Saturday, 25 May 2019

#ရတနာခုနှစ်သွယ် ( အပိုင်း - ၂)

#ရတနာခုနှစ်သွယ် 


( အပိုင်း - ၂)


#မင်းလူ


တာဝန်မှူး၏ ဖန်သားပြင်စားပွဲပေါ်မှ မီးနီလေး တဖျတ်ဖျတ်လင်းလာသည်။ တစ်ပြိုင်နက်တည်းမှာ အချက်ပေးသံလည်း မြည်လာသည်။ တစ်စုံတစ်ယောက်က ဖုန်းဆက် အကူအညီတောင်းလာခြင်း ဖြစ်၏။ သူသည် ခလုတ်ကို အလျင်အမြန်နှိပ်၍ ဖွင့်လိုက်ပြီး....

“ကူညီပါရစေခင်ဗျာ”

ဟု နှုတ်ဆက်လိုက်သည်။ အခုလို အလျင်အမြန် မထူးလို့လည်းမဖြစ်။ အချက်ပေးသံ စမြည်လာပြီး ငါးစက္ကန့်အတွင်း ပြန်မထူးနိုင်လျှင် နှောင့်နှေးကြန့်ကြာမှုဖြင့် ထုချေလွှာ တင်ရလိမ့်မည်။


ပြည်သူများအနေဖြင့် အရေးပေါ်အကူအညီ လိုအပ်ပါက အလွယ်တကူ ဆက်သွယ်နိုင်အောင် အစီအစဉ် လုပ်ပေးထားသည်။ ပုံသေ နံပါတ်တစ်ခု သတ်မှတ်ပေးထားလျှင် မျက်စိမှုန်သူ၊ မျက်စိမမြင်သူများအတွက် နံပါတ်နှိပ်ဖို့ အခက်အခဲ ဖြစ်နိုင်သည်။ တစ်ချို့ကလည်း ဂဏန်းလေး သုံးလုံးလောက်ကိုပင် မမှတ်မိဘဲ ရှိတတ်သည်။ တစ်ချို့လည်း အရေးအကြောင်းကြုံလျှင် အယောင်ယောင်အမှားမှားဖြစ်ပြီး မေ့နေတတ်သည်။


ထို့ကြောင့် အရေးပေါ် အကူအညီတောင်းလိုလျှင် တယ်လီဖုန်းပေါ်ရှိ ကြိုက်ရာနံပါတ်တစ်ခုကို သုံးကြိမ်ဆက်တိုက် နှိပ်လိုက်ရုံပဲ ဖြစ်၏။ ဖုန်းလက်ခံမည့်သူ တာဝန်မှူး နှစ်ဆယ့်လေးဦးအနက် တစ်ယောက်ယောက်ထံသို့ အလိုအလျောက် ချိတ်ဆက်ပေးလိမ့်မည်။


ဗီဒီယိုဖုန်းဖြင့် ခေါ်ဆိုခြင်းဖြစ်သောကြောင့် တာဝန်မှူးရှေ့မှ ဖန်သားပြင်ပေါ်တွင် အမျိုးသမီးကြီးတစ်ဦးပုံ ပေါ်လာသည်။

“ကူညီပါရစေခင်ဗျာ”

ဟု ထပ်ပြောရင်း အကဲခတ်လိုက်သည်။ အမျိုးသမီးကြီးမှာ အတော်ပင် ထိတ်လန့်တုန်လှုပ်နေပုံရသည်။ ဘေးဘီကို ဟိုကြည့်ဒီကြည့် ဂဏှာမငြိမ် ဖြစ်နေ၏။ ထို့နောက် အလောတကြီး ပြောသည်။

“ကျွန်မဆီ.. ကျွန်မဆီ အမြန်လာခဲ့ပါ”

“ဘာဖြစ်လို့ပါလဲ”

“ကြောက်လို့....”

“ဘာကို ကြောက်..”

စကားမဆုံးခင် ဖုန်းချသွားသည်။ မရတော့။ စက်ပိတ်ထားသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်။ သူစိုးရိမ်သွားသည်။ ဖုန်းလှမ်းဆက်သော နေရာကို အက်စ်ဂျီပီအက်စ်ထဲမှာ ရှာသည်။ အိမ်နံပါတ်ကအစ အတိအကျရသည်။


မြေပုံကို ပြန်ချဲ့သည်။ ထိုမြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် မှိတ်တုတ်မှိတ်တုတ် အနီစက်ကလေးများ ရွေ့လျားနေကြသည်။ လှည့်ကင်းကားများပင် ဖြစ်၏။ အကူအညီတောင်းသော အိမ်ရှင်နှင့် အနီးဆုံး လမ်းကြောပေါ်မှာရှိသော အနီစက်ကတော့ ရပ်တန့်နေ၏။ ဒီကောင်တွေ ကော်ဖီဆိုင် ဝင်ထိုင်နေသလား မသိဘူး။ နားရက် အဖြတ်ခံချင်ပြီထင်တယ်ဟု တွေးရင်း အနီစက်ပေါ် လက်ညှိုးတင်၍ ဖိလိုက်သည်။ ချက်ချင်းပင် ဖန်သားပြင်ပေါ်မှာ မျက်နှာတစ်ခု ပေါ်လာပြီး..

“၀၉၂ သတင်းပို့ပါတယ်”

ဟု ပြောသည်။

“တာဝန်မှူး ၀၇ ပြောနေတယ်၊ မင်းတို့ကား ဘာဖြစ်လို့ ရပ်ထားသလဲ”

“မိန်းကလေးတစ်ယောက်ရဲ့ ကားဘီးပေါက်နေလို့ ကူညီနေတာပါ”

“ဘယ်လောက်ကြာဦးမလဲ”

“ပြီးပါပြီ.. ဘီးဟောင်းကို ပြန်သိမ်းနေပါပြီ”

“ဒါဆို ပြီးရော၊ အမျိုးသမီးကြီးတစ်ယောက် အရေးပေါ် အကူအညီတောင်းထားတယ်၊ သူသိပ်ကြောက်နေပုံရတယ်၊ အမြန်ဆုံးသွားပါ၊ နေရာအတိအကျကို မင်းတို့စက်ထဲ လှမ်းပို့ပေးမယ်၊ သူ့ပုံကိုပါ တွဲပို့လိုက်မယ်”

“ဟုတ်ကဲ့”

“သတိထားသွားပါ၊ အန္တရာယ် ရှိကောင်းရှိနိုင်တယ်၊ ဒါပဲ”


တာဝန်မှူးသည် စောစောက မှတ်တမ်းတင်ထားသော ဗီဒီယိုဖိုင်ကို ပြန်ဖွင့်ကြည့်သည်။ အမျိုးသမီးကြီးမှာ အသက်လေးဆယ်လောက်ရှိမည်ဟု ခန့်မှန်းရသည်။ ဒီ့ထက်လည်း ကြီးကောင်းကြီးနိုင်သည်။ ခုခေတ်မှာ အသက်ခြောက်ဆယ်ကလည်း ကော့စမစ် ဆာဂျရီနည်းဖြင့် လေးဆယ်လောက်ထင်ရအောင် ပြုပြင်နိုင်သည်။


