Sunday, 5 May 2019

သူ့လက်ထဲက_ဓား #ညိုထွန်းလူ

#သူ့လက်ထဲက_ဓား


#ညိုထွန်းလူ


‘‘လူမိုက်ဆိုတာ လူလိမ္မာ မဟုတ်လို့ပေါ့ကွာ။ ရှင်းနေတာပဲ။ ဒါပေမဲ့ လူတွေက သဘောမပေါက်ကြဘူး။ လူမိုက်လို့ ပြောလိုက်ကြတာနဲ့ ရုပ်ရည်က ခပ်ကြမ်းကြမ်းရှိပြီး ဓားကိုင်၊ တုတ်ကိုင်လို့ ထိုးဟယ်၊ရိုက်ဟယ် လုပ်တတ်တဲ့သူတွေ ကိုပဲ ပြေးမြင်ကြတယ်။ တကယ်ဆိုရင် မိုက်တာနဲ့ လိမ္မာတာရဲ့ကွာခြားမှုက အသိဉာဏ်အား ကောင်းတာ၊ နည်းတာကြောင့်ပဲ ဥစ္စာ’’


တစ်ချိန်က ဓားသောင်းမြင့်ပြောသည့် စကားကိုကျွန်တော် သတိရနေမိပါ၏။ သူလိုလူမျိုးဆီ က သည်လိုစကားတွေ မထင်မှတ်ဘဲ ကြားလိုက်ရ၍ အံ့သြစရာ ကောင်းသည်။ သူသည် ဓားတစ်ချောင်းကို အမြဲတမ်းကိုယ်နှင့် မကွဲမကွာ ကိုင်ဆောင်ထားသည့် လူမိုက်တစ်ယောက် မဟုတ်ပါ လား။ သူ့ပုံစံက အသားညိုညို လူကောင်သေးသေးမို့ မြင်လိုက်တာ နှင့် အထင်ကြီးစရာ၊ ကြောက်ရွံစရာမရှိ။ လေသံအေးအေးဖြင့် စကားပြောတတ်သည်။ သူ့ဆီက ဆဲဆိုတတ်သည့် အရိုင်းအစိုင်း စကားလုံးတွေကိုလည်း ကြားရခဲသည်။ သို့ရာတွင် သူ့မျက်လုံးတွေ ကတော့ ထူးခြားသည်။ လူတစ် ကိုယ်လုံးကို ထွင်းဖောက်လိုက်သ လိုမျိုးအထိ အကြည့်စွမ်းအား ကောင်းသည်။


တစ်ညနေခင်း လမ်းထိပ်ရှိ သိန်းနိုင်ရဲ့ကွမ်းယာဆိုင်ဆီက ဆူဆူညံညံ အသံတွေကြားရ၍ ကျွန်တော်ရောက်သွားသည်။ ကွမ်းယာဆိုင်နှင့် ဝါးတစ်ရိုက်အကွာမှာ ကောင်လေးသုံးယောက်က ကွမ်းယာဆိုင်ဆီသို့ လှမ်းအော်ဆဲနေ ကြတာကို တွေ့ရသည်။ (၁၈)၊(၁၉)အရွယ်ကောင်လေးတွေ လက်ထဲမှာ တုတ်နှင့် ခဲလုံးတွေ ကိုင် ထားလျက်။ သိန်းနိုင်က ဘာမှမပြော၊ ဆဲဆိုနေသည့် သူတို့ကို လက်ပိုက်၍ အေးအေးဆေး ဆေးကြည့်နေ၏။ ဒီကောင်အကြောင်း ကို ကျွန်တော်သိသည်။ ရန်ဖြစ် လိုက်ပြီဆိုသည်နှင့် ခွပ်ခနဲ အသံနှင့်အတူ တစ်ဖက်လူခမျာ သွေး သံရဲရဲ ဖြစ်သွားသည်အထိ ခြေမြန် လက်မြန် ရှိသည်။ ကွမ်းယာဆိုင် အနားမှာ တဖြည်းဖြည်းလူများ လာ၍ အခြေအနေမမှန်တော့ မှန်းကောင်လေးတွေ ရိပ်မိသွားသည်။ တုတ်ကိုင်၊ ခဲကိုင်ပြီး ဆဲရင်း ဆိုင်ကယ်ပေါ်တက်၍ မောင်းထွက် သွားကြတော့သည်။


 ‘‘ကွမ်းယာလာဝယ်တဲ့ ကောင်လေး တစ်ယောက်ကိုလာ ပြီး ပြဿနာရှာတာလေ။ ဟေ့ကောင်တွေ ရန်ဖြစ်ချင်ရင် တခြားနေရာသွားဖြစ်ကြ၊ ငါ့ဆိုင်ရှေ့လာမဖြစ်နဲ့လို့ ပြောလိုက်တာ နဲ့ ကျွန်တော့်ကို သက်သက်ရန်လုပ်တာ။ ဆေးမူးနေတဲ့ပုံပဲဗျ။ အလကား ကောင်လေးတွေပါ ဗျာ။ တစ်ချက်လောက် အုပ်ထည့်လိုက်ရင်ကို ခွေကျသွားမယ့် ကောင်တွေ။ ရပ်ကွက်ထဲက လူမိုက်အဆင့်လောက်တောင် မရှိဘဲနဲ့  ဝူးဝူးဝါးဝါး လာလုပ်ချင်သေး တယ်’’


သိန်းနိုင်က ကွမ်းယာယာ ပြီး ပေးလိုက်ရင်း ကျွန်တော့်ကို ပြောလိုက်သည်။ လူမိုက်တော့လူမိုက်ပါပဲ။ သို့သော် ရပ်ကွက်ထဲက လူမိုက်အဆင့်လောက် တောင် မရှိတဲ့လူမိုက်တဲ့။ လူမိုက်ကို အဆင့်ခွဲခြားထားသည်လား၊ ပြီးတော့ ရပ်ကွက်ထဲက လူမိုက်ဆိုတာက လူမိုက်တွေထဲမှာ အနိမ့်ဆုံး အဆင့်တဲ့လား။ အိမ်ပြန်ရောက်သည့်တိုင် သိန်းနိုင်ပြောသည့် လူမိုက်အဆင့်တွေအ ကြောင်း ကွမ်းမြုံ့ရင်းတွေးနေမိ သည်။ ထို့နောက်လွန်ခဲ့သည့် နှစ်၂၀ ကျော်က လူမိုက်တွေနှင့် ကျွန်တော်နေခဲ့ရသည့် ရပ်ကွက်လေး ကို ပြန်လည်သတိရလိုက်သည်။ အဲသည်မှာ ဘမြင့်ရှိသည်။ ရွှေဒင်ရှိသည်။ သံလုံးရှိသည်။ ပြီးတော့ ဓားသောင်းမြင့်ရှိသည်။ အားလုံး လူမိုက်တွေချည်း။


