Saturday, 25 May 2019

#ဆရာဦးအောင်သင်း ( အပိုင်း - ၉)

#ဆရာဦးအောင်သင်း


( အပိုင်း - ၉)


#အောင်မြိုင်သင်း


အခု ရက်ပိုင်း နိုင်ငံရေး အခြေအနေတွေ က ရင်ခုန်လှပ်ရှားမှူ့တွေများလွန်းတော့ . . စာလဲ မရေးနိုင်တော့ပါဘူးဗျာ.. ရေးဘို့အာရုံ ထည့်လို့ကိုမရတာပါ. . မရေးတော့ လဲ အချွန်လေးတွေ နဲ့ လာ . .လာ မ ကြတယ်ခင်ဗျ. . .


 ဒါနဲ့ ကျွန်တော် လဲ ဘာရေး ရင်ကောင်းမလဲ . . အဖေနဲ့ ပတ်သက်တဲ့ လက်ရှိ စိတ်ခံ စားမှူ့ ဘာဖြစ်နေသလဲ ဆိုပြီး ကိုယ့်ကိုယ်ကို မိအောင်ဖမ်းရင်း ပြန်ဆန်းစစ်တော့. .  . ကျွန်တော် အဖေ့ကို  အတော်လွမ်းနေတာတွေ့ရပါတယ်.. . အဲ့ဒီ့လွမ်းပုံက ထူးဆန်းတယ်ဗျ . . လူတစ်ယောက်ရဲ့ သက်တမ်းစေ့ နေသွားခွင့်ရပြီး ဆုံးပါးသွားတဲ့ သားအဖ သံယောဇဉ် ကြောင့် လွမ်းနေတာမျိုးထက် သူ့ရဲ့ ဦးနှောက် ကို ပိုပြီး လွမ်းနေမိတာဗျ. . . .


ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအခြေအနေ နဲ့ တစ်ခါတစ်ရံဖြစ်တတ်တဲ့ ဘဝ အခက်အခဲတွေအတွက် သူ့ကို မေးခွန်းတွေယောင်ယောင်ပြီး မေးချင်နေမိတာ. သူရှိနေသေးတယ်ဘဲ ထင်မိပါတယ်ဗျာ . . . အဝေး မှာ နေခဲ့ရတာ များလွန်းတာကြောင့်လဲ ဖြစ်နိုင်ပါတယ်. ..


 သူ့ခေါင်းထဲ မှာ အဖြေတွေ ရှိတယ်ဗျ. .သူက အဖြေတွေကို သိမ်းထားခဲ့တာလားလို့တောင်ထင်မိပါတယ် . . စာအကြောင်းဘဲမေးမေး. .  ဘဝ အကြောင်းဘဲ မေးမေး. . နိုင်ငံရေး အကြောင်းဘဲမေးမေး. .  မေးတဲ့သူစိတ်ကျေနပ်သွားစေတဲ့ အဖြေ တစ်ခုတော့ သူ့ခေါင်းထဲ မှာ ရှိနေတာ ထူးဆန်းစွာတွေ့ရပါတယ်.


 ပြီးခဲ့တဲ့အပတ်က ကလေးတွေကို တန်ဖိုးထားပြီး မေးခွန်းတွေကို ပြန်ဖြေသွားတဲ့ အဖေ့အကြောင်းလေးရေးလိုက်မိပါတယ်. .   သဘောကျ လွမ်းဆွတ် ကြသူတွေလဲ တွေ့ရပါတယ်. . အမှန်က . အဲ့ဒီ့ တစိမ်းကလေးတွေတင် သူ့ဦးနှောက် နဲ့အဖြေတွေကို လွမ်းတာ မဟုတ်ဘူးဗျ. . သားအရင်း သမီးအရင်းတွေပါ  သူ့အဖြေတွေကို လွမ်းနေတယ်ဆိုရင် ယုံကြပါ့မလားမသိဘူး.. .


တချို့အဖြေတွေက သာမန်သူ့ရဲ့ အတွေ့အကြုံ ကိုပြန်မှီးကိုးကားပြီး လက်ဆင့်ကမ်းသွားတဲ့ အဖြေ မျိုး တွေ ရှိခဲပေ့မယ့်လဲ သူ့ရဲ့ ရှင်းပြခြင်းကို တစ်ဖက်လူက ဘယ်တော့မှ မမေ့တော့ဘဲ နားလည်သွားအောင် ပြန်ရှင်းပြနိုင်တဲ့စွမ်းရည်မျိုးလဲ သူ့မှာရှိသေးသဗျ. .    

ငယ်ငယ် က ကျွန်တော် တို့ စာကျက်ရင်း အင်္ဂလိပ် စာလုံးတစ်လုံး ကို မသိ ရင် ဘေးနားမှာ ရှိနေတဲ့ အဖေ့ ကို လှမ်းမေးလိုက်ရုံဘဲဗျ. . သူက သူ့ အလုပ်သူ လုပ်နေရင်းခဏ ရပ်ပြီး ပြန်ရှင်းပြလိုက်တာဘဲ.. . ဘဝနဲ့ ပါတ်သက်တဲ့ အဆုံးအဖြတ် အတွေးအကြံ တွေကို ဇဝေဇဝါ ဖြစ်လို့ မေးရင်လဲ  . ဆယ်ခွန်းမေးရင် . . ကိုးခွန်းလောက်ကို ပြန်ဖြေသွားတာပါဘဲ. . .


 ပြီးခဲ့တဲ့ ရက်ပိုင်းက အဖေ့ တစ်နှစ်ပြည် ခဏပြန်ရင်း အမတော်နဲ့ အဖေ့ အကြောင်းတွေစကားပြောမိတော့ . . သူလဲ အဲ့ဒီ့လိုဘဲ မေးခွန်းတွေ . . ယောင်ယောင် ပြီး မေးမယ်လို့ ဖြစ် လိုက်တိုင်း အဖေ မရှိတော့ တာကို သတိရသွားလို့ ဟာ ကနဲ့ ဖြစ်သွားလိုက် ဖြစ် ပါသတဲ့. . ထူဆန်းစွာ. တိုက်ဆိုင်ပုံကို ပြောတာပါ. .     


ဘာဖြစ်လို့ ဒီလိုဖြစ်တာလဲ ဘာကြောင့် သူ့မှာ အဖြေတွေ အများကြီး ရှိနေတာလဲ လို့ ပြန်ဆန်းစစ်တော့ သူ့ရဲ့ . . အကျိုးအကြောင်းနဲ့. တွဲပြီး မှတ် ထားတတ် တဲ့ ဦးနှောဏ်ကြောင့် ဘဲ လို့ ကျွန်တော်ကတော့ သုံးသပ်ချက်ပေးလိုက်ချင်တာပါဘဲ ခင်ဗျား. . .အချက်အလက်တွေကို အင်မတန် စနစ်တကျ သိုမှီးထားတဲ့ ကွန်ပြူတာ တစ်လုံးလို ဖြစ်နေတယ်ထင်မိပါရဲ့ဗျာ.  .ကြိုက်တဲ့အချိန် ပြန်ပြီး ခေါ်လိုက်ရင် ချက်ခြင်းထွက်လာတော့တာကိုး ...  


ဆရာမြ သူ့ကို ပြောဘူးတဲ့ ဝေဖန်ချက်ကလေး ကို ပြန်ပြောပြပါ့မယ်. 

အဖေ့ရဲ့ မိုးမိုး (အင်းလျား) အမွေ ပွဲ နဲ့ ဆရာတင်မောင်သန်းတို့ စီစဉ်တဲ့ ကိုယ်ကျင်နဲ့ပညာ  ပွဲ တွေ မှာ . တကယ်တန်း က ဆရာမြကိုပါ ထည့်ဖို့ ကျိုးစားကြတယ်လို့ ဆိုပါတယ်. . အဖေက လဲ ပါစေချင် ပါသတဲ့. ... သို့သော် ဒီလို အမေး အဖြေ ပွဲ တွေ ကို ဆရာမြ က လိုက်လေ့ မရှိ ဘဲ...  ကိုယ့် လူ တို့ . . ဒါ...  ကိုအောင်သင်း ကိစ္စဗျ ကျုပ်ကိစ္စ မဟုတ်ဘူး ဆို ပြီး ချက်ခြင်း ငြင်း လွတ်ပါသတဲ့.  


ဘာ့ကြောင့် ငြင်း တာလဲ ကိုမြသန်း ကျုပ်က ခင်ဗျားကိုလဲ ပါစေချင်တာ ခင်ဗျားလို ပညာရှင် တွေက ပြောရမှာဗျ ဆိုပြီး . အဖေက မေးတော့ . . 


ကိုအောင်သင်း ကျုပ်က စာဘဲ ရေးတတ်တာ ဗျ. . ဒီလို စကားပြောဖို့ မွေး လာတာ မဟုတ်ဘူး. . ကျုပ် ကိုခဏ အချိန်ပေး ပြီး မေးခွန်းမေး ရင် . ခင်ဗျား ထက် မညံ့ တဲ့ အဖြေကို ကျုပ်ပေးနိုင်တယ်ဗျ. . သိလဲ သိတယ်. . ဒါပေမယ့် . . အဲ့ဒီ့လို့ လက်တန်းမေး ရင် ကျုပ် ဘာဖြေရမှန်း တန်း မသိဘူးဗျ လို့ ဆိုပါသတဲ့. .  တဆက်ထဲ . .ပြောတာကတော့. . . နောက်ပြီး ကျုပ်သတိထားမိတဲ့ ခင်ဗျား အကျင့် က ကလေးတွေ မေး တဲ့ မေးခွန်း . . အားလုံး ကို လေးလေး မှန်မှန် ပြန်ဖတ် ပြနေရင်း တခါ ထဲ အဖြေ ကို စဉ်းစား သွားတာဗျ. .တခြားသူ မသိပေမယ့် ကျုပ်သိတယ်   အဲ့ဒီ့တော့ . . မေး ခွန်း ဖတ် ပြ ခြင်း လဲ ဆုံးရော. . ခင်ဗျား က အဖြေအတွက် တော်တော် များများ ကို ပြင်ဆင်ပြီးနေပြီဗျ . . ကျုပ်က အဲ့ဒီ့လောက်မမြန်ဘူး လို့ ဆို ပါသတဲ့ . .   . . အဖေ ဆက်ပြော တာ က တော့. . . 


ကိုမြသန်း ပြောတာလဲ ဟုတ် သင့်သလောက်တော့ ဟုတ်တယ် ကွ. . ငါ့ မှာ. . အဲ့ဒီ့ အကျင့် ဘယ်က ဘယ်လို ရ လာမှန်းမသိပါဘူး. ကျောင်းဆရာလုပ်ခဲ့မိတာကြောင့်ဘဲလား...  အဲ့ဒါကိုဘဲ ပါရမီလို့ ခေါ်ကြတာလားလဲ မသိပါဘူး ကွာ ဆို ပြီး .   ကြည်နူးဟန် နဲ့ ကျွန်တော့ ကို ရှင်း ပြခဲ့ ဘူးပါတယ်ခင် ဗျား. . . . 


ငယ်စဉ်ကတည်းက အမေးအမြန်းထူတဲ့ ကျွန်တော့ ကြောင့် အချို့သောဆောင်းပါးလေးတွေဖြစ်သွားတာ ကို သူ ပြန်ရေးဖြစ်တာလေးတစ်ခု ကို သွားသတိရပါတယ်. (သိပြီးသားမိတ်ဆွေများပါခဲ့ရင်လဲ ခွင့်လွတ်ပါ မသိသေးတဲ့ကလေးတွေကိုရည်ရွယ်ပါတယ် ခင်ဗျား). 


ကျွန်တော်တို့ စမ်းချောင်းဂွဈေးနားမှာအရင်က ဖွေးဖွေးဖြူ ပင်မင်းဆိုတာရှိတယ် ဗျ. . ငယ်ငယ်ကတော့ အမှတ်တမဲ့ပါဘဲ. . သွားလိုက်လာလိုက် ဖြတ်သွားဖြတ်လာ လုပ်ပြီးနေလာခဲ့ကြတာပါဘဲ.ဘာမှ သတိမထားမိပါဘူးဗျာ. .  . အော် ပြောရအုန်းမယ်. .. .  ကျွန်တော်တို့ ခေတ်က ၅ တန်းကျ မှ အင်္ဂလိပ်စာ စသင်ကြရတာဗျ... အဲ့ဒီ့အချိန်ကျ မှ ABCD .   ရွတ်ကြရတာ ကို ခုခေတ် မူကြိုကလေးတွေ မြင်ရင် ရယ်စရာ ဖြစ်နေမှာလားမသိပါဘူးဗျာ. (စကားချပ်)


အင်္ဂလိပ်စာ ကို ဘာမှ လဲ လည်လည် ဝယ်ဝယ် မသိ လှပါ. (ခုချိန်ထိလဲ ဘာမှ သေချာမသိပါ). အရမ်းတတ် မြောက်ချင်စိတ်တွေ ဘာတွေ မရှိလှဘဲ နေရင်း ဆယ်တန်းလောက်ကျ မှ . . Laundary (အဝတ်လျှော်ဆိုင်) ဆို တဲ့စကားလုံးလေးကို စမြင် ဘူး တယ်ခင်ဗျ. . ကျွန်တော်တို့ သူငယ်ချင်းတစ်စု ကအဲ့ဒီ့ ဘေးက လက်ဖက်ရည် ဆိုင်လေးမှာ အမြဲထိုင်ဖြစ်ကြပါတယ်. တရက်မှာ..မြင်နေကြ. ဆိုင်းဘုတ် ကို အမှတ်တမဲ့ ကြည့် လိုက်ရင်း . . လောင်ဒရီ လဲ မပါ အဝတ် အငှါးလျှော် သည် လို့ လဲ ရေး မထားဘဲ ပင်မင်း ဆို ပြီး ဖြစ်နေတာကိုသတိထားမိပါရော . 


ဟ. . . ဒါက ဘယ်လို ဖြစ်တာတုန်းမသိဘူး ဆို ပြီး . . အိမ်ရောက်ရောက် ခြင်း  အဖေ့ကိုမေးပါတော့တယ်. . . အဖေ ပင်မင်းဆိုတာ က ဘယ်လိုဖြစ်တာတုန်း. . လောင်ဒရီမဟုတ်လား ဆိုတော့မှ.   . . သူကရယ်ရင်း


မဟုတ်ဘူးလူလေးရဲ့ . .မင်းတို့က ငယ်လွန်းလို့မသိတော့တာပါ. .ဆိုပြီး ရှင်းပြပါတော့တယ်ခင်ဗျား    


ငါတို့မြန်မာ ပြည်မှာ အရင်က ဒီလိုမျိုးဆိုင်ဖွင့်ပြီး အဝက်လျှော်တာမျိုးမရှိဘူးကွ. .   အနောက်တိုင်းယဉ်ကျေးမှူ့ တွေနဲ့တွဲ ပြီးဝင်လာခဲ့တာ. . 


လောင်ဒရီက နေ ပင်မင်း ဖြစ်သွားရတဲ့အကြောင်းက ဒီလိုကွ.   