ပုံကို ရုပ်သေဖမ်းလိုက်သည်။ မျက်နှာကို ပုံကြီးချဲ့ကြည့်သည်။ ထိတ်လန့်တုန်လှုပ်နေပုံက ထင်ရှားလွန်းလှသည်။ ဗီဒီယိုအဖြစ် ပြန်ပြောင်းကြည့်သည်။ ဘေးဘီကို စိတ်မချသလို လှမ်းကြည့်နေတာကလည်း သေချာသည်။ ဘေးမှာ တစ်စုံတစ်ယောက် ရှိနေသလား၊ တစ်ခုခု ခြိမ်းခြောက်ခံနေရသလား၊ အန္တရာယ်က အချိန်မရွေး ဝင်လာနိုင်လို့ စိတ်မချနိုင် ဖြစ်နေတာလား။ လိုအပ်ရင် အကူအညီပေးနိုင်အောင် အနီးဆုံး လှည့်ကင်းများ၊ မြို့နယ်ရဲစခန်းနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး အဖွဲ့တို့ကိုပါ သတင်းပေးပို့ထားလိုက်သည်။ ဒါမျိုးက အလွန်သတိထားရသည်။ နည်းနည်းလေး လစ်ဟင်းသွားလို့ ပြဿနာပေါ်လျှင် ပခုံးပေါ်က ကြယ်ကလေး ကြွေသွားနိုင်သည်။


ကင်းလှည့်ယာဉ်ပေါ်မှ ရဲကြပ်ကြီးသည် သူ့အဖော်ကို လှမ်းကြည့်သည်။ ပေါက်သွားသောဘီးကို လှိမ့်ယူသွားပြီး ကားနောက်ဖုံးထဲ ထည့်ပေးနေတာ တွေ့ရသည်။ လက်ပတ်နာရီပေါ်မှ အချက်ပေးခလုတ်ကို နှိပ်ပြီး မြန်မြန်လာရန် သတိပေးလိုက်သည်။


ဒုရဲတပ်ကြပ်သည် ပြန်လှည့်ထွက်မည်အပြု ကားပိုင်ရှင်မိန်းကလေးက လှမ်းခေါ်သဖြင့် ရပ်စောင့်နေရသည်။ မိန်းကလေးက တစ်စုံတစ်ခု လှမ်းပေးသည်။ ဒုရဲတပ်ကြပ်က ခေါင်းခါခါ လက်ခါခါလုပ်ရင်း အကြောက်အကန် ငြင်းသည်။ မိန်းကလေးက အင်္ကျီအိတ်ထဲ အတင်းထိုးထည့်ပေးသည်။ ဒုရဲကြပ်က ပြန်ထုတ်၊ ကားဘောနက်ပေါ် တင်ပေးခဲ့ပြီး ပြန်ထွက်လာသည်။ မိန်းကလေးက ရယ်ရင်း ကျန်ခဲ့သည်။


ဒုရဲကြပ်က ကားပေါ် အမြန်တက်ရင်း..

“လက်ဖက်ရည်ဖိုး ပေးနေလို့ ငြင်းပြီး ထွက်ပြေးလာရတယ်”

ဟု ပြောသည်။

“အေး.. ကောင်းတယ်၊ တော်ကြာ သတင်းထောက်မလေး ဖြစ်နေရင် နာပြီပဲ၊ တစ်နေရာရာကနေတောင် သူ့အဖော်က ဗီဒီယိုနဲ့ ချောင်းရိုက်ချင် ရိုက်ထားမှာ”

“မီဒီယာသမားတွေက မလွယ်ဘူးနော်၊ သူတို့မသိတာ မရှိဘူး၊ ဒါနဲ့ အရေးပေါ်က ဘာကိစ္စပေါ်လို့လဲ ဆရာ”

“လမ်းကျမှ ရှင်းပြမယ်”

ဆိုပြီး ကားကို အမြန်မောင်းထွက်လိုက်သည်။


သွားမယ့်အိမ် ရှိတဲ့နေရာ၊ အနီးဆုံး အမြန်ဆုံး သွားနိုင်သောလမ်းကြောင်း၊ ခရီး အကွာအဝေး၊ တစ်နာရီ ကီလိုငါးဆယ်နှုန်းနှင့်သွားလျှင် ကြာမည့်အချိန်များကို မြေပုံပေါ်မှာ အတိအကျ တွက်ချက်ဖော်ပြပေးထားသည်။ ညဘက်ဖြစ်သောကြောင့် လမ်းရှင်းသည်။ ထို့ကြောင့် သူက ကီလိုရှစ်ဆယ်နှုန်းတင်ပြီး မောင်းသည်။ ခုချိန်မှာ တစ်မိနစ်ကအစ အရေးကြီးသည်။


လူလတ်တန်းစားများနေသော ရပ်ကွက်ဖြစ်၏။ အတော်အသင့် ကျယ်ဝန်းသော ဝင်းခြံကလေးများထဲတွင် ခုချိန်မှာ ပြန်လည်ခေတ်စားနေသော သစ်သားအိမ်များဖြင့် နေကြသည်။ သူတို့သွားရမည့်အိမ်က ဝင်းတံခါး အဆင်သင့်ဖွင့်ထားသည်။ ကားမီးပိတ်ပြီး အသာလေး လှိမ့်ဝင်လိုက်၏။


“သတိထားကွ၊ ထောင်ချောက်ဖြစ်ချင် ဖြစ်နေမယ်၊ စတန်းဂန်းကို အဆင်သင့်လုပ်ထား”

စတန်းဂန်းဆိုတာက ကျည်ဆံနှင့်ပစ်ရသော သေနတ်မျိုးမဟုတ်။ လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်သော လက်နက်သာဖြစ်၏။ စက်ကွင်းမိသွားလျှင် တစ်ကိုယ်လုံး အကြောတွေဆိုင်းပြီး မလှုပ်နိုင်တော့ဘဲ ကြက်သေသေသွားရုံသာ ဖြစ်၏။ ပေငါးဆယ် အကွာအဝေးအထိ ပစ်နိုင်သည်။

“ဖုန်းတစ်ချက် ခေါ်ကြည့်ရင်ကောင်းမလား ဆရာ”

“မခေါ်နဲ့၊ အထဲမှာ မသမာသူ ရှိနေရင် အချက်ပေးလိုက်သလို ဖြစ်သွားမယ်”


သို့ရာတွင် သူတို့ရောက်လာကြောင်း အိမ်ထဲက သိနှင့်ပြီးဖြစ်၏။ အိမ်တံခါး ပွင့်လာပြီးနောက် အမျိုးသမီးကြီး တစ်ယောက်က..

“အိမ်ထဲဝင်ခဲ့ပါ”

ဟု ပြောသည်။ ရဲကြပ်ကြီးက..