ထိုအချိန်က မန္တလေးမြို့၏ အစွန်အဖျားမှာရှိသည့် ရပ်ကွက်လေးထဲမှာ ကျွန်တော်နေခဲ့ရသည်။ ဆင်းရဲသားရပ်ကွက်ဖြစ်၍ အိမ်ကြီး အိမ်ကောင်းတွေ သိပ်မရှိ။ တဲသာသာ အိမ်တွေက တစ်အိမ်နှင့် တစ်အိမ် ထိလုမတတ်ဖြစ်ကာ လေဝင်၊ လေထွက် မရှိအောင် ပြွတ်သိပ်နေပါဘိသည်။ ရပ်ကွက်ထဲက လမ်းကလည်း မကောင်း။ကျောက်ကြမ်းတွေ ခင်းထားသည့်လမ်း။ အနံ့အသက်တွေကလည်း စုံသည်။ ပြောရလျှင်နေချင်စရာ တစ်ကွက်မျှ မရှိပေ။  


သို့ရာတွင် ကျွန်တော် ဘာတတ်နိုင်မည်နည်း။ ရွာကထွက်လာပြီး မန္တလေးမြို့ကြီး၏ ဝမ်းဗိုက်ထဲကို တိုးဝင်ဖို့အတွက် သည်ရပ်ကွက်ထဲမှာပဲ ကိုယ့်ရှိသည့်အားနှင့် ကျောတစ်နေရာစာ ရတာကို ပင် ကျေနပ်စရာကောင်းနေပေပြီ။ မနက်လင်းသည်နှင့် ဖီးဆင့်စက်ဘီးလေးဖြင့် မန္တလေးမြို့ထဲသို့သွားသည်။ နာမည်ကြီးကျူရှင် တစ်ခုမှာ မြန်မာစာ လက်ထောက်ဆရာအဖြစ် စာသင်ပေးရသည့် တာဝန်ကိုယူရသော်လည်း လစာက သိပ်ရတာမဟုတ်။ မည်သို့ပင်ဖြစ်စေ ကိုယ့်လမ်းကိုယ်လျှောက် ၍ ရုန်းကန်နေရသည့်အချိန်မှာ အတိုင်းအတာတစ်ခုအထိ ပြေလည်နေသေး၍ ကျေနပ်စရာပါ ပဲဟု ဆိုရမည်။ မနက်လင်းချိန် ရပ်ကွက်ထဲက ထွက်လာပြီး ညမိုးချုပ်မှ ပြန်လာသည်မို့ ကျွန်တော်နေသည့် ရပ်ကွက်လေးအ ကြောင်း ဘာမျှမသိပေ။ သို့သော်လည်း ရပ်ကွက်လူမိုက်တွေက ကျွန်တော့်ကို သတိထား စောင့်ကြည့်နေခဲ့ကြသည်ဆို၍ အံ့သြ သွားရသည်။


‘‘ကိုယ့်ရပ်ကွက်ထဲ ရောက်လာတဲ့ သူစိမ်းဆိုတော့လည်း ကောင်းမှန်းမသိ၊ ဆိုးမှန်းမသိမို့ စောင့်ကြည့်ရတာပေါ့ ကျောင်းဆရာရယ်။ ဘယ်လိုမှ မအောက်မေ့ပါနဲ့။ အခုတော့ စိတ်ချသွား ပါပြီ’’


လူမိုက်ဘမြင့်က ကျွန်တော့် ကို ကျောင်းဆရာဟု ခေါ်သည်။ အစိုးရကျောင်းမှာ စာသင်သည့် ဆရာမဟုတ်ကြောင်း၊ ကျူရှင်မှာ စာသင်သူသာဖြစ်ကြောင်း ရှင်းပြသော်လည်း သူတို့အားလုံးကကျွန်တော့်ကို ကျောင်းဆရာဟုသာ ခေါ်ကြ၏။ ရပ်ကွက်ထဲမှာ အနည်းငယ် အနေကြာလာတော့ အားလပ်သည့်ရက်မျိုးမှာ ရပ်ကွက်ထိပ်က ကိုကံကြီးလက်ဖက် ရည်ဆိုင်မှာ ထိုင်ဖြစ်သည်။ လက်ဖက်ရည်ဆိုင်ဟု ဆိုရသော်လည်း စားပွဲဝိုင်းလေး၊ ငါးဝိုင်းသာ ရှိသည်။ ဆေးဆိုးထားသည့် လက်ဖက်ရည် ချိုချိုရဲရဲသည် ကိုကံကြီး၏ အကောင်းဆုံးလက်ရာဟု ဆိုရမည်။ ဆိုင်အခင်းအကျင်း မကောင်း၊ လက်ဖက်ရည်ဆိုင်၏ အင်္ဂါရပ်တွေနှင့် မပြည့်စုံသော်ငြား သည်ဆိုင်လေးက ပေါ့သေးသေးမဟုတ်ပေ။


သည်ဆိုင်လေးမှာ ရပ်ကွက်ထဲက လူငယ်တွေ ဝင်ချည် ထွက်ချည်။ လက်တောက် ခုံတောက်သူ၊ချဲတွက်ကြသူတွေကိုတော့ အမြဲလိုလို တွေ့ရစမြဲ။ ဘမြင့်၊ ရွှေဒင်၊သံလုံးတို့လည်း ရှိသည်။ အမှန်တော့ သည်ဆိုင်လေးသည် ရပ်ကွက်လူမိုက်တွေရဲ့ အလုပ်စခန်းဖြစ်၏။ ရပ်ကွက်ထဲမှာ ဂျင်ဝိုင်းနှင့် ဖဲဝိုင်းလို လောင်းကစားဝိုင်းတွေ၊ အရက်ပုန်း ရောင်းသူတွေစသဖြင့် တရားဥပဒေနှင့် မကင်းတာတွေရှိနေသမို့ ဖမ်းဖို့၊ ဆီးဖို့ ရဲတွေလာလျှင် သည်ဆိုင်လေးမှာပဲ ရပ်ကွက်လူမိုက်တွေနှင့် ညှိကြ။ ထို့နောက် လိုင်းကြေးယူပြီး ပြန်သွားရသည်။အဲဒါကို ရဲကဝေစားမျှစား မလုပ်ဘဲ ဖမ်းမည်ဆိုပါအံ့၊ တစ်ခုမျှ ဖမ်းမမိလိုက်သည့်အပြင် အဆင်မသင့်ပါက လက်သည်မပေါ်ဘဲ အရိုက်ခံရနိုင်သည်။ ရပ်ကွက်ထဲက တရားဥပဒေနှင့် မကင်းသည့် လုပ်ငန်းအချို့ကိုဘမြင့်တို့လို လူမိုက်တွေက အကာအကွယ် ပေးထားသည်။ တစ်ခုတော့ အံ့သြစရာကောင်းသည်။ ရပ်ကွက်ထဲမှာ ပြည့်တန်ဆာ အိမ်မရှိ၊ မူးယစ်ဆေးဝါး အရောင်းအဝယ် မလုပ်။ ခပ်ရိုင်းရိုင်း ပြောရလျှင် ဖာတွေ၊ ဖိုးတွေ၊ ဆေးပြားတွေ မရှိ။