မူလ တုန်း က Pin Man ကွပင်မင်းမဟုတ်ဘူး.    အခု ဂုဏ် ရုပ်ရှင်ရုံနေရာပေါ့ (ယခု Traders hotel) . . အဲ့ဒီ့မှာ .Pin Man ဆိုတဲ့ ကုန်တိုက်ကြီးတစ်ခု ရှိတယ်.    . အမျိုးသား အကျီတွေမှာ ထိုးတဲ့ကျောက်တွေစိန်တွေနဲ့ ကြယ်သီးမျိုးစုံ ပင်မျိုးစုံ ရောင်း

နေရာမျိုးကွ. . အမျိုးသားဖက်ရှင်ဆိုင်ဘဲဆိုပါတော့ကွာ.   . . အဲ့ဒီ့ကုန်တိုက် ကဝန်ထမ်းတွေက အိန္ဒိယ ကနေ မျက်နှာဖြူတွေနဲ့ အတူ ပါလာ တဲ့ ကုလားတွေကွ. . အင်္ဂလိပ် တွေရဲ့ လူမျိုးစရိုက်တွေကိုသူတို့က ငါတို့ထက်ပိုသိတာကိုး. .  . . မြန်မာပြည်မှာက အဲ့ဒီ့ခေတ်မှာ အဝတ်လျှော်ပေးတဲ့နေရာမျိုးမရှိတော့ ဒီရောက်လာတဲ့ အင်္ဂလိပ်တွေက သိပ်ဒုက္ခ ရောက်တာကိုးကွ... . အဲ့ဒါကို . . Pin man က ဝန်ထမ်း တွေက ကြားပေါက်အလုပ်တစ်ခုအနေနဲ့ နိုင်ငံခြားသားတွေရဲ့ အဝတ်တွေကို ကူလျှော်ပေးတာကွ. .နောက်ပိုင်း pin ဖက်ရှင်ခေတ် သိပ် မရှိတော့လို့ အလုပ်လဲ မကောင်းရော. . အင်္ဂလိပ်တွေ အတွက် ရည်ရွယ် ပြီး လောင်ဒရီလုပ်ငန်းကိုပါတွဲ လုပ်လာကြတာကိုး. . တစ်ချို့ ပိုက်ဆံတတ်နိုင်တဲ့ မြန်မာတွေကလဲ အဲ့ဒီ့မှာ သွားပြီး အဝတ်လျှော်ခိုင်းကြတာကိုး .   အဝတ်ဘယ်လိုလျှော်လဲလို့ မေးလိုက်ရင် ပင်မင်းကို သွားပေးလိုက်တယ်ဆိုတာကစ ပြီး ပင်မင်း ဖြစ်လာတာကွ. . ဆိုင်းဘုတ် ကတော့ မဖြုတ် ဘူး pin man ဘဲ . . အဲ့ဒီ့တော့မှ ဟိုနားကလဲ အဝတ်လျှော်ဆိုင်ဖွင့်ရင် ပင်မင်း ဒီနားကလဲ အဝတ်လျှော်ဆိုင်ဖွင့်ရင်းနဲ့ ပင် မင်းဆို ပြီးတော့ ယူသုံးရင်ကနေ ပင်မင်းဆိုပြီးတရားဝင် စကာလုံး ပုံစံ ဖြစ်လာတာပါတဲ့ခင်ဗျား. .


 ဆက်ပြီး သူရှင်းပြ တဲ့ မွေးစားစကားလုံး တွေ အကြောင်းလက်လှမ်းမှီသလောက်ပြောသွားတာတွေဟာလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်. .ကဲ. . . စကားတွေ ရောက်တတ် ရာရာ ပြောနေတော့ ဒီအကြောင်းလေးခဏထားပြီး လူငယ်တွေ အကြောင်းလှည့် လိုက်ပါရစေ အုန်း. ...  


သူက မြန်မာ လူငယ်တွေကို အရမ်းဖြစ်စေချင်တာ ဗျ.  တိုင်းပြည် တည်ဆောက်ရေးမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ ကို မှေးမှိန်ထားတာဟာ. . တိုင်းပြည်ရဲ့ အနာဂတ်ကို သစ္စာ ဖောက်တာလို့ ခံယူထားသူမျိုးဗျ.   လူငယ်တွေရဲ့ ကဏ္ဍက သိပ်အရေးကြီးမှန်းသိခဲ့လို့ . ဆိုရှယ်လစ်ခေတ်မှာတောင် . လူငယ်တွေကို လမ်းစဉ်လူငယ်တို ဘာတို့ထဲ ထားပြီး. သန့်ရှင်းရေးလုပ်ခိုင်းတာမျိုး. . မြောင်းဖော်ခိုင်းတာမျိုး ကို လူငယ်တွေရဲ့ ခွန်အားကိုအလွှဲ သုံးစားလုပ်ခံရတယ်ဆိုပြီး  သူ သိပ်စိတ်ဆိုးတာဗျ. . စင်ပေါ်ကတောင် တုပ်ခဲ့ဘူးတာ. . . တစ်ချိန်လုံး ဒီအကြောင်းဘဲ စဉ်းစားနေတာ..၈၈ နောက်ပိုင်း. ခေတ်ပျက်နေချိန်မှာတောင် . ပညာရေးကို မျက်ခြေ ပြတ်မှာစိုးလို့ သတိ ကြီးစွာနဲ့ တစ်ချိန်လုံးသတိ ပေးနေခဲ့တာ. . နောက်ကြုံ မှ သူ့ကြောင့် ဘဝပြောင်းသွားတဲ့ သူ့တပည့် တစ်ယောက်အကြောင်းလဲရေးပြပါအုန်းမယ်... 


ခုလိုမျိုး ခေတ်ပြောင်းခေတ် လွှဲ လေးမှာတော့ အဖေ့ ကို ရှိစေချင် မြင်စေချင် တာ .တကယ်ပါ.    ကျွန်တော့ ရဲ့ မှန်သောသစ္စာစကားပါဗျာ. .အကယ်၍ . ရှိခဲ့ရင် .. သူအရမ်ြးကည်နူးပြီး သတိပေး  ပြောမယ့် စကားတွေ ကို တကယ် နားထောင်ချင်တာပါဗျို့ . ထူးထူးဆန်းဆန်းတွေ စေတနာစကားနဲ့ ယှဉ်ပြီး ကြားရမှာကိုးဗျ  . . လွမ်းစရာ. . 


အခုချက်ခြင်းခေါင်းထဲမှာပေါ်လာတဲ့ အဖေ့ အကြောင်းလေးနောက်တစ်ခု ရေးပြပါ့မယ်... အခုခေတ် အချိန်လေးနဲ့လဲ နည်းနည်းတိုက်ဆိုင်နေလို့ပါ. . 


၂၀၁၁ မှာသူစင်္ကာပူ ကို ဟောပြောပွဲလာသေးတယ်ဗျ. .နှစ်ပွဲ ဖိတ်တာပါ တစ်ပတ်ဘဲခြားပါတယ် ပထမပွဲကတော့ ဘြဝါဒ ပြောပေးလိုက်တာမျိုးဆိုတော့ ဘာမှ သိပ်မပြောဖြစ်လိုက်ဘဲ ဒုတိယပွဲကျ မှဂွင်ပြည့် ပြောခွင့်ရတာကိုးခင်ဗျ..  ပထမ ပွဲက.  ဆရာချစ်ဦးညို ၊ဆရာကျော်ဝင်း. ဆရာ ဦးဘုန်း(ဓာတု) တို့နဲ့ပါ.  ဒုတိယပွဲကတော့ ဆရာဖေမြင့် ဆရာချစ်စံဝင်း. .ဆရာမ ခင်ခင်ထူးတို့နဲ့ပါ. .  .  


ပထမဆုံး နိုင်ငံခြားဟောပြောပွဲဘဲဆိုပါတော့ဗျာ. ပညာတတ်စာသမားအများစု လာတဲ့ ပွဲ ဖြစ်နေတော့ .အတော်လဲအောင်မြင်ပါတယ်. .သူအဓိကပြောသွားတာကတော့ နိုင်ငံခြားရောက်နေတဲ့ ကလေးတွေ ကို ပြည်တော်ဝင်ရင် ပညာကိုသာပါအောင်သယ် လာကြဖို့ ပညာကို အာရုံစိုက်ကြဖို့.တိုင်းပြည်ကို ပြန်လည်တည်ဆောက်တဲ့အခါမှာ မင်းတို့လို ပညာတတ် လူငယ်ပေါင်း များစွာရဲ့ ခွန်အားလိုအပ်တယ်ဆိုတာ မမေ့ကြဖို့. ဆိုတာမျိုးတွေကို အထူး ပြုပြောသွားပါတယ် . ပရိသတ်တုန့်ပြန်မှူ့ကလဲ အရမ်းကောင်းတော့. အတော်လှတဲ့ပွဲ လို့ပြောလို့ရပါတယ်.  . .


 ပွဲ အပြီးမှာ . . ကလေးတွေကိုမေးခွန်းတွေမေးခိုင်းတော့ ကလေးတစ်ယောက် က မေးခွန်းတစ်ခုမေးပါတယ်. . သူ့မေးခွန်းက . .


ဆရာခင်ဗျား. .ဆရာပြောသလို . တိုင်းပြည် ပြန်လည်တည်ဆောက်တဲ့ အခါ မှာ. . ပညာတတ်တွေ အများကြီး လိုတယ်ဆိုတာ မှန်ပါတယ် .   သို့သော် . ကျွန်တော်တို့လို. သာမန်လူတန်းစားမဟုတ်တဲ့ ခရိုနီတွေရဲ့ သားသမီးတွေ.. . ဗိုလ်ချုပ်သားသမီးတွေ   . . ပိုက်ဆံတတ်နိုင်တဲ့ သူတွေရဲ့ သားသမီး . ပညာတတ်တွေကရော ပြန်လာကြပါ့မလား... သူတို့ အခန်းကဏ္ဍ ကိုရော ဆရာဘယ်လို မြင်ပါသလဲ  သူတို့ကရော တိုင်းပြည် ပြန်လည် တည်ဆောက်တဲ့အခါမှာပါလာပါ့မလား


ဆရာ ဘယ်လို မြင်ပါသလဲတဲ့.   . .


အဖေ ပြောတာ သိပ်ကောင်းပါတယ်. ဖတ်ကြည့်ပါ. .    


မောင်ရင် အခုမေးပုံကြည့်ရတာ. . စိတ်ထဲမှာ ခိုးလိုးခုလု အောင့်သက်သက် ဖြစ်နေပုံရလို့ မေးဟန် တူပါတယ်. . သူတိုကျတော့ အခွင့် ထူးခံ လူတန်းစားဖြစ်နေတယ်. ငါတို့ကျတော့ ပင်ပမ်းဆင်းရဲလိုက်တာဆိုတဲ့ အတွေးမျိုးနဲ့ စိတ်အချဉ်ပေါက်ပြီးမေးလိုက်ဟန်တူပါတယ်.ထားပါတော့. .  ..အေး. . ငါ့အမြင်ကိုပြောပြရရင်တော့


သူတို့ကို ဘာမှ မစဉ်းစားနဲ့ တော့ကွ. စဉ်းစားစရာမလိုတော့ဘူး.. တစ်တိုင်းပြည်လုံး စုတ်ပြတ်နေချိန်မှာတောင် သူတို့ခေါင်းထဲမှာ .ဘာမှရှိတာမဟုတ်ဘူးကွ. ဘာမှမျှော်လင့်မနေကြနဲ့တော့... .  ပြန်မလာပါဘူး စိတ်ချ သာနေပါ .  . ကိုယ်လုပ်စရာရှိတာကိုသာကိုယ့်အသိစိတ်နဲ့ လုပ်ကြ ကွ. .  . . နိုင်ငံခြားမှာ . လူတန်းစေ့ . အနေကြာလာပြီးသားသမီးတွေပါ မွေးလိုက်ရင် ပိုဆိုးကုန်ရော ဒီသားသမီးတွေက မြန်မာပြည်ဆိုတာကို မသိကြတော့ဘူးကွ . သံယောဇဉ်ပြတ်သွားကြတယ်. . ဆိုပြီး ရှင်းပြရင်း. . သူ့တပည့် မိသားစုလေးတစ်ခု အကြောင်းကိုပြောပြပါတယ်. .  


နိုင်ငံခြားမှာ အနေကြာလာတော့ အဖေ လုပ်တဲ့သူက မိတ်ဆွေတွေနဲ့အတူ ငပိရည်ဖျော် စားချင်လို့ ကျိုနေချိန်မှာ သားလုပ်တဲ့သူက ဒေါသတကြီးနဲ့ အခန်းထဲက ထွက်လာပြီး သူ့အဖေ သူငယ်ချင်းတွေရှေ့မှာဘဲ. . ဒီ shit smell တွေကို မချက်ပါနဲ့လို့ အကြိမ်ကြိမ် ပြောထားရဲ့သားနဲ့ဆိုပြီး အိုးလိုက်သွန်ပစ်လိုက်တဲ့ အကြောင်းလေးပါ .   . . သူတို့သားသမီးတွေမှာ မြန်မာပြည်ဆိုတာ မရှိတော့ဘူးကွ. . အဲ့ဒီ့တော့ တိုင်းပြည်ကို တကယ်ပြန်လည်တည်ဆောက်မယ့်သူတွေက သူတို့လိုမျိုး တိုင်းပြည် အပြင်မှာ အခြေချ သွားတဲ့သူမျိုးတွေမဟုတ်ဘူး. မင်းတို့လို ပိုက်ဆံရှာဖို့ အတွက်သာခဏ အလုပ် ထွက်လုပ်ရ တဲ့ ကလေးတွေ ကွ. . နားလည်လား. . အမျိုးသားရေးနိမ့်ကျနေမှူ့ ကို ကိုယ် ကိုယ်တိုင်ခံစားခဲ့ရတဲ့ ကလေးတွေ . . မိမိ တိုင်းပြည်အတွက် အစဉ် သတိ မပြတ်တဲ့ ကလေးတွေ ကမှ ပြန်တည်ဆောက်ရမှာပေါ့ကွ.  .မင်းတို့ကိုယ်တိုင် လုပ်ရမှာကွ


 ကိုယ့် အလုပ် ကိုယ်သာအသိ စိတ် တစ်ခုနဲ့ လုပ်ကြစမ်းပါ .  တခြားဘာမှ မစဉ်းစားကြနဲ့ ဟုတ်ပြီလား... နောက်ပြီးဒီကောင်တွေက  ဘာနဲ့တူသလဲဆိုရင်


 မင်းတို့ . . တခါတစ်လေ .   နှာခေါင်းအဝ မှာ နှပ်ချေးဖတ်ကလေး တွေဘာတွေ ကပ်ဘူးတယ်မို့လား.  အဲ့ဒီ့နှပ်ချေးဖတ် ကပ်နေရင် အသက် ရှူ ရတာ တစ်မျိုးဖြစ်မနေဘူးလား . .ခိုးလိုးခုလုဖြစ်မနေဘူးလား အဲ့ဒါဆို .   မင်းတို့ ဘယ်လိုလုပ်သလဲ  ဟောသလိုမျိုး .(နှာခေါင်း တစ်ဖက် ပိတ်တဲ့ အမူအယာ လုပ်ပြ) လုပ်ပြီး ရှူး ကနဲ့ လုပ်ချ လိုက်တော့ . . နှပ် ချေးဖတ် လဲ ထွက်သွား. . . ဟော. . . မင်းလဲ အသက်ရှူ ရ တာ ရှင်းလင်းပြီး ပိုပြီးနေလို့ ထိုင်လို့ပို ကောင်းမသွားဘူး လားကွ. . 