“ငါအရင်ဝင်မယ်၊ သတိထားလိုက်ခဲ့”

ပြောပြီး ရှေ့က ဦးဆောင်ဝင်သွားသည်။ ဒုရဲကြပ်သည် ဘောင်းဘီနောက်အိတ်ထဲမှာ ထည့်ထားသော စတန်းဂန်းပေါ် လက်တင်ရင်း ကိုယ်တစောင်း အနေအထားဖြင့် ဝင်လိုက်သည်။

“ကြာလိုက်တာ”

ဟု မိန်းမကြီးက အပြစ်တင်သလို ပြောသည်။

“သတင်းရရချင်း ချက်ချင်း အမြန်လာခဲ့တာပါ ခင်ဗျာ၊ ဒါနဲ့..”


ထိုအခိုက်တွင် အတွင်းခန်းအဝင် ခန်းဆီးကြားမှ လှုပ်ရှားမှုတစ်ခုကို ရိပ်ခနဲ မြင်လိုက်ရသည်။

“ဟေ့.. ဘယ်သူလဲ”

အသံနှင့် တစ်ပြိုင်နက်တည်းလောက်မှာပင် ဒုရဲကြပ်က စတန်းဂန်းနှင့် ထိုးချိန်ပြီး ပစ်ထည့်လိုက်၏။ တွီခနဲ မြည်သံ၊ ဝေါင်းခနဲ အော်သံနှင့်အတူ ကြောင်ဝါကြီးတစ်ကောင်သည် ကားယားကြီးဆန့်လျက် ငြိမ်သက်နေလေသည်။

“ဟင်..”

အမျိုးသမီးကြီးသည် ကြောင်ကြီးရှိရာသို့ ပြေးသွားသည်။ တယုတယ ထွေးပိုက်လိုက်ပြီး..

“ဟန်နီ.. ဟန်နီလေး....”

လှုပ်ယမ်းရင်း ရေရွတ်နေရာမှ..

“မင်းတို့.. မင်းတို့.. ငါ့ကြောင်ကို သတ်ပစ်လိုက်ပြီ”

“မ.. မဟုတ်ပါဘူးခင်ဗျ၊ ခဏ သတိလစ်သွားရုံပါပဲ”

“ဘာ..”

“ဒီလိုပါ..အန္တရာယ် ရှိမယ်မှတ်လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ငြိမ်သွားအောင် လုပ်တဲ့သဘောပါ၊ သုံးမိနစ်အတွင်း ပြန်ကောင်းသွားပါလိမ့်မယ်”

ဟု ရဲကြပ်ကြီးက ဝင်ရှင်းပြသည်။ အမျိုးသမီးကြီးမှာ မယုံသင်္ကာတစ်ဝက်ဖြင့်..

“ငါ့ကြောင် တစ်ခုခု ဖြစ်သွားလို့ကတော့ မင်းတို့ ပြုတ်ပြီသာမှတ်လိုက်”

ဆိုပြီး သူ့ကြောင်ကို ပွတ်သပ်ရင်း..

“ဟန်နီလေး.. ဟန်နီလေး၊ သတိရပါတော့ကွယ်”

ဟု ရေရွတ်နေသည်။ အရေးထဲမှာ ကြောင်က အထီးကြီးဖြစ်ကြောင်း ရဲမျက်စိဖြင့် မြင်ဖြစ်အောင် မြင်လိုက်မိသေးသည်။


ကံအားလျော်စွာပဲ နှစ်မိနစ်ခွဲ သာသာလောက်မှာ ကြောင်ကြီး ပြန်သတိရလာသည်။ သူဘာမှမဖြစ်ခဲ့သလို “ညောင်” ဟု တစ်ချက်အော်ပြီး အမျိုးသမီးကြီး၏ ရင်ကို ခေါင်းနှင့်ဝှေ့ရင်း ချွဲနေသေးသည်။

“ဟန်နီလေး.. သတိရပြီနော်၊ ဟင်.. အတိတ်များ မေ့သွားပြီလား၊ မာမီ့ကို မှတ်မိတယ်နော်”

ဒုရဲတပ်ကြပ်မှာ ခစ်ခနဲ အသံထွက်မလို ဖြစ်သွားသဖြင့် ရဲကြပ်ကြီးက တံတောင်နှင့်တွက်ပြီး သတိပေးလိုက်ရသေးသည်။

“ဒါနဲ့.. ကျွန်တော်တို့ကို ဘာကိစ္စရှိလို့ အရေးပေါ် အကူအညီ တောင်းရတာလဲဆိုတာ သိပါရစေ”

ဟု ရဲကြပ်ကြီးက လာရင်းကိစ္စကို ပြန်အစဖော်လိုက်သည်။ ဒီတော့မှ အမျိုးသမီးကြီးလည်း ပြန်သတိရသွားပြီး ထိတ်လန့်ချောက်ချားသည့်အသွင် ပြန်ဖြစ်သွားသည်။ ဟိုဟိုဒီဒီ စိတ်မချသလို ကြည့်သည်။ ဒုရဲကြပ်လည်း စတန်းဂန်းကို အသင့်ပြင်ပြီး မျက်ခြည်မပြတ် လိုက်ကြည့်ရပြန်သည်။


“ကျွန်တော်တို့ ရောက်လာပြီပဲ၊ စိတ်မပူပါနဲ့တော့၊ ပြောသာပြောပါ၊ ဘာဖြစ်လို့လဲ”

အမျိုးသမီးကြီးက အသံတုန်တုန်ဖြင့်..

“ကြောက်လို့..”

“ဘာကို ကြောက်တာလဲ”

“သရဲ”

“ဗျာ..”

အမျိုးသမီးကြီးက အဖြစ်အပျက်ကို ပြောပြသည်။ သူသည် အပျိုကြီးဖြစ်ပြီး တူမလေးတစ်ယောက်နှင့်အတူ နေသည်။ တူမလေးက အလုပ်ကိစ္စ ရှိသဖြင့် ခရီးထွက်နေသည်။ အိမ်မှာ သူတစ်ယောက်တည်း ကျန်သည်။ (ဟန်နီဟု အမည်ပေးထားသော ကြောင်ထီးကြီးကလည်း ဘာမှ အားမကိုးရကြောင်း၊ စားဖို့နှင့် ချွဲဖို့သာသိကြောင်းလည်း ထည့်ပြောသေးသည်)


ဒီနေ့ ညဦးပိုင်းတုန်းကတော့ ပျင်းပျင်းရှိတာနှင့် ဗီဒီယိုဇာတ်ကား တစ်ကား ကြည့်သည်။ ခုတစ်လောမှာ နာမည်ကြီးနေတဲ့ သရဲကားဖြစ်၏။ တိုက်ဆိုင်ချင်တော့ ထိုဇာတ်လမ်းမှာ လူပျိုကြီးသရဲက အပျိုကြီးကို လိုက်ခြောက်တဲ့အကြောင်း ဖြစ်၏။ ရိုက်ထားတာ ပညာသားပါသဖြင့် တော်တော် ကြောက်ဖို့ကောင်းသည်။ ထိုဇာတ်ကားကို ကြည့်ပြီးနောက် အပျိုကြီးမှာ ချောက်ချားလာပြီး တစ်ယောက်တည်း မနေရဲတော့။ တံခါးခေါက်သံလိုလို၊ ခြေသံလိုလို၊ ညည်းသံလိုလိုလည်း ကြားရသည်ဟု ဆို၏။


“အဲဒီတော့....”

