်းခြောက် ထား တာ ပါခင်ဗျား. . . အဖေ လဲ ဖတ် ပြီး တော့ ရယ် ရင်း. . ခွေးသား ထွန်းမြင့် ဆို ပြီး . ဆဲတာ မှတ်မိ ပါသေးတယ် . .
သံအမတ် ကြီး ကို စာ သင်တော့ ပေါင် ငွေ နဲ့ ရပါတယ် အများ ကြီး မဟုတ်ပေမယ့် . . သင့်တော်တဲ့ ငွေကြေး တော့ဖြစ်ဟန်တူ ပါတယ် . .
မိသားစု အတွက်လုံးဝ မသုံး ဘဲ. . အဖေ က အဲ့ဒီ့ ပိုက်ဆံ လေးတွေ ကို အန်တီ Anna ဆီမှာ လှမ်း စု ထား ပြီး. . သူ လိုချင်တဲ့ စာအုပ် တွေ ကို အင်ဂလန်က မှာ ပြီး ဖတ် တာမျိုးပါ. .
မြန်မာ နိုင်ငံ မှာ ပထမ ဆုံး pc ဝယ်ပြီး ကိုင်တာဟာ ငါဘဲကွ လို့ ဆိုပြီး စာအုပ်တွေထဲ မှာ ဂုဏ်ယူ ပြော ခဲ့တဲ့ ကွန်ပြူ တာလေးကလဲ အဲ့ဒီ့ ပိုက်ဆံလေးတွေ စု ပြီး ဝယ်ထားတာပါ. . ( အဲ့တာလေး ကြွသွား တာ က တော့ အီစကိုယ် လုပ်လိုက်တာပါ. . typing tutor ရွ ရင်း ပျက်သွားတာ ပါခင်ဗျား.. အဖေ တော်တော် အသဲကွဲ ပြီးစိတ်ဆိုး သွား တာ မှတ်မိ ပါသေးတယ်) . . .
ပြောရင်းနဲ့ သံရုံး က ဒင်နာ စားပြီး ပြန်လာ တဲ့ ည တည က အမှတ်ထင်ထင် သတိရတာလေး တစ်ခု ပြောပြ ပါ့ မယ်.
အဲ့ဒီ့ ည အဖေ ပြန်လာတော့ အဖေ က တိုက်ပုံ အင်းကျီ ထဲ က နေ ဘူးလေးတစ်ဘူး ကို ဟပ်ချလောင်း ဆိုပြီး ထုတ် လိုက်ပါတယ်. . . Sprite ဖျော်ရည် သံဘူးလေး ပါ. . . အဲ့ဒီ့ တုန်းက . . လုံးဝ အပြင် မှာ မမြင်ဘူးသေးပါ. . ပုံမှန် ဒိုင်းမွန်း ဘိလပ်ရည် စက်ရုံ က ထုတ်လိုက်တဲ့ ပုလင်း တွေဘဲ. . အပြင် ကြံရည်ဆိုင် အအေး ဆိုင်တွေမှာ ရှိပါတယ်. . . အဲ့ဒီ့ ဖျော်ရည် ပုလင်းတောင် နေ မကောင်းမှ ဘဲ သောက် ကြ တာ များ ပါတယ်( ဘာကြောင့် လဲဆိုတာကိုတော့ ဒီနေ့ထက်ထိ မသိပါ ခင်ဗျား . အမွန်အမြတ် လုပ်ပြီး သောက်နေကြ တဲ့ ပုံ မျိုး ထင်ပါရဲ့) . .
ကျွန်တော် တို့လဲ ဝိုင်းစပ်စုကြပြီး ဘီယာ ဘူးလား ဘာ လဲ လို့ ဆိုတော့ အင်ဂလန်က လာတဲ့ ဘိလပ်ရည် ဆိုတာ သိရ ပါတယ်ခင်ဗျား . . ဒါနဲ့ အားလုံးသောက်ကြည့်ချင်ကြတော့ . . အဖေ က အဖုံးကို ဘီယာ ဘူး ဖွင့် သလိုဖွင့်ပြ ပြီး အမေက အကြမ်းပုဂံ ခွက်၎ ခွက်ထဲ မှာ အညီအမျှ ထည့် ပေး ပါတယ်. . အဲ့ဒီ့ည ကျွန်တော် ဖျောရည် သောက်တဲ့ပုံ ကို အခု ခေတ် ကလေးတွေ များ တွေ့ ရင် ဝိုင်ရယ် ကြ မှာ. . . . ဘာလုပ်တယ် ထင်သတုန်း. . .
လဖက်စား ဇွန်း နဲ့ တစ်ဇွန်း ခပ်သောက်လိုက် တစ်ပျပ်ပျပ် နဲ့ အရ သာခံ လိုက် လုပ် ပြီး သောက်ခဲ့ တာ ပါခင်ဗျား. . နည်းနည်း ကျန်တဲ့ဖျော်ရည်ကို ကျွန်တော် က ဘူးထဲ ပြန်လောင်း ထည့် လိုက် ပြီး . . ဘူး လိုက် ဘီယာ သောက် သလို မျက်နှာပေး နဲ့ အကြိမ်ကြိမ် မော့ သောက် ပြ ခဲ့ ဘူး တာ မှတ်မိ ပါသေးတယ်
ပြီးတော့ အဖေ့ ကို ကပ် ပြီး. အဖေ သံရုံး မှာ အဲ့ဒါတွေ ဘယ်လိုပေး တာလဲ . . တစ်ယောက်တစ်ဘူး ပေး တာ လား . . ပေးတာ ကို အဖေက မသောက်ဘဲ ယူလာတာလား လား ဆို တော့. . .
မဟုတ် ဘူး လူလေးရဲ့ . .ဒီအတိုင်းတင်ထား တာ ဘူးတွေမှ အများ ကြီး ကြိုက်သလောက် သောက် လို့ ရ တာ ပေါ့ ဆိုပြီး . ဘူးဖေး အကြောင်း ကို သူ့သား တောသားငတုံး လေးကို ပြည့်ပြည့် စုံစုံ ရှင်း ပြ ပါတယ်ခင်ဗျား. . ကျွန်တော်လဲ မျက်လုံး ထဲ မြင်ပြီး သွားရည် တမြှားမြှား နဲ့ အငတ်စိတ်ဝင် လာ သည် အထိ ကို အဖေ က အပြော ကောင်း တာကို မှတ်မိ နေခဲ့တာခုထိပါဘဲ
ဒါပေမယ့် အဖေ က ကံကောင်းပါတယ် . . သူ့သား ငတုံးလေး . . အဲ့ဒီ့ ဖျော် ရည် ထက် အဆင့် မြင် တဲ့ အရည်တွေ ကိုတောင် သေသေ သပ်သပ် သောက်တတ် သွား တာ တွေ့ ဘူး သွား လို့ ပါဘဲ ခင်ဗျား. . သူစိတ် မပူလောက် တော့ဘူး ထင်ပါရဲ့. . .
RIP အေဖ.
ရေးရင်းနဲ့ လမ်းတွေလွဲ ကုန်ပြီ. .
နောက်နေ့ မှ ဆက်ရေးပြတော့မယ်ဗျာ. .
***********
ပထမပိုင်း ရသ စာပေ ကို ဘဲ အဓိက ဟော နေရာကနေ. . ၁၉၈၂ လောက်မှာ စ ပြီး လူငယ် နှင့် ရသ စာပေ လို့ပြောင်းလိုက်တာ သတိ ထား မိပါတယ်. . ဘာကြောင့် ဒီလို ပြောင်း သွား သလဲဆိုတာ ကျွန်တော် ဖြည်းဖြည်း ခြင်း ပြန် ဆန်းစစ် တဲ့ အခါ မှာ. . . သူ ဟာ မြန်မာ နိုင်ငံ ရဲ့ ပညာ ရေး အားနည်းချက်ကို အစောဆုံး တွေ့ရှိ ထိတ်လန့် ခဲ့သူ လို့ ထင်မိပါ တယ်. .
ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း . . အားလုံး ဝင်ပြီး ချိန် မှာ မှ. . . ဒီစကား ကို သူ အကြိမ်ကြိမ် စဉ်းစားပြီး စင်ပေါ် မှာ စ ပြော ပစ်တာ လို့ ယူဆပါတယ်..အဲ့ ဒီ့ အချိန် နဲ့ အဲ့ဒီ့ စကားတွေ ဟာ အပြောမတတ်ရင် အလုပ်ပြုတ်လာသူ သူ့အတွက် အင်မတန် အန္တာရယ် များ လှ ပါတယ်. .
မြန်မာနိုင်ငံ မှာ လူငယ် တွေ ကို ဦးတည် ပြီး ချစ်ခြင်း နဲ့ ပညာရေးကို သတိပေး စကား ပြောခဲ့တာ၊ ဆိုရှယ်လစ်ခေတ် မှာ စင်ပေါ်က နေ ပြောရဲတာ ဆိုလို့ အရပ်သားထဲမှာ ကျွန်တော် မှတ်မိသလောက် အဖေ ပထမ ဆုံး ပါ ဘဲ. .
ကလေးတွေ ရဲ့ အနာဂတ် . မြန်မာ နိုင်ငံရဲ့. . အနာဂတ် အတွက် စိုးရိမ် ကြောက်လန့် ခြင်းတွေ က သူ့ကို ဒီစကားတွေ ကိုပြောဖို့ စတင် စေ့ဆော် လိုက်ကြဟန်တူ ပါတယ်. . . .
စပြောပြော ခြင်း. ပထမ ပိုင်းပွဲတွေ မှာ . .လမ်းစဉ်ပါတီ၊ လမ်းစဉ် လူငယ် နဲ့ တေဇလူငယ်. .တို့ လောက်သာ ကြားဘူးနေ တဲ့ ပရိသတ် ဟာ.လူငယ်တွေကို ပညာ သင် ဖို့ တိုက်တွန်းနေတဲ့ အဖေ့ ရဲ့ စကားတွေနဲ့ .စိမ်းနေတာ မျိုး တွေ့ရပါတယ်. . ..တုန့်ပြန် လက်ခုပ် တီး ဖို့ တောင် မေ့လျှော့ ပြီး ပွဲ ခင်းတစ်ခု လုံး အပ်ကျ သံ ကြားလောက် အောင် လန့်ပြီး တိတ် ဆိတ် သွား တာ မျိုး ကြုံခဲ့ ဘူးပါတယ်. .
ဥပမာ. . သူပြောခဲ့တဲ့. . . အရှေ့ကနေဝန်းထွက် သည့် ပမာ ပ. . မင်းတို့ ခေတ် ကို ဖြင့် ရောက် ရ မည် မှာ မလွဲ ပါ. . . . ယုံပါ. . ယုံ စမ်းပါ . . ဆို တဲ့ အချိန် မျိုး. . .
ဗိုလ် ချုပ် အောင်ဆန်း လို ပုဂ္ဂိုလ် မျိုး က မစား ဘဲနဲ့ စွန့် သွား လို့ နောက် လူ တွေ က မစွန့် ဘဲ နဲ့ စားနေ ရတာ မဟုတ်လား. . . ဆို တာ မျိုး ကို . .
စင်ပေါ် က နေ မာန် ထန် ပြင်းစွာ နဲ့ ပြောချ လိုက် တဲ့ အချိန်မှာ. . အစပိုင်းပွဲ တွေ မှာ . .ကျွန်တော့ ခြေဖျား လက်ဖျားတွေ အေး သွား တာ မျိုး. . . တစ်ခုခု ကို ထိတ်နေသလို မျိုး အမြဲ ဖြစ် ခဲ့ ဘူး တာ မှတ်မိ ပါတယ်ပရိသတ်တွေ လဲ အဲ့ဒီ့ လို ဖြစ် သွား လို့ ငြိမ် သွား ကြ တယ် လို့ ယူဆ မိပါတယ်. . လက်ခုပ်မတီးဝံ့ ကြပါ ( နောက်ပိုင်းမှာ တော့ အဲ့ဒီ့ စကားပြောတဲ့နေရာ မျိုး မှာ ပရိသတ် တွေ ဟာ လက်ခုပ်သံ . ပြင်းထန်စွာ နဲ့ တုန့် ပြန် လာ ကြ တာ တွေ့ ရပါတယ်). .
ဒါပေမယ့် သူကတော့ အဲ့ဒီ့ အချိန်ကတည်းက စပြီး သူ့ဘဝရဲ့ နောက်ဆုံးချိန်တွေ အထိ လူငယ်တွေအတွက် သူ့တာဝန် တစ်ခုကဲ့ သို့ သတ်မှတ်ပြီး သူယုံကြည် ရာ ကို ပြော သွား သတိပေးသွား ခဲ့တာ သိပ်သေချာ ပါတယ် ခင်ဗျား .