ထားလိုက်စမ်း ပါကွာ ဒီနှပ်ချေးတွေအကြောင်း မစဉ်းစားကြ နဲ့ ဟုတ်ပြီလား ...ကိုယ့်အလုပ်သာကိုယ်လုပ်ကြစမ်း ပါတဲ့ခင်ဗျား. . 


**********


၁၉၇၇ လောက်မှာ အမေနဲ့ တောင်တွင်းကြီးကို လိုက်သွားပါတယ်. . .အသွားအပြန် ကုန်းလမ်းပို့ဆောင်ရေးက. .  ဧရာအရှေ့ ကားနဲ့ပါ. . အသွားခရီးမှာ ဘာမှ ထူးခြားမှူ့မရှိပေမယ့် အပြန်ခရီး. မှာထူးခြားတာ တစ်ခု မှတ်မိပါတယ်  . . ကားပေါ်ရောက်ကတည်းက ကက်ဆက်ခွေတစ်ခွေထဲကို ဖင်ပြန်ခေါင်းပြန် တစ်လမ်းလုံးဖွင့်ပါတော့တယ် ခင်ဗျား. .အခွေသစ် လို့ဆိုပါတယ်. . အင်မတန် ချိုပြီး ညင်သာလွန်းတဲ့ အဆိုတော်တစ်ဦးရဲ့ အသံပါ. . . နားထောင်လို့ကောင်းလှပါတယ် . ရန်ကုန်ရောက်သည်အထိ လုံးဝ မရပ်ပါ ခင်ဗျား. .


 ရန်ကုန်ရောက်ချိန်မှာတော့ . . ဂီတ နဲ့ ပတ်သက်ပြီး အတန်အသင့် နား နီးတဲ့ ကျွန်တော်က အဲ့ ဒီ့ အခွေ တစ်ခွေ လုံးအလွတ် ရသွားပါတော့တယ်. .  စိုင်းထီးဆိုင်ရဲ့ စိတ္တဇ. အလွမ်း စီးရီးပါခင်ဗျား.  .အဲ့ဒီ့အချိန်က စပြီး .ကျွန်တော့ဘဝတစ်လျောက်လုံး  အသက် အရွယ်ရသည် အထိ ဘိုထီးရဲ့ သီချင်းတွေ နဲ့ ဘဲ ရင်းနှီးကျွမ်းဝင်စွာကြီးပျင်းလာခဲ့ရပါတယ် . 


ကျွန်တော်ဂစ်တာ စ ကိုင်ဘူးတဲ့ ၉ တန်းကျောင်းသား ဘဝ မှာ ဘို ထီးရဲ့ သီချင်း . . ဘီးနံပါတ်ok ၀၁၂၂L နဲ့၊ မင်းနဲ့ အရင်လိုဘဝမျိုးရောက်ချင်တယ် သီချင်းတွေနဲ့ စပြီး ဂစ်တာစ သင်ခဲ့ ရတာပါ. . .တီးရတာလဲ လွယ် . . ဆိုရတဲ့ သံစဉ်လေးတွေက ချိုလွန်းတော့ သူ့ရဲ့ သီချင်းတွေ အားလုံးလောက်နီးနီးရပါတယ်... ခပ်ငယ်ငယ်ပိုင်းမှာ . . ဗိုလ်ထီးရဲ့ အဆိုနဲ့ အတီးတွေ ကို သာ စိတ်ဝင်စားခဲ့ မိပေမယ့်. . အတန်အသင့်တွေးခေါ် စဉ်းစားနိုင်တဲ့ အရွယ် ရောက်လာတဲ့ အခါမှာတော့  . ဒီသီချင်းတွေ ကို ဖန်တီး တဲ့ ဆရာ စိုင်းခမ်းလိတ်ကို ပို ပြီး စိတ်ဝင်စားလာမိတာ အမှန်ပါဘဲ. . . 


သီချင်းတွေက ထပ် လဲ မထပ် အကြောင်းအရာ . .စကားလုံးတွေ အဖွဲ့ အနွဲ့တွေ .  အယူအဆ အတွေးအခေါ် တွေ  က လဲ တစ်ခေါက်ပြီးတစ်ခေါက်အသစ်ဖြစ်နေတော့ . . အရမ်း အထင်ကြီး အားကျလာမိပါတယ် . . .


မြန်မာနိုင်ငံမှာ. .အရည်အသွေးရှိပြီး သူထက်သီချင်းပုဒ်ရေ များတဲ့ ကိုယ်ပိုင်သံစဉ် တေးရေးဆရာ မတွေ့ဘူးသေးပါ..  .နောင် အရွယ်ရလာချိန်မှာတော့ ဘိုထီးထက် အယူ အဆ အသစ်တွေကို ဆက်တိုက်ဖန်တီးနေတဲ့ ဆရာစိုင်းခမ်းလိတ်ကို အရမ်းအထင်ကြီးမိပါတော့တယ်. . 


ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝရောက်တော့ လဲ သူ့သီချင်းတွေ ထဲက ဝင်္ကဝုတ္တိအလင်္ကာတွေ နဲ့ ဖွဲ့ ထားတဲ့ စကားလုံးတွေကို  ကို လက်ဖက်ရည်ဆိုင်မှာ . သူငယ်ချင်းတွေ နဲ့ စုပြီး အဖြေ ရှာကြ  .  ဖြစ်နိုင်ခြေတွေကို ခန့်မှန်း ကြုငြင်းခုန်ကြ ကာ လအတော်ကြာ ဖြတ်သန်းခဲ့ဘူးပါတယ်အင်မတန် အရသာ ရှိလှပါတယ်. . 


ဆရာစိုင်းခမ်းလိတ်ဟာ ကျွန်တော်သိပ်တန်ဖိုးထားမိတဲ့. ကျွန်တော့ရဲ့ Idol ဘဲ ဆိုပါစို့ဗျာ.  . သူနဲ့ ရင်းနှီးခွင့်ရလိမ့်မယ်လို့တော့ လုံးဝမမျှော် လင့်ခဲ့ဘူးပါခင်ဗျား. . 


၂၀၀၀ ခုနှစ် ကျွန်တော် မြန်မာပြည် ပြန်ရောက်တော့ အိမ်ရဲ့အောက်ထပ် ဧည့်ခန်းထဲမှာ. . ထူးဆန်းတဲ့ မှန်ဘောင်သွင်း ခဲရေးပုံတူပန်ချီ ကားလေးတစ်ချပ်ကို တန်ဖိုးထားချိတ်ဆွဲထားတာ တွေ့ရပါတယ်. . ပုံတူက ဆရာ စိုင်းခမ်းလိတ် ရဲ ပုံ ပါ


ဘေးကတော့ ရှူမ်းလိုရေးထားတာမို့ဘာမှန်းမသိပါ. . 


ကျွန်တော်လဲ တော်တော်ထူးဆန်းသွားပြီး. . ဒါကဘာဖြစ်လို့ ဘယ်လိုဖြစ်လို့ ငါတို့ အိမ်ထဲ ရောက်နေတာတုန်း တယ်ထူးဆန်းပါ့ကလား. .  ဘယ်သူ က လက်ဆောင် ရလာလို့လဲ အကိုလား. . အမလား စ သဖြင့် စပ်စုချင်လာပါတယ်.(ကျွန်တော်တို့ မောင်နှမ အားလုံး သူ့သီချင်းတွေ နဲ့ ကြီးပျင်းလာကြရတာကိုး) . . အဖေနဲ့ ပတ်သက်လိမ့်မယ်လို့ လုံးဝမထင်မိပါခင်ဗျား. . ဒါနဲ့ အစ်ကို့ ကို မေးလိုက်တော့မှ . . အဖေ့ ကို လက်ဆောင်ပေးတာလို့ ဆိုပါတယ်. . ကျွန်တော်လဲ ထူးဆန်း သွားပြီး အိမ်ပေါ်ရောက်တာနဲ့ ချက်ခြင်းစပ်စုပါတော့တယ်


   အဖေ ဆရာစိုင်းခမ်းလိတ်နဲ့ အဖေနဲ့ သိတယ်ဆို လို့မေးတော့. . . အဖေ က အေးသိတယ်လေကွာ  . တဲ့. . ဟင် . . အဖေ လဲ တခါ မှ ပြောသံ မကြား. . ကျွန်တော်တို့ အိမ်ရှေ့ မှာ တစ်သက်လုံးသူ့သီချင်းတွေ ချည်း ဘဲ တီးနေတာ လေ ဆို တော့ . .. သူက.  .ဟုတ်လား . ငါ လဲ အမှတ်တမဲ့ မို့မပြောဖြစ်တာပါတဲ့. . ရန်ကုန်တက္ကသိုလ်မှာ ကတည်းက သိ ပါသတဲ့. .


ကျွန်တော်လဲ ဟာ.. အဖေက လဲ ကျွန်တော်တို့လဲ သိချင်တာပေါ့ ဆိုတဲ့ အကြောင်း. .သူ့သီချင်းတွေ ကို ဘယ်လို ရအောင် ကျင့်ပြီး ရူးခဲ့တဲ့ အကြောင်းတွေ ပြောရင်း . .. ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ အပါအဝင် ဘိုထီး သီချင်းနှစ်ပုဒ်လောက်တီးပြလိုက်ပါသေးတယ် အဖေ ကတော့ ပြုံးပြီး နားထောင်ရင်း . . ကောင်းသားဘဲ ကွ တဲ့. .  အေး. . မင်းသိပ်သိချင်နေရင် နောက်တစ်ခါလာရင် ငါ မင်းကို ခေါ်ခိုင်းလိုက်ပါ့မယ် လို့ ဆိုပါတယ်


ကျွန်တော်လဲ ထူးဆန်း သွားပြီး . . ဆရာစိုင်းခမ်းလိတ်က အိမ်ကို လဲ လာသလားဆိုတော့. . လာတယ်လေကွာ တဲ့ ရန်ကုန်ရောက်ရင် လာလည်လေ့(ဂါရဝပြုလေ့) ရှိတယ်. . တဲ့. ... ကျွန်တော် လဲ အံ ဘြ ပြီး. . ဟ . . ငါ့အဖေ တယ် ဟုတ်ပါလား ဆို ပြီး သူ့ကိုကြည့်မိပါတော့တယ် .   . 


ဒါ့ထက် အောက်ဧည့်ခန်းက သူ့ ပုံတူလေး က သူ လက်ဆောင်ပေးတာလားဆိုတော့. . . ဟုတ်တယ်ကွ. . သူ့ အသက် ၆၀ ပြည့် မွေးနေ့ ပွဲ ကို ရှူမ်းလူငယ်တွေ စုပြီး မန္တလေး  မှာ လုပ်ကြတုန်း ငါ့ကို ပါ ရောပြီး ဂါရဝပြုခံဖို့ သူက  ဖိတ်တာကွ လို့ ဆိုပါတယ်(အဲ့ဒီ့ပွဲ ကို အဖေ ကိုယ်တိုင် သွားဖြစ်မသွားဖြစ်မမေး လိုက်မိပါ). . ကျွန်တော် လဲ အတော် အံ ဘြသွားပြီး . . နို့နေပါအုန်းအဖေရဲ့ အဖေ နဲံ့ ဘယ်လိုဖြစ်လို့ ရင်းနှီးတာတုန်းစာသင်ဘူးလို့လားဆိုတော့. .   ဟာ    မသင်ဘူးပါဘူး သူက ငါ့ ကို သိနေတာပါ လို့ဆိုပါတယ်. . . 


ပြောရင် မင်းက ကြွားတယ် ထင်အုန်းမယ်. . . သူက ငါ့ ကဗျာ တစ်ပုဒ်တောင် သီချင်းရေးခွင့်ပြုပါဆို ပြီးစာလှမ်းရေးဘူးလို့ ငါကခွင့်ပြုလိုက်ဘူးပါသဗျာ လိုပြောတော့မှ. . 


ဟား. . .ဒါကတော့ အဖေ တော်တော် လွန်သွားပြီလို့ ထင်ပါတယ်. .   သားအဖ ချင်း ကျွန်တော့ ကိုကြပ်ပြီ လို့ တကယ်ထင်လိုက်မိတာ ပါခင်ဗျား. . ဟာ. . အဖေက လဲ ဒါတော့နည်းနည်းလွန်သွားပြီ. .  ကဲ. .  ဘယ်သီချင်းတုန်း သူ့သီချင်းအားလုံးကျွန်တော်သိတယ် ဆိုတော့. .အဖေ က သိဘူးလေကွာ တဲ့ . . 


ဟာ . . အဖေကလဲ.  ခုနကပြောတော့ . . သီချင်းရေးထားတယ်ဆို . ဆိုတော့. . သီချင်းတော့ ငါက ဘယ်သိမတုန်းတဲ့ နားမထောင်းဖူးဘူးလေကွာတဲ့ . .ငါ့ကဗျာတော့ငါသိတာပေါ့ကွတဲ့. . သူငါ့ ဆီရေးတဲ့ စာလေး ကတော့ ငါ ကောင်းကောင်း မှတ်မိ ပါတယ်. . 


သူရေးတာ က ဆရာခင်ဗျား တဲ့ . . ကျွန်တော်ဟာ ကျွန်တော့တစ်သက်မှာ သူများရဲ့ စကားလုံးကို တစ်ခါ မှ ယူ မသုံးဘူးပါတဲ့ အခု ဆရာ့ တပည့်မလေးတစ်ယောက် . .ဆီက တွေ့ ရတဲ့ ဆရာ့ကဗျာလေးကို ကြိုက်လွန်းလို့ ယူသုံးခွင့်ပြု ပါခင်ဗျားတဲ့. . ဒါနဲ့ ငါလဲ သုံးပါခင်ဗျား ဘာမှ မဖြစ်ပါဘူး ဆို ပြီး ခွင့်ပြု ခဲ့ ဘူးပါသတဲ့.   


ဒါနဲ့ ကျွန်တော်လဲ အဖေ့ ကဗျာ က ဘာတုန်းဆိုတော့. . 