‘‘ကျုပ်တို့ရပ်ကွက်က မဟုတ်တာ လုပ်ပေမယ့်  မကောင်းတဲ့မိန်းမတွေကို အလာမခံဘူး ကျောင်းဆရာရဲ့။ ကိုယ့်ရပ်ကွက် ထဲက မိန်းကလေးတွေပါ မဆီမဆိုင်နဲ့ နာမည်ပျက် သွားနိုင်တယ်လေ။ နို့ပြီး နံပါတ်ဖိုးတို့၊ ဆေးပြားတို့လိုဟာမျိုးတွေ ရောင်းရင်လွယ်လွယ်နဲ့ သူဌေးဖြစ်မယ်မှန်း သိသားပဲ။ ကိုယ်သူဌေးဖြစ်ပေမယ့် မူးယစ်ဆေးစွဲကုန်ကြရင် လူတွေဘဝ ပျက်ကုန်ကြမှာကိုး။ တစ်ရပ်ကွက်လုံး ဒုက္ခရောက်မှာဆိုတော့ အဲဒီမျိုး အဖြစ်မခံရဲဘူး။ တစ်လောက ကောင်လေးနှစ်ယောက် ဆေးပြားတွေနဲ့ တွေ့တယ်။ စမ်းလုပ်ကြည့်ကြဟန် တူပါရဲ့။ အဲဒီတော့ ဘမြင့်တို့၊ ရွှေဒင်တို့ လက်ထဲ အပ်လိုက်ရတာပေါ့။ သူတို့က ဒီကောင်လေးတွေကို ကောင်းကောင်း ဆုံးမပေးလိုက်ကြတယ်။ နောက်မလုပ်ရဲတော့ဘူး။ လုပ်ရဲလည်း လုပ်ကြည့်လေ။ ရပ်ကွက်ထဲကနေ အသေထွက်မလား၊ ဖွတ်ဖွတ်ကြေ အရိုက်ခံရပြီး အသက်ရှင်ရုံလေးနဲ့ ထွက်သွားချင်တာ လား ကြိုက်တာတွေ ရွေးကြပေါ့’’


လက်ဖက်ရည်ဆိုင် ပိုင်ရှင်ကိုကံကြီးက ပြောပြလိုက်၍ ကျွန်တော်အံ့သြသွားရသလို သဘောကျသွားမိသည်။ ရပ်ကွက်ထဲမှာ အများမကြိုက်သည့် လုပ်ငန်းအချို့ ရှိသည်။ သို့သော် လူ့အဖွဲ့အစည်းနှင့် လူ့မျိုးဆက် တစ်ခုလုံးအတွက် အန္တရာယ်ဖြစ်စေတာမျိုးကိုတော့ ရှောင်ကြဉ်ထားတာမို့ ချီးကျူးစရာ ကောင်းသည်။ လူမိုက်ဟုဆိုရသော်လည်း ရပ်ကွက်ထဲ မှာ သည်လိုလူမိုက်တွေ ရှိနေ၍ရပ်ကွက်မနာ။ သူတို့နည်းသူတို့ ဟန်နှင့် ရပ်အကျိုး၊ ရွာအကျိုးကို ဆောင်ရွက်နေသည်ဖြစ်၍ ဆိုး တာတွေကိုတော့ ခြွင်းချက်ထား ရပေတော့မည်။


ဘမြင့်၊ရွှေဒင်၊ သံလုံးဆိုသည့်ရပ်ကွက်ထဲက လူမိုက်သုံး ယောက်။ မြင်လိုက်တာနှင့် လူမိုက်မှန်း သိသာသည်။ တကယ်လည်း မိုက်ကြသည်။ တခြားနေရာမှ လူမိုက်တွေ ရပ်ကွက်ထဲသို့ မလာရဲလောက်အောင် အရှိန်အဝါကြီးသည်။ ထောင်ဆိုတာ သူတို့အတွက် အထူးအဆန်း မဟုတ်တော့။ ရဲက အမှုလိုချင်လျှင် သူတို့နှင့်ညှိရသည်။ သည်တော့ ရပ်ကွက်ထဲက အရက်ပုန်းရောင်း တာကို အဖမ်းခံပြပြီး တစ်ယောက်ယောက်က အစားတရားခံအဖြစ် နှင့် ထောင်ကျခံလိုက်သည်။ သူတို့သုံးယောက်စလုံး ထောင်နှင့် ရပ်ကွက်ကို ကူးချည် သန်းချည် လုပ်နေကြတာတွေက အကြိမ်မည်မျှ ရှိမှန်းတောင်မသိ။ သို့ရာတွင် ထောင်ကျခံသူတွေထဲမှာ ဓားသောင်းမြင့် မပါ၍ ကျွန်တော့်စိတ်ထဲမှာ အနည်းငယ် ထူးဆန်းနေမိသည်။ ဓားသောင်းမြင့်က ဘယ်လိုလူမိုက်မျိုးလဲ၊ ဘယ်လိုကြောင့် ဓားသောင်းမြင့်ဟု ခေါ်ကြသလဲ။ အမှန်တော့ သူသည် နေ့စဉ်မြို့ထဲနေရာအနှံ့သွား၍ ဓားတွေ၊ ကတ်ကြေးတွေ သွေးပေးပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူတစ်ဦးဖြစ်သည်။ သွပ်နန်းကြိုးဆွဲထား သည့် ပုံးအလွတ်ထဲမှာ ဓားသွေး ကျောက် ရှိသည်။