၁၉၈၂ လောက်ကစပြီး က စ ပြီး သူဟာ. .. စာပေ အကြောင်း မပြော ခင် မှာ. . စာပေ နဲ့ ဘာမှ မဆိုင်တဲ့ .. လူ ငယ် နဲ့ ပညာ အကြောင်း ကို အမြဲ ပြော ပါတော့တယ် . .သူ ပြောနေရင်း မီးဖြတ် ချ ခံလိုက်ရတာ တို့. . . ဦးအောင်သင်း ပါရင် ပွဲ ပါမစ် ချ မပေး တာ တို့ မကြာခဏ ဖြစ်တတ်ပါတယ်. . (မီးပိတ်ရက် နဲ့ခင်ဗျားတို့ ငြိမ် ပြီး နား ထောင်မယ် ဆို ဒီအတိုင်းဆက် ပြောမယ် ဆိုပြီး ပြော ပစ် တဲ့ ပွဲ မျိုး တောင် ကြုံခဲ့ ဘူး ပါတယ်)
၁၉၈၈ ထိ လူ ငယ် နဲ့ ရသစာ ပေ. . ဆို သော စကား မျိုး ပြော ခဲ့ ပေမဲ့. . ၈၈ ရဲ့ နောက်ပိုင်းမှာ. သူဟာ. လူငယ် နဲ့ ပညာရေး ကို ဘဲ ဦးတိုက် ပြော တာ တွေ့ ရပါတော့တယ်. . .စာပေအကြောင်းမပြော သလောက် ဖြစ်သွား ပါတယ်
၁၉၉၃ ခုနှစ် လောက် မှာတော့ . . အဖေ တစ်ဦးထဲ တင် မဟုတ်တော့ ဘဲ. . . စာရေးဆရာ အတော်များများ ဟာ. လူငယ်တို့ အတွက် ဆိုပြီး စာရေးကြ ပြောဟောလာ ကြ တဲ့ ခေတ် တစ်ခု ကို ရောက် လာ ကြ တာတွေ့ ရပါတယ်. .
ဒီနေရာ မှာ စာရေးဆရာ လုပ်ချင်တဲ့ သူတွေ သတိထားသင့် တဲ့ အကြောင်း အရာလေး တစ်ခု နဲ့ ရယ်စရာလေး တစ်ခုကို ပြောပြ ပါရစေ
စာရေး သူရဲ့ စေတနာ နဲ့ ရပ်တည်မွူ့ ဟာ စာဖတ်သူ ကို စကားလုံးတွေ ကတဆင့် သိစေ နိုင်ပါတယ်. . စာဖတ်သူ အများစု ဟာ ငပေါ များ မဟုတ်ကြပါ. . .စာကို စဉ် ဆက် မပြတ်ဖတ် ရင်း ရေးသူ ရဲ့ စေတနာ ကို ခံစားသိရှိ နိုင်သလို . . ရေးသူ ရဲ့ စာ အံလွဲ လာ ပြီ ဆိုတာ နဲ့ တန်း သိနိုင်စွမ်းလဲ ရှိ ကြ ပါတယ်
မိမိ ရေး တဲ့ စာနဲ့ မိမိ ရဲ့ ရပ်တည်ချက် ဟာ တထပ် ထဲ မဖြစ်နိုင် ရင် စာရေး ဆရာ ဟာ ကမောက်ကမ ဖြစ် ပြီး လမ်းဆုံး သွားတတ် ပါ တယ်. .
၁၉၉၄ လောက်ကစပြီး လူငယ်တွေ အတွက် ဆို တဲ့ ခေါင်းစဉ် နဲ့ စာ ရေး လာတဲ့ ကျွန်တော်ကိုယ်တိုင် တန်ဖိုးထား ပြီး စောင့် ဖတ် ခဲ့ ရတဲ့ စာရေး ဆရာမ တစ်ယောက် ရှိပါတယ်. ၂၀၀၀ ခုနှစ် ကျော် လာ တဲ့ အချိန်မှာ တော့ သူရေးတဲ့စာတွေ ဟာ. . တဖြည်းဖြည်း ဘက်ပြောင်းလာ တာ စေတနာ အတု သဘောမျိုး လေး ဖြစ်လာတာ ကို ကျွန်တော် အပါအဝင် စာဖတ် နေတဲ့ သူတွေက တန်းပြီး ရိပ်မိ လိုက်ကြ ပါ တယ်.
ဘာကြောင့် ပြောင်း လဲသွားသလဲဆိုတာ ကို ကျွန်တော် အတိအကျ မသိ နိုင်ပေမယ့်. . . အခွင့်အရေး တွေကို သိက္ခာ နဲ့ လဲ လိုက် တာ များ လားဆိုပြီး နှမျောမိပါတယ်. .
အဲ့ ဒါ
ကြောင့် စာ ဖတ် သူတွေဟာ ငပေါ မဟုတ်ဘူး လို့ ပြောခဲ့ မိတာပါ . .
၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ အဖေ နဲ့ အဲ့ဒီ့ စာရေးဆရာမနဲ့ ပွဲ တစ်ပွဲ မှာဆုံ ခဲ့ ရပါသတဲ့. . .
အဲ့ဒီ့နေ့ ဟောပြော ပွဲ မှာ ကျွန်တော်မရှိလို့ ဘယ်မှာ ပြောခဲ့ မှန်းအတိအကျ မသိ ပေမယ့် ဆရာဖေမြင့် ပါ တယ်လို့ အဖေ ပြောပြပါတယ်.
အဖေ က. . . . အဲ့ဒီ့ နေ့က ငါနဲ့ ဖေမြင့် နဲ့ က ရှေ့ဆုံး တန်း မှာ ထိုင် ပြီး. အဲ့ဒီ့ ဆရာမ ဟော ပြော တာ ကို ကြည့် ရင်း ဟောပြောဖို့ စောင့် နေ ကြ တုန်း . . ရုတ်တရက် အကောင် တစ်ကောင်က( သူပြော တဲ့ အတိုင်း လူတစ်ယောက် ကို ဆိုလိုတာပါ) က မှတ်စု စာအုပ် ကလေး နဲ့ ဘော ပင် လေး တစ်ချောင်း ကိုင်တဲ့ ပြီး ငါ့ တို့ ၂ ယောက် ကြားမှာ ရှေ့ က နေ လာ ပြီးဆောင့်ကြောင့် ထိုင် လိုက်တယ် ကွ တဲ့. . ပြီးတော့ အဲ့ဒီ့ ကောင်က ငါ့ ကို မေးခွန်း လေး မေး ခွင့် ပြု ပါ ခင်ဗျာ . . ဆိုတော့ အေး မေးလို့ ရ ပါတယ် ဆိုတော့ . . ဘာမေးလဲ သိလား . . ဆရာကြီး အနေ နဲ့ အခု ဟောပြောနေ တဲ့ ဆရာမ ကို ဘယ်လို မြင်ပါသလဲ တဲ့. . .
သောက်ကျိုး ကို နည်းရော့ဟေ့ တဲ့ . .
ဒီလိုမျိုး ပါစင်နယ် မေးခွန်းမျိုးတွေ ဘာ တွေ ဟာ မမေးအပ် မမေးကောင်းဘူးကွတဲ့( ဂျာနယ်လစ်များ သတိ ထား သင့် ပါတယ်) . စဉ်းစားကြည့်လေ. ငါဘယ်လိုလုပ် ဖြေ မလဲ သူကတော့ အဲ့ဒီ့ဆရာမရဲ့ စာတွေကို သံသယ ရှိ လာလို့ မေးလိုက်တဲ့ သဘောမျိုး ဖြစ်ကောင်းဖြစ် ပေမယ့်..ငါ့အနေနဲ့ စာရေးဆရာအချင်းချင်း အရမ်း ဖြေ ရ ခက် တဲ့ မေးခွန်းမျိုးတွေ ပေါ့ ကွ. ဂျာနယ်ကကောင်လား . သတင်းဌာန က ကောင် လားလဲ မသိ. . တော်ကြာ. . ဆရာဦးအောင်သင်း က ဒီလိုပြောပါတယ်ဆိုပြီး ဂျာနယ် ထဲ ပါသွား ရင်ဘယ်လို လုပ်မတုန်း. . ငါလဲ သူ့စာကို ကြိုက်တယ် မကြိုက် ဘူး . ဘယ်လို လုပ်ဖြေမတုန်းကွ. .ဖေမြင့် က လဲ ကြောင်အမ်းအမ်း ဖြစ်နေ ရော . . . ငါဘယ်လို ဖြေ လိုက်လဲ သိလား. . . ဆိုတော့ . . ကျွန်တော် လဲ မသိ ဘူး ဘယ်လိုဖြေလိုက်တုန်း ဆိုတော့
အေး . . ကွ. . . ဆိုပြီး ဒီကောင့် မျက်နှာ ကို ကြည့်လိုက် စင်ပေါ် က. . . ကျွန်မတို့ လူ ငယ် တွေ ဟာ . . .ဆို ပြီး အားရပါးရ ပြောနေတဲ့ ဆရာမ ကို ကြည့် လိုက် လုပ် ပြီး တော့ မှ. . အေး ကွ. . ငါမြင်သလောက်က တော့ အဲ့ဒီ့ . . စာရေး ဆရာမ ဖင်ကြီး ကတော့ အကြီးကြီး ဘဲ လို့ . . ပြော ချ လိုက်ပါသတဲ့ဗျား. . .အဲ့ ကောင် လဲ မှတ်စု စာ အုပ်နဲ့ ရေးမလို့ကနေ ကြောင်အမ်းအမ်း ဖြစ် သွား ပြီး ငါ့ ပါးစပ်က ဒီလို ပြောလိုက် လိမ့် မယ် လို့ လုံး ဝထင်ထား ပုံမရ တော့ ဘုတောပြီဆိုတာ ရိပ်မိပြီး တစ်ချိုး ထဲ လစ်ပြေး ပါလေရောတဲ့. . . .
ဖေမြင့် ကတော့. . . . ဆရာရယ် . . ကျွန်တော် ဖြင့် ဆရာဘယ်လို ဖြေ မလဲ ဆို ပြီး ထိတ် သွား တာဘဲ . . ပြောပြီး ၂ ယောက်သား တခစ်ခစ် နဲ့ ထိုင် ရယ်နေကြ ပါသတဲ့ ခင်ဗျား. . .
အဖေ ဟာ အဲ့ဒီ့ လိုဂွကျကျ မေးခွန်းတွေ ကို ဘုတောပြီးပြန် ဖြေ တတ် တဲ့ အကျင့် မျိုးလဲ ရှိ ပါ သဗျ . . အဲ့ဒါ ဟာ ဆရာအောင်သင်း ဆို တာ သိသာစေ တဲ့ အချက်ပါဘဲ
၁၉၈၃ .၄ လောက်မှာ တော့ သူနဲ့ တစင် ထဲ ခေတ် ပြိုင် ဟော ပြောခဲ့ သူတွေ အဖေ နဲ့ လိုက်ပြီး ကျွန်တော် နားထောင် ခဲ့ ရတဲ့ သူတွေ ကို မှတ်မိသလောက် ပြောပြ ပါ့မယ်. (စာရေးဆရာ အမည် ကို ဘဲ တိုက်ရိုက် ရေး ခွင့် ပြု ပါ ခင်ဗျား ရိုင်းခြင်း မဟုတ်ရပါ). .
၈၈ မတိုင်ခင်
အဖေ နဲ့ အတူတူ ဟောပြော ဘူး သူတွေကတော့. . လင်းယုန်မောင်မောင်၊ ဒါရိုက်တာမောင်နေမျိုး၊ မင်းသိမ်ခ ၊ စိန်ခင်မောင်ရီ၊ မြတ်လေး၊ မောင်မြင့်မြတ်၊ရွှေကူမေနှင်း၊ လယ်တွင်းသားစောချစ်၊ ဖိုးကျော့၊ ဗိုလ်ဘကို၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ မင်းလူ၊ မောင် ဝဏ္ဏ ၊ အောင်ပြည့်၊ ကာတွန်းဖေသိန်း၊ မြေဇာ၊ နွမ်ဂျာသိုင်း၊ သိပ္ပံ မှူးတင်၊ တက်တိုး၊ နုယဉ်၊ စောမှုံညှင်း၊ အထောက်တော်လှအောင်၊ အီကြာကွေး၊ ဆန်းထွန်း(မန်းတက္ကသိုလ်)၊ မုံရွာ ဦးလေးခန့်၊ ငြိမ်းကျော်၊ တင်မိုး၊ ကြူကြူ သင်း၊ စမ်းစမ်းနွဲ့ (သာယာဝတီ) ၊ ချစ်ဦးညို၊ ၊မောင်သော်က ၊ မြသန်းတင့် တို့ ပါဘဲ . . ကျွန်တော် နားထောင်ဘူးတဲ့ မှတ်မိ သလောက်ပါ.အများ ကြီး ကျန်ပါသေးတယ် ရုတ်တရက် မမှတ်မိလို့ပါ . .
အခြား စာပေဟောပြောပွဲ နဲ့ အခြား စာရေးဆရာ အုပ်စုတွေ ရှိ နေပေမယ့် ကျွန်တော် နား မထောင် ခဲ့ဘူး လို့ မထည့် လိုက်တာပါ ခင်ဗျား. .
အဲ့ဒီ့ အထဲ က ၈၃ .၈၄ လောက်ထိ ဆရာချစ် ၊ မမ စမ်းနွဲ့ တို့ နဲ့ အတွဲများ ပြီး. .၈၄ နောက်ပိုင်း လောက် မှာမှ ဖြစ်လာတဲ့ သူ့ရဲ့ နောက်ဆုံး တွဲဘက်တွေ ကတော့ . . ဆရာ မောင်သော်က၊ ဆရာ မြသန်းတင့် တို့ ၂ယောက် ပါ ဘဲ ခင်ဗျား. .
သူတို့ ၃ ယောက် ကိုတော့ ကျွန်တော် က စာပေလောက ရဲ့ ဓားသမား ၃ ယောက်လို့ အမည် ပေး ချင်ပါတယ်
ဗိုလ်မှူးဟောင်း တစ်ယောက် ၊ ကွန်မြူနစ်ဟောင်း တစ်ယောက်နဲ့ ကျောင်းဆရာ ဟောင်း တစ်ယောက် တို့ ဖြစ်နေကြ လို့ ပါဘဲခင်ဗျား. .