ရဲကြပ်ကြီးက စကားထောက်ပေးလိုက်တော့..

“ကျွန်မတစ်ယောက်တည်း မအိပ်ရဲဘူး၊ ရှင်တို့ ဒီည အိမ်ရှေ့ခန်းမှာ ထိုင်စောင့်ပေးပါ”

“ဒါကတော့.. အဲ.. ခဏနော်၊ ကျွန်တော် အထက်ကို အစီရင်ခံလိုက်ပါဦးမယ်”


ရဲကြပ်ကြီးက အိမ်ပေါက်ဝဘက် ထွက်သွားပြီး တာဝန်မှူးဆီ ဖုန်းလှမ်းဆက်လိုက်သည်။

“၀၇ ပြောနေတယ်”

“၀၉၂ သတင်းပို့ပါတယ်၊ ရည်မှန်းချက်နေရာကို ရောက်နေပါပြီ”

“ဘာထူးသလဲ”

ရဲကြပ်ကြီးက အဖြစ်အပျက်ကို တင်ပြပြီးနောက်....

“သရဲကြောက်တယ် ဆိုတာကတော့ ရဲအရေးပိုင်တဲ့အမှု မဟုတ်လောက်ဘူးထင်တယ် တာဝန်မှူး”

“ဘာကွ.. မင်းစကားပြောတာ သတိထားပြော၊ ငါတို့ ပြည်သူ့ရဲဆိုတာ လူထုရဲ့ ရုပ်ပိုင်းလုံခြုံရေးသာ မကဘူး၊ စိတ်ပိုင်းလုံခြုံရေးကိုပါ ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ရှိတယ်ဆိုတာ မင်းနားမလည်ဘူးလား”

“ဟုတ်.. အဲဒီတော့....”

“သူပြောတဲ့အတိုင်း ကျေနပ်အောင် လုပ်ပေးလိုက်၊ ဒါပဲ”


ရဲကြပ်ကြီးသည် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။

“အထက်က ခွင့်ပြုချက် ရပါပြီခင်ဗျာ၊ ကျွန်တော်တို့ အိမ်ရှေ့ခန်းမှာ တစ်ညလုံး ထိုင်စောင့်ပေးပါ့မယ်၊ အစ်မကြီး စိတ်ချလက်ချသာ အိပ်ပါတော့”

အမျိုးသမီးကြီးက..

“အင်း.. ကျေးဇူးပဲ၊ ကော်ဖီသောက်ကြပါလား”

“တော်ပြီခင်ဗျ.. ကျွန်တော်တို့ လိုက်နာရမယ့် စည်းကမ်းရှိပါတယ်၊ ပြည်သူလူထုဆီက ဘာမှ စားသောက်ခွင့် မရှိပါဘူး၊ ရေတောင်မှ ကိုယ့်ရေဘူးနဲ့ကိုယ် လာရတာပါ”

“ဒါဆိုလည်း ပြီးရော”


ထိုစဉ် ဒုရဲကြပ်က မနေနိုင်မထိုင်နိုင် မေးလိုက်မိပြန်သည်။

“ဒါနဲ့ အစ်မကြီးရဲ့တူမ ဆိုတာက ခရီးသွားတာ ဘယ်လောက်ကြာမှာလဲ”

“တစ်ပတ်လောက်ကြာမယ် ပြောတယ်၊ ဒီတော့ နောက်ရက်တွေကျရင်လည်း မင်းတို့ပဲ လာစောင့်ပေးပါ၊ မနက်ဖြန် မမှောင်ခင် ရောက်အောင်လာခဲ့”

ဟု ပြောပြီး အိပ်ခန်းထဲ ဝင်သွားသည်။ အတွင်းက တံခါးချက်ချသံကိုလည်း ကြားရသည်။ ဒုရဲကြပ်က သူ့ဆရာကို လှမ်းကြည့်သည်။ ရဲကြပ်ကြီးက ပခုံးတွန့်ပြီး သက်ပြင်းချလိုက်၏။


*     *     *


မီးသတ်ကားတစ်စီးသည် အချက်ပြမီးကို မှိတ်တုတ်မှိတ်တုတ်လုပ်ရင်း ဖြတ်မောင်းသွားသည်။ ကားပေါ်မှာ ပါလာသော တပ်ဖွဲ့ဝင်တွေကလည်း မီးသတ်ဝတ်စုံများကို အပြည့်အဝ ဝတ်ဆင်ထားကြသည်။ တပ်ဖွဲ့ဝင် တစ်ယောက်ဆိုလျှင် ငွေရောင် အပူကာဝတ်စုံကြီးကိုတောင် အဆင်သင့် ဆင်မြန်းထား၏။ တစ်နေရာရာမှာ မီးလောင်နေသောကြောင့် ငြှိမ်းသတ်ရန် သွားနေကြခြင်းမဟုတ်။ ပုံမှန်ဝတ္တရားအတိုင်း ကင်းလှည့်နေခြင်းပင် ဖြစ်၏။


မီးသတ်တပ်ဖွဲ့အနေဖြင့် ဟိုအရင်တုန်းကလို စခန်းမှာ ကျောက်ချထိုင်ပြီး စောင့်နေလို့ မရတော့။ အလှည့်ကျ ကင်းထောက်ထွက်ကြရသည်။ စခန်းမှာလည်း တာဝန်ကျ ကားတစ်စီးပေါ်တွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော တပ်ဖွဲ့ဝင်များက အဆင်သင့် ထိုင်စောင့်နေရသည်။ အရေးပေါ်ကိစ္စ ရှိတာနဲ့ စက္ကန့်ပိုင်းအတွင်း ချက်ချင်းထွက်နိုင်ရမည် ဖြစ်၏။ အထပ်မြင့် အဆောက်အဦးတွေပေါ်မှာလည်း အင်အားကောင်းသော အဝေးကြည့်ကင်မရာများ တပ်ဆင်ထားသည်။ စခန်းရှိ မော်နီတာမှ တစ်ချိန်လုံး စောင့်ကြည့်နေရသည်။


မီးသတ်တပ်ဖွဲ့ဆိုသည်မှာ မီးလောင်လျှင် ရေနဲ့ပက်တဲ့ အလုပ်လောက်ပဲ လုပ်ရတာဟု လူတွေက ထင်ကြသည်။ တကယ်တော့ ဘေးအန္တရာယ်ကျရောက်တဲ့ ကိစ္စမှန်သမျှ မီးသတ် ပါရတာချည်းပါပဲ။ ရေကြီး၊ လေမုန်တိုင်းတိုက်၊ လေယာဉ်ပျက်ကျ၊ ရထားမှောက်၊ သင်္ဘောနစ်၊ ကားတိုက် အသက်ကယ်ရတဲ့ ကိစ္စတွေမှာ အမြဲလိုက်ပြီး ကူညီရသည်။ ဒါနဲ့တောင် တစ်ချို့လူတွေက အကောင်းမမြင်ချင်ကြသေး။