ဓား၊ ကတ်ကြေး သွေးချင်သည့် အိမ်မှာ ဓားသွေးကျောက်ကို ထုတ်ပြီး ရေပုံးထဲရေထည့်ကာ အိမ်ရှင်စိတ်တိုင်းကျ ဓားတွေ၊ ကတ်ကြေးတွေကို သွေးပေးမည်။ သည်မှာပင် ဓားတွေ၊ ကတ်ကြေးတွေ သွေးတာ ဘာများခဲယဉ်းလို့ လဲဟု တွေးနိုင်သည်။ မည်သည့် အလုပ်မဆို အတတ်ပညာရှိမှ ကျွမ်းကျင်သည်။ ဓားသောင်းမြင့် ကတော့ ဓားသွေးသည့်နေရာမှာ အထူးစပယ်ရှယ်။ လေး၊ ငါးမိနစ် လောက်ဖြင့် ထက်မြက်သည့် ဓားတစ်ချောင်းဖြစ်အောင် သွေးနိုင် သည်။ ဒါကြောင့်လည်း ဓားသောင်းမြင့်ဟု ဒီပလိုမာတစ်ခု ရခဲ့ဟန်တူ၏ ။ ထို့ပြင် ကြိမ်တွေ ကွပ်ထားသည့် ဓားအိမ်ထဲကို ဓားမြှောင်တစ်ချောင်း ထည့်ပြီး ခါးကြားမှာ အမြဲထိုးထားတာကြောင့် လည်း  သူ၏အမည်သညာ ခေါ်စရာ ဓားသောင်းမြင့်သည် ပိုမိုထင်ရှား လာခဲ့ဟန်တူသည်။ အစကနဦး တုန်းကတော့ ဓားသောင်းမြင့် ဆိုတာ တကယ့်လူမိုက်ကြီးဟု ထင်မှတ်ခဲ့သည်မို့ တေ့တေ့ဆိုင် ဆိုင် တွေ့လိုက်ရတော့မှ အထင်နှင့် အမြင် လွဲသွား၍ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သို့ရာတွင်ဓားသောင်းမြင့်ကို ရပ်ကွက် လူမိုက်တွေကလည်း လေးစားကြ၍ အံ့သြစရာ ကောင်းနေပြန်သည်။ လျှို့ဝှက်ချက် တစ်ခုခုတော့ ရှိလိမ့်မည်ထင်သည်။ လက်ဖက်ရည်ဆိုင်မှာ သူနှင့် ပထမဆုံးအကြိမ် ဆုံခဲ့တာကို သတိရမိသည်။ ဆိုင်ပိုင်ရှင် ကိုကံကြီးက မိတ်ဆက်ပေးတော့ စာသင်တာကောင်းတဲ့ အလုပ်ပါကွာဟု မှတ်ချက်ပြုရုံမှလွဲပြီး တခြားစကားမဆို။ ကျွန်တော်လည်း ဘာပြောရမှန်း မသိ။ စားပွဲပေါ်မှာ ချထားသည့် သူ့ဆောင်ဓားလေးကိုပဲ ငေးမောနေမိသည်။ သို့ဖြင့် ကျွန်တော်တို့ နှစ်ယောက်တွေ့ဆုံခန်းသည် ခြောက်ကပ်ကပ် နှင့် ပြီးဆုံးသွားခဲ့သည်။ ဒါက ဓား၊ကတ်ကြေးသွေးသူ တစ်ယောက်ကို ကျွန်တော်က အထင်မကြီးတာ ကြောင့်လည်း ဖြစ်နိုင်သည်။


သူ့ကို အများခေါ်သလို ကိုကြီးသောင်းဟု ခေါ်ခဲ့သော် လည်း ဟက်ဟက်ပက်ပက် မရှိ။ သို့သော် တစ်နေ့တော့ သူ့အကြောင်းကို ပြည့်ပြည့်စုံစုံ သိရတော့မှ ကျွန်တော့်အမြင်တွေ ပြောင်းလဲသွားရတော့သည်။ လူသတ်မှုဖြင့် ထောင်နှစ်ရှည် ကျခဲ့သည်တဲ့။ လူတစ်ယောက်ကို ဓားနှင့် တစ်ချက်တည်း ထိုးပြီး အသေသတ်လိုက်၍ ထောင်လောကမှာ ဓားသောင်းမြင့်ဟု အမည်တွင်ခဲ့ သည်ကော။


‘‘ဘယ်လောကမဆို သူ့အဆင့်နဲ့သူ ရှိကြတာ ကျောင်းဆရာရဲ့။ နိမ့်တဲ့သူက မြင်တဲ့သူကို လေးစားရစမြဲပေကိုး’’ ။ ကိုကံကြီးစကားတွေက ဓားသောင်းမြင့်အပေါ် အထင်အမြင်သေးချင်သည့် ကျွန်တော့်အား သတိပေးနေသည်လား ထင်မှတ်ရသည်။ ရပ်ကွက်ထဲက ကိစ္စတွေအားလုံး ဓားသောင်းမြင့်စီစဉ်မှုအောက်မှာ ရှိသည်ဆို၍ အံ့အားသင့်သွားရပြန်သည်။ သည်လိုဆို သူက ဘယ်လိုကြောင့် အပင်ပန်းခံပြီး မြို့ထဲထွက်၍ ဓားတွေ၊ ကတ်ကြေးတွေ သွေးနေရပါသနည်း။ ဆရာကြီးအဆင့်မို့ မိုက်ကြေးခွဲတမ်း ယူရင်ကော မရပေဘူးလား။ ဆောင်ဓားတစ်ချောင်း ကိုယ်နှင့်မကွာ အမြဲတမ်း ရှိနေတာကိုလည်း ကျွန်တော် နားမလည်နိုင်ပါ။ ရန်ငြိုး ရန်ဘက်တွေကြောင့် လူနှင့် ဓားအမြဲ ပူးကပ်နေလေရော့သလား မပြောတတ်။ မည်သို့ပင်ဖြစ်စေ ကျွန်တော် အထင်မသေးဝံ့တော့ပြီ။ သည်အကျိုးဆက်က သူနှင့် ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ရင်းနှီးနွေးထွေးမှု တိုးပွားသွား စေခဲ့သည်။


 လူ့စိတ်သဘောကလည်း ဆန်းကြယ်လှသည်။ သည်ရပ်ကွက်လေး ရောက်ခဲ့စဉ်က အခိုက်အတန့် နေစရာ၊ ခိုစရာအတွက် လောက်သာ တွေးသည်။ ယခုတော့ ကျွန်တော့်စိတ်တွေ မသိမသာ ပြောင်းလဲလာ၍ အံ့သြနေရ သည်။ ရပ်ကွက်ထဲက အားနည်းချက်တွေကို လျစ်လျူရှုတတ်လာ ခဲ့ပြီ။ အလုပ်မှ အိမ်ပြန်ချိန်စောလျှင် ကိုကံကြီး လက်ဖက်ရည်ဆိုင် မှာ ဘမြင့်တို့ လူမိုက်တွေနှင့် ရင်းရင်းနှီးနှီး နေဖြစ်သည်။ ရပ်ချစ်စိတ်၊ ရွာချစ်စိတ်တွေ ကျွန်တော့်ရင်ထဲရောက်လာခဲ့ပြီ ထင်သည်။ အဲသည်လိုဆိုလျှင် နောင်တစ်ချိန်မှာ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးစိတ် တွေ တိုးပွားလာမည်ဟု ကျွန်တော်ပြောရဲသည်။ ဘမြင့်တို့၊ ရွှေဒင်တို့က ရပ်ကွက်လူမိုက်တွေဟု ဆိုရသော်လည်း သူတို့နှင့် ထဲထဲဝင်ဝင် ပေါင်းကြည့်လိုက်မှ သူတို့စိတ်ဓာတ်တွေကို နားလည်သွားသည်။ သူတို့သည် ကိုယ့်ထက်အားနည်းသူကို မိုက်ဂုဏ်ပြပြီးအနိုင်မကျင့်။ ဘဝပေး အခြေအနေအရ လူမိုက်ဖြစ်ခဲ့သော်လည်း ယုတ်မာညစ်ပတ်သည့် စိတ်တွေ တစ်ရွေးတစ်စေ့မျှ မရှိကြ။ လူ့လောကတွင် လူမိုက်ဆိုတာ မကောင်းသော်လည်း လူယုတ်မာတွေနှင့် နှိုင်းယှဉ်လျှင် လူမိုက်တွေရှိတာက တော်သေးသည်ဟု ကျွန်တော်ထင်သည်။