သူတို့၃ ယောက်အကြောင်း မှတ် မိ သမျှ ဆက်ရေးပြ ပါ့မယ်
( တစ်ချို့ အကြောင်းအရာ တွေ ကို ရေး သင့် မရေး သင့် ချိန် ဆ နေရ လို့ ပါ. ခင်ဗျား. . နစ်နာမှူ့တွေ ရှိနိုင်တယ်ဆိုရင်တော့ နောက် မှ ကျွန်တော် ဖြတ် ထုတ် သင့် ရင် ထုတ်ပါ့ မယ်. . ကျေးဇူး ပါခင်ဗျား)
**********
အဖေ နဲ့ ဘဘဦးမြသန်း က ငယ်ပေါင်းတွေ မဟုတ်ဘူး ဗျ.. . ကြီးပေါင်းတွေ. . ကြီးမှ ပေါင်းတဲ့ ၂ ယောက်ဗျ. . တချို့က ငယ်ပေါင်း ၂ ယောက်ထင်နေကြလို့ပါ. . သူတို့ စဆုံခဲ့ တာ ကတော့ စာပေ လောကထဲမှာ ဖြစ်ကောင်းဖြစ် ပါလိမ့်မယ်. . လူချင်းသိနေကြပေမယ့် သိပ် မရင်းနှီး ကြသေးတာတော့ သေချာပါ တယ်. ကျွန်တော်ငယ်ငယ်ကတည်းကသိခဲ့တဲ့ အထဲမှာ ဘဘဦးမြသန်းမပါ လို့ပါ. သာမန် လေးစား ကြပုံလောက် ပဲ ဖြစ်ဟန်တူပါ တယ်. .
ဒီနေရာမှာ ဦးလေး ကိုမြသန်း ရဲ့ ပုံ သဏ္ဍန် ကို နည်းနည်း ပြောပြပါရစေ. .
အရပ် ယောင်ယောင်လေး ပုပြီး ခပ်သွယ်သွယ် ပါးပါး ပါ. အသားနည်းနည်းညိုပါတယ် နဖူးပြောင်ပါတယ်. မျက်မှန် အထူ ကြီး တပ် ထား ပြီး တိုက်ပုံအင်းကျီ ကိုဘဲ အမြဲ ဝတ်တတ် ပါတယ်( အဖေ နဲ့ တွေ့ ပြီး နောက်ပိုင်းမှာ မှ အဖေ ဖျက်ဆီးလိုက် လို့ ဂျာကင်တွေ ဘာတွေ ဝတ် လာတယ် လို့ တောင် ထင်မိပါသဗျ)
စကားကို တိုးတိုးလေး ဘဲ ပြောတတ် ပြီး အရယ်အပြုံး အင် မတန် နည်းခဲ့ ဘူးဟန်တူ ပါတယ်(နောက်ပိုင်းမှာတအား ရယ်တတ်လာ တယ်လို့ ဆိုလိုချင်တာနော်). . အင်မတန် နူးညံ သိမ်မွှေ့ သော၊ စည်းကမ်းကျ လွန်းသော လူပ်ရှားနေထိုင်မူ့ ရှိ ပါတယ် .
သို့သော် အင်မတန် လူကြီးလူကောင်းဆန် လှ သော သူ့ ရဲ့ သိမ်မွေ့စွာ နေထိုင်မူ့ အတွင်း ခန္တာ မှာ . . အင်မတန် ခေါင်းမာ လှသော အင်မတန်မာကျောလွန်းလှသောစိတ်ဓာတ် ခွန်အား ရှိကြောင်း ကိုလည်း တပြိုင်နက်မြင်တွေ့ နိုင်ပါတယ်. .
မိမိ ယုံကြည် မူ့ အတွက် လိုအပ် ရင် အသက် ကို စွန့်ပစ်ဝံ့ တဲ့ သူ ဆိုတာ ဒီလို လူမျိုး ကို ဆိုလို မှန်း သူနဲ့ ခဏလောက် ကလေး စကား ပြောမိရင် တောင် တန်းသိနိုင်ပါတယ် ခင်ဗျား. . .
အဖေ နဲ့ ဆုံချိန် မှာ တော့. . သူက ဘဝ တက္ကသိုလ် က ကျောင်းပြီး လာ ချိန် ဖြစ်ဟန်တူပါတယ်. . အရမ်း ကို နီခဲ့ ရာ ကနေ အဖြူ ရောင် ထဲ ကိုပြန်ရောက်ချိန်မှာ သာမာန် လူတွေထက် ပို၍ ဖြူစင်သော ဘဝနေထိုင်မှူ့ ကို တည်ဆောက်နေချိန် လို့ ယူဆ မိပါတယ်. .
အရင်က အရမ်း မရင်းနှီးသေးတဲ့သူ ၂ ယောက်ဟာ.ဆရာဝန်ကြီး ကမ်ဘောဇ ခင်လှိုင် ဖိတ်တဲ့ ရှူမ်းပြည် ခရီး အပြန် မှာမှ စပြီး ပြောင်းလဲသွား တာတွေ့ရပါတယ်. ၁၄ရက်လောက် ဘဲ ကြာမယ့် ခရီးဟာ တစ်လ ခွဲ ကျော် ကြာပြီးမှ ရန်ကုန် ကို ပြန်ရောက် လာကြ တာပါ. . အဲ့ဒီ့ နောက် မှာ တော့ ဆရာ သင်း နဲ့ ဆရာ မြ ဟာ . ငယ်ပေါင်းတွေ ထက် ပို မို လှ တဲ့ ဆက်ဆံ မှူ့ ဖြစ် သွား ကြ တာကို ကျွန်တော် ကောင်းကောင်း မှတ် မိပါတယ် ခင်ဗျား (လက်ခံ ထား တဲ့ အဖေ့ ရဲ့ ပွဲ ပေါင်း များ စွာလဲ ပျက် ခဲ့ ပြီး ပြသနာ စုံ နေ အောင် ရှင်းခဲ့ ရ တာ မှတ် မိ ပါသေး တယ်) မှတ်မှတ် ရရ ၁၉၈၄ ခုနှစ်ပါ
မနက် မိုးလင်းပြီ ဆိုတာနဲ့ ဆရာမြ က စောစော ထ လမ်းလျှောက် တတ်တဲ့ အကျင့် ရှိ ပါတယ်. . . လမ်းလျောက် ပြီးတာနဲ့ ကျွန်တော်တို့ အိမ် ကို ရောက်လာပါတယ်. . အဖေ ကတော့ စောစော အိပ်ယာ ထ လေ့ မရှိပါ . . အဖေ့ ကိုနိုး ပြီး သူက ဧည့်ခန်းထဲ က စာဖတ် ရင်းစောင့် နေ တတ် ပါတယ်. . တခါတလေ ကျွန်တော် တို့မောင်နှမ တွေ နဲ လေပေးဖြောင့် နေ လေ့ ရှိပါတယ်. .
အဖေက မျက်နှာသစ် ကိုယ်လက်သန့်ရှင်း အား လုံး ပြီး သွားပြီ ဆိုရင်တော့ . . ၂ ယောက်သား လက်ဘက် ရည် ဆိုင် ကို ချီ တတ် သွား ကြ တာ များ ပါတယ် . နေ့လည် ထမင်းစားချိန် လောက် ကျ မှ လမ်း ခွဲ ပြီး အိမ် ပြန်တတ် ကြ ပါတယ် . တခါတလေ တော့ ကျွန်တော်တို့ အိမ် မှာ ဘဲ. .နေ့လည်စာ စား ချိန် လောက် ထိ ထိုင်နေ တတ် ကြ တာတွေ့ ရ ပါတယ်. .. .
ညနေ ဖက် ကြရင် တော့ အဖေ က မျက်လုံး သိပ်မကောင်းတဲ့ ဦးလေး ကို မြသန်း ဆီကို ဦးအောင် ချီ တက် သွား တတ် ပြီး ၉ ခွဲ ၁၀ နာရီ လောက် မှ လမ်းခွဲ ပြန် လာတတ်ပါတယ် ခင် ဗျား. . နေ့ တိုင်းမဟုတ် ခဲ့ ရင် တောင် တစ်ပတ် မှာ ၅ ရက် လောက် ဒီအတိုင်း နေ ကြ လေ့ ရှိ ပါတယ်. .
သူတို့ ၂ ယောက် ဆက်ဆံ ရေး က တစ်ယောက်ကိုတစ်ယောက်လေးစားမှူ့ တွေ ပြည့် နေကြတယ်လို့ ထင် ပါတယ်. . . ဖေဖေ က .. ကိုမြသန်း လို့ ခေါ် လေ့ရှိ ပြီး. . ဆရာမြ က ကိုအောင်သင်း လို့ ဘဲ အမြဲ စကားပြော တာ တွေ့ ရပါတယ်. . နာမည် တိုက်ရိုက်ခေါ်တာ မတွေ့ ဘူး ပါ ( တခြား လူ ကို ပြောတဲ့ အချိန် မျိုး မှာ တော့ မြသန်းတင့် ကြီး ဆို တာ မျိုး ကို တခါ တရံ သုံး နူံး တတ် တာ တွေ့ ရ ပါတယ်)
ဘဝ အတွေ့ အကြုံ သိပ် ကြီး လွန်းတဲ့ သူ၂ ယောက် ရဲ့ တစ်ဦးကို တစ်ဦး အလှည့် ပေးစကားဝိုင်းတွေ ကို ကျွန်တော် အကြိမ်ကြိမ် မြင်ဘူး လိုက်ပေမယ့် ကိုယ်တိုင် ထဲထဲ ဝင်ဝင် မသိ နိုင်သေးတဲ့ အသက် အရွယ် မို့ ခုချိန် မှ ပြန် စဉ်းစားရင် နစ်နာ လိုက်လေခြင်း လို့ အကြိမ်ကြိမ် နှမျော မိပါတယ် ခင်ဗျား. .
၈၄ ရဲ့ နောက်ပိုင်းမှာ တော့ အဖေ နဲ့ ဆရာမြ ဟာ ပွဲ တိုင်းလိုလို အတူတူ ဖြစ် သွား ပါတော့ တယ်. . အဖေ့ ကို လာခေါ် ရင် အဖေ က ဆရာ မြ ကို ပါ အောင် ခေါ်စေပြီး. . ဆရာမြ ကို ခေါ် ရင် လဲ ကို အောင်သင်း ကို သွား ခေါ် ချေ ဆိုပြီး အမြဲ ပြော ပါ တယ် . . အကယ်၍ အဖေ မအား တဲ့ အခိုက်မျိုး နဲ့ ကြုံ လို့ ငြင်းလိုက်ရင် ကို အောင်သင်း အား တဲ့ ရက် ကို တောင်း ပြီး ပြန်လာ ခဲ့ လို့ နောက်ထပ် ပွဲ ရက် ကို ချိန်းစေပြီး မှ ဘဲ ဆရာမြက ပွဲ ကို လုပ်စေပါတယ်. . အဲ့ဒီ့ အကြောင်းကို အဖေ က . . . ကိုမြသန်း ခင်ဗျား လိုက် သွားရင်လဲ လိုက်သွား ပေါ့ဗျ . . ကျုပ် က တကယ် မအား လို့ မလိုက်နိုင်တာ ပါဗျ ဘာဖြစ်လို့. ခင်ဗျားက ရက်လိုက်ချိန်းနေတာတုန်းလို့ ပြော ရင်. . ခင်ဗျား က ဘာသိလို့ တုန်း . ကျုပ် ကစာဘဲရေးတတ်တာ စကားကောင်းကောင်း ပြောတတ် တာ မဟုတ်ဘူး. . စာပေဟောပြောပွဲ လုပ်တယ်ဆိုတဲ့ ကလေးတွေ က ဝါသနာ ပါ လွန်းလို့ သာလုပ်ကြ တာ. . . ပွဲ မလှ ဘူး ဆိုရင် အဲ့ဒီ့ ကလေး တွေ က နောက်နေ့ က စ ပြီး ရပ်ကွက် ထဲမှာ အဆဲ ခံ ရတော့ တာ. ကျုပ် တို့ ချည်း ဘဲ ဆို ရင် အဲ့ အကောင်တွေ အဆဲ ခံ ရ မှာ စိုး လို့ ဗျ. . . နောက်နှစ်တွေ ပွဲ တောင် လုပ်ဝံ့ ကြ တော့ မှာ မဟုတ်ဘူး ဗျ. လို့ ဆို ပါသတဲ့ .
အဲ. . ခင်ဗျား ပါရင် တော့ . .ခင်ဗျား က စင်ပေါ် ကနေ ပေါတောတော တွေ လုပ် ပြ. . အောက်က လူ တွေ က လဲ ခင်ဗျား လုပ်ပြ တဲ့ ပေါတောတော တွေ ကိုသဘောကျ လိုက် . ရယ်လိုက် နဲ့ ဟန် ကို ကျ လို့ ဆို ပြီး . . အဖေ့ ကို တွယ်ပါတော့ တယ်
. . . .. အဖေ က တဟားဟား နဲ့ ရယ် ပြီး . . ခင်ဗျား အဲ့ဒါ ဆို ကျုပ် ပြောရင်ဘာ ဖြစ် လို ရှေ့ ဆုံး ကို ပြန်ပြန် လာ ပြီး ကြည့် နေ တာ တုန်း. . ပေါတောတောဆို. . ခင်ဗျား အကြိမ်ကြိမ် ကြည် ပြီး သား ကြားဘူး ပြီး သားဘဲ ဟာ ကို ဆို တော့
ဆရာ မြ က.ခင်ဗျား က . . ပေါတောတော လုပ် တာ တောင် တစ်ခေါက်နဲ့ တစ်ခေါက် တူ တာ မဟုတ် ဘူး . .ဒီပွဲ နဲ့ နောက် တစ်ပွဲ နဲ့ လဲ တူ တာ မဟုတ်ဘူး ခင်ဗျား ခေါင်းထဲ က နောက်ထပ် အကြောင်း အရာသစ် တွေထပ် ပေါ်တိုင်း ခင်ဗျား က ထပ် ပြီး ညှပ်ညှပ် ပြောတတ် သေးတာကိုး ကျုပ်လွတ်သွား မှာစိုးလို့ဗျ လို့ ဆိုပါသတဲ့ (ဟုတ်ပါတယ် ခင်ဗျား အဖေ့ မှာ အဲ့ ဒီ့ လို ထူး ဆန်း တဲ့ စကားပြောကျင့် ရှိပါတယ်. . ) .