ဒီလိုကွ . ကျောင်းမှာ စာသင်နေတုန်းငါက   စာတိုပေစ လေးတွေ ရေးလိုက်. . . အင်္ဂလိပ် ကဗျာ လေးတွေ သိပ်လှ လို့ ခံစားရရင် ငါက ဘာသာပြန်လိုက်ချင်တဲ့ အကျင့်လေးရှိတယ် ကွ. .  တစ်ရက်မှာ ငါက စာသင်ရင်း .   အင်္ဂလိပ် ကဗျာလေးတစ်ပုဒ်ကို ကြိုက်လို့ ဘာသာပြန်ထားတာလေးကို ထည့်သင်လိုက်မိတယ်ကွ. . အော်ရီဂျင်နယ် စကားလုံးတွေ တော့ မဟုတ်တော့ ဘူးပေါ့ကွာ မြန်မာဆန်အောင် နည်းနည်းလုပ်ထားတာ  .. ကဗျာ ရဲ့ အဓိပ္ပါယ်  ကတော့ လူတွေရဲ့ ဘဝမှာ ဖြစ်ချင်တာတွေ များလွန်းလှပေမယ့် နည်းနည်းလေးဘဲ ဖြစ်ခွင့်ရတတ်တဲ့ သဘောလေးကို ဖွဲ့ထားတာ ပါ...  ၂ကြောင်းထဲ ပါ . . 


ဒါနဲ့ ကျွန်တော်လဲ အံဘြ သွားပြီး ရွတ် ပြ ပါဖေဖေ ဆိုတော့ မှ သူ ရွတ် ပြ ပါတယ်ခင်ဗျား. .  သူ့ ကဗျာလေးကတော့


ဆန္ဒ က အဏ္ဏဝါ   . . ကမ်းရှာ လို့ မတွေ့  


ကျွဲလူး အိုင် ပမာမျှ. .  ရတဲ့ဓလေ့.. . . ပါတဲ့ ခင်ဗျား. . 


အဲ့ဒီ့တော့ မှ . ကျွန်တော်လဲ . . ဆရာစိုင်းခမ်းလိတ် ရေး ခဲ့ တဲ့ . . စဉ်းစားမိတယ် ဆို တဲ့ သီချင်းလေးကို သွားတွေ့. ပါတော့တယ်. . . ဆရာ လိတ် ရေးခဲ့ ပြီး ဘိုထီးဆိုခဲ့တဲ့ တဲ့ စာသားလေးကတော့. .  


ဆန္ဒ တွေ သမုဒ္ဒရာ မက ပေမယ့်. . ပိုင်ဆိုင်တာ ကျွဲ လူးအိုင်ငယ် ဆို တဲ့ စာသားလေးပါဘဲ ခင်ဗျား. . 


(အဖေ့ အသက် ၈၈ မဆုံး ခင် နှစ်လ လောက် အလို မှာ ကျွန်တော် တို့ သူငယ်ချင်းတစ်စု . အဖေ နဲ့ စကားပြောရင်း အဲ့ ဒီ့ ကဗျာ လေးကို အဖေ့ ကို ရွတ်ခိုင်းပြီး. . Record လုပ်ထားဘူးပါတယ် ခင်ဗျား . ကြုံမှ ကျွန်တော် တင်ပေးပါ့မယ်. . )


ကျန်တဲ့ တစ်ပုဒ်လုံးကတော့ ဆရာလိတ်ဘဲ ဆက်ရေးသွားတာ ပါ . . 


၂၀၁၃ ရဲ့ မြန်မာ ပြည် ပြန်ရောက်တဲ့ အချိန် တစ်မနက်မှာတော့. .  ကျွန်တော်နဲ့ ကျွန်တော့သူငယ်ချင်းတစ်ယောက် အောက်ထိပ် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း အဖေ့ ဖုန်းဝင်လာပါတယ်. . မင်းသိပ်တွေ့ချင်နေတဲ့ . ဆရာလိတ် အိမ်ရောက်နေပါသတဲ့..   ဒါနဲ့    ကျွန်တော် နဲ့ သူငယ်ချင်းလဲ.   မနက်စာတောင် ဆက် မစားတော့ ဘဲ အိမ်ကို တန်းပြေးပါတော့တယ်. . . 


အဲ့ဒီ့တော့မှ ဘဲ. . ကျွန်တော်လဲ . .ကျွန်တော့ ရဲ့ Idol ကြီး ဆရာလိတ် နဲ့ ဆရာမ နွဲ့တင် တို့ ကို  ကို မျက်ဝါးထင်ထင် တွေ့ ဘူးပါတော့တယ် ခင်ဗျား. . 


အဖေနဲ့ ဆရာလိတ်ရဲ့ စကားပြောမှူ့ ဟာ သိပ်ချစ်စရာကောင်းပါတယ် . . .ပြုံးပြုံး ပြုံးပြုံး နဲ့  . စကားပြော နေကြ တဲ့ အဖေ နဲ့ ဆရာလိတ်တို့ရဲ့ အပျော် တွေ ဟာ . ကျွန်တော်တို့ ဆီမှာ ပါ နွေးထွေးမှူ့ နဲ့ ပီတိ အဟုန် ကို ကူးစက်သွားစေတဲ့ စကားဝိုင်းလေးပါဘဲ. .


အဖေ က လဲ ကျွန်တော် ရောက်တော့မှ ကဲ . . စိုင်းခမ်းလိတ်ရေ. . မောင်ရင့် ကို သိပ်တွေ့ ချင်နေတဲ့ ငါ့ သားတော်မောင် ဆို တာ ဒီအကောင်ပါဘဲ ဗျား. ဆိုပြီး အဖေ မိတ်ဆက်ပေးတော့ မှ ကျွန်တော် လဲ ဘေးက နေ ဆရာလိတ်ကို သူ့သီချင်းတွေ နဲ့ ပတ်သက်ပြီး . . မေးချင် တာတွေ . . ဆက်တိုက်မေးဖြစ် စပ်စုဖြစ်ပါတော့တယ် ..    မေးသမျှ လဲ ဆရာလိတ်က အကုန်ပြန်ဖြေ ပေးပါတယ် ခင်ဗျား. . .အသံတိုးတိုးနဲ့ အင်မတန် သိမ်မွေ့ လွန်းသော .. ချစ်စရာကောင်းသောစကားပြောဆို မှူ့ ရှိပါတယ်  . . 


ကျွန်တော် ကောင်းကောင်းမှတ်မိနေတဲ့ သူ့ ဂီတ သမိုင်း ကြောင်းလေးတစ်ခု ကို ထည့်ပြောပါရစေ. . 


သူ့ပြောပုံအတိုင်းလေးဘဲ ရေးပြ ပါ့မယ်


ကျွန်တော်တို့ ခေတ် မှာ Beatles အဖွဲ့ က အရမ်းနာမည် ကြီးတော့ . ကျွန်တော် က Beatles သီချင်းတွေကို လိုက်တီးတယ် ခင်ဗျ တဲ့. . တီးရင်းနဲ့ .   မြန်မာလို စာသားတွေ ထည့် ချင်လာရော . . ဒါနဲ့ မြန်မာစာသားထည့် ပြီး .   မိတ်ဆွေ တွေ အကို တွေ ကို ဆို ပြတော့. . သူတို့ အားလုံးက ... နားထောင်ပြီး. . မဆိုးပါဘူးကွ လို့ အမြဲ မှတ်ချက်ပေးကြတယ် ခင်ဗျ. . . . ဘယ်သူမှ ကောင်းတယ်လို့ မှတ်ချက်ပေးမသွားပါဘူးတဲ့. . ကျွန်တော်ကငယ်ငယ်ကတည်းက အင်္ဂလိပ် ကျောင်းမှာ အနေများတော့   .  ကျွန်တော့ မြို့ကို ပြန်ရောက်တော့ ခမ်းသီ တို့ လိုလဲ . ရှမ်းလိုသေချာ မပြောတတ်သေးဘူးဗျ . . ရှမ်းလူမျိုးရဲ့စရိုက်ကိုလဲသေချာမသိသေးဘူးခင်ဗျ . . သီချင်းတွေ က တော့ ရေးကို ရေးချင်နေတာပါတဲ့. . ဒါနဲ့ ရေးလိုက် နီးစပ်ရာ ရှမ်းအကို တွေ သူငယ်ချင်းတွေ ကို ပြလိုက်လုပ်နေမိတော့တာပါဘဲ တဲ့. .   သူတို့အားလုံးကလဲ ကျွန်တော့သီချင်းတွေ နားထောင် ပြီးရင် အမြဲတမ်း မဆိုးပါဘူးကွ လို့ဘဲ ပြောကြတယ်. . .


ကျွန်တော် လဲ နောက်တစ်နှစ်ခွဲလောက်ကြာမှ သိတာက. . . ကျွန်တော်တို့ရှမ်းတွေက တဖက်သားကို မကောင်းပြောရမှာ သိပ်အားနာတတ် တာကိုး .   ဒါကြောင့် သူတို့က မဆိုးပါဘူးလို့ဘဲ ပြောတာ. .တကယ်တမ်းက မကောင်းဘူးလို့ ပြောတာကို တစ်နှစ်ခွဲလောက်ကြာမှ သူသိ ခဲ့ရပါသတဲ့ခင်ဗျား. . . ပြုံးပြုံး နဲ့ပြောသွားတာပါခင်ဗျား.    


အဲ့ဒီ့နောက်ပိုင်းတော့ ကျွန်တော် တို သူငယ်ချင်းနှစ်ယောက်ရယ် အဖေ . ဆရာလိတ် ဆရာမ နွဲ့တင် တို့ အားလုံး စကားပြောကောင်းလိုက်ကြတာ.   နေ့လည် နှစ်နာရီခွဲ သွားပါတော့တယ် ခင်ဗျား.သူတို့ကို လိုက်ပို့ပေးနေတဲ့ ကားသမားကိုလဲ ကျွန်တော်တို့ ပြန်ပို့ပေးပါ့မယ်လို့ ဆင်းပြောပြီး ပြန်ခိုင်းလိုက်ရပါတော့တယ်.    


အဖေ က လဲ အိပ် ချိန်ရောက်နေတာတောင်. . ဆရာလိတ် တို့ ကို မပြန်စေချင်. . ဆရာလိတ်တို့ကလဲ အဖေ နဲ့ စကားပြော နေရရင် ပြန်မဲ့ပုံမပေါ်. . 


နောက်ဆုံး နေ့လည် နှစ်နာရီ ခွဲတော့မှ ကျွန်တော်က စပြီး ခေါင်းလောင်းခေါက် နေ့လည်စာ လိုက်ကျွေး ပါ့မယ်. . ဆရာတို့ လဲ အချိန်လင့်လွန်းနေလို့ပါ လို့ ပြောတော့မှဘဲ . . လမ်းမခွဲချင်ခွဲချင် နဲ့ စကားဝိုင်းအဆုံးသတ်လိုက်ရပါတယ်ခင်ဗျား


တချိန်က တရုတ်ပြည် ကြီး မှာ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် မော်စီတုန်းရဲ့ အန္တရယ် ကိုကြောက်ပြီး ပြည်ပ နိုင်ငံတွေကို ထွက်ပြေး ကြရတဲ့ တရုတ် လူမျိုးပညာရှင်ပေါင်းများစွာ ရှိခဲ့ ဘူးပါတယ်. .   မော်စီတုန်းလွန်ပြီးနောက် တိန့်ရှောင်ဖိန်ရဲ့ လက်ထက်ရောက်တဲ့ အချိန်မှာ  အစစ အရာရာ နိမ့်ကျ ကျန်ခဲ့တဲ့  နေတဲ့ တရုတ် ပြည်ကြီးကို ပြန်လည် ထူထောင်ဖို့ အတွက် တိန့်ရှောင်ဖိန်ဟာ . ကမ္ဘာ  အနှံ ပြန့်ကျဲနေတဲ့ တရုတ် ပညာရှင်ပေါင်းများစွာကို ပြည်တော်ဝင်ဖို့ မေတ္တာ ရပ်ခံ ခဲ့ရတဲ့ သမိုင်းရှိခဲ့ဘူးပါတယ်.  .ဒါဟာအခု ကျွန်တော်တို့ မြင်နေရ တဲ့ တရုတ်ပြည်ဖြစ်လာခဲ့တဲ့ သမိုင်းပါဘဲ.    . 

ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲ အပြီးမှာဘဲ စလုံး မှာ ရောက်နေတဲ့ မြန်မာ လူငယ် ပညာရှင်တော်တော်များများဟာ. . ပြည်တော်ပြန်ဝင်ဖို့အတွက် ဆုံးဖြတ်ချက် ချကြတဲ့ အကြောင်းတွေ. Resign letter(အလုပ်ထွက်စာ) တင်လိုက်ပြီ ဆိုတဲ့ အကြောင်းတွေ ကို မြင်ရ ကြားရပါတယ်..   တစ်ချို့က ဒီဇင်ဘာလကုန် . . တစ်ချို့က မတ် လကုန် စသဖြင့်ပါ. . အင်မတန် စိတ်ဓာတ် ဖြူစင်ကြသလို အရမ်းလဲ တက်ကြွကြတာတွေ့ရပါတယ်. .သူတို့ခေါင်းထဲ မှာ . ကမ္ဘာ့  အလည်မှာ အစစ အရာရာ နိမ့်ကျ ကျန်နေတဲ့ . . မြန်မာပြည်ကို အစ က ပြန်တည် ဆောက်ချင်နေကြတာပါ. . . အင်မတန် ချစ်စရာကောင်းကြပါတယ်.. . 


ဒီဖြစ်ရပ်တွေ ကို ဆက်စပ်စဉ်းစားမိရင်း အဖေ့ ကို အရမ်းလွမ်းမိပါတယ်. . . အဖေ့ရဲ့တစ်သက်လုံးကလေးတွေကို သတိ ပေးခဲ့တာ တစ်ခု ထဲ ပါ. . ပညာကို သာ ချကြစမ်းပါ . . တိုင်းပြည် ဆင်းရဲသွားတာ . အမျိုးသားရေးစိတ် မရှိလို့ မဟုတ်ဘူး.. . တိုင်းပြည်ကို မချစ်ကြလို့မဟုတ်ဘူး . ပညာမရှိလို့ကွ . . နားလည်လား. . ပညာမရှိလို့. .. သူသိပ်စိတ်ပူ ပြီးပြောခဲ့တဲ့ စကားလေးတွေပါ.


အခု အချိန်လေးမှာ သူ့ကို အရမ်းရှိစေချင်ပါတယ်. .  တစ်တိုင်းပြည်လုံးရဲ့ ဖြစ်ပျက်ပြောင်းလဲ လာမှူ့တွေကို သူ့ကို မြင်စေချင်လို့ပါ. .  တစ်နှစ်ထဲ နောက်ကျသွားတာပါ. . သူကတော့ မမြင် လိုက်ရတော့ဘူးပေါ့ဗျာ.     . 