“လာတာ နောက်ကျတယ်”

“မီးသတ်ဖို့ လာတာလား၊ မီးသွေးကောက်ဖို့ လာတာလား”

စသည်ဖြင့် ထေ့ကြ ငေါ့ကြသေးသည်။


လမ်းဆုံတစ်ခုအနီးမှာ ကားရပ်လိုက်သည်။ မြေအောက်ရေလှောင်ကန်နှင့် ဆက်သွယ်ထားသော အရေးပေါ် ရေတိုင်ကီကို စစ်ဆေးသည်။ ရေအပြည့်ရှိကြောင်း မီတာက ပြနေသည်။ ထို့နောက် လမ်းဆုံထောင့်ရှိ စတိုးဆိုင်ထဲသို့ တပ်ဖွဲ့ဝင်တစ်ယောက်က ဝင်သွားသည်။ ဆိုင်ရှင်က “ဘာလဲ” ဆိုသောသဘော မေးငေါ့ပြသည်။ မီးသတ်တပ်ဖွဲ့ဝင်က ဆိုင်ထောင့်တစ်နေရာဆီ လျှောက်သွားပြီး စစ်ဆေးကြည့်သည်။ ထို့နောက် ဆိုင်ရှင်ဘက်လှည့်ပြီး....

“သက်တမ်းကုန်ဖို့ ၁၈ ရက်ပဲ လိုပါတော့တယ်၊ အသစ်တစ်ဘူး လဲပေးခဲ့မယ်နော်”


ဆိုင်ရှင်က စိတ်မပါသလို ပုံစံဖြင့် ခေါင်းညိတ်သည်။ အပိုအလုပ်တွေ ဆိုသော မျက်နှာထားမျိုး ဖြစ်၏။ မီးသတ်တပ်ဖွဲ့ဝင်က ဘူးဟောင်းကို ယူသွားပြီး ကားပေါ်မှ ဘူးသစ်တစ်ဘူး ယူလာသည်။ မူလနေရာမှာ ပြန်တင်ပေးသည်။ ကောင်တာဆီ လျှောက်သွားသည်။ ဆိုင်ရှင်က ငါးရာတန်တစ်ရွက် ပေးသည်။ မီးသတ်ဘူးက ပထမဆုံးတစ်ခါသာ ဝယ်ရသည်။ နောက်ပိုင်း အသစ်လဲလျှင် ဝန်ဆောင်ခ ငါးရာသာ ပေးရသည်။

“ကျေးဇူးတင်ပါတယ်ခင်ဗျာ”

ဟု ပြောရင်း လှည့်ထွက်သည်။ ဆိုင်ရှင်က..

“တစ်ခါမှ မကြားဖူးပါဘူးဗျာ၊ မီးသတ်ကားက ကင်းလှည့်ရတယ်လို့၊ အလကား နိမိတ်မရှိ နမာမရှိ”

ဟု ရေရွတ်လိုက်သည်။ မီးသတ်တပ်ဖွဲ့ဝင်မှာ ဇက်ကလေး ပုသွားရှာ၏။


စတိုးဆိုင်ပိုင်ရှင်သည် နည်းနည်း စိတ်တိုနေသည်။ အရင်ကတော့ သူ့ဆိုင်သည် လမ်းဆုံလမ်းခွမှာ ဖြစ်သောကြောင့် ရောင်းအား အလွန်ကောင်းခဲ့သည်။ သူစီးနေကျ ကားကိုတောင် နောက်ဆုံးထွက်သော မော်ဒယ်အသစ်ကားနှင့် အလိုက်ပေးပြီး လဲစီးနိုင်ခဲ့သည်။


လွန်ခဲ့သော နှစ်ပတ်လောက်ကတော့ သူ့ဆိုင်နှင့် မျက်နှာချင်းဆိုင်မှာ မီနီမတ်ကက်တစ်ခု လာဖွင့်သည်။ ၂၄/ ၃၆၅ ဆိုသော ဆိုင်ဖြစ်၏။ တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ ၂၄ နာရီ ဖွင့်သောဆိုင်။ ထိုဆိုင် ဖွင့်ပြီးကတည်းက သူ့ဆိုင်မှာ ရောင်းအား အတော်ကျသွားသည်။ ထို့ကြောင့် စိတ်မသက်မသာ ဖြစ်နေရ၏။ ဒီအတိုင်းဆိုလျှင် အခွန်ဦးစီးဌာနကိုသာ အားကိုးရဖွယ် ရှိနေသည်။ ခုနောက်ပိုင်း ပြဠာန်းထားသော အခွန်ဥပဒေက တစ်မျိုးဖြစ်၏။ မြတ်လျှင် ကိုယ်က အမြတ်ခွန်ဆောင်ရပြီး ရှုံးလျှင် အခွန်ဦးစီးဌာနက အရှုံးခွန် ပြန်ပေးရလေသည်။


လူနှစ်ယောက် ဆိုင်ထဲဝင်လာသည်။ ဆိုင်ရှင်သည် ပျာပျာသလဲ ထရပ်လိုက်ပြီး..

“ဘာအလိုရှိလို့ပါလဲ”

ဟု မေးပြီး မျက်မှောင်တစ်ချက်ကုပ်ပြီး အကဲခတ်လိုက်သည်။ ဝင်လာသူများမှာ ဝန်ထမ်းယူနီဖောင်းများ ဝတ်ထားသည်။ ရှေ့ကလူမှာ အရာရှိဖြစ်ပြီး တက်ဘလက် ကွန်ပျူတာအိတ်ကို ကိုင်လာသည်။

“ဘာကိစ္စလဲ”

ဆိုင်ရှင်၏ လေသံရော စကားလုံးပါ ပြောင်းသွားသည်။ ပစ္စည်းဝယ်မည့်သူများ ဟုတ်ပုံမရကြောင်း ရိပ်စားမိသောကြောင့် ဖြစ်၏။

“ကျွန်တော်တို့က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနကပါ”

“အဲဒီတော့....”

အရာရှိဖြစ်သူက မျက်နှာကို အချိုသာဆုံးဖြစ်အောင် ပြင်ဆင်လိုက်ပြီး..

“ဟို.. ဒီက အစ်ကိုကြီးအနေနဲ့ ပတ်စ်ပို့များ လုပ်ဦးမလားလို့ပါ”

“ပတ်စ်ပို့ ဟုတ်လား၊ ဘာအတွက် လုပ်ရမှာလဲ”

“သြော်.. နိုင်ငံခြားတွေ ဘာတွေ သွားရင် ပတ်စ်ပို့ အဆင်သင့်ရှိတော့ တစ်ခါတည်း ကောက်ထွက်သွားလို့ ရတာပေါ့”

“နိုင်ငံခြား ဘာသွားလုပ်ရမှာလဲ၊ ဟိုကလူတွေတောင် ဒီကိုလာပြီး လေ့လာနေကြရတာပဲ၊ ပြီးတော့ ပိုက်ဆံလည်း အပို အကုန်မခံနိုင်ဘူး၊ ဈေးရောင်းမကောင်းရတဲ့ ကြားထဲ..”