ဓားသောင်းမြင့်ကိုတော့  အကဲခတ်ရ ခက်သည်။ လူသတ်မှုဖြင့် ထောင်ကျခဲ့တာက လွဲ၍ သူ့အကြောင်းကို မည်သူမျှ ပြည့်ပြည့်စုံစုံ မသိကြ။ လူတစ်ယောက် အဆင့်အတန်းကို စကားပြောပုံ ဆိုပုံနှင့် ယေဘုယျ ခန့်မှန်းနိုင်သည်။ ဓားသောင်းမြင့်က အခြားလူမိုက်တွေနှင့် ရောထွေးပြီး ထင်မြင်ရသည့် လူမျိုးမဟုတ်။ ခင်မင်ရင်းနှီးမှ စကားတွေပြောတတ်သည်။


‘‘ဦးချိုရှိတဲ့ သတ္တဝါက ဦးချိုကို အားကိုးသလိုပေါ့။ လူတွေလည်းဒီအတိုင်းပဲ ကျောင်းဆရာရေ။ ပညာတတ်တဲ့ သူတွေကသာ သူတို့ရဲ့ ဉာဏ်ပညာနဲ့ ဘဝကို တည်ဆောက်ကြပေမယ့် ပညာမဲ့တဲ့သူ ပြောရရင် လူမိုက်တွေပေါ့ကွာ။ တချို့က သူ့ရဲ့ခန္ဓာကိုယ် သန်စွမ်းတာကို အားကိုးတယ်။ တချို့ကျတော့လည်း ဓားတို့၊ တုတ်တို့၊ သေနတ်ရှိရင် သေနတ်ပေါ့။ ဒါပေမဲ့ မိုက်ကြတာချင်းအတူတူ သတ္တိလေးတော့ နည်းနည်းရှိမှ ဖြစ်တာကွ။ တချို့က ကိုယ့်လက်ထဲက ရှိတဲ့ပစ္စည်းနဲ့ ဟိတ်ဟန်ထုတ်နေကြတာ။ ပြန်တွယ်လိုက်ရင် ပြေးကရော။ မင်းကိုငါမေးမယ်။ ဓားတွေ၊ တုတ်တွေ၊ သေနတ်တွေ ကိုင်ထားသူတွေထဲမှာ ဘယ်သူ့ကို အကြောက်ဆုံးလဲ’’


‘‘ကိုကြီးသောင်းနှယ် စဉ်းစားစရာ လိုသေးလို့လား။ သေနတ်ကိုင်ထားတဲ့ သူကိုအကြောက်ဆုံးပေါ့။ သေနတ်နဲ့ ပစ်ထည့်လိုက်ရင် မလွယ်ဘူး။ ဓားတွေ၊ တုတ်တွေက ရှောင်လို့ရသေးတာလေ’’


သူက ကျွန်တော့်ကိုကြည့်ရင်း ဟက်ခနဲ ရယ်လိုက်သည်။ပြီးမှ‘‘လူတွေ အကြောက်မှားနေ တာ အဲဒါပဲကွ။ သေနတ်ဆိုတာ ဒီအတိုင်း သူ့ချည်း အသုံးချလို့ရတာမှ မဟုတ်ဘဲ။ ပစ်လို့ရမယ့် ကျည်ဆန်လည်း ရှိဦးမှကိုးကွ။ နောက်ပြီးတော့ ကျည်ဆန်ဆိုတာကလည်း သူ့အမျိုးအစားနဲ့ သူလကွာ။ ခြောက်လုံးပြူး ကျည်ဆန်ကို ရိုင်ဖယ်သေနတ်ထဲ ထည့်ပစ်လို့ရမလား။ ပစ်ကြခတ်ကြလို့ ကျည်ဆန် ကုန်သွားပါပြီတဲ့။ မင်းသေနတ်က ဘာများအသုံးချလို့ ရသတုံးကွာ။ ငါပြောတာ ဟုတ်ရဲ့လား’’


ဤကား လူမိုက်တစ်ယောက်၏ အမြင်ဖြစ်သည်။ သူပြောတာ ဟုတ်သလိုလိုမို့ ကျွန်တော်မငြင်းနိုင်ပါ။ စားပွဲပေါ်မှာ တင်ထားသည့် သူ့ဓားလေးကိုသာ ငေးမောနေမိသည်။ ဓားသည် မကြာခဏ သွေးထားသောကြောင့် ဝင်းလက်နေပြီး ချွန်မြနေသည်။ ဧကန္တ သူကဓားကို အားကိုးသည့်ဓားသမားမို့ သေနတ်ကိုင်သူတွေ အပေါ် အမြင်စောင်းနေပုံရသည်။ သတ္တိမရှိလို့ သေနတ်ကိုင်ကြတာ ပါကွာဟု ဆိုလိုက်ချေသေးသည်။ မည်သို့ပင်ဖြစ်စေ သေနတ်ဆိုတာကို ကျွန်တော်ကြောက်နေမိသည်။ သေနတ်ကြောက်သူက လည်း သည်ရပ်ကွက်ထဲမှာ ကျွန်တော်တစ်ယောက်တည်း ရှိမည်လား မပြောတတ်။


ညနေခင်းတစ်ရက် ကျွန်တော်တို့ ရပ်ကွက်ထဲသို့ ရဲတွေ၊စစ်သားတွေ ရောက်လာကြသည်။ ထောက်လှမ်းရေးတွေလည်း ပါသည်။ အဖျက်သမားအချို့ ရပ်ကွက်ထဲမှာ ပုန်းအောင်းနေသည့် သတင်းကြားရ၍ဟု သိရသည်။ အဖျက်သမားလို့ ဆိုပါကလား။ သူတို့ကတော့ သူတို့အာဏာကို ထိသူမှန်သမျှ အဖျက်သမားဟု တံဆိပ်ကပ်လိုက်ကြပြီး နိုင်ငံရေးသမားတွေကို ဖမ်းတော့သည်။ တကယ်တော့ တိုင်းပြည်ကောင်းရာ ကောင်းကျိုးနှင့် လူ့လောက၏ ကောင်းရာကောင်းကျိုးကို ဖျက်ဆီးသူမှန်သမျှ အဖျက်သမားတွေ သာ ဖြစ်သည်။ သို့သော် အကြောက်တရားတွေ ဖုံးလွှမ်းနေသည့် အချိန်မျိုးမှာ ကိုယ့်အမြင် သဘောထားကို အသံမထွက်ရဲပေ။