သူ့ကဗျာလေးအတိုင်းပြောရမယ် ဆိုရင်တော့ . ကလေးတွေ ကို ဖြစ်စေချင်တဲ့ သူ့ဆန္ဒ က ကမ်းတောင်ရှာမတွေ့နိုင်တဲ့ သမုဒ္ဒရာ ကြီးလောက်ထင်ပါရဲ့လေ. .အကယ်၍   အဖေ သာ ရှိအုန်းမယ်ဆိုရင်. ကျွန်တော် ရယ်ဖြဲဖြဲနဲ့ပြောပြချင်သေးတာ က 


အဖေ . .လောလောဆယ် ကလေးတွေ က အဖေ့ ဖြစ်စေချင်တဲ့  သမုဒ္ဒရာ  ကြီးလောက်တော့ မကြီး သေးဘူးပေါ့ဗျာ. . . ဒါပေမယ့်. . ကျွဲလူးအိုင်ထက်တော့ ကျော်ပါတယ် အဖေရဲ့. . . ကဲ. . . အင်းလေးကန်လောက်တော့ ထားလိုက်ရအောင် ဘယ်လိုလဲ အဖေ သဘောတူ တယ်မို့ လား လို့ အထွန့်လေး လေးတက်ပြီးသူဝမ်းသာအောင် စ လိုက်ချင်ပါသေးတယ် ခင်ဗျား . .သူရယ်ပြီး ပြုံးနေမှာ မြင်ယောင်မိပါတယ်.    


ဆန္ဒက အဏ္ဏဝါ.  .  ကမ်းရှာလို့ မတွေ့


အင်းလေးကန် အရွယ်မျှ. . ရတဲ့ဓလေ့. .  လို့ 


ပြောင်းပေးလိုက်ပါတယ် အဖေ. . 


ခွင့်လွှတ်ပါနော်  . 


**********


၁၉၈၁ က စပြီးဟောပြောပွဲတိုင်းမှာ. အဖေ. ထည့်ပြောခဲ့တဲ့စကားကတော့ လူနဲ့တိရိစ္ဆာန် ကွာခြားချက်ပါ... အဖေ့ရဲ့ စာတွေစဉ်ဆက်မပြတ်ဖတ်လာခဲ့သူတွေအတွက်သိပြီးသားဖြစ်ပေမယ့် မသိသေးတဲ့ ညီငယ်ညီမငယ်များအတွက်ရည်ရွယ်ပြီးပြန်ရှင်းပြပါရစေ

လူဟာတိရိစ္ဆာန် ထက် သာတဲ့အချက် ၄ ချက်ဘဲ ရှိပါသတဲ့. . 


ရယ်မောတတ်တယ်. အလှအပကို ခံစားတတ်တယ် ဖန်တီးတတ်တယ်. . ကိုယ်ကျင့် တရားရရှိတယ်. . ကျိုးကြောင်းဉာဏ်ပညာ ရှိတယ်.

အဲ့ဒီ့ ၄ ချက်ထဲမှာ နောက်ဆုံး အချက်ဖြစ်တဲ့ ကျိုးကြောင်းဉာဏ်ပညာကြောင့် လူနဲ့တိရိစ္ဆာန် ဟာ ကွာ သွားခဲ့တာလို့ သူ့ရဲ့ ဟောပြောပွဲတွေမှာ ကလေးတွေကိုအမြဲ သတိပေးလေ့ရှိပါတယ်. . 

သူ့ရဲ့စဉ်းစားပုံ တွေဟာ . အင်မတန်ရှင်းလင်းလွန်းလှတာကို ပြန်လည်ပြောပြမှာမို့ ညီငယ်ညီမငယ်များ အထူးသတိပြု အာရုံစိုက်စဉ်းစားစေလိုပါတယ်. . 


လူဟာ. . ကျိုးကြောင်းဉာဏ်ပညာကြောင့် ကိုယ့်ထက် ခွန်အားကြီးလှပါတယ်ဆိုတဲ့ ဆင် ကို . . ချွန်းပေါက်ပြီးသစ်ဆွဲ ခိုင်းတယ်(ဆင်ရဲ့အနာဆုံးနေရာကို သိနိုင်တဲ့ပညာ လူမှာရှိတာကိုး)

ကိုယ့်ထက်အပြေးမြန်ပါတယ်ဆိုတဲ့ သမင်ကို မြှားနဲ့ပစ်တယ်. . သေနတ်နဲ့ ပစ်တယ်. . ကိုယ့်ထက် ရေကူးကောင်းပါတယ်ဆိုတဲ့ ငါးကို မျှားစားတယ်. . ကိုယ့်ထက်စည်းလုံးမှူ့အားကောင်းပါတယ်ဆိုတဲ့ ပျားကို ဖွတ်စားတယ်. . နောက်ကျ မွေးပြီးစားပစ်တယ်... . .

နောက်ဆုံးသူ့ရဲ့ သုံးသပ်ချက်ကတော့. . . ကောင်းပြီ လူ က တရိစ္ဆာန်ထက်သာတာ ကျိုးကြောင်းဉာဏ်ပညာကြောင့်ဆိုတာသေချာတယ်. . ဒါဆိုလူအချင်းချင်း ကော. . .


ကျိုးကြောင်းဉာဏ်ပညာကြီးတဲ့သူက ကျိုးကြောင်းဉာဏ်ပညာ နည်းတဲ့သူကို အနိုင်ယူသွားမှာ ဘဲ .. လူမျိုးအချင်းချင်းရော. . . ကျိုးကြောင်းဉာဏ်ပညာ ကြီးတဲ့ လူမျိုးက ကျိုးကြောင်းဉာဏ်ပညာနည်းတဲ့ လူမျိုး ကို အနိုင်ယူသွားမှာဘဲ. . . တိုင်းပြည်အချင်းချင်းရော. . ကျိုးကြောင်းဉာဏ်ပညာကြီးတဲ့ တိုင်းပြည်က. ကျိုးကြောင်းဉာဏ်ပညာနည်း တဲ့ တိုင်းပြည်ကို လွှမ်းမိုးသွားမှာဘဲ..တဲ့. 

အင်မတန် ရှင်းလင်းတိကျ လှ တဲ့ သတိပေး သုံးသပ်ချက်ပါခင်ဗျား. . 


အခုရက်ပိုင်းအတွင်းစင်္ကာပူက လီကွမ်ယုရဲ့ စာလေးတစ်ခုပြန် တက်လာပါတယ်. . . ကိုယ့်လူတွေကိုသာပညာတတ်အောင်သင်ပေးထားကြပါ သူ့အလိုလို အောက်ကျို့လာကြပါလိမ့်မယ်တဲ့. . အင်မတန် မှန်တဲ့စကားဖြစ်ကြောင်း ထွေထူး ရှင်းပြစရာမလိုတော့ပါ. .. 

ဒီလိုမျိုး သတိပေးစကားကို လွန်ခဲ့တဲ့ အနှစ် လေးဆယ်နီးပါးကတည်းက ဦးအောင်သင်းဆိုတဲ့သူက မြန်မာတစ်နိုင်ငံလုံးပတ်ပြီး သတိပေးစကား ကြိုတင် ပြောခဲ့ပါတယ်ခင်ဗျား. . သို့ပေမယ့် အင်မတန် ဆင်ချင်တုံတရားနည်းခဲ့သော . မိုက်မဲလွန်းလှသော. အစိုးရအဆက်ဆက် က ဥပက္ခာ ပြုခဲ့ကြ ခြင်းဟာ. . မြန်မာနိုင်ငံအတွက် နစ်နာမှူ့ ကြီးလွန်းလှပါတယ်. 


. ဒီစာ. . ဒီစကားကို သူ့သားတစ်ယောက်အဖြစ်နဲ့ပြောတာ မဟုတ်ပါ. . မြန်မာနိုင်ငံက လူငယ်တစ်ယောက် နိုင်ငံသားတစ်ယောက် အဖြစ်နဲ့ ရင်နာလွန်းလို့ ပြောလိုက် ခြင်းကိုသိစေလိုပါတယ်. . 

၁၉၈၁ က စ ဘဝ တစ်လျှောက် လုံးသေသည်ထိ သတိပေးသွားခဲ့ တဲ့ ဦးအောင်သင်းစကားဟာ ပညာကိုဘဲ ဇောက်ချ လုပ်ကြပါ တခြားနည်းလမ်းမရှိဘူး ဆိုတဲ့စကား တစ်ခွန်းထဲပါဘဲ 


အဲ့ဒီ့အတွက် ဦးအောင်သင်း မကြားလိုက်ရတော့တဲ့ နိုင်ငံကျော်စကား တစ်ခွန်းကတော့. . ပညာရေးဆိုတာ ပြန်မရတဲ့ အရင်းအနှီးတဲ့. . . ဘယ်လိုတွေးလိုက်တယ်. .ဘယ်အကြောင်းကြောင့်၊ ဘာကြောင့် ဒီစကားမျိုးကိုရုတ်တရက် ပြောထွက်လိုက်တယ်ဆိုတာကို ကျွန်တော်မသိလိုက်ပေမယ့် . . အဖေ အသေ စောသွားခြင်း ဒီစကားကို မကြားသိလိုက်ရခြင်းအတွက်. . . ကျွန်တော် ကံကြမ္မာ မျက်လှည့်ဆရာကိုကျေးဇူးတင်ပါတယ်. . . သူ့တပည့်တစ်ယောက်ပါးစပ်က ဒီစကားမျိုးပြောလိုက်တယ်ဆိုတာ ကြားရင် . . ရင်နာ ပြီးအသေ မဖြောင့် မှာ စိုးလို့ပါ. . တကယ်ပြောတာပါ. . ရင်နာလွန်းလို့ပါ. . . 

အခုထက်ထိ ဘာလုပ်ရမှန်းမသိကြသေးဘဲ. . မိုက်မဲလို့ကောင်းနေကြတုန်းမို့ပါ. . . . 


ကျွန်တော့အနေနဲ့. . နိုင်ငံရေးစကားပြောနေတာ မဟုတ်ခြင်းကိုသတိချပ်စေလိုပါတယ်. . . ခု ကျွန်တော့ အကောင့်ထဲ မှာ. . ခြင်္သေ့ ရော ဒေါင်းရော. . . စာရေးဆရာရော ကျောင်းသားရော. စစ်သည်တွေရော. .ကိုယ်တော်တွေရော . သူငယ်ချင်းတွေရော စုံနေပါတယ်. ..အခုပြောခဲ့တဲ့ သုံးသပ်ချက်ဟာ. . . မြန်မာပြည်အတွက်နစ်နာလွန်းလို့ ပြောလိုက်ခြင်းကို နားလည်ပေးစေလိုပါတယ်. 

၂၀၁၀လောက်မှာ ကျွန်တော်နဲ့ ညီမလေးလိုနေတဲ့ ညီမတစ်ယောက် နဲ့စကားအေးအေးဆေးဆေး ပြောဖြစ်ပါတယ်. . သူက accountance (စာရင်းကိုင်) ပါ. . အလုပ်အသစ် ရပြီး ဆင်းနေကြောင်း လစာ သင့်တယ်ဆိုတဲ့ အကြောင်း အလုပ်က အဆင်ပြေတဲ့အကြောင်းတွေ.ပြောပြပါတယ်


. .ကုမ္ပဏီ ကတော့ ..သူ့ ရဲ့သူဌေး ရယ် အင်္ဂလန်နိုင်ငံသားတစ်ယောက်ရယ်. . သူ ရယ် . . ၃ယောက်ဘဲ ရှိတဲ့ ကုမ္ပဏီပေါက်စကလေး ပါတဲ့. . တခြားကုမ္ပဏီကြီးတစ်ခုရဲ့ရုံးခန်းထဲ မှာ ဝင်ပြီး အခန်းလေးတကန့် ကန့် ပြီး အလုပ်လုပ်ရတာ ဖြစ်ပါသတဲ့. . 

သူစ အလုပ်လုပ်ပြီး. ၂လလောက်ကြာ မှသူသိရတာက သူ့ ကုမ္ပဏီသူဌေး က. . တကမ္ဘာ လုံးက ရှိသမျှ ဘဏ်တွေမှာ ငွေ တွေ ကစား နေသူ ဖြစ်မှန်းသိရပါသတဲ့. .


ဒီနိုင်ငံက ဘဏ်မှာ ငွေချေး နောက် နိုင်ငံတစ်ခု က အကြွေးကို ပြန်ဆပ် နောက်တစ်နေရာကချေး နောက်တစ်နိုင်ငံ ကိုဆပ်နဲ့ . . အခွန်တွေ လွတ်အောင်ရှောင်ပြီးငွေကြေးဆော့ နေသူ ဖြစ်မှန်းသိရပါသတဲ့.. (ကျွန်တော် သဘောတရားကိုသာပြောပြ လိုခြင်း ဖြစ်ပါတယ်. . တိကျမှူ့ ရှိမည် မဟုတ်ပါ. . ဘဏ်လုပ်ငန်းမှာ ကျင်လည်နေသူ များ ကျွန်တော် အခု ပြော ပြ ခြင်းကို တန်းနားလည်နိုင်ပါလိမ့်မယ်. . ) ဘဏ်ပညာနဲ့ လူလည်ကျနေသော ကုမ္ပဏီမျိုးကို ဆိုလိုဟန်တူပါ တယ်.


သူအလုပ်ဝင်ပြီး (၇)လ လောက်ကြာတဲ့ အခါ . . ကျွန်တော်တို့ မြန်မာ ပြည်မှာ ရွေးကောက် ပွဲလုပ်အ ပြီး. . နိုင်ငံခြားကုမ္ပဏီတွေ ကိုစတင် လက်ခံ ချိန်မှာ . အဲ့ဒီ့သူဌေး က. သူလဲ မြန်မာပြည် ကို ချက်ခြင်းဝင်ချင် လို့ ခုန က ညီမ ကို အကူ ညီ တောင်းပါသတဲ့ . မြန်မာနိုင်ငံ မှာ သူ့ကုမ္ပဏီကို ဖွင့်ချင်ကြောင်း. . ညီမ ကို ဒါရိုက်တာ ထဲ မှာထည့်ပြီး . . မြန်မာနိုင်ငံက လယ်တွေ ကိုလဲ ဝယ်ချင်ကြောင်းပြီးမှ . လယ်ပြန်ငှါးပြီး စိုက်ချင် တဲ့ အကြောင်း

ထွက်လာတဲ့ ဆန်စပါးကနေ အမြတ် အစွန်းတွေအများကြီးရ နိုင်ကြောင်း ရွန်းရွန်းဝေအောင် ပြောပြီး တိုင်ပင်တယ်လို့ ဆိုပါတယ် 

အဲ့ဒီ့ ညီမလဲ သူ့သူဌေး ကို ကြည့်ရင်း အတော် စိတ်ပျက် သွားပြီး . . ချက်ချင်း resign letter တင်လိုက်တာတွေ့ရပါတယ်. ... ကျွန်တော်က အံဘြ ပြီး ဘာဖြစ်လို့တုန်း နင် အလုပ်အဆင်မပြေလို့လားလို့မေးတော့. ..မဟုတ်ဘူးတဲ့. အဲ့ဒီ့ကုမ္ပဏီမှာ လုပ်ရတာ စိတ်မသန့်တော့ဘူးတဲ့. . သူတို့က အလုပ်တကယ်လုပ်တဲ့ ကုမ္ပဏီ မျိုးမဟုတ်ဘူးတဲ့ အခု မြန်မာ ပြည် ကိုဝင်ချင်တယ်ဆိုတာကလဲ . .လူလည် ကျ ဖို့ဘဲလာမှာတဲ့. . တိုင်းပြည် ထဲ မှာ တကယ်လာ အလုပ်လုပ် မှာ မျိုးမဟုတ်ဘူးတဲ့. .