ဆရာမြ က လည်း အဖေ ပြောတဲ့ အတိုင်းပါဘဲ ခင်ဗျား. . ကျွန်တော် လဲ အကြိမ်ကြိမ် တွေ့ ခဲ့ ဘူး ပါတယ် .အဖေ့ ပြော မယ့် အလှည့် ရောက် ပြီ ဆိုရင် သူက ရှေ့ ဆုံး ကို ပြန် လာထိုင် တတ် ပြီး ကြားဖူး ပြီး သားတွေကို တဟားဟား နဲ့ ကလေးတစ်ယောက်လို နားထောင်ရင်း ပြန်ရယ်နေတတ် တဲ့အဖေ့ရဲ့ ပရိသတ် အစစ် လဲ ဖြစ်နေ ပြန် ပါသေးတယ်. . . အဖေ နဲ့ သူ့ ရဲ့ ဆက်ဆံ ရေး က အရမ်းကို သိမ်မွေ့ ပြီး ချစ်ဖို့ ကောင်း လှပါတယ်. .
နောက်တပ်တွဲဖက်တစ်ယောက် ကတော့ ဦးလေး မောင်သော်က ပါ. . သူ့ရဲ့ အမည်ရင်း က ဘသော် . ဗိုလ်မှူး ဘသော် (ရေ) ပါ. . .သူ့ရဲ့ နာမည် အကြီးဆုံး စာပေလက်ရာ ကတော့ တိုက်ရေယာဉ် ၁၀၃ ဆိုတဲ့ ကိုယ်တွေ့ မှတ်တမ်း ပါ . .သူရေးတဲ့ စာ အများစုကတော့ ခေတ်ကို လှောင်တဲ့ သရော်စာ တွေ ပါ. . အဖေ ကတော့ သူ့ကို ဗိုလ်မှူး ခေါ်လိုက် ကိုသော်က ခေါ် လိုက်ပါဘဲ. . အဖေ နဲ့ အစောကြီးကတည်းက ရင်းနှီးပေမယ့် .့  . သူဟောပြောပွဲ လိုက်တာ မတွေ့ဘူး ပါ. . အဖေ တွဲ ပြီး စင်ပေါ် ကိုစခေါ် သွား တယ်လို့ ထင်မိပါတယ်. . သူရဲ့ မူရင်းနေထိုင်မှူ့ စရိုက်ကိုက က ရွတ်တွတ်တွတ် နဲ့ . လောကကို လှောင်ပြီး ရယ်ပစ်လိုက်နိုင် တဲ့ စိတ်မျိုး ရှိ ဟန်တူပါတယ် .အင်မတန် စကားပြော ကောင်းပြီး ..တကယ့်ဟောဟော ဒိုင်း ဒိုင်း ပြောတတ် တဲ့ အကျင့် လည်း ရှိပါတယ်. .
အဖေ နဲ့ တွေ့ စဉ် ကတည်းက သူက ဂီလာန ပါ . . ကျောမှာ အရိုးကျီးပေါင်းတက် လို့. စတီးချောင်းအစား ထိုး ထား ရ ပါတယ်. . . ခါးကွေး ခြင်း ခေါင်း လှည့် ခြင်း လုပ် လို့ မရ ပါ. .
သူ့ရဲ့ အရပ် က ခြောက်ပေနီး ပါး လောက် ရှိ ပြီး . . အင်မတန် တုတ် ခိုင် တဲ့ ခန္တာ ကိုယ်ရှိပါတယ်. . တောင့် တောင့် ကြီး ဖြစ် နေ တဲ့ သူ့ပုံစံ ကို အဝေး က မြင် တာ နဲ့ တင်တန်းသိနိုင်ပါတယ်. .. ပုခုံး တစ်ဖက် က ယောင်ယောင် လေး နိမ့် နေ ပြီး. .ခေါင်း က လဲ ဘယ် ဘက် ကို နည်းနည်း စောင်းနေ ပါသေး တယ်. .
စကားပြောရင် အသံ ကျယ်ကျယ် နဲ့ ပြောတတ် ပြီး . . ရယ်စရာ တွေ့ ရင် တဟားဟား နဲ့ အားပါးတရ ရယ်တတ် ပါတယ်. . . .လမ်းလျှောက် တဲ့ အခါ အပေါ် ပိုင်းတစ်ပိုင်းလုံး ငြိမ် နေ ပြီး ညာခြေက အတည့် ရှေ့ ကို ထွက်ပေမယ့် ဘယ်ဘက်ခြေထောက် က နည်းနည်း လေး ဝိုင်း ပြီး မှ မြေ ပေါ် ကို ပြန် ကျ ပြီး ရှေ့ ကို သွား တတ် ပါတယ်. .
နောက် က အသံ ကြား လို့ လှည့် ကြည့် ရင် တော့ တစ်ကိုယ်လုံး လှည့် မှ ရ ပါ တယ်. . လက်နှစ်ဖက် က အောက်ကို တွဲ လောင်းချ ထား ရပြီး ဘေး လူ အကူ ညီ မပါ ဘဲ မြောက် လို့ မရ ပါ. .
ကျွန်တော် ဘာ ဖြစ်လို့ သူ့ အကြောင်းကို အတိ အကျ ရေး ပြ နိုင် တာ လဲ ဘာဖြစ် လို့ ဒီ လောက် မှတ် မိ နေတာ လဲ ဆိုတာ ကို ပြောပြ ရ ရင်တော့ ကျွန်တော် က သူ့ရဲ့ အထိန်းတော် ဖြစ်နေ လို့ ပါဘဲခင်ဗျား..
အဖေ က သူ ပါ တဲ့ ပွဲ တိုင်း ကျွန်တော့ကို ပါအောင်ခေါ်ပါတယ်. . . စင်ပေါ်တက် ဖို့ တိုက်ပုံဝတ်ပေး . ဖိနပ် စီးပေး(ဖိနပ် ကိုယ့် ဟာ ကိုယ် မစီး နိုင်ပါ) တွဲ ခေါ် ပြီး စင် ပေါ် ကို တင် ပေး ရတာ ကျွန်တော့ တာ ဝန်ပါ. .
သူက လဲ ခိုင်းစရာ ရှိ ရ င် တခြား သူကို မခိုင်းဘဲ ဟိုကောင် အောင်မြိုင်သင်း လာ လုပ်ပေးအုံး ကွ ဆိုပြီး လုပ်ပေး နေကြ ကျွန်တော့ ကို ဘဲ ခေါ် ပါတယ်. . . အဖေ့ ကို သိပ် ချစ်ပါတယ်(ကြုံ မှ ကျွန်တော် သူနဲ့ အဖေ ရဲ့ ဆက်ဆံရေး နဲ့ သိပ်ကြေကွဲစရာကောင်းတဲ့ သူ့ အကြောင်း လေးတွေကို ပြောပြပါ့ မယ်)
အံ့ဒီ့ လို အစွန်းနှစ်ဖက်. . ဆန့် ကျင်ဖက် ၂ ယောက် ကို ပေါင်းစည်း ပေး လိုက်တာ က တော့ အဖေ ပါဘဲ ခင်ဗျား. .
ဆရာမြ က ပထမ. ဦးသော်က ကို လုံးဝ မဆက်ဆံချင် စကားမပြော ချင် ပါဘူး တဲ့ . အဖေ့ ကို ဘယ် လို ပြောလဲ ဆို တော့ . .
ကိုအောင်သင်း ကျုပ် ဒီ ဗိုလ် ပြုတ်တွေ ကို သိပ် စိတ် ပျက် တယ်ဗျ. . မလိုက်ချင်ဘူး ဆို ပြီး ပထမ ဆုံး လယ်ဝေး (လို့ထင်ပါတယ်) ပွဲ ကို ငြင်း ပါသတဲ့. . . အဖေ က လိုက်ခဲ့ စမ်းပါ ကိုမြ သန်းရဲ့ ဒီ လူ က တခြား ဗိုလ် ပြုတ်တွေ နဲ့ မတူ ဘူး ပေါင်းကြည့် စမ်းပါ ဆို တော့ နောက်ဆုံး ဆရာမြ က လိုက်လာ ပြီး မောင်သော်က ကို စကား မပြော ဘဲ ခပ်တည်တည် နေ ပါသတဲ့. .
ဆရာသော် က အကူ မရှိ ရင် မရတော့ အန်တီ့ ( ဆရာသော့် ဇနီး) ကိုပါ အဲ့ဒီ့ညက ခေါ် လာရ တယ် လို့ ဆိုပါတယ်. .
ဖြစ်ချင်တော့ အဲ့ဒီ့ညက ပွဲ မစ ခင်မှာ နည်းနည်းဘဲ ကျွေးပြီး အား လုံး ပွဲ ပြီး တဲ့ အချိန် ကျ မှ မြို့ အစွန်က တည်းတဲ့ အိမ် မှာ ကျွေး ဖို့ စီစဉ်ကြ ပါသတဲ့. . ပွဲ ပြီး ည၂ နာရီ လောက် အကုန် လုံး အရမ်း ဆာနေ ပြီး တည်းအိမ် ကို ပြန်ရောက် ချိန် မှာ တော့ ဘာ မှ စားစရာ အဆင် သင့် မရှိ ဘဲ အကုန် လုံး ဒုက္ခ ရောက် ကြရ ပါသတဲ့. . . နာရီဝက်လောက် ကြာ သည် အထိ ဘာ မှ စား စရာ ရောက် မလာ ချိန်မှာ တော့ ဆရာသော် က စ ပြီး ကြမ်း ပါ သတဲ့. . .မင်းတို့ ကောင်တွေ ဘာ မှ သောက်သုံးမကျ ဘူး ဘာမှ မစီစဉ်ထားဘူး ဘာဘူး နဲ့. စတင် မြည် တွန်တောက်တီးပါသတဲ့. . . ပွဲ လုပ် တဲ့ ကလေး တွေ က လဲ မျက်စိမျက်နှာ ပျက် ပြီး သွား ဝယ်နေ ပါတယ် ဆရာ . .အခု လာတော့ မှာ ပါ လို့ပြော ပေ မယ့် လဲ ဆက် ပြီး ပွစိပွစိ ပြော နေ ပါသတဲ့ . . နောက်ဆုံး . . အန်တီ က လဲ အတော် ဆာ နေ တော့ တော် ပါပြီ အကို ရယ် မစားတော့ပါဘူး အိပ်တော့ မယ် ဆို ပြီး အခန်း ထဲ ဝင် သွား တဲ့ အခါ ဆရာသော် က လဲ. .မစားတော့ဘူး ကွာ ဆို ပြီး စိတ် ဆိုးဆိုး နဲ့ ဝင် သွား ကြ ပါ သတဲ့ ဗျား. .
အဲ့ဒီ့ မှာ တင် ဆရာမြ က . ကိုအောင်သင်း ကျူပ် ပြောတယ် မဟုတ်လား . . ဒီဗိုလ်ပြုတ် ကောင်တွေ အား လုံး ဒီ အချိုး ချည်း ဘဲ ကျုပ် မလိုက်ချင် ဘူး ဆိုတာ . . အဲ့ဒါကြောင့် ပြောတာ ဆို ပြီး အဖေ့ ကို ပြစ်တင်စကား ဆို ပါသတဲ့. . .အသာနေ ပါ ကို မြသန်း ရယ်.ဒီလူ က လူ တစ်မျိုး ပါဆိုအဖေက ဖြန်ဖြေ ပြော ပေမယ့် . ဆရာမြက တော့ အဖေ့ ကို ဘာမှ မပြော တော့ ဘဲ စိတ်ပျက်ဟန် ပြု ပြီး တစ်ဖက် ကိုလှည့် နေ ပါ သတဲ့ ခင်ဗျား. .
၁ နာရီလောက် ကြာပြီး . ဆိတ်ဆွပ် ပြုတ် နဲ့ နံပြား ပူပူ နွေးနွေး တွေ ရောက်လာ ချိန်မှာတော့ . ဆရာ သော် က မစား ဘူး ဗျာ ဆို ပြီး တင်း ခံနေပါသတဲ့. . အခန်းထဲ မှာ စိတ်ကောက်ပြီး အောင်းနေ လို့ အဖေ က ကလေး တွေ ကို အခန်းထဲ သွား ပို့ ခိုင်း လိုက် ပြီး အပြင်ကနေ စားစမ်း ပါ ကိုယ့် လူရယ် လို့ ပြောတော့မှဘဲ . . လင်ရောမယား ရော အခန်း ထဲ မှာ ဘဲ စားကြ ပါသတဲ့. .
နောက်တစ်နေ့ မနက် အိပ် ရာ ထ တဲ့ အချိန် ကျ မှဘဲ အဲ့ဒီ့ တည်းတဲ့ အိမ် ကနေကြာ စိုက်ခင်း အကျယ် ကြီး ရဲ့ အလည်မှာ ရှိ မှန်း သိကြရပါ သတဲ့. .