ထိုနေ့က အဖြစ်အပျက်ကိုတွေးမိတော့ အနည်းငယ် ကျောချမ်းနေမိသည်။ တစ်ရပ်ကွက်လုံး ကို ဝိုင်းထားပြီး တစ်အိမ်တက်၊ ဆင်း စစ်ဆေးသည်။ သေနတ်ကြီး တကားကားနှင့် ဟန်ရေးပြနေသူတွေနောက်သို့ ကလေးတွေက လည်း အကြောက်အလန့်မရှိ တကောက်ကောက် လိုက်နေကြသည်။ ခွေးဟောင်သံတွေက လည်း တစီစီ။ ထိတ်လန့်ချောက်ချားစရာ ကောင်းသည်။ ဓားသောင်းမြင့်ကတော့ အေးအေးဆေးဆေး ပင်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းဆေးလိပ်ဖွာ မပျက်။


‘‘ကြောက်မလားလို့ အလကားခြောက်ပြနေတာကွ။ အနားကပ်ပြီး ဓားနဲ့ထိုးလိုက်ရင် သေနတ်ပစ်ချိန်တောင်ရမှာ မဟုတ်ဘူး’’ဟု ပြောလိုက်၍ ကျွန်တော် မျက်လုံးပြူးသွား၏။ ပုံမတော် နားစွန် နားဖျားကြားသွားလျှင် ခက်ချေပေါ့။ နှစ်နာရီလောက်အကြာ ရှာဖွေပြီးနောက် ပြန်သွားကြတော့မှ ဟင်းချကာ လွတ်လွတ်လပ်လပ် အသက်ရှူနိုင်တော့သည်။


‘‘ခက်ပါဘိ ကျောင်းဆရာ ရယ်။ ကိုယ့်ဘက်က မှန်နေရင်ဘာကြောက်စရာ လိုမှာလဲ။ ကြောက်သင့်တာမှ ကြောက်ရမှာပေါ့။ မြင်မြင်သမျှ လှိမ့်ကြောက်နေရရင် သေတာမှ တော်ဦးမယ်’’


ကြောက်စိတ်နှင့် ချွေးပြန်နေသည့် ကျွန်တော့်ကို လေသံအေးအေးနှင့် ပြောလိုက်သည်။ ကိုယ့်ဘက်က မှန်နေရင်  ဘာကြောက်စရာ လိုမှာလဲဆိုသည့်စကားက ကျွန်တော့်ရင်ထဲသို့ ရိုက်ခတ်သွားသည်။ အမှန်တရားကို မြတ်နိုးခြင်းသည် ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားရသည်။ ခက်တာက အကြောက်တရားတွေ အောက်မှာ ကြီးပြင်းလာသည်မို့ ကြောက်ရွံ့စိတ်တွေက ရှိနေဆဲ။


တစ်နေဝင် တစ်နေထွက်  အချိန်နာရီတို့သည် ပုံမှန်အတိုင်းပျံသန်းနေလျက်။ ပြက္ခဒိန်ရွက်တွေ တဖြုတ်ဖြုတ် ကြွေသွားခဲ့ သည်။ နှစ် ၂၀ ကျော်ဆိုသည့်ကာ လအတိုင်းအတာသည်  ဘာမျှမ ကြာလိုက်။ မနေ့တစ်နေ့ကလိုထင်ရသည်။ စီးပွားရေးခိုင်မာ ပြီး ကိုယ့်အိုးကိုယ့်အိမ်နှင့် နေနိုင်သော်လည်း တစ်ခါတစ်ခါတော့ အတိတ်နောက်ကြောင်းပြန်၍ တစ်ခဏတာ ခိုနားခွင့်ရသည့် ရပ်ကွက်လေးကို ပြန်လည်သတိရ မိသည်။ အသက်အရွယ်နှင့် အတွေ့အကြုံတွေကြောင့် လောကသဘောကို အမှန်အတိုင်းရှုမြင်တတ်ခဲ့ပြီ။ ထိုအခါ တစ်ချိန်က ထိတ်လန့်ကြောက်ရွံ့ခြင်းတွေနှင့် လုံးထွေးနေခဲ့ရသည့် ကိုယ့်အဖြစ် ကို သတိရပြန်တော့ ပြုံးမိလိုက် ပြန်သည်။ အတိတ်မြင်ကွင်းများ သည် စိတ်အာရုံထဲက ပုံရိပ်များသာ ဖြစ်သည်။ တချို့က မှုန်မှုန်ဝါးဝါး။ တချို့ကတော့ ဇာတ်စင်ပေါ်မှာစပေါ့လိုက်ထိုးထားသလို ထင်ထင်ရှားရှား ရှိနေဆဲ။ ဓားသောင်းမြင့်ကတော့ ယနေ့အချိန်အထိ သက်ရှိဇာတ်ကောင် တစ်ဦးလိုပုံရိပ်တွေထဲမှာ တွေ့မြင်နေရသေးသည်။ လွန်ခဲ့သည့် ငါးနှစ်လောက်က သူနှင့်တွေ့၍ လက်ဖက်ရည်ဆိုင်မှာ အေးအေးဆေး ဆေး စကားပြောဖြစ်ကြသည်။ သူလည်းရပ်ကွက်လေးထဲမှာ မနေတော့။ ကျေးရွာတစ်ရွာက မူလတန်းကျောင်း တစ်ကျောင်းမှာ စာသင်နေသည်ဆို၍ ကျွန်တော့်မှာ ဗျာခနဲ။


‘‘အံ့သြသွားသလား ကျောင်းဆရာရဲ့။ ကိုယ်ကဟိုတုန်းက တည်းက ကိုယ့်ရွာက ကျောင်းမှာမူလ တန်းပြဆရာလေ။ အဲဒီမှာတစ်နေ့ တော့ လူတစ်ယောက်နဲ့ စကား များပြီး ဓားနဲ့ အသေထိုးသတ် လိုက်မိတယ်။ ဘာဖြစ်လို့ ဓားနဲ့ ထိုးသတ်မိသလဲဆိုတာ မေးမနေနဲ့တော့။ ဖျတ်ခနဲ ဒေါသကြောင့် မိုက်မိတာပဲ ဆိုကြပါစို့ကွာ။ ထောင်ကျပြီဆိုတော့ ဘဝဆုံးသွားပြီ။ လူလိမ္မာကနေ လူမိုက်အဖြစ်ကို ရောက်သွားပြီ။ ဒါပေမဲ့ ကံကောင်းသွားတာက ထောင်ထဲမှာ နိုင်ငံရေးသမားတွေနဲ့ အတူနေခွင့်ရခဲ့ တယ်။ သူတို့ပြောတာတွေလည်း နားထောင်ဖြစ်၊ ထောင်ထဲရောက် လာတဲ့ စာအုပ်တွေလည်း ဖတ်ဖြစ်။ ပြောမယ်ဆိုရင် ထောင်ဟာ ငါ့အတွက် စာသင်ခန်းလိုပဲကွ။ အဲဒီတော့မှ လောကဆိုတာ သင်ယူစရာတွေ ပြည့်နှက်နေတာပါ လား။ ဘယ်နေရာမဆို သင်ယူလို့ ရတယ်။ သင်ယူတတ်ဖို့ပဲ လိုတယ်ဆိုတာ သဘောပေါက်လာခဲ့ တယ်။ စာဖတ်တော့ သူများထက် နည်းနည်းအသိ ပိုလာတာပေါ့’’