“ဟာ.. တစ်ပြားမှ မကုန်စေရပါဘူး၊ ဒီလကုန်ထိ ပရိုမိုးရှင်းကာလမို့ အခမဲ့ လုပ်ပေးမှာပါ”

“တော်ပါပြီကွာ၊ အချိန်ကုန် မခံနိုင်ဘူး၊ အလုပ်လည်း မအားဘူး”

“အလုပ် မရှုပ်ပါဘူး၊ နာမည်နဲ့ နိုင်ငံသားကတ်နံပါတ် ပြောရုံပါပဲ၊ ကားပေါ်မှာ ပစ္စည်းကိရိယာ အပြည့်အစုံ ပါပါတယ်၊ ဆယ့်ငါးမိနစ်အတွင်း ပြီးပါတယ်”


ဆိုင်ရှင်က ခေါင်းယမ်းနေပြန်သည်။ နောက်မှပါလာသော ဝန်ထမ်းက..

“ဟိုလေ.. ဟိုကိစ္စ မပြောရသေးဘူး”

 ဟု သတိပေးတော့မှ အရာရှိလုပ်သူက သတိရသွားဟန်ဖြင့်..

“ဟုတ်သားပဲ.. ဒီလိုပါ ခင်ဗျာ၊ ဒီရက်ပိုင်းအတွင်း ပတ်စ်ပို့လုပ်တဲ့လူတွေကို ကံစမ်းမဲ ဖောက်ပေးပါတယ်၊ ကံထူးတဲ့သူတွေကို ဗုဒ္ဓဂါယာဘုရားဖူး စရိတ်ငြိမ်း ပို့ပေးမှာပါ”


ဆိုင်ရှင်သည် စိတ်ဝင်စားဟန် ဖြစ်သွားသည်။ ခဏ စဉ်းစားနေပြီးမှ..

“ကောင်းပြီလေ.. ပတ်စ်ပို့လုပ်မယ်၊ ဒါပေမယ့် ငါ့ဆိုင်က ပစ္စည်းတစ်ခုခုဝယ်မှ လုပ်မယ်”

“ခင်ဗျာ..”

“ဟုတ်တယ်၊ မင်းတို့ ငါ့ဆိုင်က ရေသန့်ဘူးဝယ်မှ ငါလည်း ပတ်စ်ပို့ လုပ်နိုင်မယ်”


အရာရှိက ခေါင်းကုတ်လိုက်သည်။ သူတို့အနေနှင့် လျာထားချက် မပြည့်မီလျှင် အထုခံရတော့မည်။ မတတ်နိုင်ပါဘူး ဆိုပြီး....

“ဟုတ်ကဲ့.. ကောင်းပါပြီ၊ ဝယ်ပါ့မယ်၊ ဘယ်နှစ်ဘူး ဝယ်ရမှာလဲ”

“ခြောက်ဘူး တစ်ကတ်”

“ဟာ.. အဲဒီလောက်တော့ မလုပ်ပါနဲ့၊ ကျွန်တော်တို့က ဝန်ထမ်းတွေပါ၊ ပြီးတော့ ဟိုအရင်ကလို အပိုဝင်ငွေလည်း ရှာလို့ရတာ မဟုတ်ပါဘူး၊ အဲ.... ဒီလိုလုပ်ပါလားခင်ဗျာ၊ ကျွန်တော်တို့က နှစ်ယောက်လာတာဆိုတော့ နှစ်ဘူးဝယ်မယ်လေ”

ဆိုင်ရှင်က အပြင်ကို တစ်ချက်လှမ်းကြည့်ပြီး..

“ကားပေါ်မှာ ယာဉ်မောင်းတစ်ယောက် ပါသေးတယ် မဟုတ်လား၊ ဒီတော့ ရေသန့်ဘူးသုံးဘူး ဝယ်ရမယ်”

“အဲ.. ဟုတ် ဟုတ်၊ ရပါတယ်ခင်ဗျာ၊ ရပါတယ်”


ဆိုင်ရှင်က ဈေးအကြီးဆုံးတံဆိပ် သုံးဘူး သွာယူလာသည်။


*     *     *


တစ်ချို့က ထူးဆန်းသလို လှည့်ကြည့်လှည့်ကြည့် လုပ်သွားသည်။ တစ်ချို့ကတော့ ပြုံးစေ့စေ့။ ခပ်ရဲရဲ ခပ်နောက်နောက် ကောင်မလေးတွေကတော့....

“ပြောင်အောင် လှဲနော်၊ အမှိုက်မစင်ရင် နားရွက်ဆွဲ ထိုင်ထလုပ်ရမယ်.. သိလား”

ဟု မကြားတကြား စသွားကြသည်။


သူသည် ဘယ်သူ့ကိုမှ မကြည့်။ ခေါင်းကြီးငုံ့ပြီး မတ်ရပ် အုန်းတံမြက်စည်းဖြင့် လမ်းတစ်လျှောက် လိုက်လှည်းနေသည်။ အမှိုက်ကလည်း သိပ်များများစားစား ရှိတာတော့ မဟုတ်။ ကြွေကျနေသော သစ်ရွက်တစ်ချို့တလေသာ ရှိသည်။ အမှိုက်မရှိဘဲ လှည်းနေရတာက ပိုပြီးတော့တောင် ကြောင်တောင်တောင် နိုင်နေသေးသည်။


တကယ်တော့ သူသည် သန့်ရှင်းရေး အောက်ခြေဝန်ထမ်း မဟုတ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့မှလည်း မဟုတ်။ မြို့နယ်အုပ်ချုပ်ရေးမှူးသာ ဖြစ်လေသည်။ ဒါဖြင့် ဘယ့်နှယ်ကြောင့် ကိုယ်တိုင်ဆင်းပြီး တံမြက်စည်းလှည်းနေရတာလဲ။ ဒီလိုတဲ့..။


ခုချိန်မှာ လူတွေက ထစ်ခနဲရှိ လျော်ကြေးတောင်းဖို့ပဲ စိတ်ကူးနေကြသည်။ လေမုန်တိုင်းတိုက်လို့ ဓာတ်တိုင်တွေကျိုးပြီး လျှပ်စစ်မီး ခဏပြတ်လည်း လျော်ကြေးတောင်းသည်။ ရထားချိန်နောက်ကျလည်း အလုပ်တွေ နှောင့်နှေးလို့ဆိုပြီး လျော်ကြေးတောင်းသည်။ အင်တာနက်လိုင်းတွေ မကောင်းလည်း လျော်ကြေးတောင်းသည်။ ထိုပြဿနာများကို ဖြေရှင်းဖို့ “လျော်ကြေးဦးစီးဌာန” ဆိုတာကိုတောင် သီးခြားဖွဲ့စည်းပေးထားရ၏။


ဒီအကြောင်းတွေကို သိသောကြောင့် သူတို့ဌာနအနေဖြင့် အစဉ်အမြဲ သတိထားနေရသည်။ လက်အောက်ငယ်သားတွေကိုတောင် စိတ်မချသောကြောင့် သူကိုယ်တိုင် မြို့နယ်အနှံ့ လိုက်လံ ကြည့်ရှုစစ်ဆေးရသည်။ ကာနဲ့သွားတဲ့အခါ သွားသည်။ ကားပေါ်မှာ လျှပ်စစ်စက်ဘီးကလေး တင်သွားပြီး လမ်းကြိုလမ်းကြားဝင်သည်။ တစ်ခါတစ်ရံ လမ်းလျှောက်ရသည်။ ဒီကြားထဲကမှ.... ....