ဆရာ သော်က အိမ် အပြင် ကို ထွက် လာ ချိန်မှာ ရုတ်တရက် နေ ကြာပန်းခင်း ကြီး ကို တွေ့လိုက် ရတော့ အရမ်းပျော် သွား ပြီး အသံတောင် ထွက် ပြီး အော်ပါသတဲ့ အိမ်အပြင်မှာ.ကော်ဖီ သောက်နေတဲ့ ဆရာ မြ နဲ့ အဖေ က သူ့ ကိုစောင့် ကြည့် နေ တုန်း မှာဘဲ သူ က အထဲကို ဝင် ပြီး အန်တီ့ကို ကမန်းကတန်း ဆွဲ ခေါ် ထုတ်လာ ပါသတဲ့. . . .
လာ ကွာ မိန်းမ ရေ. ငါတို့ ကုလား သီချင်း နဲ့ က လို့ ရ ပြီကွ ဆို ပြီး အန် တီ့ ကို ခေါ် ပြီး နေကြာ ခင်းထဲ. ကို ကုလား ကားရုပ်ရှင် ထဲ က ကသလို မျိုး သူ့ ပုံစံ ကြီး နဲ့ကရင်း တဟား ဟား အော် ပြီး ဆွဲ ခေါ် ပါသတဲ့ ခင် ဗျား. . .
အဲ့ ဒီ့တော့ အဖေ က . ဆရာမြ ကို ကြည့် ပြီး. ကိုယ့် လူ ဘယ်လိုတုန်း ဆို့ ပြီး မျက်စ ပစ်လှမ်း ကြည့် လိုက် တော့ ဆရာ မြ က
ဆရာ သော် တို့ လင်မယား ကို ကြည့် ပြီး ရယ် ရင်း . ကိုအောင် သင်း . . ခင်ဗျား လူ က လဲ ပေါတောတော ပါ့ လား ဗျ ဆို ပြီး. . . အဖေ့ ကို လှမ်း ပြော လိုက် ပါ သတဲ့ ခင်ဗျား.. .
အဲ့ ဒီ့ က စပြီး အဖေ ရယ် ဆရာမြ ရယ် ဆရာ သော် ရယ် ၃ ယောက် တွဲ လိုက် ကြ တာ အရေး အခင်းဖြစ်သည် အထိ ပါ ဘဲ ခင်ဗျား . .
ဆက်လက်၍ ဆရာမြ နှင့် ဆရာ သော် ၏ စကားပြော ဟန် များ ကို မှတ်မိ သလောက် တို့ထိ ပြ ပါမည်.
*********
သူတို့ ၃ ယောက်အတွဲ က သိပ်ကြည့် လို့ကောင်းပါတယ်. . . ဆရာမြ က နိုင်ငံ ရေး အရိပ် ရှိ နေတော့ စကားကို ချို ပြီး ပါးပါး လေးဘဲ လုပ် လေ့ရှိပါ တယ် . . အဖေ ကတော့ ပညာရေး လမ်းကြောင်း ပေါ် က နေ အပြည့် တွယ် ပြီး . . ဆရာသော် ကတော့ နိုင်ငံ့ရဲ့ အခြေ အနေ တွေ ကို ဒဲ့ တွေ တွယ် တတ် ပါ တယ် ခင်ဗျား. . . . .
ဆရာမြ က စကား ပြော ရင် ငြိမ်ပါ တယ်. . တတ် နိုင်သလောက် နိုင်ငံရေး လမ်းကြောင်းပေါ် ကို မရောက် အောင် ချို ပြီး . . အယူအဆ တွေ ကို ကျမ်း ပြု သလို ပြောလေ့ ရှိ ပါတယ်. . . များ သော အား ဖြင့် တော့ ဓားတောင် ကို ဘဲ အခြေ ခံ ပြီး ပြောလေ့ ရှိ ပါတယ်. . .
.
ဆရာသော် ကတော့ မူရင်း စာ ကို က . . နိုင်ငံရေး သရော် တဲ့ စာအမျိုးအစားတွေပါ. . . စင် ပေါ်မှာ လဲ အဲ့ဒီ့ စာတွေ ကို အခြေခံ ပြီး တွယ်တော့တာ ပါဘဲ.
သူ. စင်ပေါ် တတ် လာကတည်းက ဘာမှ မလုပ်ရသေး ဘူး လူတွေ က သူ့ ပုံ ကို ကြည့် ပြီး ဝိုင်း ရယ် နေ ပါ ပြီ. . အဲ့ဒီ့ အချိန်မှာ သူစပြော လိုက်တာ က . .
ကျုပ် ခေါင်းက စောင်းနေတော့ လူတွေ ကို ခပ်စောင်းစောင်း ဘဲ မြင်ရတာ ဗျ. ကျုပ် မြင်တဲ့ အတိုင်း ဘဲ ပြောရတော့ မှာ ဘဲ ဆို ပြီး ပြောလေ့ ရှိ ပါတယ် အဲ့ဒီ့ အချိန်မှာ တင် ပရိသတ် က တဟားဟား နဲ့ ရယ်နေ ကြ ပါပြီ . .အဲ့ဒီ့ နောက်ဆက် ပြီး. .
ကျုပ် ရေး တဲ့ သရော် စာတွေ ကို တစ်ချို့ က မခံ နိုင်ကြဘူးဗျ. သူတို့ ပြောတာ က မောင်သော်က က ငါတို့ ဆော် တာကွတဲ့ . . ဟာ. . ကျုပ် က ဘာဆော် လို့ တုန်းဆိုတော့. .
သရော်တယ် ဆိုတော့ ကလှော် တယ်ပေါ့ဗျာ. . ကလှော်တယ် ဆိုတော့ ဆော် တယ် ပေါ့ ဗျာ တဲ့. . . အမှန် က ကျုပ်က သူတို့ကိုတောင် ကူ ညီနေတာ.သူတို့မသိလို့ ဗျ. . . . ကျုပ်စာတွေက . . အရေပြား ကို ဆားရည် လေး ပက်ပေး လိုက်တာ ပါ ဗျ. . အနာရှိ တော့ စပ်တာပေါ့ ဗျာ..အနာမရှိရင် မစပ် ပါဘူး . စပ် ဖျင်းဖျင်းလေး ဖြစ်သွား တော့မှ လဲ အနာ ရှိ မှန်း သိတာ ကိုး ဗျ. . ..အနာ ရှိ မှန်း သတိ ပေး နေ တာ ကို က ပျောက်စေ ချင် လို့ . . မဟုတ်ဘူးလား ဗျာ. . . (တဟားဟား ရယ်ရင်း)
တကယ်က ကျုပ် ကို သူတို့ က ကျေးဇူးတောင်တင်ရအုန်းမှာ . . ခင်ဗျားတို့. ရေနွေး ငွေ့ နဲ့လည်တဲ့ စက် ကြီး တွေ မှာ safty. Valve ဆိုတာ ရှိ တယ် . . . စဉ်းစားကြည့် လေ အောက်က မီးတွေ ချည်း ဘဲ လှိမ့် ထိုးနေ တဲ့ နောက် အဲ့ဒီ့ ရေနွေး အိုး ကြီး ပေါက် ကွဲ သွား မှာ ပေါ့ဗျ. မပေါက် ကွဲ အောင် အဲ့ဒီ့ safty valve လေး ကို ဟော့သလိုရှူး (အမူအယာ နဲ့ ရေဖွင့် သလို လုပ်ပြ) ဆိုပြီး ဖွင့် ပေး လိုက် သလို မျိုး ပါ ဗျ. ဟော . . အဆင်မပြေ မူ့ကြောင့် ဒေါ သထွက် နေတဲ့ သူတွေ. . ကျုပ်စာလေးကို ဖတ် လိုက်ရင်း ရယ် လိုက်တာ နဲ့ . . ဟော . . ခုနက valve. လေး ကို ဖွင့် လိုက် သလို မျိုး ရှူး. . . . ဆို ပြီး. . .ဘာ ဒေါသ မှ မထွက်တော့ ဘူး. . ဘာမှ မပေါက်ကွဲ တော့ ဘူး ပေါ့ဗျ. .မဟုတ်ဘူးလား. . .(တဟားဟား ရယ်) . .
အဲ့ဒီ့ ကစ ပြီး. . သူရေး ခဲ့တဲ့ ဆောင်းပါးတွေ ကို တဝါးဝါး တဟားဟား ဖြစ်အောင် ပြောတော့ တာပါဘဲ. . ဗဟုသုတ ဖြစ်အောင် သူပြော တဲ့ သူ့ စာစု လေး တစ် ခု ကိုပြောပြ ပါ့မယ်. .
. .တရက် အိမ်ပြန်လာ ပြီး ရေချိုး မလို့ လုပ်တော့ . . ဆပ်ပြာ မတွေ့ တာနဲ့. . မိန်းမရေ . . ဆပ်ပြာကောဆို တော့ . .သမဝါယမ က မပေး သေး လို့ မရှိ ဘူး တဲ့ . .
ဟင် အဲ့ဒါဆိုလဲ . . အဝတ်လျှော် တဲ့ ရွှေဝါ ဆပ် ပြာ ကလေးဘဲ ပေးပါတော့ကွာ ဆိုတော့ လဲ . . သမဆိုင်က သုတို့ဟာ သူတို မလောက်သေး လို့ နောက်တစ်ခေါက် မှ ရမယ် လို့ပြောတယ်. . . . ဟင် . . အဲ့တာ ဆို. . ငါက ဘာနဲ့ ရေချိုး ရ မှာ လဲ ဆိုတော့ . . . ဟိုမှာ အိုး တိုက်ဖွဲ ပြာ တွေ့ လား . . အဲ့ဒါနဲ့ တိုက် ဆို ပြီး အပြတ် ပြော ချ လိုက် တော့. . . သူက . ဟာ . .. မင်းကွာ . . ရက် စက် လှချီ လား . . ငါ့ က အိုးတိုက်ဖွဲ ပြာ သုံး ရ မှာလား ဆိုတော့. . ဒါဘဲ ရှိတယ် ဒါဘဲ သုံး ဆို ပြီး. အပြတ် ထပ်ပြောတော့ မှ. အိုးတိုက်ဖွဲ ပြာ ခွက် ကလေး ကိုင် ပြီး ရေချိုးခန်းထဲ ဝင် လာ. . ရေ လေး ငါး ခွက် လောင်း ပြီး တော့. မှ တစ်ကိုယ် လုံး ကို အိုးတိုက်ဖွဲ ပြာ နဲ့ ဖြေး ဖြေး ခြင်း တိုက် ရင်း. . . စ စဉ်းစား တယ် .ဆပ်ပြာ ဘယ်က စသလဲ ဆို တာ ကိုပေါ့
.ဟိုးတစ်လာက .သတင်းစာထဲမှာ . အင်ဒိုနီးရှား ကကျွန်းတစ်ခု မှာ . . ရှေးဟောင်းကျောက် ခေတ် လူသား ဆန်ဆန် လူမျိုးစု တစ်စု ကိုတွေ့ ပါ သတဲ့ အင်ဒိုနီး ရှား အစိုး ရ လဲ အဲ့ ဒီ လူမျိုးစု ကို ဒီဘက် ခေတ် ထဲ ဆွဲ ခေါ်ရမလား. . ဒီအတိုင်းထား ပေးရ မလား. . ဘာလုပ် ရမှန်း မသိ ဘူး အကျပ် ရိုက်နေတယ် ဆို တာ ကို သူ ဖတ် လိုက်ရတော့ . . . ဟား. . .ဒီကောင်တွေ မှာ . ဆပ်ပြာ မရှိ တာ သေချာ တယ် . . ဆို ပြီး . . ဆပ် ပြာ ဘယ်တော့ မှ ပေါ် လာ သလဲ ဆို တာ ကို ဆက် စဉ်း စားတော့. အီဂျစ်ခေတ် အကျော် ကျ မှ . . ပန်းတွေဘာတွေ စိမ် ပြီး ရေ ချိုး တာ . . . ကို သွား တွေ့ တာ ကိုး. .လူတွေ .ဆပ် ပြာကို ဘာကြောင့် သုံး သလဲ ဆိုတော့ . ညစ်ပတ်လာ လို့. . မညစ်ပတ် ရင် သုံး စရာ မလိုဘူးလေ. . . .
အဲ့ဒီ့ မှာ တင် သူ ဥာဏ် အလင်း ပွင့် ပြီး ကြေငြာ ချက် တစ်စောင် ချက်ခြင်း ထုတ် ပြီး အိမ်မှာ ကပ် ထား လိုက် ပါတယ်. .
ညစ်ပတ် သော သူ များ သည် ဆပ် ပြာ ကို သုံးကြ သည်. . ပို၍ ညစ်ပတ် သော သူ များ သည် ပို ၍ မွှေး သော ဆပ် ပြာ ကို သုံး ကြသည်. . မညစ် ပတ် သူ များ သည် လုံးဝ ဆပ် ပြာသုံး ရန် မလို . . .
ပုံ /မောင် သော်က. . .
စင်အောက် ကလဲ တဟားဟား ရယ် ဆရာသော် က လဲ သူ ပြောတဲ့စကားကိုပြန် ပြန် ပြီး ရယ်တတ် တဲ့ အကျင့် ရှိ ပါတယ်
တကယ်ပျော်စရာကောင်း ပါတယ် ခင်ဗျား
ဆရာသော့် အကြောင်းတွေ ဟောပြောပုံတွေ ကို တော့ ကြုံတိုင်းကျွန်တော် ထည့် ပြောသွား ပါ့မယ်. .