ငွေပင်ငွေရင်းလေး နည်းနည်း စိုက်ပြီး လူလည်ထပ်ကျ အုန်းမှာတဲ့. . သမီးတို့ တိုင်းပြည်က ဒီအတိုင်းတောင်စုတ်ပြတ်နေတာ. . ဘာဥပဒေမှလဲ ခိုင်ခိုင်မာမာ ရှိသေးတာ မဟုတ်ဘူးတဲ့. . သူတို့ လို ကုမ္ပဏီ မျိုးကို တခြားသူကြောင့် ဆိုရင်တော့ မပြောတတ်ဘူး သမီးကြောင့်တော့ တိုင်းပြည်ထဲ အဝင် မခံ နိုင်ဘူး ဆိုပြီး ဆုံးဖြတ်. .အလုပ် ထွက်ပစ်လိုက်တာလို့ ဆိုပါတယ်. . 


အဲ့ဒီ့ညီမရဲ့ စိတ်ဓာတ်ကအင်မတန် လေးစားစရာကောင်းလှ သလို . တဆက်ထဲ စဉ်းစားမိတာက. ကျွန်တော်တို့ တိုင်းပြည် အတွက်လဲ အင်မတန် စိုးရိမ်စရာကောင်းလှပါတယ်. .အခုလို တံခါးဖွင့်စီးပွားရေးနဲ့အတူ.. ဒီလို ဝင်လာမယ့် ကုမ္ပဏီ တွေ ဘယ်လောက်တောင် ရှိမလဲ. . ကျွန်တော်တို့ဖက်ကရော ဘာတွေ ပြင်ဆင်ပြီးပြီလဲ.ဘယ်လိုခိုင်မာတဲ့ ဥပဒေတွေ ရှိနေပြီလဲ. 


သေနတ်ကိုင်နေတဲ့ လက်တစ်စုံဟာ ဒီလိုမျိုး လူလည်ကျနေမယ့် စီးပွားရေးပညာတွေကို ကာကွယ်နိုင်ကြမှာလား၊ သိရဲ့လား၊ သိပါ့မလား. . .ရှေ့ဆက်ပြီး ပညာရှင်တွေကို ချောင်ထိုးထားအုန်းမယ်ဆိုရင် တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့  အလည် မှာ အချဉ် ကြီးဖြစ်နေအုန်းမှာပါဘဲ.. . သတိပြုမိကြပါစေ. . . 


အဖေ ပြောတဲ့ စကားလေး သွားသတိရပါတယ်.. ကမ္ဘာ မှာ ကိုလိုနီ တို . . ဖက်ဆစ်နယ်ချဲ့ တို့ဆို တာမရှိတော့ဘူးကွ. .. . ငါတို့ တိုင်းပြည်ကို . .ဂျပန်လာတယ်. . အင်္ဂလိပ် လာတယ် ဘာလိုချင်လို့ လာတာလဲ. . သစ်တောနဲ့ ရေနံမြေ. ဆန်ရေစပါး. . သယံဇာတ . .ဒါတွေ ကို လိုချင် လို့လာတာပေါ့ ကွ. . 


အရင်က ဖက်ဆစ်နယ်ချဲ့တို့ ၊ကိုလိုနီတို့ ဆိုတာက ဒီနေရာကြီးကို လာ. . သေနတ်တွေ လက်နက်တွေ နဲ့ အုပ်ချုပ်ထားရသေးတယ်. . ပြသနာမျိုးစုံရှင်းရသေးတယ်. . ဒီကြားထဲ ဖက်ဆစ်၊ နယ်ချဲ့ ဆိုပြီး နာမည် ပျက်သေးတယ် . အခု အဲ့ဒီလို မဟုတ်တော့ဘူးကွ. အတတ် ပညာ နဲ့ နယ်ချဲ့ တဲ့ခေတ် ရောက်နေပြီ. . 


ဒီကောင်တွေ ဆီ က ကျွန်းသစ်ကလေး က တော့ မဆိုးဘူး ... ဒီကောင်တွေ ဟိုင်းလက်စ် ကား မလုပ်တတ် ဘူး . . ရော့ ကားတစ်စီး ပြန်ပေးလိုက်သစ် ဘယ်နှစ်တန်.... 


သူတို့ ဆန်လေး က မဆိုးဘူး. . ဒီကောင်တွေ တီဗွီ မလုပ်တတ် ဘူး. .. ရော့ တီဗွီ တစ်လုံး. ပေးလိုက်စမ်း စပါး ငါးစီးတိုက်.. ကျုပ်တို့ တောင်သူ ကြီးတွေက ဖင် ထဲ ရွှံ ဘယ်နှစ်ခွဲ သားလောက်ဝင်မှ ဆန်တစ်စေ့ထွက်တာတွေ . 

ဘာညာ ဘာညာ လာ မလုပ်နဲ့ အတတ် ပညာ နည်းပညာ မရှိ ရင် ခံ လိုက်ကြ. ဒါဘဲ. 


ကမ္ဘာ့ အနာဂတ်စစ်မြေ ပြင်ဟာ . တက္ကသိုလ် ရဲ့ စာသင်ခန်းထဲမှာ ကွ. .တက္ကသိုလ် ရဲ့ စာသင်ခန်းထဲမှာ. . . သေနတ်တွေကိုင် ဓားတွေ ကိုင် ပြီး . . ယိစ် ယား တွေ လုပ်နေရင် ပေါတောတောကြီး ဘဲ ဖြစ်နေမှာပေါ့ကွ . . ပညာခေတ်ကိုရောက်နေပြီ တဲ့. အင်မတန်ကြောက်စရာ သတိထားစရာကောင်းလှ ပါတယ်. .

ကျွန်တော်တို့ တိုင်းပြည် တကယ်လုံခြုံ ပြီ လား . ... တကယ် ကာကွယ်နိုင်ပြီလား . . အနာဂတ် စစ်မြေပြင်အတွက် အဆင်သင့် ဖြစ်ပြီလား

အခု စာ ဖတ် နေတဲ့ ကျွန်တော့ မိတ်ဆွေကြီးရော ဘယ်လိုခံစားရပါ သလဲ. 


**********


ခုဒီရက်ပိုင်း အစာအိမ် သိပ်မကောင်းလို့ မကြာခဏ ဆန်ပြုတ် စားဖြစ်နေတယ် ဗျ.  စ လုံးမှာ က တရုတ်အများစုနေတဲ့ တိုင်းပြည်ဆိုတော့ ဆန်ပြုတ် ကို ပုံစံ မျိုးစုံ စားကြပါတယ်. . သူတို့ လူ မျိုးစုလိုက် စားတဲ့ဆန်ပြုတ် ပုံစံလေးတွေကို ဗဟုသုတ အဖြစ်နဲ့ပြောပါရစေ.  . ဒီမှာက ဆန်ပြုတ် ၄ မျိုးလောက်ရှိတာ ကို သတိထားမိပါတယ်.


 ပထမဆုံး. 


ကွန်ဂျီ လို့ (တချို့ကလဲporridge လို့ဘဲ ရိုးရိုးခေါ်ပါတယ်) ခေါ်တဲ့ ဆန်ပြုတ် ရဲ့အကြောင်းကိုပြောပြပါ့မယ်. ကွန်ဂျီ  က ဆန်တွေ အားလုံး ကို ပြစ်နှစ် သွားပြီး ထမင်းစေ့ တောင် ရှာ လို့ မရ တော့ သလောက်နီးနီး အိုးကြီးနဲ့ အဆင်သင့် ကျိုထားပါတယ်. .   စားမယ့်သူ လာချိန်မှ . . ဘာအသားနဲ့ စားချင်တယ် ဆိုတာ ကို မှာရပါတယ် ဝက်သား၊ ကြက်သား၊ ငါး၊ ပင်လယ်စာ ၊. ဆေးဘဲဥ. စသဖြင့်ပါ  .


ဒါကိုမှ မှာ တဲ့ သူ ရဲ့ အော်ဒါပေါ်မူတည်ပြီး. . ပန်းကန် တစ်ခွက်စာ ဆန်ပြုတ် ကို အိုးအသေးလေးထဲ ထည့် အသား အစိမ်း အကျက် အရသာ ကို ပါရောထည့် ပြီး ကြေးအိုးလို ၃မိနစ်လောက် မီးပြင်း ပြန်တိုက်ပါတယ် . ပြီးမှ စားသုံးသူ ကို ပေးတာပါ. . ကြက်သွန်မြိတ်နဲ့ကြက်သွန် အနီကျော် ငြုတ်ကောင်းကို နောက်ဆုံး serve လုပ်ခါနီး မှ ထည့် တာတွေ့ရ ပါတယ်.  .   


သူနဲ့ တွဲဖက်စားလေး ရှိတာကတော့ အီကြာကွေးရယ် . Raw fish လို့ ခေါ်တဲ့ ငါးအသားစိမ်း ကို သုတ်ထားတာမျိုးနဲ့ပါ. .များသောအားဖြင့်တော့ tuna ငါးကို သုတ်လေ့ ရှိပါတယ်. တခါတရံ ငါးရံ့ကိုသုတ် တာ တွေ့ဘူးပေမယ့် နည်းပါတယ်. .တခြားတွဲဖက်စားလေ့ရှိတာကတော့ ကြက်ခြေထောက်ကို ပဲငံပြာရည်နဲ့ နူးအိနေအောင်နှပ်ထားတာမျိုး. Hand made ပဲပြားကို အတုံးလိုက်အတိုင်း ပဲငံပြာရည် နဲ့ နှပ်ထားတာမျိုးတွေပါ. ပြီးရင် ငါးငံပြာရည် နဲ့ ငြုတ်သီး လှီးထားတာလေးတွေ ကိုခွက်အသေးလေးထဲထည့်ပြီး အပေါ့၊အငံ၊အစပ် ဘေးမှာချပြီးစားလေ့ရှိပါတယ်. ငါးအစိမ်းသုတ်ဆိုလို့  မြန်မာပြည်က အသုတ်စုံလို မထင်စေချင်ပါ. . ငါးအသားချည်းဘဲကို  အနေတော် လေးတွေ လှီးထားပြီး ဆီနဲ့ အတော်ကြာကြာစိမ်ပြီး နှပ်ထားပါတယ်.(ညှီနံ့ ပျောက်အောင်ထင်ပါတယ်)   Serve လုပ်ခါနီးမှ . ဆလတ် ဂေါ်ဖီ ထုတ် လှီးထားတာလေးတွေပေါ်မှာငါး အသား ကို တင်ပါတယ် .  အပေါ်က ဂျင်းနှပ် အမျှင် လေးတွေ တင် အစပ် နည်းနည်းလျှော့တဲ့. ငြုတ်သီးစိမ်း အပွ အနီ လှီးထားတာလေးတွေတင် . အရသာ အရည် နည်းနည်း ဆမ်း ပြီးမှ လီမွန် အသေးလေး တစ်လုံး ထည့်ပေးလိုက်တာမျိုးပါ .   စားတဲ့ သူက မှ အချဉ်ကြိုက်ရင် လီမွန်ကို အသားပေါ် ညှစ်ချ ပြီး ကိုယ်ဖာသာ တူ နဲ့ နယ်လေ့ ရှိပါတယ်. ပြီးမှ ဆန်ပြုတ် တစ်ဇွန်းသောက်လိုက် ငါးအသားစိမ်းကို တူ နဲ့ ညှပ် စားလိုက်စားတာမျိးပါ. (သွားရည် ကျ လာပြီ . . . ညနေတော့ သွားစားအုန်းမှပါ)


နောက်တစ်မျိုးကတော့မြေပဲ ဆန်ပြုတ်ပါ...သူက လဲကွန်ဂျီလောက်နီးနီး ကျို အရသာပြင်ပြီးနွေးထားပါတယ်... စားခါနီး မှ မြေပဲပြုတ် ၄၊ ၅ ဆန်လောက် ထည့်ပေးပြီး ရင်ဘောင်ဇာ လို့ခေါ်တဲ့ ငါးသေးသေးလေးတွေ အကျွတ် ကျော်ထားတာလေး ကိုထဲ့ ကြက်သွန်မြိတ်ကလေး ထည့်ပေး လိုက်တာပါ. . သူ့ ကို ရောင်းပုံကတော့ အကြမ်းပန်ကန်လုံး ကျော်ကျော်လောက်ပဲ ရှိတဲ့  ပန်းကန် ထဲ ကို ထည့်ရောင်းတာမျိုးပါ.. ယောက်ချို အလတ်စား တစ်ခါခပ်လောက်ပါဘဲ ဈေးလဲ သက်သာပါတယ် စ လုံး ရဲ့ ဟိုးအရင်ကတည်းက စားလာတဲ့ ပုံစံထင်ပါတယ်. . တွဲ စားလေ့ရှိတာကတော့ ကြာဇံကျော် ပန်းကန် အသေးလေး နဲ့ ပါ. .တခြား အတွဲတွေကတော့ အသားပြားကျော် ကြက်ဥကျော် လေးတွေ ရှိတတ်ပါတယ်. .  မနက်အစောပိုင်းဘဲ ရောင်းလေ့ ရှိပြီး နေရာတိုင်းမှာ မရှိပါ. တချို့ ကင်တင်းတွေမှာဘဲ ရှိပြီး အဖိုးကြီး အဖွားကြီးတွေ အများဆုံး စားကြတာတွေ့ရပါတယ်.   စားလို့ အရသာရှိပါတယ်. . 


နောက်တစ်မျိုးကတော့ . Fish porridge လို့ ခေါ်ပြီး တရုတ်လူမျိုးစု တစ်စုရဲ့ ရိုးရာ ဖြစ်ပုံရပါတယ်. . အော်ဒါမှာတော့ မှ ငါးအသားဖတ် ၄. . . ၅ ဖတ်ကို ဆွတ်ပြုတ် တစ်ပန်းကန်စာ ရေထဲ ထည့် ပြီး ပြုတ်တာပါ. ချခါနီး မှ ထမင်း ပန်းကန်လုံးတစ်လုံးကို ဆွတ်ပြုတ်ထဲ ထည့် လိုက်တာပါ. .  အရေကြည်ထဲ မှာ ထမင်စေ့တွေနဲ့ ပါ. . မြန်မာ တစ်ယောက်အတွက် အတော် ဆိုးတဲ့ မြင်ကွင်းပါ. ... လက်ဆေး ဇလုံထဲ ထမင်းစေ့တွေ ကျ နေသလိုခံစားရပါတယ် .  ရောက်ခါစ မှ ၂ခါ ၃ခါလောက်မှားပြီး စားဘူးပါတယ် အရသာရှိပေမယ့် . . အတော် စားယူလိုက်ရပါတယ်ခင်ဗျား. . 