မြို့နယ်ပန်းခြံကို အလှပဆုံး၊ အသပ်ရပ်ဆုံးဖြစ်အောင် လုပ်ပေးထားသည်။ ဆယ့်နှစ်ရာသီပတ်လုံး ပန်းတွေ ဖူးပွင့်နေအောင် စီစဉ်ထားသည်။ ကလေးတွေ ကစားဖို့ ဒန်းတွေ၊ ဆီးဆောတွေ၊ ဝင်္ကပါတွေ စသည်ဖြင့် မျိုးစုံအောင် လုပ်ပေးထားသည်။


ကလေးတွေက ဒါတွေ ကစားရတာ ရိုးအီလာပြီ။ ထို့ကြောင့် သစ်ပင်ပေါ် တက်ဆော့သည်။ ကံဆိုးချင်တော့ သေသေချာချာ စစ်ဆေးထားတဲ့ကြားက သစ်ကိုင်းတစ်ကိုင်းက နည်းနည်း သွေ့ခြောက်နေသည်။ ကျိုးကျပြီး တက်ခွနေသော ကလေးတစ်ယောက် ပြုတ်ကျသည်။ သိပ်မမြင့်လို့ တော်သေးသည်။ သို့တိုင်အောင် ဒူးပြဲသွားသည်။ ခြေထောက်ခေါက်ပြီး အဆစ်ရောင်သွားသည်။


ကလေးမိဘတွေက တရားစွဲ၊ လျော်ကြေးတောင်းသည်။ အခမဲ့ ဆေးကုသခွင့် ရထားသဖြင့် ဆေးဖိုးဝါးခတော့ တောင်းလို့မရ။ သူတို့ အကြောင်းပြတဲ့ စွပ်စွဲချက်ကတော့ ဒဏ်ရာကြောင့် သုံးရက် ကျောင်းပျက်ခဲ့ရသဖြင့် ပညာရေးမှာ ထိခိုက်နစ်နာရခြင်း၊ သစ်ကိုင်းပေါ်မှ ပြုတ်ကျသောကြောင့် ထိတ်လန့်တုန်လှုပ်သွားရခြင်း၊ ကလေးမှာ စိတ်ထိခိုက် ခံစားရခြင်း၊ မိဘများမှာလည်း စိုးရိမ်ပူပန်မှု ဖြစ်ရခြင်း၊ ထိုရက်များအတွင်း ကလေးကို ဂရုစိုက် စောင့်ကြည့်နေရသဖြင့် ကြည့်နေကျ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ သုံးပိုင်းလွတ်သွားရခြင်း.... စသည်ဖြင့်..။


လျော်ကြေးငွေကို ဌာနမှ စိုက်ထုတ်ပေးလိုက်ရသည်။ ပန်းခြံတာဝန်ခံကို မိလ္လာဌာနသို့ ပြောင်းရွှေ့လိုက်သည်။ လစာ နှစ်တိုးတစ်နှစ် ဖြတ်တောက်ခံရသည်။ အုပ်ချုပ်ရေးမှူးမှာလည်း အပြစ်မကင်းဟု သတ်မှတ်သည်။ ထို့ကြောင့် မြို့နယ်ပန်းခြံအတွင်း တစ်ရက်လျှင် သုံးနာရီနှုန်းဖြင့် သုံးရက်တိတိ တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်ရန် ဒဏ်ပေးခံရခြင်း ဖြစ်၏။


သူသည် ခေါင်းကြီးငုံ့ပြီး တံမြက်စည်းလှည်းနေသည်။ ရှက်လှသောကြောင့် မျက်နှာကြီးက နီရဲနေသည်။ ဝတ်စုံပြည့် ဝတ်ထားရသောကြောင့်လည်း လူသိထင်ရှား ဖြစ်နေ၏။ ဒီကြားထဲ မီဒီယာသမားတွေကလည်း တစ်မှောင့်။ ဓာတ်ပုံတွေ ဝိုင်းရိုက်ကြသည်။ ဗီဒီယိုရိုက်ပြီး ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သည်။ ဒီကြားထဲမှာ ခပ်ရဲရဲ သတင်းထောက်မလေး တစ်ယောက်က..

“ခုလိုပေါ့နော်... ပြစ်ဒဏ်ပေးခြင်း ခံရတဲ့အတွက်ပေါ့နော်၊ ဘယ်လိုများ ခံစားရသလဲပေါ့နော်..”

ဆိုပြီး အင်တာဗျူး လာလုပ်နေသေးသည်။


ဒီအချိန်မှာ မီဒီယာသမားတွေက အလွန်လျင်သည်။ ထူးထူးခြားခြား တစ်ခုခု ဖြစ်လိုက်တာနဲ့ ချက်ချင်း ဝိုင်းအုံရောက်ရှိလာတော့တာပါပဲ။ ဘယ်ကဘယ်လို ပေါ်လာမှန်းမသိ။ အမှန်မှာ စီဂျေခေါ် အလွတ်သတင်းထောက်များပင် ဖြစ်၏။


ခုချိန်မှာ မည်သူမဆို ဝါသနာပါလျှင် အလွတ်သတင်းထောက် တစ်နည်းအားဖြင့် အပျော်တမ်းသတင်းထောက် လုပ်လို့ရသည်။ စမတ်ဖုန်းတွေကလည်း လူတိုင်းလိုလိုမှာ ရှိနေသောကြောင့် အဆင်ပြေသည်။ သတင်းထူးတယ်ထင်လျှင် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုရိုက်၊ အဖြစ်အပျက်ကို တတ်နိုင်သလောက်ရေး၊ အသံဖမ်းလို့ရလျှင် ဖမ်းပြီး သတင်းအေဂျင်စီတွေဆီ အင်တာနက်ကတစ်ဆင့် ပို့လိုက်။ ကြိုက်လျှင် ဝယ်သည်။ ထို့ကြောင့် လူအတော်များများက သွားလာတဲ့အခါ အမှတ်တမဲ့ မနေဘဲ သတင်းထူးရမလားလို့ နားမျက်စိကို အမြဲဖွင့်ထားတတ်သည်။


ခုတလောဆို ကလေးသတင်းထောက် ဆိုတာတောင် ခေတ်စားနေသေးသည်။ ကလေးတွေဆိုတော့ သတိမထားမိကြ။ သူတို့ရှေ့မှာ အမှတ်တမဲ့ ပြောချင်တာပြော၊ လုပ်ချင်တာ လုပ်မိတတ်ကြသည်။ ဒီမှာတင်ပဲ လျှို့ဝှက်ချက်တွေ ပေါက်ကြားကုန်တော့တာပါပဲ။