အဲ့ဒီ့ ခေတ် အနေ နဲ့ ဆို . . အဖေ ရယ် ဆရာသော် ရယ် ကို ဖိတ် မယ်ဆို အင်မတန် ပြသနာ ကြီးပါတယ်.. . .တော်ရုံတန် ရုံမြို့ နယ်တွေ ရပ် ကွက်တွေ က တာဝန်ခံရဲ တဲ့ သူ မရှိ ရင် မခေါ် ဝံ့ ကြ ပါ ဘူး. .
အော် . သတိ ရ လို့ ပြောရ အုံး မယ်. . .နေရာ တော်တော် များများ က . . အဖေ့ ကို တစ်ခါ ခေါ် ပြီး သွား ရင် နောက် နှစ် အတွက် ပါ ဆက် ပြီး ဘွတ်ကင် တင် ထား လိုက် တာ ပါ ဘဲ. . ဆရာအောင်သင်း မပါ ရင် ပွဲ မလုပ် တဲ့ အဆင့်မျိုး ထိ အောင် ဖြစ်လာ တာ တွေ့ ရ ပါ တယ်.. . အဲ့ဒီ့ အတွက် အချိ့ သော စာရေး ဆရာ တွေ ရဲ့ ချစ်ခြင်း မုန်းခြင်း အတော် ခံ ရပါတယ် . .
တစ်နေရာ ထဲ တစ်စင် ထဲ မှာ . .၅ နှစ်လောက် ထိ ဆက် တိုက် ဖိတ် ထား တာ မျိုး အထိ ကြုံ ဘူး ပါတယ်..ကျန်တဲ့ စာရေး ဆရာ တွေ သာပြောင်းသွား တယ် သူက တော့ တပင်တိုင် မင်းသားကြီး လို မျိုး ကို ဖြစ် လာပါတယ်. . . အဲ့ဒါကြောင့် သူ ဟာ တစ်နှစ် နဲ့ တစ်နှစ် မထပ်ရ အောင် စကားပြော ဂွင် အသစ်တွေ ထပ် ဖန်တီးပြန်ပါတယ် တစ်ခုနဲ့တစ်ခု လဲ လူ ငယ် အကြောင်းက လွဲ .ရင် ဘာမှ မတူတော့ ပါ .
ကျွန်တော် တွက် တာ မမှား ရင်စာရေးဆရာတွေထဲမှာ ဦးအောင်သင်း ဟာ ဟော ပြော ပွဲ ဂွင် အများ ဆုံး ဘဲ ဖြစ် ပါ လိမ့် မယ်. .
ပုံမှန် အားဖြင့် . .ပထမနှစ်မှာ လူငယ် နှင့် ရသစာပေ.. ဒုတိယနှစ် မှာ . လူငယ်နှင့် ဝတ္ထု စရိုက် လူ့ စရိုက် . . လူငယ် နှင် အတ္ထုပ္ပတိ စာပေ. . .လူငယ် နှင့် ကဗျာ. . လူငယ် နှင့် ဓမ္မ စာပေ. . ပုံသဏ္ဏန် နှင့် အကြောင်း အရာ(RIT မှာ တစ်ကြိမ်သာပြောဖူးခဲ့ ၈၇ လို့ထင်ပါတယ်) စာပေထဲ က လူငယ့် သမိုင်း စသဖြင့် ပါ. . .
၂၇လမ်း၊တာမွေ ၊ သုဝဏ္ဏ ၊ သင်ကန်းကျွန်း( ရပ်ကွက် ၅ ခု လောက် ၃နှစ်နဲ့ အထက် ဆက်တိုက် ဖိတ်တာပါ)၊အင်းစိန်၊ ပေါက်တော၊ ရန်ကင်း၊ ကျောက်ကုန်း. . . အများ ကြီး ပါဘဲ ခင်ဗျာ. နယ်တွေ က တော့ မွ နေ အောင် ပါဘဲ. . သုဝဏ္ဏ. နဲ့ သင်ကန်းကျွန်း က ရပ် ကွက် တွေ ခွဲ ပြီး နှစ်တိုင်း ၄ ပွဲ နဲ့ အထက် ဖိတ် တာ သတိထားမိပါတယ်. .
မှတ်မှတ် ရရ က တော့ သင်ကန်းကျွန်း ၁၆/၂ လို့ ထင်ပါတယ်. . လက်ရှိ ဆိုရှယ်လစ်ခေတ် ပြည်ထဲ ရေး ဝန် ကြီး( ဦးသန်းစိန်) ကိုယ်တိုင် က အဖေ့ ကို ဖိတ်ခိုင်းတာပါ သူနေတဲ့ ရပ်ကွက် ပါ. . . . .
နှစ်တိုင်းအဖေ့ ကို ဖိတ် စေ ပါတယ် . အဖေ မပြောခင် မှာ ညစာ အတူ စား ကြ ပြီး. . အဖေ ပြော တာ နဲ့ စင် ရဲ့ ရှေ့ ဆုံး မှာ ထိုင် ပြီး . . တဟားဟား နဲ့ လက်ခုပ် လက်ဝါး တီး ပြီး အားပေး တတ် ပါတယ်. . . အဲ့ဒီ့ ပွဲ တစ်ခု ဘဲ နိုင်ငံရေး နဲ့ ပါတ် သက် တာတွေ အဖေ အများ ဆုံး ထည့် ပြောလေ့ ရှိ တာ ကို သတိ ထား မိ ပါတယ် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဘေးဥပါဒ် ကင်းစွာ ပြောပိုင်ခွင့် ရှိ တာ လဲ အဲ့ဒီ့ ပွဲ တစ်ပွဲ ဘဲ ရှိတာကိုဗျ. . . . ရှေ့ မှာ ဝန် ကြီးကိုယ်တိုင်က တဟားဟား အော် ရယ်နေမှ တော့ ယူနစ်ဥက္ကဌ တွေ ဘာတွေ က ဘာပြောဝံ့ တော့ မှာ တုန်း . .
မှတ်မိ လာတဲ့ နောက် ပွဲ တစ်ခု အကြောင်းပြော ပါအုံးမယ်ခင်ဗျား.. . .မြို့လည်ခေါင်က ပွဲ တစ်ပွဲ မှာ ရပ်ကွက်ဥက္ကဌ လိုလူ တစ်ယောက် က . ကျုပ်တို့ ရပ် ကွက် မှာ အစိုးရကို ထိပါးတဲ့ ပုံ မျိုး ပြော ရင် ချက်ခြင်း ကျုပ် ကိုယ်တိုင်အရေးယူ မယ်ဆို တဲ့ သဘောမျိုး မျက်နှာထိ မျက်နှာထား နဲ့ ပွဲ မစခင် စားသောက် နေ တုန်း မှာ အဖေ့ ကို ပြော လိုက် ပါတယ်. စာပေ လုံးဝ သိ သူ ဖြစ်ဟန် မတူ ဘဲ. . လာပြီး အာဏာ ပြ သလို လုပ် လိုက် ပါတယ်. .
ဦးအောင်သင်း ဘဲ ဗျာ. ဘယ်နေလိမ့် မတုန်း . . ဟုတ်လား . . အဲ့ဒါဆို အခု ဒီပွဲ ကို ဖျက် လိုက်တော့ . . ကျုပ် ပြန် တော့ မယ် ဆို ပြီး ဝုန်းဆို ထ ပြန် ဖို့ လုပ် ပါတယ်. . အဲ့ဒီ့ မှာ တင် ရပ်ကွက် က စာ သမားတွေ ရော . .နည်းနည်း ဘြ ဇာ ရှိ ပုံ ရ တဲ့ သူ တွေ ပါ အဲ့ ဒီ့ လူ ကို ဝိုင်းတုပ် ကြ တော့ လဲ ကုပ်.ချောင်းချောင်း လေး နဲ့ အပြင်ထွက် သွား ပါတယ် ခင်ဗျား. . .(ဆိုရှယ်လစ်ခေတ် မှာ အဲ့ဒီ့ လို အတန်းပညာအားနည်း၊ အတိုင်းအဆ မသိ ဘဲ လူရာ အရမ်း ဝင်ချင်တတ် တဲ့ ကြောင်စီစီ ဥက္ကဌ. တွေ အတော် များများတွေ့ ဘူး ပါတယ်). . .
အဲ့ဒီ့ ရဲ့ အကျိုး ဆက် က တော့ စင် ပေါ် ကို စိတ် အနှောက်အယှက် ဖြစ်ပြီး တက် သွား တဲ့ အဖေ ဟာ . . . စ စ ခြင်း ဒီ ဖြစ်စဉ် အကြောင်း ကိုစင်ပေါ် မှာ ထည့် ပြောပစ်လိုက်ပြီး. ငေါက်ပြော . .ပြော တာ တွေ့ ရ ပါတယ် ခင်ဗျား .. ပွဲ အရမ်း မလှ တော့ပါ. . ရယ်စရာ တွေ ကို စိတ်ဆိုး နေ ရင်းပြော မှ တော့ နားထောင် ရတာ ဘယ် အသက် ပါတော့ မတုန်း. . .
ရေးရင်း သတိရလာ လို ထပ် ပြောပြ ပါရစေ. .
အဲ့ဒီ့ ထက် ဆိုး တဲ့ ပွဲ တစ်ပွဲ လဲ ရှိ သေး သဗျ. . .
သင်ကန်းကျွန်းမှာပါ ၈၆ လောက် လို့ ထင် ပါတယ် . . အဖေ ရယ် ဆရာမြရယ် . ဆရာ သော် ရယ်. အဲ့ဒီ့ ပွဲရဲ့ အခမ်းအနား မှူး ကတော့ စာရေး ဆရာ အယ်ဒီတာ ရုပ်ရှင် သရုပ် ဆောင် တစ်ယောက် ပါ. . အင် မတန် ဇာတ် ပို့ ကောင်း ပါတယ်. . . ကျွန်တော် တို လဲ ငယ်ငယ် ကတည်း ကသူ့ရဲ့ ဟာသ လေးတွေ နဲ့ ဇာတ် ပို့ တတ် တဲ့ သရုပ် ဆောင် မှူ့ ကို အရမ်း ကြိုက်ခဲ့ပါတယ်. . အဖေ နဲ့ တိုက်ရိုက် ပြသနာ ထိ တွေ့ မှူ့ မရှိ သော် လဲ. . အဖေ နဲ့ စာပေ တိုက်ပွဲ ဖြစ်နေ တဲ့စာရေးဆရာ များ ရဲ့ စာ များ ကို လှိုင်လှိုင် ထည့် ပေး နေတဲ့ မဂ္ဂဇင်း ရဲ့ အယ်ဒီတာ လဲ ဖြစ်နေပြန်ပါသေးတယ်. .
သူက အဲ့ဒီ့ ပွဲ ရဲ့ အခမ်းအနား မွူး လုပ်ပါတယ်. . အခမ်း အနား မှူး ကို ရိုးရိုး မလုပ် ဘဲ. . ဟာသ လိုလို လုပ်ပြီး ဟော ပြော မယ့် သူတွေ ကို ပေါတောတော ဖြစ်အောင် မိတ် ဆက် ပေး နေ တာ ပါ . . သူ့ကို အာရုံ စိုက်စေ ချင် တဲ့ သဘော လဲ ပါဟန် တူ ပါတယ်. .
ပထမ ဆုံး ဆရာမြရဲ့ အလှည့် မှာ ဘာမှ မဖြစ်ပေ မယ့်. . ဆရာသော် ဆင်း လာတဲ့ အချိန် မှာ . . တော်တော့် ကို ဒေါသ ထွက် လာ ပြီး. . . ခွေးမသား . . အောက်တန်းစာကောင် ဆို ပြီး . ဆရာသော် ဒေါသ တ ကြီး . . စင်နဲ့ ကပ် ရက် နားနေ တဲ့ အိမ် ထဲ ကို ပြန် ဝင် လာ ပါတယ်. . အတော် လည်းဒေါသထွက် လာပုံ ရပါတယ်
အဖေ့ အလှည့် ရောက် လို့. ပရိသတ် ကို အခမ်း အနား မှူးအဖြစ် မိတ် ဆက် ပေး ချိန် မှာ တော့ . . သူက အရမ်းမူး နေတဲ့ ပုံ မျိုး နဲ့ အဖေ့ ရဲ့ ကိုယ် ရေး အကျဉ်း ကို ဖတ် ပြ နေပါတယ် .အာလေး လျှာ လေး နဲ့ . စာရွက် ကို ရှေ့ ဆုံး က ဖတ် လိုက် . . ကျော်ဖတ် လိုက် နဲ့ လုပ်နေ ပါတယ်. . . အခု ခင် ဗျား တို့ ကို လာပြီး. .ဟာသတွေ ပြော မယ့် သူကတော့ . ထောင်တွင်း က အောင်သင်း ထင်ပါရဲ့. . .ကျုပ် လဲ မကြားဘူးပေါင်ဗျာ .. သူ့ရဲ့ ပထမဆုံး စာ ကတော့ . . ဘာတဲ့. . အင်း . .သရက်တော ကျောင်းတိုက် ဖောက်ခဲ့စဉ် က ဆို လား ဘာ လား. . .ကဲ ခင်ဗျား တို့ နားထောင် ကြည့် ပေါ့ ဗျာ ဆို ပြီး ကိုယ်ရေး အကျဉ်း ကို ဆုံး အောင် မဖတ် ဘဲ ရပ် လိုက်ပါတယ်.