နောက်ဆုံး တစ်မျိုး ကတော့ တေချူးး ဆို တဲ့ လူမျိုးစု တွေ စားတဲ့ ပုံစံပါ. .  သူကတော့ စလုံး မှာ အစားအများဆုံး ပါဘဲ နေရာ တိုင်းမှာ ရှိပါတယ်. . ရိုးရိုး ဆန်ပြုတ်  (မြန်မာတွေ ပြုတ်သလောက် ထမင်းစေ့တွေ ကွဲ ရုံလောက်ဘဲခပ်ပြစ်ပြစ် ပြုတ်ထားတာကို မြေ အိုး အကြီးကြီးတွေ နဲ့ ထည့်ထားလေ့ရှိပါတယ် .  ထမင်းရည် အကြည် ကျန်နေပါသေးတယ်. ဆိုင်တော်တော်များများက ရွှေ ကန်းဇွန်းဥ လေးတွေ ကို သေးသေးတုံးပြီး နည်းနည်းလေး ထည့် ပြုတ်ကြလေ့ရှိပါတယ်.  အချိုရစေချင် လို့ ဖြစ်ဟန်တူပါတယ်.  


သူကတော့ ဆန်ပြုတ်ကို တရုတ် ဟင်းမျိုးစုံနဲ့ စားတာပါ. . ကိုယ်စားချင်တဲ့ ဟင်း အသီးအရွက်ကျော် ၃၊ ၄မျိုးလောက်နဲ့ စားတာပါ. . ဟင်းပန်းကန်ပြားတစ်ခု ဆန် ပြုတ် ပန်းကန် တစ်လုံး နဲ့ စားကြတာပါ.  


ဟင်းအမျိုးအစား ၃၀လောက်ရှိတဲ့  နာမည်ကြီး ဆိုင်တွေ က အစ ဟင်း ဆယ်မျိုးလောက်နဲ့. ရောင်းတဲ့ ဆိုင်လေးတွေ အထိ နေရာတိုင်းမှာတွေ့နိုင်ပါတယ်. . ဟင်းချက်ကောင်းရင်ကောင်းသလို စားရတာ အရသာရှိလှပါတယ်. . ငြုတ်ချဉ် ရယ် ၊ တရုတ်ပဲငပိ  အငံရယ် ကို ချပေးထားလေ့ရှိပါတယ်. .ကျွန်တော် အစားအများဆုံး ဆိုင်မျိုးပါ


မြန်မာ ပြည်မှာ ဒီလို ဆိုင်ဖွင့်ရင် အောင်မြင် မလားမသိဘူးဆိုတဲ့ စီးပွားရေး လုပ်တိုင်းရှူံးခဲ့တဲ့ ကျွန်တော် တွေးမိပါသေးတယ်. .ဟုတ်ကဲ့ အခု လို တွေးမိတာကို က ကျွန်တော် ကွဲ အုန်းမှာပါဘဲ ခင်ဗျား.  


ကျွန်တော်တို့မြန်မာတော်တော်များများက ဆန်ပြုတ်ကို သိပ်မကြိုက်ကြဘူးခင်ဗျ.   ဆန်ပြုတ် ဆိုတာ လူမမာစာ လို ထင်နေတဲ့ အတွေးရယ် . စားလေ့စားထ မရှိတာရယ်ကြောင့် ဖြစ်နိုင်ပါတယ်. . 


ထူးဆန်းတာက ကျွန်တော်က ဆန်ပြုတ်ကြိုက်နေတာပါဘဲ. . ငယ်ငယ်တုန်းက ဆန်ပြုတ်ဆိုတာ နေမကောင်းရင်သောက်ရပါတယ်. . သိပ်ငယ်လွန်းတဲ့ အချိန်ကို မမှတ်မိပါ.


ကျွန်တော်တို့ အိမ်မှာ မိသားစုထမင်းစုစားတဲ့ ထုံးစံလေးတစ်ခု ရှိတယ်ဗျ.. .  ကျွန်တော် မှတ်မိသလောက် ၁၉၇၃ လောက်(အသက် ၇) ကစ ပြီး ၁၉၈ရ လောက်အထိ ပါ.. တစ်လ ကို တစ်ကြိမ်. . လောက် မိသားစု ထမင်းစုံညီ စားကြတာမျိုးပါ.ဘာထူးဆန်းလို့ လဲ လို့ ပြောလို့တော့မရဘူးခင်ဗျ . . နေ့စဉ်ထမင်းစားချိန်တိုင်းမှာ အဖေ သိပ်ပါလေ့ မရှိဘဲကိုး . . ကျွန်တော်တို့က အမေ ထမင်းဟင်းချက်ပြီး ၆၃၀၊ ၇ နာရီ လောက်မှာစား လိုက်ကြတာများပါတယ် အဖေက ၈၃၀၊ ၉နာရီ လောက်မှ စားလေ့ ရှိတော့ အတူ မိသားစုလိုက် ဆုံ ပြီး စားတာနည်းပါတယ်.   


အဲ . . တစ်လ တစ်ကြိမ်  မှာတော့ အဖေ က မိသားစု ကို အချိန်ပေးပါတယ်. . အဲ့ ဒီ့နေ့မျိုးဆိုရင်အမေက အိမ်မှာ ချပါတီ ၊ ပေါင်မုန့် ၊ ဆန်ပြုတ် တစ်ခုခု လုပ်ပြီး ထမင်းလွတ် စားကြလေ့ ရှိပါတယ်. .  . . များသောအားဖြင့် စနေနေ့ ညစာပါ.  . .အဲ့ဒီ့နေ့မျိုးဆိုရင် အဖေ က အမြဲစောစော ပြန်လာပါတယ်


ချပါတီ လုပ်တဲ့နေ့ဆိုရင် နေ့လည်ကတည်း ကအမေဂျုံတွေ နှဲ နေရင် ဝင်ပြီးဆော့.   ကိုယ်တိုင်ဝင်နှဲ. . ဂျုံတွေကို လက်သီးနဲ့ထိုးပြီးဆော့. . ချပါတီအဝိုင်းတွေကိုကိုယ်တိုင် ဝင် လုပ်ရင်းဆော့တာပါဘဲ   (တကယ်တန်းဂျူံ  နှဲရတာ က အတော် လက်ညောင်းပါတယ်ခင်ဗျား. ). ပြီးရင် အမေက ဆိတ် ပဲ အာလူး၊( ဒါမှ မဟုတ် ကြက်ပဲ အာလူးပါ ). . နဲ့ ကြက်သွန်ပူစီနံ အချဉ် ငြုတ်သီးစိမ်း လေးတွေ အဆင်သင့် .့ လုပ်ထားပါတယ် .  . အဖေ ကတော့ ညနေ ကတည်းက ပြန်ရောက် အေးအေးဆေးဆေး ရေချိုးပြီး ပါစကလေးနဲ့ နှပ်နေလေ့ ရှိ ပါတယ်. .  အဲ သူ့ကို သွား ပြီးလောတာကတော့ ကျွန်တော်ပါ.  မဆလာနံလေးကလဲ အိမ်ထဲ မှာ မွှေးနေတာကိုးဗျ.     


အဖေ မြန်မြန် လုပ်လေဗျာ ဆို . . အဖေက အေးပါကွ.  . ..  ဗိုက်ဆာတယ် အဖေရ ဆိုရင် အေးပါကွ . . ဆာတော့ ပိုစားကောင်းတာပေါ့ကွ. .  ကျွန်တော်က ဒီည အများကြီးစားမှာဗျ.   .   ဟုတ်လား တကယ် အများကြီး စားနိုင်ပါ့မလားကွ နဲ့ ကျွန်တော့ကို စ နေလေ့ ရှိပါတယ်. .. 


ချပါတီ နဲ့ ဆိတ်ပဲ ဆိုရင်တော့ ချပါတီကို အိမ်မှာဘဲ လုပ်လေ့ရှိပြီး ပေါင်မုန့်နဲ့ ဆိတ် ၊ ကြက်ပဲ ဆိုရင်တော့ အဖေ က စားခါနီးမှ အပြင်က ပေါင်မုန့်ဝယ်လာလေ့ ရှိပါတယ်. 


အမေ က ပေါင်မုန့်တွေကို လှီး ပြီး ဘေး မှာ ထမင်းလိုက်ဇလုံ လို ဟာ မျိုးနဲ့ ချထားပေးပါတယ်. . မျာသောအားဖြင့် အဖေဝယ်လာတာ ပေါင်မုန့်ကြမ်းတွေ ပါ. . . . ကျိုင်းတုန်ပေါင်မုန့် လို မျိုး အခု ခေတ် စား နေတဲ့ လေးဒေါင့်စပ်စပ်ပေါင်မုန့် အနု တွေ က အရေးခင်းပြီးနောက်ပိုင်းမှ ပေါ်လာတာပါ. . အရင်က မြန်မာ ပြည်မှာ မရှိပါ. . 


ကျွန်တော်က ပေါင်မုန့်အနုကို ပိုကြိုက်ပေမယ့်. . အဖေက ပေါင်မုန့် အကြမ်းအညိုက မှ အားရှိတာကွ. . ပေါင်မုန့်အနုက အားတွေ မရှိတော့ဘူး အခု ဒီဟာတောင်မနည်းရအောင် ရှာဝယ်လာရတာ ဘာညာ ပြော ပြီးကျွေးလေ့ရှိပါတယ်..  


ကျွန်တော်က လဲ ဘယ်ရမလဲ အဖေ .ဒီည အနည်းဆုံး ဆယ်ချပ် ဘဲ  အဖေ ဝယ်လာတာ မလောက်စေရဘူး ဘာညာ ပြော ပြီး. . လေး ချပ်လောက်ဝင်သွားရင် လက်တွေ နှေးလာတော့တာကိုးဗျ.. . ငါးချပ်လောက်စားပြီးရင်တော့ မဆန့်မပြဲ နဲ့. . ပန်းကန်ထဲ မှာ ကျန်နေတဲ့ ပေါင်မုန့် တစ်ချပ်လောက်ကို ဟိုရွေ့ဒီရွေ့ ဘဲ လုပ်နိုင်တော့တယ်ဗျို့ ပေါင်မုန့် က ဗိုက်ထဲ ဝင်ပြီးရင် ထပ်ပွလာသေးတာကိုးဗျ. . အဖေက တော့ . . . ခပ်ပြုံးပြုံး နဲ့ ဒီကောင် တော့ တော်တော် အီစလန်ဝေ သွားပြီ ဆိုတဲ့ ပုံမျိုးနဲ့ အမေနဲ့ အကို အမတွေ ကို ကြည့်ပြီးမျက်စပစ်ပြနေတော့တာပါဘဲဗျာ  


ကျွန်တော်လဲအဖေရယ်နေတာကို  သိပေမယ့် . . လူ က လှူပ်တောင်မလှူပ်နိုင်တော့ ဘူးကိုးဗျ. ..ရယ်ဖြဲဖြဲ နဲ့ဘဲ နောက်ဆုံး ထည့်ထားတဲ့ပေါင်မု့န်ကို ချန်ခဲ့လိုက်ရတာပါဘဲဗျာ..


အဲ နောက်ဆုံးတစ်မျိုးကတော့ . ဆန်ပြုတ်ဗျ. . အဖေ က ဆန်ပြုတ်ဟာ လူတွေအတွက် စားသင့် တဲ့ အစာ .အစာအိမ်အတွက် အင်မတန် သက်သာစေတဲ့ အစာ ဆိုတာ သူ ကောင်းကောင်းသိပုံရတယ်ဗျ . အမေနဲ့ ညှိပြီး အိမ်မှာ ဆန်ပြုတ် ကို သိတတ်တဲ့ အရွယ်ကတည်းက လုပ်စားတာဗျ. . . 


ကျွန်တော်တို့အိမ်က ဆန်ပြုတ်ကတော့ မြန်မာပြည် တရုတ်ဆိုင်တွေ နဲ့ နည်းနည်း ဆင်ပါတယ်. .  


ဝက်ရိုး ဒါမှ မဟုတ် ကြက် ရိုးတွေ နဲ့ ပြုတ် ထားတဲ့ ဆန်ပြုတ် မျိုးပါ. . . ဆန်ပြုတ် ကို အရသာ တခါထဲ ပြင်ပြီးပြုတ်တာမျိုးပါ.   အိမ်မှာ ရှိတဲ့ အကြီးဆုံး အိုးနဲ့ ပြုတ်တာမှတ်မိပါတယ် တစ်မိသားစုလုံး စားကြတာ ကိုးဗျ. . 


အားလုံးလူ စုံလို့စားခါနီး မှ ဆန် ပြုတ် ပူပူ အိုးကြီးကိုဘေးမှာ ချထား စားပွဲ ပေါ်မှာ ကြက်သား ဒါမှ မဟုတ် ဝက်သား ကို သေးသေး မွမွ လေး တွေ ပြုတ် ပြီး လှီးထားတာ တစ်ပန်းကန် ပဲပင်ပေါက် ပြုတ်ထား တာ တစ်ပန်ကန်. အီကြာကွေး ကြက်သွန်မိတ်နဲ့ တရုတ်နံနံ ထည့် ထားတာ တစ်ပန်းကန်. .ကြက်သွန်ဖြူ ဆီချက် တစ်ပန်းကန်. . . .


ကိုယ့်ဖာသာကိုယ် ထည့် စားကြတာပါဘဲ... 


အိမ်မှာက စားပွဲ အဝိုင်းတစ်လုံး ဘဲ ရှိတယ် ဗျ. စားခါနီး မှ စားပွဲ ဝိုင်းခင်းပြီး ပြင်တာပါ. စား ရင်တော့ အဖေ က အိမ်ခေါင်းရင်းဘက်မှာ ထိုင် ကျွန်တော်က အဖေ့ ညာ မှာ အထိုင် များ ပြီး အမေ က အဖေ နဲ့ မျက်နှာချင်းဆိုင် ထိုင်လေ့ ရှိပါတယ် အကိုနဲ့ အမ ကတော့ အဖေ့ ဘယ် ဘက်မှာ နေရာယူ ကြတာ ပါတယ်. .ဖြေးဖြေး ခြင်းပြန်စဉ်းစား ရင်း အဖေ့ ပုံ ရိပ်ကလေးတွေထဲ မှာ သတိထား မိတာလေး တစ် ခု မှတ် မိလာပါတယ် .တအိမ်လုံး တင်ပျင်ခွေ ထိုင်. . တင်ပါးချထိုင် ပြီး ထမင်း စားကြ ပေမယ့် အဖေ ကတော့ အမြဲ တမ်း ဆောင့်ကြောင့် ထိုင်ရင်းစားသွားတာကို သတိထား မိပါတယ်.   . . 


သူ့အတွက် အစာ စားခြင်းဆိုတာ .   ခန္တာ ကိုယ်ရှင်သန်ရေးအတွက် သာမန်စားသောက်သွားတာလားလို့တောင်ထင်မိပါတယ်. .  