‘‘ကျွန်တော်ထင်တော့ ထင်သားဗျ။ ကိုကြီးသောင်းဆီက ကြားရတဲ့စကားတွေက ထူးဆန်းနေတယ်လို့ပေါ့။ အများနဲ့ မတူဘူး လေ။ ဒါနဲ့မေးရဦးမယ်။ ကိုကြီးသောင်းက ထောင်ထဲက ထွက်လာပြီး ဘာဖြစ်လို့ လူမိုက်ဘမြင့်တို့နေတဲ့ ရပ်ကွက်ထဲ လာနေရတာလဲ။ အခုမှတော့ ကျွန်တော် အားမနာတော့ဘူး။ မေးချင်တယ်ဗျာ။ ဓားတစ်ချောင်းဆောင်ပြီး ဓားသောင်းမြင့်ရယ်လို့ လူမိုက်လုပ်နေတာကို စဉ်းစားလို့မရဘူး’’


သူက အသာအယာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ဂက်စ်မီးခြစ်နှင့် ဆေးပေါ့လိပ်ကို မီးညှိဖွာလိုက်သည်။


‘‘ဒါကတော့ကွာ။ ထောင်ကထွက်လာတော့ ကိုယ့်လောကထဲကို ပြန်ဝင်ဖို့ ခက်သွားပြီဆိုတော့ လည်း နေလို့ရတဲ့ဆီကို ရောက်သွားရတာပဲကွ။ တစ်ယောက်တည်းသမားမို့ တစ်ဝမ်းတစ်ခါး အတွက် ဘယ်မှာနေနေ မခဲယဉ်း ပါဘူး’’


‘‘ဓားတွေ၊ ကတ်ကြေးတွေ သွေးတဲ့ ဓားသောင်းမြင့် ဖြစ်သွား တာပေါ့လေ’’


ကျွန်တော်က မကျေမနပ်ဖြင့် ခပ်ထေ့ထေ့ ပြောလိုက်တာကို သတိထားမိဟန်တူသည်။ ခေါင်းယမ်းပြလိုက်ရင်း‘‘နေ့တိုင်းမြို့ထဲ ထွက်ပြီး ဓား၊ ကတ်ကြေးတွေ သွေးတာက မင်းပြောတာထက် အဓိပ္ပာယ်ပိုပြီး လေးနက်တယ် ကျောင်းဆရာ။ ထောင်ထဲက ကိုယ့်ကိုသင်ပေးခဲ့တဲ့ နိုင်ငံရေးသမားတွေကို ကျေးဇူးဆပ်ဖို့ကွ။အဲဒီတုန်းက ထောက်လှမ်းရေးတွေကလည်း မျက်စိဒေါက်ထောက် ကြည့်နေကြတာဖြစ် တော့အပြင်မှာ ကျန်ခဲ့တဲ့ သူအချင်းချင်း ဆက်သွယ်ဖို့က မလွယ်ဘဲကိုး။ ဒါကိုငါက ကြားခံဆက်သွယ်ပေးရတယ်။ တစ်နည်းအားဖြင့် ပြောရရင် ဆက်သားပေါ့’’


သည်တော့မှ ရပ်ကွက်ထဲ စစ်သားတွေ၊ ရဲတွေ လာဝိုင်းရခြင်း အကြောင်းရင်းကို သဘောပေါက်သွားရသည်။ ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီမို့ ထိုကိစ္စကို ကျွန်တော်မမေးဖြစ်တော့ပါ။ ကိုကြီးသောင်းသည် သူ့နိုင်ငံရေး မိတ်ဆွေအချို့ကို ရပ်ကွက်ထဲမှာ လျှို့ဝှက်နေခွင့်ပြုမှာတော့ သေချာသည်။ ရပ်ကွက်နေသူတွေက လည်း သည်ကိစ္စကို မသိစရာအကြောင်း မရှိ။ ဒါဖြင့် ထောက်လှမ်းရေးက လာရောက်ရှာဖွေသော အခါ ဘာကြောင့် မတွေ့ခဲ့ရသနည်း။ အဖြေက ရှင်းပါသည်။ ရပ်ကွက်ထဲ နေထိုင်သူများသည် တရားဥပဒေနှင့် မလွတ်ကင်းသည့် အလုပ်ကို လုပ်နေကြသော် လည်း အမှားအမှန်ကို ခွဲခြားတတ်သည်။ စစ်အစိုးရလက်ထက်မှာ နေခဲ့ရစဉ် အကြောက်တရားနှင့် ဖိထားတာမျိုးကိုတော့ မတတ်သာ၍ လက်ခံထားရသော်လည်း တစ်ချိန်မှာ ကိုယ်တတ်နိုင်သည့် ဘက်မှတုံ့ပြန်ဖို့ ဝန်မလေး။


နိုင်ငံရေး အဆုံးအဖြတ်သည် ပြည်သူလူထုအပေါ်မှာ မူတည်သည်။ မည်မျှပင် အင်အားကြီးမား သည်ဖြစ်စေ ပြည်သူလူထု ထောက်ခံမှု မရခဲ့လျှင် ထိုအင်အားသည် လည်း တစ်ခဏအတွင်း ပြိုလဲသွားနိုင်သည်ကော။ ကျွန်တော်နိုင်ငံရေး အကြောင်းသိပ် နားမလည် ပါ။ ကိုယ့်ရပ်ကွက်လေးထဲက ဖြစ်စဉ်ကို မူတည်၍ ပြည်သူလူထု အကြောင်းဉာဏ်မီသမျှ တွေးကြည့်ခြင်းသာ ဖြစ်ပါ၏။


‘‘ကဲ...ကျောင်းဆရာရေ။ စကားတော့ ပြောလို့ကောင်းပါ ရဲ့။ သွားစရာရှိသေးလို့ လမ်းခွဲကြရအောင်’’


ကိုကြီးသောင်း အသံကြောင့်အတွေးနွံထဲမှ လန့်နိုးသွားခဲ့သည်။ စားပွဲထိုးလေးကိုခေါ်ပြီး လက်ဖက်ရည်ဖိုး ရှင်းလိုက်သည်။


‘‘ရွာက ကလေးတွေကို စာသင်ပေးရဦးမယ်။ လူမိုက်က သင်ပေးတဲ့ စာဆိုတော့ လူမိုက်စာပေါ့ ဟဲ  ဟဲ’’


သို့ကလို ခပ်ရွှင်ရွှင်လေး ပြောပြီး မတ်တတ်ရပ်လိုက်စဉ် သူဝတ်ထားသည့် အပေါ်ဂျာကင် အင်္ကျီထဲက သစ်သားအိမ်ထဲမှာ ထည့်ထားသည့် သူ၏ဆောင်ဓားသည် စားပွဲပေါ်သို့ ဒေါက်ခနဲ ကျ သွားသည်။