ဘေး လူတစ်ယောက် က တွဲ ချ ပြီး စင် ပေါ် က ဆင်း သွား ပါတော့ တယ်. .(အရမ်းမူး နေတယ် လို့ ကျွန်တော် မယုံပါ . ရည်ရွယ်ချက် ရှိ စွာ . လုပ် လိုက် တယ် လို့ ဘဲ ကျွန်တော် ယူဆပါတယ်)
အဖေ့ ရဲ့ ဒေါသ အကြီး ဆုံး နဲ့ အရက်စက် ဆုံး ဟောပြောပွဲ ပါဘဲ. .အဖေ က ခပ် ပြုံး ပြုံး ဘဲ စင် ပေါ် ကို တတ် လာပြီး.. ခင်ဗျား တို့ ဒီလို ပွဲ ကြီး တစ် ပွဲ လုပ် နေ ပြီး . ဒီလို ရူးကြောင်ကြောင် အရက်သမား ကို စင် ပေါ် အတတ် ခံ လိုက် တာ . . စင်နာတယ်ဗျာ. .ခင်ဗျား တို့ ရပ်ကွက် နာ တယ်. . .ကျုပ် မြန်မာ တစ်နိုင်ငံ လုံး သွား တာ ဒီလောက် အောက်တန်းကျ တဲ့ အခမ်း အနား မှူး မျိုး မတွေ့မတွေ့ ဘူးဖူး ဗျ. က စ တည် ပြီး. . စာပေ ကို သိပ် သိ သိပ်တတ် နေ တယ် ဆို ရင် အဲ့ဒီ့ ဘေး က မိုက် ကရိုဖုန်းတစ် လုံး နဲ့ တတ် လိုက်ပါ..အောင်သင်းနဲ့ တန်းတူ တယ် လို့ ထင် ရင် ပေါ့. . တက် လိုက် စမ်း ပါ. . . အခမ်းအနားမှူး ရဲ့ တာဝန်ဟာ က မိတ် ဆက်ပေး ပြီးရင် ဆင်းသွားရုံဘဲ. . ဒီလို မျိုး မူးချင်ယောင် ဆောင် ပြီး စင်ပေါ် တတ် လာ . ရုပ်ရှင် သရုပ် ဆောင်နေ သလို မျိုး စာပေ စင်ပေါ် မှာ လာမလုပ် နဲ့ စင်နာတယ် ဆိုပြီး နာရီ ဝက်ကျော်ကျော် လောက် စိတ်တိုင်းကျ တွယ် ပါတော့တယ် ခင်ဗျား. . ပြီးမှ. . .
စာပေ ဟောပြော ပွဲ ဂွင်ကို စပါတယ် . ပွဲ စ ချိန် မှာ တော့ . . သူဟာ လန့် ပြီး ကြောင်နေ တဲ့ ပရိသတ် ကို . . ဖြေးဖြေး ခြင်း ဆွဲ ခေါ်ပြီး . သူ့ရဲ့ စကားပြောခြင်း အတတ် ပညာ နဲ့ တဝါးဝါး တဟားဟား ဖြစ်အောင် ပြန် ပြီး စွမ်း ရည် ပြ ပါတော့ တယ်. .
အလှပ ဆုံး ပွဲ သိမ်း ခြင်းလေး ဖြစ်အောင် အဆုံး သတ် ပေး လိုက်ပါတယ် ခင်ဗျား.
အဲ့ဒီ့ အဖြစ် အပျက် ကတော့ စာပေ လောက ထဲ မှာ. . ပြောစမှတ် တွင် သွား ပါတယ်. . . အဲ့ဒီ့ အခမ်းအနား မှူး စာရေး ဆရာ(. . ) က မိုက်ရိုင်းလွန်းတယ် . . အင်း. . အောင်သင်း က လည်း လုပ်တာ ရက်စက် လွန်းတယ် ဆို ပြီး . စကား တွင် သွား တဲ့ အထိ ပါဘဲ ခင်ဗျား (မှတ်မိ သလောက် စာရေးဆရာ ပရိသတ် အများ ဆုံး ပါတဲ့ ပွဲ ပါဘဲ)
အိမ်ပြန် လာ တော့ ကျွန်တော် က. . .အဖေ များ လွန်းတယ် . .ထင်တယ်နော် . ဆိုတော့. . အေး ငါသိတယ် တဲ့. .ဒီကောင်တွေ ကို အုပ်စု လိုက် ကြီး တွေ့ လိုက် လို့ ငါ တဆုံး လုပ် ပစ် လိုက်တာ လို့ ဆို ပါတယ်. . ငါ့ ကို . . ဟိုစာ လေး က နေ မထိတထိ လုပ် လိုက် ၊ ဟိုစာရေးဆရာ မြောက်ပေး လိုက် ဒီစာရေး ဆရာ မြောက် ပေး လိုက် နဲ့ အဲ့ဒီ့ ကောင် တွေ အုပ်စု လိုက် လိုက်လုပ်နေတာ ကြာ ပြီကွ တဲ့. . . အဲ့ဒါကြောင့် လုပ် ပစ် လိုက် တာ လို့ ဆို ပါတယ်. .
စာပေ သိုင်းလော က ထဲ မှာ တော့ . တစ်ကိုယ်တော် ဆရာသင်း ပွဲ ကြမ်းနေချိန်လို့ယူဆလို့ရပါတယ် ခင်ဗျား. .
*********
တကယ်တန်းအခု ရေးနေတဲ့ စာစု ဟာ ဆရာအောင်သင်း အကြောင်း ပါ ဒါပေမယ့် မြန်မာ့သမိုင်းမှာ. . အတန်အသင့် အရေးပါခဲ့တဲ့ ဆရာသော် ရဲ့ အကြောင်းကို အားလုံး သိသင့်ကြတယ် ထင်လို့ သူ့အကြောင်း နည်းနည်းလောက် ထပ်ရေးပြ ပါရစေ. . . .
နောက်ပြီး .
သူ့ရဲ့ ဟောပြော ခဲ့ပုံ လေးတွေ ပျောက်ပျက် သွား မှာ စိုး တာရယ်. . ဒီလို လူတစ်ယောက် မြန်မာ နိုင်ငံမှာ ရှိ ခဲ့ ဘူးတယ်. . ဆို တာရယ်. . . သူ့ အကြောင်းကို မှတ်တမ်း တင်ပေးချင် တာရယ်ကြောင့် မို့ပါ
.
သူ့ရဲ့ သားကြီးသမီးကြီးတွေ ရှိ ခဲ့ တယ် ဆိုပေမယ့် ကျွန်တော် လုံးဝ မသိခဲ့ပါ. . စာပေလောကထဲကလဲ ဟုတ်ဟန်မတူ ပါ. .
အဲ့ဒါကြောင့် မှတ်မိနေတဲ့ ကျွန်တော် ကဘဲ မှတ်တမ်း တင် ပေး လိုက်ပါရစေ. .
ဆရာသော်ရဲ့ စကားပြော ဟန်နဲ့ ပြောတဲ့ အကြောင်းအရာ တစ်ချို့ ကို ကျွန်တော် ပြီး ခဲ့တဲ့ အပိုင်းမှာ ရေးခဲ့ပြီးပါပြီ..အထူးသဖြင့်. နိုင်ငံရေး နဲ့ ပတ်သက်ပြီး သူ တွယ်ပစ်ခဲ့ တာလေးတွေပါ .အခုကတော့ စာပေသမားခြင်းကိုဆော် တဲ့ အကြောင်းလေးတွေကိုရေးပြပါ့မယ်. .
ဒီနေရာ မှာ အံဩအားကျ စရာ သိပ်ကောင်းတာ က. . အဖေ.. ဆရာမြ နဲ့ ဆရာ သော် တို့ အား လုံး. ... အင်္ဂလိပ်စာ ကို တကယ်ကောင်းကြတာပါ ဘဲခင်ဗျား.
အခု. ကျွန်တော်တို့ခေတ် အင်္ဂလိပ်စာကောင်းတယ် တတ်တယ် ဆိုတာက အတတ်ပညာတွေ အသက်မွေးဝမ်းကြောင်းတွေ အပေါ်မှာ အခြေခံတဲ့ ထမင်းစားလို့ရတဲ့ အင်္ဂလိပ်စာမျိုး ကို တတ်ကြတာ ပို များ တယ် လို့ ကျွန်တော် ယူဆပါတယ်. . .
သူတို့အင်္ဂလိပ်စာ ကောင်း တာ က . . အင်္ဂလိပ်တွေရဲ့ စာပေနဲ့ အနုပညာကို ပါ ခံစားနိုင်ကြတာမျိုး ဗျ. . သူတို့ရင်ထဲ က ကိုယ်တိုင် အင်္ဂလိပ်လူမျိုးတစ်ယောက် ရံခံစားမှူ့မျိုးကို ခံစားတတ်နေကြတာ ဗျ. . . အရမ်း အားကျခဲ့ပေမယ့်. . သူတိုလိုမျိုး အားထုတ် မှု မျိုး မရှိ ခဲ့တာ ရယ်. . သူတို့လိုပတ်ဝန်းကျင် မျိုးမှာ ကြီး ပြင်း ခွင့် မရခဲ့တာကြောင့်. .သူတို့ စကားပြော ကြရင် ပါးစပ် အဟောင်းသားနဲ့ နားထောင်ဖူးရုံ ကလွဲလို့ ဘာမှ . မရ ခဲ့ ပါခင်ဗျား.တွေးမိတိုင်း အဲ့ဒီ့ အချိန်တွေကို သိပ်နှမျော မိပါတယ် . .
ကျွန်တော် ဘာကြောင့် လျှာ ရှည်နေတာ လဲ ဆိုတော့. . ဆရာသော် က သရော်စာရေး သမား ဆိုတာ ထက် ကဗျာ တွေ ကို ပိုချစ်တတ် တဲ့ ကဗျာဆရာ တစ်ယောက် ဖြစ်နေခဲ့ လို့ ပါဘဲ. . ကဗျာပေါင်း များစွာ ကိုလဲ အင်မတန် မြန်မာဆန်အောင် ဘာသာပြန် နိုင်ခဲ့သူတစ်ယောက်ပါ. .
ကျွန်တော်မှတ်မိနေတာလေးတစ်ခု ကိုပြော ပါရစေ. . အဲ့ဒီ့ ခေတ် မှာ အခြား စာရေးဆရာ တစ်ယောက်က နာမည်ကြီး အင်္ဂလိပ်ကဗျာ ရှည် တစ်ပုဒ်ကို ဘာသာပြန်ပြီး မဂ္ဂဇင်း မှာ ထည့်လိုက်ပါတယ်.
ဆရာသော် က. . အဲ့ဒီ့ ကဗျာရဲ့ မူရင်းကို ဖတ်ပြီး သူအရမ်းကြိုက်တဲ့ ကဗျာ ဖြစ်နေတော့ အဲ့ဒီ့ကဗျာ ဆရာ ရဲ့ ဘာသာပြန်မှူ့ အမှား တွေ ကို . တစ်ပိုဒ် ခြင်း ရွတ်ပြပြီး အဖေ နဲ့ ဆရာမြတို့ကို .ရှင်းပြနေတာ ကို ကျွန်တော်တွေ့ဘူးလို့ပါ
ဆရာမြရော အဖေ ရော က ဆရာသော် မှန် တယ် ဆို တာ ကို ချက်ခြင်း ထောက်ခံကြတာ တွေ့ရပါတယ်. ..
အဖေ နဲ့ ဆရာသော် က အင်္ဂလိပ် ကဗျာ တွေ ကို . . သံနေ သံထား နဲ့ အကြိမ်ကြိမ် ရွတ် ပြီး အရသာ ယူ နေ ကြ တာ မျိုး ခဏခဏ တွေ့ ခဲ့ဘူးပေမယ့်. .. . ဆရာမြ ရွတ် ပြနေ တာ မျိုး ကိုတော့ တစ်ခါ မှ မတွေ့ ခဲ့ဘူး ပါ . .
. ဆရာမြ က ကဗျာပေါင်းများစွာကို ဘာသာပြန်ပေး ခဲ့ ပေမယ့် စကားပြေ ဘက် ကို ပိုအားသန်ပုံ ရ ရတယ်လို့ ထင်မိပါတယ်. . . ..သူ့ရဲ့ အင်္ဂလိပ် တတ် ကျွမ်း မူ့ ကတော့ ကျွန်တော် အထူး ပြောစရာ မလိုပါ. . . ကမ္ဘာ့ တော်ဝင် ဝတ္ထု ပေါင်းများစွာ . . ကို ကျွန်တော် တို့အားလုံး ရင်းနှီး စွာ ဖတ် တတ် သွားအောင် သင်ကြား ဘာသာပြန်ပေးသွားခဲ့လို့ ပါဘဲ ခင်ဗျား. . ကျေးဇူး ကြီး လှ ပါတယ်. .
ဆရာသော် ဟာ ကဗျာ တွေ ကို သိပ် ချစ် တတ် တော့. . သူက. အဲ့ဒီ့ ခေတ်ကမှ စ ပေါ်လာတဲ့ ကာယံ မဲ့ ကဗျာ တွေ ကို သိပ် စိတ်ပျက် ဟန် တူ ပါ တယ် . . . နိုင်ငံ ရေး ကို တွယ် ပြီး တာ နဲ့ . . ကာယံမဲ့ ကဗျာ သမား တွေ ကို ဆက် တွယ်ပါတော့တယ်. . .