ကျွန်တော်တို့မိသားစု . ရဲ့ စားသောက်နေတဲ့ ပုံလေးနဲ့ တွဲရက် မှတ်မိတာလေးတစ်ခုကို သတိရသွားလို့ပြောပါရစေ  အိမ်မှာ မွေးထားတဲ့ ရန်လုံဆို တဲ့ ခွေးတစ်ကောင် ရှိတယ်ခင်ဗျ. . သူ့ကို အဖေထမင်းစားပြီး မှ . အဖေကိုယ်တိုင် ထမင်းနယ်ဖတ် ကျွေးလေ့ရှိပါတယ်.  . . ကျွန်တော်တို့ ထမင်းစားနေရင် လာပြီးမျှော်စောင့်နေလေ့ မရှိဘဲ အဖေ ထမင်းစားရင် တော့ . . လှေကားသုံးဆင့် ရဲ့ အပေါ် ဆုံး က နေ ငြိမ်ငြိမ်လေး မျှော်နေလေ့ရှိသဗျ. .   အဖေ က စားပြီးတာ နဲ့ ရန်လုံ့ ရဲ့ . . စားတဲ့ ရေဖလား အဟောင်းကြီးကို ရေနဲ့ သေချာ ဆေး ပြီးမှ ကျွေးသဗျ.     . . သူပြောတဲ့ စကားလေး ကတော့. .   ငါတို့ တောင် ပန်းကန် အသစ် ကလေးရေဆေး ပြီးအစာကို သန့်သန့်ရှင်းရှင်း မှ စား ချင်တာဘဲ ကိုယ်မွေးထားပြီး ကိုယ့်ဖာသာ ကိုယ် ပန်းကန် ရေမဆေးတတ် တဲ့ ခွေး ကိုငါကတော့ အစာသန့်သန့် ကိုဘဲကျွေးချင်တယ် ကျွေးသင့်တယ်လို့ယူဆတယ် ကွာ တဲ့. . 


နောက်ထပ် သူ့ရဲ့ ထူးခြားတဲ့ အလှူလေးတွေ အကြောင်းပြောပြ ပါ့ မယ်. . ကျွန်တော်တို့လမ်းထဲ မှာ. . လွတ်လပ်ရေးနေ့ဆိုရင်ပျော်ပွဲရွှင်ပွဲကစားနေတဲ့ ကလေးတွေ အတွက်လမ်းထဲက မူလတန်းကျောင်းလေးရှေ့မှာ အမြဲတမ်းဘဲသား ဆန်ပြုတ် ကျွေးလေ့ရှိတယ်ဗျ 


အရင်ကတော့ လမ်းထဲ က စုပြီး ရတဲ့ ငွေ နဲ့ လှူ . ဒါမှဟုတ် ဦးဟုတ်ကွမ်းဆိုတဲ့ တရုတ် အဖိုးကြီးတစ်ယောက်က လှူလေ့ရှိတယ်ဗျ အဖေ အတန် အသင့် အလုပ် ကောင်းလာချိန် ၁၉၈၃လောက်က စပြီး နှစ်တိုင်းလွတ်လပ်ရေးနေ့ဆန် ပြုတ် ကိုသူ တစ်ဦးထဲ ပင်တိုင်စလှူ လိုက်တာ သူ့ ရဲ့ နောက်ဆုံး အချိန် ၂၀၁၄ ထိဘဲ ဗျို့ . 


သူပြောတဲ့ စကားကလဲ ကောင်းတယ်ခင်ဗျ


 မင်းတို့ လူကြီးတွေ က ဘယ်ပွဲ မဆို သွားစားလို့ ရတယ် သွားစားခွင့် ရှိတယ်ကွ ဒီကလေးတွေက တစ်နှစ်မှဒီ တစ်ကြိမ်ထဲ သူတို့ စိတ် တိုင်းကျ လူရာဝင်ခွင့် စားခွင့်ရတာကွ . . ငါကတော့ ကလေးတွေ ကိုဘဲအမြဲဦးစားပေး လှူ မယ်လို့ ဆိုပါသဗျား.  


သူ့ရဲ့   မွေးနေ့က ဧပြီ ၁၇ . . ဦးနေဝင်းလက်ထက် မြန်မာ သက္ကရာဇ် ကို ပုံသေ ဖြစ်အောင်လုပ်ပစ်လိုက်တော့ အလိုလို နေ ရင်းသူ့မွေးနေ့ ဧပြီလ ၁၇ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ ဖြစ်သွားပါလေရော. .


.ကျွန်တော် မှတ်မိသလောက် ၁၉၈၅ လောက်ကစပြီး . . သူ့နောက်ဆုံးအချိန်တွေထိသူ့မွေးနေ့ နှစ်ဆန်းတရက်နေ့မှာပါ လှူ ပါသဗျ    တစ်နှစ်ကို နှစ်ကြိမ်ပေါ့ဗျာ. . . . လွတ်လပ်ရေးနေ့ ဆိုရင်တော့ လမ်းထဲက မူလတန်းကျောင်းလေးရှေ့မှာ ကျွေးလေ့ရှိပြီး. . သူ့မွေးနေ့ဆိုရင်တော့ ကျွန်တော်တို့အိမ်ရှေ့မှာ ဘဲ ကျူရှင် ခုံတန်းတွေကိုချခိုင်းပြီး အနီး အနား က တွေ့သမျှ ကလေးတွေ.. ဟိုဘက်လမ်းဒီဘက်လမ်းက ဆော့နေတဲ့ကလေးတွေ ကို သူကိုယ်တိုင်လိုက် လက်ဆွဲခေါ် ပြီး ကျွေးတော့တာဘဲဗျိုး. . ကလေးအချင်းချင်းလဲ . . ထပ်ခေါ် ၊ ထပ် ဖိတ် . . ဝင်တစ်လုတ် ထွက်တလုတ် တွယ်ကြတော့တာဘဲ. 


အဲ့ဒီ့လို ကျွေးနေရင် လမ်းထဲက ဖြတ်သွားလာနေတဲ့ လူကြီးတွေ ကလဲ. . 


 ဆရာ . . ကျွန်မတို့ လဲ အစ က ကလေးတွေပါဆရာရဲ့ ဆို ပြီး အဖေ့ ကို စနောက်ပြီး ဝင် စားသွားကြတာပါ. .      အဖေက လဲ.   တဟားဟား နဲ့ ရယ်နေတာပါဘဲ. .    


လာစားတဲ့ကလေးတွေက လဲ ဦးအောင်သင်းတွေ စာရေးဆရာကြီးတွေ ဘယ်သိပါ့မတုန်း.     ကလေးအချင်းချင်းလက်တို့ ပြီး ဖိတ်၊.    မသိကြ ရင် သူ တို့သိတဲ့ ရန်လုံ အိမ် ဆိုပြီးဖိတ် လာကြရကနေ အဖေတောင် ဆောင်းပါးထဲ မှာ ရန်လုံအိမ်လို့ ထည့်ရေးယူရတာကလား. . 


ရန်လုံကလဲ ထူးဆန်းတဲ့ ခွေးထဲမှာ ပါသဗျ. .   ကလေးတွေက သူ့ကို အမြီးဆွဲ ခွ စီးလုပ်နေရင် အမြီးတနန့်နန့် နဲ့ ပျော်နေတဲ့ ခွေးကိုး . . လူမဟုတ်ပေလို့ လူသာဆို အတော် မျက်နှာချိုပြီး ပြုံးနေတဲ့ကောင်လို့ ပြောရမယ်ထင်တယ်. . . ကိုက်လဲမကိုက်ဘူး. . . နောက်ပြီးကျွန်တော်တို့မိသားစု ခံယူထားတာက . . ကိုက်တဲ့ခွေး ကို ဘာအတွက်ကြောင့် ရပ်ကွက်ထဲမှာ မွေးမှာလဲဗျာ. . . . အဲ့တာကြောင့်ဘဲ ထင်ပါရဲ့ . . ရပ်ကွက်ထဲ ခွေးလေခွေးလွင့်များလွန်းလို့ အမဲလုံးလာပစ်မယ့်ည ဆိုရင်. . . ကျွန်တော်တို့ ကို ကြိုပြီးပြောသဗျ. ကျွန်တော်တို့က ရန်လုံ့ ကို အိမ်ထဲ ထည့်ထားလိုက်တာပါဘဲ. .     တခါ မှ အမဲလုံးစာ မမိဘူးဘဲ. .   ခွေးကြီးရောဂါနဲ့ဘဲသက်တမ်းစေ့နေပြီး သေသွားတာပါဘဲ. .. .(ရန်လုံနဲ့ကျွန်တော့အကြောင်းကိုရေးရင် အက်ဆေးတစ်ပုဒ်ဖြစ်နိုင်သဗျ. . နောက်မှဘဲရေးပါရစေ) 


မှတ်မိလို့ ရယ်စရာလေးတစ်ခု ပြောပြရအုန်းမယ်. . . ကျွန်တော်တို့ က ရန်လုံကို . အိမ်သားတစ်ယောက်လိုသဘောထားတာကိုး . . နောက်ဆုံး သူသေ သွားတော့ ကျွန်တော့ အမ က ဘာလုပ်တယ်ထင်တုန်း. .   ငိုရင်းနဲ့ သက်ပျောက်ဆွမ်းတို့ ရက်လည်ဆွမ်းတို့ ကပ်သေးသဗျ.    . . လမ်းမှာ ဆွမ်းခံကြွလာတဲ့ ကိုယ်တော် တပါး ကို ခေါ်ပြီး . . ရွတ်ခိုင်း ပြီး မေတ္တာ ပို့ ဆုတောင်းပေါ့ ဗျာ


ဟိုက ဘုန်းကြီးကလဲ ဆွမ်းလှူရှင်က မျက်ရည်လည်ရွဲနဲ့ ဖြစ်နေပြန် ဘယ်သူ့အတွက်မှန်းလဲမသိတော့ ပထမတော့.ရုပ်တည်လေးနဲ့  ပေါ့. . နောက်မှ ရန်လုံအတွက်ဆိုတော့ . ပြုံဖြီးဖြီးနဲ့ .   ဆက်ပြီးမေတ္တာ ပို့ ဆုတောင်းတရားဟော ပေါ့ဗျာ. . . 


အင်း. . သံယောဇဉ် ဆိုတာ . သံသရာစက်ဝန်းကြီးမှာ ဘလာဘလာပေါ့ဗျာ. . . မော်မော်က လဲ ရုပ်တည်ဘဲနော် . တကယ်တရားနာနေတာ. .  အဲ့တာကို အဖေ့ ကို ပြန်ပြောပြ တော့ အဖေလဲ သဘောတွေ ကျ ပြီးရယ်နေတာ မှတ်မိသေးတယ်. 


အာမယ် သူ့ ကို စရင် ခုတော့ မသိဘူး အဲ့ဒီ့တုန်းက စိတ်ဆိုးသေးသဗျ .ကိုယ်ကလဲ မော်မော် စိတ်ဆိုးမှန်းသိလေ သူ့ အမူအယာလေးနဲ့ လက် အုပ်ကလေးချီလိုက် ဖင်လေးကောက်လိုက်လုပ်ပြီး သွားသွား စတာကိုး. .  သူ့သားအလတ်ကောင် ကောင်းကောင်း ကို ရန်လုံဝင်စားတာပါလို့ ပြောယူရတဲ့ အဆင့်ဘဲဗျို့ (ရန်လုံသေတော့ ဟိုအကောင် . . ကောင်းကောင်း ကိုယ်ဝန် ကြီးနဲ့ကိုး) .အာမယ် .  သူကလဲ ဟုတ်တယ်တဲ့ဗျ.    .  အဲ့သလိုပါဆို. . 


ပထမပိုင်း အဖေ့ရဲ့ အလှူ တွေ မှာ အဖေ ကိုယ်တိုင်လိုက်ပြီး. . ကလေးတွေ ကို ခေါ်နိုင်သေးပေမယ့် နောက်ပိုင်းသူ အသက်ကြီးလာတော့ . . ကိုယ်တိုင်လိုက်မခေါ်နိုင်တော့ပါဘူး . . အိမ်ရှေ့ ဝရန်တာ က နေ လှမ်းပြီးကြည့်လို့ ရအောင်. . လမ်းထဲက လူငယ်တွေက စီစဉ်ပေးပါတယ် လွတ်လပ်ရေးနေ့ရော သူ့မွေးနေ့မှာ ပါ . ကျွန်တော်တို့အိမ်ရှေ့ မှာ ဘဲကျွေးစေပါတယ်. . . သူကတော့ဝရန်တာ ကနေ ကြည့်ပြီး ကြည်နူးနေပုံရပါတယ်. . . အိမ်ထဲကို တော်တော်နဲ့ ပြန်မဝင်တော့ပါဘူး. . 


ဒါကျွန်တော်မှတ်မိခဲ့တဲ့ အဖေ့ရဲ့ ပုံရိပ် ကလေးတွေပါ. . . 


သူ့တစ်သက်မှာ ပညာရေးအလှူ. စာကြည့်တိုက်အလှူ  .ပရဟိတ အလှူတွေ အများကြီး လုပ်ခဲ့တာပါ. . အခု ကျွန်တော်ပြောပြတာလေးက တော့ ကျွန်တော်ကိုယ်တိုင် သိမြင်ထား တဲ့ သူ့ရဲ့ ထူးဆန်း တဲ့ အလှူလေးတွေရဲ့ကြောင်းပါဘဲ. . . 


အဖေ့ ကို ချစ်သော . . အဖေ့ အကြောင်းကို တန်ဖိုးထား စိတ်ဝင်စားသော . ညီညီမ . အကို အမ တွေ လဲ သူ့ရဲ့ အလှူလေးတွေ ကို မြင်ယောင်ပြီး သာဓု ခေါ်နိုင်ကြရအောင်လို့ ဒီအကြောင်းလေးတွေကို ပြန်ပြောပြခြင်း ဖြစ်သလို.  


အကယ်၍များ သူ့အနေနဲ့ .  မြန်မာပြည်က လူငယ်တွေ အတွက် စိုးရိမ်ပြီး မကျွတ်မလွတ် ဖြစ်နေခဲ့ရင်တောင် သူ့အလှူလေးတွေ ကို သူကိုယ်တိုင် ပြန်ပြီးအမှတ်ရ သာဓုခေါ်နိုင်စေဖို့  ရည်ရွယ်ပြီး ဒီစာ အပိုင်းလေး ကို ရေးလိုက်ရကြောင်းပါခင်ဗျား. .   


 တိုင်းပြည်နိုင်ငံရေး အခြေအနေ က လဲ လူငယ်တွေအတွက် သူ စိတ်ပူ မယ် ဆိုရင် လဲ စိတ်ပူချင်စရာဘဲ မဟုတ်ပေဘူးလား ခင်ဗျာ.   . . အနာဂတ်မှ မရေရာသေးဘဲကိုးဗျ. . 


ဆက်ပါအုန်းမည်


ဆရာမြိုင်


. May 02, 2016


[ မှတ်မိမှတ်ရာစုစည်းမှုများဘလော့ဂ်မှကူးယူပါသည်။ဘလော့ဂ်ဂါအားကျေးဇူးတင်ပါသည်။]


No comments:

Post a Comment