‘‘ဟာ -ကိုကြီးသောင်း။ အခုချိန်အထိ ဓားကိုဆောင်ထားတုန်းလား’’


တအံ့တသြဖြင့် ကျွန်တော်မေးမိလိုက်သည်။ သူက ဓားကိုကောက်ယူပြီး ဂျာကင်အင်္ကျီထဲသို့ ထည့်သည်။


‘‘ဘာများ အထူးအဆန်း ဖြစ်နေရတာတုံး ကျောင်းဆရာရယ်။ ဓားသောင်းမြင့်ဆိုတဲ့အတိုင်း ဓားရှိမှာပေါ့။ ဟုတ်ဖူးလား။ ဒါပေမဲ့ဒီဓားကို အမြဲဆောင်ထားရတာ က ဘယ်သူ့ကိုမှ ထိုးဖို့၊ ခုတ်ဖို့ မဟုတ်ဘူး။ ကိုယ့်ကို ရန်ပြုလာရင်လည်း ပြန်ခုခံဖို့လည်း မဟုတ်ဘူး။ တစ်ချိန်က ဓားကြောင့် ဒုက္ခရောက်ခဲ့ရတယ်၊ ဓားဆိုတာဘာလဲ။ သက်မဲ့ပစ္စည်း။ သက်ရှိလူခိုင်းမှ သူ့အစွမ်းရှိတာနော်။ အဲ-ဒါပေမဲ့ ဓားကိုအသုံးပြုတဲ့ သူကလည်း ဉာဏ်ပညာနည်းရင် ကိုယ့်ကို ပြန်ဒုက္ခပေးတာကိုး။ တစ်ချိန်က အသိဉာဏ် အားနည်းခဲ့ပြီး အသုံးချတာ မှားယွင်းမိလို့ ထောင်ထဲ ရောက်ခဲ့ရပြီးပြီ။ အခု ငါ့လက်ထဲ မှာ ဟောဒီဓားရှိနေပြန်တယ်။ ဒါဘာလို့လဲဆိုတော့ ငါ့ကိုယ်ငါ သွန်သင် သတိပေးထားဖို့အတွက်  သေသေချာချာ ဆောင်ထားရတဲ့သဘောပေါ့ကွာ။ ကျောင်းဆရာယုံချင်မှ ယုံမယ်။ လူဆိုတာ ဒေါသ၊လောဘ၊ မောဟတွေရဲ့ ဖုံးလွှမ်းတာကို ခံနေကြရတာဖြစ်တော့ ကံမကောင်းလို့ အကြောင်းတစ်ခုခုကြောင့် သတိလက်လွတ်ဖြစ် သွားရင် ဟောဒီဓားကို ဓားအိမ်ထဲကထုတ်ပြီး ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ အဲဒီမှာပဲ ဓားဆီက သတိပေးတဲ့ အသံတွေဟာ  လက်ကတစ်ဆင့် ခေါင်းထဲကိုစီးဝင်လာခဲ့တယ်။ တစ်ကြိမ်တစ်ခါ မိုက်ပြီးပြီ၊ ထပ်မိုက်ချင်သေး လားလို့ ဓားကမေးနေတာလေ။ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အသိကို ပညာဉာဏ်နဲ့ ထိန်းချုပ်နိုင်မှ သတိတရားရှိလာခဲ့ပေမယ့် ငါကတော့ အဲသလောက်အထိ ပညာအသိ မကောင်းတော့ အသိဝင်လာအောင် ဓားကိုပဲ  ဆောင်ထားလိုက်ရတာပေါ့။ တကယ်တော့ ဓားလက်နက်လို့ ပြောကြပေမယ့် သူ့ကိုကောင်း အောင်၊ ဆိုးအောင် လုပ်နိုင်တာက အသုံးချတဲ့ သူအပေါ်မှာပဲ မူတည်နေတယ်။ ဟိုတုန်းက ငါ့လက်ထဲမှာ ဓားရှိခဲ့လို့ ဓားသောင်းမြင့်လို့ ခေါ်ကြတယ်။ အခုလည်းငါ့လက်ထဲမှာ ဓားရှိနေတုန်းပဲ။ ဓားသောင်းမြင့်ပဲ။ အဲဒီဓားသောင်းမြင့်ဟာ နားထောင်ရတာဆိုးပေ မယ့် လူမိုက်မဟုတ်ဘူး။ ဓားဆီက သတိပေးတာတွေကို သင်ယူပြီး လူလိမ္မာဖြစ်ဖို့ ကြိုးစားနေတဲ့ ဓားသောင်းမြင့်ပေါ့။ ရှင်းပါရဲ့နော်’’


ကိုကြီးသောင်းက ပြောရင်း ဖြင့် ပြုံးရယ်လိုက်သည်။ သူ့မျက်နှာမှာသည်နှယ် ဖြူဖြူစင်စင် အပြစ်ကင်းသည့် အပြုံးကိုသည် တစ်ခါပဲ တွေ့ဖူးသည်။ သူ့အပြုံးကကျွန်တော့်အား စိတ်အေးချမ်းသွားစေခဲ့သည်။ ယခုတော့ သူနှင့်ထပ်မံမတွေ့ရတော့ပြီ။ လူ့လောကထဲမှာ ရှိ၊ ရှိသေးရဲ့လား မသိ။ကလေးတွေကို စာသင်နေသည် ဟု သူပြောသည်။ နေရပ်လိပ်စာပေးမသွား၍ ဘယ်အရပ်ဘယ် ဆီမှာ စာသင်နေရပါလိမ့်။ လူမိုက်က သင်ပေးတော့ လူမိုက်စာပေါ့ကွာဟု သူက ရယ်မောရင်း ပြောခဲ့သည်။ ထိုလူမိုက်စာများသည် သူကိုင်ဆောင်ထားသည့် ဓားဆီမှ စီးဆင်းလာသည့် ဉာဏ်ပညာနှင့်ယှဉ်သော စာတွေဖြစ်မည်ဟု ကျွန်တော်ယုံကြည်မိသည်။ ဖြစ်နိုင်လျှင် ကျွန်တောင်လည်း သူ့ဆီက သင်ယူလိုက်ချင်ပါသေး၏။ သူ့လက်ထဲက ဓားတွင် လောကလူ့သဘာဝ အကြောင်းကို နားလည်တတ်ကျွမ်းအောင် သင်ပေးမည့်သင်ခန်းစာတွေ မည်မျှရှိမည်နည်း ဟု ကျွန်တော့်တွေး လိုက်မိပြန်၏။ ကျွန်တော်မျက်လုံးထဲတွင် ဓားတစ်ချောင်းကို ဆုပ်ကိုင်ထားသည့်သူ့ကို မြင်တွေ့နေရဆဲ။  ။


---------------


ညိုထွန်းလူ


On Sat, 2019-05-04 04:03Issue No.No. 2118,Saturday, May 4, 2019


[ 7DayNews Page မှ ကူးယူပါသည်။ 7DayNews အား ကျေးဇူးတင်ပါသည်။]

No comments:

Post a Comment