ကဗျာ ဆို တာ က . .ကာရံ က အသက်ဗျ. .ကာရံ မပါ တဲ့ နောက်တော့ ဘာမှ. . ကာရံမဲ့ကဗျာ တွေ ဘာတွေ လာ မလုပ်နဲ့ ကဗျာ ဆိုတဲ့ စကားလုံး ကို လာ မယူနဲ့. . .ကိုယ့် ဖာသာ ကိုယ် ကဗြွတ် လို့ ခေါ်ခေါ် . . ကဗြောင် လို့ ခေါ် ခေါ် စာညွန့်လို့ ခေါ်ခေါ်. .ခေါ်လို့ရတယ် . . ဘာမှ. . ကာရံမဲ့ ကဗျာ တွေ ဘာတွေ လာ မလုပ် နဲ့ ဆို တာ က စ ပြီး. . .
သူ တို့ ရေး သလို မျိုး ဖြင့် ကျုပ် လဲ သိပ်ရေး တတ် တာ ပေါ့ ဗျာ. . .လွယ်လွန်း လို့. .
ဆိုပီး သူရေးထားတဲ့ ကဗျာ ကို သံနေ သံထား နဲ့ ရွတ် ပြ ပါတော့ တယ်. . .
မော်စီတုန်း.. (အသံရှိန်ပြင်း). . . ယန်စီ မြစ် ကို ဖြတ် ကူး ပြတော့. . . သိပ် ရဲရင့် တဲ့ သူ ကြီး တဲ့ .(ပုံမှန် ဆက်ပြော)
ဟိုချီ မင်း. . . . . ကလေးတွေ နဲ့ ဒွေးရောယှက်တင် နေတော့. . . သိပ် ကြင် နာ သနား တတ် တဲ့ သူ ကြီးတဲ့. .
ဗိုလ်ချုပ် အောင်ဆန်း. . . . ဖာ. . စကားပြော တော့ . . . သိပ်ရိုးသားတဲ့ . ပြတ်သားသူကြီး တဲ့. . . .
ကျော်ဟိန်း. . . . တွန့်လိမ်ကောက်ကွေး ရူံ့ မဲ့ ပြတော့. . . . ရင်ခုန် လှူပ် ရှားအောင် သရုပ် ဆောင် နိုင်သူ ကြီး တဲ့. . .
ဘာမှ မဟုတ်တဲ့ ငါ. . .ဘုရား ပေါ်တက် ပုတီး စိတ်တော့. . . လူတွေက ပြောကြတယ်. . . .( ၃ စက္ကန့်. လောက် နား ပြီး မှ). . . . . . . ငပေါက် . . . တဲ့
သူ့ရဲ့ ပုံ သဏ္ဌာန် သူ့ရဲ့ . . သံနေ သံထား နဲ့ ရွတ် ဆို ပြ မူ့ ကို စာနဲ့ ရေး ပြ ရ တာ အင်မတန် အားနည်း မူ့ ရှိ ပါတယ် ခင်ဗျား. . . ခန့်မှန်းခြေ လောက် ကို ဘဲ ကျွန်တော် ထိ တွေ့ ပြ နိုင်ပါတယ်. .
နားထောင်နေတဲ့ သူတွေ အား လုံး ဝေါ ကနဲ့ ဖြစ် သွား ကြ တာ အကြိမ်ကြိမ် ပါဘဲ. .
နောက်တစ်ခုကတော့. .
သူ့ရဲ့ ဘာသာရေး လွတ်မြောက်နေမူ့ ပါ. . သူက အစ္စလမ် ဘာသာဝင်ပါ.
အဖေက. . နေစမ်းပါအုန်းကိုသော်က ရဲ့ ခင်ဗျား က ဒါဆို ဝက်သားတွေ ဘာတွေ မစားရဘူး မို့လား. . . ဆိုတော့. . . မစားဘူလေဗျာ. ဘာလို့စားရမှာလဲ. .ဟော.. . တရုတ်ဆိုင် ထဲဝင်သွားလိုက်တယ်. ဟေ့ ထောင်ကဲ ဆီသန့်သန့် နဲ့ ကျော်ကွာ ဆို ပြီး အော်ဒါမှာ လိုက်ရုံဘဲလေ. ကျုပ်တာဝန်ပြီးဘီ .သန့်တာမသန့်တာ က သူတို့အပိုင်း. . ကျုပ်တာ ဝန်က . . စားဖို့ဘဲ မဟုတ်လားဗျ. . အဖေ က တခစ်ခစ် နဲ့ ရယ်နေပါတယ်. .
ဒါဆို ခင်ဗျား အခု သောက်နေတာကျတော့ရော . . ခင်ဗျားတို့ ဘာသာ က တားထားတယ် မဟုတ်လား. . ဆိုတော့. . . ဒါက မသိတဲ့သူတွေပါဗျာ ဆို ပြီး. . သူတို့ဘာသာ ထဲက. ကောင်းကင်ဘုံ ကိုရောက်ရင် ခံစား စံစား ရမယ့် အကြောင်းတွေ ကို . . အာရေဗီ လို ရွတ်ပြပါတယ်. . . အဲ့ဒီ့ တစ်နေရာ မှာ . . ရှရပ်ဗ် ဆိုတာ လေး ပါ လာပါတယ်. . . ခင်ဗျားသိလား . . အဲ့ဒီ့ ရှရပ်ဗ် ဆိုတာ ရှာလပတ်ရည်. သစ်သီး ဖျော်ရည်. . ဗျစ်ရည် ကိုပြောတာ ဗျ
ကိုအောင်သင်းရဲ့. . အမှန်က အရက်ဘဲ. . သဘောက ကောင်းကင်ဘုံ မှာ အရက် ရှိ တယ် အဲ့ဒီ့ကျရင် သောက်ရမယ်လို့ ပြော တာ မဟုတ်ဘူးလားဗျ. . .
သောက်ရမှာ ခြင်းအတူတူ တော့ အဲ့ဒီ့ အထိ စောင့် မနေ တော့ ဘူး အခု ကတည်းက တွယ်ထား ပြီး အရသာ ခံ ထားတတ်တော့ ပိုမကောင်းဘူးလားဗျ. . . လို့ဆိုပါတယ်. . . အဖေရော ဆရာမြ ရော. . တဟားဟားရယ်ပြီး. . ကိုသော်က. . . ခင်ဗျားကတော့ . . တကယ်မနိုင်ဘူးလို့ ဆိုကြပါတယ်ဗျား. .
ဒါနဲ့ နေစမ်းပါအုံး ခင်ဗျား အခု သင်္ဘောသားသင်တန်းဖွင့် ထာတာ မဟုတ်လား.(သူက ရေကြောင်းပညာ သင်တန်း လေး ဖွင့်ထားပါတယ်) . ကလေးတွေ တတ် ကောတတ် ကြရဲ့လားဗျာ . . ခင်ဗျား သင်နေပုံနဲ့ ဆို တော့. .
ဟာ. . . အဲ့ဒါတော့ ကျုပ်တကယ် သင်ပေးနေတာ ပါ ဗျ. . ကျုပ် လိုင်းဘဲ ဟာကို. . ကျုပ် ဒီကောင်တွေ ကို သင်တယ်ဗျာ. . ပင်လယ်ထဲ မှာ သံလိုက်အိမ်မြှောင် ကြည့်နည်း. ... ဆက်သွယ်ပုံ ဆက်သွယ်နည်းတွေ. . အကုန်သင်ပေး. .အဲ. . သံလိုက်အိမ်မြှောင် ပျက်နေရင် ကြယ်တွေကို ကြည့်နည်း. . ရာသီနဲ့ လေတိုက်တဲ့ အရပ် ကို ရှာ နည်း. . တွေ အကုန်လုံး သင်ပေး လိုက်တယ်ဗျာ. .
အဲ နောက်ဆုံး မှ. . . ကျောင်းသားတွေ ကိုမေးခွန်း ပြန်မေးရတာ ပေါ့. . . မင်းတို့ ပင်လယ်ထဲ မှာ. . ဆက်သွယ်ရေးစက်ကလဲ မရှိ. . သံလိုက်အိမ်မြှောင်က လဲ ပျက်. . ညဘက်ကလဲဖြစ်ပြန် ကြယ်လဲ မမြင်ရ . . လေတိုက်နေ တာ ဘယ်ကမှန်းလဲ မသိ နောက် ဆုံး လမ်း ပျောက်နေ ပြီ ဆိုရင် သင်းဘော ကို ဘယ်လိုဆက်မောင်းကြမလဲ လို့ မေး လိုက်တယ်ဗျ. . အဲ့ဒီ့တော့ တခန်း လုံး တိတ် သွား တာ ပေါ့. . ခဏနေတော့ မသိပါဘူးဆရာ လို့ အသံထွက်လာကြတာပေါ့ဗျ..
ဟုတ်လား. . အဲ့ဒါဆို ဘယ်လို မောင်းရ တုန်း ကိုသော်က ရဲ့. . လို့ အဖေ က မေးလိုက်တော့. . .ဆရာသော်က ကျုပ် ဒီကောင်တွေကို ဖြေ လိုက်တာ က. . . အေး အဲ့ဒီ့လို ဘာမှ မသိ ကြတော့ဘူး ဆိုရင် သင်းဘော ဦးထိပ်ကို သွား. . ရှေ့တည့်တည့် ကို မျက်နှာ မူ ပြီး ရပ်. . ဘယ်ဘက်လက်ဖဝါး ကို ဖြန့် တံတွေး ထွေး ထည့် . . ပြီးရင် ညာဘက်လက်ဝါးစောင်းနဲ့ ခုတ် ချလိုက်ကွ. . အဲ့ဒီ့ တံတွေး ပြတ်တဲ့ ဘက်ကိုသာ လိုက် ကျ တော့ကွာ လို့ ပြော ပြီး တဟားဟား ရယ် ပါတော့တယ်. . . အဖေ လဲ တဟားဟား ရယ်ရင်း ခင်ဗျား အတော်ဆိုးတဲ့ လူပါ့ လား . . လို့ပြောပြီး ဆရာသော်ကို လက်မြောက် လိုက်ရပါတော့တယ်ခင်ဗျား. .
ဒီလောက် ဆိုရင်တော့ မောင်သော်က ဘယ်လိုလူ ဆိုတာ ခန့်မှန်းလို့ရလောက်ပြီ လို့ထင်ပါတယ်. . . သူ့ရဲ့ စကားပြောဂွင်တစ်ခုလုံး ကို ကျွန်တော် အလွတ်ရွတ်ပြ နိုင် ပါတယ်. . ဒါပေမယ့် ပြောပြ ချင်တဲ့စကားမရောက်မှာ စိုးလို့ ဒီလောက်နဲ့ဘဲ ရပ်လိုက်ပါရစေ. .
သူရယ် ဆရာမြ ရယ် နှစ်ယောက်စလုံး အဖေ့ ကို သိပ်ချစ်ကြပါတယ်. . . နေတဲ့ အိမ်တွေ မှာ လဲ ကျွန်တော်တို့ အိမ်က အလည်မှာ ပါ. . ကျွန်တော်တို့ နေတာ က စမ်းချောင်း ဓမ္မိကဝတီလမ်းပါ. . ဆရာမြ က စမ်းချောင်း ဖျာပုံလမ်းပါ. . .( ၁၅ မိနစ် လောက် လမ်းလျှောက် ရင်ရပါတယ်). . ဆရာသော် ကတော့ .ကြည့်မြင်တိုင် ပန်းပင်ကြီး လမ်ထိပ် စလင်းကွင်းထောင့် မှာ ပါ. . ( ၁၀ မိနစ်လောက် လမ်းလျှောက်ရင်ရပါတယ်)
၃ ယောက်စလုံး ရဲ့ဆက်ဆံမူမှာ လဲ အဖေ က အလည်က လူ ဖြစ်ပုံရပါတယ်. . သူတို့၂ ယောက်ထဲ စာပေဟောပြောပွဲ သွား ခြင်းမျိုး မတွေ့ ဘူး ခဲ့ပါ. .
ဆရာသော့် အမျိုးသမီးကလဲ. . အဖေ မပါရင် ဂီလာန ဖြစ်နေတဲ့ ဆရာသော့် ကို ဘယ် ဟောပြောပွဲ မှ မထည့် ပါခင်ဗျား... . .
ဆရာသော်ကတော့ အဖေ့ ဆီ လာ တာ အချိန်မှန်လေ့ မရှိ ပါ. . . စိတ်ကူးပေါက်တိုင်း ရမ်းတန်းရမ်းတန်း နဲ့ ရောက် လာတတ် တာမျိုး ပါ. . . နေ့လည် . . ညနေ . . မနက် လဘက်ရည်ဆိုင်. . အချိန်မရွေး ရောက်လာတတ် ပါတယ်. . . သူလာရင်လဲ စကားဝိုင်းက တဟားဟား ဖြစ်နေကြတာ ကို မှတ်မိပါတယ်.. .
ဆရာသော့် အကြောင်းတွေ ကိုတမင်ရေးပြနေတာ ပါ . ဒါမှ နိုင်ငံရေးဇာတ် ခုံပေါ်ရောက်သွား တဲ့ ဆရာသော်ရဲ့ အကြောင်းကို ပိုပြီးနားလည် ခံစား နိုင်ကြမှာ မို့ပါဘဲ . .
( ကျွန်တော် ဘာသာရေးတွေ ကိုပျက်ရယ်ပြုတတ်သူတစ်ယောက်မဟုတ်ပါ. . လူတစ်ယောက်ရဲ့ စကား ကို ပြန်ပြောပြ လိုက်ခြင်းမျှသာဖြစ်ပါတယ်. ကိုယ့် ဘော်ဒါ အစ္စလမ်များ နားလည်ကြပါကုန်)
ဆက်ပါအုံးမည်
ဆရာမြိုင်
[ မှတ်မိမှတ်ရာစုစည်းမှုများ ဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအား ကျေးဇူးတင်ပါသည်။]
No comments:
Post a Comment