ကင်မရာတွေကလည်း အလွန် အဆင့်မြင့်လာသည်။ မိုင်နဲ့ချီပြီး ဝေးတဲ့နေရာကနေ အနီးကပ် ဆွဲယူရိုက်ကူးနိုင်သည်။ မီဒီယာတွေက မြို့တော်အနှံ့အပြားမှာ ထောင်ချောက်ကင်မရာတွေ တပ်ဆင်ထားသေးသည်။ နာမည်ကြီး ထင်ရှားကျော်ကြားသူတွေ၊ ထိပ်တန်း နိုင်ငံရေးသမားတွေရဲ့ အိမ်တွေ၊ ခြံဝင်းတွေရှေ့မှာ အင်အားကောင်းသော ကင်မရာများကို အသေတပ်ဆင်ပြီး နှစ်ဆယ့်လေးနာရီပတ်လုံး စောင့်ကြည့်နေကြသည်။ ထို့ကြောင့် သူတို့ခမျာ အနေအထိုင် အပြောအဆို မလွတ်လပ်ကြဘဲ အစဉ်အမြဲ သတိထားနေကြရရှာသည်။


ဒီကြားထဲမှာ ကောလဟာလ သတင်းတစ်ခု ထွက်လာသေးသည်။ မီဒီယာသမားတွေက ခွေးတွေ၊ ကြောင်တွေ၊ ငှက်တွေမှာ စပိုင်ကင်မရာ သေးသေးလေးတွေ တပ်ဆင်ပြီး လွှတ်ထားတယ်တဲ့။ ပြီးတော့ လွှတ်တော်အဆောက်အဦးထဲမှာ ကြွက်တစ်ကောင် ဖြတ်ပြေးသွားတာ တွေ့လိုက်တယ်ဆိုသော သတင်း ထွက်ပေါ်လာပြန်သောအခါ ပုဂ္ဂိုလ်ကြီးတွေ တုန်လှုပ်ချောက်ချားကုန်ကြသည်။


မီဒီယာတွေကတော့ အတော် လက်ရဲဇက်ရ နိုင်လာပြီ။ ခုအချိန်မှာ ဟိုးအရင်ခေတ်ဟောင်းတုန်းကလို သေနတ်ကို ကြောက်စရာမလိုတော့။ ကင်မရာကို ကြောက်ရတဲ့ခေတ်ကြီး ဖြစ်နေပြီ။ ထို့ကြောင့် မီဒီယာဥပဒေကို ပြန်လည်သုံးသပ်သင့်သည်ဟု ပြောတဲ့လူက ပြောလာသည်။ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အကန့်အသတ်နှင့်သာ ပေးဖို့ကောင်းသည်ဟု ဝေဖန်တဲ့လူတွေလည်း ရှိသေးသည်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကဆိုလျှင် စာပေစီစစ်ရေးအဖွဲ့ ပြန်လည်ထားရှိပေးရန် လွှတ်တော်မှာ အဆိုတင်သွင်းရတဲ့အထိ ဖြစ်လာသည်။


တကယ်တော့ လွှတ်တော်ကိုယ်စားလှယ်များ ခမျာလည်း သိပ်တော့ မစားသာလှ။ မီဒီယာသမားတွေက ကင်မရာဒေါက်ထောက် ကြည့်နေသလို မဲဆန္ဒရှင် ပြည်သူတွေကလည်း စောင့်ကြည့် အကဲခတ်နေကြသည်။


လွှတ်တော်အစည်းအဝေး ကျင်းပပုံကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပေးသည်။ အင်တာနက်နှင့် ချိတ်ဆက်ထားသောကြောင့် ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများနှင့်လည်း ကြည့်ရှုနိုင်သည်။ ဒါတင်မကသေး၊ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုတင်သွင်းမှုတွေကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း ပြုလုပ်နိုင်သည်။


ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများ၊ ရုပ်မြင်သံကြားစက်များ၏ မျက်နှာပြင်ပေါ်တွင် ထောင့်တစ်နေရာ၌ အမှန်အမှတ်အသားနှင့် ကြက်ခြေခတ် အမှတ်အသားပါသော အကွက်နှစ်ကွက် ပေါ်နေသည်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အဆိုကို အချိန်နှင့်တစ်ပြေးညီ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း ပြုလုပ်နိုင်သည်။ ကြိုက်လျှင် အမှန်ကိုနှိပ်၊ မကြိုက်လျှင် ကြက်ခြေခတ်ကိုနှိပ်။


အဆိုတင်သွင်းနေသော၊ သို့မဟုတ် အဆိုတစ်ခုကို ဆွေးနွေးနေသော လွှတ်တော်ကိုယ်စားလှယ်၏ ရှေ့က ခုံမြင့်ပေါ်မှာ မီးနီသုံးလုံး တန်းလျက်ရှိနေသည်။ သူ့ဆွေးနွေးမှုကို အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုနေသော မဲဆန္ဒရှင်များက ကျေနပ်လျှင်တော့ ကိစ္စမရှိ။ သဘောမကျတာရှိလို့ လှမ်းပြီး ကန့်ကွက်ကြလျှင်တော့ ပြဿနာရှိလာနိုင်သည်။


ကန့်ကွက်သော မဲဆန္ဒရှင် ၂၅% ကျော်သွားလျှင် ရှေ့က မီးနီတစ်လုံး တစ်ဖျပ်ဖျပ် လင်းလာလိမ့်မည်။ ဒါဆို သတိထားပေတော့။ ဆက်ပြောလို့ ကန့်ကွက်သူ ၅၀% ပြည့်သွားလျှင် နောက်ထပ် မီးနီတစ်လုံး လင်းလာလိမ့်မည်။ ဒါဆို အန္တရာယ်ရှိလာပြီ။ အဆိုကို ရုပ်သိမ်းချင်သိမ်း၊ ပြန်ပြင်ချင်ပြင်။ သူ့ဆွေးနွေးမှုအပေါ် လူကြိုက်နည်းလာပြီ။ ဒီလိုမဟုတ်ဘဲ မိုက်မိုက်ကန်းကန်း ခေါင်းမာမာနဲ့ ဆက်တင်နေလို့ ကန့်ကွက်သူ ၇၅% ကျော်သွားပြီဆိုလျှင်တော့ မီးနီသုံးလုံးစလုံး လင်းလာရုံမက အချက်ပေးသံပါ မြည်လာမည်။ ထို့နောက် သူ၏ထိုင်ခုံသည် ကြမ်းပြင်အောက်သို့ အလိုအလျောက် နိမ့်ကျပြီး ဝင်ရောက်ပျောက်ကွယ်သွားလိမ့်မည်။ လွှတ်တော်ထဲမှာ သူ့အတွက် ထိုင်ခုံ မရှိတော့ပြီ။


*     *     *


-------------


အပိုင်း - ၃ ဆက်ရန်


[ မြန်မာဝတ္ထုတိုများပေ့ဂ်ျမှကူးယူပါသည်။ပေ့ဂ်ျအားကျေးဇူးတင်ပါသည်။]



No comments:

Post a